အခန်း (၄၄၇၆-၄၄၈၀)
Vol. 227 Ch. 4476-4480
Chapter 4476
သွေးများ မြေပြင်ပေါ်၌ အိုင်ထွန်းနေသော်လည်း လုယွီ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် ရပ်တန့်သွားခြင်းမရှိချေ။
သူသည် သူ၏လက်သီးကို လက်သည်းတစ်ခုအသွင်ပြောင်းလဲကာ ထိုအရာပေါ်၌ မှော်စွမ်းအားများကို သိပ်သည်းလိုက်၏။ထိုအရာသည် ကြီးမားသော နဂါးလက်သည်းတစ်ခုအသွင်သို့ပြောင်းလဲကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။
ရက်စက်ကြမ်းကြုတ်သော အားလှိုင်းတစ်ရပ်သည် အရပ်မျက်နှာအဘက်ဘက်သို့ ဖြတ်သန်းသွားကာ ထိုအရာနှင့်ထိတွေ့မိသော မည်သူမဆို သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။
လုယွီနှင့် နီးကပ်သောနေရာတွင်ရှိနေသော လူတချို့သည် နေရာမှာပင် သွေးမြူခိုးများအဖြစ်ပြောင်းလဲပြီး နေရာအနှံ့အပြားသို့ ပြန့်ကျဲသွားပေ၏။
အကယ်၍ သူတို့သည် ထိုတိုက်ခိုက်မှုနှင့် ဝေးကွာသောနေရာ၌ ရှိနေသဖြင့် ကံကောင်းပြီး မသေဆုံးခဲ့လျှင်ပင် ဒဏ်ရာအပြင်းအထန်ရရှိသွားသည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်....အသူရာနဂါး မိုးကောင်းကင်ယံကို ဖြတ်တောက်ခြင်း...
ဤအလွန်အမင်းအစွမ်းထက်သော သိုင်းပညာနည်းစနစ်သည် လုယွီ သိုင်းပညာသူတော်စင်အဆင့်၌ ရှိနေစဥ်ကပင် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။
ယခုချိန်တွင် လုယွီသည် သိုင်းပညာအင်မော်တယ်တစ်ယောက် ဖြစ်လာသဖြင့် ဤနည်းစနစ်၏စွမ်းအားသည် ပို၍ပင်ကြောက်မက်ဖွယ်ကောင်းလာပေ၏။
လေဟာနယ်အတွင်း၌ နဂါးတစ်ကောင်၏ဝိုးတဝါးပုံရိပ်ယောင် ထွက်ပေါ်လာသည်။ထိုအသူရာနဂါးသည် ဟိန်းဟောက်ကာ သူ ဖြတ်သန်းသွားသော မည်သည့်နေရာတွင်မဆို ထိပ်သီးကျင့်ကြံသူအမြောက်အများ သေကြေပျက်စီးသွားသည်။
"အား...."
နယ်မြေသခင်တစ်ယောက်သည် စူးရှကျယ်လောင်စွာအော်ဟစ်ကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မြေပြင်ပေါ်မှ ပျောက်ကွယ်သွားလေ၏။
သူ၏စိတ်ဝိညာဥ်သည်လည်း ချက်ချင်းပျက်ပြယ်သွားခဲ့သည်။
ဤသည်မှာ အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
သူတို့သည် ဤနေရာ၌ လုယွီကို ထောင်ချောက်ဆင်၍ တိုက်ခိုက်ခဲ့သည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ လုယွီတစ်ယောက်တည်းဖြင့် သူတို့အားလုံးကို အမဲလိုက်နေပေ၏။
"ငါတို့က ဘာလို့ သူ့ကို မသတ်နိုင်တာလဲ....ငါတို့က မှော်လက်နက်တွေကို အသုံးပြုခဲ့တာတောင်မှ ဘာလို့ သူ့ကို ထိခိုက်နာကျင်အောင် မလုပ်နိုင်တာလဲ"
ထိပ်သီးကျင့်ကြံသူအများစုက စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်ကြသည်။လုယွီ၏စွမ်းအားသည် သူတို့၏သဘောပေါက်နိုင်စွမ်းထက် များစွာပို၍ကျော်လွန်နေသည်။
"မင်းတို့အားလုံးက သေသင့်တယ်"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။သူသည် အဆက်မပြတ်တိုက်ခိုက်ကာ သူ့ရှေ့ရှိလူများအားလုံးကို လွင့်ထွက်သွားစေသည်။
လူများအားလုံး၏စိတ်နှလုံးသားအောက်ခြေ၌ ထိတ်လန့်ကြောက်ရွံ့မှုများ ပျံ့နှံ့စပြုလာသည်။
သူတို့သည် အကျိုးအမြတ်ရရှိရန်အတွက် ဤနေရာ၌ စုဝေးနေကြခြင်းဖြစ်သည်။သူတို့ပေးဆပ်ရသည့် တန်ကြေးသည် ဆုလာဘ်ထက် ကျော်လွန်နေသောအချိန်၌ သူတို့ထဲမှအများစု၏ ဆုံးဖြတ်ချက်ခိုင်မာမှုများ လျော့နည်းလာသည်။
ပြင်ပဂိုဏ်းအင်အားစုများမှ ကျင့်ကြံသူများသည် ကောက်ပင်များကို ဓားဖြင့်ဖြတ်ပိုင်းခံရသည့်အလား လဲကျနေပေ၏။
"လုယွီ....မင်း မရှုမလှသေဆုံးရလိမ့်မယ်"
"မင်းက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့သူရဲကောင်းတွေအများကြီးကို သတ်ခဲ့တယ်....မင်းကို ကောင်းကင်ဘုံကအပြစ်ပေးမှာ မင်း မကြောက်ဘူးလား"
တစ်စုံတစ်ယောက်က လုယွီကို စူးစိုက်ကြည့်ပြီး ကျိန်ဆဲလိုက်သည်။
လုယွီ၏မျက်နှာ ခက်ထန်တင်းမာနေကာ သူက အေးစက်စက်အသံဖြင့် ပြောဆိုသည်။
"မင်းတို့က ငါ့ကိုတိုက်ခိုက်ရဲမှတော့ ဒီလိုရလဒ်မျိုး ထွက်ပေါ်လာမယ်ဆိုတာ မျှော်လင့်ထားသင့်တယ်"
"မင်းက နတ်ဆိုးတစ်ကောင်ပဲ"
တစ်စုံတစ်ယောက်က စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်သည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လုယွီသည် ခြေတစ်လှမ်းရှေ့တက်ကာ ထိုလူကို သတ်ဖြတ်လိုက်၏။
အသူရာနဂါး မိုးကောင်းကင်ကိုဖြတ်တောက်ခြင်းနည်းစနစ် အဆုံးသတ်သွားချိန်၌ အင်မော်တယ်သုတ်သင်ဓားချီသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ မရေမတွက်နိုင်သောကျင့်ကြံသူများကို သတ်ဖြတ်လိုက်သည်။
ထိပ်သီးကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် လဲကျသေဆုံးနေကာမိုးကောင်းကင်ယံပင်လျှင် သွေးနီရောင်သန်းနေသည်။
စူးရှနာကျင်စွာ အော်ဟစ်နေသောအသံများကို နေရာအနှံ့အပြား၌ ကြားနေရသည်။လုယွီ၏လက်အတွင်း၌ လူများ ပို၍ပို၍သေဆုံးလာသည်ကို မြင်တွေ့ချိန်၌ တစ်ဖက်ရန်သူများအနက်မှလူတစ်ရာကျော် ထွက်ပြေးသွားခဲ့သည်။
သူတို့အနက်မှတစ်ယောက် ထွက်ပြေးသွားသည်နှင့် ကြွင်းကျန်သောလူများသည်လည်း ထိုလူ၏နောက်မှ ချက်ချင်းလိုက်ပါသွားသည်။သူတို့သည် လုယွီကို ထပ်မံ၍တိုက်ခိုက်ဝံ့ခြင်း မရှိတော့ချေ။
လုယွီသည် သူတို့၏နောက်၌ ရုတ်တရက် ထွက်ပေါ်လာကာ သူတို့အား ရိုက်သတ်လိုက်မည်ကို သူတို့အားလုံး စိုးရိမ်ထိတ်လန့်နေကြသည်။
"မင်းတို့အားလုံး မကြောက်ကြနဲ့ ...ဒီခွေးမသားကို လှောင်ပိတ်ဖို့အတွက် မဟာဝင်္ကပါကြီးကို အသက်သွင်းရမယ်...မင်းတို့က ငါ့ကို ကူညီပေးပါ"
နံဘေးတဖက်မှ စောင့်ကြည့်နေသော ကျိုးကျင်းထန်သည် မိုးကောင်းကင်ယံအတွင်းသို့ပျံသန်းကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။
သူသည် လုယွီ၏အနီးသို့ ချဉ်းကပ်ခြင်းမပြုဘဲ နံဘေးမှစောင့်ကြည့်ရန်သာ ရွေးချယ်ခဲ့သည်။သူသည် ကျားများအချင်းချင်း တိုက်ခိုက်သည်ကိုစောင့်ကြည့်ရင်း လုယွီကို သတ်ဖြတ်နိုင်မည့်အခွင့်ကောင်းကိုရှာဖွေရန် ကြံရွယ်ခဲ့သည်။
သို့ရာတွင် လုယွီ၏တိုက်ခိုက်ရေးစွမ်းအားသည် အလွန်ပြင်းထန်မည်ဟု မည်သူက တွေးထင်မိမည်နည်း။တိုက်ပွဲသည် ဤအဆင့်သို့ရောက်ရှိလာသဖြင့် သူ အင်အားကုန်ထုတ်ဖော်အသုံးပြုလိုက်၏။
ကျိုးကျင်းထန် ဝတ်ဆင်ထားသော နဂါးဝတ်ရုံပေါ်ရှိ ရွှေရောင်နဂါးသည် အသက်ဝင်လာသည့်အလား မိုးကောင်းကင်ယံထံသို့မျက်နှာချင်းဆိုင်ကာ ဟိန်းဟောက်လိုက်သည်။
လုယွီ၏ခြေထောက်အောက်ရှိမြေပြင် အက်ကွဲသွားကာ ကျောက်တုံးအုတ်များ၏အောက်တွင် တဖျတ်ဖျတ်တောက်ပနေသော သင်္ကေတအက္ခရာများ ပေါ်လွင်လာသည်။ထို့နောက် အလွန်ကြီးမားသော စွမ်းအားလှိုင်းတစ်ရပ်သည် လုယွီကို အခိုင်အမာချိတ်ပိတ်လိုက်၏။
"ယင်ကိုးပါးမကောင်းဆိုးဝါးဝင်္ကပါ အသက်ဝင်စမ်း"
ကျိုးကျင်းထန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ထို့နောက် အလွန်ကြီးမားသော ဝင်္ကပါကြီးသည် အကန့်အသတ်မရှိသော ယင်ချီစွမ်းအားများကိုသယ်ဆောင်၍ လုယွီကို ချက်ချင်းလွှမ်းခြုံသွားသည်။
Chapter 4477
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အနီးပတ်ဝန်းကျင်၌ရှိနေသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် ထွက်ပြေးရန်အတွက် မကြိုးစားကြတော့ချေ။သူတို့သည် ချက်ချင်းဆိုသလိုပင် ရှေ့သို့တိုးကာ လက်စည်းတံဆိပ်များကို ဖွဲ့စည်းပြီး ဝင်္ကပါကြီးပေါ်သို့ ကျရောက်သွားစေသည်။
အနက်ရောင်အလင်းတန်းကိုးခုသည် လေထုအတွင်းသို့ မြင့်တက်သွားကာ ပတ်ဝန်းကျင်ရှိအပူရှိန်ကို အလွန်အမင်းလျော့ကျသွားစေကာ အေးစက်စပြုလာသည်။
စိတ်ဝိညာဥ်ချီစွမ်းအားများအားလုံးသည် အေးစက်စက်ယင်ချီများအဖြစ်သို့ ပြောင်းလဲသွားပြီး ထိုအရာများအကြားတွင် အလွန်ကြီးမားသော နာကျည်းမုန်းတီးမှုရန်ငြိုးများ ရောယှက်နေသည်။
အကယ်၍ လုယွီနေရာတွင် တခြားသာမာန်ကျင့်ကြံသူတစ်ယောက်ဆိုပါက နာကျည်းမုန်းတီးမှုယင်ချီစွမ်းအားများ၏ ဝါးမြိုခြင်းကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်သို့ သက်ရောက်မှုများ ရှိလာနိုင်သည်။ထိုလူသည် တဖြည်းဖြည်း အသိစိတ်လွတ်ကင်းသွားကာ သူ၏စိတ်တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်တော့မည်မဟုတ်ချေ။
"သူ့ကို အပြင်ထွက်မသွားစေနဲ့...ဝင်္ကပါကြီးကို အားဖြည့်ကြစမ်း"
ကျိုးကျင်းထန်သည် လုံးလုံးလျားလျား ထိတ်လန့်တုန်လှုပ်နေပေ၏။
အစောပိုင်းက ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကို လုယွီ သတ်ဖြတ်ခဲ့သည့်မြင်ကွင်းသည် လူများအားလုံး၏စိတ်နှလုံးသားများအတွင်း၌ နက်ရှိုင်းစွာအမြစ်တွယ်နေသည်။
လုယွီ ထွက်လာနိုင်မည်ကို စိုးရိမ်ထိတ်လန့်နေသဖြင့် ကျိုးကျင်းထန်သည် သူ၏သိုလှောင်အိတ်အတွင်းမှ ဧကရာဇ်အဆင့်မှော်လက်နက်ကိုးခုကို ထုတ်ယူကာ ဝင်္ကပါကြီးထံဦးတည်၍ ပစ်လွှတ်လိုက်သည်။
ဧကရာဇ်အဆင့်မှော်လက်နက်များသည် လေထုအတွင်း၌ မျောလွင့်နေကာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော စွမ်းအားလှိုင်းများကို ထုတ်လွှတ်၍ ဝင်္ကပါကြီး ပို၍အစွမ်းထက်လာစေရန် အားဖြည့်ပေးနေသည်။
"အဲ့ဒါတွေအားလုံးက ယင်ချီစွမ်းအားအထူးပြုမှော်လက်နက်တွေ မဟုတ်လား...."
"ဒီမှော်လက်နက်တွေအားလုံးက ဧကရာဇ်အဆင့်မှာရှိနေတယ်....ကျိုးမိသားစုက အတိတ်မှာ ချမ်းသာကြွယ်ဝဆုံးမိသားစုလို့ ခေါ်ခံရဖို့ ထိုက်တန်တယ်....သူတို့က ဒီလိုမှော်လက်နက်ကိုတောင် ထုတ်ပေးနိုင်တယ်"
လူများအားလုံးသည် ကျိုးကျင်းထန် မည်သည်ကြောင့် ပုန်ကန်မှုစတင်ခဲ့သည်ဟူသော အကြောင်းအရင်းကို သိရှိသွားသည်။အကြောင်းအရင်းမှာ သူ၏နောက်တွင် ထောက်ပံ့ကူညီပေးမည့် ကျိုးမိသားစု ရှိနေသောကြောင့်ပင်။
အတိတ်တွင် ချမ်းသာကြွယ်ဝဆုံး မိသားစုတစ်စုဖြစ်ခဲ့သဖြင့် တော်ဝင်မြို့တော်တွင်ရှိနေသော ကျိုးမိသားစု၏ပိုင်ဆိုင်မှုများကို ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်မှ သိမ်းယူခဲ့သည့်တိုင် သူတို့ထံတွင် တိုင်းပြည်တစ်ပြည်နှင့် ယှဥ်ပြိုင်နိုင်သည့် ချမ်းသာကြွယ်ဝမှုများရှိနေဆဲပင်။
သာမာန်အင်အားစုတစ်စုအတွက် ဧကရာဇ်အဆင့်မှော်လက်နက်တစ်ခုကို ထုတ်ယူရန် အလွန်အမင်းခက်ခဲသော်လည်း ကျိုးမိသားစုသည် ဧကရာဇ်အဆင့် မှော်ရတနာကိုးခုကို လွယ်လင့်တကူ အသုံးပြုနိုင်ပေ၏။
"အမ်...."
လုယွီသည် ထိုဧကရာဇ်အဆင့် မှော်လက်နက်ကိုးခုကို မြင်တွေ့ချိန်တွင် မျက်မှောင်ကြုတ်လိုက်သည်။
သူသည် ဤမှော်လက်နက်များကို ယခင်က တစ်နေရာရာ၌ မြင်တွေ့ခဲ့ဖူးသည့်အလား ခံစားနေရသည်။
လုယွီ လှောင်ပိတ်ခံထားရသည်ကို မြင်တွေ့ချိန်တွင် လူများအားလုံးသည် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်ကြ၏။
"သူရဲဘောကြောင်တဲ့ကောင်တွေ... တကယ်လို့ မင်းတို့မှာ အရည်အချင်းရှိရင် ထိပ်တိုက်ရင်ဆိုင်ပါလား...ဝင်္ကပါကိုသုံးပြီးတော့ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်တာက ဘာအရည်အချင်းလဲ"
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ လန်ဝူရှင်းက ကျယ်လောင်စွာအော်ဟစ်၍ ဆဲဆိုလိုက်သည်။
သို့ရာတွင် သူ့အား အချုပ်လှည်းအတွင်း၌ ချိတ်ပိတ်ခြင်း ခံထားရသည်။အချုပ်လှည်း၏နံဘေးပတ်ဝန်းကျင်၌ အဆောင်လက်ဖွဲ့များကို ကပ်ထားသဖြင့် သူ၏အသံကို ပြင်ပမှနေ၍ တစွန်းတစပင် မကြားရချေ။
"သူက အရမ်းကြောက်ဖို့ကောင်းတယ်....ဒါက သာမာန်တော့ မဟုတ်ဘူး"
"ဂိုဏ်းချုပ်ဆယ့်သုံးယောက်နဲ့ ဂိုဏ်းအသီးသီးက အဆင့်မြင့်အကြီးအကဲ အယောက်လေးဆယ်ကျော် သေဆုံးသွားခဲ့တယ်....တခြားလူတွေထဲမှာလည်း ဒဏ်ရာအပြင်းအထန်ရထားတဲ့လူတွေ အများကြီးရှိတယ်....ငါတို့ရဲ့ဂိုဏ်းတွေက ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုနဲ့ ရင်ဆိုင်ရမှာကို ငါ စိုးရိမ်မိတယ်"
တချို့လူများသည် သူတို့၏မျက်လုံးထောင့်များမှနေ၍ တိုက်ပွဲကွင်းပြင်ကို ကြည့်ပြီးနောက် သူတို့သည် ထိတ်လန့်တုန်လှုပ်မှုကို ခံစားရလေ၏။
"ငါတို့တွေ သူ့ကိုသတ်တာက ဒီလောကကြီးထဲကနေ နတ်ဆိုးတစ်ကောင် ပပျောက်သွားစေဖို့အတွက်ပဲ... ငါတို့က ကောင်းကင်ဘုံရဲ့ကိုယ်စား တရားမျှတမှုကို ဆောင်ကျဥ်းပေးတယ်လို့ ပြောလို့ရတယ်"
လူများအားလုံးသည် အချင်းချင်းတိုင်ပင်ဆွေးနွေးနေကြကာ သူတို့၏စိတ်နှလုံးသားများအတွင်းမှ ထိတ်လန့်ကြောက်ရွံမှုများကို ဖယ်ရှားလိုကြသည်။
ကျိုးကျင်းထန်က ပြောဆိုသည်။
"မင်းတို့အားလုံး ဘာမှမစိုးရိမ်ကြနဲ့....ဒီဝင်္ကပါကို အသက်သွင်းလိုက်တာနဲ့ အထဲမှာရှိတဲ့ ဘယ်သက်ရှိကိုမဆို ယင်ချီစွမ်းအားတွေနဲ့ ရေခဲရုပ်ထုတွေဖြစ်တဲ့အထိ သန့်စင်ခံရမယ်...လုယွီ သေသွားတာနဲ့ ငါက မင်းတို့ကို ဆုလာဘ်နှစိဆပေးမယ်"
"ဧကရာဇ်ချီက ရယ်စရာပြောနေပြန်ပြီ....နတ်ဆိုးကို သုတ်သင်တာက ငါတို့ရဲ့တာဝန်ပါပဲ"
ထိပ်သီးကျင့်ကြံသူများသည် ရယ်ရယ်မောမောနှင့်ပြောဆိုကာ လုယွီကို နတ်ဆိုးတစ်ကောင်အဖြစ် သတ်မှတ်လိုက်ကြ၏။
အကြောင်းအရင်းမှာ သူတို့သည် လုယွီ၏အမွေအနှစ်အပေါ် လောဘတက်နေသည့်အပြင် ချီဘုရင်ပေးအပ်မည့် ကြီးမားသောဆုလာဘ်များကိုလည်း ရရှိမည်ဖြစ်သောကြောင့်ပင်။ပြောရမည်ဆိုလျှင် သူတို့သည် နာမည်ကောင်းယူလိုက်ခြင်းပင်။
"တကယ်တော့ လုယွီက ဘယ်လိုအမွေအနှစ်မျိုးတွေကို ရထားလဲဆိုတာ ငါ သိချင်မိတယ်"
တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် လူများအားလုံး၏မျက်လုံးများအတွင်း၌ လောဘအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဤသည်မှာ သူတို့ အလိုချင်ဆုံးအရာပင်။
ချီဘုရင်သည် သူတို့အား မည်သည့်ဆုလာဘ်များကို ပေးမည်ဟု ကတိပေးထားသည်ဖြစ်စေ ဤသည်မှာ ပြင်ပအရာဝတ္ထုများသာဖြစ်သည်။အကယ်၍ လုယွီ၏အမွေအနှစ်ကို သူတို့ ရရှိပါက သူတို့၏ကိုယ်ပိုင်စွမ်းအားများကို မြှင့်တင်နိုင်ပေမည်။
Chapter 4478
ကျိုးကျင်းထန်သည် အနည်းငယ်အံ့အားသင့်သွားပြီးနောက် အပြုံးနှင့်ပြောဆိုလိုက်၏။
"မင်းတို့အားလုံး ဘာမှ မစိုးရိမ်ကြနဲ့....လုယွီ သေသွားတာနဲ့ သူရဲ့အမွေအနှစ်တွေအားလုံးကို ခွဲဝေယူကြမယ်"
ထိပ်သီးကျင့်ကြံသူများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုသည်။
"ချီဧကရာဇ်ကို ကျေးဇူးတင်ပါတယ်..."
သူတို့သည် သူတို့၏စိတ်နှလုံးသားများအတွင်း၌ လောဘတက်နေကြသော်လည်း အတင်းအကြပ်ဖိအားပေး၍ လုယူဝံ့ခြင်းမရှိချေ။
ဤသည်မှာ ချီအင်ပါယာ၏ ပိုင်နက်နယ်မြေဖြစ်သည် ဟူသောအချက်ကို ဘေးဖယ်ထားလျှင်ပင် အရေးအကြီးဆုံးကိစ္စမှာ ဤနေရာကို ကျိုးမိသားစုဘိုးဘေးကိုယ်တိုင် ကာကွယ်စောင့်ရှောက်နေခြင်းပင်။
ကျိုးမိသားစုဘိုးဘေးသည် တာအိုသခင်တစ်ယောက်ပင်။
တာအိုသခင်တစ်ယောက်ဟူသော အသံကိုကြားသည်နှင့် မည်သူမည်ဝါ ဖြစ်နေပါစေ သူတို့၏နောက်ကျောများ အေးစိမ့်သွားသည့်အထိ ထိတ်လန့်ကြောက်ရွံ့နေကြသည်။
သူတို့သည် လုယွီကို တိုက်ခိုက်ဝံ့သော်လည်း နာမည်ကျော်ကြားသော တာအိုသခင်တစ်ယောက်နှင့် မျက်နှာချင်းဆိုင်ရချိန်တွင် သူတို့အနက်မှမည်သူတစ်ဦးတစ်ယောက်မျှ တခြားအတွေးများ တွေးတောဝံ့ခြင်းမရှိချေ။
"ဒီဝင်္ကပါကြီးကို အပြည့်အဝအသက်သွင်းပြီးတာနဲ့ ဒီကောင်စုတ်လေး သေရမယ်"
ကျိုးကျင်းထန်သည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီး ဝင်္ကပါကြီးအတွင်းသို့ စိတ်ဝိညာဥ်ကျောက်တုံးများကို အဆက်မပြတ်ဖြည့်တင်းနေသည်။
ဤတစ်ကြိမ်တွင် လုယွီကို သတ်ဖြတ်နိုင်ရန်အလို့ငှာ သူ အင်အားများစွာ စိုက်ထုတ်ခဲ့ရသည်။သူသည် ယခင်က ငွေကြေးအမြောက်အများကို သုံးစွဲခဲ့ရရုံသာမက ဤမြေပြင်၏အောက်၌ မဟာဝင်္ကပါကြီးတစ်ခုကိုလည်း မြှုပ်နှံခဲ့သည်။ထို့ပြင် သူသည် ဤဝင်္ကပါကြီး၏စွမ်းအားကို မြှင့်တင်ရန်အတွက် အဖိုးတန်ရှားပါးသော ပစ္စည်းများကိုလည်း ပမာဏအမြောက်အများ အသုံးပြုခဲ့ရလေ၏။
ဤဝင်္ကပါကြီးကို အသက်သွင်းလိုက်ချိန်၌ ပတ်ဝန်းကျင်ရှိ မိုးနှင့်မြေအရောင်ပြောင်းလဲသွားကာ နတ်ဘုရားများနှင့်နတ်ဆိုးများကို သတ်ဖြတ်နိုင်စွမ်းရှိသည်။
ဤအချိန်အခိုက်အတန့်တွင် ဝင်္ကပါကြီးအတွင်း၌....
တခြားတစ်ဖက်တွင်ရှိနေသော လုယွီသည် ပြင်ပတွင်ရှိနေသောလူများ တွေးထင်ထားသည်နှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။
လေပြင်းများတိုက်ခတ်ခြင်းနှင့်အတူ သူ၏အနက်ရောင်ဆံပင်များ ရှေ့နောက်လူးလွန်နေပေ၏။
ထူထပ်သိပ်သည်းသော ယင်ချီစွမ်းအားများသည် သူ၏အသက်ရှုရှိုက်ခြင်းနှင့်အတူ သူ၏ခန္ဓာကိုယ်အတွင်းရှိ မရီဒါန်းများအတွင်းသို့ ဝင်ရောက်သွားသည်။ထိုယင်ချီစွမ်းအားများသည် သူ၏ခန္ဓာကိုယ်အတွင်း၌ တဖြည်းဖြည်းပြည့်နှက်သွားပေ၏။
လုယွီ၏အရှိန်အဝါ ပို၍ပြင်းထန်လာသည်။သူ ယခင်ကရရှိထားခဲ့သော ဒဏ်ရာများပင်လျှင် တဖြည်းဖြည်း ပျောက်ကင်းစပြုလာသည်။
မြေအောက်လောကနတ်ဘုရားသည်ဟမြေအောက်လောက၏အရှင်သခင်ပင်။
တလိမ့်လိမ့်ထနေသော ယင်ချီများ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာချိန်တွင် သူ ကုန်ဆုံးသွားခဲ့သော မှော်စွမ်းအားများကို ပြန်လည်ဖြည့်တင်နိုင်ခဲ့ရုံသာမကသူ့၏ကျင့်ကြံဆင့်နယ်ပယ်သည်လည်း မြင့်တက်လာခဲ့သည်။
"မကောင်းတော့ဘူး....ဝင်္ကပါထဲမှာရှိတဲ့ စိတ်ဝိညာဥ်ကျောက်တုံးတွေ ကုန်ဆုံးသွားတာ အရမ်းမြန်တယ်"
"လုယွီက ဝင်္ကပါကြီးကို ချိုးဖျက်ချင်နေတာလား..."
ပြင်ပမှနေ၍ ဝင်္ကပါကြီးကို စောင့်ကြည့်နေသောလူများသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားကာ သူတို့အားလုံး ထိတ်လန့်ကြောက်ရွံ့နေသည်။
ဤသည်မှာ အလွန်အန္တရာယ်များပေ၏။အကယ်၍ လုယွီသာ ပြင်ပသို့ထွက်လာနိုင်ပါက သူတို့အားလုံး မရှုမလှသေဆုံးရမည်မှာ သေချာပေါက်ပင်။
ကျိုးကျင်းထန်က သူ၏ဦးရေပြား ထုံကျင်လာသည်ကို ခံစားမိကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"သူ ထွက်လာနိုင်မယ်လို့ ငါ မယုံကြည်ဘူး...ငါ့ရဲ့ချီအင်ပါယာမှာ ရတနာတွေအများကြီးရှိတယ်...တကယ်လို့ ငါက အဲ့ဒီမှော်ရတနာတွေအားလုံးကို အသုံးပြုရမယ်ဆိုရင်တောင် သူ့ကို ရအောင်သတ်မယ်"
သူသည် သူ့ထံ၌ရှိသော စိတ်ဝိညာဉ်ကျောက်တုံးများအားလုံးကို ထုတ်ယူကာ တစ်ချိန်တည်းမှာပင် ထိုအရာများကို ထပ်မံ၍ယူဆောင်လာရန် အစောင့်များအား အမိန့်ပေးလေသည်။
အသက်တစ်ရှိုက်စာအချိန်အတွင်း၌ စိတ်ဝိညာဥ်ကျောက်တုံး ကုန်ဆုံးမှုပမာဏသည် ထောင်သောင်းချီ၍ရှိနေပေ၏။
ဤကဲ့သို့ ကြီးမားသော စိတ်ဝိညာဉ်ကျောက်တုံးကုန်ဆုံးမှုပမာဏကို မိသားစုကြီးများအနက်မှ အများစုပင်လျှင် စွမ်းဆောင်နိုင်မည်မဟုတ်ချေ။ကျိုးမိသားစုကဲ့သို့ ထိပ်သီးတည်ရှိမှုတစ်ခုကသာ ဤကိစ္စကို စွမ်းဆောင်နိုင်ပေမည်။
ဤအချိန်အခိုက်အတန့်၌ စိတ်ဝိညာဥ်ကျောက်တုံးများမှ ပြောင်းလဲသွားသော ယင်ချီစွမ်းအားများကို လုယွီမှ ဝါးမြိုနေပေ၏။
သူ၏ကျင့်ကြံဆင့်စွမ်းအားများ တစတစမြင့်တက်လာသည်။
လုယွီ၏ယင်ချီစွမ်းအားစုပ်ယူမှုအရှိန်နှုန်းသည် အလွန်အမင်း မြင့်မားပေ၏။အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် သူသည် ကျိုးကျင်းထန်ထံတွင်ရှိနေသော စိတ်ဝိညာဥ်ကျောက်တုံးများအားလုံးကို ကုန်ဆုံးသွားစေသည်။
"ဒါက ဘယ်လို မွန်းစတားမျိုးလဲ....ဘယ်လိုဖြစ်ပြီးတော့ စိတ်ဝိညာဥ်ကျောက်တုံးတွေ ကုန်ဆုံးတာက ဒီလောက်ထိ မြန်နေတာလဲ"
ကျိုးကျင်းထန်သည် ဤအချိန်အခိုက်အတန့်တွင် ကြက်သေသေနေကာ သူ၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်စပြုလာသည်။
အကယ်၍ ဝင်္ကပါကြီးသာ ပျက်စီးသွားပါက အကျိုးဆက်များကို သူ တွေးတောကြည့်ဝံ့ခြင်းပင် မရှိချေ။
အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာ အတွင်းမှာပင် ကျိုးကျင်းထန်သည် စိတ်ဝိညာဉ်ကျောက်တုံး သန်းနှစ်ရာခန့်ကုန်ဆုံးသွားသည်။ဤသည်မှာ ကျိုးမိသားစုအတွက် အသေးအမွှားပမာဏသာဖြစ်သော်လည်း ယခုလက်ရှိချိန်တွင် ကျိုးကျင်းထန်ထံ၌ စိတ်ဝိညာဥ်ကျောက်တုံးများ မကျန်ရှိတော့ချေ။
ဘုန်း....
ဝင်္ကပါကြီးမှနေ၍ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ဝင်္ကပါကြီး၏ယင်ချီများသည် ရက်စက်ကြမ်းကြုတ်သော အားလှိုင်တစ်ရပ်၏ဆုတ်ဖြဲခြင်းကိုခံရကာ လေဟာနယ်အတွင်းမှနေ၍ ပုံရိပ်တစ်ရိပ်က ခြေလှမ်းတစ်လမ်းခြင်း လျှောက်လှမ်း၍ ထွက်လာသည်။
လုယွီ၏နံဘေးပတ်လည်တွင်ရှိနေသော ယင်ချီစွမ်းအားများသည် အလွန်ထူထပ်သိပ်သည်းပေ၏။သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သတ်ဖြတ်လိုခြင်းအရှိန်အဝါနှင့် ပေါင်းစပ်လိုက်ပါက သူ့ကိုကြည့်ရသည်မှာ သေမျိုးလောကသို့ ဆင်းသက်လာသော နတ်ဆိုးနတ်ဘုရားတစ်ပါးအလားပင်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ဘာလို့ မင်းက အကောင်းပကတိအတိုင်း ရှိနေတာလဲ"
ကျိုးကျင်းထန်သည် လုယွီ၏ပုံပန်းသွင်ပြင်ကိုမြင်တွေ့ချိန်၌ ထိတ်လန့်တကြားအော်ဟစ်ကာ နောက်သို့အဆက်မပြတ်ဆုတ်လိုက်သည်။
Chapter 4479
ယင်ချီများအကြားမှ လုယွီ လျှောက်လှမ်းထွက်လာသည်။
အရိုးကွဲလုမတတ်အေးစိမ့်သော ယင်ချီများသည် သာမန်ကျင့်ကြံသူများအတွက် အဆိပ်အခိုးအငွေ့များဖြစ်သော်လည်း ထိုအရာများသည် လုယွီ၏နံဘေးပတ်လည်၌ နာခံရို့ကျိုးစွာ ရစ်သိုင်းလွှမ်းခြုံနေပေ၏။
"မင်း...မင်း...မင်းက ဘယ်လိုလုပ်ပြီးတော့ ထွက်လာနိုင်တာလဲ"
ဝင်္ကပါကြီးအတွင်းမှ လုယွီ ထွက်လာသည်ကို မြင်တွေ့ချိန်၌ သူတို့သည် သူ့အား စေ့စေ့မကြည့်ဝံ့ကြတော့ချေ။
ထိတ်လန့်ကြောက်ရွံ့မှုများက သူတို့၏စိတ်နှလုံးသားများအတွင်း၌ တဖန်ပြန်၍ တလိမ့်လိမ့်ထလာသည်။
ဤကဲ့သို့ ကြီးမားသောဝင်္ကပါကြီးတစ်ခုပင်လျှင် သူ့အား ထိခိုက်နာကျင်အောင် လုပ်နိုင်ခဲ့ခြင်းမရှိချေ။
လုယွီ၏စွမ်းအားသည် မည်သည့်အဆင့်ထိ ရောက်ရှိနေသည်ကို သူတို့ စိတ်ကူးယဉ်တွေးတောကြည့်ဝံ့ခြင်းပင် မရှိတော့ချေ။
ဘုန်း...
လုယွီသည် စိတ်အနှောက်အယှက်ဖြစ်ခံပြီး ထိုလူများအား ရှင်းပြခြင်း မပြုတော့ပေ။သူသည် အနီးရှိလူတစ်ယောက်ကို လက်သီးတစ်ချက်ထိုးနှက်ပြီး သွေးမြူများအဖြစ် ပေါက်ကွဲသွားစေသည်။
ကျင့်ကြံသူတချို့သည် ဤကဲ့သို့ အရေးမသာသောအခြေအနေကို မြင်တွေ့ချိန်တွင် သူတို့သည် နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးလိုက်ကြသည်။
ဆုလာဘ်များဖြစ်စေ အမွေအနှစ်ဖြစ်စေ သူတို့၏အသက်များထက် ပို၍တန်ဖိုးမရှိချေ။
ယခုအချိန်၌ သူတို့အလိုရှိဆုံးအရာမှာ အသက်ရှင်သန်နိုင်ရန်ပင်။
"မင်းတို့ထဲက တစ်ယောက်မှ မလွတ်စေရဘူး"
လုယွီက အေးစက်တင်းမာသောအကြည့်ဖြင့် ထွက်ပြေးသွားသောလူတစ်စုကို ကြည့်လိုက်သည်။ထို့နောက် သူ၏လက်ချောင်းများကို အောက်သို့ ဖိနှိပ်လိုက်၏။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...အရပ်ရှစ်မျက်နှာချိတ်ပိတ်ခြင်း...
ပတ်ဝန်းကျင်ရှိလေဟာနယ် ရုတ်တရက် အေးခဲတောင့်တင်းသွားသည်။သလင်းကျောက်ကဲ့သို့ကြည်လင်သော အလွှာတစ်လွှာသည် အတွင်းတွင်ရှိနေသော လူများအားလုံးကို အခိုင်အမာချိတ်ပိတ်လိုက်သည်။
ထိပ်သီးကျင့်ကြံသူများအားလုံးသည် လုယွီ ဖန်တီးထားသော လေဟာနယ်အတွင်းတွင် သူတို့ လှောင်ပိတ်ထားခြင်းခံရကာ မည်သို့မျှ လွတ်မြောက်နိုင်ခြင်းမရှိကြောင်း ရှာဖွေတွေ့ရှိသွားသဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။
"လုယွီ....ငါ မှားသွားတယ်...ငါက မင်းကို မဆန့်ကျင်ခဲ့သင့်ဘူး...ငါက မဟာနတ်ဘုရားဂိုဏ်းရဲ့ဂိုဏ်းချူပ်ပါ...တကယ်လို့ မင်း ငါ့ကို လွှတ်ပေးမယ်ဆိုရင် ငါက မင်းအပေါ်မှာ သစ္စာစောင့်သိမယ်လို့ ငါ ကျိန်ဆိုတယ်"
ထိပ်သီးကျင့်ကြံသူများအနက်မှတယောက်က အော်ဟစ်လိုက်သည်။
တခြားသူများသည်လည်း တစ်စုံတစ်ခု ထူးဆန်းနေသည်ကို ရှာဖွေတွေ့ရှိသွားပေ၏။သူတို့သည် ပထမဆုံးအညံခံရန် စကားပြောဆိုလိုက်သောလူ၏ လိမ္မာပါးနပ်မှုအတွက် တိတ်တဆိတ်ကျိန်ဆဲလိုက်ကြသည်။
မဟာနတ်ဘုရားဂိုဏ်းကို အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်း၌ အတော်အသင့်ကြီးမားသော ဂိုဏ်းကြီးတစ်ဂိုဏ်းဟု သတ်မှတ်နိုင်သည်။ထိုဂိုဏ်းသည် အထွတ်အမြတ်နတ်ဆိုးဂိုဏ်းနှင့် ယှဉ်ပြိုင်နိုင်သောအဆင့်၌ ရှိနေသည်။
လုယွီက ထိုလူကိုတစ်ချက်ကြည့်ပြီး တည်ငြိမ်စွာပြောဆိုသည်။
"မင်းက ငါ့ရဲ့လမ်းကြောင်းကို ပိတ်ခဲ့တယ်"
"ငါ့ရဲ့လမ်းကြောင်းကိုပိတ်တဲ့ ဘယ်သူမဆို သေရမယ်"
လုယွီ၏စကား အဆုံးသတ်သည်နှင့် သူ၏လက်ချောင်းထိပ်မှနေ၍ ဓားချီတစ်လှိုင်းပျံ့လွင့်သွားသည်။ရုတ်ချည်းဆိုသလိုပင် ထိုအရာသည် အဆများစွာကြီးထွားသွားကာ မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။ရက်စက်ကြမ်းကြုတ်သော ထိုလူအားဖြတ်တောက်သွားကာ သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားစေသည်။
တခြားလူများသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ သူတို့၏ဦးရေပြားများ ထုံကျင်လာသည်ကို ခံစားရကာ နှိုင်းယှဉ်ပြစရာမရှိသည်အထိ ထိတ်လန့်တုန်လှုပ်သွားသည်။
"မင်းက နတ်ဆိုးတစ်ကောင်...တကယ့်ကို နတ်ဆိုးတစ်ကောင်ပဲ"
လူများအားလုံး သွေးရူးသွေးတန်းဖြင့် ထွက်ပြေးလိုက်ကြတော့သည်။
ရာနှင့်ချီသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ အတူတကွပူးပေါင်း၍ လုယွီကိုတိုက်ခိုက်ခဲ့သော်လည်း သူတို့သည် အမှားတစ်ခုကိုပြုလုပ်ခဲ့မိကာ သူ၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
လုယွီသည် ရှေ့သို့တိုးကာ ကြွင်းကျန်သောထိပ်သီးကျင့်ကြံသူများအားလုံးကို သတ်ဖြတ်လိုက်၏။
ဤအချိန်အခိုက်အတန့်၌ ဂိုဏ်းအင်အားစုများမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအားလုံး သေဆုံးသွားလေပြီ။
ဤကမ္ဘာငယ်လေးသည် အလွန်အမင်း မှုန်မှိုင်းသွားပေ၏။မြေပြင်ပေါ်၌ အလောင်းများသည် တောင်တစ်လုံးကဲ့သို့ စုပုံနေကာ လေတဟူးဟူးတိုက်ခတ်သံများကိုလည်း ကြားနေရပြီး ဤသည်မှာ သူတို့၏ငိုကြွေးသံများအလားပင်။
အလောင်းများ နေရာအနှံ့အပြား၌ ပြန့်ကျဲနေကာ ဤသည်မှာ လုယွီ၏လွမ်းမိုးချုပ်ကိုင်နိုင်မှုကို ပြသနေသည့်အလားပင်။
မလှမ်းမကမ်းအကွာရှိ အချုပ်လှည်းအတွင်း၌ရှိနေသော လန်ဝူရှင်းပင်လျှင် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ ထိုင်ချလိုက်ကာ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
အချိန်အတော်ကြာပြီးနောက် လန်ဝူရှင်းသည် စကားလုံးတချို့ကို ရေရွတ်လိုက်၏။
"အရမ်းအစွမ်းထက်တယ်...."
ကျိုးကျင်းထန်သည်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ ရှင်းပြစရာမရှိသည်အထိ ထိတ်လန့်တုန်လှုပ်နေသည်။သူသည် ရုတ်တရက် နောက်သို့ဆုတ်ပြီး လုယွီနှင့်သူ့အကြားရှိ အကွာအဝေးကို ပိုင်းခြားလိုက်သည်။
"မင်းက ဘယ်နေရာကို ထွက်ပြေးမှာလဲ"
လုယွီသည် ကျိုးကျင်းထန်၏နောက်သို့ လိုက်လံဖမ်းဆီးနေပေ၏။
လုယွီ၏အစွမ်းထွက်သောအရှိန်အဝါသည် ကျိုးကျင်းထန်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားချိန်တွင် သူ၏ကြွက်သားများ တင်းမာသွားသည်။သူ၏စိတ်နှလုံးသားအတွင်းသို့ မကြုံဆက်စဖူး ကြောက်ရွံ့မှုမျိုး တိုးဝင်လာပေ၏။
ရာနှင့်ချီသော အစောင့်စစ်သားများသည် လုယွီကိုဟန့်တားရန် ကြိုးစားခဲ့ကြသော်လည်း သူတို့သည် သူ့ထံမှလက်သီးတချက်ကိုပင် တောင့်ခံနိုင်ခဲ့ခြင်းမရှိဘဲ သေဆုံးသွားကြသည်။
ဝုန်း.....
အဝေးတစ်နေရာရှိ တော်ဝင်နန်းတွင်းမှနေ၍ ကံကြမ္မာအလင်းတန်း ထွက်ပေါ်လာကာ မိုးကောင်းကင်ယံထံသို့ မြင့်တက်သွားပြီး တိမ်စိုင်များအတွင်းသို့ ထွင်းဖောက်သွားသည်။
မြေပြင်တပြင်လုံး ပြင်းပြင်းထန်ထန် တုန်ခါစပြုလာပေ၏။သွေးနီရောင်မိုးကောင်းကင်ယံကြီးအတွင်း၌ ခြစ်ခြစ်တောက်ပူပြင်းသောဟနေမင်းကြီးတစ်စင်းထွက်ပေါ်လာကာ ထိုအရာမှနေ၍ လူအိုကြီးတစ်ယောက် လျှောက်လှမ်းထွက်လာသည်။
"ရပ်လိုက်စမ်း"
ကျိုးမိသားစုဘိုးဘေး၏အသံက လေဟာနယ်အတွင်း၌ ပဲ့တင်ထပ်သွားသည်။
ကျိုးကျင်းထန်သည် ကျိုးမိသားစုဘိုးဘေးကို မြင်တွေ့မိချိန်၌ အသက်ကယ်ကောက်ရိုးတစ်မျှင်ကို ဖမ်းဆုပ်မိသည့်အလား အလျင်စလို အော်ဟစ်လိုက်သည်။
"ဘိုးဘေး ငါ့ကို ကယ်ပါအုံး...."
ဘုန်း....
လုယွီက လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။ထိုလက်သီးချက်၏စွမ်းအားသည် လေဟာနယ်ကိုဖြတ်သန်းပြီး ကျိုးကျင်းထန်၏ခန္ဓာကိုယ်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။ဤသည်ကြောင့် သူ၏ရုပ်ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ ကြေမွဤပျက်စီးသွားကာ သူ၏စိတ်ဝိညာဥ်ပင်လျှင် တစစီဖြစ်သွားလေ၏။
"မင်းက ငါ့ကို ရပ်လို့ပြောတိုင်း ငါက ရပ်ရမှာလား"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
Chapter 4480
ကျိုးကျင်းထန်သည် ဤအချိန်အခိုက်အတန့်တွင် သူ သေဆုံးရမည်ဟု တွေးထင်ထားခြင်းမရှိချေ။
သူ၏စိတ်ဝိညာဥ်သည် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏အလောင်းမှနေ၍ ရွှေရောင်ကံကြမ္မာနဂါးတစ်ကောင် ထွက်ပေါ်လာသည်။ထိုနဂါးသည် ငိုကြွေးမြည်တမ်းကာ မိုးကောင်းကင်ယံအတွင်း၌ ပျံဝဲနေပေ၏။
ဤသည်မှာ ချီအင်ပါယာ၏ကံကြမ္မာနဂါးပင်။
အသစ်တည်ထောင်ထားသော အင်ပါယာထံတွင် ကံကြမ္မာစွမ်းအား အမြောက်အများမရှိသဖြင့် ရွှေရောင်ကံကြမ္မာနဂါးသည်လည်း အစပျိုးပုံစံတွင်သာ ရှိနေပေ၏။
အကယ်၍ ဤကံကြမ္မာနဂါးကို တာယွီအင်ပါယာ၏ကံကြမ္မာနဂါးနှင့် နှိုင်းယှဉ်ပါက အလွန်အမင်းအားနည်းနေသည်ကို တွေ့မြင်ရပေမည်။ဤနဂါး၏ပုံပန်းသွင်ပြင်သည် အလွန်အမင်းဝေဝါးနေကာ အချိန်မရွေး ပျက်ပြယ်သွားတော့မည်အလားပင်။
လုယွီသည် ထိုရွှေရောင်ကံကြမ္မာနဂါးကို အလွတ်ပေးခြင်းမရှိချေ။သူသည် သူ၏လက်ကိုဆန့်တန်းပြီး ထိုကံကြမ္မာနဂါးကို ဖမ်းဆုပ်လိုက်၏။
တစ်ချိန်တည်းမှာပင် လုယွီ၏အင်္ကျီလက်ကြား၌ရှိနေသော ချင်အင်ပါယာ၏တော်ဝင်ကျောက်စိမ်းစည်းတံဆိပ် တုန်ခါသွားသည်။
ထို့နောက် နဂါးနက်တစ်ကောင်သည် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်မှ ပျံသန်းထွက်လာသည်။ထိုနဂါး၏ခန္ဓာကိုယ်သည် မင်ကဲ့သို့မည်းနက်နေကာ သူ၏မျက်လုံးများသည် လျှပ်စီးမိုးကြိုးများအလား စူးရှတောက်ပနေသည်။နဂါးနက်သည် ရွှေရောင်ကံကြမ္မာနဂါးကို တစ်လုတ်တည်းဖြင့် ဝါးမြိုလိုက်၏။
ရွှေရောင်ကံကြမ္မာနဂါးသည် လုံးလုံးလျားလျားဝါးမြိုခြင်းကို ခံလိုက်ရပြီးနောက် နဂါးနက်၏ခန္ဓာကိုယ် ကြီးထွားသွားပုံရကာ သူ၏အရှိန်အဝါ ပို၍အစွမ်းထက်လာသည်။
ထို့နောက် နဂါးနက်သည် စိတ်ကျေနပ်မှုရရှိသွားသဖြင့် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်အတွင်းသို့ပြန်ဝင်ကာ ရွှေရောင်ကံကြမ္မာနဂါး၏စွမ်းအားများကို ခြေဖျက်နေသည်။
မျိုးဆက်တစ်ဆက်၏အင်ပါယာကြီးသည် ဤအတိုင်း ကြွေလွင့်သွားရလေပြီ။
ချီဘုရင်ကျိုးထုံသည် ဘုရင်တစ်ပါး ဖြစ်နေခဲ့သော်လည်း ထီးနန်းကိုဆက်ခံရန် ကျရှုံးခဲ့သည့်အချိန်မှစ၍ ပုန်ကန်ရန်အတွက် ကြံရွယ်နေခဲ့သည်။တာယွီအင်ပါယာအတွင်း၌ ဖရိုဖရဲဖြစ်နေမှုများကို အခွင့်ကောင်းယူ၍ သူသည် ကိုယ်ပိုင်နယ်မြေကို ပိုင်းခြားသတ်မှတ်ကာ သူ့ကိုယ်သူ ဧကရာဇ်တစ်ပါးဟု ထုတ်ပြန်ကြော်ညာခဲ့သည်။ ထို့ပြင် သူ၏မျိုးရိုးနာမည်ကိုပင် စွန့်လွှတ်ခဲ့ကာ သူ့ကိုယ်သူ လှည့်စားခဲ့လေ၏။
သူသည် အထင်ကြီးဖွယ်ကောင်းသော လူတစ်ယောက် ဖြစ်မလာဘဲ အဆုံးသတ်၌ ပုန်ကန်သူတစ်ယောက်သာ ဖြစ်လာခဲ့သည်။
"ငါ မင်းကိုရပ်ဖို့ ပြောတယ်လေ..မင်းက ငါ့ရဲ့စကားကို မကြားတာလား"
လေထုအတွင်းမှနေ၍ အစွမ်းထက်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာကာ လုယွီထံသို့ တိုးဝင်လာသည်။
အနက်ရောင်ပုံရိပ်ကြီးသည် တဖြည်းဖြည်းနီးကပ်လာပေ၏။ဤသည်မှာ ပွယောင်းယောင်းပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ယောက်ပင်။သူ လှုပ်ရှားသည့် လှုပ်ရှားမှုတစ်ခုစီတိုင်း ဖျက်ဆီး၍မရနိုင်သော အရှိန်အဝါတစ်ရပ် ရောယှက်နေသည်။
ကျိုးမိသားစုဘိုးဘေးသည် လေဟာနယ်အတွင်းမှနေ၍ ခြေလှမ်းတစ်လှမ်းခြင်း လျှောက်လှမ်းလာသည်။သူသည် မြေပြင်တပြင်လုံးကို လောင်ကျွမ်းသွားစေမည့် ခြစ်ခြစ်တောက်ပူပြင်းသော နေမင်းကြီးတစ်စင်းအလားပင်။သူ့၏သွေးချီများသည် နှိုင်းယှဉ်ပြစရာမရှိသည်အထိ ရုန့်ရင်းကြမ်းတမ်းပေ၏။
"တာအိုသခင်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ"
လန်ဝူရှင်းသည် အချုပ်လှည်းအတွင်း၌ လှောင်ပိတ်ခံထားရဆဲပင်။ဤတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ဖိအားအရှိန်အဝါကို ခံစားရချိန်တွင် သူ၏ခြေထောက်များ တုန်ရီသွားသည်။
တာအိုသခင်နယ်ပယ်သည် အလွန်အစွမ်းထက်သဖြင့် မိုးနှင့်မြေကို ဖျက်ဆီးနိုင်လုနီးပါးဖြစ်ကာ လူအများအား ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားရစေသည်။
လန်ဝူရှင်းသည် ချန်အန်းမြို့အမွေအနှစ်နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့ခြင်းမရှိချေ။ထိုကြောင့် သူသည် နတ်ဘုရားမြင့်မြတ်အမတ်ကြီးနှင့် ကျိုးမိသားစုဘိုးဘေးတို့၏ ဝိုးတဝါးပုံရိပ်ယောင်များကို မြင်တွေ့ခဲ့ဖူးခြင်းမရှိပေ။
မည်သူမည်ဝါဖြစ်နေပါစေ ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော စွမ်းအားများအောက်တွင် သူတို့ကိုယ်သူတို့ အစွမ်းအစမဲ့သကဲ့သို့ ခံစားရပေမည်။
ကျိုးမိသားစုဘိုးဘေး၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် နှိုင်းယှဉ်ပြစရာမရှိသည်အထိ မြင့်မြတ်သောအလင်းတန်းများ ရစ်သိုင်းလွှမ်းခြုံနေသည်။ဤသည်မှာ အလွန်တောက်ပပြီး ကြီးကျယ်ခမ်းနားပေ၏။
"ကြည့်ရတာတော့ အရင်တစ်ခေါက်က အပျက်အစီးနယ်မြေထဲမှာ ငါ မင်းရဲ့ပုံရိပ်ယောင်ကိုသတ်ခဲ့တဲ့ မှတ်ဉာဏ်ကောင်းလေးတွေကို မေ့သွားတဲ့ပုံပဲ...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ရှေ့မှာ ထွက်ပေါ်လာရဲတာလဲ"
လုယွီက ကျိုးမိသားစုဘိုးဘေးကို မျက်နှာချင်းဆိုင်ပြီး လေသံပြတ်ပြတ်ဖြင့် ပြောဆိုသည်။
"မောက်မာလှချည်လား...တကယ်လို့ သူက အရမ်းသန်မာအားကောင်းတယ်ဆိုရင်တောင် အနည်းဆုံးတော့ တာအိုသခင်တစ်ယောက်ကို မျက်နှာသာပေးသင့်တယ် မဟုတ်လား"
လန်ဝူရှင်းက ညည်းတွားလိုက်ကာ သူ၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
လုယွီသည် အလွန်မောက်မာထောင်လွှားပေ၏။
ဤသည်မှာ သူသည် တာအိုသခင်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူဖြစ်သော ကျိုးမိသားစုဘိုးဘေးကို အနည်းငယ်မျှ အရေးမစိုက်သည့်အလားပင်။
"မင်းက ချီဧကရာဇ်ကိုသတ်ခဲ့မှတော့ မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်"
ကျိုးမိသားစုဘိုးဘေး၏ကြီးကျယ်ခမ်းနားသောအသံသည် မိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်သွားပေ၏။
သူတို့နှစ်ယောက်အကြားတွင် မည်သည့်အပိုစကားကိုမျှ ပြောဆိုရန် မလိုအပ်ချေ။သူတို့သည် တယောက်နှင့်တစ်ယောက် မြင်တွေ့သည်နှင့် အပြင်းထန်ဆုံးတိုက်ခိုက်မှုများကို ထုတ်ဖော်အသုံးပြုလိုက်ကြသည်။
ကျိုးမိသားစုဘိုးဘေးမှ အရင်ဆုံး စတင်တိုက်ခိုက်ခဲ့သည်။သူ၏တိုက်ခိုက်မှုသည် ကောင်းကင်ဘုံကိုးဆင့်နှင့်ငရဲကြီးဆယ့်ရှစ်ထပ်ကို တုန်ခါသွားစေသည့်အလား အလွန်ပြင်းထန်သည်။ဤသည်ကြောင့် မိုးကောင်းကင်ယံကြီး ပြိုလဲတော့လုမတတ်ပင်။သူ၏လက် အတွင်း၌ မဟာတာအိုဥပဒေသအမြောက်အများကို ဖမ်းဆုပ်ကာ လုယွီထံသို့ တိုးဝင်တိုက်ခိုက်လိုက်၏။
သူ ထွက်ပေါ်လာချိန်တွင် မိုးကောင်းကင်ယံအတွင်း၌ စွမ်းအားများဖြင့်ပြည့်နှက်နေကာ သူ၏ပုံရိပ်ကို လွမ်းခြုံသွားလုနီးပါးပင်။မိုးကောင်းကင်ယံအတွင်းရှိ ကျိုးမိသားစုဘိုးဘေး၏ပုံရိပ်ကို ဝိုးတဝါးသာ တွေ့မြင်နိုင်သည်။
ဟူး....
ထူထပ်သိပ်သည်းသော ယင်ချီစွမ်းအားများက လုယွီ၏နှာခေါင်းအတွင်းသို့ ရုတ်တရက် စီးဝင်လာသည်။
ထို့နောက် လုယွီ၏ရင်ဘတ်မှနေ၍ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ မိုးနှင့်မြေကို တုန်ခါသွားစေသည်။