အခန်း (၄၅၂၆-၄၅၃၀)
Vol. 230 Ch. 4526-4530
Chapter 4526
ပုန်းကွယ်နဂါးစစ်တပ်သည် ဤနေရာ၌ နေခဲ့ရမည်ဟု ဆိုသလော....
သူတို့သည် လုယွီအား ကူညီပေးနိုင်ရန်အတွက် စီးရွှေခံတပ်သို့ လိုက်သွားလိုခဲ့သည်။သို့ရာတွင် လုယွီထံ၌ သူနှင့်အတူ အစောင့်သုံးထောင်ကိုသာ ခေါ်ဆောင်သွားခွင့်ရှိပေ၏။
ဤသည်မှာ ဖိနှိပ်ခြင်းပုံစံတမျိုးဟု ယူဆနိုင်သည်။သူတို့သည် တော်ဝင်နန်းတွင်း၏ မကောင်းသောရည်ရွယ်ချက်ကို ထွင်းဖောက်မြင်နိုင်ပြီးဖြစ်သည်။
"ဒါက ဘယ်လိုမျိုး သောက်ရေးမပါတဲ့ သဘောတရားလဲ...ငါတို့က အရှင့်ကို မကူညီရဘူးလား"
"ငါတို့ကို ခုလိုမျိုး အမိန့်ပေးနိုင်တဲ့ အခွင့်အာဏာမျိုး တော်ဝင်နန်းတွင်းမှာ ရှိလို့လား....ထန်စစ်တပ်က လက်ဝဲစစ်တပ်နယ်မြေရဲ့အပြင်ကနေ ချောင်းမြောင်းနေပေမယ့် နယ်မြေထဲကို နည်းနည်းလေးတောင် ကျူးကျော်မလာရဲဘူး....တော်ဝင်နန်းတွင်းကတော့ မဟာခံတပ်ကြီးလေးနေရာ ရှိနေတာတောင် ထန်စစ်တပ်ကို ကြောက်နေတာလား"
သွေးဆူလွယ်သော တပ်မှူးတချို့က စတင်၍အော်ဟစ်ဆဲဆိုလိုက်ကြသည်။
ပုန်းကွယ်နဂါးစစ်တပ် ကြီးမားလာသည်နှင့်အတူ မူလက မြင့်မြတ်နယ်မြေ၏အကြီးအကဲများနှင့် ဂိုဏ်းအင်အားစုများမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည်လည်း စစ်တပ်အတွင်းသို့ ဝင်ရောက်လာကာ တပ်ရင်းအသစ်များ၏တပ်မှူးများ ဖြစ်လာကြသည်။
သူတို့သည် တော်ဝင်နန်းတွင်းမှ ရောက်ရှိလာခြင်းမဟုတ်သဖြင့် စည်းမျဥ်းအများစုအပေါ် အထင်အမြင်သေးကြသည်။တော်ဝင်နန်းတွင်းသည် လုယွီနှင့်အတူ အစောင့်အနည်းကိုသာ ခေါ်ဆောင်ခွင့်ပြုသည် ဟူသောအမိန့်ကို ကြားချိန်၌ သူတို့အားလုံး ဒေါသထွက်သွားကြသည်။
လုယွီက သူ၏လက်ကိုဝှေ့ယမ်းကာသူ၏လက်အောက်ငယ်သားများအားလုံး၏အော်ဟစ်နေမှုကို ရပ်တန့်ရန် အမိန့်ပေးလိုက်၏။
"ဧကရာဇ်က တခြားဘာပြောလိုက်သေးလဲ"
လုယွီက ပြောင်းပြောင်းတင်းတင်းပြောဆိုသည်။
လုယွီသည် တည်ငြိမ်နေဆဲဖြစ်သည်ကိုကြည့်ပြီး ရှယင်၏မျက်နှာပေါ်၌ မောက်မာထောင်လွှားမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။သူသည် လုယွီကို ကျိုးနွံအောင် ပြုလုပ်နိုင်ပြီးဖြစ်သည်ဟု တွေးထင်မိလေ၏။
"အမတ်ကြီးလု...မင်းက တော်ဝင်နန်းတွင်းရဲ့ အရာရှိတစ်ယောက်ပဲ....တော်ဝန်နန်းတွင်းက မင်းကို ပစ်ပယ်ထားမှာမဟုတ်ဘူး...အရှင်ဧကရာဇ်က မင်းကို အရာရှိတစ်ယောက်အနေနဲ့ တော်ဝင်နန်းတွင်းကို ခေါ်ယူဖို့လည်း အမိန့်ထုတ်ပြန်ခဲ့တယ်...အခုအချိန်ကနေစပြီးတော့ မင်းက စစ်ရေးအမတ်ကြီးပဲ...အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကိုတော့ ငါက မင်းဆီကနေ လွှဲပြောင်း ယူလိုက်မယ်"
ရှယင်က အပြုံးနှင့်ပြောဆိုသည်။
"ဘာ...."
ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိလူများထံမှနေ၍ အံ့အားတသင်းရေရွတ်သံများ ထွက်ပေါ်လာသည်။
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်သည် လုယွီ တစတစတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် နယ်မြေပင်။
ပုန်းကွယ်နဂါးစစ်တပ်နှင့် ချီအင်ပါယာတို့၏ တိုက်ပွဲအကြားတွင် တော်ဝန်နန်းတွင်းသည် မည်သည့်လှုပ်ရှားမှုကိုမျှ ပြုလုပ်ခဲ့ခြင်းမရှိချေ။သူတို့သည် စစ်ကူအနည်းငယ်ကိုပင် ပေးပို့ခဲ့ခြင်းမရှိပေ။
ယခုအချိန်၌ လုယွီသည် ချီအင်ပါယာကိုဖျက်ဆီးကာ ရှင်းယန်မြို့ကို တည်ထောင်ခဲ့သည်။သို့ရာတွင် တော်ဝင်နန်းတွင်းသည် လူများကိုစေလွှတ်၍ လုယွီ၏အောင်မြင်မှုအသီးအပွင့်များကို ပြောင်ပြောင်တင်းတင်းလုယူလိုပေ၏။
သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသော မျက်လုံးအကြည့်များက ရှယင်ထံသို့ ကျရောက်လာသည်။
ဤနေရာတွင် ပုန်းကွယ်နဂါးစစ်တပ်မှ တပ်မှူးအမြောက်အများနှင့် ကောင်းကင်ကွန်ယက်မှ တပ်မှူးတချို့ရှိနေသည်။သူတို့အားလုံးသည် မှုန်တေတေမျက်နှာအမူအယာများဖြင့် ရှယင်ကို စူးစိုက်၍ကြည့်လိုက်ကြ၏။
ရှယင်၏စကားများသည် ရှင်းယန်မြို့အတွင်း၌ရှိနေသော လူများအားလုံးကို ဒေါသထွက်သွားစေသည်။
"မင်းတို့ ဘာလုပ်ကြတာလဲ...မင်းတို့က ပုန်ကန်ချင်တာလား"
ရှယင်က ပြောဆိုသည်။
"မင်းရဲ့စစ်ရေးအခွင့်အာဏာကို လက်လွှဲပေးစမ်း...ပုန်းကွယ်နဂါးစစ်တပ်လို ကြီးမားတဲ့အင်အားစုကြီးတစ်ခုက မင်းတစ်ယောက်တည်းရဲ့အပိုင် မဖြစ်သင့်ဘူး"
သူသည် လုယွီကို ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်လိုက်၏။
တော်ဝင်နန်းတွင်းသည် လုယွီ၏အင်အား တစတစ ကြီးမားကျယ်ပြန့်လာသည်ကို မြင်တွေ့ချိန်၌ သူတို့သည် စောင့်ကြည့်မနေရန် ဆုံးဖြတ်လိုက်သည်။သူတို့သည် လုယွီကို ဖိအားပေးကာ သူ၏စစ်ရေးအခွင့်အာဏာကို သိမ်းပိုက်လိုပေ၏။
အကယ်၍ လုယွီသည် အမိန့်ကို လိုက်နာခြင်းမရှိပါက ပုန်ကန်မှုကို ကျူးလွန်သကဲ့သို့ ဖြစ်သွားပေမည်။အကယ်၍ လုယွီ သဘောတူညီလိုက်ပါက သူ ပြင်းပြင်းထန်ထန်ကြိုးစား၍တည်ထောင်ခဲ့ရသော ပုန်းကွယ်နဂါးစစ်တပ်သည် တခြားတစ်ယောက်၏လက်အတွင်းသို့ ရောက်ရှိသွားပေမည်။
ရှယင်သည်လည်း အမတ်ကြီးတယောက်ပင်။သူ့ထံ၌ မြင့်မားသောအဆင့်အတန်းရှိသဖြင့် လုယွီ၏ယခုလက်ရှိအဆင့်အတန်းကို ကြောက်ရွံ့ခြင်းမရှိချေ။
ဤသည်မှာ လုယွီကို ချောင်ပိတ်ပြီး သူ့အား ရွေးချယ်မှုတစ်ခုပြုလုပ်ရန် ဖိအားပေးနေခြင်းပင်။
"ငါ မေးပါရစေ...ဒါက ဧကရာဇ်ရဲ့သဘောထားလား...ဒါမှမဟုတ် မင်းရဲ့သဘောထားလား"
လုယွီက မေးမြန်းသည်။
"ဒါက ဘာကွာခြားလို့လဲ...ငါ့ကို ကျားတံဆိပ်ပြား မြန်မြန်လွှဲပေးစမ်း...အပိုစကားတွေ ပြောမနေနဲ့"
ရှယင်သည် စိတ်မရှည်စပြုလာသဖြင့် ထပ်ခါတလဲလဲ အော်ငေါက်လိုက်သည်။
ဘန်း....
တပ်မှူးချောင်ပေါင်သည် ထပ်မံ၍သည်းမခံနိုင်တော့သဖြင့် ဒေါသတကြီးအော်ဟစ်လိုက်၏။
"သောက်ရေးမပါတဲ့ တော်ဝင်နန်းတွင်းက အရာရှိတွေ...ငါတို့ရဲ့အရှင်ကို ဒီလိုပုံစံမျိုးနဲ့ စကားပြောဝံ့တဲ့သတ္တိမျိုး မင်းတို့ကို ဘယ်သူက ပေးလိုက်တာလဲ"
ရှယင်သည် ဤနေရာသို့ ရောက်ရှိလာသော အချိန်မှစ၍ လုယွီကို မလေးမစားဆက်ဆံခဲ့သည်။လူအများစုသည် သူ့အား သင်ခန်းစာပေးလိုသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ဝှီး...
ချောင်ပေါင်က လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ လေပြင်းတစ်ရပ် ပျံ့လွင့်လာသည်။
သူသည် ရွှယ်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်သို့ ရောက်ရှိနေလေပြီ။
လုယွီ၏နောက်သို့ အစောဆုံးလိုက်ခဲ့သော စစ်ဗိုလ်ချုပ်များအနက်မှ တစ်ယောက်ဖြစ်သဖြင့် ချောင်ပေါင်သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်မှနေ၍ ယခုအဆင့်ထိ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
လေပြင်းများတိုက်ခတ်လာသည်ကို ခံစားမိသဖြင့် ရှယင်က အေးစက်စက်အပြုံးနှင့်ပြောဆိုသည်။
"ကြည့်ရတာတော့ မင်းတို့က အခေါင်းကို မမြင်ရမချင်း မျက်ရည်ကျမယ့်ပုံမရဘူး"
Chapter 4527
"လုယွီ...မင်းရဲ့လူတွေက အရမ်းရိုင်းပြတယ်...ငါ က မင်းရဲ့ကိုယ်စား သူတို့ကို သင်ကြားပေးမယ်"
ရှယင်သည် ထိတ်လန့်ကြောက်ရွံသွားခြင်းမရှိချေ။ထိုအစားသူသည် သူ၏လက်ကိုမြှောက်ပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။
ရှယင်၏နောက်တွင် ကြီးမားသော မီးချီလင်ဓမ္မပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်။ထိုမီးချီလင်၏မျက်လုံးများသည် လောင်ကျွမ်းနေသည့်အလား အလွန်တောက်ပသည်။ထိုအရာ၏ပါးစပ်မှနေ၍ မီးတောက်များ မှုတ်ထုတ်လိုက်ကာ လေဟာနယ်ကို လောင်ကျွမ်းသွားတော့မည့်အလားပင်။
ဤသည်မှာ ရှယင်၏လက်ဝါးရိုက်ချက်မှစွမ်းအားကြောင့် ဖြစ်တည်လာသော သဘာဝလွန်ပုံရိပ်ပင်။
တာယွီတော်ဝင်နန်းတွင်းတွင် တစ်စုံတစ်ယောက်သည် လုံလောက်သော ကျင့်ကြံဆင့်နယ်ပယ်စွမ်းအားမရှိဘဲ အတွေ့အကြုံသက်သက်ဖြင့် အရာရှိတစ်ယောက် ဖြစ်မလာနိုင်ချေ။ကျင့်ကြံဆင့်စွမ်းအား မြင့်မားသော အရာရှိများသာလျှင် လူထုကို ယုံကြည်လက်ခံအောင် ပြုလုပ်နိုင်ပေမည်။
ဥပမာအနေဖြင့် တစ်စုံတစ်ယောက်သည် နယ်မြေသခင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပါက တော်ဝင်အတွင်းဝင်ရုံးသို့ဝင်ရောက်ရန် အရည်အချင်းပြည့်မီသွားလေပြီ။
တော်ဝင်နန်းတွင်းဖြစ်စေ ဂိုဏ်းအင်အားစုများဖြစ်စေ ခွန်အားသည်သာ အရေးပါဆုံးအရာပင်။တစ်စုံတစ်ယောက်ထံတွင် လုံလောက်သောခွန်အားမရှိပါက မည်သည့်နေရာသို့ သွားသည်ဖြစ်စေ တန်ဖိုးထားခံရမည် မဟုတ်ချေ။
"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ အရှင့်ရဲ့ရှေ့မှာ ရိုင်းပြဝံ့တာလဲ...ငါက မင်းကို တန်ကြေးပြန်ပေးဆပ်ရအောင် လုပ်ပြမယ်"
ချောင်ပေါင်သည် လှုပ်ရှားမှုပြုလုပ်လိုက်သည်နှင့် သူ၏လက်သီးချက်မှစွမ်းအားသည် လေသူအတွင်း၌ ပြည့်နှက်သွားပေ၏။ဤသည်မှာ ကောင်းကင်ဘုံမိုးကြိုးတစ်စင်း ဆင်းသက်လာသည့်အလားပင်။
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ဤလက်သီးချက်တွင် သွေးချီစွမ်းအားများ ရောယှက်နေသဖြင့် လူအများ၏မျက်နှာအမူအယာများကို ပြောင်းလဲသွားစေသည်။
ဤလက်သီးချက်ကို ထိုးနှက်လိုက်သောအချိန်တွင် သရဲတစ္ဆေများနှင့်နတ်ဘုရားများ ထွက်ပြေးသွားကာ မိုးကောင်းကင်ယံကြီး အက်ကွဲသွားတော့မည့်အလားပင်။ဤသည်မှာ ရွှယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏စွမ်းအားကို အဆုံးစွန်ဆုံးအဆင့်ထိ ထုတ်ဖော်အသုံးပြုလိုက်ခြင်း ဖြစ်ပေ၏။
ပုန်းကွယ်နဂါးစစ်တပ်၏ တပ်မှူးတစ်ယောက်ဖြစ်သဖြင့် ချောင်ပေါင်ရရှိသော အရင်းအမြစ်ပမာဏသည် ကြောက်ခမမ်းလိလိပင်။ကျင့်ကြံခြင်းနည်းစနစ်များနှင့် ဆေးလုံးများအရဖြစ်စေ ကျင့်ကြံရန်လိုအပ်သော မြင့်မြတ်နယ်မြေများမှ ထောက်ပံ့မှုအရဖြစ်စေ သူသည် အကောင်းမွန်ဆုံးအရာများကို ရရှိထားသည်။
ချောင်ပေါင်၏ပါရမီအရည်အချင်းသည် ထူးချွန်သည်ဟု ယူဆ၍မရနိုင်ဘဲ အလယ်အလတ်အဆင့်ဟုသာ သတ်မှတ်နိုင်သည်။
သို့ရာတွင် သူ၏အရိုးအစစ်များကိုထိန်းညှိကာ သူ၏စိတ်ဝိညာဉ်ကို အသစ်တဖန်ပြန်လည်တည်ဆောက်ပြီးနောက် ချောင်ပေါင်သည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ပါရမီအရည်အချင်းကို ပြာသနိုင်ခဲ့သည်။သူ၏အရိုးအရင်းအမြစ်သည် သာမန်ကျင့်ကြံသူတစ်ယောက်မှနေ၍ ပါရမီရှင်တယောက်အဖြစ်သို့ ပြောင်းလဲသွားကာ ယခင်နှင့်မတူညီတော့ချေ။
ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုနှစ်ခု ပြင်းပြင်းထန်ထန်ထိတွေ့မိချိန်တွင် လေထုအတွင်း၌ တုန်ခါသံတစ်သံ ထွက်ပေါ်လာသည်။
"ကောင်းလိုက်တဲ့ ခွန်အား..."
တိုက်ခိုက်မှုခြင်း ဖလှယ်လိုက်သော အချိန်အခိုက်အတန့်တွင် ချောင်ပေါင်၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားပေ၏။
ရှယင်သည် အုပ်ချုပ်ရေးအရာရှိတစ်ယောက်အလား ဝတ်ဆင်ထားကာ သူ့ကိုကြည့်ရသည်မှာ အလွန်နူးညံ့သိမ်မွေ့ပြီး မိန်းမဆန်သည်။ထိုကြောင့် ရှယင်၏တိုက်ခိုက်မှုများသည် ဤမျှထိအလွန်အစွမ်းထက်နေမည်ဟု သူ မျှော်လင့်မထားမိချေ။ရှယင်၏ခန္ဓာကိုယ်အတွင်းတွင် အကန့်အသတ်မရှိသောစွမ်းအားများ ရှိနေပေ၏။
ခရက်....ခရက်...ခရက်...
ချောင်ပေါင်၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်ခြင်္သေ့သံချပ်ကာမှ အက်ကွဲသံများ ထွက်ပေါ်လာသည်။သံချပ်ကာ၏မျက်နှာပြင် အက်ကွဲသွားခဲ့ကာ ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော စွမ်းအားကို တောင့်မခံနိုင်သဖြင့် ကျိုးပဲ့ပျက်စီးသွားတော့သည်။
ဟိုင်း....
ချောင်ပေါင်က ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။သူသည် ရှယင်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန် ထပ်မံ၍မကြိုးစားတော့ချေ။ထိုအစား သူသည် နံဘေးတဖက်သို့ရှောင်တိမ်းကာ ရှယင်၏ဟာကွက်ကို ရှာဖွေလိုက်သည်။
သူ၏ခန္ဓာကိုယ်ပေါ်တွင် သူ၏မှော်စွမ်းအားများမှတဆင့် ခရမ်းရောင်ကျားသစ်တစ်ကောင် ပေါက်ဖွားလာသည်။ထိုအရာ၏အရှိန်သည် လျှပ်ပြက်သကဲ့သို့ လျှင်မြန်ပြီး လေတိုက်ခတ်သကဲ့သို့ ရွေ့လျားနေပေ၏။
ခရမ်းရောင်ကျားသစ်သည် သုံးမီတာခန့်ရှည်လျားကာ သူ့၏သားမွှေးများတွင် အစက်အပြောက်များဖြင့် ပြည့်နှက်နေပြီး သူ့၏နဖူးမှ လျှပ်စီးကြောင်းများ ဖြာထွက်နေသည်။ထိုသားရဲပုံရိပ်ယောင်ထံမှနေ၍ တဖျစ်ဖျစ်တဖျောက်ဖျောက်အသံများ ထွက်ပေါ်နေသည်ကို ကြားနေရသည်။
ဤသည်မှာ ရှေးဟောင်းနတ်ဆိုးသားရဲတစ်ကောင်ဖြစ်သော ခရမ်းအရိပ်နဂါးကျားသစ်ပင်။
နဂါးမြင်းနှင့်တူညီစွာ ဤခရမ်းအရိပ်နဂါးကျားသစ်၏ခန္ဓာကိုယ်အတွင်း၌ အစစ်အမှန်နဂါးတစ်ကောင်၏သွေးမျိုးဆက် ရှိနေသည်။
သူတို့သည် အလွန်အမင်းရက်စက်ကြမ်းကြုတ်ရုံသာမက သာလွန်ထူးကဲသောခွန်အားနှင့် မြန်ဆန်သော ရွေ့လျားမှုကို ပိုင်ဆိုင်ထားသည်။သူတို့သည် မကြာခဏ အုပ်စုလိုက်ထွက်ပေါ်လာလေ့ရှိကာ တခြားနတ်ဆိုးသားရဲများကို အမဲလိုက်ကြသည်။ရှေးဟောင်းဆင်ကြီးများပင်လျှင် သူတို့ကို ရင်ဆိုင်တွေ့ရချိန်၌ ရှောင်တိမ်းသွားကြသည်။
ချောင်ပေါင်၏ကျင့်ကြံနည်းစနစ်သည် မိုးကြိုးဝေလအမတ်ကြီးရှားဟိုလီနှင့် အနည်းငယ်တူညီပေ၏။သူတို့နှစ်ယောက်လုံးသည် ရှေးဟောင်းနတ်ဆိုးသားရဲများထံမှ အစစ်အမှန်သွေးစက်ကို ရရှိထားကာ သူတို့၏ခန္ဓာကိုယ်များအတွင်း၌ ထိုအရာကို သန့်စင်ခဲ့ကြသည်။ထို့ကြောင့် သူတို့သည် ထိုရှေးဟောင်းနတ်ဆိုးသားရဲများ၏စွမ်းရည်များကို ရရှိထားသည်။
လေထုအတွင်း၌ရှိနေသော ခရမ်းအရိပ်နဂါးကျားသစ်သည် ချက်ချင်းဆိုသလိုပင် ချောင်ပေါင်နှင့် ပေါင်းစပ်သွားပေ၏။
ချောင်ပေါင်၏လှုပ်ရှားမှုများသည် ရုတ်ချင်းဆိုသလိုပင် ခန့်မှန်းရခက်လာကာ လျှပ်ပြက်သကဲ့သို့လျှင်မြန်ပြီး လေထုအတွင်း၌ နောက်ချန်ပုံရိပ်များကိုသာ ချန်ထားခဲ့သည်။
"ဒီလောက်ပဲလား...လဲကျသွားစမ်း..."
ရှယင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ထို့နောက် သူ၏လက်အတွင်း၌ စကြာဝဠာတစ်ခုလုံးကို ဆုပ်ကိုင်ထားသည့်အလား လေဟာနယ်အတွင်းရှိ မှော်စွမ်းအားများကို ဖမ်းဆုပ်လိုက်၏။
လေဟာနယ်သည် ပုံပျက်သွားကာ တဖောက်ဖောက်အသံများ ထွက်ပေါ်လာသည်။ထို့နောက် ပုံပျက်သွားသော လေဟာနယ်သည် ချက်ချင်းဆိုသလိုပင် ချောင်ပေါင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
Chapter 4528
ရှယင်တိုက်ခိုက်သည်နှင့် သာလွန်ထူးကဲသောစွမ်းအားကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။
သူသည် နယ်မြေသခင်တစ်ယောက်ပင်။
ယခုအချိန်၌ ပုန်းကွယ်နဂါးစစ်တပ်အတွင်းတွင် ပါရမီအရည်အချင်းရှိသူ အမြောက်အများရှိသော်လည်း တပ်ရင်းငါးဆယ့်ရှစ်ရင်း၏တပ်ရင်းမှူးများအားလုံးသည် နယ်မြေသခင်များ မဟုတ်ချေ။
ကျင့်ကြံသူတစ်ယောက်သည် နယ်မြေသခင်နယ်ပယ်သို့ ခြေချနိုင်ပါက ကောင်းကင်ဘုံနယ်မြေ၏အထွတ်အထိပ်၌ ရပ်တည်နိုင်လေပြီ။အုပ်ချုပ်ရေးရုံးတော်မှ စီမံအုပ်ချုပ်နေသော ကြယ်နယ်မြေအများစုပေါ်၌ပင် နယ်မြေသခင်အဆင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို မြင်တွေ့ရသည်မှာ အလွန်ရှားပါးသည်။
ရွှယ်အင်မော်တယ်နယ်ပယ်မှနေ၍ နယ်မြေသခင်နယ်ပယ်သို့ တက်လှမ်းခြင်းသည် အလွန်အမင်းခက်ခဲပေ၏။မည်မျှထိများပြားသော ကျင့်ကြံသူများသည် ဤကျင့်ကြံဆင့်နယ်ပယ်၌ လှောင်ပိတ်မိနေသည်ကို မည်သူမျှ မသိနိုင်ချေ။
ဤသည်မှာ ပြင်ပအကူအညီများကို မှီခိုအားထား၍ အောင်မြင်ပြီးမြောက်နိုင်သော တစ်စုံတစ်ခု မဟုတ်ချေ။အကယ်၍ တစ်စုံတစ်ယောက်သည် နယ်မြေသခင်နယ်ပယ်သို့ တက်လှမ်းလိုပါက သူ့ထံတွင် မဟာတာအိုအပေါ် နားလည်သဘောပေါက်မှုနှင့် ကျင့်ကြံဆင့်နယ်ပယ်အပေါ် လေ့လာဆင်ခြင်နိုင်မှုတို့ကို ပိုင်ဆိုင်ထားရန် လိုအပ်သည်။
နယ်မြေသခင်တစ်ယောက်နှင့် ရင်ဆိုင်ရသော ရွှယ်အင်မော်တယ်တစ်ယောက်၏ရလဒ်သည် သိသာထင်ရှားပေ၏။
ချောင်ပေါင်သည် ရှယင်၏တိုက်ခိုက်မှုအတွင်းမှဟာကွက်ကို ရှာဖွေနိုင်ခဲ့သော်လည်း အဆုံးသတ်၌ သူသည် ကျင့်ကြံဆင့်စွမ်းအားအရ ရှုံးနိမ့်သွားခဲ့သည်။
ဘန်း...
ရှယင်သည် ချောင်ပေါင်၏လှုပ်ရှားမှုကို လက်ဝါးတစ်ချက်ဖြင့် ချိုးဖျက်လိုက်သော်လည်း စိတ်ကျေနပ်ခြင်း မရှိသေးချေ။သူသည် သူ၏လက်ဝါးကို လက်သည်းအသွင်ပြောင်းလဲပြီး ချောင်ပေါင်၏ပခုံးကို ဖမ်းဆုပ်လိုက်သည်။
ခရက်....
ချောင်ပေါင်၏ခန္ဓာကိုယ်မှနေ၍ အက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။
သူ၏နဖူးမှနေ၍ ချွေးသီးချွေးပေါက်များ ကျဆင်းလာကာ သူ၏မျက်နှာအမူအယာ ရှုံမဲ့သွားသည်။သူသည် အလွန်ကြီးမားသောနာကျင်မှုကို ခံစားနေရသည်မှာ သိသာထင်ရှားလှ၏။
"ဟမ့်....ငါ မျှော်လင့်ထားသလိုပဲ....ပုန်းကွယ်နဂါးစစ်တပ်ရဲ့လူတွေက တော်ဝင်နန်းတွင်းရဲ့စည်းမျဉ်းတွေကို နားမလည်တဲ့ လူရိုင်းတစ်သိုက်ပဲ...ငါက ဒီနေရာဆီ တော်ဝင်အမိန့်တော်ကို ယူဆောင်လာခဲ့မှတော့ ငါက ဧကရာဇ်ကို ကိုယ်စားပြုတယ်...မင်းလိုစစ်ဗိုလ်ချုပ်တစ်ယောက်က ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို တိုက်ခိုက်ရဲတာလဲ...မင်းက သေလမ်းရှာနေတာလား"
ရှယင်၏မျက်နှာပေါ်၌ အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်နေကာ သူက ရန်စသောအကြည့်ဖြင့် လုယွီကို စူးစိုက်၍ကြည့်လိုက်သည်။တစ်ချိန်တည်းမှာပင် သူ၏လက်ကို ရပ်တန့်ခြင်းမရှိဘဲ ခွန်အားပို၍စိုက်ထုတ်လိုက်သည်။
"ရပ်လိုက်စမ်း...."
တခြားတပ်မှူးများသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ ဒေါသတကြီးအော်ဟစ်လိုက်သည်။
ရှယင်၏အပြုအမူကိုကြည့်ခြင်းအားဖြင့်သူသည် ချောင်ပေါင်ကို သင်ခန်းစာတစ်ခုပေးခြင်းလောက် ရိုးရှင်းခြင်း မရှိသည်မှာ သိသာထင်ရှားသည်။သူသည် ချောင်ပေါင်ကို မသန်မစွမ်းဖြစ်အောင် ပြုလုပ်လိုခြင်းပင်။
လုယွီ၏နံဘေး၌ တပ်မှူးဆယ်ယောက်ကျော်ရှိနေကာ သူတို့အကြားတွင် နယ်မြေသခင်များ ရှားပါးခြင်းမရှိချေ။
အပိုစကားများပြောဆိုနေရန် မလိုအပ်ချေ။ရန်သူသည် သူတို့၏ရှေ့သို့ ရောက်ရှိနေလေပြီ။ လေဟာနယ်အတွင်း၌ ပြင်းထန်သောအရှိန်အဝါတစ်ရပ်နှင့် အတူယှဉ်တွဲ၍ စိတ်ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်သွားသည်။တုန်ခါသံများ ထွက်ပေါ်လာကာ ထောင်နှင့်ချီသော မှော်မန္တန်များသည် မိုးရေစက်များအလား ကျရောက်လာပြီး မိုးနှင့်မြေကို လွှမ်းခြုံသွားတော့သည်။
ကြီးမားသော ဓမ္မပုံရိပ်ယောင်ကြီးတချို့ ရုတ်တရက် ဆင်းသက်လာပေ၏။ဤအရာများတွင် စစ်နတ်ဘုရား ရက်စက်ကြမ်းကြုတ်သော မှော်သားရဲများနှင့် မှော်လက်နက်များ၏ ပုံရိပ်ယောင်များ ပါဝင်သည်။ထိုဓမ္မပုံရိပ်ယောင်တစ်ခုစီတိုင်းတွင် ကိုယ်ပိုင်အားသာချက်များရှိပြီး အလွန်အမင်းအစွမ်းထက်သည်။ပြင်းထန်သောအရှိန်အဝါတစ်ရပ် ပျံ့လွင့်လာပြီးနောက် ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် ရေမျက်နှာပြင်ပေါ်သို့ ကျောက်စရစ်ခဲတစ်လုံး ချလိုက်သည့်အလား လှိုင်းဂယက်များ ထသွားလေ၏။
ရှယင်၏နံဘေးရှိ နဂါးအစောင့်များ ထိတ်လန့်တုန်လှုပ်သွားသည်။သူတို့သည် သူတို့၏မှော်ရတနာများကို ချက်ချင်းဆွဲထုတ်ကာ မှော်မန္တန်များကို ရွတ်ဆိုလိုက်ကြသည်။သူတို့သည် မှော်ရတနာများ၏စွမ်းအားကို အကန့်အသတ်အဆင့်ထိရောက်အောင် တွန်းတင်ပြီး သူတို့ရှေ့ရှိ မှော်မန္တန်များ၏တိုက်ခိုက်မှုများကို ပိတ်ဆို့ဟန့်တားလိုက်၏။
ဝေါင်း....
ကျယ်လောင်သော နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာကာ မိုးကောင်းကင်ယံအတွင်းမှ အောက်သို့ကျရောက်လာသည်။
ချင်ယုသည် အလင်းသံချပ်ကာကို ဝတ်ဆင်ထားကာ သူမ၏ကျစ်ဆံမြှီးသည် လေထုအတွင်း၌ လူးလွန့်နေသည်။သူမကိုကြည့်ရသည်မှာ အေးစက်ပြီး သူရဲကောင်းဆန်ကာ သူမ၏မျက်ခုံးတစ်စုံသည် ဓားများကဲ့သို့ ထက်ရှပေ၏။သူမ၏တိမ်ဖိနပ်တစ်စုံကို မိုးကြိုးနဂါးတစ်ကောင်ပေါ်သို့ ခြေချထားကာ ထိုအရာထံမှနေ၍ လျှပ်စီးမိုးကြိုးအလင်းတန်းများ ဖြာထွက်နေသည်။သူမကိုကြည့်ရသည်မှာ ချောမောလှပသော စစ်နတ်ဘုရားမတစ်ပါးအလားပင်။
ချင်ယုသည် မိုးကောင်းကင်ယံမှ ဆင်းသက်လာပေ၏။သူမသည် တင့်တယ်လှပသော ကိုယ်နေဟန်ထားဖြင့် လေထုအတွင်း၌ မတ်တတ်ရပ်နေသည်။သူမ၏ခြေထောက်အောက်ရှိ မိုးကြိုးနဂါးမှ အလွန်ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာကာ အောက်သို့တရကြမ်းထိုးဆင်းသွားသည်။
ဤသည်မှာ အကြွင်းမဲ့ သေခြင်းနယ်မြေပင်။
နယ်မြေသခင်တစ်ယောက်ပင်လျှင် ပုန်းကွယ်နဂါးစစ်တပ်၏တပ်မှူးများမှ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရပါက သေဆုံးသွားနိုင်ချေများသည်။
"လုယွီ မင်းက ထိပ်သီးကျင့်ကြံသူတွေ အများကြီးကို စုဆောင်းထားတယ်...တော်ဝင်နန်းတွင်းမှာတောင် ဒီလောက်ထိများတဲ့ ထိပ်သီးကျင့်ကြံသူတွေ မရှိဘူး...မင်းက သူတို့အားလုံးကို မင်းရဲ့လက်အောက်မှာ တကယ်ကြီး ခေါ်ထားတာလား...ကြည့်ရတာတော့ မင်းမှာ ရည်ရွယ်ချက်တွေ ရှိနေတဲ့ပုံပဲ...ချီဘုရင်က ရှေ့မှာ သာဓကပြသွားပြီ...အခု မင်းကလည်း အဲ့ဒီလမ်းစဉ်အတိုင်း လုပ်နေတယ်...မင်းမှာ မရိုးဖြောင့်တဲ့လှုပ်ရှားမှုတွေ ရှိနေပြီးတော့ တော်ဝန်နန်းတွင်းရဲ့အမိန့်တော်ကို မလိုက်နာဘူး...ဒီနေ့ မင်း ဆန္ဒမရှိဘူးဆိုရင်တောင် စစ်ရေးအခွင့်အာဏာကို လွှဲပြောင်းပေးရမယ်"
ရှယင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။သူသည် မရေမတွက်နိုင်သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ၏ တိုက်ခိုက်ခြင်းကို ခံနေရသည့်တိုင် သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားခြင်းမရှိချေ။
Chapter 4529
အစွမ်းထက်သော တော်ဝင်အရှိန်အဝါတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
တော်ဝန်နန်းတွင်းသည် ဤတစ်ကြိမ်တွင် အမှန်တကယ်ဒေါသထွက်သွားသဖြင့် လုယွီထံမှ စစ်ရေးအခွင့်အာဏာများအားလုံးကို ဖယ်ရှားလိုခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။
ရှယင်၏လက်ထောက်များနှင့် နဂါးအစောင့်များဖြစ်စေ ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်များဖြစ်စေ တော်ဝင်အရှိန်အဝါ၏အောက်တွင် မြေပြင်ပေါ်၌ ဝပ်တွားနေရကာ လှုပ်ရှားနိုင်စွမ်းမရှိတော့ချေ။
ရှယင်၏လက်အတွင်း၌ ဓားတစ်လက်ရှိနေသည်။ဤသည်မှာ ရှန့်ဖန်းဓားပင်။
ဤရှန့်ဖန်းဓားသည် ယခုလတ်တလောမှနန်းတက်လာသော ကျိုးယွမ်ယန် သန့်စင်နိုင်သည့် အရာတစ်ခုမဟုတ်ချေ။
တော်ဝင်နန်းတော်၏နက်ရှိုင်းသောနေရာတွင် ဧကရာဇ်၏သီးသန့်ရတနာများကို သိမ်းဆည်းထားသော 'အတွင်းဘဏ္ဍာတိုက်'ရှိသည်။ဤနေရာကို တော်ဝင်နန်းတော်အတွင်းရှိအစွမ်းထက်ဆုံး ထိပ်သီးကျင့်ကြံသူများမှ ရေပက်မဝင်အောင် စောင့်ကြပ်နေကာ အတွင်းဘဏ္ဍာတိုက်အတွင်း၌ ရှန့်ဖန်းဓားကို သိမ်းဆည်းထားသည်။
ဤဓား၏စွမ်းအားကို ကြည့်ခြင်းအားဖြင့် ကောင်းကင်ဘုံဧကရာဇ် ကျိုးထျန်းရင်၏လက်ထက်၌ သန့်စင်ထားခြင်းဖြစ်ပေမည်။ဤဓားပေါ်တွင် သွားလေသူဧကရာဇ်များ၏ အကြွင်းအကျန်စိတ်ဝိညာဥ်များမှစွမ်းအားများ ရောယှက်နေသည်။အကယ်၍ ဧကရာဇ်ကိုယ်တိုင် ဤနေရာသို့ ရောက်ရှိလာပါက ထိုဓား၏စွမ်းအားသည် ပို၍သာလွန်ထူးကဲသွားပေမည်။
ဤဓားသည် ပတ်ဝန်းကျင်ရှိ အန္တရာယ်များအားလုံးကို ဖယ်ရှားရန် ဖြစ်ပုံရသော်လည်း အမှန်အားဖြင့် ဓားသွားသည် လုယွီကို ချိန်ရွယ်ထားလေ၏။
ထက်ရှသောဓားစိတ်ဆန္ဒဖြင့် လုယွီကိုသတ်ဖြတ်ရန် ကြံရွယ်နေသည်မှာ အတိအကျပင်။
"ငါက တော်ဝင်သံတမန်တစ်ယောက်ပဲ...ဧကရာဇ်ရဲ့အမိန့်အရ ငါက မင်းရဲ့စစ်ရေးအခွင့်အာဏာကို လွှဲပြောင်းပေးဖို့ တောင်းဆိုနေတာ...ဒီနေ့ မင်း ဆန္ဒရှိရှိမရှိရှိ ဒီအမိန့်တော်ကို နာခံရမယ်"
ရှန့်ဖန်းဓား၏ကောင်းချီပေးမှုအောက်တွင် ရှယင်က လုယွီထံသို့ ခြေလှမ်းတစ်လမ်းခြင်း လျှောက်လှမ်းလာသည်။
သူ ခြေတစ်လှမ်းလှမ်းလိုက်သည့်အချိန်တိုင်း ဓားမှနေ၍ ထက်ရှသောအသံတစ်သံ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်း၌ ပဲ့တင်ထပ်သွားပေ၏။
ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာ သစ်ရွက်များ ကြွေကျလာကာ လေထုအတွင်းမှာပင် နှစ်ပိုင်းပြတ်သွားသည်။
ဤဓားစိတ်ဆန္ဒ၏အောက်တွင် ရှယင်ကိုကြည့်ရသည်မှာ အစစ်အမှန်ဧကရာဇ်တစ်ပါးအလားပင်။သူသည် လောကကြီးတခွင်လုံးကို အနိုင်ယူနိုင်ပြီး မည်သူကမျှ သူ့အား တားဆီးဟန့်တားနိုင်ခြင်း မရှိတော့သည့်ပုံပင်။
လူများအားလုံး၏ခန္ဓာကိုယ်များ တုန်ရီနေသည်။တပ်မှူးများသည် မတ်တတ်ထရပ်ကာ လုယွီ၏ရှေ့၌ ကာကွယ်ဟန့်တားလိုသော်လည်း ကြီးမားကျယ်ပြန့်ပြီး ကြီးကျယ်ခမ်းနားသောတော်ဝင်အရှိန်အဝါသည် သူတို့၏နံဘေးပတ်လည်၌ ရစ်သိုင်းလွှမ်းခြုံနေပေ၏။ထိုအရှိန်အဝါသည် သူတို့၏ခေါင်းများထက်သို့ လေးလံသောတောင်တစ်လုံး ဖိစီးထားသည်နှင့်တူညီနေကာ သူတို့အား မလှုပ်ရှားနိုင်ဖြစ်စေသည်။
"အရှင်..."
စစ်ဗိုလ်ချုပ်များအားလုံး လုယွီကိုကြည့်ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ဒူးထောက်နေကြသော်လည်း လုယွီသည် နေရာ၌ မလုပ်မယှက်မတ်တတ်ရပ်နေဆဲပင်။
သူ၏ခန္ဓာကိုယ်မှနေ၍ သွေးချီစွမ်းအားများ မြင့်တက်လာသည်။ဤသည်မှာ သိုင်းပညာအင်မော်တယ်တစ်ယောက်၏စွမ်းအားမှ သရုပ်သကန်ထင်ဟပ်လာမှုပင်။
လုယွီသည် သိုင်းပညာအင်မော်တယ်တစ်ယောက်ဖြစ်သည့်အပြင် ရွှယ်အင်မော်တယ်တစ်ယောက်လည်း ဖြစ်နေသည်။ထို့ကြောင့် သူ၏အရှိန်အဝါသည် သေမျိုးလောကအတွင်းရှိ တော်ဝင်အရှိန်အဝါများအားလုံးထက် သာလွန်ပေ၏။သူသည် ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းကိုလည်း ဆင့်ခေါ်နိုင်ကာ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်သည်။အကယ်၍ သူသည် ရှေးဟောင်းလူသားဧကရာဇ်ဖြင့် ထပ်မံ၍ဆုံတွေ့ရလျှင်ပင် မိတ်ဆွေတယောက်ကဲ့သို့ ဆက်ဆံနိုင်ပေမည်။
ထို့ပြင် လုယွီသည် ချင်အင်ပါယာ၏ဧကရာဇ်ပင်။
ရှယင်သည် ယခုလက်ရှိ အင်ပါယာကို ကိုယ်စားပြုနေကာ လုယွီသည် အတိတ်ရှိအင်ပါယာကို ကိုယ်စားပြုသည်။
ဧကရာဇ်နှစ်ပါး၏အရှိန်အဝါများ ရင်ဆိုင်တွေ့ချိန်တွင် လုယွီသည် အရေးနိမ့်သောအခြေအနေသို့ ကျရောက်သွားခြင်းမရှိချေ။
"ဧကရာဇ်ဘွဲ့ထူးက ဒီလိုမျိုး ရယူနိုင်တဲ့ အရာမျိုးမဟုတ်ဘူး....ကျိုးယွမ်ယန်ကဧကရာဇ်တစ်ပါး မဟုတ်ဘူး"
လုယွီ၏အသံသည် ကျယ်လောင်ပြီးကြည်လင်ပြတ်သားကာ လူများအားလုံး၏စိတ်နှလုံးသားများအတွင်းသို့ ဝင်ရောက်သွားသည်။
"ဒီလောကကြီးထဲမှာ သင့်လျော်တဲ့နေရာမှာ ရှိနေဖို့ထက် ပိုပြီးအရေးကြီးတဲ့ကိစ္စ မရှိဘူး....တကယ်လို့ သူက ဧကရာဇ်တစ်ပါး ဖြစ်ချင်တယ်ဆိုရင် မိုးနဲ့မြေရဲ့အသိအမှတ်ပြုမှုနဲ့ ဂိုဏ်းအင်အားစုတွေရဲ့ထောက်ခံမှုကို လိုအပ်တယ်...သူက ကွယ်လွန်သွားတဲ့ဘိုးဘေးတွေကို ပူဇော်ပြီးတော့ တော်ဝင်နန်းတွင်းရဲ့ အရာရှိတွေအားလုံး အရိုအသေပြုတာကို စောင့်ဆိုင်းပြီးမှ ထီးနန်းကိုဆက်ခံရမယ်...အဲ့ဒီလိုလုပ်မှသာ သူ့ရဲ့ထီးနန်းဆက်ခံမှုကို လောကကြီးတခွင်လုံးသိအောင် ထုတ်ပြန်ကြော်ညာနိုင်လိမ့်မယ်...ရှန်လင်းလုံက သစ္စာမဲ့ပြီးတော့ ဆိုးရွားတဲ့ လူတစ်ယောက်ပဲ...ရှန်လင်းလုံ ကျရှုံးရမှာက အနှေးနဲ့အမြန်ပဲ...ဒါပေမယ့် ကျိုးယွမ်ယန်က သင့်တော်တဲ့အပြုအမူတွေကို မလုပ်ခဲ့ဘူး..ဧကရာဇ်တစ်ပါး လုပ်မယ့်လူက တော်ဝင်နန်းတော်ထဲမှာ ထီးနန်းဆက်ခံတာကို တိတ်တဆိတ် ပြုလုပ်ခဲ့တယ်...သူက ဘာကိုအသုံးပြုပြီးတော့ တခြားလူတွေကို အမိန့်ပေးချင်တာလဲ"
လုယွီ၏စကားလုံးများသည် မိုးကြိုးပစ်ခတ်လိုက်သည့်အလား ရှယင်၏စိတ်နှလုံးသားအတွင်းသို့ ပြင်းပြင်းထန်ထန် ထွင်းဖောက်ဝင်ရောက်သွားပေ၏။
ကျိုးယွမ်ယန်သည် အလွန်စိတ်လောကြီးစွာ လုပ်ဆောင်ခဲ့သည်။
ရှန်လင်းလုံသည် လူသားဧကရာဇ်ကို ဆုံးရှုံးသွားခဲ့သော်လည်း တာယွီအင်ပါယာကို နှစ်ပေါင်းများစွာကြာအောင် စီမံအုပ်ချုပ်ခဲ့သူဖြစ်သဖြင့် သူမအားထောက်ခံသော အရာရှိအမြောက်အများ ရှိနေသည်။
ထို့ပြင် တော်ဝင်မြို့တော်၏ပြင်ပ၌ ထန်စစ်တပ်မှ တိုက်ခိုက်နေဆဲပင်။ကျိုးယွမ်ယန်သည် နောင်အနာဂတ်၌ အပြောင်းအလဲများ ဖြစ်လာမည်ကို အလွန်စိုးရိမ်ပူပန်နေခဲ့သည်။
ဤကိစ္စများအတွက်ကြောင့် သူသည် ဧကရာဇ်တစ်ပါးဖြစ်လာရန် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအားလုံးကို ကျော်လွှားခဲ့သည်။ သူသည် မည်သည်တစ်ဦးတစ်ယောက်ကိုမျှ သတိပေးခြင်းမရှိဘဲ ဧကရာဇ်တစ်ပါးအဖြစ် ခံယူခဲ့လေ၏။
ထို့ထက်ပို၍အရေးကြီးသောကိစ္စမှာ ဧကရာဇ်တစ်ပါး၏နာမည်ဂုဏ်သတင်းပင်။
ရှေးဟောင်းအလယ်ခေတ်အတွင်း၌ ရှေ့ရေးအလားအလာကို ကြိုမြင်သော ကျင့်ကြံသူအများစုသည် အကြောင်းပြချက်မျိုးစုံကို ရှာဖွေကာ ဧကရာဇ်တစ်ပါးဖြစ်လာရန် အစီအစဉ်များကို ရေးဆွဲကြသည်။
အကယ်၍ တစ်စုံတစ်ယောက်၏နာမည်သည် ဖြောင့်မတ်မှန်ကန်ခြင်းမရှိပါက သူ၏နှုတ်ထွက်စကားများသည် ချောမွေ့နေမည်မဟုတ်ချေ။အကယ်၍ ထိုလူသည် ဧကရာဇ်တစ်ပါးဖြစ်လာလျှင်ပင် သူ၏နာမည်ဂုဏ်သတင်း အလွန်အမင်းကျဆင်းသွားပေမည်။
Chapter 4530
မည်သည့်သတင်းအချက်အလက်မျှ မရှိသော်လည်း လုယွီသည် ဤပြဿနာ၏အရင်းအမြစ်ကို တွေးတောကြည့်ရုံဖြင့် ပြောနိုင်သည်။
ရှယင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။လုယွီ၏စကားလုံးများသည် တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ကျိုးယွမ်ယန်၏အားနည်းချက်ကို တိုက်ရိုက်ထိမှန်သွားသည်။ယခုအချိန်တွင် ကျိုးယွမ်ယန်ထံ၌ ကင်းမဲ့နေသောအရာမှာ နာမည်ဂုဏ်သတင်းပင်။သတင်းပေးအဖွဲ့ဖြစ်သော ကောင်းကင်ကွန်ယက်ပင်လျှင် ကျိုးယွမ်ယန် ထီးနန်းဆက်ခံသည့်အကြောင်းကို မသိရှိရာ တခြားသူများသည် ဆိုဖွယ်ရာပင်မရှိချေ။
"ရိုင်းပျလိုက်တာ....မင်းက ရှန့်ဖန်းဓားကိုမြင်ပြီတာတောင် ဒီလောက်ထိများတဲ့ ပေါက်ကရစကားတွေကို ပြောနေတယ်...မင်း သေလမ်းရှာနေတာလား"
ရှယင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဤအချိန်အခိုက်အတန့်၌ သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေသဖြင့် မည်သည့်အပိုစကားမျှပြောဆိုရန် မလိုအပ်တော့ချေ။
ဘုန်း....
ရှယင်က ရှန်ဖန်းဓားကို ဝှေ့ယမ်းလိုက်ရာ ပေတစ်သောင်းခန့်ရှည်လျားသော ရွှေရောင်အလင်းတန်းကြီးတစ်တန်းက လုယွီထံဦးတည်၍ တိုးဝင်သွားသည်။
တာယွီအင်ပါယာ၏ ယခင်ဧကရာဇ်များမှ ကြီးကျယ်ခမ်းနားသောအရှိန်အဝါသည် လေဟာနယ်အတွင်း၌ ပျံ့နှံ့သွားပေ၏။ဤသည်မှာ ထိုဧကရာဇ်များသည် သေရာမှပြန်ရှင်လာကာ လောကကြီးကို တဖန်ပြန်၍ ထိန်းချုပ်နေသည့်အလားပင်။
ဤအချိန်အခိုက်အတန့်တွင် အရပ်မျက်နှာအဘက်ဘက်ရှိ လေဟာနယ်သည် ပြင်းပြင်းထန်ထန်တုန်ခါစပြုလာကာ မိုးကောင်းကင်တာအို ဥပဒေသများသည်လည်း တုန်ရီသွားပြီး အချိန်မရွေး စုတ်ပြဲသွားတော့မည့်အလားပင်။
ချီတော်ဝင်နန်းတော်၏ပြင်ပမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။
အတင့်ရဲသော ကျင့်ကြံသူတချို့သည် နတ်ဘုရားစိတ်အာရုံများကို အသုံးပြု၍ ဤနေရာအား စောင့်ကြည့်နေကြသည်။သို့ရာတွင် ရှန့်ဖန်းဓား၏ထက်ရှမှုသည် အလွန်ကြီးမားကာ သူတို့၏နတ်ဘုရားစိတ်အာရုံများကို ဆုတ်ဖြဲလိုက်သဖြင့် လူအမြောက်အများကို ဒဏ်ရာရရှိသွားစေသည်။
"ဆိုးရွားတဲ့နာမည်ကုန်သတင်းကို ပိုင်ဆိုင်ထားတဲ့ ဧကရာဇ်တပါးက လူတွေကို လွှတ်ပြီးတော့ ငါ့ကို သင်ခန်းစာပေးချင်တာလား....ဒီနေ့ ကျိုးယွမ်ယန်ကို သူ့ရဲ့အဆင့်ကျော်လာမှုအတွက် ငါက သင်ကြားပေးရလိမ့်မယ်"
လုယွီက လက်သီးတစ်ချက်ထိုးနှက်လိုက်ကာ ဧကရာဇ်အရှိန်အဝါကို ကြောက်လန့်ခြင်းမရှိချေ။
သိုင်းပညာအင်မော်တယ်များသည် လောကကြီးအတွင်းရှိ မည်သည့်သက်ရှိကိုမျှ ထိတ်လန့်ကြောက်ရွံခြင်း မရှိချေ။သူတို့သည် သူတို့၏စိတ်နှလုံးသားများအတွင်းမှ ထိတ်လန့်ကြောက်ရွံ့စိတ်များကို ဖယ်ရှားပြီးဖြစ်သည်။သူတို့၏ရုပ်ခန္ဓာကိုယ်ကြောင့် သူတို့၏စိတ်နှလုံးသားအတွင်းတွင်ရှိနေသော စိတ်ဆန္ဒများသည် အတားအဆီးဟူသရွေ့ကို ပျက်စီးစေနိုင်စွမ်းရှိပေ၏။
ဤသည်ကြောင့် ရှေးဟောင်းတိုက်ပွဲစစ်မြေပြင်တွင် သိုင်းပညာအင်မော်တယ်မုန့်ရီသည် ရှေးဟောင်းမဟာနတ်ဆိုးဘိုးဘေးကို ရင်ဆိုင်တိုက်ခိုက်ဝံ့ခြင်းပင်။
အစွမ်းထက်သော လက်သီးအားလှိုင်းတစ်ရပ်သည် ထောပတ်ကိုဖြတ်တောက်သွားသော ဓားပူတစ်လက်အလား ပွင့်အံ့ထွက်လာကာ အရာရာတိုင်းကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ခြေမွှဖျက်ဆီးတော့မည့်အလားပင်။
ဝုန်း...ဝုန်း...ဝုန်း....
ပြင်းထန်သောတုန်ခါသံများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။အားနည်းသောအစေခံများနှင့် နဂါးအစောင့်တချို့၏ပါးစပ်မှ သွေးများအန်ထွက်လာကာ သတိလစ်မေ့မြောသွားတော့သည်။
မိုးကောင်းကင်ယံအတွင်း၌ ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေကာ တစ်စုံတစ်ယောက်သည် သာမန်မျက်လုံးဖြင့်ပင် နေရာအနှံ့အပြား၌ လေဟာနယ်ပုံပျက်နေသည်ကို တွေ့မြင်နိုင်ပေမည်။
တချိန်တည်းမှာပင် ရှန်ဖန်းဓားမှနေ၍ ပြင်းထန်သောဓားစိတ်ဆန္ဒတစ်ရပ် ထွက်ပေါ်လာသည်။တာယွီအင်ပါယာမှ ဧကရာဇ်များ၏ပုံရိပ်ယောင်များလည်း ထွက်ပေါ်လာကာ လုယွီ၏လက်သီးစွမ်းအားနှင့် ဖီလာဆန့်ကျင်ရိုက်ခတ်မိပေ၏။
အား....
ရှယင်ထံမှနေ၍ ရုတ်တရက် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာကာ သူ့၏ပါးစပ်မှ သွေးများယိုစီးကျလာသည်။သူသည် ဒဏ်ရာအပြင်းအထန် ရရှိသွားလေပြီ။
သူ့ထံတွင် ရှန်ဖန်းဓား၏ကာကွယ်ပေးမှုရှိသော်လည်း လုယွီ၏လက်သီးစိတ်ဆန္ဒသည် အလွန်ကြီးမားပေ၏။မှော်ရတနာတစ်ခု၏အကာအကွယ် ရှိနေသည့်တိုင် သူသည် ထိုလက်သီးချက်မှစွမ်းအားကို အပြည့်အဝခုခံနိုင်ခဲ့ခြင်းမရှိချေ။
"ဒါက ကြောက်ဖို့ကောင်းတယ်...တကယ့်ကို အရမ်းကြောက်ဖို့ကောင်းတယ်...သူက အသက်ဘယ်လောက်ရှိသေးလို့လဲ...အခုလိုအဆင့်ထိတောင် သူက တကယ်ကြီး အစွမ်းထက်နေပြီ"
ရှယင်သည် ထိတ်လန့်ကြောက်ရွံကာ တုန်ရီနေသည်။တချိန်တည်းမှာပင် သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။
လုယွီသည် လက်သီးတစ်ချက်တည်းဖြင့် ရှန်ဖန်းဓားမှထွက်လာသော ပုံရိပ်ယောင်ငါးခုကို ကြေမွှပျက်စီးသွားစေသည်။သို့ရာတွင် သူသည်လည်း ရှန်ဖန်းဓားချီဖြင့် ခုတ်ပိုင်းခြင်းကို ခံလိုက်ရလေ၏။
ဓားချီသည် လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားကာ သူ၏အဝတ်အစားများ စုတ်ပြဲသွားပြီး သန်မာအားကောင်းသောကြွက်သားများ ပေါ်လွင်လာသည်။
လုယွီ၏ပခုံး၌ ရှည်လျားသောဓားဒဏ်ရာတစ်ခု ထွက်ပေါ်လာကာ သွေးများယိုစီးကျနေသည်။ဤဓားဒဏ်ရာသည် အလွန်နက်သဖြင့် သူ၏အရိုးများကိုပင် မြင်တွေ့နိုင်သည်။
လုယွီ ဒဏ်ရာရရှိသွားသည်ကိုကြည့်ကာ ရှယင်က ရယ်မောပြီးပြောဆိုလိုက်၏။
"လုယွီ...မင်းက အရမ်းအတာပဲ.....တာယွီတော်ဝင်နန်းတွင်းရဲ့ရှန်ဖန်းဓားက အင်မော်တယ်တွေနဲ့နတ်ဆိုးတွေကို သုတ်သင်နိုင်တယ်...ငါ ဒီဓားကို ကိုင်ထားတဲ့အချိန်မှာ ငါက ဧကရာဇ်ကို ကိုယ်စားပြုတယ်...မင်းမှာ မယုံနိုင်ဖွယ်ကောင်းတဲ့ခွန်အားမျိုး ရှိနေပေမယ့် မင်း ငါ့ကို ဘယ်တော့မှ ဆန့်ကျင်နိုင်မှာမဟုတ်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် မင်းက လက်အောက်ငယ်သားတစ်ယောက်ပဲ.....တကယ်လို့ ဘုရင်တစ်ပါးက လက်အောက်ငယ်သားတစ်ယောက်ကို သေစေ ချင်တယ်ဆိုရင် အဲ့ဒီလက်အောက်ငယ်သားက သေကိုသေရမယ်....မင်း ဒီနေ့ သေချာပေါက်သေရမယ်"
"အဲ့ဒီလိုလား...."
လုယွီ၏မျက်လုံးများ အေးစက်တင်းမာသွားကာ သူ၏လက်ကိုမြှောက်ပြီး လေဟာနယ်ထံသို့ ဖိနှိပ်လိုက်သည်။ရွှေရောင်အလင်းတန်းများတောက်ပနေသည့် ဓားတစ်လက်သည် သူ၏လက်အတွင်းသို့ ရောက်ရှိလာပေ၏။
ဤသည်မှာ ကြီးမားကျယ်ပြန့်သောကောင်းကင်ဘုံအရှိန်အဝါသည် လောကကြီးပေါ်သို့ ဆင်းသက်လာသည့်အလားပင်။
မိုးကောင်းကင်ယံအတွင်း၌ ရောင်စုံအလင်းတန်းများ ရစ်သိုင်းလွှမ်းခြုံနေကာ ကြိုးကြာများ၏ သံပြိုင်အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။ထူးဆန်းသော သဘာဝလွန်ပုံရိပ်မျိုးစုံသည် တပြိုင်နက်တည်းထွက်ပေါ်လာပေ၏။
ဤသည်မှာ ရှေးဟောင်းမသေမျိုးအဆင့် မှော်လက်နက်ဖြစ်သော လူသားဧကရာဇ်ဓားပင်။
ဤအချိန်အခိုက်အတန့်၌ ထိုဓားသည် လုယွီ၏လက်အတွင်းသို့ ရောက်ရှိနေလေပြီ။
"မင်း ထပ်ပြီးကြိုးစားကြည့်အုံးလေ... ငါ့ရဲ့ဓားကို မင်း ဘယ်လိုသဘောရလဲ"