အခန်း (၄၅၃၁-၄၅၃၅)
Vol. 230 Ch. 4531-4535
Chapter 4531
လူသားဧကရာဇ်ဓား ထွက်ပေါ်လာချိန်တွင် လောကကြီးတခွင်လုံး တုန်ခါသွားသည်။
မိုးနှင့်မြေတုန်ခါသွားကာ ထောင်နှင့်ချီသည့် ထူးဆန်းသောသဘာဝလွန်ပုံရိပ်ယောင်များ ပွင့်အံ့ထွက်လာပေ၏။ဤအချိန်အခိုက်အတန့်တွင် မူလက ကြည်လင်နေသော မိုးကောင်းကင်ယံကို ထူထပ်သိပ်သည်းသော မြူခိုးလွှာတစ်လွှာမှ လွှမ်းခြုံသွားသည်။တိမ်မည်းများအကြားမှနေ၍ ထူးဆန်းသော သဘာဝလွန်ပုံရိပ်ယောင်များ တစ်ခုပြီးတစ်ခုထွက်ပေါ်လာကာ ရွှေရောင်အလင်းတန်းများလည်း ပွင့်အံ့ထွက်လာသည်။ဤသည်မှာ ရှေးဟောင်းလူသားဧကရာဇ်သည် စစ်ရထားလုံးကိုမောင်းနှင်၍ တိုင်းခမ်းလှည့်လည်နေသည့်အလားပင်။ဤအလင်းတန်းများသည် ပေသောင်းနှင့်ချီ၍ရှည်လျားကာ အလွန်အမင်းလွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ရပ် ရောယှက်နေသည်။
ဤသည်မှာ ရှေးဟောင်းလူသားဧကရာဇ်၏ဓားပင်။ဤသည်မှာ လူသားမျိုးနွယ်၏အမွေအနှစ်ကို ဆက်ခံထားသည့် အထိမ်းအမှတ်သင်္ကေတဖြစ်ပေ၏။ထိုဓားထွက်ပေါ်လာသည်နှင့် ကောင်းကင်ဘုံနယ်မြေတခွင်လုံးရှိ လူများအားလုံးမှ ရိုသေလေးစားရသည်။
ရှယင်၏လက်အတွင်းရှိ ရှန့်ဖန်းဓားမှတောက်ပနေမှုများ ရုတ်တရက် လွှမ်းမိုးခြင်းခံလိုက်ရသည်။တာယွီ၏ဧကရာဇ်တစ်ပါးမှ တစ်ချိန်က ဖန်တီးခဲ့ကာ ထက်ရှသော နတ်ဘုရားလက်နက်တစ်ခုဖြစ်သည့်အပြင် ဤသည်မှာ ဧကရာဇ်၏အထိမ်းအမှတ်သင်္ကေတလည်း ဖြစ်သည်။သို့ရာတွင် ဤဓားသည် လူသားဧကရာဇ်ဓားနှင့် နှိုင်းယှဉ်ပါက များစွာပို၍အားနည်းနေပေ၏။
လူသားဧကရာဇ်ဓားမှနေ၍ ကြီးမားကျယ်ပြန့်သော ဧကရာဇ်အရှိန်အဝါတစ်ရပ် ပျံ့နှံသွားသည်။နှစ်ပေါင်းထောင်သောင်းချီ၍ ကြာမြင့်လာသည့်တိုင် နှောင်းပိုင်းမျိုးဆက်မှဧကရာဇ်များသည် ဤအရှိန်အဝါကို ယှဉ်ပြိုင်နိုင်ခြင်းမရှိချေ။
"လူသားဧကရာဇ်ဓား...ဒါက မင်းရဲ့လက်ထဲကို ရောက်နေတာပါလား"
ရှယင်၏မျက်လုံးများ ပြူးကျယ်သွားကာ သူသည် မယုံကြည်နိုင်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည့်အလားပင်။
အိမ်ရှေ့စံမင်းသား ကျိုးယွမ်ယန်သည် ထီးနန်းကို ဆက်ခံဝံ့သည့် အကြောင်းအရေးမှာ ရှန်လင်းလုံသည် လူသားဧကရာဇ်ဓားကို ပျောက်ဆုံးသွားသဖြင့် တာယွီအင်ပါယာ၏ဧကရာဇ်ဖြစ်နိုင်သော အခွင့်အာဏာကို လက်လွှတ်လိုက်ရသောကြောင့်ပင်။
တာယွီအင်ပါယာ၏ တည်ထောင်သူဘိုးဘေးသည် လူသားဧကရာဇ်ဓားကို ရရှိပြီးနောက် အင်ပါယာကို စတင်၍တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူသားဧကရာဇ်ဓားသည် တော်ဝင်စည်းတံဆိပ်နှင့် တူညီသောအဆင့်တွင်ရှိသည့် တည်ရှိမှုကြီးတစ်ခုဖြစ်ကာ ဧကရာဇ်၏အထိမ်းအမှတ်သင်္ကေတပင်။လူသားဧကရာဇ်ဓား၏ အသိအမှတ်ပြုမှုကိုရရှိသော မည်သူမဆို ကောင်းကင်ဘုံနယ်မြေ၏အရှင်သခင်ပင်။သန်းရာနှင့်ချီသောသက်ရှိများသည် ထိုလူအား ရိုသေလေးစားစွာ ဆက်ဆံကြပေမည်။
အတိတ်တွင် ရှန်လင်းလုံသည် မြေအောက်လောကတာအိုသခင်နှင့် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်တို့ကို ခြုံခိုတိုက်ခိုက်ကာ သတ်ဖြတ်ခဲ့သည်။အဆုံးသတ်၌ သူမသည် လူသားဧကရာဇ်ဓား၏ အသိအမှတ်ပြုမှုကို ရရှိသွားမည်ဟု မည်သူက တွေးထင်မိမည်နည်း။
ထို့ကြောင့် တော်ဝင်မိသားစုဖြစ်သော ကျိုးမိသားစုပင်လျှင် ဤကိစ္စနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိခဲ့သဖြင့် သူတို့သည် ရှန်လင်းလုံအား ဧကရာဇ်ရာထူးကို ဆက်ခံခွင့်ပြုလိုက်ရသည်။
ဥပမာအနေဖြင့် စာပေနှင့်ယဉ်ကျေးမှုဌာန၏အမတ်ကြီး ကျန်းရွှင်စဲနှင့်တခြားကွန်ဖြူရှပ်ပညာရှင်များသည် ကျမ်းစာအမြောက်အများကို ဖတ်ရှုကြသည်။သူတို့သည် သူတို့၏မျိုးဆက်များ မိဘများနှင့်သားသမီးများအပေါ် အလွန်အမင်းအာရုံစူးစိုက်ကြ၏။သူတို့၏မိသားစုဝင်တိုင်းသည်လည်း ကျင့်ဝတ်များကို လိုက်နာကျင့်သုံးကြသည်။ဤလူများသည် အလွန်အမင်းစည်းကမ်းတင်းကျပ်ကာ အခွင့်အာဏာကိုအသုံးပြု၍ ကိစ္စများကိုမလုပ်ဆောင်ချေ။သူတို့သည် သူတို့၏စိတ်နှလုံးသားစေရာအရသာ ကိစ္စများကို လုပ်ဆောင်ကြသည်။
စည်းကမ်းတင်းကျပ်သော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများသည် လူသားဧကရာဇ်ဓားကိုသာ အသိအမှတ်ပြုပြီး တခြားနည်းလမ်းများဖြင့် နန်းတက်လာသော ဧကရာဇ်များကို အသိအမှတ်ပြုမည်မဟုတ်ချေ။
အကယ်၍ အိမ်ရှေ့စံမင်းသား ကျိုးယွမ်ယန်သည် သွားလေသူဧကရာဇ်၏သားတော်တစ်ပါးဖြစ်လျှင်ပင် သူ့ထံ၌ လူသားဧကရာဇ်ဓားမရှိချေ။ဤသည်မှာ သူ၏နာမည်ဂုဏ်သတင်းကို ညှိုးနွမ်းစေခြင်းပင်။ရှေးးရိုးစွဲသော အမတ်ကြီးအမြောက်အများ၏အမြင်အရ သူသည် ဧကရာဇ်တစ်ပါးဖြစ်ရန်အတွက် အရည်အချင်းမပြည့်မီချေ။
လူသားဧကရာဇ်ဓားကို ရှေးဟောင်းနတ်ဆိုးဘိုးဘေးမှ ယူဆောင်သွားခြင်းဖြစ်ကြောင်း လူများအားလုံး သိရှိပြီးဖြစ်သည်။သို့ရာတွင် ဤဓားသည် အဆုံးသတ်၌ လုယွီ၏လက်အတွင်းသို့ရောက်ရှိနေမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
ဤသည်မှာ အလွန်ကြီးမားသော ကိစ္စတစ်ရပ်ပင်။အကယ်၍ ဤသတင်းသာ တော်ဝင်မြို့တော်ထံသို့ ပျံ့နှံ့သွားပါက ကြီးမားသောအုတ်အော်သောင်းနှင်းနိုင်မှုကြီး ဖြစ်ပွားသွားမည်မှာ သေချာပေ၏။
ရှယင် မဆိုထားနှင့် နံဘေးတွင်ရှိနေသော ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်များပင်လျှင် မယုံကြည်နိုင်မှုကြောင့် သူတို့၏မျက်လုံးများ ပြူးကျယ်နေသည်။
ကျန်းရီက ရုတ်တရက် ရှယင်ကိုစူးစိုက်ကြည့်ပြီး ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ရှယင်...လူသားဧကရာဇ်ဓားက ငါ့အရှင်ရဲ့လက်ထဲမှာ ရှိနေတယ်...ငါ့ရဲ့အရှင်က ကောင်းကင်ဘုံသားတော်ရဲ့ ကံကြမ္မာမျိုးရှိနေပြီးတော့ အစစ်အမှန်ဧကရာဇ်တစ်ပါး ဖြစ်လာမယ့်လူပဲ ...မင်းက ဧကရာဇ်အပေါ် သစ္စာမစောင့်သိဘဲနဲ့ အတုအယောင်ဧကရာဇ်အတွက် တာဝန်ထမ်းဆောင်နေတယ်...မင်းက အမှောင်ကိုစွန့်ပယ်ပြီးတော့ အလင်းကို ဝင်လာခဲ့ပါလား...အမှားတွေကို ထပ်ပြီးမကျူးလွန်နဲ့တော့"
ဤစကားလုံးများသည် ရှယင်၏စိတ်နှလုံးသားအတွင်းသို့ တိုက်ရိုက်ထွင်းဖောက်ဝင်ရောက်သွားပေ၏။
ဤအချိန်အခိုက်အတန့်တွင် မူလက အလွန်မောက်မာသော ရှယင်၏မျက်နှာပေါ်၌ ချီတုံချတုံဖြစ်နေသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
"ငါ...ငါ...."
ရှယင်၏အသိစိတ် ဗလာဟင်းလင်း ဖြစ်သွားသော်လည်း သူသည် အလျှင်အမြန်အသိပြန်ဝင်လာခဲ့သည်။
အဆုံးသတ်၌ ရှယင်သည် တော်ဝင်အတွင်းဝန်ရုံးသို့ ဝင်ရောက်နိုင်ခဲ့သော အမတ်ကြီးတစ်ယောက်ပင်။သူသည် အချိန်တခဏကြာခန့် အသိစိတ်လွတ်ကင်းသွားသော်လည်း အလျှင်အမြန်အသိပြန်ဝင်လာသည်။
"မင်းက ငါ့ရဲ့စိတ်နှလုံးသားကို တိုက်ခိုက်ပြီးတော့ ငါ့ကို မဝံ့မရဲဖြစ်အောင် လုပ်ချင်တာလား....ရယ်ဖို့ကောင်းလိုက်တာ....သူ လုယွီက အရာရှိလေးတစ်ယောက်ပဲ...အောက်ဘုံကနေ တက်လှမ်းလာတဲ့ ပုရွက်ဆိတ်တစ်ကောင်က ဘယ်လိုလုပ်ပြီးတော့ ဧကရာဇ်ရဲ့တော်ဝင်သွေးမျိုးဆက်နဲ့ ယှဉ်ပြိုင်နိုင်မှာလဲ"
ရှယင်က ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သည်။
ကျန်းရီက သရော်တော်တော်ပြောဆိုသည်
"ငါတို့ရဲ့အရှင်က စစ်သူတော်စင်လုရဲ့ မျိုးဆက်တစ်ယောက်ဆိုတာ မင်း မေ့သွားတာလား...အတိတ်မှာ အရှင်က အောက်ဘုံမှာနေခဲ့ရတယ်ဆိုပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူက စစ်သူတော်စင်လုရဲ့မျိုးဆက်တစ်ယောက်ပဲ....သူ့ရဲ့သွေးမျိုးဆက်က အိမ်ရှေစံမင်းသားထက် နိမ့်ကျမနေဘူး...ဒါ့ပြင် ငါ့ရဲ့အရှင်က လူသားဧကရာဇ်ဓားရဲ့ အသိအမှတ်ပြုမှုကို ရပြီးပြီ...ဒါက သူ့ကို ကောင်းကင်ဘုံကနေ ဧကရာဇ်တစ်ပါးအဖြစ် အသိအမှတ်ပြုပြီးပြီလို့ ဆိုလိုတာမဟုတ်လား....မင်းက ပုန်ကန်ဖို့ ကြိုးစားနေတာလား"
Chapter 4532
"ပြောရမယ်ဆိုရင် မင်းက တော်ဝင်နန်းတွင်းရဲ့ စာပေနဲ့ယဉ်ကျေးမှုဌာနက လက်ထောက်အမတ်ကြီးတစ်ယောက်ပဲ...တကယ်လို့ မင်းက အခွင့်အာဏာမရှိဘဲနဲ့ အိမ်ရှေစံမင်းသားကို ထီးနန်းဆက်ခံဖို့ တိုက်တွန်းခဲ့ရင်တောင် ပြဿနာမရှိဘူး...ဒါပေမဲ့ လူသားဧကရာဇ်ဓားကနေ အသိအမှတ်ပြုထားတဲ့ လူတစ်ယောက်ကိုအကွက်ချကြံစည်ခဲ့တာကတော့ ဆိုးရွားတဲ့ကိစ္စဖြစ်သွားပြီ...မင်းက လူသားဧကရာဇ်ဓားကို မြင်နေတာတောင် ဒူးမထောက်ဘူး....မိုးကောင်းကင်တာအိုရဲ့စိတ်ဆန္ဒကို မလေးစားဘူး ..မင်းရဲ့အပြုအမူတွေက စည်းမျဥ်းဥပဒေတွေနဲ့ ကိုက်ညီလို့လား...ငါ မင်းကို မေးပါရစေ....မင်းလို လက်ထောက်အမတ်ကြီးတစ်ယောက်က စည်းမျဥ်းဥပဒေတွေကို မလိုက်နာဘဲ နေလို့ရလား"
ကျန်းရီ၏အသံသည် စကားပြောဆိုနေရင်း တစတစပို၍ကျယ်လောင်လာသည်။သူ ပြောဆိုလိုက်သည့်စကားလုံးတစ်လုံးစီတိုင်း ရှယင်၏စိတ်နှလုံးသားကို နက်ရှိုင်းစွာထွင်းဖောက်သွားပေ၏။
ရှယင်၏မျက်နှာအမူအယာ အဆက်မပြတ်ပြောင်းလဲနေကာ ရှန့်ဖန်းဓားကိုကိုင်ထားသော သူ၏လက် အနည်းငယ်တုန်ရီနေသည်။
သူသည် ရှေးဟောင်းကျိုးဟုန်မိသားစုဝင်တစ်ယောက်နှင့် ငြင်းခုံရန် ရွေးချယ်ခဲ့ခြင်းမှာ မှားယွင်းမှုတစ်ခုပင်။
ကျိုးဟုန်မိသားစုဝင်များသည် သူတို့၏စကားလုံးများမှ ထက်မြက်မှုကို ဖော်ပြနိုင်ကာ စကားစစ်ထိုးပွဲတွင် အလွန်ထူးချွန်သည်။
ဝေ့ယန်၏ တိုက်ပွဲများအတွင်း၌ ကျန်းရီသည် မည်သည့်လှုပ်ရှားမှုတစ်ခုကိုမျှ မပြုလုပ်ခဲ့ချေ။သို့ရာတွင် သူသည် စကားလုံးအနည်းငယ်မျှဖြင့် စီမံခန့်ခွဲရေးရုံးတော်မှ ကျောင်းတော်သားများနှင့် ထန်အင်ပါယာ၏ကျောင်းတော်သားများကို တစ်ဖက်နှင့်တစ်ဖက် ပဋိပက္ခများဖြစ်သွားစေသည်။ဤသည်မှတဆင့် အရာရှိများနှင့် ချီအင်ပါယာ၏တော်ဝင်မိသားစုဝင်များအကြားတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပွားလာပေ၏။
ဤသည်မှာ ရှေးဟောင်းကျိုးဟုန်မိသားစု၏ ကြောက်မက်ဖွယ်ကောင်းသော အချက်ပင်။သူသည် ရှယင်၏အားနည်းချက်ကို အဆက်မပြတ်ထိုးနှက်နိုင်စွမ်းရှိသည်။
"ငါက မင်းနဲ့စကားပြောပြီး ဘာလို့အချိန်ဖြုန်းနေရမှာလဲ...ငါ ဒီနေရာကိုရောက်လာမှတော့ မင်းရဲ့အရှင်ကိုသတ်ပြီးတာနဲ့ မင်းကို မသန်မစွမ်းဖြစ်အောင်လုပ်မယ်"
ရှယင်သည် သူ၏တာအိုနှလုံးသား မတည်မငြိမ်ဖြစ်စပြုလာသည်ကို ခံစားမိလေ၏။သူသည် ထပ်မံ၍တုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ သူ့၏လက်အတွင်းမှဓားဖြင့် လုယွီကို ခုတ်ပိုင်းလိုက်သည်။
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ အခရာကျသောလူသည် လုယွီပင်။
လုယွီ သေဆုံးသွားသရွေ့ သူ၏လက်အောက်ရှိအင်အားစုများအားလုံးကို စိုးရိမ်ရန် မလိုအပ်တော့ချေ။သူတို့သည် တစ်ယောက်ပြီးတစ်ယောက်ပျက်စီးသွားကာ အထိမခံသောအခြေအနေများအောက်၌ ပျက်ပြယ်သွားပေမည်။
ရှန်ဖန်းဓားမှနေ၍ ကြီးမားသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ် ထွက်ပေါ်လာသည်။ဤဓားချီသည် ပြိုင်ဘက်ကင်းကာ ထာဝရအသူရာချောက်နက်ကြီးအတွင်းမှ လွတ်မြောက်လာသည့်အလားပင်။ဤအရာသည် လောကကြီးအတွင်းရှိ ရန်သူများအားလုံးကို ဖျက်ဆီးနိုင်ပုံရပေ၏။ဤဓားချီတွင် ရှယင်၏စိတ်ဆန္ဒလည်း ရောယှက်ပါဝင်နေသည်။
"လုယွီ... မင်းမှာ ဘယ်လိုမျိုး ဖြောင့်မတ်မှန်ကန်တဲ့ နာမည်ဂုဏ်သတင်းပဲရှိနေနေ ငါ မင်းကို သတ်မယ်....ပြီးရင်တော့ ကျန်တဲ့ကိစ္စတွေအားလုံးကို ငါ ဂရုစိုက်လိုက်မယ်"
ဤဓားချက်သည် အလွန်အမင်းရက်စက်ကြမ်းကြုတ်ကာ လှည့်ကွက်များသည်။ဤအရာသည် မီးကဲ့သို့ပူပြင်းကာ ရှယင်၏ ရက်စက်ကြမ်းကြုတ်သော အကျင့်စရိုက်ကို ပြသနေပေ၏။
"ကျိုးမိသားစုရဲ့ရှန့်ဖန်းဓားက ဘယ်လောက်ထိအစွမ်းထက်လဲဆိုတာ ငါ ကြည့်ချင်တယ်"
လုယွီကလည်း သူ့၏ဓားကို ခုတ်ပိုင်းလိုက်သည်။ရက်စက်ကြမ်းကြုတ်ပြီး ကြီးမားကျယ်ပြန့်သော ဓားချီတစ်လှိုင်းသည် သူ၏ဓားမှ ပွင့်အံ့ထွက်လာကာ ရှေ့သို့တိုးဝင်သွားသည်။
ဤသည်မှာ ကြုံတောင့်ကြုံခဲ တိုက်ပွဲတစ်ခုပင်။ရှေးဟောင်းလူသားဧကရာဇ်ဓားသည် တော်ဝင်ရှန့်ဖန်းဓားနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေပေ၏။ဤဓားနှစ်လက်လုံးသည် ဖျက်ဆီးနိုင်မှုစွမ်းအား အလွန်ကြီးမားသော နတ်ဘုရားလက်နက်များပင်။ထိုအရာများအား တစ်ကြိမ်အသုံးပြုသည်နှင့် လောကကြီးတခွင်လုံး ထိတ်လန့်တုန်လှုပ်သွားပေမည်။
"ပုန်ကန်သူတွေနဲ့သစ္စာဖေါက်တွေ....မင်းတို့နဲ့ချီဘုရင်က တစ်ကိုင်းတည်းနားတဲ့ ငှက်တွေပဲ... တော်ဝင်နန်းတွင်းက မင်းလို စစ်ဗိုလ်ချုပ်တစ်ယောက်ကို တန်ဖိုးထားပြီးတော့ ကိုယ်ပိုင်စစ်သားတွေ စုဆောင်းခွင့်ပေးခဲ့တယ်...မင်းက လူသားဧကရာဇ်ဓားရဲ့ အသိအမှတ်ပြုမှုကိုရရင်တောင် ဘာဖြစ်လာမှာမလို့လဲ....အိမ်ရှေ့စံမင်းသားက သွားလေသူဧကရာဇ်ရဲ့သားတော်ပဲ....သူ ထီးနန်းကိုဆက်ခံတာက အရမ်းသင့်တော်တယ်...အခုထိ မင်းက ပြောင်ပြောင်တင်းတင်းခုခံနေမှတော့ ဘယ်သူက သစ္စာဖောက်လဲ ဘယ်သူက မလေးမစားလုပ်တဲ့လူလဲဆိုတာ မင်းကိုယ်မင်း သိမှာပါ"
ရှယင်သည် ပို၍ယုံကြည်ချက်ခိုင်မာစပြုလာကာ ရှန်ဖန်းဓားမှနေ၍ ကြောက်မက်ဖွယ်ကောင်းသော အေးစက်စက်အလင်းတန်းတစ်တန်း ပျံ့လွင့်လာသည်။
ရှန်ဖန်းဓားကို သွန်းလုပ်သောအချိန်တွင် ဧကရာဇ်အဆင့်မှော်လက်နက်၏ စံချိန်စံနှုန်းများနှင့်အညီ ပြုလုပ်ခဲ့သည်။သို့ရာတွင် တာယွီအင်ပါယာမှ ဧကရာဇ်များအားလုံး၏ အထွတ်အမြတ်မှော်စွမ်းအားများမှ ကောင်းချီးပေးမှုသည် ရှန်ဖန်းဓားအတွင်း၌ စုဝေးနေပေ၏။ထို့ကြောင့် ဤဓားသည် ဧကရာဇ်အဆင့်ထက် ကျော်လွန်သောစွမ်းအားကို
ထုတ်ဖော်အသုံးပြုနိုင်ကာ မသေမျိုးအဆင့်မှော်လက်နက်အဖြစ်သို့ပင် ရောက်ရှိနေလေပြီ။
မသေမျိုးအဆင့်မှော်လက်နက်နှစ်ခုသည် လေထုအတွင်း၌ ပြင်းပြင်းထန်ထန်ရိုက်ခတ်မိကာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားအရှိန်အဝါတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
သူတို့၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်းမှနေ၍ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။လေဟာနယ်ဥပဒေသများသည် ဤကဲ့သို့တိုက်ခိုက်မှုတစ်ခုကို တောင့်ခံနိုင်စွမ်းမရှိတော့ချေ။လေထုအတွင်း၌ လေဟာနယ်အက်ကွဲကြောင်းအမြောက်အများ ပွင့်အံ့ထွက်လာကာ လေဟာနယ်ကျင်းနက်ကြီးများလည်း ထွက်ပေါ်လာပေ၏။
"အရှင် အန္တရာယ်ရှိနေပြီ"
"ရှန့်ဖန်းဓားမှာ ဒီလိုစွမ်းအားမျိုးတွေရှိနေမယ်လို့ ငါ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး"
လုယွီ၏လက်အောက်ငယ်သားများအားလုံး စိုးရိမ်ပူပန်နေသည်။ဤသည်မှာ ရှန်ဖန်းဓား၏စွမ်းအားကို သူတို့ မျက်မြင်ကိုယ်တွေ့ကြုံရသည်မှာ ပထမဆုံးအကြိမ်ပင်။ထို့ကြောင့် သူတို့အားလုံးသည် ကူကယ်ရာမဲ့စွာဖြင့် စိုးရိမ်ပူပန်နေပေ၏။
သို့ရာတွင် သူတို့သည် လုယွီကို ကူညီနိုင်စွမ်းမရှိချေ။ဤသည်မှာ သူတို့ ကြားဝင်စွက်ဖက်နိုင်သော တိုက်ပွဲတစ်ပွဲ မဟုတ်ချေ။
Chapter 4533
"မင်းက အရမ်းယုံကြည်ချက်တွေရှိနေမှတော့ ငါက မင်း အမှန်ကိုမြင်အောင် ပြရလိမ့်မယ်"
လုယွီ၏အသံက ရှယင်၏နားအတွင်း၌ ပဲ့တင်ထပ်သွားသည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏အသံသည် အသက်ငယ်ရွယ်ပုံရသော်လည်း မြင့်မြတ်သောအရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ ကြီးကျယ်ခမ်းနားသော ခန်းမတစ်ခုအတွင်းရှိ ပလ္လင်ပေါ်၌ ဧကရာဇ်တစ်ပါးထိုင်နေကာ သူ၏စကားလုံးများသည် ဥပဒေသတစ်ရပ်ဖြစ်ပြီး ကောင်းကင်ဘုံ၏သဘောထားကို သယ်ဆောင်လာသည့်အလားပင်။သူ့၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် သူသည် သန်းရာနှင့်ချီသော သက်ရှိများ၏ကံကြမ္မာများကို ထိန်းချုပ်နိုင်ပေ၏။
တောက်ပသော ရွှေရောင်အလင်းတန်းတတန်းသည် လုယွီ၏ခန္ဓာကိုယ်ကို ရစ်သိုင်းလွှမ်းခြုံသွားကာ နဂါးဝတ်ရုံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။သူသည် လူသားဧကရာဇ်ဓား၏ အသိအမှတ်ပြုမှုကိုရရှိထားကာ ရှေးဟောင်းလူသားဧကရာဇ်ထံမှ အမွေအနှစ်ကိုလည်းဆက်ခံထားသဖြင့် လူသားမျိုးနွယ်၏ အထွတ်အမြတ်တည်ရှိမှုကြီးပင်။
လူသားဧကရာဇ်ကိုးပါး၏ ပုံရိပ်ယောင်များက လုယွီ၏နံဘေးပတ်လည်၌ လှည့်ပတ်ပျံသန်းနေသည်။ထိုပုံရိပ်ယောင်များမှ တောက်ပသောအလင်းတန်းများ ဖြာထွက်နေကာ သူတို့၏အရှိန်အဝါများသည် အလွန်ကြီးကျယ်ခမ်းနားပေ၏။လူသားဧကရာဇ်တစ်ယောက်စီတိုင်း၏နံဘေးပတ်လည်တွင် လှည့်ပတ်ပျံသန်းနေသည့် ထောင်နှင့်ချီသော ပုံရိပ်ယောင်များလည်းရှိနေသည်။ထိုပုံရိပ်ယောင်များတွင် အရာရှိများ လယ်သမားများ ကုန်သည်များ ကျောင်းတော်သားများစသဖြင့် လူတန်းစားမျိုးစုံပါဝင်သည်။သူတို့သည် လူသားဧကရာဇ်အောင်မြင်မှုများကို ရွတ်ဆိုနေကြသဖြင့် ကံကြမ္မာစွမ်းအားများ မြင့်တက်လာသည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုနှင့် ရင်ဆိုင်ရချိန်၌ ရှယင်သည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
သူသည် ယခုအချိန်၌ မြင့်မားသောရာထူးကို ရရှိထားကာ ရှမိသားစုဝင်တစ်ယောက်ဖြစ်ရုံသာမက စာပေနှင့်ယဉ်ကျေးမှုဌာန၏လက်ထောက်အမတ်ကြီးလည်း ဖြစ်သည်။သို့ရာတွင် သူသည် သေမျိုးလူသားတစ်ယောက် ဖြစ်နေဆဲပင်။
နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်လာခဲ့သည့်တိုင် မရေမတွက်နိုင်သော လူသားများသည် လူသားဧကရာဇ်ကို ရိုသေလေးစားရပြီး ဤအချက်သည် မည်သို့မျှ ပြောင်းလဲသွားမည်မဟုတ်ပေ။
ရှယင်သည် ထိုပုံရိပ်ယောင်များကိုကြည့်ပြီး သူ၏နှလုံးသားပေါ်သို့ ကြီးမားသောကျောက်တုံးကြီးတစ်တုံး ကျရောက်လာသည့်အလား ခံစားလိုက်ရသည်။သူထံ၌ ဒူးထောက်အရိုအသေပြုလိုစိတ်များ ပေါက်ဖွားလာကာ သူ၏ခြေထောက်များကို မထိန်းချုပ်နိုင်တော့ချေ။
"ငါက ဧကရာဇ်ရဲ့အရာရှိတစ်ယောက်ပဲ....ဧကရာဇ်ရဲ့အမိန့်တော်အောက်မှာ ငါက အရှင်ကိုယ်တိုင် ကြွချီလာတာနဲ့ အတူတူပဲ...မင်းက လူသားဧကရာဇ်ဓားရဲ့အသိအမှတ်ပြုမှုကို ရထားရင်တောင် ဘာဖြစ်လာမှာမလို့လဲ...လူသားဧကရာဇ်က ရှေးဟောင်းခေတ်ရဲ့ကိစ္စတစ်ရပ်ပဲ...အခုလက်ရှိ တာယွီအင်ပါယာက ဧကရာဇ်ရဲ့အပိုင် ဖြစ်သွားပြီ"
ရှယင်၏မျက်လုံးများ အလျှင်အမြန် အေးစက်တင်းမာသွားသည်။သူ့ရှေ့ရှိ ရှေးဟောင်းလူသားဧကရာဇ်များ၏ပုံရိပ်ယောက်များပင်လျှင် သူ၏စိတ်ကို သက်ရောက်စေခြင်းမရှိချေ။
သူနှင့်လုယွီသည် 'ဖြောင့်မတ်မှန်ကန်ခြင်း'နှင့်ပတ်သက်ပြီး ငြင်းခုံနေကြကာ အရှိန်အဝါအရ သူတို့အနက်မှမည်သူမျှ အသာစီးမရကြချေ။
ရှန့်ဖန်းဓားမှနေ၍ တုန်ခါသံတစ်သံ ထွက်ပေါ်လာသည်။ဓားသည် အဆက်မပြတ်တုန်ခါနေကာ ကြီးမားကျယ်ပြန့်ပြီး မြင့်မြတ်သောဧကရာဇ်အရှိန်အဝါတစ်ရပ် ယိုစိမ့်ထွက်လာသည်။
တော်ဝင်အမိန့်တော်သည် အရင်ဆုံးသတ်ဖြတ်ပြီး နောက်ပိုင်းမှသတင်းပို့ရန်အတွက် အထူးသီးသန့်ခွင့်ပြုထားသော အမိန့်အာဏာတစ်ရပ်ပင်။
ထိုကြောင့် တစ်ဖက်လူထံ၌ လူသားဧကရာဇ်ဓား ရှိနေလျှင်ပင် သူ မည်သည်ကြောင့် အရေးစိုက်ရမည်နည်း။သူ၏လက်အတွင်း၌ ရှန်ဖန်းဓားရှိနေသရွေ့ သူသည် ဧကရာဇ်ကိုကိုယ်စားပြုကာ တာယွီအင်ပါယာအတွင်းရှိ အရာရာတိုင်းကို ထိန်းချုပ်နိုင်ပေမည်။
"ဓားချီကို ဖိနှိပ်မယ်...ဓားတစ်လက်နဲ့ လောကကြီးကို သိမ်းပိုက်နိုင်တယ်"
ရှယင်က ခြေတစ်လှမ်းရှေ့တက်လိုက်ရာ သူ့၏လက်အတွင်းရှိ ရှန်ဖန်းဓားမှ အေးစက်စက်အလင်းတန်းများ ဖြာထွက်လာသည်။ဓားချီစွမ်းအားများသည် လေထုအတွင်းသို့ ပျံ့လွင့်သွားကာ လူသားဧကရာဇ်ပုံရိပ်ယောင်များကို မှေးမှိန်သွားစေသည်။
အတိတ်တွင် ရှမိသားစုထံ၌ နယ်စပ်အရာရှိအဖြစ် လူရိုင်းကြယ်မြစ်သို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သော ဘိုးဘေးတစ်ယောက်ရှိခဲ့ဖူးသည်။လူရိုင်းကြယ်မြစ်အတွင်း၌ ဖရိုဖရဲဖြစ်နေစဉ်တွင် ရှမိသားစုဘိုးဘေးသည် အခွင့်ကောင်းတစ်ခုကို ရှာတွေ့ခဲ့လေ၏။သူသည် ပြဿနာရှာသော လူရိုင်းများနှင့်နတ်ဆိုးများအားလုံးကို စုဝေးကာ ဓားတစ်ချက်ဖြင့် သတ်ဖြတ်ခဲ့သည်။သွေးများသည် မိုးကောင်းကင်ယံကိုပင် စွန်းထင်းသွားပေ၏။
ဤဓားတစ်ချက်ဖြင့် လူရိုင်းကြယ်မြစ်အတွင်း၌ ရှမိသားစု၏နာမည်ဂုဏ်သတင်းကို တည်ဆောက်နိုင်ခဲ့သည်။အချိန်အတော်ကြာညောင်းလာသည့်တိုင် ရှမိသားစုဝင်များသည် လူရိုင်းကြယ်မြစ်အတွင်း၌ သူတို့ဆန္ဒရှိသော မည်သည့်အရာကိုမဆို ပြုလုပ်နိုင်သည်။
ဤဓားချက်သည် အလွန်အမင်း အစွမ်းထက်ပေ၏။သူ့ရှေ့၌ ရန်သူများ မည်မျှထိများပြားနေပါစေ သူသည် ဓားတချက်တည်းဖြင့် သူတို့အား ဖျက်ဆီးနိုင်စွမ်းရှိသည်။
ဤကဲ့သို့ ကြီးမားသောအရှိန်အဝါနှင့် ရှန့်ဖန်းဓား၏ထက်ရှမှုတို့ ပေါင်းစပ်လိုက်ချိန်၌ ရှယင်ကို ဟန့်တား၍မရနိုင်လုနီးပါး ဖြစ်သွားစေသည်။
ဘုန်း...ဘုန်း....
မိုးကောင်းကင်ယံအတွင်း၌ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ဤသည်မှာ အစစ်အမှန်မိုးခြိမ်းသံမဟုတ်ဘဲ ရှာယင် ဓားဝှေ့ယမ်းလိုက်ခြင်းကြောင့် ထွက်ပေါ်လာသောအသံများပင်။ ထိုဓားချီသည် အရက်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ လေဟာနယ်ကိုဖြတ်သန်းပြီး ပေါက်ကွဲသံများ မြည်ဟီးသွားစေသည်။
လုယွီကလည်း သူ၏ဓားဖြင့် တိုက်ခိုက်လိုက်ရာ ရှယင်၏တိုက်ခိုက်မှုနှင့် ထိပ်တိုက်ရင်ဆိုင်မိလေ၏။သူတို့သည် အကြွင်းမဲ့ခွန်အားကိုအသုံးပြု၍ တစ်ဖက်နှင့်တစ်ဖက် သတ်ဖြတ်နိုင်ရန် ကြိုးစားနေကြသည်။
လူများအားလုံး၏မျက်နှာအမူအယာများ ပြောင်းလဲသွားသည်။အခြေအနေသည် ဤကဲ့သို့အဆင့်ထိ ရောက်ရှိလာမည်ဟု သူတို့မျှော်လင့်မထားမိချေ။
Chapter 4534
"ရှန့်ဖန်းဓားက ဒဏ္ဍာရီတွေထဲမှာ ဖော်ပြထားတာနဲ့ တကယ်ကိုပဲ ကိုက်ညီတယ်...ဒီဓားကိုင်ထားတဲ့လူက နတ်ဘုရားတစ်ပါးရဲ့ကူညီထောက်ပံ့မှုကို ရထားတာနဲ့ အတူတူပဲ...အရှင်ကိုယ်တိုင်တောင် ရှယင်ကို အချိန်တိုအတွင်းမှာ အနိုင်ယူနိုင်မှာ မဟုတ်ဘူး"
အဝေးတစ်နေရာမှနေ၍ ပုန်းကွယ်နဂါးစစ်တပ်သည် ဤနေရာကို ဂရုတစိုက် ပိတ်ဆို့ထားကာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဝင်ထွက်သွားလာခွင့်မပြုချေ။
ပုန်းကွယ်နဂါးစစ်တပ်သည် ရှယင်နှင့်အတူလိုက်ပါလာသော နဂါးအစောင့်များကို ဖမ်းဆီးပြီးဖြစ်သည်။
"ငါတို့က ဒီလူတွေကို သတ်လိုက်ရမလား"
တပ်မှူးတစ်ယောက်က ဖေးထျန်ကွမ်းထံမှ ညွှန်ကြားချက်တောင်းခံသည်။
ဤနဂါးအစောင့်များသည် ဤနေရာသို့ပြဿနာရှာရန်အတွက် ရောက်ရှိလာသည်မှာ သိသာထင်ရှားလှ၏။သူတို့သည် လုယွီ၏စစ်ရေးအခွင့်အာဏာကို လုယက်ကာ ပုန်းကွယ်နဂါးစစ်တပ်ကို ထိန်းချုပ်လိုခြင်းပင်။ဤသည်မှာ လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏ အခြေခံကျသောအကျိုးအမြတ်များကို အနှောက်အယှက်ပေးခြင်းနှင့် တူညီပေ၏။
သူတို့သည် အမည်ခံအားဖြင့် တော်ဝင်နန်းတွင်း၏စစ်ဗိုလ်ချုပ်များဖြစ်သော်လည်း အဖြစ်မှန်မှာ သူတို့သည် လုယွီ၏သီးသန့်အင်အားစုဖြစ်သည်။ယခုလက်ရှိနေရာတွင်ရှိနေသော လူများအားလုံးသည် တော်ဝင်နန်းတွင်းအား လုယွီ၏စစ်ရေးအခွင့်အာဏာကို လွှဲပြောင်းယူခွင့်မပြုလိုကြချေ။
ဖေးထျန်ကွမ်းက မျက်မှောင်ကြုတ်ပြီးနောက် အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"ငါတို့တွေ အရှင်ပြန်ရောက်လာမှ ဒီကိစ္စကို ဆက်ပြောကြတာပေါ့"
မည်သို့ပင်ဆိုစေကာမူ နဂါးအစောင့်သည် ဧကရာဇ်၏သီးသန့်စစ်သားများဖြစ်ပြီး ဧကရာဇ်၏မျက်နှာကို ကိုယ်စားပြုသည်။ အကယ်၍ ရှင်းယန်မြို့အတွင်း၌ နဂါးအစောင့်များ သေဆုံးသွားပါက အကျိုးဆက်အနေနဲ့ သူတို့နှင့်တော်ဝင်နန်းတွင်းအကြားတွင် ပဋိပက္ခများ ဖြစ်ပွားလာပေမည်။
ဤအချိန်အခိုက်အတန့်တွင် မည်သူတစ်ဦးတစ်ယောက်ကမျှ လုယွီနှင့်ရှယင် တိုက်ခိုက်နေသောနေရာအနီးသို့ ချဥ်းကပ်ဝံ့ခြင်းမရှိချေ။
သဲမှုန်များနှင့်ကျောက်စကျောက်နများ ပျံ့လွင့်နေကာ နယ်မြေသခင်များပင်လျှင် ထိုနေရာအနီးသို့ မချဉ်းကပ်ဝံ့ပေ။
တော်ဝင်မြို့တော်အတွင်းရှိ ထိပ်သီးမိသားစုကြီးရှစ်စုသည် မသေမျိုးအဆင့်မှော်လက်နက်များကို သူတို့မိသားစုများ၏အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ထားသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။ဤသည်မှာ နယ်မြေသခင်တစ်ယောက်မှနေ၍ တာအိုသခင်တစ်ယောက်ကို လက်ရည်တူတိုက်ခိုက်နိုင်ရန် လုံလောက်သည်။။မည်သူတစ်ဦးတစ်ယောက်ကမျှ ဤအရာ၏တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားကို လျှော့တွက်ဝံ့ခြင်းမရှိပေ။
"ဧကရာဇ်ရဲ့ဓား...သက်ရှိတွေအားလုံး ဦးညွှတ်အရိုအသေပြုစမ်း"
လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။သူသည် ရှယင်နှင့်တူညီစွာ သူ၏လက်အတွင်းရှိ ဓားရှည်ကို ဝှေ့ယမ်းလိုက်သည်။
လုယွီအသုံးပြုသော ဓားနည်းစနစ်သည် ဖြောင့်မတ်မှန်ကန်ပြီး ကြီးကျယ်ခမ်းနားကာ ဧကရာဇ်တစ်ပါးထံမှ ဆက်ခံထားသည့်အလားပင်။တောက်ပသောတော်ဝင်အရှိန်အဝါတစ်ရပ်သည် လေထုအတွင်း၌ ပြည့်နှက်သွားပေ၏။သူသည် အနိုင်ရရန်အတွက် မည်သည့်လှည့်ကွက်ကိုမျှ အသုံးမပြုချေ။ထို့အစား သူ၏ပြိုင်ဘက်ကို ချေမှုန်းရန်အတွက် သူ၏အစစ်အမှန်ခွန်အားကိုသာ အသုံးပြုခဲ့သည်။
လုယွီသည် ရှေးဟောင်းလူသားဧကရာဇ်ထံမှ လက်ဆင့်ကမ်းဆင်းသက်လာသော အထွတ်အထိပ်နည်းစနစ်တစ်ခုကို အသုံးပြုနေခြင်းပင်။လူသားဧကရာဇ်ဓားနှင့်သိုင်းပညာအင်မော်တယ်တစ်ယောက်၏ခွန်အားတို့ ပေါင်းစပ်လိုက်သောအချိန်၌ အကျိုးသက်ရောက်မှုသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။
တောက်ပသော ရွှေရောင်ဓားချီများသည် သက်တန့်တစ်စင်းအလား မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားကာ တိမ်တိုက်များကို ထွင်းဖောက်သွားသည်။လေထုအတွင်း၌ ပေါက်ကွဲသံများကိုကြားနေရကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ရှန့်ဖန်းဓားချီသည် ဖိနှိပ်ခြင်း ခံလိုက်ရလေ၏။
"အသူရာအရူးဓား...အရပ်မျက်နှာအဘက်ဘက်ကို သတ်ဖြတ်စမ်း"
သူ့၏ဓားချီများ ဖိနှိပ်ခြင်းခံရသည်ကို မြင်တွေ့ချိန်၌ ရှယင်သည် ကျယ်လောင်စွာအော်ဟစ်ကာ သူ၏ဓားနည်းစနစ်ကို ပြောင်းလဲလိုက်သည်။
သူ ယခင်ကအသုံးပြုသော ဓားနည်းစနစ်သည် အလွန်ထက်ရှကာ လုယွီ၏အားနည်းချက်များအနက်မှတစ်ခုကို အထူးသီးသန့် ချိန်ရွယ်တိုက်ခိုက်ခြင်းဖြစ်သည်။သို့ရာတွင် လုယွီသည် လူသားဧကရာဇ်ဓားအသုံးပြုလိုက်ချိန်၌ သူ၏ဓားနည်းစနစ်ကို ချိုးဖျက်သွားနိုင်သည့်အပြင် သူ့အား အားနည်းချက်တစ်ခုကိုမှ ရှာမတွေ့နိုင်ဖြစ်စေသည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင် ရှယင်သည် သေမျိုးလောကသို့ ဆင်းသက်လာသော ရူးသွပ်နေသည့် နတ်ဆိုးတစ်ကောင်အလားပင်။
သူ၏မျက်လုံးအတွင်း၌ သွေးနီရောင်အလင်းတန်းများ ဖြတ်ပြေးနေကာ သူ၏လက်အတွင်းရှိ ဓားရှည်ကို အဆက်မပြတ်ဝှေ့ယမ်းပြီး လေဟာနယ်အတွင်း၌ နောက်ချန်ပုံရိပ်များကိုသာ ချန်ထားခဲ့သည်။
ဒေါင်...ဒေါင်...ဒေါင်...
လေဟာနယ်အတွင်း၌ မသေမျိုးအဆင့်ဓားနှစ်လက်သည် အဆက်မပြတ် ရိုက်ခတ်မိနေသဖြင့် အားလှိုင်းအမြောက်အများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး လေဟာနယ်ကို တုန်ခါသွားစေသည်။
လုယွီ၏ခွန်အားသည် ယခင်ထက် ပို၍အားကောင်းလာပေ၏။ဓားချက်အနည်းငယ်ကို ထုတ်လွှတ်ပြီးနောက် ရှယင်၏လက်ကောက်ဝတ်မှအရိုးများ ကျိုးလုနီးပါးဖြစ်သွားကာ သွေးများယိုစီးကျလာသည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ ရှယင်သည် နာကျင်မှုကို မခံစားရချေ။အစောပိုင်းက သူသည် ရှမိသားစု၏လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုထားသဖြင့် သူ၏ခန္ဓာကိုယ်အရေပြား လုံးလုံးလျားလျား နီမြန်းနေသည်။သူ၏မွေးညှင်းပေါက်များမှနေ၍ အခိုးအငွေ့များ မြင့်တက်လာကာ နှိုင်းယှဉ်ပြစရာမရှိသည်အထိ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ရပ်က သူ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာသည်။
ဝှစ်...ဝှစ်...ဝှစ်...
ရှယင်သည် ရူးသွပ်နေသော နတ်ဆိုးတကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ဓားချက်များသည် အစီအစဥ်တကျ မဟုတ်တော့ချေ။
ဤဓားချက်များသည် ဖရိုဖရဲဆန်ပြီး အကန့်အသတ်မဲ့ကာ ဟာကွက်ကြီးတစ်ခု ပေါ်လွင်နေပုံရသော်လည်း ရန်သူကိုအငိုက်ဖမ်း၍ တိုက်ခိုက်နိုင်သည့်စွမ်းအားမျိုး ရှိနေသည်။
သူတို့နှစ်ယောက် တိုက်ခိုက်နေကြသော ပတ်ဝန်းကျင်နေရာတဝိုက်ရှိ လေထုအတွင်းတွင် အလွန်ကျယ်လောင်သော တုန်ခါသံများ ထွက်ပေါ်နေပေ၏။
Chapter 4535
ယခုအချိန်၌ ရှယင်သည် နတ်ဆိုးလမ်းကြောင်းသို့ ခြေချထားကာ ရူးသွပ်လုဆဲဆဲဖြစ်နေလေပြီ။
သူသည် လုံးလုံးလျားလျားကွဲပြားခြားနားသော တိုက်ခိုက်မှုနည်းစနစ်နှစ်ခုကို အသုံးပြုခဲ့ပေ၏။ သူသည် အစောပိုင်းက ရှန့်ဖန်းဓားကို အသုံးပြု၍တိုက်ခိုက်စဉ်၌ သူ၏အရှိန်အဝါသည် သက်တန့်တစ်စင်းနှင့်တူညီကာ ကြီးကျယ်ခမ်းနားသောခွန်အားဖြင့် တခြားလူများကို ဖိနှိပ်နိုင်သည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ သူသည် အသူရာအရူးဓားနည်းစနစ်ကို အသုံးပြုလိုက်ချိန်တွင် ရူးသွပ်နေသော နတ်ဆိုးတစ်ကောင်မှ သူ၏ခန္ဓာကိုယ်ကို အပိုင်စီးသွားသည့်အလား သွေးရူးသွေးတန်းတိုက်ခိုက်နေခဲ့သည်။
ဤဓားနည်းစနစ်နှစ်ခုသည် လူတစ်ယောက်တည်းထံမှ ထွက်ပေါ်လာခြင်းဖြစ်ကာ အလွန်အမင်းဆန့်ကျင်ဘက်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ရှမိသားစုတွင် မိသားစုဝင်ဗိုလ်ချုပ်အမြောက်အများရှိကာ တာယွီအင်ပါယာ၏ ချမ်းသာကြွယ်ဝဆုံးမိသားစုလည်းဖြစ်သည်။သူတို့သည် တာယွီတော်ဝင်စစ်တပ်၌ အလွန်မြင့်မားသော နာမည်ဂုဏ်သတင်းရှိပေ၏။သူတို့သည် သူတို့၏ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်ပြီးမြှောက်နိုင်သရွေ့ မည်သည့်ကျင့်ကြံနည်းစနစ်ကိုမဆို အသုံးပြုကြသည်။ဆိုရိုးစကားအရ ပြောဆိုရလျှင် စစ်ပွဲအချိန်သို့ ရောက်ရှိလာပါက မည်သူမျှ လှည့်စားခြင်းမပြုဘဲ နေမည်မဟုတ်ချေ။ဤသည်မှာ တစ်စုံတစ်ယောက်သည် တိုက်ပွဲ၌အနိုင်ရန် မည်သည့်လှည့်ကွက်ကိုမဆို အသုံးပြုရမည်ဟု ဆိုလိုခြင်းပင်။
"လုယွီ...ငါက ဒီနေ့ မင်းလိုသစ္စာဖောက်ကို သတ်မယ်"
ရှယင်က ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးကာ သူ၏နဖူးပေါ်၌ အပြာရောင်သွေးကြောများ ထောင်ထလာသည်။လေတိုက်ခတ်နှင့်အတူ သူ၏ဆံပင်များ လူးလွန့်နေကာ သူ့ကိုကြည့်ရသည်မှာ နတ်ဆိုးတကောင်နှင့် တူညီနေပေ၏။
နှိုင်းယှဉ်ကြည့်ပါက လုယွီကိုကြည့်ရသည်မှာ များစွာပို၍တည်ငြိမ်နေပုံရသည်။
လုယွီ၏ခန္ဓာကိုယ်ပေါ်ရှိ ပိုးထည်ဝတ်ရုံသည် ရှန့်ဖန်းဓားချီများကြောင့် စုတ်ပြဲသွားလေပြီ။ သူ၏ပခုံးမှဒဏ်ရာသည်လည်း ယခုချိန်ထိတိုင် အပြည့်အဝ ပြန်လည်ကောင်းမွန်ခြင်း မရှိသေးချေ။သူ၏ခန္ဓာကိုယ်ပေါ်၌ သွေးများစွန်းထင်းနေဆဲဖြစ်သဖြင့် သူ့ကိုကြည့်ရသည်မှာ ကြောက်မက်ဖွယ်ကောင်းနေသည်။
သို့ရာတွင် လုယွီ၏မျက်နှာအမူအယာသည် တည်ငြိမ်နေဆဲပင်။သူ၏ခန္ဓာကိုယ်သည် အထွတ်အမြတ် ရွှေရောင်အလင်းတန်းများအကြားတွင် နစ်မြုပ်နေကာ လူသားဧကရာဇ်တစ်ပါးသည် လောကကြီးအတွင်းသို့ ဆင်းသက်လာသည့်အလားပင်။
"မင်း အသုံးပြုတဲ့ မှော်မန္တန်တွေက သာမန်တိုက်ပွဲတွေမှာပဲ အသုံးပြုနိုင်တယ်...ဒါပေမယ့် အခုအချိန်မှာ မင်းနဲ့ငါက လောကကြီးရဲ့တရားမျှတမှုအတွက် တိုက်ခိုက်နေတာပဲ... မင်းက ဧကရာဇ်ရဲ့သံတမန်တစ်ယောက် ဆိုမှတော့ သံတမန်တစ်ယောက်နဲ့ ကိုက်ညီတဲ့နည်းစနစ်တွေ ကျင့်ကြံနည်းစနစ်တွေကို သုံးပြီးတော့ ငါ့ကို တိုက်ခိုက်သင့်တယ်...ဒါပေမဲ့ မင်းက အဲ့ဒီအစား ဒီလိုမျိုး လမ်းလွဲနည်းစနစ်တစ်ခုကို အသုံးပြုခဲ့တယ်"
လုယွီ၏စကားအဆုံးသတ်သွားပြီးနောက် လူသားဧကရာဇ်ဓားသည် မိုးကောင်းကင်ယံကို ဖြတ်သန်းလာကာ အကန့်အသတ်မဲ့သော ဓားချီများသည် လေထုအတွင်းသို့ မြင့်တက်သွားပြီး တိမ်စိုင်များအတွင်းသို့ ထွင်းဖောက်သွားပေ၏။
လူသားဧကရာဇ်ကိုးယောက်၏ပုံရိပ်ယောင်များ တဖန်ပြန်၍ ထွက်ပေါ်လာသည်။
လူသားဧကရာဇ်များ၏ ပုံရိပ်ယောင်များအကြားတွင် လုယွီ၏ပုံရိပ်ယောင်သည်လည်း ထွက်ပေါ်လာခဲ့သည်။သို့ရာတွင် တခြားပုံရိပ်ယောင်များနှင့် နှိုင်းယှဉ်ပါက သူ၏ပုံရိပ်ယောင်သည် အနည်းငယ်မှေးမှိန်နေပေ၏။
လုယွီသည် ဧကရာဇ်တစ်ပါးဖြစ်သော်လည်း ယခုအချိန်ထိ လူသားဧကရာဇ်ဘွဲ့ကို မရသေးချေ။သူသည် လောကကြီးအတွင်းသို့ သူ၏နာမည်ကို ထုတ်ပြန်ကြေညာရခြင်းမရှိသေးသည့်အပြင် ထိုက်တောင်၏အသိအမှတ်ပြုမှုကိုလည်း မရသေးချေ။ထို့ကြောင့် သူသည် လူသားဧကရာဇ်ဟုခံယူရန် လျော်ကန်သင့်မြတ်မှုမရှိချေ။
သူသည် ထိုအဆင့်များအားလုံးကို ပြီးမြောက်အောင် လုပ်ဆောင်မှသာ လူသားမျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်တစ်ပါး ဖြစ်လာပေမည်။ထိုအချိန်ကျလျှင် သူသည် လူသားဧကရာဇ်အဖြစ် သတ်မှတ်ခြင်းခံရကာ လူသားမျိုးနွယ်တစ်ခုလုံးကို အုပ်ချုပ်နိုင်ပေမည်။
"ငါက ဧကရာဇ်ပဲ....မင်းက ဒါကို လက်မခံနိုင်ဘူးလား"
လုယွီ၏အသံသည် ရှင်းယန်မြို့တစ်မြို့လုံးအနှံ့ ပျံ့နှံ့သွားပေ၏။
လူသားဧကရာဇ်ဓားသည် တုန်ခါသွားကာ လုယွီ၏အသံနှင့် အတူယှဉ်တွဲ၍ မြို့၏ထောင့်တစ်နေရာတိုင်းသို့ ပျံ့လွင့်သွားသည်။ဤသည်မှာ မိုးကောင်းကင်တာအို၏စကားလုံးများသည် လူသားများ၏စိတ်နှလုံးသားကို တိုက်ရိုက်ရိုက်ခတ်သွားသည့်အလားပင်။
ဤအချိန်အခိုက်အတန့်၌ ရှင်းယန်မြို့အတွင်းရှိ အရာရှိများ စစ်သားများ လယ်သမားများကုန်သည်များနှင့် ကျောင်းတော်သားများအားလုံး အမှုမဲ့အမှတ်မဲ့ဖြင့် လုယွီရှိနေသောနေရာသို့ ဦးတည်၍ဒူးထောက်လိုက်ကြသည်။
မြို့အတွင်း၌ ပုန်းအောင်းနေသော ရာဇဝတ်သားများနှင့် နတ်ဆိုးကျင့်ကြံသူများ၏ ခန္ဓာကိုယ်များ တုန်ရီသွားကာ မြေပြင်ပေါ်၌ ဝပ်တွားလိုက်ကြသည်။သူတို့သည် ရှေးဟောင်းလူသားဧကရာဇ်၏အရှိန်အဝါကို ခံစားမိလေ၏။
ကြီးမားကျယ်ပြန့်သော အရှိန်အဝါတစ်ရပ် ရုတ်တရက်ဆင်းသက်လာကာ သူတို့၏ခန္ဓာကိုယ်များကို လွယ်လင့်တကူ ဆုတ်ဖြဲသွားတော့မည့်အလားပင်။
ဘုန်း....
ထိုအသံသည် ရှယင်၏နားအတွင်းသို့လည်း ဝင်ရောက်သွားသည်။
ဤသည်မှာ ကြီးမားသောခေါင်းလောင်းတလုံး ရုတ်တရက် မြည်ဟီးသွားသည့်အလားပင်။ရှယင်၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ခါသွားကာ သူ၏နှုတ်ခမ်းထောင့်မှ သွေးများယိုစီးကျလာသည်။သူ ဒဏ်ရာအပြင်းအထန်ရရှိသွားသည်မှာ သိသာထင်ရှားလှ၏။
ရှယင်၏လက်အတွင်းရှိ ရှန့်ဖန်းဓားထံမှ ငိုညည်းသံတစ်သံ ထွက်ပေါ်လာသည်။ထိုဓားသည် ဤကဲ့သို့ ကြီးမားကျယ်ပြန့်သော ဖိအားအရှိန်အဝါကို တောင့်ခံနိုင်စွမ်း မရှိတော့ချေ။
"အား...."
ရှယင်ထံမှနေ၍ ရုတ်တရက် သွေးပျက်လုမတတ်အော်သံကြီး ထွက်ပေါ်လာပြီးနောက် သူ၏မျက်လုံးအတွင်းမှ သွေးများယိုစီးကျလာသဖြင့် သူ မျက်လုံးစုံမှိတ်လိုက်သည်။
သက်ရှိများအားလုံးသည် လူသားဧကရာဇ်ကို ဝတ်ပြုကိုးကွယ်ရသော်လည်း ရှယင်သည် လျစ်လျှူရှုခဲ့ပေ၏။သူသည် ကြီးမားကျယ်ပြန်ပြီးကြီးကျယ်ခမ်းနားသော ဧကရာဇ်အရှိန်အဝါကြောင့် ဒဏ်ရာရရှိသွားကာ သူ၏မျက်လုံးများ ကန်းသွားလုမတတ်ပင်။
"လုယွီ...ငါက ဧကရာဇ်ကိုယ်တိုင် ချီးမြှင့်မြှောက်စားထားတဲ့ တော်ဝင်အမတ်ကြီးတစ်ပါးပဲ.....မင်း ငါ့ကို သတ်လို့မရဘူး"
ရှယင်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်ကာ သူသည် ရူးသွပ်သွားတော့မည့်အလားပင်။
သူသည် သူ၏လက်အတွင်းရှိ ရှန့်ဖန်းဓားကို တင်းတင်ကြပ်ကြပ်ဆုပ်ကိုင်ကာ အားကုန်ဝှေ့ယမ်းလိုက်သည်။သို့ရာတွင် သူ၏မျက်လုံးများဖြင့် မည်သည့်အရာကိုမျှ တွေ့မြင်နိုင်ခြင်း မရှိချေ။သူသည် သူရှေ့ရှိလေဟာနယ်ကို ခုတ်ပိုင်းနေခြင်းဖြစ်ပေ၏။