← Chapters

အခန်း (၄၅၄၁-၄၅၄၅)

Vol. 230 Ch. 4541-4545

အခန်း (၄၅၄၁-၄၅၄၅)

Vol. 230 Ch. 4541-4545

Chapter 4541

ချီတော်ဝင်နန်းတော်၏စာကြည့်ဆောင်တွင် ထောင်သောင်းချီသော စာအုပ်များရှိနေကာ ပင်လယ်သမုဒ္ဒရာကဲ့သို့ ကြီးမားကျယ်ပြန့်သည်။

အတိတ်တွင် ချီဧကရာဇ်ကျိုးကျင်းထန်သည် စာကြည့်ဆောင်အတွင်း၌ ​ဖြည့်တင်းရန်အတွက် နေရာဒေသအသီးသီးမှ စာအုပ်အမြောက်အများကို အထူးသီးသန့်စုဆောင်းခဲ့သည်။သူသည် သူတို့၏စာပေနှင့်ယဉ်ကျေးမှု အဆင့်အတန်း မည်မျှထိမြင့်မားသည်ကို တခြားလူများအား ပြသလိုခြင်းပင်။

သို့ရာတွင် ဤစာကြည့်ဆောင်အတွင်း၌ စာအုပ်များဖြင့် ပြည့်နှက်နေသော်လည်း လူတိုင်း ဝင်ခွင့်မရချေ။ကျိုးမိသားစု၏မင်းသားများကသာ ချီဧကရာဇ်၏ခွင့်ပြုချက်ဖြင့် ဝင်ရောက်ခွင့်ရှိသည်။

ယခုလက်ရှိချိန်တွင် လုယွီသည် ချီတော်ဝင်နန်းတွင်းကို ထိန်းချုပ်ထားနိုင်သဖြင့် ဤစာအုပ်များသည် အလင်းရောင်ကို တဖန်ပြန်၍ မြင်တွေ့ခွင့်ရလေပြီ။

စာအုပ်စင်များအကြားရှိ စားပွဲတစ်လုံးတွင် လုယွီ ထိုင်နေကာ သူ၏လက်အတွင်း၌ စာအုပ်တစ်အုပ်ကိုကိုင်ထားသည်။သူသည် ထိုစာအုပ်ကို ဂရုတစိုက်ဖတ်နေပေ၏။

အကယ်၍ ဤအချိန်အခိုက်အတန့်တွင် တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ပါက လုယွီ၏နဖူးတွင် ခပ်ဖျော့​ဖျော့သင်္ကေတတစ်ခုထွက်ပေါ်နေသည်ကို မြင်တွေ့ရပေမည်။ထိုသင်္ကေတသည် နဂါးတကောင်နှင့်ကျားတစ်ကောင်အသွင်သို့ ပြောင်းလဲကာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။

ဤနေရာတွင် စုဆောင်းထားသော စာအုပ်အများစုကို အဖိုးမဖြတ်နိုင်ဘဲ တချို့စာအုပ် များအား ပြင်ပလောက၌ရှာဖွေရန် အလွန်ခက်ခဲပေမည်။

စာပေအဆင့်အတန်းကို ပြသနိုင်ရန်အလို့ငှာ ချီဧကရာဇ်သည် ဟန်လင်းကျောင်းတော်ကို အထူးသီးသန့်တည်ဆောက်ပြီး သူ့အတွက် စာအုပ်များကိုရွေးချယ်ပေးရန် ကျောင်းတော်သားတချို့ကို ခန့်အပ်ခဲ့သည်။

ကံအကြောင်းမလှစွာဖြင့် သူသည် ဤစာအုပ်များကို အကုန်အစင်မဖတ်ရသေးမီမှာပင်သူ အလျင်စလို တည်ထောင်ခဲ့သော ချီအင်ပါယာသည် လုယွီကြောင့် ပျက်စီးသွားလေပြီ။

"ရှေးဟောင်းလူသားဧကရာဇ်က သက်ရှိတွေကြားမှာ ဘုရင်တစ်ပါးပဲ...သူက လူသားမျိုးနွယ်အတွက် သူရဲကောင်းတစ်ယောက်ဖြစ်ပေမယ့် နတ်ဆိုးမျိုးနွယ်အတွက်တော့ ကြမ်းကြုတ်တဲ့ရန်သူတစ်ယောက်ပဲ....အတိတ်မှာ လူသားဧကရာဇ်က လောကကြီးထဲမှာ အားအကောင်းဆုံးလူ မဟုတ်ခဲ့ဘူး....ဒါပေမဲ့ သူက သူ့ရဲ့သဘောသားကြီးတဲ့ စိတ်နှလုံးသားနဲ့ သက်ရှိတွေအားလုံးကို ပြုပြင်ပြောင်းလဲခဲ့တယ်...သူက အစတုန်းက သဘောထားကွဲလွဲနေတဲ့ အင်အားစုတွေအားလုံးကို သူ့ဆီမှာ တာဝန်ထမ်းဆောင်စေခဲ့တယ်...လူသားဧကရာဇ်သေဆုံးသွားတဲ့နောက်မှာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ အများကြီးက သူ့အတွက်လက်စားချေပေးဖို့ နတ်ဆိုးနယ်မြေထဲကို ပြေးဝင်သွားကြတယ်...ဒါက လူသားဧကရာဇ်ရဲ့အရှိန်အဝါပဲ"

"တခြားတစ်ဖက်မှာ အလယ်ခေတ်ကာလရဲ့ဧကရာဇ်တွေကတော့ အကွက်ချကြံစည်တဲ့ နည်းစနစ်တွေကို သုံးပြီးတော့ ရာနဲ့ချီတဲ့အရာရှိတွေကို ထိန်းချုပ်ဖို့ကြံစည်ခဲ့တယ်...သူတို့က ကြမ်းတမ်းတဲ့နည်းလမ်းတွေကို သုံးပြီးတော့ လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ စွမ်းအားတွေနဲ့ လူတွေကိုခြိမ်းခြောက်ပြီး ဖိနှိပ်ထားခဲ့တယ်...လူတွေအားလုံးက သူတို့ရဲ့စွမ်းအားတွေကို ကြောက်ရွံ့တာကြောင့် အညံ့ခံခဲ့ကြပေမယ့် ရိုးသားမှုမရှိဘူး...ဒါကြောင့် ရှေးဟောင်းခေတ်ကာလတုန်းက နောက်ကွယ်ကနေ အကောက်ကြံခံခဲ့ရတဲ့ ဧကရာဇ်တွေတောင် ရှိခဲ့တယ်.. ဧကရာဇ်တစ်ပါးဆိုရင် သူ့ရဲ့စွမ်းအားကိုသုံးပြီးတော့ နေရာဒေသအသီးသီးကို ဖိနှိပ်ထားနိုင်ခဲ့တယ်...ဒါပေမဲ့ သူ သေဆုံးပြီးတဲ့နောက်မှာ သူ့ရဲ့မျိုးဆက်တွေက အဲ့ဒီလိုအမြင့်မျိုးထိ မရောက်နိုင်တော့ဘူး...သူတို့က တခြားလူတွေ အညံ့ခံလာအောင် မလုပ်နိုင်ဘူး...ဒါကြောင့် မကြာခင်မှာပဲ သူတို့က ထီးနန်းကိုစွန့်လွတ်လိုက်ရတယ်"

"လောကကြီးထဲမှာ ဧကရာဇ်တွေ အများကြီးရှိပေမယ့် သူတို့မှာ သူတော်စင်တွေရဲ့စိတ်နေသဘောထားမျိုး မရှိဘူး.. ဒါကြောင့် သူတို့ကို လူသားဧကရာဇ်တွေလို့ ယူဆလို့မရဘူး"

လုယွီသည် ထိုစာအုပ်ကို ဖတ်ပြီးချိန်၌ သူ၏မျက်လုံးများကိုစုံမှိတ်ကာ ဂရုတစိုက်လေ့လာဆင်ခြင်လိုက်သည်။

ဤသည်မှာ အလယ်ခေတ်အတွင်းရှိ မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်မှ ရေးသားခဲ့သောစာအုပ်တစ်အုပ်ပင်။ထိုအရာအတွင်း၌ သာမာန်လူများ သိရှိနိုင်မည်မဟုတ်သော အမှန်တရားအမြောက်အများနှင့်ကိစ္စဟောင်းတချို့ကို မှတ်တမ်းတင်ထားသည်။

လေ့လာသင်ယူခြင်းသည် အကန့်အသတ်မရှိချေ။လုယွီသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို ပိုင်ဆိုင်ထားကာ သူ့ထံ၌ ဘဝနှစ်သက်စာမှတ်ဉာဏ်များ ရှိသည့်တိုင် သူ လေ့လာသင်ယူရန်လိုအပ်သော အရာအမြောက်အများရှိနေဆဲပင်။

သူ ကိစ္စတချို့ကို လေ့လာသင်ယူသည့်အချိန်၌ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာသည် သူ၏မူလဘူတစိတ်ဝိညာဥ်ရှေ့သို့ မျောလွင့်လာကာ သူ၏ခန္ဓာကိုယ်အတွက် သန့်စင်သော စိတ်ဝိညာဥ်စွမ်းအားများကို ထောက်ပံ့ပေးသည်။

ဤသည်ကြောင့် သူ၏ကျင့်ကြံမှုအရှိန်နှုန်းသည် ကြောက်မက်ဖွယ်ကောင်းအောင် မြင့်မားနေပေ၏။

လုယွီ၏တွက်ချက်မှုအရ သူသည် သုံးနှစ်အတွင်းတွင် ရွှယ်အင်မော်တယ်အလယ်အလတ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပေမည်။

သုံးနှစ်သည် သာမန်လူများအတွက်ပင် ကြာမြင့်သောအချိန် မဟုတ်ချေ။ကျင့်ကြံသူများအတွက်မူ ဤသည်မှာ ကြယ်တစ်စင်း ကြွေကျသည့်အလား အလွန်လျှင်မြန်သည်။

မိုးနှင့်မြေအကြားတွင် ကြီးမားသောပြောင်းလဲမှုများ ဖြစ်ပွားလာလေပြီ။သူသည် ကျိုးမိသားစုဘိုးဘေးနှင့် တိုက်ခိုက်စဉ်အချိန်၌ သူ၏အားနည်းချက်များ သိသာထင်ရှားစွာ ထွက်ပေါ်လာပေ၏။

"ဒီနေ့ ငါ့ရဲ့စိတ်ထဲမှာ မလိုလားတဲ့အတွေးတွေ ရှိနေတယ်...ငါက စာဆက်ရေးလို့ မဖြစ်တော့ဘူး"

လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြီး စားပွဲပေါ်ရှိ တောင်တန်းနှင့်ပင်လယ်ကျမ်းစာကို ပြန်လည်၍ရုပ်သိမ်းလိုက်သည်။

သူသည် စာကြည့်ဆောင်အတွင်း၌ နေထိုင်နေကာ သူ တစ်စုံတစ်ခုကို ခံစားမိသည့်အချိန်၌ ကျမ်းစာကိုရေးသားခဲ့သည်။တောင်တန်းနှင့်ပင်လယ်ကျမ်းစာသည် တစတစပြီးပြည့်စုံလာကာ အတွင်း၌ မဟာတာအိုဥပဒေသ၏အရိပ်အယောင် တစွန်းတစပါဝင်နေလေပြီ။

ဤအချိန်အခိုက်အတန့်၌ လုယွီက တစ်စုံတစ်ခုကို ရုတ်တရက်အာရုံခံမိလေ၏။ထို့နောက် သူသည် ခေါင်းမော့ပြီး စားပွဲ၏ရှေ့သို့ ကြည့်လိုက်သည်။

Chapter 4542

ဤစာကြည့်ဆောင်ကို ပုန်းကွယ်နဂါးစစ်တပ်မှ ကာကွယ်စောင့်ကြပ်ထားသည်။သာမန်အားဖြင့် အခွင့်အာဏာမရှိသော တစ်စုံတစ်ယောက်သည် ဤနေရာသို့ ချဥ်းကပ်လာဝံ့ပါက စိတ်ဝိညာဉ် ဖြိုခွင်းခြင်းဒူးလေးများဖြင့် ပစ်သတ်ခြင်းကို ခံရပေမည်။

စာကြည့်ဆောင်အတွင်းသို့ ဝင်ခွင့်ရသည်မှာ လူအနည်းစုသာရှိပြီး သူတို့သည် လုယွီ၏သစ္စာရှိလူယုံများပင်။

တံခါးပွင့်သွားပြီးနောက် လူလတ်ပိုင်းကြီးတစ်ယောက် အတွင်းသို့ဝင်ရောက်လာသည်။ဤသည်မှာ ဖေးထျန်ကွမ်းပင်။

လုယွီသည် စားပွဲ၌ထိုင်နေဆဲ ဖြစ်သည်ကိုကြည့်ပြီး ဖေးထျန်ကွမ်းက ဦးညွှတ်အရိုအသေပြုလိုက်သည်။

"အရှင့်ကို အရိုအသေပြုပါတယ်"

လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုသည်။

"ထုံးတန်းစဥ်လာတွေ လုပ်နေဖို့မလိုဘူး.. တစ္ဆေတောင်ကြားကျောင်းတော်က ဘယ်လိုအခြေအနေ ဖြစ်သွားပြီလဲ"

"အရှင်....ငါက အဲ့ဒီကိစ္စကို သေသေချာချာစစ်ဆေးပြီးပါပြီ...တစ္ဆေတောင်ကြားကျောင်းတော်ကို တည်ဆောက်မှုက ပြီးစီးသွားပြီ...ကုန်ကျစရိတ်က စုစုပေါင်း အင်မော်တယ်ကျောက်တုံးသန်းလေးရာငါးဆယ် ကုန်သွားခဲ့တယ်...ကျန်းရီရဲ့နောက်လိုက်တွေက ကျောင်းတော်ထဲကို ဝင်လာပြီးတော့ သင်ကြားရေးကို တာဝန်ယူထားတယ်...ကျောင်းတော်ထဲကိုဝင်လာမယ့် တပည့်ပထမအသုတ်က လူဦးရေနှစ်ထောင်ကျော်ရှိတယ်...သူတို့က နေရာဒေသအသီးသီးကနေ ရွေးချယ်ထားတဲ့ လက်ရွေးစင်တပည့်တွေပဲ"

ဖေးထျန်ကွမ်းက သတင်းပို့သည်။

လေ့ကျင့်ရေးစစ်စခန်းသုံးခုနှင့် တစ္ဆေတောင်​ကြားကျောင်းတော်တို့သည် ရှင်းယန်မြို့အတွင်း၌ လုယွီ တည်ထောင်ထားခဲ့သည့် အရေးပါသောနေရာများပင်။

ဤသည်မှာ ပုန်းကွယ်နဂါးစစ်တပ်နှင့် ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့တို့ကို အင်အားပြန်လည်​ဖြည့်တင်းပေးရန်အတွက်ပင်။ထိုနေရာများ ရှိနေသရွေ့ အဓိကအင်အားစုနှစ်စုထံတွင် သွေးသစ်များ အစဉ်အမြဲစီးဆင်းနေပေမည်။

"မင်း သူတို့နဲ့ အရင်က စကားပြောကြည့်ပြီးပြီမဟုတ်လား...မင်း ဘယ်လိုသဘောရလဲ"

လုယွီက မေးမြန်းသည်။

ဖေးထျန်ကွမ်းသည် အချိန်တခဏကြာခန့် တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ပြောဆိုလေ၏။

"သူတို့ရဲ့ စကားလုံးနဲ့အပြုအမူတွေက ရန်သူတွေရဲ့စိတ်နှလုံးသားကို တိုက်ခိုက်ဖို့အတွက် အရမ်းကောင်းတယ်"

လုယွီသည် မည်သည့်အရာတစ်ခုကိုမျှ မပြောဆိုသည်ကိုကြည့်ပြီး ဖေးထျန်ကွမ်းက ဆက်လက်၍ပြောဆိုသည်။

"အရှင်...မင်းက အဲ့ဒီလူတစ်စုကို တကယ်ကြီး ပျိုးထောင်မလို့လား...အဲ့ဒီလူတွေကို တကယ်ကြီး ထိန်းချုပ်ထားနိုင်မှာလား...ရှေးဟောင်းခေတ်အချိန်ကာလအတွင်းမှာတောင် ကျိုးဟုန်မိသားစုမှာ ဒီလိုမျိုး ကြီးမားတဲ့ဖွံ့ဖြိုးတိုးတက်မှုမျိုး မရှိခဲ့ဖူးဘူး"

ဖေးထျန်ကွမ်းသည် ကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်ဖြစ်သဖြင့် ထိုကျင့်ကြံသူများအပေါ် အထင်အမြင်သေးသည်။

ရှေးဟောင်းခေတ် အချိန်အတောအတွင်းတွင် ကျိုးဟုန်မိသားစုသည် ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်သော အင်အားစုငယ်လေးတစ်ခုပင်။သူတို့ထံတွင် လူနည်းစုသာရှိပြီး ကျိုးဟုန်ကျောင်းတော်သည် စည်းမျဥ်းဥပဒေကျောင်းတော် ကွန်ဖြူးရှပ်ကျောင်းတော်နှင့် စစ်ရေးကျောင်းတော်တို့လောက် အစွမ်းထက်ခြင်းမရှိချေ။

ဤတစ်ကြိမ်၌ လုယွီသည် ကျိုးဟုန်ကျောင်းတော်အတွက် လမ်းကြောင်းသစ်တစ်ခုကို ဖောက်ပေးခဲ့သည်။သူတို့အား အခွင့်အရေးတစ်ခုပေးကာ သူတို့၏အင်အားများကို ကြီးထွားလာခွင့်ပြုခဲ့လေ၏။

သို့ရာတွင် ဤသည်မှာ ကျန်းရီတစ်ယောက်တည်းမဟုတ်ဘဲ ကျိုးဟုန်မိသားစုတစ်စုလုံးပင်။ဤလူများ၏စိတ်နှလုံးသားအတွင်းတွင် ကြီးမားသောအကြံအစည်များ ရှိနေနိုင်သည်။အကယ်၍ လူတစ်ယောက်နှစ်ယောက်သာ ရှိနေပါက အဆင်ပြေနိုင်သော်လည်း လူအမြောက်အများကို ပျိုးထောင်မည်ဆိုပါက သူတို့အား ထိန်းချုပ်ရန် အလွန်ခက်ခဲပေမည်။

"ဒါက ပြဿနာမရှိဘူး...သူတို့က အသုံးဝင်တယ်...နည်းဗျူဟာပညာရှင်တွေ သူလျှိုတွေသတင်းပေးတွေဆိုတာက စစ်ရေးအရာရှိတွေ ဒါမှမဟုတ် အုပ်ချုပ်ရေးအရာရှိတွေ လုပ်နိုင်တဲ့ကိစ္စမဟုတ်ဘူး... သူတို့မှာလည်း သူတို့ရဲ့ကိုယ်ပိုင်အသုံးဝင်မှု ရှိတယ်...နောင်အနာဂတ်မှာ သူတို့ရဲ့အရည်အချင်းတွေကို ထုတ်ပြရမယ့်နေရာတွေ ရှိလာလိမ့်မယ်"

တစ္ဆေတောင်ကြားကျောင်းတော်ကို တည်ဆောက်ရခြင်း၏ရည်ရွယ်ချက်မှာ လုယွီသည် နံပါတ်လေးတပ်ရင်းထံမှနေ၍ အတွေ့အကြုံများ ရရှိခဲ့သောကြောင့်ပင်။

အတိတ်တွင် အသိပညာဗဟုသုတကြွယ်ဝခြင်းမရှိသော စစ်ရေးအကြံပေးတစ်ယောက်မှ နံပါတ်လေးတပ်ရင်းကို အုပ်ချုပ်ခဲ့သဖြင့် စစ်သားများနှင့်စစ်ဗိုလ်ချုပ်အမြောက်အများ သေဆုံးသွားခဲ့သည်။အတွေ့အကြုံမရှိသောတပ်မှူးတစ်ယောက်သည် စစ်တပ်တစ်တပ်လုံးအတွက် ကပ်ဘေးကြီးတစ်ခုဖြစ်လာရန် လုံလောက်သည်။

တစ္ဆေတောင်ကြားကျောင်းတော်သည် စစ်တပ်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပေမည်။ဤကျောင်းတော်သားများသည် နောင်အနာဂတ်၌ ကျွမ်းကျင်ပညာရှင်များဖြစ်လာကာ ကောင်းကင်ဘုံနယ်မြေ၏ထောင့်တနေရာတိုင်းသို့ သွားနိုင်ပေမည်။

"အရှင်က ဉာဏ်ပညာကြီးမားပါပေတယ်"

ဖေးထျန်ကွမ်းက ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုသည်။

"ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့က တာယွီတော်ဝင်နန်းတွင်းရဲ့ ကိစ္စတွေကိုလည်း သေသေချာချာစုံစမ်းစစ်ဆေးပြီးပြီ....ကျိုးယွမ်ယန်ကို အကြံဉာဏ်ပေးတဲ့လူက တော်ဝင်နန်းတွင်းရဲ့ကျောင်းတော်သားတစ်ယောက်ဖြစ်တဲ့ ဟွမ်ကျီးချန်ပဲ...သူက မင်း နယ်မြေတစ်ခုကိုအုပ်ချုပ်နေတာကြောင့် အချိန်ကြာလာရင် ကျိုးတော်ဝင်မိသားစုရဲ့အုပ်ချုပ်မှုအပေါ် အန္တရာယ်ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့တယ်...ဒါကြောင့် သူက လှုပ်ရှားမှုတစ်ခုကို လုပ်ခဲ့ပြီးတော့ ငါတို့ရဲ့မတည်ငြိမ်သေးတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး စစ်တပ်အခွင့်အာဏာကို သိမ်းပိုက်ချင်တာပဲ"

ဖေးထျန်ကွမ်းက အပြုံးနှင့်ပြောဆိုသည်။

"အဲ့ဒီကျောင်းတော်သားက ရူးသွပ်နေတာပဲ...သူက စစ်တပ်အမိန့်အာဏာကို လုယူလိုက်တာနဲ့ ပုန်းကွယ်နဂါးစစ်တပ်ကို အမိန့်ပေးနိုင်ပြီလို့ ထင်နေတယ်...သူက အရမ်းနုံအတာပဲ...ပိုပြီးရယ်စရာကောင်းတာက ကျိုးယွမ်ယန်က ဟွမ်ကျီးချန်ကို အရမ်းယုံကြည်နေပြီးတော့ သူ့ကို နန်းတွင်းထံ တံခါးမရှိဓားမရှိ ဝင်ထွက်ခွင့်ပြုထားတာပဲ...သူက ဟွမ်ကျီးချန်ကို နန်းတော်ထဲမှာတောင် နေစေချင်ခဲ့တယ်"

"ကျောင်းတော်သားတစ်ယောက်ကို ဘာမှစိုးရိမ်ပူပန်ဖို့ မလိုဘူး"

လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"မင်းမှာ တခြားဘာသတင်းတွေ ရှိသေးလဲ"

"ကျိုးအင်ပါယာက ကြံစည်နေတာ အချိန်အတော်ကြာနေပြီ..ငါတို့တောင်မှ ဒီကိစ္စကို မျှော်လင့်မထားမိဘူး...စုံစမ်းစစ်ဆေးရေးမှူးတွေထဲက အများစုက သူတို့နဲ့ တိတ်တဆိတ်ဆက်သွယ်ထားပြီးတော့ အရှုံးပေးအညံ့ခံလိုက်ကြတယ်..ကျန်းရီရဲ့ခန့်မှန်းချက်အရတော့ အဲဒီစစ်ဆေးရေးမှူးတွေက ထျန်းကြွယ် ဝူလျန့် ခွန်းလွန် ကြယ်နယ်မြေသုံးခုကပဲ...သူတို့ကမကြာခင်မှာပဲ ကျိုးအင်ပါယာအပေါ် သူတို့ရဲ့သစ္စာစောင့်သိမှုကို ထုတ်ပြန်ကြော်ညာမယ်လို့ ငါ သတင်းရထားတယ်"

ဖေးထျန်ကွမ်းသည် အချိန်တစ်ခဏကြာခန့် စဉ်းစားပြီးနောက် ဆက်လက်၍ပြောဆိုလိုက်၏။

"တချို့တွေကတော့ အရှင်က ကျိုးယွမ်ယန်ကို ဖမ်းဆီးသတ်ဖြတ်ပြီးတော့ ဧကရာဇ်တစ်ပါးအဖြစ် ထုတ်ပြန်ကြေညာသင့်တယ်လို့ အကြံပေးနေကြတယ်"

Chapter 4543

"ကျိုးယွမ်ယန်ကိုဖမ်းပြီးတော့ ငါက ဧကရာဇ်တစ်ပါးအဖြစ် ထုတ်ပြန်ကြော်ညာရမှာလား..ဒါက အလှမ်းကျယ်ပြီးတော့ ကြမ်းတမ်းတဲ့နည်းလမ်းတစ်ခုပဲ..ဧကရာဇ်တစ်ပါးက ကိစ္စတွေကို လုပ်ဆောင်တဲ့ နည်းလမ်းမျိုးမဟုတ်ဘူး...ငါ့မှာ ဒီကိစ္စအတွက် ငါ့ရဲ့ကိုယ်ပိုင်အစီအစဉ်တွေရှိတယ်...မင်း ဘာမှ ထပ်ပြောဖို့မလိုဘူး"

လုယွီသည် ကိစ္စတချို့ကို မှန်းဆထားပြီးဖြစ်သော်လည်း ဖေးထျန်ကွမ်းသည် ဤကဲ့သို့ တုန်လှုပ်ဖွယ်ကောင်းသောသတင်းကို သူ့ထံသို့ အမှန်တကယ် သယ်ဆောင်လာခဲ့သည်။

အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် လုယွီသည် ပြတ်ပြတ်သားသားငြင်းဆန်လိုက်၏။

သူသည် သူ၏နာမည်နှင့်ဖြောင့်မတ်မှန်ကန်မှုတို့ ရှိနှင့်ပြီးဖြစ်သဖြင့် ဤကဲ့သို့ အထူးနည်းလမ်းတစ်ခုကို အသုံးပြုရန် မလိုအပ်တော့ချေ။

"အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ စစ်ပွဲဖြစ်နေတာ အချိန်အတော်ကြာနေပြီ...ဒါကြောင့် ထိခိုက်ပျက်စီးတဲ့နေရာတွေ အများကြီးရှိနေတယ်...ငါတို့က အကြီးစားတိုက်ခိုက်မှုတစ်ခု ထပ်ပြီးလုပ်မယ်ဆိုရင် သင့်တော်မှာမဟုတ်ဘူး...မင်းက မြို့ကိုပြင်ဆင်ဖို့အတွက် ငွေကြေးနဲ့အထောက်အပံ့ပစ္စည်းတွေ ပြင်ဆင်ထားရမယ်...ဘာတစ်ခုကိုမှ လျော့သွားလို့မရဘူး...အုပ်ချုပ်ရေးအဖွဲ့က လမ်းတွေပေါ်မှာရှိတဲ့ တောပုန်းဓားပြတွေကို ရှင်းလင်းပြီးတော့ ကုန်သည်တွေကို ကာကွယ်ပေးရမယ်...အရင်ဆုံး အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို အရင်လိုပြန်ပြီးစည်ကားလာအောင် လုပ်ရမယ်"

လုယွီက ယုံကြည်ချက်အခိုင်အမာရှိသောလေသံဖြင့် ပြောဆိုသည်။သူသည် စစ်ရေးနှင့်အုပ်ချုပ်ရေးကိစ္စများကို ဖြေရှင်းချိန်၌ အလွန်တည်ငြိမ်ပေ၏။

သူသည် တော်ဝင်စာမေးပွဲ၌ ထိပ်သီးကျောင်းတော်သားတစ်ယောက်ဖြစ်ခဲ့ကာ ကြုံရာကျပန်းခန့်အပ်ခြင်းခံထားရသော အရာရှိတစ်ယောက်မဟုတ်ချေ။ထိုကြောင့် သူသည် စစ်ရေးနှင့်အုပ်ချုပ်ရေးကိစ္စများကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပေ၏။

"ဟုတ်ကဲ့ပါ အရှင်"

ဖေးထျန်ကွမ်းထွက်ခွာသွားပြီးနောက် လုယွီက စာအုပ်များကို ဆက်လက်ဖတ်ရှုရင်း ကျင့်ကြံလိုက်သည်။

စိတ်ဝိညာဉ်ချီစွမ်းအား ပမာဏအမြောက်အများသည် လုယွီထံဦးတည်၍ အရူးအမူးတိုးဝင်လာပေ၏။ထိုစိတ်ဝိညာဥ်ချီစွမ်းအားများသည် အခိုးအငွေ့များအလား သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာကာ သူ၏မရီဒါန်းးများအတွင်း၌ ပြည့်နှက်သွားသည်။သူ၏ကျင့်ကြံမှုအရှိန်နှုန်းသည် ကြောက်မက်ဖွယ်ကောင်းသောအဆင့်သို့ ရောက်ရှိနေလေပြီ။

....

ရှင်းယန်မြို့၏အထက်ရှိ မိုးကောင်းကင်ယံအတွင်းတွေ တလိမ့်လိမ့်ထနေသော စိတ်ဝိညာဥ်ချီစွမ်းအားများသည် နဂါးတကောင်အလား လူးလွန်နေကာ ပတ်ဝန်းကျင်နေရာတဝိုက်၌ အကန့်အသတ်မရှိ ရစ်သိုင်းလွှမ်းခြုံနေသည်။

နွေဦးအချိန်ကာလဖြစ်သဖြင့် အပူချိန်သည် အလွန်မြင့်မားနေလေပြီ။လူများအားလုံးသည် နွေဦးနှင့်သက်ဆိုင်သော အရာများဖြင့် သူတို့၏အိမ်များကို အလှဆင်ထားကြသည်။ဤသည်မှာ အလွန်သာယာကြည်နူးဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

မနက်ခင်းအချိန်၌ မိုးကောင်းကင်ယံကြီးအတွင်းတွင် နေမင်းကြီး ထွန်းလင်းနေလေပြီ။ စျေးသည်များသည် သူတို့၏ဆိုင်များကိုဖွင့်ကာ ပစ္စည်းများကိုခင်းကျင်းပြီး စတင်၍ရောင်းချနေကြသည်။

ဤသည်မှာ ရှင်းယန်မြို့အတွင်းရှိ စျေးများအနက်မှတစ်ခုဖြစ်သော နွေဦးငြိမ်းချမ်းရေးစျေးပင်။

လုယွီသည် မြို့ရိုး​များအားဖြိုချရန် အမိန့်ပေးပြီးနောက် ​လမ်းမကြီးဆယ့်ငါးလမ်းကိုလည်း တည်ဆောက်ရန် ညွှန်ကြားလိုက်၏။ထို့ပြင် ကန့်လန့်ဖြတ်လမ်းသွယ် အမြောက်အများလည်း ရှိနေသဖြင့် လူများဖြတ်သန်းသွားလာရန် အလွန်အမင်းအဆင်ပြေချောမွေ့သည်။။ထိုသတင်းကိုကြားချိန်၌ မရေမတွက်နိုင်သောကုန်သည်များ ရှင်းယန်မြို့သို့ ရောက်ရှိလာသည်။ချီအင်ပါယာ ပျက်စီးသွားပြီးနောက် မကြာမီမှာပင် ရှင်းယန်မြို့အတွင်း၌ စည်ကားသိုက်မြိုက်လာပေ၏။

မူလက ဖေးထျန်ကွမ်းသည် စျေးတချို့ကိုထပ်မံ၍တည်ဆောက်ရန် အကြံပြုခဲ့သော်လည်း ဤသည်မှာ လုံလောက်ခြင်းမရှိချေ။ရှင်းယန်မြို့အတွင်း၌ တရားဝင်စျေးဆယ့်ရှစ်စျေးအပြင် စျေးငယ်လေးများ အမြောက်အများရှိနေသည်။မြို့၏စီးပွားရေးတိုးတက်မှု အခြေအနေသည် အထွတ်အထိပ်သို့ ရောက်ရှိနေပေ၏။

စီးပွားရေးအခွန်အခ တစ်ခုတည်းသက်သက်ဖြင့် ရှင်းယန်မြို့၏ဘဏ္ဍာတိုက်ကို ဖြည့်တင်းနိုင်သည်။လုယွီသည် ဤငွေကြေးများဖြင့် ပုန်းကွယ်နဂါးစစ်တပ်နှင့် ကောင်းကင်ကွန်ယက်သူလျှိုအဖွဲ့၏ ကြီးမားသောအသုံးစရိတ်များကို ကာမိသည်။

ရှင်းဟန်မြို့သည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေကာ လူများစည်ကားသိုက်မြိုက်နေသဖြင့် အရပ်ဒေသအသီးသီးမှ ကုန်သည်များကို ဆွဲဆောင်နိုင်ခဲ့သည်။

"ဆန်မုန့်တွေရမယ်...အခုမှ မုန့်အိုးထဲက ထုတ်လာတဲ့ ဆန်မုန့်ပူပူလေးတွေ ရမယ်"

"ဒါက သန့်ရှင်းရေးမလုပ်ရသေးတဲ့ ရှေးဟောင်းရတနာတွေပဲ.. ကံစပ်တဲ့လူက အရမ်းအဖိုးတန်တဲ့ ရတနာတွေကို ရနိုင်တယ်...ဒီနေရာကိုလာပြီး တစ်ချက်ကြည့်ကြပါအုံး"

"လူရိုင်းကြယ်မြစ်ရဲ့နတ်ဆိုးသားရဲတွေက မွေးမြူဖို့အတွက် အရမ်းသင့်တော်တယ်...လေလံစပေးဈေးက အင်မော်တယ်ကျောက်တုံးတစ်ထောင်ပဲ"

လူအများ၏စျေးရောင်းချနေသောအသံများသည် လမ်း၏ဘေးတစ်ဖက်တချက်မှ ထွက်ပေါ်နေပေ၏။

ဤအချိန်အခိုက်အတန့်တွင် စျေးအတွင်း၌ လူအမြောက်အများ သွားလာလှုပ်ရှားနေကာ အလွန်အသက်ဝင်သည်။

လေထုအတွင်း၌ လမ်း၏ဘေးတဖက်တချက်တွေရှိ မုန့်ဆိုင်များမှ မုန့်များ၏ရနံ့များ ပျံ့လွင့်နေသည်။ထိုကြောင့် လူအမြောက်အများသည် ရပ်တန့်ပြီး ထိုမုန့်များကို မြည်းစမ်းကြည့်လိုစိတ်များ ပေါက်ဖွားလာသည်။

"အမကြီးစု.... ဒီချိုချဉ်ချောင်းက အရမ်းအရသာရှိတာပဲ...နင်လည်း မြည်းကြည့်ပါအုံး"

လူအုပ်အကြားတွင်ရှိနေသော ကလေးမလေးတစ်ယောက်သည် သူမ၏လက်အတွင်း၌ ချိုချဉ်​ချောင်းတစ်ခုကို ကိုင်ထားကာ လမ်းလျှောက်ရင်းစားနေသည်။

ထိုကလေးမလေး၏နံဘေးတွင် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးအစေခံတစ်ယောက် မတ်တတ်ရပ်နေသည်။သူမသည် လက်ကိုင်ပဝါတစ်ထည်ကို ကိုင်ထားကာ ရံဖန်ရံခါ၌ ကလေးမလေး၏ပါးစပ်ကိုသုတ်ပေးနေလေ၏။

"သခင်မလေးနျူနျူ....ရှေ့မှာ သရေစာမုန့်တွေ အများကြီးကျန်သေးတယ်...ဖြည်းဖြည်းစားပါ"

နူနျူက သူမ၏ဗိုက်ကိုပုတ်ပြီး ညည်းတွားလိုက်သည်။

"အိုက်ယား...ငါက တခြားမုန့်တွေကို အရသာခံကြည့်ချင်သေးတယ်...ဒါပေမဲ့ ငါ ဗိုက်ပြည့်နေပြီ"

နျူနျူသည် ချီတော်ဝင်နန်းတော်အတွင်း၌ အမြဲတစေနေထိုင်ရသည်မှာ ပျင်းရိလာသဖြင့် ပြင်ပသို့ ထွက်လာခြင်းဖြစ်သည်။

ကလေးမလေးတစ်ယောက်အတွက်။ချီတော်ဝင်နန်းတော်သည် ကျယ်ဝန်းသော်လည်း သာယာဝပြောခြင်းမရှိချေ။လုယွီသည် ချီတော်ဝင်နန်းတော်အတွင်းရှိ နန်းတွင်းအစေခံများနှင့်မိန်းမစိုးများအားလုံးကို နှင်ထုတ်ခဲ့သဖြင့် နန်းဆောင်တိုင်းတွင် အလွန်ခြောက်ကပ်နေပေ၏။

Chapter 4544

ကလေးမလေးတစ်ယောက်အတွက် နန်းတော်အတွင်း၌ အချိန်ကြာမြင့်စွာနေထိုင်ရကာ နန်းတော်နံရံ၏ပြင်ပရှိ စည်ကားနေသော ဆူညံသံများကို နားထောင်ရသည့်ကိစ္စမှာ အမှန်တကယ်ကို သည်းမခံနိုင်သည့်အရာပင်။

ထိုကြောင့် နျူနျုသည် နန်းတော်အတွင်းမှ ခိုးထွက်လာခဲ့ခြင်း ဖြစ်ပေ၏။

"သခင်မလေးနျူနျူ...ငါတို့တွေ ခဏလောက် လှည့်ပတ်သွားပြီးရင် ပြန်သင့်ပြီ နေ့လည်ကျရင် ဆရာစန်ရဲ့အတန်းရှိတယ်"

နျူနျူ၏နံဘေးတွင်ရှိနေသော မိန်းကလေးက ပြောဆိုသည်။

နျူနျူက နှုတ်ခမ်းစူပြီး ပြောဆိုလိုက်၏။

"ကောင်းပြီ ကောင်းပါပြီ..ငါ နားထောင်ပါ့မယ်"

ထိုမိန်းကလေးနှစ်ယောက်သည် လမ်းပေါ်၌ ဆက်လက်၍ လျှောက်လှမ်းလိုက်ကြ၏။တစ်ယောက်ထံတွင် သာလွန်ထူးကဲသောအသွင်အပြင်နှင့်စိတ်နေသဘောထားတို့ရှိကာ တခြားတစ်ယောက်သည် ကြွေရုပ်ကလေးအလားပင်။သူမတို့နှစ်ယောက် သွားလာလှုပ်ရှားနေသည်မှာ အလွန်ချစ်စဖွယ်ကောင်းသဖြင့် လူတချို့၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

နျူနျူသည် လမ်းလျှောက်နေရင်း လမ်း၏ဘေးဘီဝဲယာကို အဆက်မပြတ်ကြည့်နေလေ၏။သူမ မည်သည့်နေရာသို့ ကြည့်သည်ဖြစ်စေ သူမအတွက် အရာအားလုံး ထူးဆန်းနေသည်။

"အစ်မကြီးစု...အဲ့ဒီနေရာမှာ မြင်းပေါက်လေးတစ်ကောင် ရှိနေတယ်"

နျုနျူသည် ရုတ်တရက် အနီးရှိ ဆိုင်တစ်ဆိုင်ကိုသတိပြုမိသွားလေ၏။သူမ၏မျက်လုံးများ တောက်ပသွားကာ ထိုနေရာသို့ အပြေးသွားလိုက်သည်။

ဤသည်မှာ နတ်ဆိုးသားရဲများကို အထူးသီးသန့်ရောင်းချသော ဈေးဆိုင်တစ်ဆိုင်ပင်။

နတ်ဆိုးသားရဲများကို ရောင်းချရာ၌ တာဝန်ယူထားသော ဈေးရောင်းသူသည် ထူးဆန်းသောဝတ်စုံကို ဝတ်ဆင်ထားပေ၏။ထို့ပြင် သူ၏ခေါင်း၌ ထူထဲသောခေါင်းစီးတစ်ခုကို ပတ်ထားသည်။သူ၏အသားအရေသည် မဲနက်နေကာ သူ့ထံ၌ ရှည်လျားသောမုတ်ဆိတ်မွေးများ ရှိသည်။သူ့ကိုကြည့်ရသည်မှာ အရှေ့အောင်နိုင်ခြင်းကြယ်​မြစ်အတွင်းရှိ နေရာဒေသအသီးသီးမှလူများနှင့် အလွန်အမင်းကွဲပြားခြားနားနေပေ၏။

ပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာများသည် ဤကုန်သည်များကို မြင်တွေ့ချိန်တွင် အံအားသင့်မှုကို မခံစားရ​ချေ။လူတချို့သည် နတ်ဆိုးသားရဲများကို စိတ်ဝင်စားသဖြင့် ရှေ့သို့တိုးလာကာ ကုန်သည်များနှင့် စကားပြောဆိုခြင်းများပင် ပြုလုပ်ကြသည်။

ဤကုန်သည်များသည် လူရိုင်းများဖြစ်ပြီး လူရိုင်းကြယ်မြစ်မှ ရောက်ရှိလာခြင်းပင်။

လူရိုင်းကြယ်မြစ်သည် ကောင်းကင်ဘုံနယ်မြေ၏တောင်ဘက်အကျဆုံးအပိုင်း၌ တည်ရှိသည်။ဤကြယ်နယ်မြေသည် အလွန်ကျယ်ဝန်းကာ နေရာအများစုသည် ယခုချိန်ထိတိုင် ဖွံ့ဖြိုးတိုးတက်မှု မရှိသေးချေ။ထိုနေရာတွင် အကန့်အသတ်မရှိသော သစ်တောများရှိကာ တစ္ဆေငိုသံတောင်ကြားနှင့်မီးတိမ်တိုက်သဲကန္တာရတို့ ရှိသည်။ထို့ပြင် လူရိုင်းကြယ်မြစ်၌ လူသားများအတွက် တားမြစ်ထားသော နေရာအမြောက်အများရှိပေ၏။

လူရိုင်းကြယ်မြေအတွင်းရှိ လူအများစုသည် လူရိုင်းများပင်။သူတို့သည် မတူကွဲပြားသော မျိုးနွယ်များမှ ဆင်းသက်လာခြင်းဖြစ်သည်။

ဤလူရိုင်းများသည် အချိန်အတော်ကြာပညာသင်ယူပြီးနောက် သူတို့သည် တော်ဝင်နန်းတွင်းနှင့်တခြားဒေသအသီးသီးကို ဆက်ဆံနိုင်သော ဘာသာစကားအား တတ်ကျွမ်းလာခဲ့သည်။သူတို့အနက်မှတချို့သည် တော်ဝင်နန်းတွင်း၌ စစ်ဗိုလ်ချုပ်များနှင့်အရာရှိများပင် ဖြစ်နေလေပြီ။

လူရိုင်းကြယ်မြစ်တွင် အဖိုးတန်ရှားပါးသော ရတနာအမြောက်အများ ရှိနေခြင်းကြောင့် ချမ်းသာကြွယ်ဝကာ သူတို့၏နယ်မြေအတွင်း သံမဏိများ နတ်ဆိုးသားရဲများနှင့်ဆေးဘက်ဝင်အပင်များကြောင့် နာမည်ကျော်ကြားသည်။

နတ်ဆိုးသားရဲများသည် လူရိုင်းကြယ်မြစ်၏ အထိမ်းအမှတ်သင်္ကေတပင်။

အလယ်ခေတ်အတွင်း၌ ရှေးဟောင်းနတ်ဆိုးသားရဲမျိုးစိတ်အမြောက်အများသည် မျိုးတုန်းပျောက်ကွယ်သွားခဲ့သော်လည်း လူရိုင်းကြယ်မြစ်အတွင်းရှိ ဝေးလံခေါင်သီသော ကြယ်နယ်မြေတချို့၌ ထိုသားရဲများ၏အရိပ်အယောင်များကို တွေ့မြင်နိုင်သည်။

နတ်ဆိုးသားရဲများကို ရောင်းချသော ကုန်သည်လူရိုင်းများသည်လည်း ကျင့်ကြံသူများဖြစ်ပေ၏။

"မိန်းကလေးတို့က ဒီသားရဲကို သဘော​ကျနေတာလား"

လူရိုင်းကုန်သည်တစ်ယောက်က ရှေ့သို့လျှောက်လှမ်းလာပြီး အပြုံးနှင့်မေးမြန်းသည်။

နျူနျူသည် ခမ်းနားထည်ဝါသောဝတ်စုံကို ဝတ်ဆင်ထားသည်။သူမဝတ်စုံ၏မျက်နှာပြင်ပေါ်၌ စိတ်ဝိညာဥ်သင်္ကေတ အမြောက်အများကိုရေးထွင်းထားသည့်အပြင် ဝတ်စုံ၏အဖျား၌ သေးငယ်သောစိတ်ဝိညာဥ်ကျောက်တုံးများကို ထည့်သွင်းနစ်မြုပ်ထားပေ၏။မှော်စွမ်းအားများဖြင့် သိပ်သည်းထားသော ရွှေရောင်သင်္ကေတအက္ခရာများကိုလည်း ပန်းထိုးထားသည့်အသွင် ဖန်တီးထားသဖြင့် ကြည့်ရသည်မှာ အလွန်ထူးခြားနေသည်။

ဤကဲ့သို့ အဖိုးတန်သောဝတ်စုံကို သာမန်ကာလျှံကာဝတ်ဆင်ပြီး ပြင်ပသို့ထွက်လာသော ကလေးမလေးတစ်ယောက်သည် ချမ်းသာကြွယ်ဝသောမိသားစု သို့မဟုတ် မြင့်မြတ်သောမိသားစုမှ သခင်မလေးတစ်ယောက် ဖြစ်ပေမည်။

မြင်းပေါက်လေးသည် နျူနျူ၏ရှေ့၌ မတ်တတ်ရပ်နေသည်။ထိုသားရဲသည် ကလေးမလေးထက် ခေါင်းတစ်လုံးစာပို၍မြင့်ပြီး သူ့၏သားမွှေးများသည် လုံးလုံးလျားလျားဖြူဆွတ်နေကာ မည်သည့်အစက်အပြောက်မျှ မရှိချေ။

"ငါ ဒါကို ထိကြည့်လို့ရမလား"

နျုနျူက မျက်လုံးဝိုင်းကြီးများဖြင့် ဂရုတစိုက်မေးမြန်းသည်။

"ရတာပေါ့...ဒါက ငါတို့လူရိုင်းကြယ်​မြစ်ရဲ့ ပြိုင်ဘက်ကင်း နတ်ဆိုးသားရဲမျိုးစိတ်တစ်ခုပဲ...ဒါကို စိတ်ဝိညာဥ်ဆင့်ခေါ်ခြင်းသားရဲလို့ ခေါ်တယ်....ဒီသားရဲကိုကြည့်ရတာ မြင်းတစ်ကောင်နဲ့တူပေမဲ့ မြင်းတကောင်ထက်ပိုပြီး သိမ်မွေ့တယ်...ဒီသားရဲက သခင်ကိုအသိအမှတ်ပြုပြီးတာနဲ့ သူ့ရဲ့ဘဝတလျှောက်လုံး မင်းအပေါ်မှာ သစ္စာစောင့်သိသွားလိမ့်မယ်...မင်းက သူ့ရဲ့နာမည်ကို မင်းရဲ့စိတ်ထဲကနေ ခေါ်လိုက်ရုံနဲ့ ဒီသားရဲက မင်းရဲ့နားကို အမြန်ဆုံးရောက်လာလိမ့်မယ်"

လူရိုင်းကုန်သည်က အပြုံးနှင့်ပြောဆိုသည်။

"သခင်မလေး...ဒီစိတ်ဝိညာဥ်ဆင့်ခေါ်ခြင်းသားရဲက အစကတော့ အင်မော်တယ်ကျောက်တုံး ငါးသန်းနဲ့ရောင်းဖို့ပဲ...ဒါပေမဲ့ မင်းက သဘောကျနေမှတော့ အင်မော်တယ်ကျောက်တုံးနှစ်သန်းနဲ့ ယူသွားလို့ရတယ်"

Chapter 4545

"ဒါက အရမ်းစျေးကြီးတာပဲ"

နျူနျူ၏မျက်လုံးများ ပြူးကျယ်သွားကာ သူမ၏လက်ကို အလျှင်အမြန် ပြန်ရုတ်သိမ်းလိုက်၏။

သူမသည် ငယ်ရွယ်သော်လည်း ငွေကြေးအကြောင်းကို အခြေခံအားဖြင့် နားလည်သဘောပေါက်နေလေပြီ။

နျူနျူသည် သာမန်နေ့ရက်များအတွင်းတွင် နန်းတော်အစောင့်များနှင့် စကားစမြည်ပြောဆိုခဲ့သည်။စစ်သားများသည် သူမအား အလွန်ချစ်မြတ်နိုးသဖြင့် သူတို့ သိထားသမျှအရာရာတိုင်း သူမကို ပြောပြကြ၏။

နန်းတော်အတွင်းသို့ စေလွှတ်ခြင်းခံရသော အစောင့်စစ်သားများကို လက်ရွေးစင်စစ်သားများဟု ယူဆနိုင်သည်။သူတို့၏နှစ်စဉ်လစာငွေသည် အင်မော်တယ်ကျောက်တုံးနှစ်သိန်းသာ ရှိပေ၏။

ဤသည်မှာ အဆင့်နိမ့်ဆုံး စစ်သားတစ်ယောက်အတွက် လစာငွေပင်။အမှန်အားဖြင့် ဤလစာငွေနှုန်းထားကို ကောင်းကင်ဘုံနယ်မြေ၌ ထိပ်သီးအဆင့်ရှိသည်ဟု ယူဆနိုင်ပေ၏။

တခြားစကားပြောင်းဆိုရလျှင် အကယ်၍ သာမန်စစ်သားတစ်ယောက်သည် ဤစိတ်ဝိညာဉ်ဆင့်ခေါ်ခြင်းသားရဲကို ဝယ်လိုပါက ဆယ်နှစ်​ကြာအောင် မစားမသောက်ဘဲ ချွေတာစုဆောင်းရပေမည်။

ဤသည်မှာ နျူနျူ၏နားလည်သဘောပေါက်မှုပင်။သူမအတွက် ဤငွေကြေးပမာဏသည် သူမ တွေးတောထားသည်ထက် များစွာပို၍ကျော်လွန်နေပေ၏။

"ဟား ဟား ဟား...သခင်မလေး ငါတို့က ဒီစိတ်ဝိညာဥ်ဆင့်ခေါ်ခြင်းသားရဲကို ဟိုးအဝေးကြီးမှာရှိတဲ့ လူရိုင်းကြယ်မြစ်ကနေ ခေါ်လာခဲ့ရတာ...ဒီခရီးစဉ်အတွက် ငွေ​တွေအများကြီး ကုန်ကျခဲ့တယ်....ဒါ့ပြင် စိတ်ဝိညာဉ်ဆင့်ခေါ်ခြင်းသားရဲအတွက် အစာတွေက အရမ်းကောင်းဖို့လိုတယ် ...သူ့ရဲ့အရွယ်အစား ကြီးမားလာအောင်မွေးမြူဖို့အတွက် ငါတို့က ငွေကြေးအများကြီး ကုန်ကျခံခဲ့ရတယ်...စိတ်ဝိညာဥ်ဆင့်ခေါ်ခြင်းသားရဲတွေက အရမ်းလိမ္မာတာကြောင့် အိမ်မွေးတိရိစ္ဆာန်အနေနဲ့မွေးဖို့ အသင့်တော်ဆုံးပဲ"

လူရိုင်းကုန်သည်သည် ထိုစကားကိုပြောဆိုပြီးနောက် စိတ်ဝိညာဉ်ဆင့်ခေါ်ခြင်းသားရဲ၏နောက်ကျောကို ပြင်းပြင်းထန်ထန်တစ်ချက်ရိုက်လိုက်သည်။

စိတ်ဝိညာဥ်ဆင့်ခေါ်ခြင်းသားရဲသည် နာကျင်မှုကြောင့် ညည်းတွားလိုက်၏။

"အား...သူ့ကို မရိုက်ပါနဲ့...ငါ တစ်ခုခုစဉ်းစားလိုက်အုံးမယ်"

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ နျူနျူ စိတ်လှုပ်ရှားစပြုလာသည်။

"အစ်မစု ငါတို့မှာ ငွေဘယ်လောက်များများ ကျန်သေးလဲ"

နျူနျူက နောက်သို့ပြန်လှည့်ကြည့်ပြီး မေးမြန်းသည်။

စုရူက သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။ သူမတို့ထံတွင် မည်သည်ကြောင့် ဤမျှထိ ငွေအမြောက်အများ ရှိနိုင်မည်နည်း။

"အရှင်လုမှာတော့ ငွေတွေရှိနိုင်တယ်..ဒါပေမဲ့ အရှင်က အမြဲတမ်းအလုပ်များနေတာကြောင့် ငါတို့က သူ့ကိုတွေ့ဖို့ မလွယ်ဘူး"

စုရူက သူမ၏ခေါင်းကိုခါယမ်းပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ဟား ဟား ဟား ကလေးမလေး တကယ်လို့ မင်း ဒီသားရဲကို ဝယ်ချင်တယ်ဆိုရင် ငွေယူလာခဲ့လေ"

လူရိုင်းကုန်သည်သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် နျူနျူအား ထပ်မံ၍ အရေးမစိုက်တော့ချေ။

သူမသည် ငွေကြေး ယူဆောင်လာခြင်းမရှိသဖြင့် သူ ပစ်မှတ်ထားနေသော ဝယ်သူမျိုး မဟုတ်တော့ချေ။

နျုနျူသည် စိတ်ဝိညာဉ်ဆင့်ခေါ်ခြင်းသားရဲ၏မျက်ရည်ဝဲနေသော မျက်လုံးတစ်စုံကိုစူးစိုက်ကြည့်ပြီး တိုးညှင်းသောအသံဖြင့်ပြောဆိုလိုက်၏။

"ငါ့ကို စောင့်နေအုံး...ငါ အစ်ကိုကြီးကို သွားရှာလိုက်မယ်...ငါ ခဏနေကျရင် နင့်ကိုလာခေါ်မယ်"

ဝူး...ဝူး...ဝူး...

စိတ်ဝိညာဉ်ဆင့်ခေါ်ခြင်းသားရဲသည် ခေါင်းမော့ပြီး နျုနျူကိုကြည့်ကာ သူ့ထံမှနေ၍ တိုးညှင်းသောငိုညည်းသံများ ထွက်ပေါ်လာသည်။

ထိုအချိန်မှာပင် ရိုင်းပြပြီး မောက်မာထောင်လွှားသော အသံတစ်သံက နံဘေးတစ်ဖက်မှ ထွက်ပေါ်လာသည်။

"ငါ မှာထားတဲ့ ရွှေအစင်းကျားသားရဲက အခုထိ မရောက်သေးဘူးလား"

ထိုအချိန်မှာပင် ပိုးထည်ဝတ်စုံတစ်ယောက် ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် အစေခံများခြံရံ၍ ဆိုင်အတွင်းသို့ ဝင်ရောက်လာသည်။

ထိုပိုးထည်ဝတ်စုံဝတ်လူငယ်ကို မြင်တွေ့ချိန်တွင် လူရိုင်းကုန်သည်၏မျက်နှာပေါ်၌ အပြုံးတစ်ခု ချက်ချင်းထင်ဟပ်လာသည်။သူသည် ရှေ့သို့အလျှင်အမြန်ပြေးသွားကာ ရိုသေလေးစားစွာ ပြောဆိုလိုက်၏။

"ဒါဆိုရင် သခင်လေးစွေ့ ရောက်လာတာပါလား ...ဒီနေရာက မင်း ရောက်လာတာကြောင့် တကယ့်ကို ဂုဏ်ကျက်သရေရှိသွားပြီ...ဘာမှမစိုးရိမ်နဲ့...ငါတို့က မင်းမှာထားတဲ့သားရဲကို ပြင်ဆင်ထားတာ အချိန်အတော်ကြာနေပြီ"

လူရိုင်းကုန်သည်သည် စကားပြောဆိုပြီးသည်နှင့် နောက်သို့ချာခနဲလှည့်လိုက်၏။ထို့နောက် သူသည် ဆိုင်အတွင်းရှိ အနက်ရောင်အဝတ်စတစ်စကို ဖယ်ရှားလိုက်သည်။

ယခုကြည့်ကြည့်တော့မှ ထိုအနက်ရောင်အဝတ်စ၏အောက်တွင် ကြီးမားသော သံလှောင်အိမ်တစ်ခုရှိနေသည်။ထိုသံလှောင်အိမ်တစ်ခုလုံးကို သံမဏိနက်ဖြင့် ပြုလုပ်ထားပေ၏။ လှောင်အိမ်၏သံတိုင်များ၌ သံမဏိကြိုးများကို ရစ်ပတ်ထားကာ အတွင်းရှိ တည်ရှိမှုကြီးကို လှောင်ပိတ်ထားသည်။ထိုကြောင့် သံလှောင်အိမ်၏လုံခြုံရေးကို အလွန်အမင်း ခိုင်မာတောင်တင်းနေစေသည်။

ထိုသံလှောင်အိမ်အတွင်း၌ ကြီးမားသောကျားတစ်ကောင် ရှိနေသည်။

ထိုကျား၏ခန္ဓာကိုယ်ပေါ်ရှိ သားမွှေးများသည် ရွှေရောင်တောက်ပနေပေ၏။ကျား၏မျက်လုံးတစ်စုံအတွင်း၌ မီးတောက်​များ ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေပုံရသည်။ထိုကျားသားရဲ၏သွားမှနေ၍ အေးစက်စက်အလင်းတန်းများ ဖြာထွက်နေသဖြင့် လူအများအား တုန်ရီသွားစေနိုင်သည်။

ကျားသားရဲသည် သံလှောင်အိမ်၏ပြင်ပရှိ လူများကို မြင်တွေ့ချိန်တွင် ချက်ချင်းဆိုသလိုပင် ကျယ်လောင်စွာဟိန်းဟောက်ကာ ပြင်ပသို့ ပြေးထွက်လိုက်သဖြင့် ကျယ်လောင်သော ဘန်းခနဲမြည်သံနှင့်အတူ သံလှောင်အိမ်ကြီးကို ဆောင့်မိသွားသည်။

"ဟား ဟား ဟား...ဒါက တကယ့်ကို ရွှေအစင်းကျားသားရဲပဲ...ဒါက သားရဲဘုရင်တစ်ကောင်ပဲ...မဆိုးဘူး...တကယ့်ကို မဆိုးဘူး"

ပိုးထည်ဝတ်စုံဝတ်လူငယ်သည် အပျော်လွန်သွားပေ၏။သူသည် လူရိုင်းကုန်သည်ထံသို့ ငွေလက်မှတ်တစ်ထပ်ကို ပစ်ပေးပြီးနောက် သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုလိုက်သည်။

"မင်းက တော်တော်လေး အားကိုးရသားပဲ...ငါတို့ နဂါးအသူရာ​ချောက်ကုန်သည်အဖွဲ့အစည်းက နတ်ဆိုးသားရဲတစ်သုတ်ကို မှာယူချင်နေတယ်....ဒါကြောင့် ဒီတကြိမ်မှာ မင်းယူလာတဲ့ နတ်ဆိုးသားရဲတွေအားလုံးကို ငါ ဝယ်မယ်"

Thank For Reading.

All Chapters