← Chapters

အခန်း (၂၄၀)

Vol. 22 Ch. 240

အခန်း (၂၄၀)

Vol. 22 Ch. 240

တစ်လကျော် ကြာညောင်းပြီးနောက် နောက်ဆုံးတွင် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းခဲ့လေပြီ။ ဝန်ကြီးဌာန ခြောက်ခုနှင့် ဝန်ကြီး ကိုးဦးတို့အပါအဝင် အခြား ဌာနဆိုင်ရာများသည် လွန်ခဲ့သော တစ်နှစ်တာအတွင်းက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကို လင်းပိုင်ဖန် ထံသို့ အစီရင်ခံ တင်ပြကြသည်။

၎င်းတို့သည် ယခုနှစ်၏ အောင်မြင်မှုများကို အကျဉ်းချုပ် တင်ပြကြပြီးနောက် အနာဂတ်အတွက် ရည်မှန်းချက်များကို ဆွေးနွေးခဲ့ကြသည်။ နောက်ဆုံးတွင် ဟီရှန်း၏ အလှည့်သို့ ရောက်ရှိလာခဲ့သည်။ သူသည် အရေးကြီးသော လုပ်ငန်းအများစုကို တာဝန်ယူထားရသူဖြစ်ရာ အစီရင်ခံစာများကြားတွင် အထင်ရှားဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။

“အရှင်မင်းကြီးကို တင်ပြခွင့်ပြုပါ။ အရှင်မင်းကြီးရဲ့ ပညာရှိလှတဲ့ ဦးဆောင်မှုအောက်မှာ လုပ်ငန်းဆောင်တာ အားလုံးကို အရှိန်အဟုန်နဲ့ တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့ပါတယ်”

“စိုက်ပျိုးရေးကဏ္ဍမှာဆိုရင် မြေရိုင်းတွေ ဖော်ထုတ်ဖို့အတွက် နိုင်ငံသား ၄ သန်းခန့်ကို စုစည်းပေးခဲ့ပါတယ်။ အခုအချိန်အထိ စတုရန်းမိုင် ၇ သိန်း ၅ သောင်းကို ပြန်လည်ဖော်ထုတ်ပြီး သီးနှံတွေ စိုက်ပျိုးနိုင်ခဲ့ပါပြီ”

“ဒီနှစ်မှာ ကျွန်တော်မျိုးတို့ရဲ့ စပါးထုတ်လုပ်မှုဟာ အံ့ဩစရာကောင်းလောက်တဲ့အထိ ရှိခဲ့ပါတယ်။ ဒါဟာ တစ်နိုင်ငံလုံးက လူဦးရေ သန်း ၂၀ ကို ကျွေးမွေးဖို့ လုံလောက်ရုံတင်မကဘဲ လူဦးရေ နောက်ထပ် ၅ သန်း တိုးလာရင်တောင် ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး”

“လာမယ့်နှစ်မှာလည်း မြေရိုင်းဖော်ထုတ်ရေး စီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်ပြီး ပိုမိုများပြားတဲ့ မြေနေရာတွေမှာ သီးနှံတွေ စိုက်ပျိုးသွားမှာပါ။ ဒါမှသာ နိုင်ငံသားတွေ ငတ်မွတ်ဘေးက ကင်းဝေးပြီး ကျွန်တော်မျိုးတို့ရဲ့ မဟာရှ နိုင်ငံဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုအတွက် ဘယ်တော့မှ ပူပန်စရာ မလိုတော့မှာ ဖြစ်ပါတယ်”

“အိမ်ရာကဏ္ဍမှာဆိုရင် ဒီနှစ်မှာ ဘိလပ်မြေအိမ်ခြေပေါင်း ၉ သိန်း ဆောက်လုပ်နိုင်ခဲ့ပြီး ဒါဟာ မနှစ်ကထက် ၅၀ ရာခိုင်နှုန်းကျော် တိုးတက်လာတာ ဖြစ်ပါတယ်။ အခုအချိန်အထိ ဘိလပ်မြေအိမ်ခြေ ၁.၅ သန်း ဆောက်လုပ်ပြီးစီးခဲ့လို့ လူဦးရေ ၅ သန်းနီးပါးအတွက် အိမ်ရာပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့ပါပြီ”

“မကြာခင်မှာပဲ မဟာရှပြည်သူတိုင်းအတွက် အိမ်ပိုင်ရှိဖို့ဆိုတာ ပြဿနာတစ်ခု မဟုတ်တော့ပါဘူး”

“အထည်အလိပ် လုပ်ငန်းမှာလည်း လက်ရှိ အမျိုးသမီး ၄ သန်း လုပ်ကိုင်နေကြပြီး သူတို့ ရက်လုပ်တဲ့ အထည်တွေဟာ အိမ်ထောင်စုတိုင်းဆီ ရောက်ရှိနေပြီဖြစ်လို့ လူတိုင်း အဝတ်အထည် ဖူလုံစေရမယ်ဆိုတဲ့ ပန်းတိုင်ကို အခြေခံအားဖြင့် အောင်မြင်နေပါပြီ”

“သတ္တုတွင်း ကဏ္ဍမှာတော့ သတ္တုတူးဖော်ဖို့အတွက် ပြည်သူ ၂ သန်းခန့်ကို စုစည်းပေးခဲ့ပါတယ်။ တူးဖော်ရရှိတဲ့ သတ္တုအမျိုးအမည်တွေဟာ အလွန်များပြားပြီး စုစုပေါင်းတန်ဖိုးဟာ ငွေတေး ၁၈ သန်းအထိ ရှိပါတယ်။ ကျွန်တော်မျိုးတို့ရဲ့ သယံဇာတတွေအတွက်လည်း စိုးရိမ်စရာ မရှိပါဘူး”

“လမ်းပန်းဆက်သွယ်ရေး အပိုင်းမှာတော့ အောင်မြင်မှုတွေဟာ အလွန်သိသာပါတယ်။ မဟာရှရဲ့ မြို့ကြီးအားလုံးဟာ ဘိလပ်မြေလမ်းတွေနဲ့ အပြည့်အဝ ချိတ်ဆက်သွားပြီဖြစ်လို့ မြို့ကြီးတွေအကြား ဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးဟာ ပိုမို မြန်ဆန်လာရုံတင်မကဘဲ ကုန်ကျစရိတ်လည်း သက်သာစေပါတယ်”

“လက်တွေ့စမ်းသပ်ချက်တွေအရ ဘိလပ်မြေ လမ်းတွေကနေ ကုန်စည်သယ်ယူပို့ဆောင်တာဟာ အရင်ကထက် ၅၀ ရာခိုင်နှုန်းကျော် ပိုမြန်လာပြီး သယ်ယူပို့ဆောင်ခ ၅၀ ရာခိုင်နှုန်း သက်သာသွားပါတယ်။ ဒီလမ်းတွေဟာ မဟာရှရဲ့ စီးပွားရေးကို အရှိန်အဟုန်နဲ့ တိုးတက်ဖို့အတွက် အခြေခံအုတ်မြစ် ဖြစ်လာပါတယ်”

“သင်္ဘောတည်ဆောက်ရေးမှာတော့ အခုဆိုရင် သင်္ဘော ၈၂ စီး တည်ဆောက်ပြီးစီးလို့ ရေချနိုင်ခဲ့ပါပြီ။ အရှင်မင်းကြီး ပေးအပ်ထားတဲ့ တာဝန်တွေကို စတင်ထမ်းဆောင်နေကြပါပြီ”

“အရှင်မင်းကြီး… လက်ရှိ ကျွန်တော်မျိုးတို့နိုင်ငံရဲ့ လူဦးရေ သန်း ၂၀ ထဲမှာ ထက်ဝက်ကျော်ဟာ ဆင်းရဲတွင်းကနေ လွတ်မြောက်ခဲ့ပါပြီ”

ဟီရှန်းက အောင်မြင်မှုတစ်ခုချင်းစီကို အစီရင်ခံ တင်ပြသွားရာ ရလဒ်များမှာ အလွန်ပင် ကြီးကျယ်ခမ်းနားလှပေသည်။ ထိုအရာကို ကြားရသောအခါ စစ်ဘက်နှင့် အရပ်ဘက် အရာရှိအားလုံး အံ့ဩမှင်သက်သွားကြသည်။

ဤအောင်မြင်မှု တစ်ခုချင်းစီသည် အံ့ဖွယ်များပင် ဖြစ်သည်။ အင်အားကြီးမားသော မင်းဆက်များပင်လျှင် ဤမျှတိုတောင်းသော အချိန်အတွင်း၌ ယခုကဲ့သို့ စီးပွားရေး အံ့ဖွယ်မျိုးကို မဖန်တီးနိုင်ခဲ့ကြပေ။

ရင်းနှီးမြှုပ်နှံမှု၏ ကုန်ကျစရိတ်ကို ဂရုမစိုက်သော အရှင်မင်းကြီးကြောင့်သာ ဤကဲ့သို့ အံ့ဖွယ်များ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ မဟုတ်သေး… ဤအရာကို နတ်ဘုရားတို့၏ ဖန်တီးမှုဟုပင် ခေါ်ဆိုသင့်ပေသည်။

ဟီရှန်း၏ အစီရင်ခံစာကို နားထောင်ပြီးနောက် လင်းပိုင်ဖန်မှာ ခေါင်းညိတ်လိုက်သည်။ အချို့နေရာများတွင် အနည်းငယ် ပုံကြီးချဲ့ထားသော်လည်း ယေဘုယျအားဖြင့် အစီရင်ခံစာမှာ အမှန်တရားနှင့် သိပ်မဝေးလှပေ။

အမှန်စင်စစ် လင်းပိုင်ဖန် ချမှတ်ပေးခဲ့သော တာဝန်များသည် အလွန်ခက်ခဲလှပြီး ငွေရှိလျှင်ပင် အောင်မြင်ရန် မလွယ်ကူသော်လည်း ဟီရှန်းက အားလုံးကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

အခြားအရာရှိများသည်လည်း ထူးမခြားနားပင် ဖြစ်သည်။ ၎င်းတို့သည် အကျင့်ပျက်ခြစားပြီး ကောက်ကျစ်သူများ ဖြစ်ကြသော်လည်း သူတို့၏ လုပ်နိုင်ကိုင်နိုင်စွမ်းကိုမူ ငြင်းပယ်၍မရပေ။ ပေးအပ်ထားသော တာဝန်များမှာ မည်မျှပင် ခက်ခဲပါစေ၊ ကျိုးကြောင်းဆီလျော်မှု မရှိပါစေ၊ ၎င်းတို့သည် အားလုံးကို ပြီးစီးအောင် ဆောင်ရွက်နိုင်ကြသဖြင့် လင်းပိုင်ဖန်မှာ အလွန်ဝမ်းမြောက်နေမိသည်။

လင်းပိုင်ဖန်က ပြုံးရွှင်သော မျက်နှာဖြင့် “ဝန်ကြီးဟီ… လွန်ခဲ့တဲ့ တစ်နှစ်ပတ်လုံး မောင်မင်း တကယ်ကို ကြိုးစားခဲ့တာပဲ။ တခြားဝန်ကြီးတွေလည်း ထို့အတူပဲ။ မောင်မင်းတို့အားလုံးဟာ မဟာရှ နိုးထလာဖို့အတွက် ကြီးမားတဲ့ အခြေခံအုတ်မြစ်တွေကို ချပေးခဲ့ကြတယ်။ မောင်မင်းတို့ရဲ့ အကျိုးဆောင်မှုတွေကို ငါကိုယ်တော် မေ့မှာ မဟုတ်ဘူး။ အခုတော့ အောင်မြင်မှုတွေအတွက် ဆုလာဘ်တွေ ပေးရမယ့် အချိန်ပဲ” ဟု ဆိုလိုက်သည်။

ဆုလာဘ်များ ချီးမြှင့်မည့်အချိန် ရောက်လာပြီဖြစ်၍ အရာရှိအားလုံး စိတ်လှုပ်ရှား တက်ကြွလာကြသည်။ ဤသည်မှာ သူတို့ စောင့်မျှော်နေသော အချိန်ပင် ဖြစ်သည်။

“ဝန်ကြီးဟီကနေ စလိုက်ရအောင်”

လင်းပိုင်ဖန်က လေးနက်စွာြဖင့် “လွန်ခဲ့တဲ့ တစ်နှစ်အတွင်းမှာ မောင်မင်းဟာ ပြည်သူတွေကို ဦးဆောင်ပြီး မြေရိုင်းတွေ ဖော်ထုတ်ခဲ့တယ်၊ လမ်းတွေ ဖောက်ခဲ့တယ်၊ အိမ်တွေ ဆောက်ခဲ့တယ်၊ သတ္တုတွေ တူးဖော်ခဲ့တယ်။ သန်းပေါင်းများစွာသော လူတွေကို ဆင်းရဲတွင်းကနေ ကယ်တင်နိုင်ခဲ့တယ်။ မောင်မင်းရဲ့ အကျိုးဆောင်မှုတွေဟာ နယ်မြေချဲ့ထွင်တာထက် မနည်းလှဘူး။ ဒါကြောင့် မောင်မင်းကို ဘွဲ့ထူး အဆင့်အတန်း တိုးမြှင့်ပေးမယ်”

“အခု ငါကိုယ်တော်က မင်းကို ငြိမ်းချမ်းရေးမားကွစ်ဘွဲ့ အပ်နှင်းလိုက်တယ်” ( Marquis - ဘုရင်စနစ်အောက်က အထက်တန်းအရာရှိ၊ Duke ထက်အနည်းငယ် နိမ့်)

ဟီရှန်းရော အခြားအရာရှိများပါ အံ့အားသင့်သွားကြသည်။ ဟီရှန်းသည် ဒုတိယအကြိမ်မြောက် ဘွဲ့ထူး ချီးမြှင့်ခံရခြင်း ဖြစ်သည်။ ၎င်းအပြင် အရပ်ဘက် အရာရှိတစ်ဦးအနေဖြင့် မားကွစ်ဘွဲ့ကို ရရှိခြင်းမှာ အလွန်ပင် ဂုဏ်သိက္ခာကြီးမားလှသည်။

ခဏအတွင်းမှာပင် အရာရှိအားလုံးသည် ဟီရှန်းကို အားကျခြင်း၊ မနာလိုခြင်းတို့ဖြင့် ကြည့်နေကြသည်။ ထိုမြင်ကွင်းကို မြင်သောအခါ လင်းပိုင်ဖန်က စိတ်ထဲမှ တိတ်တဆိတ် ပြုံးလိုက်သည်။

သူ့အနေဖြင့် ဤသို့ပြုလုပ်ရခြင်းမှာ ဟီရှန်းကို စံပြအဖြစ် ထားရှိရန်ဖြစ်သည်။ စစ်မတိုက်ရသော်လည်း မိမိတို့၏ ရာထူးနေရာတွင် အောင်မြင်မှုများ ရရှိပါက ဘွဲ့ထူးများ ချီးမြှင့်ခံရနိုင်ကြောင်းကို အရပ်ဘက် အရာရှိများကို ပြသလိုခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် သူတို့ အလုပ်လုပ်ရန် ပို၍ စိတ်အားထက်သန်လာကြမည် မဟုတ်ပါလား။

ဟီရှန်းမှာ အတိုင်းမသိ ဝမ်းသာသွားပြီး “အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ကရုဏာတော်အတွက် ကျေးဇူးတင်လှပါတယ်” ဟု ကျယ်လောင်စွာ ကျေးဇူးတင်လိုက်သည်။

“ကျေးဇူးတင်တာ မစောပါနဲ့ဦး။ မောင်မင်းအတွက် နောက်ထပ် လက်ဆောင်ကောင်းတစ်ခု ရှိသေးတယ်”

“ဘယ်လို လက်ဆောင်မျိုးလဲ အရှင်မင်းကြီး” ဟီရှန်းက စူးစမ်းစွာ မေးလိုက်သည်။

လင်းပိုင်ဖန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး “ယူခဲ့ကြ” ဟု အမိန့်ပေးလိုက်သည်။

အထိန်းတော်လေးတစ်ဦးသည် လှပစွာ ထုဆစ်ထားသော ကျောက်စိမ်းသေတ္တာတစ်လုံးကို ယူဆောင်လာသည်။ ဖွင့်ကြည့်လိုက်သောအခါ အတွင်း၌ မျက်လုံးနှင့် တူသောအရာတစ်ခု ရှိနေသည်။ ထိုအရာကို မြင်လိုက်ရသောအခါ ဟီရှန်း၏ မျက်လုံးများမှာ တုန်လှုပ်မှုကြောင့် ကျဉ်းမြောင်းသွားပြီး “ဒါက…”

“ဒါကတော့ ကိုးမျက်လုံး ကျောက်စိမ်းဖြူ ကြာပန်းစေ့ပဲ”

လင်းပိုင်ဖန်က ရယ်မောရင်း “ဒါဟာ သိုင်းလောက နယ်ပယ်က လူတွေ အိပ်မက်မက်ကြတဲ့ ရတနာတစ်ခုပဲ။ ဒဏ်ရာတွေကို ပျောက်ကင်းစေတယ်၊ ခွန်အားကို တိုးစေတယ်၊ သက်တမ်းကိုတောင် ရှည်စေနိုင်တယ်။ ဝန်ကြီး… မင်းရဲ့ လက်ရှိ ပထမတန်းစား အရည်အချင်းနဲ့ဆိုရင် ဒီကြာစေ့ကို စားသုံးပြီးနောက်မှာ ချီဖွဲ့တည်ခြင်းအဆင့်ကို ကျော်ဖြတ်နိုင်လိမ့်မယ်” ဟု ဆိုလိုက်သည်။

နန်းတွင်း၌ ဤရတနာ ရှိနေကြောင်း ဟီရှန်း သိသော်လည်း သူ ဘယ်သောအခါမှ မမက်မောခဲ့ပေ။

“အရှင်မင်းကြီးက ဘာလို့ ဒီလောက် အရေးကြီးတဲ့ ကြာစေ့ကို ကျွန်တော်မျိုးကို ပေးသနားရတာလဲ ” ဟု ဟီရှန်းက မေးသည်။

လင်းပိုင်ဖန်က ပြုံးလျက် “ဘာလို့လဲဆိုတော့ မောင်မင်းဟာ ငါကိုယ်တော်ရဲ့ ကိစ္စရပ်တွေအတွက် မနားမနေ အလုပ်လုပ်နေရလို့ပဲ။ မောင်မင်း အလုပ်လုပ်ရင်း သေသွားမှာကို ငါကိုယ်တော် မကြည့်ရက်လို့ပဲ” ဟု ပြောလိုက်သည်။

လင်းပိုင်ဖန်၏ စကားကို ကြားသောအခါ ဟီရှန်းမှာ စိတ်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ နန်းတွင်းအတွက် သူ မည်မျှ ပေးဆပ်ခဲ့ရသည်ကို သူကိုယ်တိုင်သာ သိပေသည်။ ဧကရာဇ်၏ အမိန့်ကို မပျက်ကွက်စေရန် အမှုကိစ္စ အကြီးအငယ်မရွေး သူကိုယ်တိုင် ကြပ်မတ်ခဲ့သည်။

အလုပ်များလွန်းသဖြင့် တစ်နေ့လျှင် ၂ နာရီခန့်သာ အိပ်ရသည်မှာ တစ်နှစ်ကျော် ကြာခဲ့ပြီဖြစ်သည်။ ဤမျှ ပြင်းထန်သော အလုပ်ဒဏ်ကို သံမဏိခန္ဓာကိုယ်ပင်လျှင် ခံနိုင်ရည် ရှိမည်မဟုတ်ပေ။

သူသည် ပင်ပန်းရမှာကို မကြောက်၊ ခက်ခဲရမှာကို မကြောက်ပေ။ သူကြောက်သည်မှာ သူ၏ ကြိုးစားမှုကို အသိအမှတ်မပြုခြင်းသာ ဖြစ်သည်။ ယခုမူ အရှင်မင်းကြီးက သူ့ကို ဒုတိယအကြိမ် ဘွဲ့ကို အပ်နှင်းရုံတင်မကဘဲ ရတနာကိုပါ ပေးသနားခဲ့ခြင်းမှာ သူ၏ တန်ဖိုးကို အမြင့်ဆုံး အသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်သည်။

ဟီရှန်းသည် မျက်ရည်များ ဝဲလျက် ကျောက်စိမ်းသေတ္တာကို လက်ခံရယူပြီးနောက် ဒူးထောက်လိုက်သည်။ သူသည် ကြမ်းပြင်ကို ခေါင်းဖြင့် သုံးကြိမ်တိုင်တိုင် တိုက်၍ “အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ကရုဏာတော်အတွက် ကျေးဇူးတင်ပါတယ်” ဟု ကျေးဇူးတင်လေသည်။

“တခြား ဝန်ကြီးတွေအတွက်လည်း ငါကိုယ်တော်မှာ ဆုလာဘ်တွေ ရှိပါသေးတယ်”

ဆုလာဘ်များ ပေးအပ်ပြီးနောက် အရာရှိအားလုံးမှာ ပျော်ရွှင်နေကြသည်။ ထို့နောက် လင်းပိုင်ဖန်က လာမည့်နှစ်အတွက် လုပ်ငန်းများကို စတင် တာဝန်ပေးအပ်ခဲ့သည်။

“ဝန်ကြီးဟီ… လာမယ့်နှစ်မှာလည်း မြေရိုင်းဖော်ထုတ်တာ၊ လမ်းဖောက်တာ၊ အိမ်ဆောက်တာ၊ သတ္တုတူးဖော်တာနဲ့ အထည်အလိပ် လုပ်ငန်းတွေကို ဆက်ပြီး တွန်းအားပေး ဆောင်ရွက်ရမယ်။ ဒီအလုပ်တွေဟာ ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ တိုက်ရိုက် သက်ဆိုင်နေလို့ မောင်မင်းအနေနဲ့ ပိုပြီး ကြိုးစားပေးဖို့ တောင်းဆိုချင်တယ်”

“ကျွန်တော်မျိုး အမိန့်တော်အတိုင်း နာခံပါ့မယ်” ဟီရှန်က ကျယ်လောင်စွာ လက်ခံလိုက်သည်။

“ချောင်ချောင်၊ ဝန်ကြီးချောင်” လင်းပိုင်ဖန်က ခေါ်လိုက်သည်။

“ကျွန်တော်မျိုး ရှိပါတယ် အရှင်မင်းကြီး” ချောင်ချောင် က ထရပ်လိုက်သည်။

“ဒီနှစ်မှာ မောင်မင်း ဖွင့်လှစ်ခဲ့တဲ့ စစ်တက္ကသိုလ်ဟာ တကယ့်ကို ထူးချွန်လှတယ်။ ဒါကြောင့် လာမယ့်နှစ်မှာလည်း ငါတို့ နိုင်ငံအတွက် အရာရှိတွေကို ဆက်ပြီး လေ့ကျင့်ပေးဖို့ နောက်ထပ် သင်တန်းတစ်ခု ထပ်ဖွင့်ပါ”

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး” ချောင်ချောင်က လက်ခံလိုက်သည်။

“ဒါတင်မကသေးဘူး… မနက်ဖြန်ကစပြီး စစ်တပ်ရဲ့ အင်အားကို တိုးချဲ့သွားမယ်။ ဒါကြောင့် မောင်မင်း ငါကိုယ်တော်အတွက် စစ်သားတွေ ဆက်ပြီး စုဆောင်းပေးရမယ်”

“အရှင်မင်းကြီး… စစ်သား ဘယ်လောက်လောက် စုဆောင်းရမလဲ” ချောင်ချောင်က မေးလိုက်သည်။

လင်းပိုင်ဖန်က လက်ညှိုးတစ်ချောင်းကို ထောင်လိုက်ပြီး “အနည်းဆုံး တစ်သန်း” ဟု ဆိုလိုက်သည်။

တစ်နန်းတော်လုံး အံ့အားသင့်သွားကြသည်။ တစ်သန်း… ၎င်းမှာ အနည်းဆုံး ဖြစ်သည်။ ဧကရာဇ် မင်းဆက်ကြီးများသာ ဤမျှများပြားသော စစ်တပ်ကို စုဆောင်းနိုင်စွမ်း ရှိကြသည်။

စစ်ဘက်အရာရှိများနှင့် စစ်သူကြီးများအားလုံး စိတ်လှုပ်ရှားသွားကြသည်။ ချောင်ချောင်က “ကျွန်တော်မျိုး အမိန့်တော်အတိုင်း နာခံပါ့မယ်” ဟု ကျယ်လောင်စွာ ဖြေကြားလိုက်သည်။

“လီလင်းဖူ ၊ ဝန်ကြီးလီ”

“ကျွန်တော်မျိုး ရှိပါတယ် အရှင်မင်းကြီး” လီလင်းဖူ ထရပ်လိုက်သည်။

“မဟာရှရဲ့ လျင်မြန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကြောင့် လူဦးရေနဲ့ နယ်မြေဟာ နှစ်ဆနီးပါး တိုးလာခဲ့တယ်။ အမှုကိစ္စတွေကလည်း အဆပေါင်းများစွာ များလာပြီ။ ဒါကြောင့် လာမယ့်နှစ်မှာ နောက်ထပ် အစိုးရဝန်ထမ်း စာမေးပွဲ တစ်ခုကို ကျင်းပပါ”

အရာရှိအားလုံး ထပ်မံ အံ့ဩသွားကြသည်။ သို့သော် ပြန်စဉ်းစားကြည့်လျှင် ဤသည်မှာ ပုံမှန်ပင် ဖြစ်သည်။ ဝန်ထမ်းသစ်များ စုဆောင်းရန် လိုအပ်လှသည်။

“ကျွန်တော်မျိုး အမိန့်တော်ကို နာခံပါတယ်”

“ဒါ့အပြင် မနှစ်ကကျင်းပတဲ့ ပျော်ပွဲရွှင်ပွဲ ပွဲတော်မှာလည်း မောင်မင်း တော်တော်ဆောင်ရွက်နိုင်ခဲ့တယ်”

လင်းပိုင်ဖန်က ပြုံးကာ “နှစ်သစ်ကူး ရောက်တော့မယ်။ အရာရှိတွေကို ဆုချတဲ့အနေနဲ့ နောက်ထပ် ပျော်ပွဲရွှင်ပွဲတစ်ခု ထပ်ပြီး ကျင်းပလိုက်ပါဦး” ဟု ဆိုလိုက်သည်။

“မှန်လှပါ အရှင်မင်းကြီး”

ထို့နောက် လင်းပိုင်ဖန်သည် အရာရှိများကို ဆက်လက် ခန့်အပ်ပြီး လာမည့်နှစ်အတွက် အလုပ်များကို အစီအစဉ်ချပေးကာ လူတိုင်းကို အသင့်ပြင်ထားရန် ညွှန်ကြားလိုက်လေသည်။

All Chapters