အခန်း (၂၄၃)
Vol. 22 Ch. 243
နောက်ဆုံးကျင်းပမည့် တော်ဝင်စာမေးပွဲနှင့် ပတ်သက်၍ သာမန်ပြည်သူများက သိပ်ပြီးစိတ်မဝင်စားကြသော်လည်း ပညာရှိကျောင်းတော်သားများနှင့် စာပေ ပညာရှင်များကြားတွင်မူ အထူးအာရုံစိုက်ခြင်း ခံနေရသည်။
“မဟာရှနိုင်ငံက တော်ဝင်စာမေးပွဲကို ထပ်ပြီး ကျင်းပပြန်ပြီ၊ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက တကယ်ကို မြန်ဆန်လွန်းတယ်”
“ဟုတ်တယ်၊ တစ်နှစ်အတွင်းမှာတင် လူဦးရေရော နယ်မြေပါ နှစ်ဆတိုးလာခဲ့တာ။ အခုဆို နိုင်ငံတော်ရဲ့ အင်အားက မင်းဆက်ကြီးတွေနဲ့တောင် ရင်ဘောင်တန်းနေပြီ။ ဒါကြောင့် တိုင်းပြည်ကို အလုပ်အကျွေးပြုဖို့ အရည်အချင်းရှိသူတွေ ပိုလိုအပ်လာတာ သဘာဝပါပဲ”
“ဒါပေမဲ့ ဒါက ခက်ခဲလိမ့်မယ်။ အစကတည်းက မဟာရှနိုင်ငံဟာ ကြီးမြတ်တဲ့ မျိုးနွယ်စုကြီးတွေကို လုံးဝအဖက်မလုပ်ဘဲ ရန်စခဲ့တာ၊ အခုမှ စာပေ ပညာရှင်တွေကို ဆွဲဆောင်ချင်နေတာလား။ ဒါက စိတ်ကူးယဉ်နေတာပဲ”
“မျိုးနွယ်စုကြီးတွေက စာပေပညာရှင်အများစုကို ထိန်းချုပ်ထားတာ။ သူတို့ကသာ အမိန့်တစ်ချက် ပေးလိုက်ရင် ဘယ်သူက တော်ဝင်စာမေးပွဲ ဝင်ဖြေရဲမှာလဲ”
“စာပေပညာရှင်တွေ မပါဘဲနဲ့ ဒီစာမေးပွဲကြီးက အောင်အောင်မြင်မြင် ကျင်းပနိုင်ပါ့မလား”
“အဲဒီမိုက်မဲတဲ့ ဧကရာဇ်က အရမ်းကို အရွယ်ငယ်ပြီး စိတ်အလိုကို လိုက်လွန်းတယ်။ မျိုးနွယ်စုကြီးတွေကို မကျေနပ်ရင်တောင် အဲဒီလောက်အထိ ပေါ်ပေါ်ထင်ထင် မပြသင့်ဘူး။ နောက်ဆုံးတော့ သူ့ရဲ့ မဆင်မခြင်မှုအတွက် သူကိုယ်တိုင် ပြန်ပေးဆပ်ရလိမ့်မယ်”
“ငါလောင်းကြေးထပ်ရဲတယ်၊ ဒီတော်ဝင်စာမေးပွဲကတော့ ရယ်စရာကြီး ဖြစ်သွားမှာ အသေအချာပဲ”
လင်းပိုင်ဖန်သည် အရည်အချင်းရှိသူများကို စုဆောင်းရန် တော်ဝင်စာမေးပွဲ ကျင်းပဖို့ ပြင်ဆင်နေကြောင်း သိလိုက်ရသောအခါ ကြီးမြတ်တဲ့ မျိုးနွယ်စုကြီးများသည် ခြိမ်းခြောက်မှုတစ်ခု ပြုလုပ်ခဲ့သည်။ ၎င်းမှာ မဟာရှနိုင်ငံသို့ သွားရောက်ကာ တော်ဝင်စာမေးပွဲ ဖြေဆိုသူ မည်သူမဆို ၎င်းတို့၏ ရန်သူအဖြစ် သတ်မှတ်မည်ဟူ၍ ဖြစ်သည်။
ထိုစကားကြောင့် စာပေပညာရှင် အများအပြားမှာ တွန့်ဆုတ်သွားခဲ့ကြသည်။ မဟာရှနိုင်ငံသည် မည်သို့ပင်ဖြစ်စေ နိုင်ငံငယ်တစ်ခုသာ ဖြစ်သည်။ ဤလောကတွင် ထိုကဲ့သို့သော နိုင်ငံပေါင်း တစ်ရာကျော်ရှိရာ တစ်နိုင်ငံတိုးလာခြင်း သို့မဟုတ် လျော့သွားခြင်းမှာ အရေးမကြီးပေ။ သို့သော် ဤနိုင်ငံသည် မျိုးနွယ်စုကြီးအားလုံးကို ရန်စထားသဖြင့် အနာဂတ်တွင် တိုးတက်ရန် လမ်းစနည်းပါးလှပြီး ထိုနေရာတွင် အရာရှိလုပ်ခြင်းမှာလည်း ရှေ့ရေး မကောင်းနိုင်ပေ။ တော်ဝင်စာမေးပွဲ ဖြေဆိုခွင့်ရဖို့ အခွင့်အရေးလေး တစ်ခုအတွက်နှင့် မျိုးနွယ်စုကြီးတွေ အားလုံးကို ရန်စပြီး မိမိ၏ အနာဂတ်ကို ဖျက်ဆီးပစ်ရန်မှာ တကယ့်ကို မထိုက်တန်လှပေ။ ထို့ကြောင့် စာပေပညာရှင် အများအပြားမှာ နောက်ဆုတ်သွားကြသည်။
သို့သော်လည်း အခြေခံလူတန်းစားများကြားရှိ အခွင့်အလမ်း မသာသော ပညာရှင်များအတွက်မူ ဤသည်မှာ မျှော်လင့်ချက်အလင်းရောင်တစ်ခု ဖြစ်လာခဲ့သည်။
“မဟာရှနိုင်ငံမှာ တော်ဝင်စာမေးပွဲ ကျင်းပတော့မယ် ဟုတ်လား”
“ဒါက တကယ့်ကို အခွင့်အရေးကောင်းပဲ။ ငါကတော့ ဒီမှာ ဘယ်လိုမှ နေရာရမှာ မဟုတ်တော့ဘူး၊ ဘာလို့ တခြားနေရာမှာ သွားပြီး ကံစမ်း မကြည့်ရမှာလဲ။ မဟာရှနိုင်ငံမှာ ကြီးမြတ်တဲ့ မျိုးနွယ်စုတွေရဲ့ သားသမီးတွေ မရှိဘူးလို့ ကြားတယ်၊ ငါ့ရဲ့ အရည်အချင်းနဲ့ဆိုရင် အဲဒီမှာတော့ နာမည်တစ်လုံး ရနိုင်မှာပဲ”
“ဒီက စာမေးပွဲတွေမှာ ခဏခဏ ကျရှုံးနေမယ့်အစား မဟာရှနိုင်ငံမှာ သွားပြီး ကြိုးစားကြည့်တာ ပိုကောင်းမယ်”
“ဘယ်မှာပဲ အရာရှိလုပ်လုပ် ဘာကွာလို့လဲ။ မဟာရှနိုင်ငံက အရှိန်အဟုန်နဲ့ တိုးတက်နေပြီး နိုင်ငံတော် အင်အားကလည်း သာမန် မင်းဆက်တွေနဲ့ ရင်ဘောင်တန်းနေပြီ။ အဲဒီမှာ အရာရှိဖြစ်ရင် ကိုယ့်အရည်အချင်းကို ပြသဖို့နဲ့ အကျိုးဆောင်ဖို့ အခွင့်အရေးတွေ အများကြီး ရမှာပဲ”
“သွားကြစို့။ အခုမှ မစွန့်စားရင် ငါတို့တွေ အိုမင်းသွားတဲ့အထိ ဘာမှဖြစ်လာမှာ မဟုတ်ဘူး”
ထိုသို့ဖြင့် အောက်ခြေလူတန်းစားမှ စာပေပညာရှင် အများအပြားမှာ တော်ဝင်စာမေးပွဲ ဖြေဆိုရန် မျှော်လင့်ချက်များဖြင့် မဟာရှနိုင်ငံသို့ ဦးတည်ခဲ့ကြသည်။ ရလဒ်အနေဖြင့် စာရင်းစတင်ပေးသွင်းသည့် ပထမဆုံးနေ့မှာပင် လာရောက်လျှောက်ထားသူ အရေအတွက်မှာ ၅၀၀ အထိ ရှိခဲ့သည်။ ဒုတိယနေ့တွင် ၆၀၀ နှင့် တတိယနေ့တွင် ၇၀၀ ကျော်အထိ ရှိလာခဲ့သည်။
ဤသုံးရက်အတွင်းမှာပင် လျှောက်ထားသူ အရေအတွက်မှာ မနှစ်ကထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ စာရင်းပေးသွင်းမှုမှာ စတင်ရုံသာရှိသေးပြီး တစ်လတိုင်တိုင် ဆက်လက်လက်ခံသွားမည်ဖြစ်သည်။ အခြားနိုင်ငံများမှ စာပေပညာရှင်အချို့မှာ သတင်းကို ခုမှကြားရပြီး လမ်းခရီးတွင် ရှိနေဆဲ ဖြစ်နိုင်သည်။
ဤသတင်း ပြန့်နှံ့သွားသောအခါ တစ်နိုင်ငံလုံးတွင် အုတ်နင်းသောင်းနင်း ဖြစ်သွားခဲ့သည်။
“သုံးရက်တည်းနဲ့ မဟာရှရဲ့ တော်ဝင်စာမေးပွဲမှာ ဒီလောက်အများကြီး လာလျှောက်ကြတယ်ဟုတ်လား”
“အားလုံး မစိုးရိမ်ကြပါနဲ့။ လူတွေ ဒီလောက်များနေရတဲ့ အကြောင်းရင်းက မဟာရှနိုင်ငံက စာမေးပွဲဖြေဆိုခွင့် သတ်မှတ်ချက်တွေကို လျှော့ပေါ့ပေးလိုက်လို့ပဲ။ အခုဆို ပညာသင်ကြားဖူးတဲ့ ဘယ်သူမဆို ဝင်ဖြေလို့ရနေပြီ”
“ဒါပေမဲ့ မနှစ်ကလည်း ဒီသတ်မှတ်ချက်တွေပဲ မဟုတ်လား၊ အဲဒါကိုရော ဘယ်လိုရှင်းပြမလဲ”
“ဒါကတော့...”
“ဘုရားရေ။ သုံးရက်တည်းနဲ့ ဒီလောက်တောင် များနေတာ၊ တစ်လပြည့်ရင် တစ်သောင်းကျော်သွားမှာ မဟုတ်ဘူးလား”
“မျိုးနွယ်စုကြီးတွေက သတိပေးချက်တွေ ထုတ်ထားတာတောင် ဘာလို့ ဒီလောက်အများကြီး လာဖြေနေကြတာလဲ။ သူတို့အားလုံးက မဟာရှရဲ့ အနာဂတ်ကို ယုံကြည်နေကြတာလား။ မျိုးနွယ်စုကြီးတွေကို ဆန့်ကျင်ဖို့ ဝန်မလေးကြဘူးလား”
“ငါလည်း နားမလည်နိုင်တော့ဘူး”
ကြီးမြတ်သော မျိုးနွယ်စုကြီးတွေမှာတော့ သူတို့မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သတိပေးချက် ထုတ်ပြန်ပြီးကာစမှာပင် စာပေပညာရှင် အများအပြားက မဟာရှနိုင်ငံ၏ စာမေးပွဲသို့ သွားရောက်ဖြေဆိုခြင်းမှာ သူတို့၏ အရှိန်အဝါကို စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က ထပ်မံ၍ သတိပေးချက် ထုတ်ပြန်ပြန်သည်မှာ မဟာရှ၏ စာမေးပွဲကို ဖြေဆိုသူများသည် မျိုးနွယ်စုကြီးများ၏ ရန်သူဖြစ်ပြီး နောင်တွင် အခြားမည်သည့်နိုင်ငံ၏ စာမေးပွဲကိုမျှ ဖြေဆိုခွင့် ရတော့မည်မဟုတ်’ဟု ဖြစ်သည်။ သို့သော်လည်း ထိုသတိပေးချက်မှာ သက်ရောက်မှု မရှိသလောက်ပင် ဖြစ်သည်။ စတုတ္ထမြောက်နေ့တွင် လျှောက်ထားသူ အရေအတွက်မှာ ၁၀၀၀ ကျော်အထိ မြင့်တက်သွားခဲ့သည်။
ဤသည်မှာ မျိုးနွယ်စုကြီးများ၏ ဂုဏ်သိက္ခာနှင့် မျက်နှာကို ရွှံ့နဲ့လူးပြီး အချက်ပေါင်းများစွာ အရိုက်ခံလိုက်ရသလို ဖြစ်သွားစေသည်။ ထိုအချိန်တွင် တော်ဝင်စာမေးပွဲကို တာဝန်ယူထားရသော လီလင်းဖူသည် လင်းပိုင်ဖန်ထံ အစီရင်ခံနေသည်။
“အရှင်မင်းကြီးကို တင်ပြခွင့်ပြုပါ။ အရှင်မင်းကြီးရဲ့ ညွှန်ကြားချက်အတိုင်း မဟာရှနိုင်ငံအတွက် အရည်အချင်းရှိသူတွေကို ရွေးချယ်ဖို့ တော်ဝင်စာမေးပွဲကို စီစဉ်ထားပါတယ်။ ကျွန်တော်မျိုးက သတ်မှတ်ချက်တွေကို လျှော့ပေါ့ပေးခဲ့လို့ ၄ ရက်အတွင်းမှာတင် လာရောက် လျှောက်ထားသူ ၃၀၀၀ နီးပါး ရှိနေပါပြီ။ ဒီလောက်အထိ များပြားလာလိမ့်မယ်လို့ ကျွန်တော်မျိုး မထင်ထားခဲ့မိလို့ အချို့နေရာတွေမှာ အစီအစဉ်အနည်းငယ် လွဲချော်တာတွေ ရှိခဲ့ပါတယ်၊ အဲဒါအတွက် အရှင်မင်းကြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်အပ်ပါတယ်”
လင်းပိုင်ဖန်က ပြုံးလျက် “ဝန်ကြီး၊ မောင်မင်းကိုယ် မောင်မင်း အပြစ်တင်မနေပါနဲ့။ စာပေပညာရှင်တွေ တော်ဝင်စာမေးပွဲ ဝင်ဖြေနိုင်အောင် သတ်မှတ်ချက်တွေ ဖြေလျှော့ပေးတာက ငါကိုယ်တော်ရဲ့ ခွင့်ပြုချက်နဲ့ပဲလေ။ ဒါက တကယ်ကို ကောင်းပါတယ်” ဟု ဆိုလိုက်သည်။
၎င်းတို့မှာ သာမန်စာပေပညာရှင်များ ဖြစ်နေပါစေဦး၊ ပြည်သူများကြားတွင်မူ ထိပ်တန်းအဆင့် ပညာတတ်များ ဖြစ်ကြသည်။ ၎င်းတို့၏ ဉာဏ်ရည်ဉာဏ်သွေးမှာ လုံလောက်လှပြီး အဆင့်အတန်းမှာလည်း ပြည့်မီလှသည်။ လင်းပိုင်ဖန် အနေဖြင့် အလွန်အမင်း ထက်မြက်လွန်းသူများကို မလိုအပ်ဘဲ သူပေးအပ်သည့် တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်သူများ ရှိလျှင်ပင် လုံလောက်နေပြီ ဖြစ်သည်။
“ကျေးဇူးတင်လှပါတယ် အရှင်မင်းကြီး” ဟု ဆိုကာ လီလင်းဖူသည် သူ၏ မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်သည်။ အမှန်စင်စစ် လင်းပိုင်ဖန် သူ့ကို အပြစ်တင်မည်မဟုတ်ကြောင်း သူသိသော်လည်း ဇာတ်လမ်းဆင်ပြရခြင်း ဖြစ်သည်။ တစ်ဖက်က အရှင်မင်းကြီးရှေ့တွင် အမှတ်ယူလိုခြင်းဖြစ်သလို အခြားတစ်ဖက်ကလည်း သူ၏ အောင်မြင်မှုကို သွယ်ဝိုက်ပြီး ကြွားလုံးထုတ်လိုခြင်းလည်း ဖြစ်သည်။ ကြည့်စမ်းပါဦး၊ ၄ ရက်အတွင်းမှာတင် လူ ၃၀၀၀ ကို သူစုဆောင်းနိုင်ခဲ့သည် မဟုတ်ပါလား။
“ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင် ကျွန်တော်မျိုးတို့ရဲ့ တော်ဝင်စာမေးပွဲမှာ ဒီလိုအခြေအနေမျိုး ဖြစ်လာတာက အရှင်မင်းကြီးကြောင့်ပဲ ဖြစ်မှာပါ”
လင်းပိုင်ဖန်က ဇဝေဇဝါဖြင့် “ငါကိုယ်တော်ကြောင့် ဟုတ်လား”
“မှန်လှပါ အရှင်မင်းကြီး၊ တကယ်ပဲ အရှင်မင်းကြီးကြောင့်ပါ”
လီလင်းဖူက လက်အုပ်ချီ ဂါရဝပြုလျက် ကျယ်လောင်စွာ ဆိုလိုက်သည် “အရှင်မင်းကြီးက မဟာရှနိုင်ငံရဲ့ ရွှေရောင်ခေတ်ကို ကိုယ်တိုင် ဖန်တီးခဲ့ပြီး အရပ်မျက်နှာ အသီးသီးကို အရှိန်အဝါတွေ ဖြန့်ကျက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် သစ်ပင်ကောင်းရင် ငှက်တွေ လာနားသလိုပဲ အရည်အချင်းရှိသူတွေကလည်း အလိုအလျောက် ရောက်ရှိလာကြတာ ဖြစ်ပါတယ်”
လင်းပိုင်ဖန်မှာ သဘောကျသွားပြီး “စကားပြော တော်လှတာပဲ။ မောင်မင်းမှာ ပြောစရာတွေ ရှိသေးရင်လည်း ထပ်ပြောပါဦး” ဟု ဆိုလိုက်သည်။
“ဒုတိယအချက်ကတော့ အရှင်မင်းကြီးရဲ့ သဘောထားကြီးမှုနဲ့ ကရုဏာတော်ကြောင့် မျိုးရိုးကြီးတွေကို ဖယ်ရှားပြီး အောက်ခြေလူတန်းစားက ပညာရှင်တွေကို အခွင့်အရေး ပေးခဲ့လို့ပါပဲ။ ဒီပညာရှင်တွေက အရှင်မင်းကြီးကို ကျေးဇူးတင်နေကြတာမို့လို့ မဟာရှနိုင်ငံကို မိုင်ပေါင်း ထောင်ချီ ခရီးနှင်လာပြီး တော်ဝင်စာမေးပွဲ ဝင်ဖြေကာ အရှင်မင်းကြီးကို အလုပ်အကျွေးပြုဖို့ ရောက်လာကြတာပါ”
“ကောင်းပြီ၊ ကောင်းပြီ” လင်းပိုင်ဖန်၏ အပြုံးများမှာ ပိုမိုကျယ်ပြန့်လာလေသည်။
“တတိယအချက်ကတော့ ကောင်းကင်ရဲ့ အလိုတော်ပါပဲ”
လီလင်းဖူက ကျယ်လောင်စွာြဖင့် “အရှင်မင်းကြီးဟာ နတ်ဘုရားတို့ စောင်မတဲ့ ကောင်းကင်သားတော် ဖြစ်လို့ ကံဆိုးတာတွေကို ကံကောင်းအောင် ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးတို့ ရင်ဆိုင်နေရတဲ့ ပြဿနာလေးတွေက ဘာမှ မဟုတ်တော့ပါဘူး။ အရှင်မင်းကြီးရဲ့ ပညာရှိတဲ့ ဦးဆောင်မှုအောက်မှာ တော်ဝင်စာမေးပွဲကို ချောချောမောမော ကျင်းပနိုင်ရုံတင်မကဘဲ တကယ့် အရည်အချင်းရှိသူတွေကို ရွေးချယ်နိုင်မှာ ဖြစ်လို့ ကျွန်တော်မျိုးတို့ မဟာရှနိုင်ငံဟာ တစ်ကမ္ဘာလုံးကို အံ့ဩစေပြီး နောက်တစ်ကြိမ် ဟုန်းဟုန်းတောက် အင်အားကြီးလာမှာ ဖြစ်ပါတယ်”
“အမှန်ပဲ”
လင်းပိုင်ဖန်မှာ လီလင်းဖူကို လက်ညှိုးထိုးလျက် ဟန်ဆောင်ကာ စိတ်တိုပြလိုက်သည် “ဝန်ကြီး၊ မောင်မင်းရဲ့ မြှောက်ပင့်တဲ့ အတတ်ပညာက တဖြည်းဖြည်းနဲ့ ပိုပြီးတော့ ပါးနပ်လာသလို ရွံစရာလည်း ပိုကောင်းလာပြီ။ တစ်ခါတလေ ငါကိုယ်တော်တောင် မခံစားနိုင်တော့ဘူး”
လီလင်းဖူက စိတ်မကောင်းသလို မျက်နှာဖြင့် “ဒါပေမဲ့ ကျွန်တော်မျိုးက ရင်ထဲက ရှိတဲ့အတိုင်း အမှန်တရားတွေကို လျှောက်တင်နေတာပါ အရှင်မင်းကြီး” ဟု ဆိုလိုက်သည်။
“မောင်မင်းပြောတာတွေက တကယ့်ကို အစစ်အမှန်တွေ ဖြစ်နေလို့ပဲ ငါကိုယ်တော်က မခံစားနိုင်တာ။ အခုချက်ချင်း ထွက်သွားပြီး ဝန်ထမ်းစာမေးပွဲ ကိစ္စတွေကို ဆက်ပြီး စီစဉ်တော့” ဟု ဆိုကာ လင်းပိုင်ဖန်က သူ့ကို ကန်ထုတ်လိုက်သည်။
“မှန်လှပါ အရှင်မင်းကြီး။ ကျွန်တော်မျိုး အခုချက်ချင်း သွားပါ့မယ်”
လင်းပိုင်ဖန်၏ ကန်ထုတ်ခြင်းကို ခံရသော်လည်း လီလင်းဖူက ပို၍ ပျော်ရွှင်နေသည်။ အရှင်မင်းကြီး၏ ကန်ထုတ်ခြင်းကို ခံရခြင်းက ဘာကို ဆိုလိုသနည်း။ ၎င်းမှာ ဘုရင်နှင့် အမတ်ကြားတွင် ခင်မင်ရင်းနှီးမှု ရှိနေခြင်းကို ပြသခြင်းဖြစ်ပြီး အရှင်မင်းကြီးက သူ့ကို လူယုံတစ်ဦးကဲ့သို့ သဘောထားခြင်းပင် ဖြစ်သည်။ သာမန်လူများကိုမူ အရှင်မင်းကြီးက ဤသို့ နောက်ပြောင်လိမ့်မည် မဟုတ်ပေ။
ပြန်ရောက်ပြီးနောက် လီလင်းဖူသည် ဝန်ထမ်းစာမေးပွဲ လုပ်ငန်းများကို ဆက်လက် ကြီးကြပ်ခဲ့သည်။ စာရင်းပေးသွင်းသူ အရေအတွက်မှာ တစ်နေ့ထက်တစ်နေ့ ပိုများလာပြီး လဝက်အတွင်းမှာပင် တစ်သောင်းကျော်သွားခဲ့ပြီ ဖြစ်သည်။ ပြည်တွင်းမှ ပညာရှင်များသာမက ပြည်ပမှ ပညာရှင်များစွာလည်း ရောက်ရှိလာကြသည်။
လူတိုင်း အံ့ဩမှင်သက်သွားခဲ့ကြသည်။ လဝက်အတွင်းမှာတင် လူတစ်သောင်းကျော် လာရောက်လျှောက်ထားသည်ဟုဆိုလျှင် တစ်လပြည့်သောအခါ နှစ်သောင်းကျော်သွားမည် မဟုတ်ပါလား။ ထိုကဲ့သို့သော အတိုင်းအတာမျိုးမှာ မင်းဆက်ကြီးများတွင်ပင် တွေ့ရခဲလှပေသည်။
“စာပေပညာရှင်တွေ ဒီလောက်အများကြီး ဝင်ဖြေနေကြတာလား”
“မဟာရှရဲ့ တော်ဝင်စာမေးပွဲက ရယ်စရာကြီး ဖြစ်သွားမယ်လို့ ငါထင်ခဲ့တာ၊ အခုတော့ ဒဏ္ဍာရီတစ်ခု ဖြစ်လာပြီဟ”
“ဟုတ်တယ်၊ ဘယ်နိုင်ငံငယ်မှာများ ဒီလောက်ကြီးကျယ်တဲ့ တော်ဝင်စာမေးပွဲ ရှိဖူးလို့လဲ”
“မဟာရှရဲ့ စာမေးပွဲကို ငါစိတ်မဝင်စားဘူး၊ ငါမြင်တာကတော့ မျိုးနွယ်စုကြီးတွေရဲ့ မျက်နှာ ဖြတ်ရိုက်ခံလိုက်ရတာပဲ။ သူတို့က မဖြေနဲ့လို့ ပြောထားတာတောင် လူသောင်းနဲ့ချီပြီး လာဖြေကြတယ်ဆိုတော့ သူတို့စကားကို ဘယ်သူမှ ဂရုမစိုက်ကြတော့တာပဲ”
“ငါလည်း သူတို့ အရှက်ကွဲတာကို ကြည့်ပြီး ရယ်နေမိတယ်၊ ဟားဟား…”
ကြီးမြတ်တဲ့ မျိုးနွယ်စုကြီးတွေ ဤသတင်းကို ကြားလိုက်ရတဲ့အခါ မျက်နှာများမှာ မှောင်မိုက်သွားကြသည်။ အကယ်၍ မဟာရှနိုင်ငံ၏ တော်ဝင်စာမေးပွဲသာ အောင်အောင်မြင်မြင် ကျင်းပနိုင်သွားပါက ၎င်းမှာ သူတို့၏ အရှိန်အဝါကို တိုက်ရိုက် စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ နောင်တွင် မည်သူကမျှ သူတို့၏ စကားကို အလေးထားတော့မည် မဟုတ်ပေ။