အခန်း (၄၅၄၆-၄၅၅၀)
Vol. 231 Ch. 4546-4550
Chapter 4546
ပတ်ဝန်းကျင်တွင်ရှိနေသော တခြားကုန်သည်များ၏မျက်နှာများထက်တွင် မနာလိုအားကျသောအမူအယာများ ရှိနေသည်။
အမှန်အားဖြင့် သူသည် နတ်ဆိုးသားရဲများအားလုံးကို အကုန်အစင် ရောင်းချနိုင်ခြင်းကြောင့် လူရိုင်းကြယ်မြစ်ထံသို့ တခြားလူများထက်ကြို၍ ပြန်သွားနိုင်ပေမည်။ထိုအချိန်ကျပါက သူသည် တခြားကုန်စည်များကို သယ်ဆောင်လာကာ အကြိမ်ရေအနည်းငယ်ခန့် ပို၍ကူးသန်းရောင်းဝယ်နိုင်ပေမည်။
ရွှေအစင်းကျားသားသည် သားရဲဘုရင်၏သွေးမျိုးဆက်ရှိသော နတ်ဆိုးသားရဲတစ်ကောင်ပင်။ဤသည်မှာ လူရိုင်းကြယ်မြစ်အတွင်း၌ပင် အဖိုးတန်ရှားပါးသော နတ်ဆိုးသားရဲတစ်ကောင် ဖြစ်ပေ၏။
ဤကဲ့သို့ နတ်ဆိုးသားရဲတစ်ကောင်ကို ရယူနိုင်စွမ်းရှိခြင်းမှတဆင့် ဤကုန်သည်သည် အင်အားများစွာစိုက်ထုတ်ခဲ့ကြောင်း ပြသနေသည်။
"သခင်လေးကို ကျေးဇူးတင်ပါတယ်"
လူရိုင်းကုန်သည်က သူ၏ရင်ဘတ်ရှေ့၌ သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ပြောဆိုသည်။
သူသည် အလွန်ပျော်ရွှင်နေပေ၏။ဤတစ်ကြိမ်ခရီးစဉ်၌ သူ ကြီးမားသောအကျိုးအမြတ်များကို ရှာဖွေနိုင်ခဲ့လေပြီ။
"ငါက ဒီစိတ်ဝိညာဥ်ဆင့်ခေါ်ခြင်းသားရဲကို အရမ်းသဘောကျနေတယ်...နင် ငါ့အတွက် ဒါကို ချန်ထားပေးလို့ရမလား...ငါ အိမ်ကိုပြန်ပြီးတော့ ငွေသွားယူလိုက်အုံးမယ်"
ထိုအချိန်မှာပင် နျူနျူက တိုးညှင်းသောအသံဖြင့် ပြောဆိုသည်။
နျူနျူ၏မျက်လုံးများ ဝိုင်းစက်နေကာ သနားစဖွယ်ကောင်းသောအကြည့်ဖြင့် လူရိုင်းကုန်သည်ကို ကြည့်လိုက်သည်။
လူရိုင်းကုန်သည်က ပြောဆိုသည်။
"ကလေးမလေး...ဒါက ငါ နင့်ကို အနိုင်ကျင့်တာမဟုတ်ဘူး ..မင်းက အရင်ဆုံးငွေပေးချေပြီးမှ ဒီသားရဲကို ဝယ်နိုင်လိမ့်မယ်...သခင်လေးစွေ့က ငွေပေးချေပြီးမှတော့ ဆိုင်မှာရှိတဲ့ ဒီတစ်သုတ်နတ်ဆိုးသားရဲတွေအားလုံးက သူ့ရဲ့အပိုင် ဖြစ်သွားပြီ"
သူသည် နျူနျူကိုရှင်းပြရန် အလွန်ပျင်းရိနေသဖြင့် သူမကို မောင်းထုတ်လိုခဲ့သည်။
နျုနျူကဲ့သို့ ကလေးမလေးနှင့်နှိုင်းယှဉ်ပါက သခင်လေးစွေ့ကဲ့သို့ ဖောက်သည်ကြီးတစ်ယောက်နှင့် ပတ်သက်ပြီး သူ ပို၍စိုးရိမ်ပူပန်သည်။
"ကောင်းပြီလေ...အစ်ကိုကြီး နင် သူ့ကို ကောင်းကောင်းဆက်ဆံရမယ်နော်"
နျုနျူသည် ထွက်ခွာသွားရန်အတွက် ဝန်လေးနေသော်လည်း သူမသည် ခေါင်းညိတ်ပြပြီးသဘောတူညီလိုက်၏။
သူမကို ငယ်ရွယ်စဉ်အချိန်၌ လုမိသားစုမှလူများမှ ထိန်းကျောင်းခဲ့ခြင်းဖြစ်သော်လည်း သူမသည် အလွန်နာခံရို့ကျိုးသော ကလေးမလေးတစ်ယောက်ပင်။သူမသည် သူမ၏အပိုင်မဟုတ်သော အရာတစ်ခုအတွက် မတိုက်ခိုက်ရမည်ကို ကောင်းစွာနားလည်သဘောပေါက်သည်။
သူမသည် စုရူ၏လက်ကို ကိုင်လိုက်သည်။သူမကိုကြည့်ရသည်မှာ အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်နေပုံရပြီး ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။
ထိုအချိန်မှာပင် သခင်လေးစွေ့၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ နျူနျူကို စူးစိုက်၍ကြည့်လိုက်သည်။
"ကလေးမလေး...မင်းက ဒီစိတ်ဝိညာဥ်ဆင့်ခေါ်ခြင်းသားရဲကို လိုချင်တာလား"
နျူနျူက ခေါင်းညိတ်ပြပြီးနောက် တီးတိုးပြောဆိုသည်။
"အစ်ကိုကြီး...နင်က ဒီသားရဲအတွက် ငွေပေးပြီးပြီလေ...နျူနျူက လုယူမှာမဟုတ်ဘူး"
သခင်လေးစွေ့သည် နျူနျူကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ရယ်ပြုံးကာ ပြောဆိုလိုက်၏။
"ဒါက စိတ်ဝိညာဉ်ဆင့်ခေါ်ခြင်းသားရဲလေးတစ်ကောင်ပဲလေ...မင်း ဒါကို ယူသွားလို့ရပါတယ်...ဒါပေမယ့် ငါက မင်းနဲ့ အပေးအယူတစ်ခုလုပ်ချင်တယ်....မင်း ဘယ်လိုသဘောရလဲ"
သူသည် အမှန်အားဖြင့် အပေးအယူတစ်ခုကို ပြုလုပ်လိုခြင်းပင်။
စုရူသည် အနည်းငယ်စိတ်လှုပ်ရှားသွားပေ၏။ သူမသည် နျူနျူ၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး ပြောဆိုလိုက်သည်။
"သခင်လေး ငါတို့မှာ လုပ်စရာကိစ္စတစ်ခု ရှိနေတာကြောင့် နင့်ကို အနှောက်အယှက်မပေးတော့ပါဘူး"
စုရူ၏ကျင့်ကြံဆင့်နယ်ပယ်သည် မြင့်မားခြင်းမရှိသော်လည်း သူမသည် သခင်လေးစွေ့၏ခန္ဓာကိုယ်မှနေ၍ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်ကို အာရုံခံမိသည်။
"မင်းတို့ ငါ့ကို နားလည်မှုလွဲနေပြီလို့ ငါထင်တယ်..ငါက ပစ္စည်းတွေကို စုဆောင်းရတာ သဘောကျတယ်...ဒီမိန်းကလေးဝတ်ထားတဲ့ လည်ဆွဲက ငါ သဘောကျတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုနဲ့ တူနေတယ်...ငါ တစ်ချက်ကြည့်ရအောင် မင်းတို့ ငှားပေးနိုင်မလား...ငါ ဒါကို တချက်ကြည့်ပြီးတာနဲ့ ဒီစိတ်ဝိညာဥ်ဆင့်ခေါ်ခြင်းသားရဲက မင်းတို့ရဲ့အပိုင် ဖြစ်သွားပြီ"
သခင်လေးစွေ့က ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
နံဘေးတစ်ဖက်တွင်ရှိနေသော အစေခံတစ်ယောက်ကလည်း ဝင်ရောက်ပြောဆိုလေ၏။
"ငါတို့ရဲ့သခင်လေးက ထန်အင်ပါယာရဲ့ နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်းက သခင်လေးပဲ...ဘာမှ မစိုးရိမ်နဲ့...သူက ကလေးတစ်ယောက်ကို လှည့်စားမှာမဟုတ်ဘူး"
ပတ်ဝန်းကျင်ရှိလူများထံမှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။
နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်းသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်း၌ရှိသော ထန်အင်ပါယာ၏ အကြီးမားဆုံးကုန်သည်အဖွဲ့အစည်းပင်။
ထန်အင်ပါယာ၌ပင် နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်းသည် ထိပ်သီးအဆင့်၌ရှိနေပေ၏။
သခင်လေးစွေ့သည် ထိုအဖွဲ့အစည်းမှလူတစ်ယောက် ဖြစ်နေပါက သူ့ထံတွင် အလွန်မြင့်မားသော အဆင့်အတန်းရှိနေပေမည်။ထိုကဲ့သို့လူစားမျိုးသည် ဤနေရာသို့ ရောက်ရှိလာမည်ဟု သူတို့ တစ်ကြိမ်တခါမျှ မျှော်လင့်ထားမိခြင်းမရှိချေ။
မိန်းကလေးနှစ်ယောက်သည် တွေဝေတုံ့ဆိုင်းနေဆဲ ဖြစ်သည်ကိုကြည့်ပြီး သခင်လေးစွေ့၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။
မကြာမီမှာပင် အစေခံတစ်ယောက်သည် စိတ်ဝိညာဉ်ဆင့်ခေါ်ခြင်းသားရဲ၏နောက်သို့ တိတိဆိတ်သွားကာ သူ၏လက်ဖြင့် ပြင်းပြင်းထန်ထန် ဖျစ်ညှစ်လိုက်သည်။
ဝူး....ဝူး...
စိတ်ဝိညာဉ်ဆင့်ခေါ်ခြင်းသားရဲသည် နာကျင်သွားသဖြင့် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ဤအသံသည် ငိုကြွေးမြည်တန်းသံအလားပင်။နျူနျူသည် အလွန်ငယ်ရွယ်သူဖြစ်သဖြင့် သားရဲငယ်လေးတစ်ကောင်ကို သူမ၏ရှေ့၌ ဤကဲ့သို့ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်နေသည်အား သူမ မကြည့်ရက်ချေ။
"သူတို့ကို ခုချက်ချင်းရပ်ဖို့ ပြောလိုက်ပါ...ငါ နင့်ကို ဒီလည်ဆွဲပြမယ်"
နုနုသည် သူမ၏လည်ပင်းမှ လည်ဆွဲကိုဖြုတ်ကာ သခင်လေးစွေ့ထံသို့ လက်ကမ်းပေးလိုက်သည်။
သခင်လေးစွေ့သည် လည်ဆွဲကိုကိုင်ကြည့်ပြီးနောက် သူ၏အသက်ရှူနှုန်း မြန်လာကာ သူ၏မျက်လုံးအတွင်း၌ လောဘအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဤလည်ဆွဲသည် အမှန်အားဖြင့် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုဖြစ်သည်ကို ရှာဖွေတွေ့ရှိမိသဖြင့် သူ ထိတ်လန့်တုန်လှုပ်သွားသည်။
ဧကရာဇ်အဆင့် မှော်လက်နက်...
သူတို့၏စွေ့သားစုအတွင်း၌ပင် ဧကရာဇ်အဆင့်မှော်လက်နက်ဟူ၍ အနည်းစုသာရှိသည်။
"မင်းရဲ့သက်ရှည်သော့ခလောက်ကိုလည်း ငါ့ကို မြန်မြန်လေးပြစမ်း"
သခင်လေးစွေ့က တိုက်တွန်းနှိုးဆော်လိုက်သည်။
Chapter 4547
သခင်လေးစွေ့သည် သူ၏ပုံရိပ် ပျက်ပြားမည်ကိုပင် ဂရုမစိုက်တော့ချေ။
တခြားလူများသည် ဤမှော်လက်နက်များအကြောင်းကို နားလည်မည်မဟုတ်ချေ။သူတို့သည် ကလေးမလေးနျုနျူ ဝတ်ဆင်ထားသော ရတနာများသည် အလွန်လက်ရာမြောက်ပြီးထူးခြားသည်ကိုသာ သတိပြုမိပေမည်။
သို့ရာတွင် သခင်လေးစွေ့သည် နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်း၏ သခင်လေးတစ်ယောက်ပင်။သူသည် နေ့စဉ်နေ့တိုင်း အဖိုးတန်ရှားပါးသော ရတနာအမြောက်အများကို မြင်တွေ့ဖူးသူဖြစ်သဖြင့် ဤမိန်းကလေးဝတ်ဆင်ထားသော ရတနာများ မည်မျှထိ ထူးခြားသည်ကို အကြည့်တချက်ဖြင့် ပြောဆိုနိုင်သည်။
ဤရတနာများအားလုံးသည် မှော်ရတနာများပင်။ထိုအရာများအားလုံးကို လုယွီကိုယ်တိုင် သန့်စင်ထားခြင်း ဖြစ်ပေ၏။
နျူနျူကို ချီအင်ပါယာမှ ဖမ်းဆီးခြင်းအား ခံရပြီးနောက် လုယွီသည် ဤကဲ့သို့အခြေအနေမျိုး နောက်တစ်ကြိမ်ဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်နေခဲ့သည်။ထို့ကြောင့် သူသည် မှော်ရတနာအမြောက်အများကို သန့်စင်ပြီး သူ၏မိသားစုဝင်များထံသို့ ပေးထားခဲ့သည်။
ထိုမှော်ရတနာများအနက်မှ မည်သည့်တစ်ခုမဆို သာမန်အခြေအနေမျိုးတွင် အရှိန်အဝါအနည်းငယ်ကိုသာ ပြသပေမည်။အန္တရာယ်ရှိသောအခြေအနေတစ်ခုနှင့် ရင်ဆိုင်ရသောအချိန်မှသာ ထိုရတနာများမှနေ၍ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားများ ထွက်ပေါ်လာပေမည်။
ဤရတနာများအနက်မှ မည်သည့်တစ်ခုမဆို ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို ရုန်းရင်းဆန်ခတ်ဖြစ်သွားစေသည့် အရာပင်။
သခင်လေးစွေ့သည် သူ၏လက်အတွင်း၌ လည်ဆွဲကို ဆုပ်ကိုင်ထားသည်။ထိုလည်ဆွဲကိုကြည့်ရသည်မှာ မထင်မရှားဖြစ်သော်လည်း သခင်လေးစွေ့သည် ထိုအရာအတွင်းမှလာသည့် ကြီးမားကျယ်ပြန့်သောစွမ်းအားကို ခံစားမိပေ၏။
"ဒါပေမဲ့...ဒါပေမဲ့ ဒီသက်ရှည်သော့ခလောက်ထဲမှာက အစ်ကိုကြီးကိုယ်တိုင် ငါ့ကိုပေးထားတဲ့ အရာတစ်ခု ရှိနေတယ်"
နျုနျူက တွေဝေတုံ့ဆိုင်းနေသည်။
လုယွီသည် သူမအား ဤသက်ရှည်သော့ခလောက်ကို သူမ၏ခန္ဓာကိုယ်ပေါ်တွင် အစဥ်အမြဲဆောင်ထားရန်နှင့် ထိုအရာကို မည်သူ့ကိုမျှမပေးရန် ထပ်ခါတလဲလဲမှာကြားထားခဲ့သည်။
စုရူသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ ဤလူသည် နျူနျူကို ထိခိုက်နာကျင်အောင်လုပ်ရန် ကြိုးစားနေကြောင်း ဝိုးတဝါးခန့်မှန်းမိသည်။
"ငါတို့က ဒီစိတ်ဝိညာဉ်ဆင့်ခေါ်ခြင်းသားရဲကို မလိုချင်တော့ဘူး...ငါ့သခင်မလေးရဲ့ပစ္စည်းကို ပြန်ပေးပါ"
စုရူသည် ခြေတစ်လှမ်းရှေ့တက်ကာ ထိုလည်ဆွဲကိုပြန်ယူရန် ဟန်ပြင်လိုက်၏။
စုရူ၏လက် ဆန့်တန်းလိုက်သောအချိန်တွင် သခင်လေးစွေ့၏နံဘေးတွေရှိနေသော အစေခံသည် ရှေ့သို့တိုးလာကာ သူမ၏သေးသွယ်သောလက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားမည်ဟု မည်သူက တွေးထင်မိမည်နည်း။
"နတ်ဆိုးအစေခံတယောက်က တခြားလူတွေရဲ့ကိစ္စထဲမှာ ဝင်ရှုပ်ရဲတာလား....ထွက်သွားစမ်း"
ထိုအစေခံက အေးစက်စက် အော်ငေါက်လိုက်သည်။သခင်လေးစွေ့၏နံဘေး၌ အစေခံအဖြစ်လိုက်ပါနေသူသည် ထိပ်သီးကျင့်ကြံသူတစ်ယောက် ဖြစ်နေပေ၏။
စုရူ၏အစစ်အမှန်ပုံပန်းသွင်ပြင်သည် နတ်ဆိုးတကောင်ဖြစ်ကြောင်း အစေခံက အကြည့်တစ်ချက်ဖြင့် ပြောဆိုနိုင်သည်။ထိုကြောင့် သူသည် နောက်ဆုတ်ခြင်းမရှိဘဲ သူ၏လက်ကိုမြှောက်လိုက်ရာ အားလှိုင်းတစ်ရပ်ပွင့်အံ့ထွက်လာပြီး စုရူ၏ခန္ဓာကိုယ်ပေါ်သို့ ပြင်းပြင်းထန်ထန်ကျရောက်သွားသည်။
"အား...."
စုရူသည် နာကြင်မှုကို ခံစားလိုက်ရကာ သူမ၏လက်ကောက်ဝတ် အညိုအမည်းဆွဲသွားသည်။ဤရက်စက်ကြမ်းကြုတ်သောအားလှိုင်းကြောင့် သူမသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပေ၏။
ထိုအစေခံသည် သူ၏စွမ်းအားကို အနည်းငယ်မျှ ထိန်းချုပ်ခြင်းမရှိချေ။စုရူက သူမ၏လက်ကောက်ဝတ် ထုံကျင်သွားကာ မည်သည့်တုံ့ပြန်မှုမျှ မရှိတော့ကြောင်း ခံစားမိသည်။
ဤအချိန်အခိုက်အတန့်၌ စုရူသည် သူမ၏ခန္ဓာကိုယ်မှ နာကျင်မှုနှင့်ပတ်သက်ပြီး ဂရုမစိုက်တော့ချေ။သူမသည် နောက်သို့အမြန်လှည့်ကာ နျူနျူကိုကြည့်ပြီး အော်ဟစ်လိုက်သည်။
"သခင်မလေး...အန္တရာယ်ရှိနေပြီ မြန်မြန်ပြေးတော့"
ဤလူများသည် ရှင်းယန်မြို့အတွင်း၌ အမှန်တကယ်ကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ဝံ့သည်။
ယခုလက်ရှိချိန်၌ ရှင်းယန်မြို့၏လုံခြုံရေးသည် အလွန်တင်းကြပ်ပေ၏။ဤသည်ကြောင့် မိန်းကလေးနှစ်ယောက်သည် လည်ပတ်ရန်အတွက် ထွက်လာဝံ့ခြင်းပင်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် တဖက်လူများသည် လှုပ်ရှားမှုပြုလုပ်ဝံ့မည်ဟု သူမတို့ မျှော်လင့်မထားမိချေ။ထိုလူများသည် မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်းမရှိသည်မှာ သိသာထင်ရှားလှ၏။
"အစ်မကြီးစု...."
နုနုသည် သူမရှေ့ရှိ မြင်ကွင်းကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားသည်။
သို့ရာတွင် သူမသည် ငယ်ရွယ်သူဖြစ်သည့်တိုင် ယခင်က ဤကဲ့သို့ကိစ္စမျိုးကို ကြုံတွေ့ထားခဲ့သဖြင့် ငိုကြွေးခြင်းမပြုချေ။ထိုအစား သူမက စုရူ မတ်တတ်ထရပ်နိုင်ရန် ကူညီပေးလိုက်သည်။
"ပြေးမှာလား....မင်းတို့က ဘယ်နေရာကို ပြေးမှာလဲ"
သခင်လေးစွေ့က သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ သူ၏နံဘေးတွင်ရှိသော အစေခံတစ်စုသည် ရှေ့သို့တိုးပြီး နျူနျူတို့နှစ်ယောက်ကို ဝိုင်းရံလိုက်၏။
ဤမြင်ကွင်းကြောင့် လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
အစောပိုင်းက စကားပြောဆိုနေခဲ့သော လူရိုင်းကုန်သည်သည်လည်း ဤအချိန်အခိုက်အတန့်တွင် ကြက်သေသေသွားသည်။
ရုတ်ချင်းဆိုသလိုပင် လူရိုင်းကုန်သည်က ဖြောင့်ဖျလိုက်သည်။
"သခင်လေးစွေ့...ကလေးမလေးတစ်ယောက်ကို ဒီလိုလုပ်ဖို့ လိုလို့လား..."
သူသည် ရည်ရွယ်ချက်ကောင်းဖြင့် ဖြောင့်ဖျရန် ကြိုးစားခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ နျူနျူကဲ့သို့ ချစ်စဖွယ်ကောင်းသော ကလေးမလေးတစ်ယောက်သည် မည်သည့်နေရာသို့ သူမ သွားသည်ဖြစ်စေ လူအများအား သူမအပေါ် သနားကြင်နာစိတ်များ ပေါက်ဖွားစေသည်။
သခင်လေးစွေ့က သူ၏ခေါင်းကိုချာခနဲလှည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုသည်။
"တကယ်လို့ မင်းက ငါတို့နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်းနဲ့ ဆက်ပြီးပူးပေါင်းချင်သေးတယ်ဆိုရင် မင်းရဲ့ပါးစပ်ကို ပိတ်ထားစမ်း"
လူရိုင်းကုန်သည်၏ခန္ဓာကိုယ် တုန်ရီသွားကာ ချက်ချင်းဆိုသလိုပင် စကားပြောဆိုနေခြင်းကို ရပ်တန့်လိုက်၏။
Chapter 4548
သူသည် မတရားမှုကို မြင်တွေ့သဖြင့် ကူညီပေးလိုခြင်းပင်။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ သူသည် ကုန်သည်တစ်ယောက်ဖြစ်သဖြင့် အရာရာတိုင်းသည် သူ၏ကိုယ်ပိုင်အကျိုးစီးပွားအပေါ်တွင် အခြေခံသည်။ထို့ကြောင့် လူရိုင်းကုန်သည်သည် သူ၏အကျိုးစီးပွား ထိခိုက်လာမည့်ဘေးနှင့် ရင်ဆိုင်ရချိန်တွင် နျူနျူအတွက် ရူးသွပ်မိုက်မဲစွာဖြင့် စကားပြောဆိုပေးခြင်း မပြုတော့ချေ။သူသည် နျူနျူအတွက်ဖြင့် သခင်လေးစွေ့ကို အပြစ်မပြုဝံ့ချေ။
လူရိုင်းကုန်သည် တိတ်ဆိတ်ငြိမ်သက်သွားသော်လည်း နံဘေးပတ်ဝန်းကျင်ရှိလူများသည် ဤကိစ္စကို သည်းခံမည်ဟု ဆိုလိုခြင်းမဟုတ်ချေ။
လူအများသည် ဤကိစ္စ၏အကြောင်းအကျိုးကို ရှင်းရှင်းလင်းလင်း မြင်တွေ့ပြီးဖြစ်သည်။ထို့ကြောင့် သူတို့သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။
"မင်းတို့က နေ့လယ်ခင်းကြောင်တောင်မှာတောင် ဒီကလေးမလေးရဲ့ပစ္စည်းတွေကို လုယက်ချင်တာလား"
"ဒါက အမှန်ပဲ...ငါတို့အားလုံးဒီကိစ္စကိုမြင်ပြီးပြီ....ရှင်းယန်အုပ်ချုပ်ရေးရုံးတော်ရဲ့လူတွေက မကြာခင်မှာ ဒီနေရာကို ရောက်လာတော့မယ်...ပြဿနာမရှာကြစမ်းနဲ့"
ပတ်ဝန်းကျင်ရှိလူများသည် သခင်လေးစွေ့တို့လူစုကို စတင်၍ဆူပူကြိမ်းမောင်းလိုက်ကြသည်။
သခင်လေးစွေ့သည် သူ၏စွမ်းအားကို အသုံးပြုကာ တခြားလူများကို အနိုင်ကျင့်နေသဖြင့် ကျင့်ကြံသူအမြောက်အများသည် ရပ်ကြည့်မနေနိုင်တော့ချေ။
သခင်လေးစွေ့၏နံဘေးတွင်ရှိနေသော အစေခံတစ်ယောက်က အေးစက်စက်နှာတစ်ချက်မှုတ်ပြီး ပြောဆိုသည်။
"ဟမ့်... ငါက မင်းတို့ရဲ့အပြုအမူတွေကို သလင်းကျောက်ဖန်လုံးနဲ့ မှတ်တမ်းတင်ထားတယ်....ငါတို့နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်းကို ဘယ်သူဆန့်ကျင်ဝံ့လဲဆိုတာ ကြည့်ကြသေးတာပေါ့"
ထိုစကားလုံးများကို ပြောဆိုလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိလူများသည် ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
ချီအင်ပါယာ ပျက်စီးသွားပြီဖြစ်သည့်တိုင် လူအများအကြား၌ ထန်အင်ပါယာမှလူများ၏အခွင့်အာဏာကြီးမားမှုကို လှုပ်ခတ်၍မရသေးချေ။
မြို့သူမြို့သားတချို့သည် ထန်အင်ပါယာသားများကို မြင်တွေ့သည်နှင့် သူတို့၏ဒူးများ ပျော့ခွေသွားကာ ထိုလူများအား ဆန့်ကျင်ဝံ့ခြင်းမရှိတော့ချေ။
ချီအင်ပါယာ တည်ရှိနေစဉ်အချိန်၌ ထန်အင်ပါယာသားများသည် လမ်းများပေါ်၌ လူများသတ်ဖြတ်နေလျှင်ပင် မည်သူတစ်ဦးတစ်ယောက်မျှ ဝင်ရောက်စွက်ဖက်ဝံ့ခြင်းမရှိချေ။ ယခုအချိန်၌ ထန်အင်ပါယာသားများသည် မောက်မာထောင်လွှားနေသော်လည်း လူအများစုသည် သူတို့အား မြင်တွေ့သည်နှင့် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံနေလေပြီ။
နဂါးအသူရာချောက် ကုန်သည်အဖွဲ့အစည်းသည် ရှင်းယန်မြို့အတွင်း၌ အကြီးမားဆုံးအဖွဲ့အစည်းပင်။
ထိုအဖွဲ့အစည်းသည် ရှင်းယန်မြို့အတွင်း၌ ကုန်သွယ်ရေး သယ်ယူပို့ဆောင်ရေး စားသောက်ဆိုင်များနှင့် တခြားလုပ်ငန်းများကိုလုပ်ဆောင်သည်။
ဤသည်မှာ ကြီးမားသော အဖွဲ့အစည်းတစ်ခုပင်။အုပ်ချုပ်ရေးဘက်မှဖြစ်စေ ဂိုဏ်းအင်အားစုဘက်မှဖြစ်စေ ဤကုန်သည်အဖွဲ့အစည်းနှင့်သူတို့အကြားတွင် မကင်းရာမကင်းကြောင်း ဆက်သွယ်မှုများနှင့် ရှုပ်ထွေးသော ဆက်နွယ်မှုများ ရှိနေသည်။
သာမန်လူများသည် ဤကဲ့သို့ ပထမတန်းစားကုန်သည်အဖွဲ့အစည်းကြီးတစ်ခုကို ရန်စစော်ကားဝံ့ခြင်း မရှိချေ။
"အပိုစကားတွေကို ထပ်ပြောမနေကြနဲ့တော့....ငါတို့ နဂါးအသူရာချောက် ကုန်သည်အဖွဲ့အစည်းက ငြိမ်းချမ်းမှုနဲ့တရားမျှတမှုကို ချစ်မြတ်နိုးတယ်"
သခင်လေးစွေ့က အစေခံ၏ပခုံးကိုပုတ်ကာ နောက်သို့ဆုတ်ရန် အမိန့်ပေးလိုက်သည်။
ထို့နောက် သခင်လေးစွေ့က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပတ်ဝန်းကျင်ရှိလူများကို ပြောဆိုလိုက်၏။
"မင်းတို့ နားလည်မှုလွဲနေပြီလို့ ငါ ထင်တယ်....လွန်ခဲ့တဲ့ ရက်အနည်းငယ်အကြာတုန်းက ငါတို့နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်းမှာ သူခိုးခိုးခံရပြီးတော့ ရတနာတွေအများကြီး ပျောက်သွားခဲ့တယ်....ငါတို့က စိုးရိမ်ပူပန်နေတာကြောင့် ရူးသွားလုနီးပါးပဲ...ငါ့ရဲ့အဖေကလည်း အရမ်းစိုးရိမ်ပူပန်နေတယ်"
သူသည် သက်ပြင်းတစ်ချက်ရှိုက်ပြီး သူ့၏အတွင်းရှိလည်ဆွဲကိုမြှောက်ကာ ပြောဆိုသည်။
"အခိုးခံရတဲ့ရတနာတွေကို ဒီနေ့ လမ်းပေါ်မှာ ပြန်တွေ့ရမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒီလည်ဆွဲမှာ ငါတို့ နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်းရဲ့ အထူးသီးသန့်အမှတ်အသား ရှိနေတယ်.....ဒါကြောင့် ငါက အကြည့်တစ်ချက်နဲ့ ဒါကို သိနိုင်ခဲ့တာပဲ...အခုအချိန်မှာ ငါက ရတနာကို ရှာတွေ့ခဲ့တာကြောင့် နည်းနည်းစိတ်လှုပ်ရှားသွားခဲ့တယ်...ဒါကြောင့် ငါက မင်းတို့အားလုံးကို ရယ်စရာဖြစ်စေမိပြီ"
သခင်လေးစွေ့၏မျက်နှာအမူအယာသည် တည်ငြိမ်နေကာ သူ၏မြင့်မားသောအဆင့်အတန်းနှင့် ပေါင်းစပ်လိုက်ချိန်၌ သူ၏စကားများသည် လူအများ၏ထောက်ခံမှုကို ရရှိသွားပေ၏။
"ဒါဆိုရင် သူတို့က နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်းကနေ ရတနာတွေခိုးခဲ့တဲ့ သူခိုးတွေ ဖြစ်နေတာပါလား"
"အံ့အားသင့်စရာ မရှိတော့ဘူး...ငါ အခုသိသွားပြီ....နဂါးအသူရာချောက် ကုန်သည်အဖွဲ့အစည်းက ရှင်းယန်မြို့ထဲမှာ နံပါတ်တစ်အဖွဲ့အစည်းပဲ ....ဘယ်လိုလုပ်ပြီးတော့ သူတို့က ကလေးမလေးတစ်ယောက်ဆီကနေ ပစ္စည်းတစ်ခုကို လုယူမှာလဲ"
"ဒါဆိုရင် သခင်လေးစွေ့က သူ့ရဲ့ပြဿနာကို ဖြေရှင်းနေတာပါလား...ငါတို့ မှားသွားပြီ"
လူအများသည် ဤကိစ္စကို နားလည်သဘောပေါက်သွားသဖြင့် သူတို့၏အသံများက ပတ်ဝန်းကျင်၌ ထွက်ပေါ်လာခဲ့သည်။
နျူနျုသည် ထိုစကားသံများအားလုံးကို ကြားသဖြင့် ပျာပျာသလဲရှင်းပြလိုက်၏။
"မဟုတ်ဘူး....ဒါတွေက ငါ့ရဲ့အစ်ကိုကြီးကိုယ်တိုင် သန့်စင်ထားတာပဲ"
သို့ရာတွင် သူမ၏စကားကို မည်သူတစ်ဦးတစ်ယောက်ကမျှ ဂရုမစိုက်ပေ။
တချို့လူများက သရော်တော်တော် ပြောဆိုသည်။
"ကောင်းကောင်းတောင် အရွယ်မရောက်သေးတဲ့ ကလေးမလေးတစ်ယောက်က ပစ္စည်းတွေကို ဘယ်လိုခိုးရမလဲဆိုတာ သိနေပြီ...ဒီလိုရတနာမျိုးက အရမ်းထူးခြားတယ်...ဒါက အဆင့်အတန်းမြင့်မားတဲ့ လူတစ်ယောက် ပိုင်ဆိုင်တာပဲဖြစ်ရမယ်...မင်းရဲ့အစ်ကိုက ဒါကို သန့်စင်တာလား...ဒါဆိုရင် မင်းရဲ့အစ်ကိုက ဘယ်သူလဲ"
တခြားလူတစ်ယောက်က အကြံပေးသည်။
"သခင်လေးစွေ့...မင်းက ဒီလိုသူခိုးတွေကို ရင်ဆိုင်တဲ့နေရာမှာ ညှာတာနေလို့မရဘူး..မင်း သူတို့ကို သင်ခန်းစာကောင်းကောင်း ပေးသင့်တယ်"
သခင်လေးစွေ့က သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုသည်။
"ပြဿနာမရှိပါဘူး....သူက ကလေးတစ်ယောက်ပဲလေ...ငါက သူ့ကို ဘာပြဿနာမှမရှာချင်ဘူး...သူက သင်ပြပေးဖို့ လိုနေရုံလေးပဲ...ငါ့ရဲ့ပစ္စည်းတွေကို ပြန်ရတာနဲ့ ငါက ဒီကိစ္စကို ကြေအေးပေးလိုက်မယ်"
"သခင်လေးက အရမ်းသဘောထားကြီးတဲ့ လူတစ်ယောက်ပဲ..သူက ငါတို့မျိုးဆက်ရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ပဲ"
ဖြတ်သွားဖြတ်လာလူများသည် လေးစားကြည်ညိုစွာဖြင့် ပြောဆိုလိုက်ကြ၏။
Chapter 4549
"ကလေးမလေး....သခင်လေးစွေ့ရဲ့ပစ္စည်းတွေကို မြန်မြန်ပြန်ပေးပြီးတော့ ကျေးဇူးတင်စကားပြောလိုက်စမ်း"
ဖြတ်သွားဖြတ်လာလူအိုကြီးတစ်ယောက်က ဖြောင့်ဖျစကားပြောဆိုသည်။
နျုနျူ၏အပြစ်ကင်းစင်သောမျက်လုံးဝိုင်းကြီးများ ပြူးကျယ်နေကာ မျက်ရည်စများဖြင့် ပြောဆိုသည်။
"ဒါပေမဲ့ အဲဒီပစ္စည်းတွေက အစကတည်းက ငါ့ကို အစ်ကိုကြီး ပေးထားခဲ့တာလေ"
လူအိုကြီး၏မျက်နှာပေါ်တွင် ချက်ချင်းဆိုသလိုပင် ရွံရှာစပ်ဆုပ်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
"မင်းကိုကြည့်ရတာ ကောင်းကောင်းသင်ပြမခံထားရတဲ့ပုံပဲ...မင်းမှာ မိဘတွေ ရှိလားမရှိဘူးလားဆိုတာ ငါ မသိဘူး...ဒါပေမဲ့ မင်းက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပစ္စည်းတွေကို ခိုးတတ်နေပြီ"
"ဒါက အမှန်ပဲ....ငါ့အထင်တော့ သူက မြို့တောင်ဘက်က သူတောင်းစားတွေနေတဲ့ နေရာက ထွက်လာတဲ့ အလေအလွင့်ပဲဖြစ်မယ်.. သူက သနားဖို့ကောင်းအောင် ဟန်ဆောင်နေတယ်....ကြည့်ရတာတော့ ဒီအဝတ်အစားတွေကိုလည်း သူက ချမ်းသာတဲ့အိမ်တစ်အိမ်ကနေ ခိုးလာတာပဲဖြစ်မယ်"
"မင်းမှာ ဘာအသိတရားမှ မရှိဘူးလား....ပစ္စည်းတွေကိုခိုးပြီး ပြန်မပေးချင်ဘူး....မင်းက တကယ့်ကို တိရစ္ဆာန်တစ်ကောင်ပဲ"
ဤနေရာတွင် မတူကွဲပြားသောအမြင်များ ရှိလာကာ လူအများသည် နျူနျူကို စတင်၍စွပ်စွဲပြောဆိုလိုက်ကြ၏။
အမှန်တရားသည် ထပ်မံ၍ အရေးမပါတော့ချေ။
ပြောရမည်ဆိုလျှင် ဤကိစ္စအတွက် သက်သေမလိုအပ်တော့ချေ။နောက်မှလူများသည် ရှေ့မှလူတစ်ယောက် ပြောဆိုသည်ကို ကြားသည်နှင့် နျူနျူသည် သူခိုးတစ်ယောက်ဖြစ်သည်ဟု သူတို့အားလုံး တွေးထင်လိုက်ကြသည်။
ကောလာဟလများ ပို၍ပျံ့နှံ့လာလေလေ စွပ်စွဲချက်များ ပို၍ပြင်းထန်လာလေလေပင်။ တချို့လူများသည် သူမအား လိုက်လံခိုးဝှက်နေသော သူတောင်းစားတစ်ယောက်အဖြစ် ဆက်ဆံကြသည်။
"အကျင့်မကောင်းတဲ့ သူတောင်းစားလေး...ပစ္စည်းတွေကို ပြန်ပေးလိုက်စမ်း"
လူတချို့သည် ရှေ့သို့တိုးကာ နျုနျုအား ရိုက်နှက်လိုသော်လည်း စုရူက ကာကွယ်ပေးထားသည်။သူတို့၏ခြေထောက်များသည် စုရူပေါ်သို့ ကျရောက်လာသဖြင့် သူမ၏အဖြူရောင်ဝတ်စုံပေါ်တွင် ချက်ချင်းဆိုသလို ခြေရာများ စွဲထင်ကျန်ရစ်တော့သည်။
မည်သည်ကြောင့် နျူနျူသည် ယခင်က ဤကဲ့သို့ ဆူပူအော်ငေါက်ခြင်း ခံခဲ့ရဖူးမည်နည်း။ သူမသည် ထိတ်လန့်တကြားဖြစ်နေကာ ကျယ်လောင်စွာအော်ဟစ်ငိုကြွေးပြီး မှားယွင်းစွပ်စွဲခံရသည်ဟု ခံစားနေရသည်။
စုရူသည် နျူနျူကို သူမ၏လက်မောင်းကြား၌ ပွေ့ဖက်ထားကာ ကလေးမလေး၏နားကိုအုပ်ပြီး သခင်လေးစွေ့ကို ဒေါသတကြီးစူးစိုက်ကြည့်လိုက်သည်။
"နင်က ငါတို့ရဲ့သခင်မလေးကို ဘယ်လိုသတ္တိမျိုးနဲ့ မဟုတ်မမှန်စွပ်စွဲရဲတာပဲ...အကျိုးဆက်တွေကို နင် သိရဲ့လား"
စုရူက ဒေါသတကြီးပြောဆိုသည်။
အစေခံတယောက်သည် မျက်မှောင်ကြုတ်ပြီး သခင်လေးစွေ့၏နားအနီးသို့ကပ်ကာ တီးတိုးပြောဆိုလိုက်၏။
"သခင်လေး ငါတို့ ဒီလောက်နဲ့ရပ်လိုက်ရင် မကောင်းဘူးလား....ရှင်းယန်စီရင်စုရုံးတော်ကလူတွေ မကြာခင်မှာ ရောက်လာတော့မယ်...ဒီကလေးမလေးကိုကြည့်ရတာ အားကောင်းတဲ့နောက်ခံအင်အား ရှိတဲ့ပုံပဲ"
သခင်လေးစွေ့က ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"ဟား ဟား ဟား...သူ့မှာ ဘာနောက်ခံရှိမှာမလို့လဲ...အဲ့ဒီပစ္စည်းက ငါ့အပိုင်လို့ ငါ ပြောပြီးပြီ....ပြဿနာတစ်ခုခု ရှိလို့လား...ရှင်းယန်စီရင်စုရုံးတော်ကလူတွေ ရောက်လာရင်တောင် ဘာဖြစ်လာမှာမလို့လဲ....ငါတို့နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်းရဲ့ ငွေကြေးတွေက အရာမဝင်ဘူးလို့ မင်း ထင်နေတာလား"
သခင်လေးစွေ့သည် အစဉ်အမြဲ မောက်မာထောင်လွှားသူဖြစ်သဖြင့် ထိုကလေးမလေးကို အနည်းငယ်မျှ အရေးမစိုက်ချေ။
နဂါးအသူရာချောက် ကုန်သည်အဖွဲ့အစည်းသည် အားကောင်းသောအခွင့်အာဏာရှိပြီး နေရာဒေသအသီးသီး၌ ကြီးမားသောကွန်ယက်ကို ဖြန့်ကျက်ထားနိုင်သည်။ထို့ကြောင့် အကယ်၍ သူတို့သည် ကလေးမလေးတစ်ယောက်ထံမှ လုယက်သည်ဆိုလျှင်ပင် မည်သည့်ကိစ္စမျှ ဖြစ်မလာနိုင်ချေ။
သူ့အား တစ်စုံတစ်ခုပြုလုပ်ရန် မည်သူ့ထံ၌ သတ္တိရှိမည်နည်း.....
"သခင်ကြီးက ဘာပြဿနာမှမရှာခဲ့ဖို့ ငါတို့ကို ပြောလိုက်တယ်"
ထိုမြင်ကွင်းကိုကြည့်ပြီး အစေခံက စိုးရိမ်ပူပန်တကြီးသတိပေးသည်။
ထိုစကားကိုကြားချိန်၌ သခင်လေးစွေ့သည် နောက်ဆုံး၌ မျက်မှောင်ကြုတ်လိုက်၏။
သူသည် အကြောက်အလန့်မဲ့သူဖြစ်သော်လည်း သူ၏ဖခင်ကိုမူ အလွန်ထိတ်လန့်ကြောက်ရွံ့သည်။
ယခုအချိန်၌ သူ့ဖခင်၏ညွှန်ကြားချက်ဟု ကြားချိန်တွင် သခင်လေးစွေ့သည် အေးစက်စက်နှာတစ်ချက်မှုတ်ပြီး နျုနျုကိုကြည့်ကာ ပြောဆိုလိုက်သည်။
"သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ သက်ရှည်သော့ခလောက်ကို ဆွဲဖြုတ်လိုက်စမ်း"
"ဟုတ်ကဲ့ပါ သခင်လေး"
နံဘေးဘက်တွင်ရှိနေသော အစေခံများသည် ရှေ့သို့တက်လာကာ နျုနျူထံသို့ ချဉ်းကပ်လာကြ၏။
"နင်တို့ အတင့်ရဲလှချည်လား...သူ ဘယ်သူလဲဆိုတာ နင်တို့ သိလား"
စုရူသည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် သူမ၏မျက်နှာ ဖြူရော်နေသည်။သူမသည် နျူနျူ၏အဆင့်အတန်းကို ပြောတော့မည်အချိန်မှာပင် ကြာပွတ်ရိုက်ချက်တချို့က သူမ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။
ဝှစ်...
ဖြောင်း...
ကြာပွတ်လွှဲယမ်းသံနှင့်အတူ လေထုအတွင်း၌ ပေါက်ကွဲသံများ ဆက်တိုက်မြည်ဟီးလာသည်။
စုရူ၏အသားများ ချက်ချင်းစုတ်ပြဲသွားကာ မူလက သူမ၏ဖြူဖွေးသောအသားအရေပေါ်တွင် ယခုအချိန်၌ သွေးစို့ရာဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ဤသည်မှာ ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
"နတ်ဆိုးအစေခံတယောက်က တခြားလူတွေရဲ့အလုပ်မှာ ဝင်ရှုပ်ရဲတယ်....မင်းက သေလမ်းရှာနေတာလား"
"နည်းနည်းလေးတောင်မညာနဲ့...သူ့ကို သေတဲ့အထိရိုက်စမ်း"
သခင်လေးစွေ့က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
အင်ပါယာများ၏စည်းမျဉ်းဥပဒေများသည် လူသားများကို ကာကွယ်ပေးထားသော်လည်း နတ်ဆိုးလူသားများ မပါဝင်ချေ။
အကယ်၍ တစ်စုံတစ်ယောက်သည် လမ်းပေါ်၌ နတ်ဆိုးအစေခံတစ်ယောက်ကို သတ်ဖြတ်လိုက်လျှင်ပင် ဒေသခံအာဏာပိုင်များထံမှ မည်သည့်အပြစ်မျှ ခံယူရမည်မဟုတ်ချေ။တစ်ခါတစ်ရံ၌ သူတို့သည် ထိုနတ်ဆိုးသားရဲ့အစေခံ၏အရှင်သခင်ကို ငွေပြားတချို့လျော်ကြေးပေးရန်သာ လိုအပ်သည်။
နတ်ဆိုးလူသားများ၏အဆင့်အတန်းသည် အစေခံတချို့လောက်ပင် မြင့်မားခြင်းမရှိချေ။
ပြင်းထန်သော ကြာပွတ်ရိုက်ချက်များသည် အညှာအတာကင်းမဲ့စွာဖြင့် စုရူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေပေ၏။သို့ရာတွင် စုရူသည် နျူနျူကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားကာ သူမအားလွှတ်ပေးရန် ငြင်းဆန်နေသည်။
Chapter 4550
"အစ်မကြီးစု...."
စုရူ၏ပွေ့ဖက်ခြင်းကို ခံစားရသော နျူနျုသည် အော်ဟစ်ငိုယိုနေပေ၏။
သို့ရာတွင် စုရူသည် သေလူမျောပါးအခြေအနေသို့ ရောက်ရှိနေလေပြီ။သူမ၏နောက်ကျောတွင် အဖြူရောင်အရိုးများ ပေါ်လွင်နေကာ သွေးများတစ်စက်စက်ယိုစီးကျနေသည်။ဤသည်မှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
"အစ်မကြီးစုကို အနိုင်မကျင့်ကြနဲ့....နင်တို့အားလုံးက လူဆိုးတွေပဲ...ငါ့ရဲ့အကိုကြီးက နင်တို့ကို အလွတ်ပေးမှာ မဟုတ်ဘူး"
နျူနျု၏ကလေးသံလေးက ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွားသည်။
သို့ရာတွင် သူမ၏စကားများကို သခင်လေးစွေ့သည် လျစ်လျှူရှုထားလေ၏။
"ငါတို့နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်းက ဘာကျောထောက်နောက်ခံရှိမှန်း မသိရတဲ့ မင်းရဲ့အစ်ကိုကြီးကို ကြောက်ရမှာလား....ဒါက ဘယ်လို ဟာသပြက်လုံးမျိုးလဲ"
သခင်လေးစွေ့က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
သူသည် နျူနျူ၏စကားများကို အနည်းငယ်မျှ အလေးအနက်မထားချေ။
ထန်အင်ပါယာ၏တော်ဝင်မြို့တော်အတွင်း၌ပင် နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်းကို ထိပ်သီးအဖွဲ့အစည်းတစ်ခုဟု ယူဆနိုင်သည်။ ထန်တော်ဝင်မြို့တော်အတွင်းရှိ အဆင့်မြင့်အရာရှိတချို့ပင်လျှင် နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်းမှလူများကို လေးလေးစားစားဆက်ဆံရသည်။
စွေ့မိသားစုသည် မည်သည့်အချိန်ကစတင်၍ တခြားလူများကို ကြောက်ရွံ့ရသောထုံးစံ ရှိမည်နည်း....
"ကလေးမလေး....မင်းက ငါတို့စွေ့မိသားစုရဲ့ရတနာတွေကို ခိုးသွားခဲ့တယ်....ငါက မင်းကို ဘယ်လိုလုပ်ပြီး ခွင့်လွှတ်ပေးနိုင်မှာလဲ.. သူ့ကို တိုက်ခိုက်ကြစမ်း"
သခင်လေးစွေ့၏အသံက ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွားသည်။
ဤတစ်ကြိမ် သူ ခေါ်ဆောင်လာခဲ့သော အစေခံများအားလုံးသည် စွေ့မိသားစု၏ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်။အပေါ်ယံတွင် သူတို့သည် အစေခံများဖြစ်သော်လည်း လက်တွေ့တွင်မူ စွေ့မိသားစုမှ ငှားရမ်းထားသောခထိပ်သီးကျင့်ကြံသူများ ဖြစ်ပေ၏။
နဂါးအသူရာချောက် ကုန်သည်အဖွဲ့အစည်းသည် နေရာဒေသအသီးသီးနှင့် ရောင်းဝယ်ဖောက်ကားခြင်းမှတစ်ဆင့် နှစ်စဉ်နှစ်တိုင်း အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ဤသည်မှာ လူအများအား မနာလိုအားကျဖြစ်စေရန် လုံလောက်သည်။စွေ့မိသားစုသည် ကြီးမားသောအဖွဲ့အစည်းကို ထိန်းသိမ်းထားရန် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ အမြောက်အများကို ငှားရမ်းထားခဲ့သည်။သူတို့သည် စွေ့မိသားစု၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်ပင်။
အစေခံများ၏မျက်နှာများပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးများ ထင်ဟပ်လာကာ သူတို့သည် ပျံသန်းနေသော ပျားကောင်များအလား နျူနျူထံသို့ တိုးဝင်သွားကြသည်။
"အား...."
ထိုအချိန်မှာပင် စူးရှသောအော်သံတစ်သံက ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်ပျံ့နှံ့သွားပေ၏။
ကြာပွတ်ဖြင့်ရိုက်နှက်ခံရခြင်းကြောင့် သွေးများတစက်စက်ကျနေသော ဝတ်လစ်စားလစ်အမျိုးသမီးက ရုတ်တရက် သူမ၏ခေါင်းကို မော့လိုက်သည်။
သူမ၏ဆံပင်ရှည်များသည် ငွေရောင်ချည်မျှင်များအဖြစ်သို့ ပြောင်းလဲသွားကာ အေးစက်စက်အရှိန်အဝါတစ်ရပ်ကို အဆက်မပြတ်ထုတ်လွှတ်နေသည်။
သို့ရာတွင် ထိုထက်ပို၍ ထူးခြားသည်မှာ စုရူ၏မျက်လုံးတစ်စုံပင်။
သူမ၏မျက်လုံးနှစ်လုံးသည် လုံးလုံးလျားလျားအစိမ်းရောင်ပြောင်းနေကာ မြွေတစ်ကောင်၏မျက်လုံးဖြင့် တူညီနေသဖြင့် လူအများအား ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီသွားစေသည်။
"အရမ်းကြောက်ဖို့ကောင်းတာပဲ....သူက တကယ့်ကို နတ်ဆိုးတစ်ကောင်ပါလား"
"ပစ္စည်းတွေကိုလိုက်ခိုးနေတဲ့ သူတောင်းစားလေးတစ်ယောက်က သွေးဆာတဲ့နတ်ဆိုးတစ်ကောင်နဲ့ ပူးပေါင်းထားတယ်....ဒါက တကယ့်ကိုလိုက်ဖက်ညီတဲ့ ပူးပေါင်းမှုပဲ...နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်းက ဒီနေ့ ကောင်းကင်ဘုံရဲ့ကိုယ်စား တရားမျှတမှုယူပြီးတော့ ငါတို့အတွက် ကိစ္စကောင်းတစ်ခုကို လုပ်ပေးတာပဲ"
နံဘေးတွင်ရှိနေသော လူများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။
သူတို့အားလုံး စုရူ၏ပုံပန်းသွင်ပြင်ကြောင့် ထိတ်လန့်ကြောက်ရွံ့နေကြသည်။
အကယ်၍ စုရူသည် ယခင်က နူးညံ့သိမ်မွေ့ပြီး ချောမောလှပသော အစေခံမလေးတစ်ယောက်ဖြစ်ပါက ယခုအချိန်တွင် သတ်ဖြတ်ခြင်းအသူရာတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားလေပြီ။သူမ၏သတ်ဖြတ်လိုခြင်းအရှိန်အဝါများသည် အလွန်အမင်းမြင့်မားနေပေ၏။
စုရူက အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်ရာ လေထုအတွင်း၌ နောက်ချန်ပုံရိပ်များသာ ကြွင်းကျန်ခဲ့သည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူမသည် ပတ်ဝန်းကျင်ရှိ စွေ့မိသားစုမှထိပ်သီးကျင့်ကြံသူများကို တိုက်ခိုက်လိုက်သည်။
ဘန်း...ဘန်း...ဘန်း....
စွေ့မိသားစုမှထိပ်သီးကျင့်ကြံသူများသည် ရှောင်တိမ်းရန်အတွက် အချိန်မရှိခဲ့ချေ။
သူတို့အနက်မှအများစုသည် သတိလက်လွတ်နေမိသဖြင့် ချက်ချင်းလွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ကျရောက်သွားသည်။
ဘာ,...
စွေ့မိသားစုမှ ထိပ်သီးကျင့်ကြံသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားပေ၏။
အစောပိုင်းက ရိုက်နှက်ခြင်းခံနေရသော ဤနတ်ဆိုးထံမှ ယခုအချိန်၌ အစွမ်းထက်သောနတ်ဆိုးအရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
စွေ့မိသားစုမှ ထိပ်သီးကျင့်ကြံသူအများစုသည် ပြင်းထန်သောအားလှိုင်းတစ်ရပ် သူတို့၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်အား ခံစားမိကာ နောက်သို့လွင့်ထွက်သွားကြသည်။
"သခင်လေး....အဲ့ဒီနတ်ဆိုးနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်...သူ့ရဲ့ခန္ဓာကိုယ်ကနေ ကြောက်ဖို့ကောင်းတဲ့ သတ်ဖြတ်လိုခြင်းအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာတယ်"
အစေခံတစ်ယောက်က ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေသောအသံဖြင့် ပြောဆိုသည်။
သခင်လေးစွေ့သည် ဒေါသတကြီး အော်ငေါက်လိုက်၏။
"အမှိုက်တွေ....မင်းတို့ကိုခေါ်ထားတာ ဘာမှအသုံးမကျဘူး"
နဂါးချောက်နက်ကုန်သည်အဖွဲ့အစည်းမှလူများသည် နတ်ဆိုးလေးတစ်ကောင်ကိုပင် အနိုင်ယူနိုင်ခဲ့ခြင်းမရှိချေ။အကယ်၍ နောင်အနာဂတ်တွင် ဤသတင်းပျံ့နှံ့သွားပါက နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်းသည် ရှင်းယန်တစ်မြို့လုံး၏ ရယ်စရာပြက်လုံးကြီး ဖြစ်လာပေမည်။
"အဲ့ဒီကလေးမလေးကို မြန်မြန်ထိန်းချုပ်ပြီးတော့ သူ့ဆီက သက်ရှည်သော့ခလောက်ကို ငါ့အတွက် ယူလာခဲ့စမ်း"