အခန်း (၄၅၆၁-၄၅၆၅)
Vol. 231 Ch. 4561-4565
Chapter 4561
ထိုနဂါးကြီးသည် ကောင်းကင်နှင့်မြေပြင်အကြား၌ ပျံသန်းနေသည်။
နဂါး၏ခန္ဓာကိုယ်ပေါ်တွင် အနီရောင်ကြေးခွံများဖုံးလွှမ်းနေကာ ကြည့်ရသည်မှာ ထိုအရာများပေါ်တွင် မီးတောက်များ ဖြည်းညှင်းစွာလောင်ကျွမ်းနေပုံရသည်။နဂါးမှထွက်ပေါ်နေသည့် ခြစ်ခြစ်တောက်ပူပြင်းသော အရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိလေထုကို ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားစေသည်။
ထိုအရာတွင် နဂါးလက်သည်းများနှင့်နဂါးဦးချို ရှိမနေချေ။သူ့ထံ၌ လူသားမျက်နှာရှိကာ ဒေါင်လိုက်မျက်လုံးတစ်လုံးလည်း ရှိနေသဖြင့် ကြည့်ရသည်မှာ အလွန်ထူးဆန်းပေ၏။
ဝေါင်း..
ဧရာမနဂါးကြီးထံမှ ကျယ်လောင်သောဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် အလွန်ပြင်းထန်ပြီး လုယွီကို ချက်ချင်းချိတ်ပိတ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် လုယွီသည် အရပ်မျက်နှာအဘက်ဘက်၌ ပျံ့လွင့်နေသော သတ်ဖြတ်လိုခြင်းအရှိန်အဝါများကို ခံစားမိသည်။ဤသည်မှာ သူ ရှောင်တိမ်းရန်အတွက် လမ်းကြောင်းမရှိသည့်အလားပင်။
ပြင်းထန်သော တိုက်ပွဲတစ်ခု စတင်တော့ပေမည်။မည်သည့်အပိုစကားမျှ ပြောဆိုနေရန် မလိုအပ်ချေ။
ဧရာမှနဂါးကြီးသည် ထူထပ်သိပ်သည်းသော မြူခိုးများအကြားမှ ထွက်ပေါ်လာပေ၏။သူ၏ခန္ဓာကိုယ်သည် အလွန်ကြီးမားပြီး ရှေ့သို့တိုးလာသောအချိန်တိုင်း နတ်ဆိုးအရှိန်အဝါများ မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။သူ၏ကြီးကျယ်ခမ်းနားသော ချီစွမ်းအားများသည် ပြင်းထန်သော လေပြင်းမုန်တိုင်းတစ်ရပ်အလား ပျံ့လွင့်နေသည်။
လုယွီကလည်း ခြေတစ်လှမ်းရှေ့တိုးလိုက်သည်။သူ့၏သွေးချီများသည် နဂါးတစ်ကောင်အလား မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားပေ၏။တစ်လိမ့်လိမ့်ထနေသော သွေးချီစွမ်းအားများသည် ကြီးမားသော အားလှိုင်းတစ်ရပ်အသွင်ပြောင်းလဲကာ သူ၏ခန္ဓာကိုယ်ပေါ်၌ ထူးဆန်းသောပုံရိပ်ယောင်မျိုးစုံကို ထွက်ပေါ်လာစေသည်။
လုယွီ၏အားကောင်းသော ရုပ်ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ထူးဆန်းသော သဘာဝလွန်ပုံရိပ်ယောင်များ မျောလွင့်နေပေ၏။ရွှေရောင်နဂါးများ မိုးကောင်းကင်ယံအတွင်း၌ ပျံသန်းနေခြင်း ရက်စက်ကြမ်းကြုတ်သောကျားများ ဟိန်းဟောက်နေခြင်း အရောင်အသွေးစုံလင်သောဖီးနစ်များ ပျံသန်းနေခြင်း ချီလင်များပြေးလွှားနေခြင်းစသဖြင့် ပုံရိပ်ယောင်မျိုးစုံရှိနေသည်။ထို့နောက် သူသည် သိုင်းပညာအင်မော်တယ်တစ်ယောက်၏ခွန်အားကို ရွှယ်အင်မော်တယ်တစ်ယောက်၏စွမ်းအားဖြင့် ပေါင်းစပ်ပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်၏။ထိုအရာသည် လေဟာနယ်ကို ပုံပျက်သွားစေကာ လေထုအတွင်း၌ မရေမတွက်နိုင်သော လေဟာနယ်အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။
အစွမ်းထက်သော အားလှိုင်းနှစ်ရပ်သည် ကျယ်လောင်သောအသံတစ်သံနှင့်အတူ ဖီလာဆန့်ကျင်ထိတွေ့မိသည်။
အချိန်တိုအတွင်းမှာပင် ပတ်ဝန်းကျင်နေရာတဝိုက်၌ ကျယ်လောင်ပြီးကြည်လင်ပြတ်သားသောအသံများဖြင့် ပြည့်နှက်သွားသည်။
တောင်တန်းများ တောအုပ်များအတွင်းရှိ အားနည်းသောနတ်ဆိုးသားရဲတချို့သည် ဤတိုက်ခိုက်မှုမှအားလှိုင်းဒဏ်ကို တောင့်မခံနိုင်ကြချေ။သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာကာ မြေပြင်ပေါ်သို့လဲကျသွားသည်။
ဤသည်မှာ ထိပ်သီးအဆင့်တည်ရှိမှုကြီးနှစ်ယောက်အကြားမှ တိုက်ပွဲပင်။သူတို့နှစ်ယောက်လုံး၏စွမ်းအားများသည် အလွန်ပြင်းထန်ပြီး အစွမ်းထက်ပေ၏။
ဧရာမနဂါးကြီးသည် အမြှီးကို ဝှေ့ယန်းလိုက်ရာ ထက်ရှသောလေပြင်းတစ်ရပ် ပျံ့လွင့်သွားသည်။ဤသည်ကြောင့် ပတ်ဝန်းကျင်ရှိ တောင်ထိပ်များကို ပဲ့သွားစေပြီး ကျောက်တုံးအမြောက်အများ အောက်သို့ပြုတ်ကျလာသည်။
သို့ရာတွင် လုယွီထံ၌ ရှောင်တိမ်းရန် ရည်ရွယ်ချက်မရှိချေ။သူသည် သူ၏လက်ကိုမြှောက်ကာ ဧရာမနဂါးကြီး၏အမြှီးကို ဖမ်းဆုပ်လိုက်၏။
ဧရာမနဂါးကြီး၏ ကြီးမားသောခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ပါက လုယွီကိုကြည့်ရသည်မှာ ပုရွက်ဆိတ်တစ်ကောင်နှင့် တူညီနေပြီး ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ချေ။
သို့ရာတွင် ထိုအချိန်မှာပင် လုယွီ၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်သော သွေးချီစွမ်းအားလှိုင်းတစ်လိုင်းနှင့် အတူယှဉ်တွဲ၍ ကျားဟိန်းသံနှင့်တူညီသော အသံတစ်သံ ထွက်ပေါ်လာသည်။
"မြင့်တက်စမ်း"
လုယွီက အော်ဟစ်ကာ သိုင်းပညာအင်မော်တယ်တစ်ယောက်၏ခွန်အားကို ထုတ်ဖော်အသုံးပြုလိုက်သည်။
အလွန်ကြီးမားသောခွန်အားသည် တောင်နှင့်မြစ်များကို ပြိုလဲစေနိုင်ကာ အလွန်ကြီးကျယ်ခမ်းနားပေ၏။
လုယွီသည် ဧရာမနဂါးကြီး၏အမြှီးကို ဖမ်းဆုပ်ပြီး နံဘေးတစ်ဖက်သို့ အားကုန်ပစ်လွှတ်လိုက်သည်။
ဝုန်း....
ပတ်ဝန်းကျင်ရှိ မြေပြင်၌ အက်ကွဲကြောင်းများထွက်ပေါ်လာကာ တောင်များတုန်ခါသွားသည်။ ဤသည်မှာ နောက်ထပ်အချိန်အခိုက်အတန့်တွင် မြေပြင်တပြင်လုံးအက်ကွဲပြီး တောင်များအားလုံး လဲပြိုတော့မည်အလားပင်။
ဧရာမနဂါးကြီးသည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျသွားပေ၏။ သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးသည် တောင်ထိပ်တလုံးဖြင့် ဆောင့်မိသဖြင့် တောင်တစ်တောင်လုံး ကြေမွှပျက်စီးသွားကာ ကျောက်စကျောက်နများက နေရာအနှံ့အပြားသို့ ပျံ့လွင့်သွားသည်။အချိန်မီမရှောင်တိမ်းနိုင်ခဲ့သော နတ်ဆိုးသားရဲတချို့သည် ဧရာမနဂါးကြီးဖြင့် ရိုက်ခတ်မိမှုကြောင့် ကြေမွှပျက်စီးကာ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားပေ၏။
ဟီး....ဟီး....ဟီး....
ဧရာမှနဂါးကြီး၏မျက်နှာပေါ်တွင် ထူးဆန်းသော ဒေါသအမူအယာတစ်ရပ် ထင်ဟပ်လာသည်။
သူ၏ပါးစပ်တွင် ထက်ရှသောသွားများဖြင့် ပြည့်နှက်နေကာ ရုတ်တရက် ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ထို့နောက် သူ့၏ဒေါင်လိုက်မျက်လုံး တဖြည်းဖြည်းပိတ်သွားကာ ပတ်ဝန်းကျင်သည် အကန့်အသတ်မရှိသော အမှောင်ထုကြီးအတွင်းသို့ ကျရောက်သွားပေ၏။
ဤသည်မှာ အလင်းရောင် တစိုးတစိမျှမရှိသော အကြွင်းမဲ့အမှောင်ထုကြီးပင်။
လုယွီ၏မျက်လုံးများ တဖြည်းဖြည်း ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။အမှောင်ထုအတွင်း၌ပင် သူသည် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပေ၏။
နေ့မှာညသို့ ပြောင်းလဲသွားရန်အတွက် အချိန်တခဏသာ ကြာမြင့်ခဲ့သည်။
"ဒါက ကောင်းကင်နဲ့မြေပြင်ရဲ့ သဘာဝလွန်ပုံရိပ်မဟုတ်ဘူး....အစစ်အမှန်ညပဲ"
လုယွီက မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ၏စိတ်နှလုံးသား တုန်ရီသွားသည်။
အလင်းမှအမှောင် ယန်မှယင်သို့ ချက်ချင်းပြောင်းလဲခြင်းသည် ရှေးဟောင်းခေတ်အချိန်ကာလမှ သူတော်စင်များအတွက်ပင် ထိုသို့ပြုလုပ်ရန် အချိန်အတော်ကြာယူရပေမည်။အကယ်၍ သူတို့သည် ထိုဆန့်ကျင်ဘက်အရာနှစ်ခုကို ချက်ချင်းပြောင်းလဲလိုပါက အစွမ်းထက်သောဥပဒေသတစ်ရပ်ကို အသုံးပြုရန်လိုအပ်သည်။
သို့ရာတွင် ဧရာမနဂါးကြီးသည် အလွန်ထူးဆန်းပေ၏။အတွေးတချက်ဖြင့် နေ့အချိန်မှညအချိန်သို့ ပြောင်းလဲနိုင်သည်။
Chapter 4562
ကျီ...ကျီ...ကျီ..
အမှောင်ထုအတွင်းတွင်ရှိနေသော ဧရာမနဂါးကြီးသည် သူ၏ထူးဆန်းသောမျက်နှာကိုမော့ကာ သူ၏ပါးစပ်မှနေ၍ နားလည်ရန်ခက်ခဲသော မှော်မန္တန်တစ်ပုဒ် ထွက်ပေါ်လာသည်။
ဤသည်မှာ ရှေးဟောင်းဘာသာစကားထက်ပင်ကျော်လွန်နေသည့် အလွန်အမင်းရှေးကျသော ဘာသာစကားဖြစ်ကာ မူလဘူတခေတ်ကာလမှဖြစ်မည်ဟု ယူဆနိုင်ပေ၏။
လုယွီသည် ယခင်က ဖန်းနန်းတော်အတွင်း၌ မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ဤမှော်မန္တန်နှင့်တူညီသောအရာကို ရွတ်ဆိုခဲ့ဖူးကြောင်း အမှတ်ရသွားသည်။
ဤဘာသာစကားသည် မူလဘူတခေတ်ကာလမှ ဆင်းသက်လာပုံပင်။ဤအရာသည် ယခုခေတ်ကာလ လောကကြီးအတွင်း၌ ပျောက်ကွယ်သွားပြီဖြစ်ကာ နတ်ဆိုးဘိုးဘေးတချို့သာလျှင် သိရှိနိုင်ပေမည်။
မှော်မန္တန် ပြီးပြည့်စုံသောမည့်အချိန်တွင် လုယွီက သူသည် ရွံ့နွံကြီးအိုင်ကြီးအတွင်းသို့ နစ်သွားသည့်အလား ရှေ့သို့အနည်းငယ်တိုးရန်ပင် အလွန်ခက်ခဲသွားသည်ကို ခံစားမိသည်။
မှော်မန္တန် ပြီးပြည့်စုံသွားသည့်အချိန်တွင် ဧရာမနဂါးကြီး၏အရှိန်အဝါ ပို၍မြင့်တက်လာပုံရသည်။
သူ့ထံတွင် ဧရာမခန္ဓာကိုယ်ကြီးရှိနေသော်လည်း သူ၏လှုပ်ရှားမှုများသည် နှေးကွေးမနေဘဲ အလွန်သွက်လက်ပေ၏။သူ၏လှုပ်ရှားမှုများသည် လေတိုက်ခတ်မှုအလား လျင်မြန်ကာ တောင်နှင့်မြစ်များကို ဖျက်ဆီးနိုင်သောအရှိန်အဝါတစ်ရပ်ပါရှိသည်။ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
ဝေါင်း....
ကျယ်လောင်သောဟိန်းဟောက်သံကြီးတစ်သံသည် ပတ်ဝန်းကျင်၌ ပျံ့လွင့်သွားကာ မြေပြင်တပြင်လုံး ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။ မီးတောင်အမြောက်အများ ပေါက်ကွဲသွားကာ ထိုအရာများ၏လမ်းကြောင်းတွင်ရှိနေသော အရာရာတိုင်း ပျက်စီးသွားပေ၏။
ဧရာမှနဂါးကြီး၏ပါးစပ်မှနေ၍ ရွှေရောင်မီးလုံးတစ်လုံး ပျံ့လွင့်လာသည်။ထိုမီးလုံးသည် ဓားတစ်လက်အသွင်ပြောင်းလဲ၍ လေဟာနယ်ကိုဖြတ်သန်းလာကာ လုယွီကိုသတ်ဖြတ်ရန် ရည်ရွယ်ထားသည်။
ဘန်း....
အလင်းဓားသည်လေထုကိုဖြတ်သန်း၍ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။
သို့ရာတွင် အစောပိုင်းက အဖြစ်အပျက်များသည် လုယွီမှ ထင်ယောင်ထင်မှားဖြစ်စေရန်ဖန်တီးထားခြင်းပင်။အမှန်အားဖြင့် သူ၏လှုပ်ရှားမှုများသည် အလွန်သွက်လက်ကာ သူသည် မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းပြီး ဧရာမနဂါးကြီး၏အထက်သို့ ချက်ချင်းရောက်ရှိသွားပေ၏။
ရွှေရောင်အလင်းတန်းသည် ထောပတ်ကိုဖြတ်တောက်သော ဓားပူတစ်လက်အလား မြင့်မားသောတောင်ငါးလုံးကို ဖြတ်သန်းသွားပြီးနောက် ရပ်တန့်ခြင်းမရှိချေ။နောက်ထပ်တောင်တစ်လုံးပေါ်သို့ ကျရောက်သွားပြီးနောက် တောင်တစ်တောင်လုံး အက်ကွဲသွားကာ မီးတောက်များဖြာထွက်လာပြီး ကမ္ဘာပျက်မြင်ကွင်းတစ်ခုအလားပင်။
ဧရာမနဂါးကြီးသည် သူ၏တိုက်ခိုက်မှု လွဲချော်သွားသည်ကို မြင်တွေ့ချိန်၌ ထပ်မံ၍ ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။သူသည် သူ၏ပါးစပ်မှ အလင်းဓားတစ်လက်ကို ထပ်မံ၍မှုတ်ထုတ်လိုက်ရာ လေထုကိုဖြတ်သန်းပြီး ပျံ့လွင့်လာပေ၏။
ပတ်ဝန်းကျင်ရှိအမှောင်ထုကြီးကို ဖြတ်သန်းနေချိန်၌ အလင်းဓားသည် တုံ့ဆိုင်းသွားခြင်းမရှိချေ။ထိုအလင်းဓားမှအလင်းတန်းများသည် ပတ်ဝန်းကျင်နေရာတဝိုက်သို့ ပျံ့လွင့်သွားသဖြင့် အမှောင်ထုကြီးပင်လျင် ပျက်ပြယ်သွားပေ၏။
"ကောင်းလိုက်တဲ့တိုက်ခိုက်မှု"
လုယွီသည် ဒေါသထွက်ခြင်းမရှိချေ။ထိုအစားသူ အလွန်ပျော်ရွှင်နေသည်။သူ့အတွက် ဤကဲ့သို့ ပြိုင်ဘက်တစ်ယောက်နှင့် တွေ့ဆုံနိုင်ရန် အလွန်ခက်ခဲသည်။ဤသည်မှာ သူ၏စိတ်နှလုံးသားကို တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများဖြင့် လောင်ကျွမ်းသွားစေသည်။
လုယွီ၏ခန္ဓာကိုယ်အထက်၌ ထောင်နှင့်ချီသည့် ထူးဆန်းသော သဘာဝလွန်ပုံရိပ်များ ထွက်ပေါ်လာသည်။ရှေးဟောင်းသင်္ကေတအက္ခရာများသည် သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ စတင်၍လှည့်ပတ်နေပေ၏။ထိုအရာများ တစ်ကြိမ်လှည့်ပတ်သည့်အချိန်တိုင်း မှော်မန္တန်ရွတ်ဆိုသံလှိုင်းများကို ကြားနေရကာ သူသည် မိုးကောင်းကင်ယံမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးအလားပင်။
ဘုန်း....
အလင်းဓားသည် လုယွီ၏ရှေ့သို့ အလွန်လျှင်မြန်စွာ ရောက်ရှိလာသည်။သူသည် ခြေလှမ်းအနည်းငယ်ခန့်နောက်ဆုတ်ကာ နတ်ဘုရားမှော်မန္တန်တချို့ကိုဆင့်ခေါ်ပြီး ထိုအလင်းဓားကို ပိတ်ဆို့ဟန့်တားလိုက်၏။
လုယွီ၏လက်ဝါးမှနေ၍ ကျယ်လောင်သောတုန်ခါသံများ ထွက်ပေါ်လာသည်။
ဤအလင်းဓားသည် တောင်များကိုပင်ဖျက်ဆီးနိုင်သော တိုက်ခိုက်မှုတစ်ခု ဖြစ်သော်လည်း လုယွီ၏အခိုင်အမာပိတ်ဆို့ခြင်းကို ခံရပြီးနောက် ရှေ့သို့ဆက်တိုးနိုင်ခြင်း မရှိတော့ချေ။
ဆူညံသောအသံများ ဆက်တိုက်ထွက်ပေါ်လာကာ မှော်စွမ်းအားများသည် ပျက်ပြယ်သွားပေ၏။လုယွီသည် နောက်ဆုံး၌ ထိုတိုက်ခိုက်မှုကို လုံးလုံးလျားလျားပျက်ပြယ်သွားစေနိုင်သော နည်းလမ်းတစ်ခုကို စဉ်းစားတွေးတောနိုင်ခဲ့သည်။
"မင်းလည်း ငါ့ရဲ့တိုက်ခိုက်မှုကို မြည်းစမ်းကြည်သင့်တယ်"
လုယွီက မိုးကောင်းကင်ယံအတွင်းသို့ ခြေချလိုက်သည်။သူသည် ဓားအိမ်မှချွတ်လိုက်သည့် ထက်ရှသောဓားတစ်လက်အလား သူ၏စွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်၏။
သူ၏ခန္ဓာကိုယ်မှ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ လေထုအတွင်းသို့ မြင့်တက်သွားသည်။ သူ၏အစွမ်းထက်သောမှော်စွမ်းအားများသည် ရွှေရောင်နတ်ဘုရားအလင်းတန်းများအသွင်သို့ပြောင်းလဲကာ အလွန်အမင်းတောက်ပပေ၏။ဤသည်မှာ လူအများအား စိတ်ရောကိုယ်ပါ သူ့အား လေးစားကြည်ညိုစိတ်များ ပေါက်ဖွားစေနိုင်သည်။ဤရွှေရောင်အလင်းတန်းသည် လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ရစ်သိုင်းလွှမ်းခြုံနေသည်။သူသည် လေဟာနယ်အတွင်း၌ ထိုအလင်းတန်းများအကြားတွင် မတ်တတ်ရပ်နေသဖြင့် သူကိုကြည့်ရသည်မှာ နေလုံးကြီးတစ်လုံးကို ကိုင်ထားသည့်အလားပင်။
လုယွီ၏သွေးချီများသည် ရှေးဟောင်းခေတ်အချိန်ကာလအတွင်းမှ လူသားဧကရာဇ်၏သွေးချီများဖြင့် တူညီပေ၏။
လူသားဧကရာဇ်သည် လုယွီထံသို့ အထွတ်အမြတ်ကျင့်ကြံနည်းစနစ်များကို လက်ဆင့်ကမ်းသင်ကြားပေးခဲ့သည်။သူသည် မဟာနတ်ဆိုးဘိုးဘေးလေးကောင်ကိုစတေးကာ လုယွီ၏ရုပ်ခန္ဓာကိုယ်ကျင့်ကြံဆင့်ကို မြှင့်တင်ပေးခဲ့လေ၏။ထို့ကြောင့် သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် အဆများစွာ ခုန်ပျံကျော်လွှား၍ မြင့်တက်လာခဲ့သည်။
"ဝေါင်း..."
လုယွီက အေးစက်စက်အော်ငေါက်လိုက်သည်။
နတ်ဘုရားနဂါးဟိန်းသံသည် မိုးနှင့်မြေကိုဖိနှိပ်နိုင်စွမ်းရှိပေ၏။ကောင်းကင်နှင့်မြေပြင်သည် ပြိုလဲကျတော့လုမတတ်ပင်။ဤကမ္ဘာလောကအတွင်းတွင်ရှိနေသော နတ်ဆိုးသားရဲများသည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီနေကာ မြေပြင်ပေါ်၌ ဝပ်တွားနေကြသည်။ထိုဟိန်းဟောက်သံကြောင့် အားနည်းသော နတ်ဆိုးသားရဲတချို့သည် နေရာမှာပင် သေဆုံးသွားပေ၏။
လုယွီက လက်သီးတချက် ထိုးနှက်လိုက်သည်။သူ့၏ခန္ဓာကိုယ်သည် ရေကူးခတ်နေသောနဂါးတစ်ကောင်အလား မိုးကောင်းကင်ယံအတွင်း၌ လှုပ်ရှားနေကာ ဧရာမနဂါးကြီး၏ခန္ဓာကိုယ်ထံဦးတည်ပြီး အားကုန်ထိုးနှက်လိုက်ခြင်းပင်။
Chapter 4563
ဝုန်း.....
မြေပြင်သည် အလွန်ကျယ်လောင်သော တုန်ခါသံတစ်သံနှင့်အတူ ထပ်မံ၍ ကျွံ့ဝင်သွားသည်။
ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးနှစ်ယောက်အကြားမှ တိုက်ပွဲ၏နောက်ချန်အားလှိုင်းများကြောင့် လောကကြီးပျက်စီးသွားတာ့လုမတတ်ပင်။သဲများနှင့်ကျောက်စကျောက်နများ နေရာအနှံ့အပြားသို့ပျံ့လွင့်နေကာ ကမ္ဘာပျက်မြင်ကွင်းတစ်ခုနှင့် တူညီနေပေ၏။
လုယွီ၏လက်သီးချက်သည် ဧရာမနဂါးကြီး၏မျက်နှာကို ထိုးနှက်မိသွားသည်။နဂါးကြီး၏ထူးဆန်းသောမျက်နှာကြီး ခွက်ဝင်သွားကာ ဒေါင်လိုက်မျက်လုံးတစ်စုံ ချက်ချင်းပွင့်လာပြီး ပတ်ဝန်းကျင်သည် တောက်ပသောနေ့အချိန်သို့ တဖန်ပြန်၍ရောက်ရှိသွားသည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် လုယွီလှုပ်ရှားမှုများသည် ရပ်တန့်သွားခြင်းမရှိချေ။
လုယွီသည် ဧရာမနဂါးကြီးနှင့် ရလဒ်ထွက်ပေါ်လာသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
ဘုန်း....ဘုန်း....ဘုန်း....
ပေါက်ကွဲသံများက ပတ်ဝန်းကျင်နေရာအနှံ့အပြား၌ ပဲ့တင်ထပ်နေသည်။
လုယွီ၏လက်သီးချက်သည် အလွန်အစွမ်းထက်သဖြင့် မိုးနှင့်မြေကို တုန်ခါသွားစေသည်။ သူ၏လက်သီးတစ်ချက်စီတိုင်း၌ သိုင်းပညာအင်မော်တယ်တစ်ယောက်၏ခွန်အားကိုထည့်သွင်းထားသော အစွမ်းထက်သည့် အားလှိုင်းတစ်ရပ် ပါဝင်ပေ၏။
ထိုလက်သီးချက်၏စွမ်းအား အလွန်ပြင်းထန်သဖြင့်ဧရာမနဂါးကြီး၏အရိုးများ ကျိုးပဲ့သွားပြီး ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
ဝေါင်း....
ဧရာမနဂါးကြီးက ဒေါသတကြီးအော်ဟစ်လိုက်သည်။နဂါးအမြှီးသည် ပြင်းပြင်းထန်ထန် လှုပ်ခတ်နေသဖြင့် မြင့်မားသောတောင်များကို ပျက်စီးသွားစေသည်။သို့ရာတွင် နဂါးကြီးသည် လုယွီကို တစ်စုံတစ်ခုမျှ လုပ်ဆောင်နိုင်ခြင်းမရှိချေ။
လုယွီသည် ဧရာမနဂါး၏ခန္ဓာကိုယ်ကို စီးနင်းထားပေ၏။ရုပ်ခန္ဓာကိုယ်အရ အကဲဖြတ်ကြည့်ပါက သူသည် ဧရာမနဂါးကြီးနှင့် အဆင့်တူ၌ ရှိမနေချေ။အရွယ်အစားကွာဟချက်မှာ အလွန်သိသာထင်ရှားသည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် လုယွီ၏ခွန်အားသည် ဧရာမနဂါးကြီးနှင့် ယှဉ်ပြိုင်နိုင်ပေ၏။
ဘန်း...ဘန်း...ဘန်း...
တိုက်ခိုက်သံများ ဆက်တိုက်ထွက်ပေါ်နေသည်။ ဧရာမနဂါးကြီးသည် နောက်ဆုံး၌ အသက်အန္တရာယ်ခြိမ်းခြောက်မှုကို ခံစားမိသဖြင့် သူ၏ဒေါင်လိုက်မျက်လုံးမှ ခုနစ်ရောင်ခြယ်အလင်းတန်းများ ဖြာထွက်လာသည်။
ဤအလင်းတန်းများသည် အလွန်အမင်းကြည်လင်ပြီး လျှို့ဝှက်ဆန်းကြယ်ကာ နက်နဲသိမ်မွေ့သည်။
လုယွီသည် သူ၏အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့် အားလှိုင်းတစ်ရပ် သူ့ထံတိုးဝင်လာသည်ကို ခံစားမိပေ၏။
"မကောင်းတော့ဘူး"
လုယွီ၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။သူသည် အလွန်ကြီးမားသောအန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။
ဤတိုက်ခိုက်မှုအောက်၌ သူ သေဆုံးသွားနိုင်ချေရှိသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီက သူ၏လက်သီးကို လက်ချောင်းများအသွင်သို့ ပြောင်းလဲလိုက်သည်။သူသည် ရွှယ်အင်မော်တယ်စွမ်းအားကိုနှိုးဆွကာ သိုင်းပညာအင်မော်တယ်တစ်ယောက်၏ခွန်အားဖြင့် ပေါင်းစပ်၍ အင်မော်တယ်သုတ်သင်ဓားချီကို ထုတ်ဖော်အသုံးပြုလိုက်၏။
ဝှစ်....
ထက်ရှသောဓားချီသည် ချက်ချင်းဆိုသလိုပင် ဧရာမနဂါးကြီး၏ခေါင်းအတွင်းသို့ ဝင်ရောက်သွားသည်။
နဂါးကြီး၏ခေါင်း ရုတ်တရက်ပေါက်ကွဲသွားကာ သွေးများက နေရာအနှံ့အပြားသို့ ဖြာကျသွားသည်။ခုနစ်ရောင်ခြယ်အလင်းတန်းများသည် ပြီးပြည့်စုံစွာသိပ်သည်းခြင်း မရှိသေးမီမှာပင် ပျက်ပြယ်သွားပေ၏။
အရာအားလုံး အဆုံးသတ်သွားလေပြီ။
လုယွီ၏နဖူးမှ ဇောချွေးများ ယိုစီးကျနေသည်။သူ၏စိတ်နှလုံးသား တုန်ရီနေသည်ကို သူ ခံစားမိသည်။
ဧရာမနဂါးကြီးထံမှ ခုနစ်ရောင်ခြယ်အလင်းတန်း ထွက်ပေါ်လာခြင်းမရှိသော်လည်း လုယွီသည် ထိုအရာမှလာသော အန္တရာယ်အငွေ့အသက်ကို ခံစားမိဆဲပင်။
"အဲ့ဒီစွမ်းအားသာ ထွက်ပေါ်လာရင် ငါက တောင်တန်းနဲ့ပင်လယ်ကျမ်းစာထဲမှာ သေသွားလောက်တယ်"
လုယွီ၏စိတ်နှလုံးသား လေးလံသွားကာ ထိတ်လန့်တုန်လှုပ်နေသည်။
ကျမ်းစာရေးသူသည် သူ၏ကိုယ်ပိုင်ကျမ်းစာအတွင်း၌ သေဆုံးလုဆဲဆဲဖြစ်သွားသည်မှာ ဟာသပြက်လုံးတစ်ခု ဖြစ်ပုံရသော်လည်း အမှန်တကယ် ဖြစ်နိုင်ချေရှိသောကိစ္စပင်။
'တောင်တန်းနဲ့ပင်လယ်ကျမ်းစာ'အတွင်းမှ ကျယ်ပြန့်သောနယ်မြေသည် လူသားဧကရာဇ်မှ သူ့အားပေးအပ်ထားသော မှတ်ဥာဏ်များမှ ဆင်းသက်လာခြင်းပင်။လုယွီသည် ဤနယ်မြစ်အနှံ့ ခြေမချရသေးသော်လည်း နေရာအနှံ့အပြား၌ အန္တရာယ်များဖြင့် ပြည့်နှက်နေသည်ကို သူ သိရှိပေ၏။
လုယွီသည် အစောပိုင်းက သူ ရင်ဆိုင်ခဲ့ရသောတိုက်ပွဲကို စတင်၍လေ့လာဆင်ခြင်လိုက်သည်။
ထို့နောက် လုယွီသည် သူ၏စုတ်တံကိုကိုင်ပြီး လေထုအတွင်း၌ စာကြောင်းအနည်းငယ်ကိုရေးသားလေသည်။
'ဒီနေရာမှာ နတ်ဘုရားမီးနဂါးတစ်ကောင်ရှိနေတယ်...သူ့မှာ လူသားမျက်နှာနဲ့မြွေခန္ဓာကိုယ်ရှိပြီးတော့ သူ့ရဲ့အကြေးခွံတွေက အနီရောင်သန်းနေတယ်....သူ့မှာ ဒေါင်လိုက်မျက်လုံးတစ်လုံးရှိပြီးတော့ နေနဲ့ညကို အလွယ်တကူပြောင်းလဲနိုင်တယ်'
ပတ်ဝန်းကျင်ရှိ လေဟာနယ်တုန်ခါသွားကာ 'တောင်တန်းနဲ့ပင်လယ်ကျမ်းစာ'သည် ထပ်မံ၍ ပြီးပြည့်စုံသွားလေပြီ။
ယင်ယန်မဟာတာအို၏စွမ်းအားများသည် နတ်ဘုရားမီးနဂါးထံမှတဆင့် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်။
လုယွီက သူ၏မျက်လုံးကို စုံမှိတ်ကာ ထိုစွမ်းအားများကို လေ့လာဆင်ခြင်လိုက်သည်။သူ၏မှော်စွမ်းအားများ တိုးတက်လာကာ ရက်ပေါင်းတစ်ရာခန့် ပြင်းပြင်းထန်ထန်ကျင့်ကြံသည်ထက်ပင် ပို၍ကောင်းမွန်ကြောင်း သူ ခံစားမိသည်။
"အခုက ထွက်သွားဖို့ အချိန်ကျပြီ"
လုယွီက 'တောင်တန်းနဲ့ပင်လယ်ကျမ်းစာကမ္ဘာ'သည် သူအား ငြင်းဆန်နေပြီဖြစ်ကြောင်း ခံစားမိလေ၏။
သူ 'တောင်တန်းနဲ့ပင်လည်းကျမ်းစာကမ္ဘာ'အတွင်းသို့ ဝင်ရောက်သည့်အချိန်တိုင်း အချိန်အကန့်အသတ်ဖြင့်သာ နေခွင့်ရသည်။သူသည် 'တောင်တန်းနဲ့ပင်လယ်ကျမ်းစာကမ္ဘာ'ကို ပိုင်ပိုင်နိုင်ငံထိန်းချုပ်နိုင်မှသာ တခြားနယ်မြေများထံသို့ စူးစမ်းလေ့လာခွင့်ရပေမည်။
လုယွီက ခြေတစ်လမ်းရှေ့တက်ကာ 'တောင်တန်းနဲ့ပင်လယ်ကျမ်းစာကမ္ဘာ'မှထွက်ပြီး နန်းတော်အတွင်းရှိ လေဟာနယ်အတွင်းသို့ ခြေချလိုက်၏။
နန်းတော်၏ပြတင်းပေါက်များကိုဖြတ်သန်း၍ နေရောင်ခြည်ဖြာကျနေသည်။ပြတင်းပေါက်ပြင်ပတွင်ရှိနေသော မြင်ကွင်းသည် အလွန်သာယာပေ၏။ဤသည်မှာ အစောပိုင်းက 'တောင်တန်းနဲ့ပင်လယ်ကျမ်းစာ'အတွင်းရှိ ကမ္ဘာပျက်မြင်ကွင်းနှင့် လုံးလုံးလျားလျားကွဲပြားခြားနားနေသည်။
"အရာရှိလျှူ.. အရှင်က အခုတံခါးပိတ်ကျင့်ကြံနေတယ်....ကျေးဇူးပြုပြီး ပြန်ပါတော့"
တံခါး၏ပြင်ပမှနေ၍ အစောင့်တစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
Chapter 4564
"မင်း ချွင်းချက်တစ်ခု လုပ်ပေးလို့ မရဘူးလား...ငါ့မှာ အရှင်ကိုသတင်းပို့ဖို့အတွက် အရေးကြီးကိစ္စတစ်ခု ရှိနေတယ်"
စိုးရိမ်ပူပန်တကြီး ပြောဆိုလိုက်သောအသံက နန်းဆောင်၏ပြင်ပမှ ထပ်မံ၍ထွက်ပေါ်လာသည်။
လုယွီသည် ထိုအသံကိုကြားချိန်၌ မည်သူမည်ဝါဖြစ်သည်ကို ချက်ချင်းသိရှိသွားသည်။ သူ၏မျက်ခုံး အနည်းငယ်မြင့်တက်ကာ အံ့အားသင့်သွားသည်။လျှူယွမ်ချန်းသည် ဖေးထျန်ကွမ်း၏လက်အောက်၌ အလုပ်လုပ်နေသူပင်။သူသည် လုယွီနှင့် များစွာထိတွေ့ဆက်ဆံဖူးခြင်းမရှိသဖြင့် ယနေ့တွင် မည်သည်ကြောင့် ဤနေရာသို့ ရောက်ရှိလာသည်ကို မသိရှိချေ။
"သူ့ကို ဝင်ခွင့်ပြုလိုက်ပါ"
လုယွီက လေသံပြတ်ပြတ်နှင့် ပြောဆိုသည်။
"ဟုတ်ကဲ့...."
ပြင်ပတွင်ရှိနေသော အစောင့်များသည် လုယွီ၏အသံကိုကြားချိန်တွင် လျှူယွမ်ချန်းအား အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြသည်။
လျှူယွမ်ချန်းသည် ခန်းမအတွင်းသို့ အလျင်စလိုဝင်လာကာ လုယွီအား နှုတ်ဆက်လိုက်၏။
"ဒီငယ်သားက အရှင့်ကို အရိုအသေပြုပါတယ်"
"အရာရှိလျှူ....မင်းမှာ ဘာကိစ္စရှိလို့ ငါ့ကို လာရှာတာလဲ"
လုယွီက သူ၏လက်ကိုမြှောက်ပြီး နံဘေးရှိစားပွဲမှ လက်ဖက်ရည်တစ်ခွက်ကိုငှဲ့ကာ တစ်ငုံငုံ၍သောက်လိုက်သည်။
လျှူယွမ်ချန်းက ပြောဆိုသည်
"ငါက လမ်းပေါ်မှာ သခင်မလေးနျူနျူနဲ့ တွေ့ခဲ့ရတယ်...သူက နဂါးအသူရာချောက်ကုန်သည်အဖွဲ့အစည်းက သခင်လေးရဲ့အနိုင်ကျင့်တာကိုခံထားရတယ်...သူ့ကို စွေ့မိသားစုရဲ့လူတွေက ခြိမ်းခြောက်နေကြတယ်... ကံကောင်းချင်တော့ သူ့ကိုကာကွယ်ပေးထားတဲ့ ဧကရာဇ်အဆင့်မှော်ရတနာရှိနေတာကြောင့် ဘာအန္တရာယ်မှ မရှိခဲ့ဘူး....ဒါပေမဲ့ သူ့ရဲ့နံဘေးက အစေခံမလေးကတော့ အသက်အန္တရာယ်စိုးရိမ်ရတယ်"
ဘန်း....
လုယွီက လဖက်ရည်ခွက်ကိုင်ထားသော သူ၏လက်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်၏။
သူသည် သူ၏မျက်လုံးကိုစုံမှိတ်ကာ နျုနျူ၏ခန္ဓာကိုယ်ပေါ်ရှိ သက်ရှည်သော့ခလောက်ကို ချက်ချင်းအာရုံခံလေသည်။
သက်ရှည်သော့ခလောက်သည် အမှန်တကယ်ကို အသက်ဝင်ခဲ့ပုံပင်။
ထိုအရာအတွင်း၌ လုယွီ၏စိတ်ဝိညာဥ်အမျှင်တန်းတစ်စကို ထည့်သွင်းထားသည်။အကယ်၍ နျူနျူထံတွင် အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရပါက မိုင်သောင်းနှင့်ချီ ကွာဝေးသောနေရာ၌ ရှိနေလျှင်ပင် လုယွီ အာရုံခံနိုင်ပေမည်။
သို့ရာတွင် အစောပိုင်းက သူသည် 'တောင်တန်းနဲ့ပင်လယ်ကျမ်းစာကမ္ဘာ'အတွင်း၌ ရောက်ရှိနေကာ ပြင်ပလောကနှင့် လုံးလုံးလျားလျားပိုင်းခြားနေသည်။ထို့ကြောင့် သူသည် ပြင်ပလောက၌ ဖြစ်ပျက်သွားသောကိစ္စများကို မသိရှိခဲ့ချေ။
ဤသည်မှာ ရက်အနည်းငယ်သာကြာမြင့်သော်လည်း နျူနျူသည် အန္တရာယ်နှင့်ကြုံတွေ့ရမည်ဟု သူ မျှော်လင့်မထားမိချေ။
ရုတ်ချည်းဆိုသလိုပင် လုယွီသည် နန်းတော်အတွင်းမှ ပျောက်ကွယ်သွားပေ၏။
လုယွီသည် ခြေတစ်လှမ်းရှေ့တိုးလိုက်ရာ နောက်ထပ်အချိန်အခိုက်အတန့်မှာပင် တော်ဝင်သမားတော်ဆောင်ထံသို့ ရောက်ရှိသွားသည်။
ဤသည်မှာ အတိတ်တွင် ချီအင်ပါယာ၏တော်ဝင်သမားတော်ဆောင်ဖြစ်ကာ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှ နာမည်အကျော်ကြားဆုံး သမားတော်များကို ခေါ်ယူထားသည်။
လုယွီသည် ချီတော်ဝင်နန်းတော်ကို သိမ်းပိုက်ပြီးနောက် နန်းတွင်းအစေခံများနှင့်မိန်းမစိုးများကို ထုတ်ပယ်ခဲ့သည်။သို့ရာတွင် သမားတော်တချို့နှင့်ကျောင်းတော်သားတချို့ကိုမူ မူလရာထူးနေရာအတိုင်းထားကာ သူတို့အား ပို၍ပင်ရက်ရောသော အထောက်အပံ့များကို ပေးအပ်ခဲ့သည်။
ဤတစ်ကြိမ်၌ ချီအင်ပါယာ တည်ရှိခဲ့သည်မှာ အချိန်တိုတောင်းသဖြင့် ထိုလူများကို သစ္စာမရှိဟု မဆိုနိုင်ချေ။ထို့ပြင် လုယွီသည် ပို၍များပြားသော အထောက်အပံ့များကို ပေးအပ်ခဲ့သဖြင့်သူတို့သည် သူ့ထံ၌ လိုလိုလားလားအညံ့ခံခဲ့ကြသည်။
တော်ဝင်သမားတော်ဆောင်၏လေထုအတွင်း၌ ဆေးရနံ့များဖြင့် ပြည့်နှက်နေသည်။ဆေးအကူကောင်လေးများသည် ရှေ့နောက်ပြေးလွှားကာ အလုပ်ရှုပ်နေကြ၏။
"အစ်ကိုကြီး....."
နျူနျူက လုယွီကိုမြင်တွေ့ချိန်တွင် အလျင်အမြန်ပြေးလာကာ သူမ၏မျက်လုံးအတွင်းမှ မျက်ရည်များယိုစီးကျလာသည်။
ကလေးမလေးနျုနျူကို ဤပုံစံအတိုင်း မြင်တွေ့ရချိန်၌ လုယွီသည် အကြောင်းအရင်းမရှိဘဲ ခေါင်းကိုက်လာသည်ကို ခံစားမိပေ၏။
အဆုံးသတ်၌ သူသည် နျူနျူနှင့် များစွာအဖော်ပြုပေးနိုင်ခဲ့ခြင်း မရှိချေ။ကလေးမလေးသည် ဆိုးရွားသောကိစ္စများကို ဆက်တိုက်တွေ့ကြုံခံစားခဲ့ရသည်။
"ဒါက အဆင်ပြေတယ်...အဆင်ပြေသွားပါပြီ....ငါ ရောက်လာပြီ"
လုယွီက ကလေးမလေးကို ကောက်ချီလိုက်သည်။သူ့၏မျက်နှာပေါ်၌ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေပေ၏။
သူသည် နျူနျူကိုစစ်ဆေးကြည့်ရာ သူမထံ၌ မည်သည့်ထိခိုက်ဒဏ်ရာမျှ မရရှိကြောင်း သိရှိလိုက်ရသည်။ဧကရာဇ်အဆင့်မှော်ရတနာသည် သူမအား ဘေးကင်းလုံခြုံအောင် ကာကွယ်ပေးခဲ့သည်။
နျုနျူထံ၌ မည်သည့်ထိခိုက်ဒဏ်ရာမျှ မရရှိသည်ကိုကြည့်ပြီး လုယွီက စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
နျူနျူက သူမ၏မျက်ရည်များကိုသုတ်ကာ သူမ၏နံဘေးရှိကုတင်သို့ လက်ညှိုးညွှန်ပြပြီး ပြောဆိုသည်။
"အစ်ကိုကြီး....အစ်မစုကို မြန်မြန်ကယ်ပေးပါအုံး....သူ သေတော့မယ်"
ဤအချိန်အခိုက်အတန့်တွင် စုရူသည် အိပ်ယာပေါ်၌လဲလျောင်းနေကာ သတိလစ်မေ့မျောနေသည်။သူမ၏နံဘေးတွင် သမားတော်အမြောက်အများရှိနေကာ သူမအား ကုသပေးနေလေ၏။
စုရူ၏ခန္ဓာကိုယ်မှ ပြင်ပဒဏ်ရာများ အနည်းငယ်သက်သာသွားလေပြီ။သို့ရာတွင် သူမသည် သတိလစ်မေ့မျောနေကာ ယခုအချိန်ထိ နိုးထလာခြင်းမရှိချေ။
နံဘေးတစ်ဖက်တွင်ရှိနေသော သမားတော်တစ်ယောက်က လုယွီကိုမြင်တွေ့ချိန်၌ အလျင်အမြန်အရိုအသေပြုလေသည်။
"အရှင့်ကို အရိုအသေပြုပါတယ်"
"အခြေအနေ ဘယ်လိုရှိလဲ"
လုယွီက မေးမြန်းသည်။
"သူ့ရဲ့ဒဏ်ရာတွေက တော်တော်လေးပြင်းထန်တယ်...ငါတို့က သူ့ရဲ့ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာအောင် စိတ်ဝိညာဥ်ဆေးလုံးတွေကို အသုံးပြုခဲ့ပေမယ့် သူက ခုထိနိုးမလာသေးဘူး...ကြည့်ရတာတော့ သူ့ရဲ့စိတ်ဝိညာဉ် ဒဏ်ရာရထားတဲ့ပုံပဲ"
သမားတော်က သက်ပြင်းတစ်ချက်ရှိုက်ပြီးပြောဆိုသည်။
Chapter 4565
လုယွီက မျက်မှောင်ကြုတ်ပြီး အလေးအနက်ထားသောအသံဖြင့် ပြောဆိုလိုက်၏။
"ငါ တစ်ချက်ကြည့်ကြည့်မယ်"
အကယ်၍ တစ်စုံတစ်ယောက်သည် စိတ်ဝိညာဉ်တွင် ဒဏ်ရာရရှိထားပါက အလွန်အမင်းရှုပ်ထွေးသော အခြေအနေပင်။
စိတ်ဝိညာဥ်သည် သက်ရှိများအားလုံးအတွက် အခြေခံအုတ်မြစ်ပင်။စိတ်ဝိညာဥ်ဒဏ်ရာရရှိသွားသည်နှင့် ပြန်လည်ကောင်းမွန်နိုင်ရန် အလွန်အမင်းခက်ခဲသည်။တချို့လူများသည် စိတ်ဝိညာဥ်ဒဏ်ရာများကို ဘဝတစ်သက်စာလုံးခံစားရကာ သူတို့၏နာကျင်မှုသည် အလွန်ဆိုးရွားပေ၏။
သမားတော်များအားလုံး နံဘေးသို့ကပ်ပေးလိုက်ကြသည်။လုယွီက သူ၏လက်ချောင်းများကိုဆန့်တန်းကာ စုရူ၏လက်ကောက်ဝတ်ပေါ်သို့ တင်လိုက်သည်။
အချိန်တခဏကြာပြီးနောက် လုယွီက သူ၏မျက်လုံးကိုဖွင့်ကာ သူ၏မျက်နှာပေါ်၌ အံ့အားသင့်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"သူက ဘာလို့ အခုထိ အသက်ရှင်နေတာလဲ"
လုယွီ၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာ၌ အလွန်အမင်းထိတ်လန့်တုန်လှုပ်နေသည်။
လုယွီသည် သူ၏စိတ်ဝိညာဥ်မှစွမ်းအားကို ဖြန့်ကျက်လိုက်သည့်အချိန်တွင် စုရူ၏မရီဒါန်းများမှ အတွင်းပိုင်းဒဏ်ရာများအားလုံးကို တိတ်တဆိတ်ကုသပေးခဲ့သည်။
သို့ရာတွင် လုယွီ၏စိတ်ဝိညာဉ်မှ စွမ်းအားသည် စုရူ၏နှလုံးသားနေရာသို့ ရောက်ရှိသွားချိန်တွင် သူ ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားသည်။
ဤအချိန်အခိုက်အတန့်တွင် စုရူ၏နတ်ဆိုးအမြူတေ ကြေမွှပျက်စီးနေလေပြီ။သူမ၏စိတ်ဝိညာဥ် မပြည့်မစုံဖြစ်နေကာ သူမ၏အသက်ကိုထောက်ပံ့ပေးထားသော လူသားစိတ်ဝိညာဥ်သာ ကျန်ရှိတော့သည်။
သက်ရှိများတွင် စိတ်ဝိညာဉ်သုံးခုနှင့်စိတ်ဆန္ဒခုနစ်မျိုးရှိသည်။စိတ်ဝိညာဉ်များကို ကောင်းကင်စိတ်ဝိညာဉ် မြေကမ္ဘာစိတ်ဝိညာဥ်နှင့်လူသားစိတ်ဝိညာဉ်ဟု ခွဲခြားနိုင်သည်။ထိုစိတ်ဝိညာဥ်တစ်ခုစီတိုင်းသည် တစ်စုံတစ်ယောက်နိုးထနေသောအချိန်၌ သူ၏အသိစိတ်ကို ထိန်းချုပ်ပေ၏။
စုရူ၏ ကောင်းကင်စိတ်ဝိညာဥ်နှင့်မြေကမ္ဘာစိတ်ဝိညာဥ် ပျောက်ကွယ်သွားလေပြီ။လုယွီသည် ကွဲကြေနေသော နတ်ဆိုးသားရဲအမြူတေထံမှ ထုတ်လွှတ်ထားသော ဖျော့တော့တော့အလင်းရောင်အောက်တွင် အားနည်းသောလူသားစိတ်ဝိညာဥ်တစ်ခုကိုသာ မြင်တွေ့မိသည်။
စုရူ၏နေ့စဥ်အပြုအမူများသည် သာမန်ဖြစ်သော်လည်း သူမသည် ဤကဲ့သို့ ရုတ်တရက်ဆန်သော အပြောင်းအလဲတစ်ခုကို ကြုံတွေ့ပြီးနောက် သူမ၏လူသားစိတ်ဝိညာဥ်သည် ထပ်မံ၍တောင်မခံနိုင်တော့ဘဲ ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
"အစ်ကိုကြီး....အစ်မကြီးစု အဆင်ပြေရဲ့လား"
နျုနျူ၏မျက်လုံးများပြူးကျယ်နေကာ ဂရုတစိုက်မေးမြန်းသည်။
လုယွီက နျူနျူ၏ခေါင်းကိုပုတ်ပြီး အပြုံးနှင့်ပြောဆိုလိုက်၏။
"ဘာမှမစိုးရိမ်နဲ့....ငါ ဒီနေရာမှာရှိနေမှတော့ ဘာမှ ဖြစ်မှာမဟုတ်ဘူး"
တံခါး၏ပြင်ပတွင် သခင်မကြီးယွီရုံနှင့်လုလမ်ရွှမ်းတို့ စိုးရိမ်ပူပန်တကြီးစောင့်ဆိုင်းနေသည်။ သူမတို့သည် နျူနျူထွက်လာသည်ကို မြင်တွေ့ချိန်၌ သခင်မကြီးယွီရုံက သူမအား ချက်ချင်းပွေ့ချီလိုက်သည်။
"ကလေးလေး...ဘာလို့ အခုလောက်ထိ အဆော့သန်တာလဲ...နောက်တစ်ကြိမ်ကျရင် အပြင်ကို လျှောက်မသွားနဲ့တော့..."
သခင်မကြီးယွီရုံက ဆူပူကြိမ်းမောင်းသည်။
လုယွီသည် နျူနျူကို လုမိသားစုထံသို့ ခေါ်ဆောင်လာစဥ်ကတည်းက သခင်မကြီးယွီရုံသည် သူမ၏သမီးအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။
နျူနျူသည် ပြင်ပ၌ ဒုက္ခရောက်ကာ အနိုင်ကျင့်ခံလာရသည်ဟု ကြားချိန်၌ သခင်မကြီးယွီရုံသည် အလွန်အမင်းစိုးရိမ်ပူပန်သွားကာ စစ်ဆေးရန်အတွက် အလျင်အမြန်ပြေးလာခဲ့သည်။
နျူနျူက နှုတ်ခမ်းမဲ့ပြီး ကြေကွဲဝမ်းနည်းသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"ငါမှားသွားတယ်ဆိုတာ ငါ သိပါတယ်....အခုချိန်ကနေစပြီးတော့ နျူနျူက လိမ်လိမ်မာမာနေပါ့မယ်"
လုလမ်ရွှမ်းက သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုလိုက်၏။
"အမေ....ဒီချီတော်ဝင်နန်းတွင်းထဲမှာနေရတာ တကယ့်ကို ပျင်းဖို့ကောင်းတယ်...နောင်အနာဂတ်ကျရင် ငါက နျုနျူကို အပြင်ခေါ်သွားလိုက်မယ်....ဒါဆိုရင် ဘာမှဖြစ်မှာမဟုတ်ဘူး"
နျူနျူ ငိုကြွေးနေသည်ကို မြင်တွေ့ချိန်တွင် သခင်မကြီးယွီရုံ၏စိတ်နှလုံးသား နူးညံ့ပျော့ပျောင်းသွားကာ ပြောဆိုလိုက်သည်။
"နင်တို့ရဲ့အစ်ကိုကြီးက အမြဲတမ်း အလုပ်ရှုပ်နေတာ...သူ့ကို ဒုက္ခပေးဖို့ မစဉ်းစားကြနဲ့...နားလည်ရဲ့လား"
နျုနျူက ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။
ထိုအချိန်ကျမှသာ သခင်မကြီးယွီရုံသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ နျူနျူကိုချော့မြူပြီးနောက် လုလမ်ရွှမ်းနှင့်အတူ ထွက်သွားတော့သည်။
သူ၏မိခင်နှင့်အစ်မဖြစ်သူ ထွက်သွားသည်ကိုကြည့်ပြီး လုယွီ၏မျက်လုံးများ ပို၍အေးစက်တင်းမာသွားသည်။
သူသည် သမားတော်ဆောင်၏တခြားတစ်ဖက်ခြမ်းထံသို့ ကြည့်လိုက်၏။ထိုနေရာတွင် ကျန်းရီနှင့် ရှင်းယန်မြို့စောင့်တပ်မှတပ်မှူးတို့ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။
"ဘာတွေဖြစ်ခဲ့တာလဲ"
လုယွီက အလေးအနက်ထားသောအသံဖြင့် မေးမြန်းသည်။
ကျန်းရီသည် ရှေ့သို့အလျင်အမြန်တိုးကာ ဖြစ်ပျက်ခဲ့သမျှအရာရာတိုင်းကို အသေးစိတ်ကျကျ ပြောဆိုလိုက်၏။
ဤကိစ္စဖြစ်ပွားသွားပြီးနောက် ကောင်းကင်ကွန်ယက်သည် စုံစမ်းစစ်ဆေးရန်အတွက် လူများကိုစေလွှတ်ခဲ့သည်။ထို့ကြောင့် သူတို့သည် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။
ဤမတော်တဆကိစ္စသည် ရှင်းယန်မြို့အတွင်းရှိ အစည်ကားဆုံးစျေးအတွင်းတွင် ဖြစ်ပွားသွားခဲ့သည်။ဤကိစ္စကို အစမှအဆုံးထိ မျက်မြင်ကိုယ်တွေ့မြင်ခဲ့ရသော လူအမြောက်အများ ရှိနေပေ၏။
ထို့ကြောင့် မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသည်ကို ရှာဖွေဖော်ထုတ်ရန် အလွန်လွယ်ကူသည်။
ကျန်းရီသည် မည်သို့ဖြစ်ပျက်သွားသည်ကို သိရှိပြီးနောက် ချီတော်ဝင်နန်းတော်ထံသို့ အပြေးရောက်လာကာ တချိန်တည်းမှာပင် ရှင်းယန်မြို့ကိုစောင့်ကြပ်ရသော တပ်မှူးသည်လည်း လိုက်ပါလာပေ၏။
"ဒါဆိုရင် စွေ့အန်းက နျူနျူကို အနိုင်ကျင့်ခဲ့ရုံတင်မကဘူး...သူ့ရဲ့မှော်ရတနာကိုလည်း အတင်းအကြပ် လုယူချင်ခဲ့တာလား"
လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။
ဤကဲ့သို့ကိစ္စမျိုး ဖြစ်ပွားလာခြင်းမှ တားဆီးဟန့်တားရန်အလို့ငှာ လုယွီသည် ထိုအကာအကွက်မှော်ရတနာများကို အလွန်သာမန်ဆန်သော အသွင်အပြင်များအဖြစ်သို့ တမင်သက်သက်သန့်စင်ထားခဲ့သည်။
သို့ရာတွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် ထိုအရာများကိုမြင်တွေ့သည်နှင့် သာလွန်ထူးကဲသော မှော်ရတနာများဖြစ်သည်ကို သိရှိနိုင်ပေ၏။
Thank For Reading.