အခန်း (၂၄၆)
Vol. 22 Ch. 246
သတ်မှတ်ထားသော နေ့ရက်တွင် လျှောက်ထားသူ ၃၀,၀၀၀ ကျော်တို့သည် မကြာသေးမီကမှ ဆောက်လုပ်ပြီးစီးခဲ့သည့် စာမေးပွဲ ခန်းမကြီးအတွင်းသို့ ဒီရေအလား တိုးဝှေ့ဝင်ရောက်လာခဲ့ကြသည်။ ၎င်းတို့ထဲတွင် မျိုးနွယ်စုကြီးများမှ တိတ်တဆိတ် စေလွှတ်လိုက်သောသူများစွာလည်း ပါဝင်နေသည်။
၎င်းတို့သည် မိမိတို့၏ အတတ်ပညာနှင့် အရည်အချင်းအပေါ် အလွန်အမင်း ယုံကြည်ချက် ရှိနေကြပြီး စာမေးပွဲတွင် ဂုဏ်ထူးဆောင်အဆင့်ဖြင့် အောင်မြင်ကာ နန်းတွင်း၌ အရာရှိရာထူးများ ရရှိလိမ့်မည်ဟု ယူဆထားကြသည်။
“အဲဒီမိုက်မဲတဲ့ ဧကရာဇ်က ငါတို့ကို တားဆီးဖို့ ကြိုးစားနေပေမဲ့လည်း ငါတို့ကတော့ အထဲကို ရောက်အောင်လာနိုင်ခဲ့တာပဲ”
“ငါတို့လူတွေ ဒီလောက်အများကြီး ဝင်ဖြေတာ တစ်ယောက်မှ မအောင်ဘဲတော့ နေမယ်မထင်ဘူး”
“နောက်ဆုံးတော့ မဟာရှနိုင်ငံဟာ ငါတို့ မျိုးနွယ်စုကြီးတွေရဲ့ လက်ထဲကို ရောက်လာမှာပါပဲ”
“ဟား..ဟား…ဟား...”
၎င်းတို့သည် တော်ဝင်စာမေးပွဲ၏ ပထမဆုကို ရရှိထားပြီးသကဲ့သို့ ယုံကြည်မှု အပြည့်ရှိနေကြသည်။ အမှန်စင်စစ် ၎င်းတို့တွင် ထိုသို့ ယုံကြည်ရန် အကြောင်းပြချက်လည်း ရှိနေသည်။ အကြောင်းမှာ ၎င်းတို့သည် အမှန်တကယ်ပင် ထူးချွန်ထက်မြက်သူများ ဖြစ်ကြပြီး အရည်အချင်းမရှိပါက မျိုးနွယ်စုကြီးများ၏ ရွေးချယ်ရင်းနှီးမြှုပ်နှံမှုကို ခံရမည်မဟုတ်ပေ။
ဘေးပတ်ဝန်းကျင်ရှိ စိတ်လှုပ်ရှားပြီး စိုးရိမ်နေကြသော အောက်ခြေလူတန်းစား ပညာရှင်များကို ကြည့်ကာ ၎င်းတို့၏ မျက်လုံးများတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေသည်။
‘မင်းတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ငါတို့အတွက် အခြံအရံတွေ ဖြစ်ရုံထက် မပိုပါဘူး’
နာရီဝက်ခန့်အကြာတွင် ဖြေဆိုသူအားလုံး ခန်းမထဲသို့ ရောက်ရှိသွားပြီး စာမေးပွဲစတင်ရန် စိတ်ရှည်စွာ စောင့်ဆိုင်းနေကြသည်။ အဓိက စာစစ်မှူး လီလင်းဖူက အချိန်ကိုကြည့်ကာ ကျယ်လောင်စွာ ကြေညာလိုက်သည်။
“ဒီနေ့ဟာ ငါတို့ မဟာရှနိုင်ငံရဲ့ တော်ဝင်စာမေးပွဲ ကျင်းပတဲ့နေ့ပဲ ဖြစ်တယ်။ ဖြေဆိုသူအရေအတွက် အလွန်များပြားတဲ့အတွက် စီမံခန့်ခွဲမှုက အနည်းငယ်တော့ ရှုပ်ထွေးနိုင်တယ်။ ဒါကြောင့် လူတိုင်း စည်းကမ်းကို တိတိကျကျ လိုက်နာကြဖို့ မျှော်လင့်ပါတယ်။ ခွင့်ပြုထားတာကိုပဲ လုပ်ပါ၊ တားမြစ်ထားတာကို လုံးဝ မလုပ်ပါနဲ့”
“စည်းကမ်းဖောက်ဖျက်တာကို ပထမအကြိမ် တွေ့ရှိရင် သတိပေးမယ်။ ဒုတိယအကြိမ် ထပ်ဖြစ်ရင်တော့ စာမေးပွဲခန်းမကနေ ချက်ချင်းနှင်ထုတ်မှာဖြစ်ပြီး နောင်တစ်သက်လုံး အစိုးရအလုပ် လုပ်ကိုင်ခွင့် ပိတ်ပင်သွားမှာပါ”
သူ၏ မိန့်ခွန်းအပြီးတွင် လီလင်းဖူက လက်ဝှေ့ယမ်းပြလိုက်ရာ စစ်သည်တစ်စုသည် စာမေးပွဲခန်းမအတွင်းသို့ ပြေးဝင်လာကြပြီး စာဖြေသူများ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် နေရာယူကာ စောင့်ကြည့်နေကြသည်။ စာဖြေသူများ၏ ရင်ထဲတွင် အေးစိမ့်သွားကာ မဟာရှအစိုးရသည် ဤစာမေးပွဲကို အလွန်အလေးထားကြောင်း သိလိုက်ရသည်။
သို့သော်လည်း မျိုးနွယ်စုကြီးများမှ စေလွှတ်လိုက်သော သူများကတော့ ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။ ၎င်းတို့သည် ပြင်းထန်သော လေ့ကျင့်မှုများကို ခံယူထားသူများဖြစ်ရာ ဤကဲ့သို့ တင်းကျပ်သော အခြေအနေမျိုးတွင် ပို၍ တည်ငြိမ်စွာ ဖြေဆိုနိုင်မည် ဖြစ်သည်။ အခြားသူများထက် နေရာရရန် အခွင့်အရေး ပိုများသွားသည်ဟု ၎င်းတို့က ယူဆထားကြသည်။
ထိုစဉ် စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။ “အရှင်မင်းကြီး ကြွလာပါပြီ”
လူတိုင်း မတ်တပ်ရပ်ကာ ဦးညွှတ်လိုက်ကြသည်။ “အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ”
“ဝန်ကြီးတို့နဲ့ စာဖြေသူတို့... အားလုံးပဲ အားနာမနေကြပါနဲ့”
လင်းပိုင်ဖန်က လက်ဝှေ့ယမ်းလျက် ပြုံးပြကာ “ဒီနေ့ဟာ မဟာရှနိုင်ငံရဲ့ တော်ဝင်စာမေးပွဲ နေ့ပဲ ဖြစ်တယ်။ အဝေးကြီးကနေ လာရောက်ဖြေဆိုကြတဲ့ သူအားလုံးကို နွေးထွေးစွာ ကြိုဆိုပါတယ်။ လူတိုင်း မိမိတို့ရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ ဖော်ပြနိုင်ပြီး ရွှေစာရင်းမှာ နာမည်ပါနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်” ဟု ဆိုလိုက်သည်။
“ကျေးဇူးတင်လှပါတယ် အရှင်မင်းကြီး” ဟု လူတိုင်းက တစ်ပြိုင်နက် အော်ဟစ်နှုတ်ဆက်လိုက်ကြသည်။
“ကဲ... စကားတွေ အများကြီး မပြောတော့ဘူး၊ အခု မေးခွန်းကို ထုတ်ပြန်တော့မယ်”
စာဖြေသူများအားလုံး နားစွင့်လိုက်ကြသည်။ လင်းပိုင်ဖန်က - “မောင်မင်းတို့ သိထားတဲ့အတိုင်း ငါကိုယ်တော်ဟာ မျိုးနွယ်စုကြီးတွေကို အလွန် မုန်းတီးတယ်။ သူတို့တွေဟာ တိုင်းပြည်ရဲ့ သွေးစုပ်ဖုတ်ကောင်တွေပဲ။ ကိုယ်ကျိုးကိုသာ ရှာပြီး လောဘကြီးကြတယ်၊ တိုင်းပြည်နဲ့ ပြည်သူတွေဆီကနေ ရယူဖို့ပဲ သိပြီး ဘာမှပြန်မပေးချင်ကြဘူး။ ဒါတင်မကသေးဘူး၊ သူတို့က အရည်အချင်းရှိသူတွေ တိုးတက်မယ့် လမ်းစတွေကိုလည်း ချုပ်ကိုင်ထားပြီး စာပေပညာရှင်အားလုံးရဲ့ ရှေ့ရေးကို ပိတ်ဆို့ထားကြတယ်”
စာဖြေသူများက ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ကြသည်။ ၎င်းတို့ ဤနေရာသို့ လာရခြင်းမှာလည်း အခြားနေရာများတွင် နေရာမရသောကြောင့် မဟုတ်ပါလား။
“ဒါကြောင့်လည်း ငါကိုယ်တော်က မျိုးနွယ်စုကြီးတွေရဲ့ သားသမီးတွေကို မဟာရှနိုင်ငံရဲ့ တော်ဝင်စာမေးပွဲမှာ ဝင်ဖြေခွင့် ပိတ်ပင်ထားတာ ဖြစ်တယ်။ ဘယ်လောက်ပဲ ထူးချွန်နေပါစေ၊ သူတို့ကို ငါကိုယ်တော် အလိုမရှိဘူး” ဟု လင်းပိုင်ဖန်က ကျယ်လောင်စွာ ကြေညာလိုက်သည်။
စာဖြေသူများမှာ ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်ပင် ဝဲလာကြသည်။ သို့သော် မျိုးနွယ်စုကြီးများမှ စေလွှတ်လိုက်သော ပညာရှင်များကတော့ စိတ်ထဲမှ လှောင်ပြုံးပြုံးနေကြသည်။ ‘မိုက်မဲတဲ့ ဧကရာဇ်၊ မင်း ဘယ်လောက်ပဲ ကြွားကြွား၊ ဒီနှစ်စာမေးပွဲကို ငါတို့ပဲ လွှမ်းမိုးသွားမှာပါ’
“အခု စာမေးပွဲမေးခွန်းကို ထုတ်ပြန်မယ်။ ဒီနှစ်အတွက် မေးခွန်းကတော့ မျိုးနွယ်စုကြီးတွေနဲ့ သက်ဆိုင်နေတယ်”
လင်းပိုင်ဖန်က ပြုံးလျက် စုတ်တံကြီးကို ယူကာ စာရွက်ပေါ်တွင် စာလုံးကြီးကြီးဖြင့် ရေးသားလိုက်ပြီး ဖြန့်ပြလိုက်သည်။
“ဒီနှစ် မဟာရှနိုင်ငံ တော်ဝင်စာမေးပွဲရဲ့ ခေါင်းစဉ်ကတော့ - ‘မျိုးနွယ်စုကြီးတွေကို နှိမ်နင်းပြီး နိုင်ငံတော်၏ အခြေခံအုတ်မြစ်ကို ခိုင်မာစေခြင်း’ ပဲ ဖြစ်တယ်”
စာဖြေသူများအားလုံး မှင်သက်သွားခဲ့ကြသည်။ ဤမျှ ထိရှလွယ်သော ခေါင်းစဉ်မျိုး ထွက်လာလိမ့်မည်ဟု မထင်ထားကြပေ။ ၎င်းမှာ မျိုးနွယ်စုကြီးများကို တိုက်ရိုက် စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။
မျိုးနွယ်စုကြီးများမှ လာသောသူများမှာမူ မျက်နှာများ ပျက်သွားကာ ဒေါသကြောင့် တုန်ရီလာကြသည်။ ဤမေးခွန်းမှာ ၎င်းတို့အတွက် အလွန်ပင် ရိုင်းပျလွန်းပြီး သူတို့၏ ဘဝကို ခြိမ်းခြောက်နေသကဲ့သို့ ဖြစ်နေသည်။ အကယ်၍ ၎င်းတို့က ကောင်းကောင်းဖြေဆိုပြီး ရာထူးရသွားလျှင်လည်း သူတို့နောက်ကွယ်က မျိုးနွယ်စုကြီးများ၏ အပြစ်ပေးခြင်းကို ခံရပေလိမ့်မည်။
“ယုတ်မာလိုက်တာ”
“ဒီမိုက်မဲတဲ့ ဧကရာဇ်ကတော့ ငါတို့ကို တကယ် ဒုက္ခပေးနေတာပဲ”
လင်းပိုင်ဖန်က မျက်နှာပျက်နေသော စာဖြေသူအချို့ကို မြင်တွေ့သွားပြီး ခပ်ပြုံးပြုံးဖြင့် “ကဲ... အဖြေလွှာတွေကို ဝေပေးလိုက်တော့။ အချိန်ကျရင် စတင်ဖြေဆိုနိုင်ပါပြီ” ဟု အမိန့်ပေးလိုက်သည်။
စာမေးပွဲ စတင်ချိန်တွင် လူတိုင်း စဉ်းစားကာ ဖြေဆိုကြသော်လည်း မျိုးနွယ်စုကြီးများမှ လာတဲ့ သူများမှာမူ ဘယ်လိုစရေးရမှန်းမသိဘဲ တိုင်ပတ်နေကြတော့သည်။ စိတ်ထဲမှလည်း လင်းပိုင်ဖန်ကို အကြိမ်ကြိမ် အခါခါ ကျိန်ဆဲနေကြသည်။
လင်းပိုင်ဖန်ကတော့ ပြန်မသွားသေးဘဲ လီလင်းဖူနှင့်အတူ စာမေးပွဲခန်းမကို ပတ်ကြည့်နေသည်။ “ဝန်ကြီးလီ၊ ဒီထဲမှာ မျိုးနွယ်စုကြီးတွေဆီက လာတဲ့သူတွေ အများကြီး ပါနိုင်တယ် မဟုတ်လား”
လီလင်းဖူက “မှန်လှပါ အရှင်မင်းကြီး၊ ကျွန်တော်မျိုးလည်း သတိထားမိပါတယ်။ ဒါပေမဲ့ လူအရေအတွက်က အရမ်းများနေတော့ တစ်ယောက်ချင်းစီကို စိစစ်ဖယ်ထုတ်ဖို့က မဖြစ်နိုင်ပါဘူး၊ ခွင့်လွှတ်ပေးတော်မူပါ” ဟု လျှောက်တင်လိုက်သည်။
လင်းပိုင်ဖန်က ပြုံးလျက် “မသိတာက အပြစ်မဟုတ်ပါဘူး။ ပုံမှန်အတိုင်းပဲ စာမေးပွဲကို ဆက်ကျင်းပပါ။ အဲဒီကိစ္စတွေအတွက် ငါကိုယ်တော်မှာ ကိုယ်ပိုင် အစီအစဉ် ရှိပြီးသားပါ” ဟု ဆိုကာ ခဏအကြာတွင် ထွက်ခွာသွားခဲ့သည်။
……
သုံးရက်ဆိုသော အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ စာမေးပွဲ ပြီးဆုံးသွားပြီးနောက် ခေါင်းစဉ်မှာ အပြင်သို့ ပေါက်ကြားသွားကာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့သည်။
“မျိုးနွယ်စုကြီးတွေကို နှိမ်နင်းပြီး နိုင်ငံတော်၏ အခြေခံအုတ်မြစ်ကို ခိုင်မာစေခြင်း ဟုတ်လား”
“ဒီမေးခွန်းကတော့ တကယ်ကို အားကောင်းလွန်းတယ်။ မျိုးနွယ်စုကြီးတွေကို လုံးဝ ရန်စလိုက်တာပဲ”
“ဒီကမ္ဘာပေါ်မှာ အဲဒီမိုက်မဲတဲ့ ဧကရာဇ်တစ်ယောက်ပဲ ဒါမျိုးလုပ်ရဲတာ၊ တကယ်ကို လေးစားဖို့ ကောင်းတယ်”
“ဟားဟား... မျိုးနွယ်စုကြီးတွေရဲ့ မျက်နှာတွေကို အခု မြင်ချင်လိုက်တာ”
မျိုးနွယ်စုကြီးများမှာမူ အလွန်ပင် ဒေါသထွက်နေကြသည်။ ၎င်းတို့နှင့် အမြဲတမ်း ရန်ဘက်ဖြစ်နေသော ဧကရာဇ်က ဤကဲ့သို့သော မေးခွန်းမျိုး ထုတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ၎င်းမှာ သူတို့ကို အရှက်ရစေရုံတင်မကဘဲ ရာသက်ပန် အရှက်တိုင်တွင် သံမှိုရိုက်လိုက်ခြင်းပင် ဖြစ်သည်။
“မိုက်မဲတဲ့ ဧကရာဇ်၊ အခုကစပြီး မင်းနဲ့ငါတို့တွေ တစ်မိုးအောက်ထဲမှာ အတူတူရှိလို့ မရတော့ဘူး”