အခန်း (၂၄၇)
Vol. 22 Ch. 247
လဝက်ခန့် အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ဖြေဆိုသူ အားလုံး၏ အဖြေလွှာများကို စစ်ဆေးပြီးစီးသွားကာ ထိပ်ဆုံးမှ အဖြေလွှာ ၁၀၀၀ ကို ရွေးချယ်၍ လင်းပိုင်ဖန်ထံ ဆက်သခဲ့သည်။ လင်းပိုင်ဖန် သည် ၎င်းတို့ထဲမှ ထိပ်သီး ၃၀၀ ကို ရွေးချယ်ကာ နန်းတွင်းအရာရှိများအဖြစ် ခန့်အပ်ရမည်ဖြစ်သည်။
လင်းပိုင်ဖန်သည် အဖြေလွှာများကို တစ်ခုချင်းစီ ပြုံးလျက် ဖတ်ရှုနေသည်။ အချို့သော အတွေးအမြင်များနှင့် နည်းလမ်းများမှာ လင်းပိုင်ဖန် အတွက်ပင် အသစ်အဆန်း ဖြစ်စေပြီး ဗဟုသုတ တိုးပွားစေခဲ့သည်။
“တကယ်ပဲ တစ်ယောက်ထဲ တွေးပြီး ကြံစည်တာထက် ဝိုင်းဝန်းကြံစည်တာက ပိုထိရောက်တာပဲ။ ဒီပညာရှင်တွေရဲ့ အကူအညီနဲ့ဆိုရင် မျိုးနွယ်စုကြီးတွေကို နှိမ်နင်းဖို့ ပိုလွယ်ကူသွားပြီ”
ထို့နောက် လင်းပိုင်ဖန်သည် အဖြေလွှာ ၃၀၀ နီးပါးကို သီးသန့်ဖယ်ထုတ်ကာ လီလင်းဖူထံ ပေးအပ်လိုက်ပြီး - “ဒီအဖြေလွှာပိုင်ရှင်တွေရဲ့ နောက်ကွယ်မှာ မျိုးနွယ်စုကြီးတွေ ရှိနေတယ်။ သူတို့ကို နန်းတွင်းထဲ ဝင်ခွင့်မပြုနိုင်ဘူး၊ ဒါကြောင့် သီးသန့်ဖယ်ထားလိုက်။ ဒါ့အပြင် ဒီအဖြေလွှာတွေကိုလည်း လူမြင်ကွင်းမှာ ကပ်ထားလိုက်ဦး၊ သူတို့အချင်းချင်း ခွေးအချင်းချင်း ကိုက်သလို ပြန်သတ်ကြပါစေဦး” ဟု အမိန့်ပေးလိုက်သည်။
“မှန်လှပါ အရှင်မင်းကြီး” ဟု ဆိုကာ လီလင်းဖူက အမိန့်ကို နာခံခဲ့သည်။
နောက်တစ်နေ့တွင် အောင်စာရင်းများကို ကပ်ထားလိုက်သည်။ အောင်မြင်သူများမှာ ဝမ်းသာအားရ ကခုန်နေကြသော်လည်း ကျရှုံးသူများမှာမူ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားကြရသည်။ တစ်ချိန်တည်းမှာပင် အချို့သော အဖြေလွှာများကိုလည်း လူမြင်ကွင်းတွင် ပြသထားသည်။ ထိုအဖြေလွှာပိုင်ရှင်များမှာမူ အလွန်ပင် ထိတ်လန့်သွားကြတော့သည်။
‘အဲဒီမိုက်မဲတဲ့ ဧကရာဇ်ကတော့ ငါတို့ကို သတ်နေတာပဲ၊ တကယ်ကို ယုတ်မာလွန်းတယ်” ဟု သူတို့က စိတ်ထဲမှ ကျိန်ဆဲနေကြသည်။ အကြောင်းမှာ သူတို့သည် စာမေးပွဲ ကျရုံတင်မကဘဲ သူတို့၏ အဖြေလွှာမျာမှာ လူမြင်ကွင်းသို့ ရောက်ရှိသွားခြင်းကြောင့် ဖြစ်သည်။ ပြန်ရောက်လျှင် သူတို့ ဘယ်လိုမှ ရှင်းပြနိုင်တော့မည် မဟုတ်ပေ။
……
မျိုးနွယ်စုကြီးများ၏ မျက်နှာမှာလည်း ပို၍ပင် ဆိုးရွားသွားကြသည်။ သူတို့ ကြိုးပမ်းသမျှမှာ ဘာတစ်ခုမှ ဖြစ်မလာသည့်အပြင် ဒုက္ခများသာ ပို၍ တိုးပွားလာခဲ့သည်။
“အဲဒီလူတွေကို အခုချက်ချင်း ပြန်ခေါ်လိုက်။ ငါတို့ရှေ့မှာတော့ ရိုသေပြပြီး နောက်ကွယ်မှာ ငါတို့ကို ဒုက္ခပေးမယ့် အကြံတွေ ရေးခဲ့ကြတယ်ပေါ့။ ငါတို့က အဲဒီမိုက်မဲတဲ့ ဧကရာဇ်ကို မနိုင်ရင်တောင်မှ မင်းတို့ကိုတော့ နိုင်သေးတယ်” ဟု ဒေါသတကြီး ကြုံးဝါးကြတော့သည်။
မျိုးနွယ်စုကြီးများ၏ ကိစ္စကို ခေတ္တဘေးဖယ်ထားလျှင်ပင် မဟာရှနိုင်ငံသည် အရည်အချင်းရှိသူ ၃၀၀ ကို ရွေးချယ်ပြီးနောက် နန်းတော်အတွင်း၌ ထပ်မံစစ်ဆေးကာ ထိပ်သီးပညာရှင် သုံးဦးကို ရွေးချယ်ခဲ့သည်။ ထို့နောက် ၎င်းတို့၏ အရည်အချင်းအလိုက် ဝန်ကြီးဌာန ခြောက်ခုနှင့် အုပ်ချုပ်ရေးဌာန အသီးသီးတွင် တာဝန်ပေးအပ်လိုက်သည်။ ဤသို့ဖြင့် မဟာရှနိုင်ငံ၏ လူသားအရင်းအမြစ် လိုအပ်ချက်မှာ ပြေလည်သွားပြီး နိုင်ငံတော်၏ ယန္တရားမှာ အရှိန်အဟုန်ဖြင့် ပြန်လည် လည်ပတ်လာခဲ့သည်။
နန်းတွင်းရေးရာ ဝန်ကြီးဌာန၏ လုပ်ငန်းများပြီးနောက် စစ်ဝန်ကြီးဌာန၏ အလှည့် ရောက်လာခဲ့သည်။ ၎င်းတို့သည် အဆင့်သုံးဆင့်ဖြင့် စစ်သားစုဆောင်းမှုကို အကြီးအကျယ် စတင်ခဲ့ကြသည်။ ပထမအဆင့်တွင် ၄ သိန်း၊ ဒုတိယအဆင့်တွင် ၄ သိန်းနှင့် တတိယအဆင့်တွင် လိုအပ်ချက်အရ ထပ်မံဖြည့်တင်းကာ လင်းပိုင်ဖန် ချမှတ်ထားသည့် စစ်သားစုဆောင်းရေး တာဝန်ကို အောင်မြင်စွာ ပြီးမြောက်စေခဲ့သည်။
“နန်းတော်က စစ်သားစုဆောင်းတာကို စောင့်နေရတာ ပန်းတွေတောင် ညှိုးကုန်ပြီ”
“ဒီတစ်ခါတော့ ငါ စစ်ထဲဝင်ပြီး စစ်မြေပြင်မှာ နာမည်တစ်လုံး ရအောင်လုပ်ရမယ်”
“ငါကတော့ အဲဒီလောက်အထိ ရည်မှန်းချက် မကြီးပါဘူးကွာ၊ ဘိလပ်မြေအိမ်လေး ဆောက်ဖို့ ပိုက်ဆံရရင် ပြန်လာပြီး မိန်းမယူပြီး အေးအေးဆေးဆေးလေးပဲ နေချင်တယ်”
စစ်ထဲဝင်လိုသူများမှာ ဒီရေအလား ရောက်ရှိလာကြသည်။ ၎င်းတို့ထဲတွင် သူဖုန်းစားဂိုဏ်းမှ လူများစွာလည်း ပါဝင်နေသည်။ ၎င်းတို့ မဟာရှနိုင်ငံသို့ ရောက်ရှိလာသည်မှာ လအနည်းငယ် ရှိပြီဖြစ်ကာ အလုပ်ကြမ်းများ လုပ်ကိုင်ရင်း ဘဝမှာ ယခင်ကထက် များစွာ တိုးတက်လာခဲ့သည်။ သို့သော် သူတို့က ဤမျှနှင့် မကျေနပ်သေးဘဲ စစ်တပ်ထဲဝင်ကာ နာမည်ရပြီး ချမ်းသာကြွယ်ဝလိုကြသည်။
တစ်ချိန်တည်းမှာပင် မဟာရှ စစ်တက္ကသိုလ်ကိုလည်း ချောင်ချောင်၏ စီစဉ်မှုဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ သူသည် စစ်တပ်တစ်ခုလုံးမှ ထူးချွန်သော အရာရှိငယ် ၄၀ ခန့်ကို ရွေးချယ်ကာ စနစ်တကျ လေ့ကျင့်ပေးနေသည်။
မဟာရှနိုင်ငံ၏ ဤလှုပ်ရှားမှုများသည် အိမ်နီးချင်း ရွှယ်နိုင်ငံထံသို့ လျင်မြန်စွာ ပြန့်နှံ့သွားသည်။ ရွှယ်နိုင်ငံ၏ အရာရှိကြီးများမှာ အလွန်ပင် ထိတ်လန့်နေကြသည်။ အကြောင်းမှာ ယခုအခါ မဟာရှနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်မှာ သူတို့တစ်နိုင်ငံတည်းသာ ရှိတော့သောကြောင့် ဖြစ်သည်။ မဟာရှက စစ်သားစုဆောင်းပြီး အရာရှိများကို လေ့ကျင့်ပေးနေခြင်းမှာ စစ်ပွဲအတွက် ပြင်ဆင်နေခြင်းပင် ဖြစ်ရပေမည်။ သူတို့ စစ်တိုက်လျှင် ဘယ်သူ့ကို တိုက်မည်နည်း။ ရွှယ်နိုင်ငံ မှလွဲ၍ အခြားမရှိတော့ပေ။
သို့သော်လည်း ရွှယ်နိုင်ငံ ဧကရာဇ်ကတော့ ထူးထူးခြားခြား တည်ငြိမ်နေသည်။ “မစိုးရိမ်ကြနဲ့၊ သူတို့ ဘယ်လောက်ပဲ ဆူပူနေပါစေ အလကားပဲ။ ပုရွက်ဆိတ်တွေက ကောင်းကင်ကို အန်တုနိုင်မယ် ထင်နေကြတာလား” ဟု ဆိုလိုက်သည်။
အရာရှိများ ထွက်သွားပြီးနောက် သူသည် မဟာရှနိုင်ငံ ရှိရာဘက်သို့ ကြည့်ကာ - “မကြာခင် ငါ့ရဲ့ အဆင့်တက်မယ့် အချိန်ရောက်တော့မယ်၊ ခဏလောက်တော့ ထပ်သည်းခံရဦးမှာပေါ့” ဟု တိုးတိတ်စွာ ရေရွတ်လိုက်သည်။
ထိုအချိန်တွင် လင်းပိုင်ဖန်သည် အင်ပါယာမြေပုံမှ တစ်ဆင့် တစ်နိုင်ငံလုံးကို စောင့်ကြည့်နေသည်။ တိုင်းပြည်သည် သူစီစဉ်ထားသည့်အတိုင်း တည်ငြိမ်စွာ တိုးတက်နေသည်ကို မြင်ရသဖြင့် သူ ကျေနပ်နေမိခဲ့သည်။
“အခုဆို မဟာရှနိုင်ငံရဲ့ လူဦးရေက သန်း ၂၀ ကျော်သွားပြီ၊ နိုင်ငံတော် ဘဏ္ဍာက ငွေတေး သန်း ၅၀၀ ကျော်နေပြီ၊ စစ်အင်အားကလည်း ၂ သန်းကျော်သွားပြီ။ နောက်ထပ် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် တစ်ယောက်နဲ့ ကောင်းကင်အဆင့် တစ်ယောက်လောက်ကို ထပ်ပြီး စည်းရုံးနိုင်ရင်၊ ပြီးတော့ နယ်မြေထပ်ချဲ့နိုင်ရင် ငါတို့ဟာ မင်းဆက်နိုင်ငံအဖြစ် အဆင့်တက်နိုင်ပြီ”
အခက်ခဲဆုံးမှာ ကောင်းကင်အဆင့် သိုင်းပညာရှင်ကို ရရှိရန်ဖြစ်သည်။ ယခုအချိန်အထိ လင်းပိုင်ဖန်သည် ထိုအဆင့်ရှိသူနှင့် တစ်ခါမျှ မဆုံဖူးသေးပေ။
ထိုစဉ် လင်းပိုင်ဖန်သည် မြေပုံထဲ၌ ထူးခြားသော အရာတစ်ခုကို သတိထားမိလိုက်သည်။
“ဟ... ဘုန်းကြီး တစ်အုပ်ပါလား”
သူ ကြည့်လိုက်သောအခါ ဘုန်းကြီးများသည် အလွန်တောက်ပသော ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ ခေါင်းဆောင်လာသူမှာ ဘုန်းကြီးအိုကြီး တစ်ပါးဖြစ်ပြီး အဖိုးတန် သင်္ကန်းကို ဝတ်ဆင်ကာ လက်ထဲတွင် သံတောင်ဝှေးကို ကိုင်ထားသည်။ မျက်လုံးကို မှိတ်လျက် ငြိမ်သက်ကာ အေးချမ်းသော အသွင်ရှိသဖြင့် တကယ့်ကို တရားထူးရထားသော ကိုယ်တော်ကြီး တစ်ပါးကဲ့သို့ပင်။
“အောမီထောဖော…”
ထိုဘုန်းကြီးအိုကြီးသည် လက်အုပ်ချီလျက် ကရုဏာမျက်ဝန်းများဖြင့် ဆိုလိုက်သည် - “ရှေ့မှာရှိတာက မဟာရှနိုင်ငံပဲ။ ဒီနေရာမှာ ဘုရားကျောင်းကန်လည်း မရှိ၊ ဘုရားရှာတဲ့ ဘုန်းကြီးလည်း မရှိဘူးလို့ ကြားတယ်။ ဗုဒ္ဓဘာသာအတွက်တော့ အရိုင်းအစိုင်း နယ်မြေပဲ။ တရားတော်တွေ မထွန်းကားရင် သတ္တဝါတွေ ဒုက္ခရောက်ကြရမယ်။ ဒါကြောင့် ငါတို့တွေ ဗုဒ္ဓတရားတော်ကို ပြန့်ပွားအောင်လုပ်ပြီး သတ္တဝါတွေကို ကယ်တင်ဖို့၊ ဒုက္ခပင်လယ်ထဲကနေ လွတ်မြောက်အောင်လုပ်ဖို့ ရောက်လာခဲ့တာပဲ”
“ဆရာတော်က တကယ့်ကို မွန်မြတ်လှပါတယ်၊ အောမီထောဖော…” ဟု ကျန်သော ဘုန်းကြီးများက တစ်ပြိုင်နက် ရွတ်ဆိုလိုက်ကြသည်။
၎င်းတို့ မဟာရှနိုင်ငံအတွင်းသို့ ဝင်ရောက်လာသောအခါ လယ်ယာလုပ်ကိုင်နေသော ပြည်သူများကို မြင်ပြီး ပို၍ပင် သနားကရုဏာ ဖြစ်လာကြသည်။ “ဒီလောကကြီးက ဒုက္ခပင်လယ်ကြီးပဲ၊ သတ္တဝါတွေကလည်း ပင်ပန်းဆင်းရဲနေကြတယ်။ ဗုဒ္ဓကို ယုံကြည်ကိုးကွယ်မှသာ လွတ်မြောက်ခြင်းကို ရနိုင်မယ်။ ငါကိုယ်တိုင် သူတို့ကို ဒီဒုက္ခထဲကနေ ကယ်တင်ပေးမယ်”
ထိုဘုန်းကြီးအိုကြီးသည် လယ်ထဲတွင် အလုပ်လုပ်နေသော လယ်သမားအချို့ထံ သွားရောက်ကာ ကျယ်လောင်စွာ နှုတ်ဆက်လိုက်သည်။ “အောမီထောဖော၊ ဒကာတို့ မင်္ဂလာပါ…”
လယ်သမားများက မော့ကြည့်လိုက်သောအခါ အဖိုးတန်သင်္ကန်းများ ဝတ်ဆင်ထားပြီး ရွှေရောင်တောင်ဝှေးကို ကိုင်ထားသော ဘုန်းကြီးကို တွေ့လိုက်ရသည်။
“ကိုယ်တော်က အဝေးက လာတာလား၊ ဘာကိစ္စရှိလို့လဲ” ဟု လယ်သမားတစ်ဦးက မေးလိုက်သည်။
“ကိုယ်တော်နာမည်က ဆန်းချီလို့ ခေါ်ပါတယ်။ မဟာရှနိုင်ငံကို လာရတာက ဗုဒ္ဓတရားတော်တွေကို ဖြန့်ဝေပြီး သတ္တဝါတွေကို ကယ်တင်ဖို့ပါ။ ‘ဗုဒ္ဓဟာ ရေစက်ရှိသူကိုသာ ကယ်တင်တယ်’ ဆိုတဲ့အတိုင်း ဒကာတို့ဟာ ဗုဒ္ဓနဲ့ ရေစက်ရှိသူတွေဖြစ်လို့ ကိုယ်တော်ကိုယ်တိုင် လာပြီး လမ်းပြပေးတာပါ၊ အောမီထောဖော..” ဟု ဘုန်းကြီးက ခန့်ညားစွာ မိန့်ကြားလိုက်သည်။
“အဲဒီ ဗုဒ္ဓဘာသာကို သင်ယူရင် ဘာအကျိုးရှိမှာလဲ” ဟု လယ်သမားတစ်ဦးက သံသယဖြင့် မေးလိုက်လေသည်။
( ဘာသာပြန်သူမှတ်ချက်- တရုတ်နိုင်ငံတွင် မဟာယာနဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြတာ ဖြစ်သည်။ ဒါကြောင့် ဒီဝတ္ထုထဲမှာ ပါလာတဲ့ ဘုန်းကြီးတွေဟာ မဟာယာနဗုဒ္ဓဘာသာကို ကျင့်သုံးကြတဲ့ ဘုန်းကြီးတွေ ဖြစ်ဖို့များပါတယ်။ ပြီးတော့ ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ တရုတ်ဝတ္ထုတော်တော်များများမှာ သူတို့ရဲ့ အဆိုးဘတ်ခြမ်းတွေကိုပဲ ရေးကြတာများပါတယ်၊ ဘာလို့လဲတော့ မသိဘူးပေါ့ဗျာ၊ ဒါကြောင့် ဒီထဲမှာလည်း ကျွန်တော်တို့ Mc ကြီးက သူတို့ကို မျိုးနွယ်စုကြီးတွေကို ဆက်ဆံတဲ့ နည်းလမ်းအတိုင်း ဆက်ဆံမယ်ပေါ့ဗျာ)