← Chapters

အခန်း (၂၄၈)

Vol. 22 Ch. 248

အခန်း (၂၄၈)

Vol. 22 Ch. 248

“ဗုဒ္ဓတရားတော်ကို လေ့လာပြီး ဘုရားကို ကိုးကွယ်မယ်ဆိုရင် ဒုက္ခပင်လယ်ကနေ အမြန်ဆုံး လွတ်မြောက်ပြီး အနောက်ဘက် သုခဘုံကို ရောက်နိုင်ပါလိမ့်မယ်။ အဲဒီမှာ ငတ်မွတ်တာ၊ ဖျားနာတာ၊ ဆင်းရဲတာနဲ့ အေးတာ၊ ပူတာတွေ မရှိဘူး။ လူတိုင်းက တန်းတူညီမျှရှိပြီး လွတ်လပ်စွာ မွေးဖွားလာကြတာ ဖြစ်တယ်” ဟု ဘုန်းကြီးအိုကြီးက ပြုံးလျက် မိန့်ကြားလိုက်သည်။

“တကယ်လား၊ ဗုဒ္ဓဘာသာကို ကျင့်ကြံပြီး ဘုရားကို ကိုးကွယ်ရုံနဲ့ အနောက်ဘက် သုခဘုံကို သွားဖို့ အခွင့်အရေးရှိတာလား”

“ငတ်မွတ်တာ၊ ဖျားနာတာ၊ ဆင်းရဲတာတွေ မရှိတဲ့နေရာလား။ လူတိုင်းက တန်းတူညီမျှ ရှိကြတယ်ဆိုတာ တကယ်လား”

“ဘုန်းကြီးအိုကြီး၊ ကျွန်တော်တို့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်”

ဘုန်းကြီးအိုကြီးသည် လက်အုပ်ချီလျက် တည်ငြိမ်အေးချမ်းသော အသွင်ဖြင့် “ဘုန်းကြီးတို့မည်သည် မုသားမဆိုပါ” ဟု ဆိုလိုက်သည်။ ဆရာတော်ကြီး၏ ဟောပြောမှုအောက်တွင် ထိုလယ်သမားများသည် ဗုဒ္ဓဘာသာအပေါ် နက်နက်ရှိုင်းရှိုင်း နားလည်သွားကြတော့သည်။ အခွင့်အရေးရလျှင် ဗုဒ္ဓကို စိတ်ပါလက်ပါ ကိုးကွယ်ပြီး ဒုက္ခပင်လယ်မှ အမြန်ဆုံး လွတ်မြောက်ရန် ကြိုးစားမည်ဟု ပြောဆိုလိုက်ကြသည်။

“ဆရာတော်က တကယ့်ကို မွန်မြတ်လှပါတယ်၊ အောမီထောဖော” ဟု ဘုန်းကြီးငယ်များက ကြည်ညိုစွာဖြင့် ဆိုလိုက်ကြသည်။ ဘုန်းကြီးအိုကြီးက ပြုံးလျက် “တပည့်တို့... ကိုယ်တော်တို့ ခရီးကို ဆက်ကြရအောင်။ မဟာရှဧကရာဇ်ကို ဗုဒ္ဓတရားတော်တွေ ပြန့်ပွားဖို့ ကူညီပေးအောင် ဖျောင်းဖျကြမယ်” ဟု မိန့်ကာ မြို့တော်ဆီသို့ ခရီးဆက်ခဲ့ကြသည်။

နောက်ကွယ်မှ စောင့်ကြည့်နေသော လင်းပိုင်ဖန်ကတော့ တဟားဟား ရယ်မောနေသည်။

‘ဒီဘုန်းကြီးအိုက ငါ့ပြည်သူတွေကိုပဲ လှည့်စားချင်တာ မဟုတ်ဘဲ ငါ့ကိုပါ လာလှည့်စားချင်နေတာလား’

သူသည် ဗုဒ္ဓဘာသာအပေါ် အမြင် သိပ်မကြည်လင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤလူစုမှာ လူများစွာကို ဘုန်းကြီးဝတ်ရန် ဖျောင်းဖျပြီး နိုင်ငံတော်အတွက် အရေးပါသော လုပ်သားအင်အားများကို ဖြုန်းတီးပစ်တတ်သောကြောင့် ဖြစ်သည်။ ထို့ပြင် ထိုဘုန်းကြီးများသည် အလှူငွေများနှင့် ဘုရားကျောင်း ပတ်ပတ်လည်ရှိ မြေငှားခများအပေါ် မှီခိုနေကြပြီး ၎င်းတို့မှာ အခွန်ကင်းလွတ်ခွင့် ရရှိထားကြသည်။ ၎င်းက ဘုန်းကြီးကျောင်းများကို ချမ်းသာစေပြီး နိုင်ငံတော် ဘဏ္ဍာကို ဆုတ်ယုတ်စေသည်။ ၎င်းအပြင် ဘုရားကျောင်းများသည် တစ်ခါတစ်ရံ ရာဇဝတ်သားများ ခိုအောင်းရာ နေရာများ ဖြစ်လာတတ်သည်။

ရာဇဝတ်သား အများစုမှာ ပြစ်မှုကျူးလွန်ပြီးနောက် ဘုန်းကြီးကျောင်းသို့ ပြေးလာကာ ဘုန်းကြီးဝတ်ပြီး ရှောင်တိမ်းလိုက်ကြသည်။ ထို့ကြောင့် သူတို့၏ ရာဇဝတ်သားဆိုသည့် ပုံရိပ်ကို ပြောင်းကာ ဘုန်းကြီး ဖြစ်သွားသဖြင့် တရားမျှတမှု ရယူရန် မလွယ်ကူတော့ပေ။

သို့သော်လည်း ဗုဒ္ဓဘာသာ၏ ကောင်းကွက်မှာ လူများကို အကုသိုလ်ကို ပယ်၍ ကုသိုလ်လုပ်ရန် တိုက်တွန်းခြင်းဖြစ်ရာ လူမှုပတ်ဝန်းကျင် တည်ငြိမ်ရေးအတွက် အထောက်အကူ ဖြစ်စေသည်။ လင်းပိုင်ဖန် သိထားသသည်မှာ ဤကမ္ဘာ၌ ဗုဒ္ဓဘာသာသည် အလွန်အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၎င်းမှာ ဘာသာရေးသက်သက်တင် မဟုတ်ဘဲ သိုင်းပညာရှင်များစွာ ပါဝင်သည့် လောကပြင်ပ အင်အားစုကြီး တစ်ခုဖြစ်ကာ တာအိုဂိုဏ်း၊ မိစ္ဆာဂိုဏ်းတို့နှင့်အတူ အင်အားအကြီးဆုံး ဂိုဏ်းကြီး သုံးဂိုဏ်းတွင် ပါဝင်နေသည်။ ထိုအင်အားမှာ နိုင်ငံများ၏ အတက်အကျကိုပင် လွှမ်းမိုးနိုင်သဖြင့် ဧကရာဇ်များပင် တလေးတစား ဆက်ဆံကြရသည်။

သို့သော် လင်းပိုင်ဖန် ကတော့ ထိုသို့ မဟုတ်ပေ။ “မင်းတို့က မဟာရှနိုင်ငံမှာ တရားလာဖြန့်ချင်တာလား။ ငါက အဲဒီအခွင့်အရေး ပေးမှာမဟုတ်ဘူး”

လင်းပိုင်ဖန်သည် “နတ်ဘုရား၏ လက်” စွမ်းအားကို ထုတ်ဖော်လိုက်သည်။ ခရီးဆက်နေသော ဘုန်းကြီးတစ်အုပ်မှာ ရုတ်တရက် မြေကြီး တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။

“ဘာဖြစ်တာလဲ၊ မြေကြီးက ဘာလို့ လှုပ်နေတာလဲ”

“မြေနဂါး အိပ်ရာက နိုးလာတာလား”

“လူတိုင်း ငြိမ်ငြိမ်နေကြ၊ ဟိုဟိုဒီဒီ မပြေးကြနဲ့”

ဗြုန်းခနဲပင် သူတို့ရပ်နေသော မြေကြီးမှာ ကျွမ်းထိုးမှောက်ခုံ ပြိုကျသွားပြီး နက်မှောင်သော ကျင်းကြီးတစ်ခု ပေါ်လာတော့သည်။ သူတို့အားလုံး အော်ဟစ်လျက် ကျင်းထဲသို့ ပြုတ်ကျသွားခဲ့ကြသည်။ ခဏအကြာတွင် ဘုန်းကြီးအိုကြီး၏ စိုးရိမ်တကြီး မေးသံ ထွက်ပေါ်လာသည်။

“တပည့်တို့... အားလုံး အဆင်ပြေကြရဲ့လား”

“ဆရာတော်... ကျွန်တော် အဆင်ပြေပါတယ်”

“သွားတစ်ချောင်း ကျိုးသွားပြီး ခေါင်းတော့ နည်းနည်း မူးနေတယ်”

“ကျွန်တော့် အဝတ်အစားတွေ စုတ်ပြတ်ကုန်ပြီ၊ ဒါပေမဲ့ လူတော့ ဘာမှမဖြစ်ပါဘူး”

ဘုန်းကြီးအိုကြီးသည် လူစစ်ကြည့်ရာ အားလုံး ရှိနေသည်ကို တွေ့လိုက်ရသည်။ တွင်းထဲကျခဲ့သဖြင့် အဝတ်အစားများ ညစ်ပတ်စုတ်ပြတ်သွားသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ “အောမီထောဖော။ ငါတို့ ဘေးဒုက္ခနဲ့ ကြုံရပေမဲ့ ဗုဒ္ဓက မမြင်နိုင်တဲ့နေရာကနေ ကွယ်ကာပေးလို့ အသက်ချမ်းသာရာ ရခဲ့တာပဲ။ ဗုဒ္ဓကို ကျေးဇူးတင်ပါတယ်” ဟု ဆိုကာ ဘုန်းကြီးအားလုံး ဆုတောင်းလိုက်ကြသည်။

“ကဲ... အခု ဒီနေရာကနေ ဘယ်လို ထွက်ရမလဲဆိုတာ ပတ်ဝန်းကျင်ကို ကြည့်ကြရအောင်”

သူတို့ အပေါ်သို့ မော့ကြည့်လိုက်သောအခါ မှင်သက်သွားကြသည်။ အပေါ်မှ အပေါက်လေးမှာ အလွန်သေးငယ်ပြီး အလင်းရောင်မှာ ခပ်ဖျော့ဖျော့သာ မြင်ရသည်။ ခန့်မှန်းခြေအရ သူတို့သည် အနက်ပေ ၈၀၀ ခန့်ရှိသော မြေအောက်သို့ ရောက်နေခြင်း ဖြစ်သည်။ ဘုန်းကြီးငယ်အချို့မှာ ထိတ်လန့်သွားကြသော်လည်း ဆရာတော်ကြီးက တည်ငြိမ်စွာဖြင့် -

“တပည့်တို့ မစိုးရိမ်ကြနဲ့။ ဒါက အခက်အခဲလေးတစ်ခုပါပဲ။ ကိုယ်တော်က ဗုဒ္ဓတရားတော်ကို စိတ်ပါလက်ပါ ကျင့်ကြံနေပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သိုင်းပညာတွေကိုလည်း တတ်မြောက်ထားတယ်။ ဒီတွင်းထဲကနေ ခုန်ထွက်ဖို့ကတော့ အေးဆေးပါပဲ”

စစ်မက်ဖြစ်ပွားနေသော ကာလတွင် သိုင်းပညာမရှိဘဲ အဝေးသို့ တရားပြရန် မည်သူမျှ မဝံ့ရဲကြပေ။ ဆရာတော်ကြီး၏ သိုင်းပညာမှာ ချီဖွဲ့တည်ခြင်းအဆင့် မဟုတ်သော်လည်း ပထမတန်းစားအဆင့်ရှိသည်။ ဤသိုင်းပညာအဆင့်ဖြင့် တွင်းထဲမှ ခုန်ထွက်ရန်မှာ မခဲယဉ်းပေ။

“တပည့်တို့... စိတ်ရှည်ရှည် စောင့်ကြဦး။ ကိုယ်တော် အပြင်ရောက်တာနဲ့ မင်းတို့ကို ကယ်ဖို့ ပြန်လာခဲ့မယ်”

ဆရာတော်ကြီးသည် ခုန်လိုက်ရာ အထက်သို့ ပေ ရာပေါင်းများစွာ မြင့်တက်သွားသည်။ ထို့နောက် တွင်းနံရံကို ခြေထောက်ဖြင့် ကန်ကာ အပေါ်သို့ ကျွမ်းကျင်စွာ တက်သွားခဲ့သည်။ လက်ဖက်ရည် တစ်ခွက်စာ အချိန်ပင် မကုန်မီ သူသည် ပေ ၅၀၀ ခန့်အထိ ရောက်ရှိသွားပြီး အပေါ်သို့ လှမ်းကြည့်လိုက်သည်။ သူ စိတ်ထဲမှာတော့ ဝမ်းသာသွားပြီး ‘ဒီတွင်းက ငါ့အတွက်တော့ ဘာမှမဟုတ်ပါလား’ ဟု တွေးတောလိုက်သည်။

လင်းပိုင်ဖန်က ပြုံးလျက် “ဒီကို ရောက်လာမှတော့ ထွက်သွားဖို့ မစဉ်းစားနဲ့တော့” ဟု ဆိုကာ လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျောက်တုံးကြီးတစ်တုံးကို ရွှေ့လိုက်သည်။

ဘုန်းကြီးအိုကြီး အပေါက်ဝသို့ ရောက်ခါနီးတွင် ကျောက်တုံးကြီးဖြင့် အဆောင့်ခံလိုက်ရကာ နာကျင်စွာ အော်ဟစ်လျက် အောက်သို့ ပြန်လည် ပြုတ်ကျသွားတော့သည်။

“ဝုန်း”

အရှိန်ဖြင့် ကျသဖြင့် မြေကြီးထဲသို့ပင် ကျွံဝင်သွားသည်။ အောက်က ဘုန်းကြီးငယ်များမှာမူ မှင်သက်သွားခဲ့ကြသည်။ ဆရာတော်ကြီး ကောင်းကောင်းတက်နေရင်း ဘာလို့ ပြုတ်ကျလာတာလဲ။ ဒီလောက်အမြင့်ကနေ ကျရင် အသက်ရော ရှိပါဦးမလား။

ဘုန်းကြီးနှစ်ပါးက ဆရာတော်ကြီးကို ကူညီရန် သွားဖို့အလုပ်တွင် အပေါ်မှ နောက်ထပ် ကျောက်တုံးကြီး တစ်တုံး ထပ်မံ ကျလာပြီး ဆရာတော်ကြီးကို တည့်တည့် ထိမှန်သွားခဲ့ပြန်သည်။

“ဝုန်း”

“အား…”

ဘုန်းကြီးငယ်များမှာ ကြောက်လန့်တကြား အော်ဟစ်ကာ ငိုယိုကြတော့သည်။ “ဆရာတော်... ကျွန်တော်တို့ကို ဘာလို့ စောစောစီးစီး စွန့်ခွာသွားတာလဲ”၊ “မသွားပါနဲ့ဦး၊ ကျွန်တော်တို့ ဆရာတော့်ကို ပြုစုချင်ပါသေးတယ်”

ထိုစဉ် တွင်းထဲမှ ဘုန်းကြီးအိုကြီး၏ လက်တစ်ဖက် ထွက်လာပြီး “မငိုကြနဲ့တော့... မင်းတို့ ဆရာတော် မသေသေးဘူး၊ ငါ့ကို မြန်မြန် ထူကြဦး...”

“ဆရာတော် မသေသေးဘူးဆိုတော့ ဝမ်းသာစရာပဲ” ဟု ဆိုကာ လူတိုင်း ဝိုင်းဝန်း ထူပေးလိုက်ကြသည်။ ဆရာတော်ကြီး၏ ယခင်က ခန့်ညားထည်ဝါသော ရုပ်ရည်မှာ ပျောက်ကွယ်သွားပြီး နှာခေါင်းသွေးများ ယိုစီးကာ၊ မျက်နှာမှာ ဖူးရောင်လျက် သင်္ကန်းများမှာလည်း စုတ်ပြတ်ကာ အလွန် သနားစရာ ကောင်းနေတော့သည်။

ဘုန်းကြီးအိုကြီးက စကားပြောနေရင်း သွေးများလည်း အန်ထွက်နေရင်းနဲ့ “ဗုဒ္ဓက ကာကွယ်လို့သာပဲ၊ မဟုတ်ရင် ကိုယ်တော် အခုလောက်ဆို သုခဘုံကို ရောက်နေလောက်ပြီ။ တပည့်တို့ မစိုးရိမ်ကြနဲ့။ ကိုယ်တော် အတွင်းအားနဲ့ ဒဏ်ရာတွေကို ကုလိုက်ဦးမယ်”

All Chapters