အခန်း (၂၄၉)
Vol. 22 Ch. 249
တစ်နာရီခန့် အတွင်းအားဖြင့် ကုသပြီးနောက် ဘုန်းကြီးအိုကြီး၏ ဒဏ်ရာများမှာ သိသိသာသာ သက်သာလာခဲ့သည်။ သူသည် ခါးကိုဆန့်ကာ မတ်တပ်ရပ်လိုက်ပြီး လက်အုပ်ချီလျက် - “ အောမီထောဖော၊ ကိုယ်တော်ရဲ့ ခန္ဓာကိုယ်က အန္တရာယ် ကင်းသွားပါပြီ။ အပေါ်ကိုတက်ဖို့ နောက်တစ်ကြိမ် ကြိုးစားဦးမယ်။ မင်းတို့အားလုံး ဒီမှာပဲ စိတ်ရှည်ရှည် စောင့်နေကြ”
“ဆရာတော်... နောက်တစ်ခါ ထပ်သွားဦးမလို့လား” ဟု ဘုန်းကြီးများက မှင်သက်စွာ မေးလိုက်ကြသည်။
“သွားရမှာပေါ့” ဘုန်းကြီးအိုကြီးက ကောင်းကင်ကို မော့ကြည့်လျက် “ဒီနေ့ အပေါ်မရောက်ရင် ငါတို့အားလုံး ဒီမှာပဲ ပိတ်မိနေလိမ့်မယ်။ ဒါကြောင့် ကိုယ်တော်ကိုယ်တိုင် တာဝန်ယူပြီး လုပ်ဆောင်ရမယ်”
“ဒါပေမဲ့ ဆရာတော်... အပေါ်မှာ ပြိုကျလွယ်တဲ့ ကျောက်တုံးတွေ အများကြီး ရှိနေတယ်...”
“တပည့်တို့ စိတ်အေးအေးထားပါ၊ ဗုဒ္ဓက ကိုယ်တော်ကို စောင့်ရှောက်မှာပါ။ ကိုယ်တော် သွားပြီ”
ဘုန်းကြီးအိုကြီးသည် ဟိန်းဟောက်ကာ အထက်သို့ တစ်ဖန် ခုန်တက်သွားခဲ့ပြန်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ပေ ၄၀၀ ခန့်အထိ ရောက်ရှိသွားပြီး အပေါက်ဝကို မြင်နေရပြီဖြစ်သည်။ လင်းပိုင်ဖန်သည် “နတ်ဘုရား၏ လက်” ကို ထပ်မံထုတ်ဖော်လိုက်ရာ တွင်းကြီးမှာ ပြင်းထန်စွာ တုန်ခါလာပြီး မြေနှင့် ကျောက်များ ပြိုကျလာတော့သည်။
ဘုန်းကြီးအိုကြီးမှာ ဟန်မထိန်းနိုင်ဘဲ အောက်သို့ ထပ်မံ ပြုတ်ကျသွားပြန်သည်။ သို့သော် ယခုတစ်ကြိမ်တွင် သူ၌ အတွေ့အကြုံရှိနေပြီ ဖြစ်သဖြင့် ပြိုကျလာသော အမှိုက်သရိုက်များကို ပင့်ကူတစ်ကောင်ကဲ့သို့ ရှောင်တိမ်းကာ တွင်းနံရံကို မြဲမြံစွာ ကပ်ထားလိုက်သည်။ သူ စိတ်ထဲမှ ဝမ်းသာသွားပြီး - “ဒီလောက် အခက်အခဲလေးနဲ့တော့ ငါ့ကို မတားနိုင်ပါဘူး”
အောက်က ဘုန်းကြီးများကလည်း ဝိုင်းဝန်း အားပေးလိုက်ကြသည်။ “ဆရာတော်... ကြိုးစားပါဦး”၊ “အပေါ်ကို အရောက်တက်လိုက်ပါ”
ဘုန်းကြီးအိုကြီးမှာ ယုံကြည်မှု အပြည့်ဖြင့် “တပည့်တို့ စိတ်ချပါ။ ဒီတစ်ခါတော့ ကိုယ်တော် အပေါ်ကို အောင်အောင်မြင်မြင် တက်နိုင်မှာဖြစ်သလို မင်းတို့အားလုံးကိုလည်း ကယ်ထုတ်နိုင်မှာပါ”
ထိုစဉ် အပေါ်မှ နောက်ထပ် ကျောက်တုံးကြီး တစ်တုံး ကျလာခဲ့ပြန်သည်။ ထိုကျောက်တုံးမှာ တွင်းဝနှင့် အတော်အတန် အရွယ်အစားတူနေသဖြင့် ရှောင်ရန် နေရာမရှိတော့ပေ။ ဆရာတော်ကြီးမှာ ကျောက်တုံးဖြင့် အဆောင့်ခံလိုက်ရကာ မှင်သက်သွားပြီး အောက်သို့ ပြန်ကျသွားတော့သည်။ ထို့နောက် နောက်ထပ် ကျောက်တုံးကြီး တစ်တုံးမှာလည်း မိုးကြိုးပစ်သကဲ့သို့ အသံကြီးဖြင့် ထပ်မံ ကျလာခဲ့ပြန်သည်။
ဘုန်းကြီးများ- “...”
နာရီဝက်ခန့်အကြာတွင် ဒဏ်ရာအပြည့်ဖြင့် ဘုန်းကြီးအိုကြီးမှာ တွင်းထဲမှ ဖက်ထွက်လာသည်။ “တပည့်တို့ မစိုးရိမ်ကြနဲ့၊ ဒါက မတော်တဆ ဖြစ်တာပါ။ ကိုယ်တော် တရားထိုင်ပြီး ဒဏ်ရာကုလို့ ပြီးတာနဲ့ မင်းတို့ကို ကယ်ဖို့ ပြန်တက်ဦးမယ်”
ဘုန်းကြီးငယ်တစ်ပါးက ဝန်လေးစွာဖြင့် “ဆရာတော်... ဒီအတိုင်းပဲ ထားလိုက်ရင် မကောင်းဘူးလား။ ဒါက ဒုတိယအကြိမ် ရှိပြီ။ ဆရာတော့် အခြေအနေကိုလည်း ကြည့်ပါဦး။ ဒီလိုသာ ဆက်သွားရင် ဆရာတော် အသက်ဆုံးသွားလိမ့်မယ်” ဟု ဆိုကာ အားလုံးက ဝိုင်းဝန်းကာ ဖျောင်းဖျခဲ့ကြသည်။
သို့သော် ဘုန်းကြီးအိုကြီး၏ မျက်ဝန်းများမှာ ခိုင်မာ မြဲမြံနေဆဲပင်။ “ အောမီထောဖော ။ ‘မကောင်းတဲ့အရာက သုံးကြိမ်ထက် ပိုမဖြစ်နိုင်ဘူး’ ဆိုတဲ့ စကားရှိတယ်လေ။ အခု နှစ်ခါဖြစ်ပြီးပြီဆိုတော့ တတိယအကြိမ်တော့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ဒီတစ်ခါတော့ ကိုယ်တော် အောင်မြင်မှာ သေချာတယ်။ ဒဏ်ရာကုပြီးတာနဲ့ ကိုယ်တော် အပေါ်ကို ပြန်တက်မယ်”
တစ်နာရီအကြာတွင် ဆရာတော်ကြီးသည် ကောင်းကင်သို့ တစ်ဖန် ခုန်တက်သွားပြန်သည်။ အစပိုင်းတွင် အဆင်ပြေသော်လည်း ပေ ၇၀၀ ကျော်အထိ ရောက်သောအခါ ဝမ်းသာလွန်းသဖြင့် “ဗုဒ္ဓက ငါ့ကို စောင့်ရှောက်ပြီ” ဟု အော်လိုက်မိသည်။ ထိုစဉ် အပေါ်မှ ကျောက်တုံးကြီး တစ်တုံး ကျလာပြီး သူ့ကို ရိုက်ချလိုက်ပြန်သည်။
“ဝုန်း..”
“အား... ငါ့ခါး ကျိုးပါပြီ...”
ဘုန်းကြီးများ- “...”
ထို့နောက် ဘုန်းကြီးအိုကြီးမှာ မလျှော့သော ဇွဲဖြင့် ထပ်ခါတလဲလဲ ကြိုးစားသော်လည်း အပေါ်သို့ မရောက်သည့်အပြင် ဒဏ်ရာများသာ ပို၍ ပြင်းထန်လာခဲ့သည်။ ဘုန်းကြီးများမှာ ငိုယိုကာ ဖျောင်းဖျကြတော့သည်။
“ဆရာတော်... လက်လျှော့လိုက်ပါတော့”
“ဒီတွင်းက တကယ်ကို ယုတ်မာလွန်းတယ်၊ ဘယ်လိုမှ တက်လို့ရမှာ မဟုတ်ဘူး”
ဆရာတော်ကြီးသည် ဒဏ်ရာများစွာရပြီး၊ အားအင်ကုန်ခမ်းစွာဖြင့် - “ အောမီထောဖော။ စိတ်မပူကြနဲ့၊
ကိုယ်တော် အခု လှုပ်တောင် မလှုပ်နိုင်တော့ဘူး။ မင်းတို့ အကူအညီ လှမ်း မခေါ်ကြသေးဘူးလား” ဟု ပြောလိုက်ရာ အားလုံးက အပေါ်သို့ မော့ကြည့်ကာ အော်ဟစ် အကူအညီ တောင်းကြတော့သည်။
“ကယ်ကြပါဦး... ဘယ်သူရှိလဲ”
“ကိုတော်တို့ တွင်းထဲကျနေလို့ပါ၊ မြန်မြန် လာကယ်ကြပါဦး”
လင်းပိုင်ဖန်ကတော့ တဟားဟား ရယ်လျက် - “မင်းတို့ အဆုတ်ကွဲမတတ် အော်ရင်တောင် ဘယ်သူမှ လာကယ်မှာ မဟုတ်ဘူး” ဟု ဆိုလိုက်သည်။ သူသည် “နတ်ဘုရား၏ လက်” ကို သုံး၍ ပတ်ဝန်းကျင် မြေပြင်အနေအထားကို ပြောင်းလဲထားသဖြင့် ဤနေရာသို့ မည်သူမျှ ရောက်လာစရာ အကြောင်းမရှိပေ။
လာမည့် ရက်အနည်းငယ်အတွင်း လင်းပိုင်ဖန်သည် ၎င်းတို့ဆီသို့ အစားအသောက် အနည်းငယ်စီ လှမ်းပစ်ပေးခဲ့သည်။ အပေါ်သို့ တက်ခွင့်မပေးသော်လည်း အငတ်ဘေးတော့ မဆိုက်စေပေ။ သူသည် ပျော်စရာတစ်ခုအဖြစ်သာ သဘောထားပြီး လုပ်ဆောင်နေခြင်း ဖြစ်သည်။
ထိုစဉ် သူ မမျှော်လင့်ထားသောသူတစ်ဦး ရောက်လာခဲ့သည်။ သူမမှာ လှပပြီး လျှို့ဝှက်ချက်များရှိသော စုန့်ယွီဖေးပင် ဖြစ်သည်။
“အရှင်မင်းကြီး၊ ဗုဒ္ဓဘာသာဂိုဏ်းက ဆရာတော် ဆန်းချီ ဟာ မဟာရှနိုင်ငံကို တရားပြဖို့ လာခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူက အရိပ်အယောင်မရှိ ပျောက်ကွယ်သွားခဲ့တယ်။ ကျွန်မရဲ့ ဂိုဏ်းက ဆရာတော့်ကို ရှာဖွေဖို့ အမိန့်ပေးထားလို့ အရှင်မင်းကြီး ကူညီပေးနိုင်မလားလို့ လာတောင်းဆိုတာပါ”
လင်းပိုင်ဖန်က “နားလည်ပါပြီ၊ ငါ အခုချက်ချင်း လူလွှတ်ပြီး ရှာခိုင်းလိုက်မယ်” ဟု ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် စစ်သားများစွာ လွှတ်၍ ရှာခိုင်းသော်လည်း မည်သည့် အရိပ်အယောင်မျှ ရှာမတွေ့ခဲ့ပေ။ လင်းပိုင်ဖန် က စုန့်ယွီဖေးကို နှစ်သိမ့်ပေးသော်လည်း သူမမှာ စိုးရိမ်နေဆဲပင် ဖြစ်သည်။
“ဒါနဲ့... သူတို့ကို ရှာမတွေ့ရင် ဘာဖြစ်မှာလဲ” ဟု လင်းပိုင်ဖန် က မေးလိုက်ရာ - “ဆရာတော် ဆန်းချီက ဗုဒ္ဓဘာသာဂိုဏ်းမှာ အလွန် ရိုသေလေးစားခံရတဲ့ သူပဲ။ သူ့ကို ရှာမတွေ့ရင် တစ်ဂိုဏ်းလုံး ပွက်လောရိုက်သွားပြီး လူတွေ ထပ်လွှတ်ကာ အသေအရှင် ရှာဖွေကြပါလိမ့်မယ်”
သုံးရက်အကြာတွင် စုန့်ယွီဖေးထံမှ သတင်းသစ်တစ်ခု ရရှိခဲ့သည်။ “ဆရာတော်ကို ရှာမတွေ့တာ ကြာပြီဖြစ်လို့ ဗုဒ္ဓဘာသာဂိုဏ်းက နတ်ခွေးစုံထောက်ကို အကူအညီ တောင်းလိုက်ပြီ”
နတ်ခွေးစုံထောက် ဆိုသည်မှာ သိုင်းလောကတွင် ဒဏ္ဍာရီလာ စုံထောက်တစ်ဦးဖြစ်ကာ သိုင်းပညာ ထူးချွန်ရုံတင်မကဘဲ အနံ့ခံအာရုံမှာ ခွေးထက်ပင် ထက်မြက်ကာ လူတစ်ဦး၏ အနံ့ကို ရရုံဖြင့် နောက်ယောင်ခံ လိုက်နိုင်သူ ဖြစ်သည်။ ယခင်က ရွှယ်နိုင်ငံ ဧကရာဇ်သည် ၎င်းကို သုံး၍ စစ်သူကြီး သုံးဦးကို ရှာဖွေခိုင်းခဲ့ဖူးသည်။
ထိုစဉ် ရုပ်ရည် သာမန်မျှသာရှိသော လူလတ်ပိုင်း တစ်ဦးသည် တွင်းဝတွင် ဝပ်လျက် အောက်သို့ လှမ်းအော်လိုက်သည်။ “ဆရာတော် ဆန်းချီ... အောက်မှာ ရှိနေတာလား။ ကျွန်တော်က ဗုဒ္ဓဘာသာဂိုဏ်းက လွှတ်လိုက်တဲ့ ထျန်းကော်ပါ”
ဘုန်းကြီးများမှာ ဝမ်းသာအားရဖြင့် “ရှိပါတယ်... အောက်မှာ ရှိပါတယ်၊ အမြန်လာကယ်ပါဦး” ဟု အော်လိုက်ကြသည်။ နတ်ခွေးစုံထောက်မှာလည်း ဝမ်းသာသွားပြီး - “ကောင်းပြီ၊ ငါ အခုချက်ချင်း ဆင်းကယ်မယ်” ဟု ပြောအပြီးတွင် မြေကြီးမှာ ဗြုန်းခနဲ ပြိုကျသွားတော့သည်။
နတ်ခွေးစုံထောက်မှာ မမျှော်လင့်ဘဲ တွင်းထဲသို့ ပြုတ်ကျသွားသည်။ ဘုန်းကြီးများမှာလည်း မှင်သက်သွားကြပြီး “ဒကာကြီး ဘာလို့ ပြုတ်ကျလာတာလဲ”
သူက ဖုန်များကို ခါလိုက်ပြီး - “မြေကြီးက ဒီလောက်အထိ မခိုင်ခံ့မှန်း ဘယ်သူက သိမှာလဲ။ ဒါပေမဲ့ မစိုးရိမ်ကြနဲ့၊ ဒီလောက် တွင်းလေးကတော့ ငါ့ကို မတားနိုင်ပါဘူး” ဟု ဆိုလိုက်သည်။ သို့သော် ဘုန်းကြီးများ၏ မျက်နှာမှာမူ စိုးရိမ်မှုများဖြင့် ပြည့်နှက်နေလေသည်။
“ ဒကာထျန်းကော်က အရမ်း အကောင်းမြင်လွန်းနေပြီ။ ဒီတွင်းက တကယ်ကို ယုတ်မာတာ၊ တစ်ခါကျရင် ပြန်တက်ဖို့ အရမ်းခက်တယ်”
သို့သော် နတ်ခွေးစုံထောက်မှာ ယုံကြည်မှု အပြည့်ဖြင့် - “ငါတို့က မတူဘူး။ ဆရာတော်က တရားတော်မှာ ထူးချွန်ပေမဲ့ သိုင်းပညာက သာမန်ပဲမို့လို့ ပြန်မတက်နိုင်တာ။ ငါကတော့ ချီဖွဲ့တည်ခြင့်အဆင့် သိုင်းပညာရှင်ပဲ။ ဒီလောက် တွင်းနက်တာက ငါ့ကို မတားနိုင်ပါဘူး။ ခဏလေးပဲ စောင့်၊ ငါ အခုချက်ချင်း တက်ပြမယ်”
သူသည် သိုင်းပညာဖြင့် အပေါ်သို့ ခုန်တက်သွားသည်။ လင်းပိုင်ဖန်က တဟားဟား ရယ်လျက် ကျောက်တုံးကြီး တစ်တုံးကို ထပ်မံ ပစ်ချလိုက်သည်။ နတ်ခွေးစုံထောက်က အထင်သေးစွာဖြင့် - “ကျောက်တုံးလေး တစ်တုံးနဲ့ ငါ့ကို တားနိုင်မယ် ထင်နေတာလား။ ငါ့ရဲ့ ‘လမင်းကို ဝါးမျိုတဲ့ နတ်ခွေး’ သိုင်းကွက်ကို ကြည့်လိုက်စမ်း”
သူသည် ကျောက်တုံးကို ရိုက်ခွဲရန် အားယူလိုက်စဉ်မှာပင် ထူးဆန်းသော အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံသည် ကောင်းကင်နှင့် မြေကြီးဆီမှ လာသကဲ့သို့ ရှိပြီး သူ့ကို မိန်းမောသွားစေကာ ချီစွမ်းအားများကို ပျောက်ကွယ်သွားစေခဲ့သည်။ ထိုစဉ် ကျောက်တုံးကြီးမှာ သူ့အပေါ်သို့ တည့်တည့် ကျလာတော့သည်။
“အား..”
နတ်ခွေးစုံထောက်၏ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး အောက်သို့ ပြန်ကျသွားခဲ့သည်။ ကျောက်တုံးကြီးမှာလည်း သူ့အပေါ်သို့ ထပ်မံ ကျလာပြန်ရာ ဒုတိယအကြိမ် အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။
ဘုန်းကြီးများ- “...”