အခန်း (၄၅၈၆-၄၅၉၀)
Vol. 233 Ch. 4586-4590
Chapter 4586
"ဆိုင်ရှင်ကို ကျေးဇူးတင်ပါတယ်...."
လုယွီက သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။
လုယွီသည် ဗိုက်ပြည့်အောင် စားသောက်ပြီးနောက် ခွေးနက်ကြီး မျောက်တို့နှင့်အတူ သုန်းကော်မြို့မှ ထွက်ခွာခဲ့တော့သည်။
"အခုက လင်းမြောင်ဘုရားကျောင်းထဲကို ဝင်ဖို့ အချိန်မတန်သေးဘူး... စိတ်ဝိညာဥ်တောင်ကနေ နတ်ဘုရားစိတ်အာရုံနဲ့ စောင့်ကြည့်နေတဲ့ ဗုဒ္ဓဘုရားလောင်းတယောက် ရှိနေတယ်...သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ်ပြီးတော့ နက်နဲသိမ်မွေ့တဲ့ ကောင်းကင်ဘုံမျက်လုံးတစ်စုံက မိုးကောင်းကင်ယံထဲမှာ မျောလွင့်နေတယ်...သူက ပတ်ဝန်းကျင်မှာရှိတဲ့ ဘုရားကျောင်းတွေအားလုံးကို စုံစမ်းထောက်လှမ်းနေတယ်...ဒီနေ့က သူ့ရဲ့တာဝန်ချိန်အတွင်းမှာ ရှိနေတာ အရမ်းသိသာထင်ရှားတယ်...ငါတို့တွေ ညကျမှ လှုပ်ရှားလို့ ရမယ်"
မျောက်က သတိကြီးစွာထား၍ ပြောဆိုသည်။
ခွေးနက်ကြီးသည် နံဘေးတဖက်မှနေ၍ အော်ဟစ်လိုက်၏။
"ဟုတ်တယ်...ဒါက အမှန်ပဲ...ညအချိန်ကျမှ ခိုးဝင်တာက အကောင်းဆုံးနည်းလမ်းပဲ"
ဤနတ်ဆိုးနှစ်ကောင်သည် မည်မျှထိ များပြားသော ခိုးဝှက်မှုများကို ပြုလုပ်ခဲ့ကြောင်း မသိရသော်လည်း သူတို့သည် ဤကိစ္စမျိုးနှင့် အလွန်ရင်းနှီးကျွမ်းဝင်ပုံရသည်။
လုယွီသည် သူတို့၏စကားများကို ထပ်မံ၍ နားမထောင်တော့ဘဲ တောင်ထိပ်တစ်နေရာပေါ်သို့ ဆင်းသက်လိုက်၏။
ဤတောင်ထိပ်၏ပတ်ဝန်းကျင်တွင် တောင်တန်းအမြောက်အများရှိကာ မည်သည့်ထူးခြားချက်မျှ ရှိပုံမရချေ။ သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်သည် ဖုန်းရွှေပညာရပ်အရ ဤတောင်ထိပ်၏အလယ်ဗဟိုကို ကြည့်ပါက နေရာအနှံ့အပြားရှိ မြေမျက်နှာသွင်ပြင်ကို ထိန်းချုပ်နိုင်သည့် ဗဟိုချက်ဖြစ်နေကြောင်း တွေ့ရှိနိုင်သည်။
"မြေအောက်မှာ စိတ်ဝိညာဥ်သွေးကြောတစ်ခု တကယ်ကြီး ရှိနေတာပါလား"
လုယွီ၏နတ်ဘုရားစိတ်အာရုံ ပျံ့နှံ့သွားပြီးနောက် ဖုန်းရွှေလမ်းကြောင်းကွန်ယက်မှတဆင့် စိတ်ဝိညာဉ်သွေးကြော၏အရိပ်အရောင်ကို သူ ရှာတွေ့ပြီးဖြစ်သည်။
ဤစိတ်ဝိညာဉ်သွေးကြောကို အလွန်ကောင်းမွန်စွာ ကွယ်ဝှက်ထားပြီး အကယ်၍ တစ်စုံတစ်ယောက်သည် တမင်သက်သက် ရှာဖွေခြင်း မဟုတ်ပါက ထိုအရာကို ရှာတွေ့နိုင်ရန် အလွန်ခက်ခဲပေမည်။
သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်သည် သဲလွန်စတချို့နှင့် နတ်ဘုရားစိတ်အာရုံတို့ကို အသုံးပြုပါက ဤစိတ်ဝိညာဥ်သွေးကြောနှင့် ပတ်သက်သည့် သဲလွန်စတချို့ကို ရှာဖွေတွေ့ရှိနိုင်ပေမည်။
ဤစိတ်ဝိညာဉ်သွေးကြောသည် လုယွီ ပိုင်ဆိုင်ထားသောအရာနှင့် ကွဲပြားခြားနားပေ၏။
ဤအရာသည် စိတ်ဝိညာဉ်သွေးကြော ဖြစ်သော်လည်း တလိမ့်လိမ့်စီးဆင်းနေသော စိတ်ဝိညာဥ်စွမ်းအားများကို အာရုံခံနိုင်သည်။ ထို့ပြင် သိပ်သည်းသော စိတ်ဝိဉာဉ်စွမ်းအားများသည် မြေပြင်ပေါ်၌ ပျံ့နှံနေကာ အဆက်မပြတ် စီးဆင်းနေပြီး ကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
ဤစိတ်ဝိညာဉ်သွေးကြောကို ရရှိပါက သူ အလွန်ကြွယ်ဝချမ်းသာသွားပေမည်။
ဤသည်မှာ လုယွီ ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်လိုသော အကြောင်းအရင်းလည်း ဖြစ်ပေ၏။
ဝှီး...ဝှီး...ဝှီး...
ထို့အချိန်မှာပင် အေးစက်စက်လေပြင်းတစ်ရပ် ရုတ်တရက် ဖြတ်သန်းတိုက်ခတ်လာသည်။ လေတိုးသံများသည် သရဲတစ္ဆေများ၏ငိုကြွေးမြည်တမ်းသံများနှင့် တူညီနေပေ၏။
ခွေးနက်ကြီးသည် သူ၏နှာခေါင်းကို တရှုံရှုံလုပ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ဒီလေစိမ်းက ဘာလို့ ရုတ်တရက်ကြီး တိုက်ခတ်လာတာလဲ"
သူ၏အသံ လွင့်ပြယ်သွားသောအချိန်မှာပင် ပတ်ဝန်းကျင်ရှိ အေးစက်စက်လေပြင်းများအကြားမှနေ၍ နတ်ဆိုးသားရဲဆယ်ကောင်ကျော် ထွက်ပေါ်လာသည်။ သူတို့၏မျက်နှာများသည် ရက်စက်ကြမ်းကြုတ်ကာ သူတို့၏သွားများသည် ချွန်ထက်နေပေ၏။
ထိုနတ်ဆိုးသားရဲများအနက်မှ တချို့၏လက်များအတွင်း၌ အလံများကိုင်ထားကာ တချို့ကမူ အရိုးတင်းပုတ်များကို ကိုင်ထားသည်။ ထိုအရာများကို သူတို့၏ကျယ်လောင်သောအော်ဟစ်သံများနှင့် ယှဉ်တွဲလိုက်ချိန်၌ သူတို့၏အရှိန်အဝါသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။
ထိုနတ်ဆိုးသားရဲများ၏လည်ပင်းတွင် ဦးခေါင်းခွံများနှင့် အရိုးစုများကို သီ၍ ဆွဲထားသည်။ ထိုအရာများပေါ်တွင် သွေးစသွေးနများ စွန်းထင်းနေဆဲဖြစ်ကာ ဤနတ်ဆိုးသားရဲများ၏လက်များအတွင်း၌ လူ မည်မျှထိများများ သေဆုံးခဲ့ရသည်ကို မသိနိုင်ချေ။
"ငါက လူသားတွေရဲ့အနံ့ကို ရနေတယ်"
"ဟား ဟား ဟား... ဒီခြေနှစ်ချောင်းသိုးကောင်တွေက ပုံမှန်အရဆိုရင်တော့ မြို့ထဲမှာပဲ ပုန်းအောင်းနေကြတယ်...ဒါပေမယ့် အခုအချိန်မှာ သူတို့က အပြင်ကိုထွက်လာဝံ့တယ်..သူတို့က သေလမ်းလာရှာကြတာလား"
အေးစက်စက်လေပြင်းများအကြားမှနေ၍ စိတ်လှုပ်ရှားစွာ အော်ဟစ်နေသော အသံများကို ကြားနိုင်သည်။
လုယွီက သူ၏ခေါင်းကိုမော့ပြီး အရပ်မျက်နှာအဘက်ဘက်သို့ ကြည့်လိုက်သည်။ သူ၏စိတ်ဝိညာဥ်မှ အာရုံခံမှုအောက်တွင် မည်သည့်နတ်ဆိုးမျှ ပုန်းအောင်းနေနိုင်ခြင်း မရှိချေ။
လူသားဘာသာစကားကို ပြောဆိုနိုင်ကာ ဉာဏ်ရည်ဥာဏ်သွေးကို ပိုင်ဆိုင်ထားသဖြင့် သူတို့သည် သာမန်နတ်ဆိုးသားရဲများ မဟုတ်တော့ချေ။ သူတို့သည် အနည်းဆုံးအနေဖြင့် နတ်ဆိုးဧကရာဇ်နယ်ပယ် ကျင့်ကြံသူများ ဖြစ်ပေ၏။
ဤအဆင့်သို့ ရောက်ရှိသွားသော နတ်ဆိုးသားရဲများသည် သာမာန်အားဖြင့် တသီးတခြားနေကာ မောက်မာထောင်လွှားသည်။ သူတို့သည် ဤနေရာ၌ အုပ်စုလိုက် ထွက်ပေါ်လာမည်ဟု မည်သူက တွေးထင်မိမည်နည်း။
"ဒါက စားသောက်ဆိုင်ပိုင်ရှင် ပြောလိုက်တဲ့ နတ်ဆိုးသားရဲတွေပဲ ဖြစ်မယ်"
လုယွီက ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
သုန်းကော်မြို့အတွင်းရှိ လူသားများသည် ဗုဒ္ဓဂိုဏ်းဝင်များကို အမွှေးနံ့သာလှူဒါန်းငွေ အမြောက်အများ ပေးအပ်ရသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။
ဤအဆင့် နတ်ဆိုးသားရဲတစ်ကောင်ကပင် လုံလောက်သည်အထိ အန္တရာယ်များနေလေပြီ။ ထိုနတ်ဆိုးသားရဲများအားလုံး အတူတကွ စုဝေးနေချိန်၌ လူသားအမြောက်အများကို သတ်ဖြတ်နိုင်စွမ်းရှိသည်။
ရုတ်ချည်းဆိုသလိုပင် ထိုနတ်ဆိုးသားရဲများသည် လုယွီတို့၏အနီးသို့ ချဥ်းကပ်လာသည်။
သို့ရာတွင် သူတို့သည် ပစ်မှတ်မှားရှာမိသည်မှာ သိသာထင်ရှားပေ၏။
လုယွီ မလှုပ်ရှားရသေးမီမှာပင် မျောက်က အရင်ဆုံး တုံ့ပြန်လိုက်သည်။ သူသည် သူ၏မူလပုံပန်းသွင်ပြင်သို့ ပြန်လည်အသွင်ပြောင်းပြီး ရှေ့သို့ခုန်ထွက်လိုက်၏။
"အဲ့ဒီခေါင်းပြောင်ကြီးတွေကို ငါ မနိုင်လို့ ရန်စခဲ့ရုံလောက်ပဲ လုပ်ခဲ့ရတယ်...ဒါပေမဲ့ မင်းတို့လိုအမှိုက်တစ်သိုက်က ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ရှေ့မှာလာပြီး မောက်မာနေဝံ့တာလဲ"
Chapter 4587
လေဟာနယ်အတွင်း၌ ရွှေရောင်သားမွှေးများနှင့် တောက်ပသော မျက်လုံးတစ်စုံရှိသည့် မျောက်တစ်ကောင် မတ်တတ်ရပ်နေသည်။
ဤအပြောင်းအလဲကြောင့် နတ်ဆိုးသားရဲများအားလုံး အံ့အားသင့်သွားသည်။
"ဘာလို့ မျောက်တကောင် ရှိနေတာလဲ"
နတ်ဆိုးသားရဲတချို့က အံ့အားတသင့် အော်ဟစ်လိုက်သည်။
"ငကြောက်တစ်သိုက်က ဒီအရှင်ကို ရန်စဝံ့တာလား...သေကြစမ်း..."
မျောက်သည် သူ၏လက်အတွင်းရှိ တုတ်ရှည်ဖြင့် နတ်ဆိုးသားရဲများထံ ဦးတည်ပြီး ဝှေ့ယမ်းလိုက်သည်။
ဘုန်း...
ထိုတုတ်ရှည်အား ဝှေ့ယမ်းလိုက်ချိန်တွင် လေဟာနယ်အတွင်း၌ အလွန်ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။
မျောက်၏ရှေ့တွင် ရှိနေသော နတ်ဆိုးသားရဲများအားလုံး အော်ဟစ်ရန်ပင် အချိန်မရဘဲ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားသည်။
မျောက်၏ခန္ဓာကိုယ်မှနေ၍ အစွမ်းထက်သော သွေးချီစွမ်းအားများ တလိမ့်လိမ့်ထွက်ပေါ်နေသည်။ လုယွီက မျောက်ကို အမြင်သစ်ဖြင့် ကြည့်လိုက်၏။
ဤသည်မှာ အမှန်အားဖြင့် သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်။
တစ်ချိန်တုန်းက မျောက်သည် ကျောက်တုံးကြီးတစ်တုံးအတွင်း၌ လှောင်ပိတ်မိနေခဲ့သည်။ ထို့ပြင် မျောက် ပြင်ပသို့ထွက်ပါက ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများမှ သူ့ကို တိုက်ခတ်သဖြင့် လုယွီ၏သိုလှောင်အိတ်အတွင်း၌သာ သူ နေထိုင်ခဲ့ရသည်။
ဤမျောက်သည် အချိန်တိုလေးအတွင်း၌ မျောက်၏ခွန်အားသည် အဆများစွာခုန်ပျံကျော်လွှား၍ မြင့်တက်လာကာ သိုင်းပညာသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ပင် ရောက်ရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။
ဤကဲ့သို့ ခွန်အားသည် နယ်မြေသခင်တစ်ယောက်ဖြင့် တိုက်ခိုက်လျှင်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိမည် ဖြစ်သဖြင့် ဤကဲ့သို့ နတ်ဆိုးဧကရာဇ်နယ်ပယ် နတ်ဆိုးသားရဲတချို့ကို ထည့်သွင်းဖော်ပြရန်ပင် မလိုချေ။
သူတို့သုံးယောက်အနက်မှ မည်သည့်တစ်ယောက်မဆို သူတို့၏လက်ကို လှန်လိုက်ရုံမျှဖြင့် ဤနတ်ဆိုးသားရဲများကို အလွန်လွယ်ကူစွာ သတ်ဖြတ်နိုင်သည်။
"ညမှောင်ချိန်ကို ရောက်ဖို့ အချိန်လေးနာရီလောက် ကျန်သေးတယ်...အခုက စောသေးတယ်..ငါတို့ ခဏလောက် စောင့်ကြမလား.."
ခွေးနက်ကြီးက အကြံပေးသည်။
"ခဏလောက် စောင့်ရတာက လွယ်ပါတယ်...ဒါပေမယ့်..."
မျောက်က နံဘေးမှ လုယွီကိုကြည့်ပြီး ဆက်လက်၍ ပြောဆိုသည်။
"ကောင်လေး...ငါ မင်းကို ကြိုပြောစရာတစ်ခု ရှိတယ်...အဲ့ဒီစိတ်ဝိညာဉ်သွေးကြောကို အစွမ်းထက်တဲ့ ဗုဒ္ဓကျင့်ကြံသူတစ်ယောက် စောင့်ကြပ်နေတယ်...ငါတို့ လွတ်မြောက်နိုင် မလွတ်မြောက်နိုင်က မင်းအပေါ်မှာ မူတည်တယ်"
ထိုစကားကိုကြားချိန်၌ ခွေးနက်ကြီးသည် အလွန်စိုးရိမ်ပူပန်သွားပေ၏။
"သောက်ချေးပဲ...မင်းက သံသယရှိရုံပဲလို့ ပြောခဲ့တယ် မဟုတ်လား...ဘာလို့ အခုမှ အတည်ပြုလိုက်တာလဲ...အဲ့ဒီဗုဒ္ဓကျင့်ကြံသူက ဘယ်လောက်ထိ အစွမ်းထက်တာလဲ...တကယ်လို့ သူက ဗုဒ္ဓအဆင့်ကို ရောက်နေပြီဆိုရင် ငါတို့သုံးယောက် ပေါင်းရင်တောင် သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး"
မျောက်က ချောင်းတချက်ဟန့်ပြီး အပြစ်မကင်းသောလေသံဖြင့် ပြောဆိုသည်။
"သံသယဝင်တာနဲ့ အတည်ပြုတာက အတူတူပဲလေ"
လုယွီက မျက်မှောင်ကြုတ်ပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"အဲ့ဒီဗုဒ္ဓကျင့်ကြံသူက ဘယ်အဆင့် တည်ရှိမှုကြီးတစ်ယောက်လဲဆိုတာ မင်း သေချာသိလား"
"ငါ မသိဘူး... ဒါပေမဲ့ နောက်ဆုံးတစ်ကြိမ် ငါ ခိုးဝင်ခဲ့တဲ့ အချိန်တုန်းက အဲ့ဒီဗုဒ္ဓအစွမ်းထက်ကျင့်ကြံသူဆီကနေ ထုတ်လွှတ်ထားတဲ့ ဖိအားအရှိန်အဝါကို ငါ အာရုံခံနိုင်ခဲ့တယ်...ဒါက ငါ လှုပ်ခတ်လို့ ရနိုင်တဲ့ စွမ်းအားမျိုး မဟုတ်တာ သေချာတယ်"
မျောက်သည် သူ၏ယခင်အတွေ့အကြုံအကြောင်းကို ပြောဆိုနေချိန်၌ သူ၏စိတ်နှလုံးသားအတွေးတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ရစ်သိုင်းလွှမ်းခြုံနေဆဲပင်။
ခွေးနက်ကြီးက ဆဲဆိုလိုက်သည်။
"သောက်ရေးမပါတဲ့ မျောက်စုတ်...ဒီလောက်ထိ အရေးကြီးတဲ့သတင်းကို မင်း ငါ့ကို ဘာလို့ ကြိုမပြောတာလဲ"
မျောက်က အထင်အမြင်သေးသောအကြည့်ဖြင့် ခွေးနက်ကြီးကို ကြည့်လိုက်၏။
"မင်းက မင်းရဲ့အသက်ကို အရမ်းချစ်မြတ်နိုးတာ မဟုတ်လား...တကယ်လို့ ငါ မင်းကို အမှန်အတိုင်း ပြောလိုက်မယ်ဆိုရင် မင်း ဒီနေရာကို လာပါတော့မလား"
"သောက်ချေးပဲ...မင်း သေချင်နေရင်လည်း ငါတို့ကို မင်းနဲ့အတူ ဆွဲမထည့်နဲ့လေ"
ခွေးနက်ကြီးသည် ဒေါသထွက်သွားကာ မျောက်အား လည်ပင်းညှစ်သတ်လိုစိတ်များ တဖွားဖွားပေါက်နေပေ၏။
မျောက်က ခွေးနက်ကြီးကို လျစ်လျူရှုပြီး လုယွီကို စူးစိုက်၍ ကြည့်လိုက်သည်။
"ချမ်းသာကြွယ်ဝမှုတွေက အန္တရာယ်တွေကြားကနေ ရောက်လာတာ.. ငါတို့က ဒီနေရာထိ ရောက်လာပြီးပြီ...မင်း ဘယ်လိုသဘောရလဲ"
လုယွီသည် ခွေးနက်ကြီး၏ခံစားချက်ကို ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့သည်။ ဤသေသင့်သောမျောက်စုတ်သည် အမှန်တကယ်ကို မှီခိုအားထား၍ မရချေ။
သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်သည် နယ်မြေသခင်တစ်ယောက်နှင့် ယှဥ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိသည်။
မျောက်ကို ဤမျှထိ ထိတ်လန့်ကြောက်ရွံ့စေနိုင်စွမ်းရှိသဖြင့် တစ်ဖက်လူသည် ဗုဒ္ဓဂိုဏ်း၏ အဆင့်မြင့် ဗုဒ္ဓကျင့်ကြံသူတစ်ယောက် သို့မဟုတ် ဗုဒ္ဓအဆင့်၌ ရှိနေသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်နေနိုင်သည်။
စိတ်ဝိညာဉ်တောင်၌ ဗုဒ္ဓသည် အထွတ်အမြတ်ပင်။ ဗုဒ္ဓတချို့သည် တာအိုသခင်နယ်ပယ်သို့ပင် ရောက်ရှိနေလေပြီ။
မျောက်က လုယွီနှင့်ခွေးနက်ကြီးတို့သည် လမ်းတစ်ဝက်၌ စိတ်ပြောင်းသွားမည်ကို စိုးရိမ်ပူပန်နေခဲ့သည်။ ထို့ကြောင့် သူသည် လုပ်ငန်းမစတင်မီ အခြေအနေကို အရင်ဆုံး ရှင်းပြခဲ့ခြင်းဖြစ်သည်။
"မင်း သိထားတာ တခြားဘာရှိသေးလဲ... မြန်မြန်ပြောစမ်း"
လုယွီက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။
ဤမျောက်စုတ်ကို ဆက်လက်၍ ယုံကြည်နေပါက သူသည် လှည့်စားခံရခြင်းကြောင့် သေဆုံးသွားရမည်မှာ အနှေးနှင့်အမြန်ပင်။
မျောက်က သူ၏ခေါင်းကို ခါးယမ်းပြီး ပြောဆိုသည်။
"ဒါက ငါ သိသမျှ အရာအားလုံးပဲ...ငါက အဖျားအနားကိုပဲ ဖော်ထုတ်နိုင်ခဲ့တယ်..ငါက စိတ်ဝိညာဥ်ကျောက်တုံးတချို့ကို ယူခဲ့ပေမယ့် တစ်ဖက်လူက ငါ့ကို သတိပြုမိပုံမရဘူး"
Chapter 4588
သူတို့သည် ယခုအချိန်မှ လက်လျှော့ရန်မှာလည်း မဖြစ်နိုင်တော့ချေ။
လုယွီသည် မျောက်ကို အသေးစိတ်ကျကျ မေးခွန်းတချို့ မေးခဲ့သော်လည်း မျောက်သည် သူ၏ခေါင်းကို အဆက်မပြတ် ခါယမ်းနေပေ၏။
အတိတ်တွင် သူသည် ထိုဘုရားကျောင်းသို့ဟခိုးဝင်ခဲ့စဉ်၌ နက်ရှိုင်းသော မြေအောက်၌ ရှိနေခဲ့ကာ သူ့အား သတိပြုမိသွားသူ မရှိခဲ့ချေ။ သို့ရာတွင် သူသည် ထိုဗုဒ္ဓကျင့်ကြံသူ၏အရှိန်အဝါကို အမှုမဲ့အမှတ်မဲ့ တွေ့မြင်ခဲ့ရသည်။ ဤသည်မှာ တောက်ပသော နေရောင်ခြည်သည် မြေပြင်၏ နက်ရှိုင်းသောနေရာသို့ ဆင်းသက်လာသည်နှင့် တူညီကာ ဖျက်ဆီးနိုင်သော စွမ်းအားတစ်ရပ် ပါရှိသည်။
ထိုအချိန်တုန်းက မျောက်သည် အလွန်ထိတ်လန့်ကြောက်ရွံခဲ့ပေ၏။ သူသည် ထိုစွမ်းအားကို အကြိမ်အနည်းငယ်ခန့် အာရုံခံမိပြီးနောက် အလျင်အမြန် ထွက်ခွာခဲ့ကာ ကြာရှည်ဆက်မနေဝံ့တော့ချေ။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"ငါတို့က ကြိုပြီး အစီအစဉ် ဆွဲထားဖို့ လိုတယ်"
အကယ်၍ သူသည် ဒဏ်ရာအနာတရမရှိဘဲ ဆုတ်ခွာလိုပါက ထိုအမည်မသိ ထိပ်သီးကျင့်ကြံသူကို ဂရုစိုက်ရန် လိုအပ်ရုံသာမက အချိန်မရွေး ပြန်ရောက်လာနိုင်သော ဗုဒ္ဓအရှင်ကိုလည်း အာရုံစိုက်ရပေမည်။
ဝှီး..ဝှီး...ဝှီး...
ထိုအချိန်မှာပင် နောက်ထပ် လေအေးတစ်ရပ် တဝှီးဝှီး ဖြတ်သန်းတိုက်ခတ်လာသည်။
ပတ်ဝန်းကျင်ရှိ သစ်ပင်များအားလုံးထံမှ သစ်ကိုင်းအချင်းချင်း ပွတ်တိုက်သံများ ထွက်ပေါ်နေပေ၏။
သစ်တောအုပ်တစ်ခုလုံး လှုပ်ယမ်းနေသည်။ အရိုးကွဲမတတ် အေးစိမ့်သော လေပြင်းများသည် ထူးဆန်းသော နတ်ဆိုးအရှိန်အဝါတစ်ရပ်နှင့်အတူ ဖြတ်သန်းတိုက်ခတ်လာကာ တောအုပ်အတွင်းသို့ ရောက်ရှိလာသည်။
ဧရာမနတ်စိုးသားရဲတစ်ကောင်သည် အဖြူရောင်အရိုးယဇ်ပလ္လင်ပေါ်၌ ထိုင်နေပေ၏။ သူ၏ခန္ဓာကိုယ်မှ နတ်ဆိုးအရှိန်အဝါသည် အလွန်မြင့်မားကာ လုယွီတို့ထံ ဦးတည်၍ တိုးဝင်လာသည်။
ဤသည်မှာ ကြံ့နတ်ဆိုးသားရဲပင်။ သူ၏နှာခေါင်းထက်တွက် ရှည်လျားသော ဦးချိုတစ်ချောင်းရှိကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး နက်မှောင်နေသည်။ သူ၏ခန္ဓာကိုယ်သည် အလွန်ကြီးမားသဖြင့် မိုးကောင်းကင်ယံနှင့်နေရောင်ကို ပိတ်ဖုံးတော့လုမတတ်ပင်။
ကြံ့နတ်ဆိုးသားရဲ၏နောက်တွင် နတ်ဆိုးသားရဲအမြောက်အများရှိနေကာ သူတို့သည် အလံများကို ဝှေ့ယမ်းပြီး အဆက်မပြတ် အော်ဟစ်နေကြ၏။
"မင်းတို့က ငါ့ရဲ့လက်အောက်ငယ်သားတွေကို သတ်လိုက်တဲ့ လူတွေလား"
ကြံ့နတ်ဆိုးသားရဲက အသံနတ်ကြီးဖြင့် အော်ဟစ်မေးမြန်းသည်။
မျောက်က ချက်ချင်းဆိုသလို ရှေ့သို့ခုန်ထွက်ပြီး အော်ဟစ်လိုက်သည်။
"ဘာလဲ...မင်းက တိုက်ခိုက်ချင်လို့လား...လာခဲ့လေ..."
မျောက်က စကားဆုံးသည်နှင့် အရင်ဆုံး ဦးဆောင်တိုက်ခိုက်လေသည်။ သူ့၏လက်အတွင်းရှိ တုတ်ရှည်မှ လေပြင်းများ ပျံ့လွင့်သွားကာ ကြံ့နတ်ဆိုးသားရဲထံ ဦးတည်ပြီး တိုးဝင်သွားသည်။
ကြံ့နတ်ဆိုးသားရဲက လှောင်ပြောင်သရော်လိုက်သည်။ ထို့နောက် သူ၏လက်ကိုမြှောက်ကာ ဖမ်းဆုပ်သည့် လက်ဟန်သင်္ကေတကို ပြုလုပ်လိုက်၏။ သူ၏လက်ဝါးကြောင့် အရပ်မျက်နှာအဘက်ဘက်တွင် အေးစက်စက်လေပြင်းများ လှိုင်းထန်သွားသည်။
ဘန်း....
မသဲမကွဲအသံတစ်သံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။
ကြံ့နတ်ဆိုးသားရဲထံတွင် ကြီးမားသောခွန်အားပမာဏရှိကာ မျောက်၏တိုက်ခိုက်မှုကို အမှန်တကယ် ပိတ်ဆို့ဟန့်တားနိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ရှိ အလွန်ကြီးမားသော နတ်ဆိုးချီစွမ်းအားများ မိုးကောင်းကင်ယံအတွင်းသို့ ပျံ့လွင့်သွားသည်။ ကြံ့နတ်ဆိုးသားရဲသည် အရိုးစုပလ္လင်ပေါ်မှ မတ်တတ်ထရပ်ပြီး ရှေ့သို့ခြေတစ်လှမ်းလှမ်းရန် ဟန်ပြင်လိုက်သည်။
ဤသည်မှာ နယ်မြေသခင်အဆင့် နတ်ဆိုးသားရဲတစ်ကောင်ပင်။
မျောက်၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။ ဤနေရာတွင် ရှိနေသော နတ်ဆိုးသားရဲများ၏ စွမ်းအားသည် သူ မျှော်လင့်ထားသည် ကျော်လွန်နေသည်မှာ သိသားထင်ရှားသည်။
"ဟမ့်..."
ထိုအချိန်မှာပင် ကြံ့နတ်ဆိုးသားရဲ့၏နားအတွင်းသို့ အေးစက်စက်နှာမှုတ်သံတစ်သံ ဝင်ရောက်လာသည်။
ခြေတစ်လှမ်းလှမ်းရန် ဟန်ပြင်နေသော ကြံ့နတ်ဆိုးသားရဲမှ စကားပြောဆိုတော့မည့် အချိန်မှာပင် လုယွီသည် ရုတ်တရက် လက်ညှိုးညွှန်လိုက်သည်အား သူ မြင်တွေ့မိလေ၏။
ထို့နောက် အင်မော်တယ်သုတ်သင်ဓားချီ ချက်ချင်း ရောက်ရှိလာသည်။
ဘုန်းခနဲအသံတစ်သံနှင့်အတူ ကြံ့နတ်ဆိုးသားရဲ၏ခေါင်း ပြတ်ထွက်သွားကာ သူ၏အလောင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာပေ၏။
"ခေါင်းဆောင် သေပြီ...ခေါင်းဆောင် သေသွားပြီ"
ကြွင်းကျန်သော လက်အောက်ခံနတ်ဆိုးများသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် အသည်းအသန် ထွက်ပြေးသွားကြတော့သည်။
သို့ရာတွင် လုယွီသည် မည်သည်ကြောင့် ဤနတ်ဆိုးများကို ထွက်ပြေးသွားခွင့် ပြုနိုင်မည်နည်း။ သူ့ထံမှ အင်မော်တယ်သုတ်သင်ဓားချီသည် ဒီရေလှိုင်းတစ်လှိုင်းအလား ပျံ့လွင့်သွားကာ ကြွင်းကျန်သော နတ်ဆိုးများအားလုံးကို အမြစ်ပြတ်သုတ်သင်လိုက်သည်။
"အခု လေးနာရီတိတိ ကျန်သေးတယ်...ဒီနတ်ဆိုးတွေက ဆိုးရွားတဲ့လုပ်ရပ်တွေ ထပ်မလုပ်နိုင်အောင် သူတို့ကို အရင်ဆုံး သတ်ကြစို့"
လုယွီသည် ဤနတ်ဆိုးသားရဲများ မည်သည့်နေရာမှ ရောက်လာသည်ကို ခြေရာခံပြီးဖြစ်သည်။ သူသည် ခြေတစ်လှမ်းလှမ်းကာ ထိုနေရာသို့ ဦးတည်ပြီး လျှောက်လှမ်းသွားလိုက်၏။
သူတို့သည် နတ်ဆိုးသားရဲများကို သတ်ဖြတ်ခြင်း မပြုပါက သူတို့၏အစီအစဉ်အတွင်းသို့ ဝင်ရောက်နှောက်ယှက်လာနိုင်သည်။
"ဒါက အရမ်းကြောက်ဖို့ကောင်းတယ်...သူက အရမ်းရက်စက်တာပဲ"
မျောက်နှင့်ခွေးနက်ကြီးတို့သည် မြေပြင်ပေါ်ရှိ နတ်ဆိုးသားရဲအလောင်းများကို ကြည့်ပြီး သက်ပြင်းရှိုက်လိုက်၏။
....
မြင့်မားသောတောင်တစ်လုံး၏ အထက်မိုးကောင်းကင်ယံ၌ ထူထပ်သိပ်သည်းသော ယင်ချီစွမ်းအားများ ရစ်သိုင်းလွှမ်းခြုံနေသည်။
ဤတောင်ပေါ်တွင် သစ်ပင်အမြောက်အများ မရှိသည့်အပြင် အရိုးဖြူများက နေရာအနှံ့အပြား၌ ပြန့်ကျဲနေသည်။ ထိုအရိုးဖြူများသည် တောင်တစ်လုံးကဲ့သို့ စုပုံနေကာ လူသားအရိုးစုများကို ပတ်ဝန်းကျင်တွင် မြင်တွေ့နိုင်သည်။
မြစ်တစ်စင်းသည် ထိုတောင်ကိုပတ်၍ ဖြတ်သန်းစီးဆင်းနေပေ၏။ ထိုမြစ်ရေသည် သွေးနီရောင်သန်းနေကာ ညှီစို့စို့အနံ့ဖြင့် ပြည့်နှက်နေသည်။
မြစ်ရေစီးကြောင်းတလျှောက်တွင် ရံဖန်ရံခါ၌ လူသားများ၏ခန္ဓာကိုယ် အပိုင်းအစများ မျောပါနေသည်။
ထိုတောင်၏နေရာအနှံ့အပြားတွင် တောခွေးရိုင်းများ ဖြတ်သန်းသွားလာနေကာ သူတို့၏မျက်လုံးများသည် သွေးနီရောင်သန်းနေပေ၏။ သူတို့သည် မြစ်ရေအတွင်းသို့ ဆင်းကာ လူသားများ၏အသွေးအသားများကို ဆယ်ယူစားသောက်ကြသည်။
တောင်၏နက်ရှိုင်းသောနေရာတွင် အေးစက်စက်လေပြင်းများ ဖြတ်သန်းတိုက်ခတ်နေသည်။ လေတိုးသံနှင့်အတူ လူအများ၏ ကြေကွဲဝမ်းနည်းစွာ ငိုကြွေးသံများ ရောယှက်နေပုံရသည်။ ဤသည်မှာ သရဲတစ္ဆေဆန်ပြီး ကြောက်မက်ဖွယ်ကောင်းပေ၏။
"ဗုဒ္ဓရဲ့လက်အောက်ခံဖြစ်တဲ့ မြင့်မြတ်တဲ့နယ်မြေတစ်ခုမှာ ဒီလိုနေရာမျိုး ရှိနေတာပါလား"
ထိုမြင်ကွင်းကို မြင်တွေ့ချိန်၌ လုယွီ ထိတ်လန့်တုန်လှုပ်မှုကို ခံစားမိသည်။
ထိုတောင်၏ဝင်ပေါက်တွင် ကြီးမားသောကျောက်တုံးကြီးတစ်ခုကို စိုက်ထူထားကာ ထိုအရာပေါ်တွင် စာလုံးကြီးသုံးလုံးကို ရေးထွင်းထားသည်။
"ခြင်္သေ့ ကုလားအုပ် တောင်"
Chapter 4589
"ဒီနေရာမှာ နာကြည်းမုန်းတီးမှု အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတယ်...ဒီနေရာမှာ ဘယ်လောက်ထိ များပြားတဲ့သက်ရှိတွေ သေသွားခဲ့လဲဆိုတာ ငါ သိချင်မိတယ်...ဒီလိုမြင်ကွင်းမျိုးကို ငါ မြေအောက်လောကမှာပဲ မြင်ခဲ့ဖူးတယ်....စိတ်ဝိညာဥ်တောင်ရဲ့တောင်ခြေမှာ ခုလိုနေရာမျိုး ရှိနေမယ်လို့ ငါ ထင်မထားမိဘူး"
လုယွီသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ ကြောက်ရွံ့သွားခြင်းမရှိဘဲ အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားသည်။
အတိတ်ဘဝတွင် သူသည် မြေအောက်လောက၏ အုပ်ချုပ်သူအရှင်သခင်ပင်။ သူသည် ငရဲအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းအမြောက်အများကို မြင်တွေ့ဖူးလေ၏။
သို့ရာတွင် ဤနေရာသည် ဗုဒ္ဓဂိုဏ်း၏ မြင့်မြတ်နယ်မြေတစ်နေရာပင်။
ဤကဲ့သို့ သွေးလွှမ်းသော မြင်ကွင်းတစ်ခုသည် ဗုဒ္ဓဂိုဏ်း၏သဘောတရားနှင့် ကိုက်ညီမှု မရှိချေ။
မျောက်က သရော်တော်တော် ပြောဆိုသည်။
"စိတ်ဝိညာဥ်တောင်မှာရှိတဲ့ အဲ့ဒီဗုဒ္ဓဂိုဏ်းဝင်တွေက တခြားလူတွေကို လောဘမကြီးရဘူး နူးညံ့သိမ်မွေ့ရမယ် လူသားအချင်းချင်း သဘောထားကြီးကြီး ဆက်ဆံရမယ်လို့ အမြဲတမ်း ပြောနေခဲ့တယ်..ဒီလိုသဘောထားကြီးတဲ့ မြင်ကွင်းမျိုးကို မြင်လိုက်ရတာ ငါ တော်တော် အမြင်ကျယ်သွားပြီ"
မျောက်သည် ယခင်ကတည်းက ဗုဒ္ဓဂိုဏ်းနှင့် ကြီးမားသော ရန်ငြိုးရှိသူပင်။ ယခုအချိန်၌ သူသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် ချက်ချင်း လှောင်ပြောင်သရော်လိုက်၏။
"တစ်ယောက်ယောက် လာနေတယ်..."
ထိုအချိန်မှာပင် ကင်းလှည့်လာသော နတ်ဆိုးသားရဲများသည် လုယွီကို ရှာဖွေတွေ့ရှိသွားလေ၏။
ဤနတ်ဆိုးသားရဲများသည် တောင်ပေါ်၌ ကင်းလှည့်နေသော နတ်ဆိုးငယ်လေးများသာ ဖြစ်သော်လည်း သူတို့တစ်ယောက်ချင်းသည် အလွန်အားကောင်းသန်မာပေ၏။ သူတို့၏နတ်ဆိုးအရှိန်အဝါများသည် အလွန်ကြီးမားကာ သူတို့၏မျက်နှာများပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအယာများ ရှိသည်။သူတို့၏ပါးစပ်များတွင် သွေးစသွေးနများ စွန်းထင်းနေဆဲပင်။ သူတို့ကို ကြည့်ရသည်မှာ အလွန်ထူးဆန်းပြီး ရက်စက်ကြမ်းကြုတ်ကာ လူအများအား ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီသွားစေနိုင်သည်။
ထိုနတ်ဆိုးသားရဲများသည် လုယွီ ရောက်လာသည်ကို မြင်တွေ့ချိန်၌ ထိတ်လန့်ကြောက်ရွံ့သွားခြင်း မရှိချေ။ ထိုအစား သူတို့သည် အလွန်စိတ်လှုပ်ရှားသွားပေ၏။
ဤနတ်ဆိုးသားရဲများထံတွင် အသွင်ပြောင်းနိုင်သော စွမ်းရည်ရှိကြောင်း လုယွီက ထွင်းဖောက်တွေ့မြင်ပြီး ဖြစ်သည်။ သူတို့ အသက်ရှူသွင်းသောရှုထုတ်လုပ်သည့် အချိန်တွင် အဖြူရောင် လေစီးကြောင်းတစ်ကြောင်းက ရှေ့နောက်လူးလွန့်နေသည်။ သူတို့သည် အချိန်ကြာမြင့်စွာကျင့်ကြံထားသော မဟာနတ်ဆိုးများ ဖြစ်သည်မှာ သိသာထင်ရှားပေ၏။
သို့ရာတွင် ဤနတ်ဆိုးသားရဲများကို ကြည့်ရသည်မှာ နတ်ဆိုးသားရဲစစ်သားများ ဖြစ်ကြောင်း ပေါ်လွင်နေသည်။ သူတို့သည် အလံများကိုင်ထားခြင်း သို့မဟုတ် တိုက်ပွဲဝင်သံချပ်ကာများ ဝတ်ဆင်ထားခြင်းတို့ကို ပြုလုပ်ထားသည်။ သူတို့၏လက်များတွင် ငွေရောင်လအမှတ်အသားတစ်ခုကို ရေးထွင်းထားပေ၏။ ဤသည်မှာ တင်းကြပ်သော အဆင့်ခွဲခြားမှုရှိသည့် စစ်တပ်တစ်တပ်နှင့် တူညီနေသည်။
ဤကဲ့သို့ မဟာနတ်ဆိုးများသည် ဤတောင်ပေါ်၌ ကင်းလှည့်စောင့်ကြပ်ရသော နတ်ဆိုးစစ်သားများအဖြစ် တာဝန်ယူထားရသည်။ ဤနေရာကို မင်းမူနေသော နတ်ဆိုးခေါင်းဆောင်သည် မည်ကဲ့သို့ တည်ရှိမှုကြီး ဖြစ်သည်ကို မည်သူမျှ မသိနိုင်ချေ။
"ငါက ဒီနေ့ အသားနည်းနည်း စားပြီးသွားပြီ...သူတို့ကို အကျဉ်းထောင်ထဲ ထည့်ထားပြီးတော့ မနက်ဖြန်ကျမှ စားကြရအောင်"
နတ်ဆိုးသားရဲတချို့သည် ကျယ်လောင်စွာအော်ဟစ်ပြီး လုယွီထံ ဦးတည်၍ တိုးဝင်လာကြကာ အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းခြင်း မရှိချေ။
ထိုနတ်ဆိုးသားရဲများ၏ တိုက်ခိုက်မှုနှင့်အတူ ပြင်းထန်သော သွေးအရှိန်အဝါတစ်ရပ်က ပတ်ဝန်းကျင် နေရာတဝိုက်၌ ပျံ့နှံ့သွားသည်။
ဤသည်မှာ သက်ရှိများ၏စိတ်ဝိညာဉ်များကို ဖျက်ဆီးခြင်းခံလိုက်ရပြီးနောက် သူတို့၏စိတ်ဝိညာဥ်များမှ ထုတ်လွှတ်ထားသည့် ပြင်းထန်သော နာကြည်းမှုန်းတီးမှု အရှိန်အဝါပင်။ ထိုအရာသည် သတ်ဖြတ်သူ၏ ခန္ဓာကိုယ်၌ အချိန်အတော်ကြာမြင့်စွာ ရစ်သိုင်းလွှမ်းခြုံနေကာ ပျက်ပြယ်သွားမည် မဟုတ်ချေ။
ဤကဲ့သို့ ဆိုးညစ်သောသွေးချီများသည် သာမန်အားဖြင့် လူအမြောက်အများကို သတ်ဖြတ်ခဲ့သော သက်ရှိတချို့၏ ခန္ဓာကိုယ်များပေါ်တွင်သာ ထွက်ပေါ်လာလေ့ရှိသည်။
ဥပမာအနေဖြင့် နယ်စပ်ဒေသများကို စောင့်ကြပ်ရကာ ရာနှင့်ချီသော တိုက်ပွဲများကို တိုက်ခိုက်ခဲ့ရသည့် မဟာစစ်ဗိုလ်ချုပ်များသည် ရန်သူအမြောက်အများကို သတ်ဖြတ်ခဲ့ရပေ၏။ သူတို့၏လက်များတွင် သွေးအမြောက်အများ စွန်းထင်းနေကာ သူတို့၏ နံဘေးပတ်ဝန်းကျင်၌ ဤကဲ့သို့ ဆိုးညစ်သည့် သွေးချီစွမ်းအားများ ရစ်သိုင်းလွှမ်းခြုံနေသည်။ အကယ်၍ သူတို့သည် သွေးချီစွမ်းအားများကို တည်ငြိမ်အောင် ထိန်းချုပ်ထားနိုင်ခြင်း မရှိပါက သူတို့၏အနီးသို့ ချဥ်းကပ်လာသော မည်သူတစ်ဦးတစ်ယောက်မဆို တုန်လှုပ်ချောက်ချားနေပေမည်။
"ဒီနတ်ဆိုးသားရဲတွေက လူတွေအများကြီးကို သတ်ခဲ့တယ်"
လုယွီ၏မျက်လုံးများ အေးစက်တင်းမာသွားသည်။
ဤကဲ့သို့ နတ်ဆိုးသားရဲများနှင့် ရင်ဆိုင်ရချိန်တွင် သူ့ကိုယ်သူ ထိန်းချုပ်ထားရန် မလိုအပ်ချေ။
လုယွီက သူ၏လက်ကိုမြှောက်ပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ သူ၏စွမ်းအားသည် ပြင်းထန်သော လေပြင်းတစ်ရပ်နှင့် အတူရောယှက်၍ အရပ်မျက်နှာအဘက်ဘက်သို့ ချက်ချင်းဖြတ်သန်းတိုက်ခတ်သွားသည်။
လေဟာနယ်အတွင်းမှနေ၍ အက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ လုယွီ၏ရှေ့ရှိ နတ်ဆိုးသားရဲများသည် ရှောင်တိမ်းရန် အချိန်မရရှိခဲ့ချေ။ ကျယ်လောင်သော ဘုန်းခနဲမြည်သံများ ဆက်တိုက်ထွက်ပေါ်လာခြင်းနှင့်အတူ သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲသွားပေ၏။
တောင်၏နေရာအနှံ့အပြားမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်နေသော အသံများ ထွက်ပေါ်လာသည်။ လုယွီ၏အရှိန်အဟုန်သည် အလွန်ပြင်းထန်သဖြင့် ခြင်္သေ့ကုလားအုပ်တောင်မှ တခြားနတ်ဆိုးသားရဲများသည်လည်း သူ့ကို ရှာဖွေတွေ့ရှိပြီးဖြစ်သည်။
အမှောင်ထုအတွင်းမှနေ၍ အေးစက်ပြီးတောက်ပသော မျက်လုံးအမြောက်အများ ပွင့်လာသည်။ သူတို့သည် ခြင်္သေ့ကုလားအုပ်တောင်တွင် ပုန်းအောင်းနေသော နတ်ဆိုးများဖြစ်ကာ ဤအချိန်အခိုက်အတန့်တွင် လုယွီကို အာရုံစူးစိုက်နေကြ၏။
Chapter 4590
ဝှီး...ဝှီး...ဝှီး...
ပတ်ဝန်းကျင်၌ အေးစက်စက်လေပြင်းများ တိုက်ခတ်နေသည်။
ထိုအေးစက်စက်လေပြင်းများအကြားတွင် ကြီးမားသော နတ်ဆိုးအရှိန်အဝါတစ်ရပ် ရောယှက်နေပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ဤသည်မှာ ထောင်နှင့်ချီသော အငြိုးကြီးသရဲတစ္ဆေများမှ တပြိုင်နက်တည်း အော်ဟစ်လိုက်သည့် အလားပင်။
"လုယွီ...ဒီနေရာမှာ ပြဿနာမရှာနဲ့တော့ ...တကယ်လို့ ငါတို့ကို လင်းမြောင်းဘုရားကျောင်းက လူတွေ ရှာတွေ့သွားရင် အခြေအနေ ဆိုးသွားနိုင်တယ်"
ခွေးနက်ကြီးသည် ဤနေရာသို့ လာရင်းစွဲရည်ရွယ်ချက်ကို အစဉ်အမြဲ အမှတ်ရနေသဖြင့် လုယွီအား သတိပေးလိုက်သည်။
"ငါက ဒီနေရာကို ချိတ်ပိတ်ထားပြီးပြီ ..ပြင်ပလောကက လူတွေက ဒီနေရာမှာ ဘာတွေဖြစ်နေလဲဆိုတာ ရှာတွေ့နိုင်မှာ မဟုတ်ဘူး"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"ငါ ဒီနေရာကိုလာတာ အကြောင်းမဲ့ မဟုတ်ဘူး...လင်းမြောင်ဘုရားကျောင်းက ဘုန်းကြီးတွေက နည်းနည်းထူးဆန်းနေတယ်ဆိုတာ မင်းတို့ကောင်တွေ သတိမထားမိဘူးလား"
"လင်းမြောင်ဘုရားကျောင်းက ဘုန်းတော်ကြီးတွေလား...ဒါက ခေါင်းဆောင်ဘုန်းတော်ကြီးတစ်ပါးနဲ့ သိုင်းပညာဘုန်းတော်ကြီး နှစ်ပါးပဲလေ...သူတို့က အရမ်းလောဘကြီးပြီးတော့ အားနည်းတဲ့သူတွေကို အနိုင်ကျင့်ပြီး သန်မာတဲ့လူတွေကို ကြောက်ရွံတယ်... ဗုဒ္ဓဂိုဏ်းရဲ့ လက်အောက်ခံနယ်မြေအများစုမှာ သူတို့လိုလူတွေ အများကြီးရှိတယ်...သူတို့နဲ့ပတ်သက်ပြီး ဘာထူးဆန်းနေလို့လဲ"
မျောက်က အေးစက်တင်းမာစွာ ပြောဆိုသည်။
"မဟုတ်ဘူး...တကယ်လို့ ငါ မမှားဘူးဆိုရင် အဲ့ဒီဘုန်းတော်ကြီးတွေအားလုံးက နတ်ဆိုးတွေပဲ"
လုယွီသည် ကျယ်လောင်စွာအော်ဟစ်၍ ပြောဆိုလိုက်၏။
မျောက်၏မျက်လုံးများ တောက်ပသွားသည်။
"မဖြစ်နိုင်ဘူး...ငါ ဘယ်တုန်းကမှ အမှားမလုပ်ခဲ့ဖူးဘူး...သူတို့တွေက ဗုဒ္ဓကျင့်ကြံနည်းစနစ်တွေကို ကျင့်ကြံထားကြတာ...ဒါကြောင့် သူတို့တွေက လူသားတွေပဲ ဖြစ်မယ်"
မျောက်ထံတွင် စူးရှသော ရွှေရောင်မျက်လုံးတစ်စုံရှိကာ သက်ရှိများအားလုံး၏ အစစ်အမှန်ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သောစွမ်းရည် ရှိသည်။
ထိုဘုန်းတော်ကြီးများသည် တစ်စုံတစ်ခုကို ကွယ်ဝှက်ထားလျှင်ပင် မျောက်၏အမြင်အာရုံအောက်၌ ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။
လုယွီက ပြောဆိုသည်။
"လူသားတွေတောင် ပြန်ဝင်စားနိုင်ရင် နတ်ဆိုးတွေက ဘာလို့ မရနိုင်ရမှာလဲ... အသွင်ပြောင်းခြင်းက တစ်စုံတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်ကို ပြောင်းလဲပေးနိုင်တယ်...အလောင်းပြောင်းလဲခြင်းက ပြန်ဝင်စားပြီးတော့ ပြန်လည်ကျင့်ကြံမှု ကို ရစေနိုင်တယ်....ဒါကြောင့် တစ်ယောက်ယောက်က ပြန်လည်ဝင်စားခြင်းဖြစ်စဉ်ကို ကျော်ဖြတ်ပြီးတော့ နတ်ဆိုးတစ်ကောင်အဖြစ်ကနေ လူသားတာအိုလမ်းကြောင်းထဲကို ပြောင်းလဲနိုင်တယ် မဟုတ်လား"
"ကောင်းကင်ဘုံနယ်မြေထဲမှာရှိတဲ့ သက်ရှိတွေအားလုံးကို လူသားတွေကပဲ အကြွင်းမဲ့အုပ်ချုပ်ခဲ့တယ်...မဟာတာအိုလမ်းကြောင်း သုံးထောင်ရှိပေမယ့် လူသားတွေကပဲ ကောင်းကင်ဘုံရဲ့ အန္တိမတာအိုသဘောတရားတွေကို မြင်တွေ့နိုင်တယ်.... ဒါက အရမ်းအစွမ်းထက်တဲ့ နဂါးမျိုးနွယ်တွေတောင် လုပ်နိုင်တဲ့ကိစ္စမျိုး မဟုတ်ဘူး။ အဲ့ဒီဘုန်းတော်ကြီးတွေက အသက်ရှင်သန်နေတဲ့အချိန်မှာတုန်းက ကျင့်ကြံဆင့်နယ်ပယ် နက်နဲသိမ်မွေ့တဲ့ နတ်ဆိုးသားရဲတွေပဲ ဖြစ်မယ်...သူတို့က တာအိုကို အောင်မြင်ပြီးမြောက်ပြီးပြီ...ဒါကြောင့် ခုဘဝမှာ သူတို့က ခုလိုအရည်အချင်းမျိုးတွေကို ပိုင်ဆိုင်ထားတာပဲ"
လုယွီက သူ၏လက်ကိုမြှောက်ပြီး နတ်ဆိုးသားရဲတကောင်၏စိတ်ဝိညာဉ်ကို ဖမ်းဆီးပြီးနောက် ခြေမွှလိုက်သည်။ သူတို့အားလုံးသည် ထိုအရာမှနေ၍ ကိစ္စတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်တွေ့မိလေ၏။ ခြင်္သေ့ကုလားအုပ်တောင်ရှိ နတ်ဆိုးသားရဲ၏အလောင်းမှ ထွက်လာသော နတ်ဆိုးအရှိန်အဝါသည် ဘုန်းတော်ကြီးများ၏ခန္ဓာကိုယ်မှ ထွက်လာသည်နှင့် တထပ်တည်း တူညီနေသည်။ ကြည့်ရသည်မှာ သူတို့အကြား၌ ဆက်နွယ်ချက်တစ်ခု အမှန်တကယ်ရှိနေပုံပင်။
မျောက်သည် ထိုစကားကိုကြားချိန်၌ သူ၏လက်အတွင်းရှိ တုတ်ရှည်ကို မြေပြင်ပေါ်သို့ ဒေါသတကြီး ရိုက်နှက်ပြီး အော်ဟစ်လိုက်သည်။
"ယုတ်မာကောက်ကျစ်တဲ့ကောင်တွေလို့ မပြောရဘူး . ဗုဒ္ဓဂိုဏ်းရဲ့လက်အောက်မှာ ဘာလို့ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ နေရာမျိုး ရှိနေလဲဆိုတာ ငါ သိချင်နေခဲ့တာ...အခုကြည့်ကြည့်တော့မှ ဒီနတ်ဆိုးသားရဲတွေက ယုတ်ညံ့တဲ့ပြစ်မှုတွေကို ပြောင်ပြောင်တင်းတင်းရော တိတ်တဆိတ်ရော ကျူးလွန်နေကြတာပါလား"
လင်းမြောင်ဘုရားကျောင်းနှင့် ခြင်္သေ့ကုလားအုပ်တောင်သည် အမှန်အားဖြင့် တစ်ကျိတ်တည်းတစ်ဥာဏ်တည်းပင်။
ဤသည်မှာ လုယွီ ဤနေရာသို့ လာရောက်၍ကြည့်လိုသော အကြောင်းအရင်းလည်းဖြစ်သည်။ လင်းမြောင်ဘုရားကျောင်းတွင် ဘုန်းတော်ကြီးနှစ်ဆယ်ကျော်ခန့်သာ ရှိသဖြင့် သူ့အတွက် အရေးမပါလှချေ။သို့ရာတွင် သူ့ရှေ့ရှိ ခြင်္သေ့ကုလားအုပ်တောင်ကမူ ကွဲပြားခြားနားပေး၏။
သူသည် ဤတောင်၏အနီးသို့ မချဉ်းကပ်ရသေးမီမှာပင် အလွန်ကြီးမားသော နတ်ဆိုးအရှိန်အဝါများကို ခံစားမိသည်။
ဤနတ်ဆိုးချီစွမ်းအားများသည် အလွန်သိပ်သည်းသဖြင့် ဤတောင်အတွင်းတွင် မည်မျှထိ များပြားသော နတ်ဆိုးများ ပုန်းအောင်းနေသည်ကို မသိနိုင်ချေ။
ဤနေရာပတ်ဝန်းကျင်ရှိ မြို့များတွင် နေထိုင်သောလူများသည် ထိုနတ်ဆိုးများကြောင့် လုံးပါးပါးနေကြသည်။ မြို့အတွင်း၌ ဘုန်းတော်ကြီးများသည် သူတို့ထံမှ ဆက်ကြေးငွေများ ကောက်ယူသည်။ မြို့ပြင်တွင်မူ သူတို့အားဖမ်းဆီးသတ်ဖြတ်မည့် နတ်ဆိုးသားရဲများ ရှိနေပေ၏။
"လူသားကျင့်ကြံသူတွေက ငါတို့ရဲ့ လက်အောက်ငယ်သားတွေကို သတ်ဖြတ်ပြီးတော့ ဒီနေရာကို ရောက်လာတာပါလား"
"ထူးဆန်းတယ်...အဲ့ဒီကောင်စုတ်လေးက ဘယ်နေရာက ရောက်လာတာလဲ...သူက အရမ်းအတင့်ရဲတယ်"
နတ်ဆိုးအမြောက်အများ တောင်များနှင့်မြစ်များအကြားမှ ထွက်လာကြသည်။ ထိုနတ်ဆိုးများအကြားတွင် ထူထပ်သိပ်သည်းသော နတ်ဆိုးချီစွမ်းအားများ ရစ်သိုင်းလွှမ်းခြုံနေသည့် အစွမ်းထက်နတ်ဆိုးကျင့်ကြံသူများ ရှားပါးခြင်းမရှိချေ။ သူတို့သည် ရှေးဟောင်းလေဟာနယ်အတွင်းမှ ထွက်လာသော နတ်ဆိုးနတ်ဘုရားများအလားပင်။ သူတို့၏အရှိန်အဝါများသည် အလွန်မြင့်မားကာ မိုးနှင့်မြေကို တုန်ခါစေပြီး သူတို့၏ဖိအားအရှိန်အဝါသည် တောင်တစ်လုံးကဲ့သို့ ဆင်းသက်လာပေ၏။
"ဆယ့်ခွန်...ဆယ့်ရှစ်...ဆယ့်ကိုး..."
လုယွီက အဆက်မပြတ် ရေတွက်နေသော်လည်း သူ၏စိတ်နှလုံးသားအတွင်းရှိ ထိတ်လန့်တုန်လှုပ်မှုသည် ပျောက်ကွယ်သွားခြင်း မရှိချေ။
ယခုထွက်ပေါ်လာသော နတ်ဆိုးများအကြားတွင် နယ်မြေသခင်အဆင့် နတ်ဆိုးနှစ်ဆယ့်ခြောက်ကောင် ရှိနေပေ၏။
အတိတ်တွင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ ချီဘုရင်အိမ်တော်၌ပင် ယခုလောက်ထိ များပြားသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ မရှိချေ။