အခန်း (၄၆၀၁-၄၆၀၅)
Vol. 233 Ch. 4601-4605
Chapter 4601
လုယွီ၏ သိုလှောင်အိတ်အတွင်းတွင် စိတ်ဝိညာဥ်ကျောက်တုံး သန်းသုံးထောင်ကို သိမ်းဆည်းပြီးလေပြီ။
ဤသည်မှာ ရှင်းယန်မြို့မှ နှစ်ပေါင်းများစွာကောက်ခံရမည့် အခွန်အခနှင့် ညီမျှသည်။ သို့ရာတွင် ဤပမာဏသည် ပုန်းကွယ်နဂါးစစ်တပ်၏ ကြီးမားသော ရှေ့အလားအလာကို ထောက်ပံ့နိုင်ရန်အတွက် လုံလောက်ရန် အလှမ်းကွာဟနေဆဲပင်။
စစ်တပ်တစ်တပ်၏ အသုံးစရိတ်များ လစာငွေများ အထောက်အပံ့ပစ္စည်းများ ကျင့်ကြံနည်းစနစ်များ လက်နက်များနှင့် ဝင်္ကပါများသည် အောက်ခြေမရှိသော ကျင်းနက်ကြီးများအလားပင်။ မည်မျှထိ များပြားသောငွေကြေးများကို ထည့်သွင်းသည်ဖြစ်စေ ချက်ချင်း ကုန်ဆုံးသွားသည်။
"ငါတို့တွေ ပင်မစိတ်ဝိညာဥ်သွေးကြောဆီကို သွားပြီးတော့ တစ်ချက်ကြည့်ကြစို့"
လုယွီက သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီးနောက် တောင်ကြား၏ နက်ရှိုင်းသောနေရာသို့ ရောက်ရှိသွားသည်။
ခွေးနက်ကြီးနှင့်မျောက်တို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့သည်လည်း စိတ်ဝိညာဉ်ကျောက်တုံးများကို ပို၍လိုချင်သဖြင့် လုယွီ၏နောက်သို့ ချက်ချင်းလိုက်ပါသွားကြသည်။
ဤနေရာတွင် သူတို့အား အချိန်မရွေး ခြိမ်းခြောက်လာနိုင်သည့် ဗုဒ္ဓဂိုဏ်း၏အန္တရာယ်ရှိနေသော်လည်း ယခုအချိန်၌ သူတို့ရရှိနေသော အကျိုးအမြတ်များသည် အလွန်ကြီးမားပေ၏။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဤမျှလောက်ဖြင့် မရပ်တန့်နိုင်ချေ။
စိတ်ဝိညာဥ်တောင်၏ လက်အောက်ခံနယ်မြေများတွင် အရာရာတိုင်း၌ စိတ်ဝိညာဥ်ရှိသည်။ ဤနေရာကို ဗုဒ္ဓဂိုဏ်း၏ အနောက်ဘက်သုခဘုံဟု ဖော်ပြနိုင်ပေ၏။
မြေအောက်၏ နက်ရှိုင်းသောနေရာတွင် စိတ်ဝိညာဥ်တောင်၏ ထောင့်တစ်နေရာတိုင်းကို လွှမ်းခြုံထားသော စိတ်ဝိညာဉ်သွေးကြော ရှိနေသည်။ ဤစိတ်ဝိညာဉ်သွေးကြောသည် မြေမျက်နှာပြင်တလျှောက် စီးဆင်းနေကာ တောင်တစ်ကောင်လုံးကို အသက်စွမ်းအားများဖြင့် ပြည့်နှက်နေစေသည်။
ဤသည်မှာ ဗုဒ္ဓဂိုဏ်းဝင်များ တန်ဖိုးအထားဆုံးနေရာဖြစ်သဖြင့် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ပင်လျှင် တစ်ချိန်က ဤတောင်ကို ချိတ်ပိတ်ရုံမျှသာ လုပ်နိုင်ခဲ့သည်။ သို့ရာတွင် ဤကိစ္စသည် ဗုဒ္ဓအင်အားစုများ ဆက်လက်၍ ကြီးထွားလာခြင်းအပေါ် ဟန့်တားနိုင်ခြင်း မရှိချေ။ ဗုဒ္ဓကျင့်ကြံသူအမြောက်အများသည် ဤနေရာ၌ စုဝေးနေကာ မရေမတွက်နိုင်သော ဘုရားကျောင်းများကို တည်ထောင်ထားသည်။ ဤနေရာ၏ ထောင့်တစ်နေရာတိုင်းတွင် ဗုဒ္ဓအလင်းရောင်များဖြင့် လင်းထိန်နေပေ၏။
ဤနေရာတွင် သက်ရှိတစ်ယောက် မွေးဖွားလာသည်နှင့် ထိုအချိန်အခိုက်အတန့်တွင် သူနှင့်ဗုဒ္ဓအကြား၌ နက်ရှိုင်းသောကံကြမ္မာရေစက်သည် ရစ်ပတ်ချည်နှောင်သွားလေပြီ။
ဤသည်ကြောင့် ဗုဒ္ဓဂိုဏ်း၏အင်အားများ ဆက်လက်၍ ကြီးထွားနေကာ နိမ့်ကျသွားမှု မရှိခဲ့ခြင်းပင်။ ထို့ပြင် ဗုဒ္ဓထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ၏ အရေအတွက်သည်လည်း မြင့်တက်လာခဲ့သည်။
"ကျန်တာတွေက အတက်အလက်တွေပဲ...ပင်မစိတ်ဝိညာဥ်သွေးကြောက ရှေ့က ညာဘက်ခြမ်းမှာ ရှိနေတယ်"
လုယွီက သူ၏မျက်လုံးကို စုံမှိတ်ပြီး အာရုံခံလိုက်သည်။ သူသည်မြေအောက်၌ ရှိနေသော်လည်း သူ့၏ပတ်ဝန်းကျင်တွင် ရှိနေသော အရာရာတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြားနိုင်သည်။
သူတို့သည် မြေလွတ်မြောက်ခြင်းနည်းစနစ်ကို အသုံးပြု၍ လမ်းတလျှောက်လုံး သတိကြီးစွာထားခဲ့ကြသည်။ သူတို့သည် အကြီးဆုံးဘုရားကျောင်းများကို အကောင်းဆုံးကြိုးစား၍ ရှောင်တိမ်းခဲ့သဖြင့် ဗုဒ္ဓဂိုဏ်း၏အာရုံစိုက်မှုကို မခံခဲ့ရချေ။
ဤစိတ်ဝိညာဉ်သွေးကြောသည် နက်ရှိုင်းသောမြေအောက်၌ တည်ရှိသော်လည်း တင်းတင်းကြပ်ကြပ်စောင့်ကြပ်ခြင်း ခံထားရသည်။ အခြေခံအားဖြင့် ဝင်ပေါက်တစ်ပေါက်စီတိုင်းတွင် ဘုရားကျောင်းတစ်ခုကို တည်ဆောက်ထားသည်။ ထိုဘုရားကျောင်းများတွင် ဝတ်ပြုကိုးကွယ်သော ဗုဒ္ဓရုပ်ပွားတော်များသည် နတ်ဘုရားကဲ့သို့ တည်ရှိမှုကြီးများပင်။ ထိုအရာများသည် တစ်စုံတစ်ခုကို အာရုံခံမိသွားသည်နှင့် ချက်ချင်းဆိုသလိုပင် ဗုဒ္ဓဂိုဏ်းဝင်များ သိရှိသွားပေမည်။
လုယွီသည် ရှေ့သို့ အနည်းငယ်ဆက်သွားပြီးနောက် ပင်မစိတ်ဝိဉာဉ်သွေးကြောကို ရှာဖွေတွေ့ရှိလေ၏။
ကြီးမားကျယ်ပြန့်ပြီး တလိမ့်လိမ့်စီးဆင်းနေသော စိတ်ဝိညာဥ်သွေးကြောကို မြင်တွေ့ချိန်တွင် လုယွီနှင့် နတ်ဆိုးသားရဲနှစ်ကောင် ထိတ်လန့်တုန်လှုပ်သွားသည်။ သူတို့သည် ရှေ့တွင် မြင်နေရသောမြင်ကွင်းကြောင့် ကြက်သေသေသွားပေ၏။
ထိုအရာသည် မီတာသုံးထောင်ကျော် ကျယ်ပြန့်ပြီး မိုင်တစ်သောင်းခန့်ရှည်လျားကာ အဆုံးမရှိချေ။
ရွှေရောင်အလင်းတန်းများသည် ကြီးမားကျယ်ပြန့်ကာ အခိုးအငွေ့များအလား အကန့်အသတ်မရှိ မျောလွင့်နေသည်။ စိတ်ဝိညာဉ်ကျောက်တုံးများသည် တောင်ငယ်တလုံးစာမျှ စုပုံနေကာ စိတ်ဝိညာဥ်စွမ်းအားလှိုင်းများသည်အကန့်အသတ်မရှိသောမြစ်ရေများအလားစီးဆင်းနေပေ၏
ထိုစိတ်ဝိညာဥ်သွေးကြော၏ အထက်ရှိ မိုးကောင်းကင်ယံအတွင်းတွင် ထူးဆန်းသောပုံရိပ်များ ထွက်ပေါ်နေသည်။ ဤသည်မှာ ခုနစ်ရောင်ခြယ်အလင်းတန်းများ ဖြာထွက်နေသော အံ့အားသင့်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခုပင်။ ဤမြင်ကွင်းမျိုးသည် နေရာတစ်နေရာ၌ စိတ်ဝိညာဥ်စွမ်းအားများ အထွတ်အထိပ်အခြေအနေသို့ စုစည်းမိမှသာ ထွက်ပေါ်လာလေ့ရှိသည်။
"ဒါက စိတ်ဝိညာဥ်သွေးကြောတစ်ခုပဲ ရှိသေးတယ်...ဗုဒ္ဓဂိုဏ်းက ဘယ်လောက်ထိ များပြားတဲ့ ချမ်းသာကြွယ်ဝမှုတွေကို စုဆောင်းထားနိုင်တာလဲ"
လုယွီပင်လျှင် ထိတ်လန့်တုန်လှုပ်နေသည်။
သူသည် အတိတ်ဘဝတွင် ကောင်းကင်ဘုံနယ်မြေအတွင်း၌ မရေမတွက်နိုင်သော တိုက်ပွဲများကို တိုက်ခိုက်ခဲ့သော်လည်း စိတ်ဝိညာဥ်တောင်၏နယ်မြေအတွင်းသို့ တစ်ကြိမ်တခါမျှခြေချဖူးခြင်းမရှိချေ။
ဖရိုဖရဲအချိန်ကာလများအတွင်းတွင် လောကကြီးအတွင်း၌ အုပ်ချုပ်သူ မရှိခဲ့ချေ။ ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ဗုဒ္ဓဂိုဏ်းသည် သူတို့၏ယုံကြည်ကိုးကွယ်သူများကို တိုးပွားအောင်ပြုလုပ်ခဲ့ကာ သူတို့၏ဂိုဏ်းများ ကို တံခါးပိတ်ထားခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့စုဆောင်းထားသောချမ်းသာကြွယ်ဝမှုများသည် အကန့်အသတ်မဲ့လုနီးပါးသို့ ရောက်ရှိလာခဲ့သည်။
ဗုဒ္ဓဂိုဏ်းသည် ကောင်းကင်ဘုံနယ်မြေ၏ ချမ်းသာကြွယ်ဝမှုများမှ တစ်ဝက်ကျော်ကို သိမ်းပိုက်ထားနိုင်သည်ဟု မျောက်မှ ပြောဆိုခဲ့သည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။
ဤစိတ်ဝိညာဉ်သွေးကြောကို မြင်တွေ့ပြီးနောက် လုယွီက သက်ပြင်းရှိုက်လိုက်သည်။ မျောက်၏စကားများသည် အမှန်ပင်။
ဗုဒ္ဓဂိုဏ်းသည် သူတို့၏ဘုန်းတော်ကြီးများကိုစေလွှတ်လိုက်ရုံမျှဖြင့် မြောက်အရပ်တွင် ထန်အင်ပါယာ၏ကျူးကျော်တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။ သူတို့ထံတွင် အလွန်ပေါများသော အရင်းအမြစ်များကို ပိုင်ဆိုင်ထားပေ၏။
"ဟား ဟား ဟား...ငါ ချမ်းသာပြီ"
ခွေးနက်ကြီးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ သူသည် သူ၏သိုလှောင်အိတ်ကိုထုတ်ပြီး ပတ်ဝန်းကျင်တွင် ရှိနေသော စိတ်ဝိညာဥ်ကျောက်တုံးများကို စုဆောင်းရန် ပြင်ဆင်လိုက်တော့သည်။
Chapter 4602
စိတ်ဝိညာဥ်သွေးကြော၏ အထက်သို့ သိုလှောင်အိတ်တစ်အိတ် ပျံ့လွင့်သွားကာ ထိုအရာအတွင်းမှနေ၍ အစွမ်းထက်သော စုပ်အားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာသည်။
ထူးဆန်းသည်မှာ စိတ်ဝိညာဥ်သွေးကြောအပေါ်တွင် ထိုစုပ်ယူအား သက်ရောက်သွားသော်လည်း လှုပ်ခတ်မှုအနည်းငယ်သာ ဖြစ်ပွားသွားသည်။ စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးတစ်လေမျှ လွတ်ထွက်လာခြင်းမရှိချေ။
ရှည်လျားသော စိတ်ဝိညာဉ်သွေးကြောမြစ်ကြီးသည် စီးဆင်းနေပုံရသော်လည်း လက်တွေ့ဖြစ်ရပ်မှန်မှာ နေရာ၌ အေးခဲနေလုနီးပါးပင်။ ဤနေရာအတွင်းတွင် ရှိနေသော စိတ်ဝိညာဥ်ကျောက်တုံးများကို ထုတ်ယူနိုင်ရန် နည်းလမ်းမရှိချေ။
"ဘာတွေ ဖြစ်နေတာလဲ"
ခွေးနက်ကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
မျောက်သည်လည်း စိတ်ဝိညာဉ်သွေးကြောအတွင်းမှ စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူရန် ကြိုးစားလိုက်၏။ သို့ရာတွင် သူသည်လည်း စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကိုပင် ရယူနိုင်ခဲ့ခြင်း မရှိချေ။
"ငါ ဒါကို မယုံဘူး...."
မျောက်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။ သူ၏လက်အတွင်းရှိ တုတ်ရှည်ကို ဝှေ့ယမ်းလိုက်ရာ လေထုကို ထွင်းဖောက်သွားသော စူးရှသည့်အသံတစ်သံ ထွက်ပေါ်လာပြီးနောကိ စိတ်ဝိညာဥ်သွေးကြောပေါ်သို့ ကျရောက်သွားသည်။
ဤရိုက်ချက်သည် အလွန်အမင်း အစွမ်းထက်သဖြင့် ရွှမ်ကူကဲ့သို့ ဘုန်းတော်ကြီးတပါးကိုပင် ပွဲချင်းပြီး သေဆုံးသွားစေရန် လုံလောက်သည်။
ဘုန်း...
သတ္တုနှင့်ကျောက်တုံး ထိခတ်သွားသော အသံလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
စိတ်ဝိညာဥ်သွေးကြောသည် ပြင်းပြင်းထန်ထန် တုန်ခါသွားပေ၏။ ထို့နောက် မမြင်နိုင်သောလေနံရံကြီးသည် ထိုအရာ၏မျက်နှာပြင်ပေါ်၌ ထွက်ပေါ်လာကာ မျောက်၏တိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားလိုက်သည်။
ရွှေရောင်အလင်းတန်းများ ဖြာထွက်လာခြင်းနှင့်အတူ စိတ်ဝိညာဥ်သွေးကြော၏အထက်တွင် ထောင်နှင့်ချီသော သံကြိုးများ ထွက်ပေါ်လာကာ ထိုအရာများသည် စိတ်ဝိညာဉ်သွေးကြောကို အခိုင်အမာလှောင်ပိတ်ထားပြီး မြေပြင်ပေါ်၌ အေးခဲနေစေသည်။
ဤသည်မှာ စိတ်ဝိညာဉ်သွေးကြောကို တည်ငြိမ်စေရန်အတွက် နဂါးသော့ခလောက်ကို အသုံးပြုထားခြင်းပင်။
ထိုသံကြိုးများပေါ်တွင် ထူထပ်သိပ်သည်းသောကျမ်းစာစာလုံးများကို ရေးထွင်းထားသည်။ သံကျိုးတစ်ကြိုး၏အရွယ်အစားသည် မြင်းရထားလုံးတစ်လုံးစာ ပမာဏမျှ ရှိနေပေ၏။ ထိုသံကြိုးများကို သံမဏိနက်ဖြင့် သွန်းလုပ်ထားပြီး အဆုံးသတ်တွင် နဂါးခေါင်းပုံစံသော့ခလောက်ရှိသည်။ ထိုနဂါးခေါင်းမှ ထက်ရှသော သွားများတွင် သံကြိုးများကို ချိတ်ပိတ်ထားကာ စိတ်ဝိညာဥ်သွေးကြောကို အခိုင်အမာလှောင်ပိတ်ထားပေ၏။
"ဗုဒ္ဓဂိုဏ်းက သူတို့ရဲ့နည်းလမ်းတွေကို အကျိုးရှိရှိ အသုံးချထားတာပါလား... ဒီနေရာက စိတ်ဝိညာဥ်သွေးကြောကို သူတို့က နည်းလမ်းတွေအများကြီးနဲ့ ကာကွယ်ထားတယ်....ငါတို့တွေက အတက်အလက်တွေကို ခိုးယူလို့ရပေမယ့် ပင်မစိတ်ဝိညာဥ်သွေးကြောကိုတော့ ထိပါးနိုင်မှာ မဟုတ်ဘူး"
လုယွီက နဂါးသော့ခလောက်၏အနီးသို့ ချဥ်းကပ်လိုက်သည်။ သူ၏အနက်ရောင်ဆံပင်များသည် ရုတ်တရက် ပြင်းထန်သော လေပြင်းတိုက်ခတ်လာသောကြောင့် လူးလွန့်သွားကာ သူသည် 'တောင်အရပ်မှ ဗုဒ္ဓ'ဟူသော အသံကို ကြားလိုက်ရသည်။
စိတ်ဝိညာဉ်သွေးကြောကို တည်ငြိမ်စေသည့်နည်းလမ်းကို ဖန်တီးထားသောလူသည် ဗုဒ္ဓဂိုဏ်း၏ ထိပ်သီးအစွမ်းထက် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သိသာထင်ရှားသည်။ ဤသံကြိုးကြီးများသည် အချိန်ကြာမြင့်စွာ ဖြတ်ကျော်လာခဲ့ရသည့်တိုင် ထိုအရာများ အတွင်းတွင် အလွန်များပြားသော ဗုဒ္ဓစွမ်းအားများကို သိပ်သည်းထားဆဲပင်။
လုယွီ၏လက်ဝါးမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ သူ၏ကြီးမားသော မှော်စွမ်းအားနှင့်အတူ ပျံ့လွင့်သွားပြီး နဂါးသော့ခလောက်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။
စိတ်ဝိညာဥ်သွေးကြောမှနေ၍ စိတ်ဝိညာဥ်ကျောက်တုံးတစ်တုံး ပျံ့လွင့်လာကာ လုယွီ၏ဖမ်းဆုပ်ခြင်းကို ခံလိုက်ရလေ၏။
ထိုနောက် နောက်ထပ်အချိန်အခိုက်အတန့်တွင် စိတ်ဝိညာဉ်သွေးကြောပေါ်ရှိ အက်ကွဲကြောင်း အလိုအလျောက် ပြန်လည်ကောင်းမွန်သွားသည်။ ဤအရာသည် ယခင်အတိုင်း အကောင်းပကတိဖြစ်နေကာ မည်သည့်ထိခိုက်ပျက်စီးသွားမှုမျှ ရှိပုံမရချေ။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ သူသည် မှော်စွမ်းအားများကို ထုတ်ဖော်အသုံးပြုခဲ့သော်လည်း စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကိုသာ ရရှိခဲ့သည်။ ဤသည်မှာ အလွန်နည်းပါးပေ၏။
ဤကဲ့သို့ ချိတ်ပိတ်ထားသော အခြေအနေတစ်ခုအောက်တွင် စိတ်ဝိညာဥ်သွေးကြောကို ဖျက်ဆီးနိုင်မည် မဟုတ်ချေ။
လုယွီသည် ဤနေရာ၏ ခုခံကာကွယ်နိုင်မှုစွမ်းရည်ကို စမ်းသပ်နေဆဲပင်။ ဤနေရာသည် မည်မျှအဆင့်ထိ ခုခံကာကွယ်နိုင်စွမ်းရှိသည်ကို သူ သိရှိလိုသည်။
"ဘယ်လိုလဲ..."
ခွေးနက်ကြီးက သူ၏အမြှီးကို ဝှေ့ယမ်းပြီး အပြေးရောက်လာသည်။
လုယွီက သူ့၏ခေါင်းကို ခါယမ်းလိုက်သည်။
"ငါတို့ ဂရုစိုက်ဖို့လိုတယ်...ဒီသော့ခလောက်ကို ငါက အလွယ်တကူ ချိုးဖျက်နိုင်ပေမယ့် ဗုဒ္ဓဂိုဏ်းကလူတွေ မြန်မြန်ဆန်ဆန် သတိပြုမိသွားနိုင်တယ်"
ခွေးနက်ကြီးက သူ၏လက်နှစ်ဖက်ကို ပွတ်သပ်ပြီး စိတ်မရှည်သောလေသံဖြင့် ပြောဆိုသည်။
"ငါတို့က ဒီနေရာကို ကျူးကျော်ဝင်လာပြီးပြီ...ဒါကြောင့် ငါတို့တွေ လက်ဗလာနဲ့တော့ ပြန်မသွားနိုင်ဘူး....မင်းက အရမ်းအရည်အချင်းရှိတယ်...ဒါကြောင့် ဒီနဂါးသော့ခလောက်ကို မင်း ဖွင့်လိုက်တော့....ငါနဲ့မျောက်တို့က ဒီနေရာကနေ ရသလောက် ခိုးယူလာခဲ့မယ်"
လုယွီသည် ခွေးနက်ကြီး၏အကြံပေးမှုကို လျစ်လျူရှုလိုက်၏။
လုယွီ၏အာရုံခံမှုအောက်တွင် စိတ်ဝိညာဉ်သွေးကြော၏အထက်၌ ရှိနေသော သံကြိုးများသည် ရိုးရှင်းစွာ ယှက်နွယ်နေခြင်း မဟုတ်ချေ။ ထိုအရာများကို ဝင်္ကပါပုံစံတစ်ခုအရ ခင်းကျင်းထားခြင်းဖြစ်သည်။
ဤအရာကို ခွန်အားသီးသန့်ဖြင့် ချိုးဖျက်လျှင် ခက်ခဲမည် မဟုတ်ချေ။ သို့ရာတွင် ဤသံကြိုးကြီးများ၏အောက်တွင် ရှုပ်ထွေးသော ဝင်္ကပါလမ်းကြောင်းများဖြင့် ချိတ်ဆက်ထားသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ဂရုမစိုက်မိပါက ဝင်္ကပါထံမှ ပြင်းထန်းသောတုံ့ပြန်မှုများ ထွက်ပေါ်လာပေမည်။
ထိုအချိန်မှာပင် မြေအောက်ရှိ မှောင်မည်းသောနေရာမှနေ၍ ရှေးဟောင်းကျမ်းစာရွတ်ဆိုသံတစ်သံ ထွက်ပေါ်လာသည်။
ထိုအသံသည် ရှေးဟောင်းဘာသာစကားဖြင့် ရွတ်ဆိုခြင်းဖြစ်ကာ အသူရာချောက်နက်ကြီးတစ်ခုအတွင်းမှ ထွက်ပေါ်လာသည့် အလားပင်။ ဤအသံသည် ကြည်လင်ပြတ်သားပြီး ပဲ့တင်ထပ်နေကာ လူတစ်ယောက်၏စိတ်နှလုံးသားနှင့်စိတ်ဝိညာဥ်ကို လှုပ်ခတ်နိုင်စွမ်းရှိသည်။
"ဒါက ဗုဒ္ဓထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပဲ"
မျောက်၏မျက်နှာအမူအယာ သိသိသာသာ ပြောင်းလဲသွားသည်။
Chapter 4603
သူတို့သည် ဤလျှို့ဝှက်ဆန်းကြယ်သော ဗုဒ္ဓထိပ်သီးအစွမ်းထက်ကျင့်ကြံသူ ထွက်ပေါ်လာမည်ကို စိုးရိမ်သဖြင့် လမ်းတလျှောက်လုံး သတိကြီးစွာ ထားခဲ့ကြသည်။
ဤအချိန်အခိုက်အတန့်တွင် အဝေးတစ်နေရာမှရွတ်ဆိုသံနှင့်အတူ တောက်ပသော ဗုဒ္ဓအလင်းတန်းသည် မြေအောက်တစ်နေရာလုံးကိုလွှမ်းခြုံသွားပြီး ပတ်ဝန်းကျင်ရှိ အမှောင်ထုကြီးကို လွင့်ပြယ်သွားစေသည်။ ဤဗုဒ္ဓအလင်းရောင်တွင် ငြိမ်းချမ်းပြီး ကြည်လင်သောအငွေ့အသက်များဖြင့် ပြည့်နှက်နေကာ လူတစ်ယောက်အား ဗုဒ္ဓအပေါ် ကြည်ညိုလေးစားစိတ်များ ပေါက်ဖွားစေသည်။
ထိုနောက်မှာနေ၍ ကံကြမ္မာစွမ်းအားများ မျောလွင့်လာကာ သက်ရှိများအားလုံးမှ ကျမ်းစာရွတ်ဆိုနေသကဲ့သို့ အသံများက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေသည်။
မြေအောက်တွင် ယခင်ကဲ့သို့ မှောင်မည်းနေခြင်း မရှိတော့ချေ။ထိုအစား ရွှေရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေကာ ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများကို နေရာအနှံ့အပြား၌ ကြားနေရသည်။ စန္ဒကူးမွှေးရနံ့များကလည်း အရပ်မျက်နှာအဘက်ဘက်မှ ပျံ့လွ့င်လာကာ ပတ်ဝန်းကျင်ရှိ လေထုအတွင်း၌ ရစ်သိုင်းလွှမ်းခြုံနေသည်။
ဤကံကြမ္မာစွမ်းအားသည် အလွန်အစွမ်းထက်ပေ၏။ ဤသည်မှာ ဗုဒ္ဓဂိုဏ်းအတွင်းရှိ ဗုဒ္ဓကျင့်ကြံသူအများစုထက် များစွာပို၍ အစွမ်းထက်သည်။
"မင်းတို့နှစ်ယောက်...အရင်ဆုံး ဝင်လာခဲ့ကြတော့"
လုယွီသည် အန္တရာယ်အငွေ့အသက်ကို အာရုံခံမိလေ၏။ ထို့ကြောင့် သူသည် မျောက်နှင့်ခွေးနက်ကြီးကြီးတို့ကို သိုလှောင်အိတ်ကမ္ဘာငယ်လေးအတွင်းသို့ ဝင်ရောက်စေသည်။
တစ်ချိန်တည်းမှာပင် လုယွီသည် သူ၏ခန္ဓာကိုယ်ကို ဖုန်မှုန့်တစ်မှုန့်အဖြစ်ပြောင်းလဲလိုက်သဖြင့် ပင်လယ်ပြင်ကြီးအတွင်းရှိ သဲမှုန်တစ်မှုန်အလား အရိပ်အယောင်မရှိတော့သည့်အပြင် စုံစမ်းထောက်လှမ်း၍လည်း မရနိုင်ချေ။
သီရှား၏ ပုံစံခုနှစ်ဆယ့်နှစ်မျိုး ပြောင်းလဲခြင်း....
လုယွီသည် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖြက်ဝင်ရောက်ပြီးနောက် ဤနည်းစနစ်ကို အသုံးပြုသည်မှာ လွန်စွာရှာပါးသွားလေပြီ။
သီရှား၏ ပုံစံခုနစ်ဆယ့်နှစ်မျိုး ပြောင်းလဲခြင်းသည် အခြေခံမှော်မန္တန်များပင်။ ဤသည်ကိုအခြေခံအဖြစ် အသုံးပြုပြီး သူသည် တခြားကျင့်ကြံနည်းစနစ်များကို ဆင့်ပွားကျင့်ကြံနိုင်စွမ်းရှိသည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ ဤမှော်မန္တန်သည် အမြန်ဆုံးအသွင်ပြောင်းနိုင်သော အရာတစ်ခုပင်။
အတွေးတစ်ချက်နှင့်အတူ လုယွီသည် သဲမှုန်တစ်မှုန်အဖြစ် ပြောင်းလဲပြီး ဗုဒ္ဓအလင်းတန်း ထွက်ပေါ်လာသောနေရာသို့ ဦးတည်၍ ပျံသန်းသွားလိုက်၏။
သူပို ၍နက်ရှိုင်းစွာသွားမိလေလေ ဗုဒ္ဓအလင်းတန်းများ ပို၍တောက်ပလာလေလေပင်။
ဤသည်မှာ သူ၏ပတ်ဝန်းကျင်ရှိ မြေပြင်ကို မမြင်ရတော့လု နီးပါးပင်။ ထိုအစား သူသည် တောက်ပသော ဘုရားကျောင်းခန်းမတစ်ခုအတွင်းသို့ ရောက်ရှိသွားသည့်နှင့် တူညီနေပေ၏။ ပတ်ဝန်းကျင်ရှိ ဖယောင်းတိုင်များအားလုံးလည်း တောက်ပနေသည်။ ဘုန်းတော်ကြီးများသည် သစ်သားငါးများကိုခေါက်၍ ဗုဒ္ဓကျမ်းစာများကို ရွတ်ဆိုနေကြသည့် အသံများကိုလည်း ကြားရနိုင်သည်။
အလင်းရောင်....အကန့်အသတ်မဲ့ခြင်း...မြင့်မြတ်ခြင်း...
အကယ်၍ လုယွီထံတွင် ခိုင်မာသော စိတ်ဆန္ဒမရှိပါက ဤနေရာတွင် သူသည် တစ်ဖက်လူ၏ စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးခြင်းကို ခံရပေမည်။ အဆုံးသတ်၌ သူသည် တစ်ဖက်လူ၏ စကားများအားလုံးကို လုံးလုံးလျားလျား ယုံကြည်လက်ခံကာ မည်သည့်သံသယမျှ ရှိမည်မဟုတ်ချေ။ သူသည် ဗုဒ္ဓဂိုဏ်းအပေါ်ကြည်ညိုလေးစားလာကာ နောက်ဆုံး၌ အစွန်းရောက်ယုံကြည်သူတစ်ယောက် ဖြစ်လာပေမည်။
လုယွီသည် ချီစောင့်ကြည့်ခြင်းမှော်မန္တန်ကိုအသုံးပြုပြီး အဝေးတနေရာသို့ စူးစမ်းလေ့လာလိုက်သည်။
မြေအောက်၏ အဆုံးသတ်နေရာရှိ စိတ်ဝိညာဥ်သွေးကြောပေါ်တွင် ထူထပ်သိပ်သည်းသောမြူခိုးများ မျောလွင့်နေသည်။ ထိုမြူခိုးများအတွင်းတွင် အလွန်ကြီးမားသော ကံကြမ္မာစွမ်းအားများ တလိမ့်လိမ့်ထနေကာ အလင်းတန်းများအသွင်သို့ ပြောင်းလဲသွားသည်။
လူတစ်ယောက်သည် ဗုဒ္ဓ၏ရှေ့တွင် ဒူးထောက်ပြီး ကျမ်းစာများကိုရွတ်ဆိုပါက ကံကြမ္မာစွမ်းအားများ ထွက်ပေါ်လာပေမည်။ မရေမတွက်နိုင်သောလူများသည် နေ့ရောညပါ ဝတ်ပြုနေကြသဖြင့် အချိန်ကြာညောင်းလာချိန်တွင် ထိုကံကြမ္မာစွမ်းအားများမှ ထူးဆန်းသော သဘာဝလွန်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
လုယွီက လေအေးတစ်ချက် ရှိုက်သွင်းလိုက်သည်။ ဤကဲ့သို့ ထူးဆန်းသော သဘာဝလွန်ပုံရိပ်တစ်ခုကို ထုတ်လွှတ်နိုင်သောလူအား လျှော့တွက်၍ မရသည်မှာ သေချာပေါက်ပင်။
မီတာတစ်ထောင်ခန့် ဆက်သွားပြီးနောက် သူ့ရှေ့ရှိမြင်ကွင်းသည် ရုတ်တရက် ကြည်လင်ပြတ်သားစပြုလာကာ လေဟာနယ်နယ်မြေကြီးတစ်ခု ထွက်ပေါ်လာသည်။
လုယွီ၏အမြင်အာရုံအတွင်း၌ သစ်ပင်ကြီးတစ်ပင် ထွက်ပေါ်လာသည်။ ဤသစ်ပင်သည်ရွှေရောင်ရှိကာ သစ်ကိုင်းများပေါ်ရှိ သစ်ရွက်များအားလုံး ရွှေရောင်အလင်တန်များ တောက်ပနေသည်။ ဤသည်မှာ ထိုအရာများအားလုံးကို ရွှေဖြင့်သွန်းလုပ်ထားသည့်အလားပင်။
"ဘာလို့ မြေအောက်မှာ သစ်ပင်တစ်ပင် ရှိနေတာလဲ"
မျောက်နှင့်ခွေးနက်ကြီးတို့သည် အံ့အားသင့်တုန်လှုပ်သွားပေ၏။
ဤသစ်ကိုင်းများတွင် ကိုယ်ပိုင်အသိဉာဏ်ရှိပုံရကာ နေရာတစ်နေရာသို့ ဦးတည်၍ ဆန့်တန်းသွားပြီး ရှေ့နောက်စီးချက်ကျကျ လှုပ်ရှားနေသည်။
လုယွီ၏အကြည့်သည် ထိုသစ်ကိုင်းများ ဆန့်တန်းနေသောနေရာသို့ ကျရောက်သွားသည်။
ထိုနေရာရှိ လေဟာနယ်အတွင်းတွင် ရွှေရောင်ဗုဒ္ဓတစ်ပါး ပလ္လင်ခွေထိုင်နေသည်။ သူသည် ကျင့်ကြံဆင့်မြင့်မားပြီး သူ့၏ခန္ဓာကိုယ်မှနေ၍ တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပေ၏။
ဤရွှေရောင်ဗုဒ္ဓသည် ကြာပန်းတစ်ပွင့်ပေါ်တွင် ထိုင်နေကာ သူ၏နောက်၌ တောက်ပသော အလင်းဘီးကြီးတစ်ခု ရှိနေသည်။ ထိုအလင်းဘီးကြီး လှည့်ပတ်လိုက်သည့်အချိန်တိုင်း ထောင်သောင်းချီသော ဗုဒ္ဓသင်္ကေတအက္ခရာများ ထွက်ပေါ်လာသည်။
ဤအချိန်အခိုက်အတန့်တွင် ရွှေရောင်ဗုဒ္ဓသည် မျက်လုံးစုံမှိတ်ကာ သူ၏လက်နှစ်ဖက်ကို ပူးကပ်ထားသည်။ သူ၏နံဘေးပတ်လည်၌ ဗုဒ္ဓ၏လျှို့ဝှက်ကျမ်းစာစာလုံး သုံးသောင်းလှည့်ပတ်နေကာ လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့သည်။
သူ့ထံမှ ထွက်ပေါ်နေသော ဖိအားအရှိန်အဝါသည် မြင့်မားသောတောင်တစ်လုံးကဲ့သို့ အလွန်ကြီးမားကာ ဤနေရာပတ်ဝန်းကျင်တဝိုက်ကို လုံးလုံးလျားလျား လွှမ်းခြုံထားသည်။
"ဒီနေရာကို စောင့်ကြပ်နေတဲ့ ဗုဒ္ဓထိပ်သီးအစွမ်းထက် ကျင့်ကြံသူတစ်ယောက် တကယ်ကြီး ရှိနေတာပါလား...မျောက်စုတ် ငါတို့တွေ မင်းကြောင့် သေရတော့မယ်"
သိုလှောင်အိတ်ကမ္ဘာငယ်လေးအတွင်း၌ ရှိနေသော ခွေးနက်ကြီးသည် မျောက်ထံသို့ အသံပေးပို့ကာ ဒေါသတကြီး ဆဲဆိုလိုက်၏။
Chapter 4604
မြေအောက်ရှိ လေဟာနယ်အတွင်းတွင် ဗုဒ္ဓတစ်ပါး ကြီးကျယ်ခမ်းနားစွာ ပလ္လင်ခွေထိုင်နေကာ ဗုဒ္ဓကျမ်းစာသံများသည် သာယာနာပျော်ဖွယ် ပျံ့လွင့်နေပေ၏။
မျက်စိဖြင့်မြင်နိုင်သမျှ အကွာအဝေးထိ မီးတောက်များနှင့်တူညီသော တောက်ပသည့်အလင်းတန်းများဖြင့် ပြည့်နှက်နေကာ လောကကြီးကို လောင်ကျွမ်းသွားတော့မည့် အလားပင်။ ထိုအလင်းတန်းများ၏ စူးရှမှုကြောင့် တခြားမည်သည့်အရာမျှ တစ်စုံတစ်ယောက်၏အမြင်အာရုံအတွင်းသို့ ဝင်ရောက်နိုင်မည် မဟုတ်ချေ။
ဤကဲ့သို့ အစွမ်းထက်သော အရှိန်အဝါကြောင့် နံဘေးရှိ ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲသွားသည်။ ပုံမှန်အားဖြင့် ဤမြေအောက်နေရာတွင် အမြဲတစေ ပုတ်သိုးဆွေးမြည့်ကာ စိုစွတ်နေသော မြေသားများသာ ရှိသည်။ သို့ရာတွင် ဤဗုဒ္ဓ၏တည်ရှိမှုကြောင့် ပတ်ဝန်းကျင်ရှိဥပဒေသများ ပြောင်းလဲသွားကာ ဤနေရာကို မြေဆီမြေနှစ်ပြည့်ဝသော မြေသားအဖြစ်သို့ ပြောင်းလဲသွားစေသည်။
အရပ်မျက်နှာအဘက်ဘက်တွင် အမျိုးအစားစုံလင်သော သစ်ပင်ပန်းမန်များဖြင့် ပြည့်နှက်နေသည်။ ထိုသစ်ပင်ပန်းမန်များ၏ကြီးထွားနှုန်းသည် အလွန်လျင်မြန်ပေ၏။ ဤနေရာတွင် အဖိုးတန်ရှားပါးသော ရတနာသစ်ပင်များလည်း ပေါက်ရောက်နေသည်။
မှောင်မည်းနေသော မြေအောက်လေဟာနယ်အတွင်းတွင် ဤကဲ့သို့ မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်မှာ အလွန်ထူးဆန်းသော ကိစ္စတစ်ရပ်ပင်။
"ဒါက တကယ့်ကို ဗုဒ္ဓတစ်ပါးပဲ...လုယွီ မင်း သူ့ကို အနိုင်ယူနိုင်လား"
မျောက်က အသံပေးပို့ပြီး မေးမြန်းသည်။
လုယွီက တုံ့ပြန်မေးမြန်းလိုက်၏။
"အဲ့ဒီဗုဒ္ဓက ဘယ်သူလဲဆိုတာ မင်း သိလား"
မျောက်က ပြောဆိုသည်။
"ဗုဒ္ဓလောကမှာ ဗုဒ္ဓသုံးထောင်ရှိတယ်...သူတို့ရဲ့နာမည်တွေက အရမ်းရှုပ်ထွေးတယ်...သူတို့ထဲကတချို့ရဲ့ ကျင့်ကြံဆင့်နယ်ပယ်တွေက အရမ်းမြင့်မားတယ်...သူတို့ရဲ့နည်းစနစ်တွေက နက်နဲသိမ်မွေ့ပြီးတော့ သူတို့က ကံကြမ္မာကောင်းတွေကို ပိုင်ဆိုင်ထားတယ်...သူတို့ထဲက တချို့ကတော့ ကျင့်ကြံတာကိုပဲ အာရုံစိုက်ပြီး တံခါးပိတ်ကျင့်ကြံနေကြတယ်.... အခုအချိန်မှာ ဒီဗုဒ္ဓရဲ့နာမည်ကို ငါ သေချာမသိဘူး...ငါ ဒီနေရာကို ပထမဆုံးရောက်တဲ့ အချိန်တုန်းက သူ ထုတ်လွှတ်ထားတဲ့စွမ်းအားကြောင့် ကြောက်လန့်ပြီး နောက်ပြန်ဆုတ်ခဲ့ရတယ်...ဒီတစ်ကြိမ်တော့ သူက ငါ ထင်ထားတာထက် ပိုပြီးအားကောင်းတယ်ဆိုတာ ငါ သိသွားပြီ"
"ဗုဒ္ဓသုံးထောင်လား...ဒါက ကောင်းကင်ဘုံနန်းတွင်းနဲ့တောင် ယှဉ်ပြိုင်နိုင်လုနီးပါးပဲ...ဗုဒ္ဓဂိုဏ်းက ရှေးဟောင်းခေတ်အချိန်ကာလမှာ ဘာဆုံးရှုံးမှုကိုမှ မခံစားခဲ့ရဘူးလား...ဒါက အရမ်းတရားလွန်တယ်"
ခွေးနက်ကြီးက မကျေမနပ် ပြောဆိုသည်။
လုယွီပင်လျင် ရှင်းပြနိုင်စွမ်းမရှိသော ထိတ်လန့်တုန်လှုပ်မှုကို ခံစားမိလေ၏။
သူသည် ဗုဒ္ဓဂိုဏ်းနှင့် ပတ်သက်ပြီး များစွာမသိရှိချေ။
လုယွီ သတ်ခဲ့သော ဗုဒ္ဓဘုရားလောင်းများသည် ဗုဒ္ဓဂိုဏ်းအတွင်း၌ အရေးမပါသောအသေးအဖွဲများသာဖြစ်သည်။ ဗုဒ္ဓဘုရားလောင်းများ၏အထက်တွင် ဗုဒ္ဓဂိုဏ်း၏ အစစ်အမှန်ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ဖြစ်သော ဗုဒ္ဓများ ရှိသည်။ ထိုဗုဒ္ဓများအနက်မှ မည်သည့်တစ်ယောက်မဆို လောကကြီးကို လှုပ်ခတ်နိုင်ပေ၏။
ဤသည်မှာ ဗုဒ္ဓဂိုဏ်း၏ အစစ်အမှန် အခြေခံအုတ်မြစ်ပင်။ အတိတ်တွင် ကောင်းကင်ဘုံဧကရာဇ် ကျိုးထျန်းယင်ပင်လျှင် ဗုဒ္ဓဂိုဏ်းကို အပြည့်အဝ ဖျက်ဆီးနိုင်ခဲ့ခြင်း မရှိချေ။
"သူ့ကိုကြည့်ရတာ တစ်ခုခုကို ချိတ်ပိတ်နေတဲ့ပုံပဲ"
လုယွီက ပြောဆိုသည်။
အဝေးတစ်နေရာတွင် ရှိနေသော ရွှေရောင်ဗုဒ္ဓသည် နောက်ဆုံး၌ လှုပ်ရှားလိုက်၏။
သူ၏ရွှေရောင်ခန္ဓာကိုယ်မှာ အလွန်ကြီးမားသည်။ သူ့၏လက်ဝါးကို ဆန်တန်းပြီး ရိုက်ထုတ်လိုက်ရာ အလွန်ကြီးမားကျယ်ပြန့်သော လက်ဝါးပုံရိပ်ယောင်ကြီးက လေထုကိုဖြတ်သန်းသွားကာ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို တုန်ခါသွားစေသည်။
ထိုနေရာတွင် အကန့်အသတ်မဲ့သော ရွှေရောင်အလင်းတန်းများ တောက်ပနေကာ ကျမ်းစာရွတ်ဆိုသံများကလည်း မြေအောက်၌ ပျံ့လွင့်နေသည်။ ဤသည်မှာ ထောင်သောင်းချီသော ဘုန်းတော်ကြီးများသည် ကျမ်းစာများကို တပြိုင်နက်တည်း ရွတ်ဆိုနေသည့်အလားပင်။
ရွှေရောင်ဗုဒ္ဓ၏ရှေ့တွင် ထောင်နှင့်ချီသော ခရမ်းရောင်အလင်းတန်းများ တဖျတ်ဖျတ်တောက်ပလာပြီး ဗုဒ္ဓ၏လက်ဝါးရိုက်ချက်ကို ပိတ်ဆို့ဟန့်တားရန် ကြိုးပမ်းနေသည်။
သို့ရာတွင် ထိုရွှေရောင်ဗုဒ္ဓ၏လက်ဝါးရိုက်ချက်သည် အလွန်အမင်း အစွမ်းထက်ပေ၏။ ဤသည်မှာ ထိုက်တောင်ကြီးတစ်တောင်အလား အောက်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားကာ တုန်ခါသံများက မိုးနှင့်မြေအကြားတွင် ပဲ့တင်ထပ်နေသည်။ ဤလက်ဝါးပုံရိပ်ယောင်ကြောင့် ခရမ်းရောင်အလင်းတန်းများသည် နောက်သို့ ပြန်လည်တွန်းထုတ်ခြင်း ခံလိုက်ရတော့သည်။
ခရမ်းရောင်အလင်းတန်းများ ပျက်ပြယ်သွားချိန်တွင် အမျိုးသမီးတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။
ထိုအမျိုးသမီး၏ အဖြူရောင်ဝတ်စုံ၌ သွေးများစွန်းထင်းနေကာ သူမ၏လက်များနှင့်ခြေထောက်များကို နံရံဖြင့်ကပ်ပြီး နဂါးလှောင်ပိတ်ခြင်းသံကြိုးလေးကြိုးဖြင့် ချည်နှောင်ထားသည်။ ထိုသံကြိုးလေးကြိုးကို ပတ်ဝန်းကျင်ရှိ စိတ်ဝင်ညာဥ်သွေးကြောဖြင့် ချိတ်ဆက်ထားပြီး အမျိုးသမီးကို နေရာမှာပင် အခိုင်အမာလှောင်ပိတ်ထားပေ၏။
သူမ၏ အနက်ရောင်ဆံနွယ်ရှည်များသည် ရေတံခွန်တစ်ခုအလား ဖြာကျနေသည်။ သူမ၏မျက်လုံးတစ်စုံကို တင်းတင်းကြပ်ကြပ် စုံမှိတ်ထားကာ သူမ၏မျက်လုံးအတွင်းမှ သွေးစည်းကြောင်းနှစ်ကြောင်း ယိုစီးကျနေသည်။ သူမ၏နူးညံ့ချောမွတ်သော လည်ပင်းပေါ်တွင် ကြာပွတ်ရာများဖြင့် ပြည့်နှက်နေကာ သူမ မည်မျှထိ ညှင်းပန်းနှိပ်စက်ခံထားရသည်ကို မသိနိုင်ချေ။
ဘန်း....
ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် အမျိုးသမီး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ သူမ၏ပါးစပ်မှ ရုတ်တရက် သွေးအမြောက်များ အန်ထွက်လာကာ သူမ၏ကြီးကျယ်ခမ်းနားသောအရှိန်အဝါ အနည်းငယ်အားပျော့သွားသည်။
"အော်မိတောဖော...ဗုဒ္ဓက သနားငဲ့ညှာတယ်"
ရွှေရောင်ဗုဒ္ဓသည် ဗုဒ္ဓမန္တန်တပုဒ်ကို ရွတ်ဆိုပြီး သူ၏လက်ကိုမြှောက်ကာ အမျိုးသမီးရှိရာနေရာသို့ ဦးတည်ပြီး တဖန်ထက်၍ ဖိနှိပ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် အစွမ်းထက်သော စုပ်ယူအားလှိုင်းတစ်ရပ်သည် အမျိုးသမီး၏ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားပေ၏။
အမျိုးသမီးသည် မျက်မှောက်တင်းတင်းကြပ်ကြပ် ကြုတ်ထားကာ သူမသည် အလွန်ကြီးမားသော နာကျင်မှုကို ခံစားနေရသည်မှာ သိသာထင်ရှားသည်။
အမျိုးသမီး၏ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တသိမ့်သိမ့်တုန်သွားသည်။ သူမကို ရစ်ပတ်ထားသော နဂါးလှောင်ပိတ်ခြင်းသံကြိုးများမှနေ၍ တဝုန်းဝုန်းအသံများ ထွက်ပေါ်လာပေ၏။
အမျိုးသမီး၏ပါးစပ်နှင့်နှာခေါင်းမှ ခရမ်းရောင်အခိုးအငွေ့များ ပျံ့လွင့်လာကာ ရွှေရောင်ဗုဒ္ဓ၏ဝါးမျိုခြင်းကို ခံလိုက်ရသည်။
Chapter 4605
ဤဝါးမြိုခြင်းသည် အမွေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာခန့် ကြာမြင့်ခဲ့သည်။
ခရမ်းရောင်အခိုးအငွေ့များ လွင့်ပြယ်သွားပြီးနောက် အမျိုးသမီးသည် ပို၍အားနည်းသွားကာ သူမ၏ခေါင်းသည် နံဘေးတစ်ဖက်သို့ ငိုက်စိုက်ကျသွားလေ၏။
သူမ၏မျက်နှာသည် အလွန်အမင်းဖြူဖျော့နေကာ သွေးရောင်မရှိတော့ဘဲ လူသေတစ်ယောက်အလားပင်။
သူမထံမှ ထွက်ပေါ်နေသည့် ဖျော့တော့တော့အသက်ရှုသံကြောင့်သာ ဤအမျိုးသမီး အသက်ရှင်သန်နေဆဲဖြစ်ကြောင်း သိရှိနိုင်သည်။
အမျိုးသမီး၏နှုတ်ခမ်းထောင့်မှ သွေးစီးကြောင်းတစ်ကြောင်း ယိုစီးကျလာသည်။
သို့ရာတွင် သူမ၏လက်များကို ချည်နှောင်ခြင်းခံထားရသဖြင့် ထိုသွေးများကို မသုတ်နိုင်ချေ။ ထိုသွေးများသည် သူမ၏ပါးစပ်မှ စီးကျလာပြီးနောက် သူမ၏အဝတ်အစားများကို စွန်းထင်းသွားစေသည်။
ခရမ်းရောင် စိတ်ဝိညာဥ်စွမ်းအားများကို ဝါးမြိုပြီးနောက် ရွှေရောင်ဗုဒ္ဓ၏ခန္ဓာကိုယ်ပေါ်ရှိ ဖိအားအရှိန်အဝါ ပို၍အားကောင်းလာသည်။ သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခု ထင်ဟပ်လာကာ စိတ်ကျေနပ်ခြင်းများဖြင့် ပြည့်နှက်နေပေ၏။ ဤသည်မှာ ထူးဆန်းသော မြင်ကွင်းတစ်ခုပင်။
"ဗုဒ္ဓရောင်ခြည်က လောကကြီးတစ်ခုလုံးကို လွှမ်းခြုံထားပြီးတော့ သနားညှာတာမှုနဲ့ ပြည့်စုံတယ်"
ရွှေရောင်ဗုဒ္ဓသည် သူ၏လက်နှစ်ဖက်ကို တဖန်ပြန်၍ ပူးကပ်ပြီး ကျမ်းစာများကို စတင်၍ရွတ်ဆိုလိုက်သည်။
ဗုဒ္ဓကျမ်းစာသံများ ပဲ့တင်ထပ်လာစဉ်တွင် အမျိုးသမီး၏ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင်ချီစွမ်းအားများ ပို၍အားနည်းလာကာ အချိန်မရွေး ငြိမ်းသေသွားတော့မည့်အလားပင်။
ဤမြင်ကွင်းသည် အလွန်အမင်း ထူးဆန်းပေ၏။ ဂုဏ်သတင်းကြီးမားသော စိတ်ဝ်ိညာဥ်တောင်၏ ဗုဒ္ဓတစ်ပါးသည် မြေအောက်၌ ပုန်းကွယ်ကာ အမျိုးသမီးတစ်ယောက်၏စွမ်းအားများကို စုပ်ယူနေသည်။
"ဒီဗုဒ္ဓက အင်မော်တယ်ရဲ့စွမ်းအားတွေကို သန့်စင်နေတာပါလား"
လုယွီသည် ဤအမျိုးသမီးကို ကြည့်ပြီးနောက် သူ၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။
မြေအောက်၌ လှောင်ပိတ်ခံထားရသော အမျိုးသမီးသည် အချိန်မည်မျှထိကြာအောင် ညှဉ်းပန်းနှိပ်စက်ခံထားရသည်ကို မည်သူမျှ မသိနိုင်ချေ။ သူမ၏ပတ်ဝန်းကျင်ရှိ ကြီးကျယ်ခမ်းနားသော အရှိန်အဝါသည် ယခင်နှင့် မတူညီတော့ဘဲ အလွန်အမင်းအားနည်းနေသည်။ သူမ၏အသက်မီးတောက်သည်လည်း မုန်တိုင်းအလယ်ရှိ ဖယောင်းတိုင်မီးတောက်တစ်ခုအလား အချိန်မရွေး ငြိမ်းသေသွားတော့မည့်ပုံပင်။
သို့ရာတွင် ဤအမျိုးသမီးသည် အစစ်အမှန် အင်မော်တယ်တစ်ယောက် ဖြစ်ပေ၏။
လုယွီကိုယ်တိုင်သည်လည်း ရှေးဟောင်း အစစ်အမှန်အင်မော်တယ်တစ်ယောက် ဖြစ်သဖြင့် သူမ၏တည်ရှိမှုကို အာရုံခံနိုင်သည်။
ဤလောကကြီးအတွင်း၌ အစစ်အမှန်အင်မော်တယ်များသည် ဖီးနစ်ငှက်မွှေးနှင့်ချီလင်ဦးချိုတို့ကဲ့သို့ အလွန်အမင်းရှာပါးသည်။
လုယွီသည် ရှေးဟောင်းခေတ်၏အမွေအနှစ်များကို ဆက်ခံနိုင်ခဲ့သည်။ တာအို ဒုတိယအဆင့်သို့ ရောက်ရှိပြီးနောက် သူသည် ရှေးဟောင်းတာအိုအင်မော်တယ်လမ်းကြောင်းကို စတင်၍ လျှောက်လှမ်းခဲ့လေ၏။ ထို့ကြောင့် နှောင်းပိုင်းမျိုးဆက်များရှိ အတုအယောင်အင်မော်တယ်များနှင့် မတူညီဘဲ သူ့၏တိုက်ခိုက်ရေးစွမ်းအားသည် ကျင့်ကြံဆင့်နယ်ပယ်တူများထက် များစွာပို၍အားကောင်းသည်။
ထိုက်ဟွာကျမ်းစာကိုရရှိထားသော လုကျိုးရှောင်ကဲ့သို့ တစုံတစ်ယောက်သည်လည်း ရှေးဟောင်းကျင့်ကြံနည်းစနစ်များကို ကျင့်ကြံနိုင်သည်။ သူသည် သူ၏ ယခင်ကျင့်ကြံနည်းစနစ်ကို ပယ်ဖျက်ကာ နက်နဲသိမ်မွေ့သောတာအိုကျမ်းစာနည်းစနစ်များကို စတင်၍ကျင့်ကြံခဲ့လေ၏။
ဤအမျိုးသမီးသည် အလွန်အမင်းညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ခံထားရသဖြင့် စကားမပြောနိုင်တော့ချေ။ သို့ရာတွင် လုယွီက သူမသည် သူနှင့်လူကျိုးရှောင်တို့ လျှောက်လှမ်းလာသည့်လမ်းကြောင်းနှင့် မတူညီကြောင်း သိရှိထားသည်။
သူမသည် ရှေးဟောင်းခေတ်ကာလအတွင်းမှ ဆင်းသက်လာသော အင်မော်တယ်တစ်ယောက်ဖြစ်ပြီး ယခုအချိန်ထိ အသက်ရှင်သန်နေခြင်းပင်။
"ငါက ဘာလို့ သူ့ရဲ့အကြောင်းကို အရင်က မကြားဖူးတာလဲ"
လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။သူ့၏မျက်လုံးများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပေ၏။
ရှေးဟောင်းကောင်းကင်ဘုံနန်းတော် ပျက်စီးသွားပြီးနောက် အင်မော်တယ်များအားလုံး သေဆုံးသွားလေပြီ။ လုယွီသည် တစ်ချိန်တုန်းက လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ပုံရိပ်ယောင်ကမ္ဘာအတွင်းတွင် ဤကိစ္စများကို ကြုံတွေ့ပြီးဖြစ်သည်။ ထိုအချိန်တုန်းက ရှေးဟောင်းကောင်းကင်ဘုံနန်းတော်တွင်ရှိသော အင်မော်တယ်များအားလုံး သေဆုံးသွားခဲ့ကြသည်။
"သူ ဘယ်သူလဲဆိုတာ ငါ မမှတ်မိဘူး...သူ့ရဲ့ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်...သူ့ရဲ့အသက်မီးတောက်ကလည်း အရမ်းအားနည်းနေပြီ"
ခွေးနက်ကြီးက ညည်းတွားလိုက်သည်။
မျောက်က ရုတ်တရက် ပြောဆိုသည်။
"ငါတို့ ဒီလို လုပ်ကြမလား...အဲဒီဗုဒ္ဓကိုသတ်ပြီးတော့ သူ့ကို ကယ်ကြရအောင်"
သူ့၏လေသံသည် အလွန်အမင်း တည်ကြည်လေးနက်နေပေ၏။ သူသည် ယခင်က သူ၏ပုံစံနှင့် အလွန်ကွဲပြားခြားနားနေသည်။
ခွေးနက်ကြီးက အော်ဟစ်လိုက်သည်။
"မျောက်စုတ်...မင်း ရူးနေတာလား...ဒီဗုဒ္ဓကောင်က သွားရှုပ်လို့မရတဲ့ကောင်ဆိုတာ မင်း မသိဘူးလား....ငါတို့ဘက်မှာ လူများတယ် ဆိုပေမယ့် ငါတို့က သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး...အခန့်မသင့်ရင် ငါတို့ ဒီနေရာမှာတင် သေသွားနိုင်တယ်"
"ငါတို့တွေ နောက်ကနေ အလစ်ဝင်တိုက်ပြီးတော့ သူ့ကို သတ်ကြရအောင်"
မျောက်၏မျက်လုံးများ အလွန်အမင်း စူးရှတောက်ပနေသည်။
"ငါက လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုလိုက်ရင် သိုင်းပညာအင်မော်တယ်တစ်ယောက်ရဲ့ခွန်အားကို ထုတ်လွှတ်နိုင်တယ်...လုယွီကလည်း သိုင်းပညာအင်မော်တယ်တစ်ယောက်ပဲ....သိုင်းပညာအင်မော်တယ်နှစ်ယောက်ရဲ့ ပူးပေါင်းစွမ်းအားနဲ့ဆိုရင် တကယ်လို့ ငါတို့က သူ့ကို မသတ်နိုင်ရင်တောင် သူ့ကို ဒဏ်ရာအပြင်းအထန် ရသွားစေလိမ့်မယ်...အတိတ်မှာတုန်းက ကောင်းကင်ဘုံဧကရာဇ်က မင်းကို လုပ်ကြံသတ်ဖြတ်နည်းတချို့ သင်ပေးထားခဲ့တယ် မဟုတ်လား...မင်း အဲ့ဒါတွေကို အသုံးပြုလိုက်ရင် သူ သေရမှာ သေချာတယ်"
လုယွီ၏ နတ်ဘုရားစိတ်အာရုံသည် သိုလှောင်အိတ်အတွင်းသို့ ကျရောက်သွားပြီးနောက် ချက်ချင်းဆိုသလိုပင် မျောက်ထံမှ ပြင်းထန်သော တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒကို ခံစားမိသည်။
"မင်း အဲ့ဒီလိုလုပ်ဖို့ တကယ်စဉ်းစားနေတာလား....တကယ်လို့ အဲ့ဒီဗုဒ္ဓမသေဘူးဆိုရင် ငါတို့တွေက ဒီစိတ်ဝိညာဥ်တောင်ကနေ ထွက်သွားလို့မရမှာကို ငါ စိုးရိမ်မိတယ်"
လုယွီက ပြောဆိုသည်။
Thank For Reading.