← Chapters

အခန်း (၄၆၀၆-၄၆၁၀)

Vol. 234 Ch. 4606-4610

အခန်း (၄၆၀၆-၄၆၁၀)

Vol. 234 Ch. 4606-4610

Chapter 4606

"စည်းစိမ်ဥစ္စာဆိုတာ အန္တရာယ်ကြားကနေ လာတာ....အခုချိန်မှာ အဲ့ဒီဗုဒ္ဓရဲ့အာရုံက ငါတို့အပေါ်မှာ မရှိဘူး... ငါတို့ တိတ်တဆိတ် ချောင်းမြောင်းတိုက်ခိုက်လိုက်ရင် သူ့ကို တစ်ချက်တည်းနဲ့ သေချာပေါက် အပြတ်ရှင်းနိုင်တယ်"

မျောက်၏ တိုက်ခိုက်လိုစိတ်သည် အထွတ်အထိပ်သို့ ရောက်နေလေပြီ။

"အဓိကအချက်ကတော့ ဒီစိတ်ဝိညာဥ်သွေးကြောထဲကနေ စိတ်ဝိညာဉ်ကျောက်တုံးတွေ သန်းရာထောင်ချီပြီး ရနိုင်တယ်....ဒီလောက်ထိ ကြီးမားတဲ့ စည်းစိမ်ဥစ္စာတွေကို ဗုဒ္ဓဂိုဏ်းလက်ထဲ အဆုံးရှုံးခံမယ့်အစား ငါတို့ ယူသွားလိုက်တာက ပိုကောင်းတယ်"

ငွေဟု ဆိုလိုက်သည်နှင့် ခွေးနက်ကြီး၏နားရွက်များ ထောင်သွားသည်။

"သေနာကျ မျောက်စုတ်....မင်းက အစကတည်းက ငါတို့ကို အကွက်ချ ကြံစည်နေတာကိုး....ဒါပေမဲ့ ဒီငွေတွေကတော့ ငါ့ကိုတောင် မနာလို ဖြစ်သွားစေတယ်.... သောက်ကျိုးနည်း...သူတို့က ဘယ်လိုလုပ်ပြီးတော့ ဒီလောက်တောင် ချမ်းသာနေရတာလဲ...."

ခွေးနက်ကြီးသည် ကျယ်လောင်စွာ ကျိန်ဆဲလိုက်ရင်း သူ၏မျက်လုံးများသည် နီမြန်းလာသည်။

အခြေခံအားဖြင့် ဤကျယ်ပြောလှသော စိတ်ဝိညာဉ်သွေးကြောပင်လယ်ကြီးအတွင်းတွင် မည်သူမျှ စိတ်တည်ငြိမ်စွာ မနေနိုင်ပေ။

ဤသည်မှာ ဗုဒ္ဓဂိုဏ်းက ပိုင်ဆိုင်သော စိတ်ဝိညာဉ်သွေးကြောများအနက် တစ်ကြောမျှသာ ဖြစ်သည်။ ဤအချက်ကိုကြည့်ခြင်းအားဖြင့် ဗုဒ္ဓဂိုဏ်းသည် မည်မျှထိ ချမ်းသာကြွယ်ဝကြောင်း စိတ်ကူးကြည့်နိုင်ပေ၏။

"လုယွီ....မင်းဘယ်လိုထင်လဲ"

မျောက်က လုယွီကို ကြည့်လိုက်သည်။

ဤနေရာတွင် လုယွီ၏ တိုက်ခိုက်ရေးအင်အားမှာ အမြင့်ဆုံးဖြစ်ပြီး သူသည် အရာအားလုံး၏ အရှင်သခင် ဖြစ်နေဆဲပင်။

လုယွီသည် စကားတစ်ခွန်းမှမဆိုဘဲ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲကာ ရွှေရောင်ဗုဒ္ဓ၏နံဘေးသို့ ပျံဝဲသွားပြီး အခွင့်အရေးကို စောင့်ဆိုင်းလိုက်သည်။

ရွှေရောင်ဗုဒ္ဓသည် သေးငယ်သော ဖုန်မှုန့်တစ်စကို သတိပြုမိပုံမရပေ။ ထိုအစား သူ၏စိတ်အာရုံကို ကျောက်နံရံတွင် ချုပ်နှောင်ခံထားရသော မိန်းကလေးထံတွင်သာ စူးစိုက်ထားသည်။

ကျမ်းစာရွတ်ဖတ်သံသည် နှစ်နာရီကြာမျှ ဆက်လက်ထွက်ပေါ်နေပြီး ပဲ့တင်သံသည် အချိန်အတော်ကြာသည့်တိုင် ပျောက်ကွယ်မသွားခဲ့ပေ။

ဤသည်မှာ ကျယ်ဝန်းသော တောင်ကြားအတွင်းတွင် ဘုန်းတော်ကြီးသောင်းပေါင်းများစွာမှ တစ်ပြိုင်နက်တည်း ကျမ်းစာရွတ်ဖတ်နေသည့်အလားပင်။ ပတ်ဝန်းကျင်သည် မယုံနိုင်လောက်အောင် လင်းထိန်လာပြီး ကိုးကွယ်ယုံကြည်မှုစွမ်းအားမှ ဖြစ်ပေါ်လာသော စန္ဒကူးနံ့သာရနံ့သည် လေထုအတွင်းတွင် ပျံ့လွင့်နေပေ၏။

"ငါတို့ ဗုဒ္ဓဂိုဏ်းက မင်းကို နှစ်ပေါင်းများစွာကြာတဲ့အထိ တရားပြဆုံးမခဲ့ပေမယ့် မင်းလို မကောင်းဆိုးဝါးသတ္တဝါတစ်ကောင်ကို ဒီနေ့ထိ အမှန်တရားဘက်ကို မပို့ဆောင်နိုင်သေးဘူး.... အပြင်ဘက်က နတ်ဆိုးတွေတောင် ဗုဒ္ဓဂိုဏ်းကို ကူးပြောင်းသွားကြပြီ...ဒါပေမဲ့ မင်းကတော့ အရမ်းခေါင်းမာတယ်....ထာဝရအသက်ရဲ့ လျှို့ဝှက်ချက်ကို ဘယ်တော့မှ ငါ့ကို ပေးအပ်မှာလဲ"

ရွှေရောင်ဗုဒ္ဓက ဗုဒ္ဓဂိုဏ်း၏ ခြင်္သေ့ဟောက်သံနည်းစနစ်ကို အသုံးပြုပြီး ဟိန်းဟောက်လိုက်သည်။ မြေအောက်ကမ္ဘာတစ်ခုလုံးသည် ထိုအသံနှင့်အတူ ပြင်းထန်စွာ တုန်ခါသွားပေ၏။

ထိုအမျိုးသမီးသည် တုံ့ပြန်အဖြေမပေးချေ။ သူမ၏ နှုတ်ခမ်းထောင့်များ အနည်းငယ်ကော့တက်သွားပြီး လှောင်ပြောင်သည့် အရိပ်အယောင်တစ်ခုကို ဖော်ပြနေသည်။

ထိုအပြုံးသည် ရွှေရောင်ဗုဒ္ဓ၏ မျက်လုံးအတွင်းသို့ ဝင်သွားချိန်၌ အလွန်မျက်စိစူးဖွယ် ဖြစ်သွားသည်။

ဤရွှေရောင်ဗုဒ္ဓသည် ဗုဒ္ဓဂိုဏ်းတွင် အလွန်မြင့်မားသော အဆင့်အတန်းရှိပြီး မရေမတွက်နိုင်သော ကိုးကွယ်ယုံကြည်သူများ ရှိသည်။

သို့ရာတွင် သူသည် မှောင်မိုက်ပြီးစိုစွတ်သော မြေအောက်ကမ္ဘာရှိ ဤနေရာ၌ ချုပ်နှောင်ခံထားရသော အမျိုးသမီးတစ်ဦး၏ လှောင်ပြောင်မှုကို ခံလိုက်ရသည်။ ဤအဖြစ်ကြောင့် ရွှေရောင်ဗုဒ္ဓ၏ တာအိုနှလုံးသားကို မတည်မငြိမ်ဖြစ်စေပြီး အဆုံးမဲ့ဒေါသမီးများဖြင့် ပြည့်နှက်သွားစေသည်။

ဤဗုဒ္ဓတွင် ဒေါသထွက်နေသော မျက်လုံးတစ်စုံရှိပြီး ရွှေရောင်ဖြာထွက်နေသော သူ၏မျက်နှာသည် ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းပြီး ကြမ်းတမ်းခက်ထန်သွားသည်။ သူ၏ ကရုဏာနှင့် မေတ္တာထားသော မျက်နှာသည် မျက်စိတစ်မှိတ်အတွင်း ကြမ်းကြုတ်သော တစ္ဆေတစ်ကောင်၏ ပုံစံသို့ ပြောင်းလဲသွားပေ၏။

ဗုဒ္ဓအလင်းရောင်သည် ဆက်လက်၍ ခမ်းနားတောက်ပနေဆဲဖြစ်သော်လည်း လူတို့ကို ကြောက်ရွံ့တုန်လှုပ်စေသော သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

"ဒီဗုဒ္ဓက ဒီနေရာမှာ အင်မော်တယ်တစ်ယောက်ကို သန့်စင်နေတာက သူ့ရဲ့ ခန္ဓာကိုယ်ထဲက ထာဝရအသက်ရဲ့ လျှို့ဝှက်ချက်ကြောင့်ပါလား"

လုယွီသည် ချက်ချင်းဆိုသလိုပင် အဖြစ်မှန်ကို နားလည်သဘောပေါက်သွားသည်။

ရှေးဟောင်းတာအိုအင်မော်တယ်များသည် လောက၏နိယာမများကို ကျော်လွန်သော တည်ရှိမှုများ အမှန်ပင်။ သူတို့သည် သံသရာလမ်းကြောင်းခြောက်ကြောင်းအတွင်းသို့ မဝင်ရောက်ဘဲနေနိုင်ကာ သူတို့၏ သက်တမ်းသည် ကောင်းကင်ဘုံနှင့် တန်းတူဖြစ်ပေ၏။

သို့ရာတွင် ရှေးဟောင်ကောင်းကင်ဘုံနန်းတော် ပျက်စီးသွားပြီးကတည်းက ပြီးပြည့်စုံသော ကျင့်ကြံခြင်းလမ်းစဉ်သည် ပျောက်ကွယ်သွားခဲ့ပြီး ထာဝရအသက်၏ လျှို့ဝှက်ချက်သည်လည်း မတည်ရှိတော့ချေ။

ဤမြင်ကွင်းကို မြင်ချိန်၌ လုယွီ၏စိတ်နှလုံးသားအတွင်းတွင် ဖော်မပြနိုင်သော စက်ဆုပ်ရွံရှာမှုကို ခံစားလိုက်ရသည်။

ယခင်က ပိုင်ဆုချင်၏ ခန္ဓာကိုယ်ပေါ်ရှိ စကားလုံးကိုးလုံး လျှို့ဝှက်မှော်မန္တန်ကို သူမ၏ဖခင်က ပေးအပ်ခဲ့သော်လည်း ဗုဒ္ဓဂိုဏ်း၏ တပ်မက်ခြင်းကို ခံရကာ သူမ၏ စိတ်ဝိညာဉ်ကို ထိခိုက်ပျက်စီးစေခဲ့သည်။

ယခုအချိန်တွင်လည်း ဗုဒ္ဓဂိုဏ်းသည် အင်မော်တယ်တစ်ယောက်ထံမှ ထာဝရအသက်၏ လျှို့ဝှက်ချက်ကို တဖန်ထပ်၍ တပ်မက်နေပြီး သူမကို ဤမှောင်မိုက်သော မြေအောက်ကမ္ဘာတွင် ချုပ်နှောင်ကာ နေ့ရောညပါ နှိပ်စက်ညှဉ်းပန်းနေသည်။

ထိုအမျိုးသမီး၏ တိတ်ဆိတ်သော လှောင်ပြောင်မှုသည် နောက်ဆုံးတွင် ရွှေရောင်ဗုဒ္ဓကို ဒေါသထွက်သွားစေခဲ့သည်။

သူသည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး သူ၏လက်နှစ်ဖက်ဖြင့် လက်စည်းသင်္ကေတများကို ဖွဲ့စည်းလိုက်သည်။ ကြီးမားသော ဗုဒ္ဓလက်စည်းတံဆိပ်သည် ခြင်္သေ့တစ်ကောင်ကဲ့သို့ ဟိန်းဟောက်ကာ ထိုအမျိုးသမီးထံသို့ ပြင်းထန်စွာ တိုးဝင်သည်။

ဤလှုပ်ရှားမှုများအားလုံးသည် အသက်ရှူချိန်အနည်းငယ်အတွင်း ပြီးဆုံးသွားပေ၏။ ရွှေရောင်ဗုဒ္ဓ၏အတွေး ထွက်ပေါ်လာသည်နှင့် မှော်နည်းစနစ်ကို အသုံးပြုပြီးဖြစ်သည်။

Chapter 4607

ဤအချိန်အခိုက်အတန့်တွင် ရွှေရောင်ဗုဒ္ဓသည် အနည်းငယ် စိတ်လွတ်သွားပုံရသည်။

ဤသည်မှာ သာမန်စိတ်လွတ်သွားခြင်းမျိုးမဟုတ်ဘဲ ရွှေရောင်ဗုဒ္ဓ၏ စိတ်ဆန္ဒသည် ဗုဒ္ဓလက်စည်းတံဆိပ်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားသည့် အချိန်ဖြစ်ပြီး မျက်စိတစ်မှိတ်သာ ကြာမြင့်သည်။

ရွှေရောင်ဗုဒ္ဓကဲ့သို့သော ထိပ်သီးပုဂ္ဂိုလ်တစ်ဦးအတွက်မူ ဤသည်မှာ အခြေခံအားဖြင့် အားနည်းချက်တစ်ခုမဟုတ်ပေ။ အကြောင်းအရင်းမှာ ရွှေရောင်ဗုဒ္ဓသည် မျက်စိတစ်မှိတ်အတွင်း ပုံမှန်ပြန်ဖြစ်သွားမည် ဖြစ်သောကြောင့်ပင်။

ထိုသို့သော အချိန်တိုအတွင်းတွင် မည်သူမျှ သူ့၏အနီးသို့ ချဉ်းကပ်နိုင်မည် မဟုတ်ချေ။

သို့သော် လုယွီသည် ရွှေရောင်ဗုဒ္ဓ အသိစိတ်လွတ်ကင်းသွားသည့် အချိန်အခိုက်အတန့်ကို ဖမ်းဆုပ်နိုင်ခဲ့သည်။

"တိုက်ကြတော့"

လုယွီသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကို ဖုန်မှုန့်အဖြစ်မှ ရုပ်ခန္ဓာအဖြစ်သို့ ပြောင်းလဲလိုက်သည်။

အချိန်တခဏအတွင်းတွင် သူသည် မြေအောက်နတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားပေ၏။ ကြီးမားသော မြေအောက်လောကနတ်ဘုရားသည် လေဟာနယ်အတွင်းတွင် မားမားမတ်မတ်ရပ်တည်ကာ သူ၏ပါးစပ်ဖြင့် နေလကို မျိုချပြီး ခြေဖဝါးဖြင့် ကြယ်တာရာများကို နင်းခြေထားသည်။

သိုင်းအင်မော်တယ် အထွတ်အထိပ်အဆင့်တစ်ယောက်၏ တလိမ့်လိမ့်ထနေသော သွေးချီစွမ်းအားများသည် အချိန်တခဏအတွင်း ပေါက်ကွဲထွက်လာပြီး မီးခိုးငွေ့များအဖြစ်သို့ ပြောင်းလဲသွားသည်။ မြေအောက်လောကနတ်ဘုရား၏ မျက်လုံးများအတွင်းတွင် အမှောင်မီးလျှံများ ဖြည်းညင်းစွာ လောင်ကျွမ်းနေသည့်အလားပင်။ သူ၏ လက်မောင်းနှစ်ဖက်ပေါ်ရှိ ကြွက်သားများသည် အလျှင်အမြန် ဖောင်းကားလာပြီး သူ၏လက်များသည် လက်သည်းများအသွင်သို့ ပြောင်းလဲသွားသည်။

ဝေါင်း

သူသည် ထိုလက်သည်းများဖြင့် အောက်သို့ရိုက်ချလိုက်ချိန်တွင် မိုးပြာနဂါးပြာတစ်ကောင်၏ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။

လုယွီသည် ဤ 'ကောင်းကင်ခွင်း မိုးပြာနဂါး'နည်းစနစ်တွင် သူ၏အင်အားကုန် ထည့်သွင်းအသုံးပြုခဲ့သည်။

လက်သည်းချက် ကျဆင်းလာသည်နှင့် ကြမ်းတမ်းလှသော အင်အားကြောင့် လေဟာနယ်သည် တစ်လက်မချင်း ပြိုကျပျက်စီးသွားပြီး လေဟာနယ်အတွင်းတွင် ကျင်းနက်ကြီးပေါင်းများစွာ ပေါ်ပေါက်လာသည်။

ရွှေရောင်ဗုဒ္ဓသည် ရုတ်တရက် အန္တရာယ်တစ်ခုက သူ့ထံ ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ မူလသန့်စင်နေသော စိတ်အခြေအနေတွင် လှိုင်းဂယက်တစ်ခု ထလာသည်။ ကြောက်ရွံ့ခြင်း စိုးရိမ်ခြင်း ထိတ်လန့်ခြင်းနှင့် တခြားအဆိုးမြင်စိတ်ခံစားမှုမျိုးစုံသည် သူ၏နှလုံးသားအတွင်းတွင် ရစ်ဝဲနေပေ၏။

"ဘယ်သူလဲ..."

ရွှေရောင်ဗုဒ္ဓသည် နောက်သို့မလှည့်နိုင်သေးမီမှာပင် ပတ်ဝန်းကျင်သည် အရိုးခိုက်အောင် အေးစက်သွားပြီး အမှောင်ထုက တိုက်ခိုက်လာသည်ကို ခံစားလိုက်ရသည်။

လုယွီ တိုက်ခိုက်သည့်အချိန်၌ သူသည် သူ၏ နတ်ဘုရားနယ်မြေဖြင့် ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားပြီးဖြစ်သည်။

မြေအောက်လောကနတ်ဘုရား၏ နယ်မြေသည် နေရာတစ်နေရာကို ငရဲဘုံအဖြစ် ပြောင်းလဲနိုင်သည်။ သူသည် ငရဲဘုံ၏ အရှင်သခင်ဖြစ်ပြီး ငရဲဘုံရှိ သက်ရှိအားလုံး သူ၏အမိန့်ကို နာခံရပေမည်။

ရွှေရောင်ဗုဒ္ဓသည် မည်သို့ပင် တွက်ချက်ထားစေကာမူ သူသည် ဤသို့သော ဘေးဒုက္ခမျိုး ကြုံတွေ့ရလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မမျှော်လင့်ခဲ့ပေ။

လုယွီ၏ ရောက်ရှိလာမှုသည် အလွန်ရုတ်တရက်ဆန်ပေ၏။ သူ၏ ပုန်းကွယ်နိုင်စွမ်းကြောင့် သူ့ပတ်လည်ရှိ ကံကြမ္မာလမ်းကြောင်းများပင်လျှင် ပြောင်းလဲသွားခဲ့သည်။ လုယွီသည် အန္တရာယ်မှ သူ့ကိုယ်ကို သီးခြားခွဲထုတ်ထားသောကြောင့် ရွှေရောင်ဗုဒ္ဓသည် သူ ရောက်ရှိလာမည်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။

"ဖောက်...."

ချွန်ထက်သော လက်သည်းတစ်ခုသည် ရွှေရောင်ဗုဒ္ဒ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ရွှေရောင်ဗုဒ္ဓ၏ နံဘေးပတ်လည်တွင် ရစ်ဝဲနေသော ရွှေရောင်အတားအဆီးသည် အချိန်တခဏအတွင်း ကြေမွပျက်စီးသွားသည်။

ရွှေရောင်ဗုဒ္ဓ၏ ဦးခေါင်းနောက်ဘက်ရှိ ဗုဒ္ဓနှင့်ဘုန်းတော်ကြီးများ၏ ပုံရိပ်အမြောက်အများသည်လည်း လုယွီ၏ "ကောင်းကင်ခွင်း မိုးပြာနဂါး"နည်းစနစ်ကြောင့် ကြေမွသွားပေ၏။

ရွှေရောင်ဗုဒ္ဓဘုရားသည် ဤကြီးမားသောစွမ်းအားကို တောင့်မခံနိုင်ဘဲ သွေးတစ်လုတ်အန်ကာ ကြာပန်းပလ္လင်ပေါ်မှ ပြုတ်ကျသွားလုနီးပါးပင်။

ဤတိုက်ခိုက်မှုဖြင့် ရွှေရောင်ဗုဒ္ဓ၏ ကိုးကွယ်ယုံကြည်မှုစွမ်းအား အလင်းဘီးကြီးကို ချိုးဖျက်နိုင်ခဲ့သည်။

ရွှေရောင်ဗုဒ္ဓ ယခင်က စုဆောင်းထားခဲ့သော ကိုးကွယ်ယုံကြည်မှုစွမ်းအားများ အားလုံးသည် ပျက်စီးသွားပြီး မည်သည့်အရာမျှ မရှိတော့သည့်အဖြစ်သို့ ပြောင်းလဲသွားသည်။ ဤစွမ်းအားများကို ပြန်လည်ရယူလိုပါက သူသည် နောက်တစ်ကြိမ် ထပ်မံစုစည်းရပေမည်။

"အား....မင်းက ဘယ်သူလဲ...ငါ့ကို တိုက်ခိုက်ရဲတာက ဆိုးရွားတဲ့ ရာဇဝတ်မှုကို ကျူးလွန်တာပဲ....မင်းက ငရဲကျပြီးတော့ အဆုံးမဲ့ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ပြစ်ဒဏ်ကို ခံစားရမယ်..."

ရွှေရောင်ဗုဒ္ဓ၏မျက်နှာသည် ကြမ်းတမ်းခက်ထန်နေပြီး အဆက်မပြတ် အော်ဟစ်နေသည်။

သူသည် အလွန်အမင်း ဒေါသထွက်နေပေ၏။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကျန်းတစ်သိန်းရှည်လျားသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး လက်တစ်ထောင်ပုံစံ ဖွဲ့စည်းသွားသည်။ သူ၏ လက်ဝါးတစ်ခုစီသည် လက်စည်းသင်္ကေတတစ်ခုစီကို ဖွဲ့စည်းထားပြီး ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားကာ လုယွီထံသို့ ရိုက်ချလိုက်သည်။

"မင်းကိုယ်တိုင် ငရဲကျနေပြီးတော့ ငါ့ကိုတောင် ခြိမ်းခြောက်ရဲသေးတာလား..."

လုယွီ၏အသံ အေးစက်တင်းမာနေသည်။ သူသည် သူ၏တိုက်ခိုက်မှုကို မရပ်တန့်ဘဲ နောက်ထပ် လက်ဝါးတစ်ချက် ထပ်မံ၍ ရိုက်ချလိုက်သည်။

ရွှေရောင်ဗုဒ္ဓ၏ နောက်ကျောဘက်တွင် တုတ်ရှည်တစ်ချောင်း ထွက်ပေါ်လာသည်။ မျောက်သည် ထိုတုတ်ရှည်ကို လက်အတွင်း၌ ကိုင်ထားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မီးလောင်ကျွမ်းနေသည့်အလား နီမြန်းနေသည်။

သူသည် သူ၏စွမ်းအားကို အတင်းအကျပ် တိုးမြှင့်ရန်အတွက် အရပ်လေးမျက်နှာမှ စိတ်ဝိညာဉ်စွမ်းအားကို ချေးယူသည့် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုထားပြီးဖြစ်သည်။

Chapter 4608

ဤအချိန်အခိုက်အတန့်တွင် မျောက်၏ ရုပ်ခန္ဓာကိုယ်ခွန်အားသည် သိုင်းအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားလေပြီ။

လုယွီနှင့် မျောက် သိုင်းအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်နှစ်ယောက်၏ သွေးချီစွမ်းအားများသည် မြေကြီးအတွင်းမှ တလိမ့်လိမ့်ထလာကာ ပွင့်အံ့ထွက်လာပြီး ကြောက်မက်ဖွယ် အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲကာ တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားသည်။

ဘုန်း....

မျောက်သည် တုတ်ရှည်ကို လွှဲလိုက်ချိန်၌ သူ၏ခွန်အားသည် တောင်ပေါင်းတစ်သိန်း တစ်ချိန်တည်း ပြိုကျလာသည့်အလားပင်။ ဤသည်မှာ မြို့တစ်မြို့ကိုပင် အမှုန့်ဖြစ်သွားစေနိုင်သည်။

လုယွီ၏ လက်ဝါးချက်နှင့်အတူ အားလှိုင်းနှစ်ရပ်သည် ပေါင်းစပ်သွားပြီး ရေလှိုင်းလုံးများကဲ့သို့ ရွှေရောင်ဗုဒ္ဓ၏ ခန္ဓာကိုယ်ပေါ်သို့ ရိုက်ခတ်သွားသည်။

ဘုန်း....

ရွှေရောင်ဗုဒ္ဓသည် ကြာပန်းပလ္လင်ပေါ်မှ ရိုက်ချခံရပြီးနောက် မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ မြေပြင်တပြင်လုံး ပြင်းထန်စွာ တုန်ခါသွားပြီး ဧရာမခေါင်းလောင်းကြီးတစ်လုံး မြည်ဟည်းနေသကဲ့သို့ပင်။

ရွှေရောင်ဗုဒ္ဓ၏ မျက်နှာတစ်ခြမ်းသည် ကြေမွသွားပြီး နောက်ကွယ်မှ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်ထားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ ရွှေရောင်ဗုဒ္ဓ၏ ခန္ဓာကိုယ်အစစ်ပင်။

"ထျန်းဝမ်ဗုဒ္ဓ.... ဒါက ဗုဒ္ဓသုံးထောင်ထဲက တစ်ပါးပဲ....ဒီဗုဒ္ဓက မြင့်မားတဲ့ အဆင့်အတန်းရှိပြီးတော့ မရေမတွက်နိုင်တဲ့ ကိုးကွယ်ယုံကြည်သူတွေရှိတယ်...သူ့ကို အမြန်သတ်... မဟုတ်ရင် အဆုံးမရှိတဲ့ ဒုက္ခတွေ ရောက်လာလိမ့်မယ်"

ရွှေရောင်ခန္ဓာကိုယ်ကို ဖျက်ဆီးပြီးနောက် မျောက်သည် နောက်ဆုံးတွင် ဤဗုဒ္ဓ၏ ပုံစံအမှန်ကို မြင်တွေ့လိုက်ရသည်။

တောင်ပိုင်း ကောင်းကင်ဘုံဘုရင် ဗုဒ္ဓ...(နမော ထျန်းဝမ်ဗုဒ္ဓ)

သန့်စင်သော စိတ်ဝိညာဉ်တောင်ထိပ်တွင် ဗုဒ္ဓသုံးထောင်ရှိသည်။ ထိုဗုဒ္ဓများအနက် ထျန်းဝမ်ဗုဒ္ဓသည် ဘုရားကျောင်းငါးရာ့ရှစ်ဆယ်ကို အုပ်ချုပ်ရသည်။ ထျန်းဝမ်ဗုဒ္ဓ၏မှော်စွမ်းအားသည် အလွန်အစွမ်းထက်ပြီး မရေမတွက်နိုင်သော ကိုးကွယ်ယုံကြည်သူများ ရှိပေ၏။

ဤအချိန်အခိုက်အတန့်တွင် ထျန်းဝမ်ဗုဒ္ဓသည် သူ၏ရွှေရောင်ခန္ဓာကိုယ် ပျက်စီးသွားသဖြင့် သူ၏မျက်နှာပေါ်တွင် ဒေါသများ ပြည့်နှက်နေသည်။ သူ၏မျက်လုံးများကို တောက်ပသော ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းသွားသည်။

"မင်းတို့အားလုံး သေသင့်တယ်...

ထျန်းဝမ်ဗုဒ္ဓသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ပတ်ဝန်းကျင်ရှိ ကျောက်နံရံများပင်လျှင် တစ်ပြိုင်နက်တည်း ကြေမွပျက်စီးသွားသည်။

လုယွီနှင့် မျောက်တို့သည် သူတို့၏စွမ်းအားများကို ပေါင်းစပ်လိုက်ကြ၏။ ထိုစွမ်းအားမျိုးသည် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်သည့် အတိုင်းအတာသို့ ရောက်ရှိနေသော်လည်း ထျန်းဝမ်ဗုဒ္ဓ၏ ရွှေရောင်ခန္ဓာကိုယ်ကိုသာ ချိုးဖျက်နိုင်ခဲ့သည်။

ထျန်းဝမ်ဗုဒ္ဓသည် လက်နှစ်ဖက်ဖြင့် လက်စည်းတံဆိပ်များ ဖွဲ့စည်းပြီး ပုံစံအမျိုးမျိုး ပြောင်းလဲနေသည်။ သူ၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် ဗုဒ္ဓသင်္ကေတအက္ခရာများ သောင်းနှင့်ချီ၍ ထွက်ပေါ်လာသည်။

"ကျူးဝူ...မီးလောင်ခြင်း..အမိန့်ချိုးဖောက်ခြင်း... ကြောက်ရွံ့ခြင်း..."

ထျန်းဝမ်ဗုဒ္ဓသည် လက်အတွင်းတွင် ဓမ္မစည်းတံဆိပ်တစ်ခုကို ကိုင်ဆောင်ထားပြီး လောကကြီးအတွင်းရှိ မကောင်းသော ကျိန်စာအားလုံးကို ဖျက်ဆီးနိုင်သည့်အလားပင်။ သူသည် ရက်စက်ကြမ်းတမ်းသော ဓမ္မစည်းတံဆိပ်တစ်ခုကို ချက်ချင်း ထုတ်ဖော်အသုံးပြုလိုက်သည်။

ဤသည်မှာ လောကတစ်ခုလုံးသည် ဗုဒ္ဓအလင်းရောင်ဖြင့် လင်းထိန်သွားသည့်အလားပင်။

မျက်စိဖြင့်မြင်နိုင်သမျှ နေရာတိုင်းတွင် ထျန်းဝမ်ဗုဒ္ဓ၏ ပုံရိပ်များသာ ရှိနေသည်။ ထိုအရာများကို လှုပ်ခတ်နိုင်ခြင်းမရှိ တားဆီးနိုင်ခြင်းလည်း မရှိပေ။

"သေနာကျ ခွေးစုတ်.. မင်းက ဘယ်ကို လျှောက်ပြေးနေတာလဲ"

မျောက်သည် ကောင်းကင်ကို ဖျက်ဆီးပြီး မြေပြင်ကို ခြေမွှနိုင်သော စွမ်းအားကို ခံစားမိချိန်၌ သူ၏အမွေးများ ထောင်သွားပြီး သူ၏စိတ်အတွင်းတွင် အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။

"ငါ လာပြီ"

ခွေးနက်ကြီးသည် သိုလှောင်အိတ်ထဲမှ ထွက်ပေါ်လာပြီး သူ၏ပါးစပ်ကို ဟလိုက်သည်။ ထူးဆန်းပြီး နက်နဲသိမ်မွေ့သော စိတ်ဝိညာဉ်စွမ်းအားတစ်ရပ်သည် သူ၏ပါးစပ်အတွင်း၌ စုဝေးနေပေ၏။

ကြီးမားသော စည်းတံဆိပ်တစ်ခုသည် ခွေးနက်ကြီး၏ ပါးစပ်မှ ထွက်လာပြီး ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။ ထိုအရာ၏ နတ်ဘုရားအရှိန်အဝါသည် မိုးကောင်းကင်သို့ မြင့်တက်သွားပြီး ကြမ်းတမ်းကာ ခန့်မှန်းနိုင်ရန်ခက်ခဲသည်။

"မသေမျိုးအဆင့် မှော်ရတနာလား... မဟုတ်ဘူး....ဒါက စိတ်ဝိညာဉ်စွမ်းအင်ကနေ ဖြစ်ပေါ်လာတဲ့ မသေမျိုးအဆင့်လက်နက်ရဲ့ စိတ်ဝိညာဉ်ပဲ"

လုယွီသည် ကြီးမားသော စည်းတံဆိပ်ကို စိုက်ကြည့်ရင်း ရင်းနှီးသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။

မသေမျိုးအဆင့် လက်နက်....ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်...

ဤသည်မှာ ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ် ပိုင်ဆိုင်ခဲ့သော မသေမျိုးအဆင့် မှော်လက်နက်ပင်။ ဤအရာကို ဖရိုဖရဲကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး စကြဝဠာကို ကျွမ်းထိုးမှောက်ခုံဖြစ်စေကာ ကောင်းကင်နှင့်မြေပြင်ကို ချိတ်ပိတ်နိုင်စွမ်းရှိသည်။

ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်၏ ပုံရိပ်မှနေ၍ ကောင်းကင်ဘုံစွမ်းအားများ ပွင့်အံ့ထွက်လာပြီး ထျန်းဝမ်ဗုဒ္ဓထံသို့ ချိတ်ပိတ်ရန် ဦးတည်သွားသည်။

"အားလုံး ပေါင်းတိုက်ကြတော့"

လုယွီသည် ထိုက်အမ်းဓားကို ဆင့်ခေါ်ပြီး ထျန်းဝမ်ဗုဒ္ဓထံသို့ ထိုးစိုက်လိုက်သည်။

မျောက်သည်လည်း သူ၏လက်အတွင်းရှိ တုတ်ရှည်ထဲသို့ စွမ်းအားများ ထည့်သွင်းပြီး ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ ဤအရာ၏စွမ်းအားသည် အံ့အားသင့်ဖွယ်ကောင်းပြီး ဤတုတ်ရှည်သည်လည်း မသေမျိုးအဆင့် မှော်လက်နက်တစ်ခုပင်။

ထျန်းဝမ်ဗုဒ္ဓက အံ့အားတသင့် အော်ဟစ်လိုက်သည်။ သူသည် သူ၏ရန်သူများတွင် မသေမျိုးအဆင့် မှော်လက်နက်များ ရှိနေလိမ့်မည်ဟု မျှော်လင့်မထားမိချေ။

မသေမျိုးအဆင့် မှော်လက်နက်သုံးခုသည် တစ်ချိန်တည်းတွင် ပျံ့လွင့်လာပြီး မိုးနှင့်မြေကို ဖျက်ဆီးနိုင်သော အရှိန်အဝါတစ်ရပ် ရောယှက်နေသည်။

ထျန်းဝမ်ဗုဒ္ဓ၏ဦးခေါင်းမှ သွေးထွက်လာသည်အထိ ရိုက်နှက်ခံလိုက်ရသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဗုဒ္ဓအလင်းရောင်သည် လျင်မြန်စွာ မှေးမှိန်သွားပြီး မကြာမီ ပျောက်ကွယ်သွားတော့မည့်ပုံပင်။

"ထျန်းဝမ်ဗုဒ္ဓ....ငါတို့ ကူညီပေးဖို့ ရောက်လာပြီ"

သို့ရာတွင် ထိုအချိန်မှာပင်...

လေဟာနယ်အတွင်းမှ ဧရာမနတ်ဆိုးသုံးကောင်၏ ပုံရိပ်များ ပျံသန်းထွက်ပေါ်လာသည်။ တစ်ကောင်သည် အစိမ်းရောင်အမွှေးရှိသော ခြင်္သေ့ တစ်ကောင်သည် အဝါရောင်အစွယ်ရှိသော ဆင်အိုကြီးနှင့် နောက်တစ်ကောင်သည် ရွှေရောင်အတောင်ပံရှိသော ဂဠုန်ကြီးတစ်ကောင်ပင်

နတ်ဆိုးသုံးကောင်လုံးသည် မဟာနတ်ဆိုးဧကရာဇ်အဆင့်တွင် ရှိကြပြီး သူတို့၏ အရှိန်အဝါသည် မိုးကောင်းကင်သို့ မြင့်တက်နေသည်။ သူတို့သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ရာ မသေမျိုးအဆင့် မှော်လက်နက်များ၏ ဖိအားများအားလုံးကိုပင် ဖုံးလွှမ်းသွားသည်။

"သောက်ကျိုးနည်း...မြွေတစ်အုပ်နဲ့ ကြွက်တစ်သိုက်ပဲ....ဗုဒ္ဓဂိုဏ်းနဲ့ နတ်ဆိုးမျိုးနွယ်က လက်တွဲလိုက်ကြပြီ...."

ထျန်းဝမ်ဗုဒ္ဓကို သတ်တော့မည့်ဆဲဆဲတွင် နတ်ဆိုးဧကရာဇ်သုံးပါးက တားဆီးလိုက်သည်ကို မြင်ချိန်၌ ခွေးနက်ကြီး၏မျက်လုံးများ ရုတ်တရက် နီမြန်းသွားသည်။

Chapter 4609

နတ်ဆိုးဧကရာဇ်သုံးယောက်၏ နတ်ဆိုးစွမ်းအားများသည် အလွန်အားကောင်းပေ၏။ သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုမှ စွမ်းအားသည် မသေမျိုးအဆင့် မှော်လက်နက်များ၏ ဖိအားကိုပင် ဖုံးလွှမ်းသွားသည်။

ဤအချိန်တွင် ထျန်းဝမ်ဗုဒ္ဓသည်လည်း တုံ့ပြန်လာပြီး ချက်ချင်းပင် တန်ပြန်တိုက်ခိုက်တော့သည်။ ပြင်းထန်သော ဗုဒ္ဓအလင်းရောင်သည် ပတ်ဝန်းကျင်ကို လင်းထိန်သွားစေပြီး မြင့်မြတ်သော မန္တန်ရွတ်ဖတ်သံများ ထွက်ပေါ်လာသည်။

"နည်းနည်းလေးပဲ...နည်းနည်းလေးပဲ လိုတော့တာ..."

မျောက်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လေဟာနယ်ကို ဒေါသတကြီး ထိုးနှက်လိုက်သည်။

သူတို့သည် အစောပိုင်းက အလွန်ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ လုယွီက ထျန်းဝမ်ဗုဒ္ဓ၏ ဗုဒ္ဓအလင်းရောင်ကို ချိုးဖျက်ခဲ့ပြီး မျောက်၏အကူအညီဖြင့် ကြာပန်းပလ္လင်ပေါ်မှ ဆွဲချခဲ့သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် မသေမျိုးအဆင့် မှော်လက်နက်ကို အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်မှုစွမ်းအားသည် အံ့မခန်းပင်။

ဤသို့သော တိုက်ခိုက်မှုအောက်တွင် တာအိုသခင် အစောပိုင်းအဆင့် တစ်ယောက်ပင်လျှင် သေဆုံးသွားနိုင်သည်။ သို့ရာတွင် မမျှော်လင့်ဘဲ ခြင်္သေ့ကုလားအုတ်တောင်တန်းမှ မဟာနတ်ဆိုးဧကရာဇ်သုံးယောက်သည်

ဤအချိန်တွင် ရောက်ရှိလာခဲ့သည်။

"ဒါဆို မင်းတို့က ငါတို့မရှိတုန်း ငါ့ရဲ့ ခြင်္သေ့ကုလားအုတ်တောင်တန်းကို ဖျက်ဆီးသွားတဲ့ကောင်တွေပေါ့... ဒီနေ့ ငါတို့က ကောင်းကင်ဘုံရဲ့ကိုယ်စား တရားမျှတမှုကို ဖော်ဆောင်ပြီး မင်းတို့အားလုံးကို ချေမှုန်းမယ်"

ခေါင်းဆောင်သည် အစိမ်းရောင်အမွှေးများရှိသော ခြင်္သေ့ဖြစ်ပင်။ သူ၏ခန္ဓာကိုယ်သည် ကြီးမားပြီး ချွန်ထက်သော သွားများနှင့် စူးရှသော အစွယ်များရှိသည်။ သူ၏မျက်လုံးများသည် လျှပ်စီးကဲ့သို့ တောက်ပပြီး အနီရောင်မျက်ခုံးမွေးများသည် မီးလျှံများအလားပင်။

ဤနတ်ဆိုးဧကရာဇ်သုံးယောက်သည် ခြင်္သေ့ကုလားအုတ်တောင်တန်းတွင် ကြီးစိုးနေပြီး လူသားများကို အစာအဖြစ် စားသုံးကြသည်။ သူတို့သည် မရေမတွက်နိုင်သော သက်ရှိများကို စားသုံးခဲ့ပြီး သူတို့၏လက်များတွင် သွေးများဖြင့် စွန်းထင်းနေလေပြီ။ ယခုအချိန်တွင်မူ သူတို့သည် လုယွီတို့ကို ပြန်လည်စွပ်စွဲရန် ကြိုးစားနေပေ၏။

"ထျန်းဝမ်ဗုဒ္ဓ...မင်းတို့ ဗုဒ္ဓဂိုဏ်းဝင်တွေက ဖြောင့်မတ်သူတွေလို့ ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်ကြတယ်...ဒီတိရစ္ဆာန်သုံးကောင်က မင်းတို့ မျက်စိရှေ့မှာ လူတွေကို ဒုက္ခပေးပြီး စားနေတာကို မင်းတို့ ဂရုမစိုက်ဘူးလား"

လုယွီ၏ အသံသည် နက်ရှိုင်းပြီး ရှင်းလင်းပြတ်သားနေသည်။

ထျန်းဝမ်ဗုဒ္ဓက လှောင်ပြောင်ရယ်မောကာ ပြောဆိုသည်။

"လောကကြီးက ဒုက္ခပင်လယ်ကြီးပဲ...ဒါက အဲ့ဒီလူတွေ လောကထဲကို ခြေချဝင်ရောက်လာတာရဲ့ အစပဲ.... သူတို့က ဒုက္ခဆင်းရဲတွေကို ဖြတ်သန်းရမယ်.. နတ်ဆိုးဧကရာဇ်သုံးယောက် လူတွေကို သတ်ဖြတ်စားတာက လူတွေကို ဘဝကူးပြောင်းဖို့ ကူညီပေးတာပဲ....သူတို့ကို ဒုက္ခပင်လယ်ကနေ လွတ်မြောက်အောင် လုပ်ပေးတာက ကောင်းမှုကုသိုလ်ပဲ..ဒါက ခုနစ်ထပ်စေတီတော်တောင် တည်ထားနိုင်တဲ့ အထွတ်အထိပ်ကုသိုလ်တရားပဲ"

ဤအချိန်အခိုက်အတန့်တွင် ထျန်းဝမ်ဗုဒ္ဓ၏ အမူအယာသည် ကြမ်းတမ်းခက်ထန်နေပြီး သူ၏မျက်နှာပေါ်တွင် ကရုဏာ သို့မဟုတ် သနားညှာတာမှု အရိပ်အယောင် တစိုးတစ်စိမျှ မရှိတော့ပေ။

"ဒါက ဗုဒ္ဓအတုအယောင်ပဲ..... ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ အမွေဆက်ခံမှုမှာ ကြီးမားတဲ့ ပြဿနာတစ်ခု ရှိခဲ့တာ သေချာတယ်"

မျောက်နှင့် ခွေးနက်တို့သည် ထျန်းဝမ်ဗုဒ္ဓ၏ အရှက်မဲ့မှုကို မြင်တွေ့ပြီး မှင်တက်သွားကြသည်။

"ဒုက္ခပင်လယ်ကနေ လွတ်မြောက်အောင် ကူညီပေးတယ်ဆိုတာ အရမ်းကောင်းတာပဲ...ဒီနေ့တော့ ငါကလည်း မဟာကရုဏာတော်ကို ပြသပြီးတော့ မင်းကို ဒုက္ခပင်လယ်ကနေ လွတ်မြောက်အောင် ကူညီပေးမယ်...."

လုယွီ၏ အတွေးတစ်ချက်ဖြင့် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် ယင်နှင့်ယန်ကို ပြောင်းပြန်လှန်ကာ ထွက်ပေါ်လာသည်။ ထိုအရာသည် အရပ်ရှစ်မျက်နှာရှိ လေဟာနယ်ကို မွှေနှောက်ပြီး ကြီးမားသော ဖိအားကို တိမ်တိုက်များအတွင်းသို့ ပို့ဆောင်လိုက်သည်။

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်....ထိုက်အမ်းဓား...ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်... ပင်လယ်နတ်ဘုရား ငြိမ်သက်ခြင်းအပ်...

မသေမျိုးအဆင့် မှော်လက်နက်လေးခုသည် ပေါင်းစပ်သွားပြီး ကောင်းကင်ကို ဖျက်ဆီးကာ မြေပြင်ကို ခြေမွှနိုင်စွမ်းရှိသော အရှိန်အဝါတစ်ခုအဖြစ်သို့ စုစည်းသွားသည်။

မြေပြင်သည် ပြင်းထန်စွာ တုန်ခါလာသည်။ မရေမတွက်နိုင်သော ကျောက်စရစ်ခဲများသည် ကျောက်နံရံများမှ ပြုတ်ကျလာပြီး မြေကြီး၏ အနက်ရှိုင်းဆုံးမှ မြေသားများ ဖွာထွက်လာသည်။ ထို့နောက် တောင်များ တုန်ခါနေပြီး မြေပြင်တပြင်လုံး လှုပ်ခတ်နေသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာပေ၏။

မဟာနတ်ဆိုးဧကရာဇ်သုံးယောက်သည် ဖိအားများ တိုးလာသည်ကို ချက်ချင်းခံစားလိုက်ရသည်။ ခြင်္သေ့စိမ်းသည် အခြေအနေကောင်းနေသေးသော်လည်း ဆင်ဝါအိုကြီးနှင့် ရွှေအတောင်ပံဂဠုန်ကြီးတို့မှာမူ မသေမျိုးအဆင့် မှော်လက်နက်များ၏ ပြင်းထန်စွာ ဖိနှိပ်ခြင်းကို ခံရပြီး တိုက်ပွဲတွင် ပါဝင်နိုင်ခြင်း မရှိတော့ပေ။

"အဲ့ဒီ သားရဲသုံးကောင်ကို လျစ်လျူရှုထားကြတော့...ထျန်းဝမ်ဗုဒ္ဓကို အရင်သတ်ကြစမ်း"

လုယွီသည် နဂါးဟိန်းသံကဲ့သို့ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ရာ မိုးခြိမ်းသံကဲ့သို့ တုန်ခါသွားသည်။ ဤအသံသည် ကောင်းကင်၏ စွမ်းအားကို သယ်ဆောင်ကာ ရှေ့သို့ပြေးဝင်သွားသည်။ သူ၏ အားကောင်းသော စိတ်ဆန္ဒသည် သူ၏ ထိတ်လန့်ဖွယ် မှော်စွမ်းအားနှင့်အတူ ရောယှက်သွားပြီး ထျန်းဝမ်ဗုဒ္ဓအပေါ်သို့ ဖိနှိပ်လိုက်၏။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် မြေအောက်လောကနတ်ဘုရား၏ ပုံပန်းသွင်ပြင်ကို ဆက်လက်၍ ထိန်းသိမ်းထားဆဲပင်။ ဤသည်မှာ ရှေးဟောင်းနတ်ဆိုးအရှင်တစ်ပါး သေမျိုးလောကသို့ ဆင်းသက်လာသည်နှင့် တူညီကာ သူ၏အရှိန်အဝါသည် အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်ပေ၏။

ဘုန်း....

သူ၏ လက်ဝါးရိုက်ချက်တွင် ကောင်းကင်ကို တုန်ခါစေနိုင်သောစွမ်းအား ပါရှိသည်။ ဤအားကောင်းသော စွမ်းအားသည် မိုးကောင်းကင်ပင် အပေါက်ဖြစ်သွားစေနိုင်ပုံရသည်။

လုယွီ ချဉ်းကပ်လာသည်နှင့် ထျန်းဝမ်ဗုဒ္ဓအပေါ်ရှိ ဖိအားအရှိန်အဝါသည် ချက်ချင်းဆိုသလိုပင် အဆများစွာ တိုးလာပေ၏။

ထျန်းဝမ်ဗုဒ္ဓ၏ ဦးခေါင်းထိပ်မှ အစိမ်းရောင်အခိုးအငွေ့အမျှင်တန်းများ ပျံ့လွင့်နေသည်။ ဤသည်မှာ ကိုးကွယ်ယုံကြည်မှုစွမ်းအားများ လောင်ကျွမ်းခြင်းဖြင့် ရွှေရောင်ရုပ်ထုတစ်ခုကို ဖန်တီးလိုက်ခြင်းပင်။

"ဘုန်းတော်ကြီးအပေါင်း...ဝိညာဉ်အပေါင်း...ဓမ္မ...."

ထျန်းဝမ်ဗုဒ္ဓသည် လက်နှစ်ဖက်ဖြင့် လက်စည်းသင်္ကေတတစ်ခု ဖွဲ့စည်းကာ ကျယ်ပြန့်သော ဗုဒ္ဓကျမ်းစာများကို ရွတ်ဖတ်လိုက်သည်။ စန္ဒကူးရနံ့သည် အရပ်မျက်နှာအအဘက်ဘက်သို့ ပျံ့လွင့်သွားပေ၏။

ထျန်းဝမ်ဗုဒ္ဓ၏ ရှေ့တွင် မရေမတွက်နိုင်သော သက်ရှိများ၏ ပုံရိပ်များ ပေါ်လာသည်။ သူတို့သည် ဘုန်းတော်ကြီးများ သို့မဟုတ် ကိုးကွယ်ယုံကြည်သူများပင်။ သူတို့သည် ဝပ်တွား၍ ရှိခိုးကာ ကျမ်းစာများရွတ်ဖတ်ပြီး ထျန်းဝမ်ဗုဒ္ဓ၏ ဗုဒ္ဓအမည်နာမကို ရွတ်ဆိုနေကြသည်။

Chapter 4610

ထျန်းဝမ်ဗုဒ္ဓ၏ ဗုဒ္ဓအလင်းအကာအကွယ်ကို လုယွီက ချိုးဖျက်ခဲ့ပြီးဖြစ်သည်။ ယခုအချိန်၌ သူသည် သက်ရှိများ၏ ကိုးကွယ်ယုံကြည်မှုစွမ်းအားကို အသုံးပြု၍ လုယွီ၏ တိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားနေသည်။

"မင်းတို့အားလုံး သေကြစမ်း...."

လုယွီက လက်ကိုမြှောက်ကာ လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ဤဘုန်းတော်ကြီးများ ကိုးကွယ်ယုံကြည်သူများကို သူ အနည်းငယ်မျှ အရေးမစိုက်ချေ။ ထောင်ပေါင်းများစွာသော ပုံရိပ်ယောင်များသည် လုယွီကို လုံးဝ မတားဆီးနိုင်ဘဲ သူ၏လက်သီးချက်ကြောင့် ထိုအရာများအားလုံး ကြေမွပျက်စီးသွားသည်။

ထျန်းဝမ်ဗုဒ္ဓ ဖန်တီးခဲ့သော ဗုဒ္ဓအရှင်ပုံရိပ်များနှင့် ဗုဒ္ဓစည်းတံဆိပ်တချို့ပင်လျှင် လုယွီ၏ ပြိုင်ဘက်မဖြစ်နိုင်ဘဲ ပျက်စီးသွားကြသည်။

မြေအောက်လောကနတ်ဘုရား၏ မျက်လုံးများအတွင်း၌ ဒေါသများဖြင့် ပြည့်နှက်နေသည်။ သူ၏ ပတ်ဝန်းကျင်ကို အမှောင်ထုက ဖုံးလွှမ်းထားပြီး ပတ်ဝန်းကျင်သည် ငရဲနယ်မြေအဖြစ်သို့ ပြောင်းလဲသွားသည့်အလားပင်။ ထျန်းဝမ်ဗုဒ္ဓသည် ငရဲနယ်မြေထဲတွင် ရှိနေပြီး သူသည် တောင့်မခံမနေနိုင်တော့ပေ။ ဤနေရာရှိ ဥပဒေသအားလုံးသည် လုယွီ၏ အမိန့်ကိုသာ နာခံနေပေ၏။

"အား.... မင်းက တကယ်ပဲ နတ်ဆိုးတစ်ကောင်ပဲ....မင်းက ယုတ်မာကောက်ကျစ်ပြီး မှားယွင်းတဲ့ တာအိုလမ်းကြောင်းကို ကျင့်ကြံနေတာပဲ...."

ထျန်းဝမ်ဗုဒ္ဓသည် ကျယ်လောင်စွာအော်ဟစ်၍ ဝေဖန်လိုက်ပြီး သူ၏အသံတွင် မယုံနိုင်လောက်အောင် ခိုင်မာသော ဖြောင့်မတ်မှန်ကန်မှုများဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ တရားမျှတမှုနှင့် မကောင်းမှုတို့ကို သူကသာ ဆုံးဖြတ်ပေးနေသည့်အလားပင်။သူ မကောင်းဟု ဆိုသူတိုင်းသည် လူဆိုးများ ဖြစ်သွားပေမည်။ သူ ကောင်းသည်ဟု ဆိုသူများမှာမူ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့လျှင်ပင် လူကောင်းများအဖြစ် ဆက်လက်၍ တည်ရှိနေပေမည်။

"စကားအများကြီးပြောနေလို့ ဘာအသုံးဝင်မှာလဲ.... ဒီနေ့ မင်း မလွဲမသွေ သေရလိမ့်မယ်"

လုယွီသည် အရပ်မျက်နှာအနှံ့အပြားရှိ ကိုးကွယ်ယုံကြည်မှု ပုံရိပ်ယောင်များကို ဖျက်ဆီးပြီး ထျန်းဝမ်ဗုဒ္ဓ၏ ရှေ့သို့ ရောက်ရှိလာသည်။ သူသည် ကြီးမားသော လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုကို ဆန့်ထုတ်ကာ ထျန်းဝမ်ဗုဒ္ဓကို ဖမ်းဆုပ်ရန် ဟန်ပြင်လိုက်သည်။

ဤကဲ့သို့ အရေးကြီးသော အခိုက်အတန့်တွင် ထျန်းဝမ်ဗုဒ္ဓသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူသည် ရှည်လျားသော မှော်မန္တာန်တစ်ပုဒ်ကို ရွတ်ဆိုနေပြီး ဤသည်မှာ လျှို့ဝှက်ဂိုဏ်းတစ်ခု၏မန္တန် ဖြစ်ပုံရသည်။

မရေမတွက်နိုင်သော ပုံရိပ်ယောင်များ ထျန်းဝမ်ဗုဒ္ဓ၏ရှေ့တွင် တဖန်ပြန်၍ ထွက်ပေါ်လာသည်။ ဤပုံရိပ်ယောင်များအနက် အမျိုးသားအမျိုးသမီးများ အသက်ကြီးကြီးငယ်ငယ် အမျိုးမျိုးပါဝင်သည်။ တချို့၏ ကျင့်ကြံမှုအဆင့်သည် အားကောင်းသော်လည်း တချို့မှာ အားနည်းသည်။ သို့ရာတွင် သူတို့အားလုံးသည် ချွင်းချက်မရှိ စိတ်ဝိညာဉ်ပုံစံဖြင့် ထွက်ပေါ်လာကြ၏။

လုယွီ သူတို့ထံသို့ ပြေးဝင်လာသည်ကို မြင်ချိန်၌ ဤစိတ်ဝိညာဉ်များသည် စူးရှစွာ အော်ဟစ်ကာ သူ့ထံသို့ ပြေးဝင်တိုက်ခိုက်ကြသည်။

"ဘန်း...ဘန်း...ဘန်း..."

လုယွီသည် အရပ်မျက်နှာအဘက်ဘက်သို့ လှည့်လည်၍ တိုက်ခိုက်လိုက်ပြီး သူ၏ နတ်ဘုရားအရှိန်အဝါကို ထုတ်လွှတ်ကာ သူ၏ရှေ့မှ စိတ်ဝိညာဉ်များကို ကြေမွပျက်စီးစေခဲ့သည်။ တစ်ချိန်တည်းမှာပင် ထျန်းဝမ်ဗုဒ္ဓသည် ဤအခွင့်အရေးကို အသုံးချ၍ လုယွီ၏ တိုက်ခိုက်မှုအရှိန်အဝါမှ လွတ်မြောက်နိုင်ရန် ပြင်ဆင်နေသည်။

"ဒါတွေအားလုံးက မင်းရဲ့ ကိုးကွယ်ယုံကြည်သူတွေမဟုတ်လား...."

သူ့ရှေ့မှ မြင်ကွင်းကို မြင်ချိန်၌ လုယွီ၏ စိတ်နှလုံးသားအတွင်းတွင် အေးစက်မှုကို မခံစားဘဲ မနေနိုင်တော့ပေ။

ဤနောက်လိုက်များသည် ပုံမှန်အားဖြင့် သူတို့၏ ယုံကြည်မှုကို ထျန်းဝမ်ဗုဒ္ဓနှင့်ဗုဒ္ဓဂိုဏ်းအပေါ်တွင် ထားရှိကြပြီး သူတို့အတွက် ကောင်းချီးမင်္ဂလာများကို တောင်းခံကြသည်။

သို့သော် သူတို့၏ ဗုဒ္ဓအရှင်သည် သူတို့ကို ကောင်းချီးမင်္ဂလာများ မပေးသည့်အပြင် ဤအရေးကြီးသော အချိန်အခိုက်အတန့်တွင် လုယွီ၏ တိုက်ခိုက်မှုကို တားဆီးရန်အတွက် အမြှောက်စာများအဖြစ် အသုံးပြုခဲ့သည်။

စိတ်ဝိညာဉ်များ ပျက်စီးသွားပြီးနောက် လူများ၏ ဝိညာဉ်သည်လည်း ထိခိုက်ရသွားပေမည်။ သူတို့သည် မသေလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သူတို့၏ ကျန်ရှိသောဘဝ၌ ရူးသွပ်နေသောအခြေအနေတွင် ရှိနေပေမည်။

"သူတို့က ငါ့အတွက် သူတို့ကိုယ်သူတို့ စတေးဖို့ ဆန္ဒရှိကြတယ်....ဒါက သူတို့ရဲ့ ဂုဏ်ကျက်သရေပဲ"

ထျန်းဝမ်ဗုဒ္ဓ၏ မျက်လုံးများသည် တည်ငြိမ်နေသော်လည်း သူ၏အသံသည် အလွန်အေးစက်နေပေ၏။ သူ့အား ကိုးကွယ်ယုံကြည်သူများ၏ အသက်သည် သူ့အတွက် ပြောပလောက်စရာ မဟုတ်သည့်အလားပင်။

"ဒီဗုဒ္ဓဂိုဏ်းဝင်တွေက တကယ်တော့ ကောက်ကျစ်တဲ့လူတွေပဲ....သူတို့က ဖြောင့်မတ်ခြင်းရဲ့ အရေခွံကို ခြုံထားပေမယ့် တကယ်တော့ သူတို့အားလုံးက လူတွေကို အရိုးပါမကျန် စားသောက်တဲ့ နတ်ဆိုးတွေပဲ..."

မျောက်နှင့် ခွေးနက်ကြီးတို့သည် နံဘေးမှ တိုက်ခိုက်နေကြပြီး သူတို့ကိုလည်း စိတ်ဝိညာဥ်အမြောက်အများမှ ဝန်းရံထားသည်။

ဗုဒ္ဓတစ်ပါးအနေဖြင့် ထျန်းဝမ်ဗုဒ္ဓ၏ အမွေအနှစ်သည် နက်ရှိုင်းပြီး မရေမတွက်နိုင်သော ကိုးကွယ်ယုံကြည်သူများ ရှိသည်။ ဤအချိန်တွင် သူသည် ကိုးကွယ်ယုံကြည်သူများ၏ စိတ်ဝိညာဉ်များအားလုံးကို ထုတ်လွှတ်လိုက်ရာ ချက်ချင်းဆိုသလိုပင် စိတ်ဝိညာဉ်ပင်လယ်ကြီးကဲ့သို့ ဖြစ်သွားပြီး သူ့ထံသို့ လုံးဝ ချဉ်းကပ်၍ မရနိုင်တော့ပေ။

"မင်းတို့အားလုံး သေကြစမ်း..."

မျောက်၏ မျက်လုံးများသည် သတ်ဖြတ်ရလွန်း၍ နီရဲနေလေ။ သူသည် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်သော အင်အားဖြင့် သူ၏လက်အတွင်းမှ တုတ်ရှည်ကို လွှဲရိုက်လိုက်သည်။

သို့ရာတွင် သူ၏ရှေ့မှ စိတ်ဝိညာဉ်အရေအတွက်သည် အလွန်များပြားပြီး သူ၏လမ်းကို ပိတ်ဆို့ထားလုနီးပါးပင်။

"ငါ့မှာ ကိုးကွယ်ယုံကြည်သူ ရှစ်သန်းရှိတယ်....မင်းတို့ ငါ့ကို ဘယ်လိုသတ်မှာလဲ..."

ထျန်းဝမ်ဗုဒ္ဓသည် လက်အုပ်ချီကာ တည်ကြည်လေးနက်သောပုံစံဖြင့် မတ်တတ်ရပ်နေသည်။ ကြီးမားကျယ်ပြန့်ပြီး အစွမ်းထက်သော ကျမ်းစာရွတ်ဆိုသံများက ပတ်ဝန်းကျင်နေရာတဝိုက်တွင် ပဲ့တင်ထပ်နေသည်။

ကိုးကွယ်ယုံကြည်သူများ၏ စိတ်ဝိညာဉ်များသည် ထျန်းဝမ်ဗုဒ္ဓ၏ ရှေ့တွင် ပို၍ပို၍ ထွက်ပေါ်လာကြသည်။ သူတို့သည် ထွက်ပေါ်လာသည်နှင့် ချက်ချင်းဆိုသလိုပင် သူတို့၏ အသက်စွမ်းအားကို လောင်ကျွမ်းကာ လုယွီထံသို့ ပြေးဝင်တိုက်ခိုက်ကြသည်။

စိတ်ဝိညာဉ်များသည် တိမ်ပင်လယ်ကဲ့သို့ ကျယ်ပြန့်ပြီး လုယွီတို့၏ရှေ့တွင် မရေမတွက်နိုင်အောင် ရှိနေကြ၏။

All Chapters