← Chapters

အခန်း (၉၆-၉၈)

Vol. 7 Ch. 96-98

အခန်း (၉၆-၉၈)

Vol. 7 Ch. 96-98

အခန်း ၉၆

- အပိုင်း ၁၉ - ထူးခြားမှု (၄)

ထိုညတွင် ထိုကလေးမလေး သေဆုံးမသွားခဲ့ချေ။ ယူဆန်းအာက ကလေးမလေးကို မသတ်လိုသဖြင့် ကျနော်လည်း သဘောတူလိုက်သည်။

"နင်တို့တွေ လုပ်ချင်သလိုသာ လုပ်ကြတော့"

ဟန်ဆိုယောင်းက တိုးတိုးလေး ရေရွတ်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားခဲ့ရာ စွန့်ပစ်ထားသော အဆောက်အအုံအတွင်း၌ ယူဆန်းအာနှင့် ကျနော်သာ ကျန်ရစ်ခဲ့သည်။ ကလေးမလေးမှာ သွေးကြောပိတ်ခံရခြင်း စွမ်းရည်ကြောင့် ယာယီအားဖြင့် တောင့်တင်းနေခဲ့သည်။ ယူဆန်းအာက အိပ်ပျော်နေသော ကလေးမလေး၏ ဆံပင်များကို ပွတ်သပ်ရင်း လေးလံသော လေသံဖြင့် ပြောလိုက်သည်။

"ဒီကလေးက တကယ်ပဲ ကပ်ဘေးတစ်ခုလား"

"ဟုတ်တယ်"

"ဒေါ့ဂျာ…. ဒါကို ရှင့်ရဲ့ စွမ်းရည်နဲ့ သိတာလား"

"စွမ်းရည်နဲ့သိတယ်လို့ပြောလည်းရပါတယ်"

Ways of Survival ထဲမှ စာကြောင်းတစ်ကြောင်းကို ကျနော်ပြန်လည် အမှတ်ရလိုက်သည်။

「 ပဉ္စမမြောက် ဇာတ်ဝင်ခန်း၏ နောက်ဆုံးကပ်ဘေး။ ရေလွှမ်းမိုးခြင်းကပ်ဘေးသည် အန္တရာယ်အရှိဆုံးနှင့် ဝမ်းအနည်းရဆုံး ကပ်ဘေးဖြစ်သည်။ 」

ယူဆန်းအာက နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း မေးလိုက်သည်။

"ကလေးမလေးက မေးခွန်းများ၏ ကပ်ဘေးနဲ့ အတူတူပဲလား"

"ဆင်တူသလိုရှိပေမဲ့ နည်းနည်းငယ်တော့ ကွဲပြားပါတယ်"

ရေလွှမ်းမိုးခြင်းကပ်ဘေး။ အကယ်၍ ထိုကလေးမလေးသာ သူ၏ စွမ်းအားအားလုံးကို အသုံးပြုခဲ့မည်ဆိုလျှင် မေးခွန်းများ၏ ကပ်ဘေးနှင့် နှိုင်းယှဉ်ပါက အတုမရှိနိုင်သော ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။ မေးခွန်းများ၏ ကပ်ဘေးမှာ ဂန်ဒေါင်းဂူကိုသာ ထိခိုက်စေသော်လည်း ရေလွှမ်းမိုးခြင်းကပ်ဘေးမှာမူ မတူညီချေ။ ကလေးမလေး၏ စွမ်းအားဖြင့် ဆိုးလ်မြို့ကြီးသည် တစ်နာရီမပြည့်မီအတွင်း ပျက်စီးသွားပေလိမ့်မည်။

"ကျမ ဘယ်လိုပဲ ကြည့်ကြည့် ကလေးမလေးက ကပ်ဘေးတစ်ခုနဲ့ မတူဘူး။ ဒီကလေးက ငါးရက်အတွင်းမှာ ကပ်ဘေးတစ်ခု ဖြစ်လာနိုင်လို့လား"

ယူဆန်းအာက တွေးတောနေလေသည်။

အမှန်စင်စစ် ယူဆန်းအာ၏ အမြင်မှာ မှန်ကန်သည်။ ယခုအချိန်တွင် ထိုကလေးမလေးမှာ ကပ်ဘေးတစ်ခု မဟုတ်သေးချေ။

[သီးသန့်စွမ်းရည် ဇာတ်ကောင်စာရင်းကို အသက်သွင်းလိုက်သည်။]

[ဇာတ်ကောင် အနှစ်ချုပ်]

အမည်

ရှင်ယူဆောင်း

အသက်

၁၁ နှစ်

ထောက်ပံ့သူ

မရှိ (နက္ခတ်နှစ်ပါးက လက်ရှိတွင် ဤသူအား စိတ်ဝင်စားနေသည်။)

ဝိသေသလက္ခဏာများ

သားရဲထိန်းကျောင်းသူ (ရှားပါး)၊ တုံ့ပြန်မှုဖြင့် သတ်ဖြတ်သူ (သာမန်)

သီးသန့်စွမ်းရည်များ

ထိန်းကျောင်းခြင်း အဆင့် ၅၊ ကွဲပြားသော ဆက်သွယ်နိုင်စွမ်း

အဆင့် ၇၊ လျှင်မြန်သော ခြေလှမ်းများ အဆင့် ၆၊ မျိုးစပ်ခြင်း

အဆင့် ၄

အထူးစွမ်းရည်

မရှိ

စွမ်းရည်အလုံးစုံ

ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၁၂၊ ခွန်အား အဆင့် ၁၂၊ လျှင်မြန်မှု

အဆင့် ၁၆၊ မှော်စွမ်းအင် အဆင့် ၂၄

ခြုံငုံအကဲဖြတ်ချက်

ဤသူတွင် ကောင်းမွန်သော မှော်စွမ်းအင် ရှိသော်လည်း ဤသူ၏

စွမ်းရည်အလုံးစုံမှာ နိမ့်ကျနေသည်။ ဤသူ့ထံတွင် ထူးချွန်သော ပါရမီနှင့် ရှားပါးသော ဝိသေသလက္ခဏာများ

ရှိသော်လည်း ဤသူ၏ နုနယ်သော သဘာဝကြောင့် နက္ခတ်များ၏

အာရုံစိုက်မှုကို မရရှိဘဲ ဖြစ်နေသည်။

ရှင်ယူဆောင်းဆိုသည့် ဤကလေးမလေး၏ အမည်မှာပင် ကလေးမလေးသည် ကပ်ဘေးဖြစ်ကြောင်း ပြသနေ၏။ ဤကလေးမလေးသည် ငါးရက်အတွင်း ဆိုးလ်မြို့ကို ဖျက်ဆီးပေလိမ့်မည်။

ယူဆန်းအာက ပြောလိုက်သည်။

"ကပ်ဘေးတွေက ဥက္ကာခဲတွေထဲကနေ ပေါက်ဖွားလာတာလို့ ကျမ ကြားဖူးတာလေ။ ဒါပေမဲ့ ဒီကလေးက ဥက္ကာခဲကနေ လာတာ မဟုတ်ဘူး..."

"မှန်ပါတယ်။ ဒီကလေးက ဥက္ကာခဲကနေ ပေါက်ဖွားလာတာ မဟုတ်ဘူး။ သူက ကမ္ဘာမြေပေါ်မှာ မွေးဖွားပြီး ကြီးပြင်းလာခဲ့တာ။ ငါးရက်ကြာပြီးတဲ့နောက်မှာလည်း သူက ကမ္ဘာမြေရဲ့ လူသားတစ်ယောက် ဖြစ်နေဦးမှာပဲ"

"ဒါဆို ဘာလို့လဲ..."

"မေးခွန်းများ၏ ကပ်ဘေးကလည်း မူလက ကမ္ဘာမြေကပဲလေ"

ယူဆန်းအာ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ပြောလိုက်သည်။

"ဒီကလေးက မေးခွန်းများ၏ ကပ်ဘေးလိုမျိုးလား..."

"ဟုတ်လည်း ဟုတ်သလို မဟုတ်လည်း မဟုတ်ဘူး"

"ရှင်"

ကမ္ဘာမြေမှ လာသော ကပ်ဘေးအားလုံးမှာ ပြန်လာသူများ ဖြစ်ကြသည်။ သူတို့သည် အခြားကမ္ဘာတစ်ခုကို ဖျက်ဆီးပြီး ပြန်လာခဲ့ကြသော ဖျက်ဆီးသူများပင်။ ဤကလေးမလေးသည် ခရိုနော့စ်ကို ဖျက်ဆီးခဲ့သဖြင့် ပြန်လာသူဟု ခေါ်ဆိုနိုင်ပေသည်။ သို့သော် ထိုမျှသာ မဟုတ်ချေ။ ခရိုနော့စ်၏ ကပ်ဘေးငါးခုထဲတွင် ဤကလေးမလေးမှာ ထူးခြားလှသည်။ ကလေးမလေးသည် အန္တရာယ်အရှိဆုံးလည်း ဖြစ်၏။

"ကပ်ဘေးကို ဖြစ်ပေါ်စေမယ့်သူက ဒီကလေး မဟုတ်ဘူး။ ဒီကလေးရဲ့ အနာဂတ်ကိုယ်တိုင်ပဲ"

"ဒီကလေးရဲ့ အနာဂတ် ဟုတ်လား"

"ဒီကလေးက ကမ္ဘာမြေကို အပြတ်ရှင်းဖို့အတွက် အနာဂတ် ဆယ်စုနှစ်ပေါင်းများစွာကနေ ပြန်လာတာ"

ဖြူစင်ပြီး အပြစ်ကင်းစင်သော ဤကလေးမလေးသည် အနာဂတ်တွင် ဤကမ္ဘာကြီး၏ အဆိုးရွားဆုံးသော ကပ်ဘေးများထဲမှ တစ်ခု ဖြစ်လာပေလိမ့်မည်။

"အဲဒါကြောင့် ဟန်ဆိုယောင်းက ဒီကလေးကို သတ်ဖို့ ပြောတာ။ အကယ်၍ ကျနော်တို့တွေ အခု ဒီကလေးကို သတ်လိုက်ရင် သူ့ရဲ့ 'အနာဂတ်' ကို ဖျက်ဆီးပြီးသားဖြစ်သွားနိုင်တယ်လေ"

ဤကပ်ဘေးမှာ ယူဂျွန်ဟော့ပင် တားဆီးနိုင်ခြင်း မရှိသော ကပ်ဘေးတစ်ခု ဖြစ်ပေသည်။

…………………………………………………………………………………

「 ယူဂျွန်ဟော့သည် သူ၏ ရင်ဘတ်ပေါ်ရှိ ဟာလာဟင်းလင်းဖြစ်နေသော အပေါက်ကို ငုံ့ကြည့်လိုက်သည်။ ထိုအပေါက်ကြီးမှာ သေဆုံးမှုနှောင့်နှေးခြင်းကို ချက်ချင်း အသုံးမပြုပါက ကုသ၍ မရနိုင်သော ဒဏ်ရာမျိုး ဖြစ်၏။ ထိုဒဏ်ရာကို ဖြစ်ပေါ်စေခဲ့သော အမျိုးသမီးအား သူက ဒေါသတကြီး မေးလိုက်၏။

"ရှင်ယူဆောင်း... ဘာလို့လဲ... နင့်ရဲ့ စိတ်တွေ ပြောင်းလဲသွားတာလား"

"ပြောင်းလဲသွားတာ ဟုတ်လား။ ငါ မပြောင်းလဲပါဘူး"

ရှင်ယူဆောင်းက ရယ်မောလိုက်သည်။

"ငါက အကိုကြီးလိုမျိုး နောက်ပြန်ဆုတ်သူ မဟုတ်ဘူးလေ။ ငါက ဇာတ်ဝင်ခန်းရဲ့ စက်ဝန်းထဲမှာ ပိတ်မိနေတဲ့ အရုပ်တစ်ခုသက်သက်ပဲ။ အရင်က အကိုကြီး တွေ့ခဲ့ဖူးတဲ့ 'ကပ်ဘေး' တွေနဲ့ ငါက စိတ်နေစိတ်ထားချင်း အတူတူပါပဲ"

"ဒါဆို ဘာလို့..."

"အခုက အကိုကြီးရဲ့ တတိယမြောက် နောက်ပြန်ဆုတ်ခြင်း မဟုတ်လား။ ဒုတိယမြောက် နောက်ပြန်ဆုတ်ခြင်းတုန်းက ငါ အကိုကြီးကို အခွင့်အရေး ပေးခဲ့မှာပဲ။ ဒါတောင်မှ အကိုကြီးက နောက်တစ်ကြိမ် ထပ်ရှုံးနိမ့်ခဲ့ပြန်တယ်လေ။ ငါက အကိုကြီးကို အချက်အလက်တွေ အများကြီး ပေးခဲ့ပါလျက်နဲ့ အကိုကြီးကတော့ အခုလည်း ထပ်ပြီး ရှုံးနိမ့်ခဲ့ပြန်ပြီ"

ရှင်ယူဆောင်းသည် မှင်တက်နေသော ယူဂျွန်ဟော့ကို ကြည့်ကာ ဝမ်းနည်းစွာ ပြုံးလိုက်၏။

"အကိုကြီးက ကမ္ဘာကြီးကို မပြောင်းလဲနိုင်ပါဘူး။ အရာအားလုံးက နဂိုအတိုင်းပဲ ရှိနေသေးပြီး ဘာမှ ပြောင်းလဲမသွားဘူး"

ရှင်ယူဆောင်းက ကောင်းကင်ယံက မဟာတွင်းနက်ကြီးကို မော့ကြည့်ရင်း ပြောလိုက်သည်။

"ဒါကြောင့် ငါ စဉ်းစားလိုက်တယ်။ တကယ်တော့ ဒီကမ္ဘာကြီးက ဒီမှာတင် အဆုံးသတ်သင့်တယ်လို့ပေါ့" 」

Ways of Survival ကို ပြန်လည် ဖတ်ရှုနေစဉ် ယခင်က ကျနော့်ခံစားချက်ဟောင်းများ ပြန်လည် ပေါ်ပေါက်လာခဲ့သည်။ ဤသည်မှာ Ways of Survival ၏ အရသာပင် ဖြစ်၏။

"ဟေး... ဘာလုပ်နေတာလဲ"

စကားသံတစ်ခု ကြားလိုက်ရသဖြင့် စမတ်ဖုန်းကို ကျနော်ပိတ်လိုက်သည်။ အသံပိုင်ရှင်မှာ ဟန်ဆိုယောင်း ဖြစ်ပြီး ဟန်ဆိုယောင်းက မေးလိုက်၏။

"နင် ဘယ်လိုဆုံးဖြတ်လိုက်ပြီလဲ"

"ငါ စဉ်းစားနေတုန်းပဲ"

ကျနော့်၏ လေသံထဲတွင် ဝေခွဲမရဖြစ်နေမှုရှိနေခြင်းကြောင့် ဟန်ဆိုယောင်းက မျက်မှောင်ကြုတ်လိုက်သည်။ ဟန်ဆိုယောင်းသည် ယူဆန်းအာနှင့် ရှင်ယူဆောင်းတို့ကို သတိထားလျက် တိုးတိုးလေး ပြော၏။

"နင် မေ့သွားပြီလား။ တတိယမြောက် နောက်ပြန်ဆုတ်ခြင်းမှာ နောက်ဆုံးကပ်ဘေးကြောင့် ယူဂျွန်ဟော့ တစ်ယောက် သေလုနီးပါး ဖြစ်ခဲ့တာကို သတိမရတော့ဘူးလား"

"ယူဂျွန်ဟော့က မသေပါဘူး"

"အဲဒါက အရေးမကြီးဘူး။ အရေးကြီးတာက ငါတို့ ထိပ်တိုက်ရင်ဆိုင်ရင် မနိုင်နိုင်ဘူး ဆိုတာပဲ"

ဟန်ဆိုယောင်း၏ စကားမှာ မှန်ကန်သည်။ တတိယမြောက် ဇာတ်ဝင်ခန်းတွင် ယူဂျွန်ဟော့သည် အမှန်တကယ်ပင် ရှင်ယူဆောင်းကြောင့် သေဆုံးခဲ့ရသည်။

"အဲဒီတုန်းက နင်သာ ထင်ယောင်ထင်မှားမိစ္ဆာ ကင်နမ်ဝန်ကို မသတ်ခဲ့ရင်..."

ကံမကောင်းစွာဖြင့် ယခုတစ်ကြိမ်တွင်တော့ ရှင်ယူဆောင်းအငယ်လေးကို သတ်ရန် ထင်ယောင်ထင်မှားမိစ္ဆာ မရှိတော့ချေ။

"ဒါကို ငါ ကန့်ကွက်တယ်လို့ အသေအချာ ပြောပြီးသားနော်။ ငါ သတိပေးထားမယ်။ ငါက ဘာမှမလုပ်ဘဲ ငြိမ်နေမယ်လို့ နင် ထင်နေတာလား"

[အချို့သော နက္ခတ်များသည် တွေဝေနေခြင်းကို မနှစ်သက်ကြချေ။]

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’နက္ခတ်သည် မက်မွန်သီးအရက်ကို ထုတ်သောက်ကာ အခြေအနေကို စောင့်ကြည့်နေပါသည်။]

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’နက္ခတ်သည် သင်၏ ပညာရှိဆန်စွာ ဆုံးဖြတ်ချက်ချမည်ကို မျှော်လင့်နေပါသည်။]

ဤစကားဝိုင်းသည် စနစ်၏ စစ်ထုတ်မှုထဲတွင် သေသေချာချာ မပါဝင်သွားခြင်း ဖြစ်နိုင်သည်။ အနာဂတ် အချက်အလက်များကို စစ်ထုတ်ခြင်းမှာ တဖြည်းဖြည်း လျော့ရဲလာနေပေပြီ...။

ယူဆန်းအာသည် ရှင်ယူဆောင်းနှင့် စကားပြောပြီးနောက် သက်ပြင်းချလျက် ကျနော်တို့ဘက်သို့ လျှောက်လာခဲ့သည်။

"ဒေါ့ဂျာ။ ကျမတို့ ဘယ်လိုဆက်လုပ်မလဲကို မစဉ်းစားလို့ မရဘူး"

ယူဆန်းအာ၏ မျက်နှာမှာ အသည်းအသန် ဖြစ်နေ၏။

"ဒါက မဖြစ်သေးတဲ့ အနာဂတ်ပဲလေ။ အခု ကလေးမလေးကို ကျမတို့ ကောင်းကောင်း ပြုစုစောင့်ရှောက်ပေးမယ်ဆိုရင် ကပ်ဘေးက ဖြစ်မလာနိုင်ဘူး မဟုတ်လား။ စိတ်ထားကောင်းရင် ကံကောင်းနိုင်ပါတယ်"

ယူဆန်းအာ ပြောသည်မှာ အကြောင်းမဲ့တော့ မဟုတ်ချေ။ ဤကမ္ဘာသို့ ရောက်ရှိလာသူမှာ 'အနာဂတ် ရှင်ယူဆောင်း' ဖြစ်သည်။ ဤကမ္ဘာသည် အနာဂတ် ရှင်ယူဆောင်းကို ဖန်တီးပေးခဲ့သည့် 'ပထမဆုံး ကမ္ဘာ' ဖြစ်သည်။

တစ်နည်းအားဖြင့် ကျနော်တို့က လက်ရှိ ရှင်ယူဆောင်းကို ပြောင်းလဲပေးနိုင်ပါက ကပ်ဘေးမှာ ရောက်မလာနိုင်တော့ချေ။ ထိုခန့်မှန်းချက်မှာ သီအိုရီအရ ဖြစ်နိုင်သည်။ ကပ်ဘေးကို တားဆီးရန် ရှင်ယူဆောင်းကို သတ်ပစ်ခြင်းနှင့် အတူတူပင် ဖြစ်၏။ သို့ပေသိ ပြဿနာတစ်ခု ရှိနေလေသည်။

"ဒီကလေးကို ကပ်ဘေးဖြစ်အောင် လုပ်မယ့် ဖြစ်ရပ်က ဝေးကွာတဲ့ အနာဂတ်မှာ ဖြစ်မှာ။ ကျနော်တို့ အခု ဘာလုပ်လုပ် အဲဒါက သက်ရောက်မှု ရှိမှာ မဟုတ်ဘူး"

စိတ်ထားဘယ်လောက်ကောင်းကောင်း ကံက ကောင်းချင်မှ ကောင်းပေမည်။ ကိုယ့်ဘက်က စိတ်ရင်းမှန်စွာနှင့် ပြုမူလိုက်သမျှ အကောင်းကြီးသာ ဖြစ်နိုင်၏လာ။

သီအိုရီအရ ဖြစ်နိုင်သည်။ အရေးကြီးသောအချက်မှာ ကံကောင်းနိုင်ဖို့ ကြာမြင့်မည့် အချိန်ပင် ဖြစ်သည်။

ယူဆန်းအာ၏ မျက်နှာတွင် စိတ်ပျက်သွားသည့် အမူအရာ ပေါ်လာသည်။

"ဒေါ့ဂျာလည်း ဘာဖြစ်မလဲ သေချာပြောနိုင်တာမဟုတ်ဘူးလေ..."

"ထပ်ပြောရရင် အခုအချိန်မှာ ဘာလုပ်လုပ် အကျိုးသက်ရောက်မှု ရှိမှာမဟုတ်လောက်ဘူး။ ဒီကလေးကို ကျနော်တို့ ပြောင်းလဲလိုက်ရင်တောင် ငါးရက်အတွင်း ရောက်လာမယ့် ကပ်ဘေးကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး"

အမှန်စင်စစ် ယူဂျွန်ဟော့သည် သူ၏ နောက်ပြန်ဆုတ်ခြင်း အလယ်ပိုင်းနှင့် နှောင်းပိုင်းကာလများတွင် ထိုသို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသည်။ သူ ပထမဆုံး လုပ်ခဲ့သည့်အရာမှာ ရှင်ယူဆောင်းကို ရှာဖွေပြီး ကပ်ဘေး ဖြစ်မလာအောင် တားဆီးရန် ဖြစ်သည်။ သို့သော် အကြိမ်တိုင်း ရှုံးနိမ့်ခဲ့ရသည်။ လက်ရှိ ရှင်ယူဆောင်းအပေါ် မည်သို့ပင် ပြောင်းလဲမှုများ ပြုလုပ်စေကာမူ အနာဂတ် ရှင်ယူဆောင်းသည် ငါးရက်အတွင်း ပြန်လာမည်သာ ဖြစ်သည်။ ထို့နောက်တွင်တော့ အနာဂတ်ရှင်ယူဆောင်းသည် ဆိုးလ်မြို့ကို ဖျက်ဆီးပစ်လိမ့်မည်။

ယူဆန်းအာ၏ အသံမှာ တဖြည်းဖြည်း အားနည်းသွားသည်။

"ဘာလို့ ဒီကလေးက ကပ်ဘေး ဖြစ်ရတာလဲ။ အနာဂတ်မှာ ဘာတွေ ဖြစ်ခဲ့လို့လဲ"

"ကျနော် မသိဘူး"

အဖြေကို သဘာဝကျကျ ကျနော်သိရှိပြီးသား ဖြစ်သော်လည်း ဘာမှ မပြောခဲ့ချေ။ ရှင်းပြနေမည့်အစား အသားစားနေသော ကလေးမလေးထံသို့ လျှောက်သွားကာ မေးလိုက်၏။

"စားလို့ ကောင်းရဲ့လား"

"...ဟုတ်ကဲ့"

ယူဆန်းအာနှင့် ဟန်ဆိုယောင်းတို့သည် ကျနော့်ကို အဝေးမှ စောင့်ကြည့်နေသည်အား ကျနော် ခံစားမိသည်။

'မဖြစ်ဘူး'

'ကလေးမကို သတ်လိုက်'

'ကလေးမ အသတ်ခံရတာမျိုး ငါအဖြစ်ခံမှာမဟုတ်ဘူး'

'သတ်လိုက်'

အမှန်စင်စစ် ရှင်ယူဆောင်းကို သတ်လိုက်ခြင်းသည် ဇာတ်သိမ်းပိုင်း၏ အရေးကြီးသော အစိတ်အပိုင်းကို ထိခိုက်စေမည် မဟုတ်ချေ။ အကယ်၍ ကျနော်သာ ယခု ရှင်ယူဆောင်းကို မသတ်ခဲ့ပါက အမှားအယွင်း အနည်းငယ်ကြောင့်ပင် ဆိုးလ်မြို့ကြီး ပျက်စီးသွားနိုင်ပေသည်။

ရေတို ရှုထောင့်မှ ကြည့်မည်ဆိုလျှင် ရှင်ယူဆောင်းကို ကယ်တင်ခြင်းမှာ ဆုံးရှုံးမှုများကိုသာ သယ်ဆောင်လာလိမ့်မည်။ ရှင်ယူဆောင်းသည် အသားများကို စားရင်း ကျနော့်ကို နားမလည်နိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ဦးလေး... ဦးလေးက အနာဂတ်ကို မြင်နိုင်တာလား"

"ဟင်"

"သမီးက... သမီးက အနာဂတ်မှာ လူဆိုးတစ်ယောက် ဖြစ်နေမှာလား"

ကလေးမလေးသည် ကျနော်တို့၏ စကားဝိုင်းကို ကြားသွားခြင်း ဖြစ်နိုင်ပေသည်။ ကျနော်က တိုးတိုးလေး ပြန်ဖြေလိုက်၏။

"ဖြစ်နိုင်တာပေါ့"

"ဘယ်လောက်တောင် ဆိုးလို့လဲ"

"သမီးက ဆိုးလ်မှာ အဆိုးဆုံးလူ ဖြစ်လာမှာ"

"ဂျိုကာ ဒါမှမဟုတ် သားနော့စ်တို့လောက် ဆိုးတာလား"

"အဲဒါတော့ ငါလည်း မသိဘူး"

ရှင်ယူဆောင်းသည် ခေါင်းငုံ့သွားပြီး ကျနော့်ကိုပြောသည်။

"ဒါက ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး"

"ဘာလို့လဲ"

"သမီးက အခုလည်း လူဆိုးတစ်ယောက် ဖြစ်နေလို့ပါ"

ကလေးမလေး ဘာကြောင့် ထိုသို့ပြောရသည်ကို ကျနော် သိနေသဖြင့် ကျနော်နားလည်အောင် ကလေးမလေး ရှင်းပြနေရန် မလိုချေ။ ရှင်ယူဆောင်းသည် ဤကမ္ဘာတွင် မည်သို့ ရှင်သန်ခဲ့ရသည်ကို ကျနော် သိရှိပြီးသား ဖြစ်သည်။

[‘ရှင်ယူဆောင်း’ ဇာတ်ကောင်အပေါ် သင်၏ နားလည်နိုင်စွမ်း တိုးမြင့်လာပါသည်။]

[သီးသန့်စွမ်းရည် အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် အဆင့် ၂ ကို အသက်သွင်းလိုက်ပါသည်။]

「 ငါ သူ့ကို သတ်ခဲ့တယ် 」

ရှင်ယူဆောင်းသည် ပထမဆုံး ဇာတ်ဝင်ခန်းတွင် ရှင်သန်နိုင်ရန် သူ၏ ခွေးလေးကို သတ်ခဲ့ရသည်။

「 တောင်းပန်ပါတယ် 」

တိုက်ခိုက်ခံရ၍ လဲကျနေသော အဖိုးအိုတစ်ဦးထံမှ ဝတ်ရုံကို ရှင်ယူဆောင်း ခိုးယူခဲ့သည်။ ရှင်ယူဆောင်း၏ ကိုယ်ပိုင် အစိမ်းရောင်ဇုန်ကို ကာကွယ်ရန် ရှင်ယူဆောင်းကို အမြဲ စောင့်ရှောက်ပေးခဲ့သော အမျိုးသမီးကို သတ်ခဲ့သည်။ အစားအစာ ရရှိရန်အတွက် တစ်စုံတစ်ဦး၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသူအား ရှင်ယူဆောင်းက လိုက်ဖမ်းသူလက်ထဲ အပ်နှံခဲ့သည်။

ဤကမ္ဘာတွင် လူတိုင်းသည် ရာဇ၀တ်မှုများ ကျူးလွန်ရန် ဖိအားပေးခံနေကြရသည်။ ထိုအရာများကို လူတိုင်းက ဆင်ခြေပေးကာ ရှောင်ရှား၍ မရနိုင်ချေ။

「 ငါ အပြစ်ပေးခံရမှာပဲ။ ဒီလို ရှင်သန်နေရတာက တန်ဖိုးမရှိဘူး 」

ကြောက်လန့်နေသော ကလေးမလေး၏ မျက်လုံးများတွင် ဆုံးဖြတ်ချက်များ ပြည့်နှက်လာသည်။ သေရန် ဆုံးဖြတ်ထားသော သူတစ်ဦး၏ အမူအရာမှာ လူကြီးဖြစ်စေ၊ ကလေးဖြစ်စေ ကွဲပြားမှု မရှိချေ။

"ဦးလေး သမီးကို သတ်လို့ရပါတယ်။ သမီး အဆင်သင့်ပါပဲ"

အကယ်၍ ကျနော်သာ ဤဇာတ်လမ်း၏ အဓိကဇာတ်ကောင် ဖြစ်ခဲ့မည်ဆိုလျှင် ရှင်ယူဆောင်းကို တွန့်ဆုတ်နေခြင်း မရှိဘဲ သတ်ပစ်မိပေလိမ့်မည်။ သို့သော် ကျနော်သည် စာဖတ်သူတစ်ယောက် ဖြစ်သည်။ စာဖတ်သူတစ်ယောက်သည် စာဖတ်သူတစ်ယောက်၏ ရွေးချယ်မှုကိုသာ ပြုလုပ်ရပေမည်။

ကျနော်က စာရေးဆရာ မဟုတ်သဖြင့် ကျနော့်ပါးစပ်မှ ထွက်လာသမျှမှာ သိသာလှသော စကားလုံးများသာ ဖြစ်၏။ ရှင်ယူဆောင်း၏ ခေါင်းကို ပွတ်သပ်ရင်း ကျနော်ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့။ နင် သေဆုံးသွားဖို့က ငါ အလိုရှိတဲ့ ဇာတ်သိမ်းမှာ မပါဘူး"

အကယ်၍ ကျနော်သာ ဤကလေးကို သတ်လိုက်မည်ဆိုပါက ယူဂျွန်ဟော့၏ နောက်ပြန်ဆုတ်ခြင်းသည် အဓိပ္ပာယ်ရှိတော့မည် မဟုတ်ချေ။ သူသည် အတိတ်ကို ပြောင်းလဲရန် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ အကယ်၍ အနာဂတ်က သတ်မှတ်ပြီးသားဆိုပြီး တစ်စုံတစ်ဦးက အခြားတစ်ဦးကို သတ်ဖြတ်မည်ဆိုပါက ရှင်သန်ရသည်က အဓိပ္ပါယ်ရှိတော့မည်မဟုတ်ချေ။

ထို့ကြောင့် ယူဂျွန်ဟော့အတွက် ဤကလေးမလေး၏ သေဆုံးမှုကို ကျနော်တားဆီးပေးမည်။ေ

ကလေးမလေး၏ မျက်လုံးများ တုန်လှုပ်သွားသည်။

[ဇာတ်ကောင် ‘ရှင်ယူဆောင်း’ သည် သင့်အပေါ် သစ္စာစောင့်သိမှု အနည်းငယ် ရှိလာပါသည်။]

[‘ရှင်ယူဆောင်း’ ဇာတ်ကောင်အပေါ် သင်၏ နားလည်နိုင်စွမ်း တိုးမြင့်လာပါသည်။]

"ဒါပေမဲ့ သမီး သေမှ ဖြစ်မှာလေ..."

"ကပ်ဘေးကို တားဆီးနိုင်မယ့် နည်းလမ်း ရှိပါတယ်"

ကျနော့်နောက်မှ ဟန်ဆိုယောင်း၏ သက်ပြင်းချသံကို ကြားလိုက်ရသည်။ ဟန်ဆိုယောင်း၏ ဘေးတွင် ယူဆန်းအာက နှုတ်ခမ်းကို တင်းတင်းစေ့လျက် စောင့်ကြည့်နေသည်။

"သမီးရဲ့ အကူအညီနဲ့ ဆိုရင် အခြေအနေတွေကို ငါကျော်ဖြတ်နိုင်လောက်မှာပါ"

မူလက ကျနော် အလိုရှိသော ဇာတ်သိမ်းမှာ မဖြစ်နိုင်သောအရာ ဖြစ်၏။ သို့သော် မဖြစ်နိုင်သော ကိစ္စငယ်လေးများကို တစ်ခုပြီးတစ်ခု ကျနော်ပြောင်းလဲပစ်မည်ဆိုလျှင် နောက်ဆုံးတွင် မဖြစ်နိုင်သော ဇာတ်သိမ်းဆီသို့ ပြောင်းလဲသွားနိုင်ပေသည်။ ရှင်ယူဆောင်းသည် ဤမဖြစ်နိုင်သော ဇာတ်လမ်း၏ အုတ်မြစ်ငယ်လေးများထဲမှ တစ်ခု ဖြစ်လာလိမ့်မည်။

ဒိုကဲဘီ အိတ်ကို ကျနော်ချက်ချင်း ဖွင့်လိုက်ပြီး ပစ္စည်းအချို့ကို ဝယ်ယူလိုက်သည်။ ရှင်ယူဆောင်းက ယုံကြည်မှု ကင်းမဲ့စွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။

"သမီး ဘာလုပ်နိုင်မှာလဲ။ သမီးမှာ ထောက်ပံ့သူတောင် မရှိဘူး"

"ထောက်ပံ့သူ မရှိတာက ဘာဖြစ်လို့လဲ"

[သင်သည် ကိုယ်စားလှယ် ‘ရှင်ယူဆောင်း’ အား ‘ကြီးထွားတိုးတက်မှုအတွက် အထုပ် ၁’ ကို ထောက်ပံ့လိုက်ပါသည်။]

ရှင်ယူဆောင်း၏ ပါးစပ်မှာ အံ့အားသင့်လျက် ဟသွားသည်။

[သင်သည် ကိုယ်စားလှယ် ‘ရှင်ယူဆောင်း’ အား ‘ကြီးထွားတိုးတက်မှုအတွက် အထုပ် ၂’ ကို ထောက်ပံ့လိုက်ပါသည်။]

[သင်သည် ကိုယ်စားလှယ် ‘ရှင်ယူဆောင်း’ အား ‘ဇာတ်ဝင်ခန်းသစ်များ အထိမ်းအမှတ် အထုပ်’ ကို ထောက်ပံ့လိုက်ပါသည်။]

.

.

.

မက်ဆေ့ချ်များ ဆက်တိုက် တက်လာသည်။ ရှင်ယူဆောင်း မျက်နှာ ဖြူလျော့သွား၏။

"ဒါ... ဒါတွေက ဘာလဲ"

"ရပါတယ်။ ငါ့မှာ ပိုက်ဆံ အများကြီး ရှိတယ်"

"ဦးလေး... ဦးလေးက ဘယ်သူလဲ"

"ငါ့နာမည်က ဒေါ့ဂျာ။ ကင်ဒေါ့ဂျာ"

အတွေးများထဲရစ်ဝဲနေသည့် ကလေးမလေး၏ ခေါင်းကို ကျနော်ပုတ်လိုက်သည်။

"နောက်ငါးရက်အတွင်းမှာ သမီးက ဒီမှာ ရှိနေတဲ့ ဘယ်သူ့ထက်မဆို ပိုပြီး သန်မာလာလိမ့်မယ်"

ထိုစကားမှာ အမှန်တရား ဖြစ်သည်။ သားရဲသခင် ရှင်ယူဆောင်း။ ဤကလေးမလေးသည် နောင်တွင် ကမ္ဘာပေါ်ရှိ အစွမ်းအထက်ဆုံး လူ ၁၀၀ ထဲမှ တစ်ဦး ဖြစ်လာပေလိမ့်မည်။

ကပ်ဘေး ဖြစ်လာနိုင်သည့် ဤကလေးမလေးသည် ယခုအကြိမ်တွင် ကျနော့်၏ 'ပထမဆုံး ကိုယ်စားလှယ်' ဖြစ်လာပေတော့မည်။

အခန်း ၉၇

- အပိုင်း ၁၉ - ထူးခြားမှု (၅)

ကျနော် ခဏလောက် အိပ်ချင်ခဲ့သော်လည်း မျက်လုံးဖွင့်လိုက်ချိန်တွင်တော့ မိုးသောက်ယံ အချိန်ပင် ရောက်ရှိနေလေပြီ။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က သင့်ကိုယ်စားလှယ်ကို ဂရုစိုက်ရန် တိုက်တွန်းနေပါသည်။]

ယူရီအယ်၏ မက်ဆေ့ချ်ကြောင့် ကျနော် မရည်ရွယ်ဘဲ နိုးလာခဲ့ရသည်။

ချီးပဲ။

မနေ့က ‘ထောက်ပံ့သူ ကြေညာချက်’ကို ကျနော်လုပ်လိုက်ကတည်းက နက္ခတ်များမှာ အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြတော့သည်။

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သင့်ရွေးချယ်မှုကို ကြည့်ပြီး တခစ်ခစ် ရယ်မောနေပါသည်။]

အမှန်အတိုင်း ပြောရလျှင် ကျနော့်၏ ဒဏ္ဍာရီမှာ ကောင်းကောင်းမတည်ဆောက်ရသေးသဖြင့် ထောက်ပံ့သူတစ်ဦး ဖြစ်လာရန် နည်းလမ်းမရှိချေ။ ကိုယ်စားလှယ်ကို အထူးစွမ်းရည် မပေးနိုင်သော ထောက်ပံ့သူမှာ အနှောင့်အယှက်တစ်ခုသာ ဖြစ်သော်လည်း ကျနော့်တွင်တော့ သင့်တင့်လျောက်ပတ်သော ထောက်ပံ့သူတစ်ဦးထက် ပို၍ များပြားသော ငွေကြေးများ ရှိနေသည်။

[နက္ခတ် အများအပြားက သင့်ရွေးချယ်မှုကို စိတ်ဝင်စားနေကြပါသည်။]

[အချို့သော နက္ခတ်များက သင့်လုပ်ရပ်မှာ ရယ်စရာကောင်းသည်ဟု ထင်မြင်နေကြပါသည်။]

ကျနော့်ကိုယ်စားလှယ်အပေါ် နက္ခတ်များ၏ တုံ့ပြန်မှုမှာ နှစ်မျိုးကွဲပြားနေ၏။ ကျနော့်ကို သဘောကျသူများမှာ ‘ကိုယ်စားလှယ်ရှာဖွေသူများ’ ဖြစ်ကြပြီး ကျနော့်ကို သဘောမကျသူများမှာ ‘ပျော်ရွှင်မှုရှာဖွေသူများ’ ဖြစ်ကြသည်။

သို့ပေသိ သဘောထား မရှင်းလင်းသော နက္ခတ်တစ်ပါးလည်း ရှိပေသည်။

[‘လျှို့ဝှက်ကြံစည်သူ’ နက္ခတ်က သင်၏ မဟာဗျူဟာကို စိတ်ဝင်တစား စောင့်ကြည့်နေပါသည်။]

[ဒင်္ဂါး ၁,၀၀၀ ထောက်ပံ့လိုက်သည်။]

သူ၏ အမည်နာမကို ပထမဆုံး မြင်စဉ်ကတော့ သူသည် သာမန်မျှသာဟု ကျနော် ထင်ခဲ့သော်လည်း မကြာသေးမီက ကျနော့် စိတ်ကူး ပြောင်းလဲသွားခဲ့သည်။ သူ၏ ထောက်ပံ့မှု ပမာဏမှာ အလွန်ကြီးမားလွန်းလှသည်။ ဤနက္ခတ်မှာ အနည်းဆုံး ‘ဒဏ္ဍာရီလာအဆင့်’ ဖြစ်ပေလိမ့်မည်။ သို့သော် Ways of Survival တစ်လျှောက် မည်မျှပင် ရှာဖွေသော်လည်း ‘လျှို့ဝှက်ကြံစည်သူ’ ဟူသော အမည်ကို လုံးဝ မတွေ့ရချေ။

ဆိုလိုသည်မှာ သူသည် ဤကမ္ဘာမှ နက္ခတ်မဟုတ်ခြင်း သို့မဟုတ် Ways of Survival ထဲတွင် ကောင်းကောင်း မဖော်ပြထားခြင်း ဖြစ်ပေလိမ့်မည်။

သူက ဘယ်သူများပါလိမ့်။

ဟူး...။

မနေ့ညကတည်းက ရှင်ယူဆောင်းသည် စွန့်ပစ်ခံ အဆောက်အအုံ၏ ထောင့်တစ်နေရာတွင် စွမ်းရည်များကို လေ့ကျင့်နေခဲ့သည်။ ရှင်ယူဆောင်းသည် ကျနော်ပေးထားသော မှော်စွမ်းအင် ပြန်လည်ဖြည့်တင်းသည့် ဆေးရည်များကို သောက်သုံးပြီး အနီးနားရှိ ဂရိုးပေါက်လေးပေါ်တွင် စွမ်းရည်တစ်ခုကို ဆက်တိုက် စမ်းသပ်နေခဲ့သည်။

ရှင်ယူဆောင်းထံမှ အားနည်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ဂရိုး၏ အရေပြားကို ထိတွေ့သွားသည်။ ဤသည်မှာ လီဂီယောင်ထံတွင် မြင်တွေ့ခဲ့ရသော ကွဲပြားသော ဆက်သွယ်နိုင်စွမ်း၏ စွမ်းအားပင် ဖြစ်ပေသည်။

မျက်ကွင်းများ ညိုနေသော ရှင်ယူဆောင်းကို ကျနော် ငုံ့ကြည့်လိုက်၏။

"ယူဆောင်း…. မအိပ်ရသေးဘူးမလား"

"မအိပ်ရသေးဘူး"

"မအိပ်ရင် ရမယ့် ပြစ်ဒဏ်ကို မသိဘူးလား။ သွားအိပ်တော့"

"နောက်ထပ် နည်းနည်းလောက် လေ့ကျင့်ခွင့်ပေးပါဦး"

[ဇာတ်ကောင် ‘ရှင်ယူဆောင်း’ က ‘ကွဲပြားသော ဆက်သွယ်နိုင်စွမ်း အဆင့် ၈’ ကို အသုံးပြုလိုက်ပါသည်။]

[ဇာတ်ကောင် ‘ရှင်ယူဆောင်း’ က ‘ယဉ်ပါးအောင် ပြုလုပ်ခြင်း အဆင့် ၇’ကို အသုံးပြုလိုက်ပါသည်။]

ရှင်ယူဆောင်း၏ အာရုံစူးစိုက်မှုမှာ မကြာမီ ပျောက်ကွယ်သွားသည်။

[ယဉ်ပါးအောင် ပြုလုပ်ခြင်း ကျရှုံးသည်။]

[သားရဲကြီးမှာ သောင်းကျန်းလာပါပြီ။]

ဂရိုးသည် ထိန်းချုပ်မှုမှ လွတ်မြောက်သွားပြီး ရှင်ယူဆောင်းထံသို့ ပြေးဝင်လာသည်။ ကျနော် မလှုပ်ရှားရသေးမီမှာပင် အနီးနားတွင် အာပုတ်ရည်တမြှားမြှားဖြင့် အိပ်ပျော်နေသော ဟန်ဆိုယောင်းက လှုပ်ရှားလိုက်သည်။ ဂရိုးသည် စွန့်ပစ်ခံ အဆောက်အအုံ နံရံနှင့် ရိုက်မိသွားပြီး အသက်ရှူ ရပ်တန့်သွားတော့၏။ ဟန်ဆိုယောင်းမှာ ပြန်လည် အိပ်ပျော်သွားပြန်သည်။

စိတ်ပျက်လက်ပျက် အမူအရာဖြင့် အသက်ရှူနှုန်းကို ထိန်းညှိနေသော ရှင်ယူဆောင်းကို ကျနော် ပြောလိုက်သည်။

"အခု နားလည်သွားပြီလား"

"ဟုတ်ကဲ့"

ရှင်ယူဆောင်းက စိတ်မကောင်းသော မျက်နှာထားလေး လုပ်လိုက်၏။

[သီးသန့်စွမ်းရည် ဇာတ်ကောင်စာရင်းကို အသက်သွင်းလိုက်သည်။]

အကျဉ်းချုပ် ဗားရှင်း။

[ဇာတ်ကောင် အနှစ်ချုပ်]

အမည်

ရှင်ယူဆောင်း

ဝိသေသ လက္ခဏာများ

သားရဲ ယဉ်ပါးအောင် ပြုလုပ်သူ (ရှားပါး)၊ တုံ့ပြန်မှုဖြင့် သတ်ဖြတ်သူ

(သာမန်)

သီးသန့် စွမ်းရည်များ

ယဉ်ပါးအောင် ပြုလုပ်ခြင်း အဆင့် ၇၊ ကွဲပြားသော ဆက်သွယ်နိုင်စွမ်း

အဆင့် ၈၊ ဖျတ်လတ်သော ခြေလှမ်းများ အဆင့် ၈၊ မျိုးစပ်ခြင်း အဆင့် ၆။

အထူးစွမ်းရည်

မရှိ

စွမ်းရည်အလုံးစုံ

ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၁၉၊ ခွန်အား အဆင့် ၁၄၊ လျှင်မြန်မှု

အဆင့် ၄၄၊ မှော်စွမ်းအင် အဆင့် ၄၅။

• ကြီးထွားတိုးတက်မှုအတွက် အထုပ် ၁သည် အကျိုးသက်ရောက်မှုရှိနေပါသည်။

• ကြီးထွားတိုးတက်မှုအတွက် အထုပ် ၂သည် အကျိုးသက်ရောက်မှုရှိနေပါသည်။

• ဇာတ်ဝင်ခန်းသစ်များအတွက် အထုပ်သည် အကျိုးသက်ရောက်မှုရှိနေပါသည်။

ကျနော် ဝယ်ပေးထားသော ကြီးထွားတိုးတက်မှုအတွက် အထုပ်များကြောင့် ရှင်ယူဆောင်း၏ စွမ်းရည်များ တိုးတက်မှုနှုန်းမှာ အလွန်ပင် ကြီးမားနေတော့သည်။

ထို့ပြင် စွမ်းရည်များ ဆင့်ကဲတိုးတက်မှုကို အားပေးသည့် ဇာတ်ဝင်ခန်းသစ်များအတွက် အထုပ်လည်း ရှိနေသေးသည်။ ကိုရီးယားကျွန်းဆွယ်ရှိ မည်သည့်ကိုယ်စားလှယ်မဆို ထိုကဲ့သို့သော အထုပ်မျိုး ထောက်ပံ့မှု ရရှိဖူးခြင်း ရှိ၊ မရှိ ကျနော် မသိချေ။

ရှင်ယူဆောင်းသည် ပါရမီရှိသူတစ်ဦး ဖြစ်သဖြင့် ကွဲပြားသော ဆက်သွယ်နိုင်စွမ်းမှာ မကြာမီ အဆင့် ၁၀ ကို ကျော်ဖြတ်ပြီး အဆင့်မြင့် ကွဲပြားသော ဆက်သွယ်နိုင်စွမ်း ဖြစ်လာပေလိမ့်မည်။

ပြဿနာမှာ ရှင်ယူဆောင်းထံတွင် စွမ်းရည်များ ရှိနေပါသော်လည်း အဌမအဆင့် ဂရိုးပေါက်ကို ကောင်းကောင်း ယဉ်ပါးအောင် မလုပ်နိုင်ခြင်းပင်။ ရှင်ယူဆောင်းသည် ရှက်ကိုးရှက်ကန်း ဖြစ်နေသည့်အလား ခေါင်းငုံ့ထား၏။

"…သမီးမှာ ဘာပါရမီမှ မရှိဘူးထင်တယ်"

အကယ်၍ ရှင်ယူဆောင်းသာ ပါရမီမရှိဘူးဆိုလျှင် ကျနော် ကိုယ့်ကိုယ်ကိုယ်သာ သတ်သေလိုက်မိမည်ပင်။

"မစိုးရိမ်နဲ့။ သမီးမှာ ပါရမီရှိပါတယ်။"

ကျနော့်၏ အဖိုးတန် ကိုယ်စားလှယ်လေးကို စိတ်ဓာတ်ကျခွင့် မပေးနိုင်ချေ။ ရှင်ယူဆောင်းမှာ စိတ်ဒဏ်ရာကြောင့် စွမ်းရည်ကို ကောင်းကောင်း အသုံးမပြုနိုင်ခြင်း ဖြစ်နိုင်လောက်သည်။

"သမီး ဘာတွေ တွေးနေတာလဲ"

"သမီး ကြောက်တယ်"

ရှင်ယူဆောင်း ဘာကြောင့် ကြောက်နေရသလဲဆိုသည်ကို ခန့်မှန်းရန် မခက်ခဲလှချေ။ ရှင်ယူဆောင်းကို ကျနော်ပြောလိုက်၏။

"မိစ္ဆာတွေဆိုတာ အိမ်မွေးတိရစ္ဆာန်တွေ မဟုတ်ဘူး"

"သမီး သိပါတယ်"

"ဒါပေမဲ့ သူတို့ကို အဖော်အဖြစ် ထားတာကတော့ အဆင်ပြေမှာပါ။ သူတို့က ခံနိုင်ရည်ရှိပြီး သန်မာကြတယ်လေ"

ရှင်ယူဆောင်းမှာ သူ၏ ခွေးလေးကို ကိုယ်တိုင် သတ်ခဲ့သူ ဖြစ်သည်။ ရှင်သန်နိုင်ရန်အတွက် ဖြစ်၏။ ဤအချက်မှာ ကလေးမလေး၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ရှိနေဆဲပင်။ ကျနော် ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်၏။

"သမီး သိလား။ ဇာတ်ဝင်ခန်းတွေ အကုန်လုံးကို အောင်မြင်သွားရင် ဆုတောင်းတစ်ခု တောင်းလို့ရတယ်…"

"ဦးလေး လိမ်ပြောရင် မျက်နှာက ပြောင်းသွားတယ်။ နှာခေါင်းကလည်း ပွစိပွစိဖြစ်လာတယ်"

လီဂီယောင်ကိုပင် သတိရသွားမိစေသည်။ ကွဲပြားသော ဆက်သွယ်နိုင်စွမ်း ရှိသည့် ကလေးများမှာ ခန္ဓာကိုယ် ဘာသာစကားကို ပို၍ အကဲခတ်မိကြပုံ ရသည်။ ကျနော် လူမိုက်တစ်ယောက်လိုပင် ဆက်ပြောရန် ဆုံးဖြတ်လိုက်၏။

"သမီးမေးချင်တာရှိလား"

"သမီး လုပ်နိုင်ပါ့မလား"

"သမီး လုပ်နိုင်ပါတယ်"

"ဦးလေးက ရိုးရိုးသားသား ပြောနေတာ မဟုတ်ဘူး"

"ငါက သမီးကို ရွေးချယ်ခဲ့တာလေ"

ကျနော့် စကားကြောင့် ရှင်ယူဆောင်း၏ မျက်လုံးများ တုန်လှုပ်သွားသည်။

"ဆိုးလ်မြို့ထက် သမီးကို ငါ ရွေးချယ်ခဲ့တာ။ ငါ နောင်တမရဘူး"

"…"

"သမီးက တခြားဘယ်သူ့ထက်မဆို ပိုကောင်းအောင် လုပ်နိုင်ပါတယ်"

ရှင်ယူဆောင်းသည် လက်ချောင်းလေးများကို ဆုပ်ကိုင်ထားရင်း ကျနော့်ကို မော့ကြည့်လာသည်။ ထို့နောက် မျက်ရည်ဝဲလာတော့၏။

"ဦးလေး... သမီး တကယ် သန်မာလာရင်..."

"သန်မာလာရင်ဘာဖြစ်လဲ"

ရှင်ယူဆောင်းသည် ခဏမျှ တွန့်ဆုတ်နေပြီးမှ ရယ်လိုက်သည်။

"ဘာမှမဟုတ်တော့ပါဘူး။ သမီး ကြိုးစားပါ့မယ်"

ထို့နောက် ရှင်ယူဆောင်းသည် လှည့်ထွက်သွားပြီး စွမ်းရည်ကို ထပ်မံ အသုံးပြုလိုက်ပြန်သည်။ ကျနော် တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။ မူရင်းဝတ္ထုထဲတွင် ရှင်ယူဆောင်းသည် မည်သို့သော လူစားမျိုးလဲဆိုသည်ကို ပြန်လည် အောက်မေ့မိသွားခြင်း ဖြစ်၏။

「 "အကိုကြီးဂျွန်ဟော့က ချောလိုက်တာ" 」

「 "အကိုကြီးဂျွန်ဟော့က အကောင်းဆုံးပဲ" 」

「 "သမီး အကိုကြီးဂျွန်ဟော့ကို အချစ်ဆုံးပဲ" 」

…ဤကလေးမလေးသည် Ways of Survival ထဲတွင် ယူဂျွန်ဟော့၏ ပရိသတ်တစ်ဦး ဖြစ်သည်။ သေချာပေါက် ဤကလေးမလေးမှာ ဇာတ်လိုက်မင်းသမီး လောင်းလျာတော့ မဟုတ်ချေ။ ကလေးမလေး၏ အသက်အရွယ်အရ ညီမလေးတစ်ယောက် နေရာတွင်သာ ရှိပေသည်။ ကလေးမလေးသည် ယူမီယာနှင့် အကြီးအကျယ် ရန်ဖြစ်ခဲ့သည်ကို ကျနော် မှတ်မိနေ၏…

ကျနော် ရုတ်တရက် စိုးရိမ်စိတ် အနည်းငယ် ဝင်လာသည်။ ကျနော် အပင်ပန်းခံ ပျိုးထောင်ထားရသည့် သူ့ကို ယူဂျွန်ဟော့ဆီ လက်လွှတ်လိုက်ရမည်လော။

နိုးလာသဖြင့် ကိုယ်လက်ဆန့်နေသော ဟန်ဆိုယောင်း ရှိရာသို့ ကျနော် ခေါင်းလှည့်ကြည့်လိုက်သည်။ ဟန်ဆိုယောင်းက ကျနော့် အကြည့်ကို သတိထားမိသွားပြီး တစ်ဖက်သို့ လှည့်သွား၏။ ဟန်ဆိုယောင်းမှာ မနေ့ကတည်းက စိတ်ကောက်နေခြင်း ဖြစ်သည်။

ဟန်ဆိုယောင်းကို ကျနော်လှမ်းခေါ်လိုက်၏။

"ဟေ့"

"ဘာလဲ"

"နင်က ဆက်ပြီး စိတ်ကောက်နေဦးမှာလား"

"ငါ့ကို စကားမပြောနဲ့"

"ငါ နင့်ကို မေးစရာ ရှိလို့"

ကျနော့် စကားကြောင့် ဟန်ဆိုယောင်းက မျက်ခုံးပင့်လိုက်သည်။ ကျနော်က ရှင်ယူဆောင်း မကြားစေရန် အသံကို နှိမ့်လိုက်ပြီး မေးလိုက်၏။

"ငါ့ရုပ်ရည်ကို ဘယ်လိုမြင်လဲ။ အထူးသဖြင့် ယူဂျွန်ဟော့နဲ့ ယှဉ်ရင်ပေါ့"

ဟန်ဆိုယောင်းသည် နားထဲသို့ ပိုးကောင်များ ဝင်သွားသည့်အလား ကျနော့်ကို ကြည့်လိုက်သည်။

"ဒါကို ငါ့ကို ဘာလို့ လာမေးနေတာလဲ"

"ငါက ရိုးရိုးသားသား သိချင်ရုံတင်ပါ"

ကျနော် အထက်တန်းကျောင်း ပြီးကတည်းက ကျနော့်ရုပ်ရည်ကို ဘယ်လိုရှိသလဲဆိုသည်ကို စိတ်မဝင်စားခဲ့ချေ။ ယူဂျွန်ဟော့အဖြစ် ကျနော်ဟန်ဆောင်စဉ်က ပရောဟိတ်များ၏ တုံ့ပြန်မှုကို စဉ်းစားကြည့်ရာ ကျနော်က ရုပ်ဆိုးပုံ ရပေသည်။ ကျနော် ရေချိုးခန်းထဲတွင် တစ်ခါတစ်ရံ ဆဲလ်ဖီရိုက်သည့် အခါတိုင်းတော့ ကိုယ့်ကိုယ်ကိုယ် ရုပ်ဆိုးသည်ဟု မထင်ခဲ့ချေ။

[လေနှင်ရာ လွင့်ပါတတ်သော နက္ခတ်တစ်ပါးက သင့်ကို သနားစဖွယ် သတ္တဝါတစ်ဦးအဖြစ် ကြည့်နေပါသည်။]

ဟန်ဆိုယောင်းက ပြန်ဖြေလိုက်၏။

"နင့်ကံကြမ္မာကိုပဲ လက်ခံလိုက်ပါ"

"မဟုတ်ဘူးလေ... ငါ တကယ် သိချင်ရုံတင်..."

"ငါ အခု လုပ်ပေးနိုင်တာကတော့ နင့်ကို အားပေးဖို့ပဲ ရှိတယ်"

ချီးပဲလေ။ သောက်ကောင်မ

"…အဲဒီလောက်တောင်လားဟာ"

ရှင်ယူဆောင်းကို တိတ်တဆိတ် ကြည့်ရင်း ကျနော်ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ ရှင်ယူဆောင်းကို ယူဂျွန်ဟော့နှင့် လုံးဝ မတွေ့ခိုင်းနိုင်ချေ။

…………………………………………………………………………………

ကျနော်တို့တွေ အနီးနားရှိ မိစ္ဆာများကို အမဲလိုက်ပြီး ဒင်္ဂါးများကို စုဆောင်းခဲ့ကြသည်။ စုမိသမျှ ဒင်္ဂါးများကို ရှင်ယူဆောင်းအတွက် ကျနော်ရင်းနှီးမြှုပ်နှံပေးလိုက်ရာ ရှင်ယူဆောင်း၏ စွမ်းရည်များမှာ သိသိသာသာပင် မြန်ဆန်စွာ တိုးတက်လာခဲ့သည်။

ဒင်္ဂါးများကို အဓိကအားဖြင့် လျှင်မြန်မှုနှင့် မှော်စွမ်းအင်တို့တွင် ကျနော်အသုံးပြုပေးခဲ့သည်။ ဤသို့သုံးပေးခဲ့ခြင်းမှာ ဖျတ်လတ်သော ခြေလှမ်းများ၊ ယဉ်ပါးအောင် ပြုလုပ်ခြင်းနှင့် ကွဲပြားသော ဆက်သွယ်နိုင်စွမ်းတို့၏ အားသာချက်များကို အကောင်းဆုံး အသုံးချနိုင်ရန် ဖြစ်၏။

နောက်တစ်ကြိမ် ညအချိန်သို့ရောက်ရှိလာချိန်တွင်တော့ ရှင်ယူဆောင်းသည် အဆင့်မြင့် ကွဲပြားသော ဆက်သွယ်နိုင်စွမ်းကို တတ်မြောက်သွားခဲ့လေပြီ။ သို့ပေသိ ယဉ်ပါးအောင် ပြုလုပ်ခြင်း စွမ်းရည်မှာမူ အောင်မြင်မှု မရရှိသေးချေ။ ရှင်ယူဆောင်းက မေးလာ၏။

"အနာဂတ်ကသမီးက အခုထက် အများကြီး ပိုသန်မာမှာလားဟင်"

သေချာပေါက်ကို သန်မာရုံတင်မဟုတ်ဘူး အစွမ်းကို စောက်ကျိုးနည်းတဲ့အထိထက်မှာ။

လက်ရှိ ရှင်ယူဆောင်းသည် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲတွင် အနာဂတ်မှ ရှင်ယူဆောင်းကို ယှဉ်နိုင်စွမ်း မရှိချေ။

သို့သော်လည်း ရှင်ယူဆောင်းသာ အပြင်းအထန် လေ့ကျင့်မည်ဆိုပါက အနာဂတ် ရှင်ယူဆောင်း၏ အရေးကြီးသော စွမ်းရည်တစ်ခုကို ချိပ်ပိတ်နိုင်ပေလိမ့်မည်။ ရေလွှမ်းမိုးခြင်း ကပ်ဘေးသည် ရှင်ယူဆောင်းတစ်ဦးတည်းနှင့် စစ်တပ်တစ်ခုကို ဦးဆောင်နိုင်စွမ်း ရှိသောကြောင့် အန္တရာယ်များခြင်း ဖြစ်၏။

"ငါကတော့ ရောက်မလာသေးတဲ့ အနာဂတ်ထက် အခုသမီးကို ပိုယုံကြည်တယ်"

အကယ်၍ အနာဂတ်မှ ရှင်ယူဆောင်းက လုပ်ဆောင်နိုင်ခဲ့လျှင် လက်ရှိ ရှင်ယူဆောင်းအတွက်လည်း ဖြစ်နိုင်ခြေ ရှိသည်။ ထို့ပြင် ရှင်ယူဆောင်း၏ အနာဂတ်နှင့် ရင်ဆိုင်ရပါက အနိုင်ရနိုင်ခြေလည်း ရှိသည်။ အကြောင်းမှာ အနာဂတ်မှ ရှင်ယူဆောင်းသည် လက်ရှိ ရှင်ယူဆောင်းကို လုံးဝ သတ်ဖြတ်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

"အစားအသောက်အတွက် ကျေးဇူးတင်ပါတယ်"

ယူဆန်းအာသည် ဂရိုးအသားကို စားပြီးနောက် အရိုးများကို ရှင်းလင်းရင်း တိုတောင်းသော ကျေးဇူးတင်စကား တစ်ခွန်းကို ဆိုလိုက်၏။

"ယူဆန်းအာက ဘာသာရေး ကိုင်းရှိုင်းတာလား"

"မဟုတ်ပါဘူး"

"ဒါဆို ဘာလို့ ကျေးဇူးတင်စကားပြောရတာလဲ…"

"အိုလံပတ်စ်က နတ်ဘုရားတွေအတွက် လုပ်ပေးတာပါ"

အလွန်ပင် လက်တွေ့ကျသော ကျေးဇူးတင်ခြင်းမျိုး ဖြစ်သဖြင့် ကျနော် အံ့အားသင့်သွားရသည်။ ကိစ္စတစ်ခုကိုပင် ကျနော်သတိရသွားမိ၏။ ကျနော်တို့ သိထားသော နတ်ဘုရားများသည် လက်တွေ့ ဖြစ်လာခဲ့ပြီး ကျနော်တို့၏ ကျေးဇူးတင်ခြင်း၊ ဆုတောင်းခြင်းများကိုပင် လက်ခံနေကြလေပြီပင်။

"ဒီနေ့တော့ ဟန်ဆိုယောင်းနဲ့ ကျနော် အရင် ကင်းစောင့်လိုက်မယ်။ ယူဆန်းအာ အိပ်တော့လေ"

"ရပါ့မလား"

"ရပါတယ်"

ယူဆန်းအာသည် လှဲလျောင်းပြီး အရင် အိပ်ပျော်သွားတော့သည်။ ဟန်ဆိုယောင်းကတော့ မျက်နှာချင်းဆိုင် နံရံကို မှီထားရင်း စမတ်ဖုန်းကို ကလိနေ၏။

သူတို့နှစ်ဦး အဆင်မပြေဖြစ်နေခြင်းမှာ သဘာဝကျပေသည်။ သူတို့သည် ဗီဇအရပင် ရန်သူများ ဖြစ်ကြသည်။ ဟန်ဆိုယောင်း၏ အတွေးအခေါ်များသည် ယူဆန်းအာ၏ စံနှုန်းများနှင့် ဆန့်ကျင်ဘက် ဖြစ်နေ၏။ အနာဂတ်တွင် မည်သို့ပင် ဖြစ်ပျက်ပါစေ၊ သူတို့နှစ်ဦးမှာ ခင်မင်ရင်းနှီးသူများထက် ရန်ဘက်များ ဖြစ်လာရန်သာ ပိုများသည်။

ပင်ပန်းနေသော ရှင်ယူဆောင်းမှာ အိပ်ပျော်သွားခဲ့ပြီဖြစ်ကာ မီးပုံတွင်လည်း မီးခဲများသာ ကျန်ရှိတော့သည်။ ဟန်ဆိုယောင်းက အရင် စကားစလာ၏။

"နင်လည်း အိပ်တော့လေ"

ကျနော် ကြမ်းပြင်ပေါ်တွင် လှဲလိုက်သော်လည်း အိပ်စက်ခြင်းမှာ အလွယ်တကူ ရောက်မလာချေ။ ပဉ္စမမြောက် ဇာတ်ဝင်ခန်း စတင်ရန် လေးရက်သာ ကျန်တော့သည်။ ရှင်ယူဆောင်းမှာ ယနေ့တွင် တိုးတက်မှု အသစ် မရရှိခဲ့သော်လည်း ယနေ့ နေ့လယ်ပိုင်းက ဂန်ဆိုး နယ်မြေထံမှ မက်ဆေ့ချ်တစ်ခု ရောက်ရှိလာခဲ့သည်။

[အနောက်ဘက်မှ ရောက်လာသော ‘ရေခဲကပ်ဘေး’ ကို တစ်စုံတစ်ဦးက ကိုင်တွယ်ဖြေရှင်းလိုက်ပြီ ဖြစ်သည်။]

ထိုမက်ဆေ့ချ်ပင် ဖြစ်၏။ ကပ်ဘေးကို မည်သူ သတ်လိုက်သနည်းဟု ကျနော် မေးနေရန် မလိုချေ။ ဆိုးလ်မြို့ကို ရေခဲခေတ် ဖြစ်သွားစေမည့် ကပ်ဘေးကို ယူဂျွန်ဟော့က တားဆီးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။ ဖြစ်နိုင်သည်မှာ သူသည် လီဟန်းဆောင်နှင့် ဆုံမိနေလောက်ပြီပင်။

ဟန်ဆိုယောင်းသည် မီးခဲများကို ကြည့်နေရင်း ရုတ်တရက် စကားပြောလာ၏။

"ဟေ့…. ငါ မေးစရာ ရှိတယ်"

"နင်က ရုပ်ဆိုးတယ်"

ဟန်ဆိုယောင်းက မျက်မှောင်ကြုတ်လိုက်သည်။

"ဘယ်သူက အဲဒါကို သိချင်နေလို့လဲ။ ဒီကောင်စုတ်ကတော့လေ"

"…ဒါဆို ဘာမေးချင်တာလဲ"

"နင် ဘာလုပ်ချင်တာလဲ"

"ငါ ဘာလုပ်ချင်တာလဲ ဟုတ်လား"

"နင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ငါ နင့်ကို ကြည့်ရတာ အမြဲလိုလိုကို ထူးဆန်းနေသလိုပဲ။ နင်က ပလ္လင်ကို ဖျက်ဆီးခဲ့သလို ငါ့ကိုလည်း မသတ်ခဲ့ဘူး။ နင် ဘာကို လိုချင်နေတာလဲ"

"ငါ လိုချင်တဲ့ အဆုံးသတ် တစ်ခု ရှိတယ်"

"အဆုံးသတ်ဟုတ်လား"

ကျနော် အသာအယာ ခေါင်းညိတ်ပြလိုက်၏။ မထင်မှတ်ထားဘဲ ဟန်ဆိုယောင်းက တခြားဘာမှ ထပ်မမေးတော့ချေ။ ထိုအစား တခြားအကြောင်းအရာ တစ်ခုကို ပြောလာလေသည်။

"ငါ ရေးချင်ခဲ့တဲ့ အဆုံးသတ် တစ်ခု ရှိတယ်"

"နင့် ဝတ္ထုအတွက်လား"

"အင်း"

"ဒါဆို ငါ တစ်ခုလောက် မေးပါရစေ"

"ဘာလဲ"

"နင် ဘာလို့ ကူးချတာလဲ။ နင်က စာရေးကောင်းသားနဲ့"

"အဲဒါ ကူးချတာ မဟုတ်ဘူး။ နင်က Ways of Survival ကို သမ္မာကျမ်းစာလို ထင်နေတာလား။ စိတ်ကူးတွေဆိုတာ နေရာတိုင်းမှာ ရှိနေတာပဲ မဟုတ်ဘူးလား။ စွမ်းအားမြင့် ပုဂ္ဂိုလ်တွေရဲ့ ထောက်ပံ့မှုတွေ။ ရှင်သန်ရေး မစ်ရှင်တွေ။ အတိတ်ကို ပြန်သွားတဲ့ အဓိက ဇာတ်ကောင်။ အခုခေတ်မှာ ဒီလို စိတ်ကူးတွေထဲက တစ်ခုခု မပါတဲ့ ဝတ္ထုကို ရှာရတာက ပိုခက်ဦးမယ်"

"ဘာလို့လဲဆိုတော့ နင့်ရေးထားတာက အရမ်းကိုတူနေလို့လေ"

"အဲ့လိုတူနေတာမှာ အကြောင်းပြချက် ရှိတယ်။ ငါ ပုံပြင်တစ်ပုဒ် ပြောပြရမလား။ ဟိုးအရင်တုန်းက ဆင်းရဲတဲ့ မိန်းကလေး တစ်ယောက် ရှိတယ်ဟ…"

"အဲ့ဒီပုံပြင်က ဆင်းရဲနွမ်းပါးစွာ နေထိုင်ရတဲ့ စာပေဝါသနာအိုး မိန်းကလေး တစ်ယောက်က သူ့ရဲ့ အိပ်မက်တွေနဲ့ ပတ်သက်ပြီး စိတ်ပျက်လာပြီး နောက်ဆုံးမှာတော့ စားဝတ်နေရေးအတွက် ဝတ္ထုတစ်ပုဒ်ကို ကူးချလိုက်တဲ့ ပုံပြင်ပေါ့"

ဟန်ဆိုယောင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွား၏။

"နင် တကယ်ပဲ တခြားသူရဲ့ စိတ်ကို ဖတ်နိုင်တာလား"

"ဟမ်"

"ဘာပဲဖြစ်ဖြစ်ပါလေ။ စိတ်ကိုဖတ်နိုင်တဲ့စွမ်းရည်လည်း ရှိနိုင်တာပါပဲလေ"

"နင်က ငါ့ကို ဘယ်လို နတ်ဘုရားမျိုးလို့ ထင်နေတာလဲ။ ငါ့မှာသာ အဲဒီ စွမ်းရည်ရှိရင် အခုလို ဒုက္ခခံနေမှာ မဟုတ်ဘူး"

[ဇာတ်ကောင် ‘ဟန်ဆိုယောင်း’ သည် ‘မုသားထောက်လှမ်းနိုင်စွမ်း အဆင့် ၃’ ကို အသုံးပြုလိုက်ပါသည်။]

[ဇာတ်ကောင် ဟန်ဆိုယောင်းသည် ယခုပြောဆိုချက်မှာ မှားယွင်းနေကြောင်း အတည်ပြုလိုက်ပါသည်။]

ဟန်ဆိုယောင်းက ရယ်မောလိုက်၏။

"ငါ့အတွက် ကယ်လို့ရနိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်ရော ထားသေးရဲ့လား"

ကျနော် ပြန်မဖြေခဲ့ချေ။

"ကောင်းပြီလေ။ နင် ငါ့ကို ပြောပြစရာ မလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်နိုင်မယ်ဆိုရင် အခု ငါ့စိတ်ကို တစ်ချက်လောက် ဖတ်ကြည့်စမ်းပါဦး"

"ငါ မဖတ်နိုင်ဘူး"

"တကယ်တော့ ငါ ကူးချခဲ့တာ မဟုတ်ဘူး"

ကျနော် ဟန်ဆိုယောင်းကို သံသယဖြင့် ကြည့်လိုက်ရာ ဟန်ဆိုယောင်းက သူ့ကိုသူ မုသားထောက်လှမ်းနိုင်စွမ်း အသုံးပြုပြလိုက်သည်။

[ဇာတ်ကောင် ဟန်ဆိုယောင်းသည် သူ၏ပြောဆိုချက်မှာ မှန်ကန်ကြောင်း အတည်ပြုလိုက်ပါသည်။]

…ဘာလဲဟ။

"ငါရေးတဲ့ ပုံပြင်က Ways of Survival နဲ့ တူနေတာဟာ တိုက်ဆိုင်မှုတစ်ခုသက်သက်ပဲ။ ငါက ငါမက်တဲ့ အိပ်မက်တွေအတိုင်း ရေးခဲ့ရုံပဲ"

[ဇာတ်ကောင် ဟန်ဆိုယောင်းသည် ထိုပြောဆိုချက်မှာ မှန်ကန်ကြောင်း အတည်ပြုလိုက်ပါသည်။]

…ဒီမိန်းမက သူ့ရဲ့ မသိစိတ်ကို အကာအကွယ်အဖြစ် အသုံးချနေတာပဲ။

"ဘယ်လိုပဲဖြစ်ဖြစ် နင် မြင်ခဲ့တာပဲလေ။ နင့်အတွက်တော့ အဲဒါက အိပ်မက်တစ်ခု ဖြစ်ခဲ့တာပေါ့"

"အဲဒါ မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါဆိုရင်…"

ဟန်ဆိုယောင်းက တွန့်ဆုတ်နေပြီးမှ ပြောလာ၏။

"တစ်ခါတလေကျရင် ငါ အဲဒီအကြောင်းကို စဉ်းစားမိတယ်"

"ဘာကို စဉ်းစားတာလဲ"

"တကယ်လို့ ဒီလက်တွေ့ကမ္ဘာကသာ မူရင်းဖြစ်နေပြီး ငါက အဲဒီမူရင်းကို ပြန်လည်ကူးယူဖော်ပြခဲ့တာဆိုရင် ငါ ကူးချခဲ့မိတာ ဖြစ်နိုင်မလားလို့…"

"ဘာတွေ ပြောနေတာလဲ။ ဒါဆို နင် ကူးချခဲ့တာကိုဝန်ခံနေတာလား"

"ဘယ်သူက ဝန်ခံလို့လဲ။ ငါက စဉ်းစားမိရုံတင်ပါလို့ ပြောထားတယ်လေ"

တကယ်တော့ ကျနော် ရည်ရွယ်ပြီး ပြောလိုက်ခြင်း မဟုတ်ချေ။ ၎င်းမှာ Ways of Survival လက်တွေ့ဖြစ်လာသည့် အချိန်ကစပြီး ကျနော့်စိတ်ထဲတွင် ရှိနေခဲ့သော အတွေးတစ်ခုပင် ဖြစ်သည်။

ဤကမ္ဘာကြီးမှာ ဝတ္ထုတစ်ပုဒ်အပေါ် ထပ်လျက် တည်ဆောက်ထားခြင်းလော။ သို့မဟုတ် လက်တွေ့ဘဝက ဝတ္ထုတစ်ပုဒ်အဖြစ် ပြောင်းလဲသွားခြင်းလော။

ကျနော် မတ်တတ်ရပ်လိုက်ပြီး ခေါင်းခါလိုက်၏။

"ဟေ့၊ ကင်းစောင့်တာ အလှည့်ပြောင်းရအောင်။ သွားအိပ်တော့။ ဒီလို နာကျင်စရာကောင်းတဲ့ ပုံပြင်တွေကို ဆက်နားထောင်နေရင် ငါ့ချန်နယ်က နက္ခတ်တွေ လျော့ကုန်တော့မယ်"

"ငါလည်း နင်နဲ့ နောက်ပိုင်း အတူရှိနေလို့ နက္ခတ်တွေရဲ့ ထောက်ပံ့မှုတွေ လျော့သွားတယ်"

"အဲဒါကတော့ နင်က အမြင်ကတ်စရာတွေ ခဏခဏ လုပ်နေလို့ပါ"

ကျနော်တို့ အချင်းချင်း အပြန်အလှန် စောင်းမြောင်းပြောဆိုပြီးနောက် တိတ်ဆိတ်သွားကြသည်။ အဆောက်အအုံ နံရံကို မှီထားရင်း ဟောက်နေသော ဟန်ဆိုယောင်းကို ကျနော်ကြည့်နေမိ၏။

ကျနော် ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။ ဤနေရာတွင် ဟန်ဆိုယောင်းရှိနေခြင်းမှာ ကျနော့်အတွက် ကံကောင်းမှုတစ်ခု ဖြစ်နိုင်ပေသည်။ အနည်းဆုံးတော့ ဤကမ္ဘာကြီးမှာ ‘ဝတ္ထု’ တစ်ပုဒ်ဖြစ်ကြောင်း သိနေသူမှာ ကျနော် တစ်ယောက်တည်း မဟုတ်တော့ချေ။

သိပ်မကြာခင်တွင် ကျနော်ပါ အိပ်ပျော်သွားခဲ့သည်။ ကျနော် အလွန်ပင် ပင်ပန်းနေ၍လော၊ သို့မဟုတ် မထင်မှတ်ထားသော သက်သောင့်သက်သာရှိမှုကြောင့် စိတ်လွတ်သွားခြင်းလည်းလော မပြောတတ်ပေ။ အိပ်လိုက်ရချိန်မှာ တိုတောင်းသော်လည်း ချိုမြိန်သော အိပ်စက်ခြင်းဟု ပြော၍ရ၏။ သို့သော်လည်း ကျနော် အိပ်မပျော်ခဲ့သင့်ချေ။

နောက်တစ်နေ့ ကျနော် မျက်လုံးဖွင့်လိုက်ချိန်တွင်တော့ ဟန်ဆိုယောင်းသည် အေးစက်နေသော အလောင်းတစ်ခု ဖြစ်နေခဲ့လေပြီ။

အခန်း ၉၈

- အပိုင်း ၂၀ - ရေလွှမ်းမိုးခြင်း ကပ်ဘေး (၁)

ဟန်ဆိုယောင်း၏ သွေးခုန်နှုန်းကို စမ်းကြည့်လိုက်သည်နှင့် ကျနော့်ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ဟန်ဆိုယောင်း သေဆုံးသွားပြီဟူသောအချက်က ကျနော့်ကို အတော်ပင် တုန်လှုပ်သွားစေ၏။ အတန်ကြာမှသာ ကျနော့်၏ ချင့်ချိန်နိုင်စွမ်းများ ပြန်လည်ဝင်ရောက်လာသည်။

"…ဒေါ့ဂျာ"

ယူဆန်းအာသည် တစ်ခုခုကို သတိပြုမိသွားပြီး ထလာ၏။ ယူဆန်းအာ၏ အကူအညီဖြင့် ဟန်ဆိုယောင်း၏ အလောင်းကို ကျနော် စစ်ဆေးကြည့်လိုက်သည်။

"ဒဏ်ရာ တစ်ခုမှ မရှိဘူး"

အခြေအနေမှာ တစ်ဆို့သွားလေပြီ။ ဒဏ်ရာ လုံးဝ မရှိချေ။ သို့ဆိုလျှင် အဆိပ်လော။ အကယ်၍ ဟန်ဆိုယောင်းကို မည်သည့်ခြေရာလက်ရာမျှ မကျန်စေဘဲ သတ်နိုင်သော အဆိပ်မျိုး ရှိနေသည်ဆိုလျှင် ၎င်းမှာ အလွန်ပင် ကြောက်စရာကောင်းသော အဆိပ်ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ယခုအချိန်တွင် ထိုကဲ့သို့သော အဆိပ်မျိုး ထွက်ပေါ်လာရန် မဖြစ်နိုင်သေးချေ။ ၎င်းမှာ တစ်ခုတည်းသော ပြဿနာ မဟုတ်ပေ။ ကျန်ရှိနေသူများ ဘေးကင်းနေပါလျက် ဘာကြောင့် ဟန်ဆိုယောင်း တစ်ယောက်တည်းသာ အဆိပ်မိသွားရသနည်း။ ထိုကဲ့သို့သော အဆိပ်မျိုး ပိုင်ဆိုင်သူ ရှိနေသည်ဆိုလျှင်ပင် ဟန်ဆိုယောင်းကိုသာ အဆိပ်ခတ်ရမည့် အကြောင်းပြချက် မရှိချေ။

ပထမဆုံးအနေဖြင့် ကျနော် ရုတ်တရက် အိပ်ပျော်သွားခြင်းမှာလည်း ထူးဆန်းနေသည်။

…ခဏလေး၊ ငါ အိပ်ပျော်သွားတာလား။

"အာ… တောင်းပန်ပါတယ်။ သမီး အများကြီး အိပ်ပျော်သွားတယ်"

ရှင်ယူဆောင်းက နောက်ဆုံးတွင် မျက်လုံးပွင့်လာသည်။

ကျနော်က ယူဆန်းအာကို လှည့်ကြည့်လိုက်၏။

"ယူဆန်းအာ။ တစ်ညလုံး အိပ်နေခဲ့တာလား"

"…ဟုတ်ကဲ့"

ယူဆန်းအာက ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာနီသွားသည်။ အကယ်၍ ယူဆန်းအာသာ နိုးမလာခဲ့လျှင် ယမန်နေ့ညက မည်သူမျှ ကင်းစောင့်နေခဲ့ခြင်း မရှိချေ။ နောက်ဆုံး ကင်းစောင့်ရမည့်သူက ကျနော်ဖြစ်ကာ ကျနော် အိပ်ပျော်သွားသည်နှင့် အားလုံး အိပ်ပျော်ကုန်ကြခြင်းပင်။

ကျနော်က ငတုံးတစ်ယောက်ပင်။ ကျနော့် သံသယမှာ ‘ဘယ်သူက ဟန်ဆိုယောင်းကို သတ်လိုက်တာလဲ’ ဆိုသည်ထက် ‘ငါ ဘာလို့ အိပ်ပျော်သွားတာလဲ’ ဆိုသည်မှ စတင်ခဲ့သင့်သည်။

၎င်းမှာ အိပ်မွေ့ချမှော်အတတ်လော။ မဟုတ်နိုင်ချေ၊ ပြန်လာသူများသာ ထိုသို့သော မှော်ပညာ ရှိပေသည်။ သွေးကြောပိတ်ခံရခြင်းလော။ ၎င်းကို အသုံးပြုရန်ဆိုလျှင် ကျနော့်၏ အာရုံများကို လှည့်စားနိုင်ရပေလိမ့်မည်။

နောက်ဆုံးတွင် အဖြေက တစ်ခုတည်းသာ ကျန်တော့သည်။ ယမန်နေ့က စားခဲ့သော ဂရိုးအသား၏ အရိုးများ ချိတ်ထားသော မီးပုံနားသို့ ကျနော်ချဉ်းကပ်သွားလိုက်၏။

ဤသည်မှာ အားလုံး အိပ်ပျော်သွားစေရန် တစ်ခုတည်းသော ဖြစ်နိုင်ခြေပင်။ အသားများကို စင်ကြယ်အောင် စားထားသော အရိုးများကို ကျနော် ရှင်းလင်းလိုက်ရာ စိမ်းဖန့်ဖန့် အမှုန့်အချို့ ကြမ်းပြင်ပေါ်သို့ ကျလာသည်။

'ဒါက ယာနာစပလက်တာ ရဲ့ ပင်စည်ပဲ'

ထင်ထားသည့်အတိုင်းပင်။ ဤအရာ ဤနေရာတွင် ရှိနေရန် အကြောင်းပြချက် တစ်ခုသာ ရှိသည်။ တစ်စုံတစ်ဦးက ထိုအပင်ပင်စည် အမှုန့်များကို ဂရိုးအသားထဲတွင် ရောနှောခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ယာနာစပလက်တာ၏ ပင်စည်သည် ၎င်း၏ အရည်နှင့်အတူ မသောက်သုံးပါက ပြင်းထန်သော အိပ်စက်ခြင်း အာနိသင်ကို ဖြစ်ပေါ်စေသည်။ ထိုအာနိသင်မှာ အဆိပ် မဟုတ်သောကြောင့် ဒုန်ဂွီဘိုဂမ် ဖြင့်လည်း မဖြေရှင်းနိုင်ချေ။ ထို့ကြောင့်ပင် ပင်စည်ကို အရည်နှင့်အတူ အမြဲတမ်း ကျနော်ပြုတ်ခဲ့ခြင်း ဖြစ်သည်။

"မနေ့က ဘယ်သူ ဂရိုးကို ချက်တာလဲ"

"ဟန်ဆိုယောင်းပါ…"

ကျနော် စိတ်ထဲမှ သက်ပြင်းချမိသည်။ ယမန်နေ့က စားခဲ့သော အသားမှာ ရှင်ယူဆောင်း ယဉ်ပါးအောင် မပြုလုပ်နိုင်ခဲ့သော ဂရိုးပေါက်လေးပင် ဖြစ်၏။ ထိုဂရိုးကို သတ်ခဲ့သူမှာ အခြားသူ မဟုတ်ဘဲ ဟန်ဆိုယောင်းပင် ဖြစ်ပေသည်။

"တစ်ချက်တည်းနဲ့ သတ်ခဲ့တာပဲ"

ဖြူဖျော့နေသော ဟန်ဆိုယောင်း၏ ကိုယ်ခန္ဓာနားသို့ ကျနော်ချဉ်းကပ်သွားလိုက်သည်။ ကျနော် အလွန်ပင် ဇဝေဇဝါ ဖြစ်နေသဖြင့် ခဏတာ မေ့လျော့နေခဲ့၏။ ကိုယ်ပွား ဆိုသည်မှာ ဦးခေါင်းကို မဖျက်ဆီးမချင်း ပျောက်ကွယ်သွားခြင်း မရှိချေ။

သို့သော်လည်း ဟန်ဆိုယောင်းသည် အဘယ်ကြောင့် ဤကဲ့သို့ ဇာတ်လမ်းထွင်ခဲ့ရသနည်း။ ဟန်ဆိုယောင်းသည် ‘ယာယီကတိကဝတ်’ ဖြင့် ချည်နှောင်ခြင်း ခံထားရသောကြောင့် ထွက်ပြေး၍ မရနိုင်ချေ။ ထိုစဉ် ဟန်ဆိုယောင်း၏ နှလုံးသားနေရာမှ အပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ဤသည်က…

"ခဏ နေဦး"

အခြားသူများ၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ ဟန်ဆိုယောင်း၏ ဦးခေါင်းကို ကျနော် နင်းခြေလိုက်၏။ အပြာရောင် အလင်းတန်းမှာ ပေါက်ကွဲထွက်သွားပြီး ကိုယ်ပွားမှာ ပျက်စီးသွားလေပြီ။

[ဇာတ်ကောင် ဟန်ဆိုယောင်း၏ ကိုယ်ပွားသည် ကတိကဝတ်ကို ဖောက်ဖျက်မှုအတွက် အပြစ်ပေးခြင်း ခံလိုက်ရပါသည်။]

[ဇာတ်ကောင် ဟန်ဆိုယောင်းသည် ယာယီကတိကဝတ် ၏ အပြစ်ဒဏ် အများစုကို ခုနှိမ်ရန်အတွက် သူ၏ ကိုယ်ပွားကို ယဇ်ပူဇော်မှုအဖြစ် သုံးလိုက်ပါသည်။]

"အာ…"

ယူဆန်းအာသည် တစ်ခုခုကို သဘောပေါက်သွားဟန်ဖြင့် ညည်းညူလိုက်သည်။ ကိုယ်ပွားတွင် ဤကဲ့သို့သော အာနိသင် ရှိနေလိမ့်မည်ဟု ကျနော် မထင်ထားခဲ့ချေ။ ၎င်းသည် မူရင်းကိုယ်ထည်ကိုယ်စား ဒဏ်ရာကို လက်ခံရရှိသည်ဟုသာ ကျနော် သိထားခဲ့သော်လည်း ကတိကဝတ်၏ အပြစ်ဒဏ်ကိုပါ ခံယူနိုင်လိမ့်မည်ဟု မသိခဲ့ချေ။ အပြစ်ဒဏ် အချို့ကိုသာ ခုနှိမ်နိုင်ခဲ့ခြင်း ဖြစ်ပုံရသော်လည်း ဟန်ဆိုယောင်းမှာ သေဆုံးမည် မဟုတ်ချေ။

ရှင်ယူဆောင်းက မေးလာ၏။

"အဲဒီအမကြီးက ထွက်သွားပြီလားဟင်"

"ဒီလိုပဲ ထင်ရတာပဲ"

ဘာကြောင့်လဲဟူသော မေးခွန်းမှာ အဓိပ္ပာယ် မရှိတော့ချေ။ ပြန်စဉ်းစားကြည့်မည်ဆိုလျှင် ဟန်ဆိုယောင်းသည် ကျနော်နှင့် သိပ်ပြီး ပတ်သက်မှု မရှိခဲ့ပေ။

- ငါလည်း နင်နဲ့ နောက်ပိုင်း အတူရှိနေလို့ နက္ခတ်တွေရဲ့ ထောက်ပံ့မှုတွေ လျော့သွားတယ်။

မကြာမီ ချွန်မူရို မှ လူများနှင့် ကျနော်ဆုံတွေ့ရတော့မည် ဖြစ်ကာ သူတို့သည် ယူဆန်းအာ ကဲ့သို့ပင် ဟန်ဆိုယောင်းအပေါ် ရန်လိုကြပေလိမ့်မည်။

ချီးပဲ။

ယုံကြည်ရခြင်း မရှိသော လူတစ်ဦးသည် ဒုက္ခထဲတွင်သာ ရှင်သန်ရပေလိမ့်မည်။ ဟန်ဆိုယောင်းသည် ရန်သူများ ဝိုင်းရံလျက် တစ်ယောက်တည်း ဖြစ်နေပေလိမ့်မည်။ ခဏတာမျှတော့ ဟန်ဆိုယောင်းကို အဖော်တစ်ဦးအဖြစ် ကျနော် ယုံမှားမိခဲ့၏။

ကိုယ်ပွားကနေ ဖြူဖွေးသော အမှုန့်များအဖြစ် ပြောင်းလဲသွားသည့် နေရာတွင် ဒင်္ဂါးအချို့နှင့် စာရွက်တစ်ရွက် ကျန်ရှိနေခဲ့၏။

- ဒါက စားစရိတ်ပဲ။

ဤသည်မှာ ဟန်ဆိုယောင်း နှုတ်ဆက်သွားသည့် ပုံစံပင်။ ကျနော်တို့ အတူတူ ဖြတ်သန်းခဲ့သည့် အချိန်များကို ဘာမှမဟုတ်ခဲ့သလိုမျိုး သူ၏ ကိုယ်ပွားသည် ဟန်မြစ်မှ တိုက်ခတ်လာသော ပြင်းထန်သည့် လေများထဲတွင် လွင့်ပါးသွားခဲ့လေပြီ။

သို့ပေသိ ဟန်ဆိုယောင်းသည် သူ၏ ကိုယ်ပွားများမှတစ်ဆင့် ‘ကိုယ်စားသေဆုံးခြင်း’ ကို အသုံးပြုနိုင်ပါလျက်နှင့် ဘာကြောင့် ကျနော်နှင့်အတူ ဤမျှကြာအောင် နေခဲ့သနည်းဆိုသည်ကိုတော့ ကျနော် သိချင်နေမိသည်။ သို့ပေသိ ကျနော် မသိနိုင်ချေ။ ယူဆန်းအာ သို့မဟုတ် ဟန်ဆိုယောင်း၏ စိတ်ကို ကျနော် ဖတ်၍ မရနိုင်ပေ။ အရာအားလုံးကို ရှင်းပြထားသော Ways of Survival သည်ပင် ဤအကြောင်းကို ကျနော့်အား ပြောမပြခဲ့ပေ။

"ကျနော်တို့ ထသင့်ပြီ"

ထိုစဉ် ထူးဆန်းသော ခံစားမှုတစ်ခု ကျနော့်ဆီ ဝင်ရောက်လာသည်။ ၎င်းမှာ အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် လော။ ထိုခံစားမှုကို ရရှိသည့် ဘက်သို့ စိတ်၏လှုံ့ဆော်မှုကြောင့် ကျနော် လှည့်ကြည့်လိုက်သော်လည်း ဘာကိုမျှ မမြင်ရချေ။

…ငါ့စိတ်ထင်တာများလား။

…………………………………………………………………………………..

"ငတုံးပဲ"

ဝေးကွာသော အထပ်မြင့် အဆောက်အအုံ တစ်ခုပေါ်မှနေ၍ စွန့်ပစ်ခံထားရသော အဆောက်အအုံဆီသို့ ဟန်ဆိုယောင်း လှမ်းကြည့်လိုက်သည်။ ဟန်မြစ်မှ တိုက်ခတ်လာသော လေသည် ဟန်ဆိုယောင်း၏ စုတ်ပြဲနေသော ဂျင်းဘောင်းဘီကြားမှတစ်ဆင့် တိုးဝင်လာသဖြင့် အေးစိမ့်နေ၏။ ဟန်ဆိုယောင်းသည် နှုတ်ခမ်းကို ကိုက်လိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"…တစ်ခုခု ခံစားရသလိုမျိုးတော့ ဟန်ဆောင်သင့်တာ မဟုတ်ဘူးလား"

သို့ပေသိ သူ ထိုသို့ မလုပ်နိုင်မှန်း ဟန်ဆိုယောင်း သိနေပေသည်။ ထိုသို့ပြုမူခြင်းမှာ သဘာဝပင်။ သူသည်လည်း ဟန်ဆိုယောင်းကဲ့သို့ပင် ‘စာဖတ်သူ’ တစ်ဦး ဖြစ်၏။

ဟန်ဆိုယောင်းသည် မှတ်စုစာအုပ်ကို ဖွင့်လိုက်ပြီး တစ်ခုခုကို စတင် ရိုက်နှိပ်လိုက်သည်။ စိတ်ကူးစိတ်သန်းများ ပေါ်လာသည့်အခါ ချရေးတတ်ခြင်းမှာ စာရေးဆရာတစ်ဦး၏ အလေ့အကျင့်ပင်။

「 စာအုပ်တစ်အုပ်ကို ဖတ်လိုက်ရုံနှင့် လူများကို နားလည်နိုင်လိမ့်မည်ဟု မဆိုလိုပေ။ 」

'ငါ နင်နဲ့ ပြန်တွေ့ဦးမှာပါ'

ကင်ဒေါ့ဂျာ လိုချင်သည့် ဇာတ်သိမ်းကို ဟန်ဆိုယောင်း မသိချေ။ သို့သော်လည်း သူတို့နှစ်ဦးစလုံး အဆုံးသတ်ဆီသို့ ဆက်လက် လျှောက်လှမ်းနေသရွေ့တော့ သေချာပေါက် ပြန်လည် ဆုံတွေ့ကြပေလိမ့်မည်။

「 နောက်တစ်ကြိမ် ပြန်ဆုံသည့်အခါ သူတို့သည် ရန်သူများ ဖြစ်နေမလား၊ ဖြစ်မနေဘူးလား ဆိုသည်ကိုတော့ ကောင်မလေး မသိခဲ့ချေ။ 」

ဟန်ဆိုယောင်းသည် သူ၏ စမတ်ဖုန်းကို ပိတ်လိုက်ပြီး ရှေ့သို့ စတင် လျှောက်လှမ်းသွားလေပြီ။

…………………………………………………………………………………..

နံနက်ခင်းအချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။

ထိုနေ့မွန်းလွဲပိုင်းတွင် ရှင်ယူဆောင်း၏ လျှင်မြန်မှုနှင့် မှော်စွမ်းအင်တို့မှာ ဇာတ်ဝင်ခန်း၏ ကန့်သတ်ချက်ဖြစ်သော အဆင့် ၆၀ သို့ ရောက်ရှိသွားတော့သည်။ အချိန်တန်ပြီဟု ကျနော် ခံစားလိုက်ရသဖြင့် ဘီဟွန်းထံမှ ထောက်ပံ့သူကတိကဝတ်စာချုပ်ကို ဝယ်ယူလိုက်၏။ ဘီဟွန်းက တတွတ်တွတ် ညည်းညူနေသော်လည်း စာချုပ်ကိုတော့ ပေးလာခဲ့သည်။

[...ဒါက ကပ်ဘေးကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူးဆိုတာ မင်းသိတယ်မဟုတ်လား]

'...'

[အခုရှိနေတဲ့ ကလေးမက အနာဂတ်က ကပ်ဘေးနဲ့ တိုက်ရိုက်မသက်ဆိုင်ဘူး။ ကပ်ဘေးဆိုတာ 'ပထမကမ္ဘာ' လိုင်းကနေ ဆင်းသက်လာတဲ့ ကမ္ဘာတစ်ခုကနေ လာတာ။ သူတို့ရဲ့ တည်ရှိမှုတွေက ဆက်နွှယ်နေရင်တောင်မှ သမိုင်းကြောင်းက...]

'အပိုတွေ ပြောမနေနဲ့တော့။ စာချုပ်ပဲ ပေးစမ်းပါ'

စာချုပ်ကို ကျနော် ရေးသားပြီးနောက် ရှင်ယူဆောင်းထံ ကမ်းပေးလိုက်သည်။

"ငါ့မှာ အခုလောလောဆယ်တော့ အထူးစွမ်းရည် မရှိသေးဘူး၊ ဒါကြောင့် တခြားနက္ခတ်တွေလို နင့်ကို အစွမ်းတွေ ငှားပေးလို့ မရဘူး။ ဒါပေမဲ့ ငါ့မှာ ဒင်္ဂါးတွေတော့ အများကြီး ရှိတယ်"

"..."

"နင် မလိုချင်ဘူးဆိုရင် စာချုပ် ချုပ်စရာ မလိုပါဘူး။ ဒါပေမဲ့ ငါနဲ့ စာချုပ်ချုပ်ရင်တော့ မင်း နောင်တမရစေရဘူး"

"အမေက ဒီလိုမျိုး ကိစ္စတွေနဲ့ ပတ်သက်ပြီး လျှောက်မလုပ်ဖို့ ပြောထားတယ်..."

"ရပါတယ်။ ငါက တခြားပုံမှန် ထောက်ပံ့သူတွေလို လုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး"

"သမီးသာ ဒါကို လက်မှတ်ထိုးလိုက်ရင် တခြားနက္ခတ် တစ်ပါးပါးနဲ့ စာချုပ်ထပ်ချုပ်လို့ မရတော့ဘူးလား"

"ဟုတ်တယ်"

ရှင်ယူဆောင်းက ပြတ်သားစွာဖြင့် ခေါင်းငြိမ့်လိုက်၏။

"ကောင်းပါပြီ။ ဦးလေးကို ယုံပါတယ်"

[ထောက်ပံ့သူကတိကဝတ်စာချုပ် ချုပ်ဆိုပြီးစီးပါပြီ။]

[သင်သည် ကိုယ်စားလှယ် 'ရှင်ယူဆောင်း' ၏ ထောက်ပံ့သူ ဖြစ်လာခဲ့ပါပြီ။]

တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကျနော်နှင့် ရှင်ယူဆောင်းကို ရစ်ပတ်သွားခဲ့သည်။ ထိုတောက်ပသော အလင်းတန်းနှင့် မလိုက်ဖက်စွာပင် ရိုးရှင်းသော မက်ဆေ့ချ်တစ်ခု ပေါ်လာ၏။

[သင်သည် နက္ခတ်တစ်ပါး မဟုတ်ပါ။ သင်သည် ထောက်ပံ့သူတစ်ဦး၏ လုပ်ဆောင်ချက် အများစုကို အသုံးမပြုနိုင်ပါ။]

[အသုံးပြုနိုင်သော လုပ်ဆောင်ချက်များ စာရင်း]

[၁။ ကိုယ်စားလှယ်ကို ထောက်ပံ့ပေးခြင်း။]

[၂။ ကိုယ်စားလှယ်ကို အားပေးတိုက်တွန်းခြင်း။]

ကျနော် ဒါကို မျှော်လင့်ထားပြီးသားပင်။ လောလောဆယ်တော့ ဤမျှဆိုလျှင် ရပေပြီ။

['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်က လှောင်ပြောင်လိုက်သည်။]

['လျှို့ဝှက်ကြံစည်သူ' နက္ခတ်က သင်၏ ပထမဆုံး စာချုပ်အတွက် ဂုဏ်ပြုစကား ပြောလိုက်ပါသည်။]

[ဒင်္ဂါး ၅,၀၀၀ ထောက်ပံ့ပေးခြင်း ခံရပါသည်။]

[နက္ခတ်အမြောက်အမြားက သင်၏ ထောက်ပံ့သူ ဖြစ်လိုနေကြပါသည်။]

နက္ခတ်များ၏ တုံ့ပြန်မှုမှာ အလွန် ပြင်းထန်လှသည်။ ဂုံဖီဒူတုန်းကနှင့် ကွာခြားလှ၏။ ရှင်ယူဆောင်းသည် ယခုအခါ ကျနော့်၏ တိုက်ရိုက်ကိုယ်စားလှယ် ဖြစ်လာခဲ့လေပြီ။ ထို့ကြောင့် 'ကိုယ်စားလှယ် ရှာဖွေသူ' အုပ်စုမှာ ကျနော့်ကို အရူးအမူး ဖြစ်နေကြခြင်းပင်။

ကျနော်က နက္ခတ်တစ်ပါး မဟုတ်ပေ၊ ကျနော်သည် ကိုယ်စားလှယ်တစ်ဦးကို ပိုင်ဆိုင်ထားသော 'ကိုယ်စားလှယ်' တစ်ဦးသာ ဖြစ်သည်။ အကယ်၍ သူတို့သည် ကျနော်နှင့် စာချုပ်ချုပ်ဆိုခဲ့လျှင် ရှင်ယူဆောင်းသည်လည်း ထိုနက္ခတ်၏ လက်အောက်သို့ သဘာဝအလျောက် ရောက်ရှိသွားမည် ဖြစ်သည်။ ကျနော် ပိုင်ဆိုင်သော ကိုယ်စားလှယ် အရေအတွက် တိုးလာသည်နှင့်အမျှ ကျနော့်ကို လိုချင်သည့် နက္ခတ်အရေအတွက်မှာလည်း လျင်မြန်စွာ တိုးလာပေလိမ့်မည်။

[ချန်နယ်ကတော့ ပေါက်ကွဲထွက်တော့မှာပဲ...]

ဘီဟွန်းသည် ပျော်ရွှင်စွာ အော်ဟစ်နေစဉ် ကျနော်က အဖွဲ့သားများကို ကြည့်ကာ ပြောလိုက်သည်။

"ကျနော်တို့ ထွက်ခွာရမယ့် အချိန်ရောက်ပြီ။ ဟန်မြစ်ကို ဖြတ်ကြမယ်"

"ကျမတို့ တံတား တစ်ခုမှ မတွေ့သေးဘူးနော်။ အဆင်ပြေပါ့မလား"

"ရေကူးသွားကြမယ်"

"ရှင်"

"ယူဆန်းအာက ရေမကူးတတ်ဘူးလား"

"ကူးတတ်ပါတယ်၊ ဒါပေမဲ့..."

ယူဆန်းအာသည် မြစ်ကို စိုးရိမ်တကြီး ကြည့်လိုက်၏။

ယူဆန်းအာ ဘာကို စိုးရိမ်နေသနည်းဆိုသည်ကို ကျနော် သိသည်။ ဟန်မြစ်၏ ရေမျက်နှာပြင်မှာ မြင့်တက်နေ၏။ မနေ့ကထက် ပိုများသော အီသီယိုဆောများ ရှိနေပြီး သူတို့သည် တစ်ချက်တစ်ချက် ဟိန်းဟောက်နေကြသည်။ ထိုသတ္တဝါများမှာ သတ္တမအဆင့် သတ္တဝါများ ဖြစ်ကြ၏။ ရှင်ယူဆောင်းက တိုးတိုးလေး ပြောသည်။

"သမီး ရေမကူးတတ်ဘူး..."

"ဒါကို ကိုင်ပြီး ဖြတ်ကြမယ်"

ကြိုတင် ရရှိထားသော ပလတ်စတစ် သေတ္တာတစ်ခုကို ကျနော်ထုတ်လိုက်၏။ အရီယက်ဒ်နီ၏ ပင့်ကူအိမ် အသုံးပြုကာ ထိုသေတ္တာကို ကျနော်နှင့် ချိတ်ဆက်ပေးရန် ယူဆန်းအာကို ကျနော်ပြောလိုက်သည်။

"သွားကြစို့"

ကျနော် ဝေခွဲမနေတော့ဘဲ ဟန်မြစ်ထဲသို့ ခုန်ချလိုက်ပြီး ယူဆန်းအာကလည်း ချက်ချင်းပင် ကျနော့်နောက်သို့ လိုက်လာခဲ့သည်။ ရှင်ယူဆောင်းသည် ကြောက်လန့်နေသော်လည်း ပလတ်စတစ်သေတ္တာကို အမြန်ဆုပ်ကိုင်ကာ ခြေထောက်များကို ဟန်မြစ်ရေထဲသို့ နှစ်လိုက်၏။

ဟန်မြစ်၏ အေးစိမ့်လှသော အပူချိန်မှာ ကျနော့် ခန္ဓာကိုယ်ကို ရစ်ပတ်သွားခဲ့သည်။ ထူးဆန်းသော သားရဲများ၏ အနံ့အသက်များ ရရှိလာပြီး အီသီယိုဆောများ၏ လှုပ်ရှားမှုမှာလည်း စတင် ပြောင်းလဲလာခဲ့သည်။ ယူဆန်းအာက မေးလာ၏။

• ဒါက တကယ်ပဲ အဆင်ပြေရဲ့လား

သေချာတာပေါ့၊ အဆင်မပြေဘူးလေ။

သို့ပေသိ ကျန်ရှိနေသော အချိန်ကို ထည့်တွက်မည်ဆိုလျှင် ဤသည်မှာ တစ်ခုတည်းသော နည်းလမ်းပင်။

• တကယ်လို့ အန္တရာယ် အရမ်းများလာရင်တော့ အမြန်ဆုံး ပြန်တက်ကြမယ်

• ...ဟုတ်ကဲ့

• ဒါကြောင့် တကယ် အန္တရာယ် မကျရောက်ခင်မှာ အန္တရာယ်ရှိနေသလိုမျိုး ဟန်ဆောင်လိုက်ပါ

• ရှင်

• အဲဒါမှ ယူဆောင်းက မြန်မြန် နိုးထလာမှာ။ ကျနော်က တမင်တကာ အကျပ်အတည်း တစ်ခုကို ဖန်တီးနေတာ။ နားလည်တယ်မလား

ဟန်မြစ်ထဲတွင် ကျနော်ရေကူးရင်း ပလတ်စတစ်ဖော့သေတ္တာကို ဆွဲယူလာခဲ့သည်။ ဤသည်မှာ ရှင်ယူဆောင်း၏ စွမ်းရည်အဆင့်ကို စိုးရိမ်ပူပန်မှုမရှိဘဲ ကျနော် အဆင့်မြှင့်ပေးခဲ့ရသည့် အကြောင်းရင်းပင်။ ရှင်ယူဆောင်း၏ ဝိသေသလက္ခဏာ ဇယားထဲတွင် ဖော်ပြမထားသော်လည်း ရှင်ယူဆောင်းတွင် ပင်ကိုယ် အသားကျနိုင်စွမ်း ရှိပေသည်။

သာမန် မိန်းကလေးတစ်ယောက်သည် ပဥ္စမမြောက် ဇာတ်ဝင်ခန်းအထိ မည်သည့်နည်းနှင့်မျှ အသက်ရှင်နိုင်မည် မဟုတ်ချေ။ ရှင်ယူဆောင်းသည် လိမ္မာသော ကလေးတစ်ယောက်ဟု ထင်ရသော်လည်း အတွင်းစိတ်မှာ ထိုမျှ မရိုးရှင်းလှပေ။

မိမိ၏ ခွေးကို သတ်ခဲ့သူ၊ လူကြီးများကို လှည့်စားခဲ့သူ၊ ထို့ပြင် အင်အားကြီးသူများ၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက် မိမိကိုယ်ကိုယ် ဟန်ဆောင်ခဲ့သူ။ ရှင်ယူဆောင်းဆိုသည်မှာ ထိုကဲ့သို့သော ကလေးမျိုး ဖြစ်သည်။ ကျနော်တို့ စတင် ဆုံတွေ့ခဲ့စဉ်ကပင် ရှင်ယူဆောင်း၏ ခေါင်းထဲတွင် တွက်ချက်မှုများစွာ ရှိနေခဲ့၏။

ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေသော ရှင်ယူဆောင်းကို ကျနော် လှမ်းပြောလိုက်သည်။

"ယူဆောင်း"

"ဟုတ်... ဟုတ်ကဲ့"

"ထွက်မပြေးနဲ့"

"..."

"နင် ဒီနေရာကနေ ထွက်ပြေးသွားရင် ပြန်လှည့်လာလို့ မရတော့ဘူး"

ရှင်ယူဆောင်းသည် အနည်းငယ် ပွင့်ဟနေသော သူ၏ ပါးစပ်ကို ပိတ်လိုက်၏။ ရှင်ယူဆောင်းသည် လူမိုက်တစ်ယောက်ထက်စာလျှင် ပါးနပ်သော ကလေးတစ်ယောက် ဖြစ်ပေသည်။

"နင် လုပ်နိုင်တာကို လုပ်ပါ"

လှည့်ကွက်များမှာ ရှင်ယူဆောင်းအပေါ် သက်ရောက်လိမ့်မည် မဟုတ်ချေ။ ရှင်ယူဆောင်းသည် ကလေးတစ်ယောက် ဖြစ်နေရုံမျှနှင့် ကျနော်က အမြဲတမ်း အကာအကွယ် ပေးနေ၍ မရနိုင်ပေ။

"နားလည်ပါပြီ"

ကြောက်လန့်မှုသည် ကြောက်လန့်မှုသာ ဖြစ်ပြီး၊ ကြောက်လန့်မှုသည် ပြတ်သားမှုလည်း ဖြစ်သည်။

[ဇာတ်ကောင် 'ရှင်ယူဆောင်း' သည် 'အဆင့်မြင့် ကွဲပြားသော ဆက်သွယ်နိုင်စွမ်း အဆင့် ၃' ကို အသုံးပြုလိုက်ပါသည်။]

သတ်ဖြတ်လိုသော အငွေ့အသက်များ ကျနော့် ပတ်ဝန်းကျင်တွင် ဖုံးလွှမ်းနေ၏။ သားကောင်ကို ရှာဖွေနေသော သားရဲကြီးများမှာလည်း ပိုမို များပြားလာသည်။ ရေမျက်နှာပြင်ပေါ်တွင် သားရဲကြီးများထဲမှ ၁၀ ကောင်ခန့်ကို ကျနော် မြင်နေရလေပြီ။ ၁၀ကောင်ဆိုသော အရေအတွက်မှာ တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန် ခက်ခဲသော အရေအတွက် ဖြစ်ပေသည်။ သို့သော်လည်း ကျနော် ထွက်ပြေး လွတ်မြောက်နိုင်ပါသေး၏။ ဟန်မြစ်ထဲမှ ကျနော် ထွက်ခွာသွားသည်နှင့် အီသီယိုဆောများက ကျနော့်နောက်သို့ လိုက်လာနိုင်တော့မည် မဟုတ်ချေ။

"ဒေါ့ဂျာ"

ယူဆန်းအာက သတိပေးကာ အော်ဟစ်လိုက်သည်။ အီသီယိုဆောများ၏ တိုက်ခိုက်မှု စတင်လေပြီ။ ထက်မြက်သော အစွယ်များက အရပ်မျက်နှာ အသီးသီးမှ ပြေးဝင်လာကြ၏။

[ယုံကြည်မှုဓါးသွားကို အသက်သွင်းလိုက်ပါပြီ။]

ဓါးကို ဝှေ့ယမ်းလိုက်ပြီး အီသီယိုဆော တစ်ကောင်ကို ကျနော် ချက်ချင်း ထိုးဖောက်လိုက်သည်။ မြွေကဲ့သို့ ကိုယ်ခန္ဓာသည် ရေမျက်နှာပြင်ကို ရိုက်ခတ်သွား၏။

အီသီယိုဆော၏ လူးလွန့်မှုကြောင့် ဟန်မြစ်ရေများမှာ လှုပ်ခတ်သွားသည်။ မြစ်ရေများနှင့်အတူ လေထဲသို့ ကျနော် မြောက်တက်သွား၏။ နောက်သို့ လှည့်ကြည့်လိုက်ရာ ရှင်ယူဆောင်းမှာလည်း ပလတ်စတစ်ဖော့သေတ္တာကို လွှတ်လိုက်ပြီး လေထဲသို့ မြောက်တက်နေသည်ကို တွေ့လိုက်ရသည်။

တစ်ခုခုက ကောင်းကင်ပေါ်သို့ လျင်မြန်စွာ မြောက်တက်သွားပြီး ယူဆန်းအာ၏ ပင့်ကူအိမ်က ရှင်ယူဆောင်းကို ရစ်ပတ်လိုက်၏။ ၎င်းမှာ ဟာမီးစ်၏ လမ်းလျှောက်နည်းစနစ်နှင့် အရီယက်ဒ်နီ၏ ပင့်ကူအိမ်တို့ကို ပေါင်းစပ်အသုံးပြုထားခြင်း ဖြစ်ပေသည်။

ယူဆန်းအာက ရှင်ယူဆောင်းကို ဘေးကင်းစွာ ဖမ်းယူထားစဉ် ကျနော်ကတော့ သေဆုံးသွားသော အီသီယိုဆော၏ ကိုယ်ပေါ်သို့ နင်းလိုက်ပြီး အနားသို့ ကပ်လာသော အီသီယိုဆောများကို ဓါးဖြင့် စတင် ခုတ်ပိုင်းလိုက်၏။

"လာစမ်းပါ။ ဒီဘက်ကို လာခဲ့ကြ"

အီသီယိုဆော တစ်ဒါဇင်ကျော်မှာ ကျနော့်ဘက်သို့ ကူးခတ်လာကြသည်။ ကြီးမားသော လှိုင်းလုံးများက မြစ်ကို ရိုက်ခတ်နေသဖြင့် ကျနော် ရပ်နေသော အီသီယိုဆော အလောင်းမှာလည်း တိမ်းစောင်းနေ၏။ ကျနော် အသက်ပြင်းပြင်း ရှူလိုက်ပြီး ကိုယ်ဟန်အနေအထားကို ပြုပြင်လိုက်သည်။

လေ၏လမ်းစဉ်ကို အသုံးပြုလိုက်လျှင် ဤအကျပ်အတည်းကို အလွယ်တကူ ကိုင်တွယ်နိုင်သော်လည်း ယခုမှာ အချိန်မတန်သေးချေ။

"ဦးလေး"

ယူဆန်းအာ၏ လက်မောင်းထဲတွင် ရှိနေသော ရှင်ယူဆောင်း၏ မျက်နှာမှာ ကြောက်လန့်တုန်လှုပ်နေသည်။ ကျနော် ဓါးကို ကိုင်စွဲထားစဉ် အစွယ်အချို့က ကျနော့် အသားအရေကို ပစ်မှတ်ထားနေ၏။ အီသီယိုဆော အနည်းငယ်မှာ ပြင်းထန်သော ဒဏ်ရာများ ရရှိကာ လဲကျသွားကြသည်။ စီးဆင်းနေသော သွေးများကြောင့် ထိုနေရာမှာ ပို၍ ပို၍ အီသီယိုဆောများ စုဝေးလာ၏။ သို့ပေသိ ကျနော်ကတော့ ရယ်မောလိုက်သည်။

အခြေအနေက ပိုပြီး ရုတ်ရုတ်သဲသဲ ဖြစ်လာစမ်းပါဟ။ ပိုပြီး စိုးရိမ်ပူပန်စရာကောင်းလာစမ်းပါ။ ပိုပြီး စိတ်အားထက်သန်လာစမ်းပါ။

ဤသည်မှာ တစ်ခုတည်းသော နည်းလမ်းပင်။

အီသီယိုဆော၏ အစွယ်က ကျနော့် အသားအရေကို ပွတ်တိုက်သွားသဖြင့် ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာတစ်ခု ဖြစ်သွားသည်။ ထိုဒဏ်ရာမှ သွေးများ စတင် စီးကျလာ၏။

「 ဟင့်အင်း― 」

အော်ဟစ်သံသည် ကျနော့် နားစည်ထဲသို့ တိုးဝင်လာခဲ့သည်။

[ဇာတ်ကောင် 'ရှင်ယူဆောင်း' သည် ဆင့်ကဲပြောင်းလဲတော့မည် ဖြစ်သည်။]

[ကိုယ်စားလှယ် 'ရှင်ယူဆောင်း' သည် ဈာန်ဝင်စားသည့် အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်သည်။]

ရှင်ယူဆောင်း၏ မျက်လုံးများမှာ ဖြူဖျော့သွားခဲ့သည်။ လီဂီယောင်တစ်ယောက် သူ၏ စွမ်းအားကို အသုံးပြုသည့် အခြေအနေနှင့် အတူတူပင် ဖြစ်၏။ ကျနော် ထင်ထားသည့်အတိုင်းပင်။ ဤအရာ အားလုံးကို ရှင်ယူဆောင်း နိုးထလာစေရန်အတွက် ကျနော်စီစဉ်ခဲ့ခြင်း ဖြစ်ပေသည်။

[ဇာတ်ကောင် 'ရှင်ယူဆောင်း' သည် 'ယဉ်ပါးစေခြင်း အဆင့် ၉' ကို အသုံးပြုလိုက်ပါသည်။]

အဆင့် ၆၀ ရှိ မှော်စွမ်းအင်များမှာ ဟန်မြစ်တစ်လျှောက် ပျံ့နှံ့သွားခဲ့ပြီး အရှိန်အဝါများမှာ ရေတံခွန်ကဲ့သို့ စီးကျလာ၏။

အီသီယိုဆောများ၏ အရှိန်အဝါမှာ နှေးကွေးသွားခဲ့သည်။ သူတို့သည် ကြီးမားသော စိတ်ဝိညာဉ်တစ်ခုကို တုံ့ပြန်နေသကဲ့သို့ တုန်လှုပ်ကာ ညည်းညူနေကြ၏။

ရေမျက်နှာပြင်ပေါ်တွင် တွေ့ရသော အီသီယိုဆော အရေအတွက်မှာ ပိုမို များပြားလာသည်။ ယခင်က ၁၀ ကောင်ခန့်သာ ရှိသော်လည်း ယခုမူ ၂၀ ကျော် ရှိနေလေပြီ။ ရေအောက်ရှိ အီသီယိုဆော အရေအတွက်မှာ နှစ်ဆထက်မက စုဝေးနေသည်ဟု ဆိုလိုခြင်းပင်။

ထို့နောက် အီသီယိုဆောများမှာ ကျနော့်ကို ပြန်လည် ကြည့်လာကြသည်။ ဇဝေဇဝါ ဖြစ်နေသော အီသီယိုဆောများမှာ ထက်မြက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ထုတ်လွှတ်လိုက်ပြီး ပိုမို ကြမ်းတမ်းလာကြ၏။

ချီးပဲ။ ကျရှုံးသွားတာလား။

"ယူဆန်းအာ"

မည်သို့မျှ မတတ်နိုင်တော့ချေ။ ယူဆန်းအာ၏ အထူးစွမ်းရည်ကို အသုံးပြုပြီး အမြန်ဆုံး ထွက်ပြေးသည်က ယခုအခြေအနေအတွက် အကောင်းဆုံးဖြစ်၏။ ယူဆန်းအာက ခေါင်းငြိမ့်ပြပြီး အီသီယိုဆောများထံမှ ခွာလိုက်ပြီး ကြိုးမျှင်များကို လွှတ်လိုက်သည်။ ရှင်ယူဆောင်းကို ကျနော်လှမ်းခေါ်လိုက်၏။

"ယူဆောင်း၊ တော်ပြီ၊ ရပ်လိုက်တော့။ ရှင်ယူဆောင်း"

သို့သော်လည်း ရှင်ယူဆောင်းကတော့ ပြန်မဖြေချေ။ ရှင်ယူဆောင်း၏ ပတ်ဝန်းကျင်ရှိ လှိုင်းလုံးများမှာ ပိုမို အားကောင်းလာပြီး ယခုအခါ သူ၏ ခန္ဓာကိုယ်မှာ ပြာလဲ့လဲ့ အရှိန်အဝါများဖြင့် ဖုံးလွှမ်းနေလေပြီ။

ထိုအချိန်တွင် ဟန်မြစ်၏ အလယ်ဗဟိုတွင် ရေဝဲကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ကျနော် ဘာကိုမျှ ဖမ်းမဆွဲနိုင်ဘဲ ရေထဲသို့ မျောပါသွား၏။ ပတ်ဝန်းကျင်ရှိ အီသီယိုဆောများက အော်ဟစ်နေကြသည်။ အီသီယိုဆော တစ်ကောင်၏ အကြေးခွံကို ကျနော် ဆုပ်ကိုင်ထားရင်း မနည်း အောင့်ခံထားရ၏။

နောက်တစ်ခဏတွင်တော့ ရေများ ကြီးမားစွာ စင်ထွက်သွားခဲ့သည်။ ထို့နောက်တွင်တော့ အခြား အီသီယိုဆောများထက် ငါးဆ၊ ခြောက်ဆခန့် ပိုမို ကြီးမားသော အီသီယိုဆော တစ်ကောင်မှာ ဖြည်းညင်းစွာ ထွက်ပေါ်လာတော့၏။

ထိုအီသီယိုဆောမှာ အလွန် ကြီးမားလွန်းသဖြင့် အီသီယိုဆော တစ်ကောင်နှင့်ပင် မတူတော့ချေ။ ကျနော် ယခင်က သတ်ခဲ့သော ပင်လယ်စစ်သေနာပတိထက်ပင် ပို၍ ကြီးမားနေသေးသည်။ ၎င်းတွင် ခန့်ညားသော မုတ်ဆိတ်မွှေးနှင့် မိမိ၏ မျိုးစိတ်များကို လွှမ်းမိုးထားနိုင်သည့် မာနကြီးသော မျက်လုံးများ ရှိပေသည်။

ပတ်ဝန်းကျင်ရှိ အီသီယိုဆော အားလုံးမှာ ထိုသတ္တဝါကြီးကို ရေမျက်နှာပြင်ပေါ်တွင် ဦးညွှတ်လိုက်ကြ၏။

[ပဥ္စမအဆင့် ပင်လယ်ရေသတ္တဝါ 'ဘုရင်မ မီရာဘတ်' ကို ရှာဖွေတွေ့ရှိလိုက်ပါပြီ။]

…သေစမ်း၊ ယူဆောင်းက ဒီသားရဲကြီးကို ခေါ်လိုက်တာလား။

ရှင်ယူဆောင်းမှာ ကြီးမားသော ပါရမီ ရှိမှန်း ကျနော် သိသော်လည်း 'ဘုရင်မ' တစ်ကောင်ကို ခေါ်နိုင်သည့်အထိ ဖြစ်လိမ့်မည်ဟု ကျနော် မထင်ထားခဲ့မိချေ။ ဤသည်မှာ ကပ်ဘေးတစ်ခုနှင့် နှိုင်းယှဉ်နိုင်သော သားရဲကြီး တစ်ကောင် ဖြစ်လေသည်။

စာမှတ်ကတ်ကို ကျနော်ဖွင့်လိုက်ပြီး လေ၏လမ်းစဉ်ကို အသုံးပြုတော့မည့် အချိန်တွင် ယူဆန်းအာ၏ အသံကို ကြားလိုက်ရသည်။

"...ဒေါ့ဂျာ"

ကျနော် နောက်သို့ လှည့်ကြည့်လိုက်ရာ ရှင်ယူဆောင်း၏ ခန္ဓာကိုယ်မှာ လေထဲတွင် လွင့်မျောနေသည်ကို တွေ့လိုက်ရ၏။

ရှင်ယူဆောင်းသည် ဘုရင်မ မီရာဘတ်ထံသို့ ဆန့်ထွက်နေသော အရှိန်အဝါ လမ်းကြောင်းအတိုင်း လိုက်ပါသွားပြီး ထိုဘုရင်မကြီးထံသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားခဲ့သည်။ ဘုရင်မကြီးက ရှင်ယူဆောင်းကို ကြည့်လိုက်ပြီး ရှင်ယူဆောင်းကလည်း ဘုရင်မကြီးကို ပြန်လည် ကြည့်လိုက်၏။ ထို့နောက် ရှင်ယူဆောင်း၏ သေးငယ်သော လက်ကလေးသည် ဘုရင်မကြီး၏ နှာခေါင်းကို အသာအယာ ထိတွေ့လိုက်သည်။

မြစ်ရေများ ငြိမ်သက်သွားပြီး အီသီယိုဆောများမှာလည်း တိတ်ဆိတ်စွာ ပျောက်ကွယ်သွားကြ၏။ ကျနော် လှမ်းကြည့်လိုက်ရာ ဘုရင်မကြီး၏ ခေါင်းပေါ်တွင် ရှင်ယူဆောင်း စီးနင်းလိုက်ပါလာသည်ကို တွေ့လိုက်ရသည်။ ရှင်ယူဆောင်းမှာ မည်သူနည်းဆိုသည်ကို ကျနော် ယခုမှ သိလိုက်ရတော့၏။

သားရဲသခင်။ သားရဲ အားလုံး၏ အုပ်စိုးရှင်ပင်။

ရှင်ယူဆောင်းသည် ကျနော့်ကို ကြည့်နေစဉ် သူ၏ မျက်လုံးများထဲသို့ အရောင်အသွေးများ ဖြည်းညင်းစွာ ပြန်လည် ဝင်ရောက်လာခဲ့သည်။ ရှင်ယူဆောင်းသည် သွေးထွက်နေသော သူ၏ နှာခေါင်းကို ဘာမှမဟုတ်သလိုမျိုး သုတ်လိုက်ပြီး ပြောလိုက်သည်။

"သွားကြစို့၊ ဦးလေး"

ကျနော် ခေါင်းငြိမ့်ပြလိုက်ပေတော့သည်။

All Chapters