← Chapters

အခန်း (၁၀၈-၁၁၀)

Vol. 7 Ch. 108-110

အခန်း (၁၀၈-၁၁၀)

Vol. 7 Ch. 108-110

အခန်း ၁၀၈

- အပိုင်း ၂၁ - မပြောင်းလဲနိုင်သော အရာများ (၆)

ယောင်ဟီဝန်သည် ရှေ့သို့ ပြေးထွက်သွား၏။ ယောင်ဟီဝန်၏ ကြွက်သားများသည် 'မိစ္ဆာသုတ်သင်ခြင်း' ကြောင့် အကန့်အသတ်အထိ သန်မာနေပြီး 'မိစ္ဆာသတ်ဖြတ်ခြင်း' အစွမ်းက ယောင်ဟီဝန်ကို ထက်မြက်သော အစွန်းတစ်ခု ပေးထားသည်။

ယူရီအယ်၏ 'ငရဲမီးလျှံ တောက်လောင်ခြင်း' နှင့်အတူ ယောင်ဟီဝန်၏ တိုက်ခိုက်နိုင်စွမ်းမှာ အကောင်းဆုံးသော ပုံစံသို့ မြှင့်တင်ခံထားရလေ၏။

တရားစီရင်ခြင်း၏ တောက်လောင်နေသော မီးလျှံများ။ ထိုမီးလျှံများသည် ရှင်ယူဆောင်းကို တရားစီရင်နေခြင်း မဟုတ်သော်လည်း မီးလျှံများကို လက်ခံရရှိမည့်သူမှာ ရှင်ယူဆောင်းပင် ဖြစ်သည်။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် ဝမ်းနည်းသော မျက်လုံးများဖြင့် စစ်မြေပြင်ကို ကြည့်ရှုနေပါသည်။]

ယောင်ဟီဝန်၏ ဓားသွားက အစွမ်းပြနေလေပြီ။

[ဇာတ်ကောင် ‘ယောင်ဟီဝန်’ သည် ‘ငရဲမီးလျှံ တောက်လောင်ခြင်း’ အဆင့် ၁ ကို အသုံးပြုလိုက်ပါသည်။]

အထူးစွမ်းရည်မှာ အဆင့် ၁ သာ ရှိသေးသော်လည်း ငရဲမီးလျှံများသည် ရှင်ယူဆောင်း၏ အီသာမုန်တိုင်းကို ထိုးဖောက်တောက်လောင်သွားသည်။

မဟာမိစ္ဆာ၏ စွမ်းအားနှင့် 'သားရဲဘုရင်၏ အသက်ရှူထုတ်မှု' များ ပန်းထွက်လာသော်လည်း ယောင်ဟီဝန်က ဂရုမစိုက်ပေ။ ယောင်ဟီဝန်သည် ဓားကို တတ်နိုင်သမျှ မြဲမြံစွာ ဆုပ်ကိုင်ထားပြီး ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်ထားသော မျဉ်းတစ်ကြောင်းကို ဆွဲလိုက်၏။ 'သားရဲဘုရင်၏ အသက်ရှူထုတ်မှု' မှာ 'ငရဲမီးလျှံ တောက်လောင်ခြင်း' နှင့် ထိတွေ့သည်နှင့် မီးခိုးများအဖြစ် ပြောင်းလဲသွား၏။

လူတစ်ယောက်ဆီကနေ ရေရွတ်သံထွက်လာ၏။

"ဘုရားရေ၊ အဲ့ဒါ ဘာကြီးလဲ"

'ငရဲမီးလျှံ တောက်လောင်ခြင်း' သည် နောက်ဆုံးအဆင့်သို့ ရောက်ရှိပါက ဂြိုဟ်တစ်ခု၏ ပင်လယ်ကိုပင် အငွေ့ပျံသွားစေနိုင်သည့် အထူးစွမ်းရည် ဖြစ်သည်။ မူရင်းဝတ္ထုထဲတွင် 'မေရှိယ' ပေါ်လာသောအခါ လမ်းဖွင့်ပေးခဲ့သူမှာ ယူရီအယ်ပင် ဖြစ်သည်။

မိစ္ဆာအားလုံး ကြောက်ရွံ့ရသော နတ်ခေါင်ချုပ်ဆိုသည်မှာ မဟာမိစ္ဆာများ၏ ရန်သူဖြစ်ပြီး မဟာမိစ္ဆာတစ်ပါးနှင့် အနီးစပ်ဆုံး တူညီသူ ဖြစ်၏။

မီးလျှံများကြားမှ ပြေးဝင်လာသော ယောင်ဟီဝန်ကို မြင်သောအခါ ရှင်ယူဆောင်းက ခေါင်းညိတ်လိုက်သည်။

「 သိပြီ။ ယူရီအယ်။ နင်က ဒါကို စောင့်နေခဲ့တာကိုး 」

ထိတ်လန့်ဖွယ်ကောင်းသော နတ်ခေါင်ချုပ်၏ ရှေ့မှောက်တွင်ပင် ကပ်ဘေးသည် နောက်ဆုတ်မသွားပေ။

「 ဒါက အဆုံးသတ်ဖို့ လုံလောက်ပါတယ် 」

မဟုတ်သေးပေ။ ရှင်ယူဆောင်းသည် ပို၍ပင် တည်ငြိမ်နေပုံရလေသည်။ ရှင်ယူဆောင်း၏ပုံစံမှာ တာဝန်ကို နောက်ဆုံးတွင် ကျေပွန်သွားသကဲ့သို့ပင်။

ရှင်ယူဆောင်း၏ လက်သီးတွင် ရစ်ပတ်ထားသော အီသာနှင့် ယောင်ဟီဝန်၏ ဓားသွားမှ မီးလျှံများ ထိပ်တိုက်တွေ့ကြသည်။ ရှင်ယူဆောင်း ယိုင်လဲသွားပြီး ယောင်ဟီဝန်က ထိုဟာကွက်ကို လက်မလွှတ်ဘဲ ရှေ့သို့ တိုးဝင်လိုက်၏။ စွမ်းရည်များ မည်မျှပင် ထပ်နေပါစေ၊ အားကောင်းသော အစွမ်းမြှင့်တင်မှုများမှာ ကြာရှည်ခံမည် မဟုတ်ပေ။

ယောင်ဟီဝန်သည် ဤအချက်ကို ကောင်းစွာ သိရှိထားပြီး သူ၏ တိုက်ခိုက်မှုများကို အရှိန်မြှင့်လိုက်သည်။ ပတ်ဝန်းကျင်ရှိ မြေပြင်များမှာ သန့်စင်သော မီးလျှံများ၏ သက်ရောက်မှုကို ခံနေရသည်။

ရှင်ယူဆောင်းမှာ အတော်ပင် ပင်ပန်းနွမ်းနယ်နေသော်လည်း ဇွဲဖြင့် တောင့်ခံထားသည်။ ရှင်ယူဆောင်းသည် ရှင်သန်နိုင်ရန် အစွမ်းကုန် ကြိုးစားနေပုံမှာ ဘဝနောက်ဆုံး ပြဇာတ်ကို ကပြနေသည့် ဝါရင့် သရုပ်ဆောင်တစ်ဦးနှင့် တူလှသည်။

[နက္ခတ်အမြောက်အမြားက သင်၏ အစီအစဉ်အပေါ် စိတ်လှုပ်ရှားနေကြပါသည်။]

ဒိုဂတ်၏ ရုပ်သံလိုင်းမှ ကူးပြောင်းလာသော နက္ခတ်များသည် စိတ်လှုပ်ရှားနေကြ၏။

[ဒင်္ဂါး ၁၅၀၀၀ ထောက်ပံ့မှုကို ရရှိပါသည်။]

နက္ခတ်များ၏ ရွံရှာဖွယ်ကောင်းသော လှူဒါန်းမှုများမှာ အရှိန်အဟုန်ဖြင့် တိုးလာသည်။ ချစ်ခင်ခြင်းနှင့် မုန်းတီးခြင်းတို့မှာ နက္ခတ်များအတွက် ခဏတာ ဖျော်ဖြေမှုသာ ဖြစ်သည်။ ကံဆိုးစွာပင် သူတို့အတွက် ခဏတာ တည်ရှိသော ထိုဇာတ်လမ်းမှာ လူသားများအတွက်တော့ ဘဝတစ်ခု ဖြစ်နေခဲ့၏။

[ကိုရီးယားကျွန်းဆွယ်၏ နက္ခတ်များက သင့်ကို ဝမ်းနည်းစွာ ကြည့်နေကြပါသည်။]

စောင့်ကြည့်နေသူများစွာ၏ ရှေ့တွင် ကျနော်ကိုယ်တိုင် ဤဇာတ်ဝင်ခန်း၏ အဆုံးသတ်ကို ဖော်ဆောင်လိုက်သည်။

[‘လျှို့ဝှက်ကြံစည်သူ’ နက္ခတ်သည် သင်၏ရွေးချယ်မှုအပေါ် အာရုံစိုက်နေပါသည်။]

ထိုအချိန်အတွင်း ယောင်ဟီဝန်သည် 'သားရဲဘုရင်၏ အာရုံခံနိုင်စွမ်း' ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်ပြီး 'ငရဲမီးလျှံ တောက်လောင်ခြင်း' ၏ မီးလျှံများမှာ ရှင်ယူဆောင်းကို တဖြည်းဖြည်း လောင်ကျွမ်းနေပြီ ဖြစ်သည်။ ယောင်ဟီဝန်၏ ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများ စုပုံလာ၏။ တိုက်ပွဲမှာ အကြိတ်အနယ် ရှိလှသော်လည်း အောင်ပွဲမှာ မောပန်းနေသော ရှင်ယူဆောင်းဘက်တွင် မရှိခဲ့ပေ။

ယောင်ဟီဝန်သည် ကာကွယ်ဖို့ကို လျစ်လျူရှုကာ အီသာမုန်တိုင်းကြားမှ တိုးဝင်ပြီး ရှင်ယူဆောင်း၏ ဝမ်းဗိုက်ထဲသို့ ဓားဖြင့် ထိုးသွင်းလိုက်သည်။

တောက်ပသော မီးလျှံများမှာ ရှင်ယူဆောင်း၏ ခန္ဓာကိုယ်ကို ဝန်းရံသွား၏။ သန့်စင်သော မီးလျှံများသည် ရှင်ယူဆောင်း၏ ခန္ဓာကိုယ်ထဲရှိ မဟာမိစ္ဆာ၏ စွမ်းအင်များကို လောင်ကျွမ်းစေသည်။ ရှင်ယူဆောင်းထံမှ ထွက်ပေါ်လာသော မဟူရာ အရှိန်အဝါများမှာ မီးခိုးများအဖြစ် ပြောင်းလဲသွား၏။

ဓားကို ပြန်ထုတ်လိုက်သော နေရာမှ သွေးများ ပန်းထွက်လာသည်။ ရှင်ယူဆောင်းသည် သူ့ကိုယ်မှထွက်လာသော သွေးများကို ဇာတ်ခုံပေါ်ရှိ အသုံးအဆောင် ပစ္စည်းတစ်ခုကဲ့သို့ ငေးကြည့်နေ၏။ နောက်ဆုံးတွင် အဖြေပေါ်သွားလေပြီ။

လဲကျနေသော 'ကင်းမတ်စ်ဝုဒ်' နှင့် 'ဟဲဗီးမက်တယ်ဘင်း' တို့ကို ကျနော် ရုတ်တရက် မြင်လိုက်ရသည်။ မိစ္ဆာတံခါးမှာ ပိတ်သွားပြီဖြစ်ပြီး မိစ္ဆာများနှင့် တိုက်ပွဲမှာလည်း ပြီးဆုံးလုနီးပြီ ဖြစ်သည်။ ရှင်ယူဆောင်းအနီးသို့ ကျနော်ချဉ်းကပ်လိုက်၏။

ရှင်ယူဆောင်းမှာ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်စွမ်း ရှိလာသော်လည်း သူ၏ ခန္ဓာကိုယ်မှာ ပုံမှန် မဟုတ်တော့ပေ။ ရှင်ယူဆောင်းက သူ၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

「 …ငါ အခု သေတော့မယ် 」

သာမန်အခြေအနေတွင်ဆိုလျှင် သားရဲသခင်သည် ဤဒဏ်ရာများဖြင့် သေဆုံးလိမ့်မည် မဟုတ်ချေ။ ‘သားရဲဘုရင်၏ ဇီဝစွမ်းအား’ မှာ ယူဂျွန်ဟော့၏ ‘ပြန်လည်ကောင်းမွန်ခြင်း’ ကဲ့သို့ပင် ကောင်းမွန်လှသည်။ သို့သော်လည်း ကံဆိုးစွာဖြင့် ရှင်ယူဆောင်းသည် ‘ငရဲမီးလျှံ တောက်လောင်ခြင်း’ ကို ထိမှန်သွားခဲ့၏။

ငရဲမီးလျှံများက ရှင်ယူဆောင်း၏ ခန္ဓာကိုယ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး မိစ္ဆာအားလုံးကို သုတ်သင်ရန် ရှင်ယူဆောင်း၏ ဇီဝစွမ်းအားကို လောင်ကျွမ်းနေလေသည်။ ယူရီအယ်၏ အထူးစွမ်းရည်မှာ မိစ္ဆာများအားလုံး ပျောက်ကွယ်မသွားမချင်း ဘယ်တော့မှ ငြိမ်းသတ်၍မရသော မီးလျှံပင် ဖြစ်သည်။

[သီးသန့်စွမ်းရည် ‘Fourth Wall’ တုန်ခါနေပါသည်။]

[အလွန်အကျွံ စိတ်နှစ်ထားမှုကြောင့် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ ဒုတိယအဆင့်သည် အမြဲတမ်း အသက်ဝင်နေပါလိမ့်မည်။]

မီးလျှံများသည် ရှင်ယူဆောင်း၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသဖြင့် ရှင်ယူဆောင်းသည် မည်သို့မျှ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။ ရှင်ယူဆောင်းက ကျနော့်ကို ကြည့်ကာ အားနည်းစွာ ပြုံးလိုက်သည်။

"ဒီတစ်ကြိမ် နောက်ပြန်ဆုတ်တဲ့ အလှည့်မှာ ဒီကို ရောက်လာရတာ ဝမ်းသာပါတယ်။ ခေါင်းဆောင်ဆီက အဲ့ဒီစကားတွေကို ကြားရတာ ကျေနပ်မိတယ်"

「 နာလိုက်တာ။ ငါ ဒီအတိုင်းပဲ ပျောက်ကွယ်သွားတော့မှာလား 」

"အခုတော့ ကျမ အေးအေးချမ်းချမ်း သေနိုင်ပါပြီ။ တစ်ခုခုကိုတော့ တကယ်ပြောင်းလဲသွားနိုင်တာပဲ"

「 ငါ မသေချင်ဘူး... 」

အကြွင်းမဲ့ သိမြင်နိုင်စွမ်းမှာ ကျိန်စာတစ်ခုပင် ဖြစ်သည်။ တစ်စုံတစ်ယောက်၏ နှလုံးသားကို သိနေရခြင်းမှာ တစ်စုံတစ်ယောက်ကို အမြဲတမ်း လှည့်စားနေရခြင်းပင်။

ရှင်ယူဆောင်းသည် ပြုံးလျက် လေထဲသို့ မော့ကြည့်လိုက်သည်။ ထိုနေရာတွင် တင်းမာသော အမူအရာရှိသည့် အလယ်အလတ်အဆင့် ဒိုကဲဘီတစ်ကောင် ရှိနေ၏။

"ကျမ အခု သေတော့မယ်။ ဒါက ပြဇာတ်တစ်ခုအနေနဲ့ အဆင်ပြေတယ် မဟုတ်လား။ ဒါက ကောင်းမွန်တဲ့ ဇာတ်ဝင်ခန်းတစ်ခုပဲလေ"

[နက္ခတ်အချို့က ခေါင်းညိတ်နေကြပါသည်။]

[နက္ခတ်အချို့က မကျေမနပ် ဖြစ်နေကြပါသည်။]

အလယ်အလတ်အဆင့် ဒိုကဲဘီမှာ တိတ်ဆိတ်နေ၏။ ထိုအရာက သူ မျှော်လင့်ထားသည့်အတိုင်း ဟုတ်မနေခဲ့ချေ။ ဇာတ်ဝင်ခန်းမှာ ပြီးဆုံးသွားသော်လည်း သူ ရည်ရွယ်ထားသည့်အတိုင်း မဖြစ်ခဲ့ခြင်းဖြစ်၏။ ယခုအခါ သူ ရည်ရွယ်ခဲ့သည့် လုပ်ရပ်အတွက် သူ ပြန်လည် ပေးဆပ်ရတော့မည်။

ကျနော် နောက်လှည့်ကြည့်လိုက်သောအခါ ယူဂျွန်ဟော့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ ယူဂျွန်ဟော့က မေးလိုက်၏။

"သူ သေတော့မှာလား"

"...သေတော့မယ်ထင်ပါတယ်"

"နင့်မှာ နာကျည်းမှုတွေ လိုနေပုံပဲ"

ဒီကောင်ကတော့ တကယ်ကိုပဲ...။

ယူဂျွန်ဟော့က သူ၏ဓားကို ဆွဲထုတ်လိုက်သည်။ ကျနော်က ရှင်ယူဆောင်းကို သတ်ရန် ကြိုးစားနေသည်ဟု ထင်ကာ တားဆီးရန် ပြင်လိုက်သော်လည်း သူ၏ ‘ကောင်းကင်စွမ်းအားချိုးဖြတ်ခြင်း’ ဓားမှာ ရပ်တန့်သွားသည်။ အေးစက်သော ဓားသွားက ရှင်ယူဆောင်း၏ ဦးခေါင်းကို မထိတထိ ထောက်ထား၏။ ရှင်ယူဆောင်းက ပြောလိုက်သည်။

"အဆုံးထိ တောင့်ခံထားပါဦး။ ကျမ မကြာခင် သေတော့မှာပါ။ ခေါင်းဆောင်"

ရှင်ယူဆောင်း၏ အတွေးများက ကျနော့် နားထဲသို့ စီးဝင်လာ၏။

「 ရှင့်ဆီက ကြားချင်တဲ့ စကားတစ်ခွန်း ရှိတယ် 」

「 တစ်ကြိမ်လောက်ပဲ ဖြစ်ဖြစ်ပါ 」

「 အဲ့ဒါကို တစ်ကြိမ်လောက်ပဲ ကြားချင်မိတယ် 」

ထိုစကားများမှာ ဘယ်သောအခါမှ ပြော၍မရနိုင်သော စကားများ ဖြစ်သည်။ ယူဂျွန်ဟော့က ထိုစကားများကို မကြားနိုင်ဘဲ အေးအေးဆေးဆေးပင် ပြောလိုက်၏။

"ငါ မေးစရာ ရှိတယ်"

"ဘာလဲဟင်"

ရှင်ယူဆောင်း၏ မျက်နှာပေါ်မှ မျှော်လင့်ချက်ကို မြင်သောအခါ ကျနော် စိတ်မကောင်း ဖြစ်မိသည်။ ရှင်ယူဆောင်း၏ မျှော်လင့်ချက်များမှာ ဘယ်သောအခါမှ အသိအမှတ်ပြုခံရမည် မဟုတ်ကြောင်း ကျနော် သိနေသောကြောင့်ပင်။

"နင့်ကို ဒီကမ္ဘာဆီ ကူးလာနိုင်အောင် ကူညီပေးခဲ့တဲ့ မဟာမိစ္ဆာက ဘယ်သူလဲ"

ရှင်ယူဆောင်းသည် ယူဂျွန်ဟော့ကို ခဏမျှ ကြောင်ကြည့်နေပြီးမှ ရယ်မောလိုက်သည်။

"...ခေါင်းဆောင်ကတော့ အဆုံးထိ ခေါင်းဆောင်ပါပဲ"

「 ရှင်က မပြောင်းလဲဘူးပဲ 」

"ပြောစမ်း"

"‘မိုးကုတ်စက်ဝိုင်း၏ မဟာမိစ္ဆာ’ အကြောင်း ကြားဖူးလား"

「 အဲ့ဒါကြောင့်ပဲ ရှင့်ကို ကျမ လေးစားခဲ့တာ 」

"အဲ့ဒီနာမည်ကို ငါ သိတယ်"

"ခေါင်းဆောင် ကံမကောင်းဘူးဆိုရင် သူ့ကို မကြာခင် တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ သူ့ကို ဘယ်တော့မှ မတိုက်ခိုက်ပါနဲ့။ ခေါင်းဆောင် သူ့ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ..."

「 အချိန်အကြာကြီးပဲ။ တကယ်ကို အချိန်အကြာကြီး... 」

ရှင်ယူဆောင်း၏ ထက်သန်သော စိတ်ရင်းများမှာ ရှင်ယူဆောင်းပြောလိုသူထံသို့ မရောက်ရှိဘဲ ကျနော်သာ ရုန်းကန်နေရလေသည်။ ကျနော် တစ်ခုခု ပြောချင်ခဲ့၏။

ကိုယ့်ရှေ့မှာရှိနေတဲ့ ဝမ်းနည်းဖွယ် အသံကို မကြားနိုင်တဲ့ မအေဘေး ယူဂျွန်ဟော့ကတော့ကွာ။

ကျနော် ပါးစပ်ဟလိုက်သည့် ခဏတွင် ရှင်ယူဆောင်း၏ လက်က ကျနော့်ကို လှမ်းဖမ်းလိုက်သည်။

ယူဂျွန်ဟော့က ဆက်ပြော၏။

"ငါ မှတ်ထားပါ့မယ်"

ထိုစကားပြောပြီးနောက် ယူဂျွန်ဟော့သည် နောက်လှည့်ထွက်သွားသည်။ ထို့နောက် ယူဂျွန်ဟော့၏ စိတ်ထဲမှ အတွေးများက ကျနော့်ထံသို့ ရောက်ရှိလာ၏။

「 နင့်အတွက် ငါ လက်စားချေပေးမယ် 」

ထိုစကားများထဲမှ ဝမ်းနည်းမှုကြောင့် ကျနော် တုန်လှုပ်သွားသည်။ ကျနော် ကပ်ဘေး ရှင်ယူဆောင်းကို ငုံ့ကြည့်လိုက်မိ၏။

သိပြီ။ ဒီမိန်းကလေးက အရာအားလုံးကို သိထားပြီးသားပဲ။ သူ သိထားပြီးသားမလို့ ယူဂျွန်ဟော့ရဲ့အတွေးကို ကြားဖို့ မလိုအပ်တော့ပါဘူးလေ။

ရှင်ယူဆောင်း၏ မျက်လုံးများထဲမှ တစ်ခုခု စီးကျလာသည်။ ပထမဆုံးအကြိမ်အဖြစ် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ မှာ အရာအားလုံးကို သိမြင်နိုင်စွမ်း မရှိနိုင်ကြောင်း ကျနော် တွေးမိသည်။

「 နှုတ်ဆက်ပါတယ် ခေါင်းဆောင် 」

「 ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ် 」

「 ရှင့်ကိုပဲ အပ်ခဲ့တော့မယ်နော် 」

「 ငြိမ်းချမ်းစွာနဲ့အနားယူလိုက်ပါတော့ 」

ထိုလူနှစ်ယောက်ကို ကျနော် စိုက်ကြည့်နေစဉ် စာကြောင်းအချို့သာ ကျန်ရစ်ခဲ့သည်။ သူတို့၏ အတွေးများက အပြန်အလှန် ရောက်ရှိသွားခဲ့သည်မှာ သေချာသည်။ ကျနော် ဤဇာတ်လမ်းကို ရှင်းရှင်းလင်းလင်း ဖတ်လိုက်ရ၏။ ထို့နောက်တွင်တော့ ရှင်ယူဆောင်းမှာ ပြာများအဖြစ် စတင် လွင့်စင်သွားတော့သည်။

「 လှလိုက်တာ... 」

ရှင်ယူဆောင်းငယ်လေးက ကျနော့်အနားသို့ ချဉ်းကပ်လာပြီး ကျနော့်ကို ဖက်ထား၏။ သူ၏ အနာဂတ်ကိုယ်တိုင် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ သူ မည်သို့ ခံစားရမည်နည်း။ ကျနော် စာအုပ်များစွာ ဖတ်ခဲ့သော်လည်း ကျနော် မထိတွေ့နိုင်သော ခံစားချက်အချို့ ရှိနေဆဲပင်။

ကပ်ဘေး ရှင်ယူဆောင်းက ကျနော့်ကိုရော ရှင်ယူဆောင်းငယ်လေးကိုပါ ပြုံးပြလိုက်လေသည်။

「 ...အားကျမိတယ် 」

ကပ်ဘေး ရှင်ယူဆောင်း၏ ခန္ဓာကိုယ်အောက်ပိုင်းမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေလေပြီ။ သူ၏ ပျက်စီးသွားသည့် အရှိန်မှာ ပို၍ မြန်ဆန်လာသည်။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က မျက်လုံးများကို မှိတ်ထားလိုက်ပါသည်။]

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သက်ပြင်းချနေပါသည်။]

နက္ခတ်များက ရှင်ယူဆောင်းကို ကြည့်နေစဉ် ကျနော်က ဒူးထောက်လိုက်ပြီး ကပ်ဘေး ရှင်ယူဆောင်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ ရှင်ယူဆောင်းမှာ ကျနော့်၏ မမျှော်လင့်ထားသော အပြုအမူကြောင့် အံ့အားသင့်သွားပြီး ကျနော့်ကို ကြည့်လာ၏။

ကျနော် ကျန်ရှိနေသော နောက်ဆုံးမှော်စွမ်းအင်ကို အသုံးပြု၍ ‘သားရဲဘုရင်၏ အာရုံခံနိုင်စွမ်း’ ကို ထုတ်ဖော်လိုက်သည်။ ရှင်ယူဆောင်းအား လက်ဆောင်တစ်ခု ပေးအပ်ရန် ကျနော်လုပ်လိုက်ခြင်းဖြစ်သည်။

သားရဲဘုရင်များ၏ ထူးဆန်းသော အာရုံများ ထိတွေ့သွားပြီး ခဏတာမျှ ရှင်ယူဆောင်း၏ ဝိညာဉ်မှာ ကျနော့်ဝိညာဉ်နှင့် ဆက်သွယ်သွားလေသည်။ ၎င်းမှာ သားရဲများသာ နားလည်နိုင်သော အာရုံခံစားမှုမျိုး ဖြစ်၏။

တိုက်ခတ်လာသော လေညင်းက တစ်စုံတစ်ခုကို တိုးတိုးလေး ပြောကြားသွားသည်။ ထိုစကားမှာ နက္ခတ်များ သို့မဟုတ် ဒိုကဲဘီများ မကြားနိုင်သော ဇာတ်လမ်းတစ်ခု ဖြစ်သည်။ သေအံ့ဆဲဆဲ ဖြစ်နေသော ရှင်ယူဆောင်း၏ မျက်လုံးများမှာ မယုံနိုင်လောက်အောင်ပင် ပြူးကျယ်သွား၏။

「 ...ဒါ တကယ်လား။ တကယ်ပဲလား 」

ကံကောင်းထောက်မစွာဖြင့် ထိုသတင်းစကားမှာ ကောင်းမွန်စွာ ရောက်ရှိသွားခဲ့လေသည်။ ရှင်ယူဆောင်း၏ ရင်ဘတ်မှာ ပြာများအဖြစ် ပြောင်းလဲနေပြီ ဖြစ်သဖြင့် စကားပြောရန် အသံပင် မထွက်နိုင်တော့ချေ။

「 ဘာလို့လဲ... 」

ရှင်ယူဆောင်း၏ မျက်လုံးထဲတွင် မျက်ရည်များ တဖြည်းဖြည်း ပြည့်လျှံလာသည်။ ကျနော့်ကို တစ်စုံတစ်ခု ပြောရန် ရှင်ယူဆောင်းကြိုးစားသော်လည်း အေးစက်သော လေပြင်းက သူ့ကို တားဆီးထား၏။ ကမ္ဘာနှစ်ခု၏ ဆက်သွယ်ထားသော ဖလင်ပြားများမှာ ထပ်မံ၍ ကျိုးပျက်သွားပြန်သည်။

ရှင်ယူဆောင်းကို တည်ဆောက်ထားသည့် အပိုင်းအစများမှာ ပြာများအဖြစ် ပြောင်းလဲကာ လွင့်စင်သွားတော့၏။ ရှင်ယူဆောင်း၏ မျက်လုံးများ၊ နှာခေါင်းနှင့် ပါးစပ်။ ရှင်ယူဆောင်း၏ အသံ။ အနှစ်တစ်ထောင်ကျော် ရှင်သန်ခဲ့သော ထိုလူသားမှာ ဆီးနှင်းများကဲ့သို့ ဖြူစင်သော ပြာများအဖြစ် လွင့်ပျယ်သွားလေပြီ။

ပြာများမှာ ကောင်းကင်ယံသို့ ပျောက်ကွယ်သွားသည့် လမ်းကြောင်းတစ်ခုကဲ့သို့ ဖြစ်နေ၏။ ထိုလမ်းကြောင်းမှာ ဝေးကွာသော ခရီးတစ်ခု သို့မဟုတ် ကခုန်ခြင်းတစ်ခုနှင့်ပင် တူနေသည်။

လေထဲတွင် လွင့်မျောနေသော အမှုန်အမွှားများကို ကျနော် မော့ကြည့်နေမိသည်။ တကယ်ဖြစ်ပျက်နေသည်ဟု မယုံနိုင်လောက်အောင်ပင် ဖြစ်နေပြီး ရှင်ယူဆောင်းငယ်လေးက ကျနော့်ကို တင်းတင်းကျပ်ကျပ် ဖက်ထား၏။

"သူ တကယ်ပဲ သေသွားပြီလား"

ကျနော် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။

"ဒါကို ပြောင်းလဲလို့ မရဘူးလား။ တကယ်ပဲလား"

ထို့နောက် ရှင်ယူဆောင်းအငယ်လေးက ခေါင်းညိတ်ပြလိုက်သည်။

"ဝါးးး။ ဝါး..."

လီဂီယောင်က ကျနော့်အင်္ကျီလက်ကို ဆွဲကိုင်ပြီး သူ၏မျက်ရည်များကို သုတ်လိုက်၏။ ယူဆန်းအာမှာ ငိုကြွေးနေပြီး ဘာကြောင့်မှန်း မသိသော်လည်း လီဟန်းဆောင် မှာလည်း မျက်ရည်ဝဲနေလေသည်။ ယူဂျွန်ဟော့မှာမူ မငိုခဲ့ပေ၊ လီဂျီဟယ် တစ်ယောက်တည်းသာ အခြေအနေအတိအကျကို မသိဘဲ ဖြစ်နေလေ၏။

"...ဘာလို့ အားလုံး ငိုနေကြတာလဲ။ ကျမလည်း ဝမ်းနည်းလာပြီ"

ကျနော့် နဖူးမှာ အေးစက်နေပြီး မြူမှိုင်းနေသော ကောင်းကင်ယံမှ နှင်းမိုးများ ကျဆင်းလာသည်။ နှင်းလည်း မဟုတ်သလို မိုးလည်း မဟုတ်ချေ။ အေးစက်သော ခံစားချက်က လူများကို သက်သာရာရစေသည်။ ရယ်စရာပင်။ လူသားများသည် အခြားတစ်ယောက်၏ သေဆုံးမှုကို အတည်ပြုနိုင်သည့်အခါမှသာ မိမိကိုယ်မိမိ အသက်ရှင်နေကြောင်း ခံစားရတတ်ကြသည်။

"ဟား..."

ဆိုးလ်ဒေသ အတွင်းမှ လူများသည် တင်းမာမှုများ ပျောက်ကွယ်သွားသည်နှင့် ပြိုလဲကုန်ကြသည်။ ရယ်မောနေသူများ၊ ငိုကြွေးနေသူများ သို့မဟုတ် ဒေါသထွက်နေသူများလည်း ရှိကြ၏။

နက္ခတ်များ၏ ထောက်ပံ့မှုများမှာ ဟိုဟိုဒီဒီ စီးဆင်းနေလေသည်။

တုံ့ပြန်မှုများမှာ မတူညီကြသော်လည်း သူတို့အားလုံး သဘောတူညီသော အချက်တစ်ခုတော့ ရှိ၏။ 'ရေလွှမ်းမိုးမှု ကပ်ဘေး' ရှင်ယူဆောင်း သေဆုံးသွားပြီ ဖြစ်သည်။

ကောင်းကင်ကို စိုက်ကြည့်နေသော အေးခဲနေသည့် အလယ်အလတ်အဆင့် ဒိုကဲဘီတစ်ကောင် ရှိနေလေသည်။ တိတ်ဆိတ်စွာ စောင့်ကြည့်နေသော ဘီဟွန်းက နောက်ဆုံးတွင် ပါးစပ်ဟလိုက်၏။

[အလယ်အလတ်အဆင့် ဒိုကဲဘီ။ ဇာတ်ဝင်ခန်း ပြီးဆုံးသွားပြီ]

[ ဘယ်လိုဖြစ်ပြီး ပြီးသွားရတာလဲ။ ဒါက... ]

[မင်း မလုပ်ဘူးဆိုရင် ငါ အဆုံးသတ်လိုက်မယ်]

ခဏအကြာတွင် မက်ဆေ့ချ်တစ်ခု ထွက်ပေါ်လာသည်။

[ပဉ္စမမြောက် အဓိကဇာတ်ဝင်ခန်းကို အသက်သွင်းလိုက်ပါပြီ။]

[လျော်ကြေးရှင်းတမ်းကို ပြင်ဆင်နေပါသည်။]

နောက်ဆုံးတွင် ဇာတ်ဝင်ခန်းက ရှင်ယူဆောင်း၏ သေဆုံးမှုကို ကြေညာလိုက်လေပြီ။ အနာဂတ်မှ ရှင်ယူဆောင်း သေဆုံးသွားခဲ့ပြီး ကပ်ဘေးမှာလည်း ပြီးဆုံးသွားခဲ့သည်။ ၎င်းမှာ ပဉ္စမမြောက် ဇာတ်ဝင်ခန်း၏ နိဂုံးပင် ဖြစ်သည်။ လူတိုင်းက ထိုသို့ပင် တွေးတောကာ ယုံကြည်ခဲ့ကြသည်။

.

.

.

အတိအကျ ပြောရလျှင် ကျနော်ကလွဲ၍ ကျန်လူအားလုံး ထိုအတိုင်း ယုံကြည်ရမည် ဖြစ်သည်။ အစမှ အဆုံးထိ အရာအားလုံးမှာ ပြီးပြည့်စုံသော ပြဇာတ်တစ်ခု ဖြစ်နေရပေမည်။ ၎င်းမှာ အရာရာကို ပြောင်းလဲ၍ မရနိုင်ကြောင်း ကြေညာသည့် ပြဇာတ်တစ်ခုပင်။

နက္ခတ်များနှင့် ဇာတ်ဝင်ခန်း၏ နောက်ကွယ်မှ အဖြစ်ဆိုးကြီးတစ်ခု။ ဤသည်မှာ (၄၁) ကြိမ်မြောက် နောက်ပြန်ဆုတ်သူ ရှင်ယူဆောင်းအတွက် ကျိန်စာသင့်သော ဇာတ်ဝင်ခန်းမှ လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။

ထိုအချိန်တွင် ရှင်ယူဆောင်းငယ်လေး၏ လက်မှာ ပူနွေးလာ၏။

"ကျမ သတ်မယ်..."

ရှင်ယူဆောင်းငယ်လေး၏ အကြည့်မှာ လေထဲတွင် လွင့်မျောနေသော အလယ်အလတ်အဆင့် ဒိုကဲဘီထံသို့ စိုက်ကြည့်နေလေသည်။

"အဲ့ဒီ ဒိုကဲဘီကို ကျမ သတ်ပစ်မယ်"

ကျနော် ရှင်ယူဆောင်းငယ်လေးကို တားဆီးရန် ကြိုးစားနေစဉ် လေထဲတွင် မီးပွားများ လွင့်စင်လာသည်။ ကောင်းကင်ယံမှာ ပြိုပျက်လာပြီး ဝင်ပေါက် တစ်ခု ပွင့်လာ၏။

ထိုဝင်ပေါက်မှ ဖြူစင်သော ဒိုကဲဘီ နှစ်ကောင် ထွက်ပေါ်လာသည်။

အဆင့်နိမ့် ဒိုကဲဘီများသည် အဖြူရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ဒိုကဲဘီ နှစ်ကောင်ကို မြင်လိုက်သည်နှင့် ချက်ချင်း နောက်ဆုတ်သွားကြ၏။

ထိုသို့ဖြစ်ခြင်းမှာ သဘာဝပင်။

ဤဒိုကဲဘီများသည် ဒိုကဲဘီအားလုံး ဘယ်တော့မှ မတွေ့ချင်သော သူများ ဖြစ်ကြသည်။ စီမံခန့်ခွဲရေးဌာန။ သူတို့သည် ဇာတ်ဝင်ခန်းများအတွင်း 'ဖြစ်နိုင်စွမ်း'ကို စုံစမ်းစစ်ဆေးရန် တာဝန်ရှိသော အုပ်ချုပ်ရေးဌာနခွဲမှ ဒိုကဲဘီများပင် ဖြစ်၏။

ထိုဒိုကဲဘီ နှစ်ကောင်မှာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများဖြင့် အလယ်အလတ်အဆင့် ဒိုကဲဘီထံသို့ ချဉ်းကပ်သွားပြီး သူ့ကို ဖမ်းဆီးလိုက်သည်။

[ ...အရာရှိများခင်ဗျာ။ ဘာလုပ်တာလဲဗျ ]

တုန်လှုပ်နေသော အလယ်အလတ်အဆင့် ဒိုကဲဘီကို အရာရှိ ဒိုကဲဘီတစ်ကောင်က ကြေညာလိုက်၏။

[အလယ်အလတ်အဆင့် ဒိုကဲဘီ ‘ပေါလ်’။ မင်းကို ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု စည်းမျဉ်းများကို ချိုးဖောက်မှုနဲ့ ဖမ်းဆီးလိုက်ပြီ]

အခန်း ၁၀၉

- အပိုင်း ၂၂ - ကတိကဝတ်သုံးခု (၁)

အုပ်ချုပ်ရေးဌာနခွဲ၏ အရေးပေါ် ဖမ်းဆီးမှု။

Ways of Survival အရ ဒိုကဲဘီတစ်ကောင်သည် ဇာတ်ဝင်ခန်း၏ ဖြစ်နိုင်စွမ်းကို ပြင်းထန်စွာ ချိုးဖောက်သည့် လုပ်ရပ်ကို လုပ်ဆောင်သည့်အခါမှသာ အရေးပေါ် ဖမ်းဆီးခြင်းကို ပြုလုပ်နိုင်သည် ဖြစ်၏။

[အလယ်အလတ်အဆင့် ဒိုကဲဘီ ‘ပေါလ်’။ အခုအချိန်ကစပြီး မင်းကို အုပ်ချုပ်ရေးဌာနခွဲဆီ ခေါ်ဆောင်သွားမယ်။ မင်းဟာ ဇာတ်ဝင်ခန်းအားလုံးနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေရမှာ ဖြစ်ပြီး အဓိကဇာတ်ဝင်ခန်းတွေရဲ့ လုပ်ငန်းစဉ်အားလုံးကနေလည်း ရပ်စဲခံရမယ်]

အလယ်အလတ်အဆင့် ဒိုကဲဘီ ပေါလ်၏ မျက်နှာအမူအရာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေလေသည်။

[မင်း တည်ဆောက်ခဲ့သမျှ ဇာတ်ဝင်ခန်းအားလုံးရဲ့ အောင်မြင်မှုရမှတ်တွေကို ဆုံးရှုံးရမှာ ဖြစ်ပြီး ပြစ်ဒဏ်ပေးပြီးနောက်မှာလည်း အဆင့်နိမ့် ဒိုကဲဘီအဖြစ် ရာထူးလျှော့ချခံရမယ်...]

[ရာ... ရာထူးလျှော့ချခံရမယ် ဟုတ်လား။ နေပါဦး။ ခဏလေးပါ]

အလယ်အလတ်အဆင့် ဒိုကဲဘီ ပေါလ်က အလောတကြီး အော်ဟစ်လိုက်သည်။ သူသည် ဒေါသထွက်နေသည့် အမူအရာဖြင့် သူ၏ ဘေးပတ်ပတ်လည်ရှိ ဒိုကဲဘီများကို ကြည့်လိုက်၏။

[ရုတ်တရက်ကြီး ရာထူးလျှော့ချတာလား။ ကျနော် ဘာမှားခဲ့လဲဆိုတာ အရင်ပြောပြသင့်တာ မဟုတ်ဘူးလား]

[မင်း တကယ်ပဲ မသိလို့ မေးနေတာလား]

အုပ်ချုပ်ရေးဌာနခွဲမှ အခြားဒိုကဲဘီတစ်ကောင်က မေးလိုက်သည်။ ပေါလ်သည် ထိုခံ့ညားလှသော အသံကြောင့် ခဏမျှ တွန့်ဆုတ်သွားသော်လည်း ဆက်လက် ပြောဆိုလိုက်၏။

[ကျနော် မသိဘူး။ ကျနော် ဘာတွေများ မှားခဲ့လို့လဲ]

သူသည် ရဲတင်းစွာပင် ရှေ့သို့ တိုးလာလေသည်။

[နက္ခတ်တွေကို ကြည့်လိုက်ဦး။ သူတို့အားလုံး ပျော်နေကြတာ မဟုတ်ဘူးလား။ ဇာတ်ဝင်ခန်းကလည်း ခမ်းနားစွာ ပြီးဆုံးသွားတာပဲလေ]

အုပ်ချုပ်ရေးအရာရှိ ဒိုကဲဘီသည် ပေါလ်၏ ယုံကြည်ချက်ရှိလှသော စကားများကြောင့် မျက်မှောင်ကြုတ်သွား၏။

[ဖြစ်နိုင်စွမ်းနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိဘူး။ ကျနော်က နက္ခတ်တွေရဲ့ သဘောတူညီချက်နဲ့ ဇာတ်ဝင်ခန်း အတင်းအကျပ် အကောင်အထည်ဖော်မှုကို သုံးခဲ့တာ။ ပြီးတော့ နက္ခတ်တွေကလည်း...]

[...ဒါက ရုပ်သံလွှင့်သူတွေရဲ့ ပြဿနာပဲ။ သူတို့က နက္ခတ်တွေအကြိုက်ကိုပဲ လိုက်ပြောနေကြတယ်]

ဒိုကဲဘီအားလုံးက နက္ခတ်များကို လေးစားကြသည်တော့ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် အုပ်ချုပ်ရေးဌာနခွဲမှ ဒိုကဲဘီအချို့မှာ ယခင်က နက္ခတ်များ ဖြစ်ခဲ့ဖူးသောကြောင့် ဖြစ်၏။

ထိုသူများသည် နက္ခတ်များ ဖြစ်ခဲ့ကြသော်လည်း သူတို့၏ ဝိသေသလက္ခဏာများကို ဆုံးရှုံးခဲ့ရပြီး ဒိုကဲဘီများအဖြစ် အတင်းအကျပ် နေထိုင်နေရသူများ ဖြစ်ကြသည်။ ထိုသူများမှာ အုပ်ချုပ်ရေးဌာနခွဲ၏ ဒိုကဲဘီများပင် ဖြစ်သည်။ ပေါလ်ကမူ သူ၏ ဖောက်သည်များ အစော်ကားခံရသည့်တိုင် ဆက်လက် ပြောဆိုလေသည်။

[ခင်ဗျားရဲ့ စကားတွေက လွန်လာပြီ]

[မကြောက်ပါနဲ့ ။ ပေါလ်]

[ခင်ဗျားက အရေးယူဆောင်ရွက်တဲ့သူ ဖြစ်လောက်ပေမဲ့ ကျုပ်ရဲ့ ဖောက်သည်တွေကို စော်ကားတာကိုတော့ ကျုပ် သည်းမခံနိုင်ဘူး]

ပေါလ်သည် အရှိန်ရလာပြီး ဆက်ပြော၏။

[အုပ်ချုပ်ရေးအရာရှိတွေ ဘာလို့ ဒီကို ရောက်လာလဲဆိုတာ ကျုပ် ခန့်မှန်းနိုင်ပါတယ်။ ကျုပ် အတင်းအကျပ် အကောင်အထည်ဖော်ခွင့်ကို သုံးခဲ့လို့ မဟုတ်လား]

[ဇာတ်ဝင်ခန်း အတင်းအကျပ် အကောင်အထည်ဖော်မှုကို နက္ခတ်အများစုက ဇာတ်ဝင်ခန်းရဲ့ ဖြစ်နိုင်စွမ်းကို ထောက်ခံတဲ့အခါမှသာ အသုံးပြုနိုင်တာ]

[ကျုပ်သိပါတယ်။ ဒါကို မလိုက်နာရင် ဖြစ်နိုင်စွမ်း မုန်တိုင်းဒဏ်ကို ခံရနိုင်တယ်လေ။ ဒါပေမဲ့ နက္ခတ်တွေရဲ့ စိတ်ကျေနပ်မှုက မြင့်မားနေတာပဲကို...]

[စိတ်ကျေနပ်မှု ဟုတ်လား။ ပေါလ်… မင်းကိုယ်မင်း ပြန်ကြည့်ပြီးမှ ပြောစမ်း]

ပေါလ်သည် မိမိကိုယ်မိမိ ငုံ့ကြည့်လိုက်ရာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားလေသည်။

[ဒါ... ဒါက]

သူ၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်တွင် အပြာရောင် မီးပွားများ ပြည့်နှက်နေ၏။ ၎င်းမှာ ဖြစ်နိုင်စွမ်း မုန်တိုင်းတစ်ခု၏ ရှေ့ပြေးနိမိတ်ပင် ဖြစ်သည်။

[ငါက ဘာလို့ ဖြစ်နိုင်စွမ်း မုန်တိုင်းရဲ့ ဒဏ်ကို ခံနေရတာလဲ...]

ဖြစ်နိုင်စွမ်း မုန်တိုင်းဆိုသည်မှာ သဘာဝစီးဆင်းမှုကို ဆန့်ကျင်ခြင်းအတွက် ပေးသော ပြစ်ဒဏ် ဖြစ်သည်။ ယခုအခါ ဤကမ္ဘာ၏ ဖြစ်နိုင်စွမ်းက ပေါလ်၏ တည်ရှိမှုကို ဖျက်ဆီးပစ်ရန် အလိုရှိနေလေပြီ။

အရေးယူဆောင်ရွက်သူ ဒိုကဲဘီများက ရယ်မောလိုက်ကြ၏။

[အတင်းအကျပ် အကောင်အထည်ဖော်ခွင့် ဆိုတာ ဒိုကဲဘီတစ်ကောင်ဆီကနေ အမြင့်မားဆုံးသော ဖြစ်နိုင်စွမ်းပမာဏကို တောင်းဆိုတဲ့ စွမ်းအားတစ်ခုပဲ။ ဒီလို ညံ့ဖျင်းတဲ့ တိုးတက်မှုမျိုးအတွက် ဒီလုပ်ပိုင်ခွင့်ကို သုံးပြီး မင်း ဘေးကင်းမယ်လို့ ထင်နေတာလား]

[အဲ့... အဲ့ဒီလို မဟုတ်ပါဘူး]

[ပေါလ်။ မင်းမှာ အုပ်ချုပ်ရေး လုပ်ပိုင်ခွင့်ကို မသုံးဘဲနဲ့ ဇာတ်ဝင်ခန်းကို အဆုံးသတ်နိုင်တဲ့ အခွင့်အရေး ရှိခဲ့တယ်။ အဲ့ဒါက ငါ တစ်ခါမှ မမြင်ဖူးတဲ့ ဆန်းသစ်တဲ့ တိုးတက်မှုမျိုးပဲ။ မင်းက ဘာလို့ အဲ့ဒါကို တားဆီးခဲ့တာလဲ။ မင်းရဲ့ ရက်စက်မှုကြောင့် ဆိုးလ်ဒေသက စီမံခန့်ခွဲရေးဌာနမှာ အရေးပေါ်အခြေအနေ ဖြစ်သွားခဲ့ရတယ်]

[အဲ့... မဟုတ်ဘူး၊ ခဏလောက် နေပါဦး။ ကျုပ်က နက္ခတ်တွေရဲ့ သဘောထားအတိုင်း အတင်းအကျပ် အကောင်အထည်ဖော်ခွင့်ကို သုံးခဲ့တာပါ]

ပေါလ်က ပတ်ပတ်လည်ကို ကြည့်လိုက်၏။

[န... နက္ခတ်တို့။ ကျုပ်ရဲ့ လုပ်ဆောင်မှုကို ခင်ဗျားတို့ သဘောမတူကြဘူးလား]

သို့သော်လည်း မည်သည့်နက္ခတ်မှ ပြန်မဖြေခဲ့ချေ။

[...နက္ခတ်တို့….]

နက္ခတ်များထံမှ လာနေကျဖြစ်သော များပြားလှသည့် သွယ်ဝိုက်မက်ဆေ့ချ်များမှာလည်း ပျောက်ကွယ်သွားလေပြီ။

[မယုံနိုင်စရာပဲ... ဘာလို့လဲ]

သူ၏ တိုးတက်မှုကို ထောက်ပံ့ခဲ့ကြသည့် နက္ခတ်များ အားလုံးသည် ကိုရီးယား ချန်နယ်များမှ ထွက်ခွာသွားကြလေပြီ။

အုပ်ချုပ်ရေးအရာရှိက မျက်မှောင်ကြုတ်လိုက်၏။

[မင်း ဒါလောက်တောင် နားမလည်ရဘူးလား။ နက္ခတ်တွေ အကုန်ထွက်သွားတာကို မင်း မမြင်ဘူးလား]

ကျနော့်ကို သတ်ချင်နေကြပြီး မြှောက်ပင့်ပေးနေသည့် နက္ခတ် အများအပြားမှာ ဤဇာတ်လမ်းသည် 'ဒရာမာ' တစ်ခုအဖြစ် ပြောင်းလဲသွားသည်နှင့် ကိုရီးယား ကျွန်းဆွယ်မှ အုပ်စုလိုက် ထွက်ခွာသွားကြခြင်း ဖြစ်သည်။

ထိုသို့ဖြစ်ခြင်းမှာ သဘာဝကျလှ၏။ မိမိတို့ မလိုလားသည့် တိုးတက်မှုမျိုး ဖြစ်ပေါ်လာသည့်အခါ ဆက်လက် ကြည့်ရှုနေသည်ကမှ ထူးဆန်းနေပေလိမ့်မည်။ အမှန်တကယ်တွင်လည်း ဘီဟွန်း၏ ချန်နယ်မှာ စာရင်းသွင်းသူ သုံးပုံတစ်ပုံခန့် ဆုံးရှုံးသွားခဲ့ရလေသည်။

ကျန်ရှိနေသော နက္ခတ်များမှာ-

['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ် သည် အလယ်အလတ်အဆင့် ဒိုကဲဘီ 'ပေါလ်' ကို ကြည့်နေပါသည်။]

['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ် သည် အလယ်အလတ်အဆင့် ဒိုကဲဘီ 'ပေါလ်' ကို ကြည့်ကာ တခိခိ ရယ်မောနေပါသည်။]

['လျှို့ဝှက်ကြံစည်သူ' နက္ခတ် သည် အလယ်အလတ်အဆင့် ဒိုကဲဘီ 'ပေါလ်' ကို လှောင်ပြောင်နေပါသည်။]

...

ထိုသူများအားလုံးမှာ အလယ်အလတ်အဆင့် ဒိုကဲဘီ၏ တိုးတက်မှုကို သဘောမတူခဲ့ကြသည့် နက္ခတ်များသာ ဖြစ်ကြသည်။

[ဟင့်အင်း... မဟုတ်ဘူး။ ငါ ဒီလိုမျိုး အဖျက်ဆီးမခံနိုင်ဘူး။ အုပ်ချုပ်ရေးအရာရှိ]

[စိတ်မပူပါနဲ့။ မင်း အဖျက်ဆီး မခံရပါဘူး]

[ဘာ... ဘာကို ဆိုလိုတာလဲ...]

ပေါလ်၏ မျက်နှာတွင် မျှော်လင့်ချက်အရိပ်အယောင်ကလေး တစ်ချက် ဖြတ်ပြေးသွား၏။

သို့သော် အုပ်ချုပ်ရေး ဒိုကဲဘီ ပြောလိုက်သည့် စကားက ထိုမျှော်လင့်ချက် မီးအိမ်ကို လုံးဝ ငြိမ်းသတ်ပစ်လိုက်လေတော့သည်။

[မင်းက ပျက်စီးသွားတာထက် ပိုဆိုးတဲ့ ပြစ်ဒဏ်ကို ခံရမှာ။ မင်းကြောင့် ငါတို့ ဌာနက ဖြစ်နိုင်စွမ်း ကြွေးမြီတွေ အများကြီး တင်သွားခဲ့ပြီ]

[အုပ်ချုပ်ရေးအရာရှိတွေက ဒိုကဲဘီ ပေါလ်ရဲ့ ရွေးနှုတ်ခြင်းကုဒ်ကို အသုံးပြုလိမ့်မယ်]

ထို့နောက်တွင်တော့ ဒိုကဲဘီ ပေါလ်၏ ခန္ဓာကိုယ်အစစ်သည် ဤကမ္ဘာထဲသို့ အတင်းအကျပ် ဆွဲသွင်းခံလိုက်ရတော့သည်။ အလယ်အလတ်အဆင့် ဒိုကဲဘီ ပေါလ်သည် တုန်ရင်နေလေပြီ။ သူ၏ ထုတ်လွှင့်ခွင့်များ ဆုံးရှုံးသွားသောကြောင့် သူ၏ မူလအသံစစ်စစ် ထွက်ပေါ်လာ၏။

"ဒါ... ဒါက ပူးပေါင်းကြံစည်မှုပဲ။ ဒီလို ဖြစ်လို့ မရဘူး"

ထိုစဉ် ဘီဟွန်းက သူ၏ ဘေးမှနေ၍ စကားဆိုလာသည်။

[ဒါကြောင့်ပဲ မင်းက ဇာတ်ဝင်ခန်းကို အမြန် မပြီးစေချင်ခဲ့တာကိုး]

"ဘီဟွန်း"

နောက်ဆုံးတွင်တော့ ပေါလ် ပေါက်ကွဲသွားလေတော့သည်။ ပေါလ်သည် ရွေးနှုတ်ခြင်းကုဒ်ကို ကိုင်ထားရင်း ဘီဟွန်းကို လက်ညှိုးထိုးလိုက်၏။

"အုပ်ချုပ်ရေးအရာရှိတို့။ သူ့ကိုလည်း ဖမ်းကြပါ။ သူရဲ့ ချန်နယ်က ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုရဲ့ စည်းကမ်းတွေကို ချိုးဖောက်ထားတယ်ဆိုတဲ့ အထောက်အထား ကျုပ်မှာ ရှိတယ်"

[သူလည်း သဘာဝအတိုင်း လိုက်လာရမှာပဲ]

ပေါလ်၏ မျက်နှာမှာ ဝင်းပသွားသည်။ သို့သော်လည်း ဒိုကဲဘီများ၏ စကားကို အဆုံးအထိ နားထောင်သင့်ပေသည်။

[ဘာလို့လဲဆိုတော့ သူက ငါတို့ကို ခေါ်ခဲ့တဲ့ ဒိုကဲဘီ ဖြစ်နေလို့ပဲ]

"ဘာ... ဘာ... မဟုတ်မှလွဲရော"

အုပ်ချုပ်ရေး ဒိုကဲဘီက ဆိုလိုက်သည်။

[ဟုတ်တယ်။ မင်းကို တိုင်ကြားခဲ့တဲ့ ဒိုကဲဘီက ဘီဟွန်းပဲ]

ဘီဟွန်းသည် မျက်လုံးနီရဲနေသော ပေါလ်ကို ကြည့်ကာ လက်ကလေး ယမ်းပြလိုက်၏။ အုပ်ချုပ်ရေးအရာရှိက အေးစက်စွာ ပြုံးလိုက်သည်။

[ဒိုကဲဘီ ဘီဟွန်း။ သူက တကယ့်ကို ကောင်းမွန်တဲ့ ဒိုကဲဘီပဲ။ သူရဲ့ နှိမ့်ချမှုကို ကြည့်လိုက်ဦး။ သူက အရာအားလုံးကို လျစ်လျူရှုပြီး ဇာတ်ဝင်ခန်းတွေထဲမှာပဲ အာရုံနစ်မြှုပ်ထားတဲ့ ရုပ်သံလွှင့်သူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာမျိုး ရှိတယ်။ မင်းနဲ့ တခြား တန်ဖိုးကြီး အဝတ်အစားတွေပဲ ဝတ်တတ်တဲ့ ဒိုကဲဘီတွေနဲ့တော့ ကွာခြားတာပေါ့]

ဘီဟွန်း၏ မျက်နှာတွင် ရှက်ကိုးရှက်ကန်း အမူအရာ ပေါ်လာသည်။ သူ၏ ဆင်းရဲမွဲတေမှုက ဤကဲ့သို့ အထောက်အကူ ဖြစ်လိမ့်မည်ဟု သူ ကိုယ်တိုင်လည်း မထင်ထားခဲ့ချေ။

"မ... မဟုတ်ဘူး။ အဲ့ဒီကောင် ဘီဟွန်းက..."

[ပါးစပ်ပိတ်ထားစမ်း]

ရွေးနှုတ်ခြင်းကုဒ်ဖြင့် ချည်နှောင်ခံထားရသည့် နေရာမှနေ၍ ပေါလ်သည် တုန်လှုပ်ဖွယ်ရာ အော်ဟစ်လိုက်သည်။ အုပ်ချုပ်ရေး ဒိုကဲဘီက စကားကို ဆက်ပြော၏။

[မင်းက အရင်ကလည်း နှစ်ကြိမ်တိုင်တိုင် အပြစ်ပေးခံထားရပြီးပြီ။ အခုက တတိယအကြိမ်ပဲ။ တတိယမြောက် ပြစ်ဒဏ်အကြောင်း မင်း ကောင်းကောင်းသိတယ် မဟုတ်လား]

"ဒါ... ဒါက ရယ်စရာကြီးပဲ။ ငါ့ရဲ့ အထက်လူကြီးတွေက ဒါကို ခွင့်ပြုမယ်လို့ မင်းတို့ ထင်နေတာလား။ မင်းတို့ အခု မှားနေပြီ။ ငါ့ကို ထိရဲရင် ထိကြည့်လိုက်..."

[မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကိုတော့ ဌာနကို ရောက်မှပဲ ငါ နားထောင်ပေးတော့မယ်]

လေထဲတွင် တောက်ပနေသော ဝင်ပေါက်တစ်ခု ပေါ်လာလေသည်။ နောက်ဆုံးတွင်တော့ အလယ်အလတ်အဆင့် ဒိုကဲဘီကို နှုတ်ဆက်ရမည့် အချိန် ရောက်လာခဲ့ပြီ ဖြစ်၏။ နောင်လာမည့် ဇာတ်ဝင်ခန်းများတွင်လည်း သူ့ကို မြင်တွေ့ရတော့မည် မဟုတ်ချေ။ ပေါလ်၏ မျက်လုံးများက ကျနော့်ကို စူးစိုက်ကြည့်နေသည်။ သူ၏ မျက်လုံးများနှင့် ဆုံလိုက်သည့် ခဏတွင် ကျနော့်စိတ်တွင်း၌ မီးလျှံတစ်ခု တောက်လောင်လာ၏။

[သင်၏ ပြင်းထန်သော စိတ်ခံစားမှုများကြောင့် Fourth Wall သည် တုန်လှုပ်နေပါသည်။]

အနာဂတ်မှ ရှင်ယူဆောင်းသည် ပြာများအဖြစ် လွင့်စင်သွားခဲ့ပြီဖြစ်သည်။ အကယ်၍ အလယ်အလတ်အဆင့် ဒိုကဲဘီသာ မရှိခဲ့လျှင် ရှင်ယူဆောင်းကို ကယ်တင်နိုင်ခဲ့ကောင်း ကယ်တင်နိုင်ခဲ့ပေလိမ့်မည်။

အနာဂတ်မှရှင်ယူဆောင်းသည် သူ၏ အချိန်ကာလသို့ မည်သည့်အခါမျှ ပြန်မသွားနိုင်တော့သော်လည်း ဤကမ္ဘာသစ်တွင် ရှင်သန်နိုင်ခဲ့ကောင်း ရှင်သန်နိုင်ပေလိမ့်မည်။ အလယ်အလတ်အဆင့် ဒိုကဲဘီသည် ထိုနောက်ဆုံး ဖြစ်နိုင်ခြေကို နင်းခြေဖျက်ဆီးပစ်ခဲ့သည်။ ထို့ကြောင့်ပင် ကျနော်ဝင်ပြောလိုက်၏။

"ခဏလောက် စောင့်ပါဦး"

သူသည် သေဒဏ်ပေးခြင်းကို ခံရနိုင်သော်လည်း ကျနော်ကတော့ ကျေနပ်မသွားနိုင်ချေ။ ကျနော့် စကားကြောင့် ကျနော့် အဖွဲ့သားများ အားလုံး အံ့အားသင့်သွားကြသည်။

[...မင်း ငါတို့ကို ခေါ်လိုက်တာလား]

ဒိုကဲဘီများမှာ အံ့အားသင့်သွားကြ၏။ ကိုယ်စားလှယ်တစ်ယောက်က အုပ်ချုပ်ရေးဌာနခွဲမှ ဒိုကဲဘီများကို တားဆီးလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ အုပ်ချုပ်ရေး ဒိုကဲဘီသည် ကျနော့်ကို တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် ပါးစပ်ဟလိုက်သည်။

[မှန်တာပေါ့။ မင်းက ကိုယ်စားလှယ် ကင်ဒေါ့ဂျာ မဟုတ်လား။ ဟုတ်တယ်မလား]

အခြား အုပ်ချုပ်ရေး ဒိုကဲဘီက ရယ်မောလိုက်သည်။

[မင်း ဒီလူကို သိသလား]

[သူက ဒီနယ်ပယ်မှာ နာမည်ကြီးတဲ့ ကိုယ်စားလှယ်ပဲ။ ကိုရီးယားကျွန်းဆွယ်ရဲ့ အသန်မာဆုံး ကိုယ်စားလှယ်တွေထဲက တစ်ယောက်ဖြစ်ပေမဲ့ ထောက်ပံ့သူနဲ့ စာချုပ် မချုပ်ဆိုထားဘူး]

[ဟမ်]

ကျနော်က အေးအေးလူလူ ဖြစ်နေသည့် ဒိုကဲဘီများကို ကြည့်ရင်း ဒိုကဲဘီ ဆက်သွယ်ရေးမှတစ်ဆင့် ဘီဟွန်းကို စကားပြောလိုက်၏။

'ဘီဟွန်း... ငါ မင်းကို ဒင်္ဂါး ၁၀၀,၀၀၀ ပေးမယ်'

– ဘာ

ဘီဟွန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။

'ငါ့ကို ဒိုကဲဘီအိတ်ရဲ့ ပလက်တီနမ် အဖွဲ့ဝင်အဖြစ် အဆင့်မြှင့်ပေး'

– မဟုတ်သေးပါဘူး... ဘာလို့ ရုတ်တရက်ကြီးအဆင့်မြှင့်ခိုင်းနေရတာလဲ

'လုပ်စရာရှိတာသာ လုပ်စမ်းပါ'

– အာ... လဖွတ်ပဲ...

အုပ်ချုပ်ရေးအရာရှိများကို ကြည့်ရင်း ဘီဟွန်းကို အလျင်စလို ကျနော် ခိုင်းလိုက်သည်။ ဘီဟွန်းက သက်ပြင်းချလိုက်ကာ လေထဲတွင် တစ်ခုခုကို စတင် ကိုင်တွယ်လိုက်၏။

[ဒင်္ဂါး ၁၀၀,၀၀၀ သုံးစွဲပြီးပါပြီ။]

[ဂုဏ်ယူပါသည်။ သင်သည် ဒိုကဲဘီအိတ်၏ ပလက်တီနမ် အဖွဲ့ဝင် ဖြစ်သွားပါပြီ။]

မူလကဆိုလျှင် အဆင့်မြှင့်တင်မှုအတွက် ခမ်းနားသည့် အထူးအကျိုးသက်ရောက်မှုများ ရှိသင့်သော်လည်း ထိုအထူးသက်ရောက်မှုကို ချန်လှပ်ထားရန် ဘီဟွန်းကို ကျနော် တောင်းဆိုခဲ့သည်။ ဒင်္ဂါး ၅,၀၀၀ ဖြင့် ရရှိနိုင်သည့် ရွှေအဆင့် အဖွဲ့ဝင်နှင့် မတူဘဲ ပလက်တီနမ် အဖွဲ့ဝင်များ၏ ဆက်ဆံခံရပုံမှာ ကွဲပြားလှ၏။

[အင်း။ ကိုယ်စားလှယ် ကင်ဒေါ့ဂျာ။ ငါတို့ကို ဘာလို့ ခေါ်တာလဲ]

အုပ်ချုပ်ရေးအရာရှိများသည် ကျနော်၏ အဆင့်မြှင့်တင်မှုကို မသိရှိဘဲ ကျနော့်ကို ထပ်မံ မေးမြန်းကြသည်။ ဤဒိုကဲဘီများမှာ တကယ့်ကို အဆင့်အတန်း မြင့်မားလှသဖြင့် သူတို့နှင့် ရင်ဆိုင်ရသည်မှာ ကျနော့်အတွက် စိတ်လှုပ်ရှားစရာ ဖြစ်နေလေသည်။ သူတို့တွေသည် ကျရှုံးခဲ့ဖူးသူများဖြစ်နေနိုင်သော်လည်း အချို့မှာမူ မူလကတည်းက အလွန်ကြီးကျယ်ခမ်းနားသော သူများ ဖြစ်ကြလောက်၏။

အသက်ကို ခပ်ဖွဖွရှူသွင်းကာ ကျနော် ပြောလိုက်သည်။

" ဒိုကဲဘီနဲ့ တစ်ဦးချင်း တွေ့ဆုံခွင့်ကို ကျနော်တောင်းဆိုပါတယ်"

[ဘာ]

အုပ်ချုပ်ရေး ဒိုကဲဘီများသည် ကျနော့်စကားကြောင့် ဝေခွဲမရ ဖြစ်သွားကြသည်။ ထို့နောက် မကြာမီတွင် ရယ်သံများ ထွက်ပေါ်လာ၏။

[ပလက်တီနမ် အဖွဲ့ဝင်တွေမှသာ တစ်ဦးချင်း တွေ့ဆုံခွင့်ကို တောင်းဆိုနိုင်တာလေ... မင်းက... မဟုတ်မှလွဲရော…]

"မှန်ပါတယ်။ ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပေးပါ"

ဒိုကဲဘီ နှစ်ကောင်သည် တစ်ကောင်ကိုတစ်ကောင် ပြန်ကြည့်လိုက်ကြသည်။ သူတို့သည် အရာအချို့ကို သိရှိနိုင်ရန် စနစ်ကို ကိုင်တွယ်စစ်ဆေးလိုက်ပြီးနောက် မကြာမီတွင် အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်ကြ၏။

[ဒါ တကယ်ကြီးပဲ]

[ကိုယ်စားလှယ် တစ်ယောက်က ဘယ်လိုလုပ်ပြီး ပလက်တီနမ် အဖွဲ့ဝင် ဖြစ်လာနိုင်တာလဲ]

"အခုဆို ကျနော် အရည်အချင်း ပြည့်မီသွားပြီ မဟုတ်လား"

အုပ်ချုပ်ရေးအရာရှိများသည် ခဏမျှ တွေဝေသွားပြီးမှ ခေါင်းညိတ်လိုက်ကြသည်။

[မှန်ပါတယ်။ တစ်ဦးချင်း တွေ့ဆုံခွင့်နဲ့ ဘာလုပ်ချင်လို့လဲ။ ပလက်တီနမ် အရည်အချင်းက မင်းကို အကြီးတန်း ဒိုကဲဘီ တစ်ယောက်နဲ့ တွေ့ဆုံခွင့် ပေးထားတယ်။ ချိန်းဆိုမှု အချိန်ဇယားကတော့...]

"အဲ့ဒါကို ကျနော် မလိုချင်ဘူး။ ကျနော် တွေ့ချင်တဲ့ ဒိုကဲဘီက အခု ခင်ဗျားတို့နဲ့အတူ ရှိနေတယ်"

ကျနော်က ကျနော်အလိုရှိသည့် ဒိုကဲဘီကို လက်ညှိုးထိုးပြလိုက်သည်။

"ကျနော် အလယ်အလတ်အဆင့် ဒိုကဲဘီ ပေါလ်နဲ့ တစ်ဦးချင်း တွေ့ဆုံချင်တယ်"

အခန်း ၁၁၀

- အပိုင်း ၂၂ – ကတိကဝတ်သုံးခု (၂)

အုပ်ချုပ်ရေး ဒိုကဲဘီ နှစ်ကောင်သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ ထို့နောက် ဒိုကဲဘီ နှစ်ကောင်စလုံးသည် တစ်ပြိုင်နက်တည်း ရယ်မောလိုက်ကြသည်။

[အဟားဟားဟား!]

[စိတ်ဝင်စားဖို့ကောင်းသားပဲ။ မင်းက... မဟုတ်မှလွဲရော...]

ထက်မြက်လှသော အုပ်ချုပ်ရေးအရာရှိများသည် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရ၏။ ပေါလ်ကတော့ ထိုမြင်ကွင်းကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်နေခဲ့သည်။

[ဒိုကဲဘီ ပေါလ်နဲ့ တစ်ဦးချင်း တွေ့ဆုံခွင့်ကို ငါ ခွင့်ပြုမယ်]

[အခမဲ့ တစ်ဦးချင်း တွေ့ဆုံချိန်ကတော့ မိနစ် ၂၀ ဖြစ်တယ်]

ဌာန၏ အုပ်ချုပ်ရေးအရာရှိများသည် ကျနော့်၏ တောင်းဆိုမှုကို စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မြင်ကာ သဘောတူလိုက်ကြသည်။ သူတို့ သဘောတူပေးမည်ကို ကျနော် သိရှိပြီးသားပင်။

မူလကတည်းက အုပ်ချုပ်ရေးအရာရှိများသည် ထုတ်လွှင့်သူများကို မနှစ်သက်ကြချေ။ သူတို့က 'ထုတ်လွှင့်သူများ' ထက် 'ကြည့်ရှုသူများ' နှင့် ပို၍ နီးစပ်ကြသည်။ သူတို့ စကားပြောလိုက်သည်နှင့် ကျနော်နှင့် ပေါလ်၏ ပတ်ပတ်လည်တွင် ဖောက်ထွင်းမြင်နိုင်သော အမိုးခုံးတစ်ခု ဖြစ်ပေါ်လာ၏။ မူလ 'တစ်ဦးချင်း တွေ့ဆုံခွင့်' ဆိုသည်မှာ နက္ခတ်များနှင့် ဒိုကဲဘီများ လျှို့ဝှက်တွေ့ဆုံရန် နေရာတစ်ခု ဖြစ်၏။

[အလယ်အလတ်အဆင့် ဒိုကဲဘီ ပေါလ်နှင့် တစ်ဦးချင်း တွေ့ဆုံမှု စတင်ပါပြီ။]

သို့သော်လည်း အသုံးပြုသူအပေါ် မူတည်၍ အသုံးပြုပုံကို ပြောင်းလဲနိုင်၏။ အမိုးခုံးအပြင်ဘက်တွင် ဘီဟွန်းက အုပ်ချုပ်ရေးအရာရှိများနှင့် စကားပြောနေသည်ကို ကျနော် မြင်လိုက်ရသည်။

ပေါလ်သည် ကျနော်နှင့်အတူ ပိတ်မိနေပြီး သူ၏ ရန်လိုမှုကို ထုတ်ဖော်လိုက်၏။

"မင်းက ငါ့ကို ဘာလို့ တွေ့ချင်ရတာလဲ။ ရန်ပွဲရှာချင်လို့လား"

သူ၏ ခန္ဓာကိုယ်မှာ အုပ်ချုပ်ရေး ဒိုကဲဘီ၏ ဇာတ်ကောင် ရွေးနှုတ်ခြင်း ကုဒ်ကြောင့် ထိခိုက်နေဆဲ ဖြစ်သည်။ ထိုကုဒ် ရှိနေသရွေ့ ပေါလ်သည် သူ၏ ကိုယ်ပိုင်စွမ်းအားရော ဒိုကဲဘီ တစ်ယောက်၏ လုပ်ပိုင်ခွင့်ကိုပါ အသုံးပြုနိုင်မည် မဟုတ်ပေ။ တစ်နည်းအားဖြင့် ပြောရလျှင် ကျနော့်ရှေ့က လူမှာ လုံးဝ အကူအညီမဲ့နေခြင်း ဖြစ်သည်။

"ဟန်လုပ်မနေစမ်းနဲ့။ မင်းရဲ့ လက်ရှိအခြေအနေကို ငါ သိတယ်"

ပေါလ်သည် တွန့်သွားပြီး အမိုးခုံး၏ အစွန်းဘက်သို့ ဆုတ်သွား၏။ သို့သော် သူ၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေဆဲ ဖြစ်သည်။

"ဟားဟား၊ အေးလေ။ မင်း ဘာတွေးနေလဲဆိုတာ ငါ သိပါတယ်။ ဟိုကျွန်မလေးအတွက် လက်စားချေချင်လို့လား"

"..."

"ရယ်စရာကောင်းလိုက်တာ။ ဒါက လူသားတွေရဲ့ အပေါ်ယံဆန္ဒဆိုတာ မင်း မသိဘူးလား။ အေးပါ။ တစ်ခါလောက်တော့ ကြိုးစားကြည့်ပေါ့။ တစ်ဦးချင်း တွေ့ဆုံခွင့်အကြောင်း မင်း ဘယ်လို သိသွားလဲတော့ မသိပေမဲ့ ဒီနေရာက ငါတို့ တစ်ယောက်ကိုတစ်ယောက် ထိခိုက်အောင် လုပ်လို့မရတဲ့ နေရာပဲ။ မင်း ဘယ်လောက်ပဲ ကြိုးစားကြိုးစား ထိခိုက်အောင်လုပ်လို့ရမှာမဟုတ်ဘူး..."

ကျနော်က သူ့ဆီ ပြေးသွားပြီး ရှိသမျှ ခွန်အားကို အသုံးပြု၍ ထိုးပစ်လိုက်၏။ သူ၏ နှာခေါင်းမှ သွေးပြာများ ထွက်လာပြီး အခြေအနေကို သဘောမပေါက်နိုင်သေးသောပေါလ်မှာ အော်ဟစ်ကာ လဲကျသွားသည်။ သူ့ကို ကျနော်ပြောလိုက်၏။

"ငါ မင်းကို သတ်လို့မရပေမဲ့ အသားတွေစုတ်ပြတ်သွားအောင်တော့ ထိုးလို့ရတယ်"

"ထွီ...မင်းကများ... "

"အေး၊ အခုမှ မင်းရဲ့ ဗီဇအမှန် ထွက်လာပြီ။ အဲ့ဒီ ရွံစရာကောင်းတဲ့ ယဉ်ကျေးပျူငှာမှုတွေကို ငါ မကြားချင်ဘူး"

"ဟတ်... ဟတ်..."

"နာကျင်မှုကို ပထမဆုံးအကြိမ် ခံစားဖူးတာလား။ ဒိုကဲဘီအဖြစ် နေလာတဲ့တစ်လျှောက် ဒီလိုမျိုး အထိုးခံရတာမျိုး မရှိခဲ့ဖူးဘူး ထင်တယ်"

"ဟစ်….ဟစ်။ ဟစ်ဟစ်ဟစ်..."

ပေါလ်သည် သွေးများ စီးကျနေသော်လည်း ပြုံးနေဆဲ ဖြစ်၏။

"မင်း ခုနက မှားသွားပြီ။ မင်းတို့လို လူတွေက တစ်ဦးချင်း တွေ့ဆုံခွင့်ကို အလွဲသုံးစား မလုပ်နိုင်အောင် သတ်မှတ်ထားတဲ့ အထူးစည်းကမ်းတွေ ရှိတယ်"

ထို့နောက် စနစ်မက်ဆေ့ချ်က စောင့်နေသကဲ့သို့ ရောက်ရှိလာသည်။

[သင်သည် တစ်ဦးချင်း တွေ့ဆုံသည့် နေရာတွင် ဒိုကဲဘီကို ဒဏ်ရာရစေခဲ့သည်။]

[ပြစ်ဒဏ်အဖြစ် ဒင်္ဂါး ၅၀၀ ကို သုံးစွဲလိုက်ပါပြီ။]

ဒိုကဲဘီတွေသည် တကယ့်ကို တော်ကြပေသည်။ နက္ခတ်များက တစ်စုံတစ်ခု ကြိုးစားလာပါက ခံရမည့် ပြစ်ဒဏ်ကို ပြင်ဆင်ထားကြ၏။ ၎င်းမှာ ဒင်္ဂါးပြစ်ဒဏ် ဖြစ်သည်။ သို့သော်လည်း ကျနော်က ထိုပြစ်ဒဏ်ကို သိရှိပြီးသား ဖြစ်သောကြောင့် ပခုံးသာ တွန့်ပြလိုက်၏။

ပေါလ်သည် သူ၏ သွေးများကို သုတ်ရင်း ရယ်မောလိုက်သည်။

"မိုက်မဲတဲ့ လူသား။ မင်းကတော့ မင်းရဲ့ ဒေါသနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ပျက်စီးအောင် လုပ်နေတာပဲ။ အေးပါ။ မင်း ကြိုက်သလောက် ငါ့ကို ထိုးကြည့်စမ်းပါ။ မင်းဆီမှာ အခု ရှိနေတဲ့ ဒင်္ဂါးတွေက..."

"ငါ့မှာ ဒင်္ဂါး ဘယ်လောက်ရှိတယ်လို့ မင်း ထင်နေတာလဲ"

ပေါလ်သည် တိတ်ဆိတ်သွား၏။

"ဒါက ထူးဆန်းမနေဘူးလား။ ကိုယ်စားလှယ် တစ်ယောက်ဖြစ်တဲ့ ငါက ဘယ်လိုလုပ်ပြီး ပလက်တီနမ် အဖွဲ့ဝင် ဖြစ်လာတာလဲ"

တုန်လှုပ်နေသော သူ၏ မျက်လုံးများကို ကြည့်ရင်း ကျနော် ပြုံးလိုက်သည်။

"ငါ့မှာ ဒင်္ဂါးတွေ အများကြီးရှိတယ်။ မင်း ကျေးဇူးနဲ့ ငါ ပိုက်ဆံတွေ အများကြီး ရှာထားတာ"

ကျနော့် လက်သီးများသည် ဖြူဖျော့နေသော ပေါလ်ဆီသို့ ကျရောက်သွား၏။ ကျနော် ကြုံတွေ့ခဲ့ရသော ယုတ်မာလှသည့် ဇာတ်ဝင်ခန်းများသည် ခေါင်းထဲသို့ ဖြတ်ပြေးသွားသည်။

[ပိုင်ဆိုင်သော ဒင်္ဂါးများ - ၂၀၅,၉၀၂ ဒင်္ဂါး]

ရှင်ယူဆောင်း သေဆုံးသွားသည့် ပုံရိပ်ကို ကျနော် သတိရမိ၏။ ကျနော် ရှင်ယူဆောင်းကို ပြောခဲ့သည့် အရာများထဲတွင် ဤအချက်လည်း ပါဝင်လေသည်။

- 'အဲ့ဒီ ဒိုကဲဘီကို ငါ သေအောင် ထိုးပေးမယ်'

ဒါက ကျနော် တည်ရမည့် ပထမဆုံး ကတိဖြစ်၏။

[ပြစ်ဒဏ်အဖြစ် ဒင်္ဂါး ၅၀၀ ကို သုံးစွဲလိုက်ပါပြီ။]

ကျနော့် လက်သီးက ထပ်မံ လှုပ်ရှားသွားပြီး သူ၏ နှာခေါင်း ကျိုးသွားပြန်သည်။ ဤလက်သီးချက်က ဘယ်သူ့အတွက်လဲ ဆိုတာကိုတော့ ကျနော် မပြောခဲ့ချေ။ ဤလက်သီးချက်က ဘယ်သူ့အတွက်ဆိုပြီး ခွဲဝေရမည့် အရာမဟုတ်သောကြောင့် ဖြစ်၏။

[ပြစ်ဒဏ်အဖြစ် ဒင်္ဂါး ၅၀၀ ကို သုံးစွဲလိုက်ပါပြီ။]

"ချီး…. အ... အရေးမပါတဲ့ လူသားတစ်ယောက်ကများ..."

ဖောက်-

[ပြစ်ဒဏ်အဖြစ် ဒင်္ဂါး ၅၀၀ ကို သုံးစွဲလိုက်ပါပြီ။]

"မ... မင်း ငါ့ကို ဒီလိုလုပ်ရင် ဘေးကင်းမှာ မဟုတ်ဘူးနော်..."

ဖောက်-

[ပြစ်ဒဏ်အဖြစ် ဒင်္ဂါး ၅၀၀ ကို သုံးစွဲလိုက်ပါပြီ။]

"ငါ မင်းကို သတ်ပစ်မယ်။ မင်းကို သေချာပေါက် သတ်ပစ်မယ်..."

ဖောက်-

[ပြစ်ဒဏ်အဖြစ် ဒင်္ဂါး ၅၀၀ ကို သုံးစွဲလိုက်ပါပြီ။]

"ခ... ခဏလေးပါ။ နေပါဦး။ တော်ပါတော့..."

သူ၏ ကြောက်လန့်တကြား ဖြစ်နေသော ခန္ဓာကိုယ်မှာ လိပ်ခွေသွားပြီး ပထမဆုံးအကြိမ်အဖြစ် လက်သီးဖြင့်ထိုးနေသည်ကို ကျနော်ခဏရပ်လိုက်၏။ ခဏတာမျှ သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်သွားသည်။

"ဟု... ဟုတ်ပြီ။ မင်း ကောင်းကောင်းစဉ်းစားတတ်သားပဲ။ ဒီမှာ ဒီလိုလုပ်နေလို့ ဘာမှဖြစ်လာမှာ..."

ယဉ်ကျေးပျူငှာသော အသုံးအနှုန်းများဖြင့် အလျင်စလို ပြောနေသည့် သူ့ကို ကျနော် ကြည့်ရင်း မေးလိုက်၏။

"မင်း ရပ်ခဲ့လို့လား"

"ဘာ"

"ယူဆောင်းက ရပ်ပေးဖို့ တောင်းပန်တုန်းက မင်း ရပ်ပေးခဲ့လို့လား"

ကျနော်က သူ့ကို အေးအေးဆေးဆေး ငုံ့ကြည့်လိုက်သည်။ သူ ဘာမှမပြောဘဲ ကြမ်းပြင်ကိုသာ ကြည့်နေ၏။ ထို့နောက် သူက ခေါင်းမော့လာပြီး ကောင်းကင်ကို စိုက်ကြည့်သည်။ သူ့ကို ဤကဲ့သို့ ဖြစ်အောင် လုပ်ခဲ့သူများအပေါ် သူ နာကြည်းမှုကို ခံစားနေရ၏။

"ဒါတွေက ဘာမှ အဓိပ္ပာယ်မရှိဘူး။ မင်းရဲ့ သေသွားတဲ့ အဖော်က ပြန်ရှင်လာမှာ မဟုတ်ဘူး"

ကျနော်၏ သေဆုံးသွားသော လုပ်ဖော်ကိုင်ဖက်များမှာ ပြန်ရှင်လာမည် မဟုတ်ပေ။ သူ ပြောတာ မှန်၏။

"အဓိပ္ပာယ်ရှိတာပေါ့"

သို့သော်လည်း တုန်လှုပ်နေသော ပေါလ်ဆီသို့ဦးတည်သည့် လက်သီးကို ကျနော်မြှောက်လိုက်သည်။

"ရှင်ယူဆောင်းသာဆိုရင်လည်း ဒါမျိုးပဲ လုပ်မှာပဲ"

ဖောက်-

ပေါလ်သည် မြေပြင်ပေါ်တွင် လိမ့်သွားရင်း သူ၏ အစွယ်များမှာ ပြူးထွက်လာသည်။

"လီဟန်းဆောင်လည်း ဒါမျိုးပဲ လုပ်မှာပဲ။ ယူဆန်းအာနဲ့ လီဂီယောင်လည်း အတူတူပဲ"

ကျနော့် လက်သီးက သူ၏ ဝမ်းဗိုက်ဆီသို့ အားပြင်းစွာ ကျရောက်သွား၏။

"မအေဘေး ယူဂျွန်ဟော့တောင်မှ..."

အမိုးခုံးအပြင်ဘက်က ကျနော့် အဖော်များသည် ကျနော်ရှိရာဘက်သို့ ကြည့်နေကြသည်။

ရှင်ယူဆောင်းမှာ မျက်လုံးများ နီမြန်းလျက် လက်သီးများကို တင်းတင်းဆုပ်ထား၏။ လီဂျီဟယ်နှင့် လီဂီယောင်တို့မှာ တစ်စုံတစ်ခုကို အော်ဟစ်နေကြသည်။ လီဟန်းဆောင်၏ မျက်လုံးများမှာလည်း နီမြန်းနေပြီး တည်ကြည်သော အမူအရာ ရှိနေကာ ယူဆန်းအာကတော့ ကျနော့်ကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေ၏။ ယူဂျွန်ဟော့မှာတော့ ပေါလ်ကို ပြန်မကြည့်ခင် ကျနော် နောက်ဆုံး ကြည့်လိုက်သောသူ ဖြစ်သည်။

"ငါ... ငါက ဇာတ်ဝင်ခန်းရဲ့ အပြင်ဘက်မှာ ရှိနေတာနော်။ မင်း ဒါမျိုးလုပ်လို့ ဒင်္ဂါးတွေ ရမှာမဟုတ်ဘူး။ မင်းအတွက် ဘာမှ အကျိုးမရှိဘူးကွ"

ဒင်္ဂါးတွေ...

ဟုတ်ပေသည်။ ဒိုကဲဘီတွေသာလျှင် ဤကဲ့သို့ တွေးတောကြလိမ့်မည်။ အချို့သော ဇာတ်လမ်းများသည် ဒင်္ဂါးများ ဖြစ်လာလိမ့်မည်ဖြစ်၏။ အချို့သော ဇာတ်လမ်းများကတော့ ဒင်္ဂါးများ ဖြစ်မလာချေ။

"မင်းပြောတာက မှန်လောက်ပါတယ်"

နက္ခတ်များထဲမှ တစ်ဦးတစ်ယောက်မျှ ဆုလာဘ် ဇာတ်ဝင်ခန်းကို မပြုလုပ်ခဲ့သလို နောက်ဆက်တွဲ ဇာတ်ဝင်ခန်းလည်း မရှိခဲ့ပေ။ သို့သော်လည်း ဤအပြုအမူမှာ အဓိပ္ပာယ်ရှိလှ၏။ ကျနော့်ကို မည်သူမှ ဒါမျိုးလုပ်ဖို့ ခိုင်းမနေချေ။

"ငါက ဒါမျိုးလုပ်လို့ ဘာအကျိုးအမြတ်မှ ရဖို့ ရည်ရွယ်မထားဘူး"

"ဘ... ဘာဖြစ်တယ်"

ကမ္ဘာကြီး ပျက်စီးသွားကတည်းက ဒင်္ဂါးများသည် လူသားတိုင်း၏ အပြုအမူနောက်ကွယ်မှ မူဝါဒများ ဖြစ်လာခဲ့သည်။ နက္ခတ်များက ဒင်္ဂါးပေးလျှင် လူတွေက လှုပ်ရှားကြပြီး ဒင်္ဂါးမရှိလျှင် မလှုပ်ရှားကြတော့ပေ။ သို့သော်လည်း လူသားများသည် ဒင်္ဂါး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မကြာခဏ လှုပ်ရှားတတ်ကြသေး၏။

"မင်း မသိပေမဲ့ လူသားတွေဆိုတာ ဒီလိုအရာတွေကတစ်ဆင့် ဘဝရဲ့ အဓိပ္ပာယ်ကို ရှာဖွေတတ်တဲ့ သတ္တဝါတွေပဲ"

"ဘ... ဘာ... အဟွတ်"

ကျနော် လက်သီးကို မြှောက်လိုက်ပြီး သူ့ကို ထပ်မံ ထိုးနှက်လိုက်ပြန်သည်။

ဖောက်-

ဆက်တိုက် ကျရောက်လာသော လက်သီးချက်များသည် သူ၏ မျက်နှာ၊ နံရိုးများနှင့် အဆစ်အမြစ်များကို ကြေမွသွားစေ၏။ သူ သေဆုံးသွားမည်ကို စိုးရိမ်စရာ မလိုသောကြောင့် ကျနော့်၏ စွမ်းအားကို ထိန်းချုပ်နေစရာ မလိုပေ။ တစ်ချက်ထိုး စွမ်းရည်မှာ အကောင်းဆုံး ထိုးနှက်ချက် ဖြစ်၏။ အရိုးများ ကျိုးသွားသည့် အချိန်တိုင်း ကျနော့် အတွင်းက တစ်စုံတစ်ခု ပေါက်ကွဲထွက်သွားသလို ခံစားရသည်။

[ပြစ်ဒဏ်အဖြစ် ဒင်္ဂါး ၅၀၀ ကို သုံးစွဲလိုက်ပါပြီ။]

တကယ်တော့ ကျနော် သိရှိပြီးသား ဖြစ်၏။

[ပြစ်ဒဏ်အဖြစ် ဒင်္ဂါး ၅၀၀ ကို သုံးစွဲလိုက်ပါပြီ။]

ကျနော် ကောင်းကောင်းကြီး သိထားသည်။ ကျနော် သူ့ကို ဘယ်လောက်ပဲ ထိုးနှက်နေပါစေ၊ ဒါက ရှင်ယူဆောင်း၏ သေဆုံးမှုအတွက် ကျနော့်ကို ဘာနှစ်သိမ့်မှုမှ ပေးနိုင်မည် မဟုတ်ပေ။ သေဆုံးသွားသော ရှင်ယူဆောင်းသည် ဤမြင်ကွင်းကို ဘယ်တော့မှ မြင်တွေ့ရတော့မည် မဟုတ်သော်လည်း ကျနော်၏ လက်သီးများက လှုပ်ရှားနေဆဲ ဖြစ်သည်။ ကျနော် သူ့ကို ထပ်ခါထပ်ခါ ထိုးနှက်နေမိ၏။

ဖောက်-

ယူဂျွန်ဟော့နှင့်ပင် အတော်လေး ဆင်တူနေပေသည်။ သူသည် သူ၏ အကြောင်းရင်းကို မည်သူမှ မသိနိုင်သော်လည်း နောက်ဆုံးအချိန်အထိ သူ၏ နောက်ပြန်ဆုတ်ခြင်းများကို ထပ်ခါထပ်ခါ ပြုလုပ်နေခဲ့သည်။

[ပြစ်ဒဏ်အဖြစ် ဒင်္ဂါး ၅၀၀ ကို သုံးစွဲလိုက်ပါပြီ။]

ထို့နောက် နက္ခတ်တစ်ခု၏ မက်ဆေ့ချ်ကို ကြားလိုက်ရ၏။

['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်သည် မမြင်ဖူးသော တိုးတက်မှုကြောင့် စိတ်လှုပ်ရှားနေပါသည်။]

[ဒင်္ဂါး ၅၀၀ ကို ထောက်ပံ့လိုက်ပါသည်။]

ထိုးနှက်နေခြင်းကို ကျနော်ခဏရပ်လိုက်ပြီး ကောင်းကင်ကို စိုက်ကြည့်လိုက်၏။ ဤအရာမှာ နက္ခတ်များအတွက်တော့ ဇာတ်လမ်းတစ်ပုဒ်မျှသာ ဖြစ်ပေသည်။

“ဒီတစ်ခါတော့ သရုပ်ဆောင်နေတာ မဟုတ်ဘူး”

[ထောက်ပံ့ပေးထားသော ဒင်္ဂါး ၅၀၀ ကို နက္ခတ်ထံသို့ ပြန်လည်ပေးအပ်လိုက်ပါသည်။]

['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်သည် အလွန်အမင်း အရှက်ရနေပါသည်။]

ဒါကို အခမဲ့ ဝန်ဆောင်မှုတစ်ခုလို့ပဲ သဘောထားလိုက်ပါ။ အခုတော့ ငါ့အတွက် အခြေအနေကောင်းသွားပြီ။

['လျှို့ဝှက်ကြံစည်သူ' နက္ခတ်သည် သင်၏ လုပ်ဆောင်ချက်များကို စိတ်ဝင်စားနေပါသည်။]

['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်သည် သင်၏ လုပ်ဆောင်ချက်များကြောင့် စိတ်လှုပ်ရှားနေပါသည်။]

ကျနော် ပြန်ပြီး ထိုးနှက်လိုက်ပြန်သည်။ ဒိုကဲဘီ၏ အရေပြား ပေါက်ပြဲသံနှင့် အဆက်မပြတ် ညည်းတွားသံများသာ ထွက်ပေါ်နေ၏။

နက္ခတ်များသည် ကျနော့် လုပ်ဆောင်ချက်များကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ မည်သူကမျှ ကျနော့်ကို ဒင်္ဂါးမပေးသော်လည်း သူတို့ စောင့်ကြည့်နေသည်ကို ကျနော် ခံစားမိသည်။ တစ်ခါတစ်ရံတွင် ဤအချက်တစ်ခုတည်းနှင့်တင် လုံလောက်လှ၏။

“အ... အား... ငါ မှားသွားပါတယ်။ ချ... ချမ်းသာပေးပါ! ကျေး... ကျေးဇူးပြုပြီး တောင်းဆိုပါတယ်။ တောင်းပန်ပါတယ်”

ပေါလ်သည် ဆက်လက် မတောင့်ခံနိုင်တော့ဘဲ သူ၏ ခန္ဓာကိုယ်ကို အမိုးခုံး၏ အစွန်းဘက်သို့ တရွတ်တိုက် ဆွဲသွားလေသည်။

အမိုးခုံး၏ တံတိုင်းမှာ သဲ့သဲ့မျှ အသံမြည်သွားသော်လည်း အမှုဆောင်များကတော့ တုံ့ပြန်ခြင်း မရှိပေ။ တုံ့ပြန်ခြင်းမရှိသည့်အပြင် သူတို့က ကျနော့် လုပ်ဆောင်ချက်များကို သဘောကျနေကြသည်။ သူတို့က ဒီလိုမျိုးတောင် ပြောနေကြလောက်သည်။

「 အဲ့ဒီ ဒင်္ဂါးထုတ်ပေးတဲ့ ကောင်စုတ်…

နည်းတောင်နည်းသေးတယ် 」

「 သောက်ကျိုးနည်း ထုတ်လွှင့်ပေးတဲ့ အမှိုက်ကောင်ဒိုကဲဘီ 」

အမှုဆောင် ဒိုကဲဘီများသည် ထုတ်လွှင့်ပေးသူများကို မနှစ်သက်ကြပေ။ နက္ခတ်များမှ အဆင့်တက်လာသော အမှုဆောင်များသည် တိုက်ခိုက်ရေးတွင် ကျွမ်းကျင်သော်လည်း ဇာတ်ဝင်ခန်းများကို ဦးဆောင်ရာတွင်တော့ ပါရမီ မရှိကြ။

မကြာမီတွင် ပေါလ်၏ ခန္ဓာကိုယ်မှာ လုံးဝ စုတ်ပြတ်သတ်သွားတော့သည်။ ကျနော်က သူ၏ သွေးချင်းချင်းနီနေသော လည်ပင်းကို ဆွဲကိုင်လိုက်၏။ ဤအချိန်တွင် ကျနော် တကယ်သိချင်သည့် အရာကို မေးလိုက်သည်။

“ရှင်ယူဆောင်းရဲ့ ဝိညာဉ် အခု ဘယ်မှာလဲ”

…………………………………………………………………………………

ဇာတ်ဝင်ခန်း၏ အစိတ်အပိုင်းဖြစ်သော သေဆုံးသွားသည့် ဝိညာဉ်များသည် သေဆုံးပြီးနောက်တွင်ပင် စာချုပ်၏ ကန့်သတ်ချက်များမှ မလွတ်မြောက်နိုင်ကြချေ။ စာချုပ်ကိုယ်တိုင်က ပျက်စီးသွားမှသာ အခြေအနေမှာ ကွဲပြားသွားလိမ့်မည်။

အလယ်အလတ်အဆင့် ဒိုကဲဘီ ပေါလ်သည် နောက်ထပ် အနည်းငယ်မျှ အထိုးခံရပြီးနောက်မှ ပါးစပ်ဟလာ၏။

[အဲ့... အဲ့ဒါ။ ငါလည်း မသိဘူး။ မင်းက နတ်ခေါင်ချုပ်ရဲ့ စွမ်းအားကို ငှားသုံးခဲ့တာဆိုတော့... ငါတို့ရဲ့ စာချုပ်က ပျက်စီးသွားပြီ...]

တကယ်က ဤသို့ ဖြစ်ခဲ့ပေလိမ့်မည်။ ဒိုကဲဘီများသည် ‘ကပ်ဘေး ရှင်ယူဆောင်း’ ကို မဟာမိစ္ဆာတစ်ပါးဆီမှ လွှဲပြောင်းယူခဲ့ခြင်း ဖြစ်သည်။ လွှဲပြောင်းယူစဉ်အတွင်း စာချုပ်၏ ကြိုးမျှင်များအား မဟာမိစ္ဆာ၏ စွမ်းအားကို အသုံးပြု၍ ဖန်တီးခဲ့ကြသည်။

ထို့နောက်တွင်တော့ ယူရီအယ်၏ ငရဲမီးလျှံ တောက်လောင်ခြင်းကြောင့် ထိုကြိုးမျှင်များမှာ လောင်ကျွမ်းခဲ့၏။ တစ်နည်းအားဖြင့်ပြောရလျှင် ရှင်ယူဆောင်း၏ ဝိညာဉ်သည် ယခုဆိုလျှင် ကမ္ဘာတစ်ဝန်းတွင် လွင့်မျောနေပြီ ဖြစ်သည်။

[မ... မင်း။ လုံးဝ မင်းရဲ့အဖော်ကို ပြန်မရနိုင်ဘူး... အဲ့မိန်းမရဲ့ ဝိညာဉ်က၊ မကြာခင်၊ ဝင်္ကပါထဲကို...]

ပေါလ်သည် နောက်ဆုံးတွင် လဲကျသွားတော့သည်။

[‘ဒိုကဲဘီနှင့် တစ်ဦးချင်း တွေ့ဆုံခွင့်’ ပြီးဆုံးသွားပါပြီ။]

ကြည်လင်သော အမိုးခုံးမှာ ပျောက်ကွယ်သွားပြီး အမှုဆောင်များက လေချွန်လိုက်ကြသည်။

[အို… စည်းကမ်းထိန်းသိမ်းရေး ကြားနာပွဲ မတိုင်ခင်မှာတောင် မင်းရဲ့ အခြေအနေက တော်တော် ဆိုးနေပြီပဲ]

သူတို့က ကျနော့်ကို တစ်ချက်ကြည့်ကာ ကျေနပ်အားရသော အပြုံးများဖြင့် ထွက်ခွာသွားကြ၏။ ဘီဟွန်းက သူတို့နောက်သို့ အလျင်အစလို လိုက်သွားသည်ကို ကြည့်ရင်း ကျနော် မေးလိုက်သည်။

‘ပိုက်ဆံတွေ ပြန်ရခဲ့လား’

—ဒါပေါ့။ ဒါပေမဲ့ မင်း ဒင်္ဂါးတွေ အများကြီး သုံးလိုက်တာ မဟုတ်လား။

‘ငါ့မှာ အများကြီး ကျန်သေးတယ်’

ကျနော် ပေါလ်ကို အချက်ပေါင်း ၁၂၄ ချက် တိတိ ထိုးနှက်ခဲ့သည်။

[ပိုင်ဆိုင်ထားသော ဒင်္ဂါးများ - ၁၄၃,၉၀၂ C]

ဘီဟွန်းက ကျနော့်ကို တစ်ချက်ကြည့်ကာ သက်ပြင်းချ၏။

—ငါ ဌာနထဲ ရောက်သွားရင် မင်းနဲ့ ဆက်သွယ်နိုင်မှာ မဟုတ်ဘူး။ ငါ ချန်နယ်လိုင်း ကို ဖွင့်ထားပေးခဲ့မယ်၊ အဲ့ဒီအတောအတွင်းမှာ ပြဿနာမရှာနဲ့ဦး။ တောင်းဆိုပါတယ်ကွာ။

မေမေကြီး တစ်ယောက်လို ပြုမူနေသည့် ဘီဟွန်းကို ကြည့်ရင်း ဘီဟွန်းရှိမနေခြင်းက ကောင်းသည်ဟု ကျနော် တွေးလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ဘီဟွန်း မရှိလျှင် ကျနော် ယခုကစပြီး လုပ်ဆောင်မည့် အရာများကို မည်သူကမျှ မေးခွန်းထုတ်နိုင်မည် မဟုတ်သောကြောင့် ဖြစ်၏။

[ဇာတ်ဝင်ခန်း ချို့ယွင်းချက်ကြောင့် လျော်ကြေးရှင်းတမ်း ထုတ်ပြန်မှုမှာ ထပ်မံ နှောင့်နှေးပါလိမ့်မည်။]

အဓိကဇာတ်ဝင်ခန်း၏ စီမံခန့်ခွဲသူမှာ အခင်းဖြစ်နေရာမှ လုံးဝ ထွက်ခွာသွားပြီ ဖြစ်သောကြောင့် ဇာတ်ဝင်ခန်း တိုးတက်မှုမှာ ခေတ္တခဏမျှ ရပ်တန့်နေဖွယ် ရှိသည်။ ထိုသို့ရပ်တန့်နေခြင်းမှာ တစ်ရက် သို့မဟုတ် နှစ်ရက်မျှသာ ကြာမြင့်သင့်သော်လည်း ထိုအချိန်မှာ လုံလောက်ပေသည်။

ဝင်ပေါက်ထဲသို့ ပျောက်ကွယ်သွားသော ဒိုကဲဘီများကို မော့ကြည့်ရင်း ရှင်ယူဆောင်းနှင့် ပြောခဲ့သော နောက်ဆုံးစကားကို ကျနော် ပြန်လည်အမှတ်ရလိုက်၏။

—စိတ်မပူပါနဲ့။ မင်း မသေစေရဘူး။

—အဲ့ဒါက ဘာကို ဆိုလိုတာလဲ။

—ငါ မင်းကို ပြန်ရှင်လာအောင် ကူညီပေးနိုင်တယ်။ ငါလည်း နှစ်ခါတောင် ပြန်ရှင်ခဲ့ဖူးတာဆိုတော့ အဲ့ဒါက မင်းထင်သလောက် မဆိုးပါဘူး။

အမှန်တော့ ဤနည်းလမ်းကို အသုံးပြုရန် ကျနော် အဆုံးအထိ ရှောင်လွှဲခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျနော့်အစီအစဉ်အရ ရှင်ယူဆောင်းသည် ‘တစ်ကြိမ် သေဆုံးရမည်’ ဖြစ်သောကြောင့် ဖြစ်၏။ ထို့အပြင် ရှင်ယူဆောင်း ပြန်လည် ရှင်သန်နိုင်မည်ဟူသော အာမခံချက်လည်း မရှိပေ။

—ဘယ်လောက်ကြာမလဲဆိုတာ ငါ မသိဘူး။ မင်းသာ လက်မလျှော့ဘဲ စောင့်နေမယ်ဆိုရင် ငါ မင်းကို သေချာပေါက် ပြန်ရှင်အောင်လုပ်ပေးမယ်။

ရှင်ယူဆောင်း၏ ဝိညာဉ်သည် ကမ္ဘာကြီး၏ ဝင်္ကပါထဲသို့ ကျဆင်းသွားခဲ့လျှင် ရှင်ယူဆောင်းကို ပြန်လည် ရှင်သန်စေရန်မှာ မဖြစ်နိုင်သလောက်ပင်။ သို့ပေသိ အခြေအနေမှာ ထိုသို့ ဖြစ်လာရန် မလိုပေ။ ရှင်ယူဆောင်း၏ ဝိညာဉ်ကို ကျနော်ပြန်လည် ရယူနိုင်မည်ဆိုလျှင် ရှင်ယူဆောင်း သေချာပေါက် ရှင်သန်လာလိမ့်မည်။ ပြဿနာမှာ ရှင်ယူဆောင်း၏ ဝိညာဉ်ကို ‘မည်သို့’ ရှာဖွေရမည်ဆိုသည့် အချက် ဖြစ်၏။

ကျနော် ရုတ်တရက် ယူဆန်းအာကို လှည့်ကြည့်လိုက်သည်။

“ယူဆန်းအာ”

“ရှင်”

ရှင်ယူဆောင်း၏ ဝိညာဉ်သည် ကမ္ဘာအသစ်လိုင်း တစ်ခုထဲသို့ ဝင်ရောက်သွားနိုင်သော်လည်း ဝိညာဉ်အားလုံးသည် ‘မရဏလောက’ မှတစ်ဆင့်သာ ဤကမ္ဘာကြီးမှ ထွက်ခွာသွားကြတာများ၏။

မရဏဘဝနှင့် ပတ်သက်သော အချို့သော နက္ခတ်များကို ကျနော် သတိရလိုက်သည်။ သူတို့အားလုံးမှာ ကျနော် မထိရဲသော နေရာတွင် ရှိနေကြခြင်း သို့မဟုတ် ကျနော့် လက်လှမ်းမမီသော နေရာတွင် ရှိနေကြခြင်း ဖြစ်သည်။ သို့သော်လည်း ကျနော် စကားပြောနိုင်မည့်သူ တစ်ယောက်တော့ ရှိသေး၏။

“‘ဝင်္ကပါထဲက စွန့်ပစ်ခံရသူ’ ကို ဒီနေရာကို ခေါ်ပေးလို့ ရမလား”

ယူဆန်းအာသည် ခဏတာမျှ တွန့်ဆုတ်နေပြီးမှ ခေါင်းငြိမ့်ပြလိုက်သည်။ ခဏအကြာတွင် ယူဆန်းအာ၏ ပတ်ပတ်လည်တွင် လျှပ်စစ်ပွားများ ထွက်ပေါ်လာ၏။ ဖြစ်နိုင်စွမ်းစားသုံးမှု မြင့်မားခြင်းကြောင့် ယခင်ကကဲ့သို့ တိုက်ရိုက် သက်ဆင်းလာသည့် နည်းလမ်းမျိုး မဟုတ်သော်လည်း အရီယက်ဒ်နီသည် ယူဆန်းအာ၏ အတွင်းတွင် အခြေချလိုက်သည်မှာ သေချာလှပေသည်။

ကျနော် လှမ်းပြောလိုက်၏။

“အိုလံပတ်စ်။ ခင်ဗျားတို့နဲ့ စီးပွားရေး လုပ်ချင်တယ်”

ထိုနေရာတစ်ဝိုက်တွင် လွင့်စင်နေသော လျှပ်စစ်ပွားများမှာ ကြမ်းတမ်းလှ၏။

အင်း။ ငါတို့ရဲ့ နောက်ဆုံး တွေ့ဆုံမှုက သိပ်မကောင်းခဲ့ဘူးပဲ။ ဒီတစ်ခါတော့ ငါ အလျှော့ပေးရမယ်။

အဓိက အချက်ကို မပြောခင် ကျနော်အသက်ပြင်းပြင်း ရှူလိုက်၏။

“ငါ့ကို ငရဲဘုရင်နဲ့ တွေ့ခွင့်ပေးပါ”

ယခုတော့ ဒုတိယ ကတိကဝတ်ကို တည်ရမည့် အချိန် ရောက်ပြီ ဖြစ်တော့သည်။

All Chapters