← Chapters

အခန်း (၉၉-၁၀၁)

Vol. 7 Ch. 99-101

အခန်း (၉၉-၁၀၁)

Vol. 7 Ch. 99-101

အခန်း ၉၉

- အပိုင်း ၂၀ - ရေလွှမ်းမိုးမှု ကပ်ဘေး (၂)

မော်ဒိုက်ရှိ သူ၏ ဗီလာတွင် ကိုယ်ပိုင် ရွက်လှေ ရှိကြောင်း ဟန်မြုံအို ကြွားလုံးထုတ်ခဲ့သည်ကို ကျနော် မှတ်မိနေသေး၏။ သူက ဤသို့ ပြောခဲ့ဖူးသည်။ ရေပြင်ကို ခွဲထွက်သွားသည့် ပန်ကာ၏ အရှိန်မှာ ပင်လယ်ပေါ်ရှိ အဝေးပြေးလမ်းမကြီးပေါ်တွင်ရောက်နေသကဲ့သို့ပင် ဖြစ်သွားစေသည်ဟု ကြွားခဲ့ခြင်းဖြစ်၏။

ယခုမူ ထိုခံစားချက်က မည်သို့ ရှိသည်ကို ကျနော် သိလိုက်ရပေပြီ။ အကယ်၍ ပင်လယ်ပေါ်ရှိ ဒါရိုက်တာဟန်၏ လှေမှာ ဂယောင်ဘူ အဝေးပြေးလမ်းမကြီး(အင်းစိန်လမ်းမ)နှင့် တူခဲ့လျှင် ယခု ကျနော် ရောက်နေသည့် နေရာမှာ အော်တိုဘန်း လမ်းမကြီး(နေပြည်တော်အမြန်လမ်းမ)ပေါ်တွင်ဟုသာ ပြောရပေလိမ့်မည်။

"တကယ့်ကို အံ့သြဖို့ကောင်းတာပဲ"

ဘုရင်မ၏ ကျောပေါ်တွင် ယူဆန်းအာနှင့် ကျနော်သည် စီးနင်းလိုက်ပါရင်း ဟန်မြစ်၏ ရေလှိုင်းကလေးများကို စိတ်ဝင်တစား ကြည့်နေမိ၏။ ရှင်ယူဆောင်းမှာ သူ၏ ထိန်းချုပ်နိုင်စွမ်းကို စမ်းသပ်သည့်အလား ဘုရင်မကြီးကို အီသီယိုဆော အုပ်စုများကြားထဲမှ တည့်တည့်မတ်မတ် ဦးဆောင်ခေါ်ယူသွားသည်။ ယခုအခါ ဟန်မြစ်မှာ ဘေးကင်းဇုန်တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်ပြီး ယောင်ဆန်တွင် ကမ်းကပ်ရန်မှာ ပို၍ သင့်လျော်ပေသည်။

အီသီယိုဆောများသည် သူတို့၏ မိခင်နောက်သို့ လိုက်နေသည့် ဘဲပေါက်ကလေးများကဲ့သို့ ဘုရင်မ မီရာဘတ်နောက်မှ ကူးခတ်လိုက်ပါလာကြ၏။ ကျနော် မျက်လုံးများကို မှိတ်လိုက်ပြီး မျက်နှာပေါ်သို့ ကျရောက်လာသည့် အေးမြသော လေညင်းကို ခံစားလိုက်သည်။ ဤသည်မှာ တကယ့် ခံစားချက်အစစ်ပင်။ အကယ်၍ ကမ္ဘာကြီးသာ မပြောင်းလဲဘဲ မူလအတိုင်း ရှိနေခဲ့လျှင် ကျနော် ခံစားခွင့် ရရှိမည် မဟုတ်သည့် ဇိမ်ခံမှုတစ်ခုပင် ဖြစ်၏။

ရှင်ယူဆောင်းသည် သူတို့၏ စိတ်ဝိညာဉ်များ တစ်သားတည်း ဖြစ်စေရန်အတွက် ဘုရင်မကြီး၏ ခေါင်းပေါ်တွင် တတွတ်တွတ် ရွတ်ဆိုနေ၏။ ယူဆန်းအာသည် ရှင်ယူဆောင်းကို ကြည့်ရင်း ရှုပ်ထွေးနေသော လေသံဖြင့် ပြောလိုက်သည်။

"ဒါနဲ့ ဒေါ့ဂျာ။ အခု ယူဆောင်းက ပိုပြီး သန်မာလာမယ်ဆိုရင် သူ့ရဲ့ အနာဂတ်ကလည်း ပိုပြီး သန်မာမလာနိုင်ဘူးလား"

ယူဆန်းအာ ဤကဲ့သို့ မေးလိမ့်မည်ဟု ကျနော် ထင်ထားခဲ့ပြီးသား ဖြစ်သည်။

"ကျနော်တော့ အဲ့လို မထင်ဘူး"

မူရင်းဝတ္ထုအရ ရောက်ရှိလာတော့မည့် ကပ်ဘေးမှာ 'မတူညီသော နောက်ပြန်ဆုတ်ခြင်းများ၏ အနာဂတ်' မှ ရှင်ယူဆောင်း ဖြစ်ပေသည်။ ထိုရှင်ယူဆောင်းသည် ယူဂျွန်ဟော့၏ သစ္စာဖောက်ခြင်းကို ခံရပြီး ကမ္ဘာ့ပြင်ပတွင် စွန့်ပစ်ခံခဲ့ရသူ ဖြစ်၏။

ထိုရှင်ယူဆောင်းသည် အချိန်အာရုံကို ဆုံးရှုံးသွားခဲ့ပြီး စကြာဝဠာထဲတွင် လေလွင့်နေခဲ့ရသည်။ ထို့နောက်တွင်တော့ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု၏ ကောင်းချီးကြောင့် ဇာတ်ဝင်ခန်းများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီး ယခင် ဇာတ်ဝင်ခန်းများ၏ 'ကပ်ဘေး' တစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်ပေသည်။

ယူဆန်းအာက မေးခွန်းတစ်ခု ထုတ်လိုက်သည်။

"ဒါဆိုရင် အခု ယူဆောင်း သေသွားရင် ဘာလို့ အနာဂတ် ကပ်ဘေးက ရပ်တန့်သွားမှာလဲ။ အကယ်၍ လမ်းကြောင်းက လုံးဝ ကွဲပြားနေမယ်ဆိုရင် ရပ်တန့်မသွားသင့်ဘူးလေ..."

"ပြတ်တောက်နေသော ဖလင် သီအိုရီ အကြောင်း ကြားဖူးလား"

"...မကြားဖူးဘူး။"

ရေပြင်ကို ကျနော်ကြည့်ရင်း စကားကို ဆက်လိုက်၏။

"ရိုးရိုးရှင်းရှင်း ပြောရရင် ဒီလိုပါ။ ပထမဆုံး ကမ္ဘာက ယူဆောင်းရဲ့ သမိုင်းကြောင်းကို ဖလင် တစ်လိပ်လို့ ယူဆကြည့်ရအောင်"

"ဖလင်ဆိုတာက ရုပ်ရှင်တွေမှာ သုံးတဲ့ ဖလင်ကို ပြောတာလား"

ကျနော် ခေါင်းငြိမ့်ပြပြီး ဆက်ပြောလိုက်သည်။

"ဒီကမ္ဘာကို ဖလင် (၁) လို့ ယူဆရင် တခြား ကမ္ဘာတွေရဲ့ ရေတွက်လို့မရတဲ့ ဖလင်တွေလည်း ရှိမှာပေါ့ ဟုတ်တယ်မလား။ ဖလင် (၂)လိပ်လည်း ဖြစ်နိုင်သလို၊ ဖလင် (၃၄)လိပ်လည်း ဖြစ်နိုင်တာပဲလေ"

"နားလည်ပြီ။ အဲ့ဒါက အဲ့လိုတဲ့လား"

"အကယ်၍ အရှေ့ပိုင်း ကျိုးပဲ့နေတဲ့ ဖလင်တစ်လိပ်က ပထမဖလင်ရဲ့ နောက်ကျောမှာ လာကပ်နေမယ်ဆိုရင် ဘာဖြစ်မလဲ။ ဥပမာ၊ စုတ်ပြဲနေတဲ့ ၃၄ ခုမြောက် ဖလင်က ပထမဖလင်ရဲ့ နောက်မှာ လာကပ်နေတယ်ဆိုရင်ပေါ့။ အဲ့ဒီ ဖလင်ကို ပြလိုက်ရင် ဘာဖြစ်မယ် ထင်လဲ"

ယူဆန်းအာမှာ ခဏမျှ စဉ်းစားနေပုံရ၏။

"ဒါဆိုရင် ရုပ်ရှင်က လမ်းတစ်ဝက်မှာတင် ပြောင်းလဲသွားမှာပေါ့... အာ… နေပါဦး။ အဲ့ဒီ ဇာတ်လမ်းနှစ်ခုက တစ်ခုနဲ့တစ်ခု ဘယ်တော့မှ သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလား"

"မှန်တယ်"

"အာ... ယူဆောင်းက အခု အဲ့ဒီလို အခြေအနေမှာ ရှိနေတာပေါ့နော်။ အခု ယူဆောင်းက ပထမဖလင်က ဖြစ်ပြီး ကပ်ဘေး ယူဆောင်းက ၃၄ ခုမြောက် ဖလင်က ဖြစ်နေတာပေါ့။ ဇာတ်လမ်းနှစ်ခုက လုံးဝ သီးခြားစီ ဖြစ်နေတော့ ကျမတို့ ကမ္ဘာက ပြောင်းလဲမှုတွေက ကပ်ဘေးအပေါ် သက်ရောက်မှု မရှိနိုင်ဘူးပေါ့"

ယူဆန်းအာမှာ တကယ့်ကို ထက်မြက်လှပေသည်။

"ဒါပေမဲ့ မေးစရာ ကျန်နေသေးတယ်။ အခု ယူဆောင်းကို သတ်လိုက်ရင်လည်း ကပ်ဘေးက ကျန်နေရမှာ မဟုတ်ဘူးလား"

"ဖလင်ထဲက အကြောင်းအရာတွေက တစ်ခုနဲ့တစ်ခု သက်ရောက်မှု မရှိပေမဲ့ ဖလင်နှစ်ခုကတော့ ဆက်သွယ်နေတယ်လေ။"

"ဟင်"

"အကယ်၍ ဖလင်ရဲ့ အရှေ့ပိုင်းကို မီးရှို့လိုက်ရင် ဘာဖြစ်မလဲ"

ယူဆန်းအာမှာ သဘောပေါက်သွားပြီး အော်ဟစ်လိုက်သည်။

"နောက်က ဖလင်ပါ... မီးလောင်သွားမှာပေါ့"

ကမ္ဘာ့လိုင်း နှစ်ခုမှာ ဆက်သွယ်နေ၏။ အကယ်၍ လက်ရှိ ယူဆောင်း သေဆုံးသွားလျှင် အနာဂတ် ယူဆောင်းပါ သေဆုံးသွားပေလိမ့်မည်။ သို့ပေသိ လက်ရှိ ယူဆောင်းအပေါ် မည်သည့် အပြောင်းအလဲများ ပြုလုပ်စေကာမူ အနာဂတ် ယူဆောင်းကို ပြောင်းလဲစေမည် မဟုတ်ချေ။ ထို မရေရာသော ဝိရောဓိ မှာ ဤကပ်ဘေး၏ အဓိက အချက်ပင် ဖြစ်သည်။

"ဒေါ့ဂျာက တကယ်ပဲ အများကြီး သိတာပဲ။ အပြိုင် စကြာဝဠာအကြောင်း ကျမကြားဖူးပေမဲ့ ဒီလို သီအိုရီမျိုးတော့ တစ်ခါမှ မကြားဖူးဘူး"

ကျနော် အနေခက်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ယူဆန်းအာ မသိနိုင်သည်မှာ သဘာဝကျပေသည်။ ကျနော်ယခုပြောသော သီအိုရီမှာ Ways of Survival ၏ စာရေးဆရာ ဖန်တီးထားသည့် သီအိုရီတစ်ခု ဖြစ်နေသောကြောင့်ပင်။ ကျနော် သိသလောက်တော့ Ways of Survival ၏ နိယာမများသည် မည်သည့်အခါမျှ ချိုးဖောက်ခြင်း မရှိခဲ့ချေ။

ခဏအကြာတွင်တော့ ဟန်မြစ်ရေများ ငြိမ်သက်သွားခဲ့သည်။ ဟန်မြစ်၏ အခြားတစ်ဖက်သို့ နောက်ဆုံးတွင် ကျနော်တို့ရောက်ရှိလာခဲ့၏။ ဘုရင်မကြီးမှာ ကျနော်တို့ကို ကမ်းပေါ် ချထားပေးပြီးနောက် ဟန်မြစ်ထဲသို့ ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

ရှင်ယူဆောင်းသည် တင်းမာမှု အားလုံး လျော့ကျသွားသည့်အလား သက်ပြင်းချလိုက်၏။

"...သမီး ဘယ်လိုနေလဲ"

"တကယ် မေးနေတာလား။ နင် တကယ် ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်"

"ဟုတ်ကဲ့"

ရှင်ယူဆောင်း၏ အမူအရာမှာ ပြောင်းလဲသွားခဲ့၏။ ရှင်ယူဆောင်းသည် ချီးကျူးစကား ရရှိသဖြင့် ဝမ်းသာနေပုံရသည်။ ယခုအခါ ဤကလေးကို ချီးကျူးပေးမည့်သူ မည်သူမျှ မကျန်တော့ချေ။

ထို့နောက် ယောင်ဆန်-ဂူ၏ အဆောက်အအုံများဆီမှ ပြင်းထန်သော ရန်လိုမုန်းတီးမှုကို ကျနော် ခံစားလိုက်ရသည်။ အဆောက်အအုံများ၏ အရိပ်ထဲမှ ကြီးမားသော အရိပ်မည်းကြီးတစ်ခု ထွက်ပေါ်လာ၏။

…ဧရာမ ဓါးခုတ်ကောင်ကြီးပါလား။

ဓါးခုတ်ကောင်၏ အပေါ်တွင် ရှိနေသော ကောင်လေးက ကျနော့်ကို ငုံ့ကြည့်နေသည်။

"အကိုကြီးဒေါ့ဂျာ"

ထိုနေရာတွင် ဦးထုပ်ဆောင်းထားသော လီဂီယောင်နှင့် နားကြပ်တပ်ထားသော ဟန်ဒုံဂွန်တို့ ရှိနေကြ၏။

လီဂီယောင်သည် ဓါးခုတ်ကောင်ပေါ်မှ လျှောဆင်းလာပြီး ကျနော့်ရင်ခွင်ထဲသို့ တိုးဝင်လာသည်။ လီဂီယောင်၏ ဦးထုပ်မှာ ခေါင်းပေါ်မှ ကျွတ်ကျသွားခဲ့၏။

ကျနော်တို့တွေ လူချင်းကွဲသွားပြီး တစ်ပတ်အကြာတွင် ပြန်လည်ဆုံတွေ့ကြခြင်း ဖြစ်ပေသည်။ ထို့နောက် ကျနော့်စမတ်ဖုန်းပေါ်တွင် မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။ ထိုမက်ဆေ့ချ်မှာ ဟန်ဒုံဂွန်ဆီမှ ဖြစ်၏။

[အကို့ကို တွေ့ရတာ ဝမ်းသာပါတယ်]

"မတွေ့ရတာ ကြာပြီဆိုတော့ ပြန်ဆုံရတာ ဝမ်းသာပါတယ်လို့ ပြောသင့်တာ မဟုတ်ဘူးလား"

[မပြောချင်ပါဘူး]

…………………………………………………………………………………..

လီဂီယောင်နှင့် ရှင်ယူဆောင်းတို့သည် ဆုံဆုံချင်းပင် စိတ်ချင်း စစ်ခင်းနေကြ၏။ လီဂီယောင်၏ ဆံပင်များမှာ ပိုးကောင်များ၏ အာရုံခံအင်တင်နာများကဲ့သို့ လှုပ်ရှားနေပြီး ရှင်ယူဆောင်းကလည်း သူ၏ ဆံပင်ကို အဆက်မပြတ် ပွတ်သပ်နေသည်။

"ဦးလေး၊ ဟိုကောင်လေးက သမီးကို စိုက်ကြည့်နေတယ်"

"အကိုကြီး။ သူက ဘယ်သူလဲ"

အမျိုးအစားတူသည့် သူချင်းဖြစ်၍ တစ်ယောက်ကိုတစ်ယောက် အလိုလို သိရှိနေကြပုံရ၏။ တစ်ယောက်က သားရဲသခင်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ပိုးကောင်သခင် ဖြစ်ပေသည်။ ထိုနှစ်ယောက် အဆင်ပြေပြေ ပေါင်းသင်းနိုင်ပါ့မလားဆိုသည်ကို ကျနော် မသိချေ။

လီဂီယောင်ကို ကျနော်မေးလိုက်သည်။

"မင်း ဟီဝန်နဲ့ မတွေ့သေးဘူးလား"

"ဟုတ်ကဲ့။ ဒါပေမဲ့ သူ ဘယ်မှာလဲဆိုတာ ကျနော် သိတယ်။ စုံစမ်းဖို့အတွက် ပိုးကောင်တစ်ကောင် လွှတ်ထားတယ်လေ။ အမဟီဝန်က အခု မြောက်ဘက်မှာ ရှိနေပါတယ်"

လီဂီယောင်ဆိုသည်မှာ တကယ်ကိုအားကိုးရ၏။ သူသည် ဘယ်သူမှ ခိုင်းစရာမလိုဘဲ အဖွဲ့ဝင်များကို ရှာဖွေနှင့်နေပြီးသား ဖြစ်ပေသည်။

စကားမစပ်၊ မြောက်ဘက်ဆိုသည်မှာ လေလွင့်သူများ၏ ဘုရင်မ လက်ရှိ ရှိနေသည့် နေရာ ဖြစ်၏။ ယောင်ဟီဝန်မှာ လေလွင့်သူများ၏ ဘုရင်မနှင့် အဆက်အသွယ် ရနေနိုင်ပေသည်။

"အကိုကြီး လာနေတာကို ကျနော် သိပါတယ်။ ရေငုပ်ပိုးကောင် အများကြီး လွှတ်ထားတာလေ"

ထိုသို့ ပြောလိုက်ချိန်တွင် လီဂီယောင်၏ ခေါင်းပေါ်ရှိ ပိုးကောင်များမှာ ပို၍ တိုးလာသည်။ ယခင်က ပိုးဟပ်တစ်ကောင်တည်းသာ ရှိခဲ့သော်လည်း ယခုမူ ပိုးကောင်တွေအများကြီးရှိနေပြီဖြစ်၏။

ရှင်ယူဆောင်းက ရွံရှာဖွယ်ကောင်းသည့်အလား မျက်မှောင်ကြုတ်လိုက်၏။ အဖွဲ့၏ အင်အားကို စစ်ဆေးပြီးနောက် ကျနော်ဆုံးဖြတ်ချက်ချလိုက်သည်။

"ဒီမှာ နှစ်ရက်လောက် နေတာက ပိုကောင်းလိမ့်မယ်။ မင်းတို့ရဲ့ စွမ်းရည်အဆင့်တွေကို တတ်နိုင်သမျှ မြှင့်ထားကြ၊ အားလပ်ချိန်တွေမှာလည်း ဒင်္ဂါးတွေ စုထားကြပါ။ စွမ်းရည်အလုံးစုံကိုလည်း ဂရုစိုက်ကြဦး။ အာ... ယူဆန်းအာ"

"ရှင်"

"မိသားစုနဲ့ အဆက်အသွယ် ရပြီလား"

ယူဆန်းအာ၏ မျက်နှာမှာ ရုတ်တရက် မှောင်ကျသွား၏။ ယူဆန်းအာမှာ ယခုထိ အဆက်အသွယ် မရသေးပုံရသည်။

"ဒုံဂွန်"

ဟန်ဒုံဂွန်သည် နားကြပ်ကို တပ်ထားဆဲဖြစ်ပြီး တိတ်ဆိတ်စွာ ခေါင်းငြိမ့်ပြသည်။ ဟန်ဒုံဂွန်တွင် 'အဝေးအထိရောက်သော အင်တာနက်' စွမ်းရည် ရှိပေသည်။ တစ်နည်းအားဖြင့်ပြောရလျှင် ပြင်ပကမ္ဘာနှင့် ဆက်သွယ်နိုင်ခြင်းပင်။

ယူဆန်းအာ၏ စမတ်ဖုန်းမှာ မြည်လာပြီး အင်တာနက် ချိတ်ဆက်မိသွားကြောင်း မက်ဆေ့ချ်တစ်ခု တက်လာသည်။ ယူဆန်းအာသည် ကိုယ့်မျက်လုံးကိုပင် မယုံနိုင်သည့်အလား ငုံ့ကြည့်နေပြီးနောက် ကျနော့်ကို မျက်ရည်ဝဲလျက် စိုက်ကြည့်လာ၏။ ကျနော်က ခေါင်းငြိမ့်ပြပြီး စကားကို ဆက်လိုက်သည်။

"ဒီအခြေအနေကို မိသားစုကို ပြောပြထားလိုက်ပါ။ ဒီဇာတ်ဝင်ခန်း ပြီးသွားတာနဲ့ ဆိုးလ်မြို့ရဲ့ အပြင်ဘက်ဟာ ဘေးကင်းဇုန် မဟုတ်တော့ဘူး"

"ဘာတွေ ဖြစ်လာမှာလဲဟင်"

"ဘာတွေ ဖြစ်လာမလဲဆိုတာ ကျနော်လည်း မသိဘူး။ ကြိုတင်ပြင်ဆင်ထားဖို့ပဲ ပြောလိုက်ပါ။ လောလောဆယ်တော့ အဲ့လောက်ပြောထားရင် လုံလောက်ပါပြီ"

"ဒေါ့ဂျာကရော ဘယ်သူ့ကိုမှ ဆက်သွယ်ဖို့ မလိုဘူးလား"

"ကျနော်ကတော့ အဆင်ပြေပါတယ်"

"ဒါပေမဲ့..."

"ကျနော့် မိသားစုက ဆိုးလ်မှာ ရှိတယ်"

"ဆိုးလ်မှာလား။ ဒါဆိုရင်..."

"သူတို့ ဘေးကင်းပါတယ်"

မြောက်ဘက်ဆီသို့ တိတ်ဆိတ်စွာ ကျနော်ငေးကြည့်နေမိ၏။ ထိုစဉ် စနစ်မက်ဆေ့ချ်က စောင့်ကြိုနေသည့်အလား ရောက်ရှိလာတော့သည်။

[မြောက်ဘက်ရှိ ရေကပ်ဘေးကို တစ်စုံတစ်ယောက်က ဖြေရှင်းပြီးစီးသွားပါပြီ။]

လေလွင့်သူများ၏ ဘုရင်မမှာ အလုပ်ကို ဘေးကင်းစွာ အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ ကပ်ဘေး တစ်ခုသာ ကျန်ရှိတော့၏။ ၎င်းမှာ ရေလွှမ်းမိုးမှု ကပ်ဘေး ပင် ဖြစ်ပေသည်။

………………………………………………………………………………….

「 လင်းလက်နေသော စွမ်းအင်ဓါးကို လေထဲသို့ မြှောက်လိုက်ချိန်တွင် တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းအသံသည် စွမ်းအင်ဓါးသွား ဒါဇင်ပေါင်းများစွာကို တစ်ပြိုင်နက်တည်း ရိုက်ခတ်လိုက်၏။ ယောင်ဟီဝန်၏ မျက်လုံးများထဲမှ သွေးများ စီးကျလာပြီး လေထဲတွင် လွင့်စင်သွားသည်။ မကြာမီတွင် ယောင်ဟီဝန်၏ ဓါးမှာ ရပ်တန့်သွား၏။

"ဒီလောက်ဆို ရပြီထင်တယ်"

ယောင်ဟီဝန်သည် ဓါးကို သေချာစွာ စစ်ဆေးပြီးနောက် ကျေနပ်အားရစွာ ပြုံးလိုက်သည်။ ယောင်ဟီဝန်၏ တစ်ဖက်တွင် ရှိနေသော သက်ကြီးပိုင်း အမျိုးသမီးကလည်း သာယာစွာ ပြုံးပြ၏။

"ယောင်ဝူချိရဲ့ နည်းစနစ်က တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ"

"ဟီဝန်ရဲ့ ဓါးရေးကလည်း ထူးချွန်ပါတယ်။ မကြာခင်မှာ ထောက်ပံ့သူတစ်ယောက် ရလာရင် ငါလည်း ယှဉ်နိုင်တော့မှာ မဟုတ်ဘူး"

"မြှောက်ပင့်ပေးတာ ကျေးဇူးတင်ပါတယ်"

ယောင်ဟီဝန်သည် ထိုအမျိုးသမီး ဝတ်ဆင်ထားသော အပြာရောင် အကျဉ်းသားဝတ်စုံကို စိုက်ကြည့်နေမိသည်။ လွန်ခဲ့သော တစ်ပတ်အတွင်း သူတို့အပေါ် ယောင်ဟီဝန်အကြွေးတင်ခဲ့ရ၏။ ထိုအကြွေးမှာ ကျန်ရှိနေသော အချိန်များဖြင့် ပြန်ဆပ်နိုင်ရန် ခဲယဉ်းသော အကြွေးမျိုး ဖြစ်ပေသည်။ ထိုသက်ကြီးပိုင်း အမျိုးသမီးက မေးလိုက်၏။

"ငါတို့ရဲ့ လှိုင်းသစ် အဖွဲ့ထဲကို တကယ်ပဲ မဝင်ချင်ဘူးလား။ ဟီဝန်သာ ပါဝင်မယ်ဆိုရင် ဘုရင်က အရမ်းဝမ်းသာမှာပါ"

"တောင်းပန်ပါတယ်။ ကျမရဲ့ မိတ်ဆွေတွေက စောင့်နေကြလို့ပါ"

ယောင်ဟီဝန်က တောင်းပန်သည့် အမူအရာဖြင့် လက်ကို မြှောက်ပြလိုက်သည်။ ထိုအမျိုးသမီးက မည်သို့မျှ မတတ်နိုင်သည့်အလား ပြုံးရုံသာ ပြုံးနေ၏။ ထိုအမျိုးသမီးသည် ယောင်ဟီဝန်၏ အဖွဲ့ဝင်များမှာ မည်သူမည်ဝါ ဖြစ်သည်ကို သိရှိပြီးသား ဖြစ်သည်။

"ဟီဝန်က ဒီလောက်အထိ အားကိုးတကြီး စောင့်နေတယ်ဆိုတာကို သူ သိပါစေလို့ပဲ ဆုတောင်းရမှာပဲ"

"သူ သိပါတယ်"

ယောင်ဟီဝန်သည် အနည်းငယ် မကျေမနပ် ဖြစ်နေသော မျက်နှာပေးဖြင့် ကောင်းကင်ကို ကြည့်လိုက်သည်။

"တစ်နည်းနည်းနဲ့တော့... သူ အခု ကျမကို ကြည့်နေလိမ့်မယ်လို့ ကျမ ထင်တယ်" 」

...ဒါကြောင့်မို့လို့ ကျနော့်မှာ 'အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်' ရှိနေတာကို ယောင်ဟီဝန်ကို မသိစေချင်ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ယောင်ဟီဝန်မှာ ကောင်းမွန်စွာ တိုးတက်လာပုံ ရ၏။ မူရင်းစာအုပ်ထဲတွင် ယောင်ဟီဝန်၏ ဇာတ်ကောင်အကြောင်း မပါရှိခဲ့သဖြင့် ကျနော် စိုးရိမ်ခဲ့သော်လည်း ကျနော့်၏ ရွေးချယ်မှု မှန်ကန်ခဲ့သဖြင့် ဝမ်းသာမိသည်။

ထို့နောက်တွင်တော့ ကျနော်သည် 'အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်' ကို အသုံးပြုကာ အခြားတစ်ယောက်ကို ကြည့်လိုက်သည်။ ကံမကောင်းစွာဖြင့် ထိုသူမှာ မည်သူမည်ဝါ ဖြစ်သည်ကို ဆုံးဖြတ်နိုင်သည့် မြင်ကွင်းများမှာ များများစားစား ပေါ်မလာချေ။

...ဟမ်။ ဒါက ဘာလဲဟ။

ရင်းနှီးနေသော မျက်နှာတစ်ခုက ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။

...ဒါက ငါ မဟုတ်ဘူးလား။ ခဏနေပါဦး။ ဒီလူတွေက…

「 "ဟေ့၊ နင်"

လီဂီယောင်က ကြမ်းတမ်းသော အသံဖြင့် ပြောလိုက်သည်။

"အကိုကြီးနားကနေ ဝေးဝေးနေစမ်း"

ထိုအခါ ကျနော့်ဘေးတွင် လဲလျောင်းနေသော ရှင်ယူဆောင်းက ပြန်လည် ဖြေကြားလိုက်၏။

"မနေရင်ရော ဘာဖြစ်မလဲ"

"ဒီ ကပြားမကတော့ကွာ..."

"ငါ့ကို စကားလာမပြောနဲ့။ ပိုးကောင် စုတ်"

လီဂီယောင်မှာ ဆွံ့အသွား၏။ သူ၏ ခေါင်းပေါ်ရှိ ပိုးဟပ်နှင့် အခြားပိုးကောင်များမှာ ရူးသွပ်စွာ လှုပ်ရှားနေကြသည်။ လီဂီယောင်သည် စိတ်ကို ခက်ခဲစွာ ပြန်လည် ထိန်းချုပ်လိုက်ရ၏။

"အကိုကြီးက နင့်လို ကလေးတွေကို မုန်းတယ်"

"ဦးလေးက ဘယ်သူ့ကို သဘောကျလဲဆိုတာ ငါ သိတယ်"

"...အကိုကြီး ဘယ်သူ့ကို သဘောကျလဲဆိုတာ နင် သိတယ် ဟုတ်လား။ ဘယ်သူ့ကိုသဘောကျတာလဲ"

"အမကြီး တစ်ယောက်ကိုလေ"

လီဂီယောင်က ရယ်မောလိုက်သည်။

"အမကြီး ဟုတ်လား။ နင်သိထားတဲ့ သတင်းမှားနေပြီ ထင်တယ်။ အကိုကြီးက ယောက်ျားလေးကို သဘောကျတာ"

"နင်က ဘယ်လိုလုပ် သိတာလဲ"

"ငါက အကိုကြီးနဲ့ အတူရှိနေတာ ကြာပြီလေ" 」

ကြောက်စရာကောင်းသော စကားဝိုင်း စတင်လာချိန်တွင် ကျနော် ခက်ခဲစွာ နိုးထလာခဲ့သည်။ ပတ်ဝန်းကျင်ကို အလျင်အမြန် ကျနော်ကြည့်လိုက်ရာ လီဂီယောင်နှင့် ရှင်ယူဆောင်းတို့မှာ တစ်ခုခုကို မှီပြီး အိပ်ပျော်နေကြသည်ကို တွေ့လိုက်ရ၏။

...ငါ အမြင်မှားတာလား။ အိပ်မက်ပဲလား။

"ဒေါ့ဂျာ။ ဘာဖြစ်လို့လဲ"

ယူဆန်းအာ၏ မေးခွန်းကို ကျနော် ခေါင်းခါပြလိုက်သည်။ အိပ်မက်ပဲ ဖြစ်ရမည်။ ကျနော် ပြန်အိပ်ရန် လဲလျောင်းလိုက်ချိန်တွင် တစ်နေရာရာမှ တိုးတိုးလေး ပြောသံကို ကြားလိုက်ရ၏။

'ဟေ့…. ပိုးကောင်။ စဉ်းစားကြည့်တော့ နင် စောစောက ဦးလေးကို ဖက်ထားတယ် မဟုတ်လား'

'...'

'နင်က ကလေးကလားလား။ လူကြီးတွေကို သဘောကျတာလား'

အိပ်မက် မဟုတ်ချေ။

"ဟေ့... အိပ်မနေကြဘူးလား"

ယူဆန်းအာက သတိပေးလိုက်သည်။ ထိုအခါ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားပြီး ခဏအကြာတွင် ကလေးများ၏ ဟောက်သံများ ထွက်ပေါ်လာတော့သည်။

………………………………………………………………………………….

နှစ်ရက်တာ အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့လေပြီ။

[ဇာတ်ဝင်ခန်းအသေး – ရှင်သန်ရေးလှုပ်ရှားမှုများ ပြီးဆုံးသွားပါပြီ။]

လူတိုင်းသည် နိုးထလာပြီး ပြင်ဆင်နေကြစဉ် စနစ်မက်ဆေ့ချ်ကို ကြားလိုက်ကြရသည်။ အချိန်အများကြီး ကုန်ဆုံးသွားသည်ဟု မခံစားရသော်လည်း ဇာတ်ဝင်ခန်းမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ ထို့နောက် ဘီဟွန်း ထံမှ မက်ဆေ့ချ်တစ်ခု ရောက်လာသည်။

[၉,၄၂၁]

ထိုမက်ဆေ့ချ်မှာ ကိန်းဂဏန်းတစ်ခု ဖြစ်ပေသည်။ ဘီဟွန်းက ထပ်မံပြောကြားလိုက်၏။

[၉,၅၁၃]

'ဘာလဲ'

[မင်း နားမလည်ဘူးလား။ ၉,၆၁၁]

ထိုကိန်းဂဏန်းမှာ ဘာကို ဆိုလိုသည်ဆိုသည်ကို ကျနော် ချက်ချင်း သတိထားမိလိုက်သည်။ ထိုစဉ်က ကျနော်သည် '၁၀,၀၀၀' ဟူသော ကတိတစ်ခု ပေးခဲ့ဖူး၏။

[ကိုရီးယား ကျွန်းဆွယ်ကို ချစ်မြတ်နိုးကြသော နက္ခတ်များမှာ ကျန်ရှိနေသည့် စာရင်းပေးသွင်းသူ အရေအတွက်ကြောင့် စိုးရိမ်ထိတ်လန့်နေကြသည်။]

ဘီဟွန်းကို ကျနော်မေးလိုက်သည်။

'ငါ ခိုင်းထားတာကို မင်း လုပ်ပြီးပြီလား'

[...လုပ်တော့ လုပ်ထားပါတယ်။ ဒါပေမဲ့ အကျိုးရှိပါ့မလားတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် မင်း ကံကောင်းပါစေ။ ၉,၇၈၁]

ကောင်းကင်ယံရှိ ဝဲကယက်ထနေသော မဟာတွင်းနက်ကြီး မှာ ပုံမှန်မဟုတ်သော နိမိတ်တစ်ခုကို ပြသနေသည်။ မိုးသက်မုန်တိုင်းများ ကျရောက်နေပြီး မိုးခြိမ်းသံများကိုလည်း ရံဖန်ရံခါ ကြားနေရ၏။ ထို့နောက် အလယ်အလတ် ဒိုကဲဘီ တစ်ကောင်သည် လေထဲတွင် ပေါ်လာသည်။

[အားလုံးပဲ။ မင်းတို့ စောင့်နေရတာ ကြာသွားပြီထင်တယ်]

ထိုအလယ်အလတ် ဒိုကဲဘီမှာ အသားအရေများ ပိန်ခြောက်နေ၏။ သူသည် စီမံခန့်ခွဲရေးဌာန၏ နှိပ်စက်မှုကို ခံစားနေရပုံ ရပေသည်။

[ရှင်သန်ရေး လှုပ်ရှားမှုတွေကို ပျော်ပျော်ပါးပါး လုပ်ခဲ့ကြရဲ့လား။ မင်းတို့ စောင့်မျှော်နေတဲ့ ဇာတ်ဝင်ခန်းဟာ နောက်ဆုံးတော့ စတင်တော့မှာ ဖြစ်တယ်။ အနှောင့်အယှက်တချို့ ရှိခဲ့ပေမဲ့... ဟုတ်ပါပြီ၊ ကောင်းပါပြီ။ ဒါဟာ စောင့်မျှော်ရကျိုးနပ်မယ့် ပျော်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတစ်ခု ဖြစ်လာပါလိမ့်မယ်]

သူသည် ကျနော်နှင့် ကိုယ်စားလှယ်များကို ကြည့်ပြီး မကျေမနပ် ဖြစ်နေသော လေသံဖြင့် ဆက်လက် ပြောကြားလိုက်၏။

[မင်းတို့ဟာ ကပ်ဘေး ငါးခုထဲက လေးခုကို တားဆီးနိုင်ခဲ့ကြတယ်။ မင်းတို့ရဲ့ အောင်မြင်မှုတွေကို ငါ အပြည့်အဝ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ မင်းတို့ သိလား။ ကျန်တဲ့ လေးခုဆိုတာ နောက်ဆုံး ကပ်ဘေးနဲ့ နှိုင်းယှဉ်ရင် ကလေးကစားစရာလောက်ပဲ ရှိသေးတယ်]

လူများ၏ မျက်နှာမှာ တင်းမာသွားကြသည်။ အမှန်စင်စစ် သူ ပြောသည်မှာ မှန်ပေသည်။ အခြား ကပ်ဘေးများမှာ ရေလွှမ်းမိုးမှု ကပ်ဘေး နှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။

[ဒီဇာတ်ဝင်ခန်းရဲ့ အောင်မြင်မှုအပေါ် မူတည်ပြီး မင်းတို့ အခုထိ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးဟာ ပျောက်ကွယ်သွားနိုင်သလို အရာအားလုံးလည်း ပြီးဆုံးသွားနိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲ့ဒီလို ဖြစ်နိုင်ခြေဟာ ၉၀ ရာခိုင်နှုန်းကျော် ရှိတယ်ကွ။ ကံကောင်းတာကတော့ မင်းတို့ကို ကိုယ်ချင်းစာနာပေးမယ့် သူတွေ ရှိနေလို့ပဲ]

လက်သီးကို ကျနော်တင်းတင်းဆုပ်လိုက်မိ၏။ နောက်ဆုံးတော့ စတင်ပေတော့မည်။ ပဉ္စမမြောက် ဇာတ်ဝင်ခန်း မစတင်မီ နောက်ဆုံး ဖြစ်ရပ်လာတော့မည် ဖြစ်၏။

[ဒါဆိုရင် အခုကစပြီး ဒုတိယအကြိမ်မြောက် ထောက်ပံ့သူ ရွေးချယ်ခြင်း ကို စတင်ပါတော့မယ်]

အခန်း ၁၀၀

- အပိုင်း ၂၀ - ရေလွှမ်းမိုးမှု ကပ်ဘေး (၃)

ဆိုးလ်မြို့အနှံ့ ကောင်းကင်ထက်ဝယ် တောက်ပသော အလင်းတန်းများ ပျံ့နှံ့သွားသည်။ အလင်းတန်းအချို့သည် မြောက်ဘက်သို့ ဦးတည်သွားကြပြီး အချို့မှာမူ အနောက်ဘက်သို့ ရွေ့လျားသွားကြ၏။

သို့သော်လည်း ပျံ့နှံ့သွားသော အတိုင်းအတာမှာ မကျယ်ပြန့်လှပေ။ အလင်းတန်းအများစုမှာ ဆိုးလ်မြို့လယ်ခေါင်တွင် စုဝေးနေကြသည်။ ထိုအလင်းတန်းများစုဝေးနေခြင်းမှာ ဇာတ်ဝင်ခန်းအတွက် ပြင်ဆင်ရန် ကိုယ်စားလှယ်များ မည်သည့်နေရာတွင် စုဝေးနေကြသည်ဟူသော သက်သေပင် ဖြစ်သည်။

"နောက်ဆုံးတော့ စာချုပ်ချုပ်ရတော့မယ်။ ငါလည်း စာချုပ်ရှိတော့မယ်"

ထိုနေရာတွင် စောင့်ဆိုင်းနေသော ကိုယ်စားလှယ်များသည် စိတ်အားထက်သန်စွာ ဟစ်အော်ကြသည်။

ယခုအချိန်ထိ ထောက်ပံ့သူမရှိဘဲ ရှင်သန်လာခဲ့သည့် ကိုယ်စားလှယ်မှာ ကျနော်တစ်ယောက်တည်း မဟုတ်ပေ။ မကြာမီ စာချုပ်မရှိသော ကိုယ်စားလှယ်များ၏ ဦးခေါင်းပေါ်တွင် ကြယ်ပွင့်ကလေးများ ထွက်ပေါ်လာသည်။ ကြယ်အရေအတွက်သည် ထိုကိုယ်စားလှယ်ကို အလိုရှိနေသည့် နက္ခတ်အရေအတွက်ကို ဖော်ပြနေခြင်းဖြစ်သည်။

[ထောက်ပံ့သူ ရွေးချယ်ခြင်း]

-ကျေးဇူးပြု၍ သင်၏ ထောက်ပံ့သူကို ရွေးချယ်ပါ

- သင်ရွေးချယ်လိုက်သော ထောက်ပံ့သူသည် သင်၏ အားကိုးရသည့် ထောက်တိုင် ဖြစ်လာပါလိမ့်မည်။

ယခုအချိန်တွင် စာချုပ်မရှိသေးသော ကိုယ်စားလှယ်အားလုံး ကျနော်မြင်နေရသည့် အရာကိုပင် မြင်တွေ့နေရလောက်ပြီ ဖြစ်သည်။ သို့သော် ကျနော့်စာရင်းကတော့ အနည်းငယ် ကွဲပြားနေပေလိမ့်မည်။

၁။ ရွှေခေါင်းကွင်း၏အကျဉ်းသား

၂။ မဟူရာမီးလျှံ အသူတစ်ရာနဂါး

၃။ လျှို့ဝှက်ကြံစည်သူ

မျှော်လင့်ထားသည့်အတိုင်း ရွှေခေါင်းကွင်း၏အကျဉ်းသားနှင့် လျှို့ဝှက်ကြံစည်သူတို့ ပါဝင်နေ၏။ သူတို့ကို ဆက်တိုက် ငြင်းပယ်နေရသည့်အတွက် အားနာမိသော်လည်း မတတ်နိုင်ပေ။

... မဟူရာမီးလျှံ အသူတစ်ရာနဂါးက ဒီကို ထပ်ရောက်လာပြန်ပြီ။ သူ့မှာ ဟန်ဆိုယောင်း ရှိနေတာပဲကို ဘာလို့ ငါ့ဆီပဲ တကောက်ကောက် လိုက်နေရတာလဲ။

၄။ စီအေအီအီပီ

၅။ တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး

၆။ ဟောင်းမူ ဘုရင်ကြီး

ကိုရီးယားကျွန်းဆွယ်၏ ကြီးမြတ်သူများလည်း တန်းစီနေကြသည်။ စီအေအီအီပီ ဆိုသည်မှာ ရူဆောင်းလျောင် ဖြစ်နိုင်ခြေရှိပြီး...

အာ… ငါတို့ရဲ့ဆန်းမြုံဒန် လည်း ရောက်လာတာပဲ။ ပြီးတော့ မြေခွေးအိုကြီး ကင်ယူရှင် လည်း ရှိနေတယ်။ ငါ တကယ်ပဲ သူ့ကို ရွေးချယ်လိမ့်မည်ဟု ထင်နေတာလားဟ။

စာရင်းမှာ ဆက်လက် ထွက်ပေါ်လာ၏။

၂၁။ ဂိုလျော၏ ပထမဆုံးသော ဓါး

၂၂။ ဝိုင်နှင့် ကာမဂုဏ်ခံစားမှုတို့၏ နတ်ဘုရား

ကိုရီးယား၏ အတော်ဆုံး ဓါးသမားဟု ခေါ်ဆိုခံရသူ မည်သူမဆို ဂိုလျော၏ ပထမဆုံးသော ဓါး ဖြစ်လာနိုင်ပေသည်။ ထို့အပြင် ဒီယွန်နီဆပ် လည်း စာရင်းထဲတွင် ပါဝင်နေလေ၏... အိုလံပတ်စ်ကလည်း ကင်ဒေါ့ဂျာကို အရယူရန် ပြိုင်ပွဲထဲသို့ ဝင်ရောက်လာလေပြီ။ စာရင်းမှာ ဆက်လက်ရှည်လျားနေသဖြင့် ကျနော် အနည်းငယ် ဝေခွဲမရ ဖြစ်မိသည်။ အကြောင်းမှာ မမျှော်လင့်ထားသော နက္ခတ်များ ဆက်တိုက် ပေါ်လာသောကြောင့် ဖြစ်၏။

၄၈။ လမ်းညွှန်မှု၏ မဟူရာအလင်း

၄၉။ ကောင်းကင်ဘုံ၏ စာရေးတော်

၅၀။ ကပ်ဘေးနှင့် လက်စားချေခြင်း၏ အုပ်စိုးသူ

ဘွဲ့နာမည်အားလုံးကို မမှတ်မိသဖြင့် လမ်းညွှန်မှု၏ မဟူရာအလင်း နှင့် ကပ်ဘေးနှင့် လက်စားချေခြင်း၏ အုပ်စိုးသူ တို့ကို ဝေဝါးစွာသာ ကျနော် မှတ်မိလေသည်။

သို့သော်လည်း ကောင်းကင်ဘုံ၏ စာရေးတော် ကိုတော့ ကျနော် သေချာပေါက် သိ၏။ ထိုသူမှာ အကြွင်းမဲ့ ကောင်းမြတ်ခြင်း အဖွဲ့အစည်းမှ အင်အားကြီးသော နက္ခတ်တစ်ပါး ဖြစ်သည့် နတ်ခေါင်ချုပ် မက်တာထရွန်ပင်။ ကောင်းကင်တမန် အခွင့်အာဏာအရ ထိုသူသည် ယူရီအယ် ထက် အဆင့်အတန်း များစွာ မြင့်မားပြီး ဒုတိယမြောက် ကောင်းကင်ဘုံသား ဖြစ်သည်။

ချီးပဲ။ ဘယ်လို နက္ခတ်တွေက ငါ့ကို စောင့်ကြည့်နေကြတာလဲဟ။

...

ကျနော့်ဦးခေါင်းပေါ်ရှိ ရာပေါင်းများစွာသော ကြယ်ပွင့်များသည် ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခုကို ဖန်တီးထားသည်။ ၎င်းမှာ အနီးနားရှိ အမှောင်ထုအားလုံးကို လင်းထိန်သွားစေမည့် တောက်ပမှုမျိုး ဖြစ်သည်။ ကိုယ်စားလှယ်အချို့မှာ ကျနော့်ဘက်သို့ မှင်တက်စွာ ငေးကြည့်နေကြသည်။

"အဲ့ဒါက..."

"အဲ့ဒီလူက ဘယ်သူလဲ"

ရှင်ယူဆောင်းသည် ကျနော့်ဦးခေါင်းပေါ်ကို ကြောင်တောင်တောင် စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။

"ဦးလေး၊ ဦးလေးက ခရစ္စမတ်သစ်ပင်ကြီးနဲ့ တူနေတယ်"

[ကိုရီးယားကျွန်းဆွယ်ကို ချစ်မြတ်နိုးသော နက္ခတ်များက သင်၏ ကတိကို တည်စေလိုကြပါသည်။]

[နက္ခတ် အမြောက်အမြားက သင်၏ ယုံကြည်မှုကို မြင်တွေ့လိုကြပါသည်။]

နောက်ဆုံးတော့ ရောက်လာလေပြီ။ ကျနော် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ဘီဟွန်းကို ခေါ်လိုက်သည်။

'ဘီဟွန်း'

[ဘာလဲ]

'အခု ဘယ်နှစ်ယောက် ရှိနေပြီလဲ'

ဒိုဂတ်ကို တိုက်ထုတ်စဉ်က နက္ခတ်များကို ကျနော် ကတိတစ်ခု ပေးခဲ့သည်။ အကယ်၍ ထောက်ပံ့သူ ရွေးချယ်ခြင်း မပြီးဆုံးမီ ရုပ်သံလိုင်း၏ ကြည့်ရှုသူ အရေအတွက် တစ်သောင်း ပြည့်သွားပါက ထောက်ပံ့သူတစ်ဦးကို ရွေးချယ်မည်ဟု ကတိပြုခဲ့ခြင်း ဖြစ်သည်။

[၉,၈၁၂ ယောက်။ မဟုတ်ဘူး၊ ၁၄... ၁၆ ယောက်]

နက္ခတ်အရေအတွက်မှာ ဆက်တိုက် မြင့်တက်နေသည်။ ဘီဟွန်း၏ လေသံမှာလည်း တင်းမာလာသည်။

[ထောက်ပံ့သူ ရွေးချယ်ခြင်း ပြီးဆုံးရန် သုံးမိနစ်သာ လိုတော့သည်။]

ယခုမူ ရလဒ်သည် သုံးမိနစ်အတွင်း အဆုံးအဖြတ် ထွက်လာတော့မည် ဖြစ်သည်။

[‘တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး’ နက္ခတ်သည် သင့်အား စိုးရိမ်တကြီး ကြည့်နေပါသည်။]

ကံမကောင်းစွာဖြင့်ပင် ကျနော့်အား အသည်းအသန် ကြည့်နေသော်လည်း အပိုသာ ဖြစ်၏။

[ထောက်ပံ့သူ ရွေးချယ်ခြင်း ပြီးဆုံးရန် နှစ်မိနစ်သာ လိုတော့သည်။]

[‘တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး’ နက္ခတ်သည် သင့်အား

ဒင်္ဂါး ၂၀၀ ထောက်ပံ့လိုက်ပါသည်။]

[‘စီအေအီအီပီ’ နက္ခတ်သည် သင့်အား ဒင်္ဂါး ၃၀၀ ထောက်ပံ့လိုက်ပါသည်။]

[‘ဟောင်းမူ ဘုရင်ကြီး’ နက္ခတ်သည် သင့်အား ဒင်္ဂါး ၃၀၀ ထောက်ပံ့လိုက်ပါသည်။]

ထောက်ပံ့မှုပြိုင်ပွဲမှာ နောက်ဆုံးတွင် စတင်လေပြီ။ နက္ခတ်များအနေဖြင့် ထင်ပေါ်လိုပါက ဒင်္ဂါးထောက်ပံ့ခြင်းမှာ သဘာဝကျသော ရွေးချယ်မှုပင် ဖြစ်သည်။

[ဒဏ္ဍာရီလာအဆင့် နက္ခတ်များထက် မြင့်မားသော ကြီးမြတ်သည့် နက္ခတ်အချို့သည် တောက်ခေါက်နေကြပါသည်။]

[‘ရွှေခေါင်းကွင်း၏အကျဉ်းသား’ နက္ခတ်သည် သင့်အား ဒင်္ဂါး ၅,၀၀၀ ထောက်ပံ့လိုက်ပါသည်။]

ဤသည်မှာ ကျနော် မျှော်လင့်ထားသည့် အခြေအနေအတိုင်းပင် ဖြစ်သည်။

ကောင်းပြီလေ။ ကောင်းပြီ။ ငါ့ကို ပိုက်ဆံတွေ အများကြီး ပေးစမ်း။

[‘ကောင်းကင်ဘုံ၏ စာရေးတော်’ နက္ခတ်သည် သင့်အား ဒင်္ဂါး ၃၀,၀၀၀ ထောက်ပံ့လိုက်ပါသည်။]

...မက်တာထရွန် ပီသလှချေသည်။ လုံးဝကို အဆင့်အတန်း ကွဲပြားလှ၏။ သူသည် ကောင်းကင်ဘုံ၏ ဝန်ကြီးချုပ် ဖြစ်သောကြောင့် သိသာထင်ရှားစွာပင် ထောက်ပံ့ပြနိုင်လေသည်။

[‘ရွှေခေါင်းကွင်း၏အကျဉ်းသား’ နက္ခတ်သည် ‘ကောင်းကင်ဘုံ၏ စာရေးတော်’ နက္ခတ်ကို စိုက်ကြည့်နေပါသည်။]

[ထောက်ပံ့သူ ရွေးချယ်ခြင်း ပြီးဆုံးရန် တစ်မိနစ်သာ လိုတော့သည်။]

ကျနော် ဘီဟွန်းကို မေးလိုက်သည်။

'အခု ဘယ်လောက်လဲ'

[၉,၉၇၃... ၇၆၊ ၇၇]

နောက်ဆုံးတွင် အသက်ရှူမှားလောက်သော အဆင့်သို့ ရောက်ရှိလာသည်။

[၉,၉၈၁... ၈၄]

စက္ကန့် ၃၀ သာ လိုတော့သည်။

[၉,၉၉၃]

စက္ကန့် ၂၀။

[၉,၉၉၈]

[နက္ခတ်အနည်းငယ်သည် အသက်အောင့်ထားကြပါသည်။]

၁၀ စက္ကန့်။

[၉,၉၉၉...]

၅ စက္ကန့်၊ ၄ စက္ကန့်၊ ၃ စက္ကန့်...

[ထောက်ပံ့သူ ရွေးချယ်ခြင်း ပြီးဆုံးသွားပါပြီ။]

ထို့နောက် ကျနော် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။ ပြုံးရွှင်သော မျက်နှာဖြင့် ပါးစပ်ဟလိုက်သော ဘီဟွန်းကို ကျနော် စိုက်ကြည့်လိုက်၏။

[အားလုံးကို တကယ်ပဲ တောင်းပန်ပါတယ်]

[နက္ခတ် အမြောက်အမြားက ဤသည်မှာ ရယ်စရာကောင်းလှသည်ဟု ထင်နေကြသည်။]

အော်ဟစ်နေသော်လည်း အပိုပင် ဖြစ်သည်။

[လက်ရှိ ကြည့်ရှုသူ အရေအတွက် - ၉,၉၉၉]

ဘီဟွန်း၏ ဘေးတွင် လွင့်မျောနေသော မျက်နှာပြင်က လက်တွေ့အခြေအနေကို ဖော်ပြနေသည်။ ကိုယ်စားလှယ်အချို့မှာ ကြည့်ရှုသူအရေအတွက်ကို မြင်လိုက်ရပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ရှင်ယူဆောင်းက မေးသည်။

"ဦးလေးက Youtube မှာ နာမည်ကြီးနေတာလား"

ထိုသို့လည်း ဖြစ်နိုင်ပေသည်။ ကျနော်သည် ကောင်းကင်ထက်သို့ အရှက်မရှိသော လေသံဖြင့် ပြောလိုက်သည်။

"တကယ် နှမြောဖို့ ကောင်းလိုက်တာ။ နက္ခတ် တစ်သောင်း ပြည့်ခဲ့ရင် ကျနော် ထောက်ပံ့သူတစ်ဦးကို ရွေးချယ်မိမှာပါ"

[နက္ခတ် အမြောက်အမြားက သင် မည်သူ့ကို ရွေးချယ်မည်နည်းဟု သိချင်နေကြသည်။]

ထိုအခါ ဘီဟွန်းက ကြားဖြတ်ဝင်ပြောသည်။

[ကိုယ်စားလှယ်ရဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှုအတွက် ဒီအချက်အလက်ကို ထုတ်ဖော်လို့ မရပါဘူး]

တော်တယ်။ ဘီဟွန်း။

[နက္ခတ် အမြောက်အမြားသည် ဆူပူသောင်းကျန်းနေကြပါသည်။]

ယောင်ဆန်-ဂူ အထက်ရှိ ကောင်းကင်ယံမှာ ပုံပျက်သွားပြီး အပြစ်မဲ့ ပြည်သူများထက်သို့ လျှပ်စီးများ ကျဆင်းလာသည်။ မီးပွားများမှာ လေထုထဲတွင် ပြည့်နှက်သွား၏။ ဖြစ်နိုင်စွမ်းကို လွှမ်းမိုးနိုင်သော ဒိုကဲဘီ၏ စွမ်းအားက နက္ခတ်များ၏ ဒေါသကိုလည်း ဟန့်တားနိုင်လေသည်။

[ကဲ…ကဲ။ နက္ခတ်အပေါင်းတို့ခင်ဗျာ။ စိတ်အေးအေး ထားကြပါ။ ကံမကောင်းစွာနဲ့ပဲ တစ်ယောက် လိုနေတဲ့အတွက် ဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်...]

ထို့နောက် ဘီဟွန်းသည် ကျနော့်အား တစ်ချက် လှမ်းကြည့်ပြီး ဆက်ပြောလိုက်သည်။

[တောင်းပန်တဲ့ အနေနဲ့ ကျနော် လျော်ကြေးပေးမယ့် အစီအစဉ်တစ်ခု ပြုလုပ်ပေးပါ့မယ်]

လျှပ်စီးများ ခေတ္တမျှ ရပ်တန့်သွားသည်။

[‘ဒီလိုမျိုး မလိမ့်တပတ်လုပ်နေဦးမှာလား’လို့ လူကြီးမင်းတို့တွေ တွေးနေကြလောက်မယ်ထင်တယ်။ ဟုတ်တယ်မလား]

[နက္ခတ် အမြောက်အမြားသည် ဒိုကဲဘီ ဘီဟွန်း၏ စကားကို နားထောင်နေကြပါသည်။]

[လူကြီးမင်းတို့ရဲ့ အတွေးကို ကျနော် နားလည်ပါတယ်။ ဒါကြောင့် ဒုတိယအကြိမ် ထောက်ပံ့သူ ရွေးချယ်ခြင်းမှာ ဘယ်သူ့ကိုမှ မရွေးချယ်ခဲ့တဲ့ ကိုယ်စားလှယ်ကို ကျနော် ပြစ်ဒဏ်ပေးပါ့မယ်။ ဒါပေမဲ့ နက္ခတ်တွေက သဘောတူမှသာ ကျနော် ဒါကို လုပ်မှာပါ...]

[နက္ခတ် အမြောက်အမြားသည် ဒိုကဲဘီ ဘီဟွန်း၏ စကားကို သဘောတူကြပါသည်။]

ဘီဟွန်းသည် ကျေနပ်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ရှင်ယူဆောင်းသည် ကြောင်တောင်တောင် အမူအရာဖြင့် ကျနော့်ကို စိုက်ကြည့်လာသည်။

"ဘာတွေ ဖြစ်နေတာလဲ"

"ဘာတွေပဲ ဖြစ်လာဖြစ်လာ စိတ်မပူနဲ့"

"ဦးလေး။ ဦးလေးက ဘာလို့ ထောက်ပံ့သူ မရွေးချယ်ခဲ့တာလဲ"

"အင်း၊ အချိန်မတန်သေးလို့ပါ"

ရိုးရိုးသားသား ပြောရလျှင် မက်တာထရွန်ကို မြင်လိုက်ရချိန်တွင် ကျနော် အနည်းငယ် တုန်လှုပ်သွားမိသော်လည်း၊ အကယ်၍ ကျနော် ဤနေရာတွင် တစ်ဦးဦးကို ရွေးချယ်လိုက်ပါက ယခုအချိန်ထိ ကျနော် ကြိုးစားခဲ့သမျှ အရာအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။ မည်သူ့လက်အောက်ကိုမှ ကျနော် ဝင်၍ မရပေ။ ဤသည်မှာ တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။

"ယူဆန်းအာ၊ ကလေးတွေကို ခေါ်ပြီး ပုန်းနေလိုက်"

"...ဒေါ့ဂျာမှာ အစီအစဉ် ရှိလို့လား"

"ရှိတာပေါ့။ ကျနော် အချက်မပေးမချင်း အပြင်ကို လုံးဝ ထွက်မလာနဲ့"

[ဆုကြေး ဇာတ်ဝင်ခန်းအသစ် ရောက်ရှိလာပါပြီ။]

[သင်သည် ဆုကြေး ဇာတ်ဝင်ခန်း၏ ပစ်မှတ် ဖြစ်လာပါသည်။]

မျှော်လင့်ထားသည့်အတိုင်း ဆုကြေး ဇာတ်ဝင်ခန်း စတင်လေပြီ။

[ဆုလာဘ် ဇာတ်ဝင်ခန်း – ပြစ်ဒဏ်]

အမျိုးအစား

ဆုကြေး

ခက်ခဲမှု

A

ပြီးမြောက်ရန် အခြေအနေ

ကင်ဒေါ့ဂျာ ကိုယ်စားလှယ်ကို ရက်ရက်စက်စက် သတ်ဖြတ်ပါ။

သူ၏ သေဆုံးမှုမှာ ပိုမို ရက်စက်လေလေ၊ သင် ရရှိမည့်

ဒင်္ဂါးအရေအတွက်မှာ ပိုများလေလေ ဖြစ်မည်။

အချိန်ကန့်သတ်ချက်

မိနစ် ၂၀

ဆုလာဘ်

ဒင်္ဂါး ၄၀,၀၀၀ ~ ?????

ကျရှုံးမှု

-

ဤဆုကြေးဇာတ်ဝင်ခန်းအကြောင်းကို မြင်လိုက်ရသူ မည်သူမဆို ကျနော့်အား ပဉ္စမမြောက် ကပ်ဘေးဟု ထင်ကြပေလိမ့်မည်။ လူတစ်ယောက်ကို သတ်ရန် ဒင်္ဂါး ၄၀,၀၀၀ ဟူသည်က အတော်များသည့် ပမာဏဖြစ်၏။ ရှင်ယူဆောင်းသည် ဇာတ်ဝင်ခန်းကို လက်ခံရရှိပြီးနောက် မျက်နှာ ပျက်သွားသည်။

"...ဦးလေး"

ယူဆန်းအာသည် ကျနော့်ဆီသို့ လှမ်းလာသော ရှင်ယူဆောင်းကို ဆွဲခေါ်ကာ နောက်သို့ ဆုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ထိုနေရာရှိ ကိုယ်စားလှယ်များသည် ကျနော့်ကို မြင်သွားကြပြီး အုပ်စုလိုက် စုပြုံရောက်ရှိလာတော့သည်။ ကျနော့်ဦးခေါင်းပေါ်တွင် 'ပစ်မှတ်' ဟူသော အမှတ်အသားက လွင့်မျောနေလေပြီ။

"ရူးချင်စရာပဲ။ ဒင်္ဂါး ၄၀,၀၀၀တောင်လား"

"ဟေ့ကောင်တွေ၊ အဲ့ဒီကောင်ကို သွားဖမ်းကြစမ်း"

[နက္ခတ် အမြောက်အမြားသည် ဇာတ်ဝင်ခန်း၏ တိုးတက်ပြောင်းလဲမှုကို သဘောကျနေကြပါသည်။]

ကျနော့် ရွေးချယ်မှုအပေါ် ဒေါသထွက်နေကြသော နက္ခတ်များသည် ကျနော် ကြွက်တစ်ကောင်လို လိုက်လံအမဲလိုက်ခံနေရသည်ကို အလွန်နှစ်ခြိုက်နေကြသည်။ အားလုံးက '၁၀,၀၀၀ ပွဲတော်' အကြောင်းကို မေ့သွားကြလေပြီ။ မှန်ပေသည်။ ဤသည်မှာ နက္ခတ်များ၏ သဘာဝပင်။ ဘီဟွန်းက ကျနော့်ကို တစ်ချက်လှမ်းကြည့်ပြီး ရွံစရာကောင်းသော မျက်နှာပေးဖြင့် ဆက်သွယ်လာသည်။

-ဒီလိုမျိုး ဖြစ်သွားလိမ့်မယ်လို့ ငါမထင်ထားဘူး။

'ငါ သိထားပြီးသားပါ။ ဂိမ်းကုမ္ပဏီမှာ အလုပ်လုပ်တုန်းက ဒီလိုမျိုး ခဏခဏ လုပ်ခဲ့ရတာလေ'

စိတ်ဆိုးနေသော အသုံးပြုသူများကို ချော့မော့နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ပွဲတော်အသစ်တစ်ခု ဖွင့်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ဘီဟွန်းသည် တုန်တုန်ရင်ရင်ဖြင့် ရေရွတ်လိုက်သည်။

-ဒါက တကယ်ပဲ အဆင်ပြေပါ့မလား။ အကယ်၍သာ တစ်ယောက်ယောက်က သတိထားမိသွားရင်... ငါ ဒီတစ်ခါတော့ တကယ်ပဲ ဖြစ်နိုင်စွမ်း ကိုက်ညီမှု စစ်ဆေးခြင်း ခံရတော့မှာနော်။

အမှန်စင်စစ် ကြည့်ရှုသူအရေအတွက် ၉,၉၉၉ ထက် မကျော်သွားခြင်းမှာ သိသာထင်ရှားလှသော ရုပ်သံလိုင်း လှည့်စားမှုတစ်ခု ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အစကတည်းက ဘီဟွန်း၏ #BI-7623 ရုပ်သံလိုင်းသည် ကြည့်ရှုသူ ၉,၉၉၉ ဦးကိုသာ လက်ခံနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ ဒိုဂတ် ကဲ့သို့သော တစ်စုံတစ်ယောက်က ရန်စတိုက်ခိုက်လာပါက ကျနော် လွတ်မြောက်နိုင်မည် မဟုတ်ချေ။ ကံကောင်းထောက်မစွာဖြင့် ထိုသို့သောသူမျိုး ဤနေရာတွင် ရှိမနေပေ။ အဆင့်နိမ့် ဒိုကဲဘီများသည် နောက်ဆုံးဖြစ်ရပ်ပြီးကတည်းက သတိကြီးစွာ ထားနေကြ၏။

'ငါက အခွင့်အရေး ယူဖို့ ဆုံးဖြတ်လိုက်တာပါ'

ဤသည်မှာ အန္တရာယ်များသော နည်းလမ်းဖြစ်နေဆဲဖြစ်သည်။ ထက်မြက်သော နက္ခတ်အချို့က သံသယဝင်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ အရေအတွက်မှာ ၉,၉၉၉ တွင် အတိအကျ ရပ်တန့်သွားခဲ့ခြင်းမှာ တိုက်ဆိုင်မှုဟု ဆိုရန် ခက်ခဲလှသည်။ ထို့ကြောင့် နက္ခတ်များ၏ အာရုံကို လွှဲပြောင်းရန် ပွဲတော်တစ်ခု လိုအပ်ခဲ့ခြင်း ဖြစ်သည်။ နက္ခတ်များသည် စိတ်ရှုပ်စရာကိစ္စများကို မုန်းတီးကြပြီး ပျော်ရွှင်မှုများကိုမူ ကြိုက်နှစ်သက်ကြသည်။ ကျနော်က ထိုအချက်ကို အသုံးချရန် ယခု ပြစ်ဒဏ်ပေးခြင်း ပွဲတော်ကို အသုံးပြုလိုက်ခြင်းပင်။ ဘီဟွန်းက ပါးစပ်ဟကာ အားလုံးကို ပြောလိုက်သည်။

[နက္ခတ်အပေါင်းတို့ခင်ဗျာ၊ ကိုယ်စားလှယ် ကင်ဒေါ့ဂျာကို ဒင်္ဂါးများ ထောက်ပံ့ပြီး ပြစ်ဒဏ်များ ပေးဆောင်နိုင်ကြောင်း သတိပြုပေးကြပါ။]

သူ ပြောလိုက်သည့် ခဏမှာပင် ကျနော့်ခန္ဓာကိုယ်မှာ ရုတ်တရက် လေးလံသွားသည်။

[အတ္တကြီးသော နက္ခတ်တစ်ပါးက သင့်အား အရှိန်လျော့နည်းစေသော ပြစ်ဒဏ် ပေးလိုက်သည်။]

[ဒင်္ဂါး၅၀၀ ကို ထောက်ပံ့လိုက်ပါသည်။]

ကျနော် ဒင်္ဂါးများ ရရှိလေလေ၊ ကျနော့်အပေါ် ကျရောက်မည့် ပြစ်ဒဏ်များမှာ ပိုမိုများပြားလာလေလေ ဖြစ်သည်။ ပုံမှန်ဆိုလျှင် ကျနော့်နောက်ကို လိုက်နိုင်မည်မဟုတ်သော ကိုယ်စားလှယ်များသည် ယခုမူ ကျနော့်နောက်သို့ ကပ်လျက် ပါလာကြ၏။

"အားလုံးက ဒင်္ဂါးတွေ မြင်ပြီး အမှောင်ဖုံးနေကြတာပဲ။ ဟုတ်တယ်မလား"

ကျနော်သည် ပြုံးလျက် မကျိုးပဲ့နိုင်သောယုံကြည်မှု ဓါးကို ဝှေ့ယမ်းလိုက်သည်။

"အား"

[သင့်အား ကံဆိုးစေချင်သော နက္ခတ်တစ်ပါးက တိုက်ခိုက်မှု လျော့နည်းစေသော ပြစ်ဒဏ် ပေးလိုက်သည်။]

[ဒင်္ဂါး၅၀၀ကို ထောက်ပံ့လိုက်ပါသည်။]

ကျနော့် တိုက်ခိုက်ရေးစွမ်းအားမှာ ထက်ဝက် လျော့ကျသွားပြီး ကိုယ်စားလှယ်များမှာလည်း သေဆုံးခြင်း မရှိကြပေ။ ဤအခြေအနေကို ကျနော်ကတော့ ဝမ်းသာမိသည်။ ကျနော် သူတို့ကို မသတ်ချင်ပေ။

[သင့်အား သေစေချင်သော နက္ခတ်တစ်ပါးက ခံစစ် လျော့နည်းစေသော ပြစ်ဒဏ် ပေးလိုက်သည်။]

[ဒင်္ဂါး၅၀၀ ကို ထောက်ပံ့လိုက်ပါသည်။]

အောက်တန်းကျသော ထောက်ပံ့မှုတွေပင်။ လေထဲကနေ လှံစွပ်တစ်ချောင်း ပျံသန်းလာပြီး ကျနော့်လက်မောင်းကို ထိမှန်သွားကာ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရ၏။ အကယ်၍ အနန္တနယ်ပယ် အာကာသဝတ်ရုံ သာ မရှိခဲ့ပါက ကျနော့်လက်မောင်း ပြတ်ထွက်သွားပေလိမ့်မည်။

[နက္ခတ်အနည်းငယ်သည် သင်၏ ဆင်းရဲဒုက္ခများအတွက် စိတ်မကောင်း ဖြစ်နေကြပါသည်။]

ကျနော့်ကို အားပေးနေသော နက္ခတ်များလည်း ရှိနေပါသေးသည်။

ကျနော့်အတွက် ခင်ဗျားတို့တွေ မျက်ရည်ကျပေးလို့ ကျေးဇူးပါ။

ဒဏ်ရာရထားသော လက်မောင်းကို ဆုပ်ကိုင်ကာ ယောင်ဆန်-ဂူ၏ အနောက်တောင်ဘက်သို့ ကျနော် ပြေးသွားလိုက်သည်။ ကျနော့်တွက်ချက်မှု မှန်မည်ဆိုပါက ရေလွှမ်းမိုးခြင်း ကပ်ဘေးတည်ရှိရာ အိပ်မောကျနေသည့် ဥက္ကာခဲမှာ ထိုအရပ်မျက်နှာတွင် ရှိနေပေလိမ့်မည်။ ဥက္ကာခဲ၏ စွမ်းအင်များအရ ကပ်ဘေးမှာ ပေါက်ဖွားရန် နီးကပ်နေပြီ ဖြစ်ကြောင်း ပြသနေလေသည်။

[ဘီဟွန်း။ ဒါက ဘာတွေလဲ]

[ဘာဖြစ်လို့လဲ။ ဒါက ဂိမ်းမစခင် ပျော်ရွှင်မှု ရှာပေးတာပဲလေ]

အခြား ဒိုကဲဘီ တစ်ကောင်၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။ ယခုမူ ဘီဟွန်းသည် ခိုင်မာပြတ်သားသော လေသံဖြင့် ပြောဆိုနေပေသည်။ လေးလံနေသော ကျနော့်ခန္ဓာကိုယ်နှင့်တော့ သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေ၏။

နည်းနည်းလေးပဲ လိုတော့တယ်...

နောက်ဆုံးတွင် မြစ်တစ်စင်းက မြင်ကွင်းထဲ ပေါ်လာတော့၏။

"ဟေ့…. သူ့ကိုဖမ်းထားကြစမ်း"

အခြားသူများ၏ လက်ထဲမှ ခဲယဉ်းစွာ ကျနော်လွတ်မြောက်ခဲ့ပြီး ဟန်မြစ် ထဲသို့ ခုန်ချလိုက်သည်။ အခြား ကိုယ်စားလှယ်များသည် ဟန်မြစ်ထဲတွင် ဘာရှိသည်ကို သိကြသောကြောင့် ကျနော့်နောက်သို့ အလွယ်တကူ လိုက်မလာရဲကြချေ။

"ဒီအရူးကောင်ကတော့ကွာ"

သတ္တမအဆင့် အီသီယိုဆော များသည် စောင့်ဆိုင်းနေသည့်အလား စုပြုံရောက်ရှိလာကြသည်။ ၎င်းတို့သည် အားနည်းနေသော ကျနော့်ကို သူတို့၏ အစာအဖြစ် စားချင်နေကြခြင်းဖြစ်၏။

[နက္ခတ် အမြောက်အမြားသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပါသည်။]

အီသီယိုဆောများကို ကြည့်ရင်း ကျနော့်တွင် အတွေးတစ်ခု ပေါ်လာသည်။ ကျနော့်တွင် မည်သည့်ပါရမီမှ မရှိခဲ့ပေ။ ကျနော် ဘယ်လောက်ပဲ ကြိုးစား လေ့ကျင့်ပါစေ၊ ကျနော် လိုချင်သလောက် ကျွမ်းကျင်လာမည် မဟုတ်ချေ။ သို့သော် ကျနော်သည် အားနည်းသည်ဟု ဆင်ခြေပေးကာ လက်လျှော့လိုစိတ် မရှိပေ။

[သီးသန့်စွမ်းရည် ‘စာမှတ်’ ကို ယခု အသုံးပြုနိုင်ပါပြီ။]

ကျနော် ပိုမိုသန်မာလာနိုင်မည့် နည်းလမ်းမှာ အခြားသူများနှင့် ကွဲပြား၏။

[‘ဇာတ်ကောင် စာမှတ်’ ကို အသုံးပြုလိုက်သည်။]

[အသုံးပြုနိုင်သော စာမှတ်နေရာ - ၄ ခု]

[အသုံးပြုနိုင်သော စာမှတ်စာရင်းကို ဖော်ပြနေပါသည်။]

"တတိယနေရာက ကောလဟာလဖြန့်ဝေသူ ချွန်အင်ဟို ကို ဖယ်ထုတ်ပြီး သားရဲထိန်းသိမ်းသူ ရှင်ယူဆောင်း ကို ထည့်သွင်းမယ်"

[နံပါတ် ၃ စာမှတ်ကို အသုံးပြုလိုက်သည်။]

တောက်ပသော အလင်းတန်းတစ်ခု ကျနော့်ခန္ဓာကိုယ်ကို ဝန်းရံသွားပြီး မိစ္ဆာကောင်များ၏ အနံ့အသက်မှာ ပြောင်းလဲသွားသည်။ အချို့အနံ့များမှာ ရင်းနှီးဖော်ရွေပြီး အချို့မှာမူ ရန်လိုမှုများဖြင့် ပြည့်နှက်နေသည်။ ကျနော် မသိသေးသော လောကတစ်ခု ရှိနေသည်ကို ကျနော် သဘောပေါက်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ လူတစ်ယောက်က လောကကြီးကို မည်သို့ ခံစားသိမြင်နိုင်သလဲဆိုသည်မှာ ထိုလောကအပေါ် ထားရှိသည့် ခံစားနိုင်စွမ်းအပေါ် မူတည်လေသည်။

[စာမှတ် စွမ်းရည်၏ အဆင့်မှာ နိမ့်နေပါသဖြင့် အသုံးပြုနိုင်သည့် အချိန်မှာ တိုတောင်းပါသည်။]

[အသုံးပြုနိုင်သည့် အချိန် - မိနစ် ၃၀]

[ ဤဇာတ်ကောင်အပေါ် သင်၏ သိရှိနားလည်မှုမှာ သိသာထင်ရှားပါသည်။ သင်သည် ရှင်ယူဆောင်း၏ စွမ်းရည်အချို့ကို ရွေးချယ် ထည့်သွင်းနိုင်ပါသည်။]

ဝေးကွာသော နေရာရှိ အီသီယိုဆော တစ်ကောင်မှာ ကျနော်နှင့် စည်းချက်ညီသွားပြီး ကျနော့်ဦးနှောက်ထဲတွင် ရှုပ်ထွေးသော ဆက်သွယ်မှုများ ဖြစ်ပေါ်လာသည်။

[အဆင့်မြင့် ကွဲပြားသော ဆက်သွယ်နိုင်စွမ်း အဆင့် ၃ ကို အသုံးပြုလိုက်ပါသည်။]

[ယဉ်ပါးအောင် ပြုလုပ်ခြင်း အဆင့် ၉ ကို အသုံးပြုလိုက်ပါသည်။]

ကျနော့်နှာခေါင်းမှ သွေးများ စီးကျလာသည်။ ဤသည်မှာ ရှင်ယူဆောင်းနှင့် လီဂီယောင်တို့ အမြဲတမ်း ခံစားနေရသော ခံစားချက်ပင် ဖြစ်လိမ့်မည်။ ကျနော် ဖြည်းညှင်းစွာ ပါးစပ်ဟကာ ပြောလိုက်၏။

"လာခဲ့စမ်း။ ဘုရင်မ မီရာဘတ်"

အခန်း ၁၀၁

- အပိုင်း ၂၀ – ရေလွှမ်းမိုးမှု ကပ်ဘေး (၄)

အီသီယိုဆော ဘုရင်မသည် ရေပြင်ကို တိုးဝှေ့ဖြတ်ကျော်သွားသည်။ သူ၏ လျှပ်စီးသဖွယ် ကိုယ်ခန္ဓာကြီး၏ ခန့်ညားထည်ဝါမှုမှာ ဟန်မြစ် တစ်ခုလုံးကို ပြည့်နှက်သွားစေ၏။ ထိတ်လန့်တုန်လှုပ်သွားကြသော ကိုယ်စားလှယ်များသည် ဟန်မြစ် နှင့် ဝေးရာသို့ ချက်ချင်းပင် ဆုတ်ခွာသွားကြသည်။

"အားးး။ ချီးပဲ"

"အဲ့ဒါက ဘာကြီးလဲ"

အီသီယိုဆော ဘုရင်မကို ရင်ဆိုင်ရချိန်တွင် ခန့်ညားအံ့ဩဖွယ်ရာ ခံစားချက်တစ်ခုကို ကျနော် ခံစားလိုက်ရသည်။ မျိုးစိတ်တစ်ခု၏ အုပ်စိုးရှင်နှင့် ကျနော်ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ရှင်ယူဆောင်း နှင့် လီဂီယောင် တို့သည် မည်မျှအထိ စွမ်းဆောင်နိုင်ခဲ့ကြသည်ကို ကျနော် တစ်ဖန် ပြန်လည် ခံစားမိသွားတော့သည်။

"ငုံ့ပေးစမ်း"

ကျနော့်စကားကြောင့် ဘုရင်မ၏ နှုတ်ခမ်းမွှေးများမှာ ရေပြင်ကို ထိတွေ့လာသည်။ စွမ်းရည်တစ်ခုတည်းကိုပင် အသုံးပြုသော်လည်း တူညီသော အကျိုးသက်ရောက်မှုကို ရရှိရန်မှာ မဖြစ်နိုင်ကြောင်း တစ်ဖန် သိရှိလိုက်ရပြန်သည်။ ယခုအခြေအနေမှာ လိုင်ခါယွန် ၏ လေ၏လမ်းစဉ် ကို ကျနော် အသုံးပြုခဲ့စဉ်ကနှင့် ဆင်တူလှ၏။ အီသီယိုဆော ဘုရင်မအနီးသို့ ချဉ်းကပ်ကာ ငါးကြေးခွံများကို ဆွဲကိုင်ပြီး အပေါ်သို့ ကျနော်တက်လိုက်သည်။

ဘုရင်မ၏ ကိုယ်ခန္ဓာမှာ ကျနော် ထိတွေ့မှုကို ငြင်းဆန်သည့်အလား တုန်ခါသွားသည်။ ဤသည်မှာ ကျနော့်အတွက် အကန့်အသတ်ပင်။ အမှန်အတိုင်းပြောရလျှင် ဘုရင်မနှင့် ဆက်သွယ်ထားရသဖြင့် ကျနော့်ဦးနှောက်၏ ရှေ့ပိုင်းမှာ လောင်မြိုက်နေသကဲ့သို့ ခံစားနေရလေသည်။

ကျနော့်ကို လိုက်လံအမဲလိုက်နေသော ကိုယ်စားလှယ်များကို နောက်တွင် ထားခဲ့ကာ ကျနော် အမိန့်ပေးလိုက်သည်။

"သွားကြစို့"

ထို့နောက် ကျနော်နှင့် ဘုရင်မတို့၏ အားပြိုင်မှုမှာ စတင်လေပြီ။ ဘုရင်မသည် ကျနော့်ကို ကစားနေသည့်အလား ကျနော့်၏ အသက်ရှူနှုန်းကို ဂရုမစိုက်ဘဲ ရေထဲတွင် ကူးခတ်သွား၏။

"အဟွတ်"

ကျနော့်ပုံစံမှာ ရေစိုနေသော ကြွက်တစ်ကောင်နှင့် တူနေကာ အသက်ကို လုရှူနေရသည်။

"ဒါက..."

ပတ်ဝန်းကျင်ရှိ အီသီယိုဆောများသည် ကျနော့်ကို ကြည့်ကာ သဘောကျနေသည့်အလား ကျနော့်ထံသို့ စုပြုံတိုးဝှေ့လာကြသည်။

[ရွှေခေါင်းကွင်း၏အကျဉ်သား နက္ခတ်သည် သင့်ကို ကြည့်ပြီး ရယ်မောနေပါသည်။]

ကျနော်၏ ထိန်းချုပ်မှုမှာ ကမောက်ကမ ဖြစ်နေသော်လည်း ဘုရင်မမှာ ကျနော်သွားလိုသော အရပ်သို့ ဦးတည်နေ၏။ ထိုအရပ်မှာ ယောင်ဆန်-ဂူ ၏ အနောက်တောင်ဘက် ဖြစ်သည်။ ထိုအနောက်တောင်ဘက်တွင် ဟန်မြစ် ရှိ ကျွန်းအနည်းငယ်ထဲမှ တစ်ခုဖြစ်သော နိုဒူဆောင်း ကျွန်းရှိနေလေသည်။ ကျနော် မှတ်မိသလောက်ဆိုလျှင် ထိုကျွန်းသည် ရေလွှမ်းမိုးခြင်း ကပ်ဘေး ပေါက်ဖွားရန် အလားအလာ အရှိဆုံးနေရာ ဖြစ်၏။

「 ပဉ္စမမြောက် ကပ်ဘေးသည် ဟန်မြစ်ရှိ လူလုပ်ကျွန်းတစ်ခုပေါ်တွင် ပေါက်ဖွားခဲ့သည်။ 」

Ways of Survival သည် ခုနှစ်သက္ကရာဇ်များကို အတိအကျ ဖော်ပြထားခြင်းမရှိသော ဝတ္ထုတစ်ပုဒ် ဖြစ်သည်။ သို့ဖြစ်ရာ Ways of Survival သည် မည်သည့်နှစ်ကို အခြေခံထားသည်ကို ကျနော် အတိအကျ မသိရှိပေ။ ကျနော် နေထိုင်ခဲ့သော နှစ်နှင့် နီးစပ်မည်ဟု ထင်ခဲ့သော်လည်း Ways of Survivalမှာ ၁၀ နှစ်ကြာ အခန်းဆက် ရေးသားခဲ့ခြင်းဖြစ်ပြီး နည်းပညာ တိုးတက်မှုများမှာလည်း ကိုက်ညီမှု မရှိပေ။ Ways of Survival တွင် ခေတ်မီပစ္စည်းများအကြောင်း ဖော်ပြချက် အနည်းငယ်သာ ပါရှိပြီး တစ်ခါတစ်ရံတွင် အတည်တကျ သတ်မှတ်ထားသော လက်တွေ့လောက၏ အမည်နာမများကို အသုံးမပြုထားချေ။

ယခု အခြေအနေမှာ ဥပမာတစ်ခုပင်။

'ဟန်မြစ်ထဲက လူလုပ်ကျွန်း... အဲ့ဒါ ဘယ်နေရာမှာလဲ'

မည်သို့ပင်ဆိုစေကာမူ ဖော်ပြချက်များနှင့် ဥက္ကာခဲ၏ အရွယ်အစားတို့အရ နိုဒူဆောင်း ကျွန်းဖြစ်ကြောင်း ကျနော် ဆုံးဖြတ်နိုင်ခဲ့သည်။

ဘုရင်မ၏ ရုတ်တရက် ရပ်တန့်လိုက်မှုကြောင့် ကျနော့်အတွေးများ ပြတ်တောက်သွားသည်။ ကျနော် လိမ့်ဆင်းသွားကာ နိုဒူဆောင်းကျွန်းပေါ်သို့ ပြုတ်ကျသွား၏။ ဘုရင်မ မီရာဘတ် သည် ကျနော့်ကို တစ်ချက်လှမ်းကြည့်ကာ ဟန်မြစ် ထဲသို့ ပျောက်ကွယ်သွားသည်။ ဘုရင်မသည် တကယ့်ကို အသည်းနှလုံးမရှိသော ကောင်မလေးပင်။

[သီးသန့်စွမ်းရည် ‘စာမှတ်’ ပိတ်သွားပါပြီ။]

"ဝေါ့"

မြစ်ရေများကို ပြန်အန်ထုတ်နေစဉ် ကမ္ဘာကြီးမှာ ချာချာလည်နေသည်ဟု ခံစားနေရတော့၏။ ကျနော် ခေါင်းကို မော့လိုက်ရာ နိုဒူဆောင်းကျွန်း၏ မြင်ကွင်းမှာ ကျနော့်ရှေ့တွင် ပြန့်ကားလျက် ရှိနေလေသည်။

နိုဒူဆောင်း သို့ ယခင်က တစ်ခါမှ မရောက်ဖူးသော်လည်း တစ်ခုခုမှာ ထူးဆန်းနေသကဲ့သို့ ကျနော်ခံစားရသည်။ နိုဒူဆောင်း ပေါ်ရှိ သစ်ပင်များသည် ကမ္ဘာကြီး မပျက်စီးမီ အချိန်ကအတိုင်း ရှိနေ၏။

အီသီယိုဆောများမှာ ပျောက်ကွယ်သွားပြီး ကိုယ်စားလှယ်များမှာ မြစ်ကို ဖြတ်ကျော်ရန် ပြင်ဆင်နေကြလေသည်။ ကိုယ်စားလှယ်အချို့ ကောင်းကင်တွင် ပျံသန်းနေသည်ကို ကျနော် မြင်နေရသည်။ သစ်ပင်တစ်ပင်၏ နောက်တွင် ပုန်းအောင်းကာ အသက်ကို အောင့်ထားရင်း သူတို့ကို ကျနော်စောင့်ကြည့်နေလိုက်၏။

"အဲ့ဒီကောင် ဘယ်မှာလဲ။ သူ ဒီကို လာတာ သေချာတယ် မဟုတ်လား"

ပျံသန်းခြင်း နည်းစနစ်ကို သင်ယူထားသူ ဤမျှများပြားလိမ့်မည်ဟု ကျနော် မထင်ထားခဲ့ပေ။ ဤလူများသည် နောက်ပြန်ဆုတ်သူများ မဟုတ်ကြချေ။ သူတို့က ဘာကြောင့် ဤမျှ မြန်မြန် အသားကျနေကြသနည်း။ သူတို့ထဲမှ အများအပြားမှာ နိုဒူဆောင်း ပေါ်သို့ ဆင်းသက်ကာ ပတ်ဝန်းကျင်ကို ရှာဖွေနေကြသည်။

"အကိုကြီး။ ကျနော်တို့ ပတ်ပတ်လည်ကို ရှာကြည့်ရအောင်။ ကျနော် တစ်ယောက်တည်းဆိုရင် သူ့ကို ရင်ဆိုင်ဖို့ ယုံကြည်ချက် မရှိဘူး"

"ငါလည်း သဘောတူတယ်။ မင်း သူ့ခေါင်းပေါ်က ကြယ်တွေကို မြင်လိုက်တယ် မဟုတ်လား။ သူက မိစ္ဆာတစ်ကောင်ပဲ"

"မိစ္ဆာတစ်ကောင်ကို ကိုင်တွယ်တဲ့အခါ သူရဲကောင်းဆန်တဲ့ ဝိသေသတွေ ရှိနေဖို့ မလိုပါဘူး"

"...သူက အနောက်ဘက်က ဘုရင်လောက် သန်မာပါ့မလား"

လူတစ်ယောက်ကို မည်သို့သတ်ရမည်နည်းဟု ဆွေးနွေးနေသော စကားဝိုင်းပင်။ ကျနော့်ကို ယူဂျွန်ဟော့ နှင့် နှိုင်းယှဉ်နေခြင်းမှာ အလွန်ပင် ရှက်ဖို့ကောင်းလှသည်ဟု ကျနော် ထင်မိသည်။ သတ်မှတ်ထားသော အချိန် ကုန်ဆုံးသည့်အထိ ပုန်းနေချင်သော်လည်း ကျွန်းပေါ်ရှိ တောအုပ်ထဲမှ တစ်စုံတစ်ယောက် ထွက်ပေါ်လာသည်။

"ဦးလေးတို့ သတိထားသင့်တယ်နော်။ ကိုယ့်အတွက် ဘာက ကောင်းမလဲဆိုတာ သိရင် ဒီကျွန်းပေါ်က အခုချက်ချင်း ဆင်းသွားကြပါ"

၎င်းမှာ ပြတ်သားသော အသံတစ်ခု ဖြစ်သည်။ ယူနီဖောင်းပေါ်တွင် အနက်ရောင် ဟူဒီဝတ်ထားသော မိန်းကလေးမှာ ထိုလူများထံသို့ လမ်းလျှောက်လာ၏။

"နင်က ဘယ်သူလဲ"

"မကြောက်မရွံ့တတ်တဲ့ လူငယ်တစ်ယောက်ပါ..."

"အားးး ငါ့လက်"

"အားးး"

ထိုမိန်းကလေး၏ ဓါးမှာ လေထဲတွင် ဝေ့ယမ်းသွားပြီး လက်ပြတ်သွားသော လူများ၏ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ အတော်အတန် ငယ်ရွယ်သော ကိုယ်စားလှယ်တစ်ဦးက အော်ပြောလိုက်သည်။

"သူပဲ... သစ္စာရှင်စစ်သူကြီး ရဲ့ ကိုယ်စားလှယ်ဟ"

"ဘာလဲကွာ။ အဲ့ဒီကောင်မလေးက ဘာလို့ ဒီရောက်နေတာလဲ"

"ပြေးကြ။ မြန်မြန်ပြေးကြတော့"

ကိုယ်စားလှယ်များသည် ပျံသန်းခြင်း နည်းစနစ်ကို အလျင်အမြန် အသုံးပြုကြသော်လည်း သူတို့၏ ပါရမီမှာ ကျနော် ထင်သလောက် မြင့်မားခြင်းမရှိချေ။ အချို့မှာမူ အတော်အတန် ကြည့်ကောင်းပါသည်။ သို့ပေသိ သစ္စာရှင်စစ်သူကြီး သည် သူ၏ သူငယ်ချင်းမှ ဆင်းသက်လာသူ ဖြစ်လင့်ကစား မည်သူ့ကိုမဆို သူ၏ ကိုယ်စားလှယ်အဖြစ် အလွယ်တကူ ရွေးချယ်မည် မဟုတ်ပေ။

ထိုမိန်းကလေးက ထက်မြက်သော ဓါးဦးကို ကျနော့်ထံသို့ ချိန်ရွယ်လိုက်သည်။ "ဦးလေးကြီး... ထွက်မလာသေးဘူးလား။ ဦးလေး ခေါင်းပေါ်မှာ ပစ်မှတ်အမှတ်အသားကြီး ရှိနေတာကို ဘာလို့ ပုန်းနေတာလဲ"

ထိုစကားက ကျနော့်ကို သတိရသွားစေသည်။ ကျနော့် ခေါင်းပေါ်တွင် မြှားတစ်ခု ရှိနေဆဲပင်။ ကျနော် သက်ပြင်းချလိုက်ကာ လက်နှစ်ဖက်ကို မြှောက်လျက် တောအုပ်ထဲမှ ထွက်လာခဲ့သည်။

"နင် ငါ့ကို သတ်မလို့လား"

"သတ်ချင်တာပေါ့။ ဒါပေမဲ့ ဆရာကြီးက ဝမ်းနည်းနေလိမ့်မယ်"

ဆံပင်ရှည်ရှည်နှင့် လီဂျီဟယ် က ရယ်မောရင်း ဓါးကို သိမ်းလိုက်သည်။ ကျနော်တို့ မတွေ့ဖြစ်သည့် ၁၀ ရက်အတွင်း သူ၏ ခွန်အားမှာ ပို၍ တိုးတက်လာခဲ့ပေပြီ။

လီဂျီဟယ်က ဒဏ်ရာရထားသော ကျနော့်လက်ကို ကြည့်ကာ ပြောလိုက်သည်။

"ဘယ်လိုလဲ ဦးလေးကြီး... နေကောင်းရဲ့လား။ ကြည့်ရတာတော့ သိပ်မကောင်းပုံပဲ"

"မကောင်းမှန်းသိရင် ဘာလို့ မေးနေသေးတာလဲ။ နင် ဒေးပုံ အထက်တန်းကျောင်းကို ပြန်သွားပြီ ထင်နေတာ။ ဘာလို့ ဒီရောက်နေတာလဲ"

" လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကျမကို ဆရာကြီးလာခေါ်တယ်လေ။ သူ ကျမကို ဘယ်လို ရှာတွေ့သွားလဲတောင် မသိဘူး"

ယူဂျွန်ဟော့ လား။

လီဂျီဟယ်သည် ယူဂျွန်ဟော့ အဖွဲ့၏ အဓိက အဖွဲ့ဝင်တစ်ဦး ဖြစ်သည်ကို ကျနော် သိသော်လည်း လူကိုယ်တိုင် တကူးတက သွားရှာလိမ့်မည်ဟုမထင်ထားခဲ့ချေ။

ကျနော် တည်ငြိမ်စွာလေ့လာစူးစမ်းနိုင်စွမ်း ကို အသုံးပြု၍ လီဂျီဟယ်၏ ကိုယ်ခန္ဓာ စွမ်းရည်များကို ကြည့်လိုက်သည်။ စုစုပေါင်းတန်ဖိုးမှာ ၁၆၀ ကျော်ခန့် ရှိနေ၏။ လီဂျီဟယ်၏ ခွန်အား နှင့် ကိုယ်ခန္ဓာကြံ့ခိုင်မှု မှာ အနည်းငယ် နိမ့်နေပုံရသော်လည်း ပဉ္စမမြောက် ဇာတ်ဝင်ခန်းအတွက် စွမ်းရည် အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထို့ပြင် မိစ္ဆာသုတ်သင်ခြင်း နှင့် ဓါးရေးလေ့ကျင့်ခြင်း တို့မှာလည်း ပိုမို တိုးတက်လာခဲ့သည်။ Ways of Survival ထဲက ဇာတ်ကောင်အားလုံးသည် ကျနော်နှင့် ဝေးနေချိန်တွင် ပို၍ မြန်မြန် တိုးတက်လာကြပုံရသည်။ ကျနော့်ကြောင့် သူတို့အားလုံး စိတ်ပိုင်းဆိုင်ရာ အဟန့်အတားများ ဖြစ်နေခဲ့ကြသလော။

"ဦးလေးကြီးတို့အဖွဲ့ကရော ဘယ်မှာလဲ။ အမဟီဝန်နဲ့ တွေ့ပြီးပြီလား"

"တခြားလူတွေက ယောင်ဆန်-ဂူ မှာ စောင့်နေကြတယ်။ ဟီဝန်နဲ့တော့ မတွေ့ရသေးဘူး"

"နှမြောစရာပဲ။ အမက ဦးလေးကြီးကို တွေ့ချင်နေတာ"

စဉ်းစားကြည့်လျှင် ယောင်ဟီဝန် နှင့် လီဂျီဟယ် တို့သည် အခြေအနေချင်း ဆင်တူကြသည်။ ကျနော် ပတ်ဝန်းကျင်ကို သေသေချာချာ ကြည့်လိုက်ပြီး မေးလိုက်၏။

"နင် ယူဂျွန်ဟော့ နဲ့ အတူလာတာလား"

"ဟင်။ ဦးလေးကြီးက ဘယ်လိုလုပ် အကုန်သိနေတာလဲ"

ထိုအချိန်တွင် နိုဒူဆောင်းကျွန်း၏ အစွန်းဘက်မှ အသံတစ်ခုကို ကျနော် ကြားလိုက်ရသည်။ အီသီယိုဆောများနှင့် တိုက်ခိုက်နေသော ကိုယ်စားလှယ်များသည် တိုက်ပွဲပြီးဆုံးသွားကာ ကျွန်းသို့ ချဉ်းကပ်လာကြသည်။

အချို့မှာ ဘဲလှေများဖြင့် လာကြပြီး အချို့မှာမူ ရေကူး၍ လာကြသည်။ အချို့မှာ လှေများဖြင့် သို့မဟုတ် သီးသန့်စွမ်းရည်များကို အသုံးပြု၍ လာကြ၏။ သူတို့တွေသည် အဖွဲ့လိုက် လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသည်များနှင့်ပင် တူနေတော့သည်။

"ငါ သူ့ကို တွေ့ပြီ။ ဟိုမှာ သူ ရှိနေတယ်"

ကျနော်သည် သူတို့ခရီးစဉ်၏ ထုတ်ကုန်တစ်ခု ဖြစ်နေလေသည်။ လီဂျီဟယ်သည် ကိုယ်စားလှယ်များကို မြင်သောအခါ ဒေါသထွက်သွားသည်။

"ဒီ အမှိုက်တွေကို ဘာလို့ ဒီကို ခေါ်လာတာလဲ"

"ကပ်ဘေးကို ဖမ်းဖို့ သူတို့ကို ခေါ်လာတာလေ"

အချို့သောသူများသည် ကပ်ဘေးအတွက် ပြင်ဆင်နေကြသော်လည်း အားလုံးတော့ မဟုတ်ကြပေ။ မည်သည့်အဖွဲ့အစည်းတွင်မှ မပါဝင်သော သူများသည် ဆိုးလ်မြို့အနှံ့တွင် ပုန်းအောင်းနေကြပြီး တစ်စုံတစ်ယောက်က ပင်မဇာတ်ဝင်ခန်းကို အောင်မြင်အောင် လုပ်ဆောင်ပေးမည်ကို စောင့်ဆိုင်းနေကြသည်။ ထို့နောက်မှ ထွက်ပေါ်လာသော အာဏာလစ်ဟင်းမှုကို အခွင့်ကောင်းယူကာ လှုပ်ရှားကြမည် ဖြစ်သည်။

နောက်ဆုံး ကပ်ဘေးကိုမူ ထိုကဲ့သို့သော ပေါ့ပျက်ပျက် စိတ်ပိုင်းဖြတ်မှုမျိုးဖြင့် မချေဖျက်နိုင်ပေ။ အားလုံးသာ အတူတကွ မတိုက်ခိုက်ကြလျှင်...

"ရှင် ဘာလို့ အဲ့ဒီလို လုပ်တာလဲ။ အဓိပ္ပာယ် မရှိလိုက်တာ"

"ဟင်"

"ကပ်ဘေးဆိုတာ ရှိလာမှာ မဟုတ်ဘူး။ ဆရာကြီးက အားလုံးကို ဖြေရှင်းနေပြီ"

လီဂျီဟယ်ကို မယုံကြည်နိုင်စွာဖြင့် ကျနော် စိုက်ကြည့်နေမိသည်။

"နောက်ဆုံး ကပ်ဘေးက ဘာမှ အန္တရာယ်မရှိတော့ဘူး။ အဲ့ဒီအစား အသုံးမကျတဲ့လူတွေ ကျွန်းပေါ်ကို ပေးမဝင်ဖို့ပဲ... ချီး… သူတို့ ဝင်လာနေကြပြီ"

လီဂျီဟယ်က ဓါးကို တစ်ဖန် ပြန်ထုတ်လိုက်သည်။ ဤသည်မှာ ကျွန်းကို လီဂျီဟယ်ထိန်းချုပ်ထားရသည့် အကြောင်းရင်းပင်။ ကျွန်းသို့ ဝင်ရောက်ခြင်းကို ထိန်းချုပ်နေသူမှာ လီဂျီဟယ် တစ်ယောက်တည်း မဟုတ်ပေ။ ထွားကျိုင်းသော လူတစ်ယောက်သည် ဆိုက်ရောက်လာသော သင်္ဘောတစ်စင်းထံသို့ လက်ယမ်းပြနေသည်။

"အားလုံးပဲ၊ ဒီထဲကို ဝင်ခွင့်မပြုဘူး။ ဒါက အန္တရာယ်ဇုန်ကွ"

"ဘာလဲဟ။ မင်းက ဘယ်သူလဲ"

"၆၅၀၂ တပ်ဖွဲ့က ဒုဗိုလ်တစ်ယောက်ပါ..."

"ဘာတွေ လာပြောနေတာလဲ"

ပျံသန်းလာသော ဓါးမြှောင်တစ်ခုကို ထိုလူက လက်ဖြင့် ဖမ်းယူလိုက်ပြီး ပြောလိုက်သည်။

"...အာဏာပိုင်တွေကို ဆန့်ကျင်တာက အန္တရာယ်ရှိတယ်"

"မ-မင်း"

ထိုဒုဗိုလ်မှာ ဝက်ဝံကြီးတစ်ကောင်နှင့် တူသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ညစ်ပတ်သော မုတ်ဆိတ်မွေးများ ရှိနေသည်။

"ခင်ဗျားကို ဘေးကင်းတဲ့ နေရာကို ပို့ပေးမယ်"

ဒုဗိုလ်သည် ထိုလူကို လက်တစ်ဖက်တည်းဖြင့် မကာ ဟန်မြစ် ၏ တစ်ဖက်ကမ်းသို့ ပစ်ထုတ်လိုက်သည်။ ထိုလူမှာ အရှိန်အဟုန်ဖြင့် ဟန်မြစ် ကို ဖြတ်ကျော်ပျံသန်းသွားပြီး တစ်ဖက်ကမ်းသို့ ကျရောက်သွားလေ၏။

ဒုဗိုလ်က မေးလိုက်သည်။

"နောက်ထပ်လမ်းညွှန်မှု လိုအပ်တဲ့လူ ရှိသေးလား"

"ရူးချင်စရာပဲ။ မိစ္ဆာကြီးဟေ့"

ကိုယ်စားလှယ်များနှင့် ရင်ဆိုင်နေရသော ဒုဗိုလ်၏ မျက်လုံးများသည် ပခုံးပေါ်တွင် တောင်ကြီးတစ်လုံး တင်ထားရသကဲ့သို့ ပင်ပန်းနွမ်းနယ်နေပြီး အလွန်အမင်း စိတ်ပင်ပန်းနေသော မျက်နှာမျိုး ဖြစ်နေ၏။

[ ပင်ပန်းလိုက်တာ... ]

[ ငါတော့ သေတော့မယ် ထင်တယ်... ]

[ ဒေါ့ဂျာ... ခင်ဗျား ဘယ်မှာလဲ ]

"လီဟန်းဆောင်"

ထိုခဏ၌ လီဟန်းဆောင်က ကျနော့်ကို လှမ်းကြည့်လာသည်။ သူ၏ အမူအရာမှာ သဲကန္တာရအလယ်တွင် အိုအေစစ်တစ်ခုကို ရှာတွေ့သွားသကဲ့သို့ပင်။

"ဒေါ့ဂျာ... ဒေါ့ဂျာလား"

လီဟန်းဆောင်က ကျနော့်ထံသို့ ပြေးလာသည်။ ကျနော်ကတော့ အလိုလို နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိသည်။

"ဒေါ့-ဒေါ့ဂျာ။ ကျုပ်ပါ။ လီဟန်းဆောင်ပါ"

ကျနော် စကားပြောရန် ပါးစပ်ဟလိုက်စဉ်မှာပင် အခြားသော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ထပ်မံ ဆိုက်ရောက်လာသည်။

"ဟိုမှာ သူရှိတယ်။ ဖမ်းကြဟေ့"

လီဟန်းဆောင်၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။

"ကျုပ်... ခင်ဗျားတို့ကို ပြောထားတယ်လေ။ ဒါက အန္တရာယ်ဇုန်ပါဆိုနေ"

လီဟန်းဆောင်က လှည့်လိုက်ပြီး မြေပြင်ကို သူ၏ လက်သီးဖြင့် အားပြင်းစွာ ထိုးချလိုက်သည်။

['လီဟန်းဆောင်' ဇာတ်ကောင်သည် 'မဟာတောင်ဖြိုတွန်းအား အဆင့် ၅' အထူးစွမ်းရည်ကို အသုံးပြုလိုက်ပါသည်။]

နိုဒူဆောင်း ကျွန်းတစ်ခုလုံးမှာ သိမ့်သိမ့်တုန်သွားပြီး ကျွန်းအစွန်းများမှာ ပေါက်ကွဲထွက်ကုန်သည်။ ကိုယ်စားလှယ်များ လွင့်စင်သွားကြသည့် ဒုတိယမြောက် မြင်ကွင်းကို ကြည့်ရင်း ကျနော် မှင်သက်သွားမိသည်။

မအေဘေးယူဂျွန်ဟော့။ လူတစ်ယောက်ကို ဘယ်လိုများ လေ့ကျင့်ပေးထားတာလဲ။

ဝမ်းသာအားရ ဖြစ်နေသော လီဟန်းဆောင်ကို ကျနော်မေးလိုက်သည်။

"ယူဂျွန်ဟော့ ဘယ်မှာလဲ"

လီဟန်းဆောင်၏ မျက်နှာမှာ အနည်းငယ် ဝမ်းနည်းရိပ် သန်းသွားသည်။

" သူက ကျွန်းရဲ့ အလယ်ဗဟိုမှာ ရှိနေပါတယ်။ အဲ့ဒါက..."

"ကျနော် အခုချက်ချင်း ပြန်လာခဲ့မယ်။ အဲ့ဒီကျမှ စကားပြောကြတာပေါ့"

ကျနော် လီဟန်းဆောင်၏ အကြည့်ကို လျစ်လျူရှုကာ ကျွန်း၏ အလယ်ဗဟိုသို့ ပြေးသွားလိုက်သည်။ လီဟန်းဆောင်ကို မေးစရာတွေ အများကြီး ရှိသော်လည်း ယခုက အချိန်မဟုတ်သေးပေ။ ကျနော် တစ်ခုခုကို အမြန် စစ်ဆေးရပေမည်။

တောအုပ်ထဲတွင် ကျနော် ဘယ်လောက်ကြာကြာ လမ်းလျှောက်ခဲ့မှန်းပင် မသိတော့ချေ။ တောအုပ်အလယ်တွင် နစ်ဝင်နေသော ဧရာမ ဥက္ကာခဲကြီးကို နောက်ဆုံးတွင် တွေ့လိုက်ရ၏။ ထို ဥက္ကာခဲကြီး၏ အရွယ်အစားမှာ အခြားသော ဥက္ကာခဲများနှင့် ယှဉ်လျှင် အဆမတန် ကြီးမားလှသည်။ မျက်နှာပြင်ပေါ်က အနီရောင် အရှိန်အဝါများက သေချာပေါက် ပျက်စီးခြင်းကို ဆိုလိုနေ၏။ ထို ဥက္ကာခဲကြီး၏ ရှေ့တွင် အမျိုးသမီးတစ်ဦး ရပ်နေလေသည်။

"ဟမ်... ရှင်က..."

လီဆောဟွာ ကို မြင်လိုက်ရသောကြောင့် ကျနော့်မျက်နှာ အမူအရာ ပြောင်းလဲသွားစဉ်မှာပင် ကျနော် ရှာနေသော လူမှာ ဥက္ကာခဲ၏ နောက်ကွယ်မှ ထွက်လာသည်။

"ယူဂျွန်ဟော့"

ယူဂျွန်ဟော့မှာ အေးအေးဆေးဆေးပင် ထိုနေရာတွင် ရပ်နေပြီး တည်ငြိမ်သော အရှိန်အဝါများကို ထုတ်လွှင့်နေသည်။ ကျနော် သူ့ကို မေးလိုက်သည်။

"မင်း အခု ဘာလုပ်နေတာလဲ"

"မင်းမှာ အနာဂတ်မြင်ကွင်း ရှိနေတာပဲ။ သိနေရမှာပေါ့"

ထို တည်ငြိမ်လွန်းသော အဖြေကြောင့် ကျနော် စကားမဲ့သွားရသည်။ ဧရာမ ကပ်ဘေး ဥက္ကာခဲကြီး၏ အလယ်တွင် အဝါရောင် ဥက္ကာခဲကလေးက နစ်ဝင်နေ၏။ ယူဂျွန်ဟော့ ဘာကြောင့် ဒီနေရာကို အမြန်လာချင်နေရသလဲဆိုသည်ကို ကျနော် ချက်ချင်း သတိပြုမိလိုက်သည်။

"မင်းက လမ်းညွှန် ဥက္ကာခဲကို ကပ်ဘေးဆီ အစာကျွေးနေတာလား"

"လမ်းညွှန်တွေက နောက်ဆိုရင် အနှောင့်အယှက်ဖြစ်ရုံပဲ ရှိမှာလေ။ သူတို့ကို ငါတို့ဘက်က ရင်ဆိုင်နိုင်တုန်းမှာပဲ သတ်ပစ်လိုက်တာက ပိုကောင်းတယ်"

ကျနော်၏မကောင်းသော ခံစားချက်များမှာ အမြဲတမ်း မှန်ကန်နေခဲ့သည်။ ဤမအေဘေးသည် ကပ်ဘေးကို စောစီးစွာ ပေါက်ဖွားလာအောင် ကြံစည်နေခြင်း ဖြစ်၏။ သူသည် လီဆောဟွာ ၏ ချစ်သူ ဖြစ်ခဲ့သည်မှာ အကြောင်းမဲ့ မဟုတ်ပေ။

"မဟုတ်ဘူး။ ဘာလို့လဲ။ လမ်းညွှန်ကို ဖယ်ထားဦး၊ မင်းက ဘာလို့ ကပ်ဘေးကို စောစောနိုးအောင် လုပ်နေရတာလဲ။ မင်း ရူးသွားပြီလား"

ယူဂျွန်ဟော့၏ မျက်လုံးများတွင် အနည်းငယ် စိတ်ပျက်ရိပ် သန်းသွားရင်း ပြန်ဖြေသည်။

"မင်း ဒီတစ်ခါတော့ အများကြီး သိပုံမရဘူးပဲ"

"ဘာလဲ"

"ဒီကပ်ဘေးက ငါ့ရဲ့ ယခင်ဘဝက လုပ်ဖော်ကိုင်ဖက်ပဲ"

ဒါကို ဘယ်သူက မသိဘဲ နေမှာလဲ။

ယူဂျွန်ဟော့က မာနထောင်လွှားသော အမူအရာဖြင့် ကြေညာလိုက်သည်။

"ဒါကြောင့် ဒီကပ်ဘေးက ဘေးကင်းတယ်"

...ဘေးကင်းတယ် ဟုတ်လား။

ကျနော့်ခေါင်းထဲတွင် အတွေးများစွာ ဖြတ်ပြေးသွားသည်။

...ဂျွန်ဟော့။ အင်း။ တစ်ခါတလေကျရင် သူက သိပ်ကို ရိုးအလွန်းတယ်။

[ရေလွှမ်းမိုးခြင်း ကပ်ဘေး ပေါက်ဖွားလာပါပြီ။]

ယူဂျွန်ဟော့ထံမှ အကူအညီကို အကြိမ်အနည်းငယ် ရရှိခဲ့သောကြောင့် ကျနော် ခဏ မေ့လျော့နေခဲ့မိသည်။ ကျနော့်ရှေ့က ဤလူမှာ အကြိမ်ပေါင်း တစ်ရာကျော် သေဆုံးပြီးမှ အဆုံးသတ်ဆီသို့ တစ်လှမ်းချင်း ခဲယဉ်းစွာ လှမ်းခဲ့ရသူ ဖြစ်သည်ဆိုသည်ကို ကျနော် မေ့နေခဲ့မိခြင်းဖြစ်၏။

All Chapters