အခန်း (၁၀၂-၁၀၄)
Vol. 7 Ch. 102-104
အခန်း ၁၀၂
- အပိုင်း ၂၀ - ရေလွှမ်းမိုးမှု ကပ်ဘေး (၅)
အခြေအနေများမှာ ရှင်းလင်းသွားခဲ့လေပြီ။ ယခု ယူဂျွန်ဟော့သည် သူ မယုံကြည်သင့်သော အရာတစ်ခုကို ယုံကြည်နေခြင်း ဖြစ်၏။
လီဆောဟွာ ဘက်သို့ လှည့်၍ ကျနော်အော်ဟစ်လိုက်၏။
"လီဆောဟွာ။ ကလေးတွေကို ခေါ်ပြီး ဒီကျွန်းကနေ အခုချက်ချင်း ထွက်သွားတော့။ ရေလွှမ်းမိုးမှု ကပ်ဘေးက အရင်ကနဲ့ မတူဘူး။ ငါတို့အားလုံး စုပေါင်းပြီး တိုက်ခိုက်ရမယ်။ ငါတို့အားလုံး စုပေါင်းပြီး မတိုက်ခိုက်ရင်တော့―"
"ကင်ဒေါ့ဂျာ၊ မသေချင်ရင် ငါ့ကို လာမနှောင့်ယှက်နဲ့"
ယူဂျွန်ဟော့သည် ကျနော့်နောက်သို့ ရောက်လာပြီး လည်ပင်းကို လာရောက် ဖမ်းချုပ်လိုက်သည်။ ရုတ်တရက် ကျနော့်ကိုယ်ခန္ဓာမှာ အင်အားများ ဆုတ်ယုတ်သွားပြီး ဒူးထောက်လျက်သား လဲကျသွား၏။
နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ကျနော်ပြောလိုက်သည်။
"ယူဂျွန်ဟော့၊ ငါပြောတာ နားထောင်စမ်း။ အခု နိုးထလာတဲ့ ရှင်ယူဆောင်းက မင်းသိတဲ့ ရှင်ယူဆောင်း မဟုတ်ဘူး။ မင်း သူနဲ့ တွေ့လိုက်တာနဲ့..."
ကျနော် နောက်ထပ် ပြောလိုသေးသော်လည်း ကျနော့်အသံမှာ ကြွက်အော်သံကဲ့သို့ ပြောင်းလဲသွားသည်။
ချီးပဲလေ။
ယူဂျွန်ဟော့က ကျနော့်သွေးကြောထဲသို့ ထည့်သွင်းလိုက်သော စွမ်းအင်များကို ပြန်လည် လျှော့ချရန် 'သွေးကြောပိတ်' စွမ်းရည်ကို ကျနော်အသုံးပြုလိုက်ရလေသည်။ ယခုတော့ ကျနော် သူ့ကို နှိမ်နင်းမှ ဖြစ်တော့မည်...
မှန်ပေသည်၊ ဆိုးလ်မြို့တွင် ယူဂျွန်ဟော့ကို နှိမ်နင်းနိုင်သူ မည်သူမျှ မရှိချေ။ မဟုတ်သေး၊ တစ်ယောက်တော့ ရှိပေသည်။ ထိုသူမှာ အခုပင် ရောက်ရှိလာတော့မည် ဖြစ်၏။
[ရေလွှမ်းမိုးမှု ကပ်ဘေး နိုးထလာနေပါပြီ။]
ထိုမက်ဆေ့ချ်နှင့်အတူ ဥက္ကာခဲအတွင်းမှ အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် ဥက္ကာခဲမှာ စတင် ကွဲအက်လာလေပြီ။
အလယ်အလတ် ဒိုကဲဘီ ၏ အသံကို ကြားလိုက်ရသည်။
[ဆိုးလ်က ကိုယ်စားလှယ်တွေက တကယ့်ကို စိတ်မြန်လက်မြန် ရှိကြတာပဲ။ တခြား နယ်မြေတွေကတော့ ကပ်ဘေးကို နိုးထအောင် လုပ်ဖို့ ဝေးစွ၊ ကပ်ဘေးကို ရှောင်ရှားဖို့တောင် အလူးအလဲ ကြိုးစားနေကြရတာ...]
ဘီဟွန်း အနေဖြင့် အချိန်ဆွဲထားရန် မလွယ်ကူတော့ချေ။
[မင်းတို့ရဲ့ ပထမဆုံး အဖော်တွေကို လွမ်းနေလား။ ကဲ… ကပ်ဘေးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြတော့။ မင်းတို့ရဲ့ အဖော်တွေက အခြားကမ္ဘာမှာ စောင့်နေကြတယ်]
[အဓိကဇာတ်ဝင်ခန်းသစ် တစ်ခု ရောက်ရှိလာပါပြီ။]
[အဓိကဇာတ်ဝင်ခန်း # ၅ – ရေလွှမ်းမိုးမှု ကပ်ဘေး]
အမျိုးအစား
အဓိက
ခက်ခဲမှု
SS
ပြီးမြောက်ရန် အခြေအနေ
ရေလွှမ်းမိုးမှု ကပ်ဘေး ရှင်ယူဆောင်း’ ကို သတ်ပါ။
အချိန်ကန့်သတ်ချက်
-
ဆုလာဘ်
ဒင်္ဂါး ၁၀၀,၀၀၀၊ ???
ကျရှုံးမှု
ဆိုးလ်မြို့ ပျက်သုဉ်းမည်။
ကြီးမားသော ဥက္ကာခဲကြီးမှာ ကွဲအက်သွားပြီး သားအိမ်တစ်ခုနှင့်တူသော အတွင်းပိုင်းထွက်ပေါ်လာသည်။ ဝတ်လစ်စလစ် ဖြစ်နေသော အမျိုးသမီး တစ်ဦးမှာ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုကဲ့သို့ အတွင်း၌ ပိတ်မိနေ၏။
ထိုအမျိုးသမီးမှာ ဖြူစင်သော အသားအရေရှိသည့် နက်နဲဆန်းကြယ်သော အမျိုးသမီး တစ်ဦး ဖြစ်သည်။ ထိုအမျိုးသမီးသည် လှပသော ဆံပင်များကို မြင်းမြီးပုံစံ စည်းထားပြီး ခန္ဓာကိုယ်ကို ပတ်ထား၏။ ထိုအမျိုးသမီးမှာ အရွယ်ရောက်ပြီးသော ရှင်ယူဆောင်း ၏ အသွင်အပြင်ပင် ဖြစ်လေသည်။
"မိန်းကလေး တစ်ယောက်လား"
"ဒါက ဘာလဲ။ အဲ့ဒါက ကပ်ဘေးလား"
လီဂျီဟယ် နှင့် လီဟန်းဆောင်တို့မှာ ရပ်တန့်သွားကြပြီး အချို့သော ကိုယ်စားလှယ်များမှာလည်း ရှင်ယူဆောင်းကို တိတ်တဆိတ် ကြည့်နေကြသည်။ သူတို့သည် စွမ်းအားကွာခြားမှုမှာ အလွန်ကြီးမားနေသည်ကို ခံစားမိပုံ ရ၏။
[သီးသန့်စွမ်းရည် 'Fourth Wall' က သင်၏ စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှုကို လျှော့ချပေးလိုက်ပါသည်။]
ရေလွှမ်းမိုးမှု ကပ်ဘေး မှာ အခြား ကပ်ဘေးများနှင့် မတူချေ။ တခြားကပ်ဘေးများမှာ စောစီးစွာ နိုးထလာခြင်းကြောင့် အားနည်းသွားကြသော်လည်း ရေလွှမ်းမိုးမှု ကပ်ဘေးတွင်တော့ ထိုကဲ့သို့သော အဖြစ်မျိုး မရှိချေ။ ရေလွှမ်းမိုးမှု ကပ်ဘေး မှာ စောစောနိုးထလေ ပို၍ အစွမ်းထက်လေ ဖြစ်ပေသည်။
ရှင်ယူဆောင်း မျက်လုံးဖွင့်လိုက်သည့် အခါတွင် ရှင်ယူဆောင်း၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် အဖြူရောင် အမွေးအမျှင်များ ပေါက်လာသည်။ ထိုအဖြူရောင် အမွေးအမျှင်များမှာ သားရဲတစ်ကောင်၏ သားရေနှင့် ဆင်တူပြီး ရှင်ယူဆောင်း၏ ခန္ဓာကိုယ်ကို အဝတ်အစားတစ်ခုကဲ့သို့ ဖုံးအုပ်လိုက်၏။
ရှင်ယူဆောင်း သည် ဥက္ကာခဲအတွင်းမှ ဖြည်းညှင်းစွာ ထွက်လာပြီး မြေပြင်ပေါ်သို့ ခြေချလိုက်သည်။ ရှင်ယူဆောင်းသည် ပထမဆုံး ခြေလှမ်းလှမ်းသည့် ကလေးငယ်တစ်ဦးနှင့် တူလှ၏။ သူမ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ အေးခဲသွားကြသည်။
ရှင်ယူဆောင်းမှာ အခြားသူများနှင့် ကွဲပြားသော စွမ်းအားရှိသည့် မျိုးစိတ်တစ်ခု ဖြစ်၏။ ကိုယ်စားလှယ်များထဲမှ အစွမ်းထက်သူများပင်လျှင် လှုပ်ရှားရန် ခဲယဉ်းနေကြပေပြီ။ သို့သော် ရှင်ယူဆောင်း၏ ဖိအားကို မည်သို့မျှ မခံစားရသော သူတစ်ယောက် ရှိနေလေသည်။
"ငါ နင့်ကို စောင့်နေတာ…ရှင်ယူဆောင်း"
ရှင်ယူဆောင်း သည် ထိုလူ့ထံသို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်၏။
"...ခေါင်းဆောင်လား"
ခဏတာ တွေ့ဆုံမှု ဖြစ်သော်လည်း ရှင်ယူဆောင်း သည် တစ်ခုခုကို ချက်ချင်း သဘောပေါက်သွားသည်။
"ခေါင်းဆောင်က ကျမကို စောင့်နေတာလား... ကျမကို မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူးပေါ့လေ။ ဟုတ်တယ်မလား"
ယူဂျွန်ဟော့က ခေါင်းညိတ်ပြလိုက်သည်။
"ငါ နင့်ရဲ့ အကူအညီကို လိုအပ်တယ်"
"ဒါနဲ့ အခု ခေါင်းဆောင်က ဘယ်နှစ်ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်း မှာ ရောက်နေတာလဲ"
"ဘာဖြစ်လို့ သိချင်ရတာလဲ"
"ကျမ သိမှ ဖြစ်မယ်"
ယူဂျွန်ဟော့သည် ခဏတာ တုံ့ဆိုင်းသွားပြီးမှ ပြန်လည် ဖြေကြားလိုက်၏။
"တတိယအကြိမ်မြောက်ပါ"
"ဪ၊ ဟုတ်သားပဲ... ဒါဆိုရင် ဒုတိယမြောက် နောက်ပြန်ဆုတ်ခြင်း တုန်းက ခေါင်းဆောင် ကျမနဲ့ တွေ့ခဲ့တာပေါ့။ ဟုတ်တယ်မလား"
"ဟုတ်ပါတယ်"
ရှင်ယူဆောင်းသည် ဒုတိယမြောက် နောက်ပြန်ဆုတ်ခြင်းတွင် ယူဂျွန်ဟော့အား ၄၆ ခုမြောက် ဇာတ်ဝင်ခန်းအထိ ရောက်ရှိစေနိုင်အောင် ကူညီပေးခဲ့သည်။
ရေလွှမ်းမိုးမှု ကပ်ဘေး ဆိုသည်မှာ ၄၁ ခုမြောက် ကမ္ဘာ့လိုင်းမှ ရှင်ယူဆောင်း ဖြစ်၏။ ရှင်ယူဆောင်းသည် ၄၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းမှ ယူဂျွန်ဟော့ကြောင့် ယခင်အတိတ်ကာလသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ရှင်ယူဆောင်းသည် သူ၏ ကမ္ဘာကြီးမှ စွန့်ပစ်ခြင်း ခံခဲ့ရပြီး နှစ်ပေါင်းများစွာ ခရီးနှင်ခဲ့ရကာ နောက်ဆုံးတွင် အတိတ်ကာလ ကမ္ဘာမြေ၏ ဇာတ်ဝင်ခန်းတစ်ခုအတွင်းသို့ ဆင်းသက်လာခဲ့ခြင်း ဖြစ်ပေသည်။
"ဒါက တတိယအကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းပဲ။ ပြီးခဲ့တဲ့ အခေါက်က ကျမ အချက်အလက်တွေ ပေးခဲ့ပါလျက်နဲ့ ခေါင်းဆောင်က ကျရှုံးနေတုန်းပဲလား"
"ဒါကြောင့်မို့လို့ နောက်ထပ် အချက်အလက်တွေ ငါလိုအပ်တာပေါ့"
ဒုတိယမြောက် နောက်ပြန်ဆုတ်ခြင်းတွင် ရှင်ယူဆောင်းသည် ယူဂျွန်ဟော့ကို ရွေးချယ်ခဲ့ပြီး သိသမျှ အချက်အလက်အားလုံးကို ပေးအပ်ခဲ့သည်။ ထိုသို့ပေးအပ်ခဲ့ခြင်းမှာ သိကျွမ်းခဲ့သည့် ယူဂျွန်ဟော့အပေါ် နောက်ဆုံးသော ထောက်ထားညှာတာမှုပင် ဖြစ်၏။ သို့သော် ၎င်းမှာ ဒုတိယအကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်း အတွက်သာ ဖြစ်ပေသည်။
ရှင်ယူဆောင်းက စကားစလိုက်သည်။
"...နှစ်ပေါင်း ထောင်ချီ ကြာခဲ့ပြီ"
ရှင်ယူဆောင်း၏ အမူအရာတွင် နှစ်ပေါင်းများစွာ စုပုံလာခဲ့သည့် ပင်ပန်းနွမ်းနယ်မှုများကို ကျနော် ခံစားမိလိုက်သည်။ ၄၁ ကြိမ်မြောက် ယူဂျွန်ဟော့ လုပ်ဆောင်ခဲ့သည့် အရာများသည် လူသတ်မှုထက်ပင် ပို၍ ဆိုးရွားလှပေသည်။ နှစ်ပေါင်း ထောင်ချီမျှ ကြာမြင့်သော အချိန်ကာလသည် လူတစ်ယောက်ကို ပြိုလဲသွားစေရန်နှင့် သူတို့၏ အတ္တများကို ပျက်စီးသွားစေရန် လုံလောက်လှပေသည်။ ရှင်ယူဆောင်းသည် ထိုအချိန်အားလုံးကို ကြံ့ကြံ့ခံခဲ့ပြီး နောက်ဆုံးတွင် ကပ်ဘေးတစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်၏။
"ခေါင်းဆောင်၊ ကျမ ဘယ်လောက်တောင် ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရလဲ သိလား။ ခေါင်းဆောင်ရဲ့ တောင်းဆိုချက်ကို လိုက်နာဖို့အတွက် ကျမ ဒီနှစ်တွေအားလုံးကို အံတုခဲ့တာ"
"...နင် ဘာကို ဆိုလိုတာလဲ"
"ကျမ ခေါင်းဆောင်ကို တွေ့ချင်နေခဲ့တာ"
ယူဂျွန်ဟော့သည် ရှင်ယူဆောင်း၏ အပြုံးနောက်ကွယ်မှ စိတ်ပျက်အားငယ်မှုများကို မြင်နိုင်စွမ်း မရှိချေ။ သူသည် ဘာကိုမျှ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"၄၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းက အချက်အလက်တွေ အကုန်ပေး။ အနာဂတ်က ငါကရော ဘာပြောလိုက်သေးလဲ"
ကျနော် သူ့ကို အော်ဟစ်လိုက်ချင်သော်လည်း အသံမှာ ထွက်မလာခဲ့ချေ။ ရှင်ယူဆောင်း၏ မျက်လုံးများမှာ မုန်တိုင်းဗဟိုချက်ကဲ့သို့ တည်ငြိမ်နေ၏။ ရှင်ယူဆောင်း၏ မျက်လုံးထဲတွင် နက်ရှိုင်းစွာ ဖုံးကွယ်ထားသော လှိုင်းထန်နေသည့် ခံစားချက်များကို ကျနော် တစ်ယောက်တည်းသာ ဖတ်ရှုနိုင်ပေသည်။
「 ဘာမှ ပြောင်းလဲမသွားဘူး 」
ယူဂျွန်ဟော့ကြောင့် ရှင်ယူဆောင်းသည် ကမ္ဘာပေါင်းစုံ၏ ဝင်္ကပါထဲတွင် နှစ်ပေါင်း ၁,၀၀၀ ကျော် တစ်ကိုယ်တည်း ဖြတ်သန်းခဲ့ရသည်။ ရှင်ယူဆောင်းသည် လူသားမျိုးနွယ်အတွက် နှစ်ပေါင်း ၂၀၀ ကြာ အလုပ်လုပ်ပေးခဲ့သည်။ ကမ္ဘာကြီးကို ကာကွယ်ပေးမည်ဟူသော ရှင်ယူဆောင်း၏ ကတိကို နှစ်ပေါင်း ၂၀၀ တိုင်အောင် စောင့်ထိန်းခဲ့သည်။ ထို့နောက် ကျန်ရှိသော နှစ်ပေါင်း ၂၀၀ တွင်မူ ရှင်ယူဆောင်းသည် ယူဂျွန်ဟော့နှင့် အဖော်များကိုသာ သတိရနေခဲ့၏။
နှစ်ပေါင်းများစွာအတွင်း ရှင်ယူဆောင်းသည် ကိုယ့်ကိုကိုယ် ကာကွယ်ရန်အတွက် လက်တစ်ဆုပ်စာမျှသာ ရှိသော အမှတ်တရများကို အသုံးပြုခဲ့သည်။ သို့သော် ရှင်ယူဆောင်း သတိရလေလေ မေးခွန်းများ ပိုထွက်လာလေလေ ဖြစ်၏။
「 ဒါတွေအားလုံးက ဘာအဓိပ္ပာယ်ရှိလို့လဲ 」
အချိန်ကာလသည် ရှင်ယူဆောင်း၏ ရည်ရွယ်ချက်နှင့် တရားမျှတမှုဟူသော ခံစားချက်များကို ဖျက်ဆီးပစ်လိုက်သည်။ ထိုရည်ရွယ်ချက်များ ပျောက်ကွယ်သွားသည့်အခါ သနားစရာကောင်းသော လူသားဆန်သည့် အမှန်တရားသာ ကျန်ရစ်တော့၏။
ရှင်ယူဆောင်းနှင့် သူမ၏ အဖော်များကို 'နောက်ပြန်ဆုတ်ခြင်း' ၏ ကိရိယာတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့သည့် ယူဂျွန်ဟော့အပေါ် နာကျည်းမှုကို ရှင်ယူဆောင်းခံစားလိုက်ရသည်။ ကမ္ဘာကြီးကို ဆုံးရှုံးလိုက်ရသည့် အထီးကျန်မှုနှင့် စိတ်ပျက်အားငယ်မှုများမှာ ရှင်ယူဆောင်း၏ အရိုးထဲအထိ စိမ့်ဝင်နေလေသည်။ ရှင်ယူဆောင်းသည် သူ့အား ဤကဲ့သို့ ဖြစ်အောင် လုပ်ခဲ့သည့် ယူဂျွန်ဟော့ကို မုန်းတီးနေခဲ့သည်။
"ခေါင်းဆောင်က ဘယ်တော့မှ ပြောင်းလဲမသွားဘူးပဲ"
"မလိုအပ်တာတွေ မပြောဘဲ အချက်အလက်တွေပဲ လွှဲပေးစမ်း။ ငါ့မှာ အချိန်မရှိဘူး"
"ခေါင်းဆောင်အတွက် 'ကျမတို့' က ဘာလဲ"
"...ဘာ"
"ကျမ ခေါင်းဆောင်အတွက် အရာအားလုံး လုပ်ပေးခဲ့တယ်။ ကျမ ခေါင်းဆောင်ကို အခွင့်အရေး တစ်ခု ပေးခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင်က အခုထိ ဒီမှာပဲ ရှိနေတုန်းပဲ"
ရှင်ယူဆောင်းသည် ဒုတိယမြောက် နောက်ပြန်ဆုတ်ခြင်းတွင် ယူဂျွန်ဟော့ကို ကျေးဇူးရှိစွာ ကူညီပေးခဲ့၏။
"ခေါင်းဆောင်ကတော့ ရှေ့ကိုပဲ ဆက်သွားနေမှာပဲ။ ခေါင်းဆောင်က ကျမလို လူတွေကို ကိရိယာတွေအဖြစ် ပြောင်းလဲပြီး ကြောက်စရာကောင်းတဲ့ ကမ္ဘာပေါင်းစုံရဲ့ ဝင်္ကပါထဲမှာ စွန့်ပစ်ခဲ့လိမ့်မယ်။ ဒါတွေအားလုံးက အဲ့ဒီ အမှိုက်လို တရားမျှတမှုဆိုတဲ့ ခံစားချက်တွေကြောင့်ပဲ။ ဒီကမ္ဘာမှာ တစ်ကိုယ်တည်း ရှင်သန်နေတဲ့ ခေါင်းဆောင်ကို ကျမ မုန်းတယ်"
ယခုတော့ ရှင်ယူဆောင်းသည် တတိယမြောက် နောက်ပြန်ဆုတ်ခြင်းမှ ယူဂျွန်ဟော့ကို ရင်ဆိုင်နေပြီ ဖြစ်သည်။
"ခေါင်းဆောင်ကို ကျမ ပြောပြမယ့် အရာ တစ်ခုပဲ ရှိတယ်။ ခေါင်းဆောင်က ဘယ်သူ့ကိုမှ မကယ်တင်နိုင်ဘူး"
ရှင်ယူဆောင်းက ရယ်မောလိုက်သည်။
"ခေါင်းဆောင်ရဲ့ တတိယမြောက် နောက်ပြန်ဆုတ်ခြင်းဟာ ဒီမှာတင် အဆုံးသတ်သွားပြီ"
ရှင်ယူဆောင်း၏ လက်များမှ အလင်းတန်းများ ထွက်ပေါ်လာချိန်မှာပင် သွေးကြောပွင့်အောင်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည် လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ရှိသမျှ အင်အားဖြင့် ကျနော် ပြေးထွက်သွားသော်လည်း အီသာမုန်တိုင်း၏ ရိုက်ခတ်ခြင်းကိုသာ ခံလိုက်ရ၏။
"ဖယ်စမ်း။ ယူဂျွန်ဟော့"
ကျနော့်ဝမ်းဗိုက်မှာ ပွင့်ထွက်သွားပြီး ကျနော့်စိတ်ထဲတွင် ဘာမှ မရှိတော့ဘဲ ဗလာ ဖြစ်သွားလေသည်။ ကျွန်း၏ အလယ်ဗဟိုတွင် ကြီးမားသော တွင်းကြီး တစ်ခု ဖြစ်ပေါ်သွား၏။ ကျနော်နှင့် ယူဂျွန်ဟော့သည် လေထဲသို့ လွင့်စင်သွားပြီးနောက် မြေပြင်ပေါ်တွင် ခဏတာ လိမ့်ထွက်သွားသည်။
နာလိုက်တာ။ ချီးပဲ။
တကယ်ကို နာကျင်လှပေသည်။
"...ကင်ဒေါ့ဂျာ"
အံ့အားသင့်သွားသော ယူဂျွန်ဟော့သည် လဲကျနေသည့် ကျနော့်ကို ငုံ့ကြည့်လိုက်သည်။
ကျနော့်အသက်ရှူသံများ မြန်ဆန်နေပြီး ကောင်းကင်ကြီးမှာ အဝါရောင် ပြောင်းသွားလေပြီ။ ယခုအချိန်အထိ ကျနော်ကံကောင်းခဲ့သည်မှာ အမှန်ပင် ဖြစ်၏။ တစ်ခုလောက် မှားယွင်းသွားရုံဖြင့် ကမ္ဘာကြီးမှာ ပျက်စီးသွားပေတော့မည်။
"ကင်ဒေါ့ဂျာ"
မအေဘေး။ အော်ကြီးဟစ်ကျယ်တွေ လုပ်နေဖို့ မလိုပါဘူးဟ။
ယူဂျွန်ဟော့ကို ပြုံးပြလိုက်ပြီး ကျနော်ပြောလိုက်သည်။
"ဟေ့၊ ငါ့ကို သတ်လိုက်စမ်းပါ။ မင်း ငါ့ကို သတ်ချင်နေတာပဲ မဟုတ်လား"
"မင်း ဘာကို ဆိုလိုတာလဲ"
"တစ်မိနစ်ပဲ ကျန်တော့လို့ ငါ့ကို သတ်ခွင့်ပေးမယ်။ သတ်လိုက်စမ်း"
ယူဂျွန်ဟော့သည် ကျနော့်ဝမ်းဗိုက်ကို ကြည့်လိုက်သည်။ ကျနော့်ဝမ်းဗိုက်ကို ကျနော်ထိကြည့်ချင်သော်လည်း ဘာမှ မရှိတော့သကဲ့သို့ ခံစားနေရ၏။ ကျနော့်ပါးစပ်မှ သွေးများ တောက်လျှောက် ထွက်ပေါ်လာပြီး အန်ချင်လာသည်အထိ ခေါင်းမူးနေပေသည်။ အသက်ရှူရန်အတွက် အပြင်းအထန် ကျနော်ကြိုးစားနေရ၏။
[သီးသန့်စွမ်းရည် 'Fourth Wall' က နာကျင်မှု အချို့ကို လျှော့ချပေးလိုက်ပါသည်။]
'Fourth Wall' သာ မရှိပါက ကျနော် အော်ငိုနေရလောက်ပေလိမ့်မည်။ ယခင်အကြိမ်ကမူ တစ်ချက်တည်းနှင့် သေဆုံးသွားခဲ့သောကြောင့် ဤသို့ မခံစားခဲ့ရပေ။
"နေဦး ကင်ဒေါ့ဂျာ။ အခုထိ နောက်မကျသေးဘူး"
"နောက်ကျသွားပြီ"
"မကျသေးဘူး"
"မင်း ငါ့ကို အခုသတ်ရင် ဒင်္ဂါးတွေ ရနိုင်တယ်။ ငါက သေနေပြီသားပဲ။ ငါ့ကိုသာ သတ်လိုက်စမ်းပါ"
ယူဂျွန်ဟော့သည် ကျနော် မမြင်ရသည်မှာ ကြာပြီဖြစ်သော အမူအရာတစ်ခုကို ပြုလုပ်လိုက်၏။ ၎င်းမှာ မြေအောက်ရထားပေါ်တွင် ကျနော့်ကို သူ ပထမဆုံး စတွေ့စဉ်က အမူအရာမျိုးပင် ဖြစ်သည်။
"ငါ မလုပ်နိုင်ဘူး"
ကျနော့်အမြင်အာရုံများ ဝေဝါးလာသည်။ ယူဂျွန်ဟော့က သွေးတိတ်အောင် ကြိုးစားနေသည်ကို ကျနော် မြင်နေရသော်လည်း ကျနော် သွေး အလွန်အမင်း ထွက်လွန်နေခဲ့လေပြီ။ ထို့အပြင်...
ကျနော့် ကိုယ်တွင်းအင်္ဂါများမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ကျနော် အသက်ရှင်နိုင်မည့် လမ်းစ မရှိတော့ချေ။ လီဆောဟွာ အတွက်ပင် ကျနော့်ကိုကယ်တင်ဖို့က မဖြစ်နိုင်သောအရာ ဖြစ်ပေသည်။ ကျနော့်၏ အသိစိတ်များမှာ ပြိုကျပျက်စီးနေသော သဲရဲတိုက်တစ်ခုကဲ့သို့ လေထုထဲတွင် တဖြည်းဖြည်း လွင့်စင်သွားတော့သည်။
[သင် သေဆုံးသွားပါပြီ။]
.
.
ခဏအကြာတွင် စနစ်မက်ဆေ့ချ်တစ်ခု ထွက်ပေါ်လာ၏။
[လက်ရှိ ကုသိုလ်ရမှတ်: ၁၀၀/၁၀၀]
[သင့်တွင် အထူးအခွင့်အရေးကို အသုံးပြုရန် ကုသိုလ်ရမှတ် လုံလောက်စွာ ရှိနေပါသည်။]
[လူမသတ်ဘုရင်၏ အထူးအခွင့်အရေး စတင်အသက်ဝင်လာ ပါသည်။]
…………………………………………………………………………………..
မျှော်လင့်ထားသည့်အတိုင်းပင်။ အမှောင်ထုထဲတွင် ကျနော် မျက်လုံးပွင့်လာခဲ့သည်။ ဤအခြေအနေသို့ တစ်ဖန် ပြန်ရောက်လာပြန်ချေပြီ။ တကယ်ကို စက်ဆုပ်ဖွယ်ကောင်းသော ခံစားချက်ပင် ဖြစ်၏။
[သင်၏ သီးသန့်စွမ်းရည်နှင့် ပဋိပက္ခဖြစ်မှု ချို့ယွင်းချက်ကြောင့် လူမသတ်ဘုရင်၏ အထူးအခွင့်အရေးမှာ နှောင့်နှေးနေမည် ဖြစ်သည်။]
[သင်၏ သေဆုံးမှုကြောင့် သင်၏ အသိစိတ်သည် ခန္ဓာကိုယ်၏ ကန့်သတ်ချက်များမှ အပြည့်အဝ လွတ်မြောက်သွားပြီဖြစ်ပါသည်။]
[သီးသန့်စွမ်းရည် အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် အဆင့် ၃ စတင်အသက်ဝင်လာပါသည်။]
အမှောင်ထုထဲတွင် ရင်းနှီးနေသော မက်ဆေ့ချ်များကို ကျနော် ကြားလိုက်ရသည်။ ထို့နောက် ကျနော့်ရှေ့မှောက်တွင် မြင်ကွင်းတစ်ခု ပေါ်လာ၏။ ထိုမြင်ကွင်းမှာ တခြားလူ၏ ရှုထောင့်မှ လေ့လာစူးစမ်းခြင်းမြင်ကွင်းပင် ဖြစ်လေသည်။
「 "ရေလွှမ်းမိုးမှု" 」
အလယ်အလတ်အဆင့် ဒိုကဲဘီ ပြောခဲ့သည့်အတိုင်းပင်။ ရေလွှမ်းမိုးမှု ကပ်ဘေး သည် အခြားသော ကပ်ဘေးများ အားလုံး ပေါင်းထားသည်ထက်ပင် ပို၍ အစွမ်းထက်လှသည်။ ရှင်ယူဆောင်းက အမိန့်ပေးလိုက်သည်နှင့် လေထုမှာ ပုံပျက်သွားပြီး မိစ္ဆာကောင်များမှာ ထွက်ပေါ်လာတော့သည်။
ဒဏ္ဍာရီလာအဆင့် ဝိသေသလက္ခဏာဖြစ်သည့် သားရဲသခင်၏ အဓိက စွမ်းဆောင်ချက်ဖြစ်သော မိစ္ဆာဂိတ်တံခါး။ ရှင်ယူဆောင်းသည် နယ်ပယ်အသီးသီးသို့ ခရီးနှင်စဉ်က ယဉ်ပါးအောင် မွေးမြူခဲ့သည့် မြောက်မြားလှစွာသော မိစ္ဆာကောင်များကို ကမ္ဘာမြေပေါ်တွင် အိပ်မက်ဆိုးများအဖြစ် ဘေးမဲ့လွှတ်ပေးနေခြင်း ဖြစ်၏။
「 "ဆွဲဖြဲစမ်း၊ ချိုးဖဲ့စမ်း၊ ဖျက်ဆီးပစ်စမ်း" 」
သတ္တမအဆင့် နှင့် ဆဌမအဆင့် ရှိသော မျိုးစိတ်များစွာကို မြင်တွေ့နေရလေသည်။ ပဉ္စမအဆင့် ဖြစ်သော မီးနဂါးနှင့် ယှဉ်နိုင်သည့် အကောင်အချို့ပင် ပါဝင်နေ၏။
「 "ဒါဟာ ကပ်ဘေးအတွက် အချိန်ပဲ" 」
နိုဒူဆောင်းကျွန်းသည် ပေါက်ကွဲသွားပြီး လှိုင်းလုံးကြီးများမှာ ဟန်မြစ်ကို ဖုံးလွှမ်းသွားတော့သည်။ ထိတ်လန့်တုန်လှုပ်နေကြသော ကိုယ်စားလှယ်များမှာ မိစ္ဆာကောင်များ၏ အစာ ဖြစ်လာကြ၏။ နောက်ကျမှ ရောက်ရှိလာသော 'ဘုရင်များ' က အမိန့်များ စတင်ပေးနေကြပြီ ဖြစ်သည်။ ထို့နောက် ရှင်ယူဆောင်း၏ နောက်ကွယ်တွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါရှိသည့် လူတစ်ယောက်ကို ကျနော် မြင်လိုက်ရသည်။
「 "ငါ နင့်ကို သတ်ပစ်မယ်၊ ရှင်ယူဆောင်း" 」
...ဒီအရူးကောင်ကတော့ကွာ
ယူဂျွန်ဟော့၏ အီသာဓါးမြှောင်သည် ကြောက်မက်ဖွယ်ကောင်းသော အသံနှင့်အတူ လေထုထဲတွင် လှုပ်ရှားသွားတော့သည်။
ရှင်ယူဆောင်းသည် ထိုတိုက်ကွက်ကို ရှောင်တိမ်းလိုက်ပြီး ခပ်ဖွဖွ ပြုံးလိုက်၏။
「 "ခေါင်းဆောင်ရဲ့ ကောင်းကင်စွမ်းအားချိုးဖြတ်ခြင်း ဓါးသိုင်းက အတော်လေး အဆင့်မြင့်နေပြီပဲ။ ဒါပေမဲ့ ခေါင်းဆောင် ဘယ်လိုပဲ ကြိုးစားကြိုးစား ကျမကို မနိုင်နိုင်ဘူး။ အလွန်ဆုံးရှိလှ ဒီအဆင့်ပဲ မဟုတ်လား"
"ဒီတစ်ခေါက်မှာတော့ နင် သေရမယ်"
"ကြည့်ကြသေးတာပေါ့။ ကျမ အခု မသေပါဘူး။ နောက်ထပ် နှစ်ပေါင်း ၁၀နှစ် လောက်ကြာရင်တော့ ဖြစ်နိုင်ကောင်း ဖြစ်နိုင်လိမ့်မယ်"
ငါ နင့်ကို သတ်မယ်"
"...ခေါင်းဆောင်၊ ခေါင်းဆောင်က သိပ်ပြီး စိတ်လှုပ်ရှားနေသလိုပဲနော်။ အကြောင်းရင်းက ဘာများလဲ" 」
ကျနော်သည် အဓိကဇာတ်ကောင်၏ ကိုယ်တွေ့မြင်ရသော ရှုထောင့်ကို တိတ်တဆိတ် ပြင်ဆင်လိုက်သည်။ လက်ရှိ အခြေအနေတွင် ယူဂျွန်ဟော့၏ ခန္ဓာကိုယ်အတွင်းသို့ ကူးပြောင်းဝင်ရောက်ခြင်းမှာ အကောင်းဆုံးပင် ဖြစ်၏။ ကျနော့် စိတ်ထဲတွင် မသိုးမသန့် ဖြစ်နေသော်လည်း ဤမအေဘေး၏ ခန္ဓာကိုယ်ထဲ ကူးပြောင်းနိုင်ပါက ကပ်ဘေးကို ရင်ဆိုင်ရသည်မှာ အနည်းငယ် ပို၍ လွယ်ကူသွားပေလိမ့်မည်။
「 "တစ်ခုခုတော့ ထူးဆန်းနေတယ်။ ရှင် တကယ်ပဲ ခေါင်းဆောင် ဟုတ်ရဲ့လား" 」
ထို့နောက် ရှင်ယူဆောင်း၏ မျက်လုံးများမှာ ကျနော် သေဆုံးနေသော ခန္ဓာကိုယ်ဆီသို့ ရောက်ရှိသွားသည်။
「 "အဲ့ဒီလူက ဘယ်သူလဲ။ ကျမ အရင်က ဒီလိုလူမျိုး တစ်ခါမှ မမြင်ဖူးပါဘူး" 」
ယူဂျွန်ဟော့သည် တိတ်ဆိတ်နေခဲ့၏။ သူသည် သူ၏ဓါးကိုသာ အဆက်မပြတ် ဝှေ့ယမ်းနေခဲ့လေသည်။ ၎င်းမှာ သူ၏ တစ်ခုတည်းသော အဖြေပင် ဖြစ်သည်။ သူသည် သူ၏ဓါးကို မည်မျှကြာအောင် ဝှေ့ယမ်းနေခဲ့သနည်း။
ယူဂျွန်ဟော့သည် တဖြည်းဖြည်းနှင့် စကားစလိုက်သည်။
「 "...အဲ့ဒီလူက" 」
ရှင်ယူဆောင်း၏ မျက်နှာပေါ်တွင် သံသယနှင့် မယုံကြည်နိုင်မှုများ တဖြည်းဖြည်း ပြည့်နှက်လာ၏။ တိတ်ဆိတ်နေခဲ့သော ယူဂျွန်ဟော့သည် နောက်ဆုံးတွင် ပြောလိုက်တော့သည်။
「 "သူက ငါ့ရဲ့အဖော်ပဲ" 」
အခန်း ၁၀၃
- အပိုင်း ၂၁ – ပြောင်းလဲ၍မရနိုင်သောအရာများ (၁)
「 "…ခေါင်းဆောင်၊ အခု ဘာပြောလိုက်တာလဲ" 」
ရှင်ယူဆောင်း၏ မယုံကြည်နိုင်သော လေသံကြောင့် ကျနော် အသိပြန်ဝင်လာခဲ့သည်။
「 "နောက်တစ်ခါ ထပ်ပြောကြည့်ပါဦး။ အခုလေးတင် ဘာပြောလိုက်တာလဲ။ ဘာဖြစ်တယ်။ အဖော် ဟုတ်လား"
"..."
"အဲ့ဒီလူက ခေါင်းဆောင်ရဲ့ အဖော်လား" 」
သံသယများ ပြည့်နှက်နေသော ထိုမေးခွန်းကို ယူဂျွန်ဟော့က ပြန်မဖြေပေ။ ကျနော်ကိုယ်တိုင်ပင် အံ့အားသင့်သွားရသော်လည်း ရှင်ယူဆောင်းအတွက်မူ ထိချက်က ပြင်းထန်လွန်းလှပေသည်။ အတ္တကြီးမားလှသော ယူဂျွန်ဟော့က ကျနော့်ကို သူ၏ 'အဖော်' ဟု ခေါ်ဝေါ်လိုက်ခြင်းပင် ဖြစ်သည်။
「 "ဟုတ်တယ်" 」
ထိုအဖြေကက ကျနော့်ကို ရုတ်တရက် ကြောက်လန့်သွားစေသည်။ မည်သို့ပင် စဉ်းစားစေကာမူ သူသည် ကျနော့်ကို 'အဖော်' ဟု ခေါ်မည့်သူမျိုး မဟုတ်ပေ။
ဒီအရူးကောင်က ငါ ပြန်ရှင်လာမှာကို မသိလို့များလား။
[‘ပင်လယ်စစ်နတ်ဘုရား’ နက္ခတ် သည် သင်တို့၏ အဖော် သံယောဇဉ်အပေါ် စိတ်လှုပ်ရှားသွားပါသည်။]
[‘တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး’ နက္ခတ် သည် သင်တို့၏ အဖော် သံယောဇဉ်အပေါ် ရှက်သွေးဖြာနေပါသည်။]
[ဒင်္ဂါး ၅၀၀ ထောက်ပံ့ပေးခြင်း ခံရပါသည်။]
အင်း... အခုမှပဲ ကျနော် နားလည်သွားတော့သည်။ ယူဂျွန်ဟော့သည် ဒင်္ဂါးထောက်ပံ့မှု ရဖို့ ကြိုးစားနေခြင်းပင် ဖြစ်၏။ ယူရီအယ် မပါဝင်လာသည်မှာ အနည်းငယ် ထူးဆန်းသော်လည်း သူသည် နက္ခတ်များထဲမှ တစ်ပါးပါး၏ ထောက်ပံ့မှုကို ပစ်မှတ်ထားနေခြင်း ဖြစ်ရပေမည်။ သူ သွေးထွက်သံယို ဖြစ်နေသည်ကို ကြည့်ပြီး ကျနော် ပို၍ အတိတ်ကို သတိရမိသည်။ ဤသည်မှာ သူ၏ တတိယမြောက် နောက်ပြန်ဆုတ်ခြင်း ဖြစ်သည်ကို ထည့်တွက်လျှင် ယူဂျွန်ဟော့အနေဖြင့် 'အဖော်' ဟူသော စကားလုံးကို သုံးနှုန်းရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ ယခင် အကြိမ်များတွင်လည်း လီဟန်းဆောင်နှင့် လီဆောဟွာတို့ သေဆုံးချိန်တွင် သူသည် ၎င်းတို့အား 'အဖော်များ' ဟု ခေါ်ဆိုခဲ့ဖူးသည်။ သူ ယခု ရရှိမည့် ဒင်္ဂါးပမာဏကို တွေးမိသောအခါ ကျနော့်စိတ်ထဲနာကျင်ရပေသည်။ ကျနော့်၏ စိတ်ခံစားချက်များမှာ အေးစက်လာရခြင်းကို မတားဆီးနိုင်တော့ချေ။
ချီး... အဲ့ဒီစကားကို ငါပဲ ပြောလိုက်ရမှာ။
「 "ခေါင်းဆောင်၊ ဘယ်လိုလုပ် အဲ့ဒီလို ပြောနိုင်ရတာလဲ" 」
ယူဂျွန်ဟော့၏ အတွေးကို မသိသော ရှင်ယူဆောင်းမှာမူ ကမ္ဘာကြီး ပျက်စီးသွားသကဲ့သို့ ခံစားနေရသည်မှာ အမှန်ပင်။
အခြား ရွေးချယ်စရာ မရှိပေ။ ၄၁ ကြိမ်မြောက် နောက်ပြန်ဆုတ်သူ ရှင်ယူဆောင်းမှာ... ယူဂျွန်ဟော့က မည်သူ့ကိုမဆို သူ၏အဖော်ဟု ခေါ်ဝေါ်သည်ကို တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။ ရှင်ယူဆောင်း၏ လက်သီးမှာ ယူဂျွန်ဟော့၏ ဓါးကို ရိုက်ခတ်သွားသည်။
ခန္ဓာကိုယ်နှင့် လက်နက် ထိတွေ့မိသော်လည်း ပျက်စီးသွားသောအရာမှာ ယူဂျွန်ဟော့၏ ဓါးသာ ဖြစ်သည်။ ထိုဓါးမှာ SS-အဆင့်ရှိသော ‘ကောင်းကင်စွမ်းအားချိုးဖြတ်ခြင်း ဓါး’ ဖြစ်၏။ အထူးစွမ်းရည်များကို ဖယ်ထားလျှင်ပင် ခံနိုင်ရည်နှင့် ကြံ့ခိုင်မှုမှာ အကောင်းဆုံးများထဲမှ တစ်ခု ဖြစ်သည်။ သို့သော် ထိုဓါးမှာ ရှင်ယူဆောင်း၏ လက်သီးကြောင့် ပျက်စီးသွားခဲ့လေပြီ။
နောက်ဆုံးတွင်မူ ကောင်းကင်စွမ်းအားချိုးဖြတ်ခြင်း ဓါးသည် ထိုရိုက်ခတ်မှုကို မကျော်လွှားနိုင်ဘဲ ကောက်ကွေးသွားတော့သည်။ အစွမ်းထက်လှသော ထိုဓါးမှာ အားကိုးရာမဲ့စွာဖြင့် လွင့်ထွက်သွား၏။
「 "ကျမရှေ့မှာ ဒီစကားကို ဘယ်လိုတောင် ပြောရက်တာလဲ" 」
ရှင်ယူဆောင်းသည် အော်ဟစ်လိုက်သော်လည်း မည်သည့် သီးသန့်စွမ်းရည်ကိုမျှ အသုံးမပြုပေ။ ရှင်ယူဆောင်းသည် အဆုံးစွန်အထိ စုစည်းထားသော အီသာများ ပါဝင်သည့် လက်သီးတစ်ချက်ကိုသာ လွှဲယမ်းလိုက်သည်။
ယူဂျွန်ဟော့သည် သွေးများ အန်ထုတ်လိုက်ရပြီး ထိုလက်သီးချက်ကြောင့် နောက်သို့ လွင့်ထွက်သွား၏။ တိုက်ခိုက်မှု၊ အရှိန်နှင့် အပြောင်းအလဲ အစရှိသော ကဏ္ဍတိုင်းတွင် ရှင်ယူဆောင်းသည် ယူဂျွန်ဟော့ထက် သာလွန်နေလေသည်။
ယူဂျွန်ဟော့ ဂုဏ်ယူရသော ဖီးနစ်နီအလျှင် နှင့် ကောင်းကင်စွမ်းအားချိုးဖြတ်ခြင်း ဓါးသိုင်း တို့မှာ ရှင်ယူဆောင်း၏ ရှေ့မှောက်တွင် အရောင်မှိန်သွားရတော့၏။
ခန္ဓာကိုယ် ကျိုးကြေသွားသည့် ကြောက်မက်ဖွယ်ကောင်းသော အသံများ ထွက်ပေါ်လာပြီး ယူဂျွန်ဟော့သည် နောက်သို့ ဆုတ်သွားရ၏။ ရှင်ယူဆောင်းအသာရနေခြင်းမှာ ပါရမီနှင့် မဆိုင်ဘဲ အချိန်ကာလနှင့်သာ ဆိုင်ပေသည်။
ကမ္ဘာမြေသို့ ဆင်းသက်လာမှုကြောင့် အင်အားနည်းနေသော်လည်း ၄၁ ကြိမ်မြောက် ရှင်ယူဆောင်းသည် ရှင်ယူဆောင်းတစ်ယောက် ရောက်ရှိနိုင်သည့် အမြင့်ဆုံး ကန့်သတ်ချက်သို့ နီးကပ်နေသော သားရဲသခင် ဖြစ်လေသည်။ အခြားတစ်ဖက်တွင်မူ လက်ရှိ ယူဂျွန်ဟော့မှာ တိုးတက်မှုအပိုင်းတွင် ကနဦး အဆင့်များတွင်သာ ရှိသေးသည်။
「 "ဘာလို့ သူ့ကို အဖော်လို့ ခေါ်ရတာလဲ။ သူက ခေါင်းဆောင်အတွက် အသက်စွန့်သွားလို့လား။ ဒါလေး တစ်ခုထဲနဲ့လား" 」
သွေးများမှာ မရပ်မနား ထွက်ပေါ်နေသည်။ သို့သော်လည်း ယူဂျွန်ဟော့သည် လက်မလျှော့ပေ။ သူသည် မရပ်နားဘဲ ဓါးကို ဆက်လက် ဝှေ့ယမ်းနေဆဲပင်။
ဒီအရူးကောင်ကတော့ကွာ။ သူ ဘာလို့များ တိုက်ခိုက်နေရတာလဲ။
သွေးထွက်သံယို ဖြစ်နေသော ယူဂျွန်ဟော့ကို ကြည့်ပြီး ကျနော် ပို၍ စိတ်ပျက်လာရသည်။
တစ်ခုခု မှားနေပြီဆိုတာ သိတာနဲ့ သူ ထွက်ပြေးသင့်သည် မဟုတ်လား။ ပုံမှန်ဆိုရင် အဲ့ဒီကောင်က ထွက်ပြေးဖို့လိုရင် ထွက်ပြေးတတ်တဲ့ကောင်မဟုတ်ဘူးလား။
ရှင်ယူဆောင်းက တစ်ဖန် စကားဆိုပြန်သည်။
「 "ဒါဆို ကျမနဲ့ တခြားသူတွေကကော ဘာလဲ။ အမဂျီဟယ်နဲ့ အကိုဟန်းဆောင်၊ အမဆောဟွာကရော ဘေလဲ။ ခေါင်းဆောင်နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ သူတွေကကော ဘာတွေလဲ"
"ငါ... နင် ဘာတွေ ပြောနေတာလဲဆိုတာ ငါ မသိဘူး"
"ဘာဖြစ်တယ်"
"ငါ သိတာ တစ်ခုပဲ ရှိတယ်" 」
ယူဂျွန်ဟော့က သူ၏ နှုတ်ခမ်းပေါ်မှ သွေးများကို သုတ်လိုက်ပြီး ပြောလိုက်၏။
「 "နင်က ဒီတစ်ကြိမ်မှာ ငါ့ရဲ့ အဖော်ကို သတ်လိုက်တယ်။ ဒါကြောင့် နင်လည်း သေရမယ်" 」
ချီး...
ဒီတစ်ခါတော့ စိတ်လှုပ်ရှားသွားရခြင်းကို ကျနော် တကယ် မတားဆီးနိုင်တော့ချေ။
[အလွန်အမင်း ဈာန်ဝင်စားနေမှုကြောင့် ‘Fourth Wall’ ၏ အချို့သော လုပ်ဆောင်ချက်များကို ကန့်သတ်လိုက်ပါသည်။]
ယူဂျွန်ဟော့၏ သရုပ်ဆောင်မှုအောက်တွင် ကျနော် လုံးလုံးလျားလျား လှည့်စားခံလိုက်ရချေပြီ။ ဟုတ်ပေသည်။ ဤအရသာကို ခံစားလို၍သာ ကျနော် Ways of Survival ကို ဖတ်ခဲ့ခြင်း မဟုတ်ပေလော။ ပြန်စဉ်းစားကြည့်လျှင် ယူဂျွန်ဟော့က လီဟန်းဆောင်ကို ဤကဲ့သို့သော စကားမျိုး ပြောခဲ့စဉ်ကလည်း ကျနော် မျက်ရည်ကျခဲ့ဖူး၏။
ရုတ်တရက် ကျနော် ဂဏာမငြိမ် ဖြစ်လာရသည်။ သာမန် စာဖတ်သူတစ်ယောက်က အဓိကဇာတ်ကောင် ယူဂျွန်ဟော့၏ အဖော် ဖြစ်လာခဲ့သည် မဟုတ်ပေလော။
ရှင်ယူဆောင်းသည် အရာအားလုံး ဆုံးရှုံးသွားသော မျက်နှာဖြင့် ယူဂျွန်ဟော့ကို ကြည့်လိုက်လေသည်။
「 "ရှင် ဒီလိုမျိုး ဖြစ်နေလို့ မရဘူး..." 」
ရှင်ယူဆောင်း၏ ပတ်ဝန်းကျင်တွင် အတိတ်နိမိတ်မကောင်းသော အငွေ့အသက်များ ဖုံးလွှမ်းသွား၏။ ထိုသို့ဖြစ်ရခြင်းမှာ ဟာလာဟင်းလင်းဖြစ်မှုမှ သစ္စာဖောက်ခံရမှုသို့၊ သစ္စာဖောက်ခံရမှုမှ ဒေါသတရားသို့ ကူးပြောင်းသွားသည့် ဖြစ်စဉ်တစ်ခုပင် ဖြစ်ချေသည်။
「 "ရှင် ပြောင်းလဲနေပြီ။ ကျမ ဒါကို သည်းမခံနိုင်ဘူး" 」
ရှင်ယူဆောင်း၏ လက်သီးများထဲတွင် အီသာများ ပြည့်နှက်လာပေသည်။ အခြေအနေကို အနည်းငယ် ပို၍ ကျနော် စောင့်ကြည့်ချင်သော်လည်း စိုးရိမ်စိတ်များက ကျနော့်ထံ စီးဝင်လာခဲ့၏။
[အလွန်အမင်း ဈာန်ဝင်စားမှုသည် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ ၏ ကျွမ်းကျင်မှုကို သိသိသာသာ တိုးမြင့်စေပါသည်။]
အကယ်၍ အခြေအနေမှာ လွဲချော်သွားပါက ယူဂျွန်ဟော့ အမှန်တကယ် သေဆုံးသွားပေလိမ့်မည်။ သူ့ကို ဤနေရာတွင် အသတ်ခံရအောင် ကျနော် ခွင့်မပြုနိုင်ပေ။ ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’၏ လုပ်ဆောင်ချက်ကို ကျနော်အမြန်ဆုံး ပြောင်းလဲလိုက်သည်။
ထိုလုပ်ဆောင်ချက်မှာ တခြားလူ၏ အမြင်မှ အဓိကဇာတ်ကောင်၏ ရှုထောင့်သို့ ပြောင်းလဲခြင်းပင် ဖြစ်၏။
[သင်၏ ရှုထောင့်ကို အဓိကဇာတ်ကောင်၏ရှုထောင့်သို့ ပြောင်းလဲနေပါသည်။]
…
[အဓိကဇာတ်ကောင်၏ ရှုထောင့်သို့ ပြောင်းလဲရန် မအောင်မြင်ပါ။]
ဘာလဲဟ။ ဘာဖြစ်လို့လဲ။
[ရှုထောင့်ပြောင်းလဲရန် လိုအပ်သော အခြေအနေများနှင့် မကိုက်ညီသောကြောင့် မအောင်မြင်ပါ။]
ကျနော် ခေါင်းကို အနောက်ကနေ အထုခံလိုက်ရသလို ခံစားလိုက်ရသည်။ အဓိကဇာတ်ကောင်၏ ရှုထောင့်ကို အသုံးပြုရန် အခြေအနေ နှစ်ခု ရှိပေသည်။
ပထမတစ်ခုမှာ ကျနော် သေဆုံးနေရမည်ဖြစ်ပြီး ခန္ဓာကိုယ်ပြင်ပ ရောက်ရှိနေသည့် အခြေအနေ ဖြစ်ရမည်။ ဒုတိယတစ်ခုကတော့ ပစ်မှတ်နှင့် ကျနော်သည် တစ်ဦးကိုတစ်ဦး စဉ်းစားနေရမည်။
ပထမအခြေအနေမှာ ကိုက်ညီသော်လည်း ပြဿနာမှာ ဒုတိယအခြေအနေပင် ဖြစ်ချေသည်။
ဒီအရူးကောင်က အခု ငါ့အကြောင်းကို မစဉ်းစားနေဘူးလားဟ။ ဒါဆို လက်စားချေဖို့ဆိုပြီး သောင်းကျန်းပြနေတာတွေက ဘာလဲ။
ရူးသွပ်စွာ တိုက်ခိုက်နေသော ယူဂျွန်ဟော့ကို ကြည့်ပြီး ကျနော်မှင်တက်သွားရသည်။
「 "သေပေတော့။ နင့်ကို ငါ သတ်မယ်" 」
…အဲ့ဒီအကောင်က တစ်ခုခုကိုရော စဉ်းစားနေရဲ့လား။
ရှင်ယူဆောင်းသည် ယူဂျွန်ဟော့ကို ကြည့်ရင်း စကားဆိုလာသည်။
「 "မတတ်နိုင်တော့ဘူး။ ကျမ မြန်မြန်ပဲ အဆုံးသတ်ပေးမလို့ပါပဲ။ ဒါပေမဲ့ စိတ်ပြောင်းသွားပြီ" 」
ရှင်ယူဆောင်းသည် မိစ္ဆာတစ်ကောင်ကဲ့သို့ ပြုံးလိုက်၏။
「 "ကျမ ခေါင်းဆောင်ရဲ့ ကမ္ဘာကြီးကို အဆိုးရွားဆုံး နည်းလမ်းနဲ့ အဆုံးသတ်ပေးမယ်" 」
ရှင်ယူဆောင်း၏ အကြည့်များသည် ယူဂျွန်ဟော့ထံမှ ဖယ်ခွာသွားသည်။ ရှင်ယူဆောင်း၏ အကြည့်နောက်သို့ လိုက်ပါသွားသည့် ခဏမှာပင် ကျနော့်ရင်ထဲ ထိတ်ခနဲ ဖြစ်သွား၏။
သောက်ကျိုးနည်း။ ငါ ဒီမှာပဲ ထိုင်ကြည့်နေလို့ မဖြစ်တော့ဘူး။
တကယ်လို့ ယူဂျွန်ဟော့ဆီကို ကူးပြောင်းလို့ မရဘူးဆိုရင် တခြားဘယ်သူ့ဆီကို ကူးပြောင်းရမလဲ။
ထိုအချိန်တွင် စူးရှသော အာရုံခံစားမှုတစ်ခု ကျနော့်စိတ်ထဲ ဖြတ်ပြေးသွား၏။ မမျှော်လင့်ထားသော ဇာတ်ကောင်တစ်ယောက်က ကျနော့်အကြောင်းကို စဉ်းစားနေချေပြီ။
…ငါ အဲ့ဒီသူ့ဆီကို ကူးပြောင်းနိုင်မလား။ ဖြစ်နိုင်ပါ့မလား။ အာ... ဟုတ်သားပဲ။ ယူဂျွန်ဟော့က အဲ့ဒီစကားတွေကို ပြောလိုက်တာကြောင့်ပဲဖြစ်မယ်။ ဟုတ်တယ်။ အဲ့ဒီသူဆီကို ကူးပြောင်းတာက ပိုကောင်းမှာသေချာတယ်။ မသိတော့ဘူးကွာ။ စမ်းကြည့်ရုံပဲ ရှိတော့တာပေ့ါ။
ကျနော့်၏ စိတ်အာရုံကို ထိုသူ့ထံသို့ ကျနော်ပို့လွှတ်လိုက်သည်။ ထို့နောက် ခဏအကြာတွင် ကျနော့်အမြင်အာရုံများ တုန်ခါသွားပြီး မူးဝေလာခဲ့လေသည်။
[သင်၏ ရှုထောင့်ကို တဖက်လူ၏ အမြင်သို့ ပြောင်းလဲနေပါသည်။]
ကျနော့် အသိစိတ်မှာ အခြားနေရာတစ်ခုသို့ စုပ်ယူခြင်း ခံလိုက်ရ၏။
……………………………………………………………………………..
‘အဖော်ဟုတ်လား’
ထိုစကားကို ပထမဆုံးအကြိမ် ကြားလိုက်ရချိန်တွင် ရှင်ယူဆောင်းသည် ကိုယ့်နားကိုပင် မယုံကြည်နိုင် ဖြစ်ခဲ့ရသည်။ အဖော်။ ဤသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။ ဤသူမှာ တခြားသူ မဟုတ်ဘဲ ယူဂျွန်ဟော့ဖြစ်နေသည်က ပို၍မဖြစ်နိုင်ဟုသာ ခံစားရတော့သည်။။
ရှင်ယူဆောင်းသည် နှလုံးသား၏ နက်ရှိုင်းသော နေရာမှ ပွင့်လန်းလာသော ခံစားချက်ကို နားမလည်နိုင်ခဲ့ချေ။ ထိုခံစားချက်မှာ ရှင်ယူဆောင်း နှစ်ပေါင်းတစ်ထောင်တိုင်တိုင် မေ့လျော့နေခဲ့သော ခံစားချက်တစ်ခုပင် ဖြစ်၏။
ယူဂျွန်ဟော့၊ အဖော်။
ယူဂျွန်ဟော့မှာ ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို ရှင်ယူဆောင်း မသိပေ။ သို့သော် အကယ်၍ တကယ်ဟုတ်နေခဲ့မည်ဆိုလျှင် ထိုအချိန်က ယူဂျွန်ဟော့သည် သူမအပေါ်တွင်လည်း…
ရှင်ယူဆောင်းသည် သတိမထားမိဘဲ မြေပြင်ကို ထိတွေ့လိုက်မိသည်။
‘အဆင့်နိမ့်လိုက်တာ’
ရှင်ယူဆောင်းက ထိုသို့ တွေးလိုက်၏။ ထို့ကြောင့် ကျနော်လည်း ထိုသို့ပင် တွေးလိုက်မိသည်။
“ဒါ ရှင့်အတွက် နောက်ဆုံး အခွင့်အရေးပဲ”
ရှင်ယူဆောင်းသည် ထိုကဲ့သို့ အဆင့်နိမ့်သော အရာမျိုးကို သည်းမခံနိုင်ပေ။
“အကယ်၍ ရှင့်စကားတွေကို ပြန်ရုပ်သိမ်းမယ်ဆိုရင် ရှင့်ကို ဘာနာကျင်မှုမှ မရှိဘဲ လွှတ်ပေးမယ်။ ပြန်ပြင်ပြောလိုက်စမ်း။ သူက ရှင့်အဖော် မဟုတ်ဘူး။ ရှင် သိတဲ့သူ တစ်ယောက်ပဲလို့ ပြောစမ်းပါ”
သွေးထွက်သံယို ဖြစ်နေသော ယူဂျွန်ဟော့မှာမူ ထိုအခြေအနေသို့ ရောက်နေသော်လည်း ပြန်မဖြေပေ။ ရှင်ယူဆောင်းသည် သူ၏ လက်တစ်ဖက်ကို ချိုးထားပြီး သူ၏ ခြေထောက်များမှာလည်း အားနည်းနေချေပြီ။ သို့တိုင်အောင် ယူဂျွန်ဟော့၏ မျက်လုံးများမှာမူ သက်ဝင်တောက်လောင်နေဆဲ ဖြစ်၏။
ရှင်ယူဆောင်းသည် ယူဂျွန်ဟော့ကို စိုက်ကြည့်ကာ အံကြိတ်လိုက်ပြီးနောက် အမိန့်တစ်ခု ပေးလိုက်လေသည်။
“ယူဂျွန်ဟော့ကို ဖမ်းထားလိုက်စမ်း”
မိစ္ဆာဂိတ်တံခါးမှ ဖြတ်သန်းလာသော ဆဌမအဆင့် ကန့်သတ်ချက်ရှိ ဆာဖာ မံမီများ စတင် လှုပ်ရှားလာလေသည်။ ထိုမံမီတို့၏ အဖြူရောင် ပတ်တီးများမှာ ယူဂျွန်ဟော့၏ ခန္ဓာကိုယ်ကို ဖမ်းချုပ်လိုက်ပြီး ယူဂျွန်ဟော့၏ လက်ခြေများကို ဆွဲဆန့်လိုက်ရာ ဆုတ်ဖြဲခံရတော့မည့်ပုံ ပေါ်နေတော့၏။ ရှင်ယူဆောင်းက ကြေညာလိုက်သည်။
“ခေါင်းဆောင်၊ ကျမ သူတို့ကို တစ်ယောက်ပြီးတစ်ယောက် သတ်ပြမယ်။ ခေါင်းဆောင်က အနာကျင်ရဆုံး နည်းလမ်းကို ကိုယ်တိုင် ရွေးချယ်ခဲ့တာပဲ”
ရှင်ယူဆောင်းသည် ယူဂျွန်ဟော့ကို တစ်ယောက်တည်း ထားရစ်ခဲ့ကာ ကျွန်း၏ အစွန်းဘက်သို့ လျှောက်လှမ်းသွားလေတော့သည်။
“သတ်ကြဟေ့။ သူက ကပ်ဘေးပဲ”
ရေထဲမှ တက်လာကြသော ကိုယ်စားလှယ်များက ရှင်ယူဆောင်းကို ရှာတွေ့သွားကြသည်။ ရှင်ယူဆောင်းက သူတို့ဘက်သို့ လက်ဝှေ့ယမ်းလိုက်၏။ ကိုယ်စားလှယ်များသည် ရှင်ယူဆောင်း၏လက်မှ ထွက်ပေါ်လာသော အလင်းတန်းနှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် စိုစွတ်နေသော သတင်းစာစက္ကူများကဲ့သို့ ဆုတ်ဖြဲခံလိုက်ရ၏။ အော်ဟစ်ရန်ပင် အချိန်မရလိုက်ပေ။
“ရေလွှမ်းမိုးခြင်း”
ရှင်ယူဆောင်း၏ အမိန့်ပေးမှုနှင့်အတူ မိစ္ဆာဂိတ်တံခါး မှ မိစ္ဆာများ အုန်းခနဲ ထွက်ပေါ်လာသည်။ အင်အားအကြီးဆုံး မိစ္ဆာနှစ်ကောင်က ရှင်ယူဆောင်း၏နောက်တွင် သက်တော်စောင့်များကဲ့သို့ ရပ်နေကြ၏။
ထိုမိစ္ဆာနှစ်ကောင်မှာ ပဉ္စမအဆင့် ပင်လယ်မျိုးစိတ် ‘ကင်းမတ်စ်ဝုဒ်’ နှင့် ပဉ္စမအဆင့် သားရဲကြီး ‘ဟဲဗီးမက်တယ်ဘင်း’ တို့ပင် ဖြစ်သည်။
ထိုမိစ္ဆာနှစ်ကောင်သည် ဤကမ္ဘာတွင် အသေးစားကပ်ဘေးများကို ဖြစ်ပေါ်စေနိုင်သော မိစ္ဆာများ ဖြစ်ကြသည်။ ရှင်ယူဆောင်း စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဘေးဘက်မှ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ရောက်ရှိလာခဲ့သည်။
“ဘယ်ကို သွားမလို့လဲ”
၎င်းမှာ လျှပ်တပြက် ဓါးချက်တစ်ခုပင် ဖြစ်၏။ ထိုဓါးကို ကိုင်စွဲထားသူမှာ စကတ်အကြပ်ပေါ်တွင် အနက်ရောင် ဟူဒီဝတ်ဆင်ထားလေသည်။ ရှင်ယူဆောင်းသည် ထိုသူမှာ မည်သူဖြစ်ကြောင်း ချက်ချင်း သိလိုက်၏။ လီဂျီဟယ်၏ မျက်လုံးထဲတွင် ‘မိစ္ဆာသုတ်သင်ခြင်း’ အရှိန်အဝါများ တောက်လောင်နေ၏။
“နင်က ငါ့ဆရာ့ကို ဒီလိုဖြစ်အောင် လုပ်ရဲတယ်ပေါ့လေ”
လီဂျီဟယ်၏ ခန္ဓာကိုယ်မှ မဟာနက္ခတ်တစ်ခု၏ ခန့်ညားထည်ဝါမှုများ ထွက်ပေါ်လာသည်။ ၎င်းမှာ ပင်လယ်ပြင်တွင် မည်သူ့ထက်မဆို သန်မာသောသူ၏ စွမ်းအားပင် ဖြစ်ချေသည်။ လီဂျီဟယ် အသုံးပြုလိုသော အထူးစွမ်းရည်ကို ရှင်ယူဆောင်း သတိပြုမိလိုက်သည်။ ဤနေရာမှာ မြစ်တစ်စင်း ဖြစ်၏။
“...အရှင်မင်းကြီး”
လီဂျီဟယ်က ကျမ်းပိုဒ်တစ်ခုကို စတင်ရွတ်ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ဟန်မြစ်၏ နေရာအနှံ့အပြားမှ ဖောက်ထွင်းမြင်ရသော သင်္ဘောများ ပေါ်ထွက်လာသည်။
“ကျမမှာ သင်္ဘော ၁၂ စင်း ကျန်ပါသေးတယ်...”
ဟန်မြစ်ပေါ်တွင် သင်္ဘော ၁၂ စင်း ပေါ်လာပြီး ရေလှိုင်းများကို လွင့်စင်သွားစေသည်။ ထိုမြင်ကွင်းမှာ လူတို့ကို စကားမဆိုနိုင်လောက်အောင် ဖြစ်သွားစေသည့် မြင်ကွင်းပင် ဖြစ်၏။ ‘သစ္စာရှင်စစ်သူကြီး’ ၏ အထူးစွမ်းရည် ‘တစ္ဆေစစ်သင်္ဘောအုပ်စု’ ပေါ်ထွက်လာချေပြီ။ သင်္ဘောများတွင် ဖိနှိပ်သော အရှိန်အဝါရှိလင့်ကစား ရှင်ယူဆောင်းကမူ လွမ်းဆွတ်သလိုမျိုး ပြုံးနေလေသည်။
“...ဟုတ်သားပဲ။ ဒါက အမရဲ့ စွမ်းရည်ပဲ”
“အမဟုတ်လား။ နင်က ငါ့ထက် အများကြီး အသက်ကြီးတာလေ”
“ဒါပေမဲ့ အမ သွားရမယ့်လမ်းက အဝေးကြီး လိုပါသေးတယ်။ ခေါင်းဆောင်ဆိုတာ သင်္ဘောပေါ်မှာ ရှိနေရမှာလေ။ ဘာလို့ ဒီလိုနေရာမျိုး ရောက်နေတာလဲ”
ရှင်ယူဆောင်းသည် မျက်စိတစ်မှိတ်အတွင်း လီဂျီဟယ်အနားသို့ ရောက်ရှိသွားပြီး လီဂျီဟယ်၏ မေးစေ့ကို ကိုင်လိုက်သည်။ ခုခံရန်ပင် အချိန်မရလိုက်ချေ။
“သနားစရာကောင်းတဲ့ အမ။ အမ ဘာမှမသိသေးဘူးပဲ”
“သောက်ကျိုးနည်း။ ဒါက ဘယ်လို အရှိန်အဝါမျိုးလဲဟ”
လီဂျီဟယ်က အလျင်အမြန် နောက်ဆုတ်လိုက်သော်လည်း ရှင်ယူဆောင်း၏ အရှိန်အဝါမှ မလွတ်မြောက်နိုင်ပေ။
“အမ မသိဘူး။ ယူဂျွန်ဟော့က အမကို အသုံးချပြီး စွန့်ပစ်လိမ့်မယ်။ အမ သေရလိမ့်မယ်”
လီဂျီဟယ်၏ ဓါးချက်မှာ ရှင်ယူဆောင်းထံသို့ ပျံဝဲသွားသည်။ ရှင်ယူဆောင်းက ဓါးသွားကို အသာအယာ ဖမ်းဆွဲလိုက်၏။
“ယူဂျွန်ဟော့ရဲ့ အသိအမှတ်ပြုမှုကို လိုချင်ခဲ့တဲ့ အမဟာ အမ အချစ်ဆုံး ပင်လယ်ထဲမှာပဲ သေဆုံးခဲ့ရတယ်။ အမရဲ့ ထောက်ပံ့သူကို မုန်းတီးတဲ့ ဂျပန်တွေရဲ့ သတ်ဖြတ်ခြင်းကို အဆိုးရွားဆုံး ခံခဲ့ရတာ”
“အားလုံးပဲ အစွမ်းကုန် တိုက်ခိုက်ကြစမ်း”
လီဂျီဟယ် အော်ဟစ်လိုက်သည်နှင့်တစ်ပြိုင်နက် သင်္ဘော ၁၂ စင်းက ပစ်ခတ်မှုများ စတင်လိုက်သည်။ ရှင်ယူဆောင်းသည် ပျံဝဲလာသော ကျည်ဆန်များကို ကြည့်ရင်း ရယ်မောလိုက်၏။
“အမကို ဆုံးရှုံးပြီးနောက်မှာ ယူဂျွန်ဟော့ ဘာပြောခဲ့လဲ သိလား”
ကျည်ဆန်များသည် ရှင်ယူဆောင်း၏ ခန္ဓာကိုယ်ကို ထိမှန်သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ရှင်ယူဆောင်းသည် မီးခိုးများထဲမှ ထွက်ပေါ်လာပြီး ဆက်၍ ပြောနေလေသည်။
“ဒီကောင်မလေးမရှိတော့တာမလို့ နောင်အနာဂတ်မှာ ပင်လယ်တိုက်ပွဲတွေနဲ့ကြုံလာရင်တော့ အနည်းငယ် ခက်ခဲလိမ့်လောက်မယ်တဲ့”
ရေတွက်၍မရသော ကျည်ဆန်များမှာ ရှင်ယူဆောင်း၏ အဖြူရောင် သားမွှေးဝတ်စုံကို ထိခိုက်မှု မပေးနိုင်ပေ။ ၎င်းမှာ ရှင်ယူဆောင်း၏ သီးသန့်စွမ်းရည်များထဲမှ တစ်ခုဖြစ်ပြီး ‘သားရဲဘုရင်၏ အာရုံခံစားမှု’ ဟု ခေါ်သော အသန်မာဆုံး ခံစစ်စွမ်းရည်ပင် ဖြစ်သည်။ ရှင်ယူဆောင်းကို ရစ်ပတ်ထားသော အဖြူရောင် သားမွှေးများမှာ ခြစ်ရာတစ်ခုလေးပင် မကျန်ခဲ့ချေ။
“စိတ်မပူပါနဲ့ အမ။ ဒီတစ်ကြိမ်မှာတော့ အဲဒီလို ဖြစ်မလာစေရဘူး”
ရှင်ယူဆောင်းက ရယ်မောလိုက်သည်။
“အမကို ဘာနာကျင်မှုမှမရှိစေဘဲ လွှတ်ပေးပါ့မယ်”
အခန်း ၁၀၄
- အပိုင်း ၂၁ - ပြောင်းလဲ၍မရနိုင်သောအရာများ (၂)
ရှင်ယူဆောင်း၏ ညာဘက်လက်သည် ကောင်းကင်ယံသို့ တိတ်တဆိတ် မြင့်တက်သွားလေသည်။
“အော်ဟစ်လိုက်စမ်း၊ ကင်းမတ်စ်ဝုဒ်”
ထိုအခါ ရှင်ယူဆောင်း၏နောက်ကွယ်ရှိ အီသီယိုဆောဘုရင်သည် ခန္ဓာကိုယ်ကို တိတ်ဆိတ်စွာ ကြွလိုက်၏။ အီသီယိုဆောတို့၏ဘုရင် ‘ကင်းမတ်စ်ဝုဒ်’ သည် ရေခဲမှုတ်ထုတ်ခြင်းကို အသုံးပြုလိုက်သည်။ ဟန်မြစ်သည် ချက်ချင်းဆိုသလို ခဲသွားပြီး ကျည်ဆန်များ ပစ်ခတ်နေသော တစ္ဆေစစ်သင်္ဘောအုပ်စုမှာလည်း တဖြည်းဖြည်းနှင့် လုပ်ဆောင်ချက်များ ပျက်ပြားသွားချေပြီ။ စစ်သင်္ဘောအုပ်စုမှာ လှုပ်ရှား၍မရတော့ပေ။
“အမ… ကျမ အကြံတစ်ခုပေးမယ်။ တစ္ဆေစစ်သင်္ဘောအုပ်စုဆိုတာ ရေမရှိရင် ဘာမှမဟုတ်တော့ဘူး”
အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့၏။ ရှင်ယူဆောင်း၏ လက်သီးမှာလည်း လှုပ်ရှားသွား၏။ တစ်ခုခု ပေါက်ကွဲသွားသည့်အသံ ထွက်ပေါ်လာသည်။ လီဂျီဟယ်သည် ဓားကို လက်လွှတ်လိုက်ရပြီး ကောင်းကင်ယံသို့ လွင့်စင်သွားလေပြီ။
“ဒါပေမဲ့ အခုလိုအချိန်မှာ အကြံပေးနေတာက အပိုပဲပေါ့လေ”
သွေးထွက်သံယိုဖြစ်နေသော လီဂျီဟယ်သည် လွင့်ထွက်သွားပြီး သတိလစ်သွားခဲ့ချေပြီ။ ကင်းမတ်စ်ဝုဒ်၏ ရေခဲမှုတ်ထုတ်ခြင်းမှာ ဟန်မြစ်တစ်လျှောက်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။
“အားးး…. ဘာဖြစ်တာလဲ”
အေးစက်သောရေထဲမှ ဖြတ်ကူးနေကြသော ကိုယ်စားလှယ်များမှာ အော်ဟစ်နေကြ၏။ ရာနှင့်ချီသော လူများသည် ဟန်မြစ်နှင့်အတူ ခဲသွားရန် ကံပါလာခဲ့လေပြီ။ ကူရာကယ်ရာမဲ့နေသော ကိုယ်စားလှယ်များကို အနီးအနားမှ စောင့်ကြည့်နေသူတစ်ဦးက ကယ်တင်လိုက်သည်။
['လီဟန်းဆောင်' ဇာတ်ကောင်သည် 'မဟာတောင်ဖြိုတွန်းအား အဆင့် ၅' အထူးစွမ်းရည်ကို အသုံးပြုလိုက်ပါသည်။]
လီဟန်းဆောင်၏ ပုံမှန်ထက် ကြီးထွားလာသော ညာဘက်လက်မောင်းသည် ခဲနေသောမြစ်ကို ထိုးနှက်လိုက်၏။ သူသည် ရေခဲများကို ခွဲထုတ်ရန် မဟာတောင်ဖြိုတွန်းအားကို အသုံးပြုလိုက်ရာ သူ၏ညာဘက်လက်မောင်းမှာ ပေါက်ကွဲထွက်သွားမတတ် ထင်ရပေသည်။
သူ၏ ကြိုးစားအားထုတ်မှုမှာ အရာထင်ခဲ့သည်။ အက်ကွဲနေသော ဟန်မြစ်မျက်နှာပြင်သည် ပြိုကျသွားပြီး အေးစက်သော မှုတ်ထုတ်ခြင်း၏ လွှမ်းမိုးမှုမှာ အားနည်းသွားလေပြီ။ ကိုယ်စားလှယ်များသည် အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ နိုဒူဆောင်းကျွန်းပေါ်သို့ တက်လာကြ၏။
“ဝါးးးး”
“တိုက်ကြစမ်း”
ရှင်ယူဆောင်းသည် သူတို့အလယ်တွင် ရပ်နေသော လီဟန်းဆောင်ကို မြင်လိုက်ရပြီး ဝမ်းနည်းစွာ ပြုံးလိုက်သည်။
“ဟုတ်သားပဲ။ အကိုကြီးဟန်းဆောင်။ အကိုကြီး ဒီမှာရှိနေမယ်ဆိုတာ ကျမ သိသားပဲ”
“...ခင်ဗျားက ကျုပ်ကို သိလို့လား”
“အကိုကြီးက ကျမတို့အတွက် ယုံကြည်ရဆုံး ဒိုင်းကာကြီးလေ။ ကျမအသက်ကိုလည်း အကြိမ်ပေါင်းများစွာ ကယ်ခဲ့ဖူးတယ်”
ရှင်ယူဆောင်းက အချက်ပြလိုက်ရာ သူ၏နောက်ကွယ်ရှိ ဧရာမ ချင်ပန်ဇီကြီးမှာ ရင်ဘတ်ကို ထုနှက်လျက် ရှေ့သို့ လျှောက်လာသည်။ ထိုချင်ပန်ဇီကြီးမှာ ပဉ္စမအဆင့် သားရဲကြီး ‘ဟဲဗီးမက်တယ်ဘင်း’ ပင် ဖြစ်သည်။ ချင်ပန်ဇီကြီးသည် နောက်ခြေနှစ်ဖက်နှင့် မြေကြီးကို ဆောင့်နင်းလိုက်ရာ အနီးနားရှိ ကိုယ်စားလှယ်များမှာ မြေပြင်ပေါ်တွင် လိမ့်ထွက်သွားကြ၏။
လီဟန်းဆောင်သည် ဟဲဗီးမက်တယ်ဘင်းထံသို့ ပြေးဝင်သွားသည်။ လီဟန်းဆောင်၏ ကြီးထွားနေသော လက်မောင်းသည် ဟဲဗီးမက်တယ်ဘင်း၏ သံမဏိကြွက်သားများကို ထိုးနှက်လိုက်၏။ လီဟန်းဆောင်၏ စွမ်းအားမှာ အံ့ဩစရာပင်။ သွေးကြောများ ပေါက်ထွက်ပြီး ပါးစပ်မှ သွေးများ စီးကျနေသော်လည်း သူသည် ပဉ္စမအဆင့် သားရဲကြီး၏ တွန်းထုတ်ခြင်းကို မခံရပေ။ ပြောရမည်ဆိုလျှင် သူက ပို၍ပင် လွှမ်းမိုးထားနိုင်ချေနေလေသည်။
ရှင်ယူဆောင်းသည် လီဟန်းဆောင်ကို ဆက်၍ ပြောနေလေ၏။
“အကိုကြီးက အရင်အတိုင်းပဲနော်။ အကိုကြီးဟန်းဆောင်။ ယူဂျွန်ဟော့ရဲ့ အသစ္စာအရှိဆုံးထဲက တစ်ယောက်...”
“...ခင်ဗျားက ဘယ်သူလဲ”
“အကိုကြီးက မရေတွက်နိုင်တဲ့ လူတွေရဲ့အသက်ကို ကယ်ခဲ့ပြီး ယူဂျွန်ဟော့ကို နောက်ဆုံးအချိန်အထိ ကာကွယ်ပေးခဲ့တယ်။ အဲဒီနောက်တော့ အကိုကြီးက သံမဏိသွေးနဂါးရဲ့ မှုတ်ထုတ်ခြင်းကို ခံလိုက်ရပြီး ပြာတစ်ဆုပ်အဖြစ် လွင့်စင်သွားခဲ့ရတာ”
“ဘာဖြစ်တယ်...”
“အဲဒီတုန်းက ယူဂျွန်ဟော့ ဘာပြောခဲ့လဲ အကိုကြီး သိလား”
ရှင်ယူဆောင်း၏ လျှာသည် သူမ ခံစားခဲ့ရသော ဒဏ်ရာများကို အခြားသူတစ်ဦးထံသို့ ကူးပြောင်းပေးနေသည့် ထက်မြက်သော ခွဲစိတ်ဓားတစ်လက်ကဲ့သို့ပင်။
“ငါတော့ ဒိုင်းအစုတ်တစ်ခု ဆုံးရှုံးသွားပြီတဲ့”
ရှင်ယူဆောင်းသည် လီဟန်းဆောင်၏ ပြောင်းလဲသွားသော အမူအရာကို မြင်လိုက်ရပြီး တစ်ကိုယ်တည်း ပျော်ရွှင်မှုကို ခံစားနေရ၏။
‘ဟုတ်တယ်၊ အကိုကြီးလည်း ဒါကို ခံစားရမယ်။ ကျမ ခံစားခဲ့ရတဲ့ နာကျင်မှု၊ ကျမ မြင်ခဲ့ရတဲ့ မြင်ကွင်းတွေ။ ကျမ အကုန်လုံးကိုတော့ မထုတ်ပြပါဘူး၊ ဒါပေမဲ့ အကိုကြီးလည်း ဒါကို နားလည်သင့်တယ်’
သို့ပေသိ ရှင်ယူဆောင်း မသိခဲ့သောအရာတစ်ခု ရှိသည်။ ယခုတစ်ကြိမ် နောက်ပြန်ဆုတ်ခြင်းသည် ရှင်ယူဆောင်း သိထားသည်နှင့် ကွဲပြားနေချေပြီ။
လီဟန်းဆောင်သည် ဟဲဗီးမက်တယ်ဘင်းကို ထိုးနှက်လိုက်ပြီးနောက် ပါးစပ်ဟလိုက်၏။
“ခင်ဗျား ဘာတွေပြောနေလဲ ကျုပ်မသိဘူး။ ဒါပေမဲ့ ကျုပ်က ယူဂျွန်ဟော့နောက်ကို လိုက်နေတာ မဟုတ်ဘူး”
“ဘာဖြစ်တယ်”
“ကျုပ်က ကင်ဒေါ့ဂျာရဲ့ အဖွဲ့ထဲမှာ ရှိနေတာ”
“ကင်... ဘာဖြစ်တယ်”
ဟဲဗီးမက်တယ်ဘင်းသည် ကျယ်လောင်သောအသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားသည်။ ရှင်ယူဆောင်း၏ အမူအရာမှာ တင်းမာသွားပြီး လီဟန်းဆောင်အနားသို့ ချဉ်းကပ်သွား၏။
“အကိုကြီး ဘာတွေပြောနေတာလဲ”
ပေါက်ကွဲသံနှင့်အတူ လီဟန်းဆောင်သည် လေထဲသို့ လွင့်စင်သွားလေပြီ။ ရှင်ယူဆောင်းသည် လီဟန်းဆောင်၏ ဗိုက်ကို လက်သီးဖြင့် ထိုးလိုက်ခြင်း ဖြစ်၏။ အီသာမုန်တိုင်းသည် လီဟန်းဆောင်၏ မာကျောသော အသားအရေကို ဖောက်ထွက်သွားပြီး ဟန်မြစ်၏ အလယ်ဗဟိုသို့ လီဟန်းဆောင် လွင့်ထွက်သွားခဲ့ချေပြီ။
ထိုထိုးနှက်ချက်မှာ လီဟန်းဆောင်၏ ကိုယ်တွင်းအင်္ဂါအားလုံး ပေါက်ကွဲသွားစေရန် လုံလောက်သော ပြင်းအားရှိသည်။ တတိယအကြိမ်မြောက်ရှိ လီဟန်းဆောင်သည် နောက်ထပ် အသက်ရှင်နိုင်တော့မည် မဟုတ်ချေ။ သို့သော်လည်း ရှင်ယူဆောင်း၏ ခေါင်းထဲတွင် မေးခွန်းတစ်ခု ကျန်ရှိနေသေးသည်။
၎င်းမှာ သူမတစ်ခါမျှ မကြားဖူးသော နာမည်တစ်ခု ဖြစ်သည်။
ကင်ဒေါ့ဂျာ... သူက ဘယ်သူလဲ။
ရှင်ယူဆောင်းသည် သူမထံသို့ ပြေးဝင်လာသော ကိုယ်စားလှယ်များ၏ ဦးခေါင်းများကို ဆွဲဖြတ်ကာ ခဲနေသောမြစ်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွား၏။ ကြောက်လန့်နေသော ကိုယ်စားလှယ်များမှာ ထွက်ပြေးကြသော်လည်း မိစ္ဆာသတ္တဝါများ၏ လက်သည်းများဖြင့် ဆွဲဖြတ်ခြင်းကို ခံကြရသည်။ လူတို့၏ မျက်ဝန်းများထဲတွင် စိတ်ပျက်အားငယ်မှုများ တဖြည်းဖြည်း ပြည့်နှက်လာချေပြီ။
မဖြစ်နိုင်သော ကပ်ဘေးကြီးနှင့် ရင်ဆိုင်နေရသော ကိုယ်စားလှယ်များအကြားတွင် လက်လျှော့အရှုံးပေးလိုသော စိတ်များ ပျံ့နှံ့သွားသည်။
“ပစ်ကြစမ်း”
မည်သို့ပင်ဆိုစေကာမူ ခုခံရန် ကြိုးစားသူအချို့ ရှိနေသေး၏။ ဘုရင်များသည် အုပ်စုဖွဲ့ကာ အဝေးပစ် စွမ်းရည်များကို အသုံးပြု၍ မြားများနှင့် အီသာကျည်ဆန်များကို ပစ်ခတ်နေကြသည်။ ရှင်ယူဆောင်းက သူတို့ကို သိနေ၏။
အလှဘုရင်မ မင်ဂျီဝန်။ မေတ္တေယျဘုရင် ချာဆန်းဂယောင်။ ကြားနေဘုရင် ယောင်အီဒို။
ဒါက ထူးဆန်းနေသည်။ သူတို့သည် မူလက အသက်ရှင်မနေသင့်သူများ သို့မဟုတ် ယူဂျွန်ဟော့၏ ဦးဆောင်မှုအောက်သို့ ရောက်ရှိနေရမည့်သူများ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စတုတ္ထမြောက် ဇာတ်ဝင်ခန်းအဆုံးတွင် ယူဂျွန်ဟော့မှလွဲ၍ ကျန်ရှိသော ဘုရင်အားလုံးသည် ပလ္လင်တစ်ခုတည်းအောက်သို့ ရောက်ရှိသွားရမည် ဖြစ်သောကြောင့်ပင်။
ဒါဆိုရင် ဒါက ဘာကြီးလဲ။
“တိုက်ကြ။ ရန်သူက တစ်ယောက်တည်းပဲ ရှိတာ”
ဒီစစ်တပ်က မည်သူ့လက်အောက်ကနည်း။ အကြွင်းမဲ့ပလ္လင်က ဘယ်ရောက်သွားသနည်း။ ဒီကမ္ဘာကို မည်သူက အုပ်ချုပ်နေသနည်း။
ထိုအချိန်တွင် ရှင်ယူဆောင်းသည် သတ်ဖြတ်လိုသော အငွေ့အသက်ကို ခံစားလိုက်ရ၏။ ရှင်ယူဆောင်း ရပ်နေသော မြေပြင်မှာ ခဲသွားလေသည်။
...ရေခဲမှုတ်ထုတ်ခြင်းလားဟ။
ရှင်ယူဆောင်းသည် နောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ရာ မြွေနဂါးကြီးတစ်ကောင်က ရှင်ယူဆောင်းထံသို့ မှုတ်ထုတ်ကာ တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။ ထိုမြွေနဂါးကြီးမှာ ကင်းမတ်စ်ဝုဒ် မဟုတ်ပေ။ ရှင်ယူဆောင်းက ညာဘက်လက်ကို မြှောက်လိုက်ရာ ကင်းမတ်စ်ဝုဒ်မှာ လှုပ်ရှားလာသည်။
အီသီယိုဆော နှစ်ကောင်မှာ တစ်ကောင်ကိုတစ်ကောင် ဟိန်းဟောက်ကာ တိုက်ခိုက်ကြတော့၏။
ဘုရင်နှင့် ဘုရင်မမှာ တစ်ဦးကိုတစ်ဦး ကိုက်ခဲကြပြီး ဟန်မြစ်တစ်ခုလုံးကို ဧရာမစစ်မြေပြင်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်၏။ နဂါးတစ်ကောင်နီးပါး ကြီးမားသော အီသီယိုဆောသည် ကင်းမတ်စ်ဝုဒ်နှင့် တိုက်ခိုက်နေလေသည်။ ဤအီသီယိုဆေမှာ မည်သူမည်ဝါဖြစ်ကြောင်းကို ရှင်ယူဆောင်း သိလေသည်။
“...ဘုရင်မ မီရာဘတ် လား”
ဘုရင်မမှာ ကမ္ဘာမြေပေါ်တွင် ရှိနေကြောင်း ရှင်ယူဆောင်း သိသော်လည်း သူမကို တိုက်ခိုက်ရမည့် အကြောင်းရင်းတော့ ရှိသည်မထင်ချေ။
မဟုတ်သေးဘူး။ ဒါက ဘာလဲဟ။
“နင်က အနာဂတ်က ငါလား”
အသံတစ်ခု ထွက်ပေါ်လာသည်။
နောက်သို့ လှည့်ကြည့်လိုက်ရာ ရှင်ယူဆောင်း၏ စိတ်အစဉ်မှာ ဗလာဖြစ်သွားချေပြီ။ လွမ်းဆွတ်ဖွယ်နေ့ရက်များက ရှင်ယူဆောင်း၏ ဝိညာဉ်ကို တုန်လှုပ်စေသည်။
“ဦးလေးကို ကယ်ကြပါဦး”
ထိုမိန်းကလေးက အော်ဟစ်နေပြီး အမျိုးသမီးတစ်ဦးက ထိုမိန်းကလေးကို တားဆီးရန် ကြိုးစားနေသည်။
“ယူဆောင်း။ မလုပ်နဲ့”
ရှင်ယူဆောင်းသည် အံ့အားသင့်မှုမှ ပြန်လည်သက်သာလာပြီး အရာအားလုံးကို သတိထားမိသွား၏။
“ဟဟ... ဟုတ်သားပဲ။ ငါ သိလိုက်ပြီ”
ရှင်ယူဆောင်းသည် ထိုမိန်းကလေးထံသို့ လျှောက်သွားသည်။ ယူဂျွန်ဟော့ ဘာကြောင့် ဒါကို လုပ်ခဲ့သလဲဆိုတာ သိသွားခဲ့ချေပြီ။ သူသည် မိမိ၏ ရည်မှန်းချက် အောင်မြင်ရန်အတွက် မည်သည့် နည်းလမ်းကိုမဆို အသုံးပြုမည့် လူစားမျိုး ဖြစ်သည်။
“ယူဂျွန်ဟော့၊ ခွေးမသား...”
“ယူဆောင်း။ ထွက်ပြေးတော့”
ယူဆန်းအာသည် ဟာမီးစ်၏ လမ်းလျှောက်နည်းစနစ်နှင့် အရီယက်ဒ်နီ၏ ပင့်ကူအိမ်တို့ကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်သည်။ ရှင်ယူဆောင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
‘...အိုလံပတ်စ် လား’
သို့သော်လည်း ယူဆန်းအာ၏ ဓားမြှောင်မှာ ရှင်ယူဆောင်းထံသို့ မရောက်ရှိခဲ့ပေ။ ရှင်ယူဆောင်းက လက်ဟန်တစ်ခု ပြုလိုက်ရုံဖြင့် ဂိတ်တံခါးအနီးရှိ ပျံသန်းနေသော မိစ္ဆာသတ္တဝါများမှာ ယူဆန်းအာထံသို့ ပျံသန်းသွားကြတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ယူဆန်းအာသည် မိစ္ဆာသတ္တဝါအုပ်ကြီးထဲ၌ ပျောက်ကွယ်သွားလေပြီ။
ရှင်ယူဆောင်းသည် ယူဆန်းအာကို လျစ်လျူရှုကာ မိန်းကလေးငယ်ထံသို့ ချဉ်းကပ်သွားသည်။ ထိုမိန်းကလေးမှာ ကြောက်ရွံ့မှု၊ ဒေါသထွက်မှုတို့ဖြင့် ရှင်ယူဆောင်းကို မော့ကြည့်နေ၏။ ထိုမိန်းကလေးသည် နည်းနည်းမျှပင် မလှုပ်ရှားနိုင်တော့ပေ။ ရှင်ယူဆောင်းသည် ထိုမိန်းကလေး၏ ပါးပြင်ပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။
“ယူဂျွန်ဟော့က ဒီကမ္ဘာက 'ငါ့' ကို တကယ်ပဲ ရှာတွေ့ခဲ့တာပဲ”
“အာ... အား...”
“သူက ငါ့ကို တားဖို့အတွက် ငယ်သေးတဲ့ 'ငါ့' ကို သတ်ဖို့ ကြိုးစားခဲ့တာပေါ့။ ဟုတ်တယ်မလား”
ကြောက်မက်ဖွယ်ကောင်းသော ပျော်ရွှင်မှုတစ်ခုမှာ ရှင်ယူဆောင်း၏ ခေါင်းထဲသို့ ပြည့်နှက်သွားသည်။ မှေးမှိန်နေသော မုန်းတီးမှုနှင့် ဒေါသတို့မှာလည်း မူလနေရာသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိလာ၏။ လူတစ်ဦးသည် အတိတ်သို့ မည်မျှပင် ပြန်သွားပါစေ၊ ပြောင်းလဲ၍မရသော အရာအချို့ ရှိပေသည်။
‘ကပ်ဘေး’ ရှင်ယူဆောင်းက ရယ်မောလိုက်၏။
“နေကောင်းလား၊ ငါ့ရဲ့ အတိတ်က ကိုယ်ပွားလေး”
ရှင်ယူဆောင်း၏လက် လှုပ်ရှားလိုက်သည့် ခဏမှာပင် နောက်ကျောဘက်မှ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ရောက်ရှိလာပြီး ရှင်ယူဆောင်းကို ဝါးမြိုသွားလေသည်။ ဖုန်မှုန့်များ ထလာပြီး ဧရာမ ဓားခုတ်ကောင်ကြီးတစ်ကောင် ပေါ်လာ၏။
“ဆဌမအဆင့် အင်းဆက်ဘုရင်လား”
“တိုင်တန်။ လုပ်လိုက်စမ်း”
ဓားခုတ်ကောင်၏ တံစဉ်ဖြင့် တိုက်ခိုက်မှုမှာ မြေပြင်ကို တို့ဟူးကဲ့သို့ ပြတ်တောက်သွားစေသည်။ ထိုတိုက်ခိုက်မှုမှာ ကြောက်မက်ဖွယ် တိုက်ခိုက်မှုတစ်ခု ဖြစ်၏။ သို့သော်လည်း ကပ်ဘေးတစ်ခုကို သတ်နိုင်လောက်သော တိုက်ခိုက်မှုမျိုးတော့ မဟုတ်ချေ။
“ဖယ်စမ်း”
ရှင်ယူဆောင်း၏ ညာဘက်လက်မောင်းတွင် အီသာများ စုစည်းသွားပြီး တိုင်တန်အော့တဲလွာ၏ ဝမ်းဗိုက်ကို အပေါက်ဖောက်လိုက်သည်။ ဓားခုတ်ကောင်မှာ အစိမ်းရောင်သွေးများ ထွက်ကျလာပြီး မြေပြင်ပေါ်သို့ လဲကျသွား၏။
“တိုင်တန်”
ဒေါသထွက်နေသော လီဂီယောင်သည် ဓားခုတ်ကောင်၏ ဦးခေါင်းပေါ်မှ ခုန်ချလိုက်သည်။ ဝါဂွမ်းကဲ့သို့သော အကျိအချွဲများမှာ လီဂီယောင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး လေထဲသို့ ပျံ့နှံ့သွားလေပြီ။
“သွားစမ်း။ အန်တီနပ်စ်”
လီဂီယောင်၏ ခန္ဓာကိုယ်ထဲမှ လေကပ်ပါးကောင်တစ်ကောင် ထွက်ပေါ်လာသည်။ ၎င်းမှာ ပဉ္စမအဆင့် ကပ်ပါးမျိုးစိတ်တစ်ခု ဖြစ်၏။ ရှင်ယူဆောင်းမှာ အံ့အားသင့်သွားရသည်။
“...အန်တီနပ်စ်တဲ့လား”
ရှင်ယူဆောင်းသည် ဤတည်ရှိမှုကို သိနေလေသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေသို့ မလာရောက်မီ ခရိုနော့စ်ကို ဖျက်ဆီးခဲ့သောကြောင့် ဖြစ်၏။ အန်တီနပ်စ်မှာ ခရိုနော့စ်၏ အုပ်စိုးသူမျိုးစိတ်များထဲမှ ဖြစ်သည်။ အန်တီနပ်စ်မှာ ဘုရင်မပုံစံရှိသော မိစ္ဆာသတ္တဝါတစ်ကောင် ဖြစ်လေသည်။
ရှင်ယူဆောင်းမှာ မယုံနိုင်အောင် ဖြစ်သွားရ၏။ ထိုကလေးက အန်တီနပ်စ်ကို ထိန်းချုပ်ထားနိုင်သည်လော။
“နင်က ထင်ထားတာထက် ပိုတော်သားပဲ။ ကလေးလေး”
ခဏတာ အံ့သြသွားပြီးနောက် ရှင်ယူဆောင်းသည် ထိုကပ်ပါးကောင်ကို လက်ဖြင့် ဖမ်းချုပ်လိုက်သည်။ antinus = အန်တီနပ်စ်၏ လက်ချောင်းထိပ်များနှင့် ထိတွေ့နေသော အန်တီနပ်စ်၏ အကျိအချွဲများမှာ မဟူရာရောင် တောက်လောင်လာတော့သည်။ ထိုသို့ဖြစ်ရခြင်းမှာ သဘာဝပင်။ လမ်းပြသူများသည် ကပ်ဘေးများကို ခုခံနိုင်သော ခန္ဓာကိုယ်မျိုး မရှိကြခြင်းကြောင့် ဖြစ်၏။
“နင်က လမ်းပြသူတစ်ယောက်ကို ယဉ်ပါးအောင် လုပ်နိုင်တဲ့ အရည်အချင်းရှိတာပဲ။ နင်က အရှင်သခင် အရည်အချင်းရှိတဲ့ ကလေးပဲ။ ဟုတ်တယ်မလား။ သူက ဒါကိုလည်း ရှာတွေ့ခဲ့တာပဲ...”
လီဂီယောင်မှာ ရှင်ယူဆောင်း၏ မေးခွန်းများကို ဂရုမစိုက်ဘဲ အော်ဟစ်လိုက်သည်။
“အကိုကြီးဒေါ့ဂျာကို ခင်ဗျားဘာလုပ်လိုက်တာလဲ”
“ဘာ”
“အကိုကြီး ဘယ်မှာလဲ”
လီဂီယောင်၏ လက်သီးမှာ ရှင်ယူဆောင်း၏ ဝမ်းဗိုက်ကို ထိမှန်သွားသည်။ တိုက်ရိုက်ထိမှန်မှု ဖြစ်သော်လည်း လီဂီယောင်သာ လက်ကောက်ဝတ် ကျိုးသွားလေ၏။ သူသည် ထူးချွန်သော အရည်အချင်း ရှိသော်လည်း ပြိုင်ဘက်မှာ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ ရှင်ယူဆောင်းသည် လီဂီယောင်၏ လည်ပင်းကို ညှစ်ကာ လေထဲသို့ မြှောက်လိုက်သည်။
“...ဘယ်သူက ဒေါ့ဂျာလဲ”
ရုန်းကန်နေသော လီဂီယောင်၏ မျက်နှာပေါ်သို့ သွေးများ စီးကျလာချေပြီ။
“ပြောစမ်း။ မဟုတ်ရင် ငါ နင့်ကို သတ်ပစ်မယ်”
ထိုအချိန်တွင် အဝေးမှ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး ရှင်ယူဆောင်း ရပ်နေသော မြေပြင်ထံသို့ ကျည်ဆန်များ ကျရောက်လာသည်။ ရှင်ယူဆောင်းသည် ပေါ့ပါးစွာ ခုန်ပျံ၍ ကျည်ဆန်များကို ရှောင်တိမ်းလိုက်၏။
တစ္ဆေစစ်သင်္ဘောအုပ်စုက ပြန်ပြီး ပစ်ခတ်နေတာလား။ ဘယ်လိုလုပ်ပြီးတော့လဲ။
“ဂီယောင်”
လီဂျီဟယ်နှင့် လီဟန်းဆောင်တို့ အဝေးမှ ပြေးလာသည်ကို ရှင်ယူဆောင်း မြင်လိုက်ရသည်။ ရှင်ယူဆောင်း၏ ခေါင်းထဲတွင် သံသယများ ပြည့်နှက်သွား၏...
ထူးဆန်းလှပေသည်။ ရှင်ယူဆောင်း၏တိုက်ခိုက်မှုများမှာ သေစေနိုင်လောက်သော တိုက်ခိုက်မှုများ ဖြစ်သည်မှာ သေချာလှ၏။
သူတို့က ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ။ ငါ့ရဲ့ စွမ်းအား ထိန်းချုပ်မှု လွဲချော်သွားတာလား။ ငါက လွဲချော်တာလား။
ရှင်ယူဆောင်းမှာ စိတ်အနှောင့်အယှက် ဖြစ်လာပြီး လီဂီယောင်၏ လည်ပင်းကို ညှစ်ထားသော လက်ထဲသို့ စွမ်းအားများ ပိုမို ထည့်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့ကို မေးမြန်းကြည့်ခြင်းက ပိုကောင်းပေလိမ့်မည်။
“နှုတ်ဆက်ပါတယ်။ ကလေးလေး”
ရှင်ယူဆောင်း လက်ကို ပိုညှစ်လိုက်သည့် ခဏမှာပင် ရှင်ယူဆောင်း၏ ခေါင်းထဲ၌ နာကျင်မှုများ ပြန့်နှက်သွားသည်။ ရှင်ယူဆောင်းမှာ လန့်သွားပြီး လီဂီယောင်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်မိ၏။ တုန်ယင်နေသော ရှင်ယူဆောင်း၏ ညာဘက်လက်မှာ ပုံမှန်မဟုတ်ဘဲ လှုပ်ရှားနေလေသည်။
ငါဟာ ကပ်ပါးကောင် ကူးစက်ခံလိုက်ရတာတော့ မဟုတ်ပါဘူးနော်။ မဟုတ်ဘူး၊ ဒါက မဖြစ်နိုင်ဘူး။ ပဉ္စမအဆင့် ကပ်ပါးကောင်က ပြန်လာသူတစ်ယောက်ကို မနှောင့်ယှက်နိုင်ဘူး။ ဒါဆို ဒါက ဘာလဲ။
ဘာကြောင့် ငါ့ ခန္ဓာကိုယ်က ရုတ်တရက် ငါ့စကားကို နားမထောင်တော့တာလဲ။
ထို့နောက် အသံတစ်ခုကို ရှင်ယူဆောင်း ကြားလိုက်ရသည်။
[ တော်တော့၊ ရှင်ယူဆောင်း]
ထူးဆန်းသည်မှာ ထိုအသံကို ကြားလိုက်ရသည့် ခဏ၌ ရှင်ယူဆောင်း၏ အတွင်းပိုင်းမှ တစ်ခုခုက တုံ့ပြန်လာသည်ကို သိလိုက်ရလေသည်။ ရှင်ယူဆောင်း၏ နှလုံးသားတစ်ဖက်မှာ အရူးအမူး နာကျင်လာတော့သည်။ ရှင်ယူဆောင်း ထိုအသံကို မသိပေ။ ထိုအသံမှာ သူမ မသိသော အသံဖြစ်သည်မှာ ထင်ရှားလှ၏။
“...နင်-နင်က ဘယ်သူလဲ။ ငါ့ထဲကနေ ထွက်သွားစမ်း”
ဤလွမ်းဆွတ်ဖွယ် ခံစားချက်ကြီးက ဘာလဲ။
ရှင်ယူဆောင်းသည် ကိုယ်ပိုင်အာရုံများကို ခုခံနေသည့်အပြင် ခေါင်းကိုပါ ဆုပ်ကိုင်ထားလေသည်။
“နင် ငါ့ထဲကနေ ထွက်သွားစမ်း”
ရှင်ယူဆောင်း၏ ခေါင်းထဲတွင် မသိရှိခဲ့သော အမှတ်တရများ လည်ပတ်နေသဖြင့် အော့အန်ချင်စိတ်များ ပြည့်နှက်လာနေလေသည်။ ကမ္ဘာများစွာ၏ ပုံရိပ်လွှာများမှာ ရောထွေးကုန်ချေပြီ။
[ ယူဆောင်း]
ရှင်ယူဆောင်းသည် ထိုအသံကြောင့် စိတ်လွင့်နေစဉ်မှာပင် ရှင်ယူဆောင်းငယ်လေးမှာ ချဉ်းကပ်လာ၏။
ရှင်ယူဆောင်းငယ်လေး၏ နှုတ်ခမ်းများ လှုပ်ရှားသွား၏။
“ဦးလေး။ အဲဒီမှာ ရှိနေတာလား”