အခန်း (၁၀၅-၁၀၇)
Vol. 7 Ch. 105-107
အခန်း ၁၀၅
- အပိုင်း ၂၁ - ပြောင်းလဲ၍မရနိုင်သော အရာများ (၃)
ကပ်ဘေးတစ်ခု၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ကို ကျနော် အစက ရည်ရွယ်ခဲ့ခြင်း မရှိခဲ့ပေ။ မူလက ကျနော့်အစီအစဉ်မှာ အခြားတစ်ခု ဖြစ်သည်။ ကျနော့်စိတ်က ရှင်ယူဆောင်း၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းသွားသည့် ခဏမှာပင် အစီအစဉ်ကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်၏။
[သီးသန့်စွမ်းရည် 'အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်' အဆင့် ၃ အသက်ဝင်လာပါပြီ။]
[ဇာတ်ရံ၏ကိုယ်တွေ့မြင်ရသောရှုထောင့် အသက်ဝင်လာပါပြီ။]
အတိအကျ ပြောရလျှင် ကျနော် ပြောင်းလဲလိုက်ရခြင်း ဖြစ်၏။
「 …ဒါကို ငါ လက်မခံနိုင်ဘူး 」
「 ဒါဆိုရင် ငါက ဘာလဲ။ ငါ ဘယ်လောက်ကြာအောင် အသက်ရှင်ခဲ့ရတာလဲ 」
「 ပြန်လာခြင်းကနေ ငါ ဘာရနိုင်မှာလဲ 」
ရှင်ယူဆောင်း၏ ပြင်းထန်သော နာကျင်မှုများကြားတွင် ရှင်ယူဆောင်း၏ မျက်လုံးများဖြင့် ကမ္ဘာကြီးကို ကျနော် မြင်တွေ့နေရသည်။ ရှင်ယူဆောင်း၏ နှာခေါင်းဖြင့် ကျနော်အသက်ရှူကာ ရှင်ယူဆောင်း၏ လက်ဖြင့် လူများကို ကျနော်သတ်ဖြတ်ခဲ့သည်။ ရှင်ယူဆောင်း၏ အတွေးများကို ရှင်ယူဆောင်း၏ အသံဖြင့် ကျနော်ထုတ်ဖော်ခဲ့၏။ ကျနော်သည် ရှင်ယူဆောင်း ဖြစ်နေခဲ့လေပြီ။
[သီးသန့်စွမ်းရည် 'Fourth Wall' တုန်ခါနေပါသည်။]
ထို့နောက် လီဂျီဟယ်နှင့် တွေ့ခဲ့သည်။ လီဂျီဟယ်နှင့် တွေ့သည့်ခဏ၌ လီဂျီဟယ်မှာ ဤနေရာတွင် သေဆုံးရမည်ကို ကျနော် သိလိုက်၏။ ထို့ကြောင့် ယခင်က မလုပ်ဖူးသော အရာတစ်ခုကို ကျနော် ပထမဆုံးအကြိမ် ကြိုးစားခဲ့သည်။
[ဇာတ်ရံ၏ကိုယ်တွေ့မြင်ရသောရှုထောင့်သည် ဇာတ်ကောင်၏ အပြုအမူကို ဝင်ရောက်စွက်ဖက်နေပါသည်။]
[သီးသန့်စွမ်းရည် 'Fourth Wall' သည် စိုးရိမ်ဖွယ်ကောင်းအောင် တုန်ခါနေပါသည်။]
ကျနော့်ဦးခေါင်းထဲတွင် လျှပ်စစ်စီးကြောင်းတစ်ခု ဖြတ်သွားသကဲ့သို့ ခံစားရပြီးနောက် အလွန်အမင်း နာကျင်လာသည်။ သို့ပေသိ ရှင်ယူဆောင်းက အဆုံးအဖြတ်တိုက်ကွက်ကို ပေးလိုက်သည့် ခဏ၌ ရှင်ယူဆောင်း၏ ညာဘက်လက်ကို ကျနော် နောက်သို့ ဆွဲငင်နိုင်ခဲ့သည်။ ထိုဆွဲငင်ခဲ့ခြင်းမှာ အလွန်သိမ်မွေ့သော ညှိယူမှုဖြစ်သဖြင့် ရှင်ယူဆောင်း မရိပ်မိခဲ့သော်လည်း ကျနော်ကတော့ သေချာပေါက် လုပ်ဆောင်နိုင်ခဲ့၏။
လီဂျီဟယ် သေမသွားပေ။
[ဇာတ်ကောင် 'ရှင်ယူဆောင်း' အပေါ် သင်၏ နားလည်နိုင်စွမ်း တိုးမြင့်လာပါသည်။]
လီဟန်းဆောင်နှင့်လည်း ထိုအတိုင်းပင် ထပ်မံဖြစ်ပွားခဲ့သည်။ ကျနော့်စိတ်မှာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သော်လည်း တစ်ခုခုကို လုပ်ဆောင်နိုင်မည်ဟု ကျနော် ထင်မိ၏။ ကျနော် စိတ်ကို ပိုမိုနှစ်မြှုပ်လိုက်ပြီး ရှင်ယူဆောင်း၏ ခန္ဓာကိုယ်ကို ပိုမိုထိန်းချုပ်လိုက်၏။
နောက်ဆုံးတွင် ရှင်ယူဆောင်းက လီဂီယောင်၏ လည်ပင်းကို ညှစ်လိုက်သည့်အချိန်၌ ဖြစ်ပွားခဲ့တော့သည်။
“နင်-နင်က ဘယ်သူလဲ”
ရှင်ယူဆောင်း၏ ညာဘက်လက်ကို ထိန်းချုပ်ရန် ကျနော် အောင်မြင်သွားခဲ့သည်။
[သင့်ထံ၌ ဇာတ်ကောင် 'ရှင်ယူဆောင်း' အပေါ်တွင် အလွန်မြင့်မားသော နားလည်နိုင်စွမ်း ရှိပါသည်။]
အခြားလူတစ်ယောက်၏ လက်မှာ ကျနော့်အလိုအတိုင်း လှုပ်ရှားနေလေသည်။ တကယ်ကို အံ့သြဖွယ်ကောင်းသော အတွေ့အကြုံတစ်ခုပင်။
“...ဦးလေးဟုတ်လား”
ရှင်ယူဆောင်းက မေးလိုက်၏။
“ငါ့ထဲကနေ ထွက်သွားစမ်း”
ကျနော့်ထိန်းချုပ်မှုအောက်ရှိ ရှင်ယူဆောင်း၏ ညာဘက်လက်မောင်းမှာ စတင်တုန်ခါလာသည်။ ပုံမှန်မဟုတ်ဘဲ ပုံပျက်နေသော ထိုလက်မောင်းမှာ သွေးကြောများ ပေါက်ထွက်တော့မည့်အလား မဟူရာရောင်ပြောင်းကာ ဖောင်းကြွလာသည်။ ရှင်ယူဆောင်းငယ်လေးမှာ ထိုမဟူရာရောင် လက်မောင်းကို ဖမ်းကိုင်ရန် ပြေးလာ၏။
“ဦးလေး။ အထဲမှာ ရှိနေတာ မလား။ ဦးလေး”
ရှင်ယူဆောင်းငယ်လေးသည် ကျနော့်ညာဘက်လက်မောင်းကို ဆွဲကိုင်လိုက်သည်။ ထိုခဏ၌ ပြင်းထန်သော လျှပ်စစ်မီးစလေးတစ်ခု ညာဘက်လက်မောင်းထဲသို့ ဝင်ရောက်လာ၏။ ထိုမီးစလေးမှာ ဖြစ်နိုင်စွမ်းမုန်တိုင်းနှင့် ဆင်တူသော မီးစတစ်ခု ဖြစ်သည်။ အံ့သြသွားသော လူများမှာ ပြေးလာကြသော်လည်း ထိုမီးစများက သူတို့ကို လွင့်ထွက်သွားစေသည်။
‘ကပ်ဘေး’ ရှင်ယူဆောင်းနှင့် ‘ငယ်ရွယ်သော’ ရှင်ယူဆောင်းတို့သည် တစ်ဦးကိုတစ်ဦး တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြ၏။ မှတ်ဉာဏ်လှိုင်းလုံးများမှာ စုစည်းလာတော့သည်။
「 "ဦးလေး" 」
「 "ခေါင်းဆောင်" 」
ဒါက မဖြစ်နိုင်ပေ။ အကယ်၍ ‘ပြတ်တောက်နေသော ဖလင်’ သီအိုရီက မှန်ကန်လျှင် ထိုလူနှစ်ဦးမှာ တူညီသော သမိုင်းကြောင်းကို မျှဝေထားခြင်း မရှိသင့်ပေ။
「 "ဦးလေး… ကျွန်မကို သတ်လိုက်လို့ ရပါတယ်" 」
「 "ကျွန်မ အသက်ရှင်ချင်ခဲ့တာ" 」
စဉ်းစားကြည့်လျှင် ပြတ်တောက်နေသော ဖလင်သီအိုရီမှာ ‘ဇာတ်ကောင်များ’ အတွက်သာ သက်ရောက်ခြင်း ဖြစ်သည်။ ကျနော်က ဝတ္ထု၏ အပြင်ဘက်မှ လာသူ ဖြစ်၏။ အကယ်၍ ကျနော့်တည်ရှိမှုက သူတို့၏ မှတ်ဉာဏ်ကို ချိတ်ဆက်ပေးရာတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေပြီး ဖလင်နှစ်ခုကို ကျနော်က ချိတ်ဆက်ပေးလိုက်လျှင် မည်သို့ဖြစ်သွားမည်နည်း။
ရှင်ယူဆောင်းနှစ်ဦးစလုံးက ကျနော့်လက်ကို ကိုင်ထားသည်အား ကျနော် ခံစားမိနေလေသည်။ တတိယကြိမ်နှင့် ၄၁ ကြိမ်မြောက်။ မတူညီသော အချိန်ကာလနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ရင်ဆိုင်နေကြလေပြီ။
「 "ကျွန်မ အသက်ရှင်ရတာက ထိုက်တန်ရဲ့လား" 」
「 "ဒါဆိုရင် ဒီဘဝရဲ့ တန်ဖိုးက ဘာလဲ" 」
“ဟင့်အင်း။ ဒါက… ဒီမှတ်ဉာဏ်တွေက…”
ထိတ်လန့်နေသော ကပ်ဘေးရှင်ယူဆောင်းမှာ စကားများ ထစ်ငေါ့နေပြီး ပြာနှမ်းနေသော နှုတ်ခမ်းကို ကိုက်ထားလေသည်။ ရှင်ယူဆောင်း၏ ခန္ဓာကိုယ်အတွင်း၌ ကြီးမားသော စွမ်းအင်တစ်ခု ဖန်တီးခံနေရ၏။ တစ်ခုခု စုတ်ပြဲသွားသည့် အသံနှင့်အတူ ရှင်ယူဆောင်းငယ်လေးမှာ ညာဘက်လက်မောင်းမှ လွင့်ထွက်သွားတော့၏။
ရှင်ယူဆောင်းသည် ကျနော့်ကို သူ၏ ခန္ဓာကိုယ်ထဲမှ ထုတ်ပယ်ရန် ကြိုးပမ်းသည့်အနေဖြင့် သူ၏ ကိုယ်ခန္ဓာကို သူကိုယ်တိုင် ပြန်လည် ထိခိုက်အောင် ပြုလုပ်နေလေသည်။ ရှင်ယူဆောင်းထံမှ သွေးများ စီးကျလာပြီး ရှင်ယူဆောင်း၏ တိုက်ခိုက်နိုင်စွမ်းမှာလည်း လျင်မြန်စွာ ကျဆင်းလာတော့သည်။ လွန်ကဲလှသော မှော်စွမ်းအင်များကြောင့် ရှင်ယူဆောင်း၏ အသားအရေမှာလည်း ပျက်စီးလာနေချေလေပြီ။
「 ရှင်ယူဆောင်း။ ခဏနေဦး။ ရပ်လိုက်စမ်း 」
“အားးးး”
ရှင်ယူဆောင်းသည် ဦးခေါင်းကို ဆုပ်ကိုင်ကာ ကျနော့်ကို မောင်းထုတ်ရန် ရုန်းကန်နေသည်။ ရှင်ယူဆောင်း၏ အာရုံများကို မျှဝေခံစားနေရသဖြင့် ပျို့အန်ချင်စိတ်နှင့် နာကျင်မှုများကြောင့် ကျနော်ရူးမတတ် ဖြစ်နေရ၏။ ရှင်ယူဆောင်း၏ စိတ်အာရုံမှာ ဗလာဖြစ်နေလေသည်။
ကျနော် ခဏတာ ဝေခွဲမရ ဖြစ်သွား၏။ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက ကပ်ဘေးရှင်ယူဆောင်းမှာ...
ချီးပဲ။
.
.
ကျနော့်အသိစိတ်မှာ ရှင်ယူဆောင်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားပြီး အာရုံငါးပါးစလုံး ပျောက်ကွယ်သွားတော့သည်။
[စွမ်းရည်များ ပဋိပက္ခဖြစ်မှု ချို့ယွင်းချက်အား ပုံမှန်အတိုင်း ပြန်လည်ပြုပြင်ပြီးပါပြီ။]
[နှောင့်နှေးနေသော 'လူမသတ်ဘုရင်' ၏ အထူးအခွင့်အရေး ပြန်လည်ပေါ်ပေါက်လာပါပြီ။] ၏
[သင်၏ ခန္ဓာကိုယ်သည် သေဆုံးခြင်းမှ ပြန်လည်ရှင်သန်လာသည်]
...
ဤသည်က မှန်ကန်တဲ့ ရွေးချယ်မှု မဟုတ်ခဲ့တာလည်း ဖြစ်နိုင်သည်။ သို့ပေသိ ကျနော် ကြိုးစားကြည့်ချင်ခဲ့မိ၏။
[လိင်ပြောင်းလဲခြင်းကို နှစ်သက်သော နက္ခတ်တစ်ပါးမှာ ဝမ်းနည်းနေပါသည်။]
မကြိုးစားခဲ့ပါက ကျနော် အမြဲတမ်း နောင်တရနေပေလိမ့်မည်။
[သင်၏ အရေပြားကို ပြန်လည်တည်ဆောက်ခြင်း စတင်ပါပြီ။]
[သီးသန့်စွမ်းရည် 'Fourth Wall' သည် သင်၏သေဆုံးမှုကြောင့် ဖြစ်ပေါ်လာသော စိတ်ဒဏ်ရာကို ခုနှိမ်ပေးနေပါသည်။]
[အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် အဆင့် ၃ အတွက် လျော်ကြေးအား ပြင်ဆင်နေပါသည်။]
ယခုတစ်ကြိမ်သည် မီးနဂါးကြောင့် သေဆုံးခဲ့ပြီးနောက် ကျနော့်၏ ဒုတိယအကြိမ်မြောက် ရှင်သန်ခြင်း ဖြစ်သည်။
ကျနော့် အာရုံကြောများ ပြန်လည်တည်ဆောက်ခံနေရသည်ကို ခံစားရပြီး နောက်တစ်ကြိမ် ထပ်မံရုန်းကန်လိုက်ရသည်။ ပြန်လည်ဖြစ်ပေါ်လာသော အဆုတ်များထဲသို့ လေများ ပြည့်နှက်သွားကာ အမြင်အာရုံကြောများ ချိတ်ဆက်သွားသဖြင့် ကျနော်၏ အမြင်အာရုံ ပြန်လည်ရရှိလာသည်။ စိတ်၏ စိတ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများကို ဦးနှောက်အပေါ်ယံလွှာပေါ်သို့ ပြန်လည်အစားထိုးလိုက်ပြီ ဖြစ်၏။
[လူမသတ်ဘုရင်၏ အထူးအခွင့်အရေး ပြီးဆုံးပါပြီ။]
[ကုသိုလ်ရမှတ် ၁၀၀ သုံးစွဲလိုက်ပါသည်။]
[သင်၏ အရေပြားရှိ အညစ်အကြေးများကို လုံးဝ ဖယ်ရှားလိုက်ပြီး ကိုယ်ခန္ဓာကြံ့ခိုင်မှု တိုးမြင့်လာပါသည်။]
[ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် မှော်စွမ်းအင်မှာ ၂ ဆင့်စီ တိုးမြင့်သွားပါသည်။]
[သင်သည် ဇာတ်ဝင်ခန်းအတွက် သတ်မှတ်ထားသော စွမ်းရည်အလုံးစုံ ကန့်သတ်ချက်ကို ကျော်လွန်သွားပါပြီ။]
ကံကောင်းထောက်မစွာဖြင့် ယခုတစ်ကြိမ်သည် ဒုတိယအကြိမ်မြောက် ရှင်သန်ခြင်း ဖြစ်သဖြင့် ကျနော့်တွင် ကြည့်မကောင်းသော အသွင်အပြင် မရှိနေပေ။
ကျနော် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ပြန့်ကျဲနေသော ကျနော့် ပစ္စည်းများနှင့် အဝတ်အစားများကို မြင်လိုက်ရသည်။ မည်သူမှ ယူမသွားကြသည်မှာ ကံကောင်းလှ၏။ ကျနော် အဝတ်အစားများ စတင်ဝတ်ဆင်နေစဉ် ကျနော့်နောက်ဘက်မှ ကြောက်မက်ဖွယ်ကောင်းသော အသံတစ်ခုကို ကြားလိုက်ရသည်။
“...ကင်ဒေါ့ဂျာ”
အာ… စဉ်းစားကြည့်မှ ဒီမအေဘေးက ငါ့ဘေးနားမှာတင် ရှိနေတာပဲ။
ကျနော် လှည့်ကြည့်လိုက်ရာ ယူဂျွန်ဟော့က ကျနော့်ကို မယုံနိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်အား မြင်လိုက်ရသည်။ သူ၏ ပုခုံးများမှာ မံမီများ၏ ပတ်တီးများဖြင့် ဖုံးလွှမ်းနေဆဲ ဖြစ်၏။
“ဘယ်လိုဖြစ်ပြီးတော့ မင်းအသက်ပြန်ရှင်လာတာလဲ”
ကျနော် သက်ပြင်းချလိုက်မိသည်။ ဤနေရာတွင် လူမသတ်ဘုရင်အကြောင်းကို ရှင်းပြ၍ မရနိုင်သဖြင့် အခြားအရာတစ်ခုကိုသာ ပြောလိုက်၏။
“...ငါ့ကို ထပ်သတ်မယ်လို့ မပြောပါနဲ့ဦး။ ဒီတစ်ခါတော့ တကယ် သေသွားလိမ့်မယ်”
“ကင်ဒေါ့ဂျာ၊ မင်း...”
“နောက်မှ ရှင်းပြမယ်။ အချိန်မရှိတော့ဘူး”
မကျိုးပဲ့နိုင်သောယုံကြည်မှုဓါးအား ဝှေ့ယမ်းကာ ယူဂျွန်ဟော့ကို မံမီများ၏ ပတ်တီးများအတွင်းမှ လွတ်မြောက်စေလိုက်သည်။ မံမီများမှာ စူးစူးဝါးဝါး အော်ဟစ်ကာ ကျနော့်ကို စိုက်ကြည့်နေကြ၏။ ထို့နောက် စာမှတ်မှတစ်ဆင့် လေ၏လမ်းစဉ်ကို အသက်သွင်းလိုက်လေသည်။
ဒဏ်ရာရနေသော ယူဂျွန်ဟော့ကို ပုခုံးပေါ်ထမ်းကာ အေးခဲနေသော ဟန်မြစ်ဆီသို့ ပြေးသွားလိုက်၏။
အဝေးတွင် ကိုယ်စားလှယ်များမှာ မိစ္ဆာများနှင့် တိုက်ခိုက်နေကြသည်ကို မြင်နေရသည်။ ဆိုးလ်မြို့၊ ယောင်ဆန်-ဂူမှ မဟူရာရောင် အရှိန်အဝါများ ထွက်ပေါ်နေ၏။ သေချာပေသည်။ ကပ်ဘေးရှင်ယူဆောင်းမှာ ထိုနေရာတွင် ရှိနေလေသည်။
“ဦးလေး”
“ဒေါ့ဂျာ”
ကျနော့်အဖွဲ့သားများ ကျနော့်ထံသို့ ပြေးလာကြသည်ကို တွေ့လိုက်ရသည်။ ယူဂျွန်ဟော့ကို မြေပြင်ပေါ်သို့ ချထားပေးလိုက်ပြီး အမိန့်ပေးလိုက်၏။
“အနားယူလိုက်ကြဦး”
ထို့နောက် ကပ်ဘေးရှင်ယူဆောင်းရှိရာသို့ ကျနော်တည့်တည့် ပြေးသွားလိုက်သည်။
“ဒေါ့ဂျာ။ အဲဒါက အန္တရာယ်များတယ်”
“ရပါတယ်”
လီဟန်းဆောင်ကို ဟန့်တားကာ ရှေ့သို့ ကျနော်ဆက်တိုးသွားလိုက်သည်။
“ရှင်ယူဆောင်း”
ရေလွှမ်းမိုးမှုကပ်ဘေးမှာ သူမ၏ ဦးခေါင်းကို ဆုပ်ကိုင်ထားရင်း ထိုင်နေသည်။ သွေးများမှာ စီးကျလာပြီး မြေပြင်ပေါ်သို့ ကျရောက်နေ၏။
ရှင်ယူဆောင်းထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် ကိုယ်စားလှယ်များမှာ အနားမကပ်ရဲကြပေ။ ယခုအချိန်တွင် လူတိုင်းသာ အင်အားစုပေါင်းလိုက်ပါက လက်ရှိ ရေလွှမ်းမိုးမှုကပ်ဘေးကို သတ်ပစ်နိုင်ပေလိမ့်မည်။
“နင်က... ဘယ်သူ... လဲ”
ကပ်ဘေးရှင်ယူဆောင်းသည် ကျနော့်ကို တုန်ယင်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“အကုန်လုံး ပျက်စီးသွားပြီ... နင့်ကြောင့်... ဒါက ငါသိတဲ့ အကျော့ မဟုတ်ဘူး”
နှစ်ပေါင်းတစ်ထောင်ကျော်ကြာ တည်တံ့ခဲ့သော ဝိညာဉ်သည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေ၏။
“ဟင့်အင်း။ လုံးဝ မဖြစ်နိုင်တာ”
ထိုအပြောင်းအလဲမှာ ယူဂျွန်ဟော့နှင့် စတင်ခဲ့ခြင်းဖြစ်ပြီး အတိတ်မှ ရှင်ယူဆောင်းနှင့် တွေ့ဆုံလိုက်သည့် ခဏတွင်ပင် ကပ်ဘေးရှင်ယူဆောင်း၏ စိတ်ဝိညာဉ်မှာ ပြိုလဲသွားတော့သည်။
ရှင်ယူဆောင်းသည် ယူဂျွန်ဟော့ကို မုန်းတီးခဲ့သည်။ ရှင်ယူဆောင်း၏ ဒေါသများမှာ နှစ်ပေါင်းတစ်ထောင်ကျော် စုပုံလာခဲ့ခြင်း ဖြစ်၏။ အားကောင်းလှသော ထိုခံစားချက်များမှာ ရှင်ယူဆောင်း လက်ခံရရှိလိုက်သော မှတ်ဉာဏ်များကြောင့် ကြေမွသွားခဲ့ရသည်။
ဤမျှော်လင့်ချက်က ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်ကောင်း ပြောင်းလဲပေးနိုင်လိမ့်မည်။ ၎င်းမှာ ကပ်ဘေးရှင်ယူဆောင်း မြင်တွေ့ခဲ့ရသော မျှော်လင့်ချက် အပိုင်းအစလေးပင် ဖြစ်သည်။ အလွန်သေးငယ်ကောင်း သေးငယ်လောက်မည် မှန်နိုင်သော်လည်း မျှော်လင့်ချက်သည် စိတ်ပျက်အားငယ်မှုကို လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။
ရှင်ယူဆောင်းအနားသို့ ချဉ်းကပ်ကာ ရှင်ယူဆောင်းဘေးတွင် ကျနော်ဒူးထောက်ထိုင်ချလိုက်သည်။ ရှင်ယူဆောင်းက ကျနော့်ကို စိုက်ကြည့်နေ၏။
“နင် တော်တော်လေး ကြိုးစားခဲ့တာပဲ”
ရှင်ယူဆောင်း အကြားချင်ဆုံး ဖြစ်မည့် စကားလုံးများကို ကျနော် အစဉ်တစိုက် စဉ်းစားနေခဲ့သည်။ Ways of Survival ထဲတွင် ထိုသို့သော အရာမျိုး တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးပေ။ ကျနော့်ဘာသာသာ ထိုစကားလုံးများကို ဖန်တီးခဲ့ရလေသည်။ ကျနော်သာ ရှင်ယူဆောင်းဖြစ်ခဲ့ပါက...
“နင့်ကို ငါ စောင့်နေခဲ့တာ ကြာပါပြီ”
ရှင်ယူဆောင်း၏ မျက်လုံးများမှာ မငြိမ်မသက် တုန်ယင်သွားသည်။
“...ရှင် စောင့်နေခဲ့တယ် ဟုတ်လား။ ရှင်က ဘယ်သူလဲ”
“မင်းလိုချင်တဲ့ ကမ္ဘာမျိုးကိုပဲ လိုချင်တဲ့သူတစ်ယောက်ပါ”
ထိုအချိန်တွင် ရှင်ယူဆောင်း၏ မျက်လုံးများမှာ သိသိသာသာ ပြောင်းလဲသွားသည်။
「 ကျမ... 」
တဖြည်းဖြည်းချင်းပင်၊ ယူဆန်းအာက ကျနော့်ပုခုံးကို လာထိသည်။
“ဒေါ့ဂျာ”
ကျနော် ခေါင်းညိတ်ပြကာ ထရပ်လိုက်၏။ ကျနော့်အဖော်များက ကျနော့်ကို ကြည့်နေကြ၏။ ကျနော် သူတို့ကို ကြည့်ရင်း စကားစလိုက်သည်။
“အားလုံးပဲ”
ရေလွှမ်းမိုးမှုကပ်ဘေး အခန်းကို ကျနော်နှစ်သက်ခဲ့သည်။ ထိုအခန်းတွင် ပါဝင်ခဲ့သော ဇာတ်ကောင်အားလုံးကိုလည်း ချစ်ခင်တန်ဖိုးထားခဲ့သည်။ ထို့ကြောင့်ပင် ဤဇာတ်လမ်းမျိုး ဖြစ်မလာရန် ကျနော် မျှော်လင့်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
“ငါ ကပ်ဘေးကို သတ်မှာ မဟုတ်ဘူး”
ကျနော် ထိုအကြောင်းကို စဉ်းစားခဲ့သည်။ မူရင်း တတိယအကျော့တွင် ရေလွှမ်းမိုးမှုကပ်ဘေးမှာ ရှင်ယူဆောင်းလေး အသတ်ခံရပြီးနောက် သေဆုံးသွားခဲ့သည်။ သို့ပေသိ ကျနော် မသိသေးသော ဤအခန်း၏ အခြားအဆုံးသတ်တစ်ခု ရှိနေနိုင်မလားဟု ကျနော် တွေးတောနေခဲ့သည်။ အဆိုပါအခြားအဆုံးသတ်မှာ တစ်ခါမှ မကြိုးစားဖူးသေးသည့် အဆုံးသတ်မျိုး ဖြစ်၏။
“ငါ ဘယ်ငြင်းခုံမှုကိုမှ လက်ခံမှာ မဟုတ်ဘူး။ ဒီတစ်ခါတော့ ငါ့ရဲ့ တိုက်တွန်းချက်ကို နားထောင်ပေးစေချင်တယ်”
“ဦးလေး။ ဒါက ဘယ်လိုတောင်အဓိပ္ပာယ်မရှိတဲ့ စကားတွေလဲ”
ပဉ္စမမြောက် ဇာတ်ဝင်ခန်းအတွက် အချိန်ကန့်သတ်ချက် မရှိပေ။ အကယ်၍ ရေလွှမ်းမိုးမှုကပ်ဘေးက တာဝန်ကို စွန့်လွှတ်လိုက်ပြီး ကျနော်တို့ကလည်း ကပ်ဘေးကို မနှိမ်နင်းခဲ့လျှင် မည်သို့ဖြစ်ပျက်လာနိုင်မည်နည်း။ ထိုသို့ဆိုလျှင် ဤဇာတ်ဝင်ခန်းမှာ မည်သူမှ မသေဘဲ ဆက်ရှိနေနိုင်ကောင်း ရှိနေနိုင်ပေသည်။
အချို့က နားလည်သွားကြသော်လည်း အချို့မှာမူ ဇဝေဇဝါ ဖြစ်နေကြသည်။ ပထမဆုံး ခေါင်းညိတ်လိုက်သူမှာ ယူဆန်းအာဖြစ်ပြီး ထို့နောက်တွင် လီဟန်းဆောင်က စကားပြောလာသည်။
“ခင်ဗျားမှာ အကြံရှိမှာပါ။ ကျုပ်က ဒေါ့ဂျာရဲ့ ဆန္ဒအတိုင်း လိုက်နာပါ့မယ်”
“ဒါက အကိုကြီး လိုချင်တဲ့အခြေအနေဆိုရင် အဆင်ပြေပါတယ်။ ဒါပေမဲ့ ရှင်ယူဆောင်းဟာ တိုင်တန်နော့တဲလွာကို ရိုက်ခဲ့သလိုမျိုး ကျနော် ရှင်ယူဆောင်းကို ပြန်ရိုက်လို့ ရမလား”
“ချီး။ နင် လိုသလိုသာ လုပ်တော့။ ဘယ်တုန်းကများ နင်က ကိုယ်ဖြစ်ချင်သလို မလုပ်ခဲ့တာမျိုးရှိဖူးလို့လဲ။ ဒါပေမဲ့ ဒါက တကယ်ရော အဆင်ပြေပါ့မလား”
အဖွဲ့သားများ၏ စကားကို နားထောင်ရင်း ရှင်ယူဆောင်းလေးကို ကျနော် ကြည့်လိုက်သည်။
“ကျမ...”
ရှင်ယူဆောင်း၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နေသည်။ သူ၏ အနာဂတ်တွင် ကိုယ်တိုင် ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို ရှင်ယူဆောင်းလေး မြင်တွေ့ခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။
သို့ဖြစ်ရာ ရှင်ယူဆောင်းကို မည်သို့လုပ်သင့်သည်ကို ရှင်ယူဆောင်းလေးအား မေးမြန်းခြင်းမှာ ရက်စက်လွန်းလှသည်။ ကျနော် ကလေးမလေး၏ ဆံပင်ကို ပွတ်သပ်ပေးလိုက်ပြီးနောက် နောက်ဆုံးတွင် ကပ်ဘေးရှင်ယူဆောင်းထံသို့ လှည့်ကြည့်လိုက်သည်။ ကပ်ဘေးရှင်ယူဆောင်းသည် ဒဏ်ရာရထားသော သားရဲတစ်ကောင်ကဲ့သို့ မျက်နှာပျက်ယွင်းနေချေပြီ။
“နင်က ငါ့ကို မသတ်ဘူး ဟုတ်လား။ ရယ်မိအောင် မလုပ်စမ်းပါနဲ့။ အဲ့လိုစကားပြောရအောင် နင့်ကိုနင်ဘာထင်နေတာလဲ”
ကပ်ဘေးရှင်ယူဆောင်းတွင် ကျန်ရှိတော့သည့် တစ်ခုတည်းသော အရာမှာ မာနပင် ဖြစ်သည်။
“ငါက ၄၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းကို ဖြတ်ကျော်ရှင်သန်ခဲ့တာ။ ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ မသိတဲ့ အရာအားလုံးကို ငါ မှတ်မိနေတယ်။ နင်က ဘာသိလို့လဲ။ ငါ အဲဒီအချိန်တွေကို ဘယ်လို ကုန်ဆုံးခဲ့ရလဲနင်သိလား။ ငါကျော်ဖြတ်ခဲ့တာတွေကို ငါက မေ့ပစ်နိုင်စရာလား”
အနာဂတ်ရှင်ယူဆောင်း၏ စကားလုံးများမှာ ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ယူဂျွန်ဟော့က ကပ်ဘေးရှင်ယူဆောင်းကို ကြည့်နေသောကြောင့် ဖြစ်၏။
“...”
ဤခဏတွင် ရှင်ယူဆောင်းသည် သူပြောခဲ့သော စကား၏ စစ်မှန်သော အဓိပ္ပာယ်ကို သဘောပေါက်သွားသည်။ ကမ္ဘာများကြားတွင် လမ်းပျောက်ခဲ့ရခြင်း။ ချစ်ရသူများကို ဆုံးရှုံးခဲ့ရခြင်း။ မျိုးစုံကြုံခဲ့ရသော်လည်း ထိုကမ္ဘာတွင် ထပ်မံရှင်သန်နေထိုင်ရခြင်း။ ကပ်ဘေးရှင်ယူဆောင်း၏ ဝမ်းနည်းပူဆွေးမှုကို နားလည်ပေးနိုင်သူမှာ ဤကမ္ဘာတွင် တစ်ယောက်တည်းသာ ရှိပေသည်။
“နောက်ပြန်ဆုတ်သူ တိုင်းဟာ မဖြစ်လာသေးတဲ့ အရာတွေကို မုန်းတီးရင်း ရှင်သန်နေကြတာပဲ”
နောက်ပြန်ဆုတ်သူ ယူဂျွန်ဟော့က စကားစတင်ပြောဆိုသည်။
“အဲဒီလူက အနာဂတ်မှာ လူဆိုးဖြစ်လာမှာမို့လို့ ငါက သူ့ကို သတ်ရမယ်။ အဲဒီလူက အနာဂတ်မှာ ငါ့အဖော်ကို သတ်မှာမို့လို့ ငါက သူ့ကို သတ်ရမယ်။ အဲဒီလူက အနာဂတ်မှာ ငါ့အဖော် ဖြစ်လာမှာမို့လို့ ငါက သူ့ကို ကယ်တင်ရမယ်”
ယူဂျွန်ဟော့၏ မျက်လုံးများထဲရှိ ခံစားချက်များကို ကျနော် ဖတ်ရှုနိုင်ခဲ့သည်။ ထိုအရာများကို ဖတ်ရှုနိုင်ခဲ့သည့်အတွက် ယူဂျွန်ဟော့မှာ ကျနော့်အတွက် ပထမဆုံးအကြိမ်အဖြစ် ထူးဆန်းသလို ခံစားလိုက်ရသည်။ ဤမျှအထိ ရိုးသားလှသော ယူဂျွန်ဟော့မျိုးကို ကျနော် တစ်ခါမှ မမြင်ဖူးခဲ့ပေ။
“ဒါက မဖြစ်လာသေးတဲ့ အနာဂတ်ပဲ။ သူတို့က ငါ့ကို မှတ်မိမှာ မဟုတ်သလို၊ ဘာမှလည်း မလုပ်ရသေးဘူးဆိုတာ ငါ သိတယ်။ ဒါပေမဲ့ ငါကတော့ သူတို့ လုပ်ခဲ့ပြီးသလိုမျိုး ယုံကြည်ပြီး လုပ်ဆောင်ခဲ့တယ်။ ငါ အဲဒီလိုပဲ ရှင်သန်ခဲ့တာ။ အဲဒီအရာတွေ အားလုံးက ငါ့အတွက်တော့ အမှန်တကယ် ဖြစ်ပျက်ခဲ့တာမို့လို့ အဲဒါကို ငြင်းပယ်ပြီး ငါ မရှင်သန်နိုင်ဘူး”
ရှင်ယူဆောင်း၏ မျက်လုံးများထဲတွင် ဒေါသများ ပြန်လည်ရောက်ရှိလာသည်။
“ဟုတ်တယ်။ ရှင်က အဲဒီလို ရှင်သန်ခဲ့လို့ပဲ ကျမရဲ့ အဖော်တွေက...”
“ဒါကြောင့် နင်လည်း အဲဒီလိုပဲ ရှင်သန်လိုက်တော့။ ရှင်ယူဆောင်း”
“...ဘာ”
“နင် အလိုရှိရင် နင့်ရဲ့ မုန်းတီးမှုကို ငါ ခံယူပေးမယ်”
ယူဂျွန်ဟော့၏ စကားလုံးများကြောင့် ကျနော် အလွန်ပင် စိတ်မကောင်းဖြစ်ရသဖြင့် မည်သည့်စကားမှ မပြောနိုင်တော့ပေ။
“ငါ့ကို သတ်နိုင်ဖို့အတွက်ပဲ ဒီအကျော့မှာ ရှင်သန်နေလိုက်စမ်း”
ယူဂျွန်ဟော့က နောက်ဆုံးစကားအချို့ကို ပြောလိုက်သည်။ ထိုသို့ ပြောလိုက်ခြင်းမှာ ယူဂျွန်ဟော့ ပြသနိုင်သည့် အနွေးထွေးဆုံးသော အမူအရာလည်း ဖြစ်ပေလိမ့်မည်။
ယူဂျွန်ဟော့မှာ ဤမျှအထိ အားကိုးချင်စရာကောင်းနေမှန်း ကျနော် ပထမဆုံးအကြိမ် သတိထားမိလိုက်သည်။ ယူဂျွန်ဟော့သည် အားကိုးချင်စရာလည်းကောင်းသလို အထီးကျန်ဆဲလည်း ဖြစ်၏။
ရှင်ယူဆောင်းသည် ပါးစပ် အဟောင်းသားဖြင့် ယူဂျွန်ဟော့ကို စိုက်ကြည့်နေလေသည်။ ကံကြမ္မာ၏ ပြက်ရယ်ပြုမှုပင် ဖြစ်ပေလိမ့်မည်၊ ရှင်ယူဆောင်းသည် ရှင်သန်ခဲ့သော နှစ်ပေါင်းများစွာကြောင့်ပင် နှစ်ပေါင်းထောင်ချီ၍ မုန်းတီးခဲ့သော ထိုလူသားကို နားလည်သွားခဲ့ရသည်။
“ခေါင်းဆောင်... ခဏနေပါဦး။ ခေါင်းဆောင်”
ရှင်ယူဆောင်း၏ နှလုံးသားထဲရှိ လှိုင်းဂယက်များကို ကျနော် ခံစားသိရှိနိုင်ခဲ့သည်။
「 ...ဒါက တကယ်ရော အဆင်ပြေရဲ့လား 」
「 ဒီအကြောင်းပြချက်အတွက်နဲ့ပဲ ဆက်သွားလိုက်ပါ 」
「 ဒီကမ္ဘာကို... ရှင် စွန့်ပစ်စရာ မလိုပါဘူး... 」
အချို့သော ဒေါသများက ပျောက်ကွယ်မသွားခဲ့သလို၊ အချို့သော ပူဆွေးမှုများကလည်း ဖျောက်ဖျက်မရခဲ့ပေ။ သို့ပေသိ ရှင်ယူဆောင်းသာ ရှင်သန်နေသရွေ့ တစ်နေ့နေ့တွင် ကယ်တင်ခြင်းမှာ ရောက်ရှိလာပေလိမ့်မည်။
ကျနော် ရှင်ယူဆောင်းကို ပြောလိုက်သည်။
“ရှင်ယူဆောင်း၊ အခုတော့ နင့်ရဲ့ 'အကျော့' ပဲ”
ကျနော်သည် စာဖတ်သူတစ်ယောက် ဖြစ်ခဲ့စဉ်က ဘာကိုမှ မပြောင်းလဲနိုင်ခဲ့ပေ။ ကျနော်သည် စာဖတ်သူတစ်ယောက် ဖြစ်ခဲ့သောကြောင့်သာ ယခုအချိန်တွင် ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်သည်။ ကျနော် ပြောင်းလဲနိုင်လိမ့်မည်ဟု ထင်မြင်ခဲ့မိသည်။ အနည်းဆုံးတော့ အလယ်အလတ်အဆင့်ဒိုကဲဘီ၏ အသံကို ကြားလိုက်ရသည့် အချိန်အထိ ထင်ခဲ့မိခြင်းဖြစ်၏။
အခန်း ၁၀၆
- အပိုင်း ၂၁ - မပြောင်းလဲနိုင်သော အရာများ (၄)
[စိတ်တော့မကောင်းပါဘူး။ အဲဒါက နည်းနည်း ခက်ခဲလိမ့်မယ်]
ဒီကောင် ထွက်လာမယ့် အချိန်ရောက်ပြီဆိုတာ ကျနော် သိနေသည်။ ဒီကောင်မှာ ကျက်သရေအတော်ယုတ်လှသော အလယ်အလတ်အဆင့်ဒိုကဲဘီပင်။ ဒီကောင်သည် ဆိုးလ်တစ်ခုလုံး၏ ဇာတ်ဝင်ခန်းကို စီမံခန့်ခွဲနေသူဖြစ်ရာ ယခုလိုအချိန်တွင် လှုပ်ရှားလာခြင်းမှာ မထူးဆန်းဟု ပြော၍ရ၏။
သို့ပေသိ ကျနော်ကတော့ အနည်းငယ် ယုံကြည်မှု ရှိနေလေသည်။
"ဘာလို့ ခက်ခဲရမှာလဲ။ ငါတို့က ဇာတ်ဝင်ခန်းရဲ့ စည်းကမ်းတွေကို ချိုးဖောက်နေတာမှ မဟုတ်တာ"
[ကပ်ဘေးကို ချန်ထားပေးမယ် ဟုတ်လား။ မင်း ရူးနေတာလား။ မင်း သေချင်နေတာပဲ ဖြစ်ရမယ်]
"မဟုတ်ဘူး၊ အဲဒါရဲ့ ဆန့်ကျင်ဘက်ပဲ။ ငါက ရှင်သန်ဖို့အတွက် ဆုံးဖြတ်နေတာ"
အလယ်အလတ်အဆင့်ဒိုကဲဘီ၏ အသံမှာ ပို၍ မာထန်လာသည်။
[ဒါဟာ စည်းကမ်းတွေကို ဖောက်ဖျက်တာဆိုတာ မင်း မသိဘူးလား။ ဇာတ်ဝင်ခန်းရဲ့ အကြောင်းအရာက ကပ်ဘေးကို သတ်ဖို့ပဲ။ အကယ်၍ မင်းက ဇာတ်ဝင်ခန်းအတိုင်း မလုပ်ဘူးဆိုရင်...]
"စိတ်မပူပါနဲ့။ ကပ်ဘေးကို ငါသတ်မှာပါ"
ထိုစကားကို ပြောလိုက်သည့် ခဏတွင် လူတိုင်းက ကျနော့်ကို လှည့်ကြည့်လာကြသည်။
"ဦးလေးကြီး။ ရှင်ဘာတွေ ပြောနေတာလဲ..."
အထူးသဖြင့် လီဂျီဟယ်က ကျနော့်ကို စိတ်ရောဂါသည်တစ်ယောက်လို ကြည့်နေလေသည်။
ထူးတော့ မထူးဆန်းပေ။ စောနကလေးတင် ကပ်ဘေးကို မသတ်ဘူးဟု ပြောခဲ့ပြီး ယခုတွင်မူ သတ်မည်ဟု ကျနော်ပြောနေခဲ့ကြောင်းဖြစ်၏။ အဖွဲ့သားအများစုမှာ ကျနော့်နောက်ထပ်ဘာပြောမလဲကို စောင့်ဆိုင်းနေကြလေသည်။ ကျနော့်အပေါ် ယုံကြည်မှုရှိရှိဖြင့် တိတ်ဆိတ်နေကြသည်ကို တွေ့ရသဖြင့် ကျနော် အနည်းငယ် ဂုဏ်ယူမိသွားသည်။
"အခုချက်ချင်း မဟုတ်ရုံတင်ပါ"
[ဘာ]
"ဇာတ်ဝင်ခန်းထဲမှာ အချိန်ကန့်သတ်ချက်ကို ဖော်ပြမထားဘူး။ အဲဒီတော့ ကပ်ဘေးကို ဘယ်အချိန်မှာ သတ်မလဲဆိုတာက ငါတို့အပေါ်မှာပဲ မူတည်တယ်"
အလယ်အလတ်အဆင့်ဒိုကဲဘီ၏ မျက်နှာမှာ ဆေး ခါးခါးကြီး သောက်လိုက်ရသလို ပျက်ယွင်းသွားတော့၏။
"ဒါကြောင့် အလျင်စလိုလုပ်ဖို့ မလိုပါဘူး"
ကပ်ဘေးရှင်ယူဆောင်းက ကျနော့်ကို အံ့အားသင့်ဖွယ် အမူအရာဖြင့် မော့ကြည့်လာသည်။ ဤသို့သော အရာမျိုး ဖြစ်နိုင်လိမ့်မည်ဟု ကပ်ဘေးရှင်ယူဆောင်း သိခဲ့မည်မထင်ချေ။
['ကောင်းကင်ဘုံ၏ စာရေးတော်' နက္ခတ်သည် သင့်အား ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေပါသည်။]
နက္ခတ်များ လှုပ်လှုပ်ရှားရှား ဖြစ်နေခြင်းကို ကျနော်ခံစားမိနေလေ၏။ Ways of Survival တစ်အုပ်လုံးကို ရှာကြည့်လျှင်ပင် ဇာတ်ဝင်ခန်းကို ယခုကဲ့သို့ တော်လှန်ပုန်ကန်သည့် အခန်းမျိုး အများကြီး မရှိပေ။ ထို့ကြောင့်ပင် နက္ခတ်များအတွက် အလွန် စိတ်ဝင်စားစရာ ကောင်းနေခြင်း ဖြစ်လေသည်။
အထူးသဖြင့် ကောင်းမှုနှင့် မကောင်းမှု ခွဲခြားရန် ခက်ခဲနေသည့် အခြေအနေမျိုးတွင် ပို၍ မှန်ကန်ပေသည်။ အကြွင်းမဲ့ ကောင်းမှု သို့မဟုတ် အကြွင်းမဲ့ မကောင်းမှု နက္ခတ်များထံမှ စာရင်းသွင်းကြည့်ရှုသူ အရေအတွက်မှာ အဆမတန် မြင့်တက်လာလိမ့်မည်။ ဇာတ်ကောင်များ၏ အကောင်းအဆိုးကို ပိုင်းခြားရခြင်းမှာ သူတို့၏ နိစ္စဓူဝကိစ္စသာ ဖြစ်၏။
[ငါ ဒါကို ခွင့်မပြုနိုင်ဘူး]
"မင်းက နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုထဲကို ဝင်ရောက်စွက်ဖက်ဦးမလို့လား။ ပြီးခဲ့တဲ့ အခေါက်က ဘာဖြစ်ခဲ့လဲဆိုတာ မေ့သွားပြီလား"
[...]
ကျနော်၏ ယုံကြည်စွာဖြင့်ပြောနေနိုင်ခြင်းမှာ ဤဇာတ်ဝင်ခန်းသည် ဇာတ်ဝင်ခန်းအသေး မဟုတ်ဘဲ အဓိကဇာတ်ဝင်ခန်း ဖြစ်နေခြင်းကြောင့် ဖြစ်၏။
ယခုဇာတ်ဝင်ခန်းမှာ ဒေသတစ်ခုလုံးကို ဝါးမြိုနိုင်လောက်အောင် အတိုင်းအတာကြီးမားသော ပဉ္စမမြောက် ဇာတ်ဝင်ခန်းလည်း ဖြစ်ရာ အလယ်အလတ်အဆင့်ဒိုကဲဘီအတွက် ဇာတ်ဝင်ခန်း၏ စံနှုန်းများကို ပြောင်းလဲရန် ခက်ခဲပေလိမ့်မည်။ ထို့အပြင် အလယ်အလတ်အဆင့်ဒိုကဲဘီသည် စီမံခန့်ခွဲရေးဌာနထံမှ အရေးယူ အပြစ်ပေးမှုကိုလည်း ခံထားဖူးသူ ဖြစ်၏။
နောက်တစ်ကြိမ် အပြစ်ပေးခံရမည်ကို သူသည် ကြောက်ရွံ့နေမည်မှာ သေချာပြီး ကျနော့်ကို တိုက်ခိုက်ရာတွင်လည်း အနိုင်ရနိုင်ခြေ သိပ်မရှိပေ။
အနားတွင် ဘီဟွန်းမှာ လက်သည်းကိုက်နေသည်ကို တွေ့ရသဖြင့် ကျနော် သူ့ကို ပြောလိုက်သည်။
'အသင့်ပြင်ထား။ တစ်ခုခု ဖြစ်လာရင် ငါ ယုံကြည်နိုင်တာ မင်းတစ်ယောက်ပဲ ရှိတယ်'
--တောက်၊ ငါက ဘာလို့ လုပ်ပေးရမှာလဲ
'ငါတို့က တစ်လှေထဲစီးဖြစ်နေပြီဆိုတာ မမေ့နဲ့'
ဘီဟွန်း ငြိမ်သွားပြီးနောက် အလယ်အလတ်အဆင့်ဒိုကဲဘီက စကားစလာသည်။
[သိပ်စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဒါပေမဲ့ မင်းထင်သလို ဖြစ်လာမှာ မဟုတ်ဘူး]
သူ အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူးဆိုတာ ကျနော် သိနေလေသည်။
[ဆိုးလ်ဒေသထဲက ကိုယ်စားလှယ် အားလုံးက မင်းလို မဟုတ်ဘူးလေ]
အလယ်အလတ်အဆင့်ဒိုကဲဘီက လက်ဖျောက်တစ်ချက် တီးလိုက်သည်။ ထို့နောက် စနစ်မက်ဆေ့ချ်များ ပေါ်လာတော့သည်။
[ဇာတ်ဝင်ခန်းအသေး အသစ်တစ်ခု ရောက်ရှိလာပါပြီ။]
သူ ဘာတွေးနေလဲဆိုတာ ကျနော် သိသည်။ အကယ်၍ သူက အဓိကဇာတ်ဝင်ခန်းကို မထိနိုင်ဘူးဆိုရင် ဇာတ်ဝင်ခန်းအသေးတစ်ခုကို ဖန်တီးပေလိမ့်မည်။
[အခုကစပြီး ကပ်ဘေးအတွက် ပေးထားတဲ့ ဆုကြေးကို နှစ်ဆ တိုးမြှင့်လိုက်မယ်]
မူလဆုလာဘ်မှာ ဒင်္ဂါး ၁၀၀,၀၀၀ ဖြစ်ပြီး နှစ်ဆတိုးလိုက်သဖြင့် ဒင်္ဂါး ၂၀၀,၀၀၀ ဖြစ်သွားလေသည်။ ထိုပမာဏမှာ လူတစ်ယောက်ကို ဆိုးလ်ဒေသ၏ ထိပ်သီးနေရာသို့ ချက်ချင်း ရောက်ရှိသွားစေနိုင်သည့် ပမာဏဖြစ်၏။ ကိုယ်စားလှယ်တို့၏ အသက်ကို ရင်းရန် လုံလောက်သော ပမာဏ ဖြစ်သော်လည်း...
မည်သည့် အကြောင်းကြောင့်ကြောင့်မှန်း မသိရဘဲ မည်သည့်ကိုယ်စားလှယ်မှ ပြေးမလာကြပေ။
"မလှုပ်နဲ့"
"ကိုယ့်အသက်ကို ကိုယ်တန်ဖိုးထားကြစမ်း။ မင်းတို့က ပိုးဖလံတွေလို သေချင်နေတာ မဟုတ်ရင်ပေါ့"
အစွမ်းထက်သော ဘုရင်များက ကိုယ်စားလှယ်များကို ထိန်းချုပ်နေကြခြင်း ဖြစ်သည်။ ထိန်းချုပ်နေသောဘုရင်များမှာ အလှဘုရင်မ မင်ဂျီဝန်နှင့် မေတ္တေယျဘုရင် ချာဆန်းဂယောင်တို့ ဖြစ်ကြသည်။ ကြားနေဘုရင် ယောင်အီဒိုလည်း ထိန်းချုပ်နေသူများထဲတွင် ရှိနေလေသည်။
['ပင်လယ်စစ်နတ်ဘုရား' နက္ခတ်သည် ကိုရီးယားကျွန်းဆွယ်မှ ကိုယ်စားလှယ်များအတွက် ဂုဏ်ယူနေပါသည်။]
မှန်ပေသည်။ ဘုရင်များ မထိန်းချုပ်နိုင်သော အင်အားစုများ ရှိသော်လည်း ထိုသူများမှာလည်း လှုပ်ရှားခြင်း မရှိကြပေ။ သူတို့သည် ကပ်ဘေး၏ စွမ်းအားကို မြင်တွေ့ခဲ့ပြီး ဖြစ်၏။ ဆုကြေးမှာ ဒင်္ဂါး ၁၀၀,၀၀၀ ဖြစ်စေ၊ ၂၀၀,၀၀၀ ဖြစ်စေ လူနည်းစုအနေဖြင့် မလှုပ်ရှားကြခြင်းမှာ သဘာဝကျပေသည်။ ထို့ပြင် ကပ်ဘေးရှင်ယူဆောင်းကို ကာကွယ်ပေးနေသည့် ကျနော်တို့ အဖွဲ့လည်း ရှိနေသည် မဟုတ်ပါလော...
[...သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲ။ ဆိုးလ်ဒေသရဲ့ ကိုယ်စားလှယ်တွေက လူကြောက်တွေပါလား]
လေထုထဲတွင် နိမိတ်မကောင်းသော ခံစားချက်တစ်ခု ရှိနေလေသည်။ အလယ်အလတ်အဆင့်ဒိုကဲဘီသည် ဤအခြေအနေကို ပို၍ ဆိုးရွားအောင် မည်သို့လုပ်ရမည်ကို စဉ်းစားနေခြင်း ဖြစ်၏။ ကျနော် မြန်မြန်ဆန်ဆန် လှုပ်ရှားမှဖြစ်တော့မည်။ ဤအချိန်မှာ ကျနော် အောင်ပွဲအတွက် အဆုံးအဖြတ်ပေးရမည့် အချိန်ပင် ဖြစ်သည်။
"မင်းဘက်က အလျှော့ပေးမှာလား။ ရိုးရိုးသားသား ပြောရရင် ဒါက လူတိုင်းကို စိတ်ကျေနပ်စေလောက်မှာနော်"
[လူတိုင်းက စိတ်ကျေနပ်သွားစေမယ် ဟုတ်လား]
ကျနော် ဘာမှ ထပ်မပြောတော့ပေ။ ကျနော် ဘာမှ ပြောစရာမလိုဘဲ အလယ်အလတ်အဆင့်ဒိုကဲဘီ နားလည်လိမ့်မည်ဟု ကျနော် ယုံကြည်သည်။
[ဟားဟား၊ သိပြီ။ မင်း အဲဒီလို တွေးနေတာကိုး။ ဒိုဂတ်ဆီက ကြားဖူးပါတယ်၊ ဒါပေမဲ့ မင်းက တကယ့်ကို ပြကွက်ကောင်းတစ်ခု ပြသနိုင်တာပဲ]
ဒိုကဲဘီများ တည်ရှိရခြင်း၏ အကြောင်းရင်းမှာ ဇာတ်ဝင်ခန်းများကြောင့် ဖြစ်သည်။ ၎င်းတို့မှာ နက္ခတ်များစွာ တုံ့ပြန်ပြီး နက္ခတ်များစွာ နှစ်သက်သော ဇာတ်ဝင်ခန်းများ ဖြစ်၏။
ကြယ်တာရာထုတ်လွှင့်ရေး လောကတွင် ဇာတ်ဝင်ခန်းကို ပြောင်းပြန်လှန်နိုင်သော အံ့ဖွယ်ဖြစ်ရပ်မျိုး ဖြစ်ပွားလေ့မရှိပေ။ နက္ခတ်အများစုက ဇာတ်ဝင်ခန်းကို ကြည့်ရှုပြီး ဇာတ်ဝင်ခန်း၏ ဦးတည်ချက်ကို ပြောင်းလဲစေလိုသည့် အခါမျိုးတွင်သာ အံ့ဖွယ်ဖြစ်ရပ်မျိုး ဖြစ်နိုင်ပေသည်။
[...အမှန်ပါပဲ။ အကြမ်းဖက်မှုတစ်ခုတည်းကသာ စိတ်လှုပ်ရှားမှုကို ပေးနိုင်တာ မဟုတ်ပါဘူးလေ]
ကပ်ဘေးရှင်ယူဆောင်း၏ အခြေအနေကို အသုံးချကာ နက္ခတ်များကို ဆွဲဆောင်ရန် ကျနော် ကြိုးစားခဲ့သည်။ စိစစ်ဖြတ်တောက်မှုများကို ရှောင်ရှားရန် စကားလုံးများကို ကျနော်ရွေးချယ်ခဲ့ပြီး သတင်းအချက်အလက်များကို ထုတ်ဖော်ခြင်းဖြင့် နက္ခတ်များကို ဆက်လက် လှုံ့ဆော်ခဲ့သည်။ နက္ခတ်တွေကို ကပ်ဘေးရှင်ယူဆောင်းအပေါ် ကိုယ်ချင်းစာစိတ်ဝင်လာအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။
ဒါတွေအားလုံးက ကျနော့်ရဲ့ တော်လှန်မှုကို ထောက်ခံဖို့အတွက်ပင် ဖြစ်သည်။ ရလဒ်အနေဖြင့် ဤအခြေအနေတစ်ခုလုံး ဖန်တီးနိုင်ခဲ့ခြင်းပင်။ အမှန်ပင် ကျနော့်နားထဲတွင် နက္ခတ်များ၏ မက်ဆေ့ချ်များကို ကြားနေရသည်။
['တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး' နက္ခတ်သည် သင်၏ ဆန္ဒကို လေးစားနေပါသည်။]
['ဟွမ်ဆန်ဘောလ်၏ နောက်ဆုံးသူရဲကောင်း' နက္ခတ်သည် သင်၏ ဆန္ဒကို အထင်ကြီး လေးစားနေပါသည်။]
အရာအားလုံးက စီစဉ်ထားသည့်အတိုင်း ဖြစ်လာနေလေ၏။
"မင်း နားလည်ပြီဆိုရင် အခု ဆုံးဖြတ်ချက် ချပေးနိုင်မလား။ ငါ့ကို ဆုကြေးပေးမလား ဒါမှမဟုတ် ပဉ္စမမြောက် ဇာတ်ဝင်ခန်းကိုပဲ ဆက်သွားမလား"
ပဉ္စမမြောက် ဇာတ်ဝင်ခန်း မပြီးဆုံးသေးသော်လည်း ဆဋ္ဌမမြောက် ဇာတ်ဝင်ခန်းကို ဆက်လက် လုပ်ဆောင်ရန်မှာ ပြဿနာမရှိပေ။ အဓိကဇာတ်ဝင်ခန်း အများအပြားကို တစ်ပြိုင်နက် လုပ်ဆောင်ရန်မှာ ဖြစ်နိုင်သည့်ကိစ္စပင်။ အကယ်၍ ဒိုကဲဘီသာ ဉာဏ်ကောင်းမည်ဆိုလျှင် နက္ခတ်များ စိတ်ကျေနပ်နေစဉ်တွင် ရပ်တန့်လိုက်သင့်ပေသည်။
[ကိုယ်စားလှယ် ကင်ဒေါ့ဂျာ။ မင်းက ငါသိတဲ့ ကိုယ်စားလှယ်တွေထဲမှာ အတော်ဆုံးနဲ့ အကြောက်ရဆုံးပဲ]
ဒိုကဲဘီ၏ အမူအရာမှ ထူးဆန်းသော သဟဇာတမဖြစ်မှုကို ကျနော် ခံစားလိုက်ရသည်။
[ဒါပေမဲ့ ဒီပါးနပ်မှုကပဲ မင်းရဲ့ ခြေထောက်ကို ပြန်ဆွဲနေတာကွ]
"...အဲဒါ ဘာကို ဆိုလိုတာလဲ"
ဒိုကဲဘီ၏ နောက်ဆက်တွဲ စကားလုံးများမှာ ကျနော့်အတွက် မဟုတ်ပေ။
[ကောင်းပြီလေ။ နက္ခတ်တို့။ အခု နက္ခတ်တို့ စောင့်မျှော်နေတဲ့ ဇာတ်လမ်းကို ကျနော် ပြသပါတော့မယ်]
လေထုထဲတွင် လျှပ်စစ်စွမ်းအင်များ ပြည့်နှက်သွားသည်။ အလယ်အလတ်အဆင့်ဒိုကဲဘီသည် ဇာတ်ဝင်ခန်းကို လှုပ်ရှားစေလိုက်ပြီ ဖြစ်၏။
[အလယ်အလတ်အဆင့်ဒိုကဲဘီသည် ဇာတ်ဝင်ခန်းထဲတွင် ဝင်ရောက်စွက်ဖက်ခဲ့ပါသည်။]
[ဇာတ်ဝင်ခန်း စာချုပ်အရ 'ရေလွှမ်းမိုးခြင်းကပ်ဘေး ရှင်ယူဆောင်း'၏ ထိန်းချုပ်မှုကို အလယ်အလတ်အဆင့်ဒိုကဲဘီထံ လွှဲပြောင်းပေးလိုက်ပါသည်။]
စနစ်မက်ဆေ့ချ်များကြောင့် ရှင်ယူဆောင်း၏ အမူအရာမှာ စတင်ပြောင်းလဲလာသည်။
"ဟင့်... အင်း။ နေဦး။ ကျမ... အားးးးးး"
ကပ်ဘေးရှင်ယူဆောင်း၏ ခန္ဓာကိုယ်မှ မဟူရာစွမ်းအင်များ ထွက်ပေါ်လာသည်။ ကျနော် အလောတကြီး အော်ဟစ်လိုက်သည်။
"နေဦး။ မင်း ဘာလုပ်နေတာလဲ"
[ငါက စာချုပ်ကို အကောင်အထည်ဖော်နေတာ။ ဒါက ဇာတ်ဝင်ခန်းရဲ့ လုပ်ငန်းစဉ်တစ်ခုပဲ]
သူ ဘာလုပ်ဖို့ ကြိုးစားနေသလဲဆိုတာကို ကျနော် အခုမှ ရိပ်မိတော့သည်။ ဇာတ်ဝင်ခန်း အတင်းအကြပ် လုပ်ဆောင်ပိုင်ခွင့်ကို လုပ်ဆောင်လိုက်ခြင်း ဖြစ်ပြီး ဇာတ်ဝင်ခန်းထဲတွင် ပါဝင်သော 'အပိုင်းအစ' အားလုံး၏ ကံကြမ္မာကို ထိန်းချုပ်နိုင်သည့် စွမ်းအားကို သုံးနေခြင်း ဖြစ်ပေသည်။ ထိုစွမ်းအား တည်ရှိကြောင်းကို Ways of Survival ထဲတွင် သိထားသော်လည်း ယခုလို ချက်ချင်း အသုံးပြုလာလိမ့်မည်ဟု မထင်ခဲ့ပေ။
[ဇာတ်ကောင်၏ စရိုက်ကို အတင်းအကြပ် ပြောင်းလဲစေလိုက်ပါသည်။]
[ဇာတ်ကောင် 'ရှင်ယူဆောင်း' ၏ စရိုက်ကို 'မိစ္ဆာ' အဖြစ် သတ်မှတ်လိုက်ပါသည်။]
ကပ်ဘေးရှင်ယူဆောင်းမှာ မိစ္ဆာတစ်ကောင် ဖြစ်လာနေလေသည်။ ကျနော် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ ဇာတ်ဝင်ခန်း အတင်းအကြပ် လုပ်ဆောင်ခြင်းမှာ ဒိုကဲဘီတစ်ကောင်အတွက် ဖြစ်နိုင်စွမ်း အများအပြားကို သုံးစွဲရသောကြောင့် ယေဘုယျအားဖြင့် အသုံးမပြုကြပေ။ သို့သော် ယခုအချိန်တွင် အသုံးပြုလာခြင်းမှာ...
[နက္ခတ်အများအပြားသည် ဇာတ်ဝင်ခန်း၏ တိုးတက်မှုကို အားပေးထောက်ခံနေကြပါသည်။]
[နက္ခတ်အများအပြားသည် သင်၏ ဇာတ်လမ်းအသစ်ကို ဖန်တီးခြင်းကို မုန်းတီးနေကြပါသည်။]
နက္ခတ်အများအပြားက ဇာတ်ဝင်ခန်း၏တိုးတက်မှုကို သဘောတူမှသာ ထိုစွမ်းအားကို အသုံးပြုနိုင်ခြင်းဖြစ်သည်။
ချီးပဲ။ ဘာလို့လဲကွာ။
"ဒေါ့ဂျာ"
"အကိုကြီး"
အဖွဲ့ဝင်များက ကျနော့်အနားသို့ စိုးရိမ်တကြီး ချဉ်းကပ်လာကြသည်။ သူတို့လည်း တစ်ခုခု မှားယွင်းနေပြီဆိုတာကို သိလိုက်ကြပြီဖြစ်၏။ သို့သော် ကျနော် နားမလည်နိုင်သေးပေ။ နက္ခတ်တွေက ဘာလို့ ရုတ်တရက် ကျနော့်ကို ကျောခိုင်းသွားရတာလဲ။
ဘီဟွန်းမှာ ကောင်းကင်ကို ကြည့်ရင်း မျက်နှာပျက်နေသည်။
--စိတ်မကောင်းပါဘူး၊ ငါ သူတို့ကို ဖျောင်းဖျဖို့ ကြိုးစားခဲ့ပေမဲ့ အလုပ်မဖြစ်ခဲ့ဘူး။
'ဘာလို့လဲ...'
– မင်းရဲ့ ဂုဏ်သတင်းက မင်းမျှော်လင့်ထားတာထက် ပိုဆိုးနေလို့ပဲ။
အလယ်အလတ်အဆင့်ဒိုကဲဘီက ပြောလိုက်သည်။
[မာနထောင်လွှားတဲ့ ကိုယ်စားလှယ်ကြီး။ နက္ခတ်တွေက အဲဒီလောက် လွယ်ကူမယ်လို့ မင်းထင်နေတာလား]
...ဒါဆိုရင် အရင်က ရောက်လာတဲ့ ထောက်ခံတဲ့ သွယ်ဝိုက်မက်ဆေ့ချ်တွေကရော ဘာလဲ။
[ကောင်းပြီလေ။ လူသားတွေဟာ မူလကတည်းက သူတို့ယုံကြည်ချင်တာကိုပဲ ယုံကြည်တတ်တဲ့ အကျင့်ရှိတာကိုး]
တစ်ခုပြီးတစ်ခု တက်လာသော သွယ်ဝိုက်မက်ဆေ့ချ်များကြောင့် ကျနော် အကဲဖြတ် မှားယွင်းခဲ့ခြင်း ဖြစ်၏။
[နက္ခတ်အများအပြားက သင်၏ ဆုံးဖြတ်ချက်ကို လှောင်ရယ်နေကြပါသည်။]
[နက္ခတ်အချို့က သင့်အပေါ် ထောက်ပံ့မှုကို ရုပ်သိမ်းလိုက်ပါပြီ။]
မှန်ပေသည်။ နက္ခတ်တိုင်းက သွယ်ဝိုက်မက်ဆေ့ချ် ပို့ခဲ့ကြခြင်းမဟုတ်ခဲ့ပေ။ နက္ခတ်အနည်းငယ်ကသာ မက်ဆေ့ချ် ပို့ကြခြင်း ဖြစ်၏။
[နက္ခတ်အများအပြားက သင်၏ ရည်ရွယ်ချက်ကို သံသယဝင်နေကြပါသည်။]
ကျနော့်အပေါ် အများပြည်သူ၏ အမြင် မကောင်းခြင်းမှာ သဘာဝကျပေသည်။ ကျနော်သည် လှည့်ကွက်တစ်ခုဖြင့် သူတို့ကို လှည့်စားကာ အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။ ဘီဟွန်း၏ ချန်နယ်မှာ ဝင်ဆံ့နိုင်စွမ်း ၉,၉၉၉ ရှိကြောင်း နက္ခတ်များ သိပြီးသား ဖြစ်နိုင်လေသည်။ သူတို့ သိသော်လည်း ကျနော့်ဇာတ်ဝင်ခန်း၏ လှည့်စားမှုကို ခံခဲ့ရခြင်း ဖြစ်၏။ ယခုတော့ သူတို့ လှည့်စားမခံရတော့ပေ။
[ကိုရီးယားကျွန်းဆွယ်၏ နက္ခတ်များက သ်င့ကို ဝမ်းနည်းစွာ ကြည့်နေကြပါသည်။]
['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်က သင့်ကို ဂရုဏာသက်စွာ ကြည့်နေပါသည်။]
နက္ခတ်တွေအကြောင်းကို ကျနော်လွယ်လွယ်တွေးမိခဲ့ခြင်းပင်။
[မင်းရဲ့ ကံတရားက ဒီမှာတင် ကုန်ဆုံးသွားပြီ ထင်တယ်။ ကိုယ်စားလှယ်ကြီး ကင်ဒေါ့ဂျာ]
"အားးးးးး"
အတင်းအကြပ် မိစ္ဆာအဖြစ် အသွင်ပြောင်းခံလိုက်ရသော ရှင်ယူဆောင်း၏ ခန္ဓာကိုယ်မှ အနှောင့်အယှက်ဖြစ်ဖွယ် စွမ်းအင်များ စီးထွက်လာသည်။ ထိုစွမ်းအင်များမှာ အသားကိုပင် အရည်ပျော်စေနိုင်သည့် သတ်ဖြတ်လိုသော အရှိန်အဝါမျိုး ဖြစ်၏။ ကိုယ်စားလှယ်များမှာ အော်ဟစ်ကာ ထွက်ပြေးကြသည်။ ဝေးကွာသော တစ်နေရာတွင် ယူဂျွန်ဟော့က 'ကောင်းကင်စွမ်းအားချိုးဖြတ်ခြင်း' ဓားကို ဆွဲထုတ်နေသည်ကို ကျနော် မြင်လိုက်ရသည်။
[အဆုံးထိ ပြကွက်ကောင်းကောင်း ပြနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်]
ကျနော် ကပ်ဘေးထံမှ ဖြည်းဖြည်းချင်း ဆုတ်ခွာလိုက်သည်။ ရှင်ယူဆောင်း၏ မျက်နှာမှာ ဝမ်းနည်းဖွယ်ရာ ပျက်ယွင်းသွား၏။ အဆုံးမှာတော့ ဤသို့ ဖြစ်သွားခဲ့ရလေပြီ။ ယူဂျွန်ဟော့ကို ကျနော် အမြန်လှမ်းကြည့်လိုက်သည်။ အခြေအနေက ဤသို့ ဖြစ်လာပြီဆိုလျှင် သူ မည်သည့်ရွေးချယ်မှုကို ပြုလုပ်မလဲဆိုသည်မှာ ထင်ရှားလှပေသည်။
"ခဏနေဦး။ ယူဂျွန်ဟော့"
"မင်း ရှုံးနိမ့်သွားပြီ"
"ဒီကလေးမကို လက်ဖျားနဲ့မထိနဲ့"
ရှင်ယူဆောင်းအငယ်လေးကို ကျနော့်ကျောနောက်တွင်ထားကာ ဝှက်ထားလိုက်သည်။
"အဲဒီကလေးကို ထိရင် မင်းကို ငါခွင့်လွှတ်မှာမဟုတ်ဘူး"
ယူဂျွန်ဟော့က ကျနော့်ကို စိုက်ကြည့်ရင်း ဆိုသည်။
"တခြားနည်းလမ်း မရှိဘူး"
နည်းလမ်းတစ်ခုတဲ့လား...
နှုတ်ခမ်းကို သွေးထွက်သည်အထိ ကျနော်ကိုက်လိုက်မိသည်။
"နည်းလမ်းရှိတယ်။ နက္ခတ်တွေ အနှစ်သက်ဆုံး ဇာတ်ဝင်ခန်းကို သူတို့ရှေ့မှာ ပြသဖို့ လိုတယ်"
"ဘာကို ဆိုလိုတာလဲ"
"ကပ်ဘေးကို အနိုင်ယူရမယ်"
ယူဂျွန်ဟော့၏ အမူအရာ တင်းမာသွားသည်။
"ဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေတာပဲ။ ကင်ဒေါ့ဂျာ။ မင်းက အဲဒီလောက်တောင် အနစ်နာခံမလို့လား"
ရှင်ယူဆောင်းသည် မိစ္ဆာအဖြစ် ပြောင်းလဲကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးနေသည်ကို ကျနော် မြင်နေရသည်။ ကျနော် ဤသို့ မဖြစ်စေချင်ခဲ့ပေ။ ဤသည်မှာ ကျနော် အလိုရှိခဲ့သော အဆုံးသတ် မဟုတ်ပေ။ ဤချီးထုတ်ကမ္ဘာသည် ဇာတ်ဝင်ခန်းကို ဆန့်ကျင်ရင်း အခြားဇာတ်ဝင်ခန်းတစ်ခု ဖြစ်လာခဲ့ပြန်လေသည်။
[နက္ခတ်အများအပြားက သင်၏ စကားလုံးတွေကြောင့် စိတ်လှုပ်ရှားနေကြပါသည်။]
[နက္ခတ်အများအပြားက ပြင်းထန်သော တိုက်ပွဲတစ်ခုကို မြင်တွေ့ချင်နေကြပါသည်။]
ဟုတ်ပေသည်။ ကပ်ဘေးနှင့်ကျနော်တို့ရင်ဆိုင်သည်ကို သူတို့တွေ မြင်ချင်နေကြခြင်း ဖြစ်၏။
"ငါ့ကို ကူညီပါ ယူဂျွန်ဟော့။ ကပ်ဘေးကို ငါရပ်တန့်ပေးမယ်"
ကျနော် စမ်းသပ်ကြည့်ရပေမည်။
"ကင်ဒေါ့ဂျာ။ မင်းက..."
"ငါ လုပ်နိုင်ပါတယ်"
ကျနော် မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်လိုက်ရာ ကျနော် ရွှေ့ဆိုင်းထားခဲ့သော ရွေးချယ်စရာမှာ ကျနော့်ရှေ့မှောက်သို့ ပေါ်ထွက်လာသည်။
[သင်သည် ကိုယ်တွေ့မြင်ရသော ရှုထောင့်မှ အဓိက ဇာတ်ကောင်၏ ရှုထောင့်ကို ခံစားလိုက်ပါသည်။]
[သင်သည် အထောက်အကူပြု ဇာတ်ကောင်၏ စွမ်းရည်တစ်ခုကို ယူဆောင်နိုင်ပါသည်။]
[အသုံးပြုနိုင်သော စွမ်းရည်စာရင်းကို ပြသနေပါသည်။]
[ကျေးဇူးပြုပြီး ရယူလိုသော စွမ်းရည်ကို ရွေးချယ်ပါ။]
စာရင်းကို ဖွင့်ကြည့်ကာ တွေဝေခြင်းမရှိဘဲ ကျနော်ရွေးချယ်လိုက်သည်။
"နံပါတ် ၃၊ သားရဲဘုရင်၏ အာရုံခံနိုင်စွမ်း"
[သီးသန့်စွမ်းရည် 'သားရဲဘုရင်၏ အာရုံခံနိုင်စွမ်း' ကို ရရှိခဲ့ပါပြီ။]
စောင့်ဆိုင်းနေသည့်အလား ကပ်ဘေးရှင်ယူဆောင်း၏ လက်များမှ အီသာမုန်တိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုမုန်တိုင်းမှာ ကျနော့်ဝမ်းဗိုက်ကို အပေါက်ဖြစ်စေခဲ့ပြီး ယူဂျွန်ဟော့ကို တိုက်ခိုက်နိုင်စွမ်း မရှိအောင် လုပ်ခဲ့သော အီသာမုန်တိုင်းပင်။
အဖွဲ့သားများကို ကာကွယ်ပေးကာ ထိုမုန်တိုင်းကို ကျနော်တည့်တည့်ရင်ဆိုင်လိုက်သည်။
[သီးသန့်စွမ်းရည် 'သားရဲဘုရင်၏ အာရုံခံနိုင်စွမ်း အဆင့် ၃' ကို အသက်သွင်းလိုက်ပါသည်။]
စင်ကြယ်သော အဖြူရောင် သားမွှေးဝတ်ရုံ။ ထိုဝတ်ရုံမှာ သားရဲသခင် ရှင်ယူဆောင်း၏ ထူးခြားသော စွမ်းရည်တစ်ခု ဖြစ်သည်။ ဝတ်ရုံကို အသက်သွင်းရန် ကျနော့်မှော်စွမ်းအင် ထက်ဝက်ကျော်ကို အသုံးပြုလိုက်ရသဖြင့် ခေါင်းမူးသွားသော်လည်း ရှင်ယူဆောင်း၏ တိုက်ခိုက်မှုကို လက်ခံနိုင်ခဲ့သည်။ သားရဲဘုရင်၏ အာရုံခံနိုင်စွမ်း၏ တည်ကြည်မှုမှာ ပြင်းထန်လှသော မုန်တိုင်းကို ရှုံးနိမ့်ခြင်းမရှိပေ။
ယူဂျွန်ဟော့က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
"မင်းက သူ့ရဲ့ စွမ်းရည်ကို ခိုးယူလိုက်တာပဲ။ ဒါပေမဲ့ ဒီလောက်နဲ့ မဖြစ်နိုင်သေးဘူး"
"ငါ သိပါတယ်"
ကပ်ဘေးရှင်ယူဆောင်းကို ကျနော်ကြည့်လိုက်သည်။ ကပ်ဘေး ရှင်ယူဆောင်း၏ သဘာဝမှာ မိစ္ဆာအဖြစ် သတ်မှတ်ခံလိုက်ရပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိသော်လည်း ကပ်ဘေးရှင်ယူဆောင်း၏ မျက်လုံးများထဲတွင်တော့ ခံစားချက်များ ပြည့်နှက်နေလေသည်။ ကပ်ဘေးရှင်ယူဆောင်းက ပြောနေလေ၏။
「 ...ရပါတယ်။ ကျမကို သတ်လိုက်ပါ 」
ထိုမျက်လုံးတွေကို မြင်ပြီးနောက် ဘယ်သူက ဓားကို ဝှေ့ယမ်းနိုင်ပါမည်နည်း။
နှစ်ပေါင်းတစ်ထောင်ကျော် လေလွင့်ကာ ခံစားခဲ့ရသော အမျိုးသမီး။ ကျနော် ယခု သူမကို သတ်ရပေတော့မည်။
ထိုသို့သတ်ရခြင်းမှာ ဇာတ်လမ်းကို ပြောင်းလဲဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ကျနော် ပေးဆပ်ရသော တန်ဖိုးပင်...
Ways of Survival ကနေ လက်တွေ့ဖြစ်လာတာကို ပထမဆုံးအကြိမ်အဖြစ် ကျနော် နာကျည်းမိသည်။
"မျက်လုံးဖွင့်ပြီး သေချာကြည့်ထားကြ"
ကျနော် ကောင်းကင်ကို မော့ကြည့်ရင်း ကြေညာလိုက်သည်။
"ဒါက မင်းတို့ အလိုရှိခဲ့တဲ့ ဇာတ်ဝင်ခန်းပဲ"
[သီးသန့်စွမ်းရည် 'စာမှတ်' ကို ယခု အသက်သွင်းနိုင်ပါပြီ။]
ယခုအခါ ရှင်ယူဆောင်းမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ယခုတိုက်ပွဲမှာ အနိုင်ရရန် မဖြစ်နိုင်သော တိုက်ပွဲတစ်ခု ဖြစ်သည်။ အဆုံးတွင်တော့ မည်သူမျှ မအနိုင်ရနိုင်သော တိုက်ပွဲသာ ဖြစ်လေ၏။
['ဇာတ်ကောင် စာမှတ်များ' ကို အသက်သွင်းလိုက်ပါသည်။]
[အသုံးပြုနိုင်သော စာမှတ် နေရာများ - ၄ခု]
[အသုံးပြုနိုင်သော စာမှတ်စာရင်းကို ဖော်ပြနေပါသည်။]
"စာမှတ်စာရင်းရဲ့နံပါတ် ၁နေရာက ထင်ယောင်ထင်မှားမိစ္ဆာ ကင်နမ်ဝန်ကို ဖယ်ထုတ်ပြီး ဖျက်ဆီးခြင်း၏ တရားသူကြီး ယောင်ဟီဝန်ကို ထည့်သွင်းမယ်"
အခန်း ၁၀၇
- အပိုင်း ၂၁ - ပြောင်းလဲ၍မရနိုင်သော အရာများ (၅)
['စာမှတ်' စွမ်းရည်အဆင့်မှာ နိမ့်ပါးနေသောကြောင့် အသက်ဝင်ချိန်မှာ တိုတောင်းသွားပါသည်။]
[အသက်ဝင်ချိန် - မိနစ် ၃၀]
[သင်၏ ဇာတ်ကောင်အပေါ် နားလည်မှုမှာ သိသာထင်ရှားသောကြောင့် ဇာတ်ကောင်၏ စွမ်းရည်အချို့ကို ရွေးချယ်ကာ ရယူနိုင်ပါသည်။]
ရှင်ယူဆောင်းက ကျနော့်ထံသို့ ပြေးဝင်လာသလို ကျနော်ကလည်း ရှင်ယူဆောင်းထံသို့ ပြေးဝင်သွားသည်။ မည်သူကမျှ တစ်ဦးကိုတစ်ဦး သတ်ဖြတ်လိုခြင်း မရှိသလို မည်သည့် စိတ်ရင်းမှန်မှလည်း မရှိပေ။ ဤသည်မှာ နက္ခတ်များ၏ ပျော်ရွှင်မှုအတွက်သာ ဖြစ်သော တိုက်ပွဲတစ်ခု ဖြစ်၏။ အရာအားလုံးက ဇာတ်ဝင်ခန်းတစ်ခုဖြစ်သဖြင့် အရာအားလုံးက အတုအယောင်များသာ ဖြစ်သည်။ သို့သော်လည်း ဤတိုက်ပွဲ၏ ရလဒ်ကြောင့် တစ်စုံတစ်ဦးကတော့ သေဆုံးရပေလိမ့်မည်။
['မိစ္ဆာသုတ်သင်ခြင်း အဆင့် ၅' ကို အသက်သွင်းလိုက်ပါသည်။]
အသက်ဝင်လာသော စွမ်းရည်မှာ အဆင့် ၅ ဖြစ်၏။ အဆင့် ၅အထိပင် ဖြစ်နေခြင်းကြောင့် ယောင်ဟီဝန်မှာ အသည်းအသန် လေ့ကျင့်နေခဲ့သည်ဟု ကျနော်တွေးလိုက်မိသည်။ ဤနေရာတွင် ယောင်ဟီဝန် မရှိသော်လည်း သူ၏စွမ်းရည်ကတော့ မဆိုးလှပေ။
['ကောင်းကင်ဘုံ၏ စာရေးတော်' နက္ခတ်မှာ မျက်စိပျက်မျက်နှာပျက် ဖြစ်သွားပါသည်။]
[အကြွင်းမဲ့ကောင်းမြတ်ခြင်း နက္ခတ်များမှာ နက်နဲစွာ စဉ်းစားနေကြပါသည်။]
တရားသူကြီး မဟုတ်သူတစ်ဦးက ခွင့်ပြုချက်မရှိဘဲ စွမ်းရည်တစ်ခုကို အသုံးပြုလိုက်သဖြင့် သူတို့ ဇဝေဇဝါ ဖြစ်သွားခြင်းမှာ သဘာဝကျပေသည်။ သို့ပေသိ သူတို့က ကျနော့်ကို ခွင့်ပြုချက် ပေးကြမည်မှာ သေချာလှ၏။ အကြောင်းမှာ ကျနော့်ရှေ့မှောက်ရှိ တည်ရှိမှုမှာ ထင်ရှားသော မိစ္ဆာတစ်ဦး ဖြစ်နေသောကြောင့် ဖြစ်လေသည်။
[အကြွင်းမဲ့ကောင်းမြတ်ခြင်း နက္ခတ်များက ဤစွမ်းရည် အသုံးပြုမှုကို သဘောတူညီပေးလိုက်ပါသည်။]
ကျနော့် ခန္ဓာကိုယ်အတွင်းပိုင်း၏ နက်နဲသော နေရာမှ ပူနွေးသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါမှာ လောကပေါ်ရှိ မိစ္ဆာအားလုံးကို အပြစ်ပေးလိုသော ဖြောင့်မတ်မှု၏ အာရုံတစ်ခု ဖြစ်၏။ မဟာမိစ္ဆာများနှင့် သန့်စင်သော စစ်ပွဲ ဆင်နွှဲခဲ့ကြသော နတ်ခေါင်ချုပ်များ၏ သမိုင်းကြောင်းများသည် ကျနော့် ဦးနှောက်ထဲတွင် တစ်စစီ ဖြတ်သန်းသွားသည်။
– မိစ္ဆာကို သုတ်သင်လော့။
'မိစ္ဆာသုတ်သင်ခြင်း' မှာ မူလက မဟာဗယ်လ်ကီရီများ အသုံးပြုသော စွမ်းရည်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ဤစွမ်းရည်ကို အသုံးပြုသူသည် နတ်ခေါင်ချုပ်များ၏ ထောက်ခံမှုကို ရရှိပေသည်။
တရားမျှတမှုဟူသော ကျဉ်းမြောင်းသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်မှလွဲ၍ ကျန်ရှိသမျှကို ဖယ်ထုတ်ပစ်သော ရူးသွပ်မှုမှာ ကျနော့် ဦးနှောက်အတွင်း၌ တွန့်လိမ်နေလေသည်။ ကျနော့်အတွက် တခြားလူတွေကို သတ်ဖြတ်ပေးတိုင်း ယောင်ဟီဝန်မှာ ဤကဲ့သို့ ခံစားချက်မျိုး ခံစားခဲ့ရခြင်း ဖြစ်သည်။ ထိုခံစားချက်မှာ ကြောက်မက်ဖွယ် ကောင်းလှ၏။
'ယုံကြည်မှုမဲ့' ဓားမှ အနှိုင်းမဲ့ မှော်စွမ်းအင် လှိုင်းတစ်ခု ပေါက်ကွဲထွက်လာသည်။ အီသာဓားသွားမှာ တုန်ခါသွားကာ ရှင်ယူဆောင်းထံသို့ မျဉ်းဖြောင့်အတိုင်း ရွေ့လျားသွား၏။
အံ့အားသင့်သွားသော ရှင်ယူဆောင်း၏ ပုခုံးမှ သွေးများ ပန်းထွက်လာသည်။ 'တစ္ဆေစစ်သင်္ဘောအုပ်စု' ၏ ကျည်ဆန်များဖြင့်ပင် ပျက်စီးခြင်းမရှိခဲ့သော 'သားရဲဘုရင်၏ အာရုံခံနိုင်စွမ်း' မှာ နောက်ဆုံးတွင်တော့ စုတ်ပြဲသွားခဲ့လေပြီ။ အဖြူရောင် သားမွှေးပေါ်သို့ သွေးစက်များ ကျဆင်းသွား၏။ တရားစီရင်ချိန်ရောက်လာလေပြီ။ ရန်သူမှာ 'မိစ္ဆာ' ဖြစ်နေသရွေ့ ဤစွမ်းရည်ကို အသုံးပြုသူသည် ရှုံးနိမ့်မည် မဟုတ်ပေ။
ယခုအခါ ကျနော့် စွမ်းရည်အလုံးစုံမှာ ကပ်ဘေးရှင်ယူဆောင်းကို ခုခံနိုင်သည့် အဆင့်အထိ မြင့်တက်လာသည်။ 'မိစ္ဆာသုတ်သင်ခြင်း' မှာ လိမ်လည်လှည့်ဖြားနိုင်လောက်သည့် စွမ်းရည်တစ်ခု ဖြစ်၏။ Ways of Survival တစ်ခုလုံးတွင် ယခုကဲ့သို့ ရူးသွပ်ဖွယ်ရာ စွမ်းအားမြှင့်တင်ပေးနိုင်သော စွမ်းရည်မှာ အနည်းငယ်သာ ရှိပေသည်။
"အားလုံးပဲ တိုက်ခိုက်ကြ"
ကျနော်က ပိုမို အားကောင်းလာနိုင်သော်လည်း ရှင်ယူဆောင်း၏ စွမ်းရည်ကျွမ်းကျင်မှုများက ကျနော့်ထက် သာလွန်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ကျနော့်အတွက် အကူအညီ လိုအပ်၏။
"ကပ်ဘေးရှင်ယူဆောင်းက သာမန်အတိုင်း တိုက်ခိုက်တဲ့အခါမှာ အဝေးပစ် တိုက်ခိုက်မှုတွေနဲ့ ကူညီပေးပါ။ အဝေးအထိရောက်တဲ့ တိုက်ခိုက်မှုကို လုပ်တဲ့အခါ ငါ့နောက်မှာ ရှိနေဖို့ မမေ့ပါနဲ့"
အဖွဲ့သားများက ကျနော့်စကားကို ခေါင်းညိတ် ထောက်ခံကြသည်။
"မင်းတို့ဆီမှာ အဝေးပစ် အကူအညီ မရှိဘူးဆိုရင် 'မိစ္ဆာတံခါး' ကနေ ထွက်လာတဲ့ မိစ္ဆာတွေကို သတ်ပါ။ အဲဒါကလည်း အရေးကြီးတယ်"
အမှန်စင်စစ် ရှင်ယူဆောင်း၏ 'မိစ္ဆာတံခါး' မှ မိစ္ဆာများ ဆက်လက် ထွက်ပေါ်နေသောကြောင့် ယောင်ဆန်-ဂူမှာ ပျက်စီးလုနီးပါး ဖြစ်နေခြင်း ဖြစ်၏။
"အားလုံးပဲ တိုက်ကြစမ်း"
ဘုရင်များက အမိန့်ပေးလိုက်သဖြင့် အစွမ်းကုန် တိုက်ပွဲမှာ စတင်လေပြီ။ ဘုရင်များ၏ တပ်ဖွဲ့များက 'မိစ္ဆာတံခါး' မှ လာသော မိစ္ဆာတွေကို ပိတ်ဆို့ထားကြသည်။ သူတို့ထဲမှ အများစုမှာ သတ္တမအဆင့် မျိုးစိတ်များ ဖြစ်ကြသဖြင့် တိုက်ခိုက်ရသည်မှာ အတော်လေး ခက်ခဲလှ၏။ ကံကောင်းထောက်မစွာပင် ကိုယ်စားလှယ်များမှာ အကြီးအကျယ် နောက်ဆုတ်သွားပုံ မရပေ။
"အဲဒီမျောက်ကိုတော့ ကျုပ် တာဝန်ယူလိုက်မယ်"
လီဟန်းဆောင်က ပဉ္စမအဆင့် ဖြစ်သော 'ဟဲဗီးမက်တယ်ဘင်း' ထံသို့ ပြေးသွားသည်။
"ယူဆောင်းရဲ့ ဘုရင်ကိုတော့ ကျနော် တာဝန်ယူလိုက်မယ်"
လီဂီယောင်က ရှင်ယူဆောင်းအငယ်လေးနှင့်အတူ လှုပ်ရှားလိုက်သည်။
ရှင်ယူဆောင်း ထိန်းချုပ်ထားသော 'ဘုရင်မ မီရာဘတ်' က ဟိန်းဟောက်လိုက်ရာ လီဂီယောင် ဆင့်ခေါ်ထားသော ပိုးကောင်ဘုရင်၏ လက်အောက်ခံအချို့က 'ကင်းမတ်စ်ဝုဒ်' ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။ အီသီယိုဆောများ၏ အေးစက်သော အသက်ရှူသံများ တစ်ဦးပေါ်တစ်ဦး ကျဆင်းလာချိန်တွင် လီဂျီဟယ်က ရှေ့သို့ တိုးလာ၏။
"ဦးလေးကြီး။ အကူအညီပေးဖို့ကတော့ ကျမတာဝန်သာထားလိုက်"
"ကျမ သူ့ရဲ့ လှုပ်ရှားမှုတွေကို တားဆီးလိုက်မယ်"
လီဂျီဟယ်က အမြောက်များကို ပစ်ခတ်လိုက်ပြီး ယူဆန်းအာက 'အရီယက်ဒ်နီ၏ ပင့်ကူအိမ်' ဖြင့် ထောင်ချောက်တစ်ခု ပြုလုပ်ကာ ကပ်ဘေးရှင်ယူဆောင်း၏ လှုပ်ရှားမှုများကို ထိန်းချုပ်ထားလိုက်သည်။ အမှန်မှာတော့ သူတို့၏အကူအညီသည် အနည်းငယ်မျှသော အကူအညီ ဖြစ်စေလေသည်။
အမြောက်ကျည်များမှာ ကပ်ဘေးရှင်ယူဆောင်းကို ထိခိုက်မှု မရှိသလောက်ပင် ဖြစ်ပြီး ရှင်ယူဆောင်းက ပင့်ကူအိမ်ကို ဆွဲဖြဲပစ်လိုက်သည်။ သို့သော်လည်း မရှိတာထက်တော့ ရှိတာက ပိုကောင်းပေသည်။
"ယူဂျွန်ဟော့။ မင်း တိုက်နိုင်သေးတယ်မလား"
ကျနော့်အပြင် ယူဂျွန်ဟော့တစ်ယောက်သာ ရှင်ယူဆောင်း၏ လှုပ်ရှားမှုများကို နောက်ယောင်ခံလိုက်နိုင်ပြီး ရှင်ယူဆောင်း၏ တိုက်ခိုက်မှုများကို အတိုင်းအတာတစ်ခုအထိ ကြံ့ကြံ့ခံနိုင်ပေသည်။
"...ငါ့အတွက် စိတ်မပူနဲ့"
ယူဂျွန်ဟော့သည် 'ကောင်းကင်ခွဲဓား' ကို ကိုင်စွဲကာ ကျနော့်ဘေးတွင် ရပ်လိုက်စဉ် ကြမ်းပြင်ပေါ်သို့ သွေးများ ကျဆင်းသွားသည်။ သူ၏ အခြေအနေမှာ ယခင်ကထက် ပိုကောင်းနေပုံရသဖြင့် 'ပြန်လည်ကောင်းမွန်ခြင်း' ကို အသုံးပြုထားပြီးဖြစ်ပေလိမ့်မည်။ သို့သော်လည်း 'ပြန်လည်ကောင်းမွန်ခြင်း' အသုံးပြုမှု၏ နောက်ဆက်တွဲဆိုးကျိုးကို ခံစားရရန်မှာ ကြာတော့မည်မဟုတ်ပေ။
ယူဂျွန်ဟော့ကို ကျနော် မေးလိုက်သည်။
"မင်းမှာ ဘယ်နှစ်မိနစ် ကျန်သေးလဲ"
"မိနစ် ၃၀။ မင်းကော"
"ငါလည်း အတူတူပဲ"
'စာမှတ်' ကို မိနစ် ၃၀ သာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤကိစ္စကို မိနစ် ၃၀ အတွင်း အပြတ်ရှင်းရပေလိမ့်မည်။ ရှင်ယူဆောင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မဟူရာအရှိန်အဝါမှာ ပိုမိုသိပ်သည်းလာသည်။ ထိုသို့သိပ်သည်းလာခြင်းမှာ မိစ္ဆာစွမ်းအင်ကြောင့် သူမ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များ မြင့်တက်လာနေခြင်းကို ဆိုလိုခြင်း ဖြစ်၏။
ယူဂျွန်ဟော့၏ အမူအရာမှာ တင်းမာသွားသည်။
"...သူက ကမ္ဘာတွေကို ဖြတ်ကျော်ဖို့အတွက် မဟာမိစ္ဆာတစ်ကောင်နဲ့ ပူးပေါင်းခဲ့ပုံရတယ်"
ယူဂျွန်ဟော့၏ ခန့်မှန်းချက်မှာ မှန်ကန်လှသည်။ အမှန်စင်စစ် ယခုအခါ ကပ်ဘေးရှင်ယူဆောင်း၏ ဝိညာဉ်မှာ မဟာမိစ္ဆာတစ်ဦးထံတွင် ပေါင်နှံခံထားရခြင်း ဖြစ်၏။ ထို့နောက် ထိုမဟာမိစ္ဆာက ရှင်ယူဆောင်းကို အမှတ်မရှိသည့် ဒိုကဲဘီများထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
[ဟားဟား… စိတ်ဝင်စားဖို့ကောင်းလိုက်တာ။ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတယ်]
အလယ်အလတ်အဆင့် ဒိုကဲဘီ၏ အသံမှာ အလွန်တရာ ကျေနပ်အားရနေပုံရသည်။
[ဇာတ်ဝင်ခန်းက အခုဆိုရင် ဒီလိုမျိုး ဖြစ်နေပြီပေါ့]
ယခုဆိုလျှင် သွေးများပန်းထွက်ကာ အသားစများ ပျက်စီးနေသည့် စစ်မြေပြင်တစ်ခု ပေါ်ပေါက်နေလေပြီ။ ကျနော် တားဆီးချင်ခဲ့သော ဆိုးလ်ဒေသ ပျက်စီးခြင်းမှာ စက္ကန့်နှင့်အမျှ နီးကပ်လာနေပြီ ဖြစ်၏။
[နက္ခတ်များစွာက တိုက်ပွဲကြောင့် စိတ်လှုပ်ရှားနေကြပါသည်။]
"သွားစို့"
ယူဂျွန်ဟော့က စကားဆုံးသည်နှင့် တစ်ပြိုင်နက် လျင်မြန်စွာ ခုန်ဝင်သွားသည်။ ရှင်ယူဆောင်းက ပါးစပ်ကို ဖောင်းလိုက်ပြီး ကျနော်တို့ထံသို့ အသက်ရှူထုတ်လိုက်၏။
'သားရဲဘုရင်၏ အသက်ရှူသံ'မှာ ပဉ္စမအဆင့် ပင်လယ်မျိုးစိတ်၏ 'ရေခဲမှုတ်ထုတ်ခြင်း' နှင့် နှိုင်းယှဉ်နိုင်သော ဖျက်ဆီးအားပြင်းသည့် အီသာမုန်တိုင်းတစ်ခု ဖြစ်သည်။
"ရှောင်လိုက်"
ယူဂျွန်ဟော့သည် 'ဖီးနစ်နီအလျှင်' ကို အစွမ်းကုန် အသုံးချကာ ကပ်ဘေးရှင်ယူဆောင်း၏ တိုက်ခိုက်မှုများမှ လွတ်မြောက်သွားသည်။ ကျနော်ကတော့ ယူဂျွန်ဟော့ကဲ့သို့ တိုက်ခိုက်မှုများကို မရှောင်ဘဲ 'သားရဲဘုရင်၏ အာရုံခံနိုင်စွမ်း' ကိုသာ အသုံးပြုလိုက်သည်။ ယူဂျွန်ဟော့၏ တိုက်ခိုက်ရေးအာရုံများကို ကျနော် အမှန်တကယ် ချီးကျူးမိပေသည်။
ကပ်ဘေးမှာ ကပ်ဘေးဖြစ်သော်လည်း ယူဂျွန်ဟော့မှာတော့ မိစ္ဆာတစ်ကောင်ကဲ့သို့ပင်။ 'မိစ္ဆာသုတ်သင်ခြင်း' အစွမ်းမြှင့်တင်မှုမပါဘဲ ကပ်ဘေးကို ခုခံနိုင်သူမှာ ယူဂျွန်ဟော့တစ်ဦးတည်းသာ ရှိပေသည်။ သူသည် သန်မာပြီး၊ တည်ငြိမ်ကာ၊ ရက်စက်တတ်သည့် နောက်ပြန်ဆုတ်သူ တစ်ဦး ဖြစ်၏။ လောလောဆယ်တွင် သူက ကျနော့်ဘက်တော်သား ဖြစ်နေခြင်းကို ကျနော် ဝမ်းသာမိ၏။
"သေချာလုပ်စမ်းပါ၊ ကင်ဒေါ့ဂျာ"
"လုပ်နေပါတယ်ကွ"
"ချီးပဲ..."
ကျနော့်အနေဖြင့် ကပ်ဘေးရှင်ယူဆောင်းအနီးသို့ ချဉ်းကပ်ကာ တိုက်ခိုက်ရန်သာ လိုအပ်သော်လည်း ထိုသို့ချည်းကပ်ဖို့က မလွယ်ကူလှပေ။ အောင်မြင်သော တိုက်ခိုက်မှုအချို့ ပြုလုပ်ပြီးနောက်တွင် ရှင်ယူဆောင်းမှာ ပိုမိုရက်စက်လာသည်။ သူသည် အမှောင်ဖုံးကာ သောင်းကျန်းနေသည့် အခြေအနေ သို့ ရောက်ရှိနေပြီး အီသာမုန်တိုင်းများကို ဆက်တိုက် ထုတ်လွှတ်နေ၏။ ကပ်ဘေးရှင်ယူဆောင်း၏ မှော်စွမ်းအင်မှာ ကုန်ခမ်းသွားနိုင်သော်လည်း ကျနော်ကတော့ 'သားရဲဘုရင်၏ အာရုံခံနိုင်စွမ်း' ဖြင့် မနည်း တောင့်ခံနေရသည်။
ယူဂျွန်ဟော့က တိုက်ခိုက်မှုအချို့ ပြုလုပ်ခဲ့သော်လည်း ဒဏ်ရာများမှာ အလွယ်တကူ စုပုံမလာပေ။ ကျနော်တို့ မည်မျှကြာကြာ တိုက်ခိုက်ခဲ့ကြပါသနည်း။ ကျနော် သတိပြန်ဝင်လာချိန်တွင် မိနစ် ၂၀ပင် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ယူဂျွန်ဟော့၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ သိသိသာသာ ကျဆင်းသွားပြီး ဖျော်ရည်ကဲ့သို့ ကျနော်သောက်နေခဲ့သော မှော်စွမ်းအင်ဆေးရည်များမှာလည်း ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
သန်မာလှပေသည်။ 'မိစ္ဆာသုတ်သင်ခြင်း' ကို အသုံးပြုထားသော်လည်း ဤမျှအထိ ရုန်းကန်ရလိမ့်မည်ဟု ကျနော် မထင်ခဲ့ပေ။ တောင့်တင်းနေသော ကျနော့်ခန္ဓာကိုယ်မှာ ပြင်းထန်စွာ မြည်ဟည်းနေသည်။ 'မိစ္ဆာသုတ်သင်ခြင်း' ၏ ဘေးထွက်ဆိုးကျိုးများကို တဖြည်းဖြည်း ခံစားလာရပြီ ဖြစ်သည်။
[ဟားဟား… ဒါက တကယ့်ကို ကောင်းမွန်တဲ့ ဇာတ်ဝင်ခန်းပဲ။ နက္ခတ်တို့။ ခင်ဗျားတို့လည်း သဘောတူတယ် မဟုတ်လား]
အလယ်အလတ်အဆင့် ဒိုကဲဘီ၏ အသံကို နားထောင်ရင်း အစွမ်းကုန် ရှေ့သို့ ကျနော်တိုးသွားလိုက်သည်။ 'သားရဲဘုရင်၏ အာရုံခံနိုင်စွမ်း' မှ သားမွှေးများမှာ ရူးသွပ်မတတ် လွင့်ခါနေ၏။
အီသာမုန်တိုင်းကြောင့် ကျနော့် အရေပြားမှာ မည်းမှောင်လာသည်။
တစ်လှမ်း၊ နှစ်လှမ်း။
ကျနော် ကပ်ဘေးရှင်ယူဆောင်းအနီးသို့ ရောက်သွားသော်လည်း အချိန်က ကျနော်တို့ဘက်တွင် မရှိပေ။ မိနစ် ၃၀ မပြည့်မီတွင် ရှင်ယူဆောင်းကို လုံလောက်သော ထိခိုက်မှု ပေးနိုင်လိမ့်မည် မဟုတ်ဟု တွက်ချက်၍ရလေသည်။
ထိုစဉ် ရှင်ယူဆောင်း၏ ခန္ဓာကိုယ်အတွင်း၌ တစ်ခုခု ဖြစ်ပျက်သွားသည်။ ရှင်ယူဆောင်း၏ ခန္ဓာကိုယ်မှာ လျှပ်စီး အပစ်ခံရသကဲ့သို့ တုန်ခါသွားပြီး ရှင်ယူဆောင်း၏ မှောင်မည်းနေသော မျက်လုံးများမှာ ခေတ္တခဏ ပြန်လည် ကြည်လင်လာ၏။
「 ကျမကို တိုက်ခိုက်ပါ 」
ကပ်ဘေးရှင်ယူဆောင်းသည် ခန္ဓာကိုယ်ကို စိတ်ဆန္ဒဖြင့် ထိန်းချုပ်နေခြင်း ဖြစ်သည်။
「 ကျမကို တားဆီးပေးပါ 」
ရှင်ယူဆောင်း စကားမပြောသော်လည်း ကျနော် ကြားလိုက်ရသည်။
「 ဒီ 'အကျော့' ကို ကာကွယ်ပေးပါ 」
ခေတ္တမျှ အားနည်းသွားသော အီသာမုန်တိုင်းကို ကျနော်ထိုးဖောက်ကာ ယူဂျွန်ဟော့နှင့်အတူ ရှေ့သို့ ပြေးဝင်သွားသည်။ ဓားကို ကျနော်ဝှေ့ယမ်းလိုက်ရာ ရှင်ယူဆောင်း၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာ၏။
['ကောင်းကင်ဘုံ၏ စာရေးတော်' နက္ခတ်က သင့်ကို ကြည့်နေပါသည်။]
ကျနော့်အနေဖြင့် အဆိုးရွားဆုံး စွမ်းဆောင်ရည်ကို မပြသမိစေရန် အစွမ်းကုန် ကြိုးစားလိုက်၏။
['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်က သင့်ကို ကြည့်နေပါသည်။]
ရှင်ယူဆောင်းမှာ ဓားချက်ထိမှန်သဖြင့် အော်ဟစ်လိုက်ပြီး ယူဂျွန်ဟော့မှာ မုန်တိုင်းကြောင့် နောက်သို့ လွင့်ထွက်သွားစေလေသည်။
"...သွားတော့၊ ကင်ဒေါ့ဂျာ"
ယူဂျွန်ဟော့ ဖော်ဆောင်ပေးလိုက်သည့် ဟာကွက်အတွင်းသို့ ကျနော် တိုးဝင်လိုက်သည်။ 'ယုံကြည်မှုမဲ့' ဓားသွားသည် ရှင်ယူဆောင်း၏ ပခုံးသားဆီသို့ တုံ့ဆိုင်းမှုမရှိဘဲ တိတိကျကျ စိုက်ဝင်သွား၏။ ဓားသွားမှတစ်ဆင့် မှော်စွမ်းအင်များ စီးဝင်သွားပြီး 'သားရဲဘုရင်၏ အာရုံခံနိုင်စွမ်း' ကို ဆုတ်ဖြဲပစ်လိုက်သည်။ ထို့နောက်တွင်တော့ ရှင်ယူဆောင်း၏ ဘယ်ဘက်လက်မောင်းမှာ ပြတ်တောက် သွားလေတော့သည်။
သွေးများ ကျဆင်းလာ၏။ ရှင်ယူဆောင်း၏ မျက်နှာကို ကျနော် စိုက်ကြည့်လိုက်မိ၏။ 'Ways of Survival' ထဲကအတိုင်း ရှင်ယူဆောင်းသည် ပြုံးနေခဲ့သည်။ ရှင်ယူဆောင်းသည် ကျနော့်ဓားချက်ကို တမင်တကာ အထိခံလိုက်ခြင်းဖြစ်ကြောင်း ကျနော် နားလည်လိုက်လေသည်။
[နက္ခတ်အမြောက်အမြားက သင်တို့၏တိုက်ပွဲကို မျက်တောင်မခတ်တမ်း ကြည့်နေကြပါသည်။]
"ချီးပဲ..."
အားနည်းစွာ ကျနော်ပြုံးလိုက်မိပြီး လက်ထဲမှ ဓားမှာလည်း လွတ်ကျသွားခဲ့သည်။ ရှင်ယူဆောင်းက ရယ်မောလိုက်၏။
「 နင့်ကိုကြည့်ရတာ တုံးအလိုက်တာ 」
ရှင်ယူဆောင်းသည် ဒေါသတကြီး အော်ဟစ်ခြင်းမျိုးမရှိဘဲ ကျနော့်ကို ဖမ်းဆွဲကာ မြေပြင်ပေါ်သို့ ကိုင်ပေါက်လိုက်သည်။ သို့သော်လည်း မနာကျင်ပေ။ ထိုသို့ကိုင်ပေါက်လိုက်ခြင်းမှာ တိုက်ခိုက်မှုတစ်ခု မဟုတ်ခဲ့ချေ။
「 နင် ဆက်လုပ်ချင်သေးတာလား 」
"အေး"
ရှင်ယူဆောင်းထံသို့ ဓားဖြင့် ကျနော်ဝှေ့ယမ်းလိုက်ရာ ရှင်ယူဆောင်းက ကျနော့်ထံသို့ အသက်ရှူထုတ်မှုဖြင့် ပြန်လည် တုံ့ပြန်သည်။ ထိုအပြုအမူမှာ မေးခွန်းတစ်ခုအတွက် အဖြေပေးလိုက်သကဲ့သို့ပင်။ ကျနော်တို့သည် တစ်ဦးကိုတစ်ဦး ရူးသွပ်မတတ် အပြန်အလှန် ထိခိုက်အောင် ပြုလုပ်နေကြပြီဖြစ်၏။
"ဒီအတိုင်း ဆက်သွားလို့ မဖြစ်ဘူး"
မှော်စွမ်းအင် ချို့တဲ့လာမှုကြောင့် ကျနော့် 'သားရဲဘုရင်၏ အာရုံခံနိုင်စွမ်း' မှာ အာနိသင် လျော့ပါးလာနေပြီ ဖြစ်သည်။ 'မိစ္ဆာသုတ်သင်ခြင်း' က ကျနော့်ခန္ဓာကိုယ်ကို အကန့်အသတ်အထိ ကြံ့ခိုင်အောင် ပြုလုပ်ပေးထားသော်လည်း ၎င်းမှာ ယာယီထောက်တိုင်တစ်ခုသာ ဖြစ်၏။ သွေးများ စီးကျလာပြီး မူးဝေမှုကြောင့် ကမ္ဘာကြီးမှာ ချာချာလည်နေလေသည်။ သို့ပေသိ ကျနော် မရပ်တန့်ခဲ့ပေ။ ရှင်ယူဆောင်း၏ ထိခိုက်ဒဏ်ရာများမှာ အမှန်တကယ်ပင် စုပုံလာနေပြီ ဖြစ်သည်။
[သင့်အပေါ် မလိုလားသော နက္ခတ်အချို့မှာ စပ်စုချင်စိတ် ဖြစ်ပေါ်လာပါသည်။]
ရူးသွပ်သွားကြစမ်း။
[စစ်မြေပြင်တွင် လေလွင့်နေသော နက္ခတ်များက သင်တို့၏တိုက်ပွဲကို အာရုံစိုက်နေကြပါသည်။]
အုတ်အော်သောင်းနင်း ဖြစ်အောင် လုပ်ပြလိုက်မယ်။
[မဟာစစ်မြေပြင်၏ နက္ခတ်များက သင်၏စိတ်ဆန္ဒကို ချီးကျူးနေကြပါသည်။]
ကျုပ် တက်လာပြီး ခင်ဗျားတို့ လျှာတွေကို ဆွဲထုတ်မယ့်နေ့အထိသာ စောင့်နေကြစမ်း။
ကျနော်တို့ ဘယ်နှစ်ချက်လောက် အပြန်အလှန် တိုက်ခိုက်ခဲ့ကြမိသည်ကို မသိတော့ချေ။ အားနည်းနေသော ကျနော့်ခန္ဓာကိုယ်မှာ နောက်သို့ ယိုင်ထွက်သွားသည်။
['စာမှတ်' အသုံးပြုနိုင်ခြင်းမှာ ၃၀ စက္ကန့်သာ ကျန်တော့သည်။]
အတွင်းကလီစာအချို့ ထိခိုက်သွားပြီး ကျိုးသွားသော နံရိုးတစ်ချောင်းက အဆုတ်ကို ဆက်တိုက် ထိုးဆွနေသည်။ ကျနော် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ကပ်ဘေးမှာ သန်မာနေဆဲပင်။ ရှင်ယူဆောင်း၏ ပြန်လည်ကြည်လင်လာသော မျက်လုံးများမှာ တစ်ဖန် ပြန်လည် မှောင်မည်းလာပြန်သည်။
မည်သို့ပင်ဆိုစေကာမူ ဤ 'ရေလွှမ်းမိုးမှုကပ်ဘေး' မှာ မူရင်းဝတ္ထုထဲကထက် ပိုမိုသန်မာနေပုံရသည်။ ကပ်ဘေးရှင်ယူဆောင်းက စိုးရိမ်ပူပန်သော မျက်လုံးများဖြင့် ကျနော့်ကို ကြည့်လိုက်၏။
「 ဒါက မလုံလောက်သေးဘူး 」
ရှင်ယူဆောင်းသည် ကိုယ့်ကိုယ်ကိုယ် အဆုံးမစီရင်နိုင်ပေ။ အလယ်အလတ်အဆင့် ဒိုကဲဘီက ရှင်ယူဆောင်းကို ထိုသို့ သေဆုံးခွင့် ပေးလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ရှင်ယူဆောင်း ကိုယ့်ကိုကိုယ် ပြစ်ဒဏ်ပေးနိုင်သည့် အမြင့်ဆုံး အကန့်အသတ် ဖြစ်၏။ ကျနော်ကိုယ်တိုင်လည်း တခြားတစ်ဖက်တွင် အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
「 နင် ငါ့ကို ဘယ်လိုတားမှာလဲ 」
"စိတ်မပူနဲ့။ သူတို့ မကြာခင် ရောက်လာတော့မယ်။ နင့်ကို တားမယ့်သူရောက်လာမှာလေ"
အစကတည်းက ကျနော့်လက်နှင့် ရှင်ယူဆောင်းကို သတ်ရန် အစီအစဉ် မရှိခဲ့ပေ။ ယခုလက်ရှိ အခြေအနေနှင့် ယူဂျွန်ဟော့အတွက်လည်း မဖြစ်နိုင်ပေ။ ရှင်ယူဆောင်းကို သတ်နိုင်သည့် လူတစ်ယောက်တော့ ကျန်သေး၏။
ရှင်ယူဆောင်း ပါးစပ်ဟလိုက်မည့် ဆဲဆဲတွင်ပင် ရှင်ယူဆောင်း ပတ်ဝန်းကျင်ရှိ မြေပြင်မှာ ပေါက်ကွဲသွားခဲ့သည်။
အဝေးမှ အမြောက်သံများကို ကြားလိုက်ရ၏။ မြောက်ဘက်မှ အပြာရောင် အကျဉ်းထောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ပေါ်လာသည်။ မိစ္ဆာများမှာ ဘေးသို့ ကွဲထွက်သွားကြပြီး တပ်ဖွဲ့များမှာ ကျနော်တို့ဘက်သို့ ချီတက်လာကြ၏။ မျက်နှာဖုံးစွပ်ထားသော အမျိုးသမီးတစ်ဦးမှာ အလယ်တွင် ရပ်ကာ စစ်တပ်ကို ကွပ်ကဲနေ၏။
'လေလွင့်သူများ၏ဘုရင်'။ သူ ဘယ်များသွားနေသလဲဟု ကျနော် တွေးနေခဲ့သော်လည်း လေလွင့်သူများ၏ဘုရင်သည် မြောက်ဘက်မှ ချီတက်လာစဉ် မိစ္ဆာများကို နှိမ်နင်းနေခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း သူတို့မှာ ကျနော် စောင့်မျှော်နေသူများ မဟုတ်ကြပေ။
ကျနော်တို့ဘက်သို့ ပြေးလာနေသော လူတစ်ယောက်ကို ကြည့်လိုက်သည်။ ထိုအမျိုးသမီးမှာ ကျနော့်ဘက်သို့ လှည့်ကာ "ဆောရီး၊ ငါ နောက်ကျသွားလား" ဟု မေးလိုက်၏။
"နည်းနည်းတော့ နောက်ကျတယ်"
"ဟန်မဆောင်စမ်းပါနဲ့။ နင် အသက်ရှင်နေသေးတာပဲ မဟုတ်လား"
'ဖျက်ဆီးခြင်း၏ တရားသူကြီး'။ ကျနော်တို့တွေ မတွေ့ရတာ ၁၀ ရက်ကြာပြီးသည့်နောက်တွင် ယောင်ဟီဝန်မှာ ကျနော် သိထားသည်ထက် ပိုမို တည်ငြိမ်ရင့်ကျက်လာပုံရသည်။ ယောင်ဟီဝန်သည် ကျနော့်ပခုံးကို ခပ်ဖွဖွ ပုတ်လိုက်ပြီး ရှေ့သို့ တိုးသွား၏။
"ဒီကိစ္စကို ငါ့လက်ထဲအပ်ပြီး နားလိုက်တော့"
'မိစ္ဆာသုတ်သင်ခြင်း' ကို ယောင်ဟီဝန်အသက်သွင်းလိုက်စဉ် အနီရောင် အရှိန်အဝါများ ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါမှာ ကျနော် ခိုးယူအသုံးပြုခဲ့သည့် စွမ်းရည်ထက် များစွာ ပိုမိုအားကောင်းလှ၏။ ယောင်ဟီဝန်မှာ ကျနော့်တွင် ကျန်ရှိနေသော နောက်ဆုံးဝှက်ဖဲပင်။ ဒါသာ ကျရှုံးသွားခဲ့လျှင်တော့...
ကျနော် ရှင်ယူဆောင်းကို လုံလောက်သော ထိခိုက်မှု ပေးနိုင်ခဲ့ပါ၏လော။ ယောင်ဟီဝန်က ဒီအလုပ်ကို ကောင်းကောင်း အဆုံးသတ်နိုင်ပါမည်လော။
"နင် ဘာတွေ အဲ့လောက် စိုးရိမ်နေတာလဲ"
ယောင်ဟီဝန်က ပြုံးလျက် မေးလိုက်သည်။ ပုံမှန်နှင့်မတူသော ယုံကြည်ချက်များ ယောင်ဟီဝန်၏ အသံတွင် ပြည့်နှက်နေ၏။ ယောင်ဟီဝန် ယုံကြည်မှုရှိနေခြင်းမှာ 'မိစ္ဆာသုတ်သင်ခြင်း' တစ်ခုတည်းကြောင့် မဟုတ်ပေ။
['ကောင်းကင်ဘုံ၏ စာရေးတော်' နက္ခတ်က သူ့ဘာသာ စကားပြောနေပါသည်။]
['မဟူရာမီးလျှံ အသူတစ်ရာနဂါး' နက္ခတ်က ယောင်ဟီဝန်၏ ထောက်ပံ့သူအပေါ် ရန်လိုမှု ပြသနေပါသည်။]
ယခုမှ သတိရမိသည်။ ယောင်ဟီဝန်တွင် ထောက်ပံ့သူတစ်ဦး ရှိနေပြီ ဖြစ်၏။ ယောင်ဟီဝန် မည်သူ့ကို ရွေးချယ်ခဲ့သနည်း။ ရှင်ယူဆောင်းသည် တုန်လှုပ်နေသော မျက်လုံးများဖြင့် ယောင်ဟီဝန်ကို ကြည့်လိုက်သည်။
「 နင်... 」
"ငါ အခြေအနေကို အကြမ်းဖျင်း သိပါတယ်။ ငါ့ရဲ့ ထောက်ပံ့သူက လမ်းတစ်လျှောက်လုံး ဆူညံနေခဲ့တာလေ"
ယောင်ဟီဝန်က ဝမ်းနည်းသော မျက်လုံးများဖြင့် ရှင်ယူဆောင်းကို ရင်ဆိုင်လိုက်သည်။
"ဒါကြောင့် စိုးရိမ်စရာ မလိုတော့ဘူး"
ယောင်ဟီဝန်သည် ဓားကို ရှေ့တွင် ခပ်ဖွဖွ ဝှေ့ယမ်းလိုက်သည်။ ယောင်ဟီဝန်၏လက်နှင့် ထိတွေ့မိသော နေရာများမှ မီးလျှံများ စတင် ထွက်ပေါ်လာ၏။
အနက်ရှိုင်းဆုံးဖြစ်နေသည့် ညအောက်ရှိ ဆိုးလ်၏ အမှောင်ထုမှာ ယောင်ဟီဝန်၏ ဓားသွားကြောင့် တောက်လောင်နေသည်။ ဓားသွားပေါ်ရှိ မီးလျှံများမှာ ကျနော် မြင်ဖူးသမျှ မီးလျှံများထက် ပိုမို တောက်ပလှ၏။ ထိုမီးလျှံများမှာ မိစ္ဆာအပေါင်းကို အပြစ်ပေးမည့် အထူးစွမ်းရည်၏ သန့်စင်သော မီးလျှံဖြူများ ဖြစ်သည်။
[ငရဲမီးလျှံ တောက်လောင်ခြင်း]
ဤအထူးစွမ်းရည်ကို ကျနော်ကောင်းကောင်း သိရှိပေသည်။ 'Ways of Survival' ထဲမှ ထိုအထူးစွမ်းရည်၏ ဖော်ပြချက်ကို ကျနော် မှတ်မိနေ၏။
အချို့သော ကိစ္စရပ်များတွင် ထိုစွမ်းရည်မှာ 'Ways of Survival' ၏ အကြီးကျယ်ဆုံး အထူးစွမ်းရည်များထဲမှ တစ်ခုဖြစ်ပြီး 'ကောင်းကင်တစ်မျှ မဟာပညာရှိ' ၏ အထူးစွမ်းရည်နှင့် နှိုင်းယှဉ်နိုင်သော ပြင်းထန်သည့် ဖျက်ဆီးအားကို ပိုင်ဆိုင်ထားသည်။
'ငရဲမီးလျှံ တောက်လောင်ခြင်း' မှာ 'မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' ၏ အထူးစွမ်းရည် ဖြစ်သည်။ ယောင်ဟီဝန်က အေးစက်စွာ ရယ်မောလိုက်၏။
"ဒီအမှတ်မရှိတဲ့ ဇာတ်ဝင်ခန်းကို ငါ အဆုံးသတ်ပေးမယ်"
နတ်ခေါင်ချုပ် ယူရီအယ်သည် ယောင်ဟီဝန်ကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်၏။