← Chapters

အခန်း (၄၆၂၆-၄၆၃၀)

Vol. 235 Ch. 4626-4630

အခန်း (၄၆၂၆-၄၆၃၀)

Vol. 235 Ch. 4626-4630

Chapter 4626

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်...ရှန်းယန်မြို့...

လုယွီသည် အုပ်ချုပ်ရေးရုံးတော်သို့ တန်းတန်းမတ်မတ်သွားပြီး ဖေးထျန်ကွမ်းကို တွေ့ဆုံလိုက်သည်။

"ဖေးထျန်ကွမ်း...ငါက ငွေအပ်နှံ့ဌာနကြီးငါးခုအပြင် သီးခြားဌာနခွဲတစ်ခု ထူထောင်ချင်တယ်... အဲ့ဒီဌာနခွဲကက ဘဏ်တွေနဲ့ ကုန်လှောင်ရုံအားလုံးကို တာဝန်ယူရမယ်....ငါ့ကို အမြန်ဆုံး အစီအစဉ်တစ်ခု ရေးဆွဲပေးပြီးတော့ အကောင်းဆုံးလူတွေကို ရွေးချယ်ပေးပါ.... ဒီဌာနခွဲက ကောင်းကင်ကွန်ယက်ရဲ့ ကြီးကြပ်မှုအောက်မှာ ရှိပြီးတော့ ငါ့ဆီကို တိုက်ရိုက် သတင်းပို့ရမယ်"

လုယွီက သူ၏စိတ်ကူးကို တိုက်ရိုက်ပြောပြလိုက်သည်။ သူ၏လုပ်ဆောင်ချက်များသည် လေကဲ့သို့ လျင်မြန်ပြီး အချိန်အနည်းငယ်မျှပင် နှောင့်နှေးခြင်းမရှိဟု ဆိုနိုင်ပေ၏။

ဖေးထျန်ကွမ်းက ချီတုံချတုံဖြင့် ပြောဆိုသည်၊ "အရှင်ရဲ့ ဌာနခွဲက နန်းတွင်းရဲ့ ဘဏ္ဍာရေးဌာနနဲ့ ဆင်တူပါတယ်....ဒါပေမဲ့ ပုန်းကွယ်နဂါးစစ်တပ်ကို ချဲ့ထွင်လာတာနဲ့အမျှ အခုဆိုရင် ရှန်းယန်မြို့က သိုလှောင်ရုံမှာ ရန်ပုံငွေ ကုန်ခမ်းနေပါပြီ....သူတို့အားလုံးကို ရှီးလျန်ကြယ်နယ်မြေက သိုလှောင်ရုံနဲ့ ငွေအပ်နှံ့ဌာနကြီးငါးခုကနေ ရန်ပုံငွေ ထောက်ပံ့နေရပါတယ်.... ဒါက ရေတိုအတွက်တော့ ဖြစ်နိုင်ပေမယ့် ရေရှည်လုပ်ဆောင်မယ်ဆိုရင်တော့... ရှုပ်ထွေးမှုတွေ ဖြစ်လာမှာကို ရှောင်လွှဲရခက်ပါတယ်"

သူပြောသည်မှာ အမှန်တရားပင် လုယွီ၏ လုပ်ဆောင်ချက်များသည် အလွန်မြန်ဆန်လှပေ၏။

ပုန်းကွယ်နဂါးစစ်တပ်သည် အလွန်ကြီးမားနေလေပြီ။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ ကြယ်နယ်မြေများပေါ်တွင် ပုန်းကွယ်နဂါးစစ်တပ်၏ ခံတပ်များနှင့် စစ်စခန်းများကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။ သူတို့၏ အလံများသည် လေထဲတွင် တလူလူလွင့်ပျံနေသည်။

ပုန်းလျှိုးနေသော ကျင့်ကြံသူတချို့သည် ပုန်းကွယ်နဂါးစစ်တပ်၏ ရက်ရောသော ဆက်ဆံမှုကို သဘောကျသဖြင့် စစ်တပ်အတွင်းသို့ ဝင်ရောက်လာကြသည်။

ပုန်းကွယ်နဂါးစစ်တပ်၏ ရွေးချယ်ရေးစနစ်သည် ကောင်းကင်ဘုံနယ်မြေတခွင်လုံးတွင် အတင်းကြပ်ဆုံးဖြစ်သည်။ သူတို့သည် ကျင့်ကြံခြင်းအဆင့်၏ စွမ်းအားကို စစ်ဆေးရုံသာမက အတိတ်မှအတွေ့အကြုံများကိုလည်း စစ်ဆေးသည်။ အပြစ်မဲ့သူများကို သတ်ဖြတ်ခြင်း မုဒိမ်းကျင့်ခြင်းနှင့် အပြစ်မဲ့ပြည်သူများကို ပြန်ပေးဆွဲခြင်းကဲ့သို့သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း တွေ့ရှိပါက ဝင်ရောက်ခွင့်ကို တားမြစ်ထားသည်။

ဤသို့သော ကြမ်းတမ်းသည့် အခြေအနေများအောက်တွင် ရွေးချယ်ခံရသူများသည် ထိပ်တန်းစစ်သည်တော်များနှင့် ဗိုလ်ချုပ်များဖြစ်ကြပြီး ကုန်ကျစရိတ်မှာလည်း အလွန်မြင့်မားသည်။

ရှန်းယန်နှင့် ရှီးလျန်ကြယ်နယ်မြေကို မဆိုထားနှင့် ငွေအပ်နှံ့ဌာနကြီးများပင်လျှင် ဤအချိန်တွင် မထောက်ပံ့နိုင်လုနီးပါး ဖြစ်နေလေပြီ။

"ငါ့မှာ ငွေရှိတယ်"

လုယွီသည် ဖေးထျန်ကွမ်းကို သူ၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးအတွင်းသို့ တိုက်ရိုက်ခေါ်ဆောင်သွားသည်။

အဆုံးမရှိသော စိတ်ဝိညာဉ်ကျောက်တုံးပင်လယ်ကြီးကို မြင်သောအခါ ဖေးထျန်ကွမ်းသည် မှင်တက်သွားပေ၏။

သူသည် သူ့ရှေ့မှ အရာအားလုံးကို ကြောင်ငေးကြည့်ရင်း ကြက်သေသေနေမိသည်။ အချိန်တခဏအကြာတွင် သူသည် အသိပြန်ဝင်လာပြီး မေးမြန်းသည်။

"အရှင်....ဒီလောက်များတဲ့ ငွေတွေကို ဘယ်ကနေ ရခဲ့တာလဲ..."

သူ့ရှေ့တွင် ရှိနေသည်မှာ စိတ်ဝိညာဉ်သွေးကြောတစ်ခုပင်။

လုယွီသည် ဗုဒ္ဓဂိုဏ်းမှ စိတ်ဝိညာဉ်သွေးကြော၏ ထက်ဝက်ကိုသာ ယူခဲ့သော်လည်း ထိုအရာသည် အလွန်ကြီးမားပြီး သူ၏ကိုယ်ပိုင်ကမ္ဘာငယ်အတွင်း၌ ခွေနေသော နဂါးကြီးတစ်ကောင်အလားပင်။

မည်သူမဆို ဤသို့သော မြင်ကွင်းကိုမြင်လျှင် ထိတ်လန့်သွားပေမည်။

"ငွေဘယ်လောက်များတယ်ဆိုတာ အဓိကမဟုတ်ဘူး....အဓိကအချက်က အဲ့ဒါတွေကို ဘယ်လိုသုံးမလဲ ဆိုတာပဲ"

လုယွီက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

လုယွီ၏ စကားကိုကြားချိန်၌ ဖေးထျန်ကွမ်းသည် ချက်ချင်း တည်ငြိမ်သွားပေ၏။

"ဟုတ်ကဲ့....ဒါက အမှန်ပါပဲ....ဒီငွေတွေနဲ့ ပုန်းကွယ်နဂါးစစ်တပ်ရဲ့ အလားအလာက ကြီးထွားလာနိုင်တယ်.... ဒါပေမဲ့ သူတို့ကို ကန့်သတ်ဖို့တော့ လိုအပ်နေတုန်းပဲ....ကောင်းကင်ကွန်ယက်နဲ့ အုပ်ချုပ်ရေးရုံးတော်အမျိုးမျိုးအတွက်လည်း ငွေလိုတယ်... ကောင်းကင်ကွန်ယက်က နေရာအနှံ့အပြားကို စောင့်ကြည့်နေတာကြောင့် သူတို့ရဲ့အင်အားကို အားဖြည့်ပေးရမယ်... ဒီငွေတွေကို အောက်ခြေထိရောက်အောင် ဂရုတစိုက် စစ်ဆေးရမယ်...မဟုတ်ရင် မကြာခင်မှာ လောဘဇောတိုက်နေတဲ့လူတွေက ယူသွားကြပါလိမ့်မယ်"

နောက်ဆုံးတွင် ဖေးထျန်ကွမ်းသည် တရားစီရင်ရေးဌာန၏ အရာရှိကြီးတစ်ယောက် ဖြစ်ခဲ့ဖူးသူပင်။ အတွေးတစ်ချက်ဖြင့် သူသည် အဓိကပြဿနာများစွာကို တွေးတောမိပြီးဖြစ်သည်။

လုယွီသည် ခေါင်းညိတ်ပြီး ပြောဆိုလိုက်၏။ "ဟုတ်တယ်... မင်းကို ဌာနခွဲတစ်ခု ထူထောင်ခိုင်းတာကလည်း အဲ့ဒီသဘောပဲ... ငွေကို အကျိုးရှိအောင် သုံးရမယ်....ငါ စိတ်ဝိညာဥ်ကျောက်တုံး သုံးရာထရီလျံကို ထုတ်ပြီးတော့ မင်းကို အရင်ဆုံး ကြီးကြပ်ခွင့် ပေးမယ်...ပုန်းကွယ်နဂါးစစ်တပ်ကို ချဲ့ထွင်မယ့် အစီအစဉ်ကို အရှိန်မြှင့်ရမယ်"

"ဟုတ်ကဲ့ပါ အရှင်"

ဖေးထျန်ကွမ်း၏ နှလုံးခုန်နှုန်း လျှင်မြန်သွားသည်။

လုယွီက ဤမျှကြီးမားသော ငွေပမာဏကို အသုံးပြုခွင့်ပေးခြင်းသည် သူ့အပေါ် ထားရှိသော ယုံကြည်မှုကို ပြသရန် လုံလောက်သည်။

ဖေးထျန်ကွမ်းနှင့် တွေ့ပြီးနောက် လုယွီသည် အုပ်ချုပ်ရေးရုံးတော်သို့သွားကာ ကိစ္စရပ်အများအပြားကို သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းခဲ့သည်။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ အမှုဟောင်းများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုသည် အခြေခံအားဖြင့် ပြီးစီးသွားလေပြီ။ လုယွီ၏ အမိန့်အရ အမှုတွင် ပါဝင်ပတ်သက်သူအားလုံးကို ဖမ်းဆီးခြင်း သတ်ဖြတ်ခြင်းနှင့် ပြစ်ဒဏ်ချမှတ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

ဤသို့သော သွေးစွန်းသည့် သံမဏိစည်းကမ်းနည်းလမ်းသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရှိ လူအမြောက်အများကို ကြောက်ရွံ့သွားစေခဲ့သည်။

Chapter 4627

ရက်အနည်းငယ်အတွင်းမှာပင် ရှင်းယန်အုပ်ချုပ်ရေးရုံးတော်သည် လူပေါင်း တစ်သောင်းကျော်ကို သတ်ဖြတ်ခဲ့လေ၏။

ဤလူများထဲမှ အချို့သည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ ချမ်းသာသော အထက်တန်းလွှာများဖြစ်ကြပြီး အချို့မှာမူ ထန်အင်ပါယာ၏ အခွင့်ထူးများကို အသုံးပြု၍ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သော ကုန်သည်များ ဖြစ်ကြသည်။

အတိတ်ကာလတွင် မကျေနပ်မှုများစွာ ဖုံးကွယ်ခံထားရပြီး တရားသူကြီးက အမှုအားလုံးကို ကြေညာလိုက်ချိန်တွင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၌ ပွက်လောရိုက်သွားသည်။

လူတိုင်းသည် ရာဇဝတ်မှုကျူးလွန်ခဲ့သူများကို ကျိန်ဆဲကြပြီး ထန်အင်ပါယာကို မုန်းတီးသွားကြသည်။

"ဘယ်သူပဲဖြစ်ဖြစ် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ ရာဇဝတ်မှု ကျူးလွန်ခဲ့သရွေ့ အဲ့ဒီလူ အပြစ်ပေးခံရမယ်....ဘယ်သူမှ ခြွင်းချက်မရှိဘူး!"

လုယွီ၏ အသံသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ ထောင့်တစ်နေရာတိုင်းသို့ ပျံ့နှံ့သွားသည်။

ဤအချိန်တွင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံး ငြိမ်းချမ်းနေသည်။ မရေမတွက်နိုင်သော ဂိုဏ်းအင်အားစုများသည် သူတို့၏ လှုပ်ရှားမှုများကို ရပ်တန့်ကာ တပည့်များကို ထိန်းချုပ်ထားကြသည်။ သူတို့သည် ဤအချိန်တွင် မည်သည့်ပြဿနာမှ မရှာဝံ့ကြပေ။

ယခင်က လမ်းများပေါ်တွင် မောက်မာပြီး ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ကာ ကာမဂုဏ်လိုက်စားသည့် သခင်လေးများသည် သူတို့၏ မိသားစုများမှ အကျယ်ချုပ်ချထားခြင်းခံရပြီး အိမ်မှပင် ထွက်ခွင့်မပေးတော့ချေ။

"အုပ်ချုပ်သူအရှင်လုက အရင်အုပ်ချုပ်သူအရှင်တွေနဲ့ တကယ့်ကို မတူဘူး..သူက ငါတို့အတွက် တကယ်ကြီး အလုပ်လုပ်ပေးနေတာပဲ"

"ဟီး ဟီး...တော်ဝင်နန်းတွင်းကလာတဲ့ အရင်အုပ်ချုပ်သူအရှင်က ဂိုဏ်းတွေနဲ့ ချမ်းသာတဲ့မိသားစုတွေကို လုံးဝ မထိရဲဘူး....အရှင်လုလောက် ပြတ်သားမှုမရှိဘူး"

"အမှန်ပဲ...ဒါက ကွာခြားတာပေါ့...အုပ်ချုပ်သူအရှင်လုမှာ စစ်သည်အင်အား အများကြီးရှိတယ်...ဘယ်ချမ်းသာတဲ့ မိသားစုတွေနဲ့ ဂိုဏ်းတွေက အရှင်လုရဲ့ အမိန့်ကို မနာခံဘဲ နေရဲမှာလဲ...သူတို့ရဲ့ မိသားစုတွေ ဂိုဏ်းတွေ တိုက်ရိုက် ဖျက်ဆီးခံရမှာပေါ့... ဒါကမှ တကယ့်သံမဏိလက်သီးစစ်စစ်ပဲ"

မရေမတွက်နိုင်သော လူများက သက်ပြင်းရှိုက်ကြပြီး တချို့လူများမှာမူ ထိတ်လန့်နေကြသည်။

မိသားစုတစ်ခုစီသည် ယခင်က ဆိုးရွားသော ရာဇဝတ်မှုများ ကျူးလွန်ခဲ့ဖူးသော သူတို့၏ သားသမီးများကို အုပ်ချုပ်ရေးရုံးတော်ထံသို့ ပို့ဆောင်ပြီး အပြစ်ပေးရန် တောင်းဆိုကြ၏။

သူတို့သည် အမှန်တကယ်ကိုပင် ကြောက်ရွံ့နေကြသည်။

ထိုသို့ပြုလုပ်ခြင်းသည် သူတို့မိသားစုများ၏ ဂုဏ်သတင်းကို မလွဲမသွေ ထိခိုက်စေမည်ဖြစ်သော်လည်း နောက်ဆုံးတွင် မိသားစုလိုက် အသတ်ခံရခြင်းထက် ပို၍ကောင်းသည်။

ထန်အင်ပါယာ၏သံတမန်မှာမူ လုယွီကိုတွေ့ပြီး ထန်အင်ပါယာမှ ကုန်သည်များအတွက် အသနားခံလိုသော်လည်း ဖေးထျန်ကွမ်းက တားဆီးခဲ့သည်။ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ သဘောထားသည် အလွန်တင်းမာပြီး ညှိနှိုင်းရန် အလျှော့အတင်းမရှိပေ။ ထို့ကြောင့် ထန်သံတမန်သည် ဆုတ်ခွာရန်မှတစ်ပါး အခြားနည်းလမ်းမရှိတော့ပေ။

ပြင်ပလောက၌ ပရမ်းပတာဖြစ်နေတွင် လုယွီသည် သူ၏ကိုယ်ပိုင်ကျင့်ကြံမှုတွင် နစ်မြုပ်နေခဲ့လေပြီ။

သူသည် ရုတ်တရက် စိတ်ဝိညာဉ်ကျောက်တုံးများစွာ ရရှိခဲ့သောကြောင့် ထိုသို့သော အဖိုးတန်သည့် အခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။ လုယွီသည် ချက်ချင်းပင် သူ၏ကိုယ်ပိုင်ကမ္ဘာငယ်လေးအတွင်းသို့ ဝင်ရောက်ကာ စိတ်ဝိညာဉ်ကျောက်တုံးပင်လယ်ကြီးကို အစွမ်းကုန် သန့်စင်တော့သည်။

လုယွီ၏ ခန္ဓာကိုယ်သည် အလွန်သန်မာနေပြီဖြစ်သော်လည်း စိတ်ဝိညာဉ်စွမ်းအားများ သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သည်နှင့် ပို၍အားကောင်းလာသည်။

သူ၏ခန္ဓာကိုယ်အတွင်းရှိ သန်းပေါင်းများစွာသော အပ်စိုက်မှတ်များသည် တုန်ခါလာပြီး ရေငတ်နေသောသူတစ်ယောက်မှ ရုတ်တရက် ရေကို အားရပါးရ သောက်သုံးနိုင်သည့်အလားပင်။ ထိုအပ်စိုက်မှတ်များသည် ဝင်ရောက်လာသော စိတ်ဝိညာဥ်စွမ်းအားများကို အရူးအမူး ဝါးမြိုနေကြ၏။

နဂါးဟိန်းသံတစ်ခုသည် လုယွီ၏ခန္ဓာကိုယ်အတွင်းမှ ပွင့်အံ့ထွက်လာသည်။

လက်ရှိတွင် လုယွီ၏ခွန်အားကို အစစ်အမှန်နဂါးတစ်ကောင်ဖြင့် တိုင်းတာ၍မရတော့ပေ။ ရှေးဟောင်း အစစ်အမှန်နဂါးတစ်စု ပေါင်းစပ်လိုက်လျှင်ပင် သူတို့၏ခွန်အားသည် လုယွီထက် နိမ့်ကျနေပေမည်။

ဤသို့သောခွန်အားသည် လူသားမျိုးနွယ်ကို ကျော်လွန်သွားပြီး ရှေးဟောင်းတာအိုအင်မော်တယ်များစွာထက်ပင် ကျော်လွန်သွားလေပြီ။

သိုင်းအင်မော်တယ်တစ်ယောက်သည် သူ၏သိုင်းပညာဖြင့် တာအိုသို့ ဝင်ရောက်ချိန်တွင် သူကျင့်ကြံသော သိုင်းပညာသည် လူအများ စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ ရောက်ရှိနေသည်။ သူသည် သာမန်လူများ မတွေးဝံ့သော နည်းစနစ်များစွာကို ပြသနိုင်ပြီး ထိုအရာများသည် နက်နဲသိမ်မွေ့ကာ ခန့်မှန်းရန်ခက်ခဲသည်။

သို့ရာတွင် အကြီးမားဆုံး တိုးတက်မှုမှာ လုယွီ၏ ကျင့်ကြံမှုနယ်ပယ်ပင်။

သူသည် နောက်ထပ် ခြေတစ်လှမ်းတိုးလျှင် ရွှယ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားပေမည်။

သို့သော် ဤတစ်လှမ်းသည် မလွယ်ကူလှပေ။ ရှေးခေတ်အင်မော်တယ်များသည် အဆုံးမရှိသော သက်တမ်းရှိသော်လည်း ဤအဆင့်တွင် ပိတ်မိနေပြီး ကျော်လွှားရန် နည်းလမ်းမရှာနိုင်သော လူများစွာ ရှိနေသည်။

လုယွီသာ ရွှယ်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိနေပါက သူသည် ဤသို့သော တဝုန်းဝုန်းထနေသည့် စိတ်ဝိညာဉ်စွမ်းအားများကို ထိန်းချုပ်နိုင်မည် မဟုတ်ချေ။ သို့ရာတွင် လုယွီသည် သိုင်းအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်။ ထို့ကြောင့် သူသည် စိတ်ဝိညာဉ်စွမ်းအားအမြောက်အများကို ဝါးမြိုသည့်တိုင် သူ၏အမူအယာသည် မပြောင်းလဲဘဲ တည်ငြိမ်နေသည်။

ဤသည်မှာ ရေကန်တစ်ခုက ရေပိုမိုသိုလှောင်နိုင်သကဲ့သို့ပင်။ လုယွီသည် ပင်လယ်တစ်စင်းမှ မြစ်ရာပေါင်းများစွာကို လက်ခံနိုင်သည့်အလား စိတ်ဝိညာဥ်စွမ်းအားများကို သိုလှောင်နိုင်ပြီး သူ၏မှော်စွမ်းအားသည် အဆင့်တူ ကျင့်ကြံသူများထက် များစွာသာလွန်သည်။

Chapter 4628

စိတ်ဝိညာဉ်ကျောက်တုံးများသည် ဆက်တိုက် ကြေမွသွားပြီး ကျယ်ပြောလှသော စိတ်ဝိညာဉ်စွမ်းအားများအဖြစ်သို့ ပြောင်းလဲကာ လုယွီ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။

လုယွီသည် စိတ်ဝိညာဉ်စွမ်းအားများကို ချိတ်ပိတ်ကာ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဆက်တိုက်ဖြည့်တင်းပြီး သူ၏ယွမ်ရှန့် (မူလဝိညာဉ်)ကို အားကောင်းစေသည်။

အဖြူရောင်လေစီးကြောင်းတစ်ခုသည် သူ၏နှာခေါင်းတလျှောက် စီးဆင်းလာပြီး သူ၏မှော်စွမ်းအားကို ပို၍အားကောင်းပြီး ပို၍ပြင်းထန်စေသည်။

"ဟူး...."

လုယွီသည် မကောင်းသောလေကို ရှည်လျားစွာ ရှိုက်ထုတ်လိုက်သည်။ သူ၏စိုးရိမ်ပူပန်မှုအားလုံး ဖယ်ရှားခံလိုက်ရသည့်အလား သူသည် ပေါ့ပါးလန်းဆန်းမှုကို ခံစားလိုက်ရသည်။

အဆုံးမရှိသော စိတ်ဝိညာဉ်စွမ်းအားပင်လယ်ကြီးသည် သူ၏ခန္ဓာကိုယ်အတွင်း၌ စုစည်းသွားသည်။ နောက်ဆုံးတွင် ထိုအရာများသည် ပြင်းထန်သော မှော်စွမ်းအားတစ်ခုအဖြစ် ဖွဲ့စည်းကာ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် လှည့်ပတ်စီးဆင်းနေသည်။

ဤစိတ်ဝိညာဉ်စွမ်းအားများ၏ စုစည်းမှုအောက်တွင် လုယွီသည် ပြင်းထန်စွာကျင့်ကြံမှု သုံးနှစ်တာကို ချွေတာနိုင်ခဲ့ပြီး ရွှယ်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်၏ အတားအဆီးသို့ ရောက်ရှိနေလေပြီ။

သူ နောက်ထပ်ခြေတစ်လှမ်းတိုးလိုပါက စိတ်ဝိညာဉ်စွမ်းအားများ စုဆောင်းရုံကဲ့သို့ မလွယ်ကူတော့ချေ။

ဤသည်မှာ မဟာတာအိုတရားကို လုံလောက်စွာ နားလည်သဘောပေါက်မှုရှိရန် လိုအပ်သည်။

လုယွီသည် သူ၏ယခင်ဘဝတွင် တာအိုသခင်တစ်ယောက်ဖြစ်ခဲ့သော်လည်း သူသည် အတုအယောင်အင်မော်တယ်တစ်ယောက်သာ ဖြစ်သည်။ ဤလောက၏ မဟာတာအိုအပေါ် သူ၏နားလည်သဘောပေါက်မှုသည် အလွန်မပြည့်စုံချေ။

ယခုမူ လုယွီသည် ဤဘဝတွင် လမ်းကြောင်းအသစ်တစ်ခုကို ရွေးချယ်ခဲ့သည်။ သူသည် ဤလမ်းကြောင်းအသစ်ကိုသာ လျှောက်လှမ်းပြီး သူ၏ကိုယ်ပိုင်နားလည်သဘောပေါက်မှုအရ မဟာတာအိုအပေါ် နားလည်သဘောပေါက်ရပေမည်။

"ဒီတစ်ခေါက် ကျင့်ကြံတာနဲ့တင် ငါက စိတ်ဝိညာဉ်ကျောက်တုံး ထရီလျံငါးဆယ်ကို သုံးပစ်လိုက်တာပဲ.... ဒါတောင် ဒါတွေက အပြစ်အနာအဆာမဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ....ငါ ရွှယ်အင်မော်တယ်နယ်ပယ်ကို ကျော်လွှားနိုင်ဖို့ ဘယ်လောက်ကြာမလဲ မသိဘူး"

လုယွီသည် မျက်လုံးဖွင့်လိုက်ရာ သူ၏မျက်လုံးများအတွင်းတွင် ထိတ်လန့်မှုအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

ဤသည်မှာ အမှန်အားဖြင့် ငွေကို ရေလိုသုံးခြင်းပင်။

စိတ်ဝိညာဉ်ကျောက်တုံး ဘီလီယံဆယ်ဂဏန်းသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။

ဤသည်မှာ သူ ကျင့်ကြံဆင့်နယ်ပယ် ချိုးဖျက်နိုင်ခြင်း မရှိသေးသည့် အခြေအနေအောက်တွင်သာ ရှိနေသည်။ သူ ရွှယ်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်သည့်အထိဆိုလျှင် သူ လိုအပ်မည့် စိတ်ဝိညာဉ်ကျောက်တုံးပမာဏသည် ပို၍ပင် ကြီးမားပေလိမ့်မည်။

"ရှေးဟောင်းကောင်းကင်ဘုံနန်းတော်မှာ မရေမတွက်နိုင်တဲ့ အင်မော်တယ်တွေနဲ့ ပြည့်နေတယ်.... အဲ့ဒီနေရာမှာ စိတ်ဝိညာဉ်စွမ်းအားတွေ ကြွယ်ဝတယ် ဒီလိုမျိုး စိတ်ဝိညာဉ်ကျောက်တုံးအများကြီး သုံးစရာမလိုဘူး...ကံမကောင်းစွာနဲ့ပဲ ရှေးဟောင်းကောင်းကင်ဘုံနန်းတော်က ပျက်စီးသွားခဲ့ပြီ"

လုယွီ၏ စိတ်နှလုံးသားအတွင်းတွင် နှမြောမှုအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

သူသည် မတ်တတ်ထရပ်လိုက်ပြီး ကျင့်ကြံရာနေရာမှ ထွက်ခွာကာ သူ၏မိသားစုနှင့် ပြန်လည်ဆုံစည်းရန် နန်းတော်သို့ ဦးတည်သွားသည်။

ဤနေရာတွင် လုယွီသည် စုရူကို တွေ့မိပေ၏။ သူမ၏ မျက်နှာသည် ဖြူဖျော့နေသော်လည်း ယခုချိန်၌ သူမသည် ပုံမှန်အတိုင်း လမ်းလျှောက်နိုင်လေပြီ။

နျူနျူသည် ပြေးလာပြီး နှုတ်ခမ်းစူကာ လုယွီကို စုရူအား ကုသပေးရန် တောင်းပန်သည်။

လုမိသားစုသည် စုရူကို ပြုစုစောင့်ရှောက်ရန် အစေခံနှစ်ဦးကို ငှားရမ်းထားသည်။ ဤသည်မှာ နျူနျူကို ကူညီခဲ့သည့်အတွက် ကျေးဇူးဆပ်ခြင်းပင်။

လုယွီသည် သူမကို မေးခွန်းအနည်းငယ် မေးမြန်း၍ စမ်းစစ်ကြည့်သော်လည်း သူမသည် ခေါင်းခါနေဆဲဖြစ်ပြီး မည်သည့်အရာကိုမျှ မသိပေ။

"စိတ်ဝိညာဉ်သုံးခု စုစည်းသွားပေမယ့် သူ့စိတ်ဝိညာဉ်ရဲ့ ဆုံးရှုံးမှုက အရမ်းပြင်းထန်တယ်"

လုယွီက သက်ပြင်းရှိုက်လိုက်သည်။

စုရူသည် မည်သည့်အရာကိုမျှ မမှတ်မိပုံရပြီး လုယွီပင်လျှင် သူမ မည်သူမည်ဝါဖြစ်သည်ကို မသိပေ။ သူမသည် နျူနျူကို သူမ၏ ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထားပြီး ဆုံးရှုံးရမည်ကို ကြောက်ရွံ့နေသည့်အလားပင်။

"မင်း ဘာဖြစ်ခဲ့လဲဆိုတာ မှတ်မိလား...မင်းက ဗုဒ္ဓဂိုဏ်းကို အပြစ်ပြုမိခဲ့တာလား"

လုယွီက မေးမြန်းသည်။

စုရူ၏ ကောင်းကင်ဘုံဝိညာဉ်နှင့် မြေကမ္ဘာဝိညာဉ်တို့သည် ဗုဒ္ဓကျိန်စာဖြင့် ချိတ်ပိတ်ခံထားရသည်။

ထိုဝိညာဉ်နှစ်ခုသည် သူမ၏မှတ်ဥာဏ်များပင်။ ယခုအချိန်၌ ထိုဝိညာဉ်နှစ်ခု ပြန်လည်ရောက်ရှိလာသော်လည်း သူမ၏အတိတ်ကို အကုန်အစင် ပြန်လည်မမှတ်မိနိုင်ခဲ့ချေ။

"ဘုန်းတော်ကြီးတစ်ပါးရဲ့ ပုံရိပ်ကိုတော့ ကျွန်မ မှတ်မိတယ်....ဒါပေမဲ့ ဘာဖြစ်ခဲ့လဲ ဆိုတာကိုတော့ မေ့သွားပြီ"

"ကျွန်မမှာ ကလေးတစ်ယောက် ရှိခဲ့ဖူးတယ်... သူ ထွက်မသွားခင်က နျူနျူနဲ့ ရွယ်တူလောက် ဖြစ်မယ်"

စုရူသည် နျူနျူ၏ခေါင်းကို ပွတ်သပ်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် ကြင်နာသောအမူအယာတစ်ခု ထွက်ပေါ်လာသည်။

ဤသည်မှာ မိခင်တစ်ဦးမှ သူမ၏ ကိုယ်ပိုင်ကလေးကို ထိတွေ့နေသည့်အလားပင်။

လုယွီက မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။ "မင်းမှာ မိသားစုဝင်တွေ ရှိသေးလား...."

ယခင်က သူသည် တောင်တန်းနှင့်ပင်လယ်ကျမ်းစာကို ကျင့်ကြံရာတွင် နစ်မြုပ်နေပြီး ပြင်ပလောကနှင့် သီးခြားဖြစ်နေခဲ့သည်။ နျူနျူကို အန္တရာယ်မှ ကာကွယ်နိုင်ခဲ့သည်မှာ စုရူကြောင့်ပင်။

လုယွီသည် သူမကို ကျေးဇူးဆပ်ရန်နှင့် အိမ်ပြန်ပို့ရန် အခွင့်အရေးတစ်ခုကို ရှာဖွေနေပေ၏။

ဤစကားကို ကြားချိန်၌ စုရူ၏ မျက်နှာတွင် အချိန်အတော်ကြာ မမြင်တွေ့ခဲ့ရသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"ကျွန်မမှာ ခင်ပွန်းတစ်ယောက်ရှိတယ်...သူက ပြိုင်ဘက်ကင်း သူရဲကောင်းတစ်ယောက်ပဲ...သူ ကျွန်မကို လာရှာမယ်လို့ ပြောခဲ့တယ်..."

"ကျွန်မ အများကြီး မမှတ်မိတော့ဘူး...ဒါပေမဲ့ သူက တော်ဝင်နန်းတွင်းရဲ့ ထိပ်သီးကျောင်းတော်သားတစ်ယောက်ဆိုတာကိုတော့ မှတ်မိတယ်...သူ့ရဲ့ ဘွဲ့ထူးရတဲ့နေ့မှာ ကျွန်မတို့ လက်ထပ်ခဲ့ကြတယ်"

Chapter 4629

ဤစကားကို ကြားချိန်တွင် လုယွီသည် အံ့အားသင့်သွားပေ၏။

စုရူ၏မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နှက်နေသည်။ စိတ်ဝိညာဉ်သုံးခု ပြန်လည်ပေါင်းစည်းသွားသော်လည်း ပြင်းထန်သော ထိခိုက်မှုကြောင့် သူမ၏မှတ်ဥာဏ်များသည် မပြည့်စုံသေးချေ။

သို့ရာတွင် သူမ ဤအချက်ကို တွေးတောနိုင်ခြင်းမှတဆင့် သူမ၏ ခင်ပွန်းသည် သူမအတွက် မည်မျှထိ အရေးကြီးကြောင်း ပြသနေသည်။

တာယွီကောင်းကင်ဘုံအင်ပါယာ၏ ယခင်နန်းတွင်းစာမေးပွဲမှ ထိပ်သီးကျောင်းတော်သားများအားလုံးသည် နာမည်ကြီးပြီး ဂုဏ်ကျက်သရေရှိသော ပုဂ္ဂိုလ်များပင်။

လုယွီသည် ထိပ်သီးကျောင်းတော်သား အများစုကို မသိရှိဘဲ ဖေးထျန်ကွမ်း ဖူကျစ်ရွှယ်နှင့် လုကျိုးရှောင်တို့သာ သူသိသောလူများ ဖြစ်ကြသည်။

ခွေးနက်ကြီး သတ်ခဲ့သော လုကျိုးရှောင်သည် ရမ္မက်ကြီးသူတစ်ယောက်ပင်။ သူတွင် မိန်းမလှသုံးထောင်ရှိသော အနောက်ဆောင်တစ်ခုရှိပြီး နေ့စဉ်နေ့တိုင်း သူ သွားရောက်လည်ပတ်သော အမျိုးသမီးများသည် မတူညီကြဟု ဆိုပေ၏။ ထိုသို့သော အချစ်ကို အလွဲသုံးစားလုပ်သူတစ်ယောက်သည် အမျိုးသမီးတစ်ယောက်ကို ဤသို့သော ခံစားချက်များ ဖြစ်ပေါ်စေရန်မှာ သေချာပေါက် မဖြစ်နိုင်ချေ။

ဖေးထျန်ကွမ်းသည် အမတ်ကြီးဟောင်းတစ်ယောက်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းနှင့် ကျင့်ဝတ်များကို အထူးဂရုပြုသည်။ သူ၏ မိသားစုတွင် ဇနီးနှင့် ကိုယ်လုပ်တော်များ ရှိပြီးဖြစ်သောကြောင့် နတ်ဆိုးအမျိုးသမီးတစ်ယောက်ကို ထိတွေ့ရန်မှာ လုံးဝမဖြစ်နိုင်ပေ။

ဖူကျစ်ရွှယ်မှာမူ တောက်ပနေမင်းကြယ်မြစ်မှ ချမ်းသာသော မိသားစုတစ်စု၏ အကြီးဆုံးသမီးနှင့် လက်ထပ်ခဲ့သည်။ ဖူကျစ်ရွှယ်သည် မယားကြောက်ဟု နာမည်ကြီးပေ၏။ သူသည် အရေးအကြီးဆုံး အတွင်းဝန်နေရာကို ရရှိထားသည့်တိုင် မယားငယ်များ ယူရန် မဝံ့ရဲချေ။ သူ နတ်ဆိုးမျိုးနွယ်မှ အမျိုးသမီးတစ်ယောက်နှင့် ဖောက်ပြန်ရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။

ထိုသုံးယောက်လုံး မဟုတ်လျှင် တခြားတစ်စုံတစ်ယောက် ရှိနေရပေမည်။

"မင်းရဲ့ခင်ပွန်းနာမည်ကို သိသေးလား"

လုယွီက မေးမြန်းသည်။

စုရူသည် လက်ဖြင့် သူမ၏ နဖူးကို အုပ်ထားသည်။ သူမ၏ မျက်ခုံးများသည် အနည်းငယ် ကျုံ့နေပြီး နာကျင်နေပုံရသည်။

"ကျွန်မ မမှတ်မိတော့ဘူး.... ဒါပေမဲ့ ကျွန်မ ခင်ပွန်းကို တွေ့ရင် သေချာပေါက် မှတ်မိမှာပါ"

စုရူသည် ရုတ်တရက် လုယွီ၏ ရှေ့တွင် ဒူးထောက်ပြီး တောင်းပန်လိုက်၏။

"အရှင်....အရှင်ရဲ့အဆက်အသွယ်တွေက ကောင်းကင်လို ကြီးမားကျယ်ပြန့်တယ်... ကျွန်မကို ကူညီပါလို့ တောင်းပန်ပါတယ်...သူ ကျွန်မကို လာရှာမယ်လို့ ကတိပေးခဲ့တယ်.... ဒါကြောင့် သူ သေချာပေါက် လာမှာပါ...သူ အန္တရာယ်တစ်ခုခု ကြုံနေမှာကို ကျွန်မ စိုးရိမ်တယ်"

သူမသည် အကြိမ်ကြိမ် ဦးတိုက်အရိုအသေပြုပြီး သူမ၏ မျက်လုံးများအတွင်းတွင် တောင်းပန်မှုများဖြင့် ပြည့်နှက်နေသည်။

နျူနျူသည် ပြေးလာပြီး လုယွီ၏ အဝတ်အစားများကို ဆွဲကိုင်ကာ စုရူအတွက် ညင်သာစွာ အသနားခံသည်။

လုယွီက သက်ပြင်းရှိုက်ပြီး ပြောဆိုသည်။

"မင်းရဲ့ ခင်ပွန်းက ထိပ်သီးကျောင်းတော်သဟးတစ်ယောက်ဆိုရင်တော့ ဒါက လွယ်ပါတယ်... မကြာခင်မှာ ငါ တော်ဝင်မြို့တော်ကို သွားမယ်...စာပေနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနမှာ ထိပ်သီးကျောင်းတော်သားအားလုံးရဲ့ စာရင်းရှိတယ်....အဲ့ဒီအချိန်ကျရင် မင်း ငါနဲ့အတူ လိုက်ခဲ့ပါ"

နောက်ဆုံးတွင် စုရူသည် လုယွီအပေါ် ကျေးဇူးကြွေးရှိသည်။ သူမသည် နျူနျူကို ထိုမိုးကြိုးရိုက်ချက်များမှ ကာကွယ်ပေးခဲ့သောကြောင့် သူမ ဤသို့ဖြစ်သွားခဲ့ရသည်။

လုယွီသည် သူမ၏ ကြင်နာမှုကို သေချာပေါက် ကျေးဇူးဆပ်မည်ဖြစ်ရာ ကြိုးစားအားထုတ်မှု အနည်းငယ်သာ ဖြစ်သည်ကို ထည့်ပြောရန် မလိုတော့ချေ။

"ကျေးဇူးတင်ပါတယ် အရှင်....ကျေးဇူးတင်ပါတယ် အရှင်...."

စုရူက ဝမ်းသာအားရ ငိုကြွေးကာ လုယွီကို ဦးညွှတ်လိုက်သည်။

နောက်ရက်များတွင် လုယွီသည် နေ့စဉ်နေ့တိုင်း သူ၏မိသားစုဘေးတွင် နေထိုင်ပြီး ကျင့်ကြံခြင်း မပြုတော့ပေ။

လုယွီ၏ကျင့်ကြံမှုသည် ရွှယ်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်မှ အတားအဆီးနေရာသို့ ရောက်နေလေပြီ။ သူ၏ မူလဝိညာဉ်သည်လည်း အဆုံးစွန်ဆုံးအဆင့်ထိ ကြီးထွားနေပေ၏။ သူသည် ဤကျင့်ကြံဆင့်နယ်ပယ်ကို ချိုးဖျက်ရန် အခွင့်အရေးတစ်ခု လိုအပ်သည်။

ဤအခွင့်အရေးကို ရှာဖွေ၍မရနိုင်ပေ။ သူ၏စွမ်းအားများကို စုဆောင်းပြီး ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်ပြီး ကြုံတွေ့ရမည့် အခွင့်အရေးတချို့လည်း လိုအပ်သည်။

လုယွီသည် သူ၏မိသားစုနှင့် အတူရှိနေရသည်မှာ ရှားပါးပေ၏။ သူသည် ယခင်က မခံစားခဲ့ဖူးသော နွေးထွေးမှုကို ခံစားလိုက်ရသည်။

ဤအချိန်ကာလအတွင်း ခွေးနက်ကြီးသည် သူတို့ရရှိခဲ့သော ငွေများကို အသုံးပြု၍ ရှန်းယန်မြို့တွင် မြေယာအိမ်ခြံမြေများစွာကို ဝယ်ယူခဲ့သည်။ သူသည် ရှန်းယန်မြို့တွင် အချမ်းသာဆုံးလူများအနက်မှ တစ်ယောက်ဖြစ်လာခဲ့သည်။

"ငါ့ရဲ့ ဆုံးဖြတ်ချက်က မှားမှာမဟုတ်ဘူး... ရှန်းယန်က မြို့တော်ဖြစ်လာမယ့် အလားအလာရှိတယ်....အနာဂတ်မှာ ရှန်းယန်ရဲ့ မြေတစ်လက်မက ရတနာတစ်ပုံထက် တန်ဖိုးပိုရှိလာလိမ့်မယ်.. ငါ ဒီမြေကို စောစောဝယ်ထားရင် နောင်အနာဂတ်မှာ သေချာပေါက် အများကြီး အမြတ်ရမှာပဲ"

ခွေးနက်ကြီးသည် အလွန်ပါးနပ်ပေ၏။

လုယွီထုတ်ပြန်ထားသော လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းများအတွက် မြေယာအကျယ်အဝန်းကို ကန့်သတ်သည့် အမိန့်သာ မရှိခဲ့ပါက သူသည် ရှန်းယန်တစ်မြို့လုံးကို ဝယ်ယူပြီးဖြစ်ပေမည်။

လုယွီ၏ အားကောင်းသော ဘဏ္ဍာရေးစီးဆင်းမှု၏ အထောက်အပံ့ဖြင့် ပုန်းကွယ်နဂါးစစ်တပ်သည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေပေ၏။

စစ်တပ်အတွင်းတွင် အသစ်ခန့်အပ်ထားသော တပ်မှူးတစ်ယောက်ရှိကာ နယ်မြေသခင်အဆင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ခြေလှမ်းတစ်ဝက်တာအိုသခင်အဆင့်နှင့် နီးကပ်နေလေပြီ။

သူ ပုန်းကွယ်နဂါးစစ်တပ်သို့ ပထမဆုံးဝင်ရောက်စဉ်က ရိုင်းစိုင်းပြီး မောက်မာခဲ့သည်။ သူသည် လူတိုင်းကို အထင်သေးခဲ့သော်လည်း လုယွီက သူ့ကို လက်ဝါးတစ်ချက်တည်းဖြင့် နှိမ်နင်းပြီးကတည်းက သူသည် မထီမဲ့မြင်ပြုခြင်းကို ရပ်တန့်ကာ တပ်မှူးရာထူးကို နာခံရို့ကျိုးစွာ လက်ခံခဲ့သည်။

Chapter 4630

နွေဦးနှင့်ဆောင်းဦးနှစ် တတိယလ ခုနစ်ရက်နေ့...

တော်ဝင်မြို့တော်မှ မိန်းမစိုးတစ်စု ရောက်ရှိလာပြီး လုယွီအား တွေ့ဆုံခွင့်တောင်းရန် ရှန်းယန်မြို့သို့ အလျင်အမြန် လာခဲ့ကြသည်။

ဤမိန်းမစိုးများသည် လက်ထဲတွင် အမိန့်တော်ကို ကိုင်ဆောင်ထားပြီး အလွန်နှိမ့်ချကြသည်။ သူတို့သည် လမ်းတစ်လျှောက် အလွန်သတိထားကြပြီး ယခင်ကဲ့သို့ မောက်မာစွာ မပြုမူကြတော့ချေ။

"အရှင်လု....တော်ဝင်မြို့တော် အန္တရာယ်ကျရောက်နေပါတယ်...ကျေးဇူးပြုပြီးတော့ တပ်တွေကို စေလွှတ်ပြီး ကူညီပေးပါ"

မိန်းမစိုးသည် လက်ထဲတွင် အမိန့်တော်တစ်ခုကို ကိုင်ဆောင်ကာ ဦးညွှတ်ပြီး လုယွီထံသို့ လက်နှစ်ဖက်ဖြင့် ရိုသေစွာ ဆက်သလိုက်သည်။

အမိန့်တော်ကို ဖတ်ကြားသည့် အခမ်းအနားမရှိသလို သူတို့ကို ကြိုဆိုရန်လည်း မည်သူမျှ အပြင်သို့ ထွက်မလာခဲ့ပေ။ လုယွီသည် အုပ်ချုပ်ရေးရုံးတော်၏ ထိပ်ဆုံးခုံတွင်ထိုင်ကာ အမိန့်တော်ကို လက်ခံလိုက်သည်။

မိန်းမစိုးများ၏ ဘေးနှစ်ဖက်တွင် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်များနှင့် ကောင်းကင်ကွန်ယက်မှ နည်းဗျူဟာမှူးများဖြင့် ပြည့်နှက်နေသည်။ သူတို့သည် သိမ်းငှက်ကဲ့သို့ စူးရှသော မျက်လုံးများဖြင့် မိန်းမစိုးများကို စိုက်ကြည့်နေရာ သူတို့ကို တုန်လှုပ်သွားစေသည်။

သူ့ရှေ့မှ ဤအုပ်ချုပ်ရေးရုံးတော်သည် တော်ဝင်နန်းတွင်း၏ လက်အောက်ခံရုံးတစ်ခုမဟုတ်ဘဲ ကျားအသိုက်တစ်ခုအလားပင်။

ခန်းမအတွင်း၌ အသက်ရှူသံများကို ရှင်းလင်းစွာ ကြားနေရသည်။ ပတ်ဝန်းကျင်နေရာတဝိုက်တွင် လူများကို အသက်ရှူရခက်စေသော ပြင်းထန်သည့် အရှိန်အဝါဖြင့် ပြည့်နှက်နေပေ၏။

လုယွီသည် အမိန့်တော်ကို ဖြန့်လိုက်ပြီး တစ်ချက်သာကြည့်ကာ နံဘေးသို့ ချထားလိုက်သည်။

ကောင်းကင်ကွန်ယက်မှသတင်းသည် ဤအမိန့်တော်ထက် ပို၍မြန်ဆန်စွာ ရောက်ရှိလာခဲ့သည်။

တော်ဝင်မြို့တော်၏ နောက်ဆုံးခံတပ်ဖြစ်သော စီးရွှေတောင်ကြားသည်လည်း ထန်စစ်တပ်၏ ထိုးဖောက်ခြင်းကို ခံရမည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ချေ။

လက်ရှိတွင် ထန်စစ်တပ်နှင့် တော်ဝင်မြို့တော်ကြားတွင် အကန့်အသတ်မဲ့ကြယ်တာရာမြစ်တစ်ခုသာ ရှိတော့သည်။ ထို့ကြောင့် မည်သည့်အတားအဆီးမှမရှိဘဲ ထန်စစ်တပ်သည် တန်းတန်းမတ်မတ် ချီတက်ဝင်ရောက်နိုင်ပေ၏။

တာယွီအင်ပါယာ၏ ခုခံကာကွယ်ရေးစစ်တပ်များသည် ခိုင်မာသောခံတပ်မှ ထွက်ခွာကာ ထန်စစ်တပ်မတော်နှင့် ထိပ်တိုက်တိုက်ခိုက်ရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရသည်။

ကောင်းကင်ကွန်ယက်သူလျှိူများမှ ပေးအပ်သော သတင်းအချက်အလက်အရ တာယွီစစ်တပ်သည် အကြီးအကျယ် ဆုံးရှုံးခဲ့ရသည်။ နတ်ဘုရားသိုင်းပညာစစ်တပ်နှင့် နတ်ဘုရားနည်းဗျူဟာစစ်တပ်တို့သည် အင်အားချည့်နဲ့သွားပြီး အဓိကတပ်ရင်းကြီးလေးခုတွင်ပင် စစ်အင်အား မလုံလောက်တော့ပေ။

ရှန်လင်းလုံ ဧကရာဇ်မြို့တော်မှ ထွက်ခွာစဉ်က သူမသည် ထိပ်တန်းစစ်သည်တော်များစွာကို ခေါ်ဆောင်သွားခဲ့ရာ တော်ဝင်မြို့တော်ကို ဗလာကျင်းဖြစ်စေပြီး ထန်စစ်တပ်အားခုခံရန် အင်အားမရှိ ဖြစ်သွားစေခဲ့သည်။

အကယ်၍ ကြယ်မြစ်အုပ်ချုပ်သူများထံမှ အချိန်မီ စစ်ကူပေးမှုများသာ မရှိခဲ့ပါက ထန်စစ်တပ်သည် ယခုအချိန်တွင် မြို့တော်ကို သိမ်းပိုက်ပြီးဖြစ်ပေမည်။

လုယွီသည် ရှယင်ကို ဓားဖြင့်ခုတ်ပိုင်းခဲ့စဉ်က သူသည် ကျိုးယွမ်ယန်နှင့် ရန်သူဖြစ်နေခဲ့ပြီးဖြစ်သည်။

ယခုချိန်၌ ကျိုးယွမ်ယန်သည် ကိုယ်တိုင် အသနားခံလွှာထုတ်ပြန်ခဲ့ရာ သူသည် သူ၏မျက်နှာကို အလွန်နိမ့်ကျသော အဆင့်တွင် ထားရှိခဲ့သည်။ အခြေအနေ မည်မျှထိ အရေးကြီးနေသည်ကို ဤအချက်မှ မြင်တွေ့နိုင်သည်။

"သူက ငါ့ကို တပ်လွှတ်စေချင်တိုင်း ငါက တပ်တွေ လွှတ်ရမှာလား...ရှယင်ရဲ့ကိစ္စတုန်းက ဘယ်လိုလဲ..."

လုယွီ၏ အသံသည် အုပ်ချုပ်ရေးရုံးတော်၏ အထက်ရှိ လေထုအတွင်းတွင် ပဲ့တင်ထပ်သွားသည်။

မိန်းမစိုးသည် စိတ်လှုပ်ရှားသွားပြီး အလျင်အမြန် ပြောဆိုသည်။

"ဒါတွေအားလုံးက ရှယင်တစ်ယောက်တည်း လုပ်ခဲ့တာပါ....အရှင်ဧကရာဇ်ရဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး....အရှင်ဧကရာဇ်က ရှယင်ရဲ့ ပိုင်ဆိုင်မှုတွေကို စုံစမ်းစစ်ဆေးဖို့ တရားသူကြီးသုံးဦးကို အမိန့်ပေးထားပြီးပါပြီ....သူတို့က အရှင်လုကို ရှင်းလင်းချက်တစ်ခု သေချာပေါက် ပေးပါလိမ့်မယ်"

"ဒီလောက်ကြာအောင် စစ်ဆေးနေတာတောင် စီရင်ချက်က မထွက်သေးဘူးလား..."

လုယွီက လှောင်ပြောင်လိုက်သည်။

"ငါက တော်ဝင်မြို့တော်ကို ကယ်တင်ဖို့ တပ်တွေလွှတ်လိုက်ရင် ပုန်းကွယ်နဂါးစစ်တပ်ကို ဘယ်သူက တာဝန်ယူမှာလဲ...."

မိန်းမစိုး၏ နှုတ်ခမ်းများ လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။ သူ စကားပြောတော့မည့်ဆဲဆဲတွင် ရပ်တန့်လိုက်၏။

တော်ဝင်မြို့တော်တွင် စုရုံးနေသော အုပ်ချုပ်သူအရှင်အသီးသီး၏ စစ်တပ်များကို အများအားဖြင့် တော်ဝင်နန်းတွင်းမှ စီမံအုပ်ချုပ်သည်။

သို့ရာတွင် လုယွီကမူ ကွဲပြားခြားနားသည်။

လုယွီ၏ ထိန်းချုပ်မှုအောက်ရှိ ပုန်းကွယ်နဂါးစစ်တပ်သည် ယခုအချိန်တွင် တာယွီအင်ပါယာ၌ အစွမ်းထက်ဆုံးစစ်တပ်ပင်။ ဤစစ်တပ်တွင်အင်အားများပြားရုံသာမက အစွမ်းထက်ပြီး လက်နက်အပြည့်အစုံလည်း တပ်ဆင်ထားသည်။

ထိုသို့သော အင်အားစုတစ်ရပ် စစ်မြေပြင်သို့ ဝင်ရောက်လာသည်နှင့် ဤသည်မှာ စစ်ပွဲ၏အခြေအနေတစ်ခုလုံးအပေါ် များစွာ သက်ရောက်မှုရှိစေပေမည်။

"အရှင်လုက တိုက်ပွဲတိုင်းကို အနိုင်ရတဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်တာကြောင့် ပုန်းကွယ်နဂါးစစ်တပ်က အရှင်လုရဲ့ အမိန့်အောက်မှာပဲ ရှိမှာပါ"

မိန်းမစိုးက ရိုသေလေးစားစွာ ပြောဆိုသည်။

သူသည် တခြားမည်သည့်စကားကိုမှ မပြောဝံ့ချေ။

လုယွီသည် နန်းတွင်းအရာရှိတစ်ဦးဖြစ်သော ရှယင်ကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။ သူ့လို သာမန်မိန်းမစိုးတစ်ဦးကို သတ်ရန်မှာ လုယွီအတွက် ကလေးကစားစရာပင်။

ထို့ပြင် သူ၏နံဘေးပတ်လည်တွင် စစ်ဗိုလ်ချုပ်များနှင့် နည်းဗျူဟာမှူးတစ်စုက သူ့ကို ကျားတစ်ကောင်မှ သားကောင်ကို ကြည့်သကဲ့သို့ စိုက်ကြည့်နေကြသည်။ သူသာ စကားတစ်ခွန်းမှားပြောမိလျှင် နောက်တခဏတွင် အစိမ်းလိုက် ဆွဲဖြဲခံရမည်ကို သူကြောက်ရွံ့နေသည်။

"ကောင်းပြီလေ...ငါ နားလည်ပြီ...ဧကရာဇ်ကို စောင့်ခိုင်းလိုက်"

လုယွီက လက်ကိုဝှေ့ယမ်းကာ မိန်းမစိုးကို ထွက်ခွာသွားစေသည်။

All Chapters