အခန်း (၄၆၃၁-၄၆၃၅)
Vol. 235 Ch. 4631-4635
Chapter 4631
ရှန်းယန်မြို့...မိုးပြာနဂါးလမ်းမကြီး...
မြင်းရထားလုံးတစ်စီးကို ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားတစ်စုက လိုက်ပါစောင့်ရှောက်ရင်း မြို့တံခါးသို့ ဦးတည်သွားသည်။
"သောက်ချေးပဲ....ဒီလုယွီက ဒီလောက်တောင် မောက်မာရဲတယ်....သူက တော်ဝင်နန်းတွင်းကို သူ့မျက်စိထဲတောင် မထည့်ဘူး"
အနီရောင်ဝတ်စုံဝတ် မိန်းမစိုးတစ်ယောက်က အံ့ကြိတ်ကာ ရထားလုံးအတွင်းတွင် အဆက်မပြတ် ကျိန်ဆဲနေသည်။
ဤအချိန်အခိုက်အတန့်တွင် အမိန့်တော်ပြန်တမ်းကို လာပို့သော မိန်းမစိုးငါးယောက်ကို လုယွီက ထိုနေ့မှာပင် ရှန်းယန်မှ ပြန်လွှတ်လိုက်သည်။
ဤသည်က သူ၏သဘောထားကို ပြသနေသည်။ လုယွီသည် ကျိုးယွမ်ယန်၏ အဖွဲ့လာရောက်သည်ကို လုံးဝမကြိုဆိုပေ။ သူသည် သင့်တော်သော ဧည့်ဝတ်ကျေပွန်မှုကိုပင် မပြဘဲ သူတို့ကို တိုက်ရိုက် ပြန်လွှတ်လိုက်သည်။
နန်းတော်မှ မိန်းမစိုးအရာရှိများ ထွက်လာသည်နှင့် ဤှသည်မှာ နန်းတွင်းမှ တော်ဝင်မိသားစု၏ မျက်နှာကို ကိုယ်စားပြုသည်။
သူတို့သည် ဘယ်နေရာသို့သွားသွား နွေးထွေးစွာ ကြိုဆိုဧည့်ခံခြင်းခံရသည်။ ယနေ့ကဲ့သို့သော ဆက်ဆံမှုကို သူတို့ မည်သည့်အချိန်တုန်းက ကြုံတွေ့ခဲ့ဖူးပါသနည်း။
"ဒီလိုစကားမျိုးတွေ မပြောတာ ပိုကောင်းပါတယ်....ဧကရာဇ်က လုယွီကို ဘာလုပ်နိုင်မယ်လို့ မင်းထင်လဲ"
အမိန့်တော်ကို ယူဆောင်လာသော မိန်းမစိုးက ရှည်လျားစွာ သက်ပြင်းရှိုက်လိုက်သည်။
သူသည် လက်နှစ်ဖက်ကို အင်္ကျီလက်အတွင်းထည့်ကာ ထိုင်ခုံပေါ်၌ ထိုင်နေသည်။
အနီရောင်ဝတ် မိန်းမစိုးက ဒေါသတကြီး ပြောဆိုသည်။
"သူက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ အုပ်ချုပ်သူအရှင် ဖြစ်နေတာကြောင့် တာယွီတော်ဝင်နန်းတွင်းရဲ့ လက်အောက်ခံပဲ...သူက ထိုင်ရာကမထလဲ အမိန့်တော်ကို လက်ခံတာက အကြီးအကျယ် မရိုမသေပြုတာပဲ....သူက ပုန်ကန်ချင်နေတာလား..."
"သူ ပုန်ကန်ရင်ရော ဘာဖြစ်လဲ....လူသားဧကရာဇ်ဓားက သူ့ကို အသိအမှတ်ပြုတယ်ဆိုတာ မင်း မမေ့နဲ့"
မိန်းမစိုးခေါင်းဆောင်က ညင်သာစွာ ပြောလိုက်သည်။
သူ ထိုသို့ပြောလိုက်သည်နှင့် ရထားလုံးတစ်စီးလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
လူသားဧကရာဇ်ဓားကို ရရှိသူများသည် ကောင်းကင်ဘုံနယ်မြေနှင့် လူသားမျိုးနွယ်၏ အရှင်သခင်များပင်။
ဤသည်မှာ ရှေးဟောင်းခေတ်ကတည်းက လက်ဆင့်ကမ်းလာခဲ့သော စည်းမျဉ်းတစ်ခုဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်မှ စေ့စေ့စပ်စပ် စဉ်းစားကြည့်မည်ဆိုလျှင် လုယွီသည် တာယွီအင်ပါယာ၏ ဧကရာဇ်ဖြစ်သင့်ပြီး ကျိုးယွမ်ယန်းမှာမူ သူ၏သဘောဆန္ဒအတိုင်း နန်းတက်ခဲ့ခြင်းဖြစ်ပေ၏။ သူသည် နန်းလုခြင်း ပုန်ကန်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး သူ၏ နောက်ခံသမိုင်းမှာ မမှန်ကန်ပေ။
မည်သူမျှ စကားတစ်ခွန်းမှ မပြောကြတော့ချေ။
ရှန်လင်းလုံသည် ကျိုးမိသားစု၏ ထီးနန်းကို လွှဲပြောင်းယူခဲ့စဉ်က ကြီးမားသော အငြင်းပွားမှုတစ်ခုကို ဖြစ်စေခဲ့သည်။ ကျိုးမိသားစုသည် နောက်ဆုံးတွင် ထီးနန်းကို ပြန်လည်ရယူပြီးနောက်မှာပင် လူသားဧကရာဇ်ဓားသည် သူတို့၏ပိုင်ဆိုင်မှု ဖြစ်မလာခဲ့ဟု သူတို့ ဘယ်တော့မှ မတွေးထင်ခဲ့ကြပေ။
အချိန်အတော်ကြာပြီးနောက် မိန်းမစိုးတစ်ယောက်က မကျေမနပ်ဖြင့် ပြောဆိုသည်။
"ဘာလို့ လူသားဧကရာဇ်ဓားက အုပ်ချုပ်သူအရှင်တစ်ယောက်ကို အသိအမှတ်ပြုရတာလဲ..."
ဤမိန်းမစိုးများသည် ကျိုးမိသားစုထံမှ အခွင့်အာဏာရရှိထားသောကြောင့် သူတို့သည် ကျိုးမိသားစုအပေါ် သစ္စာစောင့်သိကြသည်။
အမိန့်တော်ကို ယူဆောင်လာသော မိန်းမစိုးခေါင်းဆောင်သည် စကားမပြောဘဲ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေလေ၏။
နေဝင်ဆည်းဆာအချိန်ဖြစ်ပြီး မှောင်ရီပျိုးစအချိန်သို့ ရောက်ရှိနေလေပြီ။ ရှန်းယန်မြို့သည် အမှောင်ထုအတွင်းတွင် မီးရောင်များဖြင့် လင်းထိန်နေပြီး သီဆိုကခုန်သံများဖြင့် စည်ကားနေသည်။
ကောင်းကင်ယံတွင် စိတ်ဝိညာဉ်စွမ်းအားများသည် မိုင်ပေါင်းသောင်းချီ ကျယ်ပြန့်သော နဂါးရှည်ကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး တော်ဝင်မြို့တော်နှင့် တန်းတူပင်။
တက်ကြွမှုအပြည့်ရှိသော ဤမြင်ကွင်းသည် တော်ဝင်မြို့တော်မှ သတ်ဖြတ်လိုစိတ်နှင့် ဖိနှိပ်ချုပ်ကိုင်မှုမြင်ကွင်းနှင့် ပြတ်ပြတ်သားသား ကွာခြားနေပေ၏
"ဧကရာဇ်က လုယွီရဲ့ ပြိုင်ဘက်မဟုတ်ဘူး..."
အမိန့်တော်ကို ယူဆောင်လာသော မိန်းမစိုးသည် သူ၏စိတ်နှလုံးသားအတွင်းတွင် ရှည်လျားစွာ သက်ပြင်းရှိုက်လိုက်ပြီး သူ၏လက်ကို အင်္ကျီလက်အတွင်းမှ ဖြည်းညင်းစွာ ထုတ်လိုက်သည်။
သူ လုယွီ၏အနီးသို့ ရောက်မှသာ ဤသို့သော ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားခဲ့ဖူးသည်။ မြေကြီးနှင့် တောင်များ ပြိုကျသကဲ့သို့သော ထိုအရှိန်အဝါသည် သူ့ကို မနာခံသောစကားတစ်ခွန်းမှ မပြောနိုင်အောင် ပြုလုပ်ခဲ့သည်။
ဤသို့သောဖိအားသည် သူ တောင်ပိုင်းဧကရာဇ်ကျိူးယွမ်ယန်း၏ ဘေးတွင်ရှိနေစဉ်က မခံစားခဲ့ရသော အရာပင်။
လုယွီသည် ဧကရာဇ်တစ်ပါးဟူပါက အလွန်နက်နဲသိမ်မွေ့သူ ဖြစ်ပေမည်။
ဤအချက်တွင် ကျိုးယွမ်ယန်းသည် လုယွီကို လိုက်မှီရန် အလှမ်းဝေးနေသေးသည်။
...
"အရှင်.... ပုန်းကွယ်နဂါးစစ်တပ်ရဲ့ အဓိကတပ်မကြီး ၁၉ ခုနဲ့တိုက်ခိုက်ရေးတပ်ရင်းတွေ စုရုံးနေပါပြီ....အရှင်က တကယ်ပဲ ဒီလောက်များတဲ့ စစ်တပ်တွေကို စစ်ပွဲထဲ ပစ်သွင်းတော့မှာလား" ကျန်းရီ၏ အသံသည် စိုးရိမ်ပူပန်နေပေ၏။
သူသည် လုယွီ၏ အမိန့်ကို လက်ခံရရှိပြီးနောက် လုယွီကို တွေ့ရန် ရောက်ရှိလာခြင်းပင်။
လုယွီသည် စားပွဲတွင် ထိုင်ကာ လက်ထဲတွင် စုတ်တံကို ကိုင်ဆောင်ထားကာ စာရွက်စာတမ်းတစ်ခုကို ဖတ်နေသည်။
ဤစကားကို ကြားချိန်၌ လုယွီသည် ခေါင်းပင်မော့မကြည့်ဘဲ ညင်သာစွာ ပြောဆိုသည်။
"ဘာဖြစ်လို့လဲ....မင်း ဘယ်လိုထင်လဲ..."
ကျန်းရီက တုံ့ပြန်သည်။
"တောင်ပိုင်းဧကရာဇ်ရဲ့ စိတ်ကူးက အရမ်းရှင်းပါတယ်.....သူက ကိုယ်တိုင် အမိန့်ထုတ်ပြီး ကျွန်တော်တို့ကို တပ်တွေလွှတ်ခိုင်းကတည်းက သူက ပုန်းကွယ်နဂါးစစ်တပ်ရဲ့ တိုက်ခိုက်ရေးအင်အားကို သဘောကျနေတာ သေချာတယ်....ကျွန်တော်တို့ စစ်မြေပြင်ကို ဝင်သွားတာနဲ့ တိုက်ပွဲရဲ့ အဓိကအင်အားစု ဖြစ်လာမှာ သေချာတယ်....အဲ့ဒီအချိန်ကျရင် တော်ဝင်နန်းတွင်းက ထိုင်ကြည့်နေပြီးတော့ ကျွန်တော်တို့ကို ထန်စစ်တပ်နဲ့ တိုက်ခိုက်ခိုင်းလိမ့်မယ်... ကျွန်တော်တို့ရဲ့ အင်အားကို ကုန်ဆုံးစေမှာပါ"
"တောင်ပိုင်းဧကရာဇ်က ပုန်းကွယ်နဂါးစစ်ကို သိမ်းပိုက်ချင်နေတာ ကြာပါပြီ...သူ အခုထိ မလှုပ်ရှားရဲတာက ကျွန်တော်တို့ရဲ့ စစ်တပ်က အရမ်းအားကောင်းနေလို့ပါ....ဒါပေမဲ့ ကျွန်တော်တို့သာ ထန်စစ်တပ်နဲ့ တိုက်ခိုက်ပြီးတော့ အကြီးအကျယ် ဆုံးရှုံးမှုတွေ ခံစားရရင် ကျွန်တော်တို့ အင်အားမကောင်းတော့ရင် တောင်ပိုင်းဧကရာဇ်ရဲ့ စဉ်းတီတုံးပေါ်က ငါးတစ်ကောင် ဖြစ်သွားပါလိမ့်မယ်"
Chapter 4632
လုယွီက စာရေးခြင်းကို ရပ်လိုက်ပြီး မော့ကြည့်လိုက်သည်။
"ငါတို့ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ"
ကျန်းရီက ပြောဆိုလိုက်၏။
"တောင်ပေါ်မှာထိုင်ပြီး ကျားနှစ်ကောင်သတ်တာကို ကြည့်နေတာပဲ...ကျွန်တော်တို့ရဲ့ အင်အားကို ထိန်းသိမ်းထားတာက အရေးအကြီးဆုံးပဲ....တာယွီအင်ပါယာ တည်ထောင်ကတည်းက တော်ဝင်မြို့တော်ကို ဘယ်တော့မှ မသိမ်းပိုက်နိုင်ခဲ့ဘူး...မြို့တော်ထဲမှာ လျှို့ဝှက်အင်အားတစ်ခုခု ရှိရမယ်...အဲ့ဒါက ထန်စစ်တပ်က အလစ်ငိုက်တိုက်ခိုက်ရုံနဲ့ ကျော်ဖြတ်နိုင်တဲ့အရာ မဟုတ်ဘူး"
"အခု ကျွန်တော်တို့က လေ့လာသူတွေအနေနဲ့ နေရမယ်....ကျိုးတော်ဝင်မိသားစုရဲ့ အင်အားတွေနဲ့ ထန်စစ်တပ် အချင်းချင်းတိုက်ခိုက်ပြီးတော့ အားနည်းသွားအောင် လုပ်ရမယ်... ပြီးရင် ကျွန်တော်တို့က အခြေအနေကို အခွင့်ကောင်းယူနိုင်တယ်... ကျွန်တော်တို့က ပင်ပန်းနွမ်းနယ်နေတဲ့ ထန်စစ်တပ်ကို ဖျက်ဆီးနိုင်သလို တော်ဝင်မြို့တော်ကိုလည်း ဝါးမြိုပြီးတော့ တာယွီအင်ပါယာကို သိမ်းပိုက်နိုင်တယ်"
ကျန်းရီ၏ စကားများသည် စိတ်အားထက်သန်မှုအပြည့်ရှိပြီး သူ၏မျက်လုံးများသည် တောက်ပနေပေ၏။
လုယွီက စာရွက်စာတမ်းကို ဘေးသို့ချလိုက်ပြီး ပြောဆိုသည်။
"ဆရာကျန်း ပြောတာက သဘာဝကျပါတယ်...ဒါပေမဲ့ ငါသာ ဒီလိုနည်းလမ်းကိုသုံးပြီး တော်ဝင်မြို့တော်ကို သိမ်းပိုက်ခဲ့ရင်တောင် ဘယ်သူက ငါ့ကို ယုံကြည်မှာလဲ..."
ကျန်းရီသည် အနည်းငယ် မှင်တက်သွားသော်လည်း ဆက်လက်၍ ပြောဆိုလေသည်။
"ကျွန်တော်တို့ တော်ဝင်မြို့တော်ကို သိမ်းပိုက်နိုင်သရွေ့ ကျွန်တော်တို့က နောက်ဆုံးအောင်နိုင်သူ ဖြစ်လာမှာပဲ...လူတချို့ မကျေနပ်ရင်တောင် အသုံးမဝင်တော့ပါဘူး...."
"မဟုတ်ဘူး...သမိုင်းတွေကို အောင်နိုင်သူတွေက ရေးတာမှန်တယ်....ဒါပေမဲ့ လူတွေရဲ့ နှလုံးသားကိုတော့ ဒီအကြောင်းကြောင့် ပြောင်းလဲလို့မရဘူး..."
လုယွီက ကျန်းရီကို ကြည့်ပြီး ပြောဆိုသည်။ "တော်ဝင်မြို့တော် ဝိုင်းရံခံထားရတာ အချိန်အတော်ကြာပြီ....လူတိုင်းက အန္တရာယ်ကျရောက်နေတယ်...သူတို့က ထန်စစ်တပ်ကို အနိုင်ယူမယ့် လူတစ်ယောက်ကို အရေးတကြီး လိုချင်နေကြတယ်....တော်ဝင်မြို့တော်ကို ငြိမ်းချမ်းမှု ပြန်ပေးမယ့်သူကိုပေါ့.... ငါသာ ထိုင်ပြီး ဘာမှမလုပ်ဘဲနေရင် နောက်ဆုံးမှာ ဒီလောကကို ငါသိမ်းပိုက်နိုင်ရင်တောင် ငါ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မှာ မဟုတ်ဘူး"
"ကျိုးယွမ်ယန်းက ထန်စစ်တပ်ကို မနိုင်ရင် ငါလုပ်မယ်....ဒီလူတွေက အာဏာကိုပဲ သဘောကျပြီး လူတွေရဲ့ နှလုံးသားကို မမြင်ကြဘူး.... ဒါကြောင့် ဒီအခွင့်အရေးကို ငါ့ဆီ အလကားပေးလိုက်တာပဲ...ဒီတိုက်ပွဲမှာ ပုန်းကွယ်နဂါးစစ်တပ်က သူတို့ရဲ့ အင်အားအကုန်သုံးပြီး ထန်စစ်တပ်ကို အနိုင်ယူရမယ်"
လုယွီ၏ အကြည့်ကိုမြင်ချိန်၌ ကျန်းရီသည် ခေါင်းငုံ့ကာ ပြောဆိုလိုက်၏။
"ကျွန်တော် နားလည်ပါပြီ..."
"ကောင်းကင်ကွန်ယက်အဖွဲ့အစည်းက စစ်ဆင်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်...ဒီနေ့ကစပြီးတော့ ကောင်းကင်ကွန်ယက်ရဲ့ အဓိကအင်အားကို ထန်စစ်တပ်ရဲ့ ရှေ့တန်းမှာ ထားရမယ်....ထန်စစ်တပ်ရဲ့ ဘယ်လှုပ်ရှားမှုကိုမဆို ငါ့မျက်စိအောက်မှာပဲ ဖြစ်စေချင်တယ်"
"ဟုတ်ကဲ့..."
ကျန်းရီ ထွက်သွားပြီးနောက် လုယွီက မျက်လုံးမှိတ်ကာ အချိန်ခဏတာကြာခန့် စဉ်းစားတွေးတောနေသည်။
ထိုအချိန်မှာပင် အဆောင်လက်ဖွဲ့တစ်ခုသည် စာကြည့်ခန်းအပြင်ဘက်မှ ပျံသန်းလာပြီး စားပွဲပေါ်သို့ ကျရောက်လာသည်။
လုယွီသည် အတွေးတစ်ချက်ဖြင့် အဆောင်လက်ဖွဲ့ကို ဖွင့်လိုက်ရာ အတွင်းရှိ စာများကို ချက်ချင်း မြင်လိုက်ရသည်။
ဤသည်မှာ ဖူကျစ်ရွှယ်က လုယွီအတွက် ရေးထားခြင်းပင်။
လုယွီသည် အပေါ်မှစာများကို လျင်မြန်စွာ ဖတ်ရှုပြီးစီးသွားပြီး သူ၏စိတ်နှလုံးသားတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။
"ဒါဆို စီနီယာအစ်ကိုက စစ်မြေပြင်ကို အစောကြီးကတည်းက ရောက်နေတာပေါ့"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
ဖူကျစ်ရွှယ်သည် ယခင်က အတွင်းဝန်ရုံးတော်၏ အတွင်းဝန်ချုပ်တစ်ဦးဖြစ်ခဲ့သည်။ သူသည် ဝန်ထမ်းရေးရာဌာန၏ အမတ်ကြီးလည်း ဖြစ်သည်။ နောက်ပိုင်းတွင် သူသည် တောက်ပနေမင်းကြယ်မြစ်သို့ ဘုရင်ခံအဖြစ် စေလွှတ်ခြင်းခံခဲ့ရသည်။
တော်ဝင်မြို့တော် ဒုက္ခရောက်ချိန်၌ ဖူကျစ်ရွှယ်သည် တော်ဝင်နန်းတွင်း၏ ထောက်ပံ့ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ကာ ထန်စစ်တပ်ကို ခုခံကာကွယ်ရန် တော်ပနေမင်းကြယ်မြစ်၏စစ်တပ်ကို ဦးဆောင်ခဲ့သည်။
ဖူကျစ်ရွှယ်သည် စစ်ပွဲအခြေအနေအကြောင်း များများစားစား မပြောခဲ့ပေ။ သို့သော် တော်ဝင်မြို့တော်တွင် သူတို့ လမ်းခွဲပြီးကတည်းက သူတို့ ပြန်မတွေ့ခဲ့ကြတော့ချေ။ ထို့ကြောင့် သူသည် လုယွီကို သူနှင့်အတူ အရက်သောက်ရန် ဖိတ်ခေါ်လိုနေသည်။
"အခြေအနေက အရေးကြီးနေပုံရတယ်...မဟုတ်ရင် အစ်ကိုကြီးက ငါ့ကို ဖိတ်ခေါ်စာ ရေးမှာ မဟုတ်ဘူး..."
လုယွီ၏စိတ်နှလုံးသား လေးလံသွားသည်။ သူသည် ဖူကျစ်ရွှယ်၏ပြောစကားတွင် တခြားရည်ရွယ်ချက်များ ရှိနေသည်ကို သိသည်။
အကယ်၍ လုယွီ မလာပါက အုပ်ချုပ်သူအရှင်အသီးသီးထံမှ စစ်ကူတပ်များဖြင့် ထန်စစ်တပ်၏ ပြိုင်ဘက် မဟုတ်နိုင်ချေ။
ဖူကျစ်ရွှယ်၏ စာသည် အတိတ်ကို အောက်မေ့ရန် ဖိတ်ခေါ်ခြင်းဟု ခေါ်သော်လည်း ဤသည် မှာ လုယွီကို အလျင်အမြန်လာရောက်တွေ့ဆုံရန် တိုက်တွန်းနေခြင်းလည်း ဖြစ်သည်။
"ငါ စီနီယာအစ်ကိုနဲ့ တွေ့ရမယ်"
လုယွီက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏စိတ်အခြေအနေသည် လေးလံသွားသည်။
စစ်ပွဲအခြေအနေသည် ယခုအချိန်၌ အတော်လေး ဆိုးရွားနေနိုင်သော်လည်း သူသည် ပုန်းကွယ်နဂါးစစ်တပ်ကို စုစည်းရန် အမိန့်ကို ယခုလေးတင်မှ ပေးထားခြင်းပင်။ စစ်တပ်တစ်တပ်လုံးကို စုစည်းရန် အချိန်အနည်းငယ် လိုအပ်ပေမည်။
ဤသည်မှာ တပ်များလွှဲပြောင်းသည့် ရိုးရှင်းသော အမိန့်တစ်ခုမျှသာ မဟုတ်ပေ။ ထောက်ပံ့ရေး လက်နက်ကိရိယာ လူအင်အားနှင့် ရှုပ်ထွေးသော အလုပ်အမျိုးမျိုးကို တစ်ညတည်းဖြင့် ပြီးမြောက်နိုင်မည်မဟုတ်ချေ။
လုယွီသည် ထပ်မံ၍ နှောင့်နှေးခြင်းမရှိတော့ပေ။ သူ၏မိသားစုကို နှုတ်ဆက်ပြီးနောက် သူသည် စုရူကို ကိုယ်ပိုင်ကမ္ဘာငယ်လေးအတွင်းသို့ ပို့ဆောင်ကာ တော်ဝင်မြို့တော်သို့ သူ တစ်ယောက်တည်း ထွက်ခွာခဲ့သည်။
Chapter 4633
လုယွီသည် သူနှင့်အတူ မည်သည့်အစောင့်အရှောက်မှ မခေါ်ဆောင်သွားခဲ့ချေ။
သိုင်းပညာဧကရာဇ်တစ်ယောက်အနေဖြင့် သူ၏အရှိန်သည် သာမန်လူများထက် များစွာမြန်ဆန်သည်။ အစောင့်အရှောက်များ ခေါ်ဆောင်သွားခြင်းသည် သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်ပေ၏။
တစ်ရက်အတွင်းမှာပင် လုယွီသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ နယ်စပ်မှ ထွက်ခွာပြီး တော်ဝင်မြို့တော်၏နယ်နမိတ်သို့ ဝင်ရောက်ခဲ့သည်။
ဤနေရာနှင့် တော်ဝင်မြို့တော်ကြားတွင် အနည်းငယ်ကွာဝေးသော်လည်း ဤသည်မှာ တော်ဝင်မြို့တော်၏ နယ်နိမိတ်အတွင်း၌ ရှိနေပြီး တော်ဝင်နန်းတွင်း၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။
ကြယ်နယ်မြေရှစ်ဆယ့်တစ်ခုသည် ပတ်ဝန်းကျင်ကို ဝန်းရံထားပြီး တော်ဝင်မြို့တော်ကို ခိုင်မာစွာ ကာကွယ်ထားသည်။
ဘုန်း...ဘုန်း....
ဤအချိန်တွင် လုယွီ၏ နောက်မှ မြည်ဟည်းသံတစ်သံ ထွက်ပေါ်လာသည်။
ရွေ့လျားနေသော ဧရာမအရာကြီးတစ်ခု ကြယ်မြစ်အတွင်းတွင် ကူးခတ်နေပြီး စက်ယန္တရားများလည်ပတ်သံဖြင့် ပြည့်နှက်နေသည်။ ဤအရာများ၏ လည်ပတ်သံသည် မိုးခြိမ်းသံအလားပင်။
ဤသည်မှာ သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စင်းဖြစ်ကာ အလွန်ကြီးမားပြီး လှုပ်ရှားနေသော ခံတပ်တစ်ခုနှင့် တူညီသည်။
ဤသယ်ယူပို့ဆောင်ရေးသင်္ဘော၏ အရွယ်အစားသည် အလွန်ကြီးမားပြီး နဝမလွှသွားစစ်သင်္ဘောထက်ပင် ကျော်လွန်သည်။ သို့ရာတွင် ဤသင်္ဘော၏နေရာအများစုကို အရင်းအမြစ်များ သိုလှောင်ရန် အသုံးပြုသည်။ ထို့ကြောင့် တိုက်ခိုက်ရေးအင်အားအရ ဤှသင်္ဘောသည် နဝမလွှသွားစစ်သင်္ဘောကဲ့သို့ ကြမ်းတမ်းခြင်းမရှိပေ။
အလံများသည် သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ်တွင် တောအုပ်ထဲရှိ သစ်ပင်များကဲ့သို့ စိုက်ထူထားပြီး လေထုအတွင်းတွင် တလူလူလူးလွန့်နေသည်။
ဤသည်မှာ အရင်းအမြစ်များဖြင့် ပြည့်နှက်နေပြီး မရေမတွက်နိုင်သော လက်နက်ခဲယမ်းမီးကျောက်များနှင့် စက်ပစ္စည်းများကို သိုလှောင်ထားသော စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စင်းပင်။
ဤသယ်ယူပို့ဆောင်ရေးသင်္ဘော၏ ကုန်းပတ်ပေါ်တွင် စစ်သည်တော်များသည် လက်အတွင်းတွင် မှော်လက်နက်ကို ကိုင်ဆောင်ပြီး မတ်တတ်ရပ်နေကြသည်။ သူတို့၏ မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေပြီး ပတ်ဝန်းကျင်ကို ကင်းလှည့်နေကြသည်။
သူတို့၏ အကြည့်တချို့သည် လုယွီအပေါ်တွင် စူးစိုက်နေသော်လည်း သူတို့သည် သူ့ကို အခက်အခဲမပေးခဲ့ကြပေ။
မိုးကောင်းကင်ယံတွင် တစ်ယောက်တည်း ခရီးသွားနိုင်သူများသည် နက်ရှိုင်းသော ကျင့်ကြံဆင့်ရှိသော ကျင့်ကြံသူများဖြစ်ကြသည်။ တော်ဝင်နန်းတွင်း၏ စစ်တပ်ပင်လျှင် သူတို့ကို စိန်ခေါ်ရန် မဝံ့ရဲကြပေ။
"နောက်လေးနာရီလောက်ဆို တော်ဝင်မြို့တော်ကို ရောက်သင့်ပြီ"
လုယွီက ပျံသန်း၍ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
သို့ရာတွင် သူသည် ရုတ်တရက် ပုံမှန်မဟုတ်သော လေဟာနယ်လှိုင်းဂယက်တစ်ခုကို ခံစားလိုက်ရသည်။
လုယွီနှင့် မလှမ်းမကမ်းရှိ လေဟာနယ်သည် လှိုင်းဂယက်များ တလိမ့်လိမ့်ထနေသော မှန်တစ်ချပ်နှင့် တူညီနေသည်။ လှိုင်းဂယက်များသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့နေပေ၏။
ဤသဲလွန်စများကို အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် သေချာစွာ မလေ့လာပါက ထိုအရာများကို ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်ပေ။
သို့ရာတွင် ထိုသို့ဖြစ်နေသည့်တိုင် လုယွီသည် သဲလွန်စအချို့ကို ရှာဖွေတွေ့ရှိနိုင်ခဲ့သည်။
"ခဏနေအုံး"
လုယွီက ရုတ်တရက် အော်ဟစ်လိုက်သည်။
ဤအသံသည် ကုန်းပတ်ပေါ်ရှိ စစ်သားအားလုံးကို ချက်ချင်း ဆွဲဆောင်သွားနိုင်ပေ၏။
"အဲ့ဒီကို မသွားနဲ့....ရှေ့မှာ အန္တရာယ်ရှိတယ်"
လုယွီက ထပ်မံသတိပေးလိုက်သည်။
သို့သော် သယ်ယူပို့ဆောင်ရေးသင်္ဘောသည် လုံးဝမရပ်တန့်ဘဲ အဝေးသို့ အရှိန်ဖြင့် ထွက်ခွာသွားသည်။
ရှေ့ဆုံးမှ ဗိုလ်ချုပ်သည် ကုန်းပတ်ပေါ်တွင် ရပ်ကာ လှောင်ပြောင်လိုက်သည်။
"မင်းက ရပ်ဆိုတိုင်း ရပ်ရမှာလား...အချိန်လွဲသွားရင် ဘယ်သူ့မှာ တာဝန်ရှိမှာလဲ ကိုယ့်ဒုက္ခကိုယ်မရှာနဲ့...မြန်မြန်သွားစမ်း"
"ဘုန်း...."
ရုတ်တရက် သယ်ယူပို့ဆောင်ရေးသင်္ဘော၏ ဦးပိုင်းမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စင်းလုံးသည် ပြင်းထန်စွာ တုန်ခါလာပြီး ကျိုးပဲ့နေသည့် သစ်သားအပိုင်းအစများနှင့် အပျက်အစီးများ ပြုတ်ကျလာသည်။
"ဘာဖြစ်တာလဲ"
စစ်ဗိုလ်ချုပ်က ထိတ်လန့်စွာဖြင့် နောက်လှည့်လိုက်သည်။
သယ်ယူပို့ဆောင်ရေးသင်္ဘောသည် ရွှံ့နွံထဲတွင် နစ်မြုပ်သွားသကဲ့သို့ ရှေ့သို့ လုံးဝမရွေ့နိုင်တော့ချေ။ သင်္ဘောသည် လေထုအတွင်းတွင် လုံးလုံးလျားလျား ရပ်တန့်နေပေ၏။
"ဝှစ်.... ဝှစ်...ဝှစ်...."
စူးရှသောအသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် မရေမတွက်နိုင်သော ချိတ်များသည် သယ်ယူပို့ဆောင်ရေးသင်္ဘော၏ လက်ရန်းတွင် တွယ်ကပ်သွားသည်။
ထို့နောက် မရေမတွက်နိုင်သော အနက်ရောင်သံချပ်ကာဝတ် စစ်သားများ ထွက်ပေါ်လာပြီး သယ်ယူပို့ဆောင်ရေးသင်္ဘောကို အရပ်မျက်နှာအဘက်ဘက်မှ တိုက်ခိုက်ကြသည်။
ဤတိုက်ခိုက်မှုအားလုံးသည် အလွန်ရုတ်တရက်ဆန်ပေ၏။
သင်္ဘောပေါ်မှစစ်သားများသည် တုံ့ပြန်ရန် အချိန်မရခဲ့ချေ။ သူတို့အနက်မှ အနည်းစုသည် ခုတ်ပိုင်းခံရပြီး လဲကျသွားကာ ချက်ချင်းဆိုသလိုပင် ကုန်းပတ်ပေါ်သို့ သွေးများ နေရာအနှံ့ ဖြာကျသွားသည်။
"ဒီသူခိုးတွေက ဘယ်ကလာတာလဲ...တော်ဝင်နန်းတွင်းကိုတောင် လုယက်ရဲတယ်"
စစ်ဗိုလ်ချုပ်သည် လက်အတွင်းတွင် ဓားတစ်လက်ကိုင်ကာ ဒေါသတကြီး ဟိန်းဟောက်ရင်း ပြေးထွက်သွားသည်။
သို့သော် သူသည် တစ်ဖက်တွင်လည်း ထိပ်သီးကျင့်ကြံသူတစ်ယောက် ရှိနေမည်ဟု မမျှော်လင့်ခဲ့ပေ။ အနက်ရောင်ဝတ်စုံဝတ် လူတစ်ယောက်သည် လူအုပ်ထဲမှ ရှေ့ထွက်လာပြီး စစ်ဗိုလ်ချုပ်နှင့် တိုက်ခိုက်သည်။
အချိန်တခဏတာအတွင်းတွင် ပတ်ဝန်းကျင်၌ လေများ တိုက်ခတ်နေပြီး မှော်စွမ်းအားများဖြင့် တိုက်ခိုက်သံများ လေထုအတွင်းတွင် ပဲ့တင်ထပ်နေသည်။
စစ်ဗိုလ်ချုပ်သည် လက်ထဲတွင် ဓားတစ်လက်ကိုင်ထားပြီး သူ၏သွေးများ ဆူပွက်နေသည်။ တောက်ပသော ဓားသည် အနက်ရောင်ဝတ်စုံဝတ်လူ၏ အဝတ်အစားများကို ခွဲဖြတ်လိုက်ရာ အတွင်းရှိ တောက်ပသော သံချပ်ကာ ပေါ်လွင်သွားသည်။
ဤသံချပ်ကာသည် တောက်ပနေပြီး ထိုအရာပေါ်တွင် ကျားများနှင့် နဂါးများ၏ ပုံစံများကို ထွင်းထုထားကာ မှော်စွမ်းအား၏ အရောင်အဝါဖြင့် တောက်ပနေသည်။
ထိုသံချပ်ကာကို မြင်ချိန်တွင် စစ်ဗိုလ်ချုပ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။
"ထန်စစ်တပ်....မင်းတို့က ခံစစ်စည်းကို ဘယ်လိုထိုးဖောက်လာတာလဲ..."
Chapter 4634
ယခုအချိန်တွင် ထန်စစ်တပ်၏ အဓိကအင်အားစုသည် တော်ဝင်မြို့တော်၏ အနောက်ဘက်ရှိ ဒေသတစ်ခုတွင် ပိတ်မိနေသည်။
ထန်စစ်တပ်၏ တိုက်ခိုက်မှုကို တားဆီးရန်အတွက် တော်ဝင်နန်းတွင်းသည် မိုင်ပေါင်းသောင်းချီ ကျယ်ပြန့်သော ခံစစ်စည်းတစ်ခုကို တည်ဆောက်ထားသည်။ ဤသည်မှာ အဆုံးမရှိကျယ်ပြန့်ပြီး 'တော်ဝင်မြို့တော် သံမဏိတံတိုင်း'ဟု လူသိများသည်။
ဤသယ်ယူပို့ဆောင်ရေး တာဝန်ခံအရာရှိများသည် ထန်စစ်တပ်သည် ဘေးမှပတ်လာကာ သူတို့အား နောက်မှတိုက်ခိုက်မည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားခဲ့ကြပေ။
"သူတို့ကို အနားကပ်ခွင့် မပေးနိုင်ဘူး... သတ်..."
စစ်ဗိုလ်ချုပ်က အစွမ်းကုန် အော်ဟစ်လိုက်ကြသည်။
သူ၏မျက်လုံးများ နီမြန်းနေပေ၏။ ဤသယ်ယူပို့ဆောင်ရေးသင်္ဘောဖြင့် စောင့်ရှောက်လာသော အရင်းအမြစ်များ မည်မျှ အဖိုးတန်သည်ကို သူသာလျှင် သိသည်။
ဤသင်္ဘောဖြင့် သယ်ဆောင်လာသည်မှာ စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်များနှင့် ကြီးမားသော မြို့တော်ကာကွယ်ရေးလက်နက်တချို့ ဖြစ်သည်။
အကယ်၍ လမ်းခုလတ်တွင် ထိုအရာများ ဆုံးရှုံးသွားပါက သူ၏ရာထူး ဆုံးရှုံးရုံသာမက စစ်ဘက်ဆိုင်ရာ ဥပဒေဖြင့်ပါ တရားစီရင်ခြင်းခံရပေမည်။
ပတ်ဝန်းကျင်ရှိ စစ်ဘက်အရာရှိများသည် ရှေ့သို့တိုးဝင်လာသော ထန်စစ်သားများနှင့် ပရမ်းပတာတိုက်ပွဲအတွင်းတွင် ကျရောက်သွားရင်း ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
"မင်းတို့က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ"
ထန်စစ်တပ်၏ ခေါင်းဆောင်က လှောင်ပြောင်လိုက်သည်။ သူ၏လက်အတွင်းမှ မှော်စွမ်းအားများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကြီးမားသော ကျားတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် မိုးကြိုးပစ်သအလား ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ရုတ်တရက် ပွင့်အံ့ထွက်လာပေ၏။
ပြင်းထန်သော မှော်စွမ်းအားသည် ပတ်ဝန်းကျင်လေထုကို ပေါက်ကွဲသွားစေပြီး ကျားဟိန်းသံကို ထုတ်လွှတ်လိုက်သည်။
"ခရက်..."
ရန်သူ၏မှော်စွမ်းအား ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက်တည်း စစ်ဗိုလ်ချုပ်၏ လက်ထဲရှိ ကြီးမားသော ဓားရှည်သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မခံနိုင်ဘဲ ကြေမွသွားသည်။
"မကောင်းတော့ဘူး..."
ဤပြင်းထန်သော အရှိန်အဝါကိုမြင်ချိန်၌ စစ်ဗိုလ်ချုပ်၏ မျက်နှာအမူအယာ ပြောင်းလဲသွားသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏အသက်သည် သူ့ပိုင်ဆိုင်မှု မဟုတ်တော့ကာ နောက်ထပ်အချိန်တခဏတွင် နေရာမှာပင် သူ အသတ်ခံရတော့မည့်အလားပင်။
တစ်ဖက်လူသည် ထိပ်သီးကျင့်ကြံသူတစ်ယောက်ဖြစ်သည်မှာ ထင်ရှားပြီး သူသည် တာယွီစစ်သားများကိုသတ်၍ အရင်းအမြစ်များကို ခိုးယူရန် ချောင်းမြောင်းဝင်ရောက်လာခြင်းဖြစ်သည်။
ဤသယ်ယူပို့ဆောင်လာသော အရင်းအမြစ်များ ထန်စစ်တပ်၏လက်ထဲသို့ ကျရောက်သွားပါက အကျိုးဆက်များသည် စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်သွားပေမည်။
ဘုန်း...
စစ်ဗိုလ်ချုပ်သည် အခြေအနေမကောင်းသည်ကို မြင်ချိန်၌ အရေးကြီးသော အချိန်အခိုက်အတန့်တွင် ဘေးသို့ ရှောင်တိမ်းလိုက်ပြီး သေစေနိုင်သော ထိုးနှက်ချက်ကို ရှောင်လွှဲလိုက်သည်။
ကုန်းပတ်သည် တုန်ခါသွားပေ၏။ အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်၏ ထိုးနှက်ချက်သည် သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်ခုလုံးကို ထိုးဖောက်သွားလုနီးပါးဖြစ်ပြီး မာကျောသော သံကုန်းပတ်တွင် နက်ရှိုင်းသော အပေါက်တစ်ခုကို ချန်ထားခဲ့သည်။
စစ်ဗိုလ်ချုပ်သည် ကြောက်လန့်တကြားဖြစ်သွားကာ ချွေးစေးများ ထွက်လာသည်။ သူသာ အနည်းငယ် နောက်ကျခဲ့ပါက ကုန်းပတ်များကဲ့သို့ နေရာမှာပင် ကြေမွသွားပေမည်။
ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် တဖန်ပြန်၍ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော အနက်ရောင်ဝတ်စုံဝတ်စစ်သားများ ထွက်ပေါ်လာပြီး ကုန်းပတ်ပေါ်သို့ ခုန်တက်လာကြ၏။
ထန်စစ်တပ်ဘက်တွင် လူအင်အား ဤမျှများပြားသလော....
"စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်တွေကို စုစည်းပြီး သူတို့ကို သတ်စမ်း"
စစ်ဗိုလ်ချုပ်က ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
ကုန်းပတ်ပေါ်ရှိ သင်္ဘောမျှော်စင်မှ စက်လည်ပတ်သံများ ကြားနေရကာ မိုးခြိမ်းသံများကဲ့သို့ မြည်ဟီးနေသည်။
ဤတာယွီစစ်သားများသည် ကောင်းစွာလေ့ကျင့်ထားသည်မှာ ထင်ရှားပြီး စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်များကို လျင်မြန်စွာ ပြင်ဆင်လိုက်ကြသည်။ အမြှောက်များပစ်ခတ်သည့် ပြင်းထန်သောအသံနှင့်အတူ တောက်ပသော အလင်းတန်းများ လေထုကို ထိုးဖောက်သွားသည်။
သို့သော် ဤအချိန်တွင် သူတို့ရှေ့မှ လေဟာနယ်တွင် လှိုင်းဂယက်များ ရုတ်တရက် ပေါ်လာပြီး ပဲ့တင်ထပ်နေသည်။
ပန်းထိုးပိုးထည်ဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် လေဟာနယ်အတွင်းမှ ထွက်လာပေ၏။ သူ၏အမူအယာသည် ခန့်ညားထည်ဝါပြီး သူ၏အရှိန်အဝါသည် တည်ကြည်သည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင် အထက်တန်းလွှာလူတစ်ယောက်၏ အငွေ့အသက်ရှိပြီး ဖော်မပြနိုင်လောက်အောင် စွမ်းအားကြီးမားသည်။
သူ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ထန်စစ်သားများထံသို့ ဦးတည်ပစ်ခတ်ရမည့် စိတ်ဝိညာဉ်အမြှောက်များသည် နေရာမှာပင် ရပ်တန့်သွားပြီး မလှုပ်ရှားနိုင်တော့ပေ။
ထို့နောက် ပန်းထိုးပိုးထည်ဝတ်စုံဝတ်လူသည် သူ၏လက်ကိုမြှောက်ကာ ညင်သာစွာ ဖမ်းဆုပ်လိုက်သည်။
သူ၏လက်အတွင်းတွင် စုပ်ဝဲတစ်ခု ပေါ်လာသကဲ့သို့ပင် ဖျက်ဆီးအားပြင်းသော အလင်းတန်းအားလုံးကို မည်သည့်ထိခိုက်မှုမှ မဖြစ်စေဘဲ ဝါးမြိုလိုက်သည်။
ဤသည်မှာ နတ်ဘုရားဆန်သော နည်းစနစ်တစ်ခုပင်။ စိတ်ဝိညာဥ်အမြှောက်များ၏ အစောင့်အရှောက်တာဝန်ခံသည် နေရာမှာပင် မတ်တတ်ရပ်ကာ မှင်တက်နေသည်။
"နယ်မြေ... နယ်မြေသခင်အဆင့် ထိပ်တန်းကျင့်ကြံသူ"
စစ်ဗိုလ်ချုပ်၏အသံ တုန်ရီနေသည်။
သူသည် မြေကမ္ဘာအင်မော်တယ် စစ်ဗိုလ်ချုပ်တစ်ယောက်သာ ဖြစ်သည်။ ရွှယ်အင်မော်တယ်တစ်ယောက် ထွက်ပေါ်လာလျှင်ပင် သူ့ကို သတ်ဖြတ်နိုင်မည်ဖြစ်ရာ မြင့်မြတ်ပြီး အစွမ်းထက်သော နယ်မြေသခင်တစ်ယောက်ကို ထည့်ပြောရန် မလိုတော့ချေ။
ဤလူ၏ကျင့်ကြံဆင့်ဖြင့် ထန်အင်ပါယာ၏အမတ်ကြီးတစ်ယောက် ဖြစ်နိုင်သော်လည်း သူသည် ဤနေရာတွင် ထွက်ပေါ်လာပေ၏။
"သူတို့ကို မြန်မြန်သတ်..အချိန်မဖြုန်းနဲ့"
ထိုလူက စစ်မြေပြင်ကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုသည်။
Chapter 4635
တာယွီစစ်သားများအားလုံး၏ စိတ်နှလုံးသားထဲတွင် အေးစက်မှုကို ခံစားလိုက်ရသည်။
ရန်သူသည် နောက်တန်းကို ရှင်းလင်းရန်အတွက် ဤသို့သော ထိပ်တန်းကျင့်ကြံသူတစ်ဦးကို ရုတ်တရက် စေလွှတ်လိုက်သည်။ သူတို့သည် မည်သည့်အရာကို အသုံးပြု၍ ခုခံနိုင်မည်နည်း။
"ဒုက္ခပဲ....တော်ဝင်နန်းတွင်းက ဒီလိုထိပ်သီးကျင့်ကြံသူတစ်ယောက်အကြောင်း ဘာမှမသိဘူး....ငါ ဒါကို သတင်းပို့သင့်တယ်"
စစ်ဗိုလ်ချုပ်နှင့် အရာရှိများ၏ စိတ်နှလုံးသားများ လေးလံသွားသည်။ သူ၏လက်ချောင်းကို လှုပ်လိုက်သည်နှင့် အဆောင်လက်ဖွဲ့တစ်ခုသည် သူ၏နောက်တွင် ထွက်ပေါ်လာသည်။
သို့ရာတွင် ထိုလှုပ်ရှားမှုသည် ဖုံးကွယ်ထားသော်လည်း ပန်းထိုးပိုးထည်ဝတ်စုံဝတ်လူ၏ မျက်လုံးများအောက်မှ မလွတ်မြောက်နိုင်ခဲ့ချေ။
"ငါ ဒီနေရာကို ချိတ်ပိတ်ထားတယ်.... ဒါကြောင့် မင်းတို့ ဘာသတင်းမှ ပို့လို့မရဘူး"
ပန်းထိုးပိုးထည်ဝတ်စုံဝတ်လူက အေးစက်တင်းမာစွာ ပြောဆိုသည်။
သူ၏အသံသည် တည်ငြိမ်သော်လည် မိုးခြိမ်းသံအလား ကျယ်လောင်ကာ တစ်စုံတစ်ယောက်၏သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နေသည်။
သူသည် လက်ကိုမြှောက်ကာ နေရာတဝိုက်လုံးကို ချိတ်ပိတ်လိုက်သည်။ ကြီးမားသော မှော်စွမ်းအား လက်ဝါးပုံရိပ်ယောင်ကြီးသည် မိုးကောင်းကင်ယံမှ ကျဆင်းလာပြီး ကောင်းကင်ကို ဖုံးလွှမ်းကာ နေရောင်ကို ကွယ်ထားပြီး ဤလောကရှိ အရာအားလုံးကို သူ၏လက်ထဲသို့ သိမ်းပိုက်လိုသည့်အလားပင်။
စစ်ဗိုလ်ချုပ်များနှင့် အရာရှိများသည် မျှော်လင့်ချက်ကင်းမဲ့သွားပေ၏။
အကြွင်းမဲ့ခွန်အား၏ ရှေ့မှောက်တွင် မည်သည့်ရုန်းကန်မှုမဆို အချည်းနှီးပင်။
သို့ရာတွင် ရုတ်တရက် ကြီးမားကျယ်ပြန့်သောအသံတစ်သံ ထွက်ပေါ်လာကာ မိုးခြိမ်းသံကဲ့သို့သော အသံတစ်သံသည် ပန်းထိုးပိုးထည်းဝတ်စုံဝတ်လူကို လွှမ်းခြုံသွားသည်။
ထို့နောက် ယခင်ထက် ပို၍ကျယ်ပြန့်သော နယ်မြေတစ်ခုသည် ပန်းထိုးပိုးထည်ဝတ်စုံဝတ်လူကို ချိတ်ပိတ်လိုက်၏။
"ဝူတင်းအမတ်ကြီး... မတွေ့ရတာကြာပြီပဲ..."
လုယွီသည် လေထုအတွင်းတွင် မတ်တတ်ရပ်ကာ ပန်းထိုးပိုးထည်ဝတ်စုံဝတ်လူ၏ ရှေ့သို့ ရောက်ရှိလာသည်။
လုယွီပင်လျှင် ဤနေရာတွင် အသိဟောင်းတစ်ဦးကို တွေ့ရမည်ဟု မမျှော်လင့်ခဲ့ပေ။
ထန်အင်ပါယာ၏ ဝူတင်းအမတ်ကြီး လီကျိုးစီ
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို ကိုယ်တိုင်တပ်ဦးဆောင်ကာ တိုက်ခိုက်ပြီး ချီဘုရင်ကို အနက်ရောင်မိုသဘောတူညီချက်အား လက်မှတ်ရေးထိုးရန် တွန်းအားပေးခဲ့သော ထန်အင်ပါယာ၏ စစ်နတ်ဘုရား....
လုယွီသည် ထျန်းစီရုံးတော်၏ မင်းသား လီဖူကို ဝိုင်းရံတိုက်ခိုက်ခဲ့စဉ်က လီကျိုးစီသည် သူ၏တပ်ကို ဆုတ်ခွာကာ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှ ထွက်ခွာရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရသည်။ သူတို့နှစ်ယောက်အကြားတွင်နက်ရှိုင်းသော ရန်ငြိုးဖွဲ့ခဲ့ကြလေ၏။
ထိုအချိန်က လုယွီ၏ အင်အားသည် ယခုကဲ့သို့ မဟုတ်သေးဘဲ လီကျိုးစီနှင့် သရေကျအောင်သာ တိုက်ခိုက်နိုင်ခဲ့သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ လုယွီ၏ စွမ်းအားသည် ယခင်ကကဲ့သို့ မဟုတ်တော့ချေ။
လီကျိုးစီသည် အစပိုင်းတွင် ကြက်သေသေသွားသော်လည်း လုယွီကိုမြင်ချိန်၌ သူ၏မူလတည်ငြိမ်သော မျက်နှာပေါ်တွင် ထိတ်လန့်သောအမူအရာတစ်ခု ထင်ဟပ်လာသည်။
"မင်း...မင်းက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ မဟုတ်ဘူးလား...ဘာလို့ ဒီကိုရောက်နေတာလဲ"
လီကျိုးစီက ထိတ်လန့်တုန်လှုပ်စွာ ပြောဆိုသည်။
သူသည် သူ၏လက်ရွးစင်စစ်သားများကို ကိုယ်တိုင်ဦးဆောင်ကာ တော်ဝင်မြို့တော်၏ သံမဏိတံတိုင်းကို ပတ်၍ တိတ်တဆိတ် လုပ်ဆောင်ခဲ့သည်။
လက်ရှိတွင် တော်ဝင်နန်းတွင်းသည် သူတို့၏ ထိပ်တန်းစစ်သားများအားလုံးကို တော်ဝင်မြို့တော် သံမဏိတံတိုင်း၏ ခံစစ်စည်းပေါ်တွင် စုစည်းထားသည်။ နောက်တန်းသည် ဗလာကျင်းဖြစ်နေပြီး လီကျိုးစီကဲ့သို့ ထိပ်တန်းကျင့်ကြံသူတစ်ယောက်ကို တားဆီးရန် မည်သည့်အရာမျှ လုပ်နိုင်မည်မဟုတ်ပေ။
သူတို့သည် မူလက သူတို့၏အစီအစဉ်သည် ပြီးပြည့်စုံမည်ဟု ထင်ခဲ့ကြသော်လည်း လုယွီနှင့် တွေ့ဆုံရမည်ဟု မျှော်လင့်မထားမိချေ။
"မင်း ငါ့ကိုတွေ့တာက ကံကြမ္မာပဲ.... အဲ့ဒီတုန်းက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ ငါ မင်းကို မသတ်ခဲ့ဘူး.... ဒီနေ့တော့ မင်းအသက်ကို ဒီမှာပဲ ထားခဲ့နိုင်ပြီ"
လုယွီ၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်ဖြင့် လင်းလက်သွားသည်။
ဤသည်မှာ တကယ်ကို အလွန်အမင်း တိုက်ဆိုင်မှုတစ်ခုပင်။ စစ်မြေပြင်သို့ မချဉ်းကပ်မီမှာပင် သူသည် ဤစစ်ပွဲ၏ ထန်စစ်တပ်မှ အဓိကစစ်ဗိုလ်ချုပ်တစ်ယောက်နှင့် ကြုံတွေ့ခဲ့ရသည်။
သို့သော် လီကျိုးစီနှင့် တွေ့ဆုံခဲ့သောကြောင့် သူသည် ဤလူကို ထွက်သွားခွင့်မပြုနိုင်တော့ပေ။ သို့မဟုတ်ပါက ဤလူသည် တာယွီအင်ပါယာအတွက် အဆုံးမရှိသော ဘေးအန္တရာယ်များကို ဆောင်ကြဉ်းလာပေလိမ့်မည်။
"မင်း အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ အများကြီး တိုးတက်လာပြီး တာအိုသခင်နဲ့တောင် နှိုင်းယှဉ်နိုင်တယ်လို့ ငါကြားတယ်... ဒီလောက်ငယ်ရွယ်တဲ့အသက်နဲ့ ဒီလောက်မြန်မြန် ကြီးထွားနိုင်မယ်လို့ ငါမယုံဘူး..."
လီကျိုးစီသည် အသက်ပြင်းပြင်းရှိုက်လိုက်ပြီး သူ၏၏ခန္ဓာကိုယ်အတွင်းမှ အားလှိုင်းတစ်ရပ်ပေါက်ကွဲထွက်လာသည်။ သူ၏အင်္ကျီလက်များ လှုပ်ခတ်လာပြီး သူ၏ခန္ဓာကိုယ်အတွင်းမှ နားကွဲလုမတတ်ကျယ်လောင်သော ကျားဟိန်းသံတစ်သံ မြည်ဟီးလာပေ၏။
သူသည် လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ တောင်များတုန်ခါနေသကဲ့သို့ပင်။ မြေနဂါးသည် ကျွမ်းထိုးမှောက်ခုံဖြစ်သွားပြီး လောကရှိ နေနှင့်လ၏အလင်းရောင် တဖြည်းဖြည်း မှိန်ကျသွားသည်။ ပတ်ဝန်းကျင်ရှိ လေဟာနယ် တစ်လက်မချင်း ကွဲအက်လာသည်။ ဤသည်မှာ ကောင်းကင်ကို ဖျက်ဆီးပြီး မြေပြင်ကို ပြိုလဲနိုင်သော မြင်ကွင်းတစ်ခုပင်။
"လီကျိုစီ....မင်းက ဒါကို အတိတ်ကအတိုင်းပဲ ထင်နေတုန်းလား"
လုယွီသည်လည်း လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် လုယွီ၏ လက်ဝါးမှ ကျဆင်းလာစဉ် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်သော အစွမ်းရှိသည်။
လက်ဝါးပုံရိပ်ယောင်ကြီးနှစ်ခု တိုက်မိစဥ်တွင် ပတ်ဝန်းကျင်၌ နားကွဲလုမတတ်ကျယ်လောင်သော အသံတစ်သံ ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ အမှန်တကယ်ကို ကောင်းကင်ကို ဖျက်ဆီးပြီး မြေပြင်ကို ပြိုလဲစေနိုင်သော မြင်ကွင်းတစ်ခုပင်။ ဤအားလှိုင်းများတွင် မြေပြင်တပြင်လုံးတုန်ခါစေပြီး တောင်များကို လှုပ်ခတ်စေသော စွမ်းအားပါရှိသည်။
လီကျိုးစီသည် ပြင်းထန်စွာ ဒဏ်ရာရပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားသည်။ သူ၏လက်တွင် နာကျင်မှုလှိုင်းတစ်ခုကို ခံစားလိုက်ရပြီး ကျိုးသွားသည့်အလားပင်။