← Chapters

အခန်း (၄၆၄၁-၄၆၄၅)

Vol. 235 Ch. 4641-4645

အခန်း (၄၆၄၁-၄၆၄၅)

Vol. 235 Ch. 4641-4645

Chapter 4641

"ကျေးဇူးတင်ပါတယ်.."

လုယွီသည် အလွန်ယဉ်ကျေးစွာဖြင့် တုံ့ပြန်ပြီး စစ်စခန်းဘက်သို့ ပျံသန်းသွားသည်။

လမ်းတလျှောက်တွင် ကင်းလှည့်တပ်များသာမက စစ်သင်္ဘောများ သယ်ယူပို့ဆောင်ရေးသင်္ဘောများ နဝမလွှသွားစစ်သင်္ဘောများ ကျားစစ်သင်္ဘောများနှင့် နဂါးစစ်သင်္ဘောများကို သူ မြင်တွေ့ခဲ့ရသည်။

စစ်သားများသည် အရာအားလုံးကို စနစ်တကျ ဆောင်ရွက်နေပြီး လေထုအတွင်းတွင် တင်းမာသော စစ်ပွဲအငွေ့အသက်ဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ ထိပ်သီးကောင်းကင်ဘုံအင်ပါယာနှစ်ခုကြားမှ စစ်ပွဲတစ်ပွဲပင်။ ဤသည်မှာ ချီအင်ပါယာမှ အသေးစားစစ်ပွဲနှင့် လုံးဝကွဲပြားခြားနားသည်။ စစ်ပွဲတစ်ပွဲတည်းဖြင့် ကြီးမားသော ရုန်းရင်းဆန်ခတ်မှုများကို ဖြစ်စေပြီး အရာအားလုံးကို ပျက်စီးစေနိုင်သည်။

ဤစစ်ပွဲကို အနိုင်ရရန်အတွက် တောင်ပိုင်းဧကရာဇ်၏တော်ဝင်နန်းတွင်းသည် များစွာ ရင်းနှီးမြှုပ်နှံထားပြီးဖြစ်သည်။

တော်ဝင်ဘဏ္ဍာတိုက် ကုန်ခမ်းသွားရုံသာမက တော်ဝင်မိသားစုများသည် သူတို့၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်များမှကို ငွေကြေးများထုတ်ယူကာ စစ်ပွဲစရိတ်အဖြစ် အသုံးပြုခဲ့သည်။

စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးသင်္ဘောများသည် လုယွီ၏ ဘေးမှ တစ်စီးပြီးတစ်စီး ဖြတ်သန်းသွားသည်။ ထိုသင်္ဘောများပေါ်တွင် မောက်မာထောင်လွှားသောပုံစံဖြင့် ကျင့်ကြံသူတစ်စု ထိုင်နေကြသည်။ သူတို့တစ်ယောက်ချင်းစီတွင် ကိုယ်ပိုင်ကျင့်ကြံမှုအဆင့်ရှိပြီး တာအိုပထမဆင့်တွင်ရှိသော အဆင့်နိမ့်ကျင့်ကြံသူများလည်း မရှားပါးချေ။

စစ်သားများ၏တစ်ဦးချင်းအင်အားသည် စစ်ပွဲအတွင်းတွင် အဆုံးစွန်ဆုံးအဆင့်ထိ အားနည်းသွားခဲ့သည်။

ကောင်းကင်ဘုံအင်ပါယာများ၏ အဆုံးအဖြတ်တိုက်ပွဲအဆင့်တွင် နှစ်ဖက်စလုံးသည် ဗျူဟာနှင့် အရင်းအမြစ်တိုက်ပွဲတွင် ရှိနေကြသည်။ စစ်အင်အားမှာမူ အရေအတွက်တစ်ခုသာဖြစ်သည်။ ထို့ကြောင့် စစ်မြေပြင်သို့ ခြေချနိုင်သော အင်အားစုအားလုံးကို ခေါ်ဆောင်သွားခြင်းဖြစ်သည်။

"ကျိုးယွမ်ယန်း...မင်းက တရားလွန်နေပြီ"

လုယွီသည် နံလေးပတ်လည်ကို တစ်ချက်ကြည့်လိုက်ရာ စစ်သားသစ်များကို သယ်ဆောင်လာသော သင်္ဘောပေါ်တွင် ကလေးအနည်းငယ်ကိုပင် တွေ့လိုက်ရသည်။ သူတို့သည် ဆယ်ကျော်သက်အစောပိုင်းအရွယ်တွင် ရှိနေပုံရသည်။

ကြီးမားသော သံချပ်ကာကို ကလေးများ၏ သေးငယ်ပြီး ပိန်လှီသော ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည်။ ဤသည်မှာ အလွန်မလိုက်ဖက်ပုံပင်။ သူတို့သည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ကြောက်ရွံ့ခြင်းနှင့် သိလိုစိတ်တို့ဖြင့် ကြည့်နေကြသည်။

ဤကလေးများသည် စစ်မြေပြင်တွင် မည်သည့်အရာအား လုပ်နိုင်မည်နည်း။ သူတို့သည် အမြောက်စာမျှသာ ဖြစ်သွားပေမည်။

လုယွီသည် သယ်ယူပို့ဆောင်ရေးသင်္ဘောနောက်သို့ လိုက်ကာ မြေပြင်ပေါ်သို့ ဆင်းသက်ပြီး စစ်သားသစ်များနှင့်အတူ စစ်စခန်းအတွင်းသို့ ဝင်ရောက်ခဲ့သည်။

သူတို့ရှေ့တွင် ခမ်းနားထည်ဝါသော စစ်စခန်းတစ်ခုရှိသည်။ စခန်း၏ မြင့်မားသော တံတိုင်းများကို အနက်ရောင်သံမဏိသစ်သား ဖြင့် ပြုလုပ်ထားသည်။ ဤသည်မှာ သံကဲ့သို့ မာကျောပြီး မီးနှင့်ရေကို ခံနိုင်ရည်ရှိသည်။ တံတိုင်းသည် မီတာနှစ်ရာခန့် မြင့်မားပြီး ခေါင်းမော့ကြည့်လျှင်ပင် တံတိုင်းထိပ်ကို ရှင်းလင်းစွာ မမြင်နိုင်ချေ။ ဤသည်မှာ ကြီးမားသော နတ်ဆိုးသားရဲတစ်ကောင်သည် ကြယ်တာရာကောင်းကင်ယံတွင် ရပ်နေသည့်အလား မိုးကောင်းကင်ကို ဖုံးလွှမ်းကာ နေရောင်ကိုပိတ်ဖုံးထားသည်။

စစ်စခန်း၏ ဘေးနှစ်ဖက်တွင် နောက်ကျောတွင် ဓားရှည်များနှင့် လက်ထဲတွင် လှံရှည်များ ကိုင်ဆောင်ထားသည့် လေးလံသော သံချပ်ကာဝတ်စစ်သည်တော် ရာပေါင်းများစွာ ရှိသည်။

ဤစစ်သည်တော်များ၏ခန္ဓာကိုယ်များကို ခေါင်းအစခြေအဆုံး သံချပ်ကာဖြင့် ဖုံးလွှမ်းထားသည်။ သူတို့၏ ခေါင်းများကို လေးလံသော သံချပ်ကာခေါင်းစွပ်ဖြင့် ဖုံးကွယ်ထားပြီး အေးစက်စက် မျက်လုံးများကိုသာ တွေ့မြင်နိုင်သည်။

စစ်သည်တော်များ၏နံဘေးတွင် ကြီးမားသော နတ်ဆိုးသားရဲအနည်းငယ်ရှိပြီး စူးရှသောအကြည့်များဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းနေသည်။

"နားထောင်ကြစမ်း....မင်းတို့က စစ်စခန်းကို ရောက်လာကတည်းက စစ်သားတွေဖြစ်သွားပြီ....မင်းတို့က စစ်တပ်ရဲ့အမိန့်ကို နာခံရမယ်....ဘယ်သူမဆို စည်းကမ်းဖောက်ဖျက်ရင် စစ်ဘက်ဥပဒေအရ ပြင်းထန်စွာ အပြစ်ပေးခံရမယ်"

မျက်နှာမည်းပုပ်နေပြီး ပိန်လှီသော လက်ထောက်စစ်ဗိုလ်ချုပ်တစ်ယောက်သည် ကြီးမားသော ကျောက်တုံးပေါ်တွင် မတ်တတ်ရပ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဤနေရာသို့ စေလွှတ်ခံရသော စစ်သားသစ်ပေါင်း သောင်းနှင့်ချီ၍ရှိသည်။ သူတို့သည် ပြွတ်သိပ်သော လူအုပ်ကြီးအဖြစ် အတူတကွ ရပ်နေကြသော်လည်း လက်ထောက်စစ်ဗိုလ်ချုပ်၏ အသံသည် ကျယ်လောင်ပြီး ရှင်းလင်းပေ၏။ ဤအသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေသဖြင့် လူတိုင်း ကြားနိုင်သည်။

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဤနေရာသို့ သူ၏အချိန်ကို ဖြုန်းတီးရန် ရောက်လာခြင်းမဟုတ်ပေ။

ရုတ်ချည်းဆိုသလိုပင် သူသည် လူအုပ်ကို ဖြတ်ကျော်ကာ စစ်စခန်းဘက်သို့ လျှောက်လှမ်းသွားသည်။

"ခဏနေအုံး....ဒီကိုလာစမ်း"

လက်ထောက်စစ်ဗိုလ်ချုပ်သည် လုယွီကို မြင်တွေ့ချိန်၌ လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။

လုယွီက ပြောဆိုသည်။

"ဘာကိစ္စလဲ..."

လုယွီ မလှုပ်ရှားသည်ကို မြင်ချိန်၌ လက်ထောက်စစ်ဗိုလ်ချုပ်သည် အေးစက်စက်နှာမှုတ်လိုက်ပြီး သူ၏ရှေ့သို့ လျှောက်လှမ်းလာသည်။

"မင်းရဲ့အဝတ်အစားကို ကြည့်ရတာ မင်းက မိသားစုကြီးတစ်ခုက သခင်လေးတစ်ယောက် ဖြစ်မယ်...ငါ မင်းကို အခက်မတွေ့စေချင်ဘူး... စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်း ငါ့ကိုပေးပါ... ငါ မင်းကို နောက်တန်းမှာ စီစဉ်ပေးမယ်"

သူသည် သူ၏စကားများကို ဖုံးကွယ်ရန် မကြိုးစားဘဲ ပေါ်ပေါ်ထင်ထင် အော်ဟစ်လိုက်သည်။

လုယွီသည် မူလက သူ၏တံဆိပ်ပြားကို ထုတ်ယူလိုသော်လည်း ဤစကားကို ကြားချိန်၌ သူ၏လက်ကို တဖန်ပြန်၍ရုတ်သိမ်းလိုက်သည်။

"ဒါက ဘာကိုဆိုလိုတာလဲ"

လုယွီက မေးမြန်းလိုက်၏။

"ဘာကို ဆိုလိုတာလဲဆိုတာ မင်း နားမလည်ဘူးလား"

လက်ထောက်စစ်ဗိုလ်ချုပ်က ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး ပြောဆိုသည်။

"နားထောင်ကြစမ်း... တစ်ယောက်ကို စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းပဲ... မင်းတို့ ပေးနိုင်သရွေ့ ငါက မင်းတို့ကို နောက်တန်းမှာ နေလို့ရအောင် စီစဉ်ပေးလို့ရတယ်"

Chapter 4642

"မင်းတို့ ငွေမပေးရင်လည်း ရတယ်.... ဒါပေမဲ့ ရှေ့တန်းမှာ အခု လူအင်အား လိုအပ်နေတယ်... မင်းတို့က နောက်တန်းကို မသွားချင်ဘူးဆိုတော့ တော်ဝင်နန်းတွင်းအတွက် အမှုထမ်းချင်တဲ့ပုံပဲ.... ငွေမပေးချင်တဲ့ကောင်တွေကို ရှေ့တန်းရဲ့ရှေ့ဆုံးမှာ ငါကိုယ်တိုင် စီစဉ်ပေးမယ်.... မင်းတို့အားလုံးကို နာမည်ရအောင် အခွင့်အရေးပေးမယ်"

လက်ထောက်စစ်ဗိုလ်ချုပ်၏ ကြောက်မက်ဖွယ် မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ဤသည်မှာ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်နေခြင်းပင်။ သူ့အား ငွေမပေးသော မည်သူ့ကိုမဆို ရှေ့တန်းစစ်မျက်နှာသို့ ပို့ပစ်မည်ဟု ဆိုလိုခြင်းဖြစ်ပေ၏။

အကယ်၍ သူတို့သည် စစ်မြေပြင်ကိုသာ ရောက်သွားခဲ့လျှင် မည်သို့ ဖြစ်သွားနိုင်သနည်း။

လူအများစု၏ မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်နေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

"တစ်သန်း... ဒါက များလွန်းပါတယ်"

"အရှင် ချွင်းချက်အနေနဲ့... နည်းနည်းလောက်တော့ လျှော့ပေးလို့ မရဘူးလား"

တချို့လူများသည် စတင်ပြီး အသနားခံ တောင်းပန်နေကြလေပြီ။ သာမန်လူတစ်ယောက်အတွက် ငွေတစ်သန်းဆိုသည်မှာ မိုးလောက်ကြီးမားသော ပမာဏပင်။

လက်ထောက်စစ်ဗိုလ်ချုပ်က မျက်လုံးပြူးပြီးကျိန်ဆဲလိုက်သည်။

"အရှက်မမဲ့ကြစမ်းနဲ့...ဒါတောင် မင်းတို့ကို ငါမျက်နှာသာပေးပြီး အခွင့်အရေး ပေးထားတာပဲ"

ဤလက်ထောက်စစ်ဗိုလ်ချုပ်သည် စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်သဖြင့် သူ၏ပတ်ဝန်းကျင်တွင် ပြင်းထန်သော သတ်ဖြတ်လိုခြင်း အငွေ့အသက်များ ရှိနေသည်။

ဤအချိန်တွင် သူ၏ ဒေါသတကြီး အော်ဟစ်သံကြောင့် လူအများအပြား ထိတ်လန့်သွားကြသည်။

ကြွင်းကျန်သောလူများသည် ဆက်မပြောရဲကြတော့ချေ။ ငွေကြေးအတန်အသင့်ရှိသော မိသားစုများမှလာသည့် လူတချို့သည် သူတို့၏ ငွေလက်မှတ်များကို ထုတ်ယူကာ လက်ထောက်စစ်ဗိုလ်ချုပ်၏လက်အတွင်းသို့ ရိုသေစွာ ထည့်ပေးလိုက်ကြ၏။

"အင်း...မဆိုးဘူး...မင်းတို့ရဲ့ ငွေတွေအားလုံးကို ထန်စစ်တပ်ကို တိုက်ထုတ်ဖို့အတွက် အသုံးပြုသွားမှာပါ"

လက်ထောက်စစ်ဗိုလ်ချုပ်၏ မျက်နှာပေါ်တွင် စိတ်ကျေနပ်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ပိုက်ဆံပေးပြီးသော လူများကို နံဘေးရှိစစ်သားများက ချက်ချင်းခေါ်ဆောင်သွားပြီး ထိုနေရာမှ ထွက်ခွာသွားစေသည်။

ထိုမြင်ကွင်းကို မြင်ချိန်၌ တခြားသူများအားလုံး၏ မျက်နှာများပေါ်တွင် မနာလိုအားကျသော အရိပ်အယောင်များ ထင်ဟပ်လာသည်။

"တစ်သန်း... ဒါကိုသာ ပေးလိုက်ရရင် ငါ့မှာရှိသမျှ ပစ္စည်းဥစ္စာတွေ အကုန်ပြောင်သွားမှာပဲ..."

"ပေးလိုက်တာက ပိုကောင်းပါတယ်...စစ်မြေပြင်ကိုသာ သွားရရင် ငါ သေရမှာ သေချာတယ်..."

တချို့လူများကမူ အံ့ကြိတ်ကာ ငွေမပေးဘဲ နေလိုက်ကြသည်။

သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ငွေပေးနိုင်သောသူမှာ အနည်းငယ်စုသာ ရှိသည်။ ဤနေရာတွင် လူပေါင်း သောင်းချီ၍ ရှိနေသေးပေ၏။ သူတို့သည် ထိုမျှများပြားသော ငွေပမာဏကို ထုတ်မပေးနိုင်ကြချေ။

လုယွီသည် ဤအဖြစ်အပျက်အားလုံးကို အစမှအဆုံး စောင့်ကြည့်နေခဲ့ပြီး ငွေမပေးခဲ့ချေ။

သူက နံဘေးရှိစစ်သားကို ကြည့်ပြီး အေးစက်တင်းမာသောလေသံဖြင့် မေးမြန်းသည် ။

"မင်းတို့ ဒီလို ပြောင်ပြောင်တင်းတင်း ငွေတောင်းနေတာကို တစ်ယောက်ယောက်က အရေးယူမှာ မကြောက်ဘူးလား"

လက်ထောက်စစ်ဗိုလ်ချုပ်က မျက်ခုံးပင့်ပြီး လုယွီကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်သည်။ "မင်းနဲ့ ဘာဆိုင်လို့လဲ....ပြဿနာမရှာနဲ့...မင်းက ငွေမပေးဘူးပေါ့"

"မပေးရင် ဘာဖြစ်မှာလဲ"

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

"ရတယ်လေ...မင်း သတ္တိကောင်းနေတာလား...အချိန်တန်ရင် ငါ့ရှေ့မှာ ဒူးထောက်ပြီး မတောင်းပန်နဲ့"

လက်ထောက်စစ်ဗိုလ်ချုပ်ကက လုယွီကို ကြည့်လိုက်ပြီးနောက် သူ၏နောက်တွင် ရပ်နေသော လူအုပ်ကို ကြည့်လိုက်သည်။ သူက လှောင်ပြုံးပြုံးပြီး ပြောဆိုလိုက်၏။

"ငါမင်းတို့ကို နန်းတွင်းအတွက် အကျိုးပြုခွင့်ပေးမယ်....ဒီနေ့ကစပြီး စခန်းအပြင်မှာ ကင်းစောင့်ရတဲ့ တာဝန်ကို မင်းတို့ ယူရမယ်"

လူအုပ်ကြီး ဆူညံပွက်လောရိုက်သွားသည်။

သူတို့အနက်မှအများစု၏ မျက်နှာများပေါ်တွင် မျှော်လင့်ချက်ကင်းမဲ့နေသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ဤနေရာ၌ စခန်းအတွင်းတွင်နေခြင်းသည် အလုံခြုံဆုံးပင်။

ပြင်ပသို့ ထွက်သွားသည်နှင့် သူတို့သည် ထန်စစ်တပ်နှင့် ကြုံတွေ့ရနိုင်သည်။ ထိုအချိန်၌ သူတို့အတွက် သေလမ်းသာ ရှိပေမည်။

"အရှင်...ကျွန်တော်တို့က စစ်သားသစ်တွေပါ....ဒီကိုရောက်ရောက်ချင်း အပြင်မှာ တာဝန်ချတာက စည်းကမ်းနဲ့ မညီပါဘူး" တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။

ထိုလူ၏စကားဆုံးသည်နှင့် လေထုကိုဖြတ်သန်း၍ လက်ဝါးရိုက်ချက်တစ်ချက် ရောက်ရှိလာကာ သူ ပါးရိုက်ခံလိုက်ရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး လေထုအတွင်းတွင် ချာချာလည်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။

လက်ထောက်စစ်ဗိုလ်ချုပ်က သူ၏လက်နှစ်ဖက်ဖြင့် ခါးထောက်ကာ တည်ကြည်ခန့်ညားစွာ ပြောဆိုသည်။

"ဘယ်ကလာတဲ့ အပိုစကားတွေလဲ....ဘယ်ကောင်မဆို အမိန့်မနာခံရင် စစ်စည်းကမ်းအရ အရေးယူမယ်"

အစောပိုင်းက အော်ဟစ်ခဲ့သောလူသည် ပါးစပ်မှ သွေးများအန်ထွက်သည်အထိ အရိုက်ခံလိုက်ရပြီး သွားအချို့ပင် ကျွတ်ထွက်သွားသည်။

တခြားသူများသည် ထိုမြင်ကွင်းကို မြင်ချိန်တွင် အလွန်ထိတ်လန့်သွားကြပြီး ရှေ့ထွက်၍ မည်သူမျှ မပြောရဲတော့ချေ။

"ဟမ့်....အသုံးမကျတဲ့ အမှိုက်တစ်သိုက်"

လက်ထောက်စစ်ဗိုလ်ချုပ်သည် သူ့ကိုယ်ကို စိတ်ကျေနပ်နေပြီး ဆက်လက်၍ ဆူပူကြိမ်းမောင်းရန် ဟန်ပြင်လိုက်၏။

သို့သော် ထိုအချိန်အခိုက်အတန့်တွင် အဝေးမှနေ၍ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။

စိတ်ဝိညာဉ်အမြောက်ဆန်တစ်လုံးသည် လေထုကို ချက်ချင်းထွင်းဖောက်လာပြီး စခန်းအဝင်ဝရှေ့သို့ ကျရောက်ကာ ပေါက်ကွဲသွားသည်။ ထိုနေရာတွင် ရပ်နေသော လူရာပေါင်းများစွာသည် ချက်ချင်းပင် ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး မြေပြင်ပေါ်မှ ပျောက်ကွယ်သွားကြသည်။

Chapter 4643

ဘန်း...ဘန်း...ဘန်း...

မိုးခြိမ်းသံကဲ့သို့သော ကျယ်လောင်သောအသံများ တစ်သံပြီးတစ်သံ ကောင်းကင်နှင့် မြေပြင်အကြားတွင် ပဲ့တင်ထပ်သွားသည်။

အဝေးတနေရာတွင် စစ်သင်္ဘောများ တန်းစီနေပြီး ထန်စစ်တပ်မှစစ်သားများလည်း တောအုပ်တစ်ခုကဲ့သို့ ထူထပ်သိပ်သည်းစွာ ရှိနေသည်။ စစ်ဗုံသံများ တဒိန်းဒိန်းမြည်ဟည်းနေပြီး သူတို့၏ တိုက်ခိုက်မှုကို စတင်လိုက်လေပြီ။

"ဟူး ယား..ဟား ဟား...."

ထန်စစ်သားများက ကောင်းကင်ကို တုန်ဟီးသွားစေသော ကြွေးကြော်သံများကို ဟစ်ကြွေးလိုက်ကြသည်။

စခန်းရှေ့ရှိ စစ်သားသစ် ထောင်ပေါင်းများစွာသည် ထိုအခြေအနေကြောင့် ကြောက်လန့်သွားကြပြီး ကျောက်ရုပ်များကဲ့သို့ မလှုပ်မယှက် ရပ်နေကြ၏။

စစ်သားတစ်စု စစ်မြေပြင်မှ ပြေးဝင်လာကြသည်။ သူတို့အားလုံး သွေးအလိမ်းလိမ်းဖြင့် ဖြစ်နေပြီး တချို့သည် အပြင်းအထန်စွာ ဒဏ်ရာရထားကြသည်။ သူတို့၏ ဒဏ်ရာများသည် ကြောက်မက်ဖွယ်ကောင်းပေ၏။

"ဖယ်ကြစမ်း...."

ဦးဆောင်လာသော စစ်သားက တခြားလူများကို ဖယ်ရှားရန် ကျယ်လောင်စွာအော်ဟစ်၍ အမိန့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက လူနာတင်ထမ်းစင်တစ်ခုကို သယ်ထုတ်လာသည်။

လူနာတင်ထမ်းစင်ပေါ်တွင် သွေးများဖြင့် ဖုံးလွှမ်းနေသော စစ်သူကြီးတစ်ဦး လဲလျောင်းနေသည်။ သူသည် သတိလစ်နေပြီး သူ၏နံဘေးပတ်လည်ရှိ စစ်သားများက သူ့ကို အကာအကွယ်ပေးကာ သယ်ဆောင်သွားကြသည်။

"အဲ့ဒါ ဗိုလ်ချုပ်ဝူ မဟုတ်လား...သူတောင်မှ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်"

လက်ထောက်စစ်ဗိုလ်ချုပ်သည် ဒဏ်ရာရထားသော စစ်သူကြီးကို မြင်ချိန်၌ မအံ့ဩဘဲ မနေနိုင်တော့ချေ။

"ရန်သူ့ဘက်မှာ တားဆီးလို့မရတဲ့ ရဲရင့်တဲ့ စစ်သူကြီးတစ်ယောက်ရှိတယ်...စစ်စခန်းတံခါးကို မြန်မြန်ပိတ်ကြစမ်း.. ထန်စစ်တပ်က တိုက်ခိုက်နေပြီ"

စစ်သားတစ်ယောက်က အော်ဟစ်ပြောဆိုသည်။

ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် လက်ထောက်စစ်ဗိုလ်ချုပ်သည် နှောင့်နှေးမနေဘဲ စစ်စခန်းတံခါးသို့ အလျင်အမြန်ထွက်ခွာသွားသည်။

စစ်စခန်း၏ ပင်မတံခါးမကြီးကို ဝုန်းခနဲ ပိတ်ချလိုက်၏။

"ဂျိန်း...."

ထိုအချိန်တွင် အပြင်ဘက်မှ အမြှောက်သံများသည် အနည်းငယ်မျှ အားမပျော့သွားဘဲ ပို၍ပင် ပြင်းထန်လာသည်။

တာယွီစစ်စခန်းအတွင်းတွင် ဝင်္ကပါတစ်ခု၏ အလင်းရောင်များ လက်ခနဲ ဖြစ်သွားသည်။ ရွှေရောင်အလင်းတန်းများ ပျံ့နှံ့ထွက်ပေါ်လာပြီး အလင်းတန်းအပြင်ဘက်မှ အမြှောက်ဆန်အားလုံးကို တားဆီးပေးထားသည်။

စစ်သားသစ် ထောင်ပေါင်းများစွာသည် စစ်စခန်းအတွင်းသို့ ဝင်ချိန်မရလိုက်သဖြင့် စစ်စခန်း၏အဝင်ဝတွင်သာ စုရုံးပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် နေနေကြရသည်။

ကံကောင်းစွာဖြင့် ထန်စစ်တပ်၏တိုက်ခိုက်မှု တစ်ဝက်တစ်ပျက်မှာပင် ရပ်တန့်သွားသည်။

"တာယွီကကောင်တွေအားလုံး သူရဲဘောကြောင်တာလား....ဘာလို့ လိပ်ခွံထဲမှာ ပုန်းနေကြတာလဲ....ဘာလို့ ထွက်မလာရဲကြတာလဲ"

ထန်စစ်တပ်မှ စစ်သူကြီးတစ်ယောက် ရှေ့ထွက်လာသည်။ သူထံတွင် မုတ်ဆိတ်မွေးများရှိပြီး ကျားကဲ့သို့ မျက်လုံးတစ်စုံနှင့်အတူ သူ၏မျက်နှာပေါ်တွင် တောက်ပသောအပြုံးတစ်ခု ရှိနေသည်။

သူ၏လှောင်ပြောင်ရယ်မောသံက စစ်စခန်းတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။

တာယွီစစ်တပ်ဘက်တွင်မူ တိတ်ဆိတ်နေသည်။ အစောပိုင်းက သယ်ဆောင်သွားခြင်းခံရသော ပြင်းထန်စွာ ဒဏ်ရာရနေသည့် စစ်သူကြီး၏ ကြေကွဲဖွယ်အခြေအနေသည် သူတို့၏မျက်လုံးများအတွင်းတွင် စွဲထင်နေဆဲပင်။

မည်သူမျှ ပြန်မပြောရဲကြချေ။ အထူးသဖြင့် စစ်စခန်းအပြင်ဘက်မှ စစ်သားသစ်များသည် ပို၍ပင် မပြောရဲကြချေ။

"လူငယ်လေး.... မင်းဝတ်စားထားတာကို ကြည့်ရတာ ခမ်းနားပြီးတော့ အမူအယာကလည်း ထူးခြားတယ်...မင်းရဲ့မိသားစုက ငွေမရှားလောက်ပါဘူး....ဘာဖြစ်လို့ ငါတို့နဲ့အတူ အပြင်မှာ ဒုက္ခခံနေရတာလဲ"

လူအိုကြီးတစ်ယောက်က လုယွီ၏ ဘေးသို့ လျှောက်လာပြီး ခပ်အက်အက်အသံဖြင့် ပြောဆိုသည်။

လုယွီက မေးမြန်းသည်။

"အဖိုး.... သူတို့ ဒီလိုလုပ်တာ စစ်ဘက်ရေးရာဌာနနဲ့ တရားစီရင်ရေးခုံရုံးက အပြစ်ပေးမှာ မကြောက်ဘူးလား"

"အပြစ်ပေးမယ်...ဟား ဟား ဟား...မင်းက ချမ်းသာတဲ့ မိသားစုကနေ လာတာဆိုတာ ငါပြောနိုင်တယ်....မင်း အပြင်လောကက အခြေအနေကို မသိဘူး"

လူအိုကြီးက ခေါင်းခါယမ်းပြီး ပြောဆိုသည်။ "ငါတို့ကို ဒီကိုခေါ်လာတာ အမြှောက်စာအဖြစ် သုံးဖို့ပဲ...စစ်စခန်းထဲမှာ ငါတို့အတွက် နေရာမရှိဘူး.... လူနည်းစုလောက်ပဲ ငွေပေးပြီး အသက်ရှင်ကျန်ရစ်တယ်....ငွေမရှိတဲ့ ငါတို့လိုလူတွေကတော့ အပြင်မှာပဲ နေရမှာ...ထန်စစ်တပ်ရဲ့ စစ်အင်အားကို ကုန်ဆုံးအောင် ငါတို့ကို သုံးလိမ့်မယ်"

"စောစောက အရာရှိက အကျိုးဆက်ကို မသိဘူးလို့ မင်းထင်နေလား...သူ လုံးဝဂရုမစိုက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အားလုံးက သေရမှာပဲ.... ငါတို့ထဲက ဘယ်နှစ်ယောက် သေမလဲဆိုတာကတော့... အရာရှိရဲ့ စိတ်အခြေအနေပေါ်မှာ မူတည်တယ်....ငါတို့လိုလူတွေကတော့ လုံးဝ အရေးမပါဘူး"

လူအိုကြီး၏စကားကို ကြားချိန်တွင် ပတ်ဝန်းကျင်မှ လူများသည်လည်း သက်ပြင်းရှိုက်လိုက်ကြ၏။

လုယွီက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိူသည်။

"ဒါဆိုရင် ဘာဖြစ်လို့ စစ်တပ်ထဲကို ဝင်ကြသေးတာလဲ"

သူ့ရှေ့မှ လူများ၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ချက်ကြည့်ရုံဖြင့် သူပြောနိုင်သည်။

ဤလူအိုကြီးတွင် အားနည်းသော မှော်စွမ်းအားတချို့သာ ရှိပြီး လုံချီနယ်ပယ်နှင့်ပင် မယှဉ်နိုင်ချေ။

ဤမျှအားနည်းသော ကျင့်ကြံဆင့်ဖြင့် သန်မာထွားကျိုင်းသော သာမန်လူတစ်ယောက်နှင့်ပင် မယှဉ်နိုင်လောက်ချေ။ အင်ပါယာနှစ်ခု၏ စစ်မြေပြင်တွင် ဤသည်မှာ အချိန်မရွေး သတ်ဖြတ်ခံရနိုင်သော အရေးမပါသည့် ဖြစ်တည်မှုတစ်ခုသာ ဖြစ်ပေ၏။

တာယွီစစ်တပ်၏ စံနှုန်းအရဆိုလျှင် ထိုကဲ့သို့သော ကျင့်ကြံခြင်းအဆင့်မျိုးဖြင့် စစ်တပ်အတွင်းသို့ ဝင်လိုလျှင်ပင် ခွင့်ပြုမည်မဟုတ်ပေ။

Chapter 4644

လူအိုကြီးက ခါးသည်းစွာ ပြုံးလိုက်သည် ။

"မင်းကတော့ ဒါကို စိတ်ပူစရာမလိုဘူးပေါ့...ဒါပေမဲ့ ငါတို့က မတူဘူးလေ..."

"လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က တော်ဝင်နန်းတွင်းကနေ အမိန့်တစ်ခု ထုတ်ပြန်ခဲ့တယ်...မိသားစုတိုင်း လူဦးရေအလိုက် တစ်ယောက်က စစ်တပ်ထဲကို ဝင်ရမယ်တဲ့...ဒါက သေမိန့်ပဲ..နန်းတော်က လူတွေက တစ်အိမ်တက်ဆင်း လိုက်စစ်ဆေးတယ်...ဘယ်သူမဆို ရှောင်တိမ်းတာဖြစ်ဖြစ် မလိုက်နာတာဖြစ်ဖြစ် ဖမ်းမိရင် ကွပ်မျက်ခံရလိမ့်မယ်"

"ငါတို့မှာ သွားစရာနေရာမှ မရှိတော့တာကြောင့် လာခဲ့ရတာပဲ.... ငါတို့က ဘယ်အသုတ်ထဲမှာ ပါလဲဆိုတာ မသိဘူး.... ဒါပေမဲ့ ငါတို့ရှေ့က လူတွေထဲမှာ ဆယ်ရာခိုင်နှုန်းလောက် အသက်ရှင်ကျန်နေသေးရင်ကို တော်တော်ကောင်းတယ်လို့ ဆိုရမှာပဲ"

အဓမ္မ စစ်မှုထမ်းစေသည့် အမိန့်....

လုယွီ၏ စိတ်အတွင်းတွင် ထိုအမိန့်အကြောင်း ရုတ်တရက် ပေါ်လာသည်။

ဤသည်မှာ လွန်ခဲ့သော ရက်အနည်းငယ်က ကောင်းကင်ကွန်ယက်မှ သူ့ထံသို့ အစီရင်ခံခဲ့သော ထောက်လှမ်းရေး သတင်းများအနက်မှတစ်ခုပင်။

သို့ရာတွင် လုယွီ၏ အမိန့်အရ ကောင်းကင်ကွန်ယက်သည် သူတို့၏ အာရုံစိုက်မှုအားလုံးကို ထန်အင်ပါယာအား စုံစမ်းစစ်ဆေးခြင်းအပေါ်တွင်သာ စူးစိုက်ထားခဲ့သည်။ ထို့ကြောင့် တာယွီနှင့် ပတ်သက်သော ထောက်လှမ်းရေးသတင်းများမှာ အလွန်နည်းပါးနေပေ၏။

ဤအချိန်တွင် မြို့တော်၏ ကာကွယ်ရေးအင်အားသည် အလွန်အားနည်းနေပေ၏။

နေရာအသီးသီးမှ အုပ်ချုပ်သူအရှင်များထံမှ ထိန်းချုပ်ထားသော စစ်အင်အားများမှာလည်း အလွန်အကန့်အသတ်ရှိနေသည်။

ထန်စစ်တပ်သည် အလွန်လျင်မြန်စွာ ရောက်လာခဲ့ပေ၏။ အုပ်ချုပ်သူအရှင်များသည် အကူအညီပေးရန် ရောက်လာကြသော်လည်း သူတို့နှင့်အတူ စစ်သည်အများအပြား ခေါ်ဆောင်လာခြင်း မရှိကြချေ။ ဤသည်မှာ မြို့တော်၏ ကာကွယ်ရေးဖိအားကို အလွန်ကြီးမားစေခဲ့သည်။ စစ်သားအများစုသည် ယာယီစုစည်းထားခြင်းဖြစ်ပြီး မနည်းခုခံနေရသည်။

ဤအခြေအနေအောက်တွင် ကျိုးယွမ်ယန်းက ဤအဓမ္မတပ်သားစုဆောင်းသည့် အမိန့်ကို စဉ်းစားမိခဲ့သည်။

မည်သူမဆို တိုက်ခိုက်နိုင်စွမ်းရှိသရွေ့ စစ်ပွဲအတွင်းသို့ ထည့်သွင်းခြင်းခံရပေမည်။

မြို့တော်၌ ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသော်လည်း များပြားသောလူဦးရေနှင့် နှိုင်းယှဉ်လျှင် ကျင့်ကြံသူများ အလွန်ရှားပါးသည်။ အများစုမှာ သာမန်လူများသာ ဖြစ်ကြ၏။

"အိုက်ယား...မင်းက ငယ်ငယ်လေးပဲ ရှိသေးတာ....ဘာဒေါသထွက်နေဖို့ လိုလို့လဲ.. နောက်တန်းမှာသာ နေနိုင်ရင် အနည်းဆုံးတော့ ရှေ့တန်းမှာ ဒုက္ခခံရမှာ မဟုတ်ဘူး"

လူအိုကြီးက ခေါင်းခါယမ်းပြီး သက်ပြင်းရှိုက်လိုက်သည်။

လုယွီက ခန့်ညားထည်ဝါသော စစ်စခန်းကို ကြည့်ပြီး ပြောဆိုသည်။

"တော်ဝင်နန်းတွင်းက ခင်ဗျားတို့ကို သေစေချင်နေတာပဲ...သူတို့က ခင်ဗျားတို့ကို သံချပ်ကာတွေနဲ့ လက်နက်တွေတောင် မပေးဘူးလား"

"ပေးလည်း ဘာထူးမှာလဲ.... တရားဝင်စစ်သားတွေကို ပေးလိုက်တာက ပိုကောင်းအုံးမယ်....ငါတို့က သေဖို့ ကံပါလာပြီးသားပဲ....ဒါပေမဲ့ လောကကြီးက ဖရိုဖရဲမဖြစ်လာတော့မယ်.... ငါတို့ စောစောသေရင် မြန်မြန်ပြန်ဝင်စားနိုင်လိမ့်မယ်"

လူအိုကြီးက သက်ပြင်းရှိုက်လိုက်သည်။

သူသည် ဆံပင်များဖြူဖွေးနေပြီး အတော်လေး အသက်ကြီးနေလေပြီ။ ဤအသက်အရွယ်တွင် သူသည် သေခြင်းတရားကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ပေ၏။

သို့ရာတွင် လူအုပ်အကြားတွင် ငယ်ရွယ်သော ကလေးသူငယ်များနှင့် အမျိုးသမီးများ တော်တော်များများ ရှိနေသေးသည်။ သူတို့အနက်မှ တချို့သည် အလွန်အမင်း ကြောက်လန့်ကာ မရပ်မနား ငိုယိုနေကြသည်။

အဝေးတစ်နေရာတွင် ထန်စစ်သူကြီးသည် ကျိန်ဆဲနေဆဲပင်။

နောက်ဆုံးတွင် တာယွီစစ်တပ်ဘက်မှ တစ်စုံတစ်ယောက်သည် စိတ်မထိန်းနိုင်တော့ဘဲ တိုက်ပွဲဝင်ရန် ထွက်ခွာသွားသည်။

သို့သော် ဤတာယွီစစ်သူကြီးသည် ပြင်းထန်သော တိုက်ကွက်နှစ်ကွက်အတွင်းမှာပင် အသတ်ခံလိုက်ရသည်။

"ဟား ဟား ဟား..တာယွီစစ်တပ်ရဲ့ သားလေးတွေ...မင်းတို့ အဘိုးစွေ့က ဒီမှာ ရောက်နေပြီ...ငါနဲ့ တိုက်ချင်တဲ့ တစ်ယောက်ယောက်ကိုများ မင်းတို့ လွှတ်ရဲသေးလား"

ထန်စစ်သူကြီးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီး ပြောဆိုသည်။

တာယွီစစ်တပ်ဘက်မှ စိတ်ဓာတ်များ အောက်ဆုံးသို့ ကျဆင်းသွားပြီး စစ်သူကြီးများသည် တိုက်ခိုက်ခြင်းကို ရပ်တန့်ကာ သူ့နှင့် ယှဉ်ပြိုင်ရန် မဝံ့ရဲကြတော့ပေ။

သို့ရာတွင် လူအိုကြီးကမူ အလွန်ပျော်ရွှင်နေပုံရပြီး အပြုံးနှင့် ပြောဆိုသည်။

"ကောင်းလိုက်တာ....ထန်စစ်တပ်က ဒီနေ့ စိန်ခေါ်ဖို့ပဲ လာတာ.... မြို့ကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိဘူး...ခဏနေရင် သူတို့ပြန်သွားလိမ့်မယ်....ငါတို့ ဒီနေ့ အသက်ရှင်နိုင်ပြီ"

သူက သူ့အိတ်ထဲမှ သေရည်အိုးတစ်လုံးကို ထုတ်ယူကာ လုယွီအား ကမ်းပေးလိုက်သည်။

"ညီငယ်လေး... ဒါက မင်းအတွက် စစ်မြေပြင်မှာ ပထမဆုံးအကြိမ်ပဲနဲ့တူတယ်...ဒါက အိမ်မှာချက်တဲ့ သေရည်ပဲ.. နည်းနည်းပြင်းတယ်... ဒါပေမဲ့ သတ္တိကိုတော့ မြှင့်တင်ပေးနိုင်တယ်"

လူအိုကြီးက ပြောဆိုသည်။

လုယွီက သေရည်အိုးကို ယူလိုက်ပြီး လူအိုကြီး၏ လက်ဘေးရှိ ဝါးတုတ်ကို ကြည့်လိုက်သည်

"အဖိုး.... ခင်ဗျားရဲ့ ဒီဝါးတုတ်ကို ခဏ ငှားပါရစေ"

လူအိုကြီးက အနည်းငယ် ရှက်သွားသည်။ သူက ခေါင်းကုတ်ကာ ပြောဆိုလိုက်၏။

"ဒီလူအိုကြီးမှာ ဘာမှော်လက်နက်မှ မရှိဘူး..ငါ ထွက်မလာခင်က ဒါကို ချိုးလာပြီးတော့ ကာကွယ်ရေးလက်နက်အဖြစ် သုံးမလို့ပဲ... ဒါပေမဲ့ အခုတော့ အသုံးမဝင်တော့ဘူးနဲ့တူတယ်"

"ဒါနဲ့ လုံလောက်ပါတယ်"

လုယွီက ဝါးတုတ်ကို ကောက်ကိုင်လိုက်သည်။ ရုတ်တရက် သူ၏လက်မောင်း လှုပ်ခါသွားပြီး ဝါးတုတ်သည် မြှားတစ်စင်းကဲ့သို့ လေထုကို ထိုးခွဲကာ ပျံ့လွင့်သွားသည်။

"ဝှစ်..."

ဝါးတုတ်သည် နားကွဲမတတ် ကျယ်လောင်သောအသံဖြင့် လေဟာနယ်ကို ဖြတ်သန်းသွားသည်။

နောက်ထပ်အချိန်တခဏတွင် ဝါးတုတ်သည် ထန်စစ်သူကြီး၏ ဦးခေါင်းကို ထိုးဖောက်သွားပြီး သူ၏ခန္ဓာကိုယ်ကို မီတာတစ်ထောင်အကွာသို့ ဆွဲခေါ်သွားကာ ထန်စစ်သင်္ဘောတစ်စင်းပေါ်တွင် သံမှိုစိုက်သကဲ့သို့ စိုက်ဝင်သွားသည်။

"ဘုန်း....."

ထန်စစ်သင်္ဘောသည် ဝါးတုတ်မှ နောက်ချန်စွမ်းအားကြောင့် ယိမ်းယိုင်သွားပြီး တိမ်းမှောက်လုနီးပါး ဖြစ်သွားပေ၏။

လုယွီက သေရည်အိုးကို ဖွင့်လိုက်သည်။ အိုးအတွင်းရှိ သေရည်သည် ပူနွေးနေဆဲပင်။ သူက တစ်ငုံသောက်ပြီး ပြောဆိုလိုက်သည် ။

"မဆိုးဘူး...ဒါက သေရည်ကောင်းပဲ"

Chapter 4645

ဝါးတုတ်သည် သံမဏိအပ်တစ်ချောင်းအလား ထန်စစ်သူကြီးကို စစ်သင်္ဘော၏သံမဏိကိုယ်ထည်တွင် သံမှိုစိုက်သလို စိုက်ဝင်နေစေသည်။

ထန်စစ်သူကြီး၏ မျက်လုံးများ ပြူးကျယ်နေပြီး သူ၏နဖူးတွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။ သွေးများတောက်လျှောက်စီးကျနေသဖြင့် သူ၏မျက်နှာတစ်ခုလုံးသည် အလွန်ကြောက်မက်ဖွယ် ကောင်းနေပေ၏။

သူသည် ဤကဲ့သို့သော နည်းလမ်းဖြင့် ရုတ်တရက် သေဆုံးသွားလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားမိမည် မဟုတ်ချေ။

ပတ်ဝန်းကျင်တဝိုက်လုံး တိတ်ဆိတ်သွားပြီး လူတိုင်းသည် သူတို့ရှေ့မှ မြင်ကွင်းကို ကြောင်ငေးကြည့်နေကြသည်။

ထန်စစ်တပ်ဘက်မှဖြစ်စေ တာယွီဘက်မှဖြစ်စေ မရေမတွက်နိုင်သောလူများ ကြက်သေသေနေကြသည်။ သူတို့ရှေ့မှ မြင်ကွင်းသည် သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သွားခဲ့လေပြီ။

"ညီလေး... မင်း... မင်းက ဘယ်သူလဲ"

လူအိုကြီးသည်လည်း အံ့အားသင့်နေသည်။

သူ့လက်ထဲအတွင်းမှ ဝါးတုတ်သည် လမ်းဘေးမှ ကျိုးနေသော ဝါးတစ်ချောင်းကို အမှတ်မထင် ကောက်ယူလာခြင်းသာ ဖြစ်သည်။ ဤသည်ကို လက်နက်ဟုပင် မခေါ်ဆိုနိုင်သဖြင့် ဤမျှ အစွမ်းထက်လိမ့်မည် မဟုတ်ပေ။

ဤသည်မှာ လုယွီ၏ အစွမ်းကြောင့် ဖြစ်ပွားခဲ့သည်မှာ သိသာထင်ရှားပေ၏။

အထူးသဖြင့် ဝါးတုတ်သည် ထန်စစ်သူကြီးကို ထိုးဖောက်သွားပြီးနောက် မူလကိုယ်ထည် ပျက်စီးသွားခြင်းပင် မရှိပေ။ ဤသည်မှာ သူ၏ စွမ်းအားအပေါ် ထိန်းချုပ်နိုင်စွမ်းသည်အထွတ်အထိပ်သို့ ရောက်ရှိနေကြောင်း ထင်ရှားနေသည်။

ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ လူများ၏ စိတ်နှလုံးသားကို တုန်လှုပ်စေရန် လုံလောက်သည်။

လုယွီက ပြောဆိုသည်။

"လူအိုကြီး...ခင်ဗျားရဲ့ သေရည်က မဆိုးဘူး...ဒီဓားကို သေရည်ဖိုးအဖြစ် သတ်မှတ်လိုက်ပါ"

လုယွီက မှော်ရတနာတစ်ခုကို ထုတ်ယူပြီး လူအိုကြီးအား ပေးလိုက်သည်။

ဤဓားရှည်သည် ကြည်လင်ပြီး အေးစက်နေကာအဆင့်မြင့် မှော်ရတနာတစ်ခုပင်။

လူအိုကြီး၏လက်များ တုန်ယင်သွားပြီး ဓားကို ဖမ်းယူလိုက်သည်။

"ဒါက တန်ဖိုးကြီးလွန်းပါတယ်... ညီလေး...ဒီဓားကို ငါ လက်မခံနိုင်ဘူး"

"အရေးမကြီးပါဘူး...ဒီစစ်မြေပြင်မှာ မှော်ရတနာတစ်ခု ပိုရှိတာက အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ပိုရတာပဲ"

လုယွီအတွက် ဤဓားရှည်သည် သူ့ထံတွင်ရှိသော အနိမ့်ဆုံးအဆင့် မှော်ရတနာသာ ဖြစ်သည်။

လုယွီသည် လူအိုကြီးအား ပို၍မြင့်သော အဆင့်ရှိသည့် မှော်ရတနာတစ်ခုကို မပေးခဲ့ပေ။ အကြောင်းမှာ ထိုသို့ပြုလုပ်ခြင်းသည် လူအိုကြီးအတွက် သေစေနိုင်သော ဘေးဒုက္ခကို ယူဆောင်လာနိုင်သောကြောင့်ပင်။

အဝေးတွင် ထန်စစ်တပ်၏စစ်စခန်း၌ ပရမ်းပတာဖြစ်စပြုနေလေပြီ။

ရှေ့ပြေးတပ်မှူးသည် ရုတ်တရက် အသတ်ခံလိုက်ရပြီး ဤကဲ့သို့သော ပုံစံဖြင့် စစ်သင်္ဘော၏ သံနံရံတွင် သံမှိုစိုက်ခံလိုက်ရခြင်းမှာ ထန်စစ်တပ်အတွက် လုံးလုံးလျားလျား အရှက်ရစေခြင်းပင်။

"ဘယ်သူလဲ....ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်လိုက်ပြီးပြီဆိုမှတော့ ဘာလို့ ပုန်းနေသေးတာလဲ"

ထန်စစ်တပ်မှ လေးလံသော သံချပ်ကာ ဝတ်ဆင်ထားသော တပ်မှူးချုပ်အဆင့် စစ်သူကြီးတစ်ဦး ပျံသန်းထွက်လာပြီး သူ၏စူးရှသော မျက်လုံးတစ်စုံဖြင့် ထူထပ်သိပ်သည်းစွာမတ်တတ်ရပ်နေသော စစ်သားသစ်များကို စူးစိုက်ကြည့်နေသည်။

အစောပိုင်းက လုယွီသည် အလွန်လျင်မြန်စွာ လှုပ်ရှားခဲ့သောကြောင့် မည်သူမျှ သူ့ကို သတိမထားမိပေ။

ဝါးတုတ်သည် လေထုကိုထိုးခွဲ၍ အသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်တည်း ထန်စစ်သူကြီးကို ထိုးဖောက်ကာ နေရာတွင်ပင် သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

ဤလူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် တာယွီစစ်စခန်းမှ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။

"ဖုန်းချန်ချင်းပဲ....သူက လူရိုင်းစစ်စခန်းကို တိုက်ခိုက်နေတာ မဟုတ်ဘူးလား...ဘာလို့ သူ ဒီကို ရောက်နေတာလဲ"

"ငါတို့စစ်စခန်းမှာ ကာကွယ်စောင့်ရှောက်ပေမယ့် ထိပ်သီးအစွမ်းထက် ကျင့်ကြံသူတွေ မရှိဘူး.....ဒီလိုထိပ်သီးအစွမ်းထက်ကျင့်ကြံသူမျိုးကို ငါတို့ လုံးဝ ခုခံနိုင်မှာ မဟုတ်ဘူး"

တာယွီစစ်တပ်မှလူများအားလုံး ချက်ချင်းဆိုသလိုပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။

လူအုပ်အကြားတွင် လူအိုကြီးက လုယွီ၏ လက်ကောက်ဝတ်ကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး ပြောဆိုသည်။

"ညီလေး... မင်း အခု လုံးဝ အပြင်မထွက်ရဘူး....စောစောက စစ်သူကြီးကို သတ်ခဲ့တာက မင်းဆိုတာကို ဘယ်သူမှ သေသေချာချာ မမြင်လိုက်ဘူး...ဒါပေမဲ့ ဒီလူက မတူဘူး...မင်း အဲ့ဒီကိုသွားပြီး မိုက်မဲတဲ့လုပ်ရပ်တွေ မလုပ်ရဘူး"

"ဖုန်းချန်ချင်း...."

လုယွီက အဝေးမှ စစ်သူကြီးကို ကြည့်ကာ ဤလူသည် သာမန်စစ်သူကြီးများနှင့် မတူကြောင်း ခံစားမိသည်။

သူသည် အလွန်ပိန်လှီသော်လည်း သူ၏ခန္ဓကိုယ်တစ်ခုလုံးမှ ထက်ရှသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်နေသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ သူသည် အချိန်မရွေး ဓားအိမ်ထဲမှ ထွက်လာပြီး သွေးသောက်ရန် အသင့်ဖြစ်နေသော ဝှက်ထားသည့် ဓားတစ်လက်နှင့် တူညီနေသည်။

"ငါက စစ်မြေပြင်ကို ရောက်လာတာ မကြာသေးဘူး ဆိုပေမယ့် သတင်းတချို့ ကြားထားတယ်... တော်ဝင်နန်းတွင်းက စစ်သူကြီးတော်တော်များများက ဖုန်းချန်ချင်းရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတယ်... မင်းက ငယ်ငယ်လေးပဲ ရှိသေးတယ်... မင်းမှာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိနေပေမဲ့ ဒီကိစ္စထဲကို ဝင်ပါဖို့ မလိုအပ်ဘူး"

လူအိုကြီးက လုယွီအား သူ၏နောက်တွင် ရပ်နေရန် ထပ်ခါတလဲလဲ တိုက်တွန်းလေသည်။

တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ရပ်နေသော စစ်သားသစ်ပေါင်း တစ်သောင်းကျော် ရှိနေသည်။ လုယွီနှင့် လူအိုကြီးတို့သည် လူအုပ်အကြားတွင် ရောနှောနေပြီး သူတို့ကို မည်သူကမျှ သတိမထားမိကြပေ။

Thank For Reading.

All Chapters