အခန်း (၄၆၆၆-၄၆၇၀)
Vol. 237 Ch. 4666-4670
Chapter 4666
"ငါတို့ ဒီလို အချိန်ဆွဲထားလို့ မရဘူး"
လုယွီက ခေါင်းခါလိုက်သည်။
ထန်စစ်တပ်သည် အလွန်အားကောင်းပြီး ယခုချိန်၌ သူတို့သည် ခုခံကာကွယ်ရုံသာ တတ်နိုင်ပေ၏။ သို့ရာတွင် ကာကွယ်ရေးစည်း မည်မျှပင် ခိုင်မာစေကာမူ အချိန်ကြာမြင့်စွာ အသုံးဝင်မည် မဟုတ်ပေ။
လုယွီသည် နောက်တန်းသို့ ရောက်ရှိသွားချိန်၌ ဝူတင်းအမတ်ကြီး လီကျိုးစီ၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသည်။ ဤသည်မှာ ပြဿနာကို သက်သေပြပြီးဖြစ်သည်။
ထန်စစ်သားတချို့သည် ကြီးမားသော ကာကွယ်ရေးစည်းကို ကျော်ဖြတ်ပြီး တာယွီဘက်မှ မပြင်ဆင်ထားချိန်တွင် နောက်တန်းသို့ ရောက်ရှိလာနိုင်သည်။ ဤသည်မှာ အင်အားငယ်တစ်ခုသာဖြစ်သော်လည်း တာယွီစစ်တပ်၏ ကာကွယ်ရေးစည်းတစ်ခုလုံးကို ဖျက်ဆီးနိုင်သည့် ထိုးနှက်ချက်တစ်ခုကို ပေးရန် လုံလောက်သည်။
"ကံကောင်းစွာနဲ့ မင်း ရောက်လာတယ်....မင်းသာ နောက်ကျခဲ့ရင် တာယွီအင်ပါယာအတွက် အန္တရာယ်ရှိသွားမှာကို ငါ စိုးရိမ်မိတယ်"
ဖူကျစ်ရွှယ်က သက်ပြင်းရှိုက်ပြီး ပြောဆိုသည်။ "တော်ဝင်မြို့တော်ရဲ့ အဓိကတပ်ရင်းကြီးလေးခုက အခြေခံအားဖြင့်ပြောရရင် အင်အားကုန်ခမ်းနေပြီ....တော်ဝင်စစ်တပ်တောင်မှ အင်အားချည့်နဲ့နေပြီ... နတ်ဘုရားနည်းဗျူဟာစစ်တပ်မတော်နဲ့ နတ်ဘုရားသိုင်းပညာစစ်တပ်တို့ ပေါင်းလိုက်ရင် လူနှစ်သိန်းတောင် မပြည့်တော့ဘူး....သူတို့က နာမည်ခံပဲ ရှိတော့တယ်... ဧကရာဇ်က ရက်စက်ပြီး လက်နက်မဲ့အရပ်သားတွေကို တိုက်ခိုက်ခိုင်းတာကို အပြစ်မတင်နဲ့.... တကယ်ပဲ ငါတို့ ဘာမှမလုပ်နိုင်တော့လို့ပါ..."
ထိုသို့ပြောဆိုပြီးနောက် ဖူကျစ်ရွှယ်သည် မလှမ်းမကမ်းရှိ စစ်စခန်းတစ်ခုကို ညွှန်ပြလိုက်၏။
"တောက်ပနေမင်းစစ်တပ်ကလည်း အကြီးအကျယ် ဆုံးရှုံးခဲ့ရတယ်...အခုဆိုရင် အရန်တပ်တောင်မှ စစ်မြေပြင်ထဲကို ဝင်သွားပြီ... ဒါပေမဲ့ သူတို့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ငါ မသိဘူး"
ထိုစစ်စခန်းတွင် ရွှေကျီးကန်းအလံကို ချိတ်ဆွဲထားပြီး လေထဲတွင် တလူလူလွင့်ပျံနေသည်။
တောက်ပနေမင်းစစ်စခန်း၏ အတွင်းပိုင်းတွင် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေပေ၏။ ဒဏ်ရာရစစ်သားများ လမ်းဘေးဝဲယာတွင် ပြန့်ကျဲနေသည်။ သူတို့၏မျက်လုံးများသည် မှိုင်းညို့နေပြီး သူတို့အားလုံး၏ ခန္ဓာကိုယ်များပေါ်တွင် မတူညီသော အတိုင်းအတာရှိသည့် ဒဏ်ရာများ ရှိနေပေ၏။
လုယွီသည် လူရိုင်းစစ်တပ်၏ စစ်စခန်းကိုလည်း တွေ့လိုက်ရသည်။ ထိုနေရာတွင် ဒဏ်ရာရစစ်သည်တော်များ မရေမတွက်နိုင်အောင် ရှိနေသည်။
သို့ရာတွင် နတ်ဆိုးသားရဲများ၏ အကူအညီဖြင့် ဒဏ်ရာရစစ်သားများ၏ အရေအတွက်သည် အခြားစစ်တပ်များထက် သိသာထင်ရှားစွာ နည်းပါးသည်။ စခန်း၏အပြင်ဘက်တွင် ရပ်ထားသည့် ကြီးမားသော သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စင်းမှ သံလှောင်အိမ်များကို သယ်ဆောင်နေပေ၏။ ဤသည်မှာ ကြီးမားသည့် နတ်ဆိုးသားရဲအမြောက်များကို တိုက်ပွဲတွင် ပါဝင်ရန် ပို့ဆောင်နေခြင်းပင်။
အရပ်ရှည်ပြီး သန်မာသော လူရိုင်းများသည် စစ်စခန်းအတွင်းတွင် ရှေ့နောက်သွားလာနေသည်။ သူတို့၏ခန္ဓာကိုယ်သည် သာမန်လူများထက် ပို၍သန်မာထွားကျိုင်းပေ၏။ ထို့ပြင် သူတို့သည် သာမာန်လူများအပေါ် အလွန်သိသာထင်ရှားသော ဖိနှိပ်နိုင်မှုအရှိန်အဝါကို ပေးစွမ်းနိုင်သည်။
"အရှင်လု...မင်းရဲ့စစ်တပ် ရောက်လာဖို့ ဘယ်လောက်ကြာအုံးမလဲ..."
စုန့်ချင်းဟူက မေးမြန်းသည်။
လုယွီက အချိန်တခဏကြာ စဉ်းစားပြီးနောက် ပြောဆိုသည်။
"နောက်ထပ် နှစ်ရက်....."
အချိန်နှစ်ရက်သည် အမြန်ဆုံး အကန့်အသတ်ပင်။
လုယွီ၏ ဤတစ်ကြိမ် စစ်တပ်အဖွဲ့စည်းသည် အလွန်ကြီးမားပေ၏။ သူတို့သည် စစ်သားများကို စုစည်းရန်သာမက ထောက်ပံ့ရေးကိုလည်း ဖြည့်တင်းရန် လိုအပ်သည်။ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှ တော်ဝင်မြို့တော်သို့ စစ်သားများကို သယ်ယူပို့ဆောင်ခြင်းသည်လည်း ပြဿနာတစ်ခုဖြစ်သည်။
"နှစ်ရက်...နှစ်ရက်..."
စုန့်ချင်းဟူက ခေါင်းခါလိုက်သည်။ သူ၏အမူအယာသည် အလွန်တည်ကြည်လေးနက်နေပေ၏။
နေ့စဉ်နေ့တိုင်း သေကြေဒဏ်ရာရသူ အရေအတွက် ကြီးမားလှသည်။
ထိုအချိန်မှာပင် စစ်စခန်း၏တံခါးတစ်ချပ် ရုတ်တရက် ပွင့်လာပြီး မြင်းစီးတပ်တစ်စု ဝင်ရောက်လာသည်။
ဤမြင်းစီးတပ်မှ စစ်သားများသည် တောက်ပပြီး စူးရှသော သံချပ်ကာကို ဝတ်ဆင်ထားကြသည်။ သူတို့သည် မှော်လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ထားပြီး သူတို့၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ မှော်စွမ်းအားများ စီးဆင်းနေပေ၏။။
မြင်းစီးတပ်သည် စစ်စခန်းကို မောက်မာထောင်လွှားစွာ ဖြတ်သန်းသွားချိန်၌ တခြားစစ်သားများအားလုံး ဘေးသို့ဖယ်ပေးကာ ထိုမြင်းစီးတပ်ကို တားဆီးရန် မဝံ့ရဲကြပေ။
"အရှင်ဖူ...အရှင်စုန့်...."
မြင်းစီးတပ်၏ ရှေ့ဆုံးတွင် ချီလင်သံချပ်ကာဝတ်ဆင်ပြီး နဂါးသွေးမြင်းကို စီးနင်းထားသော စစ်ဗိုလ်ချုပ်တစ်ယောက် ရှိနေသည်။
ဤလူမှာ နန်းတော်ကိုယ်ရံတော်တပ်၏ တပ်မှူး ရှထန်ကန်းပင်။
ရှထန်ကန်း၏ အကြည့်သည် ထိုလူနှစ်ယောက်အပေါ်သို့ ဝေ့ကြည့်ပြီးနောက် ရုတ်တရက် လုယွီအပေါ်သို့ ကျရောက်လာသည်။ သူက မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်သည်။
"လုယွီ....မင်း တကယ် ရောက်လာတာပဲ..."
လုယွီက တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။
"ဘာလဲ..ငါ ရောက်လာတာကို မင်း အရမ်းအံ့ဩနေတာလား..."
သူတို့နှစ်ယောက်ကြားတွင် ယခင်ကတည်းက ရန်ငြိုးရှိခဲ့သည်ဟု ဆိုနိုင်ပေ၏။
တော်ဝင်စာမေးပွဲတွင် ရှထန်ကန်းသည် အိမ်ရှေ့စံ ကျိုးယွမ်ယန်မှ ထိပ်သီးကျောင်းတော်သားအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီးဖြစ်သည်။ ကံမကောင်းစွာဖြင့် နောက်ဆုံးတွင် လုယွီ ထွက်ပေါ်လာပြီး ရှထန်ကန်းထံမှ ထိပ်သီးကျောင်းတော်သားဘွဲ့ထူးကို လုယူသွားခဲ့သည်။
သဘောတရားစာမေးပွဲ တိုက်ခိုက်ရေးစာမေးပွဲနှင့် နန်းတွင်းစာမေးပွဲတို့တွင် လုယွီသည် ရှထန်ကန်းကို လုံးလုံးလျားလျား ချေမှုန်းခဲ့သည်။ ဤသည်မှာ အမြဲတစေ ကောင်းကင်ဘုံ၏ချီးမြှောက်ခံတစ်ယောက် ဖြစ်ခဲ့သော ရှထန်ကန်းအတွက် သည်းမခံနိုင်သောအရာပင်။
ထို့ပြင် လုယွီသည် ရှမိသားစုနှင့် ရန်ငြိုးရှိသည်။ ထို့ကြောင့် ရှထန်ကန်းသည် လုယွီအပေါ် ကောင်းမွန်သော စိတ်နေသဘောထား မရှိချေ။
Chapter 4667
"မင်းက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ နေတာ အချိန်အတော်ကြာနေပြီဆိုတော့ ရှေ့တန်းနဲ့ လိုက်လျောညီထွေ မဖြစ်နိုင်ဘဲ ထန်စစ်တပ်ရဲ့ အသတ်ခံရမှာကို ငါ စိုးရိမ်မိတယ်..."
ရှထန်ကန်းက ခနဲ့တဲ့တဲ့စကားကို ပြောင်ပြောင်တင်းတင်း ပြောဆိုသည်။
လုယွီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ငါ အသက်ရှင်ပြီး ကောင်းကောင်းမွန်မွန် ရှိနေသေးတယ်...မင်း ငါ့အတွက် စိတ်ပူစရာ မလိုပါဘူး"
လုယွီ မလှုပ်ရှားသည်ကိုမြင်ချိန်၌ ရှထန်ကန်းသည် အေးစက်စက် နှာမှုတ်လိုက်ပြီး နောက်လှည့်ကာ စစ်စခန်းအတွင်းသို့ ဝင်သွားသည်။
ရှထန်ကန်း၏ နောက်ကျောကို ကြည့်ရင်း စုန့်ချင်းဟူသည် မထီမဲ့မြင်ပြုသည့် အေးစက်သော နှာမှုတ်သံတစ်သံကို ထုတ်လွှတ်လိုက်သည်။ "သူက အဆက်အသွယ်နဲ့ တော်ဝင်စစ်တပ်ရဲ့ တပ်မှူးဖြစ်လာတာ... ဒါကို ဘာမောက်မာစရာရှိလို့လဲ....နန်းတွင်းကိုယ်ရံတော်တပ်က ဗိုလ်ချုပ်တွေရဲ့ အမိန့်အောက်မှာ ရှိနေတာ...သူက နာမည်ခံသက်သက်ပဲ.... သူက သူ့ကိုယ်သူ အထင်ကြီးလွန်းနေတယ်"
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"သူနဲ့ စကားများဖို့ မလိုပါဘူး....အခုချိန်မှာ ငါသိချင်တာက အုပ်ချုပ်သူအရှင်တွေရဲ့ စစ်တပ်တွေအပြင် တော်ဝင်နန်းတွင်းက တပ်အင်အား ဘယ်လောက်များများ ထပ်ပေးနိုင်သေးလဲဆိုတာပဲ"
"နဂါးစစ်တပ်နဲ့ နန်းတွင်းကိုယ်ရံတော်တပ်တို့ပေါင်းလိုက်ရင်တောင် တပ်ရင်းခြောက်ခုပဲ ရှိတယ်..."
စုန့်ချင်းဟူက အေးစက်တင်းမာစွာ တုံ့ပြန်အဖြေပေးသည်။
"ဒီလောက်ထိ နည်းတာလား"
လုယွီ အံ့အားသင့်သွားသည်။
သူ၏ ပုန်းကွယ်နဂါးစစ်တပ်မှ တပ်ရင်းနှစ်ဆယ့်ကိုးခုတွင် စစ်သားဆယ်သန်းကျော်ရှိမည်ဟု သူ ခန့်မှန်းထားသည်။ ထိုအရာနှင့် နှိုင်းယှဉ်လျှင် တော်ဝင်စစ်တပ်မတော်၏ စစ်သားအရေအတွက်သည် အလွန်နည်းပါးပေ၏။
စုန့်ချင်းဟူက လှောင်ပြောင်လိုက်သည်။
"တော်ဝင်နန်းတွင်းက အလုံးစုံအခြေအနေကို ကာကွယ်ချင်တယ်....ဒါကြောင့် တော်ဝင်စစ်တပ်ရဲ့ အဓိကအင်အားက တော်ဝင်မြို့တော်ကို ကာကွယ်နေတယ်....ငါတို့ရဲ့လူတွေကအပြင်မှာ သေသွားပေမယ့် တော်ဝင်စစ်တပ်က နောက်ကနေ ထိုင်ကြည့်နေတယ်... တော်ဝင်နန်းတွင်းက အဲ့ဒီလူတွေ ဘာတွေစဉ်းစားနေလဲ ငါ မသိဘူး..."
"အလုံးစုံအခြေအနေကို ကာကွယ်တာ...ဒါဆို သူ တော်ဝင်မြို့တော်မှာ နေတာက အလုံးစုံအခြေအနေကို ကာကွယ်တာပေါ့..."
လုယွီက ခေါင်းခါလိုက်သည်။
ကျိုးယွမ်ယန်၏ နည်းလမ်းများသည် အလွန်ညံ့ဖျင်းလှသည်။ သူ၏အတွေးကို တခြားသူများမသိအောင် မည်သို့ ဖုံးကွယ်နိုင်မည်နည်း။
သူသည် အုပ်ချုပ်သူအရှင်များမှ ကြီးမားသော လှုပ်ရှားမှုတစ်ခု ပြုလုပ်ပြီး ထန်စစ်တပ်ကို အနိုင်ယူကာ အုပ်ချုပ်သူ၏ အာဏာကို အားနည်းစေမည်အား စိုးရိမ်နေသည့်အပြင် တစ်ချိန်တည်းမှာလည်း တော်ဝင်နန်းတွင်း၏ စစ်အင်အားကို ထိန်းသိမ်းလိုသည်။
လုယွီတို့သည် စစ်စခန်း၏ ဗဟိုစစ်တန်းလျားသို့ လျှောက်လှမ်းသွားကြသည်။ ဤနေရာရှိ ကာကွယ်ရေးသည် အပြင်ဘက်ထက် များစွာ တင်းကြပ်သည်။
ဤနေရာရှိ မီတာတစ်ရာတိုင်းတွင် ကင်းမျှော်စင်တစ်ခုကို တည်ဆောက်ထားသည်။ ကင်းမျှော်စင်ပေါ်တွင် ကင်းထောက်နည်းစနစ်ကို အထူးကျွမ်းကျင်သော ကျင့်ကြံသူများ ရှိသည်။ သူတို့သည် သူတို့၏ ကောင်းကင်ဘုံမျက်လုံးများကို လေထုအတွင်းတွင် ပျံဝဲနေစေပြီး ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုတိုင်းကို အဆက်မပြတ် စောင့်ကြည့်နေကြသည်။
ကူးပြောင်းရေးဝင်္ကပါများတွင်လည်း စစ်သားများ စောင့်ကြပ်နေသည်။ ဤစစ်သားများသည် လေးလံသော သံချပ်ကာများကို ဝတ်ဆင်ထားကာ လက်ရွေးစင်စစ်သည်တော်များဖြစ်ကြပြီး သူတို့၏ ကာကွယ်ရေးသည် အလွန်တင်းကြပ်ပေ၏။
အလယ်စခန်းနှင့် အပြင်စခန်းကို ခြားနားထားသော တံတိုင်းတစ်ခုရှိသည်။ ဤသည်မှာ စစ်တပ်တစ်ခုလုံး၏ ဗဟိုချက်ဖြစ်ပြီး အရေးအကြီးဆုံးနေရာဖြစ်သဖြင့် မည်သည့်အမှားအယွင်းကိုမျှ ခွင့်မပြုချေ။
နဂါးအလံတစ်ခုကို ဗဟိုစစ်စခန်း၏ အလယ်တွင် စိုက်ထူထားနေသည်။ ဤသည်မှာ တပ်မှူးတစ်ဦး၏ သင်္ကေတပင်။ ဤအချိန်တွင် တာယွီစစ်တပ်၏တပ်မှူးသည် မင်းသားကူဖြစ်ပြီး သူသည် အဆင့်အတန်းမြင့်မားသော မင်းသားတစ်ပါးဖြစ်ပေ၏။ သူသည် ဧကရာဇ်ကို ဦးမညွှတ်ဘဲနေနိုင်ကာ သူ၏အဆင့်အတန်းသည် ထူးခြားသဖြင့် နဂါးအလံကို အသုံးပြုရန် အရည်အချင်းပြည့်မီသည်။
စစ်တဲ၏အပြင်ဘက်တွင် နဂါးအစောင့်များ ရှိနေသည်။ သူတို့သည် အုပ်ချုပ်သူအရှင်သုံးယောက်ကို မြင်ချိန်၌ အလျှင်အမြန် ပြောဆိုသည်။
"အရှင်တို့.... အရှင်မင်းသားက အဓိကစစ်တဲထဲမှာ စောင့်နေပါတယ်"
ဖူကျစ်ရွှယ်က ခေါင်းညိတ်ကာ လုယွီနှင့်အတူ စစ်တဲအတွင်းသို့ ဝင်ရောက်သွားသည်။
တဲအတွင်းတွင် လူသုံးယောက်ထိုင်နေပြီး တစ်ယောက်သည် ရှထန်ကန်းပင်။
ရှထန်ကန်းသည် အေးစက်စက် နှာမှုတ်လိုက်၏။ သူသည် လက်ဖက်ရည်ခွက်ကို ပေါ့ပေါ့ပါးပါး ကောက်ယူကာ သေချာစွာ မြည်းစမ်းနေပြီး လုယွီနှင့် တခြားသူများကို အနည်းငယ်မျှ အလေးမထားသည့်အလားပင်။
ရှထန်ကန်း၏ တစ်ဖက်တွင် ထိုင်နေသည်မှာ အနီရောင်စပါးကြီးမြွေဝတ်ရုံ ဝတ်ဆင်ထားသော တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်သည်။ သူသည် ချောမောခန့်ညားသော မျက်နှာနှင့် ထူးချွန်ပြီး သူရဲကောင်းဆန်သည့် ပုံပန်းသွင်ပြင်ရှိပြီး သူ၏ လှုပ်ရှားမှုတိုင်းမှ ဖော်ပြရန်မစွမ်းသော မြင့်မြတ်သည့် အရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသည်။
ထိုတော်ဝင်မိသားစုဝင်သည် လုယွီ ဝင်လာသည်ကိုမြင်ချိန်၌ အလျင်အမြန် မတ်တတ်ထရပ်ကာ သူ၏လက်နှစ်ဖက်ကို ပူးဆုပ်လိုက်သည်။
"အရှင်လု...တော်ဝင်မြို့တော်မှာ လမ်းခွဲသွားခဲ့တာ အချိန်အတော်ကြာနေပြီ...နောက်ဆုံးတော့ ငါတို့ ပြန်တွေ့ကြပြီ...."
ဤသည်မှာ ရေခဲနယ်မြေ၏မင်းသား ချိုင်လုံရှင်းပင်။
ဤအချိန်တွင် ချိုင်လုံရှင်းသည် သူ၏ကြီးကျယ်ခမ်းနားမှုကို လုံးလုံးလျားလျား ဖယ်ရှားလိုက်ပုံရပြီး ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ သူ၏အင်အားဖြစ်စေ အရှိန်အဝါဖြစ်စေ ကြီးမားသော ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ခဲ့ရ
ပုံပင်။
ချိုင်မိသားစုသည် တာယွီအင်ပါယာတွင် တခြားမျိုးရိုးနာမည်ရှိသည့် တစ်ခုတည်းသော တော်ဝင်မျိုးနွယ်ဖြစ်သည်။ သူတို့သည် တာယွီအင်ပါယာ၏ မြင့်မြတ်သော ဘိုးဘေးဧကရာဇ်တစ်ပါးလက်ထက်မှ ဆင်းသက်လာခြင်းပင်။ သူတို့၏အဆင့်အတန်းသည် ထူးခြားပြီး ဧကရာဇ်နှင့် အဆင့်တူနီးပါးဖြစ်ပေ၏။
Chapter 4668
ချိုင်လုံရှင်းသည် မျိုးရိုးနာမည်ကွဲသော မင်းသားတစ်ပါးဖြစ်သော်လည်း အဆင့်အတန်းအရ သူသည် တော်ဝင်မင်းသားတစ်ပါးနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ကျိုးမိသားစု၏ မင်းသားတချို့ပင်လျှင် သူ့ကိုမြင်ချိန်၌ ရိုသေလေးစားစွာဖြင့် နောင်တော်ဟု ခေါ်ဆိုရသည်။
"အရှင်မင်းသား..."
လုယွီသည် သက်ပြင်းရှိုက်ကာ ပြန်လည်နှုတ်ဆက်လိုက်သည်။
ယခုချိန်တွင် ချိုင်လုံရှင်းသည် ရေခဲဘုရင်ကြယ်မြစ်၏ အမည်ခံအုပ်ချုပ်သူဖြစ်လာပြီး အုပ်ချုပ်သူအရှင်အဖြစ် ဆောင်ရွက်ကာ နယ်မြေကို ချိတ်ပိတ်ထားသည်။
ယခင်က သူတို့အားလုံးသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် ကျင့်ကြံခဲ့ကြသော အတန်းဖော်များဖြစ်ကြသော်လည်း ယခုမူ သူတို့သည် ယခင်ကကဲ့သို့ မဟုတ်တော့ချေ။ သူတို့သည် နန်းတွင်းတွင် အရာရှိများ ဖြစ်လာခဲ့ကြသည်။
"ဒါဆို ရှင်က အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့အုပ်ချုပ်သူအရှင် လုယွီပေါ့...တွေ့ရတာ ဝမ်းသာပါတယ်"
ရှထန်ကန်း၏နံဘေးတွင် ထိုင်နေသည်မှာ အမျိုးသမီးတစ်ယောက်ဖြစ်ပေ၏။
ဤအမျိုးသမီးသည် အရပ်ရှည်ပြီး ဖြောင့်စင်းသော ကိုယ်လုံးကိုယ်ပေါက်ရှိသည်။ သူမသည် အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး သူမ၏ခေါင်းနောက်တွင် ရှည်လျားသောဆံပင်များကို ကျစ်ဆံမြှီးကျစ်ထားသည်။ သူမ၏ထက်ရှသော မျက်ခုံးများသည် သူမကို ရဲရင့်ပြီး သတ္တိရှိပုံ ပေါက်စေပေ၏။
ချိုင်လုံရှင်းက ပြောဆိုသည်။
"ဒါက လုံဝူစစ်တပ်ရဲ့တပ်မှူး ယဲ့ဝမ်ရှုပဲ"
'ယဲ့ဝမ်ရှု....သူက တာယွီအင်ပါယာရဲ့ သမိုင်းမှာ တစ်ဦးတည်းသော အမျိုးသမီးထိပ်သီးကျောင်းတော်သားပဲ'
လုယွီသည် ထိုနာမည်ကိုကြားချိန်တွင် သူ၏နှလုံးခုန်နှုန်း မြန်သွားပြီး သူမ မည်သူမည်ဝါဖြစ်သည်ကို ချက်ချင်း သိလိုက်သည်။
တာယွီနန်းတွင်းမှ ထိပ်သီးကျောင်းတော်သားများအားလုံးသည် ငယ်ရွယ်စဉ်ကတည်းက မြင်းပေါ်တွင်ထိုင်ကာ ရန်သူကို သတ်နိုင်စွမ်းရှိသည်။
ယခင်က ယဲ့ဝမ်ရှုသည် တော်ဝင်မြို့တော်တွင် ကျောင်းတော်သားအဖြစ် နာမည်ကျော်ကြားလာပြီးနောက် နန်းတွင်းစာမေးပွဲတွင် တော်ဝင်ကြီးကြပ်ရေးမှူးများနှင့် ကျောင်းတော်ငါးခုမှ လူငယ်ပါရမီရှင်များကို အနိုင်ယူခဲ့သည်။ နောက်ဆုံးတွင် သူမသည် ထိပ်သီးကျောင်းတော်သားတစ်ယောက် ဖြစ်လာခဲ့ပေ၏။
နောက်ပိုင်းတွင် ယဲ့ဝမ်ရှုသည် မြောက်ဘက်နှင့် တောင်ဘက်နယ်စပ်များတွင် တိုက်ပွဲဝင်ချိန်၌ သူမသည် သူမ၏ကိုယ်ပိုင်အင်အားနှင့် စစ်နည်းဗျူဟာ နှစ်ခုစလုံးတွင် အံ့ဩဖွယ်ကောင်းသော အရည်အချင်းကို ပြသခဲ့သည်။ ထို့နောက်တွင် သူမသည် "သူရဲကောင်းအမတ်ကြီး" ဘွဲ့ထူးကို ချီးမြှင့်ခြင်းခံရပြီး တာယွီအင်ပါယာ၏ အုပ်ချုပ်သူအရှင်တစ်ယောက် ဖြစ်လာခဲ့သည်။
သူမသည် ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး လုယွီသည် သူ၏ယခင်ဘဝကတည်းက သူမ၏နာမည်ကို ကြားဖူးသည်။
"တပ်မှူးယဲ့...မင်းရဲ့အကြောင်းကို အများကြီး ကြားဖူးပါတယ်"
လုယွီက သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ပြောဆိုသည်။
ယဲ့ဝမ်ရှုက ပြုံးလိုက်သည်။
"အရှင်လုက ငယ်ရွယ်ပြီး အရည်အချင်းတယ်...ရှင့်ရဲ့ခွန်အားက အရမ်းကြီးမားတယ်လို့ ကျွန်မ ကြားထားတယ်...နောက်တစ်ကြိမ် အခွင့်အရေးရရင် အပြန်အလှန် လေ့ကျင့်ကြည့်ကြမလား...ဘယ်လို သဘောရလဲ"
သူမ၏အပြုံးသည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းပေ၏။ ဤှသည်မှာ သူမသည် အချိန်ကြာမြင့်စွာ တိုက်ပွဲများကြားတွင် ဖြတ်သန်းခဲ့သောကြောင့် ဖြစ်နိုင်သည်။ ယဲ့ဝမ်ရှု၏ အပြုံးသည် နတ်သမီးတစ်ပါးကဲ့သို့ လှပသော်လည်း အမြဲတစေ စူးရှသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ဆောင်နေပြီး ရောင်စုံအကြေးခွံများဖြင့် ဖုံးလွှမ်းထားသော အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ လှပသော်လည်း သေစေနိုင်သည်။
"ဒါဆိုရင်တော့ တပ်မှူးယဲ့...ကျွန်တော့်ကို ညွှန်ပြပေးပါအုံး"
လုယွီသည် အံ့အားသင့်သွားခြင်း မရှိချေ။
သူသည် ယဲ့ဝမ်ရှုသည် ချင်လုရှန်းကဲ့သို့ပင် သိုင်းအရူးတစ်ဦးဖြစ်သည်ဟု ကြားဖူးသည်။ ကျောင်းတော်သား ဖြစ်လာပြီးနောက် သူမသည် ကျောင်းတော်အသီးသီးမှ ပါရမီရှင်များနှင့် ပြည်နယ်ကြီးကြပ်ရေးမှူးများကို စတင်၍စိန်ခေါ်ခဲ့သည်။ သူမ၏လက်အောက်တွင် ရှုံးနိမ့်ခဲ့သော ထိပ်သီးကျင့်ကြံသူများနှင့် ပါရမီရှင်များ မည်မျှထိ ရှိသည်ကို မည်သူမျှ မသိနိုင်ချေ။
ယဲ့ဝမ်ရှုသည် တစ်ချိန်က အိမ်ထောင်ဖက်ရှာဖွေရေး သိုင်းပြိုင်ပွဲအတွက် စင်မြင့်တစ်ခုကို တည်ဆောက်ခဲ့သည်။ သို့ရာတွင် ယှဥ်ပြိုင်တိုက်ခိုက်သူအားလုံးသည် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပေ၏။ နောက်ပိုင်းတွင် ယဲ့ဝမ်ရှုသည် ယှဥ်ပြိုင်တိုက်ခိုက်သူများ အလွန်အားနည်းသည်ဟု ခံစားမိသောကြောင့် အိမ်ထောင်ဖက်ရှာဖွေရေးပြိုင်ပွဲကို စွန့်လွှတ်ခဲ့သည်။ ယနေ့ချိန်ထိတိုင် သူမသည် အပျိုကြီးတစ်ယောက်အဖြစ်သာ ရှိနေသေးသည်။
"ဟား ဟား ဟား....အရှင်လုက တကယ့်ကို အထင်ကြီးလေးစားဖို့ ကောင်းတယ်.... သူ ဘယ်သွားသွား လူတွေနဲ့ အသိအကျွမ်းဖွဲ့နိုင်တာပဲ.... အခု တော်ဝင်နန်းတွင်းက ရှေ့တန်းစစ်ပွဲနဲ့ အလုပ်ရှုပ်နေတယ်...မင်းက ဒီမှာ မိတ်ဖွဲ့နေတယ်...မင်းက မကောင်းတာတစ်ခုခု လုပ်ဖို့ ကြံစည်နေတာလား"
ရှထန်ကန်းက အေးစက်စက်ရယ်မောပြီး ပြောဆိုသည်။
လုယွီက ရှထန်ကန်းကို လှည့်ကြည့်ပြီး ပြောဆိုလိုက်၏။
"ငါတို့ရှေ့မှာ ရန်သူကြီးရှိနေရင် ငါတို့က မဟာမိတ်တွေကို စုစည်းသင့်တယ်... ငါက ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ပထမဆုံးအကြိမ် တွေ့တဲ့အချိန်မှာ မိတ်ဖွဲ့တာ ဘာမှားလို့လဲ...မင်းကတော့ ရှထန်ကန်း...ငါ ရောက်လာကတည်းက ငါ့ကို ဆန့်ကျင်နေတဲ့ စကားထောင်ချောက်ကို တည်ဆောက်နေတယ်...ငါနဲ့ ငါ့ရဲ့တခြားလုပ်ဖော်ကိုင်ဖက်တွေကို သွေးထိုးနေတယ်... မင်းက စစ်တပ်ထဲမှာ အတွင်းရေးပဋိပက္ခကို လှုံ့ဆော်ဖို့ ကြိုးစားနေတာလား...."
"မင်း..."
ရှထန်ကန်း၏အမူအယာသည် ပြောင်းလဲသွားပြီး သူ မတ်တတ်ထရပ်လိုက်သည်။
မမျှော်လင့်ဘဲ လုယွီ၏ ချီစွမ်းအားသည် ပို၍ပင် အားကောင်းလာပြီး သူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"မင်းက စစ်တပ်ထဲမှာ အတွင်းရေးပဋိပက္ခကို ဖြစ်စေချင်ရင်... ငါက ဧကရာဇ်ကို နန်းတွင်းကိုရှင်းလင်းဖို့ ကူညီတဲ့အနေနဲ့ မင်းလို လူယုတ်မာတစ်ယောက်ကို သတ်ပစ်မယ်..."
ဘုန်း....
အားကောင်းသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ခုသည် ရှထန်ကန်း၏ခန္ဓာကိုယ်ကို ချက်ချင်း လွှမ်းခြုံသွားသည်။
ရှထန်ကန်းသည် ဤသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒအလယ်တွင် သူ ရောက်ရှိသွားသကဲ့သို့ ချက်ချင်း ခံစားလိုက်ရသည်။ သူသာ သတိမထားပါက အစိတ်စိတ်အမွှာမွှာ ကြိတ်ချေခံရနိုင်သည်။
Chapter 4669
ရှထန်ကန်းသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရာ စားပွဲကို တိုက်မိပြီးစားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို မှောက်ကျစေခဲ့သည်။
ခွမ်း....
လက်ဖက်ရည်ခွက်သည် မြေပြင်သို့ ကျသွားပြီး ချက်ချင်း ကြေမွှပျက်စီးသွားသည်။
ဤကြေမွသံသည် ရှထန်ကန်းကို အသိဝင်သွားစေခဲ့သည်။ သူသည် လုယွီ၏ ချီစွမ်းအားကြောင့် နောက်သို့ဆုတ်လိုက်ရသည်ကို ချက်ချင်း နားလည်သဘောပေါက်သွားသည်။ သူသည် အရှက်ကွဲခြင်းကြောင့် ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။
"အမှိုက်ကောင်..."
စုန့်ချင်းဟူသည် ဤသည်ကို မြင်ချိန်၌ လှောင်ပြောင်လိုက်သည်။ သူသည် ရှထန်ကန်းကို တစိုးတစိမျှ မျက်နှာသာမပေးချေ။
"ဟမ့်...."
ရှထန်ကန်းသည် အေးစက်စက်နှာမှုတ်လိုက်ပြီး သူ၏ထိုင်ခုံပေါ်တွင် ပြန်ထိုင်ကာ တခြားမည်သည့်စကားမျှ မပြောတော့ပေ။
"လုယွီ....မင်းက အရှင်ဧကရာဇ်ကိုယ်တိုင် ခန့်အပ်ထားတဲ့ တော်ဝင်စစ်တပ်ရဲ့ တပ်မှူးကို သတ်ချင်နေတာလား...မင်းက တကယ့်ကို ဥပဒေမဲ့တာပဲ"
ထိုအချိန်မှာပင် ကြီးကျယ်ခမ်းနားသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် မိန်းမစိုးတစ်ဦးက ရှထန်ကန်း၏ နောက်မှ ထွက်လာသည်။
ထိုမိန်းမစိုးသည် လက်အတွင်းတွင် မြင်းမြှီးယပ်တောင်ကို ကိုင်ဆောင်ထားပြီး အေးစက်စက်အမူအယာဖြင့် စစ်တဲအတွင်းခန်းမှ ထွက်လာပေ၏။
လုယွီက မျက်ခုံးပင့်လိုက်သည်။
"မင်းက ဘယ်သူလဲ..."
မိန်းမစိုးက မြင်းမြှီးယပ်တောင်ကို ဝှေ့ယမ်းပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ငါ့နာမည်က ကျန်းကျွင်းချန်...ငါက ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ကြီးကြပ်ရေးအရာရှိပဲ...ငါက စစ်တပ်ကို ကြီးကြပ်ဖို့ ဒီကိုလာတာ... လုယွီ ငါ့နာမည်ကို မှတ်ထား... အနာဂတ်မှာ ငါတို့က တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ဆက်ဆံရလိမ့်မယ်..."
"ယဉ်ကျေးမှုဌာနရဲ့ ကြီးကြပ်ရေးအရာရှိလား... လျှူကျင်းနဲ့ ဝေ့ကျုံးတို့က ဘယ်မှာလဲ"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
ဤကျန်းကျွင်းချန်နှင့်ပတ်သက်၍ ကောင်းကင်ကွန်ယက်တွင် သူ့အကြောင်း သတင်းအချက်အလက်များ ရှိသည်။ သူသည် အရှေ့နန်းတော်တွင် ရှိစဉ်က ကျိုးယွမ်ယန်၏သီးသန့်မိန်းမစိုးဖြစ်သည်။
ကျိုးယွမ်ယန် နန်းတက်ပြီးနောက် သူ၏ဘေးမှ လူများ၏ အဆင့်အတန်းသည် မြင့်တက်လာပေ၏။ ရှထန်ကန်းသာမက မိန်းမစိုးအရာရှိတစ်ယောက်ဖြစ်သော ကျန်းကျွင်းချန်သည်လည်း နာမည်ကျော်ကြားလာခဲ့သည်။
တော်ဝင်နန်းတွင်း၏ ကြီးကြပ်ရေးမှူး ဆယ့်နှစ်ယောက်သည် ယဉ်ကျေးမှုဝန်ကြီးဌာန ကြီးကြပ်ရေးအရာရှိများ၏ ဦးဆောင်မှုဖြင့် ဧကရာဇ်၏အုပ်ချုပ်ရေးကိစ္စများတွင် ကူညီဆောင်ရွက်ကြသည်။
ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြီးကြပ်ရေးအရာရှိများ ဖြစ်လာရန်အတွက် လိုအပ်ချက်များသည်လည်း အလွန်မြင့်မားသည်။ သူတို့အနက် ကြီးကြပ်ရေးအရာရှိသုံးယောက် ကြီးကြပ်ရေးမှူးများနှင့် မှတ်တမ်းစာရေးတို့သည် စစ်ရေးအောင်မြင်မှုတချို့ ရှိရပေမည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ဒေသန္တရနှင့်အုပ်ချုပ်ရေးအစိုးရ၏ အရာရှိရာထူးများတွင် အတွေ့အကြုံရှိနေရန် လိုအပ်သည်။ ထိုမှသာလျှင် သူတို့သည် ဤရာထူးကို ရယူနိုင်ပေမည်။
ဤသည်မှာ သံမဏိစည်းမျဉ်းတစ်ခုဖြစ်သော်လည်း ကျိုးယွမ်ယန်၏လက်ထက်သို့ ရောက်ချိန်၌ ကျိုးပေါက်သွားသည်။
ကျန်းကျွင်းချန်သည် ယခင်က အရှေ့နန်းတော်၏ မိန်းမစိုးအရာရှိ တစ်ယောက်သာဖြစ်ပြီး သူသည် စစ်မြေပြင်သို့ တစ်ကြိမ်တစ်ခါမှ မရောက်ဖူးခဲ့ပေ။ စစ်ပွဲအောင်မြင်မှုများကို ထည့်သွင်းဖော်ပြရန် မလိုတော့ချေ။ ထို့ပြင် သူသည် အမြဲတစေ အရှေ့နန်းတော်တွင်သာ ရှိနေခဲ့ပြီး အုပ်ချုပ်ရေးကိစ္စများတွင် အတွေ့အကြုံမရှိပေ။ ထိုသို့သောလူကို ကြီးကြပ်ရေးအရာရှိအဖြစ် ခန့်အပ်ပြီး စစ်တပ်ကို စောင့်ကြည့်ခိုင်းခြင်းသည် အဓိပ္ပာယ်မရှိသော ကိစ္စတစ်ရပ်ပင်။
"မင်း တခြားလူတွေကို ဂရုစိုက်ဖို့မလိုဘူး...ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်...မင်း အရှင်ရှကို ပြောခဲ့တာတွေကို ငါ မှတ်ထားမယ်...အနာဂတ်မှာ အရှင်ဧကရာဇ်ကို ငါ ပြောပြရလိမ့်မယ်"
ကျန်းကျွင်းချန်က လှောင်ပြောင်လိုက်သည်။
"မင်း သဘောပဲ"
လုယွီသည် ဤသို့သောလူမျိုးနှင့် ငြင်းခုံခြင်းမပြုလိုသောကြောင့် အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
ကျန်းကျွင်းချန်သည် အလွန်အမင်း ဒေါသထွက်ပြီး သူ တစ်စုံတစ်ခု ပြောတော့မည့်ဆဲဆဲတွင် တောင်ဝှေးတစ်ချောင်း မြေပေါ်သို့ ထောက်သည့်အသံသည် ဗဟိုစစ်တဲ၏ နောက်မှ ထွက်ပေါ်လာသည်။
ထို့နောက် လူအိုကြီးတစ်ယောက်က လူများအားလုံး၏ ရှေ့တွင် ထွက်ပေါ်လာသည်။
"မင်းသားကူ...."
ရုတ်ချည်းဆိုသလိုပင် လူတိုင်း ထရပ်ကာ သူ့ကို ကြိုဆိုလိုက်ကြသည်။
မင်းသားကူ၏မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နှက်နေသည်။ သူသည် လက်ကိုဝှေ့ယမ်းပြီး လူတိုင်းကိုထိုင်ရန် အချက်ပြလိုက်သည်။
ထက်ရှသော သတ်ဖြတ်လိုစိတ်ကို ဖယ်ရှားပြီးနောက် မင်းသားကူသည် ကြင်နာသနားတက်ပြီး သဘောကောင်းသော အဘိုးအိုတစ်ယောက်အလားပင်။ သူ၏ခန္ဓာကိုယ်သည် ခါးကိုင်းပြီး အလွန်အိုမင်းနေသော်လည်း မည်သူမျှ ဤထိပ်သီးတည်ရှိမှုကြီးကို အထင်သေးဝံ့ခြင်း မရှိချေ။
သူသည် အဓိကထိုင်ခုံပေါ်သို့ ဖြည်းညှင်းစွာ ထိုင်လိုက်ပြီး တောင်ဝှေးကို ဘေးသို့ ချထားလိုက်သည်။ ထို့နောက် သူက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလိုက်သ၏။
"ငါ အသက်ကြီးပြီ...တကယ့်ကို အသက်ကြီးပြီ...မျိုးဆက်သစ်တွေက မျိုးဆက်ဟောင်းတွေရဲ့နေရာမှာ အစားထိုးတာပဲ...နောင်အနာဂတ်မှာ ငါက မင်းတို့ကိုပဲ အားကိုးရတော့မယ်..."
ကျန်းကျွင်းချန်က အပြုံးနှင့် ပြောဆိုသည်။
"ဘထွေးတော်....ဘထွေးတော်ရဲ့ ကျင့်ကြံမှုအဆင့်က မိုးထိမြင့်မားပြီးတော့ အဆုံးမရှိတဲ့ သက်တမ်းရှိပါတယ်... ဒါက နွေဦးနဲ့ ဆောင်းဦးနှစ်ရဲ့ အထွတ်အထိပ်ကာလဖြစ်ပြီးတော့ ဘထွေးတော်က တာယွီအင်ပါယာရဲ့ အဓိကကျောရိုးပဲ...."
မင်းသားကူက ခေါင်းခါပြီး လုယွီကို ကြည့်လိုက်သည်။
"လုယွီ... မင်းက ဒီတစ်ခေါက်မှာ ငါ့ရဲ့မျှော်လင့်ချက်ကို ကျော်လွန်သွားပြီ... သူတော်စင်ရီက တကယ့်ကို အမြင်ကောင်းရှိပုံရတယ်..."
မင်းသားကူ၏ စကားများသည် အလွန်သာမန်ဆန်သော်လည်း နွေဦးလေပြေကဲ့သို့သော ခံစားချက်ကို ပေးစွမ်းနိုင်သည်။
လုယွီသည် ရုတ်တရက် အသက်ပြင်းပြင်းရှိုက်လိုက်ပြီး သူ၏ပြင်ပဒဏ်ရာများ လုံးဝ ပြန်လည်ကောင်းမွန်သွားသည်ကို ခံစားလိုက်ရသည်။ ကောင်းရှစ်ကျီးတို့လူစုနှင့် တိုက်ပွဲမှ သူ ရရှိခဲ့သော ဒဏ်ရာများသည် လုံးလုံးလျားလျား ပျောက်ကင်းသွားခဲ့ပေ၏။
Chapter 4670
"မင်းသားကူက မြှောက်စားလွန်းနေပါပြီ..."
လုယွီက အလွန်ယဉ်ကျေးစွာ ပြောဆိုသည်။ သူသည် ဤစီနီယာ၏ရှေ့တွင် သူ၏မာန်မာနများကို မပြသခဲ့ပေ။
မင်းသားကူက ရှည်လျားစွာ သက်ပြင်းရှိုက်ပြီးပြောဆိုသည်။
"အရှေ့အောင်နိုင်ခြင်းကြယ်မြစ်... ဟူး.... အဲ့ဒီကလေး ကျိုးထုံက အစက အရမ်းနာခံတတ်ပြီး လိမ်မာတဲ့ ကလေးပါ...မကောင်းတဲ့လူတွေရဲ့ လှည့်ဖြားခြင်းကို ခံရလို့သာ လမ်းမှားကို ရောက်သွားတာ...ကံမကောင်းစွာနဲ့ပဲ အဲ့ဒီအချိန်က ငါက တံခါးပိတ်ကျင့်ကြံနေခဲ့တယ်... မဟုတ်ရင် ငါကိုယ်တိုင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို သွားပြီးတော့ သူ့ကို ဘိုးဘေးဘုရားကျောင်းကို ပြန်ခေါ်လာပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ခိုင်းမှာပဲ"
တခြားသူများသည် မည်သည့်စကားတစ်ခွန်းမျှ မပြောကြချေ။ မင်းသားကူသည် သစ္စာဖောက်ကျိုးထုံအတွက် ဆင်ခြေပေးရန် စကားပြောနေခြင်းဖြစ်သည်။
တာယွီကို သစ္စာဖောက်ခြင်းဖြစ်စေ သူ၏မျိုးရိုးနာမည်ကို ပြောင်းလဲခဲ့ခြင်းဖြစ်စေ ကျိုးထုံသည် တာယွီနန်းတွင်းနှင့်ကျိုးတော်ဝင်မိသားစုကို ပုန်ကန်ခဲ့သူပင်။ သူ၏နာမည်သည် တားမြစ်ချက်တစ်ခု ဖြစ်လာပြီး မည်သူမျှ ပြောဆိုဝံ့ခြင်းမရှိပေ။
မင်းသားကူကဲ့သို့သော အထွတ်အထိပ်မင်းသားတစ်ပါးသာလျှင် ကျိုးထုံအကြောင်း ပေါ်ပေါ်တင်တင် ပြောဆိုဝံ့သည်။
"ကျိုးထုံက သူ့ကိုယ်သူပဲ အပြစ်တင်ရမှာပါ...သူ လှည့်ဖြားခံရတာ အမှန်ပဲ... ဒါပေမဲ့ သူက ထန်အင်ပါယာနဲ့ ပူးပေါင်းပြီး သာမန်ပြည်သူတွေရဲ့ ခေါင်းပေါ်မှာ ထန်တွေကို တက်စီးခိုင်းခဲ့တယ်... ဒါက လက်မခံနိုင်စရာပဲ"
လုယွီက ပြောဆိုလိုက်သည်။
"အမှန်ပဲ....မိသားစုဆက်ဆံရေးတွေက နောက်ဆုံးမှာ အင်ပါယာရဲ့ ဖြောင့်မတ်တဲ့ အကြောင်းတရားအတွက် ဘေးဖယ်ပေးရမှာပဲ....ကျိုးထုံက ဒီလိုအရာမျိုးကို လုပ်ခဲ့တဲ့အတွက် သေသင့်တယ်..."
မင်းသားကူသည် သက်ပြင်းရှိုက်လိုက်ပြီး သူ၏ခန္ဓာကိုယ် ပို၍ပင် ကိုင်းညွတ်သွားသည်။
ဤအချိန်တွင် သူသည် အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦး မဟုတ်တော့ဘဲ သူ၏တူကို ဆုံးရှုံးခဲ့သော အထီးကျန်အဘိုးအိုတစ်ယောက်အလားပင်။
"မင်း ဝေ့ယန်ကို ရှန်းယန်လို့ နာမည်ပြောင်းပြီး မြို့ရိုးတွေကိုတောင် ဖြိုချလိုက်တယ်လို့ ငါကြားတယ်...ပြည်သူတွေရဲ့ စီးပွားရေးကို အားပေးတယ်...ငါ့မြေးတချို့ ပြန်လာပြီးတော့ ရှန်းယန်ရဲ့ သာယာဝပြောမှုအကြောင်း ငါ့ကို ပြောပြတယ်...မင်းက အုပ်ချုပ်ရေးပိုင်းမှာ တော်ပုံရတယ်....ထျန်းယင်က စစ်အင်အားနဲ့ လောကကို နှိမ်နင်းခဲ့ပေမယ့် တာယွီအင်ပါယာက ရေသေအိုင်တစ်အိုင်လိုပဲ.... နေရာတော်တော်များများက ခြောက်ကပ်ပြီး အသက်မဲ့နေတယ်... ငါက မင်းရဲ့အမြင်ကို ကြားချင်တယ်"
မင်းသားကူက မေးမြန်းသည်။
လုယွီ၏အမူအယာ တည်ကြည်လေးနက်သွားပေ၏။ သူသည် တည်ငြိမ်စွာ တုံ့ပြန်ပြီး သူ၏ဗျူဟာနှင့် နည်းလမ်းကို ပြောပြလိုက်သည်။
သူသည် လျှို့ဝှက်ဆန်းကြယ် မိုးကောင်းကျမ်းစာ၏ ကူညီထောက်ပံ့မှုမှ 'အသိပညာ' နှင့် လူသားဧကရာဇ်၏ မှတ်ဥာဏ်တချို့မှ အကူအညီကို ရရှိခဲ့သည်။ သူသည် အတွင်းရေးနှင့် အပြင်ရေး ကိစ္စနှစ်ခုစလုံး၏ ဧကရာဇ်ဖြစ်သဖြင့် လောကကြီးကို လွယ်လင့်တကူ အုပ်ချုပ်နိုင်သည်။
ထို့ကြောင့် မင်းသားကူ နိုင်ငံရေးအကြောင်း မေးမြန်းချိန်၌ လုယွီသည် ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလိုက်၏။ သူ၏စကားများသည် စီးဆင်းနေသော ရေကဲ့သို့ ချောမွေ့ပြီး ကြောက်ရွံ့ခြင်း သို့မဟုတ် ထိတ်လန့်ခြင်း လက္ခဏာ တစ်စုံတစ်ရာမျှ မပြသခဲ့ချေ။
တခြားလူများသည် လုယွီ၏ စွမ်းဆောင်ရည်ကို မြင်ချိန်၌ သူတို့၏မျက်လုံးများအတွင်းတွင် အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
မင်းသားကူသည် တာအိုသခင်တစ်ယောက်ပင်။ သူသည် သူ၏ချီစွမ်းအားကို မထုတ်လွှတ်သော်လည်း သူ၏လှုပ်ရှားမှုတိုင်းတွင် မည်သူမျှ မခုခံဝံ့သော ဖိအားတစ်မျိုးရှိသည်။
တခြားထိပ်သီးကျင့်ကြံသူများသည် မင်းသားကူနှင့် စကားပြောဆိုချိန်၌ သူတို့သည် ဖော်မပြနိုင်သော ဖိအားတစ်ခုကို ခံစားရပေမည်။
တစ်ဖက်တွင်မူ လုယွီသည် မင်းသားကူ၏ ကျင့်ကြံမှုအဆင့်ကို ဂရုမစိုက်ပုံမရချေ။ ထိုအစား သူသည် ကူဘုရင်နှင့် တန်းတူစကားပြောဆိုနေသည်။
"သူ့အသက်အရွယ်နဲ့များ...ပြီးတော့ သူက အောက်ဘုံကနေ တက်လာတာ....သူက ဒီလိုအခွင့်အရေးမျိုး ဘယ်ကရခဲ့တာလဲ..."
ရှထန်ကန်းက မုန်းတီးစွာဖြင့် အံ့ကြိတ်လိုက်သည်။ ထိုင်ခုံလက်ရန်းကို ဆုပ်ကိုင်ထားသော သူ၏လက်ချောင်းများသည် ဖြူဖျော့နေပေ၏။
လုယွီသည် ယခင်ဘဝတွင် တာအိုသခင်တစ်ယောက်ဖြစ်ခဲ့သည်ကို သူ သိမည်မဟုတ်ချေ။ သူသည် ဤအဆင့်ရှိ ထိပ်သီးပုဂ္ဂိုလ်များစွာကို တွေ့မြင်ခဲ့ဖူးသည်။
ထို့ပြင် လုယွီသည် ရှေးဟောင်းအင်မော်တယ်များ ရှေးဟောင်းလူသားဧကရာဇ်နှင့် ရှေးဟောင်းသားရဲများကိုပင် တွေ့မြင်ခဲ့ဖူးသည်။
အသိပညာနှင့် အတွေ့အကြုံအရ လုယွီသည် လူတိုင်းကို အထင်သေးစွာ ကြည့်ရှုနိုင်ပြီး မည်သူမျှ သူနှင့် ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။
လုယွီ စကားပြောဆိုပြီးနောက် မင်းသားကူသည် ခေါင်းညိတ်ကာ သက်ပြင်းရှိုက်လိုက်သည်။ "မင်းသာ နှစ်အနည်းငယ် စောပြီး မွေးဖွားခဲ့ရင် အရမ်းကောင်းမှာပဲ....မင်းရဲ့ ဒီထိုးထွင်းသိမြင်မှုတွေက ဖြစ်နိုင်တယ်လို့ ငါ ထင်တယ်။ ထျန်းယင်သာ ဒီမှာရှိနေသေးရင် သူက မင်းကို အရေးကြီးတဲ့ နေရာမှာ သေချာပေါက် ထားမှာပဲ...သူ အရမ်းစောပြီး ထွက်သွားတာ နှမြောစရာပဲ...အခုတော့ ဒီလူအိုကြီးပဲ ကျန်တော့တယ်"
အပြင်လူအားလုံး ကျိုးထျန်းယင်သည် မင်းသားကူကို ကြီးမားသော ကျေးဇူးကြွေးတင်နေသည်ကို သိကြသည်။ ကျိုးထျန်းယင်သည် တစ်ချိန်က လောကနှစ်ခုတောင်တန်းတွင် မင်းသားကူ၏အသက်ကို ကယ်တင်ခဲ့ဖူးသည်။
လုယွီက ခေါင်းခါပြီး မည်သည့်စကားမျှမဆိုဘဲ နေလိုက်သည်။ အကယ်၍ မင်းသားကူက သူသည် ထိုက်ချမ်ဧကရာဇ် ကျိုးထျန်းယင်ကို သတ်ခဲ့သူဖြစ်ကြောင်း သိခဲ့ပါက မည်သို့စဉ်းစားမည်ကို မည်သူ သိနိုင်မည်နည်း။