အခန်း (၄၆၇၁-၄၆၇၅)
Vol. 237 Ch. 4671-4675
Chapter 4671
"အခု ငါတို့က ထန်အင်ပါယာနဲ့ စစ်ဖြစ်နေတယ်...တော်ဝင်မြို့တော်ရဲ့ လုံခြုံရေးကို ငါ မင်းနဲ့ လွှဲထားခဲ့မယ်....အပြင်လူတွေက မင်းက အဆုံးသတ်မှာ ထန်အင်ပါယာရဲ့ လက်အောက်ခံဖြစ်သွားမှာကို အမြဲတမ်း စိုးရိမ်နေကြတယ်... ဒါပေမဲ့ မင်းက လူသားဧကရာဇ်ဓားရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့တယ်...ဒါက မင်းက ခုခေတ်ကာလရဲ့ လူသားဧကရာဇ်ဖြစ်တယ်ဆိုတာကို ဆိုလိုတာပဲ....ငါ ပြန်ရောက်ရင် အဲ့ဒီကလေး ယွမ်ယန်ကို ထီးနန်းက သေးငယ်တယ်လို့ ငါပြောပြမယ်... ဒါပေမဲ့ လူသားမျိုးနွယ်ရဲ့ အနာဂတ်က အရေးအကြီးဆုံးပဲ...ငါက သူ့ကို ထီးနန်းကို မင်းဆီ လွှဲပြောင်းခိုင်းရင်တောင် မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး"
မင်းသားကူက ရုတ်တရက် ပြောဆိုလိုက်သည်။
သူ၏စကားများသည် ထိတ်လန့်ဖွယ်ကောင်းသဖြင့် လူတိုင်း မှင်တက်သွားကြသည်။
ကျန်းကျွင်းချန်က ထိတ်လန့်စွာ ပြောလိုက်သည်။
"မင်းသားကူ... ဒီလိုစကားမျိုးတွေကို မစဉ်းစားဘဲ ပြောလို့မရပါဘူး"
ရှထန်ကန်း၏မျက်နှာပေါ်တွင်လည်း ထိတ်လန့်တုန်လှုပ်သောအမူအယာတစ်ရပ် ထင်ဟပ်လာသည်။ သူ၏လက်ရှိရာထူးကို ကျိုးယွမ်ယန်က သူ့ကို ပေးခဲ့ခြင်းဖြစ်သည်။ အကယ်၍ ကျိုးယွမ်ယန်သာ ထီးနန်းကို ဆုံးရှုံးသွားပါက သူထံတွင် မည်သည့်အရာမျှ ရှိတော့မည် မဟုတ်ချေ။
လုယွီက လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုလိုက်၏။
"မင်းသားကူ...ဒီကိစ္စတွေကို ထန်စစ်တပ်ကို အနိုင်ယူပြီးမှ ဆွေးနွေးတာက နောက်မကျသေးပါဘူး"
"အမှန်ပဲ...ထန်စစ်တပ်ကို အရင်အနိုင်ယူရမယ်..... ထန်စစ်တပ်..."
သူ၏စကားတစ်ဝက်တစ်ပျက်တွင် မင်းသားကူ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ၏အိုမင်းသော မျက်နှာသည် ရုတ်တရက် စက္ကူကဲ့သို့ ဖြူဖျော့သွားပြီး သွေးတစ်လုတ် အန်ထုတ်လိုက်သည်။
"မင်းသားကူ..."
လူတိုင်း အလျင်အမြန် မတ်တတ်ထရပ်လိုက်ကြသည်။ ကျန်းကျွင်းချန်သည် ရှေ့သို့ပြေးသွားပြီး မင်းသားကူကို ကူညီလိုက်သည်။
လုယွီသည် အတွေးတစ်ချက်ဖြင့် နတ်ဘုရားစိတ်အာရုံကိုအသုံးပြုကာ မင်းသားကူ၏ ခန္ဓာကိုယ်မှလာသော ဖျက်ဆီးခြင်းစွမ်းအားတစ်ရပ်ကို ချက်ချင်း ခံစားမိလိုက်သည်။
ယေဘူယျအားဖြင့် တာအိုသခင်တစ်ယောက်သည် သူ၏ချီစွမ်းအားကို ထိန်းချုပ်နိုင်ပေ၏။ ဤအဆင့်တွင် သူ၏ခွန်အားသည် အလွန်အားကောင်းပြီး သူ၏မှော်စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသည်။ သူသာ သတိမထားပါက ကောင်းကင်နှင့်မြေပြင်ကို ပျက်စီးသွားနိုင်သည့် အကျိုးဆက်များကို ဖြစ်ပေါ်စေပေမည်။
သို့ရာတွင် မင်းသားကူ၏ခန္ဓာကိုယ်မှ ထိုကြောက်မက်ဖွယ်ကောင်းသောစွမ်းအားသည် ထိန်းချုပ်မှုလွတ်ကင်းသွားတော့မည့်ပုံပင်။
ဤသည်မှာ သူသည် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ပြီး ပြိုကျလုနီးပါးဖြစ်နေသည်ကို ဆိုလိုခြင်းပင်။
"မင်းသားကူ...ခင်ဗျား ဒဏ်ရာရနေတယ်..."
လုယွီက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။
ဤသို့သော ပြိုင်ဘက်ကင်း ထိပ်သီးပုဂ္ဂိုလ်တစ်ဦးကို ဒဏ်ရာရအောင် လုပ်နိုင်သူမှာ မည်သူနည်း။
မင်းသားကူက မျက်လုံးစုံမှိတ်ကာ သူ၏ခန္ဓာကိုယ်အတွင်းရှိ တဝုန်းဝုန်းထနေသော စွမ်းအားကို တိတ်တဆိတ် တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက မျက်လုံးဖွင့်ပြီး ပြောဆိုသည်။ "လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါက ထန်အင်ပါယာရဲ့ အဲ့ဒီတာအိုသခင်နဲ့ တွေ့ခဲ့တယ်..."
လက်ရှိနေရာတွင် ရှိနေသူအားလုံး ထိတ်လန့်သွားကြသည်။
သူတို့သည် ထန်အင်ပါယာ၏ လျှို့ဝှက်ဆန်းကြယ်သော တာအိုသခင်ကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးကြသော်လည်း အဆုံးမရှိသော ကြယ်တာရာကောင်းကင်ယံမှ ထွက်ပေါ်နေသော ကျယ်ပြန့်ပြီး မသဲမကွဲသော ဖိအားကို ခံစားနိုင်သည်။
မင်းသားကူက ထိုတာအိုသခင်နှင့် ကြိုတင်တိုက်ခိုက်ခဲ့သည့်အချက်သည် လူတိုင်း၏ နှလုံးသားများကို လည်ချောင်းဝသို့ ရောက်သွားလုမတတ် ထိတ်လန့်တုန်လှုပ်သွားစေသည်။
"သူက အရမ်းသန်မာအားကောင်းတယ်... ငါ သူ့ကို အတင်းအကြပ် ဆုတ်ခွာခိုင်းနိုင်ခဲ့ပေမယ့် ငါလည်း ဒဏ်ရာတော်တော်များများ ရခဲ့တယ်... အခုချိန်မှာ သူနဲ့ငါ နှစ်ယောက်စလုံး ဒဏ်ရာရထားတယ်...အဆုံးအဖြတ်တိုက်ပွဲသာ စတင်ခဲ့ရင်... တစ်ယောက်ယောက်တော့ သေမှာ သေချာတယ်...ငါ ဒီမှာရှိနေရင် သူက မဆင်မခြင် မလုပ်ဝံ့ဘူး"
မင်းသားကူသည် တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်၏။
ချိုင်လုံရှင်းက မတ်တတ်ထရပ်ပြီး မေးမြန်းသည်။
"ဘထွေးတော်...ထန်အင်ပါယာရဲ့ တာအိုသခင်က ဘယ်သူလဲဆိုတာ သိလား...."
မင်းသားကူက ခေါင်းခါလိုက်သည်။
"သူ ဘာမှမပြောခဲ့ဘူး.... ဒါပေမဲ့ ဒီလူရဲ့အင်အားက အတော်လေး နက်ရှိုင်းတယ်...သူက တာအိုသခင်နယ်ပယ်ထဲကို အခုမှ ခြေချဝင်ရောက်လာတဲ့ အစောပိုင်းအဆင့် တာအိုသခင်တစ်ယောက် မဖြစ်နိုင်ဘူး"
ဤစကားကို ကြားချိန်တွင် လူများအားလုံး၏ စိတ်နှလုံးသားများ လေးလံသွားသည်။
ယခုချိန်၌ စစ်ပွဲစတင်နေပြီ ဖြစ်သော်လည်း သူတို့သည် ရန်သူ၏နောက်ကွယ်မှ ထိပ်သီးပုဂ္ဂိုလ်မှာ မည်သူ
ဖြစ်သည်ကိုပင် မသိကြသေးချေ။
"အခု မင်းသားကူရဲ့ ဒဏ်ရာကို ကုသဖို့က ပိုအရေးကြီးတယ်...အရှင်မင်းသား စိတ်ချပါ...ဒီအစေခံက အရှင်မင်းသားရဲ့ ဒဏ်ရာကို ကုသဖို့အတွက် တော်ဝင်မြို့တော်ကနေ အတော်ဆုံး နတ်ဆေးဆရာကို ရှာပေးပါ့မယ်"
ကျန်းကျွင်းချန်သည်လည်း စိတ်လှုပ်ရှားလာပေ၏။
နောက်ဆုံးတွင် မင်းသားကူသည် တာယွီစစ်တပ်မတော်၏ အဓိကကျောရိုးပင်။
အကယ်၍ မင်းသားကူ ကျဆုံးသွားပါက တာယွီအင်ပါယာသည် သူ့အလိုလို ပြိုလဲသွားပေမည်။
မင်းသားကူက လက်ကိုဝှေ့ယမ်းပြီး ပြောဆိုသည်။
"ငါ့ရဲ့ဒဏ်ရာတွေအပေါ်မှာ ပြင်ပဆေးဝါးတွေ သက်ရောက်မှုရှိဖို့က အရမ်းခက်တယ်....ဆေးပင်တွေကို ဖြုန်းတီးဖို့ မလိုဘူး...ငါက လာမယ့်ရက်အနည်းငယ်လောက်မှာ ငါ့ရဲ့ဒဏ်ရာတွေကို ကုသဖို့ တံခါးပိတ်ကျင့်ကြံမယ်...ဒါပေမဲ့ ငါ့ရဲ့နတ်ဘုရားစိတ်အာရုံ တစ်စိတ်တစ်ပိုင်းကိုတော့ အပြင်မှာ ထားခဲ့မယ်"
"ဒီတစ်ခေါက်က တာယွီအင်ပါယာရဲ့ သေခြင်းရှင်ခြင်းကို စိုးရိမ်ရတယ်.... ငါ မင်းတို့ကို မဖုံးကွယ်တော့ဘူး...ကျိုးတော်ဝင်မိသားစုမှာ ပြိုင်ဘက်ကင်း အမွေအနှစ်တစ်ခုရှိတယ်... ငါက ဒီတိုက်ပွဲမှာ အများဆုံး ပံ့ပိုးကူညီခဲ့တဲ့လူကို ဒါကို ပေးဖို့ ဆန္ဒရှိတယ်"
Chapter 4672
မင်းသားကူက ဖြည်းညှင်းစွာ ပြောဆိုသည်။
"အရင်က ဧကရာဇ် ကောင်းကျူ ကြီးမားတဲ့အောင်မြင်မှုတွေ ရခဲ့တာက သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းအပေါ်မှာတင် မူတည်တာ မဟုတ်ဘဲနဲ့ ပြိုင်ဘက်ကင်း ကျင့်ကြံနည်းစနစ်တစ်ခုပေါ်မှာလည်း မူတည်တယ်...ဒီတစ်ကြိမ်မှာ ငါက အဲ့ဒီကျင့်ကြံခြင်းနည်းစနစ်ကို စစ်တပ်သုံးတပ်က စစ်သားများကို ရဲရဲရင့်ရင့် ရှေ့ကိုချီတက်တိုက်ခိုက်ဖို့အတွက် အားပေးတဲ့ဆုလာဘ်အနေနဲ့ အသုံးပြုမယ်..."
ရှထန်ကန်းက စိတ်မရှည်စွာဖြင့် ပြောဆိုသည်။ "အရှင်မင်းသား...ဒါက ဘယ်လိုဆုလာဘ်မျိုးလဲ...."
ဤစကားကိုကြားချိန်၌ လူများအားလုံး စိတ်ဓာတ်တက်ကြွလာသည်။
လူအများစုအတွက် တာယွီအင်ပါယာ၏ ဘိုးဘေးဧကရာဇ်ကောင်းကျူသည် ဒဏ္ဍာရီတစ်ပုဒ်ပင်။
သူသည် နွားကျောင်းသားအဖြစ် မွေးဖွားလာခဲ့သဖြင့် မည်သည့်နေရာသို့သွားသွား သာမန်လူသားတစ်ဦးသာဖြစ်သည်။
သို့ရာတွင် ဤသို့သော သာမန်လူငယ်တစ်ဦးသည် တစ်နေ့တွင် ရုတ်တရက် အောင်မြင်လာခဲ့သည်။ သူသည် လောကကြီးကို လွှမ်းမိုးကာ မရေမတွက်နိုင်သော ပြိုင်ဘက်များကို အနိုင်ယူခဲ့ရုံသာမက အင်အားကြီးမားသော အင်ပါယာဖြစ်သည့် တာယွီအင်ပါယာကိုလည်း တည်ထောင်ခဲ့ပေ၏။ နောက်ဆုံးတွင် ရှေးဟောင်းအလယ်ခေတ်ကာလမှ မငြိမ်မသက်မှုများ အဆုံးသတ်သွားခဲ့သည်။
တချို့လူများက ဧကရာဇ် ကောင်းကျူသည် ယခင်က ပြိုင်ဘက်ကင်း အမွေအနှစ်တစ်ခုခုကို ရရှိခဲ့သည်ဟု ခန့်မှန်းကြသည်။ ထို့ကြောင့် သူသည် ပြန်လည်မွေးဖွားလာပြီး ထိုသို့သော အောင်မြင်မှုများကို ရရှိခဲ့ခြင်းဖြစ်ပေမည်။ ထို့နောက်တွင် ကျိုးမိသားစုသည်လည်း ဧကရာဇ်ကောင်းကျူသည် အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို ရရှိခဲ့သည်ဟု ဝိုးတဝါးဖော်ပြခဲ့သည်။ ဤသည်မှာ သူ၏ကျင့်ကြံဆင့်သည် လျင်မြန်စွာ တိုးတက်လာရခြင်း၏အကြောင်းအရင်း ဖြစ်ပေ၏။
သာမန်သေမျိုးလူငယ်တစ်ဦးကို နှစ်အနည်းငယ်အတွင်းတွင် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို တုန်လှုပ်စေခဲ့သော ပြိုင်ဘက်ကင်း ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဖြစ်လာစေနိုင်သော ကျင့်ကြံနည်းစနစ်သည် မည်သည့်အရာဖြစ်သနည်း....
ဤသည်မှာ အမြဲတစေ ပဟေဠိတစ်ခုဖြစ်ခဲ့သည်။ ကျိုးမိသားစုတွင်ပင် လူအနည်းစုကသာ ထိုအကြောင်းကို သိရှိထားသည်။
ယခုချိန်တွင်မူ မင်းသားကူသည် ထိုပဟေဠိကို ဖော်ထုတ်လိုပြီး ဤပြိုင်ဘက်ကင်း ကျင့်ကြံခြင်းနည်းစနစ်ကို ဆုလာဘ်အဖြစ်ပင် အသုံးပြုလိုသည်။ ဤအချိန်တွင် လူများအားလုံး၏ စိတ်ဝင်စားမှုများ မြင့်တက်လာပေ၏။
"အရေပြားမရှိရင် အမွှေးက ဘယ်လိုလုပ်ပြီး ကပ်တွယ်နိုင်မလဲ....အခုချိန်မှာ တာယွီတော်ဝင်နန်းတွင်းက အရေးကြီးတဲ့ သေရေးရှင်ရေးအချိန်အခိုက်အတန့်မှာ ရှိနေတယ်... ဒီအချိန်မှာ ဘာကိုမှ ဖုံးကွယ်ထားစရာ မလိုတော့ဘူး....ဒါ့ပြင် အဲ့ဒီကျင့်ကြံနည်းစနစ်ကို ကျင့်ကြံဖို့က အရမ်းခက်ခဲတယ်... ငါတို့ ကျိုးမိသားစုမှာ မျိုးဆက်တိုင်း ပါရမီရှင်တွေ ရှိပေမယ့် အဲ့ဒီကျင့်ကြံနည်းစနစ်ရဲ့ လျှို့ဝှက်ချက်တွေကို တကယ်တမ်း ထိုးဖောက်သိမြင်နိုင်တဲ့လူက အရမ်းနည်းတယ်"
မင်းသားကူက ဖြည်းညှင်းစွာ ပြောဆိုသည်။ တခြားသူများက သူ၏စကားတစ်လုံး လွတ်သွားမည်ကို စိုးရိမ်ကာ ဂရုတစိုက် နားထောင်နေကြ၏။
"ဒီကျင့်ကြံနည်းစနစ်က 'လူသားဧကရာဇ် လောကနှိမ်နင်းခြင်းနည်းစနစ်' ပဲ....ဒါကို ရှေးဟောင်းလူသားဧကရာဇ်ယွီက ဖန်တီးခဲ့တာ... အဲ့ဒီနည်းစနစ်ရဲ့စွမ်းအားက အံ့အားသင့်ဖွယ်ကောင်းပြီးတော့ မယုံနိုင်လောက်အောင် နက်နဲသိမ်မွေ့တယ်... ငါ ဒီကျင့်ကြံနည်းစနစ်ကို ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပေမယ့် အပေါ်ယံကိုပဲ ထိတွေ့မိသလို ခံစားနေရတုန်းပဲ....ဒါပေမဲ့ မျိုးဆက်တိုင်းမှာ ပါရမီရှင်တွေ အမြဲရှိနေမှာပဲ... ငါ ထင်တယ်.. အဲ့ဒီပါရမီရှင်တွေထဲက တစ်ယောက်ကတော့ ဒီကျင့်ကြံနည်းစနစ်ရဲ့ လျှို့ဝှက်ချက်တွေကို ထွင်းဖောက်မြင်နိုင်လိမ့်မယ်"
မင်းသားကူက ပြောဆိုသည်။
"ဒါက...."
ဤစကားကို ကြားချိန်၌ လုယွီပင်လျှင် ထိုင်ကြည့်မနေနိုင်တော့ချေ။
ရှေးဟောင်းလူသားဧကရာဇ်တစ်ယောက်စီတိုင်းသည် လောကကိုတုန်လှုပ်စေပြီး အစွမ်းထက်သော တည်ရှိမှုကြီးများပင်။ ရှေးဟောင်းလူသားဧကရာဇ်သည် သမိုင်းစဥ်အတွင်း၌ လူသားမျိုးနွယ်၏ အသန်မာဆုံးလူဖြစ်ပေ၏။ သူတို့၏တည်ရှိမှုကြောင့်သာလျှင် လူသားမျိုးနွယ်သည် ရှေးဟောင်းခေတ်က ကြမ်းတမ်းသည့် အခြေအနေများကို ရင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ သူတို့သည် ခိုင်မာသော စိတ်ပိုင်းဖြတ်မှုဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ကြသည်။
ယင်ယန်ကျမ်းစာမှတဆင့် လုယွီသည် အချိန်နှင့်လေဟာနယ်ကို ဖြတ်သန်းသွားလာခဲ့ပြီး ရှေးဟောင်းခေတ်သို့ ရောက်ရှိကာ လူသားဧကရာဇ်တစ်ယောက်၏ခွန်အားကို မျက်မြင်တွေ့ရှိခဲ့သည်။
သိုင်းအာဏာရှင်တစ်ယောက်၏ ခွန်အားကို ထုတ်လွှတ်လိုက်သည်နှင့် မယုံနိုင်စရာကောင်းသော နယ်မြေတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ မိုးကောင်းကင်ကို အက်ကွဲစေနိုင်သောလက်သီး တောင်များနှင့် မြစ်များကို နင်းခြေနိုင်သော ခြေထောက်ကို ပိုင်ဆိုင်ထားကာ မရှုံးနိမ့်နိုင်သည့် အစစ်အမှန် နယ်မြေတစ်ခုပင်။
လုယွီသည် နဝမမြောက် လူသားဧကရာဇ် ယင်ကျန့်မှ ပေးအပ်သော ဘိုးဘေးနဂါးနည်းစနစ်ကို ရရှိခဲ့ပြီးဖြစ်သည်။ အင်ပါယာကံကြမ္မာစွမ်းအားများဖြင့် သူသည် အစစ်အမှန်နဂါးတစ်ကောင်ကို ပျိုးထောင်နိုင်သည်။ ထိုအင်ပါယာ အင်အားကြီးလာလေလေ ကံကြမ္မာစွမ်းအားများ ပိုများလေလေဖြစ်ပြီး သူ၏ခွန်အား ပို၍အားကောင်းလာပေလိမ့်မည်။
သူသည် ဤကျင့်ကြံနည်းစနစ်ကို အစစ်အမှန်ကျင့်ကြံပြီးမှသာလျှင် ဤအရာ၏အံ့အားသင့်ဖွယ်ရာများကို ခံစားနိုင်ပေမည်။ တစ်ချိန်တည်းမှာပင် ထိုနည်းစနစ်သည် သူ၏ကျင့်ကြံမှုအဆင့်ကို လျင်မြန်စွာ တိုးတက်စေကာ အစွမ်းထက်သောခွန်အားကို ရရှိလာစေနိုင်သည်။
ထိုသို့မဟုတ်ပါက လုယွီသည် ဤသို့သော အချိန်တိုအတွင်းတွင် ရွှယ်အင်မော်တယ် အလယ်အလတ်အဆင့်၏ အတားအဆီးကို ထိတွေ့နိုင်မည် မဟုတ်ချေ။
ဆုလာလ်သည် လူသားဧကရာဇ်တစ်ယောက်၏ ကျင့်ကြံနည်းစနစ်ဖြစ်ကြောင်း ကြားချိန်၌ အမြဲတစေတည်ငြိမ်နေသော လုယွီ၏စိတ်နှလုံးသားသည် လှိုင်းဂယက်ထလာပေ၏။
"ငါ ဒီကျင့်ကြံနည်းစနစ်ကို ရအောင်ယူမယ်လို့ စိတ်ပိုင်းဖြတ်လိုက်ပြီ"
လုယွီ၏ မျက်လုံးများအတွင်းတွင် အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပြီး သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။
Chapter 4673
တိုက်ခိုက်လိုစိတ် ပြင်းပြနေသူမှာ လုယွီတစ်ယောက်တည်းမဟုတ်ပေ။ တခြားသူများလည်း တိုက်ခိုက်လိုစိတ် ပြင်းပြနေကြသည်။
လူတိုင်းသည် လူသားဧကရာဇ်တစ်ယောက်၏ ကျင့်ကြံနည်းစနစ် မည်မျှထိ အဖိုးတန်သည်ကို သိရှိထားကြသည်။
ယခုခေတ်ကာလရှိ အမွေအနှစ်အများစုသည် ရှေးဟောင်းခေတ်မှ ဆင်းသက်လာခြင်းပင်။ ရှေးဟောင်းခေတ်၏ မငြိမ်မသက်မှုများကြောင့် ယခုအချိန်အထိ လက်ဆင့်ကမ်းဆင်းသက်လာခဲ့သော ကျင့်ကြံနည်းစနစ်အများစုသည် ပြီးပြည့်စုံခြင်းမရှိချေ။ အဆုံးသတ်တွင် ထိုနည်းစနစ်များသည် ယခင်ကကဲ့သို့ အားကောင်းခြင်း မရှိတော့ပေ။
ရှေးဟောင်းလူသားဧကရာဇ်၏ အန္တိမကျင့်ကြံနည်းစနစ်တွင် ရှေးဟောင်းလူသားမျိုးနွယ်၏ အသိဉာဏ်ပညာများကို စုစည်းထားသည်။ ထိုအရာတွင် မဟာတာအို၏ နက်ရှိုင်းသော အမှန်တရားများ ရောယှက်နေပြီး အချိန်အတော်ကြာ ပျောက်ဆုံးသွားခဲ့သော အမွေအနှစ်များစွာ ပါဝင်သည်။
စဉ်းစားကြည့်လျှင် တာယွီအင်ပါယာ၏ ဧကရာဇ်ကောင်းကျူ၏ ဖြစ်ရပ်မှတဆင့် လူသားဧကရာဇ်၏ အန္တိမကျင့်ကြံနည်းစနစ်ကို ရရှိသူသည် ပြန်လည်မွေးဖွားရန် ကံကြမ္မာပါလာသည်ကို သိရှိနိုင်ပေ၏။
'ကောင်းလိုက်တဲ့ နည်းလမ်း...မင်းသားကူ တကယ့်က ရဲတင်းတဲ့ လှုပ်ရှားမှုကို လုပ်ခဲ့တာပဲ...ဒီအန္တိမကျင့်ကြံနည်းစနစ်ရဲ့ နာမည်ထွက်ပေါ်လာတာနဲ့ ငါတို့လို တပ်မှူးတွေတောင် စိတ်လှုပ်ရှားနေတာ...စစ်သားတွေဆိုရင် ထည့်ပြောဖို့တောင် မလိုတော့ဘူး....အစက အသက်မဲ့နေတဲ့ စိတ်ဓာတ်တွေ ချက်ချင်း တက်ကြွလာလိမ့်မယ်'
လုယွီက နက်ရှိုင်းစွာ သက်ပြင်းရှိုက်လိုက်သည်။ ဤမင်းသားကူသည် အရာအားလုံးကို တွက်ချက်ထားသည့် လိမ္မာပါးနပ်ပြီး အမြော်အမြင်ကြီးသော လူတစ်ယောက်ဖြစ်သည်ဟု သူ ခံစားမိလေ၏။
"ဒီမင်းသားက ချီလင်တိုက်ပွဲအောင်မြင်မှုစာရင်းကို ဖွင့်လှစ်ခဲ့တယ်... ဘယ်သူမဆို စစ်ပွဲအောင်မြင်မှုရှိရင် အဲ့ဒီပေါ်မှာ မှတ်တမ်းတင်ခြင်းခံရမယ်...မင်းတို့အားလုံးက ရန်သူတွေကို ရဲရဲရင့်ရင့်သတ်ဖြတ်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်...ဒီတိုက်ပွဲပြီးတာနဲ့ ငါကိုယ်တိုင် မင်းတို့အားလုံးအတွက် အောင်ပွဲကျင်းပပေးမယ်..."
မင်းသားကူ၏အသံသည် စစ်စခန်းအထက်မှ လေထုအတွင်းတွင် ပဲ့တင်ထပ်သွားသည်။
စစ်စခန်းရှိ စစ်သားများအားလုံးသည် ဤနက်ရှိုင်းသောအသံကို ကြားပြီး မင်းသားက သူတို့ကို ပေးအပ်မည့် ဆုလာဘ်များအကြောင်းကို နားလည်သွားပေ၏။
အချိန်တခဏအတွင်းတွင် တာယွီစစ်စခန်းအတွင်း၌ အားပေးသံများဖြင့် ပြည့်နှက်နေပြီး မရေမတွက်နိုင်သော စစ်သားများ သံကုန်အော်ဟစ်နေကြသည်။
စစ်စခန်း၏ ဗဟိုစစ်တဲမှနေ၍ ရွှေရောင်ကျောက်ပြားတစ်ချပ် ပျံ့လွင့်လာပြီး လေဟာနယ်ကို ဖြတ်သန်းကာ ဗိုလ်ချုပ်စင်မြင့်ပေါ်သို့ ကျရောက်လာသည်။
ထိုရွှေရောင်ကျောက်ပြားကို ရွှေရောင်အလင်းတန်းဖြင့် လွှမ်းခြုံထားပြီး ထိုအရာ၏နံဘေးပတ်ဝန်းကျင်တွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ ရှေးဟောင်းချီလင်တစ်ကောင်အလား အဆုံးမရှိသော လေဟာနယ်ကို ဖြတ်ကျော်ကာ လူတိုင်း၏ရှေ့သို့ ရောက်ရှိလာပေ၏။
ဤအဆင့်သတ်မှတ်ကျောက်ပြားပေါ်တွင် နာမည်ပေါင်းတစ်ရာရှိပြီး သူတို့အားလုံးသည် ထန်နှင့်ယွီ အင်ပါယာနှစ်ခု၏တိုက်ပွဲများတွင် ထင်
ရှားသော စစ်ရေးအောင်မြင်မှုများ ရရှိခဲ့သော စစ်ဗိုလ်ချုပ်များဖြစ်ကြသည်။
ဗဟိုစစ်တဲတွင် ထိုင်နေသော တပ်မှူးအားလုံးသည် ဤစစ်ပွဲအောင်မြင်မှုစာရင်းကို တစ်ချိန်တည်း ကြည့်လိုက်ကြပြီး သူတို့သည် ထိုအရာပေါ်မှ နာမည်အနည်းငယ်ကို မြင်တွေ့လိုက်ရသည်။
ပထမနေရာ... ရှထန်ကန်း
ဒုတိယနေရာ...စုန့်ချင်းဟူ
တတိယနေရာ...ဖူကျစ်ရွှယ်
...
ဤအဆင့်သတ်မှတ်စာရင်းတွင် စစ်ရေးအောင်မြင်မှု၏ အသေးစိတ်အချက်အလက် မရှိဘဲ နာမည်များသာ ရှိသည်။
စုန့်ချင်းဟူသည် ဤအဆင့်သတ်မှတ်စာရင်းကို မြင်ချိန်၌ စားပွဲခုံကို ရိုက်ပုတ်ပြီး အော်ဟစ်လိုက်သည်။
"သောက်ကျိုးနည်း...ဘာလို့ ရှထန်ကန်းက ပထမနေရာမှာ ရောက်နေရတာလဲ.. ငါတို့ လူရိုင်းစစ်တပ်ကြောင့် ထန်စစ်တပ်ဘက်မှာ ဒဏ်ရာရသေဆုံးတဲ့လူတွေ မရေမတွက်နိုင်အောင် ရှိနေတယ်...ဒါတောင် ငါက သူ့ကို မနိုင်ဘူးလို့ ဆိုလိုတာလား"
စုန့်ချင်းဟူသည် စိတ်မြန်လက်မြန်ရှိပြီး သူ၏စကားများသည် ပွင့်လင်းပေ၏။ သူသည် မည်သည့်အရာကိုမှ ဖုံးကွယ်မထားချေ။
ဤစစ်ပွဲတွင် လူရိုင်းစစ်တပ်သည် အကြီးအကျယ် ဆုံးရှုံးခဲ့ရသည်။ စုန့်ချင်းဟူကိုယ်တိုင် မရေမတွက်နိုင်သော သွေးစွန်းတိုက်ပွဲများကို တိုက်ခိုက်ခဲ့သည်။ သူသည် သူ၏ကိုယ်ပိုင်စစ်တပ်ကို ဦးဆောင်၍ ထန်စစ်တပ်နှင့် ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲအခြေအနေအရ စုန့်ချင်းဟူ၏ စစ်ရေးအောင်မြင်မှုသည် နံပါတ်တစ်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ အကယ်၍ လူရိုင်းနယ်စပ်၏စစ်သားများ၏ ပြင်းထန်သော တိုက်ခိုက်မှုများသာ မရှိခဲ့ပါက တာယွီ၏ လက်ရှိစစ်တပ်သည် ထန်စစ်တပ်၏ ပြင်းထန်သော တိုက်ခိုက်မှုကို တားဆီးနိုင်မည် မဟုတ်ချေ။
သို့ရာတွင် ယခုချိန်မူ သူသည် ပထမနေရာ၌ ရှိမနေပေ။
ထို့ကြောင့် စုန့်ချင်းဟူသည် သည်းမခံနိုင်တော့ချေ။
"အရှင်စုန့်....မင်းက ငါတို့ရဲ့ တရားမျှတမှုအပေါ် မေးခွန်းထုတ်နေတာလား"
ကျန်းကျွင်းချန်၏အကြည့်သည် အေးစက်နေပြီး ခက်ထန်တင်းမာစွာ အော်ငေါက်လိုက်၏။
စုန့်ချင်းဟူက ဒေါသထွက်နေပြီး ကျန်းကျွင်းချန်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဆဲဆိုလိုက်သည်။
"မင်းလို အသုံးမကျတဲ့ကောင်ကများ... ဒီနေရာကနေ ထွက်သွားစမ်း... ငါ မင်းကိုမြင်ရင် စိတ်ပျက်တယ်....ငါက မေးခွန်းထုတ်တာပဲ..မင်း ဘာလုပ်ချင်လဲ..."
"မင်း ..မင်း...မင်းက ငါ့ကို ဆဲရဲတယ်..."
ကျန်းကျွင်းချန်သည် အလွန်ဒေါသထွက်သွားခြင်းကြောင့် သူ၏မျက်နှာ ရှုံမဲ့သွားသည်။ သူသည် ယခင်က ဤသို့ ဆဲဆိုခြင်းကို တစ်ကြိမ်တစ်ခါမျှ မခံခဲ့ဖူးချေ။
စုန့်ချင်းဟူက ကျန်းကျွင်းချန်၏လက်ကောက်ဝတ်ကို ဖိနှိပ်ပြီး ကြမ်းတမ်းသောအမူအယာဖြင့် ပြောဆိုသည်။
"ငါ မင်းကို ဆဲရဲရုံတင် မကဘူး...မင်းကို ရိုက်နှက်ရဲတယ်...ငါက ရှထန်ကန်းကို မေးနေတာ...မင်းနဲ့ ဘာဆိုင်လို့လဲ...ထွက်သွားစမ်း.."
Chapter 4674
ရှထန်ကန်းက လှောင်ပြောင်လိုက်သည်။
"စုန့်ချင်းဟူ....မင်း ကြွားဝါချင်ရင် ထန်တွေရှေ့မှာ သွားကစားလိုက်လေ....မင်းက ဘယ်လိုသူရဲကောင်းမျိုးလဲ..."
"သောက်ချေးပဲ...မင်း အဲ့ဒီစကားကို ထပ်ပြောကြည့်စမ်း...."
စုန့်ချင်းဟူသည် ချက်ချင်း မတ်တတ်ထရပ်ကာ ရှထန်ကန်းကို စူးစိုက်ပြီးကြည့်လိုက်၏။
သူသည် မူလကတည်းက အရပ်ရှည်သဖြင့် ယခု သူ ရုတ်တရက် မတ်တတ်ထရပ်လိုက်ချိန်တွင် လူဝံတစ်ကောင်ကဲ့သို့ဖြစ်နေပြီး အလွန်အမင်း ဖိနှိပ်ချုပ်ကိုင်နိုင်သည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။
"တော်ကြစမ်း..."
မင်းသားကူက အသံအုပ်အုပ်ဖြင့် အော်ဟစ်လိုက်သည်။
"ရှထန်ကန်းရဲ့ စစ်ရေးအောင်မြင်မှုတွေကို စစ်ဘက်ဝန်ထမ်းရေးရာအဖွဲ့က အတည်ပြုခဲ့တာပဲ.... သူက နောက်တန်းကနေ လီကျိုးစီကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးတော့ တစ်ဖက်လူရဲ့ ချောင်းမြောင်းတိုက်ခိုက်မှုကို ကာကွယ်ရင်း အောင်မြင်အောင် တွန်းလှန်နိုင်ခဲ့တယ်... ဒီစစ်ပွဲအောင်မြင်မှုက ထိပ်တန်းစစ်ပွဲအောင်မြင်မှုအဖြစ် စာရင်းဝင်ဖို့ လုံလောက်တယ်"
စုန့်ချင်းဟူသည် ကြက်သေသေသွားပေ၏။
"လီကျိုးစီ...သူက ထန်စစ်တပ်ရဲ့ ရှေ့တန်းမှာ မဟုတ်ဘူးလား... သူက ဘယ်အချိန်တုန်းက နောက်တန်းကို ရောက်သွားတာလဲ..."
"ကျားလှောင်အိမ်ခံတပ်မှာ သဘာဝအန္တရာယ် အတားအဆီးတွေ ရှိပေမယ့် သူတို့က ပတ်သွားနိုင်ခဲ့တယ်...."
မင်းသားကူက ပြောဆိုသည်။
ဤစကားကို ကြားချိန်တွင် စုန့်ချင်းဟူထံ၌ မည်သည့်စကားမျှ ပြောစရာမရှိတော့ချေ။
ကျားလှောင်အိမ်ခံတပ်တွင် တောင်ကြားအထပ်ထပ်ကာကွယ်ထားသော်လည်း ကောင်းရှစ်ကျီး၏ နောက်မှပတ်၍ ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် ကာကွယ်ရေးစည်းကို ပြိုကွဲစေပြီး တပ်၏ဖွဲ့စည်းပုံတစ်ခုလုံးကို ပြိုလဲသွားစေခဲ့သည်။
တော်ဝင်မြို့တော် သံမဏိတံတိုင်းသည် တော်ဝင်မြို့တော်၏ ရှေ့တည့်တည့်တွင် ရှိနေသော်လည်း အပေါက်အကြားမရှိဟု အာမခံရန် ခက်ခဲသည်။ လီကျိုးစီနှင့်သူ၏လူများ နောက်တန်းတွင် ပေါ်လာရန်မှာ ဖြစ်နိုင်ချေရှိသည်။
အကယ်၍ လီကျိုးစီ နောက်မှ တိုက်ခိုက်ခဲ့ပါက တော်ဝင်မြို့တော်၏ကာကွယ်ရေးစည်းသည် ကျားလှောင်အိမ်ခံတပ်နှင့်နှင့် တူညီသောအခြေအနေသို့ ရောက်ရှိသွားနိုင်ဖွယ်ရှိသည်။
"အရှင်ရှ...လီကျိုးစီက အခု ဘယ်မှာလဲ"
ယဲ့ဝမ်ရှုက တည်ကြည်လေးနက်သောအသံဖြင့် မေးမြန်းသည်။
လီကျိုးစီသည် တာယွီစစ်တပ်မှလူများအတွက် အိပ်မက်ဆိုးတစ်ခုပင်။ သူ ဦးဆောင်သော စစ်တပ်သည် မကြာခဏ ပေါ်လာလိုက် ပျောက်သွားလိုက်ဖြင့် ကြိုတင်ခန့်မှန်းရခက်ပြီး တာယွီတပ်မတော်၏ ကာကွယ်ရေး အားနည်းသောနေရာများတွင် သေစေနိုင်သော ထိုးနှက်ချက်ကို ပေးစွမ်းနိုင်သည်။
သူသည် ခက်ခဲသော ပြိုင်ဘက်တစ်ဦးဖြစ်ကာ ဤအချိန်တွင် သူသည် သူ၏တပ်ကိုခေါ်ဆောင်၍ နောက်တန်းသို့ ဦးဆောင်သွားခဲ့သည်။ ဤသည်က လူတိုင်းကို သူတို့၏နောက်ကျောအား ဖိနှိပ်ခံထားရသကဲ့သို့ ခံစားရစေသည်။
ရှထန်ကန်း၏ မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ ပြောဆိုသည်။
"လီကျိုးစီ ဦးဆောင်တဲ့ စစ်သားတွေအားလုံးကို ငါ သတ်လိုက်ပြီ... အခု သူက တစ်ယောက်တည်းပဲ ကျန်တော့တယ်...ဒါကြောင့် သူ ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူး"
"လီကျိုးစီက လိမ္မာပါးနပ်တဲ့ လူတစ်ယောက်ပဲ ...သူမှာ လက်အောက်ခံစစ်တပ် တစ်တပ်တည်းပဲ ရှိမှာ မဟုတ်ဘူး... ငါတို့အားလုံးက အဲ့ဒီလူကို သတိထားရမယ်"
ယဲ့ဝမ်ရှုက သတိကြီးစွာထားပြီး ပြောဆိုလိုက်၏။
သူမသည် လီကျိုးစီနှင့် ကြိမ်ဖန်များစွာ တိုက်ခိုက်ဖူးသောကြောင့် သူ့ကို ကိုင်တွယ်ရန် မည်မျှ ခက်ခဲသည်ကို သူမ သိရှိထားသည်။
ရှထန်ကန်းက ယုံကြည်မှုအပြည့်ဖြင့် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"ဒါက အဆင်ပြေပါတယ်...နောက်တစ်ခါ လီကျိုးစီကို တွေ့ရင် ငါက သူ့ကို သေချာပေါက် သတ်ပစ်မယ်"
လုယွီသည် ဤကိစ္စကိုကြားလေလေ တစ်ခုခုမှားနေသည်ဟု ခံစားမိလေလေပင်။ ရုတ်တရက် သူသည် တစ်စုံတစ်ခုကို တွေးမိသဖြင့် ရှထန်ကန်းကို ကြည့်လိုက်သည်။
"အရှင်ရှက လီကျိုးစီကို ဘယ်နေရာမှာ တွေ့ခဲ့တာလဲ"
ရှထန်ကန်းက အေးစက်စက် နှာမှုတ်လိုက်သည်။
"ငါက သူ့ကို ဘယ်မှာတွေ့ခဲ့လဲဆိုတာ မင်းကို သတင်းပို့ရမှာလား..."
"ငါက သိချင်ရုံသက်သက်ပါ...တကယ်လို့ မင်းက လီကျိုးစီကို အနိုင်ယူခဲ့တဲ့လူဆိုရင် ငါ တွေ့ခဲ့တဲ့ လီကျိုးစီက ဘယ်သူလဲ"
လုယွီက ပြောဆိုသည်။
လုယွီသည်လည်း လီကျိုးစီကို တွေ့ခဲ့သလော ...
လူတိုင်း၏အကြည့်သည် လုယွီအပေါ်သို့ ကျရောက်သွားပေ၏။
ရှထန်ကန်းက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းက ငါ့ကို သံသယဝင်နေတာပဲ..."
လုယွီက အပြုံးနှင့် ပြောဆိုသည်။
"ငါက သိချင်ရုံသက်သက်ပါ...မင်းက လီကျိုးစီကို တိုက်ခိုက်ခဲ့တယ်လို့ ပြောမှတော့ ဘာလို့ သူ့ကို မဖမ်းခဲ့တာလဲ"
"ဒါက လီကျိုစီက လိမ္မာပါးနပ်တဲ့လူတစ်ယောက် ဖြစ်နေလို့ပဲ...သူက ငါ မပြင်ဆင်ထားတဲ့ အချိန်အခိုက်အတန့်ကို အခွင့်ကောင်းယူပြီးတော့ လျှို့ဝှက်နည်းစနစ်တစ်ခုကိုသုံးပြီး ဝိုင်းရံထားတာကို ဖောက်ထွက်ပြီး ထွက်ပြေးသွားခဲ့တယ်"
ရှထန်ကန်းက စိတ်မရှည်သောလေသံဖြင့် ရှင်းပြသည်။
လုယွီက မေးမြန်းသည်။
"ဒါဆိုရင် မင်း သူ့ကို အနိုင်ယူခဲ့တယ်ဆိုတာကို သက်သေပြဖို့ ဘာသက်သေအထောက်အထားရှိလဲ..."
ရှထန်ကန်းက သရော်တော်တော်လေသံဖြင့် ပြောဆိုလေ၏။
"ငါ့မှာ သူ့ရဲ့ကိုယ်ရံတော်စစ်တပ်က စစ်သားတွေရဲ့အလောင်းတွေ သက်သေအဖြစ်ရှိတယ်...ဒါ့ပြင် ငါ့ဘေးက လက်ထောက်တပ်မှူးကလည်း သက်သေအဖြစ်ရှိတယ်...လုယွီ ငါ အဆင့်သတ်မှတ်ချက်စာရင်းမှာ နံပါတ်တစ်ဖြစ်သွားလို့ မင်း မနာလိုဖြစ်နေတယ်လို့တော့ မပြောနဲ့"
လုယွီ၏မျက်လုံးများအတွင်းတွင် အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
"ရှထန်ကန်း....စစ်ရေးအောင်မြင်မှုကို လိမ်လည်ရယူတာရဲ့ အကျိုးဆက်တွေက ဘာလဲဆိုတာကို မင်း သိသင့်တယ်..."
ရှထန်ကန်းက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး ပြောဆိုသည်ေ။
"မင်း ဘာတွေပြောနေတာလဲ...ငါ နားမလည်ဘူး"
"မင်း နားမလည်ဘူးလား...ဒါဆို ငါ တခြားတစ်ယောက်ကို မေးမယ်.... စစ်ရေးအောင်မြင်မှုတွေကို တာဝန်ယူတဲ့လူက စစ်ဘက်ဝန်ထမ်းရေးရာအဖွဲ့က တစ်ယောက်ယောက်ဖြစ်ရမယ်... ကံကောင်းစွာနဲ့ပဲ ငါက စစ်ရေးအောင်မြင်မှုတွေကို ဘယ်လိုအကဲဖြတ်လဲဆိုတာကို အရမ်းသိချင်နေတယ်"
လုယွီက အပြင်ဘက်သို့လှည့်ကြည့်ပြီး အော်ဟစ်လိုက်သည်။
"လာကြစမ်း... စစ်ဘက်ဝန်ထမ်းရေးရာအဖွဲ့က တာဝန်ခံကို ခေါ်လိုက်စမ်း"
Chapter 4675
"မင်းသားကူကို အရိုအသေပြုပါတယ်...တပ်မှူးတို့ကို အရိုအသေပြုပါတယ်"
စစ်ဘက်ဝန်ကြီးဌာနမှ အရာရှိတစ်ဦးသည် ပြေးလာပြီး ရှိနေသော တပ်မှူးများကို ဦးညွှတ်အရိုအသေပြုလိုက်သည်။
လုယွီက မေးမြန်းသည်။
"အရှင်ရှက သူ လီကျိုးစီကို အနိုင်ယူခဲ့တယ်လို့ ပြောတယ်... ဒီစစ်ပွဲအောင်မြင်မှုကို မင်းက မှတ်တမ်းတင်ခဲ့တာလား...."
စစ်ဘက်အရာရှိ ရွှီရန်က အပြုံးနှင့် တုံ့ပြန်အဖြေပေးသည်။
"ဟုတ်ကဲ့....ဒီအရာရှိပါပဲ... အလောင်းတွေအားလုံးကို စစ်ဘက်ဝန်ထမ်းရေးရာအဖွဲ့ရဲ့ သိုလှောင်ခန်းကို ပို့လိုက်ပါပြီ....စစ်တပ်ရဲ့ အလောင်းစစ်ဆေးသူက လက်ရှိအချိန်မှာ သူတို့ကို ကိုင်တွယ်နေပါတယ်..."
"အလောင်းတစ်လောင်း ယူလာခဲ့စမ်း"
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ရှယန်သည် နှောင့်နှေးခြင်းမရှိဘဲ လျင်မြန်စွာ နောက်သို့လှည့်ကာ အမိန့်ပေးလိုက်၏။ အချိန်တခဏအကြာတွင် အလောင်းစစ်ဆေးသူတစ်ယောက်က အလောင်းတစ်လောင်းကို သယ်ဆောင်လာသည်။
ဤအလောင်းကို အေးခဲအဆောင်လက်ဖွဲ့ဖြင့် ထိန်းသိမ်းထားသည်။ အဆောင်လက်ဖွဲ့၏ စွမ်းအားသည် အလောင်း၏နဖူးမှ ပျံ့နှံ့ထွက်လာပြီး အလောင်းတစ်ခုလုံး အေးခဲနေကာ အချိန်အတော်ကြာသည့်တိုင် ပုပ်သိုးသွားမည်မဟုတ်ချေ။
ဤအလောင်းသည် ထန်စစ်တပ်၏ သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားဆဲပင်။ စုန့်ချင်းဟူသည် ထိုထန်စစ်သား၏အလောင်းကို မြင်ချိန်၌ အေးစက်စက် နှာမှုတ်လိုက်သည်။
"အလောင်းက ဒီမှာပဲ... လုယွီ....မင်းမှာ ဘာမကျေနပ်တာ ရှိသေးလဲ"
ရှထန်ကန်းက အေးစက်သော အပြုံးဖြင့် ပြောဆိုလိုက်၏။
လုယွီသည် ရှထန်ကန်း၏ ခနဲ့တဲ့တဲ့စကားကို ဂရုမစိုက်ဘဲ အလောင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဤထန်စစ်သားကို သတ်ခဲ့သူမှာ သူဖြစ်ကြောင်း သိလိုက်သည်။
လီကျိုးစီ၏ ကိုယ်ရံတော်စစ်သားများကို ရင်ဆိုင်ရာတွင် လုယွီသည် သူ၏လက်သီးအင်အားကို တိုက်ရိုက်အသုံးပြု၍ သူတို့ကို သတ်ဖြတ်ခဲ့သည်။ ပြင်းထန်သောခွန်အားသည် ထန်စစ်သားများ၏ ခန္ဓာကိုယ်များအတွင်းရှိ အရိုးအကြောများအားလုံးကို ချက်ချင်း ကြေမွပျက်စီးသွားစေခဲ့သည်။ တစ်ချိန်တည်းမှာပင် နေကဲ့သို့ ပူပြင်းသော သူ၏သွေးချီစွမ်းအားများကြောင့် သူတို့၏စိတ်ဝိညာဉ်များ လုံးလုံးလျားလျား ကြေမွှသွားခဲ့သည်။
ဤသည်မှာ သိုင်းအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ နည်းလမ်းဖြစ်ပြီး သာမန်လူများသည် ထိုအရာကို အတုခိုးနိုင်မည် မဟုတ်ချေ။
"ရှထန်ကန်း...ငါ မင်းကို နောက်တစ်ခါထပ်မေးမယ်... ဒီလူတွေကို သတ်ခဲ့တာ မင်းလား.."
လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။
လုယွီသည် တခြားအရာများကို လျစ်လျှူရှုနိုင်သော်လည်း ဤတိုက်ပွဲအောင်မြင်မှုရမှတ်သည် လူသားဧကရာဇ်၏ အန္တိမကျင့်ကြံနည်းစနစ်နှင့် ဆက်စပ်နေသည်။ မည်သို့ပင်ဆိုစေကာမူ လုယွီသည် ထိုအရာအတွက် တိုက်ပွဲဝင်ရပေမည်။
ရှထန်ကန်းသည် တစ်စုံတစ်ခုကို ပြောလိုသော်လည်း လုယွီ၏ စူးရှသော မျက်လုံးအကြည့်သည် သူ့အပေါ်သို့ ကျရောက်လာပေ၏။
"ငါ အမှန်တရားကို ကြားချင်တယ်..."
လုယွီက အေးစက်စက် အော်ငေါက်လိုက်သည်။
ဤအသံသည် တုတ်တစ်ချောင်းဖြင့် ရှထန်ကန်း၏နှလုံးသားကို ရိုက်နှက်သည့်အလားပင်။
"ငါ...ငါ...ငါ..."
ရှထန်ကန်း၏ နှုတ်ခမ်းများ တုန်ရီနေပြီး သူသည် အချိန်တခဏကြာသည်အထိ စကားမပြောနိုင်တော့ချေ။
မကောင်းမှုများ ပြုလုပ်လေ့ရှိသော သူခိုးတစ်ယောက်သည် ရုတ်တရက် ဖြောင့်မတ်သော ကွန်ဖြူးရှပ်ပညာရှင်တစ်ဦးနှင့် ကြုံတွေ့ရပြီး သူ၏စိတ်နှလုံးသားအတွင်းတွင် ကြောက်ရွံ့စိတ်တစ်ခု ရှိနေသည့်အလားပင်။ သူ ဖုံးကွယ်လိုလျှင်ပင် သူသည် စိတ်ရှုပ်ထွေးနေပြီး လိမ်လည်မှုကို မည်သို့လုပ်ကြံပြောဆိုရမည်အား မသိတော့ချေ။
"အရှင်လု....မင်းမှာ ဒီလောက်ထိ ကြီးမားတဲ့ အာဏာရှိနေတာပါလား...မင်းက အခုမှ ရောက်လာပြီး ဘာပံ့ပိုးကူညီမှုမှ မလုပ်ရသေးဘူး...ဒါတောင် မင်းက ကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဆန့်ကျင်နေတယ်... ငါက ဒီကိစ္စတွေကို ဧကရာဇ်ကို အသေးစိတ် သတင်းပို့မယ်"
ကျန်းကျွင်းချန်က ခြေတစ်လှမ်းရှေ့တိုးကာ ပြောဆိုလိုက်သည်။
စုန့်ချင်းဟူက လှောင်ပြောင်လိုက်၏။
"ကျန်းကျွင်းချန်.... သောက်ချေးပဲ..ဘာတွေ ထပ်ပြီး သတင်းပို့ချင်သေးတာလဲ.... လုယွီက စစ်ရေးအမတ်ကြီးတစ်ယောက်...စစ်ရေးအောင်မြင်မှုကို စစ်ဘက်ရေးရာဝန်ကြီးဌာနက ဆုံးဖြတ်တာ... သူ့မှာ စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိတယ်....ရှထန်ကန်းမှာ အပြစ်မရှိဘူးဆိုရင် သူ့ကို ဖြေရှင်းခိုင်းလိုက်လေ"
"တော်ကြတော့..."
မင်းသားကူက နောက်ဆုံးတွင် ပါးစပ်ဖွင့်ကာ ပြောဆိုလိုက်သည်။
"ဒီအကြောင်းကို နောက်မှ ပြောကြတာပေါ့.... အခုတော့ ထန်စစ်တပ်ရဲ့နည်းဗျူဟာတွေနဲ့ ပတ်သက်ပြီး အရင်ဆုံး ဆွေးနွေးကြရအောင်..."
ဤနေရာတွင် မင်းသားကူသည် အဓိကကျောရိုးပင်။
သူ၏စကားများသည် နောက်ဆုံးဆုံးဖြတ်ချက်ဖြစ်ပြီး စောဒကတက်ရန် အကြောင်းမရှိချေ။
လုယွီက အနည်းငယ် မျက်မှောင်ကြုတ်ကာ အငြင်းပွားခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက် သူသည် ရွှီရန်နှင့် တခြားလူများကို ထွက်သွားခိုင်းလိုက်၏။
သူတို့သည် ထန်စစ်တပ်နှင့် ပတ်သက်သည့် အရေးကိစ္စများကို နှစ်နာရီအပြည့် ဆွေးနွေးခဲ့ကြပြီး ညဉ့်နက်မှသာ လူစုခွဲခဲ့ကြသည်။
"လုယွီ....ဒီည ငါ့တဲကို လာခဲ့ပါ....ငါ မင်းကို ကြိုဆိုဖို့ ပွဲတစ်ခု စီစဉ်ထားတယ်"
စုန့်ချင်းဟူက အပြုံးနှင့် ပြောဆိုသည်။
လုယွီက ယဉ်ကျေးစွာ တုံ့ပြန်လိုက်၏။
"ဒါဆိုရင်တော့ ငါက ဝမ်းသာအားရ လက်ခံပါ့မယ်"
တော်ဝင်မြို့တော် သံမဏိတံတိုင်းတွင် ပုန်းကွယ်နဂါးစစ်တပ်အတွက် စစ်စခန်းကို ဖွင့်လှစ်ထားပြီးဖြစ်သည်။ ယခုချိန်၌ လုယွီထံတွင် ပန်းထိုးနဂါးအစောင့် အနည်းငယ်သာ ရှိသည်။
ဤပန်းထိုးနဂါးအစောင့်များကို ကျန်းကျွင်းချန်က စေလွှတ်ခဲ့ခြင်းဖြစ်သည်။ အပေါ်ယံတွင် သူတို့သည် သူ့အား ကူညီရန် ရောက်ရှိလာခြင်းဖြစ်သော်လည်း အမှန်တကယ်အားဖြင့် သူတို့အား လုယွီကို စောင့်ကြည့်ရန် အသုံးပြုထားခြင်း ဖြစ်ပေ၏။