အခန်း (၄၆၉၆-၄၇၀၀)
Vol. 238 Ch. 4696-4700
Chapter 4696
ဤစစ်ပွဲသည် အလွန်စိတ်ပျက်ဖွယ် ကောင်းပေ၏။
တာယွီအင်ပါယာသည် စစ်မြေပြင်တွင် ဤသို့သော ကြီးမားသည့် အင်အားကွာခြားချက်ဖြင့် တစ်ကြိမ်တစ်ခါမျှ မတိုက်ခိုက်ဖူးခဲ့ချေ။
လက်နက်ခဲယမ်းများနှင့် မှော်လက်နက်အပြည့်အစုံရှိသော နန်းတွင်းကိုယ်ရံတော်သည် အဓိကစစ်မြေပြင်ကို ရှောင်ရှားခဲ့သဖြင့် တောက်ပနေမင်းစစ်တပ် ပင်းဝမ်စစ်တပ်နှင့် လူရိုင်းစစ်တပ်တို့အပေါ် ကြီးမားသော ဖိအားကို သက်ရောက်စေခဲ့သည်။
ထန်စစ်တပ်မှ စစ်သည်တော်များသည် အဆုံးမရှိဘဲ အရပ်မျက်နှာအနှံ့အပြားမှနေ၍ တာယွီစစ်တပ်ဘက်သို့ အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ကြသည်။
ဤတစ်ကြိမ်တွင် လူတိုင်းသည် ရှေးဟောင်းအလယ်ခေတ်က နံပါတ်တစ်အင်ပါယာ၏ အင်အားကို မျက်မြင်ကြုံတွေ့ခဲ့ရသည်။
"မြင့်မြတ်သော ထန်အင်ပါယာ...နှစ်သောင်းပေါင်းချီ ရှင်သန်ပြီး ထာဝရတည်တံ့ပါစေ"
ထိုထန်စစ်သည်တော်များသည် ကျားနှင့်ဝံပုလွေများ၏ စစ်တပ်အလားပင်။ ဗိုလ်ချုပ်များမှ သာမန်စစ်သည်တော်များအထိ တစ်ဦးစီတိုင်းသည် ရဲရင့်ပြီး တိုက်ပွဲတွင် ကျွမ်းကျင်ကာ သူတို့သည် ထိပ်သီးလက်ရွေးစင်စစ်သည်တော်များ ဖြစ်ပေ၏။
နှိုင်းယှဉ်ကြည့်လျှင် တာယွီစစ်တပ်သည် နေရာဒေသအသီးသီးမှ စစ်သည်တော်များ ပူးပေါင်းထားသော ယာယီစစ်တပ်တစ်ခုသာ ဖြစ်သည်။ စစ်သည်တော်တချို့သည် ယခင်က သိုင်းဂိုဏ်းအနည်းငယ်ကို ချေမှုန်းခဲ့ဖူးသော်လည်း ဤသို့သော ကြီးမားသည့် စစ်ပွဲကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးခဲ့ပေ။
စစ်ပွဲဖြစ်ပွားသည်နှင့် တပြိုင်နက်တည်း တာယွီစစ်တပ်သည် ထန်စစ်တပ်၏ ပြိုင်ဘက်ဖြစ်ရန် အလှမ်းဝေးသည်။
ယခုချိန်တွင် ထန်စစ်တပ်သည် တာယွီစစ်တပ်ကို နင်းခြေလိုသည့် ရည်ရွယ်ချက်ရှိပုံရသည်။ ထန်စစ်သည်တော်ထောင်ပေါင်းများစွာသည် တာယွီစစ်စခန်း၏ တံတိုင်းများအတွင်းသို့ ရေလွှမ်းမိုးသကဲ့သို့ ဝင်ရောက်လာပြီး သူတို့အနက်မှတချို့သည် မြို့ကို တိုက်ခိုက်ရန် ပြင်ဆင်နေကြလေပြီ။
"လုယွီ...မင်း မြင်ရဲ့လား...မင်းရဲ့နောက်က တာယွီစစ်တပ် ရှုံးနိမ့်နေပြီ...ငါ့တို့ရဲ့ထန်စစ်တပ်က ကောင်းကင်ဘုံရဲ့ ဆန္ဒကို လိုက်နာတယ်.... မိုးကောင်းကင်တာအိုရဲ့ အကူအညီနဲ့ ဒါက ဒီလောကရဲ့ တရားဝင်အင်ပါယာပဲ...မင်းရဲ့တာယွီအင်ပါယာက သမိုင်းမြစ်ရှည်ကြီးထဲက ဖုန်မှုန့်တစ်စပဲ....မင်းမှာ အရည်အချင်းတချို့ရှိပေမယ့် မင်းက လှည်းကိုတားဖို့ ကြိုးစားတဲ့ ပုစဉ်းရင်ကွဲတစ်ကောင်ပဲ...မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတယ်"
ကောင်းရှစ်ကျီးသည် တိုက်ခိုက်ရင်း ပို၍ပို၍ ရဲရင့်လာသည်။ သူ၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
စစ်မြေပြင်သည် စစ်နည်းဗျူဟာရှင်များ၏ ပညာချင်းယှဥ်ပြိုင်သော ကွင်းပြင်ဖြစ်သည်။ စစ်ပွဲ၏အနိုင်အရှုံးရလဒ်ကို အဆုံးသတ်သို့ မရောက်မချင်း မည်သူမျှ မပြောနိုင်ချေ။
ထန်စစ်တပ် ဆက်လက်ချီတက်လာသည်နှင့်အမျှ ပြင်းထန်သော တိုက်ခိုက်လိုစိတ်သည် ကွမ်းသူတော်စင်၏ ပုံရိပ်ယောင်ပေါ်သို့ စုစည်းသွားသည်။ ကောင်းရှစ်ကျီး၏အရှိန်အဝါသည် ပို၍ပို၍အားကောင်းလာပြီး သူ၏ခွန်အားသည်လည်း မြင့်တက်လာသည်။
ဤခွန်အားသည် အတိုင်းအတာတစ်ခုသို့ ရောက်ရှိလာကာ သိုင်းအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူဖြစ်သည့် လုယွီနှင့်ပင် တန်းတူရပ်တည်နိုင်သည်။
"မင်း ပြီးပြီလား...."
လုယွီက ရုတ်တရက် ခေါင်းမော့လိုက်ပြီး သူ၏မျက်လုံးများမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်လိုက်သည်။
စူးရှသော သတ်ဖြတ်လိုစိတ်တစ်ခုသည် ကောင်းရှစ်ကျီး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး ရှေးဦးခေတ်မှ ဆင်းသက်လာခဲ့သော ရက်စက်ကြမ်းတမ်းသည့် သားရဲတစ်ကောင်မှ သူ၏သားကောင်ကို အေးစက်စက် စိုက်ကြည့်နေသည့်အလားပင်။
"စစ်သူတော်စင်ကွမ်းရှန့်ရဲ့ ကောင်းချီးပေးမှုက အားကောင်းပေမယ့် ငါ့ကို သတ်ဖို့တော့ အလှမ်းဝေးသေးတယ်"
"မင်းက...အရှက်မရှိ ကြွားဝါနေတာပဲ"
ကောင်းရှစ်ကျီးက အေးစက်စက် နှာမှုတ်လိုက်သည်။
ကောင်းရှစ်ကျီးသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏နောက်မှ သတ္တုအချင်းချင်းထိခတ်သံများကို ကြားနေရသည်။ စစ်သူတော်စင်ကွမ်းရှန့်ကို ဆင့်ခေါ်ခြင်းမှ သူသည် ကြီးမားသောစွမ်းအားကို ရရှိခဲ့သဖြင့် သူ့ဘက်တွင် အားသာချက်ကြီး ရှိနေသည်။
ထိုအချိန်မှာပင် လုယွီသည် ထိုက်အမ်းဓားကို ကိုင်ကာ မိုးကောင်းကင်ယံသို့ ညွှန်ပြလိုက်သည်။
ကောင်းကင်ဘုံဧကရာဇ်တစ်ပါး၏ အရှိန်အဝါသည် ထိုက်အမ်းဓားမှ ထွက်ပေါ်လာပြီး ကြယ်တာရာကောင်းကင်ယံအတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားသည်။
အရပ်လေးမျက်နှာရှိ မိုးကောင်းကင်ယံသည် မှိန်ကျသွားပေ၏။ ကြယ်များသည် တောက်ပနေပြီး မဟာတာအို၏ မြည်ဟည်းသံများကို ဆက်တိုက်ထုတ်လွှတ်နေကာ ဧကရာဇ်တစ်ပါး၏ ရောက်ရှိလာခြင်းကို ကြိုဆိုနေသည့်အလားပင်။
ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် ကောင်းရှစ်ကျီး၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။
သူသည် ခြိမ်းခြောက်မှုတစ်ခုကို ခံစားမိသည်။ ဤသည်မှာ စစ်သူတော်စင်ကွမ်းရှန့်ထက် ကျော်လွန်သော အရှိန်အဝါတစ်ခုပင်။
"ဘုန်း...."
ကောင်းရှန်ကျစ်သည် ပြင်းထန်စွာတိုက်ခိုက်လိုက်ပြီး လုယွီကို ရှင်သန်ခွင့်မပေးရန် ရည်ရွယ်ထားသည်။
လခြမ်းဓားချီသည် မိုးကောင်းကင်ကို ဖြတ်သန်းကာ ကြမ်းတမ်းပြီး ပြင်းထန်သော စွမ်းအားဖြင့် လေဟာနယ်ကို စုတ်ဖြဲလိုက်သည်။ လေဟာနယ်ကျင်းနက်ကြီးတစ်ခုသည် လူတိုင်း၏ ရှေ့တွင် ထွက်ပေါ်လာပေ၏။
တစ်ချိန်တည်းမှာပင် လုယွီသည်လည်း တိုက်ခိုက်လိုက်သည်။
ထိုက်အမ်းဓားပေါ်တွင် ဒဏ္ဍာရီလာလူတစ်ယောက်၏ပုံရိပ်သည် ထွက်ပေါ်လာပြီး သူသည် သူတို့ထံသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းလာသည်။
ထိုလူ၏ မျက်နှာသည် သာမန်ဆန်သော်လည်း သူ၏အရှိန်အဝါသည် ထူးကဲစွာ နက်နဲသိမ်မွေ့သည်။ သူ၏မျက်လုံးများသည် နက်ရှိုင်းပြီးအတွင်းတွင် ကြယ်ထောင်ပေါင်းများစွာကို ဖုံးကွယ်ထားသည့်အလားပင်။
Chapter 4697
သူသည် ခြေတစ်လှမ်းချင်း လျှောက်လှမ်းလာပြီး သူ၏နံဘေးပတ်လည်တွင် ထူးဆန်းသော ပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။ နဂါးနှင့်ဖီးနစ်များ အတူတကွ ပျံသန်းနေပြီး တိမ်မြူခိုးများက သူ၏နံဘေးပတ်လည်တွင် မျောလွင့်နေသည်။
လောကကြီးတခွင်လုံး တုန်ခါသွားသည်။ စစ်မြေပြင်ပေါ်ရှိ မရေမတွက်နိုင်သော စစ်သည်တော်များသည် တိုက်ခိုက်ရန် စိတ်မပါတော့ချေ။ သူတို့သည် ပုံရိပ်ယောင်လူ ထွက်ပေါ်လာသော နေရာကို ကြည့်ကာ ခေါင်းငုံ့၍ ဦးတိုက်ရှိခိုးနေကြသည်။
ဤသည်မှာ ဖိအားအရှိန်အဝါတစ်ရပ်မဟုတ်ဘဲ အသွေးအသားမှ လာသော ဖိနှိပ်မှုတစ်ခုဖြစ်ကာ မည်သူထံတွင်မျှ မနာခံလိုသည့် အတွေးများ မရှိဝံ့ချေ။
ဤထူးဆန်းသော တည်ရှိမှုကြီးကြောင့် စစ်မြေပြင်တပြင်လုံးမှလူများ အံ့အားသင့်သွားကြ၏။
"ဒါ ဘယ်သူလဲ..."
ကောင်းရှစ်ကျီး၏ မျက်လုံးများအတွင်းတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"လုယွီ.... မင်း ဘယ်သူ့ရဲ့အမွေအနှစ်ကို ရရှိခဲ့တာလဲ...သူက ဘယ်သူလဲ..."
ကောင်းရှစ်ကျီး၏နောက်ရှိ စစ်သူတော်စင်ကွမ်းရှန့်သည် ထိုလူနှင့် ကြုံတွေ့ရချိန်၌ သူ၏ပုံရိပ်ယောင် မှိန်ကျသွားပြီး တောက်ပမှုများ ဆုံးရှုံးသွားသည်။
ထိုလူသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ကောင်းရှစ်ကျီးသည် သူ့ကို စေ့စေ့ကြည့်ဝံ့ခြင်းမရှိချေ။ သူသည် လုယွီကိုသာ မေးခွန်းထုတ်နိုင်သည်။
"ငါ ပြောပြရင်တောင် မင်း နားလည်မှာ မဟုတ်ဘူး..."
လုယွီက တုံ့ပြန်လိုက်သည်။
ဤသည်မှာ ထိုက်အမ်းဓားပေါ်ရှိ ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်၏ ဆန္ဒပင်။
ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်သည် ကောင်းကင်ဘုံနန်းတော်၏ အရှင်သခင်ဖြစ်ပြီး သူသည် စကြဝဠာရှိ လောကများအားလုံးကို အုပ်စိုးခဲ့သည့်အပြင် အင်မော်တယ်သုံးထောင်ကိုလည်း အုပ်ချုပ်ခဲ့သည်။
ဤသည်မှာ ကောင်းကင်ဘုံဧကရာဇ်၏စိတ်ဆန္ဒပင်။ လောကကြီး ပြောင်းလဲသွားပြီး သူ၏စွမ်းအားသည် ယခင်ကဲ့သို့ မဟုတ်တော့သော်လည်း ဖိအားအနည်းငယ်မျှဖြင့် မည်သည့်တည်ရှိမှုကိုမဆို ခြေမွှဖျက်ဆီးရန် လုံလောက်သည်။
ပတ်ဝန်းကျင်နေရာတဝိုက်ရှိ လူများအားလုံး၏ခန္ဓာကိုယ်များ တုန်ရီလာကြသည်။
ကောင်းကင်ဘုံဧကရာဇ်မှန်နှင့် လူသားဧကရာဇ်ဓားကဲ့သို့သော မသေမျိုးအဆင့် မှော်လက်နက်များ၏ အရောင်အဝါများပင်လျှင် မှိန်ကျသွားသည်။
"လုယွီက ဘယ်လိုတည်ရှိမှုမျိုးကို ဆင့်ခေါ်လိုက်တာလဲ..."
"ဘာလို့ ငါက ဒီမသေမျိုးအဆင့် မှော်လက်နက်အကြောင်း ဘာမှမသိတာလဲ...လက်ရှိ တာအိုကျမ်းစာတွေထဲမှာ ဒါနဲ့ပတ်သက်ပြီး မှတ်တမ်းမရှိတာ သေချာတယ်"
မရေမတွက်နိုင်သောလူများ တုန်လှုပ်သွားကြသည်။ လုယွီတွင် လျှို့ဝှက်ဆန်းကြယ်သော မသေမျိုးအဆင့် မှော်လက်နက်တစ်ခု ရှိနေပေ၏။ ဤသတင်းသာ ပျံ့နှံ့သွားပါက ကောင်းကင်ဘုံနယ်မြေတခွင်လုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားပေလိမ့်မည်။
သို့ရာတွင် လက်ရှိချိန်၌ လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် ပုန်းကွယ်ရန် လိုအပ်သော လူငယ်ကျင့်ကြံသူလေးတစ်ယောက် မဟုတ်တော့ချေ။ လူများသည် လုယွီ၏ခန္ဓာကိုယ်ပေါ်ရှိ မှော်ရတနာများကို တပ်မက်လျှင်ပင် သူတို့သည် သူတို့၏ကိုယ်ပိုင်အင်အားကို ချင့်ချိန်ပြီး လုယွီ၏ပြိုင်ဘက်ဖြစ်နိုင်မဖြစ်နိုင် ထည့်သွင်းစဉ်းစားရပေမည်။
"ငါ ဒါကို လက်မခံဘူး.... ငါ့မှာ စစ်သူတော်စင်ကွမ်းရဲ့ အမွေအနှစ်ရှိတယ်... ငါက ကောင်းကင်ဘုံရဲ့ သားတော်ပဲ...ငါ ဒီလိုနည်းစနစ်မျိုးနဲ့တောင် မင်းကို မသတ်နိုင်ဘူးဆိုတာ ငါ မယုံဘူး"
ကောင်းရှစ်ကျီးသည် ဟိန်းဟောက်ကာ ရှေ့သို့ တိုးဝင်လာပြီး သူ၏လက်အတွင်းတွင် လခြမ်းဓားကို ကိုင်ဆောင်ထားသည်။
လခြမ်းဓားသည် ကွမ်းရှန့်၏အရှိန်အဝါကို သယ်ဆောင်ထားပြီး ကြီးမားကျယ်ပြန့်ကာ အစွမ်းထက်သည်။ ဤဓားကို ခုတ်ပိုင်းလိုက်သည်နှင့် ကောင်းကင်ကို ဆုတ်ဖြဲပစ်မည့်ပုံပင်။
သို့ရာတွင် အရှိန်အဝါကြီးမားသော ကောင်းကင်ဘုံဧကရာဇ်သည် လက်ကိုမြှောက်လိုက်ရုံမျှဖြင့် ကောင်းရှစ်ကျီး၏ နောက်မှ စစ်သူတော်စင်ကွမ်း၏ ပုံရိပ်ယောင်သည် ပျောက်ကွယ်သွားပေ၏။
ဤသည်မှာ ရှုံးနိမ့်ခြင်းမဟုတ်တော့ဘဲ လုံးဝဥဿုံ ဖိနှိပ်ခြင်းပင်။
ရှေးဟောင်းအလယ်ခေတ်၏ ဒဏ္ဍာရီလာ စစ်သူတော်စင်ပင်လျှင် လုယွီ၏ အမွေအနှစ်မှ ထိုးနှက်ချက်တစ်ချက်ကို တောင့်မခံနိုင်ခဲ့ချေ။
ထို့နောက် ကောင်းကင်ဘုံဧကရာဇ်၏ ပုံရိပ်ယောင်သည်လည်း ဝေဝါးသွားသည်။
ဤသည်မှာ ထိုက်အမ်းဓားမှ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ခုသာဖြစ်သည်။ မကြာမီတွင် ထိုအရာ ပျောက်ကွယ်သွားပေမည်။
လုယွီသည် ထိုက်အမ်းဓားကို ဝှေ့ယမ်းကာ ကောင်းရှစ်ကျီး၏ လခြမ်းဓားကို လွင့်ထွက်သွားစေသည်။
"ပြင်ပစွမ်းအားမရှိဘဲ မင်း ငါ့ကို ဘယ်လိုတိုက်ခိုက်မှာလဲ..."
လုယွီသည် ရှေ့သို့ တက်လှမ်းလိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
"လုယွီ....ငါ မင်းကို သတ်မယ်"
ကောင်းရှစ်ကျီး၏ပါးစပ်မှ သွေးများအန်ထွက်လာသော်လည်း သူ၏မျက်လုံးများအတွင်း၌ ပြင်းထန်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ ရှိနေဆဲပင်။
သူ၏မျက်လုံးများသည် နီမြန်းနေပြီး သူ၏စစ်ဖိနပ်များတွင် ကိုယ်ပိုင်အသိစိတ်ရှိပုံရသည်။ ထိုအရာသည် သူ့ကို လေကဲ့သို့ လျင်မြန်စွာ သယ်ဆောင်သွားပြီး အဆက်မပြတ် ရှေ့နောက် ရွေ့လျားနေသည်။
ဤမသေမျိုးအဆင့် မှော်လက်နက်သုံးခုသည် စစ်သူတော်စင်ကွမ်း၏ အမွေအနှစ်များဖြစ်ပြီး ထိုအရာများကို အပြည့်အစုံ ဝတ်ဆင်လိုက်ချိန်၌ သာမာန်လူများ စိတ်ကူးမယဉ်နိုင်သော အကျိုးသက်ရောက်မှုများ ရှိသည်။
လုယွီသည် စစ်သူတော်စင်ကွမ်း၏ပုံရိပ်ယောင်ကို ကြေမွပျက်စီးစေခဲ့သော်လည်း ဤမှော်ရတနာများ၏ စွမ်းအားသည် တည်ရှိနေဆဲပင်။ မသေမျိုးအဆင့် မှော်လက်နက်သုံးခုကို အပြည့်အဝ အသက်သွင်းလိုက်ချိန်၌ ကောင်းရှစ်ကျီး၏အရှိန်နှုန်း အလွန်လျှင်မြန်သွားပြီး လေထုအတွင်းတွင် နောက်ချန်ပုံရိပ်များကို ချန်ထားခဲ့သည်။
အချိန်တခဏအကြာတွင် လုယွီက သူ၏ဓားကိုမြှောက်ကာ ရှေ့သို့ ထိုးစိုက်လိုက်သည်။
သွေးများ မိုးကောင်းကင်ကို စွန်းထင်းသွားသည်။ လုယွီ၏ဓားသည် အမှန်တကယ်ကို လေဟာနယ်အတွင်းမှ ကောင်းရှစ်ကျီးကို ထိုးစိုက်မိသွားကာ သူ့ကို ဆုတ်ခွာသွားစေခဲ့သည်။
ကောင်းရှစ်ကျီးက သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ လိပ်နက်သံချပ်ကာသည် အက်ကွဲနေပြီး အပေါက်ကြီးတစ်ခုကိုပင် မြင်တွေ့နိုင်သည်။
Chapter 4698
ဤအပေါက် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းရှစ်ကျီး ဝတ်ဆင်ထားသော မသေမျိုးအဆင့် မှော်ရတနာ၏ ကာကွယ်ရေးစွမ်းရည်များ အလွန်အမင်း လျော့ကျသွားသည်။
လုယွီသည် ရှေ့သို့လှမ်းကာ နောက်ထပ်ဓားတစ်ချက် ထိုးစိုက်လိုက်သည်။ ကောင်းရှစ်ကျီးသည် ထပ်မံ၍ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။
ကောင်းရှစ်ကျီးသည် သွေးတစ်လုတ်အန်လိုက်ရပြီး သူ၏ခန္ဓာကိုယ်သည် စုတ်ပြဲနေသော အိတ်တစ်လုံးကဲ့သို့ မိုးကောင်းကင်မှ ပြုတ်ကျသွားပေ၏။
သို့ရာတွင် ဤအဆင့်သို့ရောက်ရှိနေသည့်တိုင် လုယွီသည် ရပ်တန့်ရန် ရည်ရွယ်ချက်မရှိပေ။
သူသည် ဓားချက်များ တစ်ချက်ပြီးတစ်ချက် ခုတ်ပိုင်းလိုက်ပြီး သူ၏ဓားချက်တိုင်းသည် လျှပ်စီးတစ်လှိုင်းအလားပင်။ မရေမတွက်နိုင်သော ဓားဒဏ်ရာများသည် ကောင်းရှစ်ကျီး၏ ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာပြီး သူ၏အရိုးများပင်လျှင် ကျိုးသွားခဲ့သည်။
ဤအရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပွားသွားခဲ့သည်။
ထန်စစ်တပ်သည် အစောပိုင်းက ကောင်းရှစ်ကျီးသည် အသာစီးရနေသော်လည်း မျက်စိတစ်မှိတ်အတွင်း လုယွီ၏လက်ချက်ဖြင့် ရှုံးနိမ့်သွားမည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။
"လုယွီက ဗိုလ်ချုပ်ကောင်းကို သတ်ချင်နေတာပဲ..."
"ရပ်လိုက်စမ်း...."
ထန်စစ်တပ်ဘက်မှ အော်ဟစ်သံအမြောက်အများ ထွက်ပေါ်လာသည်။
ထန်စစ်စခန်းမှ တပ်မှူးဆယ်ယောက်ကျော်ခန့် ပြေးထွက်လာပြီး လုယွီကို ဝိုင်းရံလိုက်ကြ၏။
"သေစမ်း..."
လုယွီသည် အေးစက်စက် အော်ငေါက်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ဤလူများနှင့် စတင်တိုက်ခိုက်လိုက်သည်။
သို့ရာတွင် ထန်စစ်တပ်သည် အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ သူတို့သည် ဤအချိန်ကို အခွင့်ကောင်းယူပြီး ကောင်းရှစ်ကျီးကို ထမ်းပိုး၍ ခေါ်ဆောင်သွားသည်။
"မင်းက ထွက်သွားချင်လို့လား...မင်းရဲ့လက်ထဲမှာ ဒီဓားရှိနေရင် ဖြုန်းတီးမှုတစ်ခုပဲ...ငါ့ကို ပေးစမ်း"
လုယွီသည် လက်ကိုမြှောက်ကာ ဖိနှိပ်လိုက်သည်။ သူသည် နဂါးဖမ်းလက်ကို အသုံးပြုပြီး လေထုအတွင်းသို့ ဖမ်းဆုပ်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် သူ၏ရှေ့မှ လေဟာနယ်သည် တုန်ခါပြီး ပုံပျက်သွားသည်။ ကြီးမားသော လက်ဝါးပုံယောင်ကြီးသည် အဝေးသို့ ကျရောက်သွားပြီး ကောင်းရှစ်ကျီး၏လက်အတွင်းရှိ လခြမ်းဓားကို ဖမ်းဆုပ်လိုက်သည်။
လုယွီသည် လခြမ်းဓားကို ဖမ်းဆုပ်လိုက်သည်နှင့် တစ်ပြိုင်နက်နီးပါး ထန်တပ်မှူးများ၏ချက်ချင်း ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။
"အချိန်ကောင်းပဲ... မင်းတို့ ငါ့ကို ဝိုင်းပြီးတိုက်ခိုက်တာနဲ့ ငါ့က ဘာမှ မလုပ်နိုင်ဘူးလို့ ထင်နေတာလား..."
လုယွီက အေးစက်စက် အော်ငေါက်လိုက်ပြီး သူ၏ဓားဖြင့် အရပ်မျက်နှာအဘက်ဘက်သို့ တိုက်ခိုက်လိုက်သည်။
သူသည် စစ်နတ်ဘုရားတစ်ပါးနှင့် တူညီနေကာ ထန်စစ်အတွင်းသို့ တိုးဝင်ပြီး တပ်မှူးသုံးဦးကို ချက်ချင်းသတ်ဖြတ်လိုက်သည်။
ထန်စစ်တပ်မှ တပ်မှူးများအားလုံး၏ မျက်နှာများ သိသိသာသာ ပျက်ယွင်းသွားကြသည်။ သူတို့သည် လုယွီထံမှ မကြုံစဖူးသော ခြိမ်းခြောက်နိုင်မှုတစ်ရပ်ကို ခံစားလိုက်ရသည်။
လခြမ်းဓားသည် မြည်ဟည်းနေဆဲပင်။ ဤဓားသည် လုယွီ၏ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် ရုန်းကန်သော်လည်း ထိုအရာပေါ်ရှိ အမှတ်အသားကို လုယွီက အတင်းအကြပ် ဖယ်ရှားလိုက်သည်။
အမှတ်အသား ဖယ်ရှားခံလိုက်ရသည်နှင့် တပြိုင်နက်တည်း ကောင်းရှစ်ကျီး၏ပါးစပ်မှ သွေးတစ်လုတ် အန်ထွက်လာသည်။
"လုယွီ.... ငါ မင်းကို သတ်မယ်"
ကောင်းရှစ်ကျီးသည် အလွန်ဒေါသထွက်သွားကာ သတိလစ်မေ့မြောသွားပေ၏။
ပူ...ပူ...ပူ...
အဝေးရှိ စစ်မြေပြင်မှ သာယာနာပျော်ဖွယ်ကောင်းသော တံပိုးသံကို ကြားလိုက်ရသည်။
အဆုံးမရှိများပြားသော ထန်စစ်တပ်သည် လျင်မြန်စွာဖြင့် စတင်ဆုတ်ခွာသွားတော့သည်။
လီမီသည် အေးစက်စက် အော်ငေါက်လိုက်ပြီး သူ၏ကောင်းကင်ဘုံဧကရာဇ်မှန်ကို ပြန်လည်သိမ်းဆည်းကာ လှည့်ထွက်သွားသည်။
ထန်စစ်တပ်သည် နောက်ဆုံးတွင် ဆုတ်ခွာသွားခဲ့လေပြီ။
နေရောင်ခြည်သည် စစ်မြေပြင်ပေါ်၌ ထွန်းလင်းပေးနေကာ သွေးရောင်သန်းနေသည်။ အသက်ရှင်ကျန်ရစ်ခဲ့သော စစ်သည်တော်တိုင်းသည် ဘေးဒုက္ခတစ်ခုမှ လွတ်မြောက်လာသကဲ့သို့ ခံစားလိုက်ရသည်။
"အောင်ပြီ...အောင်ပြီ..."
မရေမတွက်နိုင်သော တာယွီစစ်သည်တော်များသည် နားကွဲလုမတတ် ဟစ်ကြွေးသံများကို ထုတ်လွှတ်လိုက်ကြသည်။
"လုယွီ... မင်းက ဒီတိုက်ပွဲမှာ ကြီးမားတဲ့ ပံ့ပိုးကူညီမှုတစ်ခုကို လုပ်ခဲ့တာပဲ"
ဖူကျစ်ရွှယ်က လုယွီ၏ ပခုံးကို ပုတ်လိုက်သည်။
"ဟားဟားဟား....အရှင်လု... အရမ်းကောင်းတယ်တယ်...မင်း အဲ့ဒီခွေးမသားကို ဒီလိုရိုက်နှက်ပေးသင့်တယ်...ဒါပေမဲ့ ဒီတစ်ခေါက်မှာ ငါတို့က သူ့ကို မသတ်နိုင်ခဲ့တာတော့ နှမြောစရာပဲ"
စုန့်ချင်းဟူ၏ ကြမ်းတမ်းသောအသံကြီး ထွက်ပေါ်လာသည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"မင်းတို့အားလုံးက ငါ့ကို ချီးမွမ်းလွန်းရာကျနေပြီ.. ငါမှာ မှော်ရတနာတချို့ပဲ ရှိတာပါ"
စုန့်ချင်းဟူက လက်ကိုဝှေ့ယမ်းပြီး ပြောဆိုလိုက်၏။
"ဒါက မှော်ရတနာနဲ့ ဆိုင်တဲ့ကိစ္စ ဘယ်လိုဖြစ်နိုင်မှာလဲ....မသေမျိုးအဆင့် မှော်လက်နက်တွေကို ပိုင်ဆိုင်တဲ့သူတွေက အရည်အချင်းရှိတဲ့လူတွေပဲ... သူတို့မှာ အရည်အချင်းမရှိရင် မသေမျိုးအဆင့် မှော်လက်နက်တွေ ရရင်တောင်မှ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မှာ မဟုတ်ဘူး"
တာယွီစစ်တပ်သည် သူတို့၏လက်နက်များကို ပြန်လည်သိမ်းဆည်းပြီး စစ်မြေပြင်ကို စတင်၍ရှင်းလင်းလိုက်တော့သည်။
လုယွီနှင့် တခြားအဆင့်မြင့် စစ်ဘက်အရာရှိများသည် ကိစ္စများကို ဆွေးနွေးရန် ဗဟိုစစ်တဲအတွင်းသို့ ဝင်ရောက်သွားကြသည်။
လုယွီနှင့်တခြားသူများ တဲရှေ့သို့ ရောက်ရှိလာသည်နှင့် တပြိုင်နက် ရှထန်ကန်းသည့် တောက်ပသော သံချပ်ကာဝတ်ထားသည့် လူတစ်စုနှင့်အတူ မောက်မာထောင်လွှားစွာ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။
လုယွီကိုမြင်သည်နှင့် ရှထန်ကန်းက ချက်ချင်း အော်ဟစ်လိုက်သည်။
"လုယွီ...မင်းက ကောင်းရှစ်ကျီးရဲ့ မသေမျိုးအဆင့် မှော်လက်နက်ကို လုယူထားတယ်လို့ ငါ ကြားတယ်....စစ်စည်းကမ်းအရ ဒါက တာယွီအင်ပါယာရဲ့အပိုင်ပဲ..မင်းက အဲ့ဒီဓားကို တော်ဝင်နန်းတွင်းဆီ အမြန်ဆုံး အပ်နှံလိုက်စမ်း"
Chapter 4699
ရှထန်ကန်းက ရာဇဝတ်ကောင်တစ်ဦးကို စစ်ဆေးမေးမြန်းနေသကဲ့သို့ အသံနက်ကြီးဖြင့် ပြောဆိုသည်။
"သောက်ကျိုးနည်း...ရှထန်ကန်း ငါ မင်းကို တိုက်ပွဲတုန်းက မတွေ့မိဘူး...မင်းက ဒီအချိန်မှာ စကားပြောပိုင်ခွင့် ရှိလို့လား"
စုန့်ချင်းဟူသည် စိတ်မြန်လက်မြန်ရှိသူတစ်ယောက်ပင်။ သူသည် လူယုတ်မာတစ်ယောက်မှ သူ၏ခေါင်းပေါ်သို့ တက်နင်းနေသည်ကို သည်းမခံနိုင်ချေ။
ရှထန်ကန်းက သရော်တော်တော် ပြောဆိုလေ၏။
"ငါက ရန်သူကို နောက်ကနေ တိုက်ခိုက်ခဲ့တာ... ငါက မင်းတို့နဲ့မတူဘူး"
ဖူကျစ်ရွှယ်သည် ဤအချိန်တွင် ရှေ့သို့လျှောက်လှမ်းလာပြီး တည်ငြိမ်စွာ ပြောဆိုသည်။
"တော်ဝင်နန်းတွင်းက အောင်ပွဲရပစ္စည်းတွေကို သိမ်းဆည်းမယ်လို့ စည်းမျဥ်းပြဋ္ဌာန်းထားတာ အမှန်ပဲ.... ဒါပေမဲ့ မသေမျိုးအဆင့် မှော်လက်နက်တွေ မပါဝင်ဘူး...စစ်ဘက်ရေးရာဝန်ကြီးဌာနရဲ့ ရုံးတော်မှာ အောင်ပွဲရပစ္စည်းအမျိုးမျိုးရဲ့ စာရင်းရှိတယ်.... ဒါပေမဲ့ အဲ့ဒီအထဲမှာ မသေမျိုးအဆင့် မှော်လက်နက်တွေ မပါဘူး...တပ်မှူးရှက စစ်ဘက်ရေးရာဝန်ကြီးဌာနရဲ့ စည်းကမ်းတွေကို နားမလည်ခဲ့ဘူးလား..."
ဤစကားကို ကြားချိန်၌ ရှထန်ကန်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
သူသည် ဤသည်ကို မျှော်လင့်မထားမိခဲ့ချေ။ အမှန်အားဖြင့် စစ်ဘက်ရေးရာဌာနမှ လူအများစုပင်လျှင် စစ်ဘက်ရေးရာဌာန၏ စည်းမျဥ်းများအားလုံးကို မမှတ်မိနိုင်ချေ။
သို့ရာတွင် ဖူကျစ်ရွှယ်ကမူ ကွဲပြားခြားနားပေ၏။ သူသည် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ခရေစေ့တွင်းကျ မှတ်သားနိုင်သော မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ဖူကျစ်ရွှယ်သည် အုပ်ချုပ်ရေးအစိုးရအဖွဲ့၏ အတွင်းဝန်ချုပ်ကြီးတစ်ယောက်လည်း ဖြစ်သည်။ သူသည် စီရင်စုသုံးခုနှင့် ဌာနကြီးခြောက်ခုမှ ရုံးတော်အမျိုးမျိုး၏ ကိစ္စရပ်များကို ကောင်းစွာသိသည်။ သူသည် ဧကရာဇ်၏ မျက်နှာသာပေးမှုကို အားကိုး၍ အာဏာရလာသော တက်သစ်စကြယ်တစ်ပွင့်ဖြစ်သည့် ရှထန်ကန်းထက် ထိုကိစ္စများကို ပို၍ရှင်းရှင်းလင်းလင်း သိရှိထားသည်။
"အရှင်စုန့်...မင်း တပ်မှူးရှကို ခြိမ်းခြောက်ခဲ့တဲ့ စကားတွေကို ငါ မှတ်ထားတယ်"
ကျန်းကျွင်းချန်သည် အနီရောင်ဝတ်ရုံဝတ် မိန်းမစိုးတစ်စုနှင့်အတူ ရုတ်တရက် ထွက်ပေါ်လာပေ၏။
စုန့်ချင်းဟူသည် သူ့ကို လှည့်ကြည့်ခြင်းပင်မပြုဘဲ အေးစက်စက် အော်ဟစ်လိုက်သည်။
"မင်း ဘာလုပ်လုပ် ငါ ဂရုမစိုက်ဘူး..."
ဤစကားများသည် ကျန်းကျွင်းချန်ကို ဒေါသထွက်သွားစေသည်။ သူသည် သာမန်အရာရှိများကို ကိုင်တွယ်နိုင်သော်လည်း စစ်အင်အားကို ဆုပ်ကိုင်ထားသော စုန့်ချင်းဟူအပေါ်မူ သူ၏အာဏာ သက်ရောက်ခြင်းမရှိချေ။
ဗဟိုစစ်တဲအတွင်းသို့ ဝင်ရောက်ပြီးနောက် သူတို့သည် ချက်ချင်း လူစုခွဲကာ ထိုင်လိုက်ကြ၏။
ဤအချိန်တွင် မင်းသားကူသည် ဒဏ်ရာများကိုကုသရန် တံခါးပိတ်ကျင့်ကြံနေသည်။ သူသည် ဤစစ်ရေးအစည်းအဝေးကို မဦးစီးနိုင်သောကြောင့် လုယွီနှင့် ရှထန်ကန်းတို့သည် တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့်အလား လူများအားလုံး ခံစားမိသည်။
ယဲ့ဝမ်ရှု၏နဂါးသိုင်းပညာစစ်တပ်နှင့် ချိုင်လုံရှင်း၏ ရေခဲဘုရင်တော်ဝင်စစ်တပ်တို့သည် လက်ရှိတွင် ကင်းလှည့်နေကြသဖြင့် ရောက်မလာခဲ့ကြချေ။ ရှထန်ကန်း၏ နောက်တွင်မူ နန်းတော်ကိုယ်ရံတော်တပ်မှ စစ်ဗိုလ်ချုပ်များ ရှိနေသည်။
"ထန်စစ်တပ် ဆုတ်ခွာသွားပေမယ့် သူတို့ရဲ့အခြေခံအုတ်မြစ်ကို မထိခိုက်ခဲ့ဘူး...ငါတို့စစ်တပ်က ဒီတိုက်ပွဲမှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရပြီးပြီ...စစ်သည်တော်တွေက အရမ်းစိတ်ဓာတ်ကျနေတယ်... ငါက စစ်ကူတွေစေလွှတ်ဖို့ နန်းတွင်းကို ချက်ချင်းသတင်းပို့ချင်တယ်...မဟုတ်ရင် ငါတို့လူရိုင်းစစ်တပ်က တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး"
စုန့်ချင်းဟူက အော်ဟစ်လိုက်သည်။
"မရဘူး..."
ကျန်းကျွင်းချန်က လက်ကိုဝှေ့ယမ်းပြီး ငြင်းဆန်လိုက်၏။
"တော်ဝင်မြို့တော်ကို တော်ဝင်အမတ်ကြီးတွေက စောင့်ကြပ်နေတယ်... အရေးအကြီးဆုံးက မြို့တော်ကို ကာကွယ်စောင့်ကြပ်ဖို့ပဲ...တော်ဝင်မြို့တော်မှာ တပ်စွဲထားတဲ့ တပ်ရင်းကို စစ်မြေပြင်ဆီ မလွှတ်နိုင်ဘူး... ဒါက တော်ဝင်နန်းတွင်းရဲ့ နောက်ဆုံးကာကွယ်စည်းပဲ"
စုန့်ချင်းဟူက ဒေါသထွက်သွားပြီး ဆဲဆိုလိုက်သည်။
"မင်းတို့က စစ်ကူတွေ မလွှတ်ရုံတင်မကဘူးစစ်လက်နက်ပစ္စည်းတွေကိုလည်း အလုံအလောက် မပေးဘူး...မင်းတို့က ငါတို့လူရိုင်းစစ်သားတွေကို အမြှောက်စာအဖြစ် သုံးနေတာလား...စစ်ကူတွေ ရောက်မလာရင် ငါတို့လူရိုင်းစစ်တပ်က ဆုတ်ခွာမယ်"
"မင်း လုပ်ရဲလား"
ကျန်းကျွင်းချန်က ခေါင်းမော့ကြည့်ပြီး သူ၏ခါးကြားမှ တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်၏။
ထိုတံဆိပ်ပြားအပေါ်တွင် ကြီးမားသော 'ဧကရာဇ်ကိုယ်တိုင် ကြွရောက်သကဲ့သို့'ဟူသော ရွှေရောင်စာလုံးများကို ရေးထွင်းထားသည်။
ဤသည်မှာ ဧကရာဇ်က သူ့ကို ချီးမြှင့်ခဲ့သော တံဆိပ်ပြားတစ်ခုပင်။ ဤတံဆိပ်ပြားရှိနေသရွေ့ ကျန်းကျွင်းချန်သည် စစ်တပ်တစ်တပ်လုံးကို ထိန်းချုပ်ရန် ဧကရာဇ်၏အခွင့်အာဏာကို အသုံးပြုနိုင်သည်။
"ဒီအရာတွေနဲ့ ငါ့ကို မခြိမ်းခြောက်နဲ့"
စုန့်ချင်းဟူ၏မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။
ကျန်းကျွင်းချန်က အေးစက်တင်းမာစွာ ပြောဆိုသည်။
"မင်း လက်မခံရင် ငါက မင်းရဲ့လူရိုင်းနယ်စပ် အုပ်ချုပ်သူအရှင်ရာထူးကို လူလဲလိုက်မယ်....စုန့်ချင်းဟူ မင်းက ကွယ်လွန်သူဧကရာဇ်ကို ပေးခဲ့တဲ့ ကတိကို မမေ့နဲ့...ကျိုးတော်ဝင်မိသားစုရဲ့ ကြင်နာမှုသာမရှိခဲ့ရင် မင်းက ဘာကောင်မှမဟုတ်ဘူး"
စုန့်ချင်းဟူသည် ငယ်ရွယ်စဥ်၌ သူ၏မဟုတ်မခံစိတ်ကြောင့် အထက်တန်းလွှာမိသားစုတစ်စုမှ ကာမဂုဏ်လိုက်စားသော သခင်လေးတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။
နောက်ပိုင်းတွင် စုန့်ချင်းဟူသည် စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ထိုက်ချမ်ဧကရာဇ်သည် စုန့်ချင်းဟူကို တစ်ချက်ကြည့်ပြီး ဤသည်မှာ ဖြောင့်မတ်သော လုပ်ရပ်ဖြစ်သဖြင့် သူ့ကို သေဒဏ်မပေးသင့်ဟု ဆိုကာ စစ်တပ်အတွင်းသို့ပြန်သွားရန် အမိန့်ပေးခဲ့သည်။
Chapter 4700
ဤသည်မှာ အသက်ကယ်ကျေးဇူးတစ်ခုဖြစ်ပြီး စုန့်ချင်းဟူသည် ထိုက်ချမ်ဧကရာဇ်အတွက် အမှုထမ်းရန် ကျိန်ဆိုခဲ့သည်။
ကျန်းကျွင်းချန်မှ ဤကျိန်ဆိုချက်ကို ထုတ်ပြောသည်အား ကြားချိန်၌ စုန့်ချင်းဟူသည် တိတ်ဆိတ်သွားပေ၏။
သူ့အတွက်မူ ဤကြင်နာမှုသည် အရေးအကြီးဆုံးပင်။ ထိုသို့မဟုတ်ပါက သူသည် နယ်စပ်ကို နှစ်ပေါင်းများစွာကြာအောင် မည်သည့်ညည်းညူမှုမျှမရှိဘဲ စောင့်ကြပ်ခဲ့မည် မဟုတ်ချေ။
"ကျိုးတော်ဝင်မိသားစုက ငါ့ကို ကူညီခဲ့တာ အမှန်ပဲ....ဒါပေမဲ့ မင်းတို့က ငါတို့လူရိုင်းနယ်စပ်စစ်တပ်ကို အနည်းဆုံးတော့ သနားညှာတာမှု ပြသင့်တယ်"
စုန့်ချင်းဟူက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။
ရှထန်ကန်းသည် သရော်တော်တော် ပြောဆိုလိုက်၏။
"တကယ်တော့ ငါတို့က နန်းတွင်းက စစ်ကူတောင်းဖို့ မလိုဘူး...ပုန်းကွယ်နဂါးစစ်တပ်က ရက်အနည်းငယ်အတွင်း ရောက်လာမှာ မဟုတ်ဘူးလား...မင်းတို့က ရက်နည်းနည်းလောက် တောင့်ခံထားရုံပဲ"
အခြားတပ်မှူးများနှင့် စစ်ဗိုလ်ချုပ်များသည် ဤစကားကိုကြားချိန်တွင် သူတို့၏စိတ်နှလုံးသားများအတွင်း၌ အေးစက်မှုကို ခံစားလိုက်ရသည်။
တော်ဝင်နန်းတွင်းသည် ဗဟိုအစိုးရ၏အခွင့်အာဏာကို ခိုင်မာစေရန် ဒေသအသီးသီး၏ အင်အားကို ဖယ်ရှားတော့ပေမည်။
သူတို့သည် တော်ဝင်မြို့တော်ကို ကာကွယ်ရန် ဤနေရာသို့ ရောက်ရှိလာသည်မှာ သိသာထင်ရှားသော်လည်း တော်ဝင်နန်းတွင်းသည် မည်သည့်ထောက်ပံ့မှုမျှပေးရန် အစီအစဉ်မရှိပေ။ တော်ဝင်နန်းတွင်းသည် သူတို့၏အင်အားကိုသာ အသုံးပြုလိုခြင်းပင်။
တော်ဝင်မြို့တော်တွင် တော်ဝင်စစ်တပ်မှစစ်သည်တော်များစွာ ရှိနေသေးသည်မှာ ထင်ရှားသော်လည်း တောင်ပိုင်းဧကရာဇ်၏ အမိန့်အရ တော်ဝင်စစ်သည်တော်များအားလုံးသည် နောက်တန်းတွင် ခုခံကာကွယ်ရန် နေရပေမည်။
ဤသည်မှာ ရှေ့တန်းတွင် အသုံးပြုရန် စစ်သည်တော်များ ပြတ်လပ်သည့် အကျိုးဆက်ကို ဖြစ်ပေါ်စေသည်။ ရှေ့တန်းကို ကူညီထောက်ပံ့ရန်အတွက် အရပ်သားများဖြင့် ဖွဲ့စည်းထားသည့် စစ်တပ်များကိုပင် ဆင့်ခေါ်နေရသည်။
"တော်ဝင်မြို့တော်ကို ကာကွယ်စောင့်ကြပ်ဖို့ လူတိုင်းကို အားကိုးရအုံးမှာပဲ...နန်းတွင်းမှာလည်း သူ့အခက်အခဲနဲ့သူ ရှိတယ်...အခု ဘဏ္ဍာတိုက်က ဗလာဖြစ်နေတော့ ငါတို့ ဘာမှလုပ်လို့မရတော့ဘူး"
ကျန်းကျွင်းချန်က အပြုံးနှင့် ပြောဆိုသည်။
လုယွီက ရုတ်တရက် ပြောဆိုလိုက်၏။
"မင်း မှားနေပြီ...ပုန်းကွယ်နဂါးစစ်တပ်က ထန်စစ်တပ်ကို အနိုင်ယူဖို့ ဒီကိုလာတာ...တော်ဝင်မြို့တော်ကို ကာကွယ်ဖို့ မဟုတ်ဘူး"
သူက ကျန်းကျွင်းချန်ကို စူးစိုက်ကြည့်လိုက်သည်။
"ပုန်းကွယ်နဂါးစစ်တပ်က တော်ဝင်နန်းတွင်းရဲ့ အထောက်အပံ့နဲ့လစာကို မလိုအပ်ဘူး...ဒါပေမဲ့ နန်းတွင်းကလည်း ပုန်းကွယ်နဂါးစစ်တပ်ကို ဝင်စွက်ဖက်လို့ မရဘူး...ငါ့ရဲ့ဘေးမှာထားတဲ့ ပန်းထိုးနဂါးအစောင့်... ပြီးတော့ ကြီးကြပ်ရေးတပ်က မိန်းမစိုးတွေ...ဘယ်သူပဲဖြစ်ဖြစ် သူတို့က ပုန်းကွယ်နဂါးစစ်တပ်ရဲ့ စစ်ရေးကိစ္စတွေမှာ ဝင်စွက်ဖက်လို့ မရဘူး"
ကျန်းကျွင်းချန်က အော်ဟစ်လိုက်သည်။
"မဟုတ်ဘူး....တခြားဘယ်အုပ်ချုပ်သူအရှင်ရဲ့စစ်တပ်ကိုမဆို ငါ ထိန်းချုပ်ပိုင်ခွင့်ရှိတယ်... ဘာလို့ ပုန်းကွယ်နဂါးစစ်တပ်ကျမှ မရရမှာလဲ"
"ဒါဆိုရင်လည်း မင်းရဲ့လူတွေကို ငါ့ရဲ့စစ်စခန်းထဲကို လွှတ်လိုက်လေ...သူတို့ အသက်ရှင်ရက် ပြန်ထွက်လာနိုင်မလားဆိုတာ မင်း စောင့်ကြည့်လို့ရတယ်"
လုယွီက ပြောဆိုသည်။
ကျန်းကျွင်းချန်၏မျက်နှာအမူအယာသည် ပျက်ယွင်းသွားပေ၏။ သူသည် လုယွီ၏ စကားများမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသည်။
ကျန်းကျွင်းချန်က ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။
"မင်း လုပ်ရဲလား...လုယွီ မင်းက ပုန်ကန်ဖို့ ကြိုးစားနေတာလား...နဂါးအစောင့်တွေနဲ့ မိန်းမစိုးတွေကိုတောင် ခြိမ်းခြောက်ရဲတယ်"
"မင်း စမ်းကြည့်လို့ရတယ်"
လုယွီ၏မျက်နှာအမူအယာသည် အလွန်တည်ငြိမ်ပြီး အရေးမပါသောအရာတစ်ခုကို လုပ်ခဲ့သည့်အလားပင်။
လုယွီ၏နောက်တွင်ရှိနေသော စစ်ဗိုလ်ချုပ်များအားလုံး ကြက်သေသေနေကြသည်။
သူတို့အနက်မှအများစုသည် ဒေသတစ်ခုကို တာဝန်ယူအုပ်ချုပ်ပြီး သူတို့၏အမိန့်အောက်တွင် စစ်သည်တော်များ သောင်းနှင့်ချီ၍ရှိသော်လည်း မည်သူကမျှ နန်းတွင်းမှ မိန်းမစိုးတစ်ယောက်ကို ဤသို့သော ပုံစံဖြင့် စကားပြောဝံ့ခြင်းမရှိခဲ့ချေ။
ဤသည်မှာ ဧကရာဇ်၏ မျက်နှာကို ပေါ်ပေါ်တင်တင် ဖြတ်ရိုက်ခြင်းပင်။
ရှထန်ကန်းက အေးစက်စက် ရယ်မောလိုက်သည်။
"လုယွီ...မင်းက အရမ်းမောက်မာတာပဲ... ဘာလို့ လူသားဧကရာဇ်ရဲ့ အန္တိမကျင့်ကြံနည်းစနစ်ကို မင်း လုမယူလိုက်တာလဲ"
လုယွီသည် ကောင်းရှစ်ကျီးကို အနိုင်ယူခဲ့ပြီးနောက် စစ်ပွဲအောင်မြင်မှုရမှတ်စာရင်းတွင် နံပါတ်ဆယ့်ငါးနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။
သို့ရာတွင် သူနှင့် ရှထန်ကန်း၏ ပထမနေရာကြားတွင် ကြီးမားသော ကွာဟချက်တစ်ခု ရှိနေဆဲပင်။
"ဟုတ်တယ်.... ငါက လူသားဧကရာဇ်ရဲ့ အန္တိမကျင့်ကြံနည်းစနစ်ကို ရယူဖို့လည်း စိတ်ပိုင်းဖြတ်ထားတယ်"
လုယွီက ပြောဆိုသည်။
"အရှက်မရှိ ကြွားနေတာပဲ"
ရှထန်ကန်းက အေးစက်စက် အော်ငေါက်လိုက်သည်။
အစောပိုင်းက သူသည် နန်းတော်ကိုယ်ရံတော်တပ်ကို ဦးဆောင်ကာ ထန်စစ်တပ်၏ အားနည်းသည့်နေရာများမှ ဘယ်ဘက်ခြမ်းနှင့်ညာဘက်ခြမ်းတွင် တိုက်ခိုက်ခဲ့ပြီး များပြားသော စစ်ပွဲအောင်မြင်မှုရမှတ်များကို ရရှိခဲ့သည်။
အကယ်၍ လုယွီသည် သူ့ကို အမီလိုက်လိုပါက ကောင်းကင်သို့ တက်ခြင်းထက်ပင် ခက်ခဲပေမည်။
စုန့်ချင်းဟူသည် ဒေါသတကြီး အော်ငေါက်လိုက်၏။
"ရှထန်ကန်း....မင်းမှာ အရှက်နည်းနည်းတောင် ရှိသေးရဲ့လား...ငါတို့ အရင်က ထန်စစ်တပ်ရဲ့ အဓိကအင်အားစုနဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ မင်းက စစ်ပွဲအောင်မြင်မှုရမှတ်တွေ ရဖို့ နောက်ကို ပြေးသွားခဲ့တယ်...လုယွီက ကောင်းရှစ်ကျီးနဲ့ တိုက်ခိုက်ပြီးတော့ ရန်သူတပ်မှူးတွေကိုတောင် သတ်ခဲ့တယ်... သူက မင်းထက် အများကြီး သန်မာအားကောင်းတယ်...ဒါတောင် မင်းက လုယွီကို လှောင်ပြောင်နေသေးတယ်...မင်းရဲ့အရည်ထူမှုကို ဘယ်နေရာက ရလာတာလဲ"
ရှထန်ကန်းက အေးစက်စက် နှာမှုတ်လိုက်သည်။
"ဒါက ပတ်ပတ်လည်ကနေ တိုက်ခိုက်တဲ့ စစ်နည်းဗျူဟာပဲ...မင်း နားမလည်ရင် မပြောနဲ့"
သူ စကားပြောပြီးသည်နှင့် တပြိုင်နက်..
ရုတ်တရက် စစ်ပွဲအောင်မြင်မှုစာရင်းသည် တုန်ခါပြီး ရွှေရောင်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
ထို့နောက် လုယွီ၏ နာမည်သည် အထက်မှလူအနည်းငယ်ကို ကျော်လွန်သွားပြီး ရှထန်ကန်းကိုပင် ကျော်လွန်ကာ ပထမနေရာသို့ ရောက်ရှိသွားသည်။