← Chapters

အခန်း (၄၇၁၆-၄၇၂၀)

Vol. 239 Ch. 4716-4720

အခန်း (၄၇၁၆-၄၇၂၀)

Vol. 239 Ch. 4716-4720

Chapter 4716

ဤအမိန့် ပျံ့နှံ့သွားချိန်၌ တာယွီစစ်စခန်းတစ်ခုလုံးသည် ဆူညံပွက်လောရိုက်သွားသည်။

စုန့်ချင်းဟူက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

"ထန်စစ်တပ်က အထွတ်အထိပ် အခြေအနေမှာ ရှိနေတယ်....ငါတို့ အခု ကာကွယ်သင့်တယ်...ငါတို့က မဆင်မခြင် တိုက်ခိုက်ရင် ဒုက္ခရောက်သွားနိုင်တယ်"

ဖူကျစ်ရွှယ်ကလည်း ခေါင်းခါလိုက်သည်။

"မင်းက တိုက်ခိုက်ချင်ရင်တောင် စစ်သင်္ဘောတွေအားလုံးကို မလွှတ်သင့်ဘူး...ဒီလိုလုပ်တာက အရာအားလုံးကို အဆုံးသတ်တာနဲ့ ညီမျှတယ်...မင်းနိုင်ရင် အဆင်ပြေတယ်...ဒါပေမဲ့ မင်းရှုံးရင် မင်းမှာ ဆုတ်ခွာခွင့်တောင် ရှိမှာမဟုတ်ဘူး"

စစ်ဗိုလ်ချုပ်များသည်လည်း လုယွီ၏ အမိန့်ကို အထင်မကြီးကြချေ။

သူသည် သူ၏ဝှက်ဖဲများအားလုံးကို အခြေခံအားဖြင့် ပစ်ထုတ်လိုက်လေပြီ။ ဤသည်မှာ အဆုံးအဖြတ်တိုက်ပွဲ၏ စည်းချက်ကို ပျက်ပြားသွားစေနိုင်သည်။

"စီနီယာအစ်ကို...တာယွီအင်ပါယာအတွက် နောက်ထပ် အချိန်ဆွဲထားလို့မရတော့ဘူး၊ ငါလည်း မရဘူး"

လုယွီက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

ဖူကျစ်ရွှယ်သည် အနည်းငယ် အံ့အားသင့်သွားသော်လည်း သူသည် တစ်စုံတစ်ခုကို တွေးမိသွားကာ သူ၏မျက်နှာ သုန်မှုန်သွားသည်။

ပုန်းကွယ်နဂါးစစ်တပ်တွင် စစ်သည်တော်များ အလွန်များပြားသည်။ သူတို့အတွက် လိုအပ်ချက်များကို ရေရှည်ထောက်ပံ့ရန် အလွန်ခက်ခဲပေမည်။

အင်အားသန်းနှင့်ချီသော စစ်တပ်တစ်တပ်အတွက် နေ့စဉ်နေ့တိုင် ကြီးမားသော စားနပ်ရိက္ခာပမာဏ လိုအပ်သည်။ တော်ဝင်မြို့တော်သည် လုယွီအား မည်သည့်အကူအညီမှ မပေးမည်မှာ သေချာပေါက်ပင်။ ထိုကြောင့် သူတို့ပြင်ဆင်လာသော ရိက္ခာများအပေါ်တွင်သာ မှီခိုအားထားရပေမည်။

ပုန်းကွယ်နဂါးစစ်တပ်သည် အလျင်အမြန် ရောက်ရှိလာရန်အတွက် သူတို့၏ထောက်ပံ့ရေးပစ္စည်းတချို့တဝက်ကို စတေးခဲ့ပြီးဖြစ်သည်။ ယခုချိန်တွင် ပုန်းကွယ်နဂါးစစ်တပ်ရှိ စစ်သည်တော်များအားလုံးသည် လုံလောက်သော ထောက်ပံ့ရေးပစ္စည်းများ မရရှိခဲ့ချေ။ ထို့ကြောင့် သူတို့သည် တိုက်ပွဲကို အမြန်အဆုံးသတ်ရပေမည်။

"မင်း ဘယ်နှစ်ရက်လောက် တောင့်ခံနိုင်သေးလဲ"

ဖူကျစ်ရွှယ်က အသံပေးပို့ခြင်းမှတဆင့် မေးမြန်းသည်။

လုယွီက ခေါင်းခါယမ်းပြီး တုံ့ပြန်အဖြေပေးသည်။

"အများဆုံး ဆယ်ရက်ပဲ....သယ်ယူပို့ဆောင်ရေးမှာ လက်နက်ခဲယမ်းမီးကျောက်တွေကို ဦးစားပေးထားတယ်...စစ်တပ်အတွက် ရိက္ခာတွေက တော်တော်လေး နည်းပါးတယ်"

ဖူကျစ်ရွှယ်က ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။

"ငါ မင်းကို ထောက်ပံ့ရေးအတွက် ကူညီပေးဖို့ တောက်ပနေမင်းစစ်တပ်ကို အမိန့်ပေးလိုက်မယ်... မင်း ဆန္ဒရှိသလို တိုက်ခိုက်နိုင်တယ်... ငါတို့က မင်းရဲ့အာမခံချက်ဖြစ်လိမ့်မယ်"

ဤသည်မှာ လုယွီ စိုးရိမ်နေသောအရာပင်။

ထန်စစ်တပ်သည် အဝေးမှ လာခဲ့သော်လည်း သူတို့သည် လမ်းတလျှောက်၌ ကျားလှောင်အိမ်ခံနပ်နှင့် စီးရွှေခံတပ်တို့ကို သိမ်းပိုက်ခဲ့သည်။ ထို့ကြောင့် အထောက်အပံ့များသည် အားကောင်းပြီး ထိုနေရာများမှ တပ်သားသစ်များကိုပင် ချက်ချင်း စုဆောင်းနိုင်ခဲ့သည်။ သူတို့ထံတွင် အဆုံးမရှိသော တပ်အင်အား ထောက်ပံ့မှုရှိသည်။

နှိုင်းယှဉ်ကြည့်လျှင် ပုန်းကွယ်နဂါးစစ်တပ်၏ ထောက်ပံ့ရေးသည် မလုံလောက်ချေ။

ကြီးမားသော ထောက်ပံ့ရေးပစ္စည်းများကို သိုလှောင်အိတ်များအတွင်းတွင် မသိုလှောင်နိုင်သည့်အပြင် ကူးပြောင်းရေးဝင်္ကပါများမှတဆင့် သယ်ယူပို့ဆောင်ရန်မှာလည်း ပို၍ခက်ခဲသည်။ သူတို့သည် အဝေးမှ လာရောက်ထောက်ပံ့မည့် သယ်ယူပို့ဆောင်ရေးသင်္ဘောများကိုသာ အားကိုးနိုင်ပေ၏။

ထို့ကြောင့် သူတို့သည်တိုက်ပွဲကို အမြန်အဆုံးသတ်ရပေမည်။

အဝေးတွင် မိုစစ်သင်္ဘောများသည် ထန်စစ်တပ်၏ အဓိကစစ်သင်္ဘောများနှင့် ထိပ်တိုက်ရင်ဆိုင်နေလေပြီ။

ရှေးဟောင်းခေတ်မှ ဤရှေးဟောင်းစစ်သင်္ဘောများသည် ဤလောကတွင် ကြမ်းတမ်းသော တိုက်ခိုက်ရေးအင်အားကို တဖန်ပြန်၍ ပြသလိုက်သည်။

ဧရာမမိုစစ်သင်္ဘောများသည် လှောင်အိမ်များမှ ထွက်ပေါ်လာသော ဧရာမသားရဲများအလား ရှေ့ရှိ ထန်စစ်သင်္ဘောများကို ရက်စက်ကြမ်းကြုတ်စွာ ကြိတ်ချေလိုက်သည်။

ဘုန်း..ဘုန်း...

အလွန်အမင်း ခိုင်မာပုံရသော ထန်စစ်သင်္ဘောများသည် မိုစစ်သင်္ဘောများ၏ တိုက်ခတ်မှုအောက်တွင် ကြေမွှပျက်စီးသွားသည်။

မျက်စိဖြင့်မြင်နိုင်သမျှ အကွာအဝေးထိ ထန်စစ်တပ်တစ်တပ်လုံးသည် ပုန်းကွယ်နဂါးစစ်တပ်၏ စစ်သင်္ဘောများမှ တိုက်ခိုက်မှုအောက်၌ အလယ်မှ စုတ်ပြဲသွားသည်။

ထန်စစ်တပ်သည်လည်း ဤသည်ကို သဘောပေါက်သွားသည်။ သူတို့သည် ချက်ချင်းဆိုသလိုပင် သူတို့၏နည်းဗျူဟာများကို ပြောင်းလဲပြီး တိုက်ပွဲဝင်္ကပါကို စစ်မြေပြင်နှင့် အဝေးတွင် ထားရှိလိုက်သည်။

တစ်ချိန်တည်းမှာပင် တာယွီစစ်သင်္ဘောအုပ်စုတစ်စုသည် ထန်စစ်တပ်၏ နောက်တန်းမှ ရွက်လွှင့်လာသည်။

တာယွီအင်ပါယာ၏ လက်မှုရေးရာဝန်ကြီးဌာန၏ သင်္ကေတကိန်းဂဏန်းကို ထိုစစ်သင်္ဘောများပေါ်တွင် ရေးထွင်းထားသော်လည်း အလံသည် ထန်အင်ပါယာ၏ မြေဝါရောင်နဂါးအလံသို့ ပြောင်းလဲသွားလေပြီ။

"ဒါတွေက ကျားလှောင်ခံတပ်ရဲ့ စစ်သင်္ဘောတွေပဲ...ဒါတွေအားလုံးကို ထန်စစ်တပ်က ခိုးသွားတာပဲ..."

"သောက်ချေးပဲ . ခြေတစ်လှမ်းမှားတာက နောင်တတစ်ထောင်ကို ဖြစ်စေတယ်...ဒီစစ်သင်္ဘောတွေသာ ငါတို့လက်ထဲမှာ ရှိနေသေးရင် ငါတို့ ဘာလို့ထိ ဒီလောက် အားနည်းနေမှာလဲ..."

တာယွီစစ်ဗိုလ်ချုပ်များ၏ မျက်လုံးများသည် သွေးနီရောင်သန်းနေပြီး သူတို့ရှေ့ရှိ မြင်ကွင်းကို စိုက်ကြည့်နေကြသည်။

ဤစစ်သင်္ဘောများသည် တစ်ချိန်က သူတို့၏ပစည်းများဖြစ်ခဲ့သော်လည်း ယခုမူ ထန်စစ်တပ်၏ သိမ်းပိုက်ခြင်းကို ခံထားရသည်။

"ခဏနေအုံး...ဘာလို့ ဒီစစ်သင်္ဘောတွေပေါ်မှာ ဘယ်သူမှ မရှိတာလဲ"

ရုတ်တရက် တစ်စုံတစ်ယောက်က ဟာကွက်ကို သတိပြုမိလိုက်သည်။

ထိုစစ်သင်္ဘောများပေါ်တွင် လူတစ်ယောက်မှ မရှိပေ။ ထိုအစား ကုန်းပတ်ပေါ်တွင် ကောက်ရိုးပုံများနှင့် ဆီစည်များဖြင့် ပြည့်နှက်နေသည်။

ထိုအရာများသည် မိုစစ်သင်္ဘောထံသို့ ချဉ်းကပ်တော့မည့်ဆဲဆဲတွင် ချက်ချင်း မီးလောင်စပြုလာသည်။ မီးလျှံများတောက်ပနေသော စစ်သင်္ဘောတစ်ရာကျော်သည် မိုစစ်သင်္ဘောဘက်သို့ တိုးဝင်လာကြ၏။

Chapter 4717

ဘုန်း...ဘုန်း.... ဘုန်း....

နားကွဲလုမတတ် ပေါက်ကွဲသံတစ်သံသည် မိုးကုတ်စက်ဝိုင်း၏ အဆုံးတွင် ပဲ့တင်ထပ်လာကာတောက်ပသော မီးလျှံများ ဖြာထွက်သွားသည်။

ဤမီးတဝုန်းဝုန်းတောက်နေသော စစ်သင်္ဘောများကို ထန်စစ်တပ်က စေလွှတ်ခဲ့ပြီး စတေးသည့် တိုက်ခိုက်မှုများကို စတင်ခဲ့သည်။

မိုစစ်သင်္ဘောတစ်စီးသည် ခိုင်မာတောင့်တင်းသော်လည်း ဤသို့သော တိုက်ခိုက်မှုများကို မခံနိုင်ဘဲ ချက်ချင်း ပေါက်ကွဲသွားပေ၏။

ဟာကွက်ပေါ်လာချိန်၌ အနီးတစ်ဝိုက်ရှိ ထန်စစ်တပ်သည် အလုံးအရင်းဖြင့် ရှေ့သို့တိုးဝင်လာပြီး ပုန်းကွယ်နဂါးစစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ကုန်းပတ်ပေါ်သို့ ပြေးတက်သွားကြသည်။

"ထန်စစ်တပ်ရဲ့ အဓိကအင်အားစု ရောက်လာပြီ"

"အရမ်းမြန်တာပဲ... ငါတို့ တွေးထင်ထားတာထက်တောင် ပိုမြန်တယ်...ဒီလူတွေက တကယ့်ကိုထိပ်တန်းစစ်သည်တော်တွေပဲ"

တာယွီစစ်တပ်မှ စစ်ဗိုလ်ချုပ်များ၏မျက်လုံးများ ပြူးကျယ်ကာ သူတို့၏နှလုံးသားများ တုန်ခါနေသည်။

ပုန်းကွယ်နဂါးစစ်တပ်၏ သံမဏိစစ်အင်အားကို မြင်သူတိုင်း ကြောက်လန့်သွားကြပေမည်။

သို့ရာတွင် ထန်စစ်တပ်သည် မိုစစ်သင်္ဘောများ၏ ပိတ်ဆို့မှုကို ဖောက်ခွဲပြီး ပုန်းကွယ်နဂါးစစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် နည်းလမ်းတစ်ခုကို အမှန်တကယ် ရှာတွေ့ခဲ့သည်။

ထန်စစ်ဗိုလ်ချုပ်တစ်ဦးသည် မီးတောက်များ တောက်ပနေသည့် စေတီတစ်ဆူကို ဆင့်ခေါ်လိုက်ရာ သူ၏ဦးခေါင်းအထက်၌ ပျံဝဲနေသည်။ ထိုအရာမှနေ၍ မီးတောက်များ ဖြာထွက်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ လွှမ်းခြုံသွားသည်။

ဤထန်စစ်ဗိုလ်ချုပ်နောက်တွင် ထန်စစ်သည်တော်အုပ်စုများရှိနေကာ သူတို့၏လက်များတွင် ကြီးမားသော ဒိုင်းများကို ကိုင်ဆောင်ထားကြသည်။ သူတို့သည် တိုက်ပွဲဝင်ဝင်္ကပါတစ်ခု ဖွဲ့စည်းပြီး ပုန်းကွယ်နဂါးစစ်စခန်းဘက်သို့ လျင်မြန်စွာ ချီတက်လာကြ၏။

ထန်စစ်တပ်၏ရှေ့ဆုံးမှ ရှစ်တန်းလုံးသည် လေးလံသော သံချပ်ကာဝတ် ဒိုင်းကိုင်စစ်သည်တော်များဖြစ်သည်။ သူတို့နောက်တွင် သူတို့၏လက်များအတွင်းတွင် မှော်စွမ်းအားရှိသော လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ထားသည့် တိုက်ခိုက်ရေးတပ်များရှိသည်။ ဤတိုက်ပွဲဝင်ဝင်္ကပါသည် အလွန်တင်းကြပ်ပြီး သူတို့ ချီတက်လာသည်နှင့်အမျှ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ လေထုအတွင်းတွင် ပြည့်နှက်နေသည်။

လူတိုင်း၏ အကြည့်အောက်တွင် ပုန်းကွယ်နဂါးစစ်ဗိုလ်ချုပ်တစ်ယောက်သည် သူ၏ဦးခေါင်းကို မော့ကာ သူ၏လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်၏။

"ပထမအချီ...ပစ်"

ရှေ့တန်းနှစ်တန်းရှိ ပုန်းကွယ်နဂါးစစ်သည်တော်များသည် တပြိုင်နက်တည်း ထိုင်ချလိုက်ကြသည်။ သူတို့သည် သူတို့၏ကျောမှ စိတ်ဝိညာဥ်ချိုးဖျက်ခြင်းလေးများကို ထုတ်ယူကာ စိတ်ဝိညာဥ်ချိုးဖျက်ခြင်းမြှားများဖြင့် တင်ပြီး ရှေ့သို့ တိုးဝင်လာသော ထန်စစ်တပ်ကို ချိန်ရွယ်လိုက်ကြသည်။

ထိုစစ်သည်တော်များနောက်မှ နောက်ထပ်စစ်သည်တော်လေးတန်းသည်လည်း သူတို့၏လက်များအတွင်းရှိ စိတ်ဝိညာဉ်ချိုးဖျက်ခြင်း မှော်လက်နက်များကို တပြိုင်နက်တည်း လွှတ်လိုက်ကြသည်။ ရုတ်ချည်းဆိုသလိုပင် လေးကြိုးတုန်ခါသံများကို နေရာအနှံ့အပြားတွင် ကြားနေရပေ၏။

ရွှပ်...ရွှပ်...ရွှပ်....

စူးရှသောမြှားများသည် လေဟာနယ်ကို ဖြတ်ကျော်သွားပြီး ထန်စစ်တပ်အတွက် သေစေနိုင်သည့် ထိုးနှက်ချက်တစ်ခုအလားပင်။

"တကယ့် ဟာသပဲ...ပြန့်ကျဲသွားစမ်း"

ဤတပ်စုကို ဦးဆောင်လာသော ထန်စစ်ဗိုလ်ချုပ်က လှောင်ပြောင်လိုက်သည်။ သူသည် လက်ကိုမြှောက်ကာ မီးတံတိုင်းတစ်ခုကို ဆင့်ခေါ်ပြီး သူ၏ရှေ့မှ မြှားများကို တားဆီးလိုက်၏။

သို့ရာတွင် ထိုအချိန်မှာပင် ပျံသန်းလာသော မြှားအားလုံးသည် ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး ထူထပ်သော အနက်ရောင်အရိပ်များအဖြစ်သို့ ပြောင်းလဲကာ ဆက်လက်တိုးဝင်လာကြသည်။

ထန်စစ်ဗိုလ်ချုပ်သည် ရုတ်တရက် အံ့အားသင့်သွားပေ၏။ သူ တုံ့ပြန်ရန် အချိန်မရသေးမီမှာပင် ဆယ်နှင့်ချီသောမြှားများသည် သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားပြီး သွေးများ မြေပြင်ပေါ်သို့ ဖြာကျသည်။

သူ၏နောက်ရှိ မောက်မာဝင့်ကြွားသော သံချပ်ကာဝတ်ထန်စစ်သည်တော်များသည် သွေးအိုင်များအတွင်းတွင် လဲလျောင်းနေကြသည်။

"အဲ့ဒီထန်စစ်ဗိုလ်ချုပ်က မြေကမ္ဘာအင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်မှာ ရှိနေပြီ... ဒါပေမဲ့ သူ အသတ်ခံလိုက်ရတုန်းပဲ..."

"ဒါက မဟုတ်သေးဘူး...ပုန်းကွယ်နဂါးစစ်တပ်ရဲ့ စိတ်ဝိညာဉ်ချိုးဖျက်ခြင်း မှော်လက်နက်တွေက ပြုပြင်မွမ်းမံထားတာပဲ.... ဒါသာ တာယွီစစ်တပ်က စံသတ်မှတ်ထားတဲ့ စိတ်ဝိညာဉ်ချိုးဖျက်ခြင်းလက်နက်သာဆိုရင် ဒီလောက်ထိစွမ်းအားရှိမှာ မဟုတ်ဘူး"

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်သွားသည်။ မရေမတွက်နိုင်သော လူများသည် သူတို့ရှေ့မှ သွေးစွန်းနေသော မြင်ကွင်းကို ကြည့်ကာ ကြက်သေသေနေကြသည်။

သူတို့သည် စိတ်ဝိညာဉ်ချိုးဖျက်ခြင်းမှော်လက်နက်၏ စွမ်းအားကို ကောင်းစွာသိရှိပေ။ ထိုအရာကို ကျင့်ကြံသူတစ်ဦး၏ ကာကွယ်ရေးမှော်စွမ်းအားအား ဆန့်ကျင်ရန် အသုံးပြုနိုင်သော်လည်း လေးလံသောသံချပ်ကာဝတ်စစ်သည်တော်များနှင့် ထိပ်သီးကျင့်ကြံသူတချို့ကို ဆန့်ကျင်ရန် အသုံးပြုပါက အနည်းငယ် အားနည်းပေလိမ့်မည်။

သို့ရာတွင် ပုန်းကွယ်နဂါးစစ်တပ်၏ လက်အတွင်းရှိ စိတ်ဝိညာဉ်ချိုးဖျက်ခြင်း မှော်လက်နက်သည် စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်များကဲ့သို့ စွမ်းအားရှိပုံရသည်။

မြှားသည် လူတစ်ဦး၏ခန္ဓာကိုယ်ကို ထိမှန်သွားချိန်၌ သံချပ်ကာကို အမှန်တကယ် ထိုးဖောက်ဝင်ရောက်သွားသည်။ ထိုလူ၏သွေးများသည် စမ်းရေကဲ့သို့ ပန်းထွက်လာပေ၏။ စစ်သည်တော်များသည် မည်မျှပင် သန်မာအားကောင်းစေကာမူ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသည်။

ဝှစ်....ဝှစ်... ဝှစ် ...

မြှားများသည် ကျိုင်းကောင်များအလား ကျရောက်လာသည်။

"ဘာလို့ ပုန်းကွယ်နဂါးစစ်တပ်က စိတ်ဝိညာဉ်ချိုးဖျက်ခြင်းမြှားတွေ ဒီလောက်ထိအများကြီး တပ်ဆင်ထားနိုင်တာလဲ"

တာယွီစစ်ဗိုလ်ချုပ်အားလုံး ထိတ်လန့်သွားကြသည်။

စိတ်ဝိညာဉ်ချိုးဖျက်ခြင်းမြှားများအတွက် လိုအပ်သော ပစ္စည်းများသည် အလွန်ရှားပါးပြီး ပြုလုပ်သည့် လုပ်ငန်းစဉ်သည်လည်း အလွန်ရှုပ်ထွေးပေ၏။ ထို့ကြောင့် မြှားတစ်စင်းစီသည် အလွန်စျေးကြီးသည်။

တာယွီ၏ထိပ်တန်းစစ်တပ်များထံတွင် စစ်သည်တော်တစ်ဦးလျှင် မြှားအချောင်းနှစ်ဆယ်ခန့်သာ ရှိသည်။

သို့ရာတွင် ပုန်းကွယ်နဂါးစစ်တပ်မတော်၏ ပူးပေါင်းပစ်ခတ်မှုသည် မည်သည့်ကုန်ကျမှုမျှ မရှိသော စိတ်ဝိညာဉ်ချိုးဖျက်ခြင်းမြှားများကို အသုံးပြုနေသည့်အလားပင်။ တချို့သော လေးစစ်သည်တော်များသည် တစ်ကြိမ်လျှင် မြှားသုံးစင်းပင် ပစ်ခတ်ပြီး အချိန်တခဏအတွင်းမှာပင် ဆယ်နှင့်ချီသောမြှားများ ပျံ့လွင့်သွားသည်။

ထန်စစ်တပ်သည် အကြီးအကျယ် သေကြေဒဏ်ရာရခဲ့သည်။ သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်ကို မထိတွေ့ရသေးမီမှာပင် သူတို့၏လူတစ်ဝက်ကျော် ဆုံးရှုံးခဲ့ရသည်။ စစ်မြေပြင်ပေါ်တွင် ထန်စစ်သည်တော်များ၏ အလောင်းများ ပြည့်နှက်နေပေ၏။

Chapter 4718

"ဒုတိယအချီ... ပစ်"

ပုန်းကွယ်နဂါးစစ်တပ်၏ စစ်ဗိုလ်ချုပ်သည် အေးစက်စက်လေသံဖြင့် အမိန့်ပေးလိုက်သည်။

နောက်ထပ် လျင်မြန်သော မြှားတန်းတစ်ခု ပစ်လွှတ်လိုက်ပြီး မရေမတွက်နိုင်သော ထန်စစ်သည်တော်များ လဲကျသွားကြသည်။

ပုန်းကွယ်နဂါးစစ်တပ်သည် ထန်စစ်သည်တော်များ၏ အလောင်းများကို နင်းခြေကာ လျင်မြန်စွာ ချီတက်သွားကြ၏။

ထန်စစ်တပ်သည် တန်ပြန်တိုက်ခိုက်မှုကို စတင်ခဲ့သော်လည်း သူတို့၏ကာကွယ်ရေးမီးတောက်အားသည် ပုန်းကွယ်နဂါးစစ်တပ်ထက် များစွာအားနည်းနေသည်။ ထိုးစစ်အနေအထားတွင် ရှိခဲ့သော ထန်စစ်တပ်သည် အချိန်တခဏအတွင်းတွင် ဖိနှိပ်ခံလိုက်ရပြီး ရှုံးနိမ့်စပြုလာတော့သည်။

ဤမြင်ကွင်းသည် လက်ရှိနေရာတွင် ရှိနေသူများအားလုံးကို ထိတ်လန့်သွားစေသည်။

"အုပ်ချုပ်သူအရှင်လု...ပုန်းကွယ်နဂါးစစ်တပ်ရဲ့ စစ်သည်တော်တစ်ယောက်စီမှာ မြှားဘယ်လောက်များများ တပ်ဆင်ထားလဲဆိုတာ ငါ မေးလို့ရမလား"

တာယွီစစ်ဗိုလ်ချုပ်တစ်ဦးက သိချင်စိတ်ဖြင့် မေးမြန်းသည်။

ဤသို့သော စစ်လက်နက်များနှင့် စစ်ရေးအထောက်အပံ့ပစ္စည်းများသည် အလွန်ကြီးကျယ်ခမ်းနားပေ၏။ စစ်မြေပြင်တွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့သော ဝါရင့်စစ်ဗိုလ်ချုပ်များပင်လျှင် ဤသို့သော စစ်လက်နက်များကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။

လုယွီက တုံ့ပြန်အဖြေပေးသည်။

"သာမန်စစ်သည်တော်တွေရဲ့ မြှားအိမ်ထဲမှာ မြှား ၂၀၀ ထက်မနည်းဘူး... ဒါပေမဲ့ မြှားတွေက တပ်ရင်းအသီးသီးက လေးစစ်သည်တော်တွေအပေါ်မှာ အဓိက စုစည်းထားတယ်... လေးစစ်သည်တော်တစ်ယောက်စီရဲ့ မြှားအိမ်ထဲမှာ မြှား ၂၀၀၀ ထက်မနည်းဘူး"

တာယွီစစ်ဗိုလ်ချုပ်အားလုံးသည် လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကြ၏။

သူတို့သည် ပုန်းကွယ်နဂါးစစ်သည်တော်များ၏ ခါးတွင် ချိတ်ဆွဲထားသော မြှားအိမ်များကို ကြည့်လိုက်ကြသည်။ ဤသည်မှာ မြှားများစွာကို သိုလှောင်နိုင်သော သိုလှောင်အိတ်နှင့် ဆင်တူသည့် လေဟာနယ်မှော်စွမ်းအားရှိသော မှော်ရတနာတစ်ခုပင်။

ဤသို့သော အဖိုးတန်မှော်ရတနာမျိုးသည် တော်ဝင်စစ်တပ်တွင်ပင် အလွန်ရှားပါးသည်။

"စစ်သည်တော်တိုင်းအတွက် အတူတူပဲလား..." စစ်ဗိုလ်ချုပ်တစ်ယောက်က မေးမြန်းသည်။

"အားလုံးက ဒီအတိုင်းပဲ"

လုယွီက ပြောဆိုသည်။

သူ၏အတည်ပြုခြင်းကို ရရှိပြီးနောက် အံ့အားတသင့်အော်ဟစ်သံများ ထပ်မံ၍ ထွက်ပေါ်လာသည်။

"ဂျူနီယာညီလေး....မင်း ဘယ်လိုလုပ်ခဲ့တာလဲ"

ဖူကျစ်ရွှယ်က မေးမြန်းလေ၏။

သူသည် ယခင်က အုပ်ချုပ်ရေးအဖွဲ့၏ အတွင်းဝန်ချုပ်ကြီးတစ်ဦး ဖြစ်ခဲ့သောကြောင့် တာယွီအင်ပါယာရှိ အုပ်ချုပ်ရေးနှင့် စစ်ရေးကိစ္စများကို သိသည်။ ထို့ကြောင့် သူသည် စိတ်ဝိညာဉ်ချိုးဖျက်ခြင်းမြှားသည် မည်သို့သော ထူးဆန်းသည့် အရာဖြစ်သည်ကို သိရှိထားသည်။

လုယွီသည် ကြယ်မြစ်တစ်ခုတည်း၏ စွမ်းအားဖြင့် ဤမျှ ကြီးမားသော လက်နက်ပမာဏကို ထောက်ပံ့နိုင်သည်မှာ မယုံနိုင်စရာပင်။

လုယွီက ပြောဆိုသည်။

"ငါက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်က ထိပ်တန်းလက်နက်အသုံးအဆောင်ပြုလုပ်တဲ့ ဂိုဏ်းဆယ်ခုနဲ့ အလတ်စားလက်နက်အသုံးအဆောင်ပြုလုပ်တဲ့ ဂိုဏ်းတစ်ရာကျော်ကို ငါ့ရဲ့ငွေအပ်နှံ့ငှာနတွေက ငွေတွေကို သုံးပြီးတော့ ဝယ်ခဲ့တယ်...သူတို့ရဲ့လက်ရှိတာဝန်က လက်နက်ခဲယမ်းမီးကျောက်တွေနဲ့ စစ်ရေးအထောက်အပံ့ပစ္စည်းတွေကို အပြည့်အဝ ထုတ်လုပ်ဖို့ပဲ"

ရုတ်ချည်းဆိုသလိုပင် စစ်ဗိုလ်ချုပ်တစ်ဦးက မေးခွန်းထုတ်သည်။

"လက်နက်ခဲယမ်းနဲ့ စစ်ရေးအထောက်အပံ့ပစ္စည်းတွေက အရမ်းအရေးကြီးတဲ့အရာတွေပဲ... သူတို့လို အပြင်လူတွေကို ဘယ်လိုလုပ်ပြီး အသုံးပြုနိုင်မှာလဲ..."

တာယွီတော်ဝင်နန်းတွင်းတွင် လက်နက်ခဲယမ်းမီးကျောက်နှင့် စစ်ရေးအထောက်အပံ့ပစ္စည်းအမျိုးမျိုးကို အထူးသီးသန့်ထုတ်လုပ်သော အလုပ်ရုံများရှိသည်။

သို့ရာတွင် လက်နက်ခဲယမ်းစက်ရုံများ၏ အရေအတွက်သည် အကန့်အသတ်ရှိသဖြင့် စစ်သည်တော်များထံသို့ ဖြန့်ဝေရန်အတွက် ထုတ်လုပ်နိုင်သော လက်နက်ခဲယမ်းအရေအတွက်မှာလည်း အကန့်အသတ်ရှိနေပေ၏။

လုယွီက ခေါင်းခါပြီး ပြောဆိုသည်။

"ငါ သူတို့ရဲ့ဂိုဏ်းတွေကို ဝယ်ယူပြီးကတည်းက သူတို့က အုပ်ချုပ်ရေးအဖွဲ့ရဲ့ လက်အောက်ကို ရောက်သွားပြီ...ဂိုဏ်းချုပ်တွေက ဒီလက်နက်သန့်စင်တဲ့ ဂိုဏ်းတွေနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်ချမှတ်ပိုင်ခွင့် မရှိတော့ဘူး... ငါက လက်နက်သန့်စင်တဲ့ ဂိုဏ်းတွေကို ကြီးကြပ်ဖို့ စစ်ဆေးရေးမှူးတွေကို ခန့်အပ်ထားတယ်....သူတို့က အဲ့ဒီဂိုဏ်းတွေရဲ့ကိစ္စအမျိုးမျိုးကို အာဏာအပြည့်နဲ့ ကိုင်တွယ်နိုင်တယ်"

စစ်ဗိုလ်ချုပ်တစ်ယောက်က မျက်မှောင်ကြုတ်သည်။

"ဒါပေမဲ့ ဒီလိုသာဆိုရင် အဲ့ဒီဂိုဏ်းတွေက မနာခံဘဲနေမှာကို ငါ စိုးရိမ်မိတယ်...ဟုတ်တယ်မလား..."

လုယွီက ပြောဆိုလိုက်၏။

"လက်နက်သန့်စင်တဲ့ဂိုဏ်းတွေက သာမန်ဂိုဏ်းတွေနဲ့ မတူဘူး...သူတို့မှာ သန့်စင်တဲ့နည်းလမ်းအမျိုးမျိုး ရှိတယ်....သူတို့ရဲ့လက်အောက်ငယ်သားတွေကလည်း ထုတ်လုပ်ရေးလုပ်ငန်းတွေ အများကြီးကို ထိန်းချုပ်ထားတယ်...သူတို့က ကုန်သည်အသင်းအဖွဲ့တွေနဲ့ ပိုတူတယ်...ဒါကြောင့် ငါက ဝယ်ယူတဲ့နည်းလမ်းတွေကို သုံးတာ...ငွေပေးနေသရွေ့ သူတို့က မနာခံဘဲနေမှာ မဟုတ်ဘူး"

"ဝယ်ယူတာက ပထမအဆင့်ပဲ...စစ်ဆေးရေးမှူးတွေ စီစဉ်တာအပြင် အကြီးအကဲတွေ ခန်းမသခင်တွေနဲ့ အဆင့်မြင့်လက်မှုပညာရှင်တွေကိုလည်း နေရာပေးထားတယ်... သူတို့ကို အုပ်ချုပ်ရေးအဖွဲ့မှာ အရာရှိတွေအဖြစ် ရွေးချယ်ဖို့ စီစဥ်ထားပြီးတော့ အုပ်ချုပ်ရေးအဖွဲ့ရဲ့လစာကို လက်ခံရရှိလိမ့်မယ်...သူတို့က ကံကြမ္မာစွမ်းအားရဲ့ ကောင်းချီးပေးမှုကို ခံစားရမယ်....အချိန်ကြာလာတာနဲ့အမျှ ဒီလူတွေက အုပ်ချုပ်ရေးအဖွဲ့ရဲ့အကျိုးစီးပွားကို သူ့အလိုလို ကာကွယ်ပေးလိမ့်မယ်"

"အကြီးမားဆုံး လက်နက်သန့်စင်ဂိုဏ်း ဆယ်ဂိုဏ်းလုံးက ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်....စစ်ပွဲမှာ သူတို့က သူတို့ရဲ့လက်နက်ခဲယမ်းအားလုံးကို ပုန်းကွယ်နဂါးစစ်တပ်ကို ထောက်ပံ့နိုင်တယ်.... ပုံမှန်အချိန်တွေမှာ သူတို့ရဲ့လက်နက်ခဲယမ်းတွေကို အုပ်ချုပ်ရေးအဖွဲ့ရဲ့ သိုလှောင်ရုံတွေထဲမှာ စုဆောင်းထားလိမ့်မယ်"

"ငါ့ရဲ့အမိန့်တွေက အာဏာအကြီးဆုံးပဲ...ဒါကြောင့် သူတို့က စစ်တပ်အတွက် လက်နက်ခဲယမ်းတွေနဲ့ စစ်ရေးအထောက်အပံ့ပစ္စည်းတွေကို ထုတ်လုပ်ဖို့ ဦးစားပေးလိမ့်မယ်...ဒီလက်နက်သန့်စင်ဂိုဏ်းတွေက လက်ခံထားတဲ့ တာဝန်တွေကို အောက်က အလတ်စားဂိုဏ်းတွေကို ခွဲဝေပေးလိမ့်မယ်... အလတ်စားဂိုဏ်းတွေက အသေးစားဂိုဏ်းတွေကို ခွဲပေးလိမ့်မယ်...အဲ့ဒီကနေတဆင့် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်က လူတိုင်းကို သူတို့က အလုပ်တွေခွဲဝေပေးလိမ့်မယ်...ဂိုဏ်းအားလုံးက ဒီအရာတွေကို ထုတ်လုပ်ဖို့ အစွမ်းကုန် ကြိုးစားနေကြတယ်"

တခြားစစ်ဗိုလ်ချုပ်များသည် ဤစကားကို ကြားချိန်တွင် သူတို့၏နှလုံးသားများ ပြင်းထန်စွာ ခုန်သွားကြသည်။ သူတို့က ဤနည်းလမ်းများသည် သူတို့၏ယခင်နားလည်မှုကို ကျော်လွန်သွားပြီဟု ခံစားမိပေ၏။

"အရှေ့အောင်နိုင်ခြင်းကြယ်မြစ် တစ်ခုလုံးက မင်းအတွက် စစ်ဘက်စက်ယန္တရားတစ်ခု ဖြစ်နေပြီ... ပုန်းကွယ်နဂါးစစ်တပ်လို တည်ရှိမှုကြီး ပေါ်လာတာ အံ့အားသင့်စရာမရှိဘူး"

ဖူကျစ်ရွှယ်က စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။

Chapter 4719

စစ်မြေပြင်တွင် ပုန်းကွယ်နဂါးစစ်တပ်သည် အလုံးစုံတိုက်ခိုက်မှုကို စတင်ခဲ့လေ၏။

ထန်စစ်တပ်သည် မိုစစ်သင်္ဘောများ၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သော်လည်း ပုန်းကွယ်နဂါးစစ်တပ်၏စစ်နည်းဗျူဟာသည် မရပ်မနား ရှေ့သို့ဆက်လက် တိုက်ခိုက်နေခြင်းပင်။

နဂါးပျံတစ်သောင်းကျော်သည် မိုးကောင်းကင်သို့ ပျံတက်သွားပြီး သူတို့၏ပါးစပ်များမှ မီးလျှံများကို မှုတ်ထုတ်လိုက်ကြသည်။ မီးလျှံများ ဖြတ်သန်းသွားတိုင်း နာကျင်စွာ အော်ဟစ်သံများကို ကြားနေရသည်။

မြေပြင်ပေါ်တွင် ထန်းစစ်သည်တော်များ၏ အလောင်းများကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။

ထန်စစ်တပ်သည် တော်ဝင်မြို့တော်ကို စတင်တိုင်ခိုက်ခဲ့စဥ်မှ ယခုအချိန်အထိ သူတို့သည် ဤသို့သော ပြင်းထန်သည့် အသေအပျောက်များကို တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ရဖူးပေ။

တိုက်ပွဲကွင်းပြင်တွင် ထန်စစ်တပ်သည် လက်နက်ခဲယမ်းမီးကျောက်များနှင့် သူတိုစစ်သည်တော်များ၏ အရည်အသွေးအရ တာယွီစစ်တပ်ထက် များစွာ သာလွန်သည်။ ထို့ကြောင့် သူတို့သည် တိုက်ခိုက်ရန် ကြိုးပမ်းမှုတိုင်းတွင် အောင်မြင်ခဲ့ပေ၏။

ယခုမူ သူတို့ထက်ပို၍ အားကောင်းသော ပုန်းကွယ်နဂါးစစ်တပ်နှင့် ကြုံတွေ့ခဲ့ရပြီး ထန်စစ်သည်တော်အမြောက်အများ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ရုတ်တရက် အဝေးတွင် ပြန့်ကျဲနေသော ထန်စစ်တပ်သည် အမိန့်ကိုကြားပြီးနောက် ရှည်လျားသော မြွေပုံသဏ္ဌာန် တိုက်ပွဲဝင်ဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်၏။

ဤထန်စစ်သည်တော်များသည် လေးလံသော သံချပ်ကာကို ဝတ်ဆင်ထားပြီး သူတို့၏လက်များအတွင်းတွင် ရှည်လျားသော ဓားများကို ကိုင်ဆောင်ထားကြသည်။ သူတို့သည် ခေါင်းမှခြေဖျားအထိ သံချပ်ကာဖြင့် လွှမ်းခြုံထားပြီး အလွန်အမင်း သတိထားနေကြသည်။

"မိုဆေဘာဓားတပ်.... ထန်စစ်တပ်က ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုအတွက် ပြင်ဆင်နေပုံရတယ်"

"ထန်စစ်တပ်ရဲ့ တပ်မှူးက ပါရမီရှင် လီမီပဲ....သူက တော်တယ်...သူတို့သာ တပ်တွေခွဲပြီး တိုက်ခိုက်ရင် ပုန်းကွယ်နဂါးစစ်တပ်က သူတို့ကို တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိမ့်မယ်ဆိုတာကို သူ သိတယ်...ဒါကြောင့် သူက ပုန်းကွယ်နဂါးစစ်တပ်ရဲ့ ပိတ်ဆို့မှုကို ဖောက်ထွက်ဖို့ သူရဲ့သာလွန်တဲ့အင်အားအားလုံးကို စုစည်းဖို့ ရွေးချယ်ခဲ့တယ်"

"မိုဆေဘာဓားစစ်တပ်က ထန်စစ်တပ်ရဲ့ ထိပ်တန်းစစ်သည်တော်တပ်ပဲ...သူက ပုန်းကွယ်နဂါးစစ်တပ်ရဲ့ စစ်နည်းဗျူဟာကို ဆုတ်ဖြဲဖို့ ဒီဓားကို သုံးချင်နေတာပဲ..."

တာယွီစစ်ဗိုလ်ချုပ်များသည် ပုန်းကွယ်နဂါးစစ်တပ်အပေါ် အကောင်းမြင်စိတ်ရှိသောကြောင့် လုယွီကို သတိပေးခဲ့ကြသည်။

လုယွီသည် လူတိုင်း၏ စကားများကို နားထောင်သော်လည်း သူက ခေါင်းခါလိုက်သည်။

"ငါ့အမိန့်ကို နာခံကြစမ်း...တိုက်ခိုက်မှုကို ဆက်လုပ်..."

လူအများသည် ထိတ်လန့်သောအကြည့်ဖြင့် ကြည့်ကြသော်လည်း ဖူကျစ်ရွှယ်နှင့်လူတချို့သာလျှင် လုယွီ မည်သည့်ကြောင့် ဤသို့ပြုလုပ်သည်ကို သိရှိထားကြသည်။

ဤတိုက်ပွဲကို သူတို့သည် တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ရပေမည်။

အကယ်၍ လူဆယ်သန်းကျော်ရှိသော ကြီးမားသည့် စစ်တပ်တစ်တပ်ကို တော်ဝင်မြို့တော် သံမဏိတံတိုင်းတွင် တပ်စွဲထားမည်ဆိုလျှင် ဤနေရာရှိ ထောက်ပံ့ရေးပစ္စည်းများအားလုံး အချိန်တခဏအတွင်းတွင် ကုန်ဆုံးသွားပေမည်။

ပုန်းကွယ်နဂါးစစ်တပ်တွင် ထွက်ပေါက်မရှိချေ။ သူတို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် တိုက်ခိုက်မှုကို စတင်ခဲ့သည်။

"တပ်အားလုံး တိုက်ခိုက်မယ်....ပုန်းကွယ်နဂါးစစ်တပ်ကို ကူညီကြစမ်း"

ဖူကျစ်ရွှယ် စုန့်ချင်းဟူနှင့် တခြားတပ်မှူးများက အမိန့်ပေးလိုက်ကြသည်။

ရုတ်ချည်းဆိုသလိုပင် တံပိုးခရာသံတစ်သံသည် တာယွီစစ်စခန်း၏အထက်မှ မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။

စစ်စခန်း၏ တံခါးမကြီး ပွင့်သွားပြီး စစ်သည်တော်များသည် အတန်းလိုက် တံခါးကို ဖြတ်သန်းကာ စခန်း၏ပြင်ပသို့ ထွက်သွားကြသည်။

တော်ဝင်မြို့တော် သံမဏိတံတိုင်းကို တည်ဆောက်ခဲ့သည့် အချိန်မှစ၍ တာယွီစစ်တပ်သည် အမြဲတစေ အကာအကွယ်ဖြင့် ခုခံကာကွယ်သည့် အခြေအနေတွင် ရှိနေခဲ့သည်။ သူတို့သည် တစ်ကြိမ်တစ်ခါမျှ တက်ကြွစွာ မတိုက်ခိုက်ခဲ့ကြသည့်အပြင် စခန်း၏အပြင်ဘက်သို့ပင် မဆင်မခြင်မထွက်ခဲ့ကြချေ။

ယခုချိန်တွင်မူ ပုန်းကွယ်နဂါးစစ်တပ်၏ အကူအညီဖြင့် တာယွီစစ်တပ်သည် နောက်ဆုံးတွင် စခန်း၏တံခါးမကြီးမှ ထွက်လာခဲ့သည်။

"လုယွီ....မင်း မိုဆေဘာဓားတပ်ကို ဘယ်လိုကိုင်တွယ်ဖို့ စီစဉ်ထားလဲ....သူတို့ကို အထင်သေးလို့ မရဘူး"

စုန့်ချင်းဟူက ပြောဆိုသည်။

"သူတို့ တိုက်ခိုက်နေတဲ့ပုံကိုကြည့်ရင် ငါ့အတွေးအရတော့ သူတို့ရဲ့စစ်တပ်တစ်စိတ်တစ်ပိုင်းကို ဆုတ်ခွာစေပြီးတော့ သူတို့ရဲ့စစ်အင်အားကို ကုန်ဆုံးစေဖို့ ငါတို့က အဝေးကနေ တိုက်ခိုက်တာ ပိုကောင်းလိမ့်မယ်"

ချိုင်လုံရှင်းကလည်း ဝင်ရောက်ပြောဆိုသည်။

"တပ်တွေအားလုံး...တိုက်ခိုက်မှုကို ဆက်လုပ်ကြစမ်း"

လုယွီက ခေါင်းခါပြီး အမိန့်ဆက်ပေးလိုက်သည်။

မရေမတွက်နိုင်သော ပုန်းကွယ်နဂါးစစ်သည်တော်များသည် ချက်ချင်းဆိုသလိုပင် စူးရှသော မြှားများကို ပစ်လွှတ်လိုက်ကြသည်။ စိတ်ဝိညာဉ်ချိုးဖျက်ခြင်းလေးများ၏ လေးကြိုးများကို ဆွဲလိုက်ပြီးနောက် မြှားများ လေထုကိုထိုးဖောက်သွားသည့်အသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။

ဒေါင်...ဒေါင်...ဒေါင်...

သို့ရာတွင် ထိုမြှားများအားလုံးသည် မိုဆေဘာဓားစစ်သည်တော်များ၏ သံချပ်ကာပေါ်သို့ ကျရောက်သွားချိန်၌ ယခင်ကကဲ့သို့ မထိုးဖောက်နိုင်ခဲ့ချေ။

ဤမိုဆေဘာဓားစစ်သည်တော်များ ဝတ်ဆင်ထားသော သံချပ်ကာသည် အလွန်မာကျောပြီး သံချပ်ကာ၏မျက်နှာပြင်ပေါ်တွင် မှော်စွမ်းအားစီးကြောင်းများ စီးဆင်းနေသည်။ ထိုသံချပ်ကာများသည် စိတ်ဝိညာဉ်ချိုးဖျက်ခြင်းမြှားများ၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်ခဲ့သည်။

"သတ်....."

မိုဆေဘာဓားစစ်ဗိုလ်ချုပ်၏မျက်နှာပေါ်တွင် မောက်မာထောင်လွှားသော အမူအယာတစ်ရပ် ရှိသည်။ သူသည် သူ၏ရှေ့မှ ပုန်းကွယ်နဂါးစစ်တပ်ကို မထီမဲ့မြင်ပြုသည့်အကြည့်ဖြင့် ကြည့်ကာ လျင်မြန်စွာ ချီတက်လာသည်။

သူတို့၏အရှိန်သည် အတော်လေး မြန်ဆန်ပေ၏။ သူတို့အနက်မှ တစ်ယောက်စီတိုင်းနီးပါးသည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့သည် ဂျင်ရာပေါင်းများစွာ လေးလံသော သံချပ်ကာကို ဝတ်ဆင်ထားသော်လည်း မည်သည့်ဖိအားကိုမျှ မခံစားရသည့်အလားပင်။ သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်၏ ရှေ့သို့ ရောက်ရှိနေလေပြီ။

Chapter 4720

မိုးကောင်းကင်ယံတွင် မှော်စွမ်းအားအဆောင်လက်ဖွဲ့များဖြင့် ပြည့်နှက်နေသည်။

သို့ရာတွင် ထိုသို့ဖြစ်နေသော်လည်း ပုန်းကွယ်နဂါးစစ်တပ်သည် မဆုတ်ခွာခဲ့ချေ။

အေးစက်သော သံခေါင်းစွပ်များသည် စစ်သည်တော်အားလုံး၏ မျက်နှာများကို ဖုံးအုပ်ထားသည်။ မည်သူမျှ သူတို့၏မျက်နှာများကို ရှင်းလင်းစွာ မမြင်နိုင်ပေ။

သို့ရာတွင် ပုန်းကွယ်နဂါးစစ်တပ်၏ သတ်ဖြတ်လိုစိတ်သည် မအားနည်းခဲ့ချေ။

"လက်နက်တွေကို သိမ်းပြီး အဆောင်လက်ဖွဲ့တွေကို ပြောင်းကြစမ်း"

ပုန်းကွယ်နဂါးစစ်ဗိုလ်ချုပ်များမှ အော်လိုက်သည်နှင့် အမိန့်များသည် တိုက်ပွဲဝင်ဖွဲ့စည်းတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။

စစ်သည်တော်များအားလုံးသည် ဤအမိန့်ကိုကြားချိန်တွင် သူတို့၏မှော်လက်နက်များကို စနစ်တကျ သိမ်းဆည်းပြီး အဆောင်လက်ဖွဲ့များကို ထုတ်ယူလိုက်ကြသည်။

အဆောင်လက်ဖွဲ့များ လေထုအတွင်းသို့ မြောက်တက်သွားသည်။ ပုန်းကွယ်နဂါးစစ်သည်တော်များသည် ထိုအရာပေါ်ရှိ ဟင်္သာပြဒါးမင်ဖြင့် ရေးဆွဲထားသော သင်္ကေတများအတွင်းသို့ မှော်စွမ်းအားများ ထည့်သွင်းလိုက်၏။ အဆောင်လက်ဖွဲ့၏မျက်နှာပြင်သည် ချက်ချင်းဆိုသလိုပင် တောက်ပသော ရွှေရောင်အလင်းတန်းဖြင့် လင်းလက်သွားသည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်သည် အဆောင်လက်ဖွဲ့ထံမှ ထွက်ပေါ်လာပြီး သတ်ဖြတ်ခြင်းအငွေ့အသက်သည် ပတ်ဝန်းကျင်တွင် မုန်တိုင်းတစ်ခုအလား ပျံ့လွင့်နေသည်။

တစ်ချိန်တည်းမှာပင် မိုဆေဘာဓားတပ်သည် သူတို့ရှေ့သို့ ရောက်ရှိနေလေပြီ။

"လျှို့ဝှက်ဆန်းကြယ်ချင်ယောင် ဆောင်နေတာပဲ...."

မိုဆေဘာဓားစစ်ဗိုလ်ချုပ်က လှောင်ပြောင်လိုက်သည်။

သို့ရာတွင် နောက်ထပ်အချိန်တခဏ၌ သူ၏မျက်နှာပေါ်ရှိအပြုံး အေးခဲသွားသည်။

သူ၏ရှေ့ရှိ ပုန်းကွယ်နဂါးစစ်သည်တော်များအားလုံးနီးပါးသည် သူတို့၏မှော်စွမ်းအားကိုအသုံးပြု၍ အဆောင်လက်ဖွဲ့ကို အသက်သွင်းနေသည်အား သူ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ဤအဆောင်လက်ဖွဲ့များ၏ အရည်အသွေးသည် အလွန်မြင့်မားပေ၏။ ထိုအရာများအနက်မှ တချို့တွင် အထူးသင်္ကေတ အမှတ်အသားများပင် ရှိသည်။ ထိုအရာများသည် အထွတ်အထိပ်အဆင့် အဆောင်လက်ဖွဲ့များပင်။ မှော်စွမ်းအားများ ထည့်သွင်းလိုက်သည်နှင့် အဆောင်လက်ဖွဲ့၏အရှိန်အဝါများ တဝုန်းဝုန်းထလာပြီး ကြီးမားကျယ်ပြန့်သည်။

"ခဏနေအုံး.... ဒါတွေအားလုံးက အထွတ်အထိပ်အဆင့် အဆောင်လက်ဖွဲ့တွေပဲ" စစ်မြေပြင်တပြင်လုံးတွင် ရှိနေသောလူများ မှင်တက်သွားသည်။

အထွတ်အထိပ်အဆင့် အဆောင်လက်ဖွဲ့များသည် အထွတ်အထိပ်အဆင့် မှော်ရတနာများထက်ပင် ပို၍အဖိုးတန်သော တည်ရှိမှုတစ်ခုဖြစ်သည်။

တာယွီတော်ဝင်စစ်တပ်တွင်ပင် ပုံမှန်အားဖြင့် ထိုသို့သော အဆောင်လက်ဖွဲ့ကို ပိုင်ဆိုင်သူဟူ၍ လူအနည်းငယ်သာ ရှိသည်။

အထူးသဖြင့် ထိုအဆောင်လက်ဖွဲ့များကို သေရေးရှင်ရေးတိုက်ပွဲတွင် ပိတ်မိနေပြီး ထိုအရာကို အသုံးပြုရန်မှတပါး တခြားရွေးချယ်စရာမရှိသည့်အချိန်မှ ထုတ်ယူလေ့ရှိသည်။

ဤသည်မှာ တစ်စုံတစ်ယောက်သည် သူ၏အသက်ကို ကယ်တင်ရန် နောက်ဆုံးနည်းလမ်းအဖြစ် အသုံးပြုသည့်အရာပင်။ မည်သူကမျှ ပုန်းကွယ်နဂါးစစ်တပ်ကဲ့သို့ ရန်သူများကို မြင်သည်နှင့်တစ်ပြိုင်နက် အဆောင်လက်ဖွဲ့များကို ဆင့်ခေါ်မည်မဟုတ်ပေ။

"တပ်စုစည်းပြီး ဝင်္ကပါဖွဲ့စည်းကြစမ်း"

မိုဆေဘာဓားစစ်ဗိုလ်ချုပ်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သူ၏နောက်ရှိ မိုဆေဘာဓားစစ်သည်တော်များအားလုံးသည် တပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြပြီး သူတို့၏အသံများသည် ပတ်ဝန်းကျင်ကို မိုးခြိမ်းသံကဲ့သို့ တုန်ခါသွားစေသည်။

သူတို့၏သွေးများ ဆူပွက်လာပြီး လေထုအတွင်းသို့ မြင့်တက်ကာ မိုးကောင်းကင်ယံတွင် စုစည်းသွားကြသည်။ မိုဆေဘာဓားစစ်သည်တော်အားလုံး၏ သံချပ်ကာနှင့်ဆေဘာဓားများသည် အသက်ဝင်လာပြီး သွေးနီရောင်ဝင်္ကပါတစ်ခုအဖြစ် ချက်ချင်းဖွဲ့စည်းသွားသည်။

ဤလုပ်ရပ်အားလုံးကို တစ်ဆက်တည်း ပြုလုပ်ခဲ့သည်။

သူတို့သည် ထန်စစ်တပ်၏ တပ်ဦးအဖြစ် တာဝန်ထမ်းဆောင်နိုင်သည့်အချက်သည် သူတို့ မည်မျှ အားကောင်းသည်ကို ပြသနေပေ၏။

သို့ရာတွင် မိုဆေဘာဓားတပ်သည် လျင်မြန်သော်လည်း ပုန်းကွယ်နဂါးစစ်တပ်သည် ပို၍ပင် လျင်မြန်သည်။

"ပစ်...."

ပုန်းကွယ်နဂါးစစ်ဗိုလ်ချုပ်များက လှောင်ပြောင်လိုက်ကြသည်။ သူတို့သည် သူတို့၏လက်များကို မြင့်မြင့်မြှောက်ပြီးနောက် ချလိုက်ကြသည်။

မိုးကောင်းကင်ယံကို ပြည့်နှက်နေသော အဆောင်လက်ဖွဲ့သည် မိုးစက်များကဲ့သို့ ကျရောက်လာသည်။

ဤအဆောင်လက်ဖွဲ့များသည် လူများ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားချိန်တွင် ချက်ချင်း ပေါက်ကွဲသွားပြီး ဖျက်ဆီးအားပြင်းသော ပေါက်ကွဲမှုကို ဖြစ်ပေါ်စေသည်။

မိုဆေဘာဓားစစ်ဗိုလ်ချုပ်သည် အော်ဟစ်လိုက်ပြီး ပေါက်ကွဲမှုကြောင့် နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်လိုက်ရသည်။ သို့ရာတွင် သူ တုံ့ပြန်နိုင်ခြင်း မရှိသေးမီမှာပင် နောက်ထပ်အဆောင်လက်ဖွဲ့တစ်ခုသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပေ၏။

ထို့နောက်မှနေ၍ တတိယနှင့် စတုတ္ထမြောက် အဆောင်လက်ဖွဲ့များ ရောက်ရှိလာပြီး အဆက်မပြတ် ပေါက်ကွဲနေကြသည်။

မိုဆေဘာဓားတပ်စစ်ဗိုလ်ချုပ်၏ သံချပ်ကာသည် ကြေမွသွားပြီး သူသည် သွေးတစ်လုတ်အန်လိုက်သည်။ သူ တန်ပြန်တိုက်ခိုက်တော့မည့်ဆဲဆဲတွင် နောက်ထပ်အဆောင်လက်ဖွဲ့တစ်ခုသည် သူ၏နဖူးပေါ်သို့ ကျရောက်လာပေ၏။

ဘုန်း....

နားကွဲလုမတတ် ပေါက်ကွဲသံနှင့်အတူ မိုဆေဘာဓားတပ်စစ်ဗိုလ်ချုပ်၏ခေါင်းသည် ပုန်းကွယ်နဂါးစစ်တပ်အနီးသို့ မချဉ်းကပ်နိုင်သေးမီမှာပင် ပေါက်ကွဲသွားသည်။ သူ၏အသွေးအသားများသည် နေရာအနှံ့အပြားသို့ ဖြာကျသွားပေ၏။

ကြီးမားသော မိုဆေဘာဓားတပ်၏ တိုက်ပွဲဝင်ဝင်္ကပါ ချက်ချင်းပျက်စီးသွားသည်။ မရေမတွက်နိုင်သော စစ်သည်တော်များသည် အဆောင်လက်ဖွဲ့များ၏ ထိမှန်ခြင်းကို ခံရပြီးနောက် သူတို့၏ခေါင်းများ ပေါက်ကွဲကာ သူတို့၏အသားအသားများ နေရာအနှံ့အပြားသို့ လွင့်စင်သွားသည်။

"တိုးဝင်ကြစမ်း"

ထန်စစ်သည်တော်အားလုံး၏ မျက်လုံးများသည် နီမြန်းနေပြီး ပုန်းကွယ်နဂါးစစ်တပ်၏ လားရာဘက်သို့ အသည်းအသန် တိုးဝင်လာကြသည်။

"ထပ်လွှတ်..."

ပုန်းကွယ်နဂါးစစ်ဗိုလ်ချုပ်များသည် အဆောင်လက်ဖွဲ့များ ကုန်ဆုံးသွားမှုကို အနည်းငယ်မျှ ဂရုမစိုက်ပေ။

ကောင်းကင်ကို အုပ်မိုးပြီး မြေပြင်ကို ဖုံးလွှမ်းထားသော အဆောင်လက်ဖွဲ့များသည် မိုးစက်များအလား အရပ်မျက်နှာအနှံ့အပြားသို့ လွှမ်းခြုံသွားသည်။ ထန်စစ်သည်တော်များသည် ဖြတ်တောက်ခံရသော ဂျုံပင်များကဲ့သို့ လဲကျသွားပေ၏။

"ငါ ဒါကို လက်မခံနိုင်ဘူး....ငါ လက်မခံဘူး" ထန်စစ်ဗိုလ်ချုပ်တစ်ဦးသည် သွေးအိုင်ထဲသို့ လဲကျသွားပြီး မျှော်လင့်ချက်ကင်းမဲ့စွာ ဟိန်းဟောက်လိုက်သည်။

အဆောင်လက်ဖွဲ့တစ်ခုသည် သူ၏ခေါင်းပေါ်သို့ ကျရောက်လာပြီး ချက်ချင်း ပေါက်ကွဲသွားကာ ထိုဗိုလ်ချုပ်ကို သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားစေသည်။

All Chapters