အခန်း (၄၇၂၁-၄၇၂၅)
Vol. 239 Ch. 4721-4725
Chapter 4721
ထန်စစ်တပ်သည် ဤကဲ့သို့ ပြင်းထန်သည့် ထိုးနှက်ချက်ကို တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ရဖူးချေ။
ထန်စစ်တပ်သည် မိုင်ထောင်ပေါင်းများစွာအကွာမှ ချီတက်လာကာ တော်ဝင်မြို့တော်ကို တိုက်ခိုက်ခဲ့စဥ်ကတည်းက တာယွီစစ်တပ်သည် ရှုံးနိမ့်ပြီး ဆုတ်ခွာနေခဲ့သည်။ သူတို့သည် ထန်စစ်တပ်၏ တိုက်ခိုက်မှုကို ထိရောက်စွာ တားဆီးနိုင်ခြင်း မရှိခဲ့ပေ။
သို့သော် ယခုချိန်တွင်မူ ထန်စစ်တပ်သည် အကြီးအကျယ် သေကြေဒဏ်ရာရခဲ့သည်။ ထန်စစ်သည်တော်များ၏ အလောင်းများသည် နေရာအနှံ့အပြား၌ ပြန့်ကျဲနေပေ၏။
ထန်စစ်သည်တော်များသည် မကြုံစဖူးသော နာကြည်းမှုကို ခံစားလိုက်ရသည်။ သူတို့သည် လုယွီထံသို့ မချဉ်းကပ်နိုင်သေးမီမှာပင် အသတ်ခံခဲ့ရသည်။
တစ်ဖက်ရန်သူများသည် သူတို့အပေါ်တွင် ကျင့်ကြံဆင့်စွမ်းအားများကိုပင် မသုံးခဲ့ကြချေ။ ဤသည်မှာ သူတို့ စိတ်အပျက်ဆုံးကိစ္စပင်။
ပုန်းကွယ်နဂါးစစ်တပ်သည် လက်နက်ခဲယမ်းမီးကျောက်များအရာ၌ အားသာချက်ရှိသည်။ အဆောင်လက်ဖွဲ့များသည် ထန်စစ်တပ်၏တိုက်ပွဲဝင်ဝင်္ကပါအတွင်းသို့ ပြင်းထန်စွာ ကျရောက်သွားပြီးနောက် မကြာမီမှာပင် ထန်စစ်တပ်သည် အသေအပျောက်များစွာ ခံစားခဲ့ရသည်။
နံဘေးမှကြည့်ရှုနေသော တာယွီစစ်ဗိုလ်ချုပ်များသည်လည်း ထိတ်လန့်သွားကြသည်။
ပုန်းကွယ်နဂါးစစ်တပ်၏ အခြေခံအုတ်မြစ်သည် အမှန်တကယ်ကို အလွန်နက်ရှိုင်းပေ၏။
ထို့ပြင် လုယွီ၏ အဆိုအရ အရှေ့နိုင်ခြင်းကြယ်မြစ်တစ်ခုလုံးရှိ လူတိုင်းနီးပါး ကျင့်ကြံကြသည်။ ထို့ပြင် သူတို့အားလုံးသည် လက်နက်များထုတ်လုပ်ရန် အတူတကွ လုပ်ဆောင်ကြလေ၏။
ဤသို့သော စစ်ဘက်စက်ယန္တရားတစ်ခုကို အသက်သွင်းလိုက်သည်နှင့် ထိုအရာ၏စွမ်းအားသည် စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်သွားပေမည်။
ထန်စစ်တပ်မှစစ်သည်တော်တိုင်းသည် ခါးသည်းသော တိုက်ပွဲတွင် ပါဝင်နေကြပြီး သူတို့၏နံဘေးပတ်လည်တွင် ရဲဘော်ရဲဘက်များ အဆက်မပြတ် ပြိုလဲနေကြသည်။ အစွမ်းထက်ဆုံး မိုဆေဘာဓားတပ်ပင်လျှင် ဤအချိန်တွင် သူတို့၏အဖွဲ့ဝင် တစ်ဝက်ကျော် ဆုံးရှုံးခဲ့ရသဖြင့် သူတို့ထံတွင် ယခင်ကဲ့သို့ အားကောင်းသော တိုက်ခိုက်ရေးအင်အား မရှိတော့ချေ။
လေထုအတွင်း၌ သွေးနံ့များဖြင့် ပြည့်နှက်နေသည်။ ထန်စစ်တပ်ကို ကြည့်လျှင် သူတို့၏တိုက်ပွဲဝင်ဝင်္ကပါကို ထိန်းသိမ်းရန် ခက်ခဲနေသည်။ သူတို့သည် ရှုံးနိမ့်ပြီး ဆုတ်ခွာစ ပြုနေကြလေပြီ။
အဆက်မပြတ် ပစ်ခတ်မှုအောက်တွင် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သည်တော်အများစု၏ အဆောင်လက်ဖွဲ့များ ကုန်ခမ်းတော့ပေမည်။
"သူတို့မှာ အဆောင်လက်ဖွဲ့ မရှိတော့ဘူး...ဒီအခွင့်အရေးကိုယူပြီး သူတို့ကို သတ်စမ်း"
ထန်စစ်သည်တော်များ၏ မျက်လုံးများ လင်းလက်သွားပြီး သူတို့သည် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။
နောက်ဆုံးတွင် သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်၏ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ကြသည်။
ထန်စစ်သည်တော်များသည် အလွန်ဝမ်းသာသွားပေ၏။ သူတို့သည် ဟိန်းဟောက်ကာ ပြေးထွက်သွားပြီး လက်အတွင်းတွင် မှော်လက်နက်များကို ကိုင်ဆောင်ထားကြသည်။ သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်ကို သင်ခန်းစာပေးလိုနေကြသည်။
သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် ပုန်းကွယ်နဂါးစစ်တပ်မှ ဗိုလ်ချုပ်အနည်းစု၏ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသည့် အပြုံးများ ရှိနေကြသည်။
"ပထမတပ်ရင်းဆယ်ခုကို ဆုတ်ခွာလိုက်.... နောက်ဆုံးတပ်ရင်းဆယ်ခုက နေရာကို လွှဲပြောင်းယူပြီး ရှေ့ကို ဆက်ပြီးတိုက်ခိုက်စမ်း...."
အမိန့်များကို စစ်ဗိုလ်ချုပ်များမှ အရာရှိငယ်များသို့ပေးကာ စနစ်တကျ ဆောင်ရွက်နေသည်။
အစောပိုင်းက တိုက်ခိုက်ခဲ့သော ပုန်းကွယ်နဂါးစစ်သည်တော်များသည် ပြန်လည်အနားယူရန် ပြန်သွားကြသည်။ သူတို့၏စွမ်းအားကို ထိန်းသိမ်းထားခဲ့သော တခြားတပ်ရင်းများမှ စစ်သည်တော်များသည် ရှေ့သို့ ရွေ့လျားသွားကြ၏။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာ မပြည့်မီမှာပင် ပုန်းကွယ်နဂါးစစ်တပ်၏ ကြီးမားသော ဗျူဟာသည် သူတို့၏ပြောင်းလဲမှုကို ပြီးမြောက်ခဲ့ပြီးဖြစ်သည်။ သူတို့သည် နီးကပ်စွာနှင့် တင်းကြပ်စွာ ပူးပေါင်းဆောင်ရွက်ကြသည်။ သူတို့သည် ပုံမှန်နေ့များတွင် ဤပူးပေါင်းမှုကို အကြိမ်မည်မျှထိ လေ့ကျင့်ခဲ့သည်ကို မည်သူမျှ မသိနိုင်ချေ။
ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သည်တော်များသည် သူတို့၏သက်ဆိုင်ရာ မှော်လက်နက်များကို တစ်ခုပြီးတစ်ခု ဆင့်ခေါ်လိုက်ကြသည်။
မရေမတွက်နိုင်သော မှော်လက်နက်များ၏ တောက်ပမှုသည် ကြယ်တာရာကောင်းကင်ယံတွင် ထွန်းလင်းတောက်ပနေပြီး ထန်စစ်သည်တော်အားလုံး၏ မျက်လုံးများကို လွှမ်းမိုးသွားသည်။
"တပ်တွေအားလုံး ခုခံကာကွယ်စမ်း"
ထန်စစ်ဗိုလ်ချုပ်များသည် ဤမြင်ကွင်းကို မြင်ချိန်၌ သူတို့၏ဆံပင်များ ထောင်ထသွားပြီး ခက်ထန်တင်းမာစွာ အမိန့်ပေးလိုက်သည်။
သူ ဤသို့ပြောသည်နှင့် တပြိုင်နက်တည်းမှာပင် ပုန်းကွယ်စစ်တပ်သည် သူတို့၏မှော်လက်နက်များကို ထုတ်ယူခဲ့ပြီးဖြစ်သည်။
သောင်းနှင့်ချီသော မှော်လက်နက်များ၏အရှိန်အဝါများသည် မိုးကောင်းကင်သို့ ထိုးတက်သွားပေ၏။ ဤမှော်လက်နက်တစ်ခုစီသည် ကွဲပြားခြားနားသည်။ ထိုအရာများသည် စံသတ်မှတ်ထားသော လက်နက်များမဟုတ်ဘဲ စစ်သည်တော်တစ်ဦးစီ၏ လိုအပ်ချက်များအရ အထူးပြုလုပ်ထားခြင်းဖြစ်သည်။
ပေတစ်သိန်းကျော်ရှည်သော အလင်းတန်းတစ်တန်းသည် လေထုအတွင်းတွင် အချိန်တခဏကြာမျှ စုစည်းသွားပြီးနောက် ထန်စစ်သည်တော်များကို ပစ်ခတ်လိုက်သည်။
ဖျက်ဆီးအားပြင်းသော ထိုးနှက်ချက်တစ်ခု ရောက်ရှိလာပြီးနောက်.....
မရေမတွက်နိုင်သော မှော်စွမ်းအားအလင်းတန်းများသည် အရပ်မျက်နှာအနှံ့အပြားသို့ လွှမ်းခြုံသွားသည်။ ရှေ့ဆုံးမှ တိုးဝင်လာသော ထန်စစ်သည်တော်များသည် စကားတစ်ခွန်း အော်ဟစ်ရန်ပင် အချိန်မကျသေးမီမှာပင် ချက်ချင်း ပြာကျသွားကြသည်။
တိုက်ပွဲဖြစ်ပွားချိန် နှစ်နာရီမပြည့်မီမှာပင် ထန်စစ်သည်တော် အမြောက်အများ သေဆုံးသွားပြီး စစ်ဗိုလ်ချုပ်တစ်ဝက်ကျော်သည်လည်း စစ်မြေပြင်ပေါ်တွင် သွေးအိုင်များအတွင်း၌ လဲလျောင်းနေရသည်။
"ဟား ဟား ဟား...လုယွီ...မင်း ဒီတစ်ခေါက် ကြီးမားတဲ့ ပံ့ပိုးကူညီမှုတစ်ခုကို လုပ်ခဲ့တာပဲ... ထန်စစ်တပ်က ရှုံးတော့မယ်"
စုန့်ချင်းဟူက အော်ဟစ်ရယ်မောလိုက်သည်။
အဓိကဗိုလ်ချုပ်များအနေဖြင့် သူတို့သည် တိုက်ပွဲကို သူတို့ကိုယ်တိုင် မတိုက်ခိုက်ဘဲ နောက်တန်းတွင် တပ်ဖွဲ့စည်းပုံကို ထိန်းသိမ်းထားကြသည်။
ဤသည်မှာ တပ်ရင်းများကြားမှ တိုက်ပွဲတစ်ပွဲဖြစ်သည်။ ဆိုရိုးစကားအတိုင်း လက်သီးနှစ်လုံးသည် လက်လေးချောင်းကို တိုက်ခိုက်ရန် ခက်ခဲသည်။ ထိပ်တန်းကျင့်ကြံသူများပင်လျှင် စစ်သည်တော်တစ်သောင်းအကြားသို့ ကျရောက်သွားပါက ကျဆုံးသွားလိမ့်မည်။
နှစ်ဖက်စလုံးတွင် ထိပ်တန်းကျင့်ကြံသူများကို တိုက်ပွဲတွင် ပါဝင်ခွင့်မပြုသည့် တိတ်တဆိတ် သဘောတူညီချက်တစ်ခု ရှိသည်။
Chapter 4722
တာယွီစစ်ဗိုလ်ချုပ်အားလုံးသည် အားပေးကြွေးကြော်ကာ ဂုဏ်ပြုနေကြသည်။
ဤတစ်ကြိမ်တွင် တာယွီအင်ပါယာဘက်မှအကြီးမားဆုံးသော အောင်ပွဲကို သေချာပေါက် ရရှိခဲ့သည်။
သို့ရာတွင် လုယွီသည် မျက်မှောင်ကြုတ်နေဆဲဖြစ်ပြီး အဝေးမှ စစ်မြေပြင်ကို စကားတစ်ခွန်းမျှမဆိုဘဲ စူးစိုက်ကြည့်နေသည်။
"ဂျူနီယာညီလေး... ဘာတွေကို မြင်နေရလို့လဲ"
ဖူကျစ်ရွှယ်သည် လုယွီ၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိပြုမိပြီး မေးမြန်းလိုက်၏။
လုယွီက ခေါင်းခါလိုက်သည်။
"ထန်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေက နည်းနည်းထူးဆန်းနေတယ်လို့ ငါ ခံစားနေရတယ်"
"ထူးဆန်းနေတာလား..."
ဗိုလ်ချုပ်အားလုံးမှာ အဝေးတွင် အသက်လုကာအော်ဟစ်နေကြသော ထန်စစ်တပ်ကို ကြည့်လိုက်ကြပြီး မည်သည့်အရာက ထူးဆန်းနေသည်ကို နားမလည်ကြချေ။
လုယွီက ပြောဆိုသည်။
"ထန်စစ်တပ်ရဲ့ တပ်မှူးက ငတုံးတစ်ယောက်မဟုတ်ဘူး... သူတို့အင်အားစုစည်းရင်တောင် ပုန်းကွယ်နဂါးစစ်တပ်ကို သိပ်ပြီးထိခိုက်မှုမပေးနိုင်ဘူးဆိုတာ သိနေမှတော့ သူတို့က ကာကွယ်ရေးကနေ တိုက်ခိုက်ရေးကို ပြောင်းသင့်တယ်...သူတို့က ထိခိုက်သေဆုံးမှုကို တတ်နိုင်သလောက် လျှော့ချဖို့ ကြိုးစားသင့်တယ်"
"ဒါပေမဲ့ ကြည့်လိုက်အုံး.... ထန်စစ်တပ်ဘက်မှာ လူတွေအများကြီး သေဆုံးသွားပေမဲ့ သူတို့က တိုက်ခိုက်နေတုန်းပဲ.... ဒါက သာမန်အသိတရားနဲ့ ဆန့်ကျင်နေတယ်"
လုယွီ၏ ညွှန်ပြမှုအပြီးတွင် လူတိုင်းက စစ်မြေပြင်ကို နောက်တစ်ကြိမ် ကြည့်လိုက်ကြသည်။ ဤအချိန်တွင် သူတို့၏အမြင်များ ပြောင်းလဲသွားသည်။
ဤစစ်ပွဲသည် ကြီးမားသော ကောင်းကင်ဘုံအင်ပါယာနှစ်ခုကြားမှ စစ်ပွဲပင်။
တာယွီဘက်မှ ခဏတာ အသာစီးရနေသော်လည်း ထန်စစ်တပ်ဘက်တွင်လည်း အရည်အချင်းရှိသူများဖြင့် ပြည့်နှက်နေသဖြင့် ဤကဲ့သို့ အဆင့်နိမ့်သော အမှားမျိုးလုပ်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
"ကျန်တဲ့စစ်တပ် ရှေ့ကိုမသွားကြနဲ့... တပ်ရင်းမှူးတွေဆီကို သတင်းပို့လိုက်...သူ့တို့ကို ရှေ့တန်းနားမကပ်ဖို့ ပြောလိုက်စမ်း"
လုယွီက တည်ကြည်လေးနက်သောအသံဖြင့် ပြောလိုက်သည်။
"အုပ်ချုပ်သူအရှင်လု...မင်း အရမ်းစိုးရိမ်လွန်နေတာများလား...."
"ထန်စစ်တပ်က ခုခံနိုင်စွမ်း မရှိတော့ဘူး.... သူတို့ရဲ့ ရှေ့ပြေးတပ်က ချည့်နဲ့သွားပြီ...အခုက အောင်ပွဲကို အခွင့်ကောင်းယူပြီး ရလဒ်တွေ တိုးပွားအောင် လိုက်လံတိုက်ခိုက်သင့်တယ်... သူတို့က သံသယဖြစ်အောင် ကြိုးစားနေတာ သိသာတယ်"
စစ်ဗိုလ်ချုပ်တချို့က အကြံပြုကြသည်။
သူတို့သည် ဤကဲ့သို့ ကြီးမားသော အောင်ပွဲမျိုးကို မကြုံတွေ့ရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
တာယွီစစ်သည်တော်များ၏မျက်လုံးများ နီမြန်းနေပြီး သေဆုံးသွားခဲ့သော သူတို့၏ရဲဘော်ရဲဘက်များအတွက် လက်စားချေရန် ထန်စစ်သည်တော်များအားလုံးကို သတ်ဖြတ်လိုကြသည်။
"ခဏလောက် စောင့်ကြည့်ရအောင်"
လုယွီ၏အမူအယာသည် တည်ကြည်လေးနက်နေပြီး စစ်မြေပြင်တစ်ခုလုံး၏ အခြေအနေကို ကြည့်ရှုနေသည်။
ထန်စစ်တပ်သည် ဆက်လက်၍ ပြိုလဲနေပေ၏။ အလယ်မှ တပ်ဖွဲ့စည်းပုံ တဖြည်းဖြည်း ချိုင့်ဝင်သွားသည်။ ထန်တပ်မှူး၏အလံသည် လေထုအတွင်းတွင် တလူလူလွင့်နေပြီး တာယွီစစ်သည်တော်များသည် ထိုနေရာသို့ ရောက်လုနီးပါး ဖြစ်နေလေပြီ။
"ရှေ့ဆက်တက်..."
ပုန်းကွယ်နဂါးစစ်ဗိုလ်ချုပ်များ၏ အမိန့်အရ ပုန်းကွယ်နဂါးစစ်တပ်သည် လျင်မြန်စွာ ရှေ့သို့ချီတက်လိုက်၏။
အားမာန်ပြည့်ဝသောခြေသံများ ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေသည်။ ခြေတစ်လှမ်းချင်းစီသည် လူတစ်ဦး၏ နှလုံးသားကို နင်းခြေနေသည့်အလားပင်။
ကြီးကျယ်ခမ်းနားသော ပုန်းကွယ်နဂါးစစ်တပ်မတော်နှင့် နှိုင်းယှဉ်လျှင် ထန်စစ်တပ်သည် ရှုံးနိမ့်သွားသော စစ်တပ်တစ်တပ်အလား အကာအကွယ်များအားလုံး ဆုံးရှုံးနေသည်။
အရေးကြီးဆုံးအချက်မှာ ပုန်းကွယ်နဂါးစစ်တပ်၏ စစ်လက်နက်ပစ္စည်းများ အလွန်အားကောင်းနေခြင်းပင်။
မိုးကောင်းကင်ယံတွင် ပြည့်နှက်နေသော အဆောင်လက်ဖွဲ့များနှင့် မြှားချွန်များသည် အဆုံးမရှိသည့်အလားပင်။ ထိုအရာများသည် မည်သည့်အချိန်မှ ကုန်ဆုံးသွားမည်ကို မည်သူမျှ မသိနိုင်ချေ။
"ထန်စစ်တပ်က ဒီလောက်ပါပဲ...နန်းတွင်းကိုယ်ရံတော်တပ်က ငါတို့ရဲ့ စစ်ဘက်ဆိုင်ရာ သိုလှောင်ရုံတွေကို သိမ်းပိုက်ထားလို့သာ ...မဟုတ်ရင် အရင်တိုက်ပွဲတွေတုန်းက ငါတို့ ဒီလောက်ထိ ဆိုးရွားတဲ့ အခြေအနေမှာ ရှိနေမှာမဟုတ်ဘူး"
"နန်းတွင်းကိုယ်ရံတော်တပ်က ဆုတ်ခွာသွားပြီ သူတို့တွေက စစ်လက်နက်ပစ္စည်းတွေ ချန်ထားခဲ့လား မသိဘူး..."
"ငါ လူတစ်ယောက်ကိုလွှတ်ပြီး သွားကြည့်ခိုင်းပြီးပြီ....နန်းတွင်းကိုယ်ရံတော်တပ်က သူတို့ရဲ့ စစ်လက်နက်ပစ္စည်းတွေအားလုံးကို ရုတ်သိမ်းသွားတယ်...မြင်းတွေလို အခြေခံအကျဆုံး တိုက်ခိုက်ရေးအင်အားတွေတောင် ရုတ်သိမ်းသွားတယ်...ဘာမှ မကျန်ခဲ့ဘူး..."
"ရှထျန်ကန်း...အဲ့ဒီလူယုတ်မာက ငါတို့ ဒေသခံတပ်တွေကို သေတွင်းထဲ တွန်းပို့နေတာပဲ..."
ပတ်ဝန်းကျင်မှ တာယွီစစ်ဗိုလ်ချုပ်များသည် စတင်၍ဆွေးနွေးလိုက်လာကြပြီး သူတို့၏ စစ်တပ်မဟာများကို စစ်စခန်း၏တံခါးများရှေ့တွင် အသင့်နေရန် အမိန့်ပေးနေကြသည်။
ဤဒေသခံစစ်တပ်များသည် စစ်မြေပြင်၏ အဓိကနေရာသို့ မဝင်ရောက်ကြချေ။ သူတို့သည် လုယွီ၏ အမိန့်ကို ရရှိမှသာ စစ်တပ်များအားလုံး ဝင်ရောက်တိုက်ခိုက်ကြပေမည်။
ရုတ်တရက် လုယွီ၏မျက်ခွံများ လှုပ်သွားသည်။ နောက်ဆုံးတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူ မြင်နိုင်ခဲ့လေပြီ။
"ပုန်းကွယ်နဂါးစစ်တပ်.. .နားထောင်ပြစမ်း.. တပ်ဖွဲ့တွေအားလုံး ဆုတ်ခွာမယ်"
လုယွီက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဤအသံသည် တောက်ပသော မိုးခြိမ်းသံကဲ့သို့ စစ်မြေပြင်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။
ပုန်းကွယ်နဂါးစစ်တပ်သည် လေ့ကျင့်မှုများစွာ ဖြတ်သန်းခဲ့ပြီး အမိန့်များကို လိုက်နာသော်လည်း သူတို့သည် ရုတ်တရက် ဤအမိန့်ကို ကြားချိန်၌ အံ့အားသင့်သွားကြသည်။
Chapter 4723
ဤအချိန်တွင် သူတို့ အနိုင်ရတော့ပေမည်။
လက်ရှိအခြေအနေအရ ပုန်းကွယ်နဂါးစစ်တပ်သည် ထန်စစ်တပ်ကို ဖိနှိပ်နေပြီး ထန်စစ်သည်တော်များထံတွင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။
လုယွီက ရုတ်တရက် စွတပ်တစ်တပ်လုံးကို ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။ တပ်မှူးအချို့ပင်လျှင် တုံ့ပြန်ချိန်မရလိုက်ချေ။
"လုယွီ....မင်း ဘာမြင်လိုက်တာလဲ"
စုန့်ချင်းဟူက အလေးအနက်သောလေသံဖြင့် မေးမြန်းသည်။
လုယွီက မျက်မှောင်ကြုတ်ပြီး စစ်မြေပြင်ကို စူးစိုက်ကြည့်နေသည်။
"သူတို့က ငါတို့ကို ဝိုင်းနေတာပဲ"
လုယွီက အသက်ပြင်းပြင်းရှိုက်ပြီး ပြောဆိုသည်။
"ငါတို့ မှားသွားတယ်...မိုဆေဘာဓားတပ်က ထန်စစ်တပ်ရဲ့ အဓိကတပ်မဟုတ်ဘူး...သူတို့ရဲ့ အဓိကတပ်က တောင်ပံနှစ်ဖက်မှာ ရှိနေတာပဲ..."
ထန်တပ်မတော်၏တပ်ဖွဲ့စည်းပုံသည် မည်သည်ကြောင့် ခွက်ဝင်နေသော ပုံသဏ္ဌာန်သို့ ပြောင်းလဲသွားသနည်း...
ပုန်းကွယ်နဂါးစစ်တပ်၏ အင်အားဖြင့် သူတို့သည် စစ်မြေပြင်တစ်ခုလုံးကို တွန်းထုတ်နိုင်ခဲ့သင့်သည်။ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာမည် မဟုတ်ချေ။
ဤသည်မှာ ထန်စစ်တပ်၏ စစ်တောင်ပံနှစ်ဖက်သည် အလွန်အားကောင်းသည်ဟု ဆိုလိုပေ၏။ သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်၏ တိုက်ခိုက်မှုကို အမှန်တကယ်ပင် ပိတ်ဆို့ထားနိုင်ခဲ့သည်။
"နောက်ကျသွားပြီ..."
ထန်စစ်စခန်းဘက်မှ ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် တာအိုဝတ်ရုံဝတ်လူငယ်တစ်ယောက် ထွက်လာပြီး လေဟာနယ်အတွင်းသို့ ခြေလှမ်းလိုက်သည်။ သူသည် အစိမ်းရောင်တောက်တောက်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ချောမောခန့်ညားသော မျက်နှာရှိသည်။ သူ၏ မျက်ခုံးများသည် ဖြောင့်စင်းနေပြီး သူ၏ မျက်နှာပေါ်တွင် ယုံကြည်ချက်ရှိသော အပြုံးတစ်ခု ရှိနေသည်။
ထိုတာအိုလူငယ် ထွက်ပေါ်လာသည်နှင့်အတူ မြှားတစ်စင်းသည် ရုတ်တရက် မိုးကောင်းကင်ယံကို ထိုးဖောက်သွားပေ၏။
ဤသည်မှာ အချက်ပြမြှားတစ်စင်းပင်။
စစ်မြေပြင်ပေါ်မှ ထန်တပ်ဖွဲ့အားလုံး ဤအချက်ပြမှုကို ရရှိလိုက်ပုံရသည်။ စစ်မြေပြင်၏ တောင်ပံနှစ်ဖက်စလုံးမှ ထန်တပ်ဖွဲ့များမှာ မကြုံစဖူး ပြင်းထန်သော အင်အားဖြင့် ရုတ်တရက် တိုက်ခိုက်လိုက်ကြသည်။ စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်များမှ အလင်းတန်းများသည် မိုးကောင်းကင်ယံတခွင်လုံးကို လွှမ်းခြုံသွားပြီး စစ်မြေပြင်တစ်ခုလုံးကိုလှုပ်ခတ်သွားစေသည်။
ဘုန်း...ဘုန်း...ဘုန်း....
ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားအမြောက်အများသည် တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ချက်ချင်းပင် သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ဤစစ်မြေပြင်တွင် လူ့အသက်များသည် ချက်ချင်းဆိုသလိုပင် ပြာအဖြစ်သို့ ပြောင်းလဲသွားသော ပုရွက်ဆိတ်များအလားပင်။
"ဘယ်လိုဖြစ်နိုင်မှာလဲ...သူတို့က ဒီအချိန်တလျှောက်လုံး ဟန်ဆောင်နေခဲ့တာပဲ"
လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
သူတို့၏လက်သီးများကို ဆုပ်ကာ ထန်စစ်တပ်ကို သင်ခန်းစာပေးရန် ပြင်ဆင်နေခဲ့သော တာယွီစစ်ဗိုလ်ချုပ်တချို့သည် နေရာတွင်ပင် တောင့်တင်းသွားကြပြီး သူတို့၏ မျက်လုံးများကိုပင် မယုံနိုင်ကြချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် စစ်မြေပြင်ပေါ်မှ အခြေအနေ ပြောင်းပြန်ဖြစ်သွားသည်။
ထန်စစ်တပ်၏ စစ်တောင်ပံနှစ်ဖက်မှာ ပုံမှန်မဟုတ်စွာ ပြင်းထန်လှသည်။ သူတို့သည် စစ်တောင်ပံကို ဖြည်းညှင်းစွာ ဖြန့်ကျက်ကာ ပုန်းကွယ်နဂါးစစ်တပ်ကို လုံးဝ ဝန်းရံလိုက်သော ဧရာမလက်ကြီးတစ်ဖက်နှင့် တူနေသည်။
"ဟား ဟား ဟား...လုယွီ...မင်းက ငယ်လွန်းသေးတယ်... ငါက ငယ်ငယ်ကတည်းက ထန်အင်ပါယာရဲ့တာအိုသခင်တွေနောက်ကို လိုက်ပြီးတော့ စစ်ပညာကို လေ့လာခဲ့တာ..စစ်မြေပြင်ကို အမိန့်ပေးတာမှာ ငါ့မှာ ဘာအမှားမှမရှိဘူး...မင်းမှာ အရိုင်းဆန်အင်အားပဲ ရှိတယ်... ဒီလူတွေက မင်းကြောင့် သေရတော့မယ်"
လီမီက မြင်းမြှီးယပ်တောင်ကို ဝှေ့ယမ်းပြီး အားရပါးရ ရယ်မောလိုက်သည်။
ဤရယ်သံသည် မရေမတွက်နိုင်သော လူများ၏ အာရုံကြောများကို လှုံ့ဆော်သွားနိုင်ခဲ့သည်။ ရုတ်ချည်းဆိုသလိုပင် ပုန်းကွယ်နဂါးစစ်တပ်မှ သတ္တိရှိသော ဗိုလ်ချုပ်တချို့သည် သူတို့၏ တပ်များကို ဦးဆောင်ကာ ထန်စစ်တပ်၏ ဝန်းရံမှုမှ ဖောက်ထွက်ရန် ရည်ရွယ်၍ အစွမ်းကုန် တိုးဝင်တိုက်ခိုက်လိုက်ကြသည်။
သို့ရာတွင် ထန်စစ်တပ်သည် ရုတ်တရက် သူတို့၏ တပ်ဖွဲ့စည်းပုံကို ပြောင်းလဲလိုက်၏။
ထန်စစ်သည်တော်တိုင်းသည် သူတို့၏ လက်များအတွင်းတွင် အဆောင်လက်ဖွဲ့တစ်ခုကို ကိုင်ဆောင်ထားပြီး မှော်မန္တန်တစ်ပုဒ်ကို ကျယ်လောင်စွာ ရွတ်ဆိုကာ သူတို့၏ မှော်စွမ်းအားကို အဆောင်လက်ဖွဲ့များအတွင်းသို့ ထည့်သွင်းလိုက်ကြသည်။
ပြင်းထန်သောလေပြင်းတစ်ရပ်သည် ရုတ်တရက် စစ်မြေပြင်အထက်၌ တိုက်ခတ်လာသည်။ မိုးတိမ်နှင့်မြူခိုးများ တလိမ့်လိမ့်တက်လာပြီး စစ်မြေပြင်၏အတွင်းနှင့်အပြင်ကိုလုံးလုံးလျားလျား ပိုင်းခြားလိုက်သည်။
ပြင်းထန်သော လေများ တဝီဝီတိုက်ခတ်နေသည်။ ဝန်းရံခံရမှုအတွင်းတွင် ရှိနေသော ပုန်းကွယ်နဂါးစစ်သည်တော်များအားလုံး ရုတ်တရက် မူးဝေသွားကြသည်။ သူတို့၏ ခြေလက်များ အားနည်းသွားသည်ကို ခံစားမိလေ၏။
အနက်ရောင် မှော်စွမ်းအားလှိုင်းများသည် စစ်မြေပြင်တခွင်လုံးကို ပျံ့နှံ့သွားပြီးနောက် ပုန်းကွယ်နဂါးစစ်တပ်၏ အထက်တွင် စုစည်းသွားကာ မီတာပေါင်းများစွာရှည်သော ဓမ္မပုံရိပ်ယောင်ကြီးကို ဖွဲ့စည်းလိုက်သည်။
ထိုဓမ္မပုံရိပ်ယောင်ကြီးသည် အလွန်ကြီးမားသဖြင့် ကောင်းကင်ကို ဖုံးလွှမ်းပြီး နေရောင်ကို ကာဆီးထားသည်။ ထိုအရာတွင် ဓားကဲ့သို့ ချွန်ထက်သော နားရွက်များနှင့် ဦးခေါင်းပေါ်တွင် ချိုများရှိသည်။ သူသည် ရှေးဟောင်းခေတ်မှ နတ်ဆိုးအရှင်တစ်ပါးနှင့် တူညီနေကာ သူ၏လက်အတွင်းတွင် တောင်တစ်လုံးကို ဖျက်ဆီးနိုင်သော စွမ်းအားရှိသည့် ပုဆိန်တစ်လက်ကို ကိုင်ဆောင်ထားသည်။
ထိုဓမ္မပုံရိပ်ယောင် ထွက်ပေါ်လာသည်နှင့်တပြိုင်နက်တည်း ထောင်ချောက်မိနေသော ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားအားလုံး တစ်ချိန်တည်းတွင် မူးဝေသွားကြသည်။ သူတို့၏အမြင်အာရုံ ဝေဝါးနေကြပြီး သူတို့၏ နှလုံးသားအနက်ရှိုင်းဆုံးနေရာတွင် ပျို့အန်ချင်စိတ်ကို ခံစားလိုက်ရသည်။
"ဒါဘယ်လို နတ်ဆိုးမျိုးလဲ"
"အရမ်းကြောက်စရာကောင်းတာပဲ... ကံကောင်းလို့ ငါစောစောက ပြေးဝင်မသွားမိတာ....မဟုတ်ရင် မတွေးရဲစရာတွေ ဖြစ်လာနိုင်တယ်"
ဝန်းရံခြင်းမခံရသော စစ်သားများမှာ သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ချွေးစေးများ ပြန်လာကြသည်။
Chapter 4724
"အုပ်ချုပ်သူအရှင်ဖူ... ဒါက ဘာလဲဆိုတာ မင်း သိလား"
စုန့်ချင်းဟူက ဖူကျစ်ရွှယ်ကို ကြည့်လိုက်သည်။
ဖူကျစ်ရွှယ်၏ မျက်လုံးများ ကျဉ်းမြောင်သွားကာ သူသည် ထိုဓမ္မပုံရိပ်ယောင်ကို အချိန်အတော်ကြာ စူးစိုက်ကြည့်ပြီးနောက် သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုလိုက်သည်။
"ဒါက နတ်ဆိုးအရှင်တစ်ပါး ဖြစ်လိမ့်မယ်... ဒါပေမဲ့ သူ့ရဲ့ အမွေအနှစ်က တော်တော်ရှေးကျတယ်....ဘယ်ကလာတယ်ဆိုတာ ငါ မသိပေမဲ့ သူ့လက်ထဲက ကြီးမားတဲ့ ပုဆိန်ကို ကြည့်လိုက်.... အဲဒီပေါ်က ထွင်းထုထားတာတွေနဲ့ စာလုံးတွေက လူသားဧကရာဇ်ယွီရဲ့ ခေတ်မတိုင်မီက ဖြစ်လိမ့်မယ်"
လူသားဧကရာဇ်ယွီ၏ ခေတ်ကာလထက်ပင် ပို၍ရှေးကျသည်ဟု ဆိုသလော....
ပတ်ဝန်းကျင်မှလူများ အံ့အားသင့်သွားကြသည်။
လူသားဧကရာဇ်ယွီမှာ လူသားမျိုးနွယ်၏ ပထမဆုံး လူသားဧကရာဇ်ပင်။ ထိုမတိုင်မီက လူသားမျိုးနွယ်သည် မတူညီသော မျိုးနွယ်စုများအဖြစ် ကွဲထွက်နေကာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရပ်တည်ခဲ့ကြသည်။
ထိုအချိန်က လူသားမျိုးနွယ်သည် လက်ဗလာဖြင့် နတ်ဆိုးသားရဲများကို တိုက်ခိုက်နိုင်ပြီး ကျောက်တုံးများကို ခြေတစ်ဖက်ဖြင့် ခြေမွနိုင်သည်။ ဆိုးသွမ်းသော ကလေးငယ်တစ်ဦးပင်လျှင် မြှားဖြင့်ပစ်ကာ နတ်ဆိုးသားရဲများကို သတ်နိုင်သည်။ သူတို့၏ ရုပ်ခန္ဓာကိုယ်သည် လက်ရှိ လူသားမျိုးနွယ်ထက် များစွာပို၍သန်မာပေ၏။
တစ်ချိန်တည်းမှာပင် ထိုခေတ်မှ နတ်ဆိုးများသည်လည်း ကြောက်မက်ဖွယ်အကောင်းဆုံး ဖြစ်ကြသည်။
တာအိုကျမ်းစာများအရ လောကကို တုန်လှုပ်စေသော ကြောက်မက်ဖွယ် မြင်ကွင်းအများစုသည် ထိုခေတ်ကာလများအတွင်းတွင် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။
"အဲ့ဒါက ရှေးဟောင်း ကျိုလီမျိုးနွယ်စုရဲ့ ခေါင်းဆောင် ချီယိုပဲ"
လုယွီက ပြောဆိုသည်။
"ချီယို...ဒါက ချီယိုရဲ့ ပုံပန်းသဏ္ဌာန်လား... ငါ့အထင်တော့ တာအိုကျမ်းစာတွေ ဒါမှမဟုတ် ရှေးဟောင်းစာအုပ်တွေမှာ သူ့အကြောင်း မှတ်တမ်းမရှိဘူး"
တစ်စုံတစ်ယောက်က ထိတ်လန့်တုန်လှုပ်စွာ ပြောဆိုလိုက်သည်။
ရှေးဟောင်းခေတ်၏ အမွေအနှစ် အမြောက်အများ ပြတ်တောက်သွားခဲ့သည်။
လူသားဧကရာဇ်ယွီ၏ သမိုင်းကြောင်းသည်လည်း ဆိုးရွားစွာ ပျက်စီးသွားခဲ့ပေ၏။ လူအများသည် ရှေးဟောင်းကျမ်းစာတချို့အတွင်းမှ စကားလုံးအနည်းငယ်ကိုသာ ရှာဖွေနိုင်ပြီး ရှေးဟောင်းခေတ်၏ ပုံရိပ်အပြည့်အစုံကို မမြင်နိုင်ကြပေ။
"ရှေးဟောင်းမျိုးနွယ်စုတွေ အများကြီးရှိတယ်လို့ ဆိုကြပြီးတော့ ကျိုလီမျိုးနွယ်စုက သူတို့ထဲက တစ်ခုပဲ... ချီယိုရဲ့ အစွမ်းက လူသားဧကရာဇ်နဲ့ နှိုင်းယှဉ်နိုင်တယ်...ဒီလို ရှေးဟောင်းအမွေအနှစ်ကို ထန်အင်ပါယာက ထိန်းချုပ်ထားတာပဲ"
"ဒီအစီအရင်က အရမ်းယုတ်မာကောက်ကျစ်တယ်...ပြီးတော့ အဲ့ဒီ ဓမ္မပုံရိပ်ယောင်ကို ငါ တစ်ချက်ကြည့်လိုက်ရုံနဲ့ ငါ့ရဲ့တာအိုနှလုံးသား မတည်မငြိမ်ဖြစ်သွားလုနီးပါးပဲ"
"ဒါက ရှေးဟောင်းခေတ်က ရှေးဟောင်းကျင့်ကြံသူတစ်ယောက်ရဲ့ ဓမ္မပုံရိပ်ယောင်ပဲ... ငါတို့ သတိထားကြစို့"
တာယွီစစ်ဗိုလ်ချုပ်အများစုသည် ပညာတတ်များဖြစ်ကြပြီး သိုင်းပညာတွင် ကျွမ်းကျင်ကြသည့်အပြင် သမိုင်းစာအုပ်များနှင့်လည်း ရင်းနှီးကြသည်။
သို့ရာတွင် သူတို့သည် ချီယို၏ အမည်ကိုသာ ကြားဖူးကြပြီး သူ့၏ပုံပန်းသဏ္ဍာန်ကို အပြည့်အစုံ မမြင်ဖူးကြပေ။
လုယွီမှာမူ မတူပေ။
လျှို့ဝှက်ဆန်းကြယ် မိုးကောင်းကင်ကျမ်းစာတွင်ဖြစ်စေ လူသားဧကရာဇ်၏ မှတ်ဉာဏ်တွင်ဖြစ်စေ ချီယိုအကြောင်း မှတ်တမ်းများ ရှိနေသည်။
သူသည် ရှေးဟောင်းမျိုးနွယ်စုအတွက် လက်နက်များ ဖန်တီးခဲ့ဖူးသော ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူ့ကို "လက်နက်အားလုံး၏ အရှင်သခင်" အဖြစ် ရိုသေလေးစားကြသည်။
ရှေးဟောင်း ကျိုလီမျိုးနွယ်စုသည် နတ်ဆိုးများကို တိုက်ခိုက်ခဲ့သည်။ ချီယိုသည် အရပ်ရှစ်မျက်နှာမှ နတ်ဆိုးများကို တိုက်ခိုက်ခဲ့သည်။ သူသည် နတ်ဆိုးဘိုးဘေးများကို အကြိမ်များစွာ သတ်ဖြတ်ခဲ့ပြီး ကျိုလီမျိုးနွယ်စုကို ထိုအချိန်က ကြီးမားပြီး ကျော်ကြားသော မျိုးနွယ်စုတစ်ခု ဖြစ်စေခဲ့သည်။ လူတိုင်းသည် သူ့
သိုင်းပညာကို လေးစားကြပေ၏။ ကျိုလီမျိုးနွယ်စုတွင် သိုင်းသူတော်စင် ကျင့်ကြံသူများချည်းပင် ရာပေါင်းများစွာ ရှိခဲ့သည်။
ဤသည်မှာ လူသားမျိုးနွယ်၏ အရှင်သခင်အဆင့် တည်ရှိမှုကြီးပင်။ သူ၏ အဆင့်အတန်းသည် မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားပေ၏။
သို့ရာတွင် ယခင် လူသားဧကရာဇ် 'ယင်ကျန့်' ပင် ချီယို၏ အမွေအနှစ်ကို မရရှိခဲ့ချေ။
လူသားမျိုးနွယ် ပေါင်းစည်းပြီးနောက်တွင် ချီယို၏ အမွေအနှစ်ကို အမှန်တကယ် ရရှိနိုင်သူ အလွန်နည်းပါးသွားသည်။ တစ်ချိန်က ဂုဏ်ကျက်သရေရှိခဲ့သော ကျိုလီမျိုးနွယ်စုမှာ အချိန်၏ မြစ်ရှည်ကြီးအတွင်းတွင် တဖြည်းဖြည်း နစ်မြုပ်သွားခဲ့သည်။
လုယွီသည် ယခုခေတ်ကာလ လောကကြီးအတွင်းတွင် ချီယို၏ ဓမ္မပုံရိပ်ယောင်ကို ပြန်လည်မြင်တွေ့နိုင်လိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။ ဤသည်ကြောင့် သူ တိတ်တဆိတ် ထိတ်လန့်တုန်လှုပ်သွားသည်။
"ဒါက တာအိုသခင်ရဲ့လက်ချက်ပဲ....လီမီက ထန်အင်ပါယာမှာ ပညာသင်ယူနေခဲ့တာ....ထန်အင်ပါယာရဲ့ နောက်ကွယ်မှာ ပုန်းအောင်းနေတဲ့ တာအိုသခင်က ဘယ်သူလဲ မသိဘူး"
လုယွီ၏စိတ်နှလုံးသား ပို၍ပို၍ လေးလံလာသည်။
သူ၏ အတိတ်ဘဝတွင် သူသည် ကောင်းကင်ဘုံနယ်မြေ၏ အစွမ်းထက်ဆုံး တာအိုသခင်အဖြစ် လူသိများသော်လည်း သူသည် ဤအကြောင်းများကို အနည်းငယ်မျှ မသိခဲ့ချေ။
ဤလောက၏ လျှို့ဝှက်ဆန်းကြယ်မှုများသည် မြူခိုးများဖြင့် ဖုံးလွှမ်းနေပုံရပြီး တောင်တစ်လုံး၏အထက်တွင် တခြားတောင်တစ်လုံး ရှိနေသည့်အလားပင်။ လုယွီသည် မူလက သူတောင်ထိပ်သို့ တက်လှမ်းပြီးပြီဟု ထင်ခဲ့သော်လည်း အမှန်အားဖြင့် သူ့ထက်သာသူတစ်ယောက် အစဥ်အမြဲရှိနေသည်။
အဝေးမှ ပတ်ဝန်းကျင်တဝိုက်တွင် နာကျင်ကြေကွဲစွာ အော်ဟစ်သံများ ဆက်တိုက်ကြားနေရသည်။
မြေပြင်ပေါ်တွင် ကျိုလီစစ်သည်တော် ထောင်ပေါင်းများစွာ ထွက်ပေါ်လာကြသည်။ သူတို့သည် ဓားရှည်များနှင့် ပုဆိန်များကို သူတို့၏ လက်များအတွင်းတွင် ကိုင်ဆောင်ထားပြီး ပုန်းကွယ်နဂါးစစ်တပ်ကို ရူးသွပ်စွာ ခုတ်ပိုင်းနေကြသည်။
Chapter 4725
ဤကျိုလီစစ်သားများကို မှော်နည်းစနစ်ဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ ပြင်းထန်ကြသည်။
ဤအချိန်အခိုက်အတန့်တွင် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားအားလုံး သတိလက်လွတ်ဖြစ်နေကြသည်။ သူတို့၏ စိတ်နှလုံးသားအနက်ရှိုင်းဆုံးတွင် အဆုံးမရှိသော အာရုံထွေပြားစေသည့် အတွေးများ ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။ လောကကြီးသည် ချာချာလည်နေသကဲ့သို့ ခံစားနေရကာ စစ်သည်တော်တချို့သည် နေရာတွင်ပင် မေ့လဲသွားကြ၏။
"ငါ ပတ်ဝန်းကျင်က စိတ်ဝိညာဉ်စွမ်းအားတွေကို အာရုံခံလို့ မရတော့ဘူး..."
"ဗိုလ်ချုပ်...ငါတို့ ဘာလုပ်ရမလဲ"
မရေမတွက်နိုင်သော စစ်သားများသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် အကူအညီတောင်းကာ အော်ဟစ်နေကြသည်။ ကျိုလီစစ်သားများ၏ လက်အတွင်းတွင် လဲကျသွားသူများ အဆက်မပြတ်ရှိနေပေ၏။
တိုက်ခိုက်နိုင်စွမ်း ရှိနေသေးသော ပုန်းကွယ်နဂါးစစ်သားများသည် သူတို့၏ စိတ်ကို တည်ငြိမ်အောင် ထိန်းကာ တန်ပြန်တိုက်ခိုက်ရန် မှော်နည်းစနစ်များကို အသုံးပြုလိုက်ကြသည်။
သို့ရာတွင် ထိုပြင်းထန်သော တိုက်ခိုက်မှုများသည် ကျိုလီစစ်သားများပေါ်သို့ ကျရောက်သွားချိန်၌ သူတို့၏စိတ်ဝိညာဉ်များကို ခဏတာ ဖရိုဖရဲဖြစ်သွားစေရုံသာ ဖြစ်သည်။ အချိန်တခဏကြာပြီးနောက် ကျိုလီစစ်သားများ ပြန်လည်ကောင်းမွန်သွားကြသည်။
ပုန်းကွယ်နဂါးစစ်တပ်သည် ပရမ်းပတာဖြစ်စ ပြုလာပေ၏။ သို့ရာတွင် စစ်စည်းကမ်းရှိနေသဖြင့် သူတို့သည် သွေးရူးသွေးတန်း ထွက်ပြေးခြင်းမရှိချေ။
ကျိုလီစစ်သားများ ရူးသွပ်စွာ သတ်ဖြတ်နေစဉ်တွင် သူတို့ပတ်ဝန်းကျင်ရှိ အမှောင်ထုအတွင်းမှနေ၍ မြှားမိုးများနှင့် စိတ်ဝိညာဉ်ကျောက်တုံး အမြှောက်ဆန်များ ရံဖန်ရံခါ ပျံဝဲလာသည်။
ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားအုပ်စုကြီးများသည် ဖြတ်တောက်ခံရသော ဂျုံပင်များအလားမြေပြင်ပေါ်သို့ လဲကျသွားကြသည်။
"ထန်တပ်မတော်က ကောင်တွေ....ငရဲကို သွားစမ်း"
တာယွီစစ်ဗိုလ်ချုပ်များ၏ မျက်လုံးများ ချက်ချင်းနီမြန်းသွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြ၏။
သို့ရာတွင် သူတို့၏နံဘေးပတ်ဝန်းကျင်ကို ဝင်္ကပါများဖြင့် ဝန်းရံထားပြီး လုံးလုံးလျားလျား အမှောင်ကျနေသည်။
မြှားများနှင့် စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်ဆန်များသည် လေဟာနယ်ကို ထိမှန်သွားပြီးနောက် အဆုံးမရှိသော ချောက်နက်ကြီးတစ်ခုအတွင်းသို့ ဝင်ရောက်သွားသည့်အလား လုံးဝပဲ့တင်ထပ်လာခြင်း မရှိတော့ချေ။
"ငါတို့ရဲ့ပတ်ဝန်းကျင်ကို မတူညီတဲ့ လောကအဖြစ် ပိုင်းခြားခံထားရတယ်....အစီအရင်ကို ဖောက်ထွင်းဖို့ သော့ချက်က အဲ့ဒီ ဓမ္မပုံရိပ်ယောင်ပေါ်မှာ ရှိနေလိမ့်မယ်...ငါတို့အားလုံး ပူးပေါင်းပြီးတော့ သူ့ကို ချေမှုန်းဖို့ အတူတကွ ကြိုးစားကြစို့"
တပ်ရင်းမှူးတစ်ဦး ရှေ့သို့တက်လာပြီးနောက် နယ်မြေသခင်တစ်ဦး၏ ကြောက်မက်ဖွယ် အရှိန်အဝါက ချက်ချင်းပွင့်အံ့ထွက်လာသည်။
ထို့နောက် နောက်ထပ် တပ်ရင်းမှူးလေးဦး ရှေ့ထွက်လာကြသည်။ နယ်မြေသခင်ငါးဦးအတူတကွ မတ်တတ်ရပ်နေကြသဖြင့် ထိုဖိအားအရှိန်အဝါသည် ကောင်းကင်ကို ဖျက်ဆီးပြီး မြေကြီးကို ပြိုလဲစေရန် လုံလောက်လုနီးပါးပင်။
သူတို့သည် ချီယိုဓမ္မပုံရိပ်ယောင်ထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားကြပြီးနောက် သူတို့ငါးဦးလုံး၏မျက်နှာအမူအယာများ တစ်ချိန်တည်းတွင် ပြောင်းလဲသွားသည်။
သူတို့သည် ဤဧရာမဓမ္မပုံရိပ်ယောင်ကြီး၏အနီးသို့ အမှန်တကယ် ရောက်ရှိလာမှသာ ထိုအရာ မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသည်ကို ခံစားမိသည်။ တပ်ရင်းမှူးငါးဦးကို ထိပ်သီးကျင့်ကြံသူများဟု ယူဆနိုင်သော်လည်း ချီယိုဓမ္မပုံရိပ်ယောင်ရှေ့တွင် သူတို့သည် သူတို့ကိုယ်သူတို့ ဆင်တစ်ကောင်ကို ရင်ဆိုင်နေရသော ပုရွက်ဆိတ်များကဲ့သို့ ခံစားနေရသည်။
ချီယို၏ ဓမ္မပုံရိပ်ယောင်သည် သူတို့ကို ရိုးရှင်းသော ဆုပ်နယ်မှုတစ်ခုဖြင့် ခြေမွှသတ်ဖြတ်နိုင်သည့်အလားပင်။
"သတ်...."
မည်သည့်အပိုစကားတစ်ခွန်းမျှ မပြောဘဲ သူတို့ငါးဦးသည် ချက်ချင်းပင် သူတို့၏ အပြင်းထန်ဆုံး မှော်နည်းစနစ်များကို အသုံးပြုပြီး ချီယို၏ ဓမ္မပုံရိပ်ယောင်ကို တိုက်ခိုက်လိုက်ကြသည်။
မှော်နည်းစနစ်များ၏ ကြီးကျယ်ခမ်းနားသော အလင်းရောင်များ မိုးကောင်းကင်ယံကို ဖြတ်သန်းသွားသည်။ ဤကဲ့သို့သော စွမ်းအားသည် ကြီးမားသော မြို့တစ်မြို့ကို ပြာအဖြစ်သို့ ပြောင်းလဲရန် လုံလောက်သော်လည်း ချီယို၏ ဓမ္မပုံရိပ်ယောင်ပေါ်တွင် လှိုင်းဂယက်တစ်ခုကိုပင် မဖြစ်ပေါ်စေနိုင်ခဲ့ချေ။
"ဒီ ဓမ္မပုံရိပ်ယောင်က အရမ်းထူးဆန်းတာပဲ..."
"ငါ မူးဝေနေပြီ.... သူက ဘယ်ထောင့်ကနေကြည့်ကြည့် ငါ့ကို ကြည့်နေသလိုပဲ...."
တပ်ရင်းမှူးများ၏ စိတ်နှလုံးသားများ အလွန်အမင်း လေးလံသွားပေ၏။
တစ်စုံတစ်ယောက်သည် နယ်မြေသခင်နယ်ပယ်သို့ ရောက်ရှိချိန်တွင် သူသည် ကောင်းကင်ဘုံနယ်မြေတွင် ဒေသတစ်ခုကို လွှမ်းမိုးနိုင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်နေလေပြီ။ သူတို့၏စွမ်းအားဖြစ်စေ တာအိုနှလုံးသားဖြစ်စေ နှစ်ခုစလုံးသည် အလွန်ခိုင်မာပြီး ပြင်ပအရာများ၏ သက်ရောက်မှုကို မခံရချေ။
သို့ရာတွင် ယခုချိန်တွင်မူ သူတို့၏တာအိုနှလုံးသားများ မတည်မငြိမ်ဖြစ်သည့် အခြေအနေကို အမှန်တကယ် ကြုံတွေ့နေရသည်။ ဤသည်မှာ အမှန်တကယ်ကို လက်ခံရန် ခက်ခဲသော ကိစ္စတစ်ရပ်ပင်။
"ယား...."
ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားသည်။
မီတာပေါင်းများစွာရှည်သော ဧရာမ ဓမ္မပုံရိပ်ယောင်ကြီးသည် ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်သံများကို ထုတ်လွှတ်ပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
မြေပြင်ပေါ်မှ ကျိုလီမျိုးနွယ်စု စစ်သားများ၏ အရေအတွက်မှာ ဆယ်ဆတိုးလာသည်။ သူတို့သည် ဒီရေလှိုင်းများအလား ပုန်းကွယ်နဂါးစစ်တပ်ထံသို့ လွှမ်းမိုးသွားသည်။
တပ်ရင်းမှူးငါးဦးသည် ထိုတိုက်ခိုက်မှု၏ ဒဏ်ကို အဓိကခံရသည်။ သူတို့သည် ကြမ်းတမ်းသော အသံများ၏ သက်ရောက်မှုကို ခံရပြီး မိုးကြိုးပစ်ခံရသည့်အလား မိုးကောင်းကင်ယံမှ ပြုတ်ကျသွားကြသည်။
ဝန်းရံထားသော ဝင်္ကပါကြီးအတွင်းတွင် မည်သည့်အရာများ ဖြစ်နေသည်ကို မည်သူမျှရမမြင်နိုင်ချေ။
တစ်စုံတစ်ယောက်က လုယွီထံသို့ အသံပေးပို့သည်။
" အရှင် အမိန့်ပေးပါ... ကျွန်တော်တို့ကို အဲ့ဒီညီအစ်ကိုတွေကို ကယ်တင်ဖို့အတွက် ရှေ့ကိုတက်ပြီး တိုက်ခိုက်ခိုင်းပါ"
တခြားဗိုလ်ချုပ်များကလည်း တိုက်ခိုက်ရန် တောင်းဆိုကြသည်။
လုယွီသည် တိတ်ဆိတ်နေဆဲဖြစ်ပြီး အဝေးမှ ထောင်ချောက်ဝင်္ကပါကြီးကို ကြည့်ကာ လေးလေးနက်နက် စဉ်းစားတွေးတောနေသည်။
လုကျင့်ရှန်းသည် လုယွီနောက်သို့ အချိန်အကြာဆုံးလိုက်ခဲ့သူဖြစ်သဖြင့် လုယွီသည် တန်ပြန်အစီအစဉ်တစ်ခုကို စဉ်းစားနေကြောင်း သူသိသည်။ ထို့ကြောင့် သူက ချက်ချင်း အော်ဟစ်လိုက်သည်။
"ဘယ်သူမှ မလှုပ်ရှားရဘူး...အရှင်ရဲ့ အမိန့်ကို စောင့်ကြစမ်း"
Thank For Reading.