အခန်း (၄၇၄၁-၄၇၄၅)
Vol. 240 Ch. 4741-4745
Chapter 4741
"ဒါ လုယွီပဲ....သူ လာနေပြီ"
ထန်စစ်တပ်သည် လုယွီကို မှတ်မိသွားလေပြီ။
လုယွီသည် သူ၏ ရွှမ်းယွမ်နတ်ဘုဓားဖြင့် စစ်သားထောင်ပေါင်းများစွာကို အမိန့်ပေးကာ ထန်စစ်တပ်၏ ဝင်္ကပါကြီးကို ချိုးဖျက်ခဲ့သည်မှာ ထန်စစ်သားများ၏ အိပ်မက်ဆိုး ဖြစ်နေဆဲပင်။
"မင်း စစ်သူကြီး ကောင်းကို ရှာချင်ရင် ငါတို့ကို အရင်ကျော်ဖြတ်ရမယ်"
ထန်စစ်တပ်မှ စစ်သူကြီးအမြောက်အများသည် တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် ရှေ့သို့ထွက်လာပြီး မတ်တတ်ရပ်လိုက်ကြသည်။
"ဘုန်း...."
လုယွီသည် သူတို့နှင့် အပိုစကားမဆိုဘဲ လက်သီးတစ်ချက် ထပ်မံထိုးနှက်လိုက်သည်။ သူ၏သွေးချီများသည် အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲကာ မိုးကောင်းကင်သို့ မြင့်တက်သွားသည်။
ဤလက်သီးချက်သည် အမှန်တကယ်ပင် မြေပြင်ကိုတုန်ခါစေပြီး တောင်များနှင့် မြစ်များကို ဝါးမြိုနိုင်စွမ်းရှိသည်။
သူ၏ရှေ့တွင် ပိတ်ဆို့နေသော ထန်စစ်စစ်သူကြီးများအားလုံး လွင့်ထွက်သွားကြသည်။ သူတို့၏အရိုးအဆစ်များအားလုံး ကြေမွသွားပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားသည်။
"သူက ဘာလို့ ဒီလောက်ထိ အစွမ်းထက်နေတာလဲ"
လူတိုင်း ကြက်သေသေသွားကြသည်။
ထန်စစ်စစ်သူကြီးများပင်လျှင် လုယွီ၏ ပြိုင်ဘက်မဟုတ်ပေ။ ထန်စစ်တပ်သည် လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့သွားခဲ့သည်။
လုယွီသည် တခြားထန်စစ်သားများကို လျစ်လျူရှုပြီး ကောင်းရှစ်ကျီး၏ အလံနောက်သို့လိုက်ကာ သူ၏ဗဟိုစစ်တဲအတွင်းသို့ ဝင်ရောက်သွားသည်။
ဤအချိန်တွင် စစ်တဲအတွင်း၌ မည်သူမျှ မရှိပေ။
သဲခုံစားပွဲသည် ဖျက်ဆီးခံထားရပြီး အနီးအနားတွင် စားပွဲခုံနှင့် ကုလားထိုင်အနည်းငယ် ရှိသည်။ ထန်စစ်တပ်သည် ရှုံးနိမ့်သွားခဲ့သော်လည်း သူတို့သည် မြေပုံများနှင့် စစ်ဗျူဟာစာရွက်စာတန်းများအားလုံးကို ယူဆောင်သွားရန် မမေ့ခဲ့ကြချေ။
ဒေါင်...
ကျယ်လောင်ပြီး ကြည်လင်သော ခေါင်းလောင်းသံတစ်သံသည် ရုတ်တရက် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားပေ၏။
လုယွီရပ်နေသော ကော်ဇောပေါ်တွင် တောက်ပသော သင်္ကေတအမှတ်အသားများ ထွက်ပေါ်လာသည်။ ထိုသင်္ကေတပုံစံများသည် ထူထပ်သိပ်သည်းစွာ စုစည်းနေပြီး ကြောက်မက်ဖွယ်ကောင်းပြီး ကြမ်းတမ်းသော စွမ်းအားတစ်ခုကို စုစည်းနေသည်။
ဤသည်မှာ ထောင်ချောက်တစ်ခု ခင်းကျင်းထားခြင်းပင်။ မည်သူမဆို ဤနေရာသို့ ခြေချပါက တိုက်ခိုက်ခြင်းခံရပေမည်။
ဝုန်း...
နောက်တစ်ခဏတွင် ဗဟိုစစ်တဲတစ်တဲလုံး ပေါက်ကွဲသွားသည်။
မီတာထောင်ပေါင်းများစွာ အကွာတွင် ရှိနေသူများပင်လျှင် ပြင်းထန်သော တုန်ခါမှုကို ခံစားနေရဆဲပင်။
လုယွီ၏ ပုံရိပ်သည် ပေါက်ကွဲမှုအတွင်းတွင် ချက်ချင်း မြှုပ်နှံခြင်းခံလိုက်ရသည်။ မရေမတွက်နိုင်သော မှော်သင်္ကေတပုံစံများသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားပြီး ဤနေရာသို့ ခြေချသူကို ဖောက်ခွဲပစ်ရန် သန္နိဋ္ဌာန်ချထားသည်။
"သူ သေပြီလား....."
မရေမတွက်နိုင်သော ထန်စစ်သားများသည် ခေါင်းမော့ကာ ပေါက်ကွဲမှု၏ဗဟိုကို ကြည့်လိုက်ကြသည်။
သို့ရာတွင် ရုတ်တရက် ပုံရိပ်တစ်ခုသည် ပေါက်ကွဲမှု၏မီးခိုးငွေ့များအတွင်းမှ ထွက်ပေါ်လာပြီး လေထုအတွင်းတွင် မတ်တတ်ရပ်လိုက်သည်။
လုယွီ၏ မျက်လုံးများအတွင်းတွင် ရွှေရောင်အလင်းတန်းတစ်တန်းလင်းလက်သွားကာ သူသည် တစိုးတစိမျှ ထိခိုက်ဒဏ်ရာမရခဲ့ချေ။ ထူထပ်သိပ်သည်းသော သွေးချီများသည် သူ့ကို လုံးလုံးလျားလျားလွှမ်းခြုံထားပြီး ထိခိုက်မှုမရှိအောင် ကာကွယ်ပေးထားသည်။
လုယွီသည် သူ၏လက်ကိုမြှောက်ကာ ရိုက်ချလိုက်ပြီးနောက် ပြင်းထန်းသော လက်ဝါးစွမ်းအားလှိုင်းတစ်လှိုင်း ထွက်ပေါ်လာသည်။ အဝေးမှ ကြည့်နေသော ထန်စစ်သားများသည် အချိန်မီ မရှောင်နိုင်ဘဲ ချက်ချင်းပင် သွေးမြူခိုးများအဖြစ်သို့ ရိုက်နှက်ခံလိုက်ရသည်။
"ဘုန်း....ဘုန်း... ဘုန်း..."
ထန်စစ်သည်တော်များ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသည်။ ထန်စစ်တပ်မှ စစ်သားများဖြစ်စေ စစ်သူကြီးဖြစ်စေ သူတို့အားလုံးသည် လုယွီ၏ရှေ့တွင် ချွင်းချက်မရှိ လက်သီးတစ်ချက်တည်းဖြင့် အသတ်ခံရသည်။
"ကောင်းရှစ်ကျီး ဘယ်မှာလဲ... ထွက်ခဲ့စမ်း"
လုယွီ၏ အသံသည် စစ်မြေပြင်တခွင်လုံးအနှံ့ ပဲ့တင်ထပ်သွားသည်။
သူ၏သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒသည် ပြင်းထန်နေပေ၏။ သူသည် ဖုန်းချန်ချင်းကို သတ်ခဲ့ရုံသာမက ကောင်းရှစ်ကျီးကိုလည်း သတ်ဖြတ်လိုသည်။
ကောင်းရှစ်ကျီးသည် ကွမ်းရှန့်၏ အမွေအနှစ်ကို ရရှိနိုင်လိမ့်မည်ဟု လုယွီ တစ်ကြိမ်တစ်ခါမျှတွေးထင်မထားခဲ့ပေ။
ရှေးဟောင်းအလယ်ခေတ်မှ စစ်သူတော်စင်တစ်ပါး ထားခဲ့သော အမွေအနှစ်သည် အလွန်တန်ဖိုးကြီးပေ၏။ ကောင်းရှစ်ကျီးကို အချိန်အနည်းငယ် ပေးလိုက်ပါက သူသည် ပြိုင်ဘက်ကင်း စစ်သူကြီးတစ်ဦး ဖြစ်လာမည်မှာ သေချာပေါက်ပင်။
ဤသည်မှာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ချေရှိသဖြင့် စောစီးစွာ ဖယ်ရှားရန် လိုအပ်သည်။
တိုက်ပွဲမှ တိုက်ခိုက်သံများသည် ကောင်းကင်ကို တုန်ခါစေသော်လည်း လုယွီသည် ကောင်းရှစ်ကျီးကို ရှာမတွေ့သေးချေ။
လုယွီသည် ကောင်းရှစ်ကျီးကို စစ်မြေပြင်တွင် အနိုင်ယူပြီးနောက် လီကျိုးစီကို ထန်စစ်စခန်းသို့ ဖုန်းချန်ချင်းကို သတ်ရန် စေလွှတ်ခဲ့သည့်အချိန်မှစ၍ ကောင်းရှစ်ကျီးသည် ထန်စစ်စခန်းတွင် ပုန်းအောင်းနေခဲ့ပြီး ကောင်းကင်ကွန်ယက်ပင်လျှင် သူ့ကို ရှာမတွေ့နိုင်ခဲ့ပေ။
ကောင်းရှစ်ကျီးကို ထန်အင်ပါယာမှ ဂရုတစိုက် ကာကွယ်ထားခဲ့သည်။
"လုယွီ... ငါ မင်းနဲ့ တိုက်ခိုက်မယ်"
သွေးစွန်းသံချပ်ကာ ဝတ်ဆင်ထားသော စစ်သူကြီးတစ်ဦးသည် ထန်စစ်စခန်းမှ ထွက်လာပေ၏။ သူ၏ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး သူ၏မျက်လုံးများသည် လင်းယုန်တစ်ကောင်ကဲ့သို့ စူးရှနေသည်။ သူသည် ဓားအိမ်မှ ထုတ်ထားသော ထက်ရှသည့် ဓားတစ်လက်နှင့် တူညီနေပြီး ထွက်လာသည်နှင့် တခြားသူများ၏ သွေးကို သောက်သုံးရန် အသင့်ဖြစ်နေသည်။
သူသည် ထန်စစ်တပ်၏ စစ်သူကြီးတစ်ဦးဖြစ်ကာ ထန်အင်ပါယာ၏စစ်သူကြီးချုပ်ဖြစ်သော လီကွမ်းပိပင်။
Chapter 4742
"အဲ့ဒီနေ့က ပေါ်လာတဲ့သူက မင်းပဲမလား"
လုယွီသည် သူ့ရှေ့မှ စစ်သူကြီးကို မှတ်မိသွားပေ၏။
သူ တော်ဝင်မြို့တော်၏ သံမဏိတံတိုင်းသို့ ပထမဆုံးရောက်ရှိစဉ်က ကောင်းရှစ်ကျီး လီမီ ကဲရှူဟန်တို့နှင့် တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသည်။
သို့ရာတွင် နောက်ပိုင်း၌ ထန်စစ်တပ်ဘက်မှ ထိပ်သီးကျင့်ကြံသူနှစ်ဦး ထွက်ပေါ်လာပြီး လုယွီ၏ အရှိန်အဝါကို အတင်းအကြပ် ဖိနှိပ်ခဲ့သည်။
သူတို့အနက်မှ တစ်ဦးသည် လီကွမ်းပိပင်။
"ကောင်းရှစ်ကျီးရဲ့ ဒဏ်ရာတွေက မပျောက်သေးဘူးလား.... သူက မင်းကို ထွက်လာခိုင်းတာလား"
လုယွီက မေးမြန်းသည်။
"စစ်သူကြီးကောင်းရဲ့ ဒဏ်ရာအခြေအနေကို ငါ မသိဘူး....ဒါပေမယ့် တာယွီစစ်တပ်က ဒီအချိန်တလျှောက်လုံး ငါတို့ အနိုင်ယူတာကို ခံခဲ့ရတယ်.... အဓိကခံတပ်နှစ်ခုကို ဆက်တိုက်စွန့်လွှတ်ခဲ့ရတဲ့ ဒီလိုတော်ဝင်နန်းတွင်းမျိုးက နေဝင်ချိန်ရောက်နေပြီ...တာယွီအင်ပါယာက မကြာခင်မှာ ပျောက်ကွယ်သွားလိမ့်မယ်...မင်းတစ်ယောက်တည်းနဲ့ အခြေအနေကို ကယ်တင်နိုင်မှာ မဟုတ်ဘူး"
လီကွမ်းပိက ပြောဆိုသည်။
"ငါက တာယွီရဲ့ တော်ဝင်နန်းတွင်းနဲ့ ဘာမှမဆိုင်ဘူး....အခုချိန်မှာ ငါက မင်းတို့ထန်စစ်တပ်ကို အနိုင်ယူချင်တာပဲ ရှိတယ်..."
လုယွီသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ၏လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ ရွှေရောင်အလင်းတန်းတစ်တန်း လင်းလက်သွားပြီး သူ၏ ပြင်းထန်သောအရှိန်အဝါသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပေ၏။ သူ့ရှေ့မှ လေဟာနယ်သည်လည်း တွန့်လိမ်သွားသည်။
လီကွမ်းပိသည် လက်ဝါးရိုက်ချက်တစ်ချက် ရိုက်နှက်လိုက်သော်လည်း တောင်တစ်လုံးမှ သူ့အပေါ် ကျဆင်းလာသကဲ့သို့ ခံစားလိုက်ရသည်။
"ဘုန်း...."
လီကွမ်းပိ၏လက်မောင်းသည် တုန်ခါသွားပြီး သူသည် ခြေသုံးလှမ်းခန့်နောက်ဆုတ်ပြီးမှ ရပ်တန့်လိုက်သည်။
သူ၏နံဘေးပတ်လည်ရှိ ထန်စစ်သားများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ လီကွမ်းပိသည် ထန်တော်ဝင်နန်းတော်၏ အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီထန်စစ်တပ်တွင် အဆင့်အတန်း အလွန်မြင့်မားသည်။
သို့ရာတွင် ဤကဲ့သို့ အစွမ်းထက်သော လူတစ်ဦးသည် လုယွီနှင့် တိုက်ပွဲတွင် အသာစီးမရသည့် အခြေအနေသို့ ကျရောက်သွားခဲ့သည်။ ဤသည်မှာ အမှန်တကယ်ကို တုန်လှုပ်ဖွယ်ကောင်းပေ၏။
အထူးသဖြင့် လီကွမ်းပိသည် ရုပ်ခန္ဓာကိုယ်နှင့် မှော်စွမ်းအားနှစ်မျိုးလုံးကို ကျင့်ကြံထားသည်။ သူသည် စွမ်းအားကောင်းရုံသာမက သူ၏ရုပ်ခန္ဓာသည်လည်း အလွန်သန်မာသည်။
သူသည် ထန်စစ်တပ်၏ လျှို့ဝှက်လက်နက်ဖြစ်သောကြောင့် အမြဲတစေ ထုတ်မပြခဲ့ချေ။ သို့ရာတွင် ယခုချိန်၌ သူသည် လုယွီကြောင့် ခြေသုံးလှမ်းခန့် နောက်ဆုတ်သွားခဲ့ရသည်။
"သိုင်းအင်မော်တယ်လား...."
လုယွီက မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ၏မျက်လုံးများအတွင်းတွင် အလေးအနက်ထားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
သူ၏ပြီးပြည့်စုံသော သိုင်းအင်မော်တယ်ရုပ်ခန္ဓာကိုယ်ဖြင့် အနီးကပ်တိုက်ခိုက်လျှင် ခြေလှမ်းတစ်ဝက်တာအိုသခင်တစ်ယောက်ပင်လျှင် တောင့်ခံနိုင်မည် မဟုတ်ချေ။
သို့ရာတွင် လီကွမ်းပိသည် ခံနိုင်ရည်ရှိသည့်အပြင် သူ၏ရုပ်ခန္ဓာကိုယ်သည် အလွန်သန်မာပေ၏။ လုယွီ၏ လက်ဝါးသည် သူခန္ဓာကိုယ်ပေါ်သို့ ကျရောက်သော်လည်း သူ့ကို ခြေသုံးလှမ်းခန့် နောက်ဆုတ်သွားစေရုံသာ ဖြစ်သည်။
ယခင်က ရှထန်ကန်းသည် ရှမိသားစု၏ ပေါများသော အရင်းအမြစ်များဖြင့် သူ၏ရုပ်ခန္ဓာကိုယ်ကျင့်ကြံမှုကို သိုင်းသူတော်စင်အဆင့်သို့ မြှင့်တင်ခဲ့သည်။
သို့ရာတွင် သိုင်းသူတော်စင်အဆင့်မှ သိုင်းအင်မော်တယ်အဆင့်သို့ တိုးမြှင့်ရန်မှာ မလွယ်ကူချေ။ ဤကျင့်ကြံဆင့်အတွက် ကြီးမားသော အရင်းအမြစ်များသာမက လုံလောက်သော ပါရမီရှိရန်လည်း လိုအပ်သည်။
ရှေးဟောင်းချင်အင်ပါယာတွင်ပင် စစ်သူကြီးအနည်းငယ်သာ သိုင်းအင်မော်တယ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။
ရှေးဟောင်း ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်များသည် အချိန်ကြာမြင့်စွာကတည်းက ပြတ်တောက်သွားခဲ့သော်လည်း အကုန်အစင်မဟုတ်ချေ။ ရှေးဟောင်းခေတ်ကတည်းက လက်ဆင့်ကမ်းဆင်းသက်လာခဲ့သော ရှေးဟောင်းအမွေအနှစ်အချို့ ကျန်ရှိနေဆဲပင်။
ပထမဆုံးသည် လီမီ၏ ချိယိုဝင်္ကပါကြီးဖြစ်ပြီး ထို့နောက် လီကွမ်းပိ၏ သိုင်းအင်မော်တယ်ရုပ်ခန္ဓာကိုယ် ထွက်ပေါ်လာခဲ့သည်။ ထန်အင်ပါယာသည် လူအများ တွေးထင်ထားသည်ထက် များစွာပို၍ လျှို့ဝှက်ဆန်းကြယ်သည်။
"မင်း ဒီနေ့ ဒီကနေ အသက်ရှင်ရက် ထွက်သွားဖို့ မလိုတော့ဘူး"
လုယွီ၏မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပြီး သူသည် နောက်ထပ်လက်သီးတစ်ချက် ထိုးနှက်လိုက်၏။
အကယ်၍ ဤသို့သော သိုင်းအင်မော်တယ်တစ်ဦးကို ပြီးပြည့်စုံခြင်းအဆင့်သို့ ကြီးထွားခွင့်ပြုလိုက်ပါက ဤသည်မှာ ပုန်းကွယ်နဂါးစစ်တပ်အတွက် သေစေနိုင်သော ထိုးနှက်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။
သူ၏ပြိုင်ဘက်သည်လည်း ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သိချိန်တွင် လုယွီသည် သနားညှာတာမှုကို ပြသရန် ရည်ရွယ်ချက်မရှိတော့ချေ။ သူသည် လက်ကိုမြှောက်ကာ မိုးပြာနဂါး ကောင်းကင်ယံကိုဆုတ်ဖြဲခြင်း နည်းစနစ်ကို ရိုက်ထုတ်လိုက်သည်။
ကျယ်လောင်ပြီး ကြည်လင်သော နဂါးဟိန်းသံတစ်သံကို အရပ်မျက်နှာအဘက်ဘက်မှ ကြားလိုက်ရသည်။ ဤသည်မှာ နားကွဲလုမတတ် ကျယ်လောင်ပြီး အရပ်မျက်နှာအဘက်ဘက်ရှိ လေဟာနယ်သည် စုတ်ပြဲလုမတတ် ဖြစ်နေလေပြီ။
လီကွမ်းပိ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူထံမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်သံကို ထွက်ပေါ်လာသည်။
လီကွမ်းပိ၏ကြွက်သားများ ရုတ်တရက် ဖောင်းကားစပြုလာသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ သွေးရောင်သံချပ်ကာသည် အသက်ဝင်သကဲ့သို့ ဖြစ်လာပြီး ဖြည်းညင်းစွာ အသက်ရှူစပြုလာသည်။
အထွတ်အထိပ်သွေးချီများသည် လီကွမ်းပိ၏ ခန္ဓာကိုယ်ပေါ်တွင် ရစ်ပတ်နေပြီး ကြမ်းတမ်းသော ကျားတစ်ကောင်အဖြစ်သို့ ပြောင်းလဲကာ လုယွီထံဦးတည်၍ ဟိန်းဟောက်နေသည်။
လုယွီ၏ နောက်တွင် မိုးပြာနဂါးတစ်ကောင်၏ ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာပြီး သူ၏နဂါးလက်သည်းကို မြှောက်ကာ လီကွမ်းပိကို ရိုက်နှက်ရန် ဟန်ပြင်လိုက်သည်။
နဂါးနှင့်ကျားတို့ တိုက်ခိုက်ကြချိန်၌ ပြင်းထန်သော လေပြင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ တိုက်ခတ်သွားပြီး လေထုအတွင်းမှ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
Chapter 4743
တိုက်ပွဲအလယ်မှ ထန်စစ်တပ်နှင့် တာယွီစစ်တပ်တို့သည် တစ်ချိန်တည်းမှာပင် တိုက်ပွဲမြေပြင်မှ တိတ်တဆိတ် ရွှေ့လျားသွားကြပြီး အနီးသို့ ကပ်မလာရဲကြချေ။
သူတို့နှစ်ဦးကြားရှိ တိုက်ပွဲမှ ထွက်ပေါ်နေသော စွမ်းအားသည် အလွန်ကြီးမားပြီး လေဟာနယ်ကိုပင် စုတ်ဖြဲနိုင်သည်။ သူတို့၏နံဘေးပတ်လည်ရှိ လေဟာနယ်အတွင်းတွင် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပေ၏။
လုယွီသည် ရှေ့သို့ တိုးဝင်သွားပြီး လျှပ်ပြက်သကဲ့သို့ လျင်မြန်သော လက်သီးချက်များကို ထိုးနှက်လိုက်သည်။
သိုင်းအင်မော်တယ်အဆင့်တွင် လက်သီးတစ်ချက် လက်ဝါးတစ်ချက်တိုင်းသည် အားအနည်းအများမခွဲခြားဘဲ အားအကောင်းဆုံး တိုက်ခိုက်မှုများ ဖြစ်ကြသည်။
လုယွီထံမှ မရေမတွက်နိုင်သော လက်သီးနှင့် လက်ဝါးရိုက်ချက်များက ပျံ့လွင့်လာသည်။ လုယွီသည် လီကွမ်းပိကို လျင်မြန်စွာ ဖိနှိပ်လိုက်ပြီး ကျားကိုဖမ်း၍ နဂါးကိုနှိမ်နင်းသည့် အရှိန်အဟုန်ဖြင့် သူ့ကို တိုက်ခိုက်ခြင်းမှ ကာကွယ်ခြင်းသို့ ပြောင်းလဲစေခဲ့သည်။
"စစ်သူကြီး လီက တိုက်ကွက်တစ်ကွက်တည်းအတွင်းမှာ ဖိနှိပ်ခံလိုက်ရတယ်"
"အိုး ဘုရားရေ... ဒီလုယွီက ဘယ်သူလဲ...တာအိုသခင်တစ်ယောက်ကပဲ သူ့ကို ဟန့်တားနိုင်တော့မှာလား"
ပတ်ဝန်းကျင်ရှိ ထန်စစ်သားများသည် အသက်ရှူမှားသွားကြ၏။ လီကွမ်းပိသည် သူ၏ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် ကျော်ကြားသော်လည်း သူသည် ဤနေရာတွင် အားကောင်းသော ရန်သူတစ်ဦးနှင့် တွေ့ကြုံခဲ့ရသည်။
တခြားတစ်ဖက်တွင် တာယွီစစ်သာများ၏ စိတ်ဓာတ် မြင့်တက်နေသည်။ မရေမတွက်နိုင်သော လူများသည် တညီတညွတ်တည်း အော်ဟစ်နေကြ၏။
"လုယွီ....မင်းက အရမ်းမောက်မာလွန်းတယ်.... ဆိုရိုးစကားအတိုင်း ပြောရရင် 'အရမ်းမာရင် အလွယ်တကူ ကျိုးလွယ်တယ်' တဲ့..မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ မင်းက ငါတို့အတွက် ဒုက္ခတွေ ယူဆောင်လာလိမ့်မယ်...."
လီကွမ်းပိက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် တိုက်ခိုက်ရန် အပြည့်အဝ ပြင်ဆင်လိုက်ပြီး ကာကွယ်ခြင်းကို လုံးလုံးလျားလျား စွန့်လွှတ်လိုက်သည်။
လီကွမ်းပိ၏သွေးချီစွမ်းအားများသည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပေ၏။ လုယွီနှင့် လီကွမ်းပိ ရပ်နေသော နေရာသည် တခြားစစ်မြေပြင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤစစ်မြေပြင်တွင် အလောင်းများဖြင့် ပြည့်နှက်နေပြီး လေထုအတွင်းတွင် သွေးနံ့များ လွှမ်းခြုံနေသည်။
ဤသည်မှာ နယ်မြေသခင်၏ ပိုင်နက်နယ်မြေပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လီကွမ်းပိသည် ဤနေရာကို သူ၏ ပိုင်နက်နယ်မြေအဖြစ်သို့ ပြောင်းလဲလိုက်သည်။
လီကွမ်းပိ၏လက်အတွင်းတွင် ဓားရှည်နှစ်လက် ထွက်ပေါ်လာကာ သူသည် မိုးကြိုးပစ်ခတ်သကဲ့သို့ ကြီးမားသောစွမ်းအားဖြင့် လုယွီကို ခုတ်ပိုင်းလိုက်သည်။
"ချွင်"
လီကွမ်းပိ၏တိုက်ခိုက်မှု့ကို တုံ့ပြန်သည့်အနေဖြင့် လုယွီက လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
ဤအချိန်တွင် လုယွီသည် သူ၏လက်ချောင်းငါးချောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး သူ၏လက်သီးတစ်ခုလုံးကို ရွှေဖြင့်ရစ်ပတ်ထားသကဲ့သို့ ဖြစ်နေပေ၏။ သူ၏လက်သီးသည် အလွန်မာကျောပြီး သန်မာအားကောင်းသည်။
ဓားနှစ်လက်သည် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် အတင်းအကြပ် တွန်းထုတ်ခံလိုက်ရသည်။
သို့ရာတွင် လီကွမ်းပိသည် ထိုနေရာတွင် ရပ်တန့်ရန် အစီအစဉ်မရှိချေ။ သူသည် ဓားနှစ်လက်ဖြင့် တိုက်ခိုက်နေသည့် အချိန်အခိုက်အတန့်မှာပင် လက်သီးတစ်ချက်ကို လေထုကိုဖြတ်သန်း၍ ထိုးနှက်လိုက်သည်။
ဤလက်သီးချက်ကို စွမ်းအားသက်သက်ဖြင့် ထိုးနှက်လိုက်ခြင်းမဟုတ်ဘဲ အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒလည်း ပါဝင်သည်။
ပတ်ဝန်းကျင်၌ စစ်သည်တော်ထောင်ပေါင်းများစွာ၏ ဟိန်းဟောက်သံများကဲ့သို့ အသံများသည် လေထုအတွင်းတွင် ပဲ့တင်ထပ်နေပေ၏။
ဤကဲ့သို့ ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါမျိုးကို နှစ်ပေါင်းများစွာကြာအောင် စစ်မြေပြင်၌ နေထိုင်ကာ မရေမတွက်နိုင်သော တိုက်ပွဲများကို တိုက်ခိုက်ခဲ့သော စစ်သူကြီးများသာ ပိုင်ဆိုင်နိုင်သည်။
အားပြင်းသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒလှိုင်းတစ်ရပ်သည် လေထုကိုဖြတ်သန်း၍ တိုက်ခတ်သွားသည်။ လီကွမ်းပိ၏နောက်တွင် သောင်းနှင့်ချီသော စိတ်ဝိညာဥ်များ ထွက်ပေါ်လာသည်။ စစ်မြေပြင်တွင် သေဆုံးခဲ့သော မရေမတွက်နိုင်သည့် စစ်သည်တော်များသည် သူတို့၏ စိတ်ဆန္ဒများကို လီကွမ်းပိထံသို့ ပေးပို့လိုက်ကြသည်။
ဤလက်သီးချက်ကို ရင်ဆိုင်ရာတွင် လူသောင်းပေါင်းများစွာက သူ့ကို တစ်ချိန်တည်း တိုက်ခိုက်နေသကဲ့သို့ ဖြစ်နေသည်။
အရှိန်အဝါတစ်ခုတည်းနှင့်ပင် ဤလက်သီးသည် အလွန်ဖိနှိပ်နိုင်မှုရှိပေ၏။
"မင်းရဲ့ တိုက်ခိုက်လိုစိတ်ကို မင်းရဲ့ လှုပ်ရှားမှုတွေထဲ ပေါင်းထည့်တယ်.... ဒါက မဟာလက်နက်သခင်တစ်ယောက်ရဲ့ လှုပ်ရှားမှုပဲ... မင်းမှာ အခုရှိနေတဲ့ ကျင့်ကြံနည်းစနစ်တွေ မဟုတ်ဘူး"
လုယွီ၏ မျက်လုံးများအတွင်းတွင် အလင်းတန်းတစ်တန်း လင်းလက်သွားသည်။ သူသည် သူ့ရှေ့မှ ကျင့်ကြံနည်းစနစ်ကို မှတ်မိသွားလေပြီ။
ရုတ်တရက် လုယွီသည် ခေါင်းမော့ကာ စစ်မြေပြင်၏အထက်မှ မိုးကောင်းကင်ကို ကြည့်လိုက်သည်။
သူ၏ခေါင်းအထက်ရှိ အဆုံးအစမရှိကျယ်ပြန့်သော ကောင်းကင်တွင် သွေးနီရောင်နေတစ်စင်း တောက်ပနေသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ကောင်းကင်ကို ဖုံးလွှမ်း၍ နေရောင်ကို ပိတ်ဖုံးထားသော ဓမ္မပုံရိပ်ယောင်တစ်ခုသည် လေဟာနယ်အတွင်း၌ ထွက်ပေါ်လာသည်။ အရပ်မျက်နှာအဘက်ဘက်တွင် ထူးဆန်းသော သဘာဝလွန်ပုံရိပ်များ ထွက်ပေါ်လာပြီး အလွန်အားကောင်းသည်။
ထိုဓမ္မပုံရိပ်ယောင်သည် လက်တစ်ဖက်တွင် ဓားတစ်လက် အခြားတစ်ဖက်တွင် မျှော်စင်တစ်ခုကို ကိုင်ထားသည်။ သူသည် ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသော သံချပ်ကာကို ဝတ်ဆင်ထားပြီး အလွန်ခန့်ညားထည်ဝါသည်။
ထန်အင်ပါယာစစ်နတ်ဘုရား...လီကျင်း....
လီကွမ်းပိသည် အမှန်တကယ်ကိုပင် စစ်မြေပြင်မှ ဝါရင့်စစ်သူကြီးတစ်ဦးဖြစ်သည်။ သူသည် အရာများစွာကို စဉ်းစားခဲ့ပြီး သူ၏ အားအကောင်းဆုံးနည်းစနစ်ကို အသုံးပြုရုံသာမက လီကျင်း၏ဓမ္မပုံရိပ်ယောင်ကိုပင် သူ့အား ကူညီရန် ဆင့်ခေါ်ခဲ့သည်။
အကယ်၍ လုယွီထံတွင် အစွမ်းထက်သော စိတ်ဝိညာဉ်နှင့် အားကောင်းသော အာရုံခံစားမှုများ မရှိခဲ့ပါက သူသည် လီကွမ်းပိ၏ လက်သီးချက်ကို ခံယူနိုင်လျှင်ပင် ဓမ္မပုံရိပ်ယောင်၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံရပြီး နေရာတွင်ပင် သေဆုံးသွားပေလိမ့်မည်။
"အခုမှ တွေ့တာက နောက်ကျသွားပြီ"
လီကွမ်းပိ၏ မျက်လုံးများအတွင်းတွင် ရက်စက်ကြမ်းကြုတ်မှုအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။
Chapter 4744
ဤတိုက်ခိုက်မှုအားလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပွားသွားခဲ့သည်။
အားပြင်းသော လက်သီးစိတ်ဆန္ဒသည် သွေးအရှိန်အဝါတစ်ရပ်ကို ဖန်တီးခဲ့သည်။ လီကွမ်းပိသည် နှစ်ပေါင်းများစွာကြာအောင် စစ်သူကြီးတစ်ဦးဖြစ်ခဲ့ပြီး သူ၏လက်များတွင် သွေးများဖြင့် စွန်းထင်းနေသည်။ သူ၏နောက်တွင် တောင်တစ်လုံးကဲ့သို့ စုပုံနေသော အရိုးများ ရှိနေပေ၏။
ဤလက်သီးချက်၏ အဓိကအချက်မှာ ခွန်အားမဟုတ်ပေ။ ထိုအစား ဤအရာ၏သွေးစွမ်းအားဖြင့် အဆုံးအစမရှိသော တိုက်ပွဲစိတ်ဝိညာဉ်များကို ဆင့်ခေါ်ပြီး ရန်သူကို ဖိနှိပ်ခြင်းပင်။
"လီကွမ်းပိ...မင်းက ငါ့ကို အထင်သေးနေတာပဲ... ငါက ထန်စခန်းထဲကို တစ်ယောက်တည်း ကျူးကျော်ဝင်ရောက်ရဲကတည်းက ငါ့မှာ အားကိုးစရာတစ်ခုခု ရှိနေလို့ပဲ"
လုယွီက တီးတိုးရေရွတ်လိုက်ပြီးနောက် သူ၏မျက်လုံးများအတွင်းတွင် တည်ကြည်ပြတ်သားမှုများဖြင့် ပြည့်နှက်နေသည်။
သူ၏စိတ်အတွင်းတွင် အတိတ်ဘဝက သူတစ်ယောက်တည်းဖြင့် စစ်မြေပြင်ပေါ်ရှိ ရန်သူများအားလုံးကို တိုက်ခိုက်ခဲ့သော မြင်ကွင်းကို ပြန်မြင်ယောင်နေမိသည်။
အတိတ်ဘဝတွင် လုယွီသည် မရေမတွက်နိုင်သော လူများ၏ ဖယ်ကျဉ်ခြင်းနှင့် လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ဂိုဏ်းအင်အားစုများသည် သူ့ကို နတ်ဆိုးကျင့်ကြံသူအဖြစ် သတ်မှတ်ပြီး တော်ဝင်နန်းတော်က သူ့ကို သစ္စာဖောက်အဖြစ် သတ်မှတ်သည်။ သူ သွားလေရာတွင် မရေမတွက်နိုင်သော လူများ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
လုယွီကို နာမည်ကျော်ကြားစေခဲ့သည်မှာ ရှေးဟောင်းစစ်မြေပြင်တစ်ခုဖြစ်သည်။ ဤသည်မှာ ချောင်ပိတ်မိနေသော နေရာတစ်နေရာဖြစ်ပြီး လုယွီထံတွင် ဆုတ်ခွာရန်မြေ မရှိတော့ပေ။ သူသည် အသက်စွန့်၍ တိုက်ခိုက်ရန်သာ တတ်နိုင်တော့သည်။
ထိုတိုက်ပွဲသည် လုယွီကို အမှန်တကယ် နာမည်ကျော်ကြားစေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် မရေမတွက်နိုင်သော ရန်သူများကို ရရှိခဲ့ပေ၏။
လုယွီသည် သူ၏ယခင်ဘဝတွင် မရေမတွက်နိုင်သော လူများ၏ အလောင်းများပေါ်တွင် နင်းလျှောက်ခဲ့သည်ဟု ဆိုနိုင်သည်။
ဤသည်မှာ ကောင်းခြင်းဆိုးခြင်း မှန်ခြင်းမှားခြင်းနှင့် မသက်ဆိုင်ချေ။ ဤကျင့်ကြံခြင်းလောကတွင် ပို၍အားကောင်းလာနိုင်သရွေ့ သူ၏နောက်မှ အရိုးများသည် တောင်တစ်လုံးကဲ့သို့ စုပုံနေလျှင်ပင် သူ တွန့်ဆုတ်မည်မဟုတ်ပေ။
"မင်းက စစ်သူကြီးတစ်ဦးဖြစ်ခဲ့ပြီးတော့ စစ်မြေပြင်ပေါ်မှာ မရေမတွက်နိုင်တဲ့ လူတွေကို သတ်ခဲ့တယ်...ဒါပေမယ့် မင်းရဲ သတ်ဖြတ်ခြင်းအရှိန်အဝါလောက်နဲ့ ငါ့ရှေ့မှာ အော်ဟစ်နိုင်တယ်လို့ မင်း ထင်နေတာလား..."
လုယွီ၏ နဖူးပေါ်တွင် တစ္ဆေမျက်နှာအရိုးစု အမှတ်အသားတစ်ခု လင်းလက်သွားသည်။
ထို့နောက် လုယွီ၏ နောက်တွင် နတ်ဆိုးဆန်သော သွေးချီတစ်လှိုင်း ထွက်ပေါ်လာသည်။ မြေအောက်လောကနတ်ဘုရား ဓမ္မပုံရိပ်ယောင်သည် သံကြိုးတစ်ချောင်းကို ကိုင်ဆောင်ပြီး သန်းရာထောင်ချီသော သရဲတစ္ဆေစိတ်ဝိညာဥ်များကို ဤနေရာသို့ ခေါ်ဆောင်လာသည်။
ဤအချိန်တွင် လီကွမ်းပိ ဖန်တီးခဲ့သော နယ်မြေပင်လျှင် တည်ငြိမ်မှုကို ဆုံးရှုံးသွားပုံရပြီး လှုပ်ခတ်စပြုလာသည်။
လုယွီက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သရဲတစ္ဆေဝိညာဉ်များသည် တစ်ချိန်တည်းမှာပင် ဟိန်းဟောက်လိုက်ပြီး အစိမ်းရင့်ရောင်အလင်းတန်းတစ်ခုသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ ဤနေရာသည် စစ်မြေပြင်မဟုတ်တော့ဘဲ ငရဲဘုံတစ်ခု ဖြစ်နေသည်။
လီကွမ်းပိသည် သူ၏လက်သီးနှင့် လက်ဝါးပေါ်တွင် သွေးစွမ်းအားကို စုစည်းလိုက်ပြီး လုယွီသည်လည်း အလားတူနည်းလမ်းဖြင့် တန်ပြန်တိုက်ခိုက်လိုက်သည်။
လုယွီသည် လက်ကိုမြှောက်ပြီး လက်သီးဆုပ်ကာ ထိုးနှက်လိုက်သည်။ ရုတ်ချည်းဆိုသလိူပင် မရေမတွက်နိုင်သော သရဲတစ္ဆေစိတ်ဝိညာဥ်များ၏ ဟိန်းဟောက်သံများသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေပေ၏။
"ဂါး...ဂါး...."
နားကွဲလုမတတ် ကျယ်လောင်သော ဟိန်းဟောက်သံများသည် အရပ်မျက်နှာအဘက်ဘက်တွင် ပဲ့တင်ထပ်နေသည်။
လီကွမ်းပိ၏ တုန်လှုပ်နေသော အကြည့်အောက်တွင် သန်းရာထောင်ချီသော သရဲတစ္ဆေစိတ်ဝိညာဥ်များသည် သူ၏သွေးစွမ်းအားကို ဝါးမြိုသွားရုံသာမက သူ၏ခန္ဓာကိုယ်ကိုလည်း လွှမ်းခြုံသွားသည်။
စစ်မြေပြင်နှင့် စစ်နတ်ဘုရားလီကျင်းတို့သည် ချက်ချင်းပင် အချည်းနှီးအဖြစ်သို့ ပြောင်းလဲသွားသည်။
သူတို့ရှိနေသော ပိုင်နက်နယ်မြေသည် ချက်ချင်း စုတ်ပြဲသွားသည်။ လူတိုင်းသည် လီကွမ်းပိ၏ မျက်နှာဖြူဖျော့ပြီး နောက်သို့လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်ကို မြင်လိုက်ကြသည်။
လီကွမ်းပိသည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားပေ၏။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ သွေးရောင်သံချပ်ကာသည် ပေါက်ကွဲသွားပြီး သူ၏အဝတ်အစားများသည် အနီရင့်ရောင်သွေးများဖြင့် စိုရွှဲနေသည်။
ဤထန်စစ်သူကြီးသည် မတ်တပ်ရပ်ရန်ပင် အင်အားမရှိလောက်အောင် ဒဏ်ရာရရှိသွားသည်။ သူသည် ထန်စစ်သားများ၏ အကူအညီကို အားကိုး၍သာ မနည်းရပ်တည်နိုင်တော့သည်။
"စစ်သူကြီး လီ ရှုံးသွားပြီ..."
မရေမတွက်နိုင်သော ထန်စစ်သည်တော်များသည် ဤမြင်ကွင်းကို အံ့အားသင့်စွာဖြင့် စူးစိုက်ကြည့်နေကြသည်။
လီကွမ်းပိသည် အနည်းဆုံးအနေဖြင့် လုယွီ၏တိုက်ခိုက်မှုကို အချိန်တခဏကြာခန့် တောင့်ခံထားနိုင်မည်ဟု သူတို့ တွေးထင်ခဲ့ကြသည်။
သို့ရာတွင် တိုက်ပွဲစတင်ပြီး မကြာမီမှာပင် လီကွမ်းပိ ရှုံးနိမ့်သွားခဲ့သည်။
လုယွီ၏ သွေးနတ်ဆိုးချီသည် လီကွမ်းပိ၏ မရီဒါန်းများအတွင်းသို့ ကျူးကျော်ဝင်ရောက်သွားလေပြီ။
လုယွီ၏ ယခင်ဘဝမှ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒနှင့်အတူ ထိုချီစွမ်းအားသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် သူ သေဆုံးသွားရပေမည်။
သို့ရာတွင် လီကွမ်းပိသည် စစ်မြေပြင်တွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့သောကြောင့် ဤသို့သော နတ်ဆိုးစွမ်းအားမျိုးကို အလွန်ရင်းနှီးကျွမ်းဝင်နေသည်။ အမှန်အားဖြင့် သူသည် ထိုသွေးနတ်ဆိုးချီကို အတိုင်းအတာတစ်ခုထိ ခုခံနိုင်စွမ်းရှိသောကြောင့်သာ ယခုအချိန်အထိ တောင့်ခံထားနိုင်ခဲ့ခြင်းဖြစ်သည်။
Chapter 4745
"လုယွီက တကယ်ပဲ ရှုံးပွဲမရှိဘူးလား..."
ထန်အင်ပါယာမှ မရေမတွက်နိုင်သော စစ်သည်တော်များသည် မျှော်လင့်ချက်ကင်းမဲ့မှုအရိပ်အယောင်တစ်ခုကို ခံစားလိုက်ရသည်။
လုယွီသည် လူတိုင်း၏ခေါင်းထက်တွင် ဖုံးလွှမ်းထားသော တောင်တစ်လုံးကဲ့နှင့် တူညီကာ သူတို့ကို အသက်ရှူမဝအောင် ပြုလုပ်နေသည်။
"လီကွမ်းပိ...ငါ မင်းကို ဒီနေ့ အသက်ရှင်ခွင့်ပေးလို့မဖြစ်ဘူး"
လုယွီသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့ကို သတ်ရန် ဟန်ပြင်လိုက်သည်။
ထန်စစ်သည်တော်များသည် ထိတ်လန့်တကြားဖြင့် မျက်နှာဖြူဖျော့သွားကြသည်။ ရုတ်ချည်းဆိုသလိုပင် ကိုယ်ရံတော်တစ်စုသည် ရှေ့သို့ ပြေးတက်လာပြီး သူတို့၏အသက်ကို ပဓာနမထားဘဲ လီကွမ်းပိ၏ရှေ့မှ ပိတ်ဆို့ဟန့်တားလိုက်ကြသည်။
ဘုန်း...ဘုန်း...ဘုန်း....
လုယွီသည် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ပြင်းထန်သော စွမ်းအားတစ်ရပ်သည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါအောက်တွင် အခြေခံအားဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ လုယွီ၏ရှေ့တွင် ရပ်တည်နိုင်ခြင်း မရှိတော့ချေ။
လီကွမ်းပိ၏ ကိုယ်ရံတော်များအားလုံးသည် လုယွီ၏ လက်ဝါးရိုက်ချက်ဖြင့် အသတ်ခံလိုက်ရသည်။
"လုယွီ..."
လီကွမ်းပိ၏ မျက်လုံးများ နီမြန်းသွားသည်။ သူသည် မတ်တတ်ရပ်ကာ လုယွီနှင့် အသက်စွန့်တိုက်ခိုက်လိုသည်။
သူ၏ သွေးချီစွမ်းအားများသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာပြီး အက်ကွဲသံများကိုလည်း ကြားနေရသည်။ နတ်ဆိုးစွမ်းအားများသည် သူ၏မရီဒါန်းများအတွင်းမှ ထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် လုယွီ၏ နတ်ဆိုးစွမ်းအား ခုနစ်ဆယ်ရာခိုင်နှုန်းကို ချေဖျက်လိုက်ပြီးဖြစ်သည်။
ဤသည်မှာ သိုင်းအင်မော်တယ်တစ်ဦး၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားပင်။ သူသည် လူသားတစ်ဦးဖြစ်နေဆဲဖြစ်သော်လည်း သူ၏ရုပ်ခန္ဓာကိုယ်သည် ရှေးဟောင်းအင်မော်တယ်တစ်ဦး၏ လက္ခဏာများကို ပိုင်ဆိုင်နေလေပြီ။
"မင်း လာတာ အချိန်ကိုက်ပဲ...မင်းရဲ့အသက်ကို ဒီနေ့ ဒီနေရာမှာ ထားခဲ့လို့ရပြီ"
လုယွီသည် လီကွမ်းပိ တိုက်ခိုက်မည်ကို စိုးရိမ်ခြင်းမရှိချေ။ သူသည် လီကွမ်းပိ မတိုက်ခိုက်ဘဲ ထွက်သွားမည်ကိုသာ စိုးရိမ်သည်။
လီကွမ်းပိသည် လုယွီနှင့် ရင်ဆိုင်တိုက်ခိုက်လိုပေ၏။ လုယွီထံတွင် သူ့ကို သတ်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
လီကွမ်းပိသည် ဒေါသတကြီး ဟိန်းဟောက်ပြီး သူ၏စွမ်းအားများအားလုံးကို လှည့်ပတ်လိုက်သည်။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် သူသည် သူ၏အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေပြီ။
သို့ရာတွင် လုယွီသည် သူ့ကို မည်သည့်အခွင့်အရေးမျှပေးရန် အစီအစဉ်မရှိချေ။ သူသည် ထိုက်ယွမ်လက်ဝါးနည်းစနစ်ဖြင့် ရိုက်ထုတ်လိုက်သည်။
ရွှေရောင်လက်ဝါးပုံရိပ်ယောင်တစ်ခုသည် မိုးကောင်းကင်ယံမှ ပြင်းထန်စွာ ကျဆင်းလာပြီး ကောင်းကင်ကို ဖုံးအုပ်ကာ နေရောင်ကို ပိတ်ဖုံးထားသည်။ ဤသည်မှာ ထိုက်တောင်ကြီးတစ်တောင်သည် လိကွမ်းပိအပေါ်သို့ ကျရောက်သွားသည့်အလားပင်။
ဝုန်း....
သို့ရာတွင် ထိုအချိန်မှာပင် ပြင်းထန်သောအသံတစ်သံ ရုတ်တရက် မြည်ဟီးလာသည်။
လီကွမ်းပိ၏နံဘေးပတ်လည်ရှိ လေဟာနယ်သည် ပြင်းထန်စွာ တွန့်လိမ်ပုံပျက်စပြုလာပြီး အဆက်မပြတ် တုန်ခါနေသည်။
သူတစ်ယောက်တည်းသာမက ထန်စစ်စခန်းတစ်ခုလုံး၏ လေဟာနယ်သည်လည်း ပြောင်းလဲစပြုလာသည်။
ဤသည်မှာ မြေနဂါးများ လူးလှိမ့်နေသည်နှင့် တူညီပြီး စစ်သားများသည် မတ်တတ်ပင်မရပ်နိုင်တော့ဘဲ မြေပေါ်သို့ လဲကျသွားကြသည်။
ထိုက်ယွမ်လက်ဝါးရိုက်ချက် ပြင်းထန်စွာ ကျရောက်သွားသော်လည်း လီကွမ်းပိ၏ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားပြီး မြေပြင်ကို ပြင်းထန်စွာ ရိုက်ခတ်မိကာ ဖုန်မှုန့်များ တလိမ့်လိမ့်ထသွားစေသည်။
လုယွီ၏ရှေ့ရှိ လီကွမ်းပိသည် ထန်စစ်စခန်းနှင့်အတူ ပျောက်ကွယ်သွားသည်။
အချိန်တခဏအတွင်းမှာပင် ကြယ်တာရာကောင်းကင်အောက်တွင် တာယွီစစ်တပ်သာ ကျန်ရစ်ခဲ့သည် သူတို့အားလုံး မှင်သက်နေကြသည်။
သူတို့ ယခုလေးတင် တိုက်ခိုက်နေခဲ့သော ရန်သူများသည် ရုတ်တရက် ပျောက်ကွယ်သွားပေ၏။
ဤသည်မှာ အချိန်တခဏအတွင်း ဖြစ်ပွားသွားခဲ့သဖြင့် တာယွီစစ်သားများသည် တုံ့ပြန်ရန် အချိန်မရခဲ့ကြချေ။ မြှားများနှင့် အဆောင်လက်ဖွဲ့များသည် လေဟာနယ်အတွင်းသို့ ကျရောက်ပြီး ပေါက်ကွဲသွားကြသည်။
"ဘာဖြစ်နေတာလဲ"
စစ်သူကြီးတစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဤအရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပွားခဲ့သည်။
ဖူကျစ်ရွှယ်နှင့် စုန့်ချင်ဟူတို့သည်လည်း ပျံသန်းလာကြသည်။ သူတို့နှစ်ဦးလုံး ဒဏ်ရာရရှိထားသော်လည်း တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒများ ပြည့်နှက်နေပုံရသည်။ သူတို့သည် တိုက်ပွဲအတွင်းသို့ ဝင်ရောက်တိုက်ခိုက်နေသည်မှာ သိသာထင်ရှားပေ၏။
"ဟား ဟား ဟား..လုယွီ မင်းဘယ်လို အနားယူလိုက်တာလဲ"
စုန့်ချင်းဟူသည် လုယွီကို မြင်တွေ့ချိန်၌ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
သူသည် ဤနေရာသို့လာရာ လမ်းတလျှောက်၌ ရန်သူအမြောက်အများကို သတ်ဖြတ်ခဲ့သည်။
စုန့်ချင်းဟူ၏ ပုံသဏ္ဌာန်သည် ထန်စစ်တပ်အတွင်းသို့ ဝင်ရောက်သွားချိန်၌ သိုးအုပ်တစ်အုပ်အကြားဝင်သွားသော ဝံပုလွေတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ မည်သူမျှ သူ့ကို မတားဆီးနိုင်ပေ။
ယခင်က သူသည် စစ်စခန်းအတွင်းတွင် ထန်စစ်တပ်၏ ပိတ်ဆို့ခြင်းကို ခံထားရချိန်အလွန်အမင်း နာကျင်ခံစားခဲ့ရသည်။ ယခုချိန်၌ နောက်ဆုံးတွင် သူ တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးတစ်ခုကို ရှာတွေ့ခဲ့ပြီး ဤသည်မှာ သူ့ကို အလွန်လွတ်လပ်ပေါ့ပါးမှုအား ခံစားရစေခဲ့သည်။
လုယွီသည် သူ နေကောင်းကြောင်းနှင့် ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီဖြစ်ကြောင်း ပြောဆိုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် အဝေးမှ လေဟာနယ်ကို ကြည့်လိုက်၏။
"လေဟာနယ်ရွှေ့ပြောင်းခြင်း... ဒါက တာအိုသခင်တစ်ယောက်ရဲ့ နည်းလမ်းပဲ...ဒီလိုလုပ်နိုင်ဖို့ အနည်းဆုံး လေဟာနယ်ဥပဒေသကို ကျွမ်းကျင်ပိုင်နိုင်ထားရမယ်....ထန်စစ်တပ်ရဲ့နောက်ကွယ်က ဒီတာအိုသခင်က မရိုးရှင်းဘူး"
Thank For Reading.