← Chapters

ခေါက်ဆွဲရောင်းသည့် ကောင်မလေး

Vol. 3 Ch. 34

ခေါက်ဆွဲရောင်းသည့် ကောင်မလေး

Vol. 3 Ch. 34

နီယန်က စားပွဲနှင့် ကုလားထိုင်များကို သိမ်းဆည်းရင်း ပြောလိုက်သည်။

"ဦးလေးလျိုရယ်... ဦးလေးက ဗေဒင်ဆရာတော့ မဟုတ်ပါဘူးနော်... ဟောလိုက်ရင် မှန်နေတာပဲ"

ဆိုင်ပိုင်ရှင်က နီယန် ကြွားလုံးထုတ်နေသည်ဟု ထင်ကာ ပြန်ပြောလိုက်သည်။

"ယန်ယန်... မိန်းကလေးတစ်ယောက်အနေနဲ့ ဒီလောက်ကြီး ပင်ပင်ပန်းပန်း လုပ်စရာမလိုပါဘူးကွယ်... ဦးလေး ထပ်ပြီး အကြံပေးပါရစေ... စာများများဖတ်စမ်းပါ..."

ဆိုင်ပိုင်ရှင် စကားမဆုံးခင်မှာပင် စာပေသမား ရုပ်ဆင်းသဏ္ဌာန်ရှိသော လူငယ်လေးတစ်ဦး ဆိုင်ထဲမှ ထွက်လာပြီး ပြောသည်။

"အဖေ... ကျွန်တော် အခုလေးတင် ဝယ်ထားတဲ့ ဘောပင်အသစ်လေး တွေ့မိသေးလား"

စကားပြောပြီးမှ လူငယ်လေးသည် ကုလားထိုင်နှင့် စားပွဲများကို စီစဉ်နေသော နီယန်ကို သတိထားမိသွားသည်။ နီယန်က သူ့ကို ကျောပေးထားသဖြင့် သူမြင်ရသည်မှာ သူမ၏ သွယ်လျသော ကိုယ်လုံးလေးကိုသာ ဖြစ်သည်။

နေ့စဉ် ဧည့်သည်များ အဝင်အထွက် များပြားသဖြင့် လူငယ်လေးသည် နီယန်ကို အထူးတလည် အာရုံမစိုက်မိခဲ့ပေ။ သို့သော် ဖခင်ဖြစ်သူ၏ စကားကို ကြားလိုက်ရပြီးနောက် ဤမိန်းကလေးအပေါ် သူ အနည်းငယ် စိတ်ဝင်စားသွားသည်။ သူမက သိပ်အသက်ကြီးပုံမရ၊ ကျောင်းထွက်လိုက်ပြီလား။ သူ့အဖေ ပြောသလိုပင် ပညာမတတ်ဘဲ ဘယ်လို အနာဂတ်မျိုး ရှိနိုင်မှာလဲ။

"မင်းရဲ့ ဘောပင်အသစ်လား"

ဆိုင်ပိုင်ရှင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

"အေး... နေဦး... အဖေ ရှာပေးမယ်"

သားဖြစ်သူ၏ အသက်မှာ ၁၉ နှစ်ရှိပြီဖြစ်ပြီး အမည်မှာ လျိုဝေ ဖြစ်သည်။ သူသည် လက်ရှိတွင် အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားဖြစ်ပြီး အတန်းထဲတွင် အဆင့်တစ် ရသူဖြစ်သည်။ ရုပ်ရည်ချောမောပြီး မိဘများ စိတ်ဆင်းရဲအောင် ဘာမှမလုပ်ပေ။ ထို့ကြောင့် ဆိုင်ပိုင်ရှင်သည် သားဖြစ်သူကို အလိုလိုက်ထားပြီး လိုချင်တာ မှန်သမျှ ဖြည့်ဆည်းပေးသည်။

ထိုအချိန်တွင် နီယန်သည် စားပွဲနှင့် ကုလားထိုင်များကို နေရာချ၍ ပြီးစီးသွားပြီဖြစ်သည်။ သူမက ပြုံးလျက် လှည့်ကြည့်ကာ ပြောလိုက်သည်။

"ဦးလေးလျို... စားပွဲတွေ နေရာချပြီးပြီမို့ သမီး ပြန်တော့မယ်နော်"

မက်မွန်ပွင့်လွှာကဲ့သို့ ကြည်လင်သော သူမ၏ မျက်ဝန်းအစုံသည် လူငယ်လေး၏ အကြည့်နှင့် ဆုံမိသွားသည်။

ထိုခဏ၌ လျိုဝေ၏ ရင်သည်ဒိတ်ခနဲ ခုန်သွားသည်။ အမည်ဖော်ရခက်သည့် နူးညံ့သိမ်မွေ့မှုလေး တစ်ခုသည် နှလုံးသားထဲကို ညင်သာစွာတိုးဝင်လာ၏။ တောပန်းကလေးတစ်ပွင့်သဖွင့် လှလွန်းပါသည့်ကောင်မလေးက သူ့ကို မျက်လုံး၀ိုင်း၀ိုင်းကြီးများနဲ့ ကြောင်အမ်းအမ်းလေး ကြည့်နေသည်လေ။

လျိုဝေ ငေးကြည့်နေမိစဉ် ခဏတာမျှ မင်သက်ဆွံ့အသွားပြီးမှ မိမိ၏ လှုပ်ရှားနေသော ရင်ကို ပြန်ထိန်းချုပ်လိုက်သည်။ ထိုအချိန်တွင် နီယန်သည် စက်ဘီးစီးကာ ထွက်ခွာသွားပြီ ဖြစ်သည်။

"အဖေ... ခုနက တစ်ယောက်က ဘယ်သူလဲဟင်"

လူငယ်လေးက အိမ်ထဲသို့ ဝင်ရင်း မေးလိုက်သည်။ ဆိုင်ပိုင်ရှင် လျိုတုန်းလျန်သည် သူ၏ချစ်လှစွာသောသားအတွက် ဘောပင် ရှာဖွေရင်း ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

"ဪ... ခေါက်ဆွဲရောင်းတဲ့ ကောင်မလေးပါကွာ... သူ့နာမည် နီယန် လို့ ထင်တာပဲ... ကောင်မလေးက ငယ်ငယ်လေးနဲ့ အတော်လေပါတယ်ကွာ... ရှောင်ဝေ... ငါတို့က ဘဝမှာ လက်တွေ့ကျကျ နေရမယ်... စာကို ကြိုးကြိုးစားစား လုပ်ပြီး ကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ရမယ်... ငယ်ငယ်ရွယ်ရွယ်နဲ့ လူလောကထဲ တိုးဝင်နေတဲ့ ဟိုကောင်မလေး နီယန်လို မဖြစ်စေနဲ့... စာတောင် ကောင်းကောင်း ဖတ်တတ်တာ မဟုတ်ဘူး... နောင်အနာဂတ်ကျရင် ဘာဖြစ်လာမလဲ ဘယ်သူသိမှာလဲ... သူ့မိသားစုက သူ့ကို သေချာ လမ်းပြသွန်သင်ပေးသင့်တာ... ဒီလောက် ကောင်းမွန်တဲ့ မျိုးစေ့လေး အလဟဿ ဖြစ်သွားရတာ နှမြောစရာပဲကွာ..."

လျိုတုန်းလျန်၏ အသံထဲတွင် ဝမ်းနည်း နှမြောတသဖြစ်မှုတို့ ပြည့်နှက်နေသည်။ လျိုဝေ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိပြီး မျက်လုံးထဲတွင် သံသယရိပ်တို့ ဖြတ်ပြေးသွားသည်။ နီယန်သည် ဇာတ်လမ်းတစ်ပုဒ် ရှိနေမည့်သူပုံစံမျိုး ပေါက်နေပြီး သူ့ဖခင် ပြောသလောက် အဆင့်နိမ့်ကျမည့်သူ မဟုတ်ဟု သူ ထင်မြင်မိသည်။

နီယန်.....

သူမ၏ နာမည်ကို မည်သည့် စာလုံးပေါင်းနှင့် ရေးသည်ကို မသိသော်လည်း သူ့စိတ်ထဲတွင် အလိုအလျောက် ပုံဖော်ကြည့်မိသည်မှာ "ချင်းမင်ထျန်း နီဆဲ့" ဟူသော စာကြောင်းမှ 'နီ' နှင့် "ဖူယန်ညောင်ညောင် " မှ 'ယန်' တို့ ဖြစ်သည်။ လျိုဝေ ဆက်ပြောချင်သေးသော်လည်း ထိုအချိန်မှာပင် လျိုတုန်းလျန်က ထောင့်တစ်နေရာတွင် ကျနေသော ငွေရောင် 'Hero' တံဆိပ် ဘောပင်ကို တွေ့ရှိသွားသည်။

"ရှောင်ဝေ... မင်းဘောပင် တွေ့ပြီ... ကဲ ကျောင်း မြန်မြန်သွားတော့"

လျိုတုန်းလျန်က ဘောပင်ကို လျိုဝေထံ ကမ်းပေးလိုက်သည်။

ဤခေတ်တွင် Hero ဘောပင်တစ်ချောင်းသည် ယွမ် ၂၀ တန်ကြေးရှိသည်။ ယွမ် ၂၀ ဆိုသည်မှာ ဝက်သား ၁၀ ပေါင်နီးပါး ဝယ်ယူနိုင်သော ပမာဏဖြစ်သည်။ သာမန်မိသားစုများအနေဖြင့် ဤသို့ ဝယ်ယူသုံးစွဲရန် မရဲကြပေ။ ဤအချက်က လျိုဝေသည် အိမ်တွင် မည်မျှ အလိုလိုက်ခံထားရကြောင်း ပြသနေသည်။

သူသည် မိဘများ၏ ဂုဏ်ယူစရာ သားလေးဖြစ်သည်။ ဘောပင်ကို ရရှိသည်နှင့် လျိုဝေသည် သိလိုစိတ်ကို မျိုသိပ်လိုက်ပြီး လွယ်အိတ်ကို လွယ်ကာ သေသပ်စွာ စီထားသော စားပွဲနှင့် ကုလားထိုင်များကို တစ်ချက်ကြည့်လိုက်ရင်း ပြောလိုက်သည်။

"ဒါဆို ကျွန်တော် ကျောင်းသွားတော့မယ်"

"သွားလေ... ညကျောင်းဆင်းရင် အဖေ လာကြိုမယ်"

လျိုတုန်းလျန်က ကျေနပ်အားရစွာ ပြုံးရင်း ပြောလိုက်သည်။

"ဟုတ်ကဲ့... သွားလိုက်ပါဦးမယ် အဖေ"

လျိုဝေ ခေါင်းညိတ်ပြလိုက်သည်။ လျိုဝေ ဆိုင်ထဲမှ ထွက်လိုက်သည်နှင့် အမျိုးသမီးတစ်ဦးသည် သူ့နောက်မှ အပြေးလိုက်လာသည်။

"ရှောင်ဝေ... နေဦး... သား နွားနို့ မေ့ကျန်ခဲ့တယ်"

"ကျေးဇူးပါ အမေ"

လျိုဝေက နွားနို့ပုလင်းကို လှမ်းယူရင်း ပြုံး၍ ပြောလိုက်သည်။ ဤနွေးထွေးသော မြင်ကွင်းကို မလှမ်းမကမ်းတွင် ရပ်နေသော မိန်းကလေးတစ်ဦး မြင်တွေ့သွားသည်။ အားကျသော အရိပ်အယောင်တစ်ခု သူမ မျက်လုံးထဲတွင် ဖြတ်သန်းသွားပြီးနောက် လျိုဝေရှိရာသို့ တည်ငြိမ်စွာ လျှောက်လှမ်းလာသည်။

"အတန်းခေါင်းဆောင်... ဒီနေ့ နည်းနည်း နောက်ကျနေသလိုပဲနော်"

လျိုဝေက နွားနို့ပုလင်းကို မြှောက်ပြလိုက်ရင်း တောက်ပသော အပြုံးဖြင့် ဆိုသည်။

"ဦးနှောက်တွေလည်းမကောင်းတော့ပါဘူးကွာ... နွားနို့ ယူဖို့ မေ့ကျန်ခဲ့တာ"

မိန်းမငယ်လေးသည် ချိုသာစွာပြုံးနေသော သူ့ကို မင်တက်ကာ ကြည့်နေမိသည်။ အလွန်ချောမောခန့်ညားသည့်အပြင် စာတော်ပြီး မိသားစုအသိုင်းအဝိုင်းလည်း ကောင်းမွန်သော လျိုဝေမှာ ဆယ်ကျော်သက်ကလေးများ၏ စိတ်ကူးယဉ်မင်းသား၊ အိပ်မက်မင်းသားတစ်ယောက်ဖြစ်နေသည်မှာ အဆန်းတော့မဟုတ်ပါချေ။

……….

နီယန်သည် စည်ကားသော လမ်းမကြီးအတိုင်း စက်ဘီးကို နင်းလာခဲ့သည်။ လေပြည်အဝှေ့တွင် သူမ၏ နက်မှောင်သော ဆံနွယ်များ လေထဲတွင် ဝဲပျံနေပြီး မျဉ်းကွေးလေး တစ်ခုကဲ့သို့ဖြစ်နေသည်။ လျိုဝေသည် နွားနို့ပုလင်းကို ကိုင်လျက် ဆန့်ကျင်ဘက် လမ်းကြောမှ ဖြတ်ကူးလာသည်။ တဒင်္ဂ အကြည့်ချင်း ဆုံမိလိုက်ချိန်တွင် ဝဲပျံနေသော ဆံနွယ်များအောက်၌ ဖုံးကွယ်နေသော လှပလွန်းသည့် မျက်နှာလေးကို သူ မြင်လိုက်ရသည်။ သူ မသိလိုက်ဘာသာ ခြေလှမ်းများ တုန့်ခနဲ ရပ်တန့်သွားပြီး သူမ ရှိရာဘက်သို့ ငေးကြည့်နေမိသည်။ သူ့ဘေးမှ မိန်းကလေးက သူ၏ အပြုအမူကို သတိထားမိသွားပြီး သိချင်စိတ်ဖြင့် ထိုဘက်သို့ လှမ်းကြည့်လိုက်သည်။

"အတန်းခေါင်းဆောင်... ဘာကြည့်နေတာလဲ"

လျိုဝေသည် အလျင်စလို မဟုတ်သော ဟန်ပန်ဖြင့် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

"ဘာမှမဟုတ်ပါဘူး... ငါတို့တွေ မြန်မြန်သွားရအောင်... ကျောင်းတက်ချိန် နီးနေပြီ"

မိန်းကလေးမှာ မျက်မှောင်ကြုတ်လျက် ဇဝေဇဝါ ဖြစ်သွားသော်လည်း ထပ်မမေးတော့ဘဲ လူငယ်လေးနှင့် အတူတူ ကျောင်းရှိရာသို့ ဦးတည်သွားကြတော့သည်။

မိမိ၏ စီးပွားရေးကို ချဲ့ထွင်ရန် စိတ်ပိုင်းဖြတ်ထားသော နီယန်သည် လမ်းတစ်လျှောက်ရှိ ဆိုင်ခန်းငှားရမ်းခ ဈေးနှုန်းများကို စုံစမ်းလာခဲ့သည်။ နေရာကောင်းတစ်ခုဆိုလျှင် တစ်လ ယွမ် ၁၅၀ ခန့်ရှိပြီး သာမန်နေရာများဆိုလျှင် ယွမ် ၈၀ မှ ၁၀၀ ကြား ရှိသည်။ ထို့အပြင် ငှားရမ်းမည်ဆိုပါက သုံးနှစ်စာ ကြိုပေးရမည် သို့မဟုတ် အပြီးဝယ်ရမည် ဖြစ်သည်။

မနေ့ညက ဝမ်မေဖုန်း ပေးလိုက်သော ငွေနှင့်ပေါင်းလျှင်တောင် သူမလက်ထဲတွင် စုစုပေါင်း ၉၅၀ ယွမ်သာ ရှိသည်။ အကယ်၍ တစ်လ ယွမ် ၁၅၀ တန် ဆိုင်ခန်းကို ငှားမည်ဆိုလျှင် စုစုပေါင်း ၅၄၀၀ ယွမ် တစ်လုံးတခဲတည်း ပေးချေရမည် ဖြစ်သည်။

နေရာသိပ်မကောင်းသည့် ဆိုင်ခန်းကို ငှားလျှင်တောင် ၂၈၈၀ ယွမ် ကျသင့်ဦးမည်။ ထိုပမာဏကို မှီဖို့ သူမမှာ လိုအပ်ချက်များစွာ ရှိနေသေးသည်။ ယခင်ဘဝက ကြွယ်ဝချမ်းသာခဲ့သော နီယန်သည် ပြန်လည်မွေးဖွားလာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဆင်းရဲမွဲတေမှု၏ အကူအညီမဲ့သော ဒုက္ခကို ခံစားလိုက်ရသည်။ နီယန်သည် စက်ဘီးကို တွန်းရင်း ငွေမြန်မြန်ရမည့် နည်းလမ်းကို စိတ်ထဲ၌ တွေးတောကြံဆနေမိသည်။

ငွေပိုရှာချင်လျှင် ငါးချဉ်ဟင်းခေါက်ဆွဲ ပိုရောင်းရမည်။ သူမ၏ ငါးချဉ်ဟင်းခေါက်ဆွဲမှာ အရသာရှိပြီး ရောင်းကောင်းသော်လည်း မကြာမီ အတုခိုးမည့်သူများ ပေါ်လာတော့မည် ဖြစ်သည်။ သူတို့၏ ဈေးနှုန်းသည် တစ်ပွဲ ၀.၃၀ ယွမ်ထက်ပင် နည်းကောင်း နည်းနိုင်သည်။ ဈေးကွက်ပြိုင်ဆိုင်မှုမှာ ရက်စက်လှသည်။ ထို့ကြောင့် သူမသည် အခြားသူများ လိုက်မလုပ်နိုင်သော ကိုယ်ပိုင် သီးသန့် ဟင်းချက်နည်းတစ်ခုကို ဖန်တီးရမည်။

နောင်အနာဂတ်တွင် လူပြောများလာမည့် စကားတစ်ခွန်းကို သူမ လက်တွေ့ အကောင်အထည် ဖော်ရမည်။

'အမြဲတမ်း အတုခိုးခံရပေမယ့် ဘယ်တော့မှ ကျော်တက်မခံရစေနဲ့'

ဒါမှသာ သူမထံသို့ ဧည့်သည်များ စဉ်ဆက်မပြတ် လာရောက်ကြမည် ဖြစ်သည်။

နီယန်သည် စက်ဘီးဖြင့် ဈေးသို့ ရောက်လာသည်။ ပထမဦးစွာ အချဉ်မျိုးစုံ ဝယ်လိုက်သည်။ ထို့နောက် ဂေါ်ဖီထုပ် ပေါင် ၆၀ ကျော်၊ ကြက်သွန်နီ ၁၀ ပေါင်၊ ကြက်သွန်ဖြူ၊ နံနံပင်၊ စီချွမ်ငရုတ်ကောင်းနှင့် အခြား ဟင်းခတ်အမွှေးအကြိုင်များကို ဝယ်ယူလိုက်သည်။ အများအပြား ဝယ်ယူသဖြင့် ဆိုင်ပိုင်ရှင်က သူမကို အခြားဟင်းသီးဟင်းရွက် အနည်းငယ် လက်ဆောင် ထည့်ပေးလိုက်သေးသည်။

ဟင်းသီးဟင်းရွက်များ ဝယ်ပြီးနောက် နီယန်သည် ငါး ၁၀ ကောင် ဝယ်လိုက်သည်။ ဒီတစ်ခါတွင် သူမသည် ခေါင်းကြီး ငါးကြင်းများကို ရွေးဝယ်လိုက်သည်။ ငါး ၁၀ ကောင်သည် ပေါင် ၄၀ ကျော် လေးပြီး ၃ ယွမ်သာ ကျသင့်သည်။

ပစ္စည်းများ အများအပြား ဝယ်ယူရသဖြင့် နေ့လယ်ရောက်မှ နီယန် အိမ်ပြန်ရောက်သည်။ နီချွေ့ဟွာသည် အိမ်ထဲတွင် ကလေးသိပ်နေသည်။ နီယန် ပြန်ရောက်လာသည်ကို မြင်သောအခါ နီယွင်လေး အိပ်ပျော်နေသည် မပျော်နေသည်ကို ဂရုမစိုက်တော့ဘဲ ချက်ချင်းပင် ကလေးကို လွှဲပေးလိုက်သည်။

"ယန်ယန်... ဘာလို့ အခုမှ ပြန်ရောက်တာလဲ... အမေဖြင့် စိတ်ပူလိုက်ရတာ"

ပုံမှန်ဆိုလျှင် နီယန်သည် ၁၁ နာရီလောက်ဆို အိမ်ပြန်ရောက်နေကျ ဖြစ်သည်။ နီယန်သည် ညီမလေးကို လှမ်းပွေ့ယူလိုက်ပြီး ပါးပြင်လေးကို ညင်သာစွာ ပွတ်သပ်ရင်း ပြုံးလိုက်သည်။

"ဈေးထဲမှာ ကြာသွားလို့ပါ... သမီးအတွက် စိတ်မပူပါနဲ့... သမီး ကလေးမဟုတ်တော့ပါဘူး"

"ယွင်ယွင်လေးကို အမေ့ဆီ ပေး... သမီး သွားစားချေ... စားပြီးရင် ကောင်းကောင်း အိပ်လိုက်ဦး... မိုးချုပ်ရင် အမေ လာနှိုးမယ်"

နီချွေ့ဟွာသည် သမီးဖြစ်သူကို အမှန်တကယ် ဂရုစိုက်ရှာသည်။ ယန်ယန်သည် အလုပ်အတွက် ညဉ့်နက်သည်အထိ နေရသလို နေ့တိုင်းလည်း စောစောထရသည်။

All Chapters