← Chapters

ဒီဆေးနည်းကို ဘယ်သူပေးတာလဲ

Vol. 3 Ch. 35

ဒီဆေးနည်းကို ဘယ်သူပေးတာလဲ

Vol. 3 Ch. 35

သာမန်မိသားစုမှ သာမန်ကလေးတစ်ယောက်ဆိုလျှင် ဤအရွယ်၌ အပြစ်ကင်းစင်ကာ ဖြူစင်နေဦးမည် ဖြစ်သည်။ သို့သော် နီယန်အတွက်မူ မိသားစု၏ ဝန်ထုပ်ဝန်ပိုးအားလုံးနီးပါး သူမပခုံးပေါ် ကျရောက်နေသည်။

နီယန်၏ ပင်ပန်းဆင်းရဲမှုများကို တွေးမိတိုင်း နီချွေ့ဟွာ ရှက်ရွံ့မိသည်။ သူမသည် မိခင်တစ်ယောက်အနေဖြင့် တာဝန်မကျေခဲ့။ နီယန်သည် ညီမလေးကို နီချွေ့ဟွာထံ ပေးလိုက်သည်။

"သမီး အရင် သွားစားလိုက်ပါဦးမယ်"

နီယန် ထမင်းစားခန်းသို့ သွားကာ အနည်းငယ်မျှ အဆာပြေ စားလိုက်ပြီးနောက် တူကိုချကာ ခြံဝင်းထဲသို့ ထွက်လာပြီး စက်ဘီးပေါ်မှ ပစ္စည်းများကို ချလိုက်သည်။ ဟင်းသီးဟင်းရွက် ပေါင် ၆၀ ကျော်ကို ချလိုက်သောအခါ ဧရာမအပုံကြီး ဖြစ်လာသည်။ ဤအရာများကို ဆေးကြောရန်မှာ ကြီးမားသော အလုပ်တစ်ခုပင်။

သို့သော် နီယန်သည် ပင်ပန်းမည်ကို မကြောက်ပေ။ ရေတွင်းမှ ရေဇလုံအကြီးကြီး တစ်လုံး ဖြည့်ပြီးနောက် ထိုင်ချလိုက်ပြီး သေသေချာချာစတင် ဆေးကြောတော့သည်။ သူမသည် ဤဟင်းသီးဟင်းရွက်များကို ချဉ်ဖတ် တည်တော့မည်ဖြစ်သည်။

ယခင်ဘဝက အစားအသောက်လုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသဖြင့် ချဉ်ဖတ်တည်ခြင်းသည် နီယန်အတွက် ခက်ခဲသော အလုပ်မဟုတ်ပေ။ ထို့အပြင် သူမသည် ကျွမ်းကျင်ပြီး လျှို့ဝှက်ချက်ပြုတ်နည်းကိုလည်း တီထွင်ထားသည်။ သူမတည်သော ချဉ်ဖတ်သည် မွှေးကြိုင်ပြီး ကြွပ်ရွနေရုံသာမက ခံတွင်းမြိန်စေကာ ပါးစပ်ထဲတွင် စွဲကျန်ရစ်သော ရနံ့ကို ပေးစွမ်းနိုင်သည်။

ငါးချဉ်ဟင်းခေါက်ဆွဲထဲတွင် လျှို့ဝှက်ချဉ်ဖတ်နှင့် လျှို့ဝှက်ငရုတ်သီးတို့သည် အဓိကဇာတ်လိုက်များ ဖြစ်ကြသည်။

ဤလျှို့ဝှက်ချက်ပြုတ်နည်းများကို အခြားသူများ အတုမခိုးနိုင်ပေ။

(**ငါးဂေါ်ဖီချဉ်အား ယခုမှစကာ ငါးချဉ်ဟင်းခေါက်ဆွဲဟုသာ ပြောင်းလဲ သုံးနှုန်းပါမည်**)

ဈေးမှဝယ်လာသော သာမန်ချဉ်ဖတ်များကို သုံး၍ ချက်ထားသော ခေါက်ဆွဲပင် ရောင်းကောင်းနေပြီဖြစ်ရာ သူမ၏ လျှို့ဝှက်ချဉ်ဖတ်သာ ထွက်လာပါက ပို၍ပင် လူကြိုက်များလာလိမ့်မည်ဟု သူမ ယုံကြည်သည်။ ဤအတွေးဖြင့် နီယန်သည် အားအင်များ ပြည့်ဝလာပြီး လုံးဝ မမောပန်းတော့ပေ။

တကယ်တော့ ဈေးကွက်ထဲတွင် ရရှိနိုင်သော ချဉ်ဖတ်အများစုမှာ မတည်ခင် ရေမဆေးကြပေ၊ ရောင်းတန်းမှာ ထိုမျှသာဖြစ်သည်။ သို့သော် နီယန်က မတူပေ။

သူမသည် ဧည့်သည်များကို မှီခိုပြီး အသက်မွေးဝမ်းကျောင်း ပြုနေရသဖြင့် သူတို့အပေါ် တာဝန်ယူမှု ရှိရမည်။ ထို့ကြောင့် သူမ ပြင်ဆင်သော အစားအသောက်များသည် မိမိကိုယ်တိုင် စားသောက်ရန် ပြင်ဆင်သကဲ့သို့ အမြဲတမ်း သန့်ရှင်းသပ်ရပ်နေသည်။

"ယန်ယန်... ဘာလို့ ဟင်းသီးဟင်းရွက်တွေ အများကြီး ဝယ်လာတာလဲ... သမီးရယ် သမီး ဒေါ်လေးနီရယ် အမေရယ် ပေါင်းမှ ညစာစားမယ့်သူ သုံးယောက်တည်း ရှိတာ ဒီလောက် အများကြီးကို ဘယ်လောက်ကြာကြာ စားရမှာလဲ"

နီချွေ့ဟွာသည် ဇဝေဇဝါဖြစ်စွာဖြင့် နီယန်အနားသို့ လျှောက်လာသည်။ နွေရာသီဖြစ်၍ ဟင်းသီးဟင်းရွက် အများအပြား ပုံထားပါက အလွယ်တကူ ပုပ်သိုးသွားနိုင်သည်။ နီယန်က ပြုံး၍ ရှင်းပြလိုက်သည်။

"အမေ... ဒါတွေက စားဖို့မဟုတ်ဘူး... သမီး ချဉ်ဖတ်တည်မလို့"

"ချဉ်ဖတ်တည်မလို့"

နီချွေ့ဟွာ အံ့သြစွာ မေးလိုက်သည်။

"ယန်ယန်... သမီးက ချဉ်ဖတ်တည်တတ်လို့လား"

တကယ်တော့ ဆားရည်စိမ်တာလောက်က ဘယ်သူမဆို လုပ်တတ်သော်လည်း ချဉ်ဖတ်တည်တာကတော့ မတူပေ။ ဟင်းသီးဟင်းရွက်များကို ချဉ်ပြုံးပြုံးနှင့် အရသာရှိအောင် လုပ်ဆောင်ရန်မှာ ကျွမ်းကျင်မှုအတိုင်းအတာတစ်ခု လိုအပ်သည်။ ထို့ကြောင့် နီချွေ့ဟွာသည် နီယန်ကို အနည်းငယ် သံသယဝင်နေမိသည်။

ဘာပဲဖြစ်ဖြစ် နီယန်သည် တစ်ခါမှ ချဉ်ဖတ် မတည်ဖူးပေ။

နီယန်က ပြုံး၍ ပြန်ဖြေသည်။

"အရင်ကတော့ မလုပ်ဖူးပါဘူး... ဒါပေမယ့် စာအုပ်ထဲမှာ ဖတ်ဖူးတယ်... တကယ်တမ်းကျတော့ သိပ်မခက်ပါဘူး... ဈေးထဲက ချဉ်ဖတ်တွေက ဈေးကြီးတယ်လေ... တစ်ပေါင်ကို တစ်ပြားလောက် ပေးရတယ်... သမီးဝယ်လာတဲ့ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေက ငါးပေါင်မှ တစ်ပြားပဲ ကျတယ်... ဒါကြောင့် ပိုက်ဆံ နည်းနည်း သက်သာအောင် စမ်းလုပ်ကြည့်မလို့ပါ"

ဒါကို ကြားလိုက်ရတော့ နီချွေ့ဟွာသည် ချက်ချင်းပင် လက်မောင်းကို ပင့်တင်လိုက်သည်။

"ဒီလောက် ဟင်းသီးဟင်းရွက် အများကြီးကို သမီးတစ်ယောက်တည်း ဆေးနေရင် အချိန်အများကြီး ကြာနေမှာပေါ့ အမေ ကူလုပ်ပေးမယ်"

"မလိုပါဘူး"

နီယန်က နီချွေ့ဟွာကို အလျင်အမြန် တားလိုက်သည်။

"အမေ... သမီး ဘယ်နှစ်ခါ ပြောရမလဲ... အမေ ကျန်းမာရေး ပြန်ကောင်းလာမှ သမီးကို ကူညီပါ... အခုလောလောဆယ်တော့ အမေက သမီးကို ကူညီတာ မဟုတ်ဘူး... အလုပ်ပိုရှုပ်စေတာ"

သမီးဖြစ်သူကို နားချမရသဖြင့် နီချွေ့ဟွာမှာ လက်လျော့လိုက်ရပြီး အခန်းထဲသို့ ပြန်ဝင်သွားသည်။ သူမသည် နီယန် ဝယ်လာသော ငါးဆယ်ကောင်ကို တိတ်တဆိတ် ထုတ်ယူကာ ဗိုက်ခွဲ၊အကြေးထိုး၊ အညစ်အကြေးများသန့်စင်လိုက်ပြီး ဂရုတစိုက် လှီးဖြတ်တော့သည်။

သူမသည် ဝန်ထုပ်ဝန်ပိုးအားလုံးကို နီယန် တစ်ယောက်တည်းအပေါ် မပုံချချင်ပေ။ နီယန်သည် အပြင်ဘက်တွင် ဟင်းသီးဟင်းရွက်များ ဆေးကြောနေပြီး မိခင်ဖြစ်သူ တိတ်တဆိတ် အလုပ်လုပ်နေသည်ကို မသိလိုက်ပေ။ ဟင်းသီးဟင်းရွက်များကို စင်ကြယ်အောင် ဆေးကြောပြီးနောက် နီယန်သည် ကြိုးတန်းပေါ်တွင် အကုန် လှန်းထားလိုက်သည်။ ရေစစ်သွားပြီးနောက် စဉ့်အိုးထဲတွင် သေသပ်စွာ စီထည့်လိုက်သည်။ ဟင်းသီးဟင်းရွက် တစ်လွှာ စီတိုင်းတွင် ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်နှင့် ဆားမှုန့် တစ်လွှာ ဖြူးလိုက်သည်။

ချဉ်ဖတ်တည်၍ မပြီးခင်ကတည်းက ချဉ်သင်းသင်းရနံ့သည် လေထုထဲတွင် ပျံ့လွင့်နေပြီး အလွန်အမင်း မွှေးကြိုင်လှသည်။ နှစ်နာရီခန့် ကြာပြီးနောက် နီယန်သည် ဟင်းသီးဟင်းရွက်အားလုံးကို ချဉ်ဖတ်တည်ပြီးစီးသွားသည်။

ထိုအချိန်တွင် ငါးရိုးဟင်းရည် အနံ့သင်းသင်းသည် ခြံဝင်းထဲမှ ထွက်ပေါ်လာသည်။ သူမ၏ အမေ တိတ်တဆိတ် ထပြီး အလုပ်လုပ်ပြန်ပြီဆိုတာ နီယန် သိလိုက်သည်။

အစားအသောက်ပိုင်းနှင့် ပတ်သက်ပြီး မိခင်ဖြစ်သူကို ပိုမို အားဖြည့်ပေးရန်သာ ကြိုးစားရတော့မည်ဟု ထင်သည်။ ဤအချက်ကို စိတ်ထဲထားလျက် နီယန်သည် ဟင်းလျာစာရင်းတစ်ခုကို သူမ ခေါင်းထဲတွင် လျင်မြန်စွာ စဉ်းစားလိုက်သည်။ အားလုံးသည် အမျိုးသမီးများအတွက် အထူးသင့်လျော်သော အစားအစာများ ဖြစ်ရမည်။

"ချီ" ဓာတ်များကို ဖြည့်တင်းပေးပြီး ကျန်းမာရေး၊ အလှအပနှင့် အသားအရေကို ထိန်းသိမ်းပေးမည့် အရာများဖြစ်ရမည်။

……..

အခြားတစ်ဖက်တွင်

ပေကျင်းမြို့ရှိ အဆင့်မြင့် လုံးချင်းအိမ်ရာ ဧရိယာတစ်ခု၌

နီယန်ထံမှ ဆေးစာကို ရရှိပြီးနောက် ဝမ်မေဖုန်းသည် ယန်ကွေ့ပေါင်ကို ခေါ်၍ မိဘများအိမ်သို့ ပြန်လာခဲ့သည်။

ယန်ကွေ့ပေါင်ကို စမ်းသပ်ကြည့်စေချင်လွန်း၍ သူမ မစောင့်နိုင်တော့ပေ။

သို့သော် ဆေးစာကို ကိုင်လျက် မိသားစုကို ဤကိစ္စ ပြောပြလိုက်သောအခါ အမြဲတမ်း အကျိုးအကြောင်း ဆင်ခြင်တတ်သော ယောက္ခမဖြစ်သူ ကျိုးစုဟွာက ပထမဆုံး ကန့်ကွက်လာသည်။

"မေဖုန်း... ဆေးဆိုတာ အဆိပ်အတောက် ရှိတတ်တယ် အထူးသဖြင့် ဇာစ်မြစ်မရေရာတဲ့ ဒီလိုဆေးမျိုးပေါ့ ကွေ့ပေါင်က ငယ်သေးတယ် သောက်ပြီးမှ ပိုဆိုးသွားရင် ဘယ်လိုလုပ်မလဲ"

ဝမ်မေဖုန်းက ရှင်းပြသည်။

"အမေ ဒါက ဇာစ်မြစ်မရှိတဲ့ဆေး မဟုတ်ပါဘူး နီယန်ဆီကရတဲ့ မိရိုးဖလာ ဆေးနည်းပါ ကွေ့ပေါင်ရဲ့ ရောဂါကို ကုသပေးနိုင်မယ်လို့ သမီး ယုံကြည်တယ်"

ကျိုးစုဟွာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

"ဒါဆို မေးပါရစေဦး သမီးပြောတဲ့ နီယန်ဆိုတဲ့ ကလေးမက အသက်ဘယ်လောက် ရှိပြီလဲ သူ့မှာ ဆေးကုသခွင့်လိုင်စင် ရှိလား"

ဝမ်မေဖုန်း၏ မျက်နှာက မည်းမှောင်သွားသည်။

"နီယန်က ငယ်ပြီး ဆေးကုသခွင့်လိုင်စင် မရှိပေမယ့် ကွေ့ပေါင်ကို အမှန်တကယ် ကယ်တင်ခဲ့တာပါ... သူသာ မရှိရင် ကွေ့ပေါင်တစ်ယောက်..."

သူမ စကားကို ဆက်မပြောနိုင်တော့ပေ။ ကျိုးစုဟွာက သက်ပြင်းချရင်း ဆက်ပြောသည်။

"နီယန်ဆိုတဲ့ ကောင်မလေးက ကွေ့ပေါင်ကို ကယ်တင်ခဲ့တယ်ဆိုတာ အမေ မငြင်းပါဘူး ဒါပေမယ့် ဒါက သူ့မှာ ကုသနိုင်စွမ်းရှိတယ်လို့ ဆိုလိုတာမှ မဟုတ်တာ တိုက်ဆိုင်သွားတာလည်း ဖြစ်နိုင်တာပဲ ဒါမှမဟုတ် အရင်က အလားတူအဖြစ်အပျက်မျိုး သူ ကြုံဖူးတာလား ဘာပဲဖြစ်ဖြစ် ကွေ့ပေါင်ကို မသေချာမရေရာတဲ့ဆေး ပေးမသောက်စေချင်ဘူး သူ့အမေအနေနဲ့ ကွေ့ပေါင်ကို ဟူတျယ် လို ဖြစ်သွားစေချင်ရင်တော့ တစ်မျိုးပေါ့"

ကျိုးစုဟွာသည် ယန်ကွေ့ပေါင်၏ အဖွားအရင်းဖြစ်သည်။ သူမသည် ယန်ကွေ့ပေါင်ကို သာမန်ကလေးများကဲ့သို့ ကျန်းမာစေချင်သည်မှာ မည်သူ့ထက်မဆို ပိုပါသည်။ သို့သော် ယန်ကွေ့ပေါင်ကို ဘာအန္တရာယ်မှ အဖြစ်မခံနိုင်ပေ။

ယန်ကွေ့ပေါင်သည် ယန်မိသားစု၏ တစ်ဦးတည်းသော မျိုးဆက်သွေး ဖြစ်သည်။ မိုမိသားစုမှ ဟူတျယ် ဆိုသော ကလေးမလေးသည် ပြဿနာသေးသေးလေးအတွက် ဆေးမှားသောက်မိရာမှ အခြေအနေ ဆိုးရွားသွားပြီး ကုမရတော့ပေ။ လပိုင်းသာ ခံတော့မည့် အနေအထား ဖြစ်နေသည်။ ဒါကို ကြားလိုက်ရတော့ ဝမ်မေဖုန်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"အမေ သမီးက ကွေ့ပေါင်ရဲ့ အမေရင်းပါ သမီးက သူ့ကို ဘယ်လိုလုပ် ဒုက္ခပေးမှာလဲ ခုနက အမေ ပြောလိုက်တာက..."

စကားများရန် အရှိန်ယူနေစဉ်မှာပင် ယခုအချိန်ထိ တိတ်ဆိတ်နေသော ယောက္ခမဖြစ်သူ ယန်တာဟိုင် ဝင်ပြောလိုက်သည်။

"မေဖုန်း မင်းအမေက အဲဒီသဘော ပြောတာ မဟုတ်ပါဘူး အထင်မလွဲပါနဲ့ သူကလည်း ကွေ့ပေါင်အတွက် အကောင်းဆုံး ဖြစ်စေချင်လို့ပါ ဒီလိုလုပ်... မနက်ဖြန်ကျရင် ဒီဆေးစာကို သမားတော်ဝမ်ဆီ ယူသွားပြီး ပြကြည့်လိုက်... ဆေးက အဆင်ပြေတယ်လို့ သူပြောရင် ကွေ့ပေါင်ကို တိုက်ကြည့်လို့ ရတာပေါ့"

ထိုစကားကို ကြားမှ ကျိုးစုဟွာ၏ လေသံလည်း အနည်းငယ် ပျော့ပျောင်းသွားသည်။

"မင်းအဖေ ပြောတာ ဟုတ်တယ် မနက်ဖြန် ကွေ့ပေါင်ကို ခေါ်ပြီး သမားတော်ဝမ်ဆီ သွားပြကြည့် အဆင်ပြေတယ်ဆိုရင် တို့တွေ မကန့်ကွက်ပါဘူး"

အခြေအနေအရ ဝမ်မေဖုန်းလည်း သဘောတူလိုက်ရသည်။ နောက်တစ်နေ့ မနက်စောစောတွင် ဝမ်မေဖုန်းသည် ယန်ကွေ့ပေါင်ကို ခေါ်၍ သမားတော်ဝမ်၏ အိမ်သို့ သွားရောက်ခဲ့သည်။

သမားတော်ဝမ်သည် ပေကျင်းမြို့တွင် ကျော်ကြားသော တိုင်းရင်းဆေးဆရာကြီး တစ်ဦးဖြစ်သည်။ ဆိတ်မုတ်ဆိတ်ရှည်ရှည်နှင့် စာဖတ်မျက်မှန် တပ်ထားသော သူသည် ပညာရှိ ကြီးတစ်ဦးနှင့် တူလှသည်။ ဝမ်မေဖုန်း လက်ထဲရှိ ဆေးစာကို ခေတ္တမျှ စစ်ဆေးကြည့်ရှုပြီးနောက် သူက ဖြည်းညှင်းစွာ မေးလိုက်သည်။

"ဒီဆေးနည်းကို ဘယ်သူ ပေးတာလဲ”

All Chapters