← Chapters

ထူးဆန်းသောဆေးလုံး ပေါ်ထွက်လာခြင်း

Vol. 2 Ch. 147

ထူးဆန်းသောဆေးလုံး ပေါ်ထွက်လာခြင်း

Vol. 2 Ch. 147

" ဒီကကောင်က ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ။"

"စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကလူတွေက ခေါင်းမာလိုက်တာ။ အဲ့တာ အလယ်အလတ်အဆင့် အဆိပ်သားရဲ နော်။ အဆင့်နိမ့် အဆိပ်သားရဲ မဟုတ်ဘူး။ အဲ့ကောင်သေချင်နေတာလား။"

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကမူ အဆိပ်သားရဲ များက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားအား တစ်စစီဆွဲဖြဲနေမည့်ပုံရိပ်များကိုတွေးရင်း အေးစက်စက်ရယ်မောနေတော့သည်။

သို့သော်လည်း ထိုသို့အေးစက်စက်ပြုံးနေချိန်တွင်ပင် သူတို့မှာ တုန်လှုပ်သွားကြပြီးမယုံကြည်မှု အံ့သြမှုများနှင့်အတူ မျက်လုံးပြူးသွားကြတော့သည်။

သူတို့မြင်လိုက်ရသည်မှာ ရှုပ်ပွနေသောဆံပင်နှင့် ပိုင်ရှောင်ချန်းက ကြောက်မက်ဖွယ်အော်ဟစ်နေသည့် ဝက်ဝံကြီးကို ဖမ်းဆုပ်လိုက်ခြင်းပင်ဖြစ်သည်။ ထိုဝက်ဝံကြီးက သွားဖြဲကာ ပိုင်ရှောင်ချန်း၏လက်မောင်းကို ကိုက်ဖြတ်ကာ တစ်စစီဆွဲဖြဲရန် ပြင်လိုက်သည်။

သို့သော်လည်း ပိုင်ရှောင်ချန်း၏လက်က ထိုဝက်ဝံပေါ်သို့ရောက်သွားသောအခါ ဝက်ဝံမှာ တောင်တစ်လုံးသူ့ပေါ်ကျလာသည့်အလား ဖိအားများကိုခံစားလိုက်ရလေသည်။ ပိုင်ရှောင်ချန်းက ထိုဝက်ဝံကြီးကို မြေကြီးပေါ်သို့ လှဲချလိုက်သောအခါ တဝုန်းဝုန်းမြည်သံများထွက်လာတော့သည်။

မြေကြီးမှာတုန်ခါသွားပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားလေးယောက်စလုံးမှာ မှင်တက်သွားကြပြီး သူ့တို့၏မျက်လုံးများကို မယုံနိုင်လောက်အောင်ပင်ဖြစ်နေတော့သည်။

" ဒါ...."

" ဘယ်လိုလုပ်ဖြစ်နိုင်တာလဲ။"

" ကြီးမားလိုက်တဲ့ ခွန်အားပါလား။"

ထိုလေးယောက်မှာ တံတွေးများမျိုချနေကြပြီး ထွက်ခွာသွားရန် စိတ်ကူးမရှိသေးပေ။ ပိုင်ရှောင်ချန်းကိုကြည့်နေရင်းနှင့်ပင် သူလုပ်လိုက်သည့်အရာကြောင့် ထိုလေးယောက်မှာ အသားများပင် တုန်လာတော့သည်။

ပိုင်ရှောင်ချန်းကမူ သူ၏စမ်းသပ်မှုထဲတွင် နစ်မျောနေသည့်အလား သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကို လုံးဝပင်ဂရုမစိုက်ပေ။ သူ၏ဘယ်လက်ထဲတွင် ဓားပျံတစ်ချောင်းပေါ်လာပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ၏ မျက်လုံးရှေ့တွင်ပင်သူက ထို အဆိပ်သားရဲ ကြီး၏ လက်မောင်းကို ထိုးခွဲလိုက်လေတော့သည်။

သွေးများမှာ မြေစီးကြောင်းစွမ်းအင်များနှင့်အတူ ပန်းထွက်လာတော့သည်။ အဆိပ်သားရဲ ကြီးမှာ ညည်းညူနေပြီး ပိုင်ရှောင်ချန်းမှာထိုအသံကြောင့် စိတ်ရှုတ်သွားသဖြင့် လည်ချောင်းကိုပါ လှီးလိုက်လေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ မျက်လုံးပြူးနေကြပြီး တုန်တုန်ရီရီနှင့် နောက်သို့ဆုတ်ကာ ပိုင်ရှောင်ချန်းကို ကြောက်ရွံ့လေးစားမှုများဖြင့် ကြည့်နေကြလေသည်။

ပိုင်ရှောင်ချန်းကမူ သူတို့ကို သတိမထားမိပေ။ အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းစာလောက်ကြာပြီးသွားသောအခါ သူက ထို အဆိပ်သားရဲ ကြီးကို လုံးဝခွဲစိတ်ပြီးဖြစ်သွားတော့သည်။ ခန္ဓာကိုယ်အပိုင်းအစများမှာ ပျောက်ကွယ်စပြုနေသော်လည်း ဟက်တက်ကြီးကွဲနေသည့် ဝက်ဝံကြီးကြောင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ ဦးခေါင်းများပေါက်ကွဲတော့မည့်အလား ခံစားနေရလေသည်။

" သူက.... အဲ့ အဆိပ်သားရဲ နဲ့ရန်ငြိုးရှိတာလား။ ဒါမှမဟုတ် သူက အကုန်လုံးကိုအဲ့လိုပဲလုပ်နေကြလားဟ။ ဘုရားရေ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာတောင် ဒီလောက် ရက်စက်တာ ငါမမြင်ဖူးဘူး။"

" ဒါ...ဒါ... သူ့ရဲ့ ထူးဆန်းတဲ့ဝါသနာပဲနေမှာ...."

ဂိုဏ်းသားတစ်ယောက်ကမူ ကျောက်စိမ်းပေလွှာကိုထုတ်ပြီး စစ်ဆေးကာ ပြောလိုက်လေသည်။ "သူ....သူက ပိုင်ရှောင်ချန်းဟ။"

အခြားဂိုဏ်းသား သုံးယောက်မှာ သူ့နာမည်ကြားလိုက်သောအခါ မှင်တက်သွားသည်။ အနည်းငယ်မျှတုံ့ဆိုင်းမနေပဲ သူတို့ကနောက်ဆုတ်ကာ တတ်နိုင်သမျှ မြန်မြန် အဝေးသို့ထွက်ပြေးသွားကြတော့သည်။

အနည်းငယ်ကြာသောအခါ ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများနှင့်အတူ တောက်ပနေတော့သည်။ အသက်ပြင်းပြင်းရှူလိုက်ကာ သူက မတ်တတ်ထရပ်လိုက်ပြီး ရှေ့ပြန်နောက်ပြန်လမ်းလျှောက်ရင်း လက်ဟန်များဖြင့် တစ်ယောက်ထဲစကားပြောနေတော့သည်။

" သဘောပေါက်ပြီ။ အဆိပ်သားရဲ တွေက ပုံမှန်သားရဲတွေနဲ့အပြင်ပန်းပဲတူတာဟ။ ဒါပေမဲ့ မတူတဲ့အချက်တွေရှိတယ်။ အခြေခိုင်မာခြင်းအဆင့်ရောက်အောင်လုပ်နေတဲ့ ကျင့်ကြံသူတွေအတွက် မြေစီးကြောင်းစွမ်းအင်ကအရေးပါသလိုမျိုး သူတို့အတွက်ဆို စိတ်စွမ်းအင်ကအရေးပါတာပဲ။ အဲ့တာကြောင့် အဲ့ကောင်တွေစားတာခံလိုက်ရတဲ့ လူတွေက ချက်ချင်းကို အစအနမကျန်တော့တာပဲ။ အကုန်လုံးကို စုပ်ယူခံလိုက်ရတာ..."

"ဟားဟား။ နောက်ဆုံးတော့ ငါလိုအပ်နေတဲ့ဆေးလုံးကို သေချာပေါက်ပေါ်စပ်နိုင်ပြီ။ " သူကခေါင်းကိုနောက်သို့လှန်ကာ အားပါးတရရယ်မောလိုက်ပြီး ဘေးဘီဝဲယာကိုအကဲခတ်လိုက်သောအခါ မည်သူမှမရှိတော့သည်ကို တွေ့လိုက်ရ၍ အံ့သြသွားလေသည်။

ခေါင်းခါရင်း သူက လှုပ်ရှားလိုက်ပြီး ခပ်လှမ်းလှမ်းသို့ပျံသန်းကာ ဂူတစ်လုံးရှာရန် ထွက်သွားလိုက်လေသည်။ သင့်တော်သည့်နေရာတစ်ခုရှာတွေ့သောအခါ သူက မြေမီးတောက်သလင်းကျောက်များထုတ်ကာ ဆေးဖော်စပ်လေတော့သည်။ အဆိပ်သားရဲများကို နားလည်ရာမှ ရလာသည့် ဆေးဖော်စပ်နည်းကို သူကခေါင်းထဲတွင်မှတ်ထားလေသည်။

ဆေးပင်များအပြင် သူ၏သွေးများကိုပါ ထည့်လိုက်လေသည်။ မပြည့်စုံမည်စိုးသဖြင့် သူက အပြန်အလှန် ကြီးထွားခြင်းနှင့်ဖိနှိပ်ခြင်းအတတ်ကိုသုံးကာ ပြီးပြည့်စုံစေရန် ဟိုဟိုသည်သည် ပြောင်းလဲလိုက်လေသည်။

သူက လေးနာရီကြာ ဆေးဖော်စပ်ပြီးသွားသောအခါ ဆေးပေါင်းဖိုကြီးမှာ တုန်ရီလာပြီး အသံများထွက်လာတော့သည်။ အသံများငြိမ်ကျသွားသောအခါ ဆေးတစ်လုံးပေါ်လာလေသည်။ ပိုင်ရှောင်ချန်းက ထိုဆေးလုံးကိုကိုင်၍ အဆိပ်သားရဲ များကိုရှာရန် ထွက်သွားတော့သည်။ တစ်ကောင်ကိုတွေ့သောအခါ သူကထိုဆေးလုံးကို ပစ်ပေါက်လိုက်သော်လည်း မည်သည့်အကျိုးသက်ရောက်မှုမှထွက်မလာသဖြင့် သူက စိတ်ပျက်သွားသည်။

" မဟုတ်သေးပါဘူး။ ဘာများမှားနေတာတုံး။" နောက်နေ့အနည်းငယ်တွင် သူက အဆိပ်သားရဲ များကို ပို၍အချိန်ပေးကာ စမ်းသပ်မှုများလုပ်နေတော့သည်။ ထိုအချ်ိန်တွင် မြေခဓားချောက်ဖွင့်ပြီးသည့် ရက်နှစ်ဆယ်မြောက်သို့ ရောက်နေပြီဖြစ်သည်။

ဂိုဏ်းလေးဂိုဏ်း၏ ဂိုဏ်းသားအများစုမှာ ဓားကမ္ဘာကြီး၏ နက်ရှိုင်းသောနေရာများသို့ရောက်နေကြသည်ဖြစ်ပြီး နေရာအများအပြားတွင် အဆိပ်သားရဲ များနှင့် တိုက်ခိုက်သတ်ဖြတ်နေကြလေသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ အင်အားကြီးမားပြီး ရက်စက်လွန်းလှသည်။ ဆန်းကြယ် နတ်ရေစင်ဂိုဏ်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတို့မှာ လက်ရည်တူကြပြီး ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ အားအနည်းဆုံးပင်ဖြစ်သည်။

ဂိုဏ်းပေါင်းစုံမှ ထိပ်သီးလက်ရွေးစင်အချင်းချင်း တိုက်ကြသည့်ပွဲများလည်း ရှိသေးသည်။ အကောင်းဆုံးပွဲမှာ ဝိညာဥ်စွယ်နှင့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ ကျုံးတာအို တို့တိုက်ခိုက်သည့်ပွဲပင်ဖြစ်သည်။ ထိုတိုက်ပွဲမှာ တစ်ရက်တိတိကြာပြီး ထိုနေရာတစ်ဝိုက်ရှိအရာအာလုံးမှာ တုန်ခါနေခဲ့လေသည်။ အဆုံးတွင် ကျုံးတာအိုမှာ အပြင်းအထန်ဒဏ်ရာရရှိကာ ထွက်ပြေးသွားရလေသည်။ ဝိညာဥ်စွယ်ကမူ အနိုင်ရရှိသွားသဖြင့် စုန့် ချွဲနှင့်ယှဥ်တိုက်ခိုက်နိုင်သည့် လူတစ်ယောက်အဖြစ်စာရင်းဝင်သွားလေသည်။

ကုန်းစွန်းဝမ်အာနှင့် ကျောက်ရုန် တို့မှာ လည်း အကြိမ်အနည်းတိုက်ခိုက်ခဲ့ကြလေသည်။ သို့သော်လည်း အန်ိုင်အရှုံးမသဲကွဲပဲ တစ်ယောက်နှင့်တစ်ယောက် မသတ်နိုင်ခဲ့ပေ။

ရှန်ကွမ်းထျန်ယုံကမူ နာမည်ကြီးနေလေသည်။ အဆိပ်သားရဲ တစ်ကောင်ကိုသတ်နေရင်းတန်းလန်းတွင် သူက ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ နံပါတ်တစ်လက်ရွေးစင် ဖန်လင်းကိုမြင်လိုက်သဖြင့် သူတို့နှစ်ယောက်မှာ ကြောက်မက်ဖွယ်တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့ကြလေသည်။ အဆုံးတွင်မူ မည်သူ ပထမရသလဲကိုပင် ဝေခွဲ၍မရခဲ့ပေ။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ စုန်ချွဲ့ကမူ အရိပ်တစ္ဆေတစ်ကောင်အလားပင်။ သူကမည်သူ့ကိုမှမတိုက်ခိုက်ပဲ သူ့ကိုမြင်မိသူပင် အနည်းငယ်သာရှိသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအကြောင်း ဖော်ပြထားသည့် စာရင်းထဲရှိ အခြားလူတစ်ယောက်ဖြစ်သည့် ရွှီရှောင်ရှန်းကလည်း နာမည်တစ်ခုရလာလေသည်။ သူပိုင်ဆိုင်သော မှော်ပစ္စည်းများမှာများပြားလွန်း၍ လူများမှာ ဒေါကန်နေကြတော့သည်။ သူက ထိုပစ္စည်းများကိုသုံး၍ တိုက်ခိုက်သောအခါ လူတိုင်းမှာ အံ့အားသင့်နေကြရတော့သည်။

အညတရအဆင့်မှ နာမည်ကြီးလာသော ဂိုဏ်းသားတစ်ယောက်ကမူ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ပေဟန်လဲ့ဖြစ်သည်။ သူ့အကြောင်းမှာ အခြားဂိုဏ်းသုံးဂိုဏ်း၏ဖော်ပြချက်ထဲတွင် များများစားစားမပါပေ။ ထို့ကြောင့် လူများက သူ့ကို သာမန်လက်ရွေးစင်တစ်ယောက်ဟုသာ သတ်မှတ်ကြသည်။ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ လေ့ရှန်းနှင့် ဆုံသောအခါ ကြီးမားသည့်တိုက်ပွဲကြီးတစ်ခုဖြစ်လာခဲ့သည်။

အဆုံးတွင် ပေဟန်လဲ့မှာ လေ့ရှန်းနှင့်တစ်ဆင့်ထဲတွင်ရှိကြောင်း အဖြေထွက်လာ၍ အံ့အားသင့်စရာကောင်းနေတော့သည်။ အဘယ့်ကြောင့်ဆိုသော် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းတွင် ကျုံးတာအိုပြီးလျှင် လေ့ရှန်းက သူတို့၏မျိုးဆက်တွင် အတော်ဆုံး လက်ရွေးစင်တစ်ယောက်ဖြစ်နေသောကြောင့်ပင်။ သူနှင့်ယှဥ်တိုက်ပါက မရှုံးအောင်ယှဥ်တိုက်နိုင်သည့်သူမှာ မရှိသလောက်နည်းလေသည်။

ယခင်က ပေဟန်လဲ့သည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကမှ ရိုးရိုးလက်ရွေးစင်တစ်ယောက်သာဖြစ်သည်။ သူကထိိုသို့လုပ်ပြလိုက်သဖြင့် လူများစွာမှာ တုန်လှုပ်နေကြတော့သည်။

နာမည်ကြီးလက်ရွေးစင်များကြားမှ ပြင်းထန်သည့်တိုက်ပွဲနှင့် ကတောက်ကဆများအပြင် အခြားဂိုဏ်းသားများအကြားဖြစ်ပွားသော ကြောက်မက်ဖွယ်တိုက်ပွဲများစွာလည်း ရှိသည်။ နေ့တိုင်း လူများသေကြပြီး အချို့ကံဆိုးသူများဆိုလျှင် အဆိပ်သားရဲ များ၏ အစား ခံကြရလေသည်။

တိုက်ပွဲများမှ ရှင်သန်ကြသည့် ဂိုဏ်းသားများ၏ မြေစီးကြောင်းစွမ်းအင်စုဆောင်းမှုများကမူ များများလာလေသည်။ မကြာမီတွင် အဆိပ်သားရဲ များကိုရှာရသည်မှာ ပိိုပိုခက်လာကြသဖြင့် ဂိုဏ်းသားများအကြားတိုက်ခိုက်မှုများမှာ ပို၍ပြင်းထန်လာတော့သည်။

လူများက အခြားလူများကို အုပ်စုဖွဲ့ကာတိုက်ခိုက်ကြသည်။ ထောင်ချောက်များဆင်ကြသည်။ အချို့လူများကမူ တိုက်ရိုက်အင်အားသုံးကာ အခြားလူများကို လွှမ်းမိုးအနိုင်ယူကြသည်။ မြေခဓားမဟူရာချောက်ကြီး ရှုပ်ထွေးပွေလီနေသည့် အဆင့်ရောက်သည်အထိ လူတိုင်းက နည်းလမ်းပေါင်းစုံ ထုတ်သုံးနေကြတော့သည်။

မြေစီးကြောင်းစွမ်းအင်ရရှိရေးအတွက် လူများမှာ မျက်ထောင့်နီကြီးများဖြင့် အပြန်အလှန်တိုက်ခိုက်နေကြလေသည်။ မည်သူမှ လိုအပ်သည့်စွမ်းအင်ကို နောက်ဆုံးမှ မရရှိလိုပဲ ထိပ်ဆုံးမှ ရရှိချင်သူများသာဖြစ်သည်။

ပိုင်ရှောင်ချန်းက သူ့ဘေးနားရှိ သတ်ဖြတ်လိုစိတ်ပြင်းထန်နေသည့် ပတ်ဝန်းကျင်ကို သတိထားမိသည်။ သို့သော်လည်း သူက အပြင်သို့သိပ်မထွက်ချေ။ သူက ဆေးဖော်စပ်ရာတွင် စမ်းသပ်၍သာ အချိန်ကုန်နေတော့သည်။ သို့သော်လည်း သူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသား ဆယ့်ခုနစ်ယောက်၏ အလောင်းများကို လမ်းတွင်တွေ့လိုက်ရလေသည်။

ထိုသို့တွေ့တိုင်း သူက ထိုရုပ်အလောင်းများကို သူ၏ထည့်စရာအိတ်ထဲသို့သေချာထည့်ကာ ဂိုဏ်းသို့ပြန်ယူသွားရန် ဆုံးဖြတ်လိုက်သည်။

အဆိပ်သားရဲ များကို ရှာဖွေရာတွင် သူက တတ်နိုင်သမျှ မြန်မြန်လုပ်လေသည်။ သူက လျှပ်စီးတစ်ခုအလား တိုက်ခိုက်ကာ အဆိပ်သားရဲများကို ဖမ်းပြီး လေ့လာရန် ယူသွားလေသည်။ ထို့နောက် သူက ဆေးဖော်စပ်နေပြန်တော့သည်။

သူ သတိမထားမိချိန်တွင်ပင် သူ၏ ခဲရောင်အရည်များထည့်ထားသည့် သူ့ပုလင်းမှာ သုံးပုံပုံတစ်ပုံထိ ပြည့်နေပြီဖြစ်သည်။ သို့သော်လည်း သူက ထိုအရာကို သိပ်ဂရုမစိုက်ဘဲ ဆေးဖော်စပ်ခြင်းကိုသာ အာရုံစိုက်နေတော့သည်။

ထိုအချိန်တွင် သူက အကြိမ်ဒါဇင်ပေါင်းများစွာ မအောင်မြင်ခဲ့ပြီးဖြစ်သည်။ တစ်ခါတလေတွင် သူက တစ်ရက်အတွင်းမှာ ငါးကြိမ်ခြောက်ကြိမ်လောက်အထိ ကျရှုံးလေသည်။ အဆိပ်သားရဲ များ၏ ခန္ဓာကိုယ်တည်ဆောက်ပုံကို သူကပိုကျွမ်းကျင်လာသည့်အခါ ရူးသွပ်သည့်အခြေအနေသို့ မသိမသာဝင်ရောက်သွားတော့သည်။ တစ်ခါဆိုလျှင် သူက အဆိပ်သားရဲ တစ်ကောင်က ကျင့်ကြံသူတစ်ယောက်ကို မည်သို့သတ်သည်ကို ကိုယ်တိုင်ကိုယ်ကျ သွား၍ပင်လေ့လာလေသည်။

ထိုအခါတွင် သူတို့၏တိုက်ခိုက်မှုများမှာ ကိုယ်ထိလက်ရောက်မဟုတ်ပဲ အသက်ဝိညာဥ်များကို စုပ်ယူခြင်းသာဖြစ်ကြောင်း သိလိုက်ရသည်။ ချက်ချင်းပင် သူ၏ အတွေ့အကြုံများနှင့် စမ်းသပ်ချက်များမှာ အတွေးစတစ်ခုအဖြစ် ရုတ်တရက်ပေါင်းစည်းသွားတော့သည်။ သူက လူသူကင်းသော တောင်ပေါ်ဂူတစ်လုံးကို အလျင်အမြန်ရှာလိုက်ပြီး နီမြန်းသောမျက်လုံးများဖြင့် ဆေးဖော်စပ်ရန်စလိုက်တော့သည်။

ထိုဖော်စပ်ခြင်းမှာ ငါးရက်တိတိကြာပြီး ထိုအတွင်းတွင် သူက အပြင်သို့ ခြေတစ်လှမ်းမှ မလှမ်းပေ။ သူက အကြိမ်ဒါဇင်ပေါင်းများစွာ ကျရှုံးလေသည်။ သို့သော်လည်း ငါးရက်နေ့မြောက်၏ ညနေခင်းတစ်ခုသို့ရောက်ပြီး ကောင်းကင်ကြီးမှောင်မည်းလာကာ သူ၏ဘေးနားရှိနေရာများတွင် သတ်ဖြတ်ခြင်းများ ပြည့်နှက်လာသည်။ ထိုစဥ် သူ၏ဆေးပေါင်းဖိုထဲမှ ပြင်းထန်သော ထစ်ချုန်းသံများထွက်လာပြီး မြေခဓားကမ္ဘာကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။

ဒုန်းဒုန်းဒုန်း......

ထိုအသံကြီးမှာ ကောင်းကင်ကိုတုန်ခါစေကာ မြေကြီးကို ကွဲအက်စေနိုင်သည့် မိုးခြိမ်းသံကြီးအလား အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားတော့သည်။ ဂူအပေါ်တွင် အဖြူရောင် စွမ်းအင်စီးေကြာင်းများရှိနေပြီး တဒုန်းဒုန်းမြည်နေသော တိမ်မည်းကြီးများမှာ ရုတ်တရက် ပေါ်ထွက်လာသည်။

မြေခဓားကမ္ဘာထဲရှိ ဂိုဏ်းလေးဂိုဏ်းမှ အခြားဂိုဏ်းသားများအားလုံးမှာ ပိုင်ရှောင်ချန်းဆေးဖော်စပ်နေသည့်ဘက်ကို ကြည့်လိုက်ကြလေသည်။ လူတိုင်းမှာ လုံးဝကို တုန်လှုပ်နေတော့သည်။

ဝိညာဥ်စွယ်မှာ ကိစ္စတစ်ခုကို အလျင်အမြန်ရှင်းနေစဥ်အတွင်း ထိုထစ်ချုန်းသံများကို ရုတ်တရက်ကြားလိုက်ရသဖြင့် သူ၏မျက်လုံးများမှာ အရောင်လက်လာတော့သည်။

အခြားတစ်နေရာတွင်မူ စုန့်ချွဲသည် သာမန်ကျောက်နံရံတစ်ခုရှေ့တွင်ရပ်ကာ ထိုနံရံကိုလေ့လာနေလေသည်။ သူက ထိုအသံကြီးကိုကြားလိုက်ရသောအခါ မျက်လုံးပြူးသွားတော့သည်။

" ဘာအသံကြီးလဲဟ။"

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ရွှီရှောင်ရှန်းမှာမူ နှလုံးခုန်မြန်လာပြီး ရေရွတ်လိုက်လေသည်။

" ဒီကမ္ဘာထဲမှာ တန်ဖိုကြီးရတနာတစ်ခုပေါ်လာတာလား။" မျက်လုံးပြူးကြီးများဖြင့် သူက အရှိန်တင်ကာ အသံလာရာဆီသို့ သွားနေတော့သည်။

ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ လေ့ရှန်းကမူ ထိုအသံထွက်လာရာနေရာနှင့်နီးနေသည်ဖြစ်ရာ ရွှီရှောင်ရှန်းနည်းတူပင် စိတ်ဝင်စားသွားတော့သည်။ စိတ်လှုပ်ရှားမှုများ၊ သိချင်စိတ်များနှင့် တောက်ပနေသည့်မျက်လုံးများဖြင့် သူက အသံလာရာဆီသို့ ပြေးသွားတော့သည်။

ထို ထူးဆန်းသည့်မိုးခြိမ်းသံကြီးမှာ ကျင့်ကြံသူများ၏ အရေးလုပ်ခြင်းကိုသာခံရသည်မဟုတ်ချေ။ အဆိပ်သားရဲများကိုပါ ဆွဲဆောင်နေတော့သည်။

ထို့ပြင် မြေခဓားကမ္ဘာထဲရှိ ဆန်းကြယ်သောနေရာရှိ အဆိပ်ဝိညာဥ်များပါ စိတ်ဝင်စားသွားကြတော့သည်။

All Chapters