လောကဓာတ်ဆေးပညာ
Vol. 3 Ch. 36
သမားတော်ဝမ်၏ မေးခွန်းကို ကြားလိုက်ရသောအခါ ဝမ်မေဖုန်းသည် စိုးရိမ်တကြီးဖြင့် ချက်ချင်း ပြန်မေးလိုက်သည်။
"ဒီဆေးစာက ကွေ့ပေါင်ရဲ့ ရောဂါကို တကယ် ကုပေးနိုင်လို့လားဆရာ"
သမားတော်ဝမ်သည် ဝမ်မေဖုန်းကို တစ်ချက်ကြည့်ကာ သက်ပြင်းချရင်း စိတ်မကောင်း ဟန်ဖြင့် ခေါင်းခါပြလိုက်သည်။
"ဒီဆေးစာထဲမှာ ပါတဲ့ ပါဝင်ပစ္စည်းတွေ အကုန်လုံးက သာမန်ဆေးတွေပါဗျာ အများအားဖြင့် ကျန်းမာရေး ကောင်းဖို့နဲ့ အားအင်ဖြည့်တင်းဖို့လောက်ပဲ သုံးကြတာ ခန္ဓာကိုယ်ကို အန္တရာယ်မဖြစ်စေပေမယ့် ဝက်ရူးပြန်ရောဂါအတွက်တော့ ဘာမှထူးမှာ မဟုတ်ဘူး"
ထိုစကားကို ကြားလိုက်ရသည်နှင့် ဝမ်မေဖုန်း၏ မျက်ဝန်းထဲမှ မျှော်လင့်ချက်ရောင်ခြည်များ ချက်ချင်း မှေးမှိန်သွားရသည်။ ထို့နောက် သူမ ဆက်ပြောလိုက်သည်။
"သမားတော်ဝမ် ကျေးဇူးပြုပြီး နောက်တစ်ခေါက်လောက် ပြန်ကြည့်ပေးပါဦး လုံးဝ အသုံးမဝင်ဘူးဆိုတာ သေချာလို့လားဟင်"
သမားတော်ဝမ်သည် ဆေးစာရွက်ကို စားပွဲပေါ်တင်လိုက်ပြီး ဝမ်းနည်းစိတ်ပျက်ဟန်ဖြင့် ခေါင်းကို ထပ်ခါလိုက်သည်။
"သမားတော်ဝမ်"
ဝမ်မေဖုန်းသည် ကျလုလုမျက်ရည်များကို အတင်းထိန်းထားရင်း အသံတိမ်ဝင်စွာဖြင့် ပြောလိုက်သည်။
"ကျေးဇူးပြုပြီး သေချာလေး ပြန်ကြည့်ပေးပါဦး ဆရာ အရင်တစ်ခေါက်တုန်းက ကြည့်တာ လွဲကောင်း လွဲနေနိုင်ပါတယ် ဒီဆေးစာပေးတဲ့သူက သူ့မိသားစုဟာ ဆေးပညာကို မျိုးရိုးစဉ်ဆက် ကုသလာတာလို့ ပြောပါတယ် ဒီဆေးကိုသာ စွဲစွဲမြဲမြဲ သောက်သွားမယ်ဆိုရင် ကွေ့ပေါင်ရဲ့ ရောဂါက လုံးဝပျောက်ကင်းသွားမယ်လို့ သူပြောပါတယ်"
သမားတော်ဝမ်သည် မုတ်ဆိတ်မွေးကို သပ်လိုက်ရင်း ပြောလိုက်သည်။
"မျိုးရိုးစဉ်ဆက် ဆေးကုသတယ်ဟုတ်လား ကျုပ်ထင်တာတော့ ဒါ အလိမ်အညာပဲ ဖြစ်မယ် ခင်ဗျား နားလည်အောင် လုပ်စမ်းပါ ကွေ့ပေါင် ဖြစ်နေတာ ဝက်ရူးပြန်ရောဂါ ကျုပ်ရဲ့ ဘိုးဘေးဘီဘင်က သူ့ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ ဆေးပညာကြောင့် ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ခန့်အပ်ထားတဲ့ နန်းတွင်းသမားတော်ကြီးနော် နန်းတွင်းသမားတော်ဆိုတာ ဘာလဲ ခင်ဗျားသိလား အရှင်သခင် ဧကရာဇ်မင်းမြတ်ကို ကုသပေးရတာ ကျုပ်ဘိုးဘေး ပြောဖူးသမျှထဲမှာ ဝက်ရူးပြန်ရောဂါကို ပျောက်ကင်းအောင် ကုနိုင်တယ်ဆိုတာ မကြားဖူးဘူး ပြီးတော့ ဒီလို သာမန်ပရဆေးပင်လောက်နဲ့ကတော့..."
သမားတော်ဝမ်က စကားကို ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောသည်။
"ကျုပ်ရဲ့ ဘိုးဘေးဘီဘင်တောင်မှ ဝက်ရူးပြန်ရောဂါကို မကုနိုင်ခဲ့ဘူး ဆေးဝါးနဲ့ ထိန်းထားရုံလောက်ပဲ တတ်နိုင်တာ တောနယ်က ဆရာဝန်လေးတစ်ယောက်က ဘယ်လိုလုပ် ကုနိုင်မှာလဲ ဒါ ဟာသလုပ်နေတာလား ရယ်စရာကောင်းလွန်းတယ်"
ရယ်မောလိုက်ပြီးနောက် သမားတော်ဝမ် ဆက်ပြောသည်။
"အပြင်မှာ လူနာတွေ အများကြီး စောင့်နေကြတယ်... ခင်ဗျားမှာ တခြားကိစ္စ မရှိတော့ရင် အိမ်ပြန်လိုက်တော့ ဝက်ရူးပြန်ရောဂါဆိုတာ သိပ်ဆိုးရွားတဲ့ ရောဂါကြီး မဟုတ်ပါဘူး နေ့စဉ် နေထိုင်မှုမှာ နည်းနည်း ပိုဂရုစိုက်ပေးလိုက်ရုံပါပဲ"
သိပ်ဆိုးရွားတဲ့ ရောဂါကြီး မဟုတ်ဘူး ဟုတ်လား။
ဝက်ရူးပြန်ရောဂါကလေ...
သမားတော်ဝမ် ပြောလိုက်ပုံမှာ ဘာမှမဖြစ်သလို ပေါ့ပါးလွန်းလှသည်။ သူမသားလေး၏ ဘဝ မည်မျှ ခက်ခဲကြမ်းတမ်းကြောင်းကို ဝမ်မေဖုန်းတစ်ယောက်တည်းသာ သိသည်။
ရောဂါက ဘယ်အချိန် ထဖောက်မည်ကို မသိနိုင်သောကြောင့် မည်သည့်ကလေးကမျှ သူမသားနှင့် မကစားချင်ကြပေ။ အားလုံးက ရောဂါကူးမည် ကြောက်နေကြသည်။ ထို့အပြင် ရောဂါဖောက်လာပြီဆိုလျှင် ပါးစပ်မှ အမြှုပ်များထွက်ကာ ခြေလက်များ တောင့်တင်းသွားပုံမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ သေချာ ကိုယ်တွယ်မကုသပါက အသက်ဆုံးရှုံးနိုင်ပြီး မည်သည့်ကျောင်းကမျှလည်း ဤကဲ့သို့ ကျောင်းသားမျိုးကို လက်မခံချင်ကြပေ။
သူမသည် ယန်ကွေ့ပေါင်ကို တစ်ယောက်တည်း အပြင်လွှတ်ရမည်ကိုပင် မရဲခဲ့ပါ။ ဝမ်မေဖုန်း အသက်ပြင်းပြင်း ရှူလိုက်သည်။
"ကောင်းပါပြီ ကျွန်မ နားလည်ပါပြီ ကျေးဇူးတင်ပါတယ် သမားတော်ဝမ်"
သူမ လှည့်ထွက်လိုက်ပြီး တံခါးဆီသို့ လျှောက်သွားလိုက်သည်။ ဆေးခန်းခန်းမထဲမှ သူမ ထွက်လိုက်သည်နှင့် တန်းစီစောင့်ဆိုင်းနေသော လူနာများသည် တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်သွားကြသည်။
ယန်ကွေ့ပေါင်မှာမူ ခြံဝင်းထဲတွင် ဝမ်မေဖုန်းကို စောင့်နေရှာသည်။ ဆေးခန်းအပြင်ဘက်တွင် လူနာများစွာ ရှိနေသော်လည်း ယန်ကွေ့ပေါင်၏ ခန္ဓာကိုယ်သေးသေးလေးမှာမူ အလွန်ပင် အထီးကျန်ဆန်နေပုံ ပေါက်နေသည်။ ကမ္ဘာလောကကြီးနှင့် အဆက်ဖြတ်ခံထားရသူ တစ်ယောက်ကဲ့သို့ပင်။
ဝမ်မေဖုန်းသည် သူမ၏ စိတ်ခံစားချက်များကို ချုပ်တည်းလိုက်ပြီး ပြုံးကာ ယန်ကွေ့ပေါင် အနားသို့ လျှောက်သွားလိုက်သည်။
"ကွေ့ပေါင် ဗိုက်ဆာနေပြီလား အမေ မနက်စာ လိုက်ကျွေးမယ်လေ"
"အမေ"
ယန်ကွေ့ပေါင်က ဝမ်မေဖုန်းကို မော့ကြည့်လိုက်သည်။ သူ၏ အပြစ်ကင်းစင်သော မျက်ဝန်းများသည် နက်မှောင်ကာ တည်ငြိမ်နေသည်။
"အဘိုးဝမ်က သားရောဂါ မပျောက်နိုင်တော့ဘူးလို့ ပြောလိုက်တာလား"
သူ၏ အသံမှာ အလွန်တည်ငြိမ်နေပြီး ရာသီဥတုအကြောင်း ဆွေးနွေးနေသကဲ့သို့ အေးချမ်းနေသည်။
ယန်ကွေ့ပေါင်ထံမှ ဤကဲ့သို့ စကားမျိုး ကြားရလိမ့်မည်ဟု ဝမ်မေဖုန်း မထင်မှတ်ထားခဲ့မိ။ သူမ အရင်ဆုံး ကြောင်အသွားပြီးမှ ရယ်မောလိုက်သည်။
"ဒီကလေး ဘာတွေ လျှောက်ပြောနေတာလဲ သားက မဖျားပါဘူး သားက ကျန်းမာပါတယ်"
ဝက်ရူးပြန်ရောဂါ ဖောက်လာချိန်တွင် လူနာသည် ခေတ္တမျှ သတိလစ်သွားတတ်သောကြောင့် ယန်မိသားစုသည် ယန်ကွေ့ပေါင် မသိအောင် အမြဲ ဖုံးဖိထားခဲ့ကြသည်။ သို့သော် သူမကသာ နှုတ်ပိတ်နေနိုင်မည်။ သူတပါး ပါးစပ်ကို လိုက်ပိတ်၍ မရနိုင်ပေ။
အပြင်လောကတွင် အတင်းအဖျင်း ပြောဆိုသံများက ပျံ့နှံ့နေပြီဖြစ်သည်။
ယန်ကွေ့ပေါင်သည် ငယ်ရွယ်သော်လည်း အလွန်ဉာဏ်ပြေးသူ ဖြစ်သည်။
"အမေ အစ်မနီယန်က အမေ့ကို ဆေးစာ ပေးလိုက်တယ်မလား အမေ အစ်မနီယန်ကို မယုံဘူးလား"
ခေတ္တမျှ ဝမ်မေဖုန်းသည် ယန်ကွေ့ပေါင်ကို ဘာပြန်ပြောရမည်မသိ ဖြစ်သွားသည်။ ယခုအချိန်အထိ နီယန်ကို ယုံကြည်နေသေးသည်ဆိုလျှင် ဒါက ကိုယ့်ကိုယ်ကိုယ် လှည့်စားခြင်းမှလွဲ၍ ဘာဖြစ်နိုင်ဦးမည်နည်း။ မည်သို့ပင်ဆိုစေကာမူ သမားတော်ဝမ်သည် ကျော်ကြားသော သမားတော်ကြီး ဖြစ်သည်။ နီယန်ကတော့ မိန်းကလေးငယ်တစ်ဦးသာ ဖြစ်သည်။
"ကွေ့ပေါင်"
ဝမ်မေဖုန်းသည် ဒူးထောက်ထိုင်ချလိုက်ပြီး ယန်ကွေ့ပေါင်၏ ပခုံးလေးကို ကိုင်ကာ မျက်နှာချင်းဆိုင် ကြည့်လိုက်ရင်း ညင်သာစွာ ပြောလိုက်သည်။
"အမေက အစ်မနီယန်ကို မယုံတာ မဟုတ်ပါဘူး ဒါပေမယ့် အစ်မနီယန်ရဲ့ ဆေးစာက သားအတွက် အသုံးမဝင်ဘူး ဖြစ်နေလို့ပါ အမေ့ကို ယုံပါ ကမ္ဘာအဆုံးထိ သွားရပါစေ အမေ သားကို ကျန်းမာလာအောင် ကုပေးမယ်"
ယခုအချိန်တွင် ဝမ်မေဖုန်းသည် ကလေးကို ဆက်ပြီး လိမ်ညာမထားချင်တော့ပေ။ ယန်ကွေ့ပေါင်သည် ဝမ်မေဖုန်းကို စိုက်ကြည့်နေပြီး သူ၏ မျက်ဝန်းဝိုင်းဝိုင်းလေးများ နီရဲလာသည်။ သူ အသံတိမ်ဝင်စွာဖြင့် ပြောလိုက်သည်။
"အမေ သား သာမန်ကလေးတွေလိုပဲ ဖြစ်ချင်တယ် သား အစ်မနီယန်ကို ယုံတယ်"
ဒါသည် ယန်ကွေ့ပေါင်က ဝမ်မေဖုန်းကို ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း ထုတ်ပြောခြင်း ဖြစ်သည်။ စကားလုံးများက ရိုးရှင်းပြီး ဟန်ဆောင်မှု ကင်းမဲ့သော်လည်း နှလုံးသား အနက်ရှိုင်းဆုံးနေရာမှ လာသော စကားများဖြစ်သည်။ ဝမ်မေဖုန်းသည် စိတ်ခံစားချက်ကို မထိန်းနိုင်တော့ဘဲ မျက်ရည်များ ချက်ချင်း စီးကျလာသည်။ သူမ ယန်ကွေ့ပေါင်ကို တင်းကြပ်စွာ ဖက်ထားလိုက်ပြီး ရှိုက်ကြီးတငင် ပြောလိုက်သည်။
"ကွေ့ပေါင်ရယ် အမေ တောင်းပန်ပါတယ် အမေ့အပြစ်ပါ သားကို ကျန်းမာတဲ့ ခန္ဓာကိုယ်တစ်ခု ပေးဖို့ အမေ အရည်အချင်း မရှိခဲ့ဘူး"
ယန်ကွေ့ပေါင်သည် မျက်လုံးဝိုင်းကြီးများဖြင့် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အလွန်လိမ္မာစွာဖြင့် ဝမ်မေဖုန်း၏ ကျောကို ပုတ်ကာ နှစ်သိမ့်ပေးရှာသည်။
"အမေ မငိုပါနဲ့ သား ဘာမှမဖြစ်ပါဘူး သားတို့တွေ အစ်မနီယန်ကို နောက်တစ်ကြိမ်လောက် ယုံကြည်ကြည့်ရအောင်နော် သား ဆေးသောက်ရမှာ မကြောက်ပါဘူး ခါးမှာလည်း မကြောက်ဘူး သား နောက်ဆို လိမ်လိမ်မာမာ နေပါ့မယ်"
သူ ဘာကိုမှ မကြောက်ပေ။ တစ်ခုလွဲရင်ပေါ့...
အထီးကျန်ခြင်းနဲ့ တစ်ကိုယ်တည်း ဖြစ်နေခြင်း...
သူ လွတ်လပ်မှုကို တောင့်တသည်။
အခြားကလေးများလို လွတ်လွတ်လပ်လပ် ဆော့ကစားပြီး သူငယ်ချင်းအပေါင်းအသင်းများ ဖွဲ့နိုင်မည့် ဘဝမျိုးကို သူ ပို၍ တောင့်တမိသည်။ ဝမ်မေဖုန်းသည် နှလုံးသား ကွဲအက်မတတ် ခံစားလိုက်ရပြီး ယန်ကွေ့ပေါင်၏ ဆန္ဒကို မငြင်းဆန်ရက်တော့ပေ။ သူမ ခေါင်းကို အမြန်ညိတ်လိုက်သည်။
"ကောင်းပြီ ကောင်းပြီ အမေတို့တွေ အစ်မနီယန်ကို နောက်တစ်ကြိမ် ယုံကြည်ကြတာပေါ့ အမေ သားကို အခုပဲ ဆေးဆိုင် ခေါ်သွားပေးမယ်"
ဒီဆေးတွေက အန္တရာယ်မရှိဘဲ ကျန်းမာရေးအတွက် အားဆေးဖြစ်တယ်လို့ သမားတော်ဝမ် ပြောထားတာပဲလေ။
သူမသားက နီယန်ကို ဒီလောက်ထိ ယုံကြည်နေမှတော့ သားမျက်ဝန်းထဲက မျှော်လင့်ခြင်း အလင်းရောင်လေးကို သူမ မငြိမ်းသတ်ရက်တော့ပေ။
"ကျေးဇူးပါ အမေ"
ယန်ကွေ့ပေါင် ပျော်ရွှင်စွာ ပြုံးလိုက်သည်။ အစ်မနီယန်သည် သူ့ရောဂါအား ပျောက်ကင်းအောင် ကုပေးနိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။ မကုနိုင်ခဲ့လျှင်လည်း ကိစ္စမရှိပါ။
ဘာပဲဖြစ်ဖြစ် အစ်မနီယန်ရဲ့ စေတနာနဲ့ ကြိုးစား အားထုတ်မှုတွေကို အလဟဿ အဖြစ်မခံနိုင်ဘူး။ ဝမ်မေဖုန်းသည် ယန်ကွေ့ပေါင်ကို တိုင်းရင်းဆေးဆိုင်သို့ ခေါ်သွားပြီး ဆေးဝယ်လိုက်သည်။ သုံးလစာ ဆေးများကို တစ်ခါတည်း ဝယ်ယူလိုက်ရာ အိတ်ကြီးသုံးအိတ်စာ ရရှိပြီး ငွေ ၅၀ ယွမ်ပင် မပြည့်ပေ။
ဒီဆေးတွေကို သာမန်ဆေးတွေလို့ သမားတော်ဝမ် ပြောတာ မဆန်းပါဘူး။ ယန်ကွေ့ပေါင်ကို ဆေးရုံခေါ်သွားပြီး စစ်ဆေးခကပင် ယွမ်တစ်ရာကျော် ကျသင့်သည်။ ယွမ် ၅၀ ပင် မပြည့်သော ဆေးက ဝက်ရူးပြန်ရောဂါကို ဘယ်လိုလုပ် ကုသနိုင်ပါ့မလဲ။
ဝမ်မေဖုန်း သက်ပြင်းချလိုက်မိသည်။ အိမ်ပြန်ရောက်သောအခါ သူမသည် ယောက္ခမများနှင့် ခင်ပွန်းသည်ကို အမှန်အတိုင်း မပြောပြပေ။ ထိုအစား သမားတော်ဝမ်က ဆေးစာကို သဘောတူလိုက်ကြောင်း လိမ်ညာပြောဆိုခဲ့သည်။
အကယ်၍ ဒီဆေးတွေက အာနိသင်မရှိမှန်း ယောက္ခမတွေ သိသွားပါက ယန်ကွေ့ပေါင်ကို ပေးသောက်ခိုင်းမည် မဟုတ်ပေ။ လောလောဆယ်တော့ သူမ အမှန်တရားကို ဖုံးကွယ်ထားရဦးမည်။
"မေဖုန်း... သုံးလအတွင်း ကွေ့ပေါင်ရဲ့ ကျန်းမာရေးသာ တိုးတက်လာမယ်ဆိုရင် နီယန်ကို သေချာ ကျေးဇူးသွားဆပ်ရမယ်"
ကျိုးစုဟွာက မျက်နှာတွင် အပြုံးပန်းများ ဝေဆာလျက် ပြောလိုက်သည်။ ဝမ်မေဖုန်း၏ မျက်နှာတွင်မူ ခံစားချက် သိပ်မပေါ်လွင်ပေ။ သူမသည် ဆေးပေါင်းအိုးကို တည်ရင်း ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်သည်။
တကယ်လို့ အမှန်တရားကို သိသွားရင် ကျိုးစုဟွာ ဘယ်လောက်တောင် စိတ်ပျက်သွားမလဲဆိုတာ သူမ တွေးတောင် မတွေးရဲပေ...
သို့သော် ယန်ကွေ့ပေါင်မှာမူ အလွန်ပျော်ရွှင်နေပြီး ဟိုဟိုဒီဒီ ခုန်ပေါက်ပြေးလွှားရင်း ပြောနေသည်။
"အဘွား စိတ်မပူပါနဲ့ အစ်မနီယန်က အရမ်းတော်တာ သား ရောဂါ သေချာပေါက် ပျောက်မှာပါ"
မနက်ခင်းဈေး
အချိန်ကား ကိုးနာရီ ကျော်နေပြီဖြစ်သည်။ ပုံမှန်ဆိုလျှင် ဤအချိန်၌ နီယန် ဆိုင်သိမ်းပြီးနေပြီ ဖြစ်သည်။
သို့သော် ယခုအချိန်တွင် နီယန်သည် သူမ၏ ဆိုင်၌ အလုပ်ရှုပ်နေဆဲဖြစ်သည်။ ယနေ့အတွက် ငါးချဉ်ဟင်းရည် ပုံးကြီးနှစ်ပုံး ပြင်ဆင်လာခဲ့ရာ စုစုပေါင်း ခေါက်ဆွဲ ပန်းကန် ၅၀၀ ကျော်စာ ဖြစ်ပြီး ယခင်နေ့ကထက် ပန်းကန် ၂၀၀ ပိုပါသည်။ စားပွဲဝိုင်း ၅ ဝိုင်းလုံး လူပြည့်နေသည့်အပြင် တန်းစီစောင့်ဆိုင်းနေသော ဧည့်သည်များပင် ရှိနေသေးသည်။
လေထုထဲတွင် ငါးချဉ်ဟင်းရည်၏ မွှေးရနံ့များ ပျံ့လွင့်နေပြီး လူတိုင်းကို သွားရည်ယိုနေစေသည်။ အရောင်းအဝယ်ပါးနေသော ဘေးနားရှိ ဆိုင်သည်များသည် နီယန်ကို မနာလိုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ငါးချဉ်ဟင်းရည်၏ မွှေးရနံ့မှာ အလွန်ဆွဲဆောင်မှုရှိပြီး တန်းစီနေသော လူတန်းကြီးကလည်း ရှည်လျားလွန်းလှသည်။ သူတို့သာ တူညီသော စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများ မဟုတ်ပါက သူတို့ကိုယ်တိုင်ပင် တစ်ပွဲလောက် သွားစားချင်မိကြမည် ဖြစ်သည်။
ဤ မိန်းကလေးသည် အသက်သာငယ်သော်လည်း စီးပွားရေး စန်းမှာ ကြောက်စရာပင်...