← Chapters

ဟင်းကောင်းတစ်ခွက်က ကြော်ငြာစရာမလို

Vol. 3 Ch. 37

ဟင်းကောင်းတစ်ခွက်က ကြော်ငြာစရာမလို

Vol. 3 Ch. 37

နီယန် စျေးစရောင်းသည်မှာ ငါးရက်မျှသာ ရှိသေးသော်လည်း သူမသည် မနက်ခင်းဈေးတန်းသို့ စည်ကားသော လူအုပ်ကြီးကို ဆွဲဆောင်ခေါ်ယူလာနိုင်ခဲ့ပြီဖြစ်သည်။ သူမ၏ ချောမောသော ရုပ်ရည်နှင့် အရသာရှိသော ငါးချဉ်ဟင်းခေါက်ဆွဲကြောင့် အချို့လူများဆိုလျှင် သူမ၏ ခေါက်ဆွဲကို စားရန် သီးသန့် လာရောက်ကြခြင်း ဖြစ်သည်။ ဒါသည် ရှေးစကားပုံ တစ်ခုအား သက်သေပြလိုက်သလိုပင်။

"ဟင်းကောင်းတစ်ခွက်က ကြော်ငြာစရာ မလိုပါဘူး"

ဆယ်စုနှစ်တစ်ခုကျော် စီးပွားရေးလုပ်လာသူများပင်လျှင် ထိုမိန်းမငယ်လေး၏ စွမ်းဆောင်ရည်ကို မယှဉ်နိုင်ကြပေ။ စဉ်းစားလေလေ သူတို့ ရှက်လေလေ ဖြစ်ရသည်။

"ကြည့်စမ်း... တင်ပါး(ဖျင်)ကို လှုပ်နေတာများ... တကယ်ဉာဏ်များတဲ့ကောင်မပဲ... သူက ခေါက်ဆွဲ လာရောင်းတာလား ကိုယ်ခန္ဓာရင်းပြီး ဈေးရောင်းတာလားတောင် မသဲကွဲတော့ဘူး"

ပေါက်စီရောင်းသော သားအမိနှစ်ယောက်က မကျေမနပ် ပြောဆိုလိုက်ပြီး နီယန်ရှိရာသို့ ရန်လိုသော အကြည့်များဖြင့် လှမ်းကြည့်လိုက်သည်။

ကိုယ်ခန္ဓာရင်းပြီး ဈေးရောင်းတာခြင်း....

ထိုသည်မှာ နီယန်သည် ဖောက်သည်များကို ဆွဲဆောင်ရန် သူမ၏ ရုပ်ရည်ကို အသုံးချနေသည်ဟု သွယ်ဝိုက် စွပ်စွဲလိုက်ခြင်းပင်။

အမေဖြစ်သူ နာမည်မှာ ဆွန်းချွန်းရှန် ဖြစ်ပြီး သမီးဖြစ်သူမှာ ကျူယုံဟုန် ဖြစ်သည်။ ကျူယုံဟုန်သည် ဖောက်သည်များကို အလုပ်ရှုပ်ခံ ဧည့်ခံနေသော နီယန်ကို ကြည့်ရင်း ရင်ထဲတွင် မနာလိုစိတ်များ တဖွားဖွား ပေါ်လာသည်။ သူမထက်ပင် ငယ်ပုံရသော နီယန်သည် ဆွဲဆောင်မှုရှိရုံသာမက စီးပွားရေးဉာဏ်လည်း အလွန်ကောင်းသည်။ ရက်အနည်းငယ်အတွင်းမှာပင် သူမသည် သူတို့၏ ဖောက်သည်အားလုံးကို လုယူသွားခဲ့သည်။

နီယန်၏ ဆိုင်တွင် ဈေးပွဲတော်ကဲ့သို့ စည်ကားနေချိန်၌ သူမ၏ ဆိုင်မှာမူ တိတ်ဆိတ်ခြောက်ကပ်နေသည်။ ကျူယုံဟုန်မှာ ဒေါသနှင့် မချင့်မရဲ ဖြစ်နေရသည်။ နီယန် မရောက်လာခင်က သူတို့၏ ပေါက်စီသည် အရောင်းသွက်ဆုံးဖြစ်ပြီး ဤလမ်းတစ်လျှောက်တွင် သူမသည် ရုပ်ရည်အချောမောဆုံးဖြစ်၍ 'ပေါက်စီမယ်လေး' ဟု ချစ်စနိုး ခေါ်ဝေါ်ခြင်း ခံခဲ့ရသည်။

ယခုတော့ နီယန်က သူမ၏ စီးပွားရေးကိုသာမက သူမ၏ ဂုဏ်ကိုပါ လုယူသွားခဲ့ပြီ ဖြစ်သည်။ 'ခေါက်ဆွဲမယ်လေး' ဆိုပြီး မကြာခင် နာမည်ကြီးလာတော့မည်မှာ သေချာပေသည်။ ကျူယုံဟုန် ဒေါသတကြီး တွေးလိုက်မိသည်။

မဖြစ်ဘူး

ထိုသို့ အဖြစ်ခံလို့ လုံးဝ မဖြစ်နိုင်ပေ။ သူမပိုင်ဆိုင်ထားတာကို ဘယ်သူ့ကိုမှ အပါမခံနိုင်ပေ။ ဆွန်းချွန်းရှန်သည် နီယန်ကို အထင်သေးစွာဖြင့် ကြည့်လိုက်သည်။

"ကိုယ်ခန္ဓာ အရင်းပြုပြီး ရောင်းရတဲ့ ဒီလိုစီးပွားရေးမျိုးက ရေရှည်မခံပါဘူးအေ သူ ငိုရမယ့်နေ့ကို ငါတို့ စောင့်ကြည့်ကြတာပေါ့"

"အမေပြောတာ ဟုတ်တယ်"

ကျူယုံဟုန်က ပြန်ပြောလိုက်ရင်း မျက်လုံးကို မှေးကာ လေသံတိုးတိုးဖြင့် ဖြည့်စွက်ပြောလိုက်သည်။

"တစ်နေ့ကျရင် သူ့ခေါက်ဆွဲထဲမှာ ညစ်ပတ်တာတစ်ခုခု တွေ့သွားမလား ဘယ်သူသိနိုင်မလဲ"

သမီးဖြစ်သူ၏ စကားထဲမှ အဓိပ္ပာယ်ကို နားလည်လိုက်သဖြင့် ဆွန်းချွန်းရှန်သည် ကျူယုံဟုန်ကို အံ့သြစွာ ကြည့်လိုက်သည်။

"ဟုန်ဟုန်"

ကျူယုံဟုန်သည် လက်ပိုက်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့ အမေ သမီး အတိုင်းအတာ သမီး သိပါတယ်"

ကျူယုံဟုန်သည် လမ်းဘေးဈေးသည် ရှစ်စပ်က ဂျင်ဂျင်လည်သူဖြစ်ပြီး ပေါက်စီရောင်းရင်း လူမိုက်အများအပြားကို သိကျွမ်းခဲ့သည်။ သူမ တစ်ခုခု လုပ်ချင်သည်ဆိုလျှင် ၎င်းသည် အလွယ်လေးပင် ဖြစ်သည်။

ဤကာလသည် ရာဇဝတ်မှုများကို တင်းတင်းကျပ်ကျပ် နှိမ်နင်းနေချိန် ဖြစ်သော်လည်း စွန့်စားရဲသူများစွာ ရှိနေဆဲဖြစ်သည်။ နီယန် ခေါက်ဆွဲအပွဲ ၅၀၀ လုံး ရောင်းကုန်သွားချိန်တွင် မနက် ၁၀ နာရီခွဲနေပြီဖြစ်သည်။ အချိန်နောက်ကျနေပြီ ဖြစ်သော်လည်း မစားရသေးဘဲ တန်းစီစောင့်ဆိုင်းနေသူ အများအပြား ကျန်ရှိနေသေးသည်။

နီယန်သည် တစ်နေ့လျှင် ခေါက်ဆွဲ ပိုမိုရောင်းချချင်သော်လည်း သူမတွင် လုပ်စရာ အခြားကိစ္စများ ရှိနေသေးသည်။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်ကလည်း ယခုထက်ပို၍ ဒဏ်မခံနိုင်တော့ပေ။ သူမသည် ၁၇ နှစ်သာ ရှိသေးသည် မဟုတ်ပါလော။ မြို့စွန်မှ မြို့ထဲသို့ နေ့စဉ် ဟင်းရည် ကီလိုဂရမ် ၂၀၀ နီးပါး သယ်ယူပို့ဆောင်ရခြင်းသည် သူမ၏ ခန္ဓာကိုယ် ခံနိုင်ရည် အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည်။

ယနေ့ သူမသည် ခေါက်ဆွဲအပွဲ ၅၆၀ ကျော် ရောင်းရပြီး စုစုပေါင်း ၁၆၈.၃ ယွမ် ရရှိခဲ့သည်။ တစ်နေ့လျှင် အပွဲ ၅၀၀ ကျော် ရောင်းရပါက တစ်လလျှင် ၅၀၄၀ ယွမ် ရရှိမည်ဖြစ်သည်။

ကုန်ကျစရိတ်များနှင့် နေ့စဉ် အသုံးစရိတ်များကို နုတ်ပြီးလျှင် ယွမ် ၄၈၀၀ ခန့် အမြတ်ကျန်မည်။ ဤနှုန်းထားအတိုင်းဆိုလျှင် နှစ်လအတွင်း သူမ ဆိုင်ခန်းငှားနိုင်တော့မည်။ ယွမ် ၄၈၀၀ ဆိုသည်မှာ နောင်ခေတ်ကာလများတွင် သာမန်လစာတစ်ခုဟု ယူဆနိုင်သော်လည်း ဤခေတ်တွင်မူ ကြီးမားသော ငွေပမာဏဟု သတ်မှတ်ကြသည်။ အလုပ်သမားတစ်ဦး၏ လစာသည် ဤအချိန်တွင် တစ်လလျှင် ယွမ်ဆယ်ဂဏန်းမျှသာ ရှိသည်။ သို့သော် ဤကာလတွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၏ ဂုဏ်သတင်းမှာ သိပ်မကောင်းလှသဖြင့် မိသားစုအများစုသည် စီးပွားရေး စတင်လုပ်ကိုင်ရန် ဆန္ဒမရှိကြပေ။

ထို့ကြောင့်ပင် ၁၉၈၀ ပြည့်လွန်နှစ်များတွင် စီးပွားရေးလောကထဲသို့ ဝင်ရောက်လာသူ အများစုသည် နောက်ဆုံးတွင် ဘီလျံနာကြီးများ ဖြစ်လာကြခြင်း ဖြစ်သည်။ ငွေနည်းနည်းကစကာ ပြီးမှ ငွေများများ ပြန်ရှာကြခြင်း ဖြစ်သည်။

စားပွဲနှင့် မီးဖိုကို ရှင်းလင်းပြီးနောက် နီယန်သည် သူမ၏ ပစ္စည်းများကို ဘေးချင်းကပ် ဆိုင်ခန်းသို့ ရွှေ့လိုက်သည်။ ပုံမှန်ဆိုလျှင် နီယန်သည် ၈ နာရီဝန်းကျင်တွင် လာလေ့ရှိပြီး လျိုတုန်းလျန်က အမြဲတမ်း တံခါးဝတွင် အချိန်မှန် စောင့်နေတတ်သည်။ သို့သော် ဒီနေ့ သူမ နောက်ကျသွားသဖြင့် လျိုတုန်းလျန်ကို ဘယ်နေရာတွင်မှ မတွေ့ရပေ။

စားပွဲနှင့် ကုလားထိုင်များကို နေရာချပြီးနောက် နီယန်သည် အကျင့်ပါနေသည့်အတိုင်း လှမ်းခေါ်လိုက်သည်။

(မူရင်းမှာကတည်းက ဦးလေးလျိုမိသားစုကို လီလို့ သုံးလိုက် လျိုလို့ သုံးလိုက်ရေးထားတာမို့ပါ နောက်ပိုင်းက စပြီး လျိုပဲ သုံးပါ့မယ်နော် )

"ဦးလေးလျို... ရှိလား"

ပစ္စည်းများ ချထားပြီးနောက် ဆိုင်ပိုင်ရှင်ကို နှုတ်ဆက်ရန် လိုအပ်သည်လေ။ မကြာမီ အိမ်ထဲမှ ခြေသံများ ကြားလိုက်ရသည်။

လျိုတုန်းလျန် ထွက်လာပြီ ဖြစ်ရမည်။ နီယန် ခေါင်းမမော့ဘဲ ပြောလိုက်သည်။

"ဦးလေးလျို သမီး စားပွဲနဲ့ ကုလားထိုင်တွေ သိမ်းပြီးပြီ တခြားကိစ္စ မရှိရင် သမီး ပြန်တော့မယ်နော်"

"အင်း... အဖေက ကိစ္စလေးရှိလို့ အပြင်ထွက်သွားတယ်"

စိမ်းသက်လွန်းလှသော အမျိုးသားအသံတစ်ခု သူမနားထဲသို့ ဝင်ရောက်လာသည်။ သူ၏ အသံမှာ အလွန်နူးညံ့ ညင်သာပြီး လျိုတုန်းလျန်၏ အသံအက်အက်နှင့် လုံးဝ ကွာခြားနေသည်။

ထိုအသံကို ကြားလိုက်ရသဖြင့် နီယန် အံ့သြစွာ မော့ကြည့်လိုက်သည်။ သူမရှေ့တွင် ၁၇ နှစ် ၁၈ နှစ်အရွယ် လူငယ်လေးတစ်ဦး ရပ်နေသည်။ သူသည် အရပ်ရှည်ရှည်၊ ခေတ်အမီဆုံး ကွက်စိတ်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး အရည်အသွေးကောင်းသော ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။ နောင်လာမည့်ခေတ်ကာလ စကားနှင့် ပြောရလျှင် သူသည် "ချောမောသော လူငယ်လေး" တစ်ဦး ဖြစ်သည်။

မျက်လုံးချင်း ဆုံမိသွားချိန်တွင် လျူဝေ၏ မျက်နှာသည် အနည်းငယ် နီရဲသွားပြီး စိတ်လှုပ်ရှားကာ ချွေးစေးများ ထွက်လာသည်။

ဒီခေတ်က လူတွေက ဒီလိုပဲ တကယ် ဖြူစင်ကြတာကိုး။ နီယန်သည် အကြည့်ကို ပြန်လွှဲလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"ဦးလေးလျို မရှိမှတော့ နီယန် ဝင်သွားတယ်လို့ သူ့ကို ပြောပေးပါလား သူ ကျွန်မကို သိပါတယ်"

လျူဝေက ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ"

ခဏရပ်ပြီးနောက် သူက ထပ်ပြောသည်။

"ကျွန်တော့်နာမည်က လျူဝေ ပါ လျိုက လျိုပေ့(သုံးပြည်ထောင် ဧကရာဇ်)က လျို ဖြစ်ပြီးတော့ ဝေဆိုတာကတော့ ကြီးမြတ်ခြင်းလို့ အဓိပ္ပာယ်ရတဲ့ ဝေပါ "

နီယန်က ယဉ်ကျေးစွာ ပြန်ပြုံးပြလိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ် ကျွန်မ လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့ အိမ်ပြန်လိုက်တော့မယ်”

ထို့နောက် သူမ စက်ဘီးပေါ်တက်ကာ ထွက်ခွာသွားသည်။

စက်ဘီးမှာ အရွယ်အစား ကြီးမားပြီး နောက်ဘက်တွင် သံပုံးကြီးနှစ်ပုံး တပ်ဆင်ထားသည်။ စက်ဘီးပေါ်တွင် ထိုင်လိုက်သော သူမ၏ သွယ်လျသော ကိုယ်ခန္ဓာလေးသည် လုံးဝန်းပြည့်၀ိုင်းကာ ပုရိသတို့အဖို့ အကြည့် မလွှဲချင်စရာ ကောင်းလှပေသည်။ အမှန်ပင် လူတစ်ယောက်က ဆွဲဆောင်မှု ရှိနေလျှင် သူတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးကိုပါ လှပသွားစေတတ်သည်။

အဝေးသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသော နီယန်၏ ပုံရိပ်ကို ကြည့်ရင်း လျူဝေသည် သက်ပြင်းချလိုက်မိသည်။

ထူးဆန်းတယ်....

မိန်းကလေးတစ်ယောက်ရှေ့မှာ သူ ဒီလောက်ထိ စိတ်လှုပ်ရှားနေမိတာ ဤအကြိမ်သည် ပထမဆုံးပင် ဖြစ်သည်။ သူ၏အတန်းထဲမှ အချောဆုံးစာရင်းဝင် ကျောင်းသူတွေတောင် သူ့အတွက် သာမန်ပဲ ထင်ရပေမယ့် နီယန်ကတော့ မတူပေ။

နှစ်ကြိမ်သာ တွေ့ဖူးသေးသော ဤမိန်းကလေးသည် သူ့နှလုံးသားထဲတွင် နက်ရှိုင်းသော အမှတ်တရတစ်ခုကို ချန်ထားရစ်ခဲ့ပြီ ဖြစ်သည်။ ကံဆိုးစွာဖြင့် သူမသည် ကျောင်းမှ ထွက်လိုက်ပြီး ဖြစ်သည်။

နောင်အနာဂတ်တွင် သူသည် တက္ကသိုလ်တက်ရောက်ကာ ကြီးကျယ်သော အရာများကို လုပ်ဆောင်ရမည့်သူ တစ်ဦး ဖြစ်သည်။

အလယ်တန်းပင် မအောင်သော မိန်းကလေးတစ်ယောက်သည် စာမတတ်သူနှင့် မခြားနားပေ။ ဤကဲ့သို့ မိန်းကလေးမျိုးကို အခြားသူများနှင့် သူ ဘယ်လိုလုပ် မိတ်ဆက်ပေးနိုင်မည်နည်း။ ယင်းကို သတိရလိုက်တော့မှ လျူဝေသည် လက်တွေ့ဘဝထဲသို့ ပြန်ရောက်လာပြီး စိတ်ထဲမှ မိမိကိုယ်ကို ပါးပိတ်ရိုက်လိုက်မိသည်။ သူ ဘာတွေ တွေးနေမိတာပါလိမ့်။

ယနေ့ နီယန်သည် ဟင်းသီးဟင်းရွက် ၆၀ ကီလိုဂရမ်နှင့် ငါးအကောင် ၂၀ ထပ်ဝယ်သည်။ နွေရာသီဖြစ်သောကြောင့် သူမ၏ ငါးချဉ်ဟင်းခေါက်ဆွဲ အရသာကို ထိန်းသိမ်းရန် လိုအပ်သဖြင့် လတ်ဆတ်သော ငါးရှင်များကို အသုံးပြုရသည်။ ငါးသေများကို လုံးဝ အသုံးပြု၍မရပေ။ ထို့အပြင် ငါးသေများသည် ကျန်းမာရေးအတွက် မကောင်းပေ။

စီးပွားရေးလုပ်လျှင် ကိုယ်ချင်းစာစိတ် နှင့် စေတနာ ရှိရမည်။ ဒါမှသာ ရေရှည်ခံနိုင်မည် ဖြစ်သည်။ အိမ်ပြန်ရောက်သောအခါ နီယန်သည် ဟင်းသီးဟင်းရွက်များကို ဆေးကြောကာ ချဉ်ဖတ်တည်ရန် ပြင်ဆင်လိုက်သည်။ ထမင်းအမြန်စားပြီးနောက် ဝါးခြင်းတောင်းကို လွယ်ကာ တောင်ပေါ်သို့ တက်ခဲ့လေတော့သည်။

တောင်ပေါ်သို့ တက်ရခြင်း၏ အဓိက အကြောင်းရင်းမှာ သူမ၏မိခင် နီချွေ့ဟွာအတွက် ပရဆေးပင်များ ရှာဖွေရန်ဖြစ်သည်။ ဆေးဆိုင်တွင် သူမ မေးကြည့်ပြီးပြီ။ သူမ လိုအပ်သော ပရဆေးပင်များက ဈေးကြီးလွန်းသည်။ ထို့အပြင် ပရဆေးပင် အများအပြားကို ပုဂ္ဂလိက ဆေးဆိုင်များတွင် ရောင်းချခွင့် မပြုသဖြင့် သူမကိုယ်တိုင် တောင်ပေါ်တက်ပြီး တူးဖော်ရခြင်း ဖြစ်သည်။

ဤခေတ်ကာလရှိ တောင်များသည် သဘာဝအတိုင်း ရှိနေဆဲဖြစ်ပြီး ရတနာသိုက်များသဖွယ် ပေါကြွယ်ဝလှသည်။

All Chapters