← Chapters

တောင်ပေါ်က ရတနာသိုက်

Vol. 3 Ch. 38

တောင်ပေါ်က ရတနာသိုက်

Vol. 3 Ch. 38

နီယန်သည် ကျောပေါ်တွင် ဝါးခြင်းတောင်းငယ်လေးကို လွယ်လျက် တောင်ပေါ်လမ်းကလေးအတိုင်း လျှောက်လှမ်းလာခဲ့သည်။

လမ်းတစ်လျှောက်တွင် ရွာသားအတော်များများနှင့် ဆုံတွေ့ခဲ့သည်။

သူမသည် သူတို့တစ်ဦးချင်းစီကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

အသက်အနည်းငယ်ကြီးသူများကို ဦးလေး ဒေါ်လေးဟု ခေါ်ပြီး သက်ကြီးရွယ်အိုများကို အဘိုး အဘွားဟု ခေါ်ဝေါ်သည်။ ချိုချိုသာသာ ပြောတတ်သော မိန်းကလေးငယ်တစ်ဦးကို ဘယ်သူက မချစ်ဘဲ နေပါမည်နည်း။ အထူးသဖြင့် နီယန်လို လှပသော မိန်းမလှလေးမျိုးဆိုလျှင် အတိုင်းထက်အလွန် တံခွန်နှင့်ကုက္ကားဟုပင် ပြောရဦးမည်။

နီယန် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် ရွာသားများကြား ချက်ချင်းကျွတ်စီကျွတ်စီ ဖြစ်ကုန်ကြသည်။

"သူ့ကို အသက်ငယ်တယ်ဆိုပြီး အထင်မသေးနဲ့နော်... သူက တော်တော် စွမ်းတာ သရဲပူးတုန်းက မေဖုန်းရဲ့ ကလေးကို သူ ကယ်ပေးလိုက်တာလို့ ကြားတယ်"

"ဘာသရဲလဲ ငါကြားတာတော့ ဝက်ရူးပြန်ရောဂါဆို"

"အကယ်လို့သာ ကျန်းကျန်းက သူ့ရဲ့ တစ်ဝက်လောက် လိမ္မာရင် ငါ ကျေနပ်ပါပြီအေ"

လေးထောင့်ခပ်ကျကျ မျက်နှာနှင့် ဆံပင်တိုတို အမျိုးသမီးတစ်ဦးသည် ကဲ့ရဲ့လှောင်ပြောင်သော လေသံဖြင့် ဝင်ပြောလိုက်သည်။

"ဒါပေါ့ သူက စွမ်းတာပေါ့ မဟုတ်ရင် ဖီးနစ်တံဆိပ် စက်ဘီးကို ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ"

ထိုစကားကို ကြားလိုက်ရတော့ အခြားသူများ၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားသည်။

ဟုတ်ပေသည်...

လုပ်အားခရစရာ အလုပ်သမားပင် မရှိသော မုဆိုးမနှင့် မိဘမဲ့ သားအမိနှစ်ယောက်တည်း ရှိသည့် မိသားစုက စက်ဘီးဝယ်နိုင်သည်မှာ မသင်္ကာစရာပင် ဖြစ်သည်။ တစ်နှစ်ပတ်လုံး လယ်ထဲဆင်းပြီး ပင်ပင်ပန်းပန်း လုပ်ကိုင်နေရသော သူတို့တောင် မဝယ်နိုင်ကြပေ။

ဆံပင်ရှည်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ပြောသည်။

"ဝမ်ကျင်းဖန်း... နင်ကလည်း ဒီလို သေချာမသိပဲ လျှောက်မပြောပါနဲ့... သူတို့ ပိုက်ဆံရှာလို့ ရတာလည်း ဖြစ်နိုင်တာပဲ... အဲဒီကောင်မလေးက မနက်တိုင်း စောစောထပြီး မြို့ထဲမှာ မနက်စာ သွားရောင်းတယ်လို့ ငါ ကြားတယ်"

"မနက်စာ ရောင်းတယ်"

ဝမ်ကျင်းဖန်းက ပြောလိုက်သည်။

"မနက်စာ ရောင်းတာလား တခြားဟာ ရောင်းတာလား ဘယ်သူပြောနိုင်မှာလဲ"

ဝမ်ကျင်းဖန်းသည် ရွာတွင် လော်စပီကာဟု နာမည်ကျော်သူဖြစ်ပြီး မစ္ဆရိယစိတ်လည်း အလွန်ကြီးမားသော သူ ဖြစ်သည်။ သူမထက် ပိုမိုကောင်းမွန်သော ဘဝကို ပိုင်ဆိုင်ထားသူ တစ်ဦးဦးကို မြင်လျှင် မကျေမနပ်ဖြစ်ကာ ချက်ချင်းပင် ထေ့ငေါ့ပြောဆို ကျိန်ဆဲတတ်ပြီး ကံဆိုးစေရန် ဆုတောင်းတတ်သူ ဖြစ်သည်။

ပို၍ အကျိုးအကြောင်း စဉ်စားတတ်ပုံရသော ဆံပင်ရှည်ရှည် အမျိုးသမီးက ချက်ချင်း ပြန်ပြောလိုက်သည်။

"ဝမ်ကျင်းဖန်း ငါတို့က လူအများကြီးရှေ့ ရောက်နေတာနော် စကားကို လက်လွတ်စပယ်မပြောသင့်ဘူး"

နီယန်က ငယ်လွန်းသေးသည်။ ဝမ်ကျင်းဖန်း၏ ပါးစပ်ကြောင့် သူမ၏ ဂုဏ်သိက္ခာ ကျဆင်းသွားလျှင် နောင်အနာဂတ် ရွာထဲတွင် မည်သို့ ခေါင်းမော့ပြီး နေရဲတော့မည်နည်း။ ဆံပင်ရှည်ရှည် အမျိုးသမီးကို ကြည့်ရင်း ဝမ်ကျင်းဖန်းက မုန်းတီးစွာ ပြန်ပြောလိုက်သည်။

"ဒါဆို နင်က သူ မြို့ထဲမှာ မနက်စာ ရောင်းတာ မြင်ဖူးလို့လား... ဒါမှမဟုတ် နင်က သူ့ရဲ့ စီးပွားဖက်လား"

သူမ၏ နောက်ဆုံးစကားက အထူးသဖြင့် ဘာလိုလို ရည်ရွယ်ပြောသော စကား ဖြစ်သည်။

"နင်"

ဆံပင်ရှည် အမျိုးသမီး၏ မျက်နှာသည် ဒေါသကြောင့် နီရဲသွားသည်။ သူမ ချောင်းဟန့်လိုက်ပြီး ပြန်ပြောလိုက်သည်။

"နင်က အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ အကြောင်းပြချက်မရှိဘဲ ပြဿနာ ရှာနေတာ"

"ငါက ပြဿနာ ရှာနေတာလား ငါထင်တာတော့ ကျိုးချင်းရှန် နင်က နင့်လိပ်ပြာ နင်မလုံ ဖြစ်နေတာပါ"

ဝမ်ကျင်းဖန်းသည် မျက်လုံး ပြူးကျယ်လျက် အလွန် ရန်လိုသော ပုံစံဖြင့် ကြည့်နေသည်။ ကျိုးချင်းရှန်သည် နီယန်ကို သိပင်မသိပေ။

"အဟွတ် ငါက လိပ်ပြာမလုံဖြစ်တယ် အဟွတ် ဝမ်ကျင်းဖန်း နင် ပြောစမ်း ငါက ဘာအကြောင်းပြချက်နဲ့ လိပ်ပြာမလုံ ဖြစ်ရမှာလဲ"

ရန်ပွဲ အရှိန်မြင့်လာသည်ကို မြင်သောအခါ တစ်စုံတစ်ယောက်က ကြားဝင်ဖျန်ဖြေပေးလိုက်သည်။

"တော်ကြပါတော့ တော်ကြပါတော့ သူစိမ်းတစ်ယောက် အတွက်နဲ့ စကားနိုင်လု မနေကြပါနဲ့"

ပညာတတ်တစ်ဦးဖြစ်ပြီး နေထိုင်မကောင်း ဖြစ်နေသော ကျိုးချင်းရှန်သည် အဆက်မပြတ် ချောင်းဆိုးနေသဖြင့် ဝမ်ကျင်းဖန်းနှင့် ဆက်ပြီး စကားမများချင်တော့ပေ။ သူမ ပေါက်တူးကို ကောက်ကိုင်လိုက်ပြီး လယ်ကွင်းထဲသို့ ဆင်းသွားလိုက်သည်။ ထိုသို့သော ဝန်တိုစိတ်ရှိသည့် လူမျိုးနဲ့ ရန်ဖက်ဖြစ်ရလျှင် သူမ သိက္ခာကျသည်လေ။

တောင်ပေါ်တွင်...

နီယန်သည် ခြင်းတောင်းကို လွယ်လျက် တောင်ပေါ်လမ်းရှိ ကျောက်တုံးများကြားတွင် လျှောက်သွားနေရင်း လမ်းတစ်လျှောက်တွင် အလေ့အကျပေါက်သော ပရဆေးပင် အများအပြားကို တွေ့ရှိခဲ့သည်။ ဥပမာအားဖြင့် တရုတ်နံနံ လင်းဇီ နှင့် အခြားအရာများ ဖြစ်သည်။

ဤအချိန်တွင် အနောက်တိုင်းဆေးပညာ ထွန်းကားလာပြီး တိုင်းရင်းဆေးပညာကို တဖြည်းဖြည်း အသုံးချမှုနည်းပါးလာပြီဖြစ်သဖြင့် တောင်ပေါ်တွင် သယံဇာတများ ကြွယ်ဝနေခဲ့သည်။

အရွက်ခုနစ်ရွက် ထွက်နေသည်ကို ကြည့်ခြင်းအားဖြင့် နှစ်တစ်ရာ သက်တမ်းရှိသော တောရိုင်းဂျင်ဆင်းပင် တစ်ပင်ကိုပင် နီယန် တွေ့ရှိခဲ့သည်။ ဂျင်ဆင်းကို ပရဆေးပင်များ၏ ဘုရင်အဖြစ် လူသိများပြီး စိတ်ကို တည်ငြိမ်စေခြင်း ဝိညာဉ်ကို ခိုင်ခံ့စေခြင်း ရင်တုန်ခြင်းကို လျော့ပါးစေခြင်း မကောင်းဆိုးဝါးများကို ဖယ်ရှားပေးခြင်း အမြင်အာရုံ ကြည်လင်စေခြင်း စိတ်ခံစားချက်ကို မြှင့်တင်ပေးခြင်းနှင့် ဦးနှောက်ကို လှုံ့ဆော်ပေးခြင်း စသည့် အစွမ်းသတ္တိများကြောင့် ကျော်ကြားသည်။ အထူးသဖြင့် မီးဖွားပြီးစ အမျိုးသမီးများနှင့် အားအင်ကုန်ခမ်းနေသူများ ပြန်လည် သက်သာလာစေရန်အတွက် အလွန် သင့်လျော်သည်။

နီယန် အလွန်ဝမ်းသာသွားပြီး ဂေါ်ပြားတစ်ချောင်းကို ယူကာ ဂျင်ဆင်းပင်၏ အခြေကို ဂရုတစိုက် တူးလိုက်သည်။ အမြစ်မွှာ တစ်ချောင်းမျှပင် မပြတ်သွားစေရန် အထူးသတိထားနေသည်။

ခဏအကြာတွင် ဂျင်ဆင်းပင် တစ်ပင်လုံးကို တူးဖော်ရရှိလိုက်သည်။ အလေ့အကျပေါက်ပင် ဖြစ်သော်လည်း ဤဂျင်ဆင်း၏ အရည်အသွေးမှာ အလွန်ကောင်းမွန်ပြီး အတော်အတန် ကြီးမားသည်။ ဆေးဆိုင်တွင် ဤကဲ့သို့သော ဂျင်ဆင်းမျိုးကို ယွမ်ရာချီ မပေးရဘဲ ဝယ်ယူနိုင်မည် မဟုတ်ပေ။

နီယန်သည် ဂျင်ဆင်းကို ဝါးခြင်းတောင်းထဲ ထည့်လိုက်ပြီး တောထဲတွင် ဆက်လက် လှည့်လည်သွားလာနေသည်။ ဤတောထဲတွင် ဂျင်ဆင်းတစ်ပင် ရှိသည်ဆိုလျှင် နောက်ထပ်လည်း ရှိနိုင်လိမ့်မည် ဖြစ်သည်။

မကြာခင်မှာပင် နီယန်သည် ဒုတိယမြောက် ဂျင်ဆင်းပင်ကို အနီးနားတွင် ထပ်တွေ့လိုက်သည်။ သို့သော် ဤအပင်မှာ ခုနစ်နှစ်သားအပင် မဟုတ်ဘဲ သုံးနှစ်မှ ငါးနှစ်သားအရွယ် ဂျင်ဆင်းအပင်ပေါက်လေးသာ ဖြစ်သည်။ အပင်ရင့် မဟုတ်သော်လည်း ဤဂျင်ဆင်းနုလေး၏ အာနိသင်သည် ဆေးဆိုင်တွင် ရောင်းချသော အရာများထက် သာလွန်နေဆဲဖြစ်သည်။

ဒုတိယမြောက် ဂျင်ဆင်းကို တူးပြီးနောက် နီယန် တတိယမြောက်အပင်ကို ရှာမတွေ့တော့ပေ။

ဂျင်ဆင်းဆိုသည်မှာ တကူးတက လိုက်ရှာယူရသည်ထက် မတော်တဆ တွေ့ရှိတတ်သော အပင်မျိုးဖြစ်သည်။ နီယန်သည် ဂျင်ဆင်းကို ဇွတ်အတင်း ဆက်မရှာတော့ဘဲ အခြားပရဆေးပင်များကို စတင်၍ တူးဖော်လိုက်သည်။ ထိုသို့ လုပ်ဆောင်နေစဉ် ရှားစောင်းလက်ပတ် အုံကြီးတစ်အုံကို တွေ့ရှိလိုက်ရသည်။

ရှားစောင်းလက်ပပ်သည် တန်ဖိုးရှိသော အရာဖြစ်သည်။ အလှအပကို အားပေးရုံသာမက တိုင်းရင်းဆေးအဖြစ်လည်း အသုံးပြုနိုင်ပြီး ရောင်ရမ်းမှုကို လျှော့ချပေးခြင်း အဆိပ်အတောက် ဖယ်ရှားပေးခြင်း သွေးခဲများကို ပျော်စေခြင်းနှင့် ကပ်ပါးကောင်များကို သတ်ပေးခြင်းတို့ ပြုလုပ်နိုင်သည်။ မျက်စိရောင်ရမ်းခြင်း ဝမ်းချုပ်ခြင်း မီးယပ်ဖြူဆင်းခြင်း ဆီးထဲသွေးပါခြင်း ကလေးဝက်ရူးပြန်ရောဂါ သလိပ်ကပ်ခြင်း မီးလောင်ဒဏ်ရာနှင့် ရေနွေးပူလောင်ဒဏ်ရာ လိပ်ခေါင်း ဝဲ ပြည်တည်နာ ပွန်းပဲ့ဒဏ်ရာနှင့် အခြားရောဂါဝေဒနာ အများအပြားကို ကုသပေးနိုင်သည်။

နီယန် ဂေါ်ပြားကို ကိုင်လိုက်ပြီး ရှားစောင်းလက်ပတ်ပင် အနည်းငယ်ကို တူးယူကာ ခြင်းတောင်းထဲ ထည့်လိုက်သည်။ ပြန်ရောက်လျှင် အိမ်ရှေ့တွင် စိုက်ထားရန် သူမ စီစဉ်ထားသည်။ ထိုအလုပ်များ ပြီးစီးပြီးနောက် နီယန်သည် ဝါးခြင်းတောင်းကို ကျောတွင်လွယ်လိုက်ပြီး တောင်အောက်သို့ စတင်ဆင်းသက်လာသည်။

စိမ်းလန်းစိုပြေသော သစ်ပင်ပန်းမန်များနှင့် တောင်ပေါ် လေပြေလေညင်းသည် သူမ၏ စိတ်ကို လန်းဆန်းစေပြီး ကြည်နူးစေသည်။ နီယန် လမ်းလျှောက်ရင်း ပျော်ရွှင်စွာဖြင့် သီချင်းတစ်ပုဒ်ကို သမီးဆိုလိုက်သည်။

ထိုစဉ် နီယန်သည် လှုပ်ရှားမှုတစ်ခုအား သတိထားမိလိုက်သည့် အတွက် ချက်ချင်း ခြေလှမ်းတုံ့လိုက်ကာ အနီးရှိ ချုံပုတ်တစ်ခုဆီသို့ ကြည့်လိုက်မိသည်။ ချုံပုတ်ထဲမှ ကြိတ်ဝါးနေသံနှင့် တဂွီဂွီမြည်သံ ထွက်ပေါ်နေသည်။

ချုံပုတ်ထဲတွင် တစ်ခုခု ရှိနေသည်...

ဤသို့ သိလိုက်သည်နှင့် နီယန်သည် ချုံပုတ်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ လက်ဖြင့် သစ်ရွက်များကို လျင်မြန်စွာ ဖယ်လိုက်သည်။ ချုံပုတ်များကြားတွင် ပုန်းအောင်းနေသော မီးခိုးရောင် ယုန်ပေါက်လေး ၇ ၈ ကောင်ကို တွေ့လိုက်ရသည်။ လက်ဖဝါးလောက်သာ ရှိသော ယုန်ပေါက်လေးများသည် နီယန်ကို ကြည့်ကာ မာန်ဖီနေကြသည်။

‘ချစ်စရာကောင်းလိုက်တဲ့ ယုန်လေးတွေ ကြီးလာရင် ပိုချစ်စရာကောင်းမှာ သေချာတယ် ပြီးတော့ သူတို့အသားကလည်း အရသာ ရှိမှာပဲ’

ယုန်ကင် ယုန်ပေါင်း ယုန်နှပ် ယုန်အစပ်ချက်နှင့် အခြား အရသာရှိသော ဟင်းလျာများ သူမကို လက်ယပ်ခေါ်နေသကဲ့သို့ နီယန် မြင်ယောင်လာသည်။

နီယန် ရေတွက်ကြည့်လိုက်ရာ စုစုပေါင်း ယုန်ကိုးကောင် ရှိသည်။ သူမ ရှစ်ကောင်ကို ဖမ်းယူပြီး ခြင်းတောင်းထဲ ထည့်လိုက်ကာ ယုန်မကြီးအတွက် တစ်ကောင် ချန်ထားခဲ့လိုက်သည်။ ဝါးခြင်းတောင်းထဲမှ သူမ၏ ပစ္စည်း များကို ကြည့်ရင်း နီယန် ကျေနပ်စွာ ပြုံးလိုက်သည်။ ယနေ့ အသီးအပွင့်များ ခူးဆွတ်ရခြင်းသည် အတော်အတန် အဆင်ပြေလှပေသည်

။

နေဝင်တော့မည်ဖြစ်ရာ နီယန်သည် ဝါးခြင်းတောင်းကို လွယ်လျက် အိမ်သို့ အမြန်ပြန်လာခဲ့သည်။ ထိုအချိန်တွင် ဆံပင်ရှည်ရှည်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးသည် နီယန် ရှိရာဘက်သို့ လျှောက်လာရင်း အဆက်မပြတ် ချောင်းဆိုးနေခဲ့သည်။

ထိုအမျိုးသမီးမှာ နေ့လယ်က နီယန်ဘက်မှ ကာပြောပေးခဲ့သော ကျိုးချင်းရှန်ပင် ဖြစ်သည်။ နေ့လယ်က ဖြစ်ပျက်ခဲ့သည်များကို မသိသော်လည်း နီယန်သည် သူမကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ ဒေါ်လေးဝမ်"

ကျိုးချင်းရှန်က ရယ်မောလိုက်သည်။

"ဪ ယန်ယန်ပါလား တောင်ပေါ်က အခုမှ ပြန်ဆင်းလာတာလား"

စကားမဆုံးခင်မှာပင် သူမ ချောင်းဆိုးလိုက်ရပြန်သည်။ ချောင်းဆိုးလွန်းသဖြင့် သူမ၏ မျက်လုံးများပင် နီရဲနေသည်။ တုပ်ကွေးမိနေသူများသည် နေ့တစ်နေ့၏ အစနှင့် အဆုံးပိုင်းများတွင် ပိုမို ဆိုးရွားတတ်သည်။

နီယန် ခေါင်းညိတ်လိုက်သည်။

"သမီး တောင်ပေါ်က ပရဆေးပင်တွေ သွားခူးလာတာပါ ဒေါ်လေးဝမ် အအေးမိနေတာလား ဆေးရုံရော သွားပြပြီးပြီလား"

ကျိုးချင်းရှန်က ပေါ့ပေါ့ပါးပါးပင် ငြင်းလိုက်သည်။

"သာမန် အအေးမိရုံလေးပါကွယ်.. ရက်နည်းနည်းနေရင် ကောင်းသွားမှာပါ"

ရွာသားများသည် ပိုက်ဆံချွေတာချင်ကြသဖြင့် ဤကဲ့သို့ တုံ့ပြန်လေ့ရှိကြသည်။ ရောဂါကြီးကြီးမားမား ဖြစ်စေ သေးသေးမွှားမွှား ဖြစ်စေ သူတို့ဘာသာ ကြိတ်မှိတ်သည်းခံကြပြီး မဖြစ်မနေ လိုအပ်မှသာ ဆေးရုံသွားတတ်ကြသည်။ များစွာသော သူတို့သည် ရောဂါအသေးစားမှ ရောဂါအကြီးစားအဖြစ်သို့ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်ကြသည်။

"အအေးမိတာက သေးသေးမွှားမွှား ကိစ္စမဟုတ်ဘူးနော် ဗိုင်းရပ်စ်က သွေးကြောထဲ ရောက်သွားရင် နမိုးနီးယားလို နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်တယ်"

နီယန် သတိပေးလိုက်ရင်း ဝါးခြင်းတောင်းထဲမှ ဝါးရွက်နှင့်တူသော အပင်အနည်းငယ်ကို ယူကာ ကျိုးချင်းရှန်အား ကမ်းပေးလိုက်သည်။ သူမ ဆက်ပြောလိုက်သည်။

"ဒေါ်လေးဝမ် ဒါက ချိုင်းဟူ(ယုန်နားရွက်ပင်) လို့ ခေါ်တဲ့ ပရဆေးပင်ပါ အိမ်ပြန်ရောက်ရင် အရွက်တွေနဲ့ အကိုင်းတွေကို ဖယ်လိုက်ပါ အမြစ်တွေနဲ့ အညှာတွေကို စင်ကြယ်အောင် ဆေးကြောပြီးတော့ ပြုတ်သောက်လိုက်ပါ သုံးရက်အတွင်း ဒေါ်လေးရဲ့ အအေးမိတာ ပျောက်သွားပါလိမ့်မယ်"

ဆေးကျမ်းများအရ ချိုင်းဟူ(ယုန်နားရွက်ပင်) သည် ခါးသက်သက်နှင့် ချိုသော အရသာရှိသည်။ ခန္ဓာကိုယ်အပူကို ငြိမ်းစေနိုင်ပြီး အသည်းကို အေးစေကာ 'ယန်' ဓာတ်ကို မြှင့်တင်ပေးနိုင်သည်။ အအေးမိခြင်းအတွက် အလွန် ထိရောက်သည်။ တကယ်တမ်းတွင် တစ်ရက်တည်းနှင့် အအေးမိ ပျောက်ကင်းနိုင်သော်လည်း သုံးရက်ဆိုသည်မှာ အသေချာဆုံး ခန့်မှန်းချက် တစ်ခုသာ ဖြစ်ပါသည်။

All Chapters