ယုန်ကလေး ဖမ်းမိပြီ
Vol. 3 Ch. 39
နီယန်သည် ယန်ကွေ့ပေါင်ကို ကယ်တင်ပေးခဲ့ဖူးသဖြင့် သူမသည် အလွန်အရည်အချင်းရှိကြောင်း ရွာထဲမှ လူတိုင်းက သိရှိထားကြသည်။ ကျိုးချင်းရှန်သည်လည်း ဤမိန်းကလေးငယ်ကို အလွန်သဘောကျနေပြီး နီယန်လက်ထဲမှ ဆေးမြစ်ကို ချက်ချင်း လှမ်းယူလိုက်ကာ ရယ်မောလျက် ဆိုသည်
"ကျေးဇူးတင်ပါတယ် ယန်ယန်ရေ အိမ်ရောက်တာနဲ့ ဒါကိုပြုတ်ပြီး သောက်လိုက်ပါ့မယ်"
နီယန်က အသာအယာ ပြုံးလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောသည်။
"ဒေါ်လေးဝမ် ရပါတယ် အားနာစရာ မလိုပါဘူး"
ကျိုးချင်းရှန်သည် နီယန်ကို မြင်ရလေလေ ပို၍ သဘောကျလာလေလေ ဖြစ်သည်။ ထို အတင်းအဖျင်းပြောကာ အောက်တန်းကျတတ်သော မိန်းမ ဝမ်ကျင်းဖန်နှင့် ကောင်းကောင်း စကားနိုင်မလုခဲ့ရသည့်အတွက် သူမ နောင်တရမိနေသည်။ အကယ်၍ ထိုအတင်းအဖျင်းပြောတတ်သော မိန်းမက နီယန်ကို မကောင်းပြောသည်ကို ထပ်ကြားရလျှင် သူမကိုယ်တိုင် ပါးသွားရိုက်ပစ်မည်ဟု တေးထားလိုက်သည်။
ကျိုးချင်းရှန်ကို နှုတ်ဆက်ပြီးနောက် နီယန်သည် အိမ်သို့ ဆက်ပြန်လာခဲ့သည်။ အချိန်ကား ညနေ ငါးနာရီခွဲ ရှိနေပြီဖြစ်သည်။ ဇွန်လဖြစ်သည့်အတွက် နေမင်းကြီးမှာ ကောင်းကင်ယံ၌ မြင့်မားစွာ ရှိနေဆဲပင် ဖြစ်သည်။
နီယန် အိမ်ပြန်ရောက်သောအခါ သူမ၏ ညီမငယ် နီယွင်သည် အသံကုန်ဟစ်ကာ ငိုကြွေးနေပြီး နီချွေ့ဟွာက ချော့မြှူနေရသည်။ သို့သော် ကလေးမလေးမှာ တစ်စုံတစ်ခုသော ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ခဲ့ရသည့်နှယ် ချော့လေလေ ပို၍အသံကျယ်ကျယ် ငိုလေလေဖြစ်ပြီး ရပ်တန့်မည့်ပုံ မပေါ်ချေ။
"အမေ ညီမလေး ဘာဖြစ်တာလဲ ဘာလို့ သနားစရာကောင်းအောင် ငိုနေရတာလဲ"
နီချွေ့ဟွာသည် ကလေးကို ပွေ့ချီကာ ဟိုဘက်ဒီဘက် လမ်းလျှောက်၍ ချော့မြှူရင်း ဆိုသည်
"ကလေးတွေဆိုတာ ဒီလိုပါပဲ ဘာမှမဖြစ်ပါဘူး ခဏနေရင် အငိုတိတ်သွားမှာပါ သမီး အလုပ်ရှိတာ သွားလုပ်တော့လေ"
နီယန်သည် ယခင်ဘဝက ကလေးမွေးဖူးခြင်း ကလေးထိန်းဖူးခြင်း မရှိခဲ့သဖြင့် ကလေးချော့ရာတွင် အဆင်မချောခဲ့ပေ။ ထို့ကြောင့် နီချွေ့ဟွာ တစ်ယောက်တည်း ချော့မြှူနိုင်ရန် အခန်းထဲမှ ထွက်ပေးလိုက်ရသည်။
နီယန်သည် ခြံဝင်းထဲသို့ ရောက်သောအခါမှ သူမ၏ ခြင်းတောင်းထဲတွင် ချစ်စရာကောင်းသော ယုန်ပေါက်စ ရှစ်ကောင် ပါလာသည်ကို သတိရသွားသည်။
ထို့ကြောင့် သူမသည် အိမ်ထဲမှ စက္ကူကတ်ထူဖာခွံ အကြီးတစ်လုံးကို ရှာဖွေပြီး ယုန်ကလေးများကို အထဲသို့ ထည့်ပေးလိုက်သည်။ ယုန်ကလေးများသည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေတတ်ကြသဖြင့် ကတ်ထူဖာခွံထဲသို့ ရောက်သည်နှင့် နေသားတကျ ဖြစ်သွားကာ ပျော်ရွှင်စွာဖြင့် ခုန်ပေါက်နေကြတော့သည်။
ညနေခင်းတစ်လျှောက်လုံး ယုန်ကလေးများ ဘာမှမစားရသေးကြောင်း တွေးမိသဖြင့် နီယန်သည် မီးဖိုချောင်ထဲမှ ဟင်းသီးဟင်းရွက် အနည်းငယ်ကို ယူ၍ ကတ်ထူဖာခွံထဲသို့ ထည့်ပေးလိုက်သည်။ စိမ်းစိုသော အရွက်များကို မြင်လိုက်ရသောအခါ ယုန်ကလေးများ၏ မျက်လုံးများမှာ အရောင်တောက်သွားကြပြီး ချက်ချင်းပင် ကိုက်ဝါးစားသောက်ကြလေသည်။
ယုန်ကလေးများကို နေရာချပြီးနောက် နီယန်သည် တောင်ပေါ်မှ တူးလာခဲ့သော ရှားစောင်းလက်ပတ်ပင်နှင့် ဆေးဖက်ဝင်အပင်များကို ယူကာ အိမ်ရှေ့မြေကွက်လပ်တွင် စိုက်ပျိုးလိုက်သည်။
မူလက ဤနေရာသည် နှစ်ပေါင်းများစွာ စိုက်ပျိုးခြင်းမပြုခဲ့သော မြေရိုင်းတစ်ခုဖြစ်သော်လည်း နီချွေ့ဟွာမှာ ဝီရိယရှိသူ တစ်ဦး ဖြစ်သည်။ မြေရိုင်းကို ရှင်းလင်းပြီးနောက် ဟင်းသီးဟင်းရွက်မျိုးစေ့များ ကြဲဖြန့်ထားရုံသာမက ကြက်နှင့်ဘဲများ မဝင်နိုင်စေရန် ခြံစည်းရိုးပါ ခတ်ထားခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်က နီချွေ့ဟွာ ကြိုးစား စိုက်ပျိုးခဲ့သော ဟင်းသီးဟင်းရွက် မျိုးစေ့များသည် အပင်ပေါက်ကလေးများ ထွက်ပေါ်စ ပြုနေပြီဖြစ်သည်။ မကြာမီအချိန်အတွင်း သူတို့ ကိုယ်တိုင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို စားသောက်နိုင်တော့မည် ဖြစ်သည်။
မိုးမရွာသည်မှာ ရက်အတော် ကြာနေပြီဖြစ်သဖြင့် ရှားစောင်းလက်ပတ်ပင်နှင့် ဆေးဖက်ဝင်အပင်များကို စိုက်ပျိုးပြီးနောက် နီယန်သည် ဟင်းရွက်ပင် ပေါက်ကလေးများကိုပါ ရေလောင်းပေး လိုက်သည်။ ဤအရာများ ပြီးစီး သွားသည့်အခါမှသာလျှင် နီယန်သည် နောက်ဆုံးတွင် ညစာပြင်ဆင်ရန် အချိန်ရတော့သည်။
ရှေ့ရက်တွင် ရှာဖွေထားသည့် မြစ်ခရုအချို့ ကျန်ရှိနေသေးသည်။ ယနေ့ညနေတွင်တော့ မြစ်ခရုအစပ်မွှေကြော် အား ချက်ပြုတ်မည် ဖြစ်သည်။ ထို့နောက် ဝက်လက်နှင့် ဂုံးအချိုရည်ဟင်းရည်နှင့် မုန်လာဥနီနှင့် အသားအား ရောကြော်ထားသည့် ဟင်းတခွက်နှင့် ကြက်သွန်မြိတ် ပန်ကိတ်ကြော်တို့အား ပြင်ဆင်လိုက်လေသည်။
မြစ်ခရုအစပ်မွှေကြော် မှလွဲ၍ ကျန်ဟင်းလျာ သုံးမျိုးစလုံးသည် အလှအပရေးရာအတွက် အကျိုးကျေးဇူးများစွာ ရှိလေသည်။ အချို့သောဟင်းလျာများသည် ရင်သားဖွံ့ဖြိုးမှုကို အထောက်အကူပြုကာ အချို့မှာ အသားအရေအတွက် ကောင်းမွန်စေကာ အရေးအကြောင်းများကို ပြေပျောက်စေပြီး အိုမင်းရင့်ရော်မှုကို တားဆီးပေးလေသည်။ အချို့မှာမူ ဆံကေသာအတွက် ကောင်းမွန်စေသည့် အာနိသင် ရှိသည်။
အရသာမှာလည်း အလွန်ထူးကဲလှသည်။ သူမသည် သာမန်ကုန်ကြမ်းများဖြင့်ပင် စားသောက်ဖွယ်ရာ ဟင်းပွဲကောင်းများအဖြစ် ဖန်တီးနိုင်ပြီး စားသုံးသူများအား ရပ်တန့်၍ မရနိုင်လောက်လအောင် ဆွဲဆောင်ထားနိုင်လေသည်။
ညစာ အဆင်သင့်ဖြစ်ချိန်တွင် ည ၇ နာရီ ကျော်နေပြီဖြစ်သည်။ ဤအချိန်တွင် နီချန်ကွေ့သည် အလုပ်ဆင်း၍ အိမ်သို့ ပြန်လည် ရောက်ရှိလာလေသည်။
"ယန်ယန်ရေ သမီးရဲ့ ဟင်းချက်လက်ရာက တော်တော် တိုးတက်လာတာပဲ အဝေးကြီးကတည်းက အနံ့ရနေပြီ လက်ဆေးပြီး စားကြတော့မလား"
အတူတူ နေထိုင်ခဲ့သည့် ယခု ရက်ပိုင်းအတွင်း နီချန်ကွေ့သည် နီယန်၏ လက်ရာအား အလွန်ပင် နှစ်သက်လွန်းနေပြီ ဖြစ်သည်။
ထို့အပြင် နီချန်ကွေ့သည် မကြာသေးမီ အချိန်အတွင်း သူမ၏ ကျန်းမာရေးအခြေအနေသည် သိသိသာသာဖြင့် ပြောင်းလဲလာသည်အား အံ့သြစွာ တွေ့ရှိခဲ့ရသည်။ ဥပမာအားဖြင့် သူမ၏ မျက်လုံးထောင့်ရှိ အရေးအကြောင်းများသည် သိသိသာသာ လျော့နည်းလာခဲ့ကာ မျက်နှာအသားအရေသည်လည်း ယခင်ကကဲ့သို့ မွဲခြောက်မနေတော့ပေ။
ဤပြောင်းလဲမှုအားလုံးသည် နီယန်မှ လချက်ပြုတ်ကျွေးမွေးသော အရသာရှိလှသည့် ဟင်းလျာများကြောင့်ဟု သူမ ခံစားမိလေသည်။ နီယန်က မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေရာမှ လှမ်း၍ ဖြေဆိုလိုက်သည်။
"ဒေါ်လေးနီ ပြန်ရောက်ပြီလား ညစာက အဆင်သင့်ဖြစ်နေပါပြီ အခုပဲ စားလို့ရပြီ"
"ဒါဆို ဒေါ်လေး လက်သွားဆေးလိုက်ဦးမယ်"
နီချန်ကွေ့သည် ခြေလှမ်းသွက်သွက်ဖြင့် လက်ဆေးရန် ထွက်သွားလေသည်။ နေ့စဉ် အလုပ်ဆင်းချိန်တွင် ညစာ ထမင်းစားရမည့် အချိန်သည် သူမအတွက် အမျှော်လင့်ဆုံးသော အချိန် တစ်ခု ဖြစ်လာခဲ့သည်။ ခဏကြာသောအခါ အပြင်ဘက်မှ နီချန်ကွေ့၏ အံ့သြတကြီး အသံ ထွက်ပေါ်လာခဲ့သည်။
"အမလေး ချစ်စရာကောင်းလိုက်တဲ့ ယုန်လေးတွေပါလား ယန်ယန် ဒီယုန်လေးတွေကို သမီး ဝယ်လာတာလား"
နီယန်က ရယ်မောရင်း ရှင်းပြလိုက်သည်။
"မဟုတ်ပါဘူး ဒီနေ့ နေ့လယ်က တောင်ပေါ်မှာ ဖမ်းမိလာတာပါ"
နီချန်ကွေ့မှာ အံ့သြမှင်သက်သွားပြီးနောက်
"တောင်ပေါ်မှာ ယုန်တောင် ဖမ်းနိုင်တယ်ပေါ့ ယန်ယန် သမီးက တကယ် ကံကောင်းတာပဲ"
"ဟုတ်တယ် သမီး တော်တော် ကံကောင်းတယ်လို့ ပြောရမယ် ဒေါ်လေးနီ အထဲဝင်ပြီး ထမင်းစားရအောင်"
"အေးအေး လာပြီ"
လူသုံးဦးသည် စားပွဲဝိုင်းတွင် ထိုင်ကာ စကားတပြောပြောဖြင့် ရယ်မောသံများ ဆူညံကာ သက်ဝင်လှုပ်ရှားလျှက် စားသောက်လိုက်ကြသည်။
နောက်တစ်နေ့ နံနက်တွင် နီယန်သည် ပုံမှန်အတိုင်း မိုးမလင်းမီ ထလိုက်သည်။ နံနက်စာ ပြင်ဆင်ပြီးနောက် ဈေးတွင် ဆိုင်ခင်းရန် အတွက် ထွက်ခွာလာခဲ့သည်။
ယနေ့တွင်လည်း ငါးဟင်းရည် နှစ်ပုံး ပြုလုပ်လာခဲ့ရာ ပန်းကန်လုံးရေ ၅၆၀ ကျော်အတွက် လုံလောက်ပေသည်။ ခေါက်ဆွဲများမှာ ယနေ့တွင်လည်း အလွန်ရောင်းကောင်းနေလျှက် ရှိကာ တန်းစီနေသော လူတန်းကြီးမှာလည်း တိုသွားသည် ဟူ၍ မရှိပေ။
နီယန်၏ စီးပွားရေး အောင်မြင်နေသည်ကို ကြည့်ရင်း ကျူးယုံဟုန်တစ်ယောက် ဒေါသဖြင့် အံကြိတ်မိကာ မနာလို ဖြစ်နေမိသည်။ လူတန်းကြီးကို ကြည့်ရင်း ကျူးယုံဟုန်သည် တစ်စုံတစ်ခု လုပ်ဆောင်ရန် အတွက် ဆုံးဖြတ်လိုက်သည်။ သူမသည် အသံကျယ်ကျယ်ဖြင့် အော်ဟစ် ကြေညာလိုက်လေသည်။
"အသားပေါက်စီ ဈေးချလိုက်ပြီနော် အသားပေါက်စီ ခြောက်လုံးမှ တစ်ပြား တစ်ပြားတည်းနော်"
ပုံမှန်အားဖြင့် သက်သတ်လွတ်ပေါက်စီ သုံးလုံးလျှင် တစ်ပြား သာရှိသော်လည်း ယခုအခါ အသားပေါက်စီ ခြောက်လုံးကိုမှ တစ်ပြား ဖြင့် ရောင်းချနေခြင်းဖြစ်ပေသည်။
အကယ်၍ သူမသည် ‘ယနေ့တွင် အမြတ်မရလျှင် နေပါစေ နီယန်အား အကျိုးအမြတ် မရစေရ’ဟု တွေးတောကာ ဆုံးဖြတ်ထားလေသည်။
တန်းစီနေသော ဖောက်သည်အချို့သည် ထိုကြေညာသံအား ကြားလိုက်ရချိန်တွင် တစ်ဘက်ဆိုင်သို့ ကူးပြောင်းရန် စိတ်ပါသွားကြသည်။
"ကျွန်တော့်ကို အသားပေါက်စီ ခြောက်လုံး ပေးပါ"
ကျူးယုံဟုန်သည် ပိုက်ဆံအား လှမ်းယူရင်း ပြုံးရွှင်စွာ ပြောလိုက်သည်။
"ရပါတယ်ရှင် ခဏစောင့်ပေးပါနော်"
နီယန်၏ ဖောက်သည်ထက်ဝက်ခန့်ကို လုယူနိုင်လိုက်သည်အား မြင်သော် ကျူးယုံဟုန်သည် ပို၍ပင် ဘဝင်မြင့်သွားကာ ကျေနပ်အားရစွာ ပြုံးလိုက်မိသည်။
အသားပေါက်စီ ခြောက်လုံးကို တစ်ပြားဖြင့် ရောင်းခြင်းသည် အမှန်တကယ်ပင် အမြတ်မရှိရုံမက အရှုံးပါ ပေါ်လေသည်။ သို့သော် ဤအရှုံးသည် ဒီနေ့မနက်ခင်းအတွက်သာ ဖြစ်သည်။ မနက်ဖြန်ကျလျှင် အသားများအား အစားထိုးကာ အခြားသော ပါဝင်ပစ္စည်းများ ပိုထည့်၍ သဘာဝကျကျ အမြတ်ပြန်ယူရန် သူမ စီစဉ်ထားခြင်း ဖြစ်သည်။
တစ်ဖက်တွင်မူ နီယန်သည် ကျူးယုံဟုန်ဘက်သို့ ဖောက်သည်များ ရောက်သွားသည်ကို ဂရုမစိုက်သည့်အလား ကျန်ရှိနေသော ဖောက်သည်များဖြင့်သာ အေးဆေးတည်ငြိမ်စွာပင် ခေါက်ဆွဲများ ဆက်လက် ရောင်းချနေလျှက် ရှိလေသည်။
စီးပွားရေးဆိုသည်မှာ ဤသို့ပင် ဖြစ်သည်။ ။ ပြိုင်ဆိုင်မှုသည် ဖိအားကို ဖြစ်စေပြီး ဖိအားသည် တွန်းအားကို ဖန်တီးပေး၏။
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အသံကျယ်ကျယ်ဖြင့် လှမ်းပြောလိုက်သည်
"ဟေ့ သူဌေးမလေး ဘေးနားက ပေါက်စီဆိုင်က ဈေးလျှော့လိုက်ပြီ မင်းလည်း ခေါက်ဆွဲဈေးကို လျှော့ပေးပါလား သုံးပြားဆိုရင် ဟိုဘက်မှာ အသားပေါက်စီ ၁၈ လုံးတောင် ဝယ်လို့ရနေပြီ"
နီယန်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
"တောင်းပန်ပါတယ် ရှင် ပေးရတဲ့ဈေးနဲ့တန်တဲ့ အရည်အသွေးကို ရမှာပါ ဒါက ကျွန်မက ရောင်းနိုင်သလောက် အသက်သာဆုံးဈေးနဲ့ ရောင်းပေးထားတာပါ အရှုံးခံပြီးတော့လည်း မရောင်းနိုင်ဘူးလေ ဟုတ်တယ်မလား"
အမှန်စင်စစ် အရသာရှိသော ငါးဟင်းရည်ပါဝင်သည့် ခေါက်ဆွဲတစ်ပန်းကန်အား သုံးပြားပေးရသည်မှာ မဈေးကြီးလှပေ။ လမ်းဘေးတွင် ရိုးရိုးခေါက်ဆွဲပြုတ် တစ်ပန်းကန်ပင်လျှင် နှစ်ပြားပေးရလေသည်။
သို့သော် ဈေးပေါသော ပေါက်စီများ ရှိနေသည့်အတွက် လူတို့သည် နှိုင်းယှဉ်တတ်ကြစမြဲပင် ဖြစ်သည်။ ထို့အပြင် လူ့သဘော သဘာဝသည် လောဘကြီးတတ်ကြသည်။ အကယ်၍ သူမသည် ယနေ့ ဈေးလျှော့ပေးလိုက်လျှင် ပုံမှန်အချိန်များတွင် သူမ အမြတ်မည်မျှ ယူထားသနည်းဟု သံသယဝင်လာကြလိမ့်မည် ဖြစ်ပေသည်။
နီယန်သည် ဈေးနှုန်းဖြင့် မယှဉ်ပြိုင်ဘဲ ကုန်ပစ္စည်း အရည်အသွေးဖြင့်သာ အမြဲ ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ ဈေးပေါရုံဖြင့် ရေရှည်စီးပွားရေး ဖြစ်မလာနိုင်ပေ။ အဓိကသော့ချက်မှာ အရသာ ကောင်းမွန်ခြင်းသာ ဖြစ်သည်။ သူမ၏ စကားကို ကြားသောအခါ ထိုအမျိုးသားသည် သက်ပြင်းချလျှက် ပြောဆိုလေသည်
"အိုး ကောင်းပြီလေ မင်းက ဈေးမလျှော့ပေးနိုင်ဘူး ဆိုတော့လည်း ငါ ဟိုဘက်မှာပဲ ပေါက်စီသွားစားတော့မယ်"
နီယန်က အသာအယာ ပြုံးပြလိုက်ပြီး ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ အဆင်ပြေသလိုသာ လုပ်ပါရှင်"
ဖောက်သည်များ သူမဘက်သို့ ကူးပြောင်းလာနေသည်ကို ကြည့်ရင်း ကျူးယုံဟုန်သည် နှုတ်ခမ်းမဲ့ကာ နီယန်အား လှမ်း၍ ကြည့်လိုက်သည်။
ဟုတ်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းသည် ရန်စခြင်းပင် ဖြစ်သည်။ ကျူးယုံဟုန်သည် အဘယ်ကြောင့် ပေါက်စီများအား အရှုံးခံ ရောင်းနေခြင်း ဖြစ်သည် ဆိုသည်ကို နီယန် သဘောပေါက်သွားပြီ ဖြစ်သည်။ သူမကို ဈေးကွက်ထဲမှ ဖယ်ထုတ်ချင်၍ ဖြစ်သည်။
ပြဿနာစရှာသူမှာ တစ်ဖက်မှ ဖြစ်သောကြောင့် နီယန်အနေဖြင့် လက်ပိုက်ကြည့်နေ၍ မဖြစ်တော့ပေ။ သူမသာ မည်သည့် တုန့်ပြန်မှုမှ ပေးခဲ့လျှင် ကျူးယုံဟုန်ဆိုသည့် မိန်းမသည် နီယန်ဆိုသည်မှာ ပေါက်စီလုံးလေးလိုမျိုး သူမသဘောရှိ ကိုင်တွယ်ခြယ်လှယ်နိုင်သည်ဟု ထင်မှတ်သွားပေလိမ့်မည် ဖြစ်သည်။
နီယန်သည် မျက်ခုံးပင့်ကာ နှုတ်ခမ်းတွင် အပြုံးရေးရေးဖြင့် ကျူးယုံဟုန်၏ အကြည့်အား ပြန်လည် တုန့်ပြန်ကာ စိုက်ကြည့်လိုက်လေသည်။
သူမ၏ အပြုံးမှာ သဲ့သဲ့မျှသာ ဖြစ်သော်လည်း ကျူးယုံဟုန်၏ နောက်ကျောသည် ချမ်းစိမ့်သွားသလို ခံစားလိုက်ရသည်။ သူမသည် အကြည့်အား ချက်ချင်း လွှဲဖယ်လိုက်သည်။ နီယန်က ဤမျှ ပေါ်ပေါ်ထင်ထင်ကြီး ပြန်လည်တုံ့ပြန်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
နီယန်သည် ကျူးယုံဟုန် ထင်ထားသည်ထက် များစွာ သာလွန်နေသည်။ နီယန်သည် ကိုင်တွယ်ရ လွယ်ကူသူမဟုတ်ကြောင်း သူမ ကြုံတွေ့ဖူးသော အခြားတောသူများနှင့် လုံးဝမတူကြောင်း ကျူးယုံဟုန် တစ်ယောက် ခံစားလိုက်ရတော့သည်။