← Chapters

ကျောင်းဆက်မတက်တော့ဘူးလား

Vol. 3 Ch. 40

ကျောင်းဆက်မတက်တော့ဘူးလား

Vol. 3 Ch. 40

ကျူးယုံဟုန်သည် သူမ၏ ဖောက်သည် အများအပြားကို လုယူသွားသော်လည်း နီယန်၏ စားပွဲဝိုင်းလေးငါးလုံးမှာ အမြဲတမ်း လူပြည့်နေလျှက် ရှိသည်။ အရည်အသွေး ကောင်းမွန်မှုက ဖောက်သည်ကို ထိန်းထားနိုင်သည် မဟုတ်ပါလော။

သို့သော် ကျူးယုံဟုန်၏ လုပ်ရပ်သည် နီယန် အပေါ်သို့ သက်ရောက်မှု အနည်းငယ် ရှိခဲ့သည်။ ယမန်နေ့ကဆိုလျှင် မနက် ၁၀ နာရီကျော်သည်နှင့် ခေါက်ဆွဲများ ကုန်သွားသော်လည်း ယနေ့တွင် ၁၁ နာရီကျော်သည်အထိ ရောင်းနေရဆဲဖြစ်သည်။ ကျူးယုံဟုန်ကမူ စောစောစီးစီး ဆိုင်သိမ်းသွားခဲ့ပြီ ဖြစ်သည်။

ထွက်ခွာသွားစဉ်တွင်လည်း သူမသည် နီယန်အား လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်သွားခဲ့သေးသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ နီယန်သည် သူမအား မမြင်သကဲ့သို့ လျစ်လျူရှုထားလိုက်ပြီး ခေါက်ဆွဲရောင်းခြင်းကိုသာ အာရုံစိုက်လိုက်သည်။

စီးပွားရေး လုပ်ငန်းသည် ပို၍ အရေးကြီးပေသည်။ မသက်ဆိုင်သူနှင့် ရန်ဖြစ်နေရန် သူမ၌ အချိန် များစွာ မရှိပေ။ ထို့အပြင် ကျူးယုံဟုန်သည် ယနေ့ မနက် ပေါက်စီအလုံးရေ တစ်ထောင်ခန့် ရောင်းရကြောင်း သူမ အကြမ်းဖျင်း တွက်ချက်ကြည့်မိခဲ့သည်။ ပေကျင်းမြို့၏ လက်ရှိ ဝက်သားဈေးနှူန်းသည် တစ် ကတ်တီ လျှင် နှစ်ယွမ်နှင့် ပြားရှစ်ဆယ် ရှိသည်။ အခြားပါဝင်ပစ္စည်းများနှင့် ပေါင်းစပ်လိုက်လျှင်ပင် အသား တစ် ကတ်တီ မှ အသားပေါက်စီ ၇၀ မှ ၈၀ ကြား ထွက်နိုင်သည်။

ဂျုံမှုန့်ဖိုးနှင့် လုပ်အားခကို ထည့်မတွက်လျှင်ပင် ပေါက်စီတစ်လုံး၏ ကုန်ကျစရိတ်မှာ ၄ ပြားခန့် ရှိသည်။ ပုံမှန်အခြေအနေများတွင် တစ်ပြားလျှင် အသားပေါက်စီ နှစ်လုံးသာ ဝယ်နိုင်သဖြင့် ပေါက်စီအလုံးတစ်ထောင် ရောင်းရလျှင် အမြတ်ရရန် ၃၅ ယွမ်ကျော် ရရှိရမည်ဖြစ်သည်။ သို့သော် ကျူးယုံဟုန် ကဲ့သို့ ရောင်းချသော တစ်ပြားလျှင် ခြောက်လုံးနှုန်းဖြင့် တွက်ပါက ပေါက်စီအလုံး တစ်ထောင်အတွက် ၁၅ ယွမ်ခန့်သာ ရရှိမည်ဖြစ်သည်။

ဆိုလိုသည်မှာ ကျူးယုံဟုန်သည် ယနေ့ မနက်တွင် ယွမ် ၂၀ ကျော် အရှုံးပေါ်ခဲ့ခြင်း ဖြစ်ပေရာ ကျူးယုံဟုန် ပြုံးနိုင်နေသေးသည့် အကြောင်းရင်းသည် သူမ တွက်ချက်မှု မပြုလုပ်ရသေးသဖြင့် မည်မျှရှုံးသွားသည်ကို သဘော မပေါက်သေးသောကြောင့် ဖြစ်နိုင်ပေသည်။ အိမ်ပြန်ရောက်လျှင် သူမ ပြုံးနိုင်တော့မည် မဟုတ်ပေ။

"နီယန်"

နီယန်သည် စားပွဲနှင့် ထိုင်ခုံများကို ရှင်းလင်းပြီးခါစတွင် သူမ၏ အပေါ်မှ သိမ်မွေ့သော အမျိုးသားတစ်ဦး၏ အသံအား ကြားလိုက်ရသည်။

"ဟင်"

နီယန်သည် တွေဝေစွာဖြင့် မော့ကြည့်လိုက်မိသည်။ စကားပြောသူမှာ တက်ကြွလန်းဆန်းလျှက် ရှိသော လူငယ်လေး လျူဝေပင် ဖြစ်သည်။

"ဘာကိစ္စများ ရှိလို့လဲ ရှင်"

နီယန် ယဉ်ကျေးစွာဖြင့် မေးလိုက်သည်။ နီယန်သည် အလင်းရောင်နှင့် ဆန့်ကျင်ဘက်တွင် ရပ်နေပြီး သူမ၏ နောက်တွင် လမ်းသွားလမ်းလာများနှင့် မြင့်မားသော သစ်ပင်ကြီးများ ရှိနေသည်။ တောက်ပသော နေရောင်ခြည်သည် သစ်ရွက်များကြားမှ ဖြာကျလာပြီး သူမ၏ ဖြူနုသော မျက်နှာလေးပေါ်သို့ အလင်းများ ဖြာကျလျှက် ရှိသည်။

လျူဝေသည် သူ့နှလုံးသားများ အပြင်သို့ ခုန်ထွက်တော့မတတ် ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။ သူသည် ဤမျှ ထူးဆန်းသော ခံစားမှုကို အတင်း ထိန်းချုပ်လိုက်ရင်း ပြောဆိုလိုက်သည်။

"နီယန် ကျွန်တော် ကြားတာတော့ မင်း ကျောင်းဆက် မတက်တော့ဘူးဆို"

"ဟုတ်ပါတယ်"

နီယန်က ခေါင်းညိတ်ရင်း

"အဲ့ဒါ အမှန်ပဲ"

သူမက တည်ငြိမ်စွာ ဝန်ခံလိုက်သဖြင့် လျူဝေ အံ့သြသွားသည်။ ထို့နောက် သူ ဆက်လက်၍ မေးလိုက်သည်။

"နောင်အနာဂတ်အတွက် ဘာလုပ်ဖို့ စိတ်ကူးထားလဲ တစ်သက်လုံး ဈေးသည် လုပ်သွားလို့တော့ မဖြစ်နိုင်ဘူးလေ အပြောင်းအလဲ လုပ်ဖို့ မစဉ်းစားထားဘူးလား"

ဈေးသည်လုပ်ခြင်းသည် အလားအလာ အနည်းဆုံးသော အသက်မွေးဝမ်းကျောင်း တစ်ခုဖြစ်သည်။ ထိုခေတ်အခါက "အကယ်၍ မိန်းကလေးတစ်ယောက် ဘဝအကြောင်းသိချင်ရင် ဈေးဆစ်တတ်ချင်ရင် ဈေးသည်နဲ့ ပေးစားလိုက်" ဟူသော ဆိုရိုးစကားပင် ရှိခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဈေးသည်ဘဝသည် မည်မျှ နိမ့်ပါးသည်ဟု သတ်မှတ်ခံ ထားရကြောင်း သိသာနိုင်ပေသည်။

နီယန်က ခေါင်းခါရင်း ပြန်ပြောဆိုလိုက်သည်။

"လောလောဆယ်တော့ မစဉ်းစားရသေးဘူး ဈေးသည်လုပ်ရတာ အဆင်ပြေပါတယ် သမာအာဇီဝကျတဲ့ အလုပ်ပဲလေ"

"ကျွန်တော် ဆိုလိုတာက အဲလို မဟုတ်ဘူး"

လျူဝေ ဆက်ပြောလိုက်သည်။

"မင်းက မိန်းကလေး တစ်ယောက် ဖြစ်နေတော့ စာများများဖတ်ရင် ပိုကောင်းမယ်လို့ ထင်တယ် အခက်အခဲ တစ်စုံတစ်ရာ ရှိရင်လည်း ကျွန်တော့်ကို ပြောပြလို့ရပါတယ် ကျွန်တော် ကူညီပေးနိုင်ကောင်း ပေးနိုင်မှာပါ ဈေးသည်လုပ်တာက ရေရှည်ခံတဲ့ အလုပ်မဟုတ်ဘူးလေ မင်းရဲ့ အနာဂတ်လမ်းခရီးက အများကြီး ကျန်သေးတယ် မလား"

အမြဲတမ်း အပြင်ထွက် အလုပ်လုပ်ပြီး စာမတတ်သည့် မိန်းကလေးများသည် ကောင်းမွန်သော ခင်ပွန်းကောင်း ရှာတွေ့နိုင်ရန် ခက်ခဲပေလိမ့်မည်။ နီယန်က ရုပ်ရည်ချောမောသည် ဆိုသော်ငြားလည်း မည်သည့် တက္ကသိုလ်ကျောင်းသားကမှ စာမတတ်သူအား လက်ထပ်ချင်လိမ့်မည် မဟုတ်ဟု သူ ထင်ပေသည်။

သူသည် သူမ ကောင်းဖို့အတွက်သာ ပြောဆိုနေခြင်း ဖြစ်သည်။ အကယ်၍ ယနေ့ခေတ် ဈေးသည်များသည် နောင်အနာဂတ်တွင် ပထမဆုံးသော သူဌေးများ ဖြစ်လာကြလိမ့်မည်ကိုသာ လျူဝေ သိခဲ့မည်ဆိုလျှင် ယနေ့ သူပြောခဲ့သော စကားများအတွက် သေချာပေါက် နောင်တရမိပေလိမ့်မည်။ ယနေ့ခေတ်တွင် လူများက ဈေးသည်များကို မည်မျှပင် အထင်သေးပါစေ နောင်မျိုးဆက်များသည် ထိုပထမဆုံးသော ဈေးသည်မျိုးဆက်များကို အားကျကြရလိမ့်မည် ဖြစ်သည်။

နီယန်က ပြုံးရင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

"အကြံဉာဏ်ပေးတဲ့အတွက် ကျေးဇူးပါပဲ ကျွန်မ သေချာ စဉ်းစားကြည့်လိုက်ပါ့မယ်"

လျူဝေ မည်မျှပင် ပြောဆိုနေပါစေ သူမသည် ပညာရေးကို စွန့်လွှတ်မည် မဟုတ်ပေ။ အချိန်အခါ မသင့်သေးခြင်းသာ ဖြစ်သည်။ သူမသည် ပေကျင်းမြို့တွင် ခြေကုပ်မရရှိသေးပေ။

ယခင်ဘဝတွင် သူမသည် ၂၁၁ တက္ကသိုလ်မှ ထိပ်တန်းကျောင်းသူတစ်ဦး ဖြစ်ခဲ့ဖူးလေရာ ယခု ဘဝတွင်လည်း ထိုမျှလောက်တော့ မညံ့ဖျင်းနိုင်ပေ။။ လျူဝေသည် ခေါင်းကို ကုတ်ရင်း ရယ်မောကာ ပြောလိုက်သည်။

"ရပါတယ် ပြဿနာ တစ်ခုခုရှိရင် ကျွန်တော့်ကို ပြောနော်"

နီယန်က ယဉ်ကျေးစွာ ပြုံးပြရင်း

"ကျေးဇူးပါ ကျွန်မ ပြောပါ့မယ်"

**

ပေကျင်းမြို့ရှိ ခြံဝင်းပါသော နေအိမ်တစ်အိမ်တွင်...

ကျူးယုံဟုန်သည် စက်ဘီးအိုလေးကို တွန်းကာ ဝင်လာပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြုံးနေသည်။

"ဟုန်ဟုန် ပြန်လာပြီလား ဒီနေ့ ဈေးရောင်းကောင်းခဲ့ရဲ့လား"

ဆန်းချွန်းရှန်က ချက်ချင်း ဆီးကြိုကာ နှုတ်ဆက်လိုက်သည်။ သူမသည် ယနေ့ နေထိုင်မကောင်းသဖြင့် သမီးဖြစ်သူ နှင့်အတူ ဈေးရောင်း လိုက်မသွားနိုင်ခဲ့ပေ။ ကျူးယုံဟုန်သည် စက်ဘီးကို ထောက်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်

"အမေ ဒီနေ့ ပေါက်စီတွေ အကုန်လုံး ရောင်းထွက်သွားတယ်"

ထိုစကားကို ကြားသောအခါ ဆန်းချွန်းရှန် အံ့သြသွားပြီးနောက်တွင်

"ဟုန်ဟုန် နင် ငါ့ကို နောက်နေတာလား"

ထို့နောက် သူမ ဆက်လက်၍ မေးလိုက်သည်။

"ဒီမနက် ဟိုခေါက်ဆွဲရောင်းတဲ့မိန်းမ မလာဘူးလား"

"အမေကလည်း ဘာတွေ လာပြောနေတာလဲ"

ကျူးယုံဟုန်သည် ဆန်းချွန်းရှန်၏ လက်မောင်းကို ဖက်လိုက်ပြီး ဆက်ပြောလိုက်သည်။

"အမေမြင်တာ သမီးက အဲဒီတောသူမ လောက်တောင် အသုံးမကျဘူး ထင်နေတာလား"

ဆန်းချွန်းရှန်သည် ကျူးယုံဟုန်၏ လက်အား ပုတ်လိုက်ပြီးနောက်

"ငါက အဲဒီလို ပြောတာ မဟုတ်ပါဘူး တကယ်ပဲ ပေါက်စီ အလုံးတစ်ထောင်ကျော်ကို အားလုံး ရောင်းလိုက်ရတာလား"

"တကယ်ပေါ့ သမီးက ဘယ်သူ့သမီးလဲ ဆိုတာလည်း ကြည့်ဦးလေ"

ကျူးယုံဟုန် ရင်ကို ကော့လိုက်ကာ ဆိုလိုက်သည်။ ထိုစကားအား ကြားရသောအခါ ဆန်းချွန်းရှန်၏ အပြုံးသည် ပို၍ ပီပြင်ကာ ကြင်နာလာပြီး

"ဟုတ်ပါပြီ ငါ့သမီးလေးက တော်လိုက်တာ လွန်ပါရော"

ကျူးယုံဟုန်သည် ဆန်းချွန်းရှန်၏ လက်မောင်းကို မှီတွယ်ထားရင်း ဆက်ပြောသည်

"အမေရေ သိလား ဒီမနက် သမီးက သူ့ဖောက်သည်တွေကို အကုန်လုယူလိုက်တော့ နီယန်ရဲ့ မျက်နှာပျက်သွားတာ အမေ မမြင်လိုက်ရဘူး အမေ့ကို မြင်စေချင်လိုက်တာ ဟားဟား သမီးဖြင့် ရယ်လိုက်ရတာ"

နီယန်၏ ဖောက်သည် အများစုအား လုယူနိုင်ခဲ့သည်ဟု တွေးလိုက်ရုံဖြင့်ပင် သူမ ကျေနပ်နေပြီ ဖြစ်သည်။ ဆန်းချွန်းရှန်လည်း မနေနိုင်ဘဲ လိုက်ရယ်မိလေသည်။ ထို့နောက် ကျူးယုံဟုန်ဘက်သို့ လက်ဖြန့်လိုက်ပြီး ပြောလိုက်သည်။

"ကဲ ကောင်းပြီ ပိုက်ဆံတွေ ဘယ်မှာလဲ ငါ့ကို ပေး ရေကြည့်ရအောင်"

ပေါက်စီ အရောင်းအဝယ် မကောင်းခဲ့သည်မှာ ကြာပြီဖြစ်သည်။ ကျူးယုံဟုန်သည် အကြွေစေ့ လက်တစ်ဆုပ်စာအား ထုတ်ပေးလိုက်ပြီးနောက် ပြောလိုက်သည်။

"အင့် ဒီမှာ"

ဆန်းချွန်းရှန်သည် ပိုက်ဆံများကို ယူကာ ပျော်ရွှင်စွာ ရေတွက်နေသော်လည်း တဖြည်းဖြည်းနှင့် သူမ၏ အပြုံးများ ပျောက်ကွယ်သွားလေတော့သည်။

သူမ ရေတွက်တာ မှားနေသည်လား။

ဆန်းချွန်းရှန်သည် ထပ်ခါတလဲလဲ ရေတွက်ကြည့်သော်လည်း မည်သို့ပင် ရေတွက်နေပါစေ ၁၅ ယွမ်နှင့် ပြား ၇၀ သာ ရှိသည်။ ပေါက်စီအလုံးရေ တစ်ထောင်ကျော်ဆိုလျှင် အနည်းဆုံး ၃၇ ယွမ် ၃၈ ယွမ်လောက် ရရမည်ဖြစ်ရာ အဘယ်ကြောင့် ဤမျှ အများကြီး လျော့နည်းနေရသနည်း။

"ဟုန်ဟုန် ပိုက်ဆံတွေ ကျန်နေသေးလား"

ဆန်းချွန်းရှန်၏ မျက်နှာမှာ မကောင်းလှတော့ပေ။ သူမ၏ သမီးသည် ပေါက်စီဖိုး ငွေများကို ခိုးယူထားလေသလား ဟု တွေးလိုက်မိသည်။

"ဒါ အကုန်ပဲလေ"

ကျူးယုံဟုန်က မျက်မှောင်အနည်းငယ် ကြုတ်လျက်

"အမေ့ကို အကုန်ပေးလိုက်တာပဲဟာ"

ဆန်းချွန်းရှန်၏ မျက်နှာမှာ ရုတ်ချည်း မည်းမှောင်သွားပြီး အော်ဟစ် ပြောဆိုလိုက်သည်။

"ပေါက်စီ အလုံးတစ်ထောင်ကျော်ကိုမှ ၁၅ ယွမ် ၇၀ ပြားပဲ ရှိတယ် ကျန်တဲ့ ယွမ် ၂၀ ကျော် ဘယ်ရောက်သွားလဲ နင် စားပစ်လိုက်တာလား"

သူမ၏ တက္ကသိုလ်တက်နေသော သားဖြစ်သူမှာ တစ်လလျှင် နေထိုင်စရိတ် ယွမ် ၅၀ ခန့် လိုအပ်ပေသည်။ လစဉ် ရှာဖွေရသမျှ ပိုက်ဆံအားလုံးကို သားဖြစ်သူထံ ပို့ပေးရသည်။ ဒီလအတွက် သားဖြစ်သူ အတွက် ပေးရမည့်ငွေအား မပြည့်သေးသည်ကို တွေ့ရသောအခါ ဆန်းချွန်းရှန် စိုးရိမ်ပူပန်လာတော့သည်။

"စိတ်မပူပါနဲ့ သမီး ရှင်းပြပါမယ်"

ကျူးယုံဟုန်က ဒီနေ့မနက် ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ဆန်းချွန်းရှန်အား ပြောပြလိုက်သည်။ နားထောင်ပြီးသည်နှင့် ဆန်းချွန်းရှန်သည် ချက်ချင်းပင် ဒေါသအိုး ပေါက်ကွဲသွားတော့သည်။ သူမလက်ထဲရှိ အကြွေစေ့များကို ကျူးယုံဟုန်၏ မျက်နှာသို့ ပစ်ပေါက်လိုက်ပြီး အော်ဟစ် ဆဲဆိုလိုက်သည်။

"နင်က တကယ့် အသုံးမကျတဲ့ကောင်မပဲ လူလိမ်မ ငါ တစ်ညလုံး မအိပ်ဘဲ လုပ်ထားရတဲ့ ပေါက်စီတွေကို နင် ဖျက်ဆီးပစ်တာပဲ ငါ့ပိုက်ဆံတွေ အခုချက်ချင်း ပြန်သွားယူချေ ပြန်မရရင် အိမ်ပြန်မလာနဲ့တော့"

ဤသည်မှာ ပိုက်ဆံ ယွမ် ၂၀ ကျော် ဖြစ်သည်။ သူမ သားအတွက် လဝက်စာ နေထိုင်စရိတ်ပင် ဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်မှ သူမ၏ ပင်ပန်းမှုများသည် အလကား ဖြစ်သွားရချေပြီ ဖြစ်သည်။ ကျောင်းကောင်းကောင်း မနေခဲ့ဖူးသော ဆန်းချွန်းရှန်သည် စိုးရိမ်စိတ်နှင့် ဒေါသစိတ်များ ပြည့်နှက်နေချိန်တွင် ဆဲဆိုကြိမ်းမောင်းရန် အတွက် ဝန်မလေးတော့ချေ။

"အမေ အမေက သမီးကို ဘယ်လိုများ ဒီလို ပြောရက်ရတာလဲ"

ကျူးယုံဟုန်က ရှိုက်ကြီးတငင် ငိုကြွေးလျှက် ပြောလိုက်သည်။

"သမီးက ကိုယ့်စီးပွားရေးအတွက် လုပ်ခဲ့တာလေ ဒီမနက် ပေါက်စီလာဝယ်တဲ့သူ ဘယ်လောက်များလဲဆိုတာ အမေ နားမှ မလည်တာ"

All Chapters