← Chapters

ထူးချွန်မှုဆိုတာ အကြောင်းမဲ့ မဖြစ်လာဘူး

Vol. 3 Ch. 41

ထူးချွန်မှုဆိုတာ အကြောင်းမဲ့ မဖြစ်လာဘူး

Vol. 3 Ch. 41

ဆန်းချွန်းရှန်သည် ကျူးယုံဟုန်အား ဒေါသတကြီး ကြည့်လိုက်သည်။ သူမသည် ဘေးနားတွင် ရှိနေသော တုတ်ချောင်းအား ကောက်ယူလိုက် ပြီးနောက် ကျူးယုံဟုန်အား ရိုက်နှက်ရန် ပြင်လိုက်လေသည်။

"နင်က ငါ့တို့မိသားစုရဲ့ သိက္ခာကို ချနေတာပဲ ငါ့ကိုများ ပြန်ပြောရဲသေးတယ်ပေါ့ ဒီနေ့ နင့်ကို သေအောင် ရိုက်ပစ်မယ် ခြောက်လုံးမှ တစ်ပြားတဲ့လား ဒါဆို အလကားပဲ ပေးလိုက်ပါတော့လား ငါရှာထားတဲ့ ပိုက်ဆံတွေကို တန်ဖိုးမထားတတ်ဘူးလား နင့်အစ်ကိုမှာ ဒီလအတွက် စရိတ်မရှိသေးတာကို နင်သိလား နင်က တကယ့်ကို အသုံးမကျတဲ့ကောင်မ နင့်ကို သေအောင်ရိုက် သတ်ပစ်မယ်"

ဤခေတ်ကာလတွင် တက္ကသိုလ်ကျောင်းသားများကို အလွန်တန်ဖိုးထားကြသည့် ခေတ် တစ်ခု ဖြစ်လေရာ မိသားစုတစ်ခုတွင် တက္ကသိုလ်ကျောင်းသား တစ်ယောက်ရှိလျှင် တော်ဝင်မျိုးနွယ်ဝင် တစ်ပါး ရှိနေသကဲ့သို့ ဆက်ဆံလေ့ရှိကြသည်။

သမီးမိန်းကလေးများအတွက်မူကား...

သမီးမိန်းကလေးများသည် အချိန်တန်လျှင် သူများအိမ်သို့ (လက်ထပ်) ပါသွားမည့်သူများ ဖြစ်ကြသည့် အတွက် ဝန်ထုတ်ဝန်ပိုး အဖြစ်သာ ရှုမြင်ကြလေသည်။

ထို့ကြောင့် ကျူးယုံဟုန်သည် ကျောင်းမှ စောစီးစွာ ထွက်ခဲ့ရပြီး အစ်ကိုဖြစ်သူ၏ နေထိုင်စားရိတ် ရရှိစေနိုင်ရန် အတွက် မိခင်ဖြစ်သူနှင့်အတူ ဈေးရောင်းထွက်ခဲ့ရခြင်း ဖြစ်ပေသည်။

"အမေ မရိုက်ပါနဲ့တော့"

ကျူးယုံဟုန်သည် ကျလာသည့် တုတ်ချောင်းအား လှမ်းဖမ်းရင်းဖြင့် ပြောလိုက်သည်။

"မနက်ဖြန်ကျရင် ဒီနေ့ရှုံးသွားတဲ့ ပိုက်ဆံတွေကို ပြန်ရှာပေးပါမယ် အစ်ကို့ရဲ့ နေထိုင်စားရိတ်ကို မထိခိုက်စေရပါဘူးလို့ ကတိပေးတယ်"

ကျူးယုံဟုန်၏ စိတ်သည်လည်း ရိုက်သွင်းခံထားရပြီးဖြစ်လေရာ ဆန်းချွန်းရှန်ကဲ့သို့ပင် တက္ကသိုလ်ကျောင်းသား အစ်ကိုဖြစ်သူအား ဘိုးဘေးဘီဘင်များကဲ့သို့ ဆက်ဆံကာ ထိုသို့ ဆက်ဆံမှုများသည် တရားမျှတမှု မရှိဟု လုံးဝမခံစားရပေ။

"ပြောလိုက်ရင်တော့ လွယ်တာပေါ့ နင် ဘယ်လိုလုပ် ပြန်ရှာမှာလဲ"

ဆန်းချွန်းရှန်က ဒေါသထွက်နေသော မျက်နှာဖြင့် မေးလိုက်သည်။ ကျူးယုံဟုန်သည် သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီးနောက် ပြောလိုက်သည်။

"အမေ သမီးပြောတာ နားထောင်ကြည့်ပါဦး"

ကျူးယုံဟုန်သည် မိခင်ဖြစ်သူ၏ ပခုံးကို မှီလိုက်ပြီးနောက် သူမ၏ နောက်ထပ် အစီအစဉ်များအား တိုးတိုးလေး ပြောပြလိုက်သည်။ ကျူးယုံဟုန်၏ စကားကို ကြားပြီးနောက် ဆန်းချွန်းရှန်သည် မျက်မှောင်ကြုတ်လျက် မေးသည်။

"အဲဒီလို လုပ်လို့ ဖြစ်နိုင်ပါ့မလား"

ဆန်းချွန်းရှန်သည် ငွေမက်သူတစ်ဦး ဖြစ်သော်လည်း သတ္တိနည်းသူ တစ်ဦး ဖြစ်သဖြင့် ဤကဲ့သို့ သူမ၏ သမီး ပြောပြသည့် အစီအစဉ်အား ပြုလုပ်ရန် တွန့်ဆုတ်နေမိသည်။ ကျူးယုံဟုန် ရယ်မောလျှက် ပြောလိုက်သည်။

"ဘာလို့ မဖြစ်ရမှာလဲ ဘယ်သူ့ကိုမှ ထိခိုက်ဒဏ်ရာ မရစေသရွေ့ တော့ သေချာပေါက် အောင်မြင်မှာပါ"

"နင်ပြောတာ ဟုတ်တယ်"

ဆန်းချွန်းရှန်က ခေါင်းညိတ်လိုက်ရာ မျက်နှာပေါ်ရှိ ဒေါသများ တဖြည်းဖြည်း ပြေပျောက်သွား ပြီးနောက်

"ဒါဆို နင်ပြောတဲ့အတိုင်း လုပ်ကြတာပေါ့"

"ကောင်းပါပြီ အမေ"

ကျူးယုံဟုန်၏ မျက်လုံးများတွင် ကျေနပ်အားရမှုများဖြင့် တောက်ပသွားခဲ့သည်။

‘စောင့်ကြည့်နေလိုက်စမ်းပါ မနက်ဖြန်ကျရင် ဘယ်သူကမှ အဲ့ကောင်မရဲ့ ခေါက်ဆွဲကို စားချင်တော့မှာ မဟုတ်ဘူး အဲ့ကောင်မကို ခြောက်ကပ်ခြင်းဆိုတာ ဘယ်လိုမျိုးလဲ ခံစားသွားရစေမယ်’

**

နီမိသားစုအိမ်...

နေ့လယ်စာ စားပြီးနောက် နီယန်သည် လွန်ခဲ့သော ရက်အနည်းငယ်က ချထားခဲ့သော ဂဏန်းထောင်ချောက်အား စစ်ဆေးရန် အတွက် မြစ်ဘက်သို့ ထွက်လာခဲ့ပြီးကာ လမ်းတစ်လျှောက်တွင် ခရုများစွာကိုလည်း ကောက်ယူလာခဲ့သည်။

သူမ ထွက်သွားပြီးနောက် မကြာမီတွင် ကျိုးချင်းရှန်သည် ဟင်းသီးဟင်းရွက် ခြင်းတောင်း တစ်တောင်းကို ကိုင်ဆောင်လျက် နီမိသားစု၏ ခြံဝင်းတံခါးဝသို့ ရောက်ရှိလာခဲ့သည်။

ကျိုးချင်းရှန်သည် နီယန်အား ကျေးဇူးတင်ရန် အတွက် ရောက်လာခြင်း ဖြစ်သည်။ နီယန်၏ အကြံပေးချက်အတိုင်း နီယန်ပေးသော ဆေးမြစ်အား ပြုတ်သောက် ပြီးနောက် သူမ၏ အအေးမိရောဂါသည် တစ်ညတည်းနှင့် အရှင်း ပျောက်ကင်းသွားခဲ့သည်။

ထိုဆေးမြစ်များကို အိမ်သို့ စတင်ယူဆောင်လာစဉ် အချိန်တွင် ထိုအမြစ်များဖြင့် အအေးမိရောဂါ ပျောက်ကင်းနိုင်မည် မဟုတ်ကြောင်း လူအများမှ လှောင်ပြောင်ခဲ့ကြသေးသည်။ သူမကိုယ်တိုင်လည်း ဆေးပြုတ်ရည်ကို စမ်းသပ်၍ သောက်သုံးကြည့်ခြင်းသာ ဖြစ်ပေသည်။ ဤမျှ ထိရောက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

နောက်တစ်နေ့ မနက်တွင် သူမ၏ ခေါင်းကိုက်ဝေဒနာ ပျောက်ကင်းသွားပြီးနောက် ချောင်းဆိုးခြင်းလည်း ရပ်တန့်သွားကာ အဖျားလည်း ကျသွားခဲ့သည်။ ထိုဆေးမြစ်သည် မသေဆေးထက်ပင် ပို၍ အစွမ်းထက်နေသေး၏။

"ယန်ယန် အိမ်မှာ ရှိလား"

"ရှိပါတယ် ဘယ်သူများလဲ"

နီချွေ့ဟွာသည် အိမ်ထဲမှ ရှုပ်ထွေးသော အမူအရာဖြင့် ထွက်လာပြီး ကျိုးချင်းရှန်အား ကြည့်ကာ မေးလိုက်သည်။

"ဘယ်သူလဲ မသိဖူး"

ကျိုးချင်းရှန်က ပြုံးလျက် ပြောလိုက်သည်။

"ရှင်က ယန်ယန်ရဲ့ အမေ ဖြစ်ရမယ် ကျွန်မက ဒီနား ပတ်ဝန်းကျင်မှာပဲ နေတာပါ မိသားစုနာမည်က ကျိုးပါ"

ဤရက်ပိုင်းအတွင်း နီယန်၏ အစားအသောက်ဖြင့် ပြုစုစောင့်ရှောက်မှုကြောင့် နီချွေ့ဟွာ၏ စိတ်များသည် သိသိသာသာ တက်ကြွလန်းဆန်းလာခဲ့သည်။ ထို့အပြင် သူမ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများ လျော့ပါးသွားခဲ့ပြီး အသားအရေသည်လည်း များစွာ တိုးတက်လာသည်။ သူမ၏ မျက်ဝန်းထဲတွင် နီယန်၏ ပုံရိပ်အား မြင်တွေ့နိုင်ပေသည်။

နီယန်၏ အလှအပသည် နီချွေ့ဟွာ၏ ကောင်းမွန်သော မျိုးရိုးဗီဇကြောင့် ဖြစ်ကြောင်း သိသာထင်ရှားလှသည်။ နီချွေ့ဟွာက ခေါင်းညိတ်ရင်း ဖြေလိုက်သည်။

"ဟုတ်ပါတယ် ကျွန်မက ယန်ယန်ရဲ့ အမေပါ ယန်ယန်ကို လာရှာတာလား အိမ်ထဲဝင်ပြီး ထိုင်ပါဦး သူ အခုလေးတင် အပြင် ခဏထွက်သွားတာ"

"သြော် ဟုတ်လား ကျွန်မက ယန်ယန်ကို ကျေးဇူးတင်စကား လာပြောတာပါ"

ကျိုးချင်းရှန်သည် နီချွေ့ဟွာ၏ နောက်မှလိုက်သွားလိုက်ကာ လမ်းလျှောက်ရင်း အိမ်ထဲသို့ ဝင်လာပြီးနောက် သူမ၏ အအေးမိရောဂါ ပျောက်ကင်းသွားပုံကို ပြန်ပြောင်း ပြောပြလိုက်သည်။ နီယန်ပေးသော တိုင်းရင်းဆေး၏ အစွမ်းထက်ပုံကိုလည်း ချီးကျူး ပြောဆိုလိုက်သည်။ နီယန်အား မိုးထိအောင် မြှောက်ပင့် ပြောဆိုပေးချင်နေသည့်ပုံ ပေါက်နေခဲ့ပေသည်။

မိမိသမီးအား ချီးကျူးပြောဆိုနေသည်ကို ကြားရသည့်အချိန်တွင် မိခင်ဖြစ်သူသည် သဘာဝကျကျပင် ဝမ်းမြောက်မိပေသည်။ နီချွေ့ဟွာ ရယ်မောရင်းဖြင့် ပြောလိုက်သည်။

"ခဏလောက် ထိုင်ပါဦးရှင် ကျွန်မ ရေတစ်ခွက်လောက် သွားခပ်ပေးပါမယ်"

ကျိုးချင်းရှန်သည် နီချွေ့ဟွာ၏ လက်ကို ဆွဲထားပြီးနောက် ပြောလိုက်သည်။

"မလိုပါဘူး ယန်ယန်အမေရယ် အလုပ်ရှုပ်မခံပါနဲ့"

ဟု ပြောရင်း ဟင်းသီးဟင်းရွက် ခြင်းတောင်းအား စားပွဲပေါ် တင်လိုက်သည်။

"ယန်ယန်က ကျွန်မကို အများကြီး ကူညီပေးခဲ့ပေမယ့် ကျွန်မမှာ ကျေးဇူးတုံ့ပြန်စရာ ဘာမှမရှိဘူး ဒီဟင်းသီးဟင်းရွက်တွေက ကျွန်မဘာသာ စိုက်ထားတာပါ ယူထားလိုက်ပါ ကုန်သွားရင်လည်း ကျွန်မတို့အိမ်က စိုက်ခင်းထဲမှာ လာယူလို့ ရပါတယ် အိမ်မှာ အများကြီး ရှိပါသေးတယ်"

နီယန်နှင့် သူမ၏ မိခင် ဖြစ်သူတို့သည် အိမ်ပြောင်းလာခါစ ဖြစ်သဖြင့် ဟင်းသီးဟင်းရွက်များ ရှိမည်မဟုတ်ဟု ကျိုးချင်းရှန် ယူဆထားသည့်အတွက် သူတို့ သားအမိအတွက် သူမသည် လတ်ဆတ်သော ဟင်းသီးဟင်းရွက် အချို့အား ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ အမှန်တကယ် လိုအပ်နေသော အကူအညီပင် ဖြစ်သည်။ ခြင်းတောင်းထဲတွင် ပဲတောင့်ရှည် ခရမ်းချဉ်သီး မုန်ညင်းဖြူ နံနံပင် ကြက်ဟင်းခါးသီး တရုတ်နံနံ ကြက်သွန်မြိတ် စသည်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။

"အစ်မရယ် အားနာစရာကြီး ဘာလို့ ယူလာတာလဲ တကယ်တော့ ယန်ယန်က ဘာမှ ပင်ပန်းတာ လုပ်ပေးလိုက်တာလည်း မဟုတ်ပါဘူး ဒီဟင်းသီးဟင်းရွက်တွေကို လက်မခံနိုင်ပါဘူးရှင်"

နီချွေ့ဟွာသည် ရိုးသားဖြောင့်မတ်သူ တစ်ဦးဖြစ်သည့်အပြင် သူတို့ဘက်မှ ဤမျှလောက် အကျိုးကျေးဇူး ခံစားရလောက်အောင် အထိ မလုပ်ပေးခဲ့ဟု ခံစားနေရသည်။

"ကျွန်မက ယူလာပြီးမှတော့ ပြန်ယူသွားစရာ အကြောင်းမရှိတော့ဘူးလေ ဒါမှမဟုတ် ယန်ယန်အမေက ကျွန်မရဲ့ ဟင်းရွက်တွေက တန်ဖိုးမရှိလို့ ငြင်းနေတာလား"

ဟု ကျိုးချင်းရှန်က စိတ်ဆိုးဟန်ဆောင်ကာ ပြောလိုက်တော့သည်။ ထိုအခါ နီချွေ့ဟွာသည် ချက်ချင်းဆိုသလို အလျှင်အမြန် ရှင်းပြလိုက်သည်။

"အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူးရှင်"

ကျိုးချင်းရှန် ချက်ချင်းပင် ဖြတ်ပြောလိုက်သည်။

"အဲဒီလို ဆိုလိုတာ မဟုတ်ရင် လက်ခံလိုက်ပါ သိပ်လည်း တန်ဖိုးရှိတဲ့အရာတွေ မဟုတ်ပါဘူး"

ရွေးချယ်စရာ မရှိတော့သဖြင့် နီချွေ့ဟွာ လက်ခံလိုက်ရတော့သည်

"အဲ့ဒါဆိုလည်း အစ်မ ခဏစောင့်ပါဦး ကျွန်မ ခြင်းတောင်းကို သွားလှယ်လိုက်ပါအုန်းမယ်"

ထို့နောက် နီချွေ့ဟွာသည် ဟင်းသီးဟင်းရွက်ခြင်းတောင်းအား မီးဖိုချောင်ထဲသို့ ယူဆောင်သွားလေသည်။ ကျိုးချင်းရှန်သည် ဧည့်ခန်းထဲတွင် ရပ်လျက် ဟိုဟိုဒီဒီ ကြည့်ရှုနေခဲ့သည်။

နီချွေ့ဟွာသည် အိမ်ကို မည်သို့ စီမံခန့်ခွဲရမည်ကို သိကြောင်း ထင်ရှားလှသည်။ အရာအားလုံး သပ်ရပ်သန့်ရှင်းနေပြီး စားပွဲများပေါ်တွင် ဖုန်မှုန့်တစ်စက်မျှပင် မရှိပေ။ ပရိဘောဂများကိုလည်း စနစ်တကျ စီစဉ်ထားသေးသည်။

ခဏကြာသောအခါ နီချွေ့ဟွာသည် မီးဖိုချောင်ထဲမှ ခြင်းတောင်းကို ကိုင်လျက် ပြန်ထွက်လာလေသည်။ ခြင်းတောင်းသည် အလွတ်မဟုတ်ဘဲ ပန်းသီးနှစ်လုံး ခြင်းတောင်းထဲ ပါလာခဲ့သည်။

ကျေးဇူးတရား တုံ့ပြန်ခြင်းသည် တရုတ်လူမျိုးတို့၏ နှစ်ထောင်ချီ သက်တမ်းရှိသည့် မွန်မြတ်သည့် ဓလေ့တစ်ခု ဖြစ်ပေရာ တစ်စုံတစ်ယောက်အား ခြင်းတောင်း အလွတ်ဖြင့် ပြန်လွှတ်လိုက်၍ မဖြစ်နိုင်ချေ။

ဤသည်မှာ မွန်မြတ်သော ဓလေ့ ဖြစ်သည် သာမက လူမှုရေးကျင့်ဝတ်တစ်ခုလည်း ဖြစ်ပေသည်။ နီချွေ့ဟွာသည် တရားဝင် ပညာရေးကို မသင်ကြားခဲ့ရသော်လည်း လူ့လောက၏ အခြေခံ သဘောတရားများအား နက်နက်ရှိုင်းရှိုင်း နားလည်ထားသူ တစ်ဦး ဖြစ်သည်။

ထိုအခေတ်ကာလ အချိန်တွင် ပန်းသီးသည် အတော်အတန် ဈေးကြီးပြီး တစ်ကတ်တီလျှင် ၅ ပြား ၆ ပြားခန့် ပေးဝယ်ရသည်။ ပန်းသီးနှစ်လုံးဆိုလျှင် ပေါင်ဝက်ခန့် ရှိပေလိမ့်မည်။

ကျိုးချင်းရှန်သည် လုံးဝ လက်မခံဘဲ ငြင်းဆန်လိုက်သည်။ သူမသည် ကိုယ်တိုင်စိုက်သော ဟင်းသီးဟင်းရွက်များကိုသာ ပေးခဲ့ခြင်းဖြစ်သော်လည်း ပန်းသီးကမူ မတူပေ။ ပိုက်ဆံပေး၍ ဝယ်ထားရခြင်း ဖြစ်ပေသည်။

နီချွေ့ဟွာက ခြင်းတောင်းကို တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး ကျိုးချင်းရှန်အား ပန်းသီးများ ပြန်ပေးခွင့် မပြုခဲ့ပေ။

"အစ်မတို့ အိမ်က ကလေးတွေကို ကျွေးဖို့ ယူသွားလိုက်ပါ အစ်မသာ လက်မခံရင် ကျွန်မတို့လည်း အစ်မ ပေးတဲ့ ဟင်းရွက်တွေကို ငြင်းရလိမ့်မယ်"

နီချွေ့ဟွာ ပြတ်ပြတ်သားသား ပြောလိုက်သည်။ အခြားသော ရွေးချယ်စရာများ မရှိတော့သဖြင့် ကျိုးချင်းရှန်သည် တွန့်ဆုတ်စွာဖြင့် လက်ခံလိုက်ရတော့သည်။ နီယန်သည် ဤမျှ လိမ္မာရေးခြား ရှိနေခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ သူမတွင် ဉာဏ်ပညာရှိပြီး သဘောထားပြည့်ဝသည့် မိခင်တစ်ဦး ရှိနေသောကြောင့် ဖြစ်သည်ဟု သူမ တွေးမိလိုက်သည်။

**

မြစ်ကမ်းဘေးတွင်...

နီယန်သည် သူမ၏ ငါးဖမ်းထောင်ချောက်အား သိမ်းဆည်းလိုက်လေသည်။ ဤတစ်ကြိမ်တွင် ပုဇွန်နှင့် ငါး အတော်များများ ရလိုက်ပြီး ယင်းတို့အထဲတွင် ၇ ကတ်တီ ၈ ကတ်တီ ခန့်ရှိသော ငါးကြင်းဖြူ တစ်ကောင်လည်း ပါဝင်ပေသည်။

နီယန် ယခုလေးတင် ကောက်ယူထားခဲ့သော ခရုများအပါအဝင် စုစုပေါင်း ရေပုံးနှစ်ပုံးစာ ရှိလေသည်။ နီယန်သည် မြစ်ထဲတွင် ထောင်ချောက်ကို ပြန်လည် ချထားနေစဉ် ဝမ်ရှို့ဟုန်သည် မြစ်ကမ်းပါး တစ်ဖက်မှ သူမထံသို့ လျှောက်လာလေသည်။ ဝမ်ရှို့ဟုန်သည် မြစ်ထဲတွင် အလုပ်ရှုပ်နေသော နီယန်ကို ကြည့်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် ယုတ်မာ ကောက်ကျစ်ဟန် ရသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ဟက်...

လက်စားချေဖို့ အခွင့်အရေး ရောက်လာပြီ။

နီယန်သည် ဝမ်ရှို့ဟုန်အား သတိပြုမိလိုက်သည်။ ဝမ်ရှို့ဟုန်၏ မျက်လုံးထဲမှ မလိုမုန်းထားမှုများကို သူမ ချက်ချင်း မြင်လိုက်ရလေသည်။ နီယန်သည် ငါးဖမ်းထောင်ချောက်ကို တည်ငြိမ်စွာ ချထားလိုက်ပြီး ကမ်းပေါ်သို့ လျှောက်လာခဲ့သည်။

နီယန် လျှောက်လာသည်ကို မြင်သောအခါ ဝမ်ရှို့ဟုန်သည် တစ်စုံတစ်ခုကို စိုးရိမ်ပူပန်သွားပြီး အခြားဘက်သို့ အလျင်အမြန် လျှောက်သွားလိုက်သည်။

"ရပ်လိုက်စမ်း"

နီယန်သည် လက်ကို ဆန့်ထုတ်ကာ ဝမ်ရှို့ဟုန်၏ လမ်းကို ပိတ်ဆို့လိုက်သည်။

"ဘာ ဘာကိစ္စလဲ"

ဝမ်ရှို့ဟုန်သည် နီယန်၏ မျက်နှာအား မြင်တိုင်း အမုန်းတရားနှင့် ကြောက်ရွံ့မှုပါ ခံစားလိုက်ရသည်။ သူမ မုန်းတီးရခြင်းမှာ ထိုနေ့တွင် နီယန်သည် သူမအား ရိုက်ခဲ့သောကြောင့် ဖြစ်သည်။ ထို့အပြင် နီယန်သည် သူမထက် ဦးအောင် ယန်ကွေ့ပေါင်အား မျက်နှာလို မျက်နှာရ လုပ်ကာ ရင်းနှီးမှု ရယူနိုင်ခဲ့သည်။

သူမ ကြောက်ရွံ့ရခြင်းမှာ နီယန်သည် ယခင်က သူမကို ရိုက်ခဲ့ဖူးသောကြောင့် ဖြစ်သည်။ ယခုတွင် သူမသည် တစ်ယောက်တည်း ဖြစ်နေခဲ့ကာ နီယန်အား ယှဉ်နိုင်မည် မဟုတ်ပေ။ နီယန်သည် အပြုံးရေးရေးဖြင့် ပြောလိုက်သည်။

"ငါ နင့်ကို ဘာလို့ တားလိုက်တယ်လို့ ထင်လဲ နင့်စိတ်ထဲမှာ မကောင်တဲ့ အကြံတစ်ခုခု မရှိနေဘူးလား"

All Chapters