လူမှုဆက်ဆံရေး ပါးနပ်လွန်းသော ဂေါ်တန်
Vol. 3 Ch. 42
ဝမ်ရှို့ဟုန်သည် ရင်တထိတ်ထိတ် ဖြစ်သွားကာ တံတွေးတစ်ချက် မျိုချလိုက်ပြီး နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။
"နင် နင် ဘာပြောချင်တာလဲ"
ဝမ်ရှို့ဟုန်သည် နီယန်မှ မိမိ၏ အကြံအစည်အား ဤမျှ လွယ်လွယ်ကူကူ သိမြင်သွားလိမ့်မည် သို့မဟုတ် နီယန်မှ မိမိအား ထိပ်တိုက် ရင်ဆိုင်ရဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သီအိုရီအရဆိုလျှင် နီယန်သည် ပြင်ပမှ ရောက်ရှိလာသူ ဖြစ်၍ ပို၍ အေးအေးဆေးဆေး နေသင့်သည် မဟုတ်ပါလား။ သို့သော် သူမသည် ထိုသို့ ဖြစ်နေပါ၏လော။
နီယန်သည် အလျှော့ပေး နှိမ့်ချနေရမည့်အစား ပို၍ တက်ကြွပြီး ထက်မြက်နေကာ တစ်ပါးသူ၏ အနိုင်ကျင့်ခြိမ်းခြောက်မှုအား အနည်းငယ်မျှပင် ခံမည့်ပုံမပေါ်ပေ။
ဝမ်ရှို့ဟုန်သည် နီယန်အား ကြည့်လိုက်ရာ အဖြူအမည်း သဲသဲကွဲကွဲရှိပြီး စူးရှသော မျက်ဝန်းတစ်စုံနှင့် တည့်တည့်တိုးမိလေသည်။ သူမ၏ မျက်ဝန်းအိမ် အနက်ပိုင်းတွင် အလင်းပြန်မှုများဖြင့် တဖိတ်ဖိတ် တောက်ပနေလျှက် ရှိ၏။
ဤသို့သော် အကြည့်မျိုးသည် ဝမ်ရှို့ဟုန် ကြုံတွေ့ဖူးသမျှ ရွယ်တူများ သို့မဟုတ် လူကြီးများ၌ပင် မရှိဖူးသော အကြည့်မျိုး ဖြစ်လေသည်။ ၎င်းအကြည့်သည် စင်ကြယ်ကာ ကြည်လင်လျှက်ရှိပြီဂ ယုံကြည်ချက်များ ပြည့်နေခဲ့ကာ တည်ငြိမ်လှပေသည်။
အတိုချုပ်ဆိုရလျှင် ဆယ်ကျော်သက် မိန်းကလေး တစ်ယောက်ထံမှ တွေ့ရလိမ့်မည်ဟု မျှော်လင့်ထားသော အကြည့်မျိုး မဟုတ်ပေ။ ဝမ်ရှို့ဟုန်သည် နောက်သို့ တိတ်တဆိတ် ထပ်မံဆုတ်လိုက်ကာ ပျာပျာသလဲ ပြောလိုက်သည်။
"နင် ဘာတွေ ပြောနေတာလဲ ငါ နားမလည်ဘူး"
နီယန်က နှုတ်ခမ်းကို အနည်းငယ် တွန့်လိုက်ကာ ပြန်ဖြေလိုက်သည်။
"နားမလည်လည်း ကိစ္စမရှိပါဘူး ငါ ထပ်ပြီး ရှင်းပြပေးလို့ ရပါတယ်"
သူမသည် ဝမ်ရှို့ဟုန်၏ နားနားသို့ တိုးကပ်သွားပြီးနောက် အေးစက်သော လေသံဖြင့် ပြောဆိုလိုက်သည်။
"ငါက ပြဿနာ ရှာရတာကို မကြိုက်ဘူး ဒါပေမဲ့ ပြဿနာကို ကြောက်တတ်တဲ့သူလည်း မဟုတ်ဘူး ငါတို့ တစ်ယောက်နဲ့တစ်ယောက် မနှောင့်ယှက်ဘဲ ကိုယ့်လမ်းကိုယ် လျှောက်ရင် နှစ်ယောက်လုံးအတွက် အဆင်ပြေလိမ့်မယ် ဒါပေမဲ့ နင်က ရန်ပွဲကို အလိုရှိနေတယ်ဆိုရင်တော့ ဖြစ်လာမယ့် နောက်ဆက်တွဲတွေကို..."
ထိုစကား နေရာသို့ ရောက်ရှိချိန်တွင် နီယန်သည် မျက်မှောင်ကို အနည်းငယ် ကြုံ့လိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်တွင် လှပသော အကွေးအဆန့်လေး တစ်ခု ဖြစ်ပေါ်လာကာ ခပ်ဖွဖွလေး ပြောလိုက်သည်။
"နင့်ဘာသာ နင်ပဲ ချင့်ချိန်ကြည့်လိုက်တော့"
နီယန်၏ လေသံသည် အလွန် တည်ငြိမ်လှသော်လည်း ကျောရိုးထဲအထိ စိမ့်သွားစေမည့် အန္တရာယ်ရှိသော အငွေ့အသက်များ ပါဝင်နေခဲ့သည်။
သူတို့နှစ်ဦးသည် အလွန် နီးကပ်စွာ ရှိနေသဖြင့် နီယန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သင်းပျံ့သော မွှေးရနံ့ကိုပင် ဝမ်ရှို့ဟုန် ရရှိနေခဲ့သည်။ ၎င်းသည် ဝါးရနံ့ သို့မဟုတ် သစ်ခွရနံ့နှင့် မတူဘဲ ဆီးနှင်းကြားမှ ဇီးပွင့်ရနံ့နှင့် ဆင်တူကာ လန်းဆန်းပြီး သဘာဝအတိုင်း အလွန်ပင် မွှေးကြိုင်လှပေသည်။
မြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများတွင် ယွမ်နှစ်ရာ တန်ဖိုးရှိသော အဆင့်မြင့် သွင်းကုန် ဖြစ်သည့် ရေမွှေးများ ရောင်းချနေကြောင်း ဝမ်ရှို့ဟုန် ကြားဖူးပေသည်။ နီယန်၏ ကိုယ်ပေါ်မှ ရနံ့သည်လည်း ထိုကဲ့သို့သော ရေမွှေးမျိုးပင် ဖြစ်ရပေမည်။
နီယန်သည် ယွမ်နှစ်ရာတန် ရေမွှေးပုလင်းအား ဝယ်ယူနိုင်စွမ်းရှိသည်ဟု တွေးမိသည့် အချိန်တွင် ဝမ်ရှို့ဟုန်၏ မနာလိုစိတ်နှင့် မကျေနပ်ချက်များသည် ပိုမို၍ တိုးလာလေတော့သည်။
သူတို့သည် အသက်အရွယ်ချင်း တူညီသော်လည်း နီယန်သည် ယွမ်နှစ်ရာတန် ရေမွှေးကို သုံးနိုင်ချိန်တွင် သူမ ဝမ်ရှို့ဟုန်မှာမူ မုန့်ဖိုး အနည်းငယ်ရရန်အတွက်ပင် မိဘများထံ လပေါင်းများစွာ ပူဆာနေရသည်။
ဝမ်ရှို့ဟုန်သည် သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ကာ မျက်ဝန်းထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေလျက် ပြောလိုက်သည်။
"နင် ဘာတွေ ပြောနေလဲ ငါ တကယ် နားမလည်ဘူး"
ထို့နောက် ခေါင်းငုံ့ကာ သုတ်ခြေတင် ထွက်ပြေးသွားတော့သည်။ နီယန်သည် ထွက်ခွာသွားသော သူမ၏ ကျောပြင်ကို ကြည့်ကာ နှုတ်ခမ်းဖျား၌ အပြုံးလေးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။ သူမသည် ဝမ်ရှို့ဟုန်၏ တိုက်ခိုက်လိုစိတ်အား အထင်ကြီးမိသွားခြင်း ဖြစ်ပေသည်။
မွန်းလွဲ နှစ်နာရီ ကျော်ပြီဖြစ်သဖြင့် နေရောင်သည် ပူပြင်းနေဆဲ ဖြစ်ကာ ငါးပုံးနှစ်ပုံးကို မလာသော နီယန်၏ နဖူးပေါ်တွင် ချွေးစက်လေးများ မကြာမီပင် စိမ့်ထွက်လာခဲ့သည်။
"မမနီယန် ကျွန်တော် ကူပါရစေ"
အသားညိုညိုနှင့် အင်္ကျီမပါသော ကောင်လေးတစ်ယောက်က အဝေးမှ ပြေးလာနေခဲ့သည်။
"ဂေါ်တန် မောင်လေ’ ဘာလို့ ဒီကို ရောက်နေတာလဲ ဒီနေ့ ကျောင်းမတက်ရဘူးလား"
နီယန်က ပြုံးလျက် မေးလိုက်သည်။ ဂေါ်တန်လေးသည် ခုန်ပေါက်လျက် ပြန်ဖြေလိုက်သည်။
"မမနီယန်ကလည်း ဒီနေ့က တနင်္ဂနွေနေ့လေ"
ထို့သို့ ပြန်ပြောပြီးနောက် သူသည် နီယန်ထံမှ ပုံးတစ်ပုံးကို လှမ်းယူလိုက်သည်။ ဂေါ်တန်လေးသည် ငယ်ရွယ်သေးကာ အရပ်မရှည်သော်လည်း အလွန် အားသန်လှပေသည်။ သူသည် ငါးပုံးကို အလေးအပင်မရှိသလို လှမ်းယူကာ မလိုက်ပြီးနောက် ပြောလိုက်သည်။ "မမနီယန် နောက်တစ်ပုံးလည်း ကျွန်တော့်ကို ပေးလိုက်ပါ"
ဤသည်မှာ ဂေါ်တန်နှင့် နီယန်တို့၏ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှု ဖြစ်သော်လည်း ယခင်က ပြောဆိုဆက်ဆံမှုများကြောင့် သူသည် ဤလှပချောမောလှသည့် မမအား ခင်မင်တွယ်တာလာမိသည်။
နီယန်သည် လှပရုံသာမက အလွန်လည်း ကြင်နာတတ်သည်။ မိမိကိုယ်မိမိ လှသည်ဟု ထင်ကာ လူတိုင်းကို အထင်အမြင်သေးပြီး ရွာထဲတွင် ရှိသည့် ကလေးတိုင်းကို ခိုင်းစားတတ်သည့် မမရှို့ဟုန်နှင့် လုံးဝ မတူပေ။
နီယန်က ဂေါ်တန်၏ ကမ်းလှမ်းချက်ကို ယဉ်ကျေးစွာ ငြင်းပယ်လျက် ညင်သာစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဂေါ်တန်၊ ဒါပေမဲ့ ဒါကို မမကိုယ်တိုင် သယ်နိုင်ပါတယ် မောင်လေးက ငယ်သေးတယ် အားစိုက်လွန်းရင် အရပ်မရှည်ဘဲ နေလိမ့်မယ်"
"ရပါတယ် မမနီယန်ရဲ့"
ဂေါ်တန်က ဂရုမစိုက်သလို ဆိုလိုက်သည်။
"ကျွန်တော် အိမ်မှာဆိုရင် ဒီထက် နှစ်ဆလေးတဲ့ ရေပုံးတွေကို သယ်နေကျပါ"
နီယန်က ရယ်မောလိုက်ကာ
"ဝိုး ဂေါ်တန်လေးက တော်တော် သန်မာတာပဲ"
ဂေါ်တန်က သူ၏ ချစ်စဖွယ် ဦးခေါင်းလေးကို မော့ကာ ဂုဏ်ယူစွာဖြင့် ကြွားဝါလိုက်သည်။
"ဒါပေါ့ ကျွန်တော့်အစ်ကိုကလွဲရင် အိမ်မှာ ကျွန်တော်က အသန်မာဆုံးပဲ"
နီယန်က တခိခိ ရယ်မောလျက် မေးလိုက်သည်။
"ဒါနဲ့ ဂေါ်တန် မောင်လေး အသက် ဘယ်လောက်ရှိပြီလဲ"
"ဒီနှစ်ဆိုရင် တစ်ဆယ်နှစ်ထဲ ရောက်ပြီ မမနီယန်ကရော"
ဂေါ်တန်သည် နီယန်အား မော့ကြည့်လိုက်သည်။
"မမက တစ်ဆယ့်ခုနစ်နှစ်ပါ"
နီယန် ပြန်ဖြေလိုက်သည်။ ဂေါ်တန်သည် ဆက်လက်၍ ပြောလိုက်သည်။
"ဒါဆို မမက ကျွန်တော့်အစ်ကိုနဲ့ အသက်တူတူပဲပေါ့ သူလည်း ဒီနှစ် တစ်ဆယ့်ခုနစ်နှစ်ပဲ ကျွန်တော့်အစ်ကိုက နောက်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေရတော့မယ် မမနီယန်ကရော ဖြေမှာလား"
နီယန်သည် ပြုံးလျက် အဖြေပေးလိုက်သည်။
"ဖြေမှာပေါ့"
လမ်းတစ်လျှောက် ဂေါ်တန်နှင့် စကားပြောလာရာ မကြာမီပင် အိမ်သို့ ရောက်ရှိသွားလေတော့သည်။ ဂေါ်တန်လေးသည် ပလတ်စတစ်ပုံးအား မြေကြီးပေါ် ချလိုက်ကာ ပြောလိုက်သည်။
"မမနီယန် ကျွန်တော် အိမ်ပြန်တော့မယ် အားရင် ကျွန်တော်နဲ့ လာဆော့ပေးဦးနော်"
နီယန်က အနည်းငယ် ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။
"ကောင်းပါပြီ"
ထို့နောက် သူမ တစ်ခုခုကို သတိရသွားသကဲ့သို့ ဂေါ်တန်၏ လက်ကို ဆွဲလိုက်ပြီး
"ခဏစောင့်ဦး ဂေါ်တန်"
သူမသည် အိမ်ထဲသို့ အလျှင်အမြန် ပြေးဝင်သွားတော့သည်။ ဂေါ်တန်လေးသည် လိမ္မာစွာပင် ထိုနေရာ၌ ရပ်စောင့်နေခဲ့ကာ ပတ်ဝန်းကျင်ကို စပ်စုကြည့်ရှုနေလိုက်သည်။
မကြာမီ နီယန်သည် အမောတကော ပြန်ထွက်လာပြီး ဂေါ်တန်၏ လက်အတွင်းသို့ သကြားလုံးအိတ်တစ်အိတ် ထည့်ပေးလိုက်ကာ ပြောလိုက်လေသည်။
"ဂေါ်တန် ဒါက မောင်လေး အတွက် စားဖို့"
"မမနီယန် ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်တော် ဒါကို မယူပါရစေနဲ့"
ဂေါ်တန် ငြင်းပယ်လိုက်သည်။ ဂေါ်တန်သည် ငယ်သော်လည်း အကြောင်းမဲ့ သက်သက် တစ်စုံတစ်ခုကို မယူသင့်ကြောင်း နားလည်ပေသည်။ ထိုသို့ မဟုတ်လျှင် မမနီယန်သည် သူ့အား အကျိုးကို မျှော်ကိုးပြီး ချဉ်းကပ်သည်ဟု ထင်သွားပေလိမ့်မည်။
နီယန်က ရယ်မောလျက် ပြောလိုက်သည်။
"ယူလိုက်ပါ ဒါက သကြားလုံးအိတ်လေး တစ်အိတ်တည်းပါ တန်ဖိုးကြီးတဲ့ အရာလည်း မဟုတ်ပါဘူး ပြီးတော့ မမတို့က သူငယ်ချင်းတွေ မဟုတ်ဘူးလား မောင်လေး ဒါကို မယူရင် မမနဲ့ သူငယ်ချင်း မလုပ်ချင်ဘူးလို့ ဆိုလိုတာလား"
ဂေါ်တန် အလျင်အမြန် ငြင်းဆိုလိုက်သည်။
"ကျွန်တော် မမနီယန်နဲ့ သူငယ်ချင်း လုပ်ချင်တာပေါ့"
"ဒါဆိုရင်လည်း ယူလိုက်လေ"
နီယန်က သကြားလုံးအိတ်ကို ဂေါ်တန်၏ လက်အတွင်းသို့ အတင်းထည့်ပေးလိုက်တော့သည်။
"ကျေးဇူးတင်ပါတယ် မမနီယန်"
ဂေါ်တန် ဆက်ပြောလိုက်သည်။
"မမနီယန် ဒါတွေကို ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဝေစားလို့ ရမလား"
ထိုခေတ်အခါက သကြားလုံးဟူသည်မှာ အလွန် ရှားပါးလှသည်ဖြစ်ရာ ကလေးများမှာ နှစ်သစ်ကူးကာလမှလွဲ၍ စားရခဲလှသည်။ နီယန်သည် ပြုံးလျက် ခေါင်းညိတ်လိုက်ကာ ဖြေလိုက်သည်။
"ရတာပေါ့ ဒီသကြားလုံးတွေက အခု မောင်လေး ပိုင်တဲ့အရာ ဖြစ်သွားပြီပဲ မောင်လေး ကြိုက်တဲ့သူနဲ့ ဝေစားလို့ ရတယ်နော်"
ဂေါ်တန်လေးသည် ထပ်မံ ကျေးဇူးတင်လိုက်သည်။
"ကျေးဇူးပါ မမနီယန် ကျွန်တော် သွားပြီနော်"
"ကောင်းပါပြီ သွားတော့လေ"
နီယန်သည် အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
"တာ့တာ မမနီယန်"
ဂေါ်တန်သည် နီယန်အား လက်ပြကာ နှုတ်ဆက်လျှက် ပြေးထွက်သွားတော့သည်။ ဂေါ်တန်သည် သူ၏ သူငယ်ချင်းများ ဆော့ကစားနေကျ နေရာသို့ ရောက်ရှိသွားပြီးနောက် သူငယ်ချင်း တစ်ယောက်ချင်းစီကို သကြားလုံး တစ်လုံးစီ ဝေပေးလိုက်သည်။ သူ၏ သူငယ်ချင်းတစ်ယောက်သည် စပ်စုကာ မေးမြန်းလိုက်သည်။
"ဝိုး ဂေါ်တန် နင့်မိဘတွေ ချမ်းသာသွားပြီလား"
ဂေါ်တန် ဂုဏ်ယူစွာဖြင့် ပြန်ဖြေလိုက်သည်။
"ဒါက မမနီယန် ပေးတာ မင်းတို့အားလုံးနဲ့ ဝေစားခိုင်းလိုက်တာ မမနီယန်က ဘယ်သူလဲ သိလား သူက ငါတို့ရွာမှာ အလှဆုံးပဲ အခု ငါက မမနီယန်နဲ့ သူငယ်ချင်း ဖြစ်သွားပြီ"
ဂေါ်တန်သည် လိမ္မာသော ကလေးတစ်ယောက် ဖြစ်သည်။ အချို့သော လူကြီးများက မမနီယန်အပေါ် အထင်လွဲနေကြပြီး သူမအကြောင်း ကောလာဟလများ ဖြန့်နေကြသည်ကို သူသိလေသည်။ ထို့ကြောင့် သူ၏ သူငယ်ချင်းများ ရှေ့တွင် မမနီယန်၏ ပုံရိပ်ကို မြှင့်တင်ပေးလိုခြင်း ဖြစ်သည်။
အမှန်စင်စစ် မမနီယန်သည် ရိုးသားသည့် လူကောင်းတစ်ယောက် ဖြစ်သည်။ ထိုလူကြီးများ သူမအပေါ် အမြဲတမ်း အထင်လွဲနေကြသည်ကို သူ မလိုလားပေ။ သူ၏ စကားကြောင့် သူငယ်ချင်းများ အားလုံးသည် ဂေါ်တန်အား မနာလိုစွာ ကြည့်လိုက်ကြသည်။
"ငါ အဲဒီမမနီယန်ကို သိတယ် သူက မမရှို့ဟုန်ထက်တောင် ပိုလှသေးတယ်"
"ဝိုး မမနီယန်က တော်တော် စိတ်ထားကောင်းတာပဲ"
"ငါ မမနီယန်ကို သဘောကျတယ်"
"ငါလည်း သဘောကျတယ်"
ဂေါ်တန်၏ ထောက်ခံ ပြောဆိုပေးသည့် စကားများကြောင့် "မမနီယန်" ဟူသော အမည်မှာ ကလေးများကြားတွင် လျင်မြန်စွာ ပြန့်နှံ့သွားတော့သည်။ နီယန်သည်လည်း ကလေးများကြားတွင် ရေပန်းအစားဆုံး လူတစ်ယောက် ဖြစ်လာခဲ့သည်။
ရွာသို့ အသစ်ရောက်လာသော မမနီယန်သည် နူးညံ့ပြီး ကြင်နာတတ်ကြောင်း လူတိုင်း သိသွားကြသည်။ သူမသည် လှပရုံတင်မကဘဲ မမရှို့ဟုန်ထက် အဆပေါင်းများစွာ ပို၍ စိတ်ထားနုနယ်လှပေသည်။