မကြာသေးမီ အဖွားအိုသည် ခံတွင်းပျက်နေသည်
Vol. 3 Ch. 43
ဂေါ်တန် ထွက်သွားပြီးနောက် နီယန်သည် မီးဖိုချောင် အတွင်းသို့ ပြန်သွားကာ ထိုနေ့က ဈေးမှ ဝယ်လာသည့် တောကြက်အား သန့်စင်ပြီး ရေနွေးဖျောကာ အိုးတစ်လုံးထဲ၌ ထည့်လျှက် မီးအေးအေးဖြင့် တည်ထားလိုက်သည်။ ရေများ ဆူပွက်လာသောအခါ နီယန်သည် ယမန်နေ့က တောင်ပေါ်မှ တူးယူလာသည့် ဂျင်ဆင်းအား အိုးထဲ ထည့်လိုက်ကာ ဖန်ခါးသီးခြောက် အကြီးအချို့ကိုပါ ရောထည့်လိုက်သည်။ မကြာမီပင် မီးဖိုချောင်လေး အတွင်း၌ ကြက်စွပ်ပြုတ်နံ့များဖြင့် သင်းပျံ့သွားလေတော့သည်။
အိုးထဲတွင် တည်ထားသော စွပ်ပြုတ်အား ကြည့်ရင်း နီယန်သည် ပုံးထဲမှ ငါးနှင့် ပုစွန်များကို ဇလုံအကြီး အတွင်းသို့ ပြောင်းထည့်ကာ ရေကြည်ဖြင့် လှယ်ထားလိုက်ပြီး ညနေပိုင်းတွင် ငါးချဉ်စပ်စွပ်ပြုတ် ပြုလုပ်ရန် စီစဉ်ထားလိုက်သည်။
ထောင်ချောက်များ ထောင်ထားခြင်းမှ ငါးများရရှိမည်ဟု တွက်ထားသဖြင့် နီယန်သည် ယနေ့နံနက်က ဈေးမှ ငါး တစ်ဆယ့်ရှစ်ကောင်သာ ဝယ်ယူလာခဲ့ခြင်း ဖြစ်သည်။
နီယန်သည် မီးဖိုချောင်တွင် အလုပ်ရှုပ်နေစဉ် နီချွေ့ဟွာသည် ကလေးလေးအား ချီလျက် မီးဖိုချောင် အတွင်းသို့ ဝင်လာခဲ့သည်။
"ယန်ယန် ဒီဟင်းသီးဟင်းရွက်တွေကို သမီးရဲ့ အဒေါ်ကျိုးက လာပေးသွားတာ သမီးက သူ အအေးမိနေတာကို ပျောက်အောင် ကုပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ လာပေးတာလို့ ပြောတယ်"
မီးဖိုချောင်၏ ထောင့်နားတွင် လတ်ဆတ်သော ဟင်းသီးဟင်းရွက်ပုံကြီး ရှိနေပြီး အလယ်တွင် အိမ်လုပ် ဆန်စေးခေါက်ဆွဲ အထုပ်တစ်ထုပ် ရှိနေခဲ့သည်။ နီယန်က ပြုံးလျက် ပြောဆိုလိုက်သည်။
"အဒေါ်ကျိုးက အရမ်း ယဉ်ကျေးနေတာပဲ အမေ ဒီညတော့ ခေါက်ဆွဲပြုတ် စားကြရအောင်"
"ဆန်စေး ခေါက်ဆွဲ ဟုတ်လား"
နီချွေ့ဟွာက ပဟေဠိ ဖြစ်စွာဖြင့် မေးလိုက်သည်။
"အဲ့ဒါက ဘာခေါက်ဆွဲလဲ"
နီယန်သည် လျှို့ဝှက် ဆန်းကြယ်စွာဖြင့် ပြုံးလိုက်ပြီးနောက် ပြန်ပြောလိုက်သည်။
"ညကျရင် သိရမှာပေါ့"
နီယန်သည် ပြောသည့်အတိုင်း ချက်ချင်း လက်တွေ့လုပ်ဆောင်သူ တတ်သည့်သူ ဖြစ်သည်။ သူမသည် ညစာအတွက် ဆန်စေး ခေါက်ဆွဲ ပြုလုပ်မည်ဟု ဆုံးဖြတ်လိုက်ပြီး ဖြစ်သည့်အတွက် ခရုများ၏ အမြီးပိုင်းကို ဖြတ်ကာ သေချာစွာ ဆေးကြော သန့်စင်လိုက်သည်။ ထို့နောက် ဒယ်အိုးကို ရဲနေအောင် အပူပေးကာ မုန်ညင်းဆီအား ထည့်လိုက်ပြီး ပဲငပိ အနှစ် နှစ်ဇွန်းထည့်လိုက်ကာ ဆီနီများ ထွက်လာသည်အထိ ဆီသတ်လိုက်လေသည်။ ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ နာနတ်ပွင့်နှင့် စီချွမ် ငရုတ်ကောင်းစေ့များ ထည့်ကာ အနံ့မွှေးလာသည် အထိ မွှေကြော်လိုက်သည်။
ပါဝင်ပစ္စည်းများအား မွှေးကြိုင်လာသည် အထိ မွှေကြော် ပြီးနောက်တွင် သူမသည် ခရုများအား ထည့်ကာ မီးပြင်းဖြင့် ငါးမိနစ်ခန့် မွှေကြော်လိုက်ပြီးနောက် ရေထည့်လိုက်သည်။ ရေများ ပွက်ပွက်ဆူလာသောအခါ တုံးထားသော ဝက်ရိုးများကို ထည့်ပြီး မီးအေးအေးဖြင့် သုံးနာရီကြာအောင် ကောင်းမွန်စွာ ဆူပွက်လာအောင် တည်ထားလိုက်သည်။ ထိုအချိန်ရောက်လျှင် စွတ်ပြုတ်ရည်သည် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။
အရသာရှိပြီး မွှေးကြိုင်နေသော စွတ်ပြုတ်ရည်သည် ဆန်စေးခေါက်ဆွဲ တစ်ခွက်လုံး၏ အနှစ်သာရပင်ဖြစ်လေသည်။ ဟင်းရည်အဆင်သင့် ဖြစ်နေချိန် ညနေစောင်း ငါးနာရီဝန်းကျင် ကတည်းမှ တည်ထားသော ကြက်ပေါင်းစွပ်ပြုတ်သည်လည်း ကျက်နေပြီ ဖြစ်သည်။ နီယန်သည် အဖုံးဖွင့်လိုက်ပြီးနောက် ကြက်သားနှင့် ကြက်ပြုတ်ရည်အား ပန်းကန်လုံး အကြီးကြီး တစ်လုံးဖြင့် ခပ်ထည့်ကာ နီချွေ့ဟွာအား ပေးလိုက်သည်။
ဤဂျင်ဆင်း ကြက်ပေါင်း စွပ်ပြုတ်သည် နီချွေ့ဟွာ၏ ခန္ဓာကိုယ်အားပြည့်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ နီချွေ့ဟွာသည် လတ်တလောတွင် အားနည်းနေခဲ့ကာ အာဟာရ ပိုမို၍ လိုအပ်ပေသည်။
ကြည်လင်နေသော ကြက်ပြုတ်ရည်၏ အပေါ်ဘက်တွင် အဝါရောင် အဆီ အလွှာထူထူလေး ဝေ့ဝဲနေသည်။ ဤခေတ်ကာလရှိ ကြက်အားလုံးသည် ခြံဖြင့် လှောင်ကာ မွေးမြူထားခြင်း မဟုတ်ပဲ လွတ်လပ်စွာ မွေးမြူထားခြင်းဖြစ်ပြီး နောင်မျိုးဆက်များက 'တောကြက်' ဟု တန်ဖိုးထား ခေါ်ဝေါ်ကြလေသည်။ ၎င်းသည် အာဟာရ ပြည့်ဝရုံသာမက အရသာလည်း အလွန်ကောင်းမွန်လှသည်။ ဆားအနည်းငယ် ခပ်ထည့်လိုက်ရုံဖြင့် စွပ်ပြုတ်သည် အရသာရှိလာပြီး ကြက်သားသည် ကိုက်လိုက်သည်နှင့် ပါးစပ်ထဲတွင် အရည်ပျော်သွားစေသည်။
အစပိုင်းတွင် နီချွေ့ဟွာသည် ကြက်ပေါင်းစွပ်ပြုတ်ကို သောက်ရန် အတွက် ငြင်းဆန်ခဲ့သည်။ နီယန်သည် သူမကိုယ်တိုင်လည်း အနည်းငယ် သောက်ပြီးပြီဟု လှည့်စား ပြောဆိုလိုက်ရသည်။ ထိုအခါမှသာ နီချွေ့ဟွာသည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် သောက်လေတော့သည်။
ညနေခင်းအချိန်သည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့ပြီး နီချန်ကွေ့ အိမ်ပြန်ရောက်မည့်အချိန် နီးကပ်လာခဲ့ပြီ ဖြစ်လေသည်။ နီယန်သည် ရေတစ်အိုးတည်ပြီး ဆန်စေးခေါက်ဆွဲများ ဟင်းသီးဟင်းရွက်များနှင့် မှိုနက်များကို ရေနွေးဖျောလိုက်ကာ ပန်းကန်လုံးထဲသို့ ခပ်ထည့်လိုက်ပြီးနောက် အဆင်သင့်ရှိနေသော ခရုဟင်းရည်ကို အပေါ်မှလောင်းထည့်ကာ ကြက်သွန်မြိတ်နှင့် နံနံပင်များကို ထပ်၍ ဖြူးလိုက်သည်။ အကယ်၍ အစပ်ကြိုက်တတ်သည် ဆိုပါက ငရုတ်သီးဆော့စ် တစ်ဇွန်းနှင့် ရှာလကာရည်မွှေးမွှေးလေးကို ထပ်မံ၍ ထည့်လိုက်လျှင် မွှေးကြိုင်ပြီး ပူနွေးနေသော ဆန်စေး ခေါက်ဆွဲ တစ်ခွက်သည် စားသုံးရန် အတွက် အဆင်သင့်ဖြစ် နေပြီဖြစ်သည်။
နီယန်သည် ရေနွေးဖျောထားသော ခေါက်ဆွဲအား စားပွဲပေါ် တင်လိုက်သည်နှင့် တပြိုင်နက် နီချန်ကွေ့ အလုပ်မှ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူမသည် တံခါးဝသို့ ရောက်သည်နှင့် မွှေးကြိုင်သောရနံ့များအား ရလိုက်ကာ ထိုရနံ့များသည် အလုပ်မှလာသည့် သူမအား စီးကြိုနေခဲ့သည်။
“ယန်ယန် ဒီနေ့ ညစာက ဘာလဲဟင် အနံ့က မွှေးလိုက်တာမှ အရမ်းပဲ”
“ဒေါ်လေးနီ ပြန်ရောက်ပြီလား ဒီညစာအတွက် ဆန်စေးခေါက်ဆွဲ လုပ်ထားတယ်”
နီယန်က တောက်ပသော အပြုံးဖြင့် ပြန်လည် ဖြေဆိုလိုက်သည်။ နီချွေ့ဟွာသည် ရယ်မောလျှက် ပြောလိုက်လေသည်။
“ကျွန်မရဲ့ ယန်ယန်က ဒီလို ထူးဆန်းတဲ့ ဟင်းပွဲတွေ လုပ်ရတာ သဘောကျတယ်”
ငါးချဉ်ဟင်း ရေညှိဝက်လက် ငါးကြင်းစတူး အာလူးမှိုဟင်းချို စသည့် ဟင်းပွဲများဖြစ်သည်။ သူမသည် ထိုဟင်းပွဲအမည်များအား တစ်ကြိမ် တစ်ခါမှ မကြားဖူးသော်လည်း ၎င်းတို့ကို နီယန်မှ ဖန်တီးခဲ့ခြင်း ဖြစ်ပေသည်။ ထိုအရာများသည် ရှင်းလင်း ပြတ်သားစွာပင် သမားရိုးကျ မဟုတ်သည့် ချက်ပြုတ်နည်းများ ဖြစ်သော်လည်း အရသာမှာမူ အလွန်ကောင်းမွန်လှပေသည်။
နီချန်ကွေ့သည် သူမ၏အိတ်အား အင်္ကျီချိတ်တွင် ချိတ်လိုက်ပြီးနောက် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဆန်စေးခေါက်ဆွဲ ဟုတ်လား ဒီထဲမှာ ခရုတွေပါ ပါတာလား ဒီလောက် နှစ်တွေအကြာကြီး အသက်ရှင်နေတာတောင် ဆန်စေးခေါက်ဆွဲ ဆိုတာ တစ်ခါမှ မကြားဖူးဘူး”
ဆန်စေးခေါက်ဆွဲသည် ဂွမ်ယုဒေသမှ နာမည်ကြီး ဟင်းပွဲတစ်မျိုး ဖြစ်သည်။ အမှန်တကယ်တော့ ၎င်းသည် ချင်မင်းဆက် ခေတ်ကတည်းက တည်ရှိနေခဲ့ခြင်းဖြစ်သည်။ ဤအချိန်ကာလတွင် သယ်ယူပို့ဆောင်ရေးနှင့် သတင်းအချက်အလက် လမ်းကြောင်းများ အကန့်အသတ်ရှိသောကြောင့် ဆန်စေးခေါက်ဆွဲများသည် ဒေသတွင်း၌သာ လူကြိုက်များခဲ့ပြီး နောင်ခေတ်ကာလများကဲ့သို့ လမ်းကြိုလမ်းကြားတိုင်းရှိ သရေစာဆိုင်များတွင် ရနိုင်လာသည်အထိ မတွင်ကျယ်သေးပေ။ နီယန် ပြုံးရွှင်စွာဖြင့် ရှင်းပြလေသည်။
“ဆန်စေးခေါက်ဆွဲက ဂွမ်ယုဒေသရဲ့ အထူးဟင်းလျာပါ စာအုပ်ထဲမှာ ဖတ်ဖူးတာနဲ့ ဒီနေ့ပဲ ပထမဆုံး စမ်းလုပ်လကြည့်တာဆိုတော့ အရသာရှိမရှိတော့ မသေချာဘူး ဒေါ်လေးနီ ထိုင်ပြီး မြည်းကြည့်ပါဦး”
(T/N : မင်မင်တော့ ဆန်စေးခေါက်ဆွဲလို့ပဲ ပြန်လိုက်ပါတယ် စေးစေးကပ်ကပ် ခေါက်ဆွဲ တစ်မျိုးဆိုတော့လေ သူတို့ တရုတ်မှာ ဘယ်လို ခေါက်ဆွဲကို ပြောတာလည်း မသိပေမဲ့ မြန်မာနိုင်ငံမှာ အလွယ်တကူ တွေ့နိုင်တဲ့ အနီးစပ်ဆုံး တူတဲ့ ခေါက်ဆွဲကိုပဲ ထည့်သုံးလိုက်ပါတယ် )
“ကောင်းပြီ အခုပဲ စားကြည့်လိုက်မယ်”
နီချန်ကွေ့သည် အင်္ကျီလက်မောင်းကို ပင့်တင်ကာ ထိုင်လိုက်ပြီးနောက် ခေါက်ဆွဲအား စိတ်အားထက်သန်စွာ စတင်၍ စားသုံးလေတော့သည်။
ခေါက်ဆွဲများသည် ခရုဟင်းရည်၏ အနှစ်သာရကို ကောင်းမွန်စွာ စုပ်ယူထားပြီး နူးညံ့ကာ ဝါး၍ကောင်းသလို လတ်ဆတ်ကာ ခံတွင်းတွေ့စေသည်။ ဟင်းရည်တွင် နံနံပင်နှင့် ကြက်သွန်မြိတ်ရနံ့များ ပါဝင်နေခဲ့ပြီး လူတို့၏ အရသာခံ အာရုံများကို နိုးကြားစေကာ မိမိလျှာကိုပင် ပြန်မျိုချ ချင်လောက်အောင် အထိ ဖြစ်စေသည်။ ဤအချိန်၌ တစ်စုံတစ်ယောက်သည် နီချန်ကွေ့အား ဤခေါက်ဆွဲနှင့် လဲရန် ငှက်သိုက်နှင့် ပင်လယ်စာ ဟင်းရည်တစ်ခွက် လာပေးလျှင်ပင် သူမ လဲလှယ်လိမ့်မည် မဟုတ်ပေ။
“အရသာရှိလိုက်တာ တကယ် အရသာရှိတယ်”
နီချန်ကွေ့ လက်မထောင်ပြလိုက်ပြီး ပြောရှာသည်။
“ယန်ယန်ရေ နောင်တစ်ချိန် သမီးကို ယူမယ့်ယောက်ျားကတော့ သူ့ဆွေစဉ်မျိုးဆက် သင်္ချိုင်းဂူကနေ မီးခိုးစိမ်းတွေ ထွက်လာတဲ့အထိ ကံကောင်းမှာပဲ”
ဝမ်းနည်းစရာမှာ သူမ၌ သားယောက်ျားလေး မရှိခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူမသည် နီယန်အား သေချာပေါက် သူမ၏ ချွေးမ တော်လိုက်မည် ဖြစ်သည်။
ဆန်စေးခေါက်ဆွဲအပြင် နီယန်သည် မွှေကြော်ဟင်းပွဲ နှစ်ပွဲကိုလည်း ပြုလုပ်ထားသေးသည်။ ပဲသီး ပုစွန်ကြော်နှင့် မုန်လာဥနီ ကြွက်နားရွက်မှိုကြော်တို့ ဖြစ်သည်။
ပဲသီးနှင့် ပုစွန်သည် ရင်သားထွားကြိုင်းစေသော အာနိသင်ရှိကာ မုန်လာဥနီနှင့် ကြွက်နားရွက်မှို (မှိုဖြူ) တွဲဖက်မှုသည် အသားအရေကို အားဖြည့်ပေးသော အာနိသင်ရှိလေသည်။
အလှအပဆိုင်ရာ အစားအစာများကို နေ့စဉ် စားသုံးခြင်းသည် မလှချင်လျှင်တောင်မှ မည်သူ့ကိုမဆို လှပလာစေမည် ဖြစ်သည်။
မနေ့ညက ရေချိုးနေစဉ် ပေကျင်းသို့ စရောက်ချိန်ကထက် သူမ၏ ရင်သားအရွယ်အစားသည် တစ်ဆိုဒ်လုံးလုံး ပိုကြီးလာသည်ကို နီယန် သတိပြုမိလိုက်သည်။ သူမ၏ မျက်လုံးများသည်လည်း ပိုမိုတောက်ပ၍ အသက်ဝင်လာခဲ့သည်။
(T/N : ရီဒါလေးတွေ လိုက်လုပ်ပြီး ချက်စားနေကြမလားမသိဖူး ခိခိ)
သူမတစ်ယောက်တည်း ပြောင်းခဲခြင်း မဟုတ်ချေ။ နီချွေ့ဟွာနှင့် နီချန်ကွေ့တို့၏ ပြောင်းလဲမှုများသည်လည်း သိသာထင်ရှားလာသည်။
ဆန်ခေါက်ဆွဲ အများအပြားနှင့် မွှေကြော်နှစ်ပန်းကန်ကို ပြင်ဆင်ထားသဖြင့် လက်ကျန်များ ကျန်ခဲ့မည်ကို နီယန်သည် အစပိုင်းတွင် စိုးရိမ်ခဲ့သေးသည်။ သို့သော် သူမ အလွန်အကျွံ စဉ်းစားမိခြင်းသာ ဖြစ်သွားသည်။ ဆန်ခေါက်ဆွဲအိုးကြီးနှင့် မွှေကြော်နှစ်ပန်းကန်လုံးမှာ ပြောင်စင်အောင် စားသောက်ခြင်း ခံလိုက်ရပြီး ပန်းကန်ပြား၏ အောက်ခြေများပင် ပြောင်လက်တောက်ပကာ စားသုံးသူများ၏ ပုံရိပ်များအား ပြန်လည်ထင်ဟပ်နေလေသည်။
မျက်မြင်ကိုယ်တွေ့ မကြုံဖူးပါက အမျိုးသမီးသုံးဦး၏ စားသောက်နိုင်စွမ်းအားကို မည်သူမျှ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။
သူမ၏ ဖန်တီးမှုများကို ဤမျှ ကြိုဆိုလက်ခံကြသည်ကို ကြည့်ရင်း နီယန်သည် အလွန် ကျေနပ်ပီတိ ဖြစ်ရလေသည်။
**
ပေကျင်းမြို့၏ အခြားတစ်ဖက်တွင်
မိုမိသားစု နေအိမ်
မိုမိသားစု၏ သခင်မကြီး ဖြစ်သည့် အဖွားအိုမိုသည် လတ်တလောတွင် စားချင်သောက်ချင်စိတ် သိပ်မရှိပဲ ဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူမ၏ မြေးမလေး မိုဟူတျယ်အတွက် စိတ်ပူနေရခြင်းကြောင့် တစ်ကြောင်း အသက်အရွယ် ရလာသည်နှင့်အမျှ ခံတွင်းပျက်လာခြင်းကြောင့် တစ်ကြောင်း မည်သည့် အစားအစာများအား စားသည်ဖြစ်စေ စားမကောင်းဖြစ်နေခဲ့ရသည်။ သူမအတွက် အစားအစာများ အားလုံးသည် ပေါ့ပျက်ပျက်နှင့် အရသာမရှိဖြစ်နေခဲ့သည်။ သူမ၏ အချိန်များ ကုန်ဆုံးတော့မည်လော။
မိုမိသားစု၏ အဖွားဖြစ်သူသည် ဧည့်ခန်းထဲတွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြင့် ထိုင်ကာ တစ်ယောက်ထဲ တွေးတော နေခဲ့သည်။
‘မဖြစ်ဘူး ငါ့မြေးမလေး သက်သာလာတာကို ငါမမြင်ရသေးဘူး ငါ အရင်ဆုံး လဲကျသွားလို့ မဖြစ်ဘူး’
ထိုအချိန်တွင် အိမ်ဖော်တစ်ယောက် ရောက်လာကာ တိုးတိုးလေး ပြောလေသည်။
“သခင်မကြီး တစ်နေကုန် ဘာမှမစားရသေးဘူးနော် ဒါက မီးဖိုချောင်ကနေ သခင်မကြီးအတွက် ပြင်ဆင်ပေးထားတဲ့ ဂျင်ဆင်းစွပ်ပြုတ်ပါ နည်းနည်းလောက်တော့ သောက်လိုက်ပါဦး မဟုတ်ရင် ခန္ဓာကိုယ်က ခံနိုင်မှာ မဟုတ်လောက်ဘူး”
“ကောင်းပြီလေ”
မိုမိသားစု၏ သခင်မကြီး ခေါင်းညိတ်လိုက်သည်။ သူမသည် ပန်းကန်လုံးကို ကိုင်လိုက်ပြီး ဂျင်ဆင်းစွပ်ပြုတ်အား တစ်ငုံသောက်လိုက်ရုံရှိသေးသည် မျက်မှောင်ကြုတ် မိသွားလေသည်။ ပျို့အန်ချင်စိတ် ဖြစ်ပေါ်လာပြီးနောက် ဂျင်ဆင်းစွပ်ပြုတ်အား ထွေးထုတ်လိုက်လေသည်။
“ယူသွားလိုက်တော့”
သူမသည် လက်ကို အားမပါဘဲ ဝှေ့ယမ်းကာ ပြောလိုက်သည်။ အိမ်ဖော်လေးသည် မပျော်မရွှင်ဖြင့် ဗန်းကို ယူကာ ပြန်ဆင်းသွားတော့သည်။
ထိုအချိန်မှာပင် အပြင်ဘက်မှ ဝတ်စုံပြည့်နှင့် သားရေဖိနပ် စီးထားသော လူငယ်တစ်ဦး ဝင်လာခဲ့သည်။ အိမ်ဖော်လေးအား မြင်သောအခါ သူသည် လေသံအေးအေးဖြင့် မေးလိုက်သည်။
“အဖွား ဘာဖြစ်လို့လဲ နေမကောင်းဘူးလား”
အိမ်ဖော်လေး သက်ပြင်းချလိုက်သည်။
“သခင်မကြီးက ဒီရက်ပိုင်း စားချင်သောက်ချင်စိတ် သိပ်မရှိဘူး ဖြစ်နေတယ် ဘာဆို ဘာမှကို မစားနိုင်ဖြစ်နေတာ ဒါက အခုမှ မီးဖိုချောင်ကနေ ပို့လာတဲ့ ဂျင်ဆင်းစွပ်ပြုတ်ပါ ဒုတိယသခင်လေး တစ်ခုခုတော့ စဉ်းစားကြည့်ပါဦး”
ဤအမျိုးသားသည် မိုမိသားစု၏ ဒုတိယသမီး ၏ သားဖြစ်သူ ဆုန်းပေချန် ဖြစ်သည်။ ဖြောင့်မတ်ကာ စည်းကမ်းကြီးသော ဤမိသားစုတွင် ဆုန်းပေချန်သည် ခြွင်းချက်တစ်ခု ဖြစ်လာခဲ့သည်။ သူသည် စီးပွားရေးသမား တစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် အလွန်အောင်မြင်နေသည့် သူတစ်ဦးလည်း ဖြစ်ပေသည်။
သူ၏ အသက်နှစ်ဆယ် အစောပိုင်းကာလတွင်ပင် ရှိနေဆဲ ဖြစ်သော်ငြားလည်း ပိုင်ဆိုင်မှုမှာ ဆယ်သန်းကျော် ရှိနေပြီဖြစ်ကာ စစ်မှန်သော ဘီလျံနာတစ်ဦးလည်း ဖြစ်ပေသည်။ ထိုစကားအား ကြားချိန်တွင် ဆုန်းပေချန်၏ နောက်မှ လိုက်ပါလာသော လက်ထောက်မှ ပြောဆိုလိုက်သည်။
“ဒေါ်လေးဝူ သခင်မကြီးက စားချင်သောက်ချင်စိတ် မရှိဖြစ်နေတာလား”
“ဟုတ်ပါတယ်”
အိမ်ဖော်လေးမှ ခေါင်းညိတ်လိုက်သည်။ ထို့နောက် လက်ထောက်မှ ပြောလိုက်လေသည်။
“ဒုတိယသခင်လေး သခင်မကြီးက ခေါက်ဆွဲကြိုက်တာကို ကျွန်တော် သတိရတယ် ယုထစ်လမ်းမှာ ထူးခြားတဲ့ စားသောက်ဟန်နဲ့ အရသာမှာ ပြိုင်ဘက်ကင်းလို့ ပြောလို့ရတဲ့ အရမ်း အရသာ ရှိတဲ့ ခေါက်ဆွဲဆိုင်လေး တစ်ဆိုင်ရှိတယ် မနက်တိုင်း လူရာချီပြီး တန်းစီကြတာ မနက်ဖြန်မနက်ကျရင် သခင်မကြီးအတွက် တစ်ပွဲလောက် သွားဝယ်ပေးလိုက်ရမလား စားချင်စိတ် များ ပြန်ရှိလာမလားလို့ပါ”
“လမ်းဘေးဆိုင်လား”
ဆုန်းပေချန် မျက်မှောင်အနည်းငယ် ကြုတ်သွားလေသည်။ ဂျင်ဆင်းစွပ်ပြုတ်ကိုပင် မျိုမချနိုင်သည့် အဖွားဖြစ်သူသည် လမ်းဘေးအစားအစာအား စားနိုင်ပါ့မည်လား။ ထို့အပြင် ထိုဆိုင်မှ အစားအစာများသည်လည်း စားဖို့ စိတ်ချရနိုင်ပါမည်လော။
“သန့်ရှင်းမှုကော ရှိရဲ့လား”
လက်ထောက်မှ ပြုံးလျှက် ပြောလိုက်သည်။
“ဒုတိယသခင်လေး အဲဒီဆိုင်လေးကို အပြင်ပန်းကြည့်ပြီး မဆုံးဖြတ်ပါနဲ့ ဈေးနှုန်းတွေက မကြီးပေမယ့် သူ့ဆိုင်က ခေါက်ဆွဲက တကယ်ကို အရသာရှိတာ ကျွန်တော် ငယ်ငယ်ကတည်းက ဒီလောက် အရသာကောင်းတဲ့ ခေါက်ဆွဲမျိုး တစ်ခါမှ မစားဖူးဘူး”
ဆုန်းပေချန်သည် ဆိုဖာပေါ်တွင် ဖြူဖပ်ဖြူရော်ဖြင့် အားမရှိသလို ထိုင်နေသည့် သူ၏ အဖွားဖြစ်သူအား လှမ်းကြည့်လိုက်သည်။ ခေတ္တမျှ တုံ့ဆိုင်းတွေဝေ သွားပြီးနောက် သူ ပြန်ပြောလိုက်သည်။
“ဒါဆိုလည်း မင်းကိုပဲ ဒုက္ခပေးရတော့မယ် မနက်ဖြန်မနက်ကျရင် အဖွား မြည်းကြည့်လို့ ရအောင် ခေါက်ဆွဲတစ်ပွဲလောက် သွားဝယ်ပေးပါအုန်းကွာ”