← Chapters

အခန်း (၄၅)

Vol. 3 Ch. 45

အခန်း (၄၅)

Vol. 3 Ch. 45

လီကုန်းချန် ရောက်လာသည်အား မြင်သော် အဖွားမိုသည် နွားနို့ခွက်အား စားပွဲခုံ ပေါ်သို့ တင်လိုက်ပြီးနောက် ကြင်နာစွာ ပြောလေသည်။

“ရှောင်လီ ရောက်လာပြီပဲ ထိုင်ပါဦး”

လီကုန်းချန် အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

“မထိုင်တော့ပါဘူး သခင်မကြီး ဒုတိယသခင်လေးက ၁၀ နာရီမှာ ဂွမ်ဂွမ်ကို လေယာဉ်ခရီးစဉ် ရှိလို့ပါ ဒီနေ့ ဒရိုင်ဘာ ဦးလေးဝမ်က မရှိတော့ ကျွန်တော်က သူ့ကို လေဆိပ်လိုက်ပို့ပေးရမှာပါ ခေါက်ဆွဲကို ပူတုန်းလေး စားလိုက်ပါဦးနော် ကြာရင် ပွပြီး ကပ်ကုန်လိမ့်မယ်”

“ဂွမ်ဂွမ် ဟုတ်လား”

အဖွားမို မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။

“ဝေးလိုက်တာ အဲ့ဆို သူ ဘယ်တော့ ပြန်လာမှာလဲ”

လီကုန်းချန် ဆက်လက်၍ ပြောလိုက်သည်။

“စာချုပ်လက်မှတ်ထိုးရုံပါပဲ နေ့ချင်းပြန် လာလို့ရပါတယ်”

“အော်”

အဖွားမို ခေါင်းညိတ်လိုက်ကာ သက်ပြင်းချလိုက်သည်။

“အခုခေတ် သယ်ယူပို့ဆောင်ရေးတွေက အရမ်းတိုးတက်နေပြီပဲ လွန်ခဲ့တဲ့ ဆယ်နှစ်ကဆို ဂွမ်ဂွမ်ကိုသွားဖို့ သုံးရက်ငါးရက်လောက် ကြာတာ အခုတော့ သွားပြီးရင် နေ့ချင်းပြန်တောင် ပြန်လာလို့ရပြီ အိပ်မက်မက်နေသလိုပဲ”

ပေကျင်းနှင့် ဂွမ်ဂွမ် အကြား အကွာအဝေးမှာ ကီလိုမီတာ နှစ်ထောင်တစ်ရာကျော် ရှိလေသည်။ လီကုန်းချန် ခေါင်းကို ကုတ်လိုက်မိသည်။

“တကယ်ပါပဲ ကျွန်တော်တို့ တရုတ်ပြည်ကြီးက ပိုပိုပြီး အင်အားကြီးလာပြီ အနာဂတ်မှာ ပိုကောင်းပြီး တိုးတက်လာဦးမှာပါ”

သူ ဆက်ပြောလိုက်သည်။

“သခင်မကြီး ဒီခေါက်ဆွဲ အရသာက တကယ်ကောင်းပါတယ် ပူတုန်းလေး စားလိုက်ပါဦး အော် အဲဒီထဲမှာ အိမ်လုပ် ငရုတ်သီးဆော့စ်လည်း ပါတယ် အစပ်ကြိုက်ရင် ထည့်စားလို့ရပါတယ် ကျွန်တော် သွားတော့မယ်နော် အားတဲ့အချိန်မှ လာလည်ပါဦးမယ်”

“ကောင်းပါပြီ သွားပါတော့ မင်းအလုပ်က ပိုအရေးကြီးပါတယ်ကွယ်”

အဖွားမိုသည် ပြုံးလျှက် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ လီကုန်းချန် ထွက်သွားပြီးနောက် အဖွားမိုသည် အနည်းငယ် သက်ပြင်းချလိုက်ကာ အပူထိန်းချိုင့်အား လှမ်း၍ ကြည့်လိုက်သည်။ သူမသည် တစ်ချိန်တုန်းက ခေါက်ဆွဲစားရသည်အား နှစ်သက်ခဲ့သော်လည်း တစ်သက်လုံး စားလာခဲ့ရပြီးနောက် ၎င်းတို့အား ငြီးငွေ့နေပြီဖြစ်သည်။ သူမ၏ ခေါက်ဆွဲအား ကြောင်ကို ကျွေးလိုက်ရန် စဉ်းစားလိုက်မိသော်လည်း ၎င်းမှာ မြေးဖြစ်သူ၏ စေတနာဖြစ်ကြောင်း သတိရလိုက်မိသည်။ ကြောင်အား ကျွေးလိုက်လျှင် ပေချန် မည်မျှ စိတ်ထိခိုက် သွားလိမ့်မည်နည်း။

သူမသည် အဖွားကောင်း တစ်ယောက် ဖြစ်သည့် အတွက် မြေးဖြစ်သူ၏ စိတ်အား ထိခိုက်စေမည့် မည်သည့် အရာမျိုး အဆို သူမ မလုပ်နိုင်ပေ။

ဤအတွေးများဖြင့် အဖွားမိုသည် အပူထိန်းချိုင့်အား ဖွင့်လိုက်တော့သည်။ အဖုံးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ဆွဲဆောင်မှုရှိသော ရနံ့တစ်ခု မျက်နှာသို့ လာရောက် ရိုက်ခတ်ပြီးနောက် စားချင်စိတ်အား ချက်ချင်း နိုးကြားသွားစေသည်။

အဖွားမို၏ မျက်နှာတွင် အံ့သြမှုများ ပြည့်နှက်သွားခဲ့သည်။ ခေါက်ဆွဲတစ်ပွဲသည် သူမ၏ မျှော်လင့်ချက်များအား လုံးဝ ကျော်လွန်နေခဲ့လေသည်။ ရွှေရောင်ဟင်းရည် ခေါက်ဆွဲပေါ်တွင် နူးညံ့သော ငါးအသားလွှာဖြူဖြူများနှင့် အချဉ်တည်ထားသော ဂေါ်ဖီထုပ်များ ရှိနေခဲ့ပြီး နှမ်းဖြူနှင့် နံနံပင်များ ဖြူးထားသည်။ အနံ့ရလိုက်ရုံနှင့် သွားရည်ယိုသွားစေသည်။

ပုံမှန်အားဖြင့် ခံတွင်းပျက်နေတတ်သော အဖွားမိုသည် ရုတ်တရက် စားချင်စိတ် ပြင်းပြလာခဲ့သည်။ သူမသည် လတ်ဆတ်ပြီး ချဉ်ပြုံးပြုံး အရသာရှိသော ငါးချဉ်ဟင်းရည်အား အပြည့်အဝ စုပ်ယူထားသည့် ခေါက်ဆွဲများကို တဖူးဖူးမှုတ်ကာ စားသောက်လေတော့သည်။ စွဲမက်ဖွယ်ကောင်းလောက်အောင် အလွန် အရသာ ရှိလှပေသည်။ တစ်လုတ်စားကြည့်လိုက်ရုံနှင့် နောက်တစ်လုတ် ထပ်စားချင်လာပြီး မိမိလျှာကိုပင် ဝါးစားမိမတတ် ခံစားလိုက်ရသည်။

မကြာမီပင် အဖွားမိုသည် ချွေးများရွှဲလာပြီးနောက် မျက်နှာများ နီရဲလာကာ ယခင်က ပျောက်ဆုံးနေသော ခွန်အားများ ဖြည်းဖြည်းချင်း ပြန်လည်ပြည့်ဖြိုးလာခဲ့သည်။ သူမသည် ယခင်ကထက် ပိုမို၍ လန်းဆန်းတက်ကြွလာပုံ ပေါ်လေသည်။

အိမ်ဖော်မလေး ကြက်ပေါင်းစွပ်ပြုတ် လာပို့သောအခါ အံ့အားသင့် သွားခဲ့လေသည်။ ဤသည်မှာ အမှန်တကယ်ပင် သခင်မကြီးမို စားသောက်နေခြင်း ဖြစ်နိုင်ပါမည်လား။

“သခင် သခင်မကြီး”

အိမ်ဖော်မလေးသည် အဖွားမိုအား ကြောင်အမ်းအမ်း အမူအရာဖြင့် ကြည့်နေမိသည်။ သခင်မကြီးမိုသည် အစားအသောက်အား ယခုကဲ့သို့ မြိန်ရေရှက်ရေ စားနေတာအား မမြင်တွေ့ခဲ့ရသည်မှာ အချိန် မည်မျှ ကြာခဲ့လေပြီ ဖြစ်သနည်း။ အဖွားမိုသည် ခေါင်းမမော့ဘဲ ပြောလိုက်လေသည်။

“စွပ်ပြုတ်ကို အဲဒီမှာပဲ ထားလိုက် ငါ ခဏနေမှ သောက်မယ်”

“ဟုတ် ဟုတ်ကဲ့”

အိမ်ဖော်မလေးသည် ကြက်ပေါင်းစွပ်ပြုတ်အား စားပွဲပေါ်သို့ တင်ထားလိုက်လေတော့သည်။

စားသောက်ပြီးသွားသောအခါ အဖွားမိုသည် အပူခံချိုင့်ထဲမှ ခေါက်ဆွဲဟင်းရည်အား မော့သောက်လိုက်ပြီးနောက် အိမ်ဖော်မလေးအား ကြည့်ကာ မတင်းတိမ်နိုင်ဟန် မျက်နှာထားဖြင့် ပြောလိုက်သည်။

“ဒေါ်လေးဝူ ငါ့ကို ခေါက်ဆွဲ နောက်တစ်ပွဲလောက် ထပ်ယူပေးပါဦး”

အဖွားမိုသည် အစားအသောက်မက်မောသူ တစ်ဦးမဟုတ်သော်လည်း ဤခေါက်ဆွဲ၏ ဖမ်းစားခြင်းအား ခံလိုက်ရပြီး ဖြစ်လေသည်။

ရိုးရှင်းလှသည့် ခေါက်ဆွဲတစ်ပွဲသည် ဤမျှ အရသာရှိနိုင်ကြောင်း သူမ တစ်ခါမှ မသိခဲ့ဖူးပေ။ ငါးပါဝင်သော်လည်း ညှီနံ့ အနည်းငယ်မျှပင် မရရှိဘဲ အသားမှာ မယုံနိုင်လောက်အောင် နူးညံ့လှပေသည်။ ထိုအခါမှသာ ဒေါ်လေးဝူသည် အံ့သြတကြီးဖြင့် ပြောလိုက်ရသည်။

“သခင်မကြီး မီးဖိုချောင်ကို ခေါက်ဆွဲပြုတ်ခိုင်းလိုက်ရမလား”

ထိုအခါမှသာ ခေါက်ဆွဲများအား အပြင်မှ ဝယ်ယူလာခြင်းဖြစ်ကြောင်း အဖွားမို ပြန်လည်၍ သတိပြုမိသွားတော့သည်။ သူမသည် ရယ်မောလိုက်ကာ ပြောလိုက်သည်။

“ထားလိုက်ပါတော့ ငါတို့မီးဖိုချောင်က ဒီလောက် အရသာရှိအောင် မလုပ်တတ်ပါဘူး ငါ ပေချန်ကိုပဲ ဖုန်းဆက်လိုက်တော့မယ်”

ထိုသို့ပြောပြီးနောက် အဖွားမို ဖုန်းခေါ်လိုက်တော့သည်။ ဖုန်းဝင်သွားသည်နှင့် တစ်ပြိုင်နက် အဖွားမို မစောင့်နိုင်တော့ဘဲ ပြောလိုက်သည်။

“ပေချန်ရေ ရှောင်လီ လာပို့တဲ့ ခေါက်ဆွဲက အရမ်းအရသာရှိတာပဲ အဖွား ရဲ့ တစ်သက်တာ နေလာခဲ့သမျှ ဒီလောက်ကောင်းတဲ့ ခေါက်ဆွဲမျိုး တစ်ခါမှ မစားဖူးခဲ့ဘူး ရှောင်လီကို နောက်တစ်ပွဲလောက် ထပ်ပို့ပေးဖို့ ပြောပေးပါလားကွယ်”

တစ်ပွဲတည်းဖြင့် ရိုးရှင်းစွာ မလုံလောက်ပါပေ။ အဖွားမို ဆာလောင်နေသေးသော်လည်း ပန်းကန်လုံးမှာ ပြောင်သလင်းခါ နေပြီဖြစ်သည်။ တစ်ဖက်မှ ပေချန်သည်လည်း အနည်းငယ် အံ့သြသွားပြီးနောက် ညင်သာစွာ ပြန်လည် ပြောဆိုလိုက်သည်။

“ဟုတ်ကဲ့ပါ အဖွား ခဏစောင့်နော် ကျွန်တော် ရှောင်လီကို အခု ပြောလိုက်မယ်”

ဖုန်းချပြီးနောက် ပေချန် စဉ်းစားမရ ဖြစ်နေခဲ့သည်။ မည်ကဲ့သို့ ခေါက်ဆွဲမျိုးသည် သူ၏ အစားရွေးတတ်သည့် အဖွားအား ယခုလောက်ထိ ချီးမွမ်းပြောဆိုစေသနည်း။

ဆိုင်ငယ်လေးမှာ ရောင်းသည့် လိုင်စင်မဲ့ ခေါက်ဆွဲသည် အမှန်တကယ် ဤမျှ အရသာရှိနိုင်မည်လား။

ကလေးများကဲ့သို့ လူကြီးများသည်လည်း အဆန်းအပြားအား ကြိုက်နှစ်သက်ကြသည်မှာ သေချာပေသည်။ ဖြစ်နိုင်သည်မှာ ဤခေါက်ဆွဲသည် မည်သည့် ထူးခြားမှုမှ မရှိဘဲ ဆန်းသစ်မှုတစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ပေချန် သူ့နားထင်ကို ထိလိုက်ကာ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်လျှက် မတတ်သာသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

နေရောင်ခြည်သည် ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်လာပြီးနောက် သူ့အပေါ်သို့ ရွှေရောင်အလင်းကွင်းတစ်ခု ကဲ့သို့ ကျရောက်နေခဲ့သည်။ ပန်းချီကားတစ်ချပ်အလား အရာအားလုံးသည် စစ်မှန်ပုံမရဘဲ လှပနေခဲ့သည်။

ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့ကာ ဆွဲဆောင်မှုရှိသည့် လူကြီးလူကောင်း.....

ဤသည်မှာ သေချာပေါက် ပေချန်လို လူမျိုးအား ရည်ညွှန်းခြင်း ဖြစ်ပေမည်။

ဖုန်းချပြီးနောက် အဖွားမိုသည် ဆိုဖာပေါ်တွင် ထိုင်ကာ လီကုန်းချန် ခေါက်ဆွဲ လာပို့မည့်အချိန်အား စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့သည်။ ထိုအမူအရာအား မြင်သော် ဒေါ်လေးဝူသည် ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

“သခင်မကြီး သခင်လေးကျိုးက တကယ်ကို စာနာတတ်ပြီးတော့ လိမ္မာတဲ့ ကလေး တစ်ယောက်ပါပဲ သခင်မကြီး ဒီလောက် ပျော်ပျော်ရွှင်ရွှင် စားသောက်တာကို မမြင်ရတာ နှစ်တွေကြာခဲ့ပြီ”

အဖွားမိုသည်လည်း ပြုံးရွှင်စွာ ပြန်လည် ပြောကြား လိုက်သည်။

“ပေချန်က အမြဲတမ်းလိုလို တွေးခေါ်မြော်မြင်တတ်ပါတယ်လေ”

သူမ၏ စကားမဆုံးခင် မှာပင် ဖုန်းမြည်လာခဲ့သည်။ ဒေါ်လေးဝူသည် ဖုန်းကိုင်ရန် အမြန်ပြေးသွားလိုက်သည်။ သို့သော် သူမ နားထောင်နေရင်း မျက်နှာထား တစ်မျိုး ပြောင်းသွားခဲ့သည်။ ဖုန်းချပြီးနောက်တွင် အဖွားမို ချက်ချင်း မေးမြန်းလိုက်သည်။

“ဘာဖြစ်လို့လဲ ဒေါ်လေးဝူ”

ဒေါ်လေးဝူသည် အဖွားမိုအား ရှုပ်ထွေးတွေဝေသည့် အမူအရာဖြင့် ကြည့်ပြီး နောက်တွင် ပြောပြလိုက်လေသည်။

“သခင်လေးကျိုး ဖုန်းဆက်တာပါ ခေါက်ဆွဲဆိုင်က ဒီနေ့အတွက် ပိတ်သွားပြီတဲ့ မနက်ဖြန်မနက်မှပဲ ရှောင်လီကို ယူလာခိုင်းလို့ ရတော့မယ်တဲ့”

ထိုသည်အား ကြားချိန်တွင် အဖွားမိုသည် စိတ်ပျက်သွားသည့်ပုံဖြင့် ပြောလိုက်သည်။

“အာ ဟုတ်လား”

ဒေါ်လေးဝူ ခေါင်းညိတ်လိုက်သည်။

“သခင်လေးကျိုးက အဲဒီလို ပြောပါတယ်”

ထို့နောက် သူမသည် ကြက်ပေါင်းစွပ်ပြုတ်အား အဖွားမိုထံ ကမ်းပေးလိုက်လေသည်။

“ကြက်ပေါင်းစွပ်ပြုတ်လေး အရင်သောက်လိုက်ပါဦး”

အရသာရှိသော ငါးချဉ်စပ်ခေါက်ဆွဲအား မြည်းစမ်းဖူးသွားသည့် အဖွားမိုသည် ကြက်ပေါင်းစွပ်ပြုတ်အား တစ်ငုံ၏ တစ်ဝက်ခန့်ပင် မသောက်နိုင်တော့ပါချေ။ သူမ လက်ဝှေ့ယမ်းကာ ပြောလိုက်လေသည်။

“ကြက်ပေါင်းစွပ်ပြုတ်ကို ထားလိုက်ပါတော့ ဆန်ပြုတ်နဲ့ အချဉ်နည်းနည်းလောက် သွားယူပေးပါ”

“ဟုတ်ကဲ့”

ဒေါ်လေးဝူ လှည့်ထွက်သွားလေသည်။ မကြာမီ ဒေါ်လေးဝူသည် ဆန်ပြုတ်နှင့် အချဉ်များကို ယူဆောင်လာသည်။ အစောပိုင်းက စားခဲ့သော ငါးချဉ်စပ်ခေါက်ဆွဲသည် ခံတွင်းဖွင့်ပေးလိုက်သောကြောင့် အဖွားမိုသည် ဆန်ပြုတ်အား အလွန်အရသာရှိစွာ စားသောက်လေတော့သည်။ သူမ၏ စားချင်သောက်ချင်စိတ်သည် ပုံမှန်ထက် များစွာ ပိုကောင်းနေခဲ့ကာ သူမ၏ စိတ်ကိုလည်း ရွှင်လန်းတက်ကြွစေလေသည်။

စားသောက်ပြီးနောက် အဖွားသည် နောက်ဖေးဥယျာဉ်ထဲတွင် လမ်းလျှောက်ထွက်လေသည်။ အဖွားမို၏ စားသောက်ချင်စိတ် နည်းပါးမှုသည် မိုမိသားစုရှိ လူတိုင်းအတွက် အမြဲတမ်း စိုးရိမ်စရာဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် ကျန်းမာသော ခန္ဓာကိုယ်ရရှိရန် အတွက် ကောင်းမွန်စွာ စားသောက်နိုင်ရန် လိုအပ်သည် မဟုတ်ပါလော။

ကောင်းကောင်းစားပါ ထို့သို့ စားသောက်နိုင်လျှင် ကျန်းမာရေးသည် နှစ်ဆ ပိုကောင်းလာလိမ့်မည်။ ဒေါ်လေးဝူသည် ဤသတင်းအား မျှဝေရန် အတွက် မိုမိသားစုဝင်များ အားလုံးကို စိတ်လှုပ်ရှားစွာ ဖုန်းဆက်လေတော့သည်။

All Chapters