← Chapters

သံသယများ

Vol. 3 Ch. 33

သံသယများ

Vol. 3 Ch. 33

အားယွီလေး ခေါင်းခါလိုက်သည်။

"မတိုက်ပါဘူး"

သူမသည် သူတို့ကို စိတ်ဝိဉာဉ် စမ်းရေ များ ရောစပ်ထားသည့် ပဲနို့များကိုသာ တိုက်လိုက်ခြင်း ဖြစ်သည်။ အကယ်၍ ကျွမ်းကျင်သူ တစ်ဦး သာဆိုလျှင် ပဲပိစပ် ၁ ကတ်တီကို ပဲနို့ ၁၀ ကတ်တီ ရရှိရန် ကျိုချက်နိုင်ကာ ပဲအရသာသည်လည်း ပျက်ပြယ်သွားမည် မဟုတ်ပေ။

အဖွားအိုဝမ်သည် ပဲပိစပ် ၁၀ ကတ်တီကျော်ကို ထုတ်ယူကာ ပဲနို့ ၃၀၀ ကတ်တီ နီးပါး ရအောင် ကျိုချက်နိုင်ခဲ့သည်။ ထို ပဲနို့အိုးကြီး သုံးအိုးလုံးအား အိမ်တိုင်းစေ့ လိုက်လံ ဝေငှခဲ့လေရာ လူတိုင်းနီးပါး တစ်ငုံစီလောက် သောက်နိုင်ခဲ့ကြသည်။ သဘာဝကျစွာပင် သူတို့အားလုံး ဝမ်းပျက်ဝမ်းလျှော ဖြစ်ကုန်ကြတော့သည်။

ရွာလူကြီးဟူ သည်လည်း ပဲနို့ အနည်းငယ် သောက်ခဲ့မိလေရာ သူသည် အမှန်တကယ်ပင် တောင့်ခံထားချင်သေး၏။ အနည်းဆုံးတော့ ဘေးအန္တရာယ် ကယ်ဆယ်ရေး လာလုပ်ပေးသော အရာရှိများအား အထင်သေးစရာဟု မဖြစ်စေချင်ပေ။ သို့သော် နောက်ဆုံးတွင်တော့ သူ တကယ် မအောင့်ထားနိုင်တော့ပေ။ သူ၏မျက်နှာကြီး စိမ်းပုပ်နေပြီ ဖြစ်ကာ အလျှင်အမြန် ပြောလိုက်သည်။

"အရာရှိမင်းတို့ တကယ်ပဲ တောင်းပန်ပါတယ်ဗျာ"

ထို့နောက် ဗိုက်ကို လက်ဖြင့်ဖိကာ အလျင်အမြန် ထွက်ပြေးသွားလေတော့သည်။ အရာရှိများ၏ မျက်နှာ အမူအရာများမှာလည်း အလွန် စိတ်ဝင်စားစရာ ကောင်းနေသည်။ ဒီရွာမှ ရွာသားများ မည်သို့ ဖြစ်နေကြသနည်း။

သူတို့အားလုံး အဆိပ်မိသွား ကြသည်လား။ ခေါင်းဆောင် အရာရှိကြီး၏ မျက်နှာမှာ ပျက်ယွင်းနေခဲ့ကာ မနေနိုင်တော့ပဲ မေးမြန်းလိုက်သည်။

"အရှင် ... ဆရာကျောင်း ဘယ်လိုထင်လဲဗျ"

ဒီရွာတွင် ထူးဆန်းတာ တစ်ခုခုတော့ ရှိနေပြီ ဖြစ်သည်။

ကျောင်းကျန်းသည် ထိုသူတို့အား ကြည့်နေရင်းဖြင့် သူ ပြန်မတွေးချင်သော အတိတ်က အဖြစ်အပျက်တချို့ကို ပြန်လည်အမှတ်ရလာခဲ့သည်။

"ကိစ္စမရှိပါဘူး အဆင်ပြေပါတယ် ကြည့်ရတာ သူတို့ အဆိပ်မိတဲ့ပုံလဲ မပေါ်ပါဘူး"

သူတို့၏ မျက်နှာ အမူအရာများမှာ နာကျင်နေပုံမရဘဲ ဗိုက်နာရုံ သက်သက်သာ ဖြစ်ပုံရသည်။ အဘိုးအိုဝမ်၏ မိသားစုဝင်များသာ ကျန်ရှိနေတော့သည်။ သူတို့က စိတ်ဝိဉာဉ် စမ်းရေကို သောက်ထားဖူးပြီးဖြစ်၍ ဝမ်းထဲမှ အညစ်အကြေးများ စင်ကြယ်အောင် စွန့်ထုတ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် သည်းခံနိုင်စွမ်း ရှိနေကြခြင်း ဖြစ်သည်။

စိတ်ဝိဉာဉ် စမ်းရေသည် သက်စောင့်စွမ်းအားကို ပြန်လည်ရရှိစေရန် အသုံးပြုသည်။ ထိခိုက်ပျက်စီးနေသော ခန္ဓာကိုယ်များအတွက် သောက်သုံးလိုက်လျှင် အကျိုးသက်ရောက်မှုက အလွန် သိသာထင်ရှားလှပေသည်။ အကယ်၍ ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာ မရှိသူများ သောက်သုံးပါကလည်း ခန္ဓာကိုယ်အား သန်စွမ်းစေပြီး နားနှင့် မျက်စိ အာရုံများကို ပိုမို၍ ထက်မြက်စေနိုင်သည်။

အဖွားအိုဝမ်က ပြောလိုက်သည်။

"အရာရှိမင်းတို့ လမ်းလျှောက်လာရတာ ပင်ပန်းနေကြပြီ ထင်တယ် လာပါ အရင် နားလိုက်ကြပါဦး ကျွန်မ ပဲနို့ သွားယူလာပေးပါ့မယ်"

ရွာသားများ အကုန် ထွက်ပြေးသွားကြပြီ ဖြစ်ရာ ဧည့်သည်များအား ဧည့်ခံရန် အဖွားအိုဝမ် တစ်ယောက်သာ ရှေ့ထွက် လာရတော့သည်။ အိမ်တွင် ပဲနို့ ပုံး တစ်ဝက်လောက် ကျန်နေသေးကို သတိရလိုက် ပြီးနောက် ကောင်လေး တစ်ယောက်ကို ချက်ချင်း လက်ညှိုးထိုးပြကာ သွားသယ်ခိုင်းလိုက်သည်။

ကျောင်းကျန်းက မလိုပါဘူးဟု ပြောချင်သော်လည်း သူ့အနောက်မှ အရာရှိများမှာ အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်ကို မြင်လိုက်ရသည်။။ ထို့အပြင် ယခုလမျိုးတွင် ပဲနို့သည် ရှားပါးပစ္စည်း ဖြစ်နေသေးသည်။

ဘေးဒုက္ခ ရောက်နေချိန်တွင် အချိန်ကြာမြင့်စွာ သိုလှောင်ထားနိုင်သော အစားအစာမှာ အလွန် နည်းပါးသည်။ အဘိုးအိုဝမ်၏ မိသားစု (၇) ယောက်လုံးသည် ဝမ်ချွမ်းမန် ပဲနို့ပုံးအား သယ်ဆောင်လာသည်ကို ကြည့်နေကြပြီး အရာရှိများ သစ်သားခွက်ဖြင့် တစ်ယောက်တစ်ခွက် ခပ်သောက်နေကြသည်ကို ငေးကြည့်နေကြသည်။

ဝမ်ဝူလန် သံသယစိတ်ဖြင့် မေးမြန်းလိုက်သည်။

"ညီမလေး အားယွီ နင် ပဲနို့ထဲကို ရေတွေ ထည့်ထား လိုက်သေးတာလား"

အားယွီလေးက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ မျက်နှာတွင် လေးစားကာ ချီးကျုးနေသဖွယ် အမူအရာလေး ပေါ်ပေါက်နေတော့သည်။

"ကိုကိုငါး က အရမ်းတော်တာပဲ"

သူသည် ဦးဆုံး စဉ်းစားမိသူ ဖြစ်နေသည်။ ဝမ် မိသားစု ညီအစ်ကို (၇) ယောက်လုံး ဆွံ့အသွားကြသည်။ ထို့နောက် အရာရှိ အုပ်စု တစ်ခုလုံး အိမ်သာကျင်း လိုက်ရှာနေကြသည်ကို သူတို့သည် လက်မှိုင်ချလျှက် အကူညီမဲ့စွာဖြင့် ကြည့်နေလိုက်ရတော့သည်။

ကျောင်းကျန်းတစ်ယောက်သာ မနည်း တောင့်ခံပြီး မတ်တပ်ရပ်နေနိုင်သည်။ သူက မသေချာ မရေမရာသည့် ဟန်ဖြင့် မေးလိုက်သည်။

"ခင်ဗျားတို့ရဲ့ ပဲနို့ကို ကျက်အောင် မချက်ထားကြတာလား"

အဖွားအိုဝမ် ပြန်ဖြေလိုက်သည်။

"အဲဒီလိုတော့ မဖြစ်သင့်ပါဘူးရှင်"

ကောင်းစွာ ဆူပွက်နေသည်အား သူမမှတ်မိနေသေးသည်။ ထိုအချိန်တွင် အဖွားအိုဝမ်သည် ကြောင်တောင်တောင် ဖြစ်နေသော အားယွီလေးကို လှမ်းကြည့်လိုက်ပြီး ချက်ချင်း သဘောပေါက်သွားသည်။

သူမ မျက်လုံးများ ပြူးကျယ်သွားပြီးမှ ပုံမှန် ပြန်ဖြစ်သွားသည်။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက သူမတို့ မိသားစု ဝမ်းသွားပြီးနောက် ခန္ဓာကိုယ်တွေ ပေါ့ပါးလန်းဆန်းသွားသည်ကို သူမ ပြန်လည်၍ သတိရလိုက်မိသည်။ အထူးသဖြင့် အိပ်ရာထဲ လဲနေသော ဒုတိယ သားတော်မောင်နှင့် အိမ်က အဘိုးကြီးတို့ဆိုလျှင် ခြေထောက်တွေ ပို၍ သက်သာလာပြီဟုပင် ပြောကြသေးသည် မဟုတ်ပါလော။

သူတို့ စည် အလကား လျှောက်ပြောနေချင်း မဟုတ်ပဲ အမှန် တကယ်ပင် ဖြစ်နေသည်များလား။ အဖွားအိုဝမ် စိတ်ထဲတွင် တွေးတောလိုက်ပြီး အားယွီလေး ရှိရာသို့ တည်ငြိမ်စွာ လျှောက်သွားလိုက်သည်။

သူမသည် ကလေးမလေးကို ဘေးသို့ ဆွဲခေါ်လိုက်ပြီး အတင်းဟန်ဆောင် ပြုံးကာ ပြောလိုက်သည်။

"ကျက်ပါတယ်ရှင် ပွက်ပွက်ကို ဆူနေတာပါ အရာရှိမင်းတို့က ခရီးဝေး နှင်လာရလို့ ပင်ပန်းနေတဲ့အပြင် ပူပူနွေးနွေး ပဲနို့လည်း သောက်လိုက်ရော ခန္ဓာကိုယ်က လက်မခံနိုင်ဖြစ်သွားတဲ့ပုံပဲ"

ကျောင်းကျန်း၏ မျက်နှာထားသည် ‘ခင်ဗျား ကျုပ်ကို လိမ်နေတာမလား’ ဟု ပြောနေသကဲ့သို့ ရှိနေသည်။ သူ၏ ပုံစံသည် ထိုမျှလောက် အလွယ်တကူ အရူးလုပ်လို့ ရမယ့်ပုံ ပေါက်နေသည်များလား။ ထိုစဉ် ရွာလူကြီးဟူ သည် ဝမ်းသွားရာမှ ပြန်ရောက်လာပြီး ပြောလိုက်သည်။

"အရှင် တကယ်ပဲ တောင်းပန်ပါတယ်ဗျာ"

ဗိုက်ထဲမှ အရာအားလုံးကို စွန့်ထုတ်ပြီးနောက် သူ စိတ်လက်ပေါ့ပါးသွားပြီး ခြေလှမ်းများပင် သွက်လက်လာခဲ့သည်။ သူတို့သည် ဝမ်းပျက်နေကျ သာမန်လူများနှင့် မတူညီပေ။ သူတို့သည် များများစားစားလည်း စားမထားသလို ဗိုက်ထဲတွင်လည်း ဘာမှ သိပ်မရှိကြပေ။ ထို့အတွက် အခြေခံအားဖြင့် ဗိုက် ဟာနေသည်သာ ဖြစ်သည်။

(၁၅) မိနစ်ခန့်သာ ကြာမြင့်သောအခါ အခြားသော ရွာသားများသည်လည်း တစ်ယောက်ပြီး တစ်ယောက် ပြန်ရောက်လာကြသည်။ လူတိုင်း၏ အတွေးများလည်း ဆန်းသစ်လာကြသည်။

"ငါ ဒီလောက် ပေါ့ပါးလန်းဆန်းနေတာမျိုး မခံစားရတာ နှစ်တွေ အများကြီး ကြာခဲ့ပြီကွ"

"မင်းပြောမှပဲ လွန်ခဲ့တဲ့ ရက်ပိုင်းက ငါ ဗိုက်ဆာလွန်းလို့ အစာအိမ်တောင် ပျက်စီးသွားပြီ ထင်နေတာ အခုတော့ သိပ်မနာတော့ဘူးဟ"

"ငါ့လက်ကောက်ဝတ်က အားအင်တွေတောင် နည်းနည်း ပြန်ပြည့်လာသလိုပဲ ထူးဆန်းလိုက်တာ"

"မင်းပြောမှပဲ ဟုတ်သလိုလို ရှိတယ် အရင်တုန်းကဆို ငါ အိမ်သာတက်ရင် ၁၅ မိနစ်လောက် ဆက်တိုက် မထိုင်နိုင်ဘဲ ထိုင်ပြီးရင်လည်း ပြန်မထနိုင်တော့ဘူး အခုကျတော့ ခဏလေးနဲ့ ပြီးသွားတယ် "

ကျောင်းကျန်းတိတ်တဆိတ် ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။

ဤသည်မှာ အနံ့အသက်တွေ ထွက်နေတဲ့ ရွာသားတစ်သိုက်ပင် ဖြစ်နေသည်မလား။ ကံကောင်းသည်မှာ အရာရှိများ အလျင်အမြန် ပြန်ရောက်လာကြခြင်း ဖြစ်သည့်အပြင် သူတို့သည်လည်း ပိုမို၍ ပေါ့ပါးလန်းဆန်း သွားကြသည့်တိုင်အောင် ရွာသားများလောက် အာနိသင် မထိရောက်ခဲ့ပေ။ အရာရှိများက ဤကိစ္စကို ဆွေးနွေးချင်နေကြသော်လည်း ကျောင်းကျန်းမှ လက်ကာပြလိုက်သည်။

"ကောင်းပြီ ထားလိုက်တော့ အစားအစာတွေ ဝေပေးလိုက်ကြစို့"

ဒီနေရာမှာ ဆက်ရပ်ပြီး စကားပြောနေရင် သူ အန်မိတော့မလို ခံစားနေရသည်။ ဝမ်နင်မြို့တော်မှ လူများသာ ဤအကြောင်း သိသွားခဲ့လျှင် သူ့အား ဟားတိုက် ရယ်မောကြမည်လား မသိနိုင်ပေ

။

ကျောင်းကျန်း ခွဲဝေချထားပေးသည့်အတိုင်း မိသားစုအားလုံးသည် သူတို့ ရသင့်ရထိုက်သော အစားအစာများအား ရရှိသွားကြတော့သည်။ ဝမ် မိသားစုတွင် လူဦးရေ များပြားသည့်အတွက် အထူးတလည် ဝေစုလကြီးကြီးမားမား ရရှိလိုက်ကြသည်။

သို့သော် အားယွီလေးမှာ ဟူ မိသားစုရွာ၏ အိမ်ထောင်စုစာရင်းတွင် ပါဝင်ခြင်း မရှိသေးပေ။ ရွာလူကြီး ဟူ က အလျင်အမြန် ပြောလိုက်သည်။

"အရှင် ဒီကလေးမလေးကလည်း ကျွန်တော်တို့ရွာကပါပဲ သူက ငယ်သေးတော့ ကျွန်တော်တို့ နာမည်စာရင်း သွင်းဖို့ အချိန်မရသေးလို့ပါ ကြည့်ပါဦး"

အမှန်တကယ်တော့ ရွာတွင် ကလေးများကို အိမ်ထောင်စုစာရင်း သွင်းသူ အလွန်နည်းပါးသည်။ အထူးသဖြင့် အသက် (၇) နှစ်အောက် ကလေးများ ဖြစ်ကြသည်။ ထိုကလေးများသည် ကောင်းမွန်စွာ မကြီးပြင်းနိုင်ဘဲ အရွယ်မရောက်ခင် သေဆုံးသွားတတ်ကြသည်။ အိမ်ထောင်စုစာရင်း သွင်းလိုက်လျှင် အကာအကွယ် အနည်းငယ် ပိုရလာမည် ဆိုသော်လည်း အခွန်အခ ပိုဆောင်ရမည် ဖြစ်သည့်အတွက် မိသားစု တော်တော်များများသည် ထိုဝန်အား မတတ်နိုင်ကြပေ။

မိန်းကလေးများဆိုလျှင် စာရင်းသွင်းဖို့ ပို၍ပင် မဖြစ်နိုင်ပေ။ မိန်းကလေးများသည် အိမ်ထောင်ကျပြီးမှ သူမ၏ မိသားစုက အိမ်ထောင်စုစာရင်း သွင်းပေးခြင်း သို့တည်းမဟုတ် ယောက္ခမအိမ်ဘက်တွင် စာရင်းဝင်ခြင်းသာ ပြုလုပ်လေ့ ရှိကြသည်။

အဘိုးအိုဝမ်၏ မိသားစုမှာတော့ ရွာတွင် ထူးခြားသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။ မိခင်များ မီးတွင်းမှ ထွက်သည်နှင့် တပြိုင်နက် ကလေးအားလုံးကို စာရင်းသွင်းလေ့ ရှိသည်။

ကျောင်းကျန်းသည် ခြွင်းချက်အနေဖြင့် ခွင့်ပြုပေးရန် ဆန္ဒမရှိသော်လည်း ကြင်နာစွာဖြင့် သတိပေးလိုက်သည်။

"လောလောဆယ်တော့ စာရင်းအတိုင်းပဲ သွားကြတာပေါ့ နောက်နှစ်ရက်နေရင် လမ်းမကြီးပေါ်က နှင်းတွေ အရည်ပျော်သွားလိမ့်မယ် အဲဒီအချိန်ကျရင် မြို့နယ်ရုံးကိုသွားပြီး စာရင်းသွားသွင်းလိုက်ပါ"

ဝမ်ချွမ်းမန် အလျင်အမြန် ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ"

သူတို့ သယ်ဆောင်လာသော အစားအစာမှာ အကန့်အသတ် ရှိပေသည်။ လူအများစု အထူးသဖြင့် တရားဝင် အိမ်ထောင်စု စာရင်းဝင်ထားသူများ အားလုံး အစားအစာ ရရှိစေရန် သူတို့ သေချာအောင် ပြုလုပ်ရမည် ဖြစ်သည်။

ထို့နောက် ပိုလျှံသည်များ ရှိမရှိ ကြည့်ရှုပြီးမှ အိမ်ထောင်စုစာရင်း မဝင်ထားသူများကို ရေတွက်ကာ ထိုလူဦးရေများ အတွက် ခွဲဝေပေးမည် ဖြစ်သည်။

ဟူ မိသားစုရွာတွင် အစားအစာများ ဝေငှပြီးနောက် ကျောင်းကျန်းသည် လူများနှင့် ကျန်ရှိနေသော အစားအစာများကို ယူဆောင်ကာ ရှန်းယန်းရွာသို့ ထွက်ခွာ သွားလေတော့သည်။

ရွာနှစ်ရွာကြားတွင် လမ်းခွဲတစ်ခု ရှိသည်။ ပုံမှန်ဆိုလျှင် ကယ်ဆယ်ရေး ပစ္စည်းများသည် ရှန်းရန်ရွာသို့ ဦးစွာ ရောက်ရှိသင့်သော်လည်း ကျောင်းကျန်းသည် ဟူ မိသားစုရွာကို ပိုမို ကူညီချင်သည့်အတွက် ဟူမိသားစု ကျေးရွာဘက်သို့ ဦးစွာ လာရောက်ခဲ့ခြင်း ဖြစ်ပေသည်။

ကျောင်းကျန်းသည် အရာရှိ သုံးဦးအား ချန်ထားရစ်ခဲ့ပြီး ဤနေရာတွင် စောင့်ဆိုင်းနေရန် မှာကြားခဲ့သည်။ သူတို့သည် ကလေးများကို လူသားစားသည် ဆိုသော ကိစ္စရပ်များအား ဦးစွာ စုံစမ်းစစ်ဆေးရမည် ဖြစ်သည်။ ဤကိစ္စကို သေချာစွာ မကိုင်တွယ်နိုင်ပါက ဖုံးကွယ်ထားသော အန္တရာယ်တစ်ခု အဖြစ် အမြဲ ရှိနေပေလိမ့်မည်။

ရွာသားများသည် အစားအစာများ ရရှိပြီးနောက် ပျော်ရွှင်စွာ ပြန်သွားကြသည်။ မနက်ဖြန်တွင် မည်သို့ ဖြစ်လာဖြစ်လာ ယနေ့တွင် ဝလင်အောင် စားသောက် ရပေမည်။ အဖွားအိုဝမ်သည် အားယွီလေးကို တင်းကျပ်စွာ ဆွဲထားပြီး သားများနှင့် မြေးများကို အစားအစာများ သယ်ဆောင်ကာ ပြန်ခိုင်းလိုက်သည်။

အဒေါ်ကျန်း သည် အိမ်ထဲတွင် လှဲနေရာမှ လှမ်းအော်လိုက်သည်။

"အမေရေ ဒီနေ့ ကယ်ဆယ်ရေးကနေ အစားအစာတွေ ရတယ်ဆို ထမင်းအိုး တည်ပြီး စားကြရအောင်လေ"

အဖွားအိုဝမ်က ဒေါသတကြီး ပြန်၍ အော်ဟစ်လိုက်သည်။

"စား စား စား ညည်းက တစ်နေ့ကုန် စားဖို့ပဲ တွေးနေတော့တာပဲ ညည်း ထမင်းစားရမယ့် အလှည့် မရောက်သေးဘူး ဆန်ပြုတ်ပဲ ငြိမ်ငြိမ်လေး သောက်နေလိုက်စမ်းပါ"

အဒေါ်ကျန်း စိတ်ပျက်သွားသည်။ လူမမာတွေကော လူ့အခွင့်အရေး မရှိတော့ဖူးလား

။

ထိုသို့ ပြောလိုက်သော်လည်း အဖွားအိုဝမ်သည် အဒေါ်ဖုန်း ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ဒီည ဆန်ကြမ်း တစ်အိုးလောက် ချက်လိုက်"

မြေးအငယ်လေးများက ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

"ရေး"

အားယွီလေးလည်း သူမ၏ ကိုကိုများအား အတုခိုးကာ လက်သီးလေးများဆုပ်ပြီး ခေါင်းပေါ်မြှောက်လျက် အော်ဟစ်လိုက်သည်။

"ရေး"

အဖွားအိုဝမ်သည် မူလက စိတ်ကြည်နေခြင်း မဟုတ်သော်လည်း သူမလေးကို မြင်လိုက်ရသောအခါ အကူအညီမဲ့စွာဖြင့် မပြုံးပဲ မနေနိုင်တော့ချေ။ သို့သော် သူမ၏ စိတ်အား ထိန်းချုပ်လိုက်ကာ မျက်နှာတည်တည်ဖြင့်သာ နေလိုက်တော့သည်။

အဖွားအိုဝမ်သည် သူမ၏ နဖူးလေးကို ဖွဖွလေး ခေါက်လိုက်ကာ အိမ်ထဲသို့ ဝင်ရန် ပြင်လိုက်သည်။

"ကဲ ကလေးစုတ်လေး မြောက်ကြွ မြောက်ကြွ လုပ်မနေနဲ့ အိမ်ထဲ လိုက်ခဲ့အုန်း"

ပဲနို့နှင့် ပတ်သက်ပြီး ထူးဆန်းနေသည့် ကိစ္စရပ်များကို သူမလေးအား မေးမြန်းရပေဦးမည်။

All Chapters