← Chapters

မေးခွန်းထုတ်ခြင်း

Vol. 3 Ch. 34

မေးခွန်းထုတ်ခြင်း

Vol. 3 Ch. 34

အားယွီသည် အဘွားမှ သူမအား အဘယ်ကြောင့် အိမ်အတွင်းသို့ ခေါ်သည်ကို မသိသော်လည်း နေရာလွတ်ထဲရှိ အသားလုံးလေးမှာမူ အလွန် ထိတ်လန့် တုန်လှုပ်လျှက် ရှိနေလေသည်။ ဤ အဘွားအိုသည် စိတ်ဝိဉာဉ် စမ်းရေအကြောင်းကို သေချာပေါက် မေးမြန်းတော့မည် ဖြစ်သည်။

အားယွီလေးသည် ငယ်လွန်းလှသဖြင့် သူမ၏ လျှို့ဝှက်ချက်များအား မည်ကဲ့သို့ ဖုံးကွယ်ရမည်ကို မသိရှိသေးပေ။ သူမ၏ မိသားစုဝင်များထံမှ ထိုအရာများအား မည်ကဲ့သို့ ဖုံးကွယ်နိုင်လိမ့်မည်နည်း။

အသားလုံးလေးသည် နေရာလွတ်အတွင်းမှ နေ၍ နေ့တိုင်း သောင်းကျန်းကာ ၎င်းရှိနေခြင်းနှင့် နေရာလွတ် အကြောင်းအား လျှို့ဝှက်ထားရန် အားယွီလေးအား မတောင်းဆို မပြောထားခဲ့ပါက အားယွီဆိုသည့် နှံပြည်စုတ်မလေးသည် ကမ္ဘာကြီးအား မှောက်ခုံ လှန်ပစ်လောက်ပြီး ဖြစ်ပေသည်။

အဖွားအိုဝမ်သည် အိမ်ထဲသို့ ဦးဆောင်၍ ဝင်သွားလိုက်သည်။ အားယွီလေး အထဲသို့ မဝင်နိုင်သေးခင်မှာပင် သူမ၏ အစ်ကိုများ ရောက်ရှိလာကြသည်။

"အဘွားက ဘာလို့ ညီမလေးကို ရှာတာလဲ ညီမလေးကို ရိုက်မလို့လား"

ဝမ်ဝူလန်သည် စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်သည်။ သူ၏ ညီမလေးသည် ပဲနို့ထဲသို့ ထူးဆန်းသော ရေများ ထည့်ခဲ့သဖြင့် လူကြီးများ ဝမ်းလျှောခဲ့ကြရသည့် အတွက် အဘွားသည် အလွန် စိတ်ဆိုးနေပါ၏လော။

ထိုရေသည် ချိုပေသည်။ ဝမ်းလျှောစေသော်လည်း ၎င်းက ချိုမြိန်လှသည်မဟုတ်ပါလား။ သို့သော် အဘွား၏ မျက်နှာအမူအရာသည် အလွန် ကြောက်စရာ ကောင်းလွန်းနေခဲ့ကာ သူမသည် သေချာပေါက် စိတ်ဆိုးနေခဲ့ပြီ ဖြစ်သည်။

ဝမ်လျိုလန်သည်လည်း ထိတ်လန့်သွားခဲ့ကာ ပြောလိုက်သည်။

"ငါတို့ ဘာလုပ်ကြမလဲ အဘွား ရိုက်တာက အရမ်းနာတာ"

"အားယွီလေးက ငယ်သေးတယ် အဘွားရိုက်လို့ သေသွားရင် ဘယ်လိုလုပ်ကြမလဲ"

ဝမ်ချီလန်သည် အလွန် စိုးရိမ် ပူပန်နေသောကြောင့် ငိုတော့မလို ဖြစ်နေခဲ့ကာ ပြောလိုက်သည်။

"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ"

ဝမ်စီလန်သည် သူ ခြောက်နှစ်သား အရွယ်အား ပြန်လည် တွေးတောကာ သတိရမိသွားခဲ့သည်။ ထိုစဉ်က သူသည် အိပ်ချင်မူးတူးဖြင့် သန်းခေါင်ယံတွင် နိုးလာခဲ့ပြီး ရေကန်ထဲသို့ အပေါ့သွားမိခဲ့လေသည်။

ထိုညတွင်ပင် သူ၏ တင်ပါးတစ်ခြမ်းလုံးအား အဘွား၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသကဲ့သို့ သူ၏ ဖခင်ဖြစ်သူမှာလည်း အဘွား၏ ရိုက်နှက်ခြင်းကို ခံစားခဲ့ရလေသည်။

နောက်ပိုင်းတွင် သန်းခေါင်ယံအချိန်၌ သူနှင့် သူ၏ဖခင်သည် မီးဖိုချောင်ထဲတွင် ထိုင်ကာ ရေကန်အား ဆေးကြောခဲ့ရလေသည်။ သူတို့ ဆေးကြောပြီးသွားသည့် အချိန်တွင် သူ၏ဖခင်သည် ကျန်နေသော တင်ပါး နောက်တစ်ခြမ်းကိုပါ အဘွားဖြစ်သူ၏ ရိုက်နှက်ခြင်းကို ထပ်မံ ခံခဲ့ရပြန်သည်။

"ဟူး စတုတ္ထဦးလေးပါ အဘွား ရိုက်တာကို ခံရတော့မှာလား မသိဘူး ဟုတ်တယ်မလား"

ဝမ်စီလန်သည် သူ၏ ကြေကွဲဖွယ် အတိတ် ဇာတ်လမ်းလေးအား ပြန်တွေးမိရုံဖြင့်ပင် ကြောက်ရွံ့ တုန်လှုပ်နေမိသည်။

ဝမ်စန်းလန် စိုးရိမ်နေမိသည်။

"အားယွီလေးက ဒီဒဏ်ကို ခံနိုင်မှာ မဟုတ်လောက်ဘူး"

ဝမ်တလန်နှင့် ဝမ်အာ့လန်တို့မှာမူ အလုပ်လုပ်နေဆဲ ဖြစ်သည်။ သူတို့၏ ညီငယ်များ စကားများနေသည်ကို ကြားသောအခါ သူတို့ လွန်လွန်ကျူးကျူး အတွေးလွန် နေကြသည်ဟု ခံစားမိလိုက်သည်။

သူတို့၏ ညီမလေး မိသားစုထဲသို့ ရောက်လာသည်မှာ မကြာသေးသော်လည်း လူတိုင်းက သူမကို အလွန် ချစ်ခင်ကြလေသည်။ အထူးသဖြင့် အဘွားနှင့် စတုတ္ထအန်တီတို့ ဖြစ်သည်။ ထိုမျှလောက် ချစ်စရာကောင်းသည့် ကလေးလေးအား သူတို့သည် မည်ကဲ့သို့ ရိုက်နှက်ရက်ပါမည်နည်း။

သို့သော် ပြန်တွေးကြည့်လျှင် အားယွီလေးသည် ပြဿနာ ရှာလိုက်သလို ဖြစ်နေခဲ့ပေသည်။ ရွာတစ်ရွာလုံး ဝမ်းလျှောနေကြသည် မဟုတ်ပါလော။

အကယ်၍ ရွာသားများ မြင်အောင် သူမလေးအား အပြစ်မပေးခဲ့ပါလျှင် သူတို့သည် သေချာပေါက် ပြဿနာ လာရှာကြလိမ့်မည် ဖြစ်သည်။

အဖွားအိုဝမ်သည် အိမ်ထဲတွင် ကြာမြင့်စွာ စောင့်ဆိုင်းနေသော်လည်း အားယွီလေးကို မတွေ့ရပေ။ သူမသည် ဝေခွဲမရဖြစ်သွားကာ တံခါးအပြင်သို့ ထွက်ကြည့်လိုက်သည့် အချိန်တွင် သူမ၏ မြေးများသည် သူမ၏ အဖိုးတန် မြေးမလေးအား ဝိုင်းရံထားကြသည်ကို တွေ့လိုက်ရတော့သည်။

"နင်တို့ ဘာလုပ်နေကြတာလဲ"

အဖွားအိုဝမ်က ဒေါသတကြီး အော်ဟစ်လိုက်ရာ ထိုကလေးငယ်များမှာ ကြောက်လန့် တုန်ရင်သွားကြလေသည်။ ထိုစဉ် ဝမ်ဝူလန်သည် အားယွီလေးအား ပွေ့ချီလျှက် ပြေးထွက်သွားတော့သည်။

ဝမ်လျိုလန်နှင့် ဝမ်ချီလန်တို့သည် အဖွားအိုဝမ်၏ ရှေ့တွင် ဘုန်းကနဲ ဒူးထောက်ချလိုက်ကြသည်။ သူတို့သည် သူမ၏ ပေါင်တစ်ဖက် တစ်ချက်စီကို ဖက်ထားကာ ငိုယိုလျက် ပြောလိုက်သည်။

"အဘွား ညီမလေးကို မရိုက်ပါနဲ့ ကျွန်တော်တို့ကိုပဲ ရိုက်ပါ ကျွန်တော်တို့ နာရင်လည်း တကယ် မငိုပါဘူး အီး ဟီး "

ဝမ်စန်းလန်နှင့် ဝမ်စီလန်တို့မှာလည်း ဒူးထောက်လိုက်ကြ၏။ အရိုက်ခံရန် စောင့်ဆိုင်းနေသော်လည်း ကြာမြင့်စွာ အရိုက်မခံရသဖြင့် သူတို့သည် အဖွားအိုဝမ်ကို ဦးချလျက် အလျှငအမြန် ပြောလိုက်သည်။

"အဘွား ညီမလေးကို မရိုက်ပါနဲ့"

ဝမ်အာလန်က ပတ်ဝန်းကျင်ကို ကြည့်လိုက် အဖွားအိုဝမ်ကို ကြည့်လိုက် ဖြစ်သာ နေနိုင်တော့သည်။ ဝမ်တာလန်သည် အဖွားအိုဝမ်၏ စူးရှသော အကြည့်အား ခံလိုက်ရသောအခါ သူ၏ စိတ်ထဲတွင် တောင့်တင်းသွားပြီး အမှတ်မထင် လွှတ်ခနဲ ပြောလိုက်မိသည်။

"အဘွား စတုတ္ထဦးလေးကိုပဲ ရိုက်ပါတော့"

ကလေးများ မှားလျှင် ဖခင်တွင် တာဝန်ရှိသည်ဟု ဆိုကြလေသည်။ ထို့အတွက် အားယွီလေး ပြဿနာ ရှာခဲ့လျှင်ပင် စတုတ္ထဦးလေးအား ရိုက်နှက်ခြင်းမှာ မှားယွင်းမှု မရှိချေ။

ထင်းတောင်းအား ထမ်းကာ ယခုလေးတင် ပြန်လည်၍ ရောက်ရှိလာသော ဝမ်ချွမ်းမန် : (.......)

အိမ်ထဲရှိ အခြားသူများသည် ဆူညံသံကို ကြားသောအခါ အပြေးအလွှား လာကြည့်ကြလေသည်။ သူတို့ရှေ့မှ မြင်ကွင်းကို တွေ့လိုက်ရသောအခါ အားလုံးမှာ မှင်သက်သွားကြသည်။

ဘာတွေ ဖြစ်နေကြတာလဲ။

အဖွားအိုဝမ်သည် ဝမ်ဝူလန် ပြေးသွားသည်ကို မြင်သောအခါ ဒေါသတကြီး ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"ဝမ်ဝူလန် ပြန်လာခဲ့စမ်း"

"မလာဘူး"

ဝမ်ဝူလန်သည် အမှန်တကယ်တွင် သေလောက်အောင် ကြောက်ရွံ့နေသော်လည်း သွားကို တင်းတင်းစေ့ကာ အကျယ်ကြီး ပြန်အော်လိုက်သည်။

အားယွီလေးသည် သူ၏ ကျောပေါ်မှ လျောကျနေသဖြင့် အလျင်အမြန် အော်ပြောလိုက်သည်။

"အစ်ကိုငါး သမီးကို ချပေးပါဦး"

"ကိုကို ညီမလေးကို တတိယအဒေါ်ဆီ ပို့ပေးမယ် အဘွားက တတိယအဒေါ်ကို အမုန်းဆုံးပဲ အဲဒီထိတော့ ညီမလေးကို လိုက်ရိုက်မှာ မဟုတ်ဘူး"

ဝမ်ဝူလန်သည် သူ၏ အကြံမှာ အလွန် ပြောင်မြောက်လှသည်ဟု ခံစားနေမိလိုက်သည်။ မည်သို့ပင် ဖြစ်စေ သူသည် ညီမလေးကို အဘွား၏ ရိုက်နှက်မှု ဒဏ်အား မခံစေလိုပေ။ သူ၏ ညီမလေးက ငယ်လွန်းလှပေရာ အကယ်၍ အဘွားသည် သူမလေးကို ရိုက်နှက်လိုက်ပါက သူမလေးသည် ပဲမုန့်ပန်ကိတ်လေးလို ဖြစ်သွားပေလိမ့်မည်။

နောက်ဆုံးတွင် အဖွားအိုဝမ်သည် မည်သူ့ကိုမျှ မရိုက်ပါဟု ထပ်ခါတလဲလဲ ကတိပေး ပြောလိုက်မှသာလျှင် ဝမ်ချွမ်းမန်သည် ပြေးသွားကာ သူ၏ သမီးလေးအား ပြန်ခေါ်လာနိုင်ခဲ့ကာ ဤဟာသ ပြက်လုံးကြီး ပြီးဆုံးသွားလေတော့သည်။

သို့သော် ထိုကောင်လေးများမှာမူ သူတို့၏ မိဘများထံမှ အရိုက်အနည်းငယ် ခံလိုက်ရသည်။ သူတို့အားလုံးက စိတ်ထဲတွင် ပျော်ရွှင်စွာ တွေးနေကြသည်မှာ ‘အဘွားက ညီမလေးကို ရိုက်ချင်ပေမဲ့ မရိုက်ရက်လို့ ငါတို့ကိုပဲ ရိုက်လိုက်တာ ဖြစ်မှာပါ’ ဟူ၍ ဖြစ်သည်။

သူတို့သည် ညီမလေး၏ ဝန်ထုပ်ဝန်ပိုးကို ကူညီထမ်းပိုးပေးခဲ့ခြင်း ဖြစ်သည်။

ဟီး ဟီး အရိုက်ခံရပြီးနောက် သူတို့ ဘာကြောင့် ပျော်ရွှင်နေရပါသနည်း။

အဖွားအိုဝမ်သည် သူတို့၏ မျက်နှာအမူအရာကို မြင်သောအခါ သူမ၏ သားများအား စိုက်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် သူမသည် အဖိုးအိုဝမ်၏ တင်ပါးကိုသာ ကန်လိုက်တော့သည်။

အရှိန်မပြင်းသော်လည်း အဖိုးအိုဝမ်၏ ဦးခေါင်းမှာ ဘေးနားရှိ ဝါးခြင်းတောင်းနှင့် ဆောင့်မိသွားတော့သည်။

"ကြည့်စမ်းပါဦး ရှင်က ဘယ်လို ငတုံး အမျိုးအစားလဲ ဆိုတာ"

ခြင်းတောင်းလေး ယက်နေသော အဖိုးအိုဝမ်မှာ ဆွံ့အသွားလေတော့သည်။ အဖွားအိုဝမ်သည် အခြားသော မိသားစုဝင်များကိုလည်း အော်ဟစ်လိုက်သည်။

"နင်တို့အားလုံး ဘာကို စောင့်နေကြတာလဲ ငါ ကပြဖျော်ဖြေတာကို စောင့်နေကြတာလား ကိုယ့်နေရာကိုယ် ပြန်ကြစမ်း နင်တို့ကို ကြည့်ရတာနဲ့တင် ငါ့မျက်စိတွေ နာနေပြီ"

လူအုပ်ကြီးမှာ ချက်ချင်းပင် လူစုခွဲသွားပြီး ကိုယ့်အလုပ်ကိုယ် သွားလုပ်ကြတော့သည်။ အဖွားအိုဝမ်သည် အားယွီလေးအား အိမ်ထဲသို့ ဆွဲခေါ်သွားလေတော့သည်။ သူမ၏ မြေးများက နောက်မှ ထပ်၍ လိုက်ချင်ကြသော်လည်း သူမသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ထွက်သွားကြစမ်း"

မြေးများမှာ ရပ်တန့်သွားကြသော်ငြားလည်း ဆိတ်ကလေးမှာမူ အရင်ဦးဆုံး အခန်းထဲသို့ ခိုးဝင်ရန် ကြိုးစားလိုက်သည်။

"နင်လည်း တူတူပဲ"

အဖွားအိုဝမ်က သူမ၏ ခြေထောက်ကို မြှောက်ကာ ဆိတ်ကလေး၏ လမ်းကို ပိတ်လိုက်ပြီးနောက် ပြောလိုက်သည်။

"အပြင်မှာ စောင့်နေ"

ဆိတ်ကလေးက ခေါင်းစောင်းလိုက်ကာ အော်ဟစ်လိုက်သည်။

"မဲးးး"

လူများ၏ အမူအရာအား ကောင်းစွာ ဖတ်တတ်သည့် ဆိတ်ကလေးသည် အဖွားအိုဝမ် စိတ်မကြည်မလင် ဖြစ်နေသည်ကို အကဲခတ်မိချိန်တွင် နောက်သို့ နှစ်လှမ်းဆုတ်ကာ ဧည့်ခန်းတံခါးဝသို့ ဆုတ်ခွာသွားတော့သည်။

၎င်းသည် ခွေးတစ်ကောင်ကဲ့သို့ နောက်ခြေထောက်များကို ဆန့်ထုတ်ကာ မြေကြီးပေါ်တွင် ထိုင်နေလေလိုက်သည်။

...

အဖွားအိုဝမ်သည် အားယွီလေးအား အိမ်ထဲသို့ ခေါ်ဆောင်သွားပြီးနောက်တွင် မည်သူမျှ ခိုးနားမထောင်နိုင်ရန် အတွက် တံခါးကို ပိတ်ထားလိုက်သည်။

နှောင့်ယှက်မည့်သူ မည်သူမျှ မရှိတော့သည့်အခါ အဖွားအိုဝမ် အားယွီလေးအား မေးလိုက်သည်။

"အားယွီ မြေးလေး အဘွားကို အမှန်အတိုင်း ပြောစမ်း အဲဒီ ပဲစိမ်းတွေကို ဘယ်လို ရလာတာလဲ"

အားယွီလေးက မတွန့်ဆုတ်ဘဲ ပြန်ဖြေလိုက်သည်။

"သမီး စိုက်တာလေ"

"ဘယ်မှာ စိုက်တာလဲ ဘယ်လို စိုက်တာလဲ"

အဖွားအိုဝမ် အမှန်တကယ် မယုံကြည်ခဲ့ပေ။ အားယွီလေးသည် သူတို့အိမ်သို့ ရောက်ရှိလာသည်မှာ ရက်ပေါင်း ၂၀ ပင် မပြည့်သေးဘဲ ပဲစိမ်းများကို မည်ကဲ့သို့ စိုက်ပျိုးနိုင်ပါ့မည်နည်း။

ထို့ပြင် ၎င်းသည် ယခုကဲ့သို့သော ရာသီဥတုမျိုးတွင် ပေါက်သည့် ပဲပိစပ်များ ဖြစ်နေခဲ့သည်။

"သမီး မြေကြီးထဲမှာ စိုက်ပြီး ရေလောင်းလိုက်တာ"

အားယွီလေးက ပြောလိုက်သည်။ ဤစကားကို ကြားသောအခါတွင် အဖွားအိုဝမ်သည် ဤကလေးမလေးသည် ပဲပိစပ်များကို တစ်နေရာရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်မည်ဟု တွေးလိုက်မိသည်။

သူမသည် ဤအရာကို တွေ့ရှိပြီး စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်မှတ်သဖြင့် သူတို့ မသိမှီအထိ နေ့တိုင်း ရေလောင်းခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် သူမသည် တစ်ခုခု လွဲချော်နေသည်ဟု ခံစားမိနေဆဲ ဖြစ်သည်။

"အဲဒီ မြွေတွေကကော ဘယ်က ရောက်လာတာလဲ"

...

အားယွီလေးသည် ခေါင်းကို ကုတ်လိုက်ကာ ဖြေလိုက်သည်။

"သူတို့ဘာသာသူတို့ ရောက်လာတာ"

သူမသည် မြွေများနှင့် မည်သို့ စကားပြောရမည်ကို မသိရှိပေ။ သူမသည် ဆိတ်ကလေးနှင့်သာ စကားပြောဖူးလေသည်။

အဖွားအိုဝမ်သည် လျိုရှီအားလည်း မေးမြန်းဖူးသည်။ လျိုရှီက သူမသည် မြွေအုံထဲသို့ ပြုတ်ကျသွားခဲ့သည့် တိုင်အောင် မြွေများသည် သူမအား အန္တရာယ်မပြုခဲ့ဘဲ နောက်ပိုင်းတွင် ရွာထဲသို့ ကူညီရန် လိုက်လာခဲ့သည်ဟု ဆိုလေသည်။

လျိုရှီက ရှင်းလင်းစွာ မပြောခဲ့သော်ငြားလည်း အဖွားအိုဝမ်သည် ယင်း၏ နောက်ကွယ်တွင် တစ်စုံတစ်ခု ရှိနေရမည်ဟု သိနေခဲ့သည်။

အသားလုံးလေးမှာမူ သူသည် အားယွီကို လိမ်ပြောရန် သင်ကြားပေးစရာ မလိုတော့ဟု ခံစားမိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အကြောင်းရင်းမှာ အားယွီလေးသည် ယခု အခြေအနေကို အကောင်းဆုံး ကိုင်တွယ်နေသောကြောင့် ဖြစ်သည်။ သူမသည် အမှန်အတိုင်း ပြောနေသော်လည်း မည်သည့် လျှို့ဝှက်ချက်ကိုမျှ ပေါက်ကြားအောင် မလုပ်ခဲ့ပေ။

ထို့ကြောင့် ၎င်းသည် စိတ်အေးသွားခဲ့ကာ နေရာလွတ်ထဲ၌ မြောင်းတူးသည့် အလုပ်ကို ဆက်လုပ် နေလိုက်တော့သည်။ နောက်တစ်ခဏတွင် အဖွားအိုဝမ်က မေးလိုက်သည်။

"သမီး အစ်ကိုတွေ ပြောနေတဲ့ ရေက ဘာလဲ သမီး သယ်လာတဲ့ရေက ဘာတွေ ထူးခြားနေလို့လဲ အဲဒါကို သောက်တဲ့သူတွေ အားလုံး ဘာလို့ ဝမ်းလျှောကုန်ရတာလဲ"

ထိုအခါမှ အားယွီလေးသည် အဘွားဖြစ်သူမှာ သူမ၏ ရေများ မည်သည်ကရသည်ကို သိချင်နေမှန်း နားလည်သွားခဲ့သည်။ သူမသည် အိမ်အနှံ့ ကြည့်လိုက်ပြီး နေရာတစ်ခုအား မျက်စိကျသွားခဲ့သည်။ နောက်တစ်ခဏတွင် သူမသည် စိတ်အာရုံကို သုံး၍ နေရာလွတ်ထဲရှိ စိတ်ဝိဉာဉ် စမ်းရေများကို သူမ၏ လက်ချောင်းထိပ်များမှ စီးကျလာစေလိုက်သည်။

[ကလေးမလေး မလုပ်နဲ့ဟ]

အသားလုံးလေးသည် ရေလုံးလေးတစ်ခု ၎င်းရှေ့မှ ပျောက်ကွယ်သွားသည်ကိုသာ ကြည့်ကာ မည်သို့မျှ မတတ်နိုင်တော့ပေ။

"အဲ့မှာပဲ"

အားယွီလေးသည် ခေါင်းညိတ်လိုက်ကာ ရေများအား လောင်းချလိုက်လေတော့သည်။

"ပဲတွေက ဒါကို သောက်ရင် အရပ်ရှည်လာမယ် ဦးလေးက သောက်ရင်တော့ နိုးလာလိမ့်မယ်"

တစ်ချိန်တည်းမှာပင်...

"ဝေါ ဝေါ"

၎င်းသည် ကျင်ငယ်အိုး၏ တစ်ဝက်ခန့်အထိ ပြည့်သွားတော့သည်။ အဖွားအိုဝမ်မှာ မှင်သက် အံ့အားသင့်သွားလေတော့သည်။

All Chapters