← Chapters

ဆွေးနွေးတိုင်ပင်ခြင်း

Vol. 3 Ch. 35

ဆွေးနွေးတိုင်ပင်ခြင်း

Vol. 3 Ch. 35

အဖွားအိုဝမ်၏ လက်များသည် တုန်ရီနေလေသည်။ ဤအရာသည် အမှန်တကယ်ပင် လေထဲမှ ရုတ်တရက် မျက်လှည့်ပြလိုက်သကဲ့သို့ ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။ သူမသည် အသက်ကြီးလာ၍ မျက်လုံးများ၏ အမြင်အာရုံများ မှုန်ဝါးလာခြင်းများ ဖြစ်နေသည်လား။ အားယွီလေးသည် အဘွားဖြစ်သူမှ အချိန် အတော်ကြာသည့်တိုင် စကားမပြောသည်အား မြင်သောအခါ အဘွားဖြစ်သူသည် သူမအား မယုံကြည်ဟု ထင်လိုက်မိသည်။ သူမလေးသည် အနည်းငယ် ဝမ်းနည်းသလို ခံစားလိုက်ရရှာသည်။

သူမသည် မဲ့ကျနေသော နှုတ်ခမ်းလေးအား ပြန်တင်ရန် ကြိုးစားလိုက်ရင်း နှုတ်ခမ်းလေးအား စေ့ကာ နောက်တစ်ကြိမ် ထပ်လုပ်ပြရန် အတွက် ရည်ရွယ်လျက် လက်ကို တစ်ဖန် ပြန်လည် ဆန့်ထုတ်လိုက်လေတော့သည်။

"ကောင်းပြီ အဖွား သိပါပြီ မြေးလေးက အဘွားကို မလိမ်ပါဘူး"

အဖွားအိုဝမ်သည် အားယွီလေး၏ လက်ကလေးအား အလျင်အမြန် လှမ်းဆွဲ လိုက်လေသည်။ ဤကလေးမလေးသည် မည်သည်ကိုမျှ ကိုင်ဆောင်ထားခြင်း မရှိသော်လည်း ရေတစ်ဝက်ခန့်ကို သွန်ချပေးနိုင်ခဲ့ပေရာ ဤသည်မှာ သူမလေးအား ယုံကြည်စေရန် အတွက် လုံလောက်ခဲ့ပြီ ဖြစ်ပေသည်။

ကျင်ငယ်အိုးထဲရှိ ရေများအား ရှုပ်ထွေးသော တွေဝေသည့် အကြည့်ဖြင့် ကြည့်လိုက် ပြီးနောက် အဖွားအိုဝမ်သည် အံတင်းတင်းကြိတ်လျှက် ကျင်ငယ်အိုးကို ကောက်ကိုင်၍ အိမ်အပြင်သို့ သယ်ထုတ်သွားလေတော့သည်။

ဝမ်မိသားစုသည် အဘွားအိုမှ အပြင်ထွက်လာသည်အား မြင်သော် အားလုံးသည် သူမအား လှမ်း၍ကြည့်ရန် အတွက် လည်ပင်းများကို ဆန့်ထုတ်လိုက်ကြသည်။ သူတို့သည် အဖွားအိုမှ ကျင်ငယ်အိုးအား ကိုင်ဆောင်ထားသည်ကို မြင်လိုက်ရသည် မဟုတ်ပါလော။

ကျေးလက်တောရွာမှ လူများသည် အမှန်တကယ် အထူးတလည် စည်းကမ်းတင်းကြပ်လွန်းသူများ မဟုတ်သော်လည်း နေ့ခင်းကြောင်တောင်တွင် ကျင်ငယ်အိုးအား အပြင်ထုတ်လာခဲပေသည်။

"အမေ ဘာလို့ ကျင်ငယ်အိုးကို အပြင်ယူလာတာလဲ"

ဝမ်ချွမ်းမန်သည် ပထမဆုံး စတင်၍ မေးမြန်းလိုက်သည်။ အဖွားအိုဝမ်မှ ဒေါသတကြီးဖြင့် ပြန်ပြောလိုက်သည်။

"ဒါက မင်းသောက်ဖို့လေ မင်းလိုချင်လို့လား"

ဝမ်ချွမ်းမန်မှာ ဆွံ့အသွားရလေသည်။

ဝမ်ချွမ်းမန် : "..."

အဖိုးအိုဝမ်က ထိုမြင်ကွင်းအား မနှစ်သက် သဘောမကျစွာဖြင့် ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

"ညစာစားချိန် နီးနေပြီ ဘာလို့ အဲ့ဒါကို အပြင်ယူလာရတာလဲ"

သူမသည် ထိုအရာမှ သူတို့၏ စားချင်သောက်ချင်စိတ် အား ပျောက်ပျက်သွား စေမည်ကိုပင် ထည့်မတွက်ပေချေ။

"ကျွန်မက ရှင့်ညစာစားချိန်ကို နှောင့်နှေးစေနေလို့လား"

အဖွားအိုဝမ်သည် သူမလက်ထဲမှ ကျင်ငယ်အိုးအား မြှောက်ပြလိုက်သည်။

"ရှင်တို့တွေ ဒီလိုပဲ ပေါ့ပေါ့တန်တန်နဲ့ ဆက်ပြီး နေနေမယ်ဆိုရင် ဒီအိုးကို ရှင်တို့ကိုပဲ တိုက်ချွတ်ခိုင်းလိုက်တော့မယ်"

အဖိုးအိုဝမ်သည် သူ၏ ခေါင်းအား လှည့်လိုက်လေသည်။

"ငါ မင်းကို မနှောင့်ယှက်တော့ဘူး"

အခြားသော မိသားစုဝင်များသည်လည်း ဝိုင်း၍ ကြည့်နေကြသည်အား မြင်သော် အဖွားအိုဝမ်သည် ဟန်ဆောင်၍ ချောင်းဟန့်လိုက်ရာ လူတိုင်း အလျင်အမြန် လူစုခွဲ၍ ပျောက်ကွယ်သွားကြတော့သည်။ သူတို့သည် အဖွားအိုထံ ဆူပူခံရမည့် နောက်တစ်ယောက် ဖြစ်လာမည်အား ကြောက်ရွံ့ကြပေသည်။

အဖွားအိုဝမ်သည် ကျင်ငယ်အိုးအား ကိုင်ဆောင်လျက် အပြင်သို့ ထွက်လာခဲ့သည်။ သူမသည် အားယွီလေး၏ ပဲပိစပ်ပင်များအား နုတ်ယူခဲ့သော နေရာသို့ ဦးစွာသွားရောက်လိုက် ပြီးနောက်ပေါင်းပင်များပေါ်သို့ ရေလောင်းချ လိုက်ချင်နေမိသည်။ တကယ် အလုပ်ဖြစ်မဖြစ် ကြည့်ကြသေးတာပေါ့။

အားယွီလေးသည်လည်း သူမ၏ဘေးမှ လိုက်ပါလာခဲ့သည်။ အဖွားအိုဝမ်သည် ကလေးငယ်မှ သူမလက်ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရချိန်တွင် ဤသည်မှာ သိပ်ကောင်းပုံမရဟု ခံစားလိုက်ရသည်။

သူမအနေဖြင့် ကြက်ခြံဘက်သို့ သွားပြီး မစင်ပုံးအား ထုတ်ယူလာသည်သာ ပိုကောင်းပေလိမ့်မည်။ ကျင်ငယ်အိုးထဲမှ ရေများအား ထိုအထဲသို့ လောင်းထည့်ပြီးနောက် သူမသည် ရှေ့ဘက်ရှိ ရေမြောင်းဆီသို့ သယ်သွားလိုက်ကာ မစင်ပုံးဖြင့် ရေတစ်ဝက်ခန့် ခပ်ယူလိုက်ပြီးနောက် ကျင်ငယ်အိုးထဲမှ ရေများနှင့် ရောစပ်လိုက်သည်။

"အားယွီလေး မြေးလေးဆီမှာ ပဲစေ့တွေ ကျန်သေးလား ကျန်သေးရင် အဘွားကို နည်းနည်းလောက်ပေးပါလား"

အဖွားအိုဝမ်သည် အားယွီလေး၏ အိတ်ငယ်လေးကို ကြည့်လိုက်လေသည်။ ထိုအထဲတွင် ပဲစေ့များစွာ ရှိနေသေးသည်။

အားယွီလေးသည် သူမ၏ ခေါင်းလေးအား ငုံ့ကာ အိတ်ကပ်များထဲသို့ မွှေနှောက် ရှာဖွေလိုက်ပြီး ပဲစေ့တစ်ဆုပ်စာအား ထုတ်ယူလိုက်သည်။

ပဲတီစိမ်းများ ပဲပိစပ်များနှင့် မြေပဲအနည်းငယ်တို့ ပါဝင်လေသည်။ ထိုအရာ အားလုံးသည် အစိမ်းများ ဖြစ်ကြသည်။

အဖွားအိုဝမ်သည် ပဲ အနည်းငယ်အား ယူလိုက်သည်။ ထို့နောက် သစ်ပင်တစ်ပင်၏ အနောက်တွင် သူမသည် တွင်းတစ်တွင်းကို ဖြစ်သလိုတူးကာ ပဲများအား ထည့်မြှပ်လိုက်ပြီးနောက် ရေတစ်ခွက် လောင်း၍ ထည့်လိုက်လေသည်။

"ဒါပါပဲလား"

အဖွားအိုဝမ်မှ မေးလိုက်သည်။ အားယွီလေး ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ် ဟုတ် ရေလောင်းလိုက် အဲ့လိုမှ အပင်လေးတွေက အမြင့်ကြီး ကြီးလာပြီး ပိုးကောင်တွေ ရှိတော့မှာ မဟုတ်ဘူး"

"ကောင်းပါပြီ ဒါဆို ပဲပင်တွေ ပိုမြင့်လာမယ့်အချိန်ကို အဖွားတို့ စောင့်ကြတာပေါ့ကွယ်"

အဖွားအိုဝမ်သည် မစင်ပုံးကို သူမဘေးတွင် ချထားလိုက်ကာ ဖုံးအုပ်ရန်အတွက် ငှက်ပျောရွက် နှစ်ရွက်အား ဆွဲယူလိုက်လေသည်။

"အဘွား ဒါလေးကိုလည်း နည်းနည်းလောက် ရေလောင်း ပေးပါဦး"

အားယွီလေးသည် အရွက်များ ညှိုးနေသော ငှက်ပျောပင်အား လက်ညှိုးထိုးပြလိုက်သည်။

"ကောင်းပြီလေ မြေးလေး သဘောအတိုင်းပဲ"

အဖွားအိုဝမ်သည် များစွာ စဉ်းစားမနေတော့ဘဲ ငှက်ပျောရွက်များပေါ်သို့ ရေနှစ်ခွက်ခန့် ထပ်လောင်း ပေးလိုက်လေတော့သည်။

သူမသည် အားယွီလေးကို ပြန်မခေါ်သွားမီ ရေတူးမြောင်းဆီသို့ ဦးစွာသွားရောက်ကာ လက်အား အကြိမ်ကြိမ် ဆေးကြောပြီး ကျင်ငယ်အိုးကိုလည်း ပြန်လည် ဆေးကြောလိုက်လေသည်။

အဖွားအိုဝမ်နှင့် အားယွီလေးတို့ နှစ်ဦး ပဲပင်စိုက်ရန် ထွက်သွားကြသည့် အချိန်တွင် လျူရှီသည်လည်း သူမ၏ ခင်ပွန်း ဖြစ်သူ ဝမ်ချွမ်းမန်အား အခန်းထဲသို့ ဆွဲခေါ်သွားလေသည်။ လျူရှီမှ မေးမြန်းလိုက်သည်။

"ရှင် အားယွီကို ကယ်လာတဲ့ အချိန်က ထူးခြားတာ တစ်ခုခုများ ကြုံခဲ့ရသေးလား"

"ထူးခြားတာလား ကိုယ်တော့ မတွေ့မိပါဘူး"

ဝမ်ချွမ်းမန်သည် ထိုကိစ္စကို သိပ်မစဉ်းစားထားပေ။ သူသည် တစ်နေ့လုံး အလုပ်လုပ်ထားရသည် မဟုတ်ပါလော။ အထူးသဖြင့် သူမသည် မြွေသိုက်ထဲသို့ ပြုတ်ကျသွားပြီးနောက် အားယွီလေး၏ လက်အတွင်း၌ သစ်သီးတစ်ဆုပ် ရုတ်တရက် ပေါ်လာသည်အား မြင်လိုက်ချိန်ကတည်းမှ အားယွီလေးသည် လျှို့ဝှက်ချက် တစ်ခုအား ဖုံးကွယ်ထားသည်ဟု လျူရှီ ခံစားနေမိလေသည်။

အကယ်၍ အားယွီလေးသာ အသီးများအား မြွေသိုက်ထဲသို့ ကြဲချမပေးခဲ့ပါက သူမသည် မြွေသိုက်ထဲတွင် သေဆုံးသွားနိုင်ပေသည်။

မြွေများသည် များသောအားဖြင့် လူများကို လက်ဦးမှု ယူကာ စတင်တိုက်ခိုက်လေ့ မရှိကြသော်လည်း မည်သူမဆို ၎င်းတို့၏ နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာပါက အသေအလဲ တိုက်ခိုက်ကြစမြဲ ဖြစ်သည်။

မြွေများသည် သူမအား လွှတ်ပေးလိုက်ပြီးနောက် ရှန်ယန်းရွာမှ လူများကိုသာ ပစ်မှတ်ထားခဲ့သည့် အတွက် အားယွီလေး၏ ဖြစ်တည်မှုမှာ သာမန်မဟုတ်ဟု သူမ သံသယဝင်မိခြင်း ဖြစ်သည်။

အခြားသူများသည် ထိုအကြောင်းများအား သိသွားကြကာ အားယွီလေးအား မကောင်းကြံ ကြမည်ကိုလည်း သူမ စိုးရိမ် ကြောက်ရွံ့မိလေသည်။ ထို့အတွက် အဘွားဖြစ်သူမှ မေးမြန်းလာချိန်တွင် လျူရှီသည် အမှန်တရား၏ ထက်ဝက်ကခန့်အား တမင်တကာ ဖုံးကွယ်ထားလိုက်ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ဝမ်ဝူလန်သည်လည်း အတူတူ ရှိနေခဲ့သော်လည်း သူသည် အားယွီ၏ လုပ်ရပ်များကို မမြင်တွေ့လိုက်ရပေ။ အဖွားအိုဝမ်သည် ဝမ်ဝူလန်အားလည်း သဘာဝကျစွာပင် မေးမြန်းခဲ့လေသည်။

လျူရှီ၏ တစ်ဝက်တစ်ပျက် အမှန်တရားများသည် ဝမ်ဝူလန်၏ စကားများနှင့် ကိုက်ညီနေခဲ့သည်။ အဘွားဖြစ်သူမှ သံသယဝင်မည်အား သူမ မကြောက်တော့ပေ။

"အာ ထူးခြားတဲ့အရာလို့ ပြောရမယ်ဆိုရင်တော့ တကယ်တစ်ခု ရှိတယ် အစ်ကိုကြီးနဲ့အတူ ပြန်လာတဲ့လမ်းမှာ မြင်းစီးလာတဲ့ လူနှစ်ယောက်နဲ့ တွေ့ခဲ့တယ် အဲ့မြင်းတွေက နှင်းတောထဲမှာ အရမ်းမြန်မြန် ပြေးနိုင်ကြတယ် အဲ့လို မြင်းမျိုးက တော်တော်ကောင်းမယ့်ပုံပဲ နှင်းတွေကြောင့် သူတို့ ပြေးနှုန်းကို နည်းနည်းလေးမှ နှေးအောင် မလုပ်နိုင်ကြဘူး"

ဝမ်ချွမ်းမန်မှ ပြောလိုက်သည်။ လျူရှီသည် သူ၏စကားအား ဖြတ်၍ ပြောဆိုလိုက်သည်။

"အဲ့ဒီနှစ်ယောက်က ဘယ်နားကနေ ပေါ်လာတာလဲ သူတို့ ရှင်တို့ကို တစ်ခုခု ပြောခဲ့သေးလား"

"သူတို့ရဲ့ အပြုအမူတွေက အရမ်းမောက်မာပြီး အထက်စီးဆန်တယ် ကိုယ်တောင် အတိုက်ခံလိုက်ရသေးတယ် သူတို့က အလျင်စလို ထွက်သွားကြတာ ပြီးတော့ နောက်ကိုတောင် ပြန်လှည့်မကြည့်ဘူး နောက်တော့ ခဏလောက် လျှောက်လာပြီးတဲ့ အချိန်မှာ မြေပြင်ပေါ်မှာ အထုပ်တစ်ထုပ် ရှိနေတာကို ကိုယ်တို့ သတိထားမိလိုက်တယ် အဲ့ဒီတုန်းက ကိုယ်တို့ ထင်တာက အဲ့ဒီ မြင်းနဲ့ လူနှစ်ယောက် အထုပ်ကျကျန်ခဲ့တယ်လို့ ထင်ခဲ့ကြတာ"

ထိုအချက်သို့ ရောက်ချိန်တွင် ဝမ်ချွမ်းမန် ရုတ်တရက် သတိဝင်လာခဲ့သည်။

"သူတို့ကများ အားယွီလေးကို လွှင့်ပစ်ခဲ့ကြတာလား"

လျူရှီမှာ အံ့သြမှင်သက်သွားရလေသည်။ သူမ၏ ခင်ပွန်းသည် ယခုအချိန်မှ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သဘောပေါက်ရလောက်အောင် မည်မျှ ဉာဏ်ထိုင်းလိုက်ပါသနည်း။

အားယွီအား ထိုလူနှစ်ယောက်မှ စွန့်ပစ်ခဲ့သည်မှာ ထင်ရှားနေပေသည်။ မြင်းစီးနိုင်သည်ဟု ဆိုသဖြင့် သူတို့၏ မိသားစု နောက်ခံ မဆိုးကြောင်း ဆိုလိုခြင်း ဖြစ်သည်။ အားယွီအား ပတ်ထားသော အဝတ်စမှာ တစ်ဝက်ခန့် ဟောင်းနွမ်းနေပြီ ဖြစ်သော်လည်း သူတို့အနေဖြင့် ထိုကဲ့သို့သော အရာမျိုးကို ဝယ်ယူနိုင်စွမ်း မရှိချေ။

ထိုသည်ကို ကြည့်ခြင်း အားဖြင့် အားယွီအား စွန့်ပစ်ခဲ့သော မိသားစုသည် သူတို့ကဲ့သို့ ဆင်းရဲသားများ မဟုတ်ကြောင်းကိုလည်း သက်သေပြနေခဲ့သည်။

"ဒါဆိုရင် နောက်ပိုင်းကျ ရွာကို တစ်ယောက်ယောက် လာပြီး ငါတို့သမီးလေးကို ပြန်ခေါ်သွားကြမှာလား"

ဝမ်ချွမ်းမန်သည် အလွန်အမင်း စိုးရိမ်ထိတ်လန့်သွားခဲ့သည်။ သူသည် ဤသမီးလေးကို အလွန်ချစ်မြတ်နိုးလှပေသည်။

ယခုအခါ သူသည် နေ့တိုင်း အလုပ်လုပ်ရန် အတွက် တွန်းအား တစ်ခု ရှိနေခဲ့ပြီ ဖြစ်သည်။ သူ့အမေ၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရလျှင်ပင် ပျော်ရွှင်နေမိ၏။

သူတို့မိသားစုတွင် သမီးမိန်းကလေး ရှိသည်မှာ သူတစ်ယောက်တည်းသာ ရှိလေသည်။ လျူရှီသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဝမ်ချွမ်းမန်၏ နားရွက်အား လိမ်ဆွဲချင်စိတ်ကို အတင်း ထိန်းချုပ်လိုက်သည်။

"သူတို့က ကလေးကို စွန့်ပစ်ပြီးသွားမှတော့ သူတို့ ပြန်ရှာမှာ မဟုတ်လောက်တော့ဘူး"

ထို့အပြင် ဤကဲ့သို့သော ရာသီဉတု အခြေအနေမျိုးတွင် ကလေးလေးအား အပြင်၌ ထားပစ်ခဲ့ခြင်းသည် သတ်ပစ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်လေသည်။

ချမ်းသာသော မိသားစုများတွင် စည်းကမ်းများစွာ ရှိတတ်ကြသည်ဟု ဆိုကြသေးသည်။ သူတို့သည် လူများကို စိတ်တိုင်းကျ သတ်ဖြတ်ခြင်းများပင် ပြုလုပ်တတ်ကြသည် မဟုတ်ပါလော။

...

လျူရှီသည် ဤအကြောင်းကို ယခင်ကတည်းမှ မရေမတွက်နိုင်လောက်အောင် တွေးတောခဲ့ဖူးသော်လည်း အားယွီသည် သူမ၏ သမီးဖြစ်ပြီး မည်သူကမျှ လာရောက်၍ လုယူခြင်း မရှိစေရဟု ဆုံးဖြတ်ချက်ချထားပြီး ဖြစ်သည်။

"တိုတိုနဲ့ လိုရင်း ပြောရရင် ဘယ်သူ့ကိုမှ မပြောနဲ့ အထူးသဖြင့် ရွာအပြင်က ဘယ်တစ်စိမ်းကိုမှ မပြောနဲ့"

ဝမ်ချွမ်းမန် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ ကိုယ် နားလည်ပါပြီ"

အကြီးဆုံးအစ်ကို၏ မိသားစုမှ ဇနီးမောင်နှံသည်လည်း စိုးရိမ်ပူပန်နေကြသည်။ အဒေါ်ဖန်သည် ခင်ပွန်းဖြစ်သူ ဝမ်ချွမ်းဖူအား တီးတိုးပြောလိုက်သည်။

"ယောက်ျားရေ အားယွီနဲ့ပတ်သက်ပြီး တစ်ခုခုတော့ မှားနေပြီ အမေ့ကို ပြောပြပြီး တစ်ချို့ ထူးဆန်းတဲ့ အကြောင်းအရာတွေကို ဖုံးကွယ်ထားကြရင် ကောင်းမလား"

ဝမ်ချွမ်းဖူတွင်လည်း အတွေးအခေါ် ဉာဏ်ပညာ လုံလုံလောက်လောက် မရှိလှပေ။ သူသည် ကျေးလက်တောရွာ ဒေသမှ သာမန် လယ်သမားတစ်ဦးနှင့်သာ တူပေသည်။ ငယ်ရွယ်စဉ် အချိန်တွင် သူသည် မိဘနှဏ်ပါး၏စကားအား နားထောင်ခဲ့သည်။ ကြီးလာသောအချိန်တွင်လည်း မိဘများစကားအား နားထောင်သည်။ အိမ်ထောင်ကျသောအခါ ဇနီးသည်၏ စကားကို နားထောင်သည်။

သူ၏ဖခင်ကဲ့သို့ပင် ရှေ့ထွက်ပြီး တာဝန်ယူရမည့် မဖြစ်မနေ အခြေအနေမျိုး မဟုတ်ခဲ့လျှင် သူသည် ဆုံးဖြတ်ချက်ချမည့်သူ မဟုတ်ပေ။

"သွားပြီးတော့ အမေ့ကို ပြောပြလိုက် ငါက စကားပြောရတာ အဆင်မပြေဘူး ဘာပြောရမှန်းလည်း သေချာ မသိဘူး"

အဓိက အကြောင်းရင်းမှာမူ သူသည် သူ၏ အမေအား အမှန်တကယ် ကြောက်ရွံ့သောကြောင့်ပင် ဖြစ်သည်။ သူ၏မိခင်သည် စိတ်အပြောင်းအလဲ မြန်ကာ စိတ်ထင်သလို လူများကို ရိုက်နှက်တတ်သည်။ ချွေးမများနှင့် အမျိုးသမီးများအား ဆူပူသောအခါ ပွစိပွစိ ပြောရုံသာ ပြောတတ်သည်။ သို့သော် သားများနှင့် မြေးများကိုမူ မကြာခဏ ဆူပူရိုက်နှက် လေ့ရှိသည်။ အထူးတလည် နာကျင်လှလွန်းသည် မဟုတ်သော်လည်း အလွန် အရှက်ရစေသည်။

အဒေါ်ဖန်သည် ခေါင်းညိတ်လိုက်ပြီး သူမ လိုချင်သော အရာအား ယူလိုက်ပြီးနောက် အလုပ်ဆက်လုပ်ရန် မီးဖိုချောင်သို့ ထွက်သွားလိုက်သည်။

"ကောင်းပြီ ကျွန်မ ပြီးသွားရင် အမေ့ကို ပြောလိုက်မယ်"

All Chapters