← Chapters

ပြန်လည် ရောက်ရှိလာခြင်း

Vol. 3 Ch. 36

ပြန်လည် ရောက်ရှိလာခြင်း

Vol. 3 Ch. 36

ဒုတိယသား မိသားစုမှာမူ အဒေါ်မာသည် သူတို့အား လုံးဝ ထည့်မတွက်ထားခဲ့ပေ။ သို့သော် ရေနွေးယူရန် သူမ အိမ်ထဲသို့ ဝင်လာသည့်အခါ ကုတင်ပေါ်တွင် လှဲနေသော ဝမ်ချွမ်းကွေ့သည် သူမအား လှမ်းခေါ်လိုက်လေသည်။

"မေကြီးရေ အားယွီလေးက လိမ်မာတဲ့ ကလေးလေးပါကွာ မင်း အားရင် သူ့ကို ဂရုစိုက်ပေးလိုက်ပါအုန်း"

အဒေါ်မာသည် ညင်သာစွာ ပြုံးလိုက်ပြီးနောက် ဝမ်ချွမ်းကွေ့ သောက်ရန် အတွက် ရေတစ်ခွက် ငှဲ့ပေးလိုက်သည်။ ထို့နောက် သူမ ဆက်လက် ပြောဆိုလိုက်သည်။

"ရှင် မပြောရင်တောင် ကျွန်မက ကလေးမလေးကို သဘောကျပါတယ် ရှင် ကျွန်မမှ မဟုတ်ပါဘူး မိသားစုထဲက ဘယ်သူမှ သူလေးကို မမုန်းနိုင်ကြပါဘူး သူက လိမ်မာတဲ့ ကလေးလေးပါ"

"သူများတွေ ပြောကြသလိုပဲ အားယွီက ဗုဒ္ဓ စေလွှတ်လိုက်တာများလား"

ဝမ်ချွမ်းကွေ့သည် သူ၏ ခြေထောက်များအား ကြည့်လိုက်ရာ မျက်လုံးထဲတွင် မျှော်လင့်ချက်များ ဖုံးကွယ်နေခဲ့သည်။

"သူက လူပဲဖြစ်ဖြစ် နတ်ဘုရားပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး ကိုယ်တို့အိမ်ကို ရောက်လာမှတော့ သူက ကိုယ်တို့ မိသားစုရဲ့ အစိတ်အပိုင်း ဖြစ်နေပါပြီ"

သူမသည် ကောင်းကင်ဘုံ၏ ကရုဏာသက်ရောက်မှု ဖြစ်ကောင်းဖြစ်နိုင်ပြီး သူတို့စိတ်နှလုံးထဲမှ နောင်တတရားများကို ဖြည့်ဆည်းပေးရန် စေလွှတ်ခံရခြင်း ဖြစ်နိုင်ပေသည်။

"ကျွန်မ သိပါတယ်"

အဒေါ်မာသည် ညင်သာစွာ ပြောဆိုလိုက်သည်။

တတိယမိသားစုတွင်မူ အဒေါ်ကျန်း၏ ကျောပေါ်မှ ဒဏ်ရာသည် အနည်းငယ် သက်သာလာခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် ပဲနို့ရည် သောက်ပြီးနောက်တွင် ဖြစ်လေသည်။ သူမသည် နာကျင်မှုအား မခံစားရတော့ကြောင်း သိသာထင်ရှားလှသည်။

ထိုအချိန်တွင် ဝမ်ချွမ်းယွမ်သည် အခန်းထဲ၌ သူမအား စောင့်ကြည့်မနေပေ။ ဝမ်ဝူလန်၊ ဝမ်ရှောင်လန်နှင့် ဝမ်ချီလန် ဆိုသော သားသုံးယောက် သည်သာ သူမ၏ ကုတင်ဘေးတွင် စောင့်ကြပ်နေကြလေသည်။ အဒေါ်ကျန်းမှ မေးလိုက်သည်။

"နင့်အဘွား ခုနက ဘာလုပ်နေတာလဲ"

သူတို့ထဲမှ အနည်းငယ်သည် ဖြစ်ပျက်ခဲ့သမျှအား အသေးစိတ် ပြောပြလိုက်ကြသည်။ အဘွားဖြစ်သူသည် အားယွီအား ဆိုးဆိုးရွားရွား ဆက်ဆံမည်ကိုလည်း သူတို့ စိုးရိမ်လျှက် ရှိနေကြသည်။

"သားတို့အဘွားက လူကောင်းပါ သူ့ကို အချိန်တိုင်း အရမ်းမကြောက်နေကြပါနဲ့ သားတို့ ဘာမှအမှား မလုပ်ထားရင် သူက အကြောင်းမဲ့သက်သက်တော့ အပြစ်ပေးမှာ မဟုတ်ပါဘူး"

အဒေါ်ကျန်းသည် သူမ၏ သားများကို ကြည့်ကာ ပြုံးလျက် ပြောဆိုလိုက်သည်။

"သာမန်အချိန်တွေမှာ အရမ်းကြီး ဆော့မနေကြနဲ့ အထူးသဖြင့် လျိုလန်နဲ့ ချီလန် သားတို့က မိသားစုထဲမှာ အငယ်ဆုံး ကလေးတွေ မဟုတ်တော့ဘူး အစ်ကိုကြီးတစ်ယောက်ရဲ့ တာဝန်ကို ယူရတော့မယ် အမြဲတမ်း ပြဿနာ မရှာနေကြနဲ့ သားတို့ ညီမလေးကို ကာကွယ်ပေးရမယ်"

(**ဝမ်ရှောင်လန်လို့ အပေါ်မှာ ရေးပြီး ခုကျ ဝမ်လျိုလန်လို့ ရေးထားပါတယ် မူရင်းမှာကိုက အဲ့လိုပဲ ရေးထားလို့ ဒီတိုင်းပဲ ပြန်လိုက်ပါတယ်နော်** )

ဝမ်လျိုလန်နှင့် ဝမ်ချီလန်တို့သည် မူလကတည်းက အမြွှာများ ဖြစ်ကြသည်။ သူတို့သည် အတော်အတန် ဖျတ်လတ် တက်ကြွကြကာ မျက်နှာပြောင်ကာ အဆော့သန်သူများလည်း ဖြစ်ကြသည်။ ဝမ်ရှောင်လန်မှ မေးလိုက်သည်။

"အမေ ရွာထဲကလူတွေပြောကြတာ ညီမလေးအားယွီက နွီဝါးမယ်တော်ရဲ့ ကလေးဆို အဲ့ဒါ ဟုတ်လား"

ဝမ်ချီလန်မှ ပြောလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် နွီဝါးမယ်တော်က လူတွေကို ဘယ်လိုဖန်ဆင်းရမလဲဆိုတာ မသိဘူးလား သူ့ကို နွီဝါးမယ်တော် ကိုယ်တိုင် ဖန်ဆင်းထားတာလား သူ့ပုံစံက ကျွန်တော်တို့နဲ့ မတူဘူးလို့ ထင်တယ်"

သူမအား နွီဝါးမယ်တော်မှ ကိုယ်တိုင် ဖန်ဆင်းထားခြင်း ဖြစ်ရပေမည်။ အဒေါ်ကျန်းသည် မျက်စောင်းထိုးကာ ပြောလိုက်သည်။

"ငါက ဘယ်လိုလုပ် သိမှာလဲ နွီဝါးမယ်တော်ဆီ စာပို့ပြီး မေးလိုက်ရမလား ဘာလို့ အများကြီး တွေးနေကြရတာလဲ ဘာပဲဖြစ်နေနေ သူက အခု နင်တို့ရဲ့ ညီမလေး ဖြစ်နေပြီ အစ်ကိုတွေအနေနဲ့ နင်တို့ ညီမလေးကို ကောင်းကောင်း ကာကွယ်ပေးရမယ် ဒါမှမဟုတ်ရင် တခြားသူတွေက နင်တို့ အသုံးမကျတာကို လှောင်ပြောင်ကြလိမ့်မယ်"

ကောင်လေးများ ထိတ်လန့်သွားကြသည်။

"ကျွန်တော်တို့ ညီမလေးကို ကောင်းကောင်း ကာကွယ်ပါ့မယ်"

ဝမ်ဝူလန်သည် သူ့ရင်ဘတ်အား ပုတ်လိုက်သည်။

"ကျွန်တော် ဒီနေ့ ညီမလေးကို ကာကွယ်ပေးခဲ့တယ်"

သူသည် ညီမလေးအား ဤနေရာအထိ ပွေ့ချီကာ ခေါ်လာခဲ့သည်လေ။

"ကောင်းပြီ ကောင်းပြီ ငါ့ကို တစ်ရေးလောက် အိပ်ခွင့်ပေးကြပါဦး"

အဒေါ်ကျန်း လက်ကာပြလိုက်လေသည်။ သူမသည် ဒီည ထမင်းခြောက် စားရမည် မဟုတ်သည့်အတွက် စိတ်ဓာတ်ကျနေဆဲ ဖြစ်လေသည်။ သူမအနေဖြင့် ပိုအိပ်ကာ စောစော သက်သာလာမှသာလျှင် ထမင်း စားရပေမည်။ သူတို့ စကားပြောဆို နေကြစဉ် အပြင်ဘက်မှ တစ်စုံတစ်ယောက်၏ အော်ခေါ်သံအား ကြားလိုက်ရသည်။

"ထမင်းစားချိန် ရောက်ပြီ"

အဒေါ်ဖန်နှင့် အဒေါ်မာတို့သည် မီးဖိုချောင်ထဲမှ အစားအစာများကို သယ်ထုတ်လာကြသည်။ ဧည့်ခန်းမဆောင်ထဲတွင် သစ်သားစားပွဲရှည်ကြီး တစ်လုံး ရှိလေသည်။ လူတိုင်း၏ ရှေ့တွင် ထမင်း တစ်ပန်းကန်စီ ရှိကြသည်။ စားပွဲအလယ်တွင် မြွေသားဟင်းချို အိုးကြီးတစ်လုံး အချဉ်တည်ထားသော ဟင်းသီးဟင်းရွက် ပန်းကန်ပြားကြီး တစ်ချပ်နှင့် ပဲပိစပ်ပန်ကိတ်များ အပြည့်ထည့်ထားသော ဝါးခြင်းတောင်းငယ် တစ်ခု ရှိလေသည်။

ပဲပိစပ်ပန်ကိတ်ထဲတွင် တောဟင်းရွက် ခရင်မ်အနှစ် အနည်းငယ်လည်း ပါဝင်သည်။ ဤအစားအသောက်သည် ရှားပါးလှသည့် ကောင်းမွန်သော အစားအစာ တစ်မျိုး ဖြစ်သည်။ အဖိုးအိုဝမ်သည် ပဲပိစပ်ပန်ကိတ် တစ်ခုအား ကောက်ယူလိုက်သည်။

"စားကြတော့"

ထိုအခါမှသာ လူတိုင်း စတင်စားသောက်ကြလေသည်။

အားယွီလေး၏ ရှေ့တွင်လည်း ပန်းကန်လုံးအသေးလေး တစ်လုံး ရှိနေသည်။ အချဉ်တည်ထားသော ဟင်းသီးဟင်းရွက်များနှင့် ပဲပိစပ်ပန်ကိတ်များ အပြင် နို့နှစ်ရောင် ပဲနို့ရည် တစ်ခွက်လည်း ရရှိထားသည်။ ဒီတစ်ကြိမ်တွင် အထဲ၌ သကြားမပါဝင်ပေ။

မလှမ်းမကမ်းတွင် ဆိတ်ငယ်လေး၏ ရှေ့၌ ကျောက်ခွက်တစ်ခု ရှိနေကာ အတွင်း၌ ပဲပိစပ်ပန်ကိတ် တစ်ခု ပါရှိနေသည်။

၎င်းသည် ကျောက်ခွက်ထဲမှ ပဲပိစပ်ပန်ကိတ်ကို ငုံ့ကြည့်လိုက်ပြီးနောက် မလှမ်းမကမ်းရှိ တောင်ကုန်းမှ ထိုးထွက်နေသော မြက်ပင်များအား လှမ်းကြည့်လိုက်လေသည်။

နောက်ဆုံးတွင် ၎င်းသည် ကြိတ်မှိတ် သည်းခံလျှက် ခေါင်းငုံ့ကာ ပန်ကိတ်အား စတင်စားသောက် လိုက်တော့သည်။ အဒေါ်ကျန်း အတွက်မူ သူမအတွက် အထူးစီစဉ်ပေးထားသော ဆန်ပြုတ်အားသာလျှင် စားနိုင်ရှာသည်။

လူတိုင်း စားသောက်ပြီးစီးသောအခါ အဖွားအိုဝမ်သည် သူမ စိုက်ပျိုးခဲ့သည့် ပဲများအကြောင်းကို တွေးနေဆဲ ဖြစ်သည်။ သူမသည် နှစ်ရက်အတွင်း သွားကြည့်ချင်နေသည်။ တကယ်လို့ ရေနှင့်ပတ်သက်ပြီး ပြဿနာ အမှန်တကယ် ရှိနေပါက မည်သို့ ဆက်လက်၍ လုပ်ကိုင်ရမည်အား စဉ်းစားရဦးမည် ဖြစ်ပေသည်။

ထို့ကြောင့် သူမသည် သူတို့နှင့် စကားမပြောဖြစ်ပေ။ လူတိုင်း စားသောက်ပြီးနောက် ဆေးကြောသန့်စင်ကာ အိပ်ရာဝင်ကြလေသည်။ အားလုံး အိပ်ပျော်သွားပြီးနောက် အသားလုံးလေးသည် နေရာလွတ်ထဲ၌ အားယွီလေးကို လှမ်းခေါ်လိုက်သည်။

[ကလေးရေ မနက်ဖြန်ကျရင် တာဝန်သွားလုပ်ရအောင်]

အသားလုံးလေးသည် အားယွီလေး ကြီးထွားဖွံဖြိုးလာစေရန် အတွက် သီးသန့် အထိန်းတော် ပင် ဖြစ်သည်။ ၎င်း၏ အကြီးမားဆုံး တာဝန်မှာ အားယွီကို ကာကွယ်စောင့်ရှောက်ကာ အရွယ်ရောက်လာစေရန်သာ ဖြစ်သည်။

မူလက အသားလုံးလေးသည် ဤအတိုင်းသာ ဆက်လက်၍ ကြီးထွားသွားလျှင် ကောင်းမည်ဟု ခံစားခဲ့ရသော်လည်း ယခုအချိန်တွင် အားယွီသည် အလွန် အားနည်းလွန်းနေခဲ့ကာ သူမအား ကာကွယ်ပေးနေသူများမှာလည်း အလွန် အားနည်းလွန်းသည်ဟု ခံစားလိုက်ရသည်။

ထို့ကြောင့် ၎င်းသည် နေရာလွတ်အား အဆင့်မြှင့်တင်ရန် အားယွီကို ချော့မော့ပြောရုံသာ တတ်နိုင်တော့သည်။ နေရာလွတ်အား အဆင့်မြှင့်တင်ပြီးပါက အခြားသော စွမ်းရည်များအား ပိုမို၍ ဖွင့်လှစ်လာနိုင်မည်ဖြစ်ကာ အားယွီအား ပိုမို ကောင်းမွန်စွာ ကူညီပေးနိုင်လိမ့်မည် ဖြစ်သည်။

သူမအတွက် အသင့်တော်ဆုံး အဓိကတာဝန်မှာ ငွေတေး ၅၀၀ တန်ဖိုးရှိသော ဟင်းသီးဟင်းရွက်များအား လုံလောက်စွာ စိုက်ပျိုးနိုင်ရန် ဖြစ်သည်။

ရွေးချယ်စရာ ဘေးထွက်တာဝန် တစ်ခုလည်း ရှိသေးသည်။ ထိုအရာမှာ ဇာတ်လမ်းထဲမှ ဇာတ်ကောင်များနှင့် ထိတွေ့ဆက်ဆံရန် ဖြစ်သည်။ ၎င်းသည် မမျှော်လင့်ထားသည့် အကျိုးသက်ရောက်မှုများအား ဖြစ်ပေါ်လာစေနိုင်သည်။

ဥပမာအားဖြင့် ယခင်က အားယွီသည် ဆိတ်ငယ်လေးအား သွားရှာသောအခါ ဇာတ်ကောင်ဖြစ်သူ ကျောင်းကျန်းနှင့် ကြုံတွေ့ခဲ့ရသည့် အတွဥ် သူမသည် တစ်ရွာလုံးအား သွယ်ဝိုက်သောနည်းလမ်းဖြင့် ကယ်တင်နိုင်ခဲ့ကာ ရွာသားများ၏ လှိုက်လှိုက်လှဲလှဲ ချစ်ခင်နှစ်သက်မှုနှင့် ကျေးဇူးတင်မှုများအား ရရှိခဲ့ကာ စိတ်ဝိဉာဉ် စမ်းရေကို တိုးပွားလာစေခဲ့သည်။

အားယွီလေးသည် အိပ်ပျော်နေပြီ ဖြစ်သည်။ ယခုအခါ အသားလုံးလေးက နှိုးလိုက်သည့် အတွက် သူမ၏ အသိစိတ် အာရုံသည်လည်း နေရာလွတ်ထဲ၌ နိုးထလာခဲ့ရသည်။ ၎င်းသည် သူမခန္ဓာကိုယ်၏ အနားယူမှုကို ထိခိုက်စေမည် မဟုတ်ပေ။

"နတ်သူငယ်လေးရေ သမီးတို့ ဘာတာဝန် သွားလုပ်ကြမှာလဲ"

အားယွီလေးမှ မေးလိုက်လေသည်။

[အရမ်းရိုးရှင်းပါတယ် အိမ်မှာ မျိုးစေ့တွေ မရှိဘူးလား မင်းအဘွားကို နည်းနည်းလောက် တောင်းပြီး စိုက်ဖို့ ယူသွားလို့ရတယ်လေ]

အားယွီလေးမှ ခဏတာ စဉ်းစားလိုက်ကာ ထိုသို့ ပြုလုပ်သည်မှာ မကောင်းဘူးဟု ခံစားလိုက်ရသည်။

"ဟင့်အင်း အဲ့ဒါတွေက သူတို့စိုက်ဖို့လေ"

အားယွီ၏ အကြားအာရုံသည် ယခုအခါ အလွန်ကောင်းမွန်နေပြီ ဖြစ်သည်။ တော်ဝင်နန်းတွင်းမှ ပေးအပ်သည့် မျိုးစေ့များမှာ နည်းပါးလွန်းသည့် အတွက် အိမ်အတွက် မလုံလောက်ကြောင်း အဘွားနှင့် အခြားသူများ ပြောဆိုနေသည့် အသံအား သူမ ကြားခဲ့ရသည်။

[အိုက်ရား မင်းရဲ့ အစေ့တွေက သူတို့စိုက်ထားတာ တွေထက်တောင် ပိုကောင်းကောင်း ကြီးထွားလာမှာပါ မင်းဆီမှာ စိတ်ဝိဉာဉ် စမ်းရေ ရှိတယ်လေ]

အပင်များအား ရေလောင်းရန် အတွက် စိတ်ဝိဉာဉ် စမ်းရေကို အသုံးပြုလိုက်သည်နှင့် ကောက်ပဲသီးနှံများ အားလုံး အဆင့်မြှင့်တင်ခြင်း ခံရလိမ့်မည်။ ထိုအချိန်ကျလျှင် ကျန်ရစ်ခဲ့သော အစေ့များသည် ပို၍ပင် ကောင်းမွန်လာလိမ့်မည် ဖြစ်ပေသည်။

အကယ်၍ နေရာလွတ်ထဲတွင်သာ စိုက်ပျိုးပါက သူမသည် ဆယ်ရက်မပြည့်ခင် မျိုးစေ့အသစ်များအား ပြန်လည် ရရှိနိုင်မည် ဖြစ်သည်။

ထိုသည်မှာ မည်မျှ မြန်လိုက်လေသနည်း။

အသားလုံးလေးသည် စိုက်ပျိုးရေး ပညာရှင် မဟုတ်သလို စိုက်ပျိုးခြင်းအကြောင်း သိပ်နားမလည်သော်လည်း စိတ်ဝိဉာဉ် စမ်းရေ၏ အာနိသင်ကို သိရှိခြင်းမှ ၎င်းအား တားဆီး မထားနိုင်ချေ။ အဆင့်မြှင့်တင်နိုင်စွမ်းနှင့် ပြုပြင်နိုင်စွမ်းသည် အပင်များအတွက် အသိသာဆုံး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရိတ်သိမ်းချိန် မတိုင်မီ အပင်များ၏ ရှင်သန်နိုင်စွမ်းသည် ဆက်လက် မြင့်တက်နေအုန်းမည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။

...

[ဒီမှာကြည့် မင်းသာ မင်းမိသားစုအတွက် မျိုးကောင်းမျိုးသန့် အပင်တွေ စိုက်ပေးမယ်ဆိုရင် အိမ်မှာ အစားအစာတွေ ပိုများလာလိမ့်မယ် အနာဂတ်မှာ မင်း အငတ် နေစရာမလိုတော့ဘူး]

[မင်း နေ့တိုင်း ဘန်းမုန့်တွေ အများကြီး စားရလိမ့်မယ်]

အားယွီလေး၏ မျက်လုံးများ အရောင်တောက်လာသည်။ ဘန်းမုန့်တွေ.....

"ဒါဆို သမီး ဘန်းမုန့် စားရမှာလား"

အစ်ကို နှစ်သည်လည်း ဘန်းမုန့်အား ကြိုက်ပုံရလေသည်။

[ဒါပေါ့ အသေအချာပဲ]

အားယွီလေးသည် တာဝန်အား လက်ခံလိုက်သည့်အတွက် အသားလုံးလေးလည်း ပျော်ရွှင်သွားလေသည်။ နေရာလွတ်ထဲရှိ မြွေများနှင့် ဆိတ်များ၏ ပုံရိပ်ယောင်များပင် ချစ်စရာကောင်းနေသလို ခံစားလိုက်ရတော့သည်။

အားယွီလေး အိပ်မက်မက်နေသည်။ ယခုတစ်ကြိမ်တွင် သူမသည် ဘန်းမုန့် တောင်ကြီးပေါ်တွင် ထိုင်နေပြီး ဘန်းမုန့် အများကြီး စားနေရကြောင်း အိပ်မက်မက်နေခြင်းပင် ဖြစ်သည်။

သူမ၏ အစ်ကိုများသည်လည်း သူမနှင့်အတူ တောင်ပေါ်တွင် ထိုင်ကာ ဘန်းမုန့်များစွာကို စားသောက်နေကြသည်။ လူတိုင်း၏ ဗိုက်များသည် စားသောက်ထားသဖြင့် လုံးဝန်းနေကြသေးသည်။ သူတို့သည် ဗိုက်ကလေးများအား ပွတ်သပ်ရင်း ပျော်ရွှင်စွာ ရယ်မောနေကြသည်။

လျူရှီသည် ရယ်သံသဲ့သဲ့ကို ဝိုးတိုးဝါးတား ကြားလိုက်ရသည်။ သူမ သေချာ နားထောင်လိုက်ချိန်တွင် အားယွီလေးထံမှ ဖြစ်နေကြောင်း သတိထားမိလိုက်လေသည်။ အားယွီလေးသည် သူမ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ရေရွတ်နေလိုက်သည်။

"ဘန်းမုန့် အရသာရှိလိုက်တာ အေ့ ~"

...

ဤကလေးလေးသည် အိပ်မက်ထဲတွင်ပင် လေချဉ်တက်နိုင်သေးသည်။ သူမသည် ငိုရမည်လား ရယ်ရမမည်လားပင် မသိတော့ပါချေ။ နောက်တစ်နေ့ မနက်တွင် တတိယအဒေါ်၏ အကြီးဆုံးမြေးဖြစ်သူသည် အဖိုးအိုဝမ်၏ အိမ် ခြံတံခါးဝမှ အော်ဟစ် ပြောဆိုလိုက်သည်။

"အဘွားကျန်း အဘိုးဝမ် ရွာလူကြီးက ခေါ်နေတယ်"

ရှန်ယန်းရွာတွင် တစ်ညလုံး နေခဲ့ကြသော ကျောင်းကျန်းနှင့် အခြားသော သူများသည် ဟူမိသားစုရွာသို့ ပြန်လည် ရောက်ရှိနေကြပြီ ဖြစ်သည်။ ရွာလူကြီးအိမ်တွင် နေထိုင်သော အရာရှိအနည်းငယ်သည်လည်း သူ့အား သွားရောက် တွေ့ဆုံကြသည်။

"ကျွန်တော့်မှာ ကြေညာစရာ နှစ်ခု ရှိတယ်"

မိသားစုအသီးသီးမှ လူတိုင်းနီးပါး အားလုံး ရောက်ရှိနေသည်အား မြင်သောအခါ ကျောင်းကျန်းမှ ပြောဆိုလိုက်သည်။

All Chapters