← Chapters

ပြစ်ဒဏ်

Vol. 3 Ch. 37

ပြစ်ဒဏ်

Vol. 3 Ch. 37

ဟူမိသားစုရွာမှ လူများသည် ကျောင်းကျန်းအပေါ်၌ အကောင်းမြင်စိတ် ရှိနေကြဆဲ ဖြစ်ပေသည်။ ထိုလူသည် မည်သူမည်ဝါ ဖြစ်ကြောင်း သူတို့ မသိကြသေးသော်လည်း ထိုလူသည် ကယ်တင်ခံရပြီးနောက်တွင် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် အစားအသောက်များအား ဤမျှ လျင်မြန်စွာ ယူဆောင် လာပေးနိုင်သည်ကို မည်သူကမျှ ယုံကြည်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ကိတ်မုန့်ပေါ်တွင် သကြားဖြူးပေးရန် အတွက် လွယ်ကူသော်လည်း နှင်းထူထပ်သည့် အချိန်တွင် မီးသွေး ပေးပို့ရန်မှာမူ ခက်ခဲလှပေသည်။

"ကျွန်တော်တို့ ရွာသားတွေ အားလုံး ရောက်နေပါပြီ"

ရွာလူကြီးဟူသည် ကျောင်းကျန်းအား ပြောလိုက်သည်။

"ကိစ္စ နှစ်ခု ရှိတယ် ပထမတစ်ချက်က ဒီနှစ်မှာ နွေဦးအခွန်ကို ကောက်ခံမှာ မဟုတ်ဖူး အဲ့ဒါအပြင် မတ်လအထိ စစ်မှုထမ်းဖို့ ဆင့်ခေါ်မှာ မဟုတ်ဘူး"

ကျောင်းကျန်းသည် လူတိုင်း သေချာ ရှင်းလင်း ပြတ်သားစွာ နားလည်နိုင်စေရန် တစ်လုံးချင်း ပြောပြလိုက်သည်။ ရွာသားများသည် ချက်ချင်း ထိတ်လန့်သွားကြလေသည်။ နွေဦးအခွန် ကင်းလွတ်ခွင့်ရမည်လား။ စစ်မှုထမ်းစရာ မလိုအပ်တော့ဖူးလား။

"လောလောဆယ် အခွန်ပေးစရာ မလိုတော့သလို စစ်တပ်ထဲလည်း ဝင်စရာလည်း မလိုတော့ဘူး ဒီနှစ်မှာတော့ ကျွန်တော်တို့ အေးအေးဆေးဆေး လယ်လုပ်လို့ ရပြီ"

"ကျေးဇူးတင်ပါတယ် ကောင်းကင်ဘုံသခင် ကျေးဇူးတင်ပါတယ်"

"ငါတို့ အသက်ရှင်လို့ ရပြီ ငါတို့ အသက်ရှင် နိုင်ပြီ"

ရွာသားများသည် ပထမဦးဆုံး မှင်သက် အံ့အားသင့်ကာ ကြက်သေသေ သွားပြီးနောက် အလွန်ပျော်ရွှင် ဝမ်းသာသွားကြသည်။ ဤျတစ်ကြိမ်တွင် သူတို့သည် အမှန်တကယ် ငိုကြွေးနေကြခြင်း ဖြစ်လေသည်။ သူတို့သည် ယခင်ကထက်ပင် ပို၍ အံ့သြဝမ်းသာလည်’ ဖြစ်နေကြသေးသည်။ ဖြန့်ဝေပေးသော အစားအစာများအား ရရှိမှုနှင့် အရေးပါမှုသည် နွေဦးအခွန်နှင့် မည်ကဲ့သို့ ယှဉ်နိုင်လိမ့်မည်နည်း။

စိတ်လှုပ်ရှားနေသော ရွာသားများသည် ဒူးထောက်ချလိုက်ကြသည်။ ခဏတာအတွင်းမှာပင် သူတို့သည် ကျောင်းကျန်းအား အရိုသေးပေးနေကြပြီးနောက် နောက်တစ်ခဏတာတွင် ချန်းနင်မြို့တော်ရှိရာ အရပ်မျက်နှာသို့ ဒူးထောက်လျှက် ဦးညွှတ် အရိုသေပေးလိုက်ကြတော့သည်။

သူတို့သည် ကျေးဇူးတင်သည့် စကားများအား အဆက်မပြတ် အော်ဟစ်ရေရွတ် နေကြသည်။ အားယွီလေးသည် ဝမ်အာ့လန်၏ လည်ပင်းပေါ်တွင် ထိုင်နေလျှက်ရှိသည်။ ရွာသားများ ဒူးထောက်ကာ ဦးညွတ် အရိုသေပေး နေကြသည်ကို မြင်သောအခါ သူမသည် အစ်ကိုဖြစ်သူ၏ လည်ပင်းပေါ်မှ ကပျာကယာ လျှောဆင်းလိုက်သည်။

သူမသည် ပြေးသွားကာ သူမ၏ အဒေါ်အား ဆွဲထူချင်နေလေသည်။ သို့သော် သူမ ခြေလှမ်း နှစ်လှမ်းသာ လှမ်းရသေးသည့် အချိန်တွင် ဝမ်အာ့လန်မှ သူမ၏ လက်မောင်းလေးအား လှမ်းဆွဲထားလိုက်သည်။

"အားယွီ လျှောက်မပြေးနဲ့"

အားယွီလေး နားမလည်နိုင် ဖြစ်သွားလေသည်။

"သူတို့ ဘာလို့ ဒူးထောက်နေကြရတာလဲ သူတို့ အမှား တစ်ခုခု လုပ်ထားမိလို့လား"

သူမ သိသည့် အချက်မှာ အမှားလုပ်ထားသူများသာ ဒူးထောက်ရခြင်း ဖြစ်သည်။ ဝမ်အာ့လန် ခဏတာ စဉ်းစားလိုက်ပြီး နောက် ပြောလိုက်လေသည်။

"နွေဦးအခွန် ကင်းလွတ်ခွင့်ကြောင့် ဖြစ်မယ် နွေဦးအခွန်က အရမ်းဆိုးတာကိုး"

ယခင်က နွေဦးအခွန် ပေးဆောင်နိုင်ရန်အတွက် မိသားစုဝင်များသည် လယ်ကွင်းများထဲတွင် မိုးလင်းမှ မိုးချုပ် သွားသည်အထိ အလုပ်လုပ်ခဲ့ကြရကာ သီးနှံအထွက်နှုန်း တိုးတက်စေရန် ရုန်းကန်ခဲ့ကြရလေသည်။

နွေဦးအခွန်ဟု ခေါ်ဆိုသော်လည်း အမှန်စင်စစ်မှာ နွေဦးရာသီကုန်ချိန်နှင့် နွေရာသီအစတွင် ပေးဆောင်ရမည့် စားနပ်ရိက္ခာအခွန် ဖြစ်ပေသည်။ ပြောင်းဆန် နွေဦးဂျုံ ပဲကြီး၊ ပဲလုံးနှင့် မုယောစပါးတို့ ဖြစ်သည်။ ကြည့်ရသည်မှာ များပြားပုံရသော်လည်း ၎င်းတို့ တစ်ခုစီအား ထုတ်လုပ်နိုင်မှုမှာ အလွန်နည်းပါးလှပေသည်။ ၎င်းတို့ အားလုံး စုပေါင်းလိုက်မှသာလျှင် အခွန်ပမာဏကို ပြည့်မှီအောင် ပေးဆောင်နိုင်မည် ဖြစ်သည်။

နွေဦးအခွန်အကြောင်း တွေးမိသောအခါတွင် ဝမ်ဝူလန် တစ်ယောက် ခေါင်းကိုက်သွားခဲ့သည်။

"ဟုတ်တယ် အရမ်းပင်ပန်းတာ မနှစ်က တတိယအစ်ကို အစေခံ ဖြစ်လာတုန်းက ငါတို့ နောက်ထပ် အခွန်ဝေစု တစ်စု ပေးဆောင်လိုက်ရသေးတယ် အဲ့ဒါကြောင့် ငါတို့ အရမ်း ပင်ပန်းပြီးတော့ ကစားဖို့ အချိန်တောင် မရှိတော့ဘူး"

ဝမ်စန်းလန်သည်လည်း စိတ်ဓာတ်ကျသလို ခံစားလိုက်ရသည်။

"ငါတို့ရဲ့ ပိုင်ဆိုင်ခွင့်ရှိတဲ့မြေက အဲ့ဒါကို ပေးနိုင်လောက်အောင်တောင် မလုံလောက်ခဲ့ဘူး"

"ပိုင်ဆိုင်ခွင့်ရှိတဲ့မြေ ဆိုတာ ဘာလဲဟင်"

အားယွီလေးသည် သူမတွင် မေးခွန်းများစွာ ရှိနေသည်ဟု ခံစားလိုက်ရသည်။ သူမသည် သူမ၏ အကိုများ ပြောနေသည်များကို ဘာဆိုဘာမှ နားမလည်ပေ။

"အဲ့ဒါက တော်ဝင်နန်းတွင်းက ငါတို့ကို တရားဝင် ပေးထားတဲ့ မြေလေ"

ဝမ်ဝူလန်မှ ပြောဆိုလိုက်သည်။

ဝမ်အာ့လန်သည် ပိုင်ဆိုင်ခွင့်ရှိသောမြေ ဆိုသည်မှာ မည်သည်ကို ဆိုလိုကြောင်း အားယွီလေးအား ရိုးရှင်းစွာ အကျဉ်းချုပ် ရှင်းပြ လိုက်လေသည်။

ချန်မင်းဆက်၏ စည်းမျဉ်း စည်းကမ်းများအရ အမျိုးသားတစ်ဦးသည် အသက် ၁၄ နှစ် ပြည့်ပါမူ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦးအဖြစ် သတ်မှတ်ခံရလေသည်။ အရွယ်ရောက်သည်နှင့် တစ်ပြိုင်နက် သူသည် အစပိုင်းတွင် မြေ ဧက ၃၀ (မူ) ကို ရရှိနိုင်ပေသည်။ ၎င်းတို့အနက် (၂၀) ဧက သည် နိုင်ငံပိုင်မြေ ဖြစ်ကာ ( ၁၀ ) ဧကသည် ပိုင်ဆိုင်ခွင့်ရှိသည့်မြေ ဖြစ်လေသည်။

(** ‘မူ’ ဆိုသည်မှာ တရုတ်မြေတိုင်းယူနစ်တွင် ခေတ်ကာလအလိုက် ကွာခြားသော်လည်း ခန့်မှန်းချေ ၀.၁၆ ဧက ရှိသည်။**)

နိုင်ငံပိုင်မြေအား ရောင်းဝယ်၍ မရသကဲ့သို့ အမွေဆက်ခံ၍လည်း မရနိုင်ပေ။ အရွယ်ရောက်ချိန်မှ သေဆုံးချိန်အထိ လက်ဝယ်ထားနိုင်သည့် တိုင်အောင် သေဆုံးပြီးနောက်တွင် နိုင်ငံတော်မှ ပြန်လည် သိမ်းဆည်းခြင်း ခံရလေသည်။

ပိုင်ဆိုင်ခွင့်ရှိသောမြေကိုမူ ကိုယ်ပိုင် မြေအဖြစ် အမြဲတမ်း ခွဲဝေပေးထားလေသည်။ ရောင်းနိုင် ဝယ်နိုင် ငှားရမ်းနိုင်ကာ နောင်လာမည့် မျိုးဆက်များထံသို့ လက်ဆင့်ကမ်း ပေးနိုင်လေသည်။

ရွာသားများ၏ မြေယာ ဖွဲ့စည်းပုံများမှာ အခြေခံအားဖြင့် နိုင်ငံတော်မှ ပေးအပ်ထားသော မြေယာ အစိတ်အပိုင်းများနှင့် ဘိုးဘွားများ လက်ထက်ကတည်းက လက်ဆင့်ကမ်းလာသော မြေများ အပြင် မိမိတို့ဘာသာ ဖော်ထုတ်ထားသော မြေများ စသည်တို့ဖြင့် ဖွဲ့စည်းထားလေသည်။

ပမာဏ များပြားပုံ ရသည့်တိုင်အောင် လူအနည်းစု၏ လက်အတွင်း၌သာ မြေအမြောက်အမြား ပိုင်ဆိုင်ထားခြင်း ဖြစ်ပေသည်။ သူတို့၏ မြေများအား ရောင်းချရန် သို့မဟုတ် လဲလှယ်ရန် အတွက် အကြောင်းပြချက် အမျိုးမျိုး ရှိကြသည်။ ထိုသို့ပြုလုပ်ကြခြင်းမှာ သူတို့သည် ဆင်းရဲ နွမ်းပါးကြသောကြောင့် ဖြစ်ပေသည်။

ဝမ်မိသားစု၏ မြေများမှာမူ သူတို့၏ မြေးများ အရွယ်ရောက်ပြီးနောက် နိုင်ငံတော်မှ ပေးအပ်ခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် သူတို့သည် အချို့ကိုလည်း ရောင်းချထားပြီး ဖြစ်လေရာ မိသားစု တစ်ခုလုံးသည် ကျပ်တည်းစွာ ရှင်သန် နေထိုင်ကြရလေသည်။

မြေဆီကောင်းသော မြေတစ်ဧကသည် ကောက်နှံ ပိဿာ ၁၅၀ သာ ထွက်ရှိနိုင်လေသည်။ လူတိုင်းတွင် မြေဆီ မြေသြဇာကောင်းသော မြေများ သိပ်မရှိကြသည့် အတွက် ပုံမှန်အားဖြင့် တစ်ဧကလျှင် ပိဿာ ၇၀ မှ ၈၀ သာ ထွက်လေ့ရှိသည်။ ထိုသည်မှာ သီးနှံအထွက်နှုန်း ကောင်းသည်ဟု မယူဆနိုင်ပေ။

အမျိုးသားတစ်ဦးစီသည် နွေဦးနှင့် ဆောင်းဦးရာသီတွင် အစားအစာ တစ် "ရှီ" ပေးဆောင်ရလေသည်။ အခြားသောအားဖြင့် အရွယ်မရောက်သေးသော အမျိုးသားများနှင့် အမျိုးသမီးများ ပါဝင်နေခဲ့လျှင် မူ လူသုံးဦးလျှင် အစားအစာ တစ် "ရှီ" ပေးဆောင်ရသည်။ နည်းပါးပုံရသည်ဟု ထင်ရသည့် တိုင်အောင် အားလုံး ပေါင်းလိုက်သောအခါတွင်မူ ပေးနိုင်စွမ်း မရှိကြပေ။

(** ‘ရှီ’ ဆိုသည်မှာ ဟန်မင်းဆက်ခေတ်တွင် စပါး ဂျုံ ပြောင်းများ ချိန်တွယ်ရာတွင် အသုံးပြုခဲ့သော အတိုင်းအတာ ယူနစ် တစ်ခု ဖြစ်သည်။ ထုထည်/ အလေးချိန် ယူနစ် တစ်ခု ဖြစ်ကာ ပုံမှန်အားဖြင့် ၁ ရှီတွင် ၁၀၀မှ ၁၂၀ ကတ်တီ ဝန်းကျင် ရှိတတ်ပါသည်။

ကတ်တီ ဆိုသည်မှာလည်း အလေးချိန် ယူနစ် တစ်ခု ဖြစ်ကာ ခန့်မှန်းခြေ ၀.၅ မှ ၀.၆ ကီလိုဂရမ် (၃၀-၄၀ ကျပ်သားခန့် ) ရှိသည်။**)

အားယွီလေးသည် နားထောင်ရင်း မူးဝေလာသလို ခံစားလိုက်ရသည်။ သူမ၏ မျက်လုံးလေး နှစ်လုံးအား ပုတ်ခတ်ပုတ်ခတ် ပြုလုပ်ရင်း အစ်ကိုဖြစ်သူများ၏ စကားများအား နားလည်နိုင်ရန် အတွက် အစွမ်းကုန် ကြိုးစားနေရဟန် တူသည်။

သို့သော် သူမသည် တစ်ခုတည်းကိုသာ မှတ်မိလေသည်။ ပိုင်ဆိုင်ခွင့်ရှိသောမြေ သည် အလွန်နည်းပါးလှကာ လယ်လုပ်ရသည်မှာလည်း အလွန်ပင်ပန်းလှသည် ဟု ဆိုခြင်းပင် ဖြစ်သည်။

သူမသည် လက်မောင်းများအား မြှောက်လျှက် အားကုန်သုံး၍ ပွတ်သပ်လိုက်ပြီးနောက် အစ်ကိုများမှ အံ့သြနေသည့် အကြည့်များ၏ အောက်တွင် သူမသည် ပါးများကို ဖောင်းလိုက်ကာ ထူးခြားစွဦဖြင့် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"မကြောက်ပါနဲ့ အားယွီလည်း လယ်လုပ်တတ်တယ် အတူတူ လယ်စိုက်ကြတာပေါ့"

ဝမ်ဝူလန်သည် ပါးစပ်ကိုအုပ်ကာ တိတ်တဆိတ် ရယ်မောလိုက်လေသည်။

"ညီမလေးက လယ်လုပ်ဖို့ အရမ်းငယ်သေးတယ်"

အားယွီလေး စိုးရိမ်သွားတော့သည်။

"အားယွီ စိုက်တဲ့ ဟင်းသီး ဟင်းရွက်တွေက အရမ်း အရသာရှိတယ်လေ အခုဆို ပိုတောင် အရသာရှိသေးတယ်"

နတ်သူငယ်လေး၏ အကူအညီဖြင့် သူမသည် ဟင်းသီးဟင်းရွက်များ အပေါ်သို့ ချိုနေသည့် ရေများအား လောင်းပေးနိုင်ခဲ့သည်။ ထို့ကြောင့် ဟင်းသီးဟင်းရွက်များသည် သေချာပေါက် ပို၍ အရသာရှိလာမည် ဖြစ်ပေသည်။

အားယွီလေးသည် ပိုးစားထားသော အသီးလေးကဲ့သို့ စိုးရိမ်နေသည်အား မြင်သော် ဝမ်မိသားစုမှ ကောင်လေးများသည် မရယ်ဘဲ မနေနိုင်ကြတော့ချေ။ သူတို့သည် သူမလေးအား နှစ်သိမ့်နိုင်ရန် အတွက် အလုအယက် ပြောဆိုလိုက်ကြသည်။

"ကောင်းပါပြီ ကောင်းပါပြီ ကောင်းပါပြီ အားယွီရဲ့ ဟင်းသီးဟင်းရွက်တွေကမှ အရမ်း အရသာရှိတာပါ ကိုကိုတို့ရဲ့ မြေနဲ့ လယ် အားလုံးက အားယွီ အပေါ် မူတည်နေပြီနော်"

အားယွီလေးသည် ပျော်ရွှန်းလွန်းသဖြင့် ပြုံးစိစိ လုပ်နေခဲ့ရာ သူမ၏ ဆံထုံးလုံးလေး နှစ်ခု ယိမ်းခါသွားတော့သည်။ သူမ၏ ပျော်ရွှင်မှုထဲတွင် နစ်မြှပ်ရင်းဖြင့် "စစ်မှုထမ်းတာ ဘာလဲ" ဟု မေးရန် မေ့သွားခဲ့လေတော့သည်။ အားယွီလေး မမှတ်မိခင်မှာပင် ကျောင်းကျန်းမှ စကားများ ထပ်မံ ပြောဆိုလိုက်လေသည်။ လူတိုင်း ငြိမ်သက်သွားသောအခါ ကျောင်းကျန်းမှ ဆက်ပြောလိုက်သည်။

"ဒုတိယအချက်ကတော့ ခင်ဗျားတို့ရွာနဲ့ ရှန်ယန်းရွာကြားက ရန်ပွဲအကြောင်းပါ"

ရွာသားအားလုံး ကျောင်းကျန်းအား ကြည့်လိုက်ကြကာ သတင်းကောင်း ကြားရရန် အတွက် မျှော်လင့်နေကြသည်။ ကျောင်းကျန်းမှ ပြောလိုက်သည်။

"ကျွန်တော်တို့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း စုံစမ်းပြီးပါပြီ ဒီပြသာနာမှာ ခင်ဗျားတို့အမှား မဟုတ်ပါဘူး"

ကျောင်းကျန်း ထားရစ်ခဲ့သော အရာရှိ အနည်းငယ်သည် ရွာအား ကာကွယ်ရန်သာ နေရစ်ခဲ့ရုံသာမက ဤနေရာရှိ ကိစ္စရပ်များ အားလုံးကို စုံစမ်းစစ်ဆေးရန်လည်း အတွက်လည်း တာဝန်ရှိလေသည်။

ပြန်လာသည့် လမ်းတွင် ဝမ်ညီအစ်ကိုများမှ ကိစ္စရပ်များ အားလုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြခဲ့ပြီး ဖြစ်ပေသည်။ သို့သော် သူတို့သည် တစ်ဖက်၏ စကားများ ကိုသာ နားထောင်၍ မရနိုင်သည့် အတွက်ကြောင့် သဘာဝကျစွာပင် အားလုံးကို စုံစမ်းစစ်ဆေးရပေမည်။

စုံစမ်းစစ်ဆေးမှု ရလဒ်များသည် ဝမ်ချွမ်းမန်နှင့် အခြားသူများ ပြောခဲ့သည်များနှင့် အလုံးစုံ ဆင်တူနေခဲ့သည်။ ရှန်ယန်းရွာမှ ရွာသားများသည် သူတို့၏ ကိုယ်ပိုင်ကလေးငယ်များအား စားသောက်ခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် ရွာသို့ ကလေးပေးရန် သတ်မှတ်၍ အလှည့်ကျထားသော မိသားစု အနည်းငယ်သည် မပျော်ရွှင်ကြတော့ဘဲ ဟူမိသားစုရွာမှ ကလေးများအား ခိုးယူရန် ရိုးရိုးရှင်းရှင်းပင် ဆန္ဒရှိခဲ့ကြလေသည်။

အဘယ်ကြောင့်ဆိုသော် ဟူမိသားစုရွာမှ ကလေးတစ်ယောက် ကောက်ရထားကြောင်း သူတို့ ကြားသိခဲ့ရပြီး ဖြစ်ကာ အကယ်၍ ထိုကလေးငယ်ကိုသာ ခိုးယူ စားလိုက်ပါလျှင်လည်း ဟူမိသားစုရွာမှ လူများသည် သေချာပေါက် ရေးကြီး ခွင့်ကျယ်လုပ်ကာ ပြဿနာရှာမည် မဟုတ်ဟု ထင်ခဲ့ကြသောကြောင့် ဖြစ်ပေသည်။

ရှန်ယန်းရွာတွင် ကျောင်းကျန်းသည် ဤကိစ္စနှင့် ပတ်သက်၍ မေးမြန်းသောအခါ အမျိုးသားတစ်ဦးသည် သူ၏ မျက်နှာတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေဟန်ဖြင့် ပြောဆိုခဲ့သေးသည်။

"ကျွန်တော်တို့ကျတော့ အသက်တောင် မရှင်နိုင်ကြတော့ဘူး ဒါပေမဲ့ သူတို့ကျ တကယ်ကို ကလေး တစ်ယောက် ကောက်ပြီး မွေးစား ထားကြသေးတယ် သူတို့ကျန်တဲ့ အစားအစာတွေကိုသာ ကျွန်တော်တို့ဆီ ပေးခဲ့ရင် ကျွန်တော်တို့ ကလေးလုတဲ့အထိ ဖြစ်လာစရာ အကြောင်းမရှိဘူး"

"ဟုတ်တယ် သူတို့ရဲ့ ဟူမိသားစုရွာက အရင် ကတည်းက အဆင်းရဲဆုံးရွာလေ ဒီနှစ်တွေတစ်လျှောက်လုံး သူတို့ပတ်ဝန်းကျင်က ရွာတွေ အားလုံးက သူတို့ကို အများကြီး ကူညီပေးခဲ့ကြသေးတယ် အခု ကျွန်တော်တို့ ဒုက္ခရောက်နေတော့ သူတို့က အစားအစာ ၅၀ ကတ်တီ ပဲ ပေးတယ် ကျွန်တော်တို့ ဘယ်လိုလုပ် ငြိမ်ခံနေနိုင်မှာတဲ့လဲ"

"ကျွန်တော်တို့ ရွာတွေက တစ်ရွာနဲ့တစ်ရွာ အရမ်းနီးတော့ အများကြီး အပြန်အလှန် ဆက်ဆံခဲ့ကြတယ် သူတို့က သူတို့မသိတဲ့ ကောင်မလေးတစ်ယောက်ကိုကျတော့ ပေးကမ်းဖို့ ဆန္ဒရှိကြပေမယ့် ကျွန်တော်တို့ကိုကျ လွတ်လမ်းလေး တစ်ခုပေးဖို့ ဆန္ဒမရှိကြဘူး သူတို့က ကျွန်တော်တို့ကို ဒီလိုလုပ်ဖို့ ဖိအားပေးခဲ့ကြတာ"

...

"သူတို့ကြောင့် ကျွန်တော်တို့လူတွေ တချို့တောင် သေခဲ့ရတယ် ကျွန်တော်တို့ သူတို့ကို အသက်နဲ့ပြန်ပြီး ပေးဆပ်စေချင်တယ်"

"သူတို့က ကျွန်တော်တို့ကို ပိုက်ဆံနဲ့ လျော်ကြေးပေးဖို့တောင် တောင်းဆိုခဲ့ကြသေးတယ် ကောင်းကင်ဘုံရေ ဒါက လောကမှာ မတရားခံရဆုံး ကိစ္စပဲ"

ရှန်ယန်းရွာမှ ရွာသားများသည် ပို၍ ပြောပြလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်လာကြသည်။ ဟူမိသားစုရွာမှ ကျေးဇူးကန်းသော ရွာသား အုပ်စုအား အပြစ်ပေးရန် အတွက် ကျောင်းကျန်းအား တောင်းဆိုခဲ့ကြလေသည်။

ဤကဲ့သို့ ကိုယ့်အပြစ်ကို မမြင်ပဲ သူတစ်ပါးအပေါ် အပြစ်ပုံချသည့် အပြုအမူများသည် ကျောင်းကျန်းနှင့် အခြားသော အရာရှိများအား ဆွံ့အသွားစေခဲ့သည်။

သူတို့ အမှန်တကယ်ပင် ထိုသို့ ပြောရဲကြသည်လား။ ကလေးစားသောသူများသည်သာ ထိုသို့ ပြောဆိုကြသည် သာမက လေးစားခံရသော သက်ကြီးဝါကြီး အချို့ အပါအဝင် ယခင်က လူသားအား မစားဖူးသူများ ကပါ သူတို့တွင် အပြစ်မရှိကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ကြသည်။

ကျောင်းကျန်းသည် စုံစမ်းစစ်ဆေးမှုများ ပြီးသည့်နောက်တွင် ရှန်ယန်းရွာမှ ထွက်ခွာလာခဲ့ကာ သူ၏ စိတ်နှလုံး တစ်ခုလုံးသည် အလွန် လေးလံနေခဲ့သည်။

ကျောင်းကျန်းသည် မူလတွင် သူတစ်ပါး၏ ကလေးအား စားသောက်ခြင်းသည် အလွန် ရက်စက် ယုတ်မာသည့် လုပ်ရပ်ဖြစ်ကာ ပြင်းထန်စွာ အပြစ်ပေးသင့်သည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ကံမကောင်းစွာဖြင့် လက်အောက်ငယ်သား အရာရှိများမှ ဤကိစ္စသည် များသောအားဖြင့် အရာရှိများ၏ စုံစမ်းစစ်ဆေးမှု နယ်ပယ်အတွင်း မရှိကြောင်း သူ့အား သတိပေးခဲ့ကြသည်။ ထိုကဲ့သို့သော အမှုများအား စစ်ဆေးရန် အတွက် ဒေသခံ မိသားစုများ သို့မဟုတ် ကျေးလက်ဒေသမှ မြေပိုင်ရှင်များထံ လွှဲပြောင်းပေးအပ် လိုက်သည်မှာ ပို၍ များပြားပေသည်။

နစ်နာသူမှ တိုင်ကြားမှု မရှိပါက ထို ကိစ္စရပ်များအား မဖြေရှင်းပေးဘဲ ထားလိုက်ရုံသာ ရှိလေသည်။ အများဆုံးအနေဖြင့် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးပြီးနောက် သင်ခန်းစာပေးရန် အတွက် ရက်အနည်းငယ် ချုပ်နှောင်ထားရုံမျှသာ ရှိလေသည်။

...

ရှန်ယန်းရွာမှ လူတိုင်း ကလေးများအား စားကြလိမ့်မည် မဟုတ်ဟု သူ မူလက ထင်ခဲ့သေးသည်။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စမျိုးတွင် မပါဝင်ချင်သည့် တိုင်အောင် အတင်းအကျပ် ဖိအားပေး ခိုင်းစေခံရသူ အချို့ အမြဲတစေ ရှိနေကြလိမ့်မည် ဖြစ်သည်။

သို့သော်ငြားလည်း ကျောင်းကျန်းမှ "တရားမျှတမှုကို လိုချင်တဲ့သူ ရှိလား ကျွန်တော် ကူညီပေးနိုင်တယ်" ဟု မေးမြန်းလိုက်သောအခါ ရှန်ယန်းရွာမှ ရွာသားတိုင်း တိတ်ဆိတ်သွားကြတော့သည်။

ထိုအထဲတွင်။ သူတို့၏ ကလေးများအား ခေါ်ဆောင်သွားပြီးနောက် စားသောက်ခံလိုက်ရသည်အား မြင်သည့် အချိန်တွင် အသည်းပေါက်မတတ် ငိုကြွေးခဲ့ကြသည့် အမျိုးသမီး အချို့လည်း ပါဝင်လေသည်။ သူတို့၏ ခင်ပွန်း သို့မဟုတ် ယောက္ခမများအား တိုင်ကြားလိုသလားဟု သူ့ဘက်မှ မေးမြန်းခဲ့သည့် တိုင်အောင် သူတို့သည် ခေါင်းကိုသာ တွင်တွင်ခါနေခဲ့ကြသည်။

"အရှင် ရှင် သူ့ကို ဖမ်းလို့ မဖြစ်ဘူး မိသားစုထဲမှာ ယောက်ျားတစ်ယောက်မှ မရှိရင် ကျွန်မတို့ ဘယ်လို ဆက်ပြီး အသက်ရှင်နိုင်ကြမှာလဲ"

ကျောင်းကျန်း၏ မျက်နှာသည် အေးစက်ကာ ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

"သူတို့က ကိုယ့်သွေးသားရင်း ဆိုတာကိုတောင် လစ်လျူရှုနိုင်တဲ့ လူတွေလေ ခင်ဗျားတို့ တကယ်ပဲ သူတို့ကို ခွင့်လွှတ်နိုင်ကြမှာလား"

အမျိုးသမီးများသည် ရှိုက်ငိုနေကြကာ ကျယ်လောင်စွာ မငိုရဲကြသော်လည်း မည်သူ တစ်ဦး တစ်ယောက်ကမျှ ပြန်မဖြေကြပေ။ သူတိုတွင် ကလေးများမှာ မရှိကြတော့ပေ။ သူတို့၏ အမျိုးသားများအား ထပ်မံ၍ အဆုံးရှုံး မခံနိုင်ကြတော့ပေ။

သူသည် တော်ဝင်သံတမန် တစ်ဦး ဖြစ်သည့် အတွက် ဤကိစ္စမျိုးတွင် ဝင်ရောက်စွက်ဖက်နိုင်သည့် တိုင်အောင် လက်ကို အလွန်အကျွံ ဆန့်ထုတ်၍ မရနိုင်ပေ။

နောက်ဆုံးတွင် သူ သည်းမခံနိုင်တော့သည့် အတွက် ဟူမိသားစုရွာသို့ သွားရောက်ကာ ပြဿနာရှာခဲ့သူများအား ဖမ်းဆီးပြီးနောက် ခရိုင်မြို့တော်သို့ ပို့ဆောင်ရန် အရာရှိများအား အမိန့်ပေး ညွှန်ကြားလိုက်လေတော့သည်။

ကလေးများအား ယဇ်ပူဇော်ပြီးနောက် စားသောက်သည့် ကိစ္စများအား နောက်မှ ဆွေးနွေးနိုင်လျှင်တောင် သူတို့သည် အခြားရွာသို့ ပြဿနာသွားရှာခဲ့ခြင်းနှင့် မိမိတို့ ရွာသားအချင်းချင်း သေဆုံးစေခဲ့ခြင်း တို့ကြောင့် ရာဇဝတ်မှု ကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်။

ဤအချက်သို့ ရောက်ချိန်တွင် ကျောင်းကျန်းသည် ဟူမိသားစုရွာမှ အပြစ်ကင်းစင်သည့် ရွာသားများအား ကြည့်ရင်းဖြင့် မိမိကိုယ်ကို အနည်းငယ် တည်ငြိမ်အောင် ပြုလုပ်လိုက်ပြီးနောက် ပြောလိုက်လေသည်။

"ရှန်ယန်းရွာမှ ရွာသားတွေက ခင်ဗျားတို့ကို အရင်စပြီး ရန်စ ပြဿနာရှာခဲ့တယ် ပြီးတော့ ဟူမိသားစုရွာက လူတွေကိုလည်း ထိခိုက် ဒဏ်ရာရစေခဲ့တယ် ဒါက ကြီးလေးတဲ့ ရာဇဝတ်မှုပဲ ခင်ဗျားတို့က သူတို့ကို အရင်စပြီး ရန်စခဲ့တာ မဟုတ်ဘူး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် လက်တုံ့ပြန်ခဲ့ကြတာ ဖြစ်တယ် မြွေသိုက် လှုပ်နိုးမိသွားတာက ခင်ဗျားတို့အပြစ် မဟုတ်ဘူး ဒါကြောင့် ခင်ဗျားတို့ရွာက အပြစ်ကင်းတယ် ဒါပေမဲ့..."

ကျောင်းကျန်း စကားလမ်းကြောင်း လွှဲလိုက်ရာ လူတိုင်း စိတ်လှုပ်ရှားသွားကြပြီးနောက် သူသည် သူတို့အား တစ်စုံတစ်ခု ပြောမည်ကို ကြောက်ရွံ့နေကြလေသည်။

"ရှန်ယန်းရွာက ဟူမိသားစုရွာကို အရင်စပြီး ရန်စခဲ့တာ ဖြစ်တဲ့ အတွက် သူတို့ ကမ်းလှမ်းထားတဲ့ ဆေးကုသမှု လျော်ကြေး အပြင် ရှန်ယန်းရွာက ခင်ဗျားတို့ရဲ့ ဇွန်လ စစ်မှုထမ်း ခွဲတမ်းကိုပါ လွှဲပြောင်း ယူရမယ် အကယ်လို့ တော်ဝင်နန်းတော်က စစ်သည်အင်အားအတွက် ဆင့်ခေါ်မယ် ဆိုရင် သူတို့က ခင်ဗျားတို့အစား သွားပေးရလိမ့်မယ်"

သူ ထိုသို့ ပြောပြီးသည်နှင့် ရွာသားများ၏ မျက်လုံးများ မှာ ပြူးကျယ်သွားကြတော့သည်။

ရှန်ယန်းရွာမှ ဟူမိသားစုရွာ အတွက် ဇွန်လ စစ်မှုထမ်းခွဲတမ်းအား လွှဲပြောင်းယူရမည် ဟု ဆိုသည်။ ထိုသို့ဆိုလျှင် သူတို့ရွာမှ အမျိုးသားများသည် အနည်းဆုံး ခြောက်လခန့် အနားယူခွင့် ရရှိမည်ဖြစ်သည်။ ဤသည်မှာ သူတို့ မတောင်းဆိုရဲသည့် အရာပင် ဖြစ်ခြေသည်။

"အရှင် ခင်ဗျား တကယ် ပြောနေတာလား"

ရွာသားများသည် ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေကြသည်။ သူတို့ အဓိက မေးချင်သည်မှာ သူပြောသော စကားများက တကယ် ဟုတ်မဟုတ် ဆိုတာပင် ဖြစ်ချေသည်။

All Chapters