အားယွီက ကျွန်မသမီးပါ
Vol. 3 Ch. 38
"ဒါပေါ့ ကျွန်တော် ဒီကို မလာခင်ကတည်းက ကျွန်တော့် သခင်က ဒီနေရာမှာရှိတဲ့ ဘယ်လို ကိစ္စမျိုးကိုမဆို ဖြေရှင်းဖို့ ကျွန်တော့်ကို လုပ်ပိုင်ခွင့် အာဏာ အပြည့်အဝ ပေးထားပြီးသားပါ ကျွန်တော် ပါဝင်ပတ်သက်နေတဲ့ သူတွေ အားလုံးကို ဖမ်းဆီးထားပြီးပါပြီ အခု ခင်ဗျားတို့ရွာက မျက်မြင် သက်သေ တစ်ယောက်ကို ရွေးပြီး ကျွန်တော်နဲ့ လိုက်ခဲ့ ပေးရလိမ့်မယ်”
ဤအမှုအား တရားဝင် စစ်ဆေး ဆုံးဖြတ်ဖို့ရန် အတွက် သူတို့သည် ခရိုင်မြို့တော်သို့ သွားရပေမည်။ လုပ်ထုံးလုပ်နည်း အမျိုးမျိုး ပြီးဆုံးမှသာလျှင် အမှုအား ပိတ်သိမ်းနိုင်မည် ဖြစ်သည်။
ဤ အမှု ကိစ္စသည် အလွန် အရေးကြီးလေသည်။ ဟူမိသားစု ကျေးရွာနှင့် ရှန်ယန်းရွာတို့သည် ဤကိစ္စကြောင့် သေချာပေါက် ရန်သူများ ဖြစ်လာကြလိမ့်မည် ဖြစ်သည့်တိုင်အောင် ဤအခြေအနေမျိုးတွင် လက်ဆွဲနှုတ်ဆက်ကာ ငြိမ်းချမ်းရေး ယူလိုက်ခြင်းသည် အလွန် သရဲဘောကြောင်ရာ ရောက်ပေသည်။ ရွာလူကြီးဟူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
"အဲ့ဒါက အဆင်ပြေပါတယ် ကျွန်တော် ခင်ဗျားတို့နဲ့ လိုက်ခဲ့မယ် ပြီးတော့ ရွာသားလေးယောက်ကိုလည်း ကျွန်တော်နဲ့အတူ ခေါ်လာခဲ့လိုက်မယ်"
သူသည် ရွာလူကြီး ဖြစ်သည့်အတွက် သူသာ သက်သေထွက်ဆိုလျှင် ပိုပြီး ယုံကြည်လက်ခံနိုင်ဖွယ် ရှိပေလိမ့်မည်။ အဖွားအိုဝမ်သည် ခြေတစ်လှမ်း ရှေ့တိုးလျှက် သူမ၏ အဝတ်အစားများအား သပ်ရပ်အောင် ပြုလုပ်လိုက်ပြီးသည့် နောက်တွင် သူမသည် တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
"ကျွန်မလည်း ရှင်တို့နဲ့ အတူတူ လိုက်ခဲ့မယ်"
" ငတုံးမကျန်း နင် ရူးနေလား နင့်ရဲ့ အိုဟောင်းနေတဲ့ အရိုးတွေနဲ့ ခရိုင်မြို့တော်ကို ဘယ်လိုလုပ် သွားနိုင်မှာလဲ လမ်းတစ်ဝက်မှာတင် နင် လဲကျသွားလိမ့်မယ်"
တတိယအဒေါ်ဟူသည် အနည်းငယ် လှမ်းသော နေရာတွင် ရပ်နေခဲ့ကာ သူမသည် အနည်းငယ် ကြောက်ရွံ့နေဆဲ ဖြစ်လေသည်။ အဆုံးသတ်တွင်မူ သူမသည် အရာရှိများအား သူမ ဘဝ တစ်သက်တာတွင် တစ်ခါမျှ မမြင်ခဲ့ဖူးပေ။ သူမ၏ ရှေ့တွင် လူအများအပြား ရှိနေခြင်းအားလည်း မကြုံခဲ့ဖူးပေ။
ဤ ငတုံးမကြီး ကျန်းသည်လည်း တုံးအလွန်းပေသည်။ သာမာန် ပြည်သူများသည် အရာရှိများအား မြင်လျှင် မသေလျှင်တောင် အရေခွံနွှာခံရမည် ဆိုသည်အား မသိသောသူ မည်သူ ရှိလေသနည်း။ အဘယ်ကြောင့်များ သွားရန် အလောတကြီး ဖြစ်နေရလေသနည်း။
အဖွားအိုဝမ်သည် တတိယအဒေါ်ဟူအား လစ်လျူရှုလိုက်လေသည်။ သူမတို့၏ ဝမ်မိသားစုသည် အားယွီလေးအား မည်မျှ တန်ဖိုးထားကြောင်း လူတိုင်းအား သိရှိနိုင်စေရန် အတွက် သူမအနေဖြင့် ထိုနေရာသို့ သေချာပေါက် သွားရောက်ရမည် ဖြစ်သည်။
ရှန်ယန်းရွာမှ အားယွီအား ခိုးယူကာ ပြန်ပေးဆွဲ ယူသွားချင်နေကြသည်။ ထိုကိစ္စသည် မပြီးသေးပါချေ။ ထို့အပြင် အခြားသော ရွာသားများသည် အရာရှိများအား ကြောက်ရွံ့ကြလျှင်ပင် သူမသည် အရာရှိများအား မကြောက်ပေ။ အရာရှိများတွင်လည်း အခြားသူများကဲ့သို့ ခြေလက်များ ရှိနေသည် မဟုတ်ပါလော။ သူတို့သည် သူမအား စားပစ်မည်လား။
"စိတ်မပူပါနဲ့ ပုံမှန် မေးမြန်း စစ်ဆေးရုံ သက်သက်ပါပဲ ဘာအန္တရာယ်မှ မရှိစေရပါဘူး ခရီးလမ်း ကြမ်းတမ်းတာလေး တစ်ခုလောက်ပါပဲ အဘွားကတော့ နည်းနည်း ပင်ပန်းရလိမ့်မယ်"
ကျောင်းကျန်းသည် ခေါင်းအနည်းငယ် ညိတ်လိုက်ကာ အဖွားအိုအား သတိပေးလိုက်လေသည်။
"ရှင်တို့ဆီမှာ မြင်းလှည်း ရှိတယ် မဟုတ်လား ကျွန်မ အဲ့ဒါနဲ့ လိုက်ခဲ့မယ်"
အဖွားအိုဝမ်သည် မေးစေ့ကို မော့ကာ အထူးတလည် ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်သည်။ ကျောင်းကျန်း ကြက်သေသေ သွားလေသည်။ ထို့နောက် ဤသည်မှာ မဖြစ်နိုင်သော ကိစ္စ မဟုတ်ကြောင်း သူ တွေးလိုက်မိသည်။ ထို့အပြင် သူသည် ဤအဘွားအိုအား အတော်လေး သဘောကျမိသည်။ သူမသည် ရိုးသားပြီး ထက်မြက်လှသည်။
ကျောင်းကျန်းသည် လူအုပ်ကြားထဲတွင် အားယွီလေးအား တွေ့လိုက်ရလေသည်။ ထိုအချိန်တွင် သူမသည် ဝမ်အာလန်၏ လည်ပင်းပေါ်မှ ဆင်းပြီးပြီ ဖြစ်ကာ ဆိတ်ကလေးတစ်ကောင်သည် သူမ၏ နံဘေးတွင် ရှိနေခဲ့ပြီး သူမသည် ခေါင်းငုံ့ကာ ၎င်းနှင့် စကားပြောနေလေသည်။
လွန်ခဲ့သော ရက်အနည်းငယ်မှ သူမ၏ ပုံစံနှင့် ယှဉ်ကြည့်လျှင် ထိုကောင်မလေးသည် ပြောင်းလဲသွားပုံရလေသည်။ အစောပိုင်း အချိန်မှ သူမ၏ မျက်နှာသည် အနည်းငယ် နွမ်းနယ်နေခဲ့ကာ ပိန်လှီနေလျှက် ရှိပြီး လေတိုက်လျှင်ပင် လဲကျတော့မည့်အလား ဖြစ်နေခဲ့သည်။
ယခုအခါတွင် သူမ၏ မျက်လုံးနက်လေးများသည် ကြယ်ရောင်များဖြင့် ပြည့်နှက်နေသကဲ့သို့ ဖြစ်နေခဲ့သည်။ ထို့အပြင် သူမ၏ မျက်ဝန်းထဲတွင် ဖုံးကွယ်လျှက် ရှိနေသည့် ရွှေရောင် အစက်အပြောက်လေးများသည် ကြယ်များနှင့် ပို၍ ဆင်တူနေခဲ့သည်။
သူမ၏ မေးစေ့သေးသေးလေးသည် လုံးဝန်းသော အချိုးအစား ရှိသည်။ သူမလေး ပြုံးလိုက်ချိန်တွင် ပါးချိုင့်လေး နှစ်ခုသည် သူမ၏ ပန်းရောင်သန်းနေသည့် မျက်နှာလေးပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ သူမ၏ ပြည့်ဖောင်းနေသော နှုတ်ခမ်းလေးများ ပွင့်ဟသွားချိန်တွင် သူမ၏ ဖြူဖွေးသန့်စင်နေသည့် သွားလေးများ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေခဲ့သည်။
သူမသည် နှင်းကဲ့သို့ ချစ်စရာကောင်းပြီး ကျောက်စိမ်းအား ထုဆစ်ထားသည့်အလား ပန်းချီကားထဲမှ ထွက်ပေါ်လာသည့် အရုပ်မလေး တစ်ရုပ်နှင့် တူညီနေခဲ့သည်။ သူမအား တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် မည်မျှ လှပကြောင်း ခံစားမိစေသည်။ သူမသည် လယ်သမားတစ်ဦးမှ မွေးမြူထားသည့် ကလေးတစ်ဦး နှင့် မတူညီပေ။
သူ၏ အကြားအာရုံသည် အလွန် ကောင်းလှသည် ဖြစ်ရာ ထိုကောင်မလေးမှ ဆိတ်ငယ်လေးအား ပြောနေသည်ကို သူ အမှတ်မထင် ကြားလိုက်ရလေသည်။
"ဆိတ်ကလေး လိမ်လိမ်မာမာ နေနော် လူကြီးတွေက တစ်ခုခု လုပ်ချင်နေကြတာ ဒါကြောင့် ငါတို့အားလုံး လိမ်လိမ်မာမာ နေရမယ်နော် ပြီးရင် ဆိတ်ကလေးကို မြက်ကျွေးဖို့ ခေါ်သွားပေးမယ် နော်"
ထိုသို့ပြောပြီးနောက် သူမသည် ဆိတ်ငယ်လေး၏ ခေါင်းအား ဟန်လုပ်၍ ပုတ်ပေးလိုက်လေသည်။ ကျောင်းကျန်းသည် ဤကောင်မလေးအား အထူးပင် သဘောကျမိလေသည်။ သဘာဝကျကျ ပြောရမည် ဆိုလျှင် သူမသည် သူ့အား ကယ်တင်ခဲ့သူလည်း ဖြစ်လေသည်။ ကျောက်စိမ်းဆွဲပြား တစ်ခုတည်းဖြင့် သူမ၏ ကျေးဇူးအား ဆပ်ရန်အတွက် သဘာဝကျစွာပင် မလုံလောက်ပါချေ။
ကျောင်းကျန်း လျှောက်သွားလိုက်လေသည်။ နောက်မှ လိုက်ပါလာသည့် လျူရှီသည် ထိုအရာအား မြင်သော် သူမ၏ စိတ်နှလုံးအတွင်းမှ ကြောက်ရွံ့မှုအား ဖိနှိပ် သည်းခံလျက် အားယွီလေးအား သူမ၏ နံဘေးသို့ ဆွဲယူလိုက်လေသည်။ သူမသည် စိုးရိမ်တကြီး မေးလိုက်သည်။
"အရှင် အရှင်က အားယွီကို ရှာနေတာလား"
"ဟုတ်တယ်"
ကျောင်းကျန်းမှ သာမာန်ကာလျှံကာ ပြန်ဖြေလိုက်သည်။ အားယွီလေးသည် သူမ၏ နာမည်အား ခေါ်သံ ကြားသောအခါ ပါးစပ်အနည်းငယ် ဟသွားပြီးနောက် သူမကိုယ်သူမ လက်ညှိုး ထိုးပြလိုက်လေသည်။
"ဦးဦး ဘာလို့ သမီးကို ရှာနေတာလဲ"
သူသည် အားယွီလေး၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီးနောက် ထိုကလေးမလေး၏ ရှုပ်ထွေးနေဟန် ရသည့် မျက်လုံးများအား ကြည့်လိုက်လေသည်။ ထို့နောက် ကျောင်းကျန်းမှ တိုးတိုးလေး မေးလိုက်လေသည်။
"ဦးဦးက သမီးရဲ့ မိသားစုကို ကူရှာပေးရမလား"
ဤကလေးလေးအား တစ်နေရာရာမှ ကောက်ရထားသည်ဟု သူ ကြားထားခြင်း ဖြစ်သည်။ သို့သော် ဤကလေး၏ မျက်နှာပေါ်မှ ကံကောင်းခြင်း အသွင်အပြင်အား ကြည့်ပြီးနောက် သူမသည် ချမ်းသာသော မိသားစုမှ ကလေးများ ဖြစ်နေမလားဟု သူ တွေးမိခြင်း ဖြစ်သည်။
အထူးသဖြင့် ရွှေရောင် အစက်အပြောက်များ ပါရှိသော သူမ၏ မျက်လုံးများ ဖြစ်သည်။ ၎င်းတို့သည် အလွန်ပင် ထူးဆန်းလှသော်လည်း ၎င်းတို့နှင့် ပတ်သက်ပြီး မှားယွင်းမှု မရှိဟု သူ ခံစားလိုက်ရသည်။
သူမသည် တောင်ပေါ်မှ နတ်သမင်လေးများ၏ မျက်လုံးများကဲ့သို့ပင် မွေးဖွားလာခဲ့ခြင်း ဖြစ်ပေသည်။ ဟူမိသားစုရွာမှ လူများသည် ကောင်းမွန်ကြသော်လည်း သူတို့သည် အလွန် ဆင်းရဲကြသည်။ ဤကလေးအတွက် ခက်ခဲသော ဘဝတစ်ခု ဖြစ်နေဆဲပင် ဖြစ်သည်။
"ဦးဦး သမီး နားမလည်ဘူး"
အားယွီလေး တွေဝေကာ စိတ်ရှုပ်ထွေး သွားလေသည်။ သူမ၏ မိသားစုမှာမူ ဤနေရာတွင် ရှိနေသည် မဟုတ်ပါလော။ ထို ဦးဦးသည် လူဆိုးများ ဖြစ်နေသည်လား။
လူဆိုးအချို့သည် ကလေးများအား ဤကဲ့သို့ လိမ်လည်လှည့်ဖြားရသည် ကြိုက်ကြသည်ဟု အစ်ကိုငါးမှ ပြောဖူးသည်ကို သတိရလိုက်မိသည်။ အားယွီ အနည်းငယ် ကြောက်လန့် လာခဲ့သည်။ သူမသည် လျူရှီ၏ လက်သန်းအား တိတ်တဆိတ် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်လေသည်။
သူမ၏ ရင်ဘတ်လေးအား ပုတ်လိုက်သည်။
မေမေရှိနေရင် အားယွီ မကြောက်ဘူး....
"အရှင်”
လျူရှီသည် သတ္တိမွေးကာ အသံအား မြှင့်လျှက် ပြောလိုက်သည်။ သူမသည် လက်ချောင်းများကို လက်သီးဆုပ်လုနီးပါး ဆုပ်ကိုင်ထားပြီးနောက် တုန်ရီနေသည့် လက်များဖြင့် အားယွီအား ပွေ့ချီထားလေသည်။ လျူရှီသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
"အားယွီက ကျွန်မသမီးပါ"
အားယွီလေးသည် ဘာဖြစ်သွားမှန်း မသိလိုက်ပေ။ သူမသည် မသိစိတ်မှ လျူရှီ၏ လည်ပင်းအား ဖက်လိုက်ကာ အော်ခေါ်လိုက်သည်။
"မေမေ"
"အမေ ဒီမှာရှိတယ် အားယွီ မကြောက်နဲ့နော်"
လျူရှီ၏ မျက်လုံးများသည် ချက်ချင်း နီရဲလာခဲ့သည်။ သူမသည် အသနားခံခြင်းနှင့် ပြတ်သားမှု ဟန်ရသည့် အကြည့်များဖြင့် ကျောင်းကျန်းအား ကြည့်လိုက်သည်။
"အားယွီက ကျွန်မကလေးပါ ကျွန်မက သူ့အမေပါ"
ဝမ်မိသားစု၏ မြေးများသည် အလျင်အမြန် တိုးဝှေ့လာကြပြီး လျူရှီနှင့် အားယွီအား ဝိုင်းရံ ထားလိုက်ကြလေသည်။ သူတို့သည် ငယ်ရွယ်ကြပြီး လူကြီးများအား ရိုသေလေးစားမှု မရှိကြပေ။
"ဟုတ်တယ် ညီမလေးအားယွီက ကျွန်တော်တို့ ညီမလေး"
"ကျွန်တော်တို့ အားလုံးက သူ့မိသားစုပဲ"
"ကျွန်တော်တို့ သူ့ကို အရမ်းချစ်ကြတယ် သခင် ခင်ဗျား သူ့ကို ခေါ်သွားလို့ မရဘူး"
"အရှင် ခင်ဗျားက မိသားစုကို ခွဲလို့မရဘူး"
ဝမ်လျူလန် ပြောပြီးသောအခါ သူ့အစ်ကိုများ မှင်သက်သွားကြသည်။ ဝမ်စစ်လန်သည် သူ့၏ ခေါင်းအား ရိုက်လိုက်သည်။
"အရူးကောင် သူတို့က မိသားစုကို ခွဲနေကြတာပါလို့ မပြောရဘူးလေ"
"ဒါဆို ငါက ဘာပြောရမှာလဲ"
"သူ့ကို ရိုက်ပစ်လိုက်!"
ဝမ်စစ်လန်မှ ပြတ်ပြတ်သားသား ပြောလိုက်လေသည်။ မည်သို့ပင် ဖြစ်စေ တကယ်ရိုက်မည်မျှ မဟုတ်ချေ။
...
ကျောင်းကျန်း : ".........”
အကြီးအကဲဟူသည် ကျောင်းကျန်း၏ စဉ်းစားနေသည့် အမူအရာအား မြင်သော် သူ့အား လက်နှစ်ဖက်အား ဆုပ်လိုက်သည်။
(ဆိုလိုချင်တာက တရုတ်လူမျိုးတွေ အရိုသေပေးတာဖြစ်ဖြစ် တစ်ခုခုဆို လက်နှစ်ဖက်ကို ဆုပ်ပြီးကိုင်တာကွာ သိလား မင်မင် မျက်လုံးထဲ မြင်အောင် မရေးတတ်လို့ ပါ)
"အရှင် ကျွန်တော်တို့ သီးသန့် စကားပြောလို့ ရမလား"
ကျောင်းကျန်းသည် အားယွီအား တစ်ချက်ကြည့်လိုက် ပြီးနောက် ဤကိစ္စ၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသော အရာတစ်ခု ရှိနိုင်ကြောင်း သိလိုက်သည့်် အတွက် သူသည် သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူတို့နှစ်ဦး ထွက်ခွာ သွားပြီးနောက် လူတိုင်း စုရုံးလာကြကာ အားယွီလေးအား ကြည့်လိုက်ကြသည်။
"ငါတို့ ဘာလိုလုပ်ကြမလဲ အဲ့ဒီအရာရှိတွေ အားယွီကို ခေါ်သွားမှာ မဟုတ်ပါဘူးနော်"
"အားယွီက ငါတို့ ဝမ်မိသားစုရဲ့ ကလေးပဲ ဘယ်သူမှ သူ့ကို ခေါ်သွားလို့ မရစေရဘူး"
အဖွားအိုဝမ်သည် ကျောအား မတ်လိုက်ကာ သူမ၏ မျက်လုံးများမှာ အရောင် တောက်ပနေခဲ့သည်။ ဘေးပတ်ဝန်းကျင်မှ ရွာသားများအား ကြည့်လိုက်ချိန်တွင် သူမ၏ လေသံမှာမူ ပို၍ပင် ပြတ်သားနေခဲ့သည်။
"သူ့ကို လွန်ခဲ့တဲ့ နှစ်နှစ်က ငါ့ရဲ့ စတုတ္ထချွေးမက မွေးခဲ့တာ"
ရွာသားများသည် အစပိုင်းတွသ် နားမလည်နိုင် ဖြစ်သွားကြသေးသည်။
ဘာ လွန်ခဲ့တဲ့ နှစ်နှစ်ကလဲ.....အခုမှ ပြန်ခေါ်လာတာ မဟုတ်ဘူးလား...
ထို့နောက် သူတို့ ထိုစကား၏ ဆိုလိုရင်းအား နားလည်သွားကြလေသည်။ ဟုတ်ပေသည် သူတို့ ထိုသို့သာ ပြောသင့်ပေသည်။
အားယွီသည် ငယ်လွန်းသေးကာ လူတိုင်းနှင့် ထိတွေ့ ဆက်ဆံပြီးနောက်တွင် သူမ၏ မူလ မိသားစုအား မေ့သွားပြီ ဖြစ်သည်။ သူမသည် သူမကိုယ်သူမ ဝမ်မိသားစု၏ မြေးမလေးဟုသာ ထင်မှတ်နေခဲ့သည်။ ထို့ကြောင့် သူတို့အနေဖြင့် ကလေးငယ်အား အတိတ်မှ အရာများကို ပြန်လည် မှတ်မိစေရန် သတိမပေးသင့်ပေ။ ဝမ်မိသားစု၏ မြေးများသည် တစ်ယောက်ကိုတစ်ယောက် ရှုပ်ထွေး တွေဝေစွာဖြင့် ကြည့်လိုက်ကြသည်။
...
အားယွီသည် အမှန်တကယ် အဒေါ်၄ ၏ သမီး ဖြစ်သည်လား။ ထိုသို့ ဆိုလျှင် သူတို့သည် အရင်အချိန်များတွင် အဘယ်ကြောင့် မမြင်ဖူးရလေသနည်း။ သူမသည် အဒေါ်၄၏ အိမ်တွင် ကြီးပြင်းလာသည်များ ဖြစ်နေခဲ့သည်လား။ ရွာလူကြီးဟူသည် လေသံတိုးတိုးဖြင့် ပြောဆိုလိုက်သည်။
"ကလေးကို စာရင်းသွင်းဖို့ သူတို့နဲ့အတူ ကျွန်တော်လည်း လိုက်သွားလိုက်မယ် သူ့နာမည်ကို စာရင်းသွင်းဖို့ အချိန်တန်နေပြီ"
ရွာသားများသည်လည်း ချက်ချင်း ထောက်ခံလိုက်ကြသည်။
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် အားယွီက နှစ်နှစ်တောင် ရှိနေပြီ စောစောကတည်းက လုပ်လိုက်သင့်တာ"
"စောစောလုပ်တာ ပိုကောင်းတယ် အနာဂတ်မှာ အသွင်းပစ္စည်း စုဖို့ ပိုအဆင်ပြေတာပေါ့"
(အသွင်းပစ္စည်း ဆိုသည်မှာ တရုတ်လူမျိုးများ၏ ရိုးရာဓလေ့တွင် သတို့သမီးဘက်မှ သတို့သားဘက်သို့ ပေးအပ်ရသည့် ပစ္စည်းများအား ခေါ်ဆိုခြင်း ဖြစ်သည်။)
ဘေးပတ်ဝန်းကျင်ရှိ အရာရှိများသည် ရွာသားများမှ ဤသို့ပြောဆို နေကြသည်အား မြင်သောအခါ အနည်းငယ် မရေမရာ ဖြစ်သွားကြလေသည်။ဤကလေးငယ်အား ကောက်ယူ မွေးစားထားသည် ဟု ရှန်ယန်းရွာမှ လူများ ပြောခဲ့ကြသည် မဟုတ်ပါလား။
အကယ်၍ သူမအား လမ်းဘေးမှ အမှန်တကယ် ကောက်ယူ ရရှိခဲ့ပါက ရွာသားများသည် သူမအား ဤမျှ ကာကွယ်ပေးကြမည် မဟုတ်ချေ။ အစားအစာ လုံလောက်စွာ မရှိသည့် ယခုလို အချိန်မျိုး ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။
အားယွီလေးသည် သူတို့ ယခု မည်သည်အား ဆွေးနွေးနေကြသည်ကို သေချာမသိပေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူမအတွက် သူမသည် သူမ အမေ၏ ကလေးလေးသာ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ အမေရော သူမပါ မကြာခဏ ဖျားနာတတ်ကြသည်။ ထိုအချိန်တွင် သူမသည် အမြဲတမ်း မူးဝေနေတတ်ကာ ဖျားနာပြီးချိန်တိုင်း တစ်စုံတစ်ခုအား အမြဲ မေ့သွားတတ်လေသည်။
သူမ၏ ရောဂါအကြောင်း မေ့သွားလည်း ကိစ္စမရှိ ဟု သူမ ခံစားလိုက်ရသည်။ မည်သို့ပင် ဆိုစေကာမူ သူမ၏ အမေနှင့် အခြားသူများသည် သူမနဲ့အတူ ရှိနေကြသည့် အတွက် ဖြစ်သည်။ အသားလုံးလေးသည် နေရာလွတ်ထဲတွင် တိတ်ဆိတ်စွာ နေရန် ရွေးချယ်လိုက်သည်။ အားယွီ၏ ယခင် အတိတ်မှ အမှတ်တရများသည် အလွန် နာကျင်စရာ ကောင်းလွန်းလှပေသည်။ လေးနှစ်အရွယ် ကလေးတစ်ယောက်အတွက် ငရဲခန်းထဲတွင် လေးနှစ်တာ နေထိုင်ခဲ့ရသည်နှင့် တူပေသည်။
သို့သော် သူမကိုယ်တိုင် သတိမထားမိပေ။ ထိုအစား သူမသည် ပျော်ရွှင်စွာ နေထိုင်ခဲ့သေးသည်။ အားယွီလေးသာ သေဘေးနှင့် ရင်ဆိုင်နေရချိန်တွင် ၎င်းအား နှိုးမိလိုက်ခြင်း မရှိပါက အားယွီသည် သေဆုံးသွားနိုင်ဖွယ် ရှိလေသည်။
ကလေးလေးသည် ထိုအမှတ်တရများအား အသေးစိတ် မမှတ်မိသော်လည်း သူမ အနည်းငယ် မှတ်မိနေသေးကြောင်း ၎င်း သိလေသည်။ ၎င်းသည် အထိန်းတော် တစ်ဦးမျှသာ ဖြစ်ကာ အတိတ်မှ အရာများအား ပြောင်းလဲနိုင်ရန် စွမ်းအား မရှိချေ။ သူမသည် အခြားရွာသားများ ကဲ့သို့ပင် ငယ်စဉ်ကတည်းက ဟူမိသားစုရွာမှ ဖြစ်သည်ဟု သူမလေးအား ထင်မှတ်ခွင့်ပြုလိုက်ခြင်း သည်သာ ပို၍ ကောင်းမွန်ပေသည်။
ကျောင်းကျန်းသည် အဘိုးအိုဟူထံမှ အကြမ်းဖြင်း အခြေအနေများအား သိရှိခဲ့ရသည်။ သေချာ စဉ်းစားပြီးနောက် အားယွီလေးသည် လမ်းပျောက်သွားခြင်း မဟုတ်ဘဲ သူမ၏ မိသားစုမှ စွန့်ပစ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သူ သိလိုက်ရသည်။ အခြားသော ပါဝင် ပတ်သက်မှုများလည်း ရှိနေနိုင်ပေသည်။
ထို့ကြောင့် သူသည် လောလောဆယ် အချိန်တွင် လျှို့ဝှက်ထားရန် ဆုံးဖြတ်လိုက် ပြီးနောက် မျက်ကွယ်ပြု ထားလိုက်ကာ ဝမ်မိသားစု၏ မိသားစုနာမည်အောက်တွင် သူမအား စာရင်းသွင်းခွင့် ပြုလိုက်လေသည်။
သူ ပြန်ရောက်သောအခါတွင် သူမ၏ မိသားစုနှင့် ပတ်သက်ပြီး မည်သို့ ဖြစ်ပျက်နေသည်အား သိနိုင်ရန် အတွက် တစ်စုံတစ်ယောက်အာ စေလွှတ်၍ စုံစမ်းခိုင်းမည် ဖြစ်သည်။ အကယ်၍ သူတို့သည် သူမအား ရှာဖွေနေသည် ဆိုပါက သူမ မိသားစုထံ ပြန်ရောက်အောင် သူ ကူညီပေးမည် ဖြစ်သည်။ အကယ်၍ သူတို့သည် သူမအား အမှန်တကယ် စွန့်ပစ်ခဲ့သည် ဆိုပါမူ အားယွီသည် နှင်းတောထဲတွင် သေဆုံးသွားခဲ့ပြီဟု သူ ဟန်ဆောင်လိုက်မည် ဖြစ်သည်။ သူသည် အရာအားလုံးကို ဖုံးဖိနိုင်ရန် ကူညီပေးမည် ဖြစ်သည်။
ကျောင်းကျန်းသည် အားယွီ၏ မိသားစုအား ရှာဖွေရန် ခေါ်သွားမည့်အကြောင်းအား ထပ်မံ ပြောဆိုခြင်း မပြုတော့ဘဲ ထိုအရာ မရှိခဲ့သလိုသာ ဟန်ဆောင်ထားလိုက်တော့သည်။ ထို့နောက် သူသည် အမှုအား ပိတ်သိမ်းရန် ရွာလူကြီးဟူနှင့် အဖွားအိုဝမ် အပါအဝင် ဟူမိသားစုရွာမှ လူအနည်းငယ်အား ခရိုင်မြို့တော်သို့ ခေါ်ဆောင်သွားလေတော့သည်။
သူတို့ မထွက်ခွာမီ ဟူအာ့ဖန် သည် အဝေးမှနေ၍ လှမ်းအော်ကာ မမေးဘဲ မနေနိုင်တော့ချေ။
"အရှင် အဘိုးဝမ်ရဲ့ ဘောင်းဘီကို ဘယ်တော့ ပြန်ပေးမှာပါလဲ"
ယနေ့ မနက် အဘိုးဝမ်အား သွားခေါ်စဉ်တွင် အဖိုးဝမ်သည် သူ၏ ဘောင်းဘီအား ထို လူငယ်လေး ယူသွားပြီး နောက် သူ့တွင် မည်သည့် လဲစရာ ဘောင်းဘီမှ မရှိတော့ဘူး ဟု ညည်းညူနေသံအား သူ ကြားခဲ့လိုက်သည်။
ကျောင်းကျန်း : "........"
အဘယ်ကြောင့် သူ့အား ထိုအကြောင်းကို ပြန်သတိပေးနေရသနည်း။ သူသည် အံကြိတ်လျှက် ဘေးမှ အဖွားအိုဝမ်အား ကြည့်လိုက်သည်။ သူသည် သူ့ကိုယ်သူ အတင်းအကျပ် ဖိနှိပ်ကာ တည်ငြိမ်ဟန် ရအောင် ပြုလုပ်လိုက်ပြီးနောက် ပြောလိုက်သည်။
"ကျွန်တော် အဲ့ဒါကို ခရိုင်မြို့တော်မှာ ထားခဲ့တယ် အချိန်တန်ရင် သေချာပေါက် ပြန်ပေးပါ့မယ်"
အဖွားအိုဝမ်မှ လက်ဝှေ့ယမ်း ပြလိုက်သည်။
"အရှင် ဘယ်အချိန်မဆို ပြန်ပေးလို့ ရပါတယ်"
မည်သို့ပင် ဖြစ်စေ ထိုဘောင်းဘီသည် သူမ၏ ဘောင်းဘီ မဟုတ်ချေ။ အသွားအပြန် ခရီးသည် ၁၂ နာရီ ကြာမြင့်မည် ဖြစ်သောကြောင့် အဖွားအိုဝမ်သည် နောက်တစ်နေ့မှသာ ပြန်လည် ရောက်ရှိနိုင်မည် ဖြစ်သည်။ သူမသည် အားယွီအား ပြောဆိုလိုက်သည်။
"အရင်ဆုံး မျိုးစေ့တွေကို မထိလိုက်နဲ့နော် အဘွား ပြန်လာတဲ့အထိ စောင့်ဦးနော်"
အားယွီလေးသည် မျိုးစေ့များနှင့် သူမ လောင်းပေးခဲ့သော စိတ်ဝိဉာဉ် စမ်းရေအကြောင်းအား တွေးလိုက်ပြီးနောက် သူမ၏ မျက်လုံးလေးများသည် ကွေးညွတ်သွားကာ နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့"
ရှူး... သူမ သိလေသည်..... ဒါက သူမနှင့် အဘွား ကြားက လျှို့ဝှက်ချက်လေး ဖြစ်သည်။