ရွာသို့ ပြန်ခြင်း
Vol. 3 Ch. 42
ကျောင်းကျန်းသည် အဘွားအိုဝမ်အား တားလိုက်လေသည်။
"အရှင် ကျန်းပဲ ဘာကိစ္စများ ရှိလို့လဲ"
ခရိုင်မြို့သို့ ရောက်ရှိလာချိန်တွင် ကျောင်းကျန်းသည် သာမန် ရုံးတော်မှ အရာရှိ သာ မဟုတ်ဘဲ အင်ပါယာ နန်းတွင်း မှ စေလွှတ်သည့် နန်းတွင်းဝန် တစ်ဦး ဖြစ်ကြောင်း လူတိုင်း သိကြလေသည်။
ဟုတ်ပေသည်။ သူ့၏ အတိအကျ ရာထူးအကြောင်းကို သူတို့ မမေးရဲကြချေ။ ရွာသားများအတွက်မူ သူသည် ရဲမက် ဖြစ်နေလျှင်တောင် အရာရှိဟု သတ်မှတ်ကြမည် ဖြစ်သည်။
အကယ်၍ သူသည်သာ ခရိုင်တရားသူကြီး ဖြစ်ခဲ့ပါလျှင် ရာထူးကြီးသော အရာရှိ တစ်ဦးဟုသာ သတ်မှတ်ကာ လေးစားကြမည် ဖြစ်သည်။ သူတို့၏ ခင်မင်မှုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ အဘွားအိုဝမ်သည် အခြားရွာသားများကဲ့သို့ သူ့အား မကြောက်ပါချေ။ ကျောင်းကျန်းသည် လက်ထဲမှ ပါဆယ်ထုပ်အား ကမ်းပေးလိုက်လေသည်။
"ပြီးခဲ့တဲ့တစ်ခေါက်က အဘွားတို့ မိသားစုရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ် ဒါက ကျွန်တော်ရဲ့ ကျေးဇူးတင်တဲ့ လက်ဆောင်ပါ လက်ခံပေးပါ"
အဘွားအိုဝမ် မယူခဲ့ပေ။
"အရာရှိမင်းကျန်းက ကျွန်မတို့ရွာကို အစားအစာတွေ ပို့ပေးပြီး ကျေးဇူးဆပ်ပြီးပါပြီ ဒီကိစ္စတွေကို မေ့လိုက်ပါတော့"
"ကောင်းပါပြီ . ."
ကျောင်းကျန်း အနည်းငယ် ရှက်ရွံ့သွားသည့် တိုင်အောင် ရှက်စိတ်အား ထိန်းကာ ပြောဆိုလိုက်သည်။
"ပြီးခဲ့တဲ့တစ်ခေါက်က အဘွားဆီက ဘောင်းဘီတစ်ထည် ငှားသွဦးခဲ့တယ် ကျွန်တော် ပြန်ယူသွားပြီး လျှော်လိုက်တာ ပျက်စီးသွားတယ် ဒါက အဘွားအတွက် အလျော်ပေးတာပါ စိတ်မပူပါနဲ့ ဒါတွေအားလုံးက အသစ်တွေပါ တစ်ခါမှ မဝတ်ရသေးပါဘူး"
အမှန်တရားမှာ အိမ်ရှိ အစေခံများသည် ထိုဘောင်းဘီအား ရွံရှာ အထင််မြင်သေးကြခြင်း ဖြစ်ပေသည်။ ၎င်းတွင် ဖာထေးရာမျိုးစုံ ပါရှိကာ အထည်သားသည်လည်း ညံ့ဖျင်းလွန်းလှသည်။ အစေခံများသည် ၎င်းအား တန်းပြီး လွှင့်ပစ်လိုက်ကြခြင်း ဖြစ်သည်။
"အစောကတည်းက ကောင်းတဲ့ ဘောင်းဘီမှ မဟုတ်တာ ပျက်စီးသွားတော့ရော ဘာဖြစ်လဲ"
အဘွားအိုဝမ်သည် သူမ၏ အဘိုးကြီးတွင် ဝတ်စရာ ဘောင်းဘီ မရှိတော့သည်ကို ရုတ်တရက် သတိရသွားလေသည်။ သူမသည် အထည်အနည်းငယ် သွားဝယ်ကာ ပြန်ရောက်လျှင် လူတိုင်းအတွက် ဘောင်းဘီ ချုပ်ပေးလိုက်လျှင် ကောင်းမည်လား။ နှစ်သစ်ကူး အချိန်တွင် အထည် မဝယ်နိုင်ခဲ့သောကြောင့် ယခု ပြန်လည် အစားထိုးနိုင်လေသည်။
"ကျွန်တော် ပေးစရာရှိတာကိုတော့ ပြန်ပေးရဦးမှာပဲ ဒီထဲမှာလည်း အားယွီလေးအတွက် ပစ္စည်းလေး နည်းနည်းပါပါတယ်"
အဘွားအိုဝမ် ငြင်းဆိုမည်အား စိုးရိမ်သဖြင့် ကျောင်းကျန်းသည် ပါဆယ်ထုပ်များအား အဘွားအိုဝမ်၏ လက်ထဲသို့ အတင်းထိုးထည့်လိုက်ပြီး လှည့်ထွက်သွားတော့သည်။ အဘွားအိုဝမ်သည် သူ၏ နောက်သို့ ခြေလှမ်းအနည်းငယ် လိုက်သွားလိုက်သေးသည်။ အကယ်၍ မမီနိုင်တော့ဘူးဆိုလျှင်လည်း မေ့လိုက်တော့မည် ဖြစ်သည်။
ပါဆယ်ထုပ် နှစ်ထုပ်မှာ ဖောင်းပွနေခဲ့သည်။ အတွင်းတွင် ဘောင်းဘီ နှစ်ထည်ထက် ပိုပါနေခြင်း ဖြစ်ပေမည်။
‘ထားလိုက်ပါတော့ သူပေးတာကို လက်ခံလိုက်ရင် သူ စိတ်သက်သာရာ ရသွားလောက်ပါတယ်လေ...’
ထိုသို့ မဟုတ်ခဲ့လျှင် သူတို့မိသားစုသည် သူ့ထံမှ ပို၍ ကြီးမားတဲ့အရာအား မျှော်ကိုးနေသည်ဟု ထိုသူ ထင်သွားပေလိမ့်မည်။
ပါဆယ်ထုပ်များကို ယူပြီးနောက်တွင် သူမသည် အခြား မည်သည့် အရာကိုမှ မဝယ်နိုင်တော့ချေ။ သူမ ပစ္စည်းများ ထပ်မဝယ်ခင် ရွာလူကြီးဟူဆီ သွားလိုက်ကာ ပစ္စည်းများအား အပ်ထားခဲ့ကာ ကူညီစောင့်ရှောက်ပေးရန် ပြောလိုက်သည်မှာ ပို၍ ကောင်းပေမည်။
သူမတွင် ငွေနှစ်စ ပါလာသောကြောင့် ကောင်းမွန်သော ပစ္စည်းများစွာ ဝယ်နိုင်ပေသည်။ သူမသည် ကုန်စုံဆိုင်သို့ အရင်သွားလိုက်ကာ သကြားညိုနှင့် ဆားအချို့ ဝယ်လိုက်လေသည်။ ပဲပြားလုပ်၍ရသည့် ပဲပိစပ်အချို့ ရှိသေးသည်အား တွေးမိပြီးနောက် ဆား အနည်းငယ်ပါ ထပ်မံ ဝယ်ယူလိုက်သည်။
ငရုတ်ကောင်းနှင့် ငရုတ်သီးကဲ့သို့သော ဟင်းခတ်အမွှေးအကြိုင်များသည် အလွန်ဈေးကြီးလွန်းလှသည်။ အထူးသဖြင့် ငရုတ်ကောင်း ဖြစ်သည်။ ၎င်းတို့ကို များသောအားဖြင့် ဆေးဆိုင်များတွင်သာ ရောင်းချကြလေသည်။ ကံကောင်းစွာဖြင့် ရွာထဲတွင် ငရုတ်ကောင်းပင်အိုကြီး တစ်ပင်ရှိသဖြင့် ဝယ်စရာ မလိုအပ်ချေ။
ကုန်စုံဆိုင်တွင် အရာအားလုံး ရှိလေသည်။ သူမ ဆံထိုးအနည်းငယ်အား တွေ့သဖြင့် အနည်းငယ် ထပ်ရွေးလိုက်ပြီးနောက် အပ်နှင့်အပ်ချည် နှစ်ခွေ ဝယ်လိုက်သည်။ သူမသည် ပစ္စည်းအများကြီး မဝယ်သော်လည်း ဈေးတော့ မပေါပါချေ။ ဆိုင်ရှင်မှာ ပျော်ရွှင်လွန်းသဖြင့် မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။ သူသည် တွက်ချက်ပြီးနောက် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် စုစုပေါင်း ၇၃၂ ပြားပါ"
အဘွားအိုဝမ် မျက်မှောင်ပင် မကြုတ်လိုက်ပေ။
"နည်းနည်း လျှော့လိုက်ပါ ပြား ၇၀၀ ထားလိုက်"
ဆိုင်ရှင်သည် ဒုက္ခရောက်နေသည့်ပုံ ပေါက်သွားလေသည်။
"ခင်ဗျားက ကျုပ်ကို အကျပ်ရိုက်အောင် လုပ်နေတာပဲ ၇၀၀ နဲ့ဆို ကျုပ်တို့ အမြတ်ကျန်မှာ မဟုတ်ဘူး အများဆုံး လျှော့ပေးနိုင်ရင် ၂ ပြားပဲ ကျုပ်တို့က အသေးစား လုပ်ငန်းလုပ်တာပါ အမြတ် အဲဒီလောက် မရှိပါဘူးဗျာ"
"ကြည့်ပါဦး ရှင့်ဆားအရောင်က နည်းနည်း ဝါနေတယ် ပေါက်ပြားရဲ့ အရှေ့ဘက်ကလည်း လိပ်နေတယ် အရှေ့ကဆိုင်မှာ တခြားပေါက်ပြားတစ်လက် တွေ့ခဲ့သေးတယ်... ပြီးတော့ ဒီဆံထိုး ...ဒီနားက ကြိုးမျှင်တွေက ကွဲနေသေးတယ် ဒီဘက်မှာ ချုပ်ထားတာကလည်း ကင်းခြေများ အတိုင်းပဲ....ဒီဆားကလည်း သိပ်ကောင်းကောင်း မလုပ်ထားဘူး အရမ်း ပျော့နေတယ်..."
ဆိုင်ရှင် : " . . ."
‘ဒီလောက် စက်ဆုပ်နေရင်လည်း မယူနဲ့တော့လေ’
အဘွားအို၏ နှေးကွေးပြီး ဇီဇာကြောင်လှသည့် စကားများကြောင့် ဆိုင်ရှင်၏ မျက်နှာမှာ အစိမ်းရောင် ပြောင်းသွားလေသည်။ ထို့နောက် သူမ ဆက်ပြောလိုက်သည်။
"ပြား ၇၀၀ ဆိုတာ ကျွန်မဘက်က အများကြီး ညှိနှိုင်းပေးထားတာနော် တကယ်လို့ ဒီဈေးနဲ့ ရှုံးတယ်ဆိုရင်လည်း လမ်းဟိုဘက်ခြမ်းက ဆိုင်ကို သွားကြည့်လိုက်ဦးမယ် သူတို့က အရောင်းအဝယ် အရမ်းတော်တယ် ဆံထိုးနှစ်ချောင်းတောင် အပိုပေးမယ် ပြောသေးတာ ကျွန်မက အစောပိုင်းကတည်းက အဲ့ ဆိုင်ရှင်ရဲ့ ရုပ်ရည်က ရှင့်လောက် မချောဘူးလို့ ထင်လို့ပါ အဲဒီလိုဆိုမှတော့လည်း..."
ထိုသို့ပြောပြီးနောက် အဘွားအိုက လှည့်ထွက်ရန် ပြင်လိုက်သည်။ ဆိုင်ရှင်၏ မျိုးရိုးအမည်မှာ လော့ ဖြစ်သည်။ သူသည် အများအားဖြင့် ကံကြမ္မာအား ယုံကြည်လေသည်။ ထိုသို့ ပြောသည်အား ကြားသောအခါ သူသည် သူမအား လှမ်းအော်လိုက်လေသည်။
"ကောင်းပြီ ကောင်းပြီ ကောင်းပြီ ပြား၇၀၀ ပဲ ထားလိုက်တော့ ကျုပ် အမြတ်နည်းနည်းနဲ့ ရောင်းလိုက်မယ် ဒါပေမယ့် ခင်ဗျား ခဏခဏ လာဝယ်ရမယ်နော် "
အဘွားအိုသည် ပစ္စည်းများအား ကောက်ယူလိုက်ကာ သာမာန်ကာလျှံကာ ပြန်ပြောလိုက်သည်။
"ရတာပေါ့"
လော့ဂျီ ကုန်စုံဆိုင်မှ ထွက်လာပြီးနောက် အဘွားအိုဝမ်သည် အထည်ဆိုင်သို့ သွားလိုက်သည်။ အထည်များအား ထုတ်ယူပြီးနောက် အထည်ဆိုင်ရှင်သည် ရင်ဘတ်အား ဖိထားကာ အချိန်အကြာကြီး စကားမပြောနိုင် ဖြစ်နေခဲ့သည်။ ဆိုင်အကူမှ ‘ဘာဖြစ်တာလဲ’ ဟု မေးသောအခါ ဆိုင်ရှင်သည် ခါးသီးစွာ ပြန်ပြောလိုက်သည်။
"ငါ ကျွမ်းကျင်သူနဲ့ တွေ့လိုက်ရတယ်"
သူ ပိုက်ဆံ ပြား၃၀ တောင် လျော့ကာ ရလိုက်သည် မလား....
"ပေါက်စီ ပေါက်စီ အသားပေါက်စီ ပူပူလေး ပေါက်စီ ဖြူဖြူဖွေးဖွေး အိစက်နေတဲ့ ပေါက်စီ"
ပေါက်စီဆိုင် ပိုင်ရှင်သည် အလွန်ကျယ်လောင်စွာ အော်ဟစ်နေခဲ့သည်။ အဘွားအိုဝမ်သည် စိတ်ကူးတစ်ခုဖြင့် ထိုနေရာသို့ လျှောက်သွားလိုက်တော့သည်။ တစ်နည်း ပြောရမည် ဆိုလျှင် နောက်ထပ်တစ်ရက် ကြာပြီးနောက်တွင် အဘိုးအိုဝမ် အိမ်၏ ဝါးခြံစည်းရိုးသည် အခြေခံအားဖြင့် ပုံဖော်ပြီးဖြစ်လိမ့်မည် ဖြစ်သည်။ အနည်းငယ် ထပ်မံ ပြုပြင်လိုက်လျှင် ခိုင်ခံ့သွားမည် ဖြစ်သည်။
သို့သော် အမျိုးသားအချို့သည် အိမ်ဝန်းကျင်တွင် လျှောက်သွားနေကြလေသည်။ သူတို့သည် ပြန်သွားမည့်အစား ကြက်ခြံ ဝက်ခြံနှင့် မစင်ကျင်းများအား ရှင်းလင်းရေး လုပ်နေလျှက် ရှိကြသည်။
ဝမ်ချွမ်းမန် ထင်းစည်းအသစ် တစ်စည်းနှင့်အတူ ပြန်ရောက်လာခဲ့သည်။ သူတို့အား မြင်သောအခါ လျိုရှီအားမေးလိုက်သည်။
"ဒီနေ့ သူတို့ ဘာလို့ ကစားဖို့ အပြင်မထွက်ကြတာလဲ"
"သူတို့က ရစ်ငှက် စားရဖို့ စောင့်နေကြတာ မဟုတ်ဘူးလား"
သူ ထိုသို့ ပြောလိုက်သော အခါ လျိုရှီ ရယ်ချင်သွားလေသည်။
"အမေ ဒီနေ့ ပြန်ရောက်လောက်တယ် ဘယ်လိုပဲ ဖြစ်ဖြစ် ရစ်ငှက် စားရမလား ဆိုတာကတော့ မသိသေးဘူး"
သူတို့သည် ရစ်ငှက်အား ကြိုးတုပ်ကာ ကြက်ခြံထဲသို့ ပစ်ထည့်ထား လိုက်ကြသည်။ အဘွားအိုဝမ် အိမ် ပြန်မရောက်မချင်း သူတို့ စားဖို့ မဆုံးဖြတ်ရဲကြချေ။ ဝမ်ချွမ်းမန် အနည်းငယ် ပြောစရာမဲ့သွားလေသည်။
"ဒီကလေးဆိုးတွေက တစ်နေ့လုံး စားဖို့ပဲ တွေးနေကြတာပဲ"
သူတို့၏ အားယွီလေးသည်သာ အကောင်းဆုံး ဖြစ်သည်။ သူမလေးသည် မည်သည်ကိုမှ မတောင်းဆိုဖူးခဲ့ပေ။ သူမအား လုပ်ခိုင်းသမျှ အားလုံး လုပ်ပေးကာ အလွန် လိမ္မာလေသည်။
အားယွီလေးသည် အဘိုးအိုဝမ် အနားတွင် တဝဲလည်လည် လုပ်နေလျှက် ရှိသည်။ အဘိုးအိုဝမ်၏ ခြေလက်များ အားနည်းနေသဖြင့် လယ်ထဲတွင် အလုပ်မလုပ်နိုင်ပေ။ သူသည် အိမ်တွင် ခြင်းတောင်းရက်ရန် ဝမ်ချွမ်းဖူအား ဝါးအနည်းငယ် ခုတ်ခိုင်းလိုက်သည်။
အဘိုးအိုဝမ်၏ လှုပ်ရှားမှုများမှာ မမြန်လှသော်လည်း အနည်းငယ် လက်လှုပ်ရှားလိုက်သည်ဖြင့်ပင် ခြင်းတောင်းပုံစံ ပေါ်လာခဲ့သည်။ အားယွီလေးသည် စိတ်ဝင်တစား ကြည့်နေခဲ့လေသည်။
နေရာလွတ်ထဲတွင် စိုက်ပျိုးရေးအားစတင်ရန် အသားလုံးလေးမှ တိုက်တွန်းနေသော်လည်း သူမ လစ်လျူရှုထားလိုက်တော့သည်။
"ဘိုးဘိုး သမီးအတွက် ပန်းခြင်းလေး တစ်လုံး လုပ်ပေးမယ် သမီး လိုချင်လား"
အားယွီလေး စိတ်ပါဝင်စားစွာ ကြည့်နေသည်ကို မြင်သော် အဘိုးဝမ်မှ ပြောလိုက်သည်။ အစပိုင်းတွင် အဘိုးဝမ်သည် အားယွီလေးအတွက် ခြင်းတောင်းငယ် တစ်လုံး လုပ်ပေးခဲ့ဖူးလေသည်။ နောက်ဆုံးတွင် ခြင်းတောင်းငယ်မှာ အနည်းငယ် ကြီးနေသေး၏။ အားယွီလေး သယ်ဆောင်သည့်အခါ ယိမ်းယိုင်နေလျှက် ရှိကာ လဲကျလွယ်ပေသည်။
အားယွီလေးမှ "လိုချင်တယ်" ဟု ပြောချင်သော်လည်း ရပ်တန့်လိုက်လေသည်။
ဘိုးဘိုး ပန်းခြင်းလေး လုပ်ရသည်မှာ အရမ်းခက်ပေမည်။ သူမသည် ဘိူးဘိုးအား ပိုအလုပ်ရှုပ်အောင် မလုပ်သင့်ပေ။ ထို့ကြောင့် အားယွီလေးသည် အလွန် တွန့်ဆုတ်နေသော အကြည့်ဖြင့် ပြောလိုက်သည်။
"သမီး မလိုချင်ပါဘူး"
. . .
သို့သော် ထိုအကြည့်သည် "သမီး ပန်းခြင်းလေး လိုချင်တယ် ဒါပေမယ့် ယူလို့မဖြစ်ဘူး" ဟု ရှင်းလင်းစွာ ပြောနေသကဲ့သို့ ဖြစ်နေသဖြင့် အဘိုးဝမ်၏ စိတ်နှလုံးအား ပျော့ပျောင်းသွားစေခဲ့သည်။
"ရပါတယ် ဘိုးဘိုးက ပန်းခြင်းတွေကို အရမ်းမြန်မြန် လုပ်တတ်တယ် ဘာမှ မနှောင့်နှေးစေပါဘူး"
ထိုသို့ပြောရင်း အဘိုးဝမ်သည် ဘေးမှ ဝါးခြင်းတောင်း တစ်လုံးကို ယူလိုက်ကာ လက်ချောင်းများအား လှည့်ပတ်လိုက်လေသည်။ မကြာမီ ပန်းခြင်း၏ အောက်ခြေကို ပြုလုပ်လိုက်ပြီး ဖြစ်သည်။ အားယွီလေးသည် စိတ်ဝင်တစား ကြည့်နေခဲ့သည်။ ထိုသို့ ကြည့်နေသည်အား လျိုရှီ မြင်သောအခါ ပြုံးပြီး မေးလိုက်လေသည်။
"အားယွီ အဘိုးက သမီးအတွက် ပန်းခြင်း လုပ်ပေးနေတာလား"
"ဟုတ်တယ် ဟုတ်တယ်"
အားယွီလေး ခေါင်းညိတ်လိုက်ပြီး သွားအနည်းငယ် ပေါ်လာသည်။ သူမ လိမ္မာချိုသာစွာ ပြုံးပြီး ပြောလိုက်သည်။
"ဘိုးဘိုးက အရမ်းတော်တာပဲ"၏
အဘိုးအိုဝမ်သည် ကျယ်လောင်စွာ ရယ်မောလိုက်ကာ သူ၏ ရက်လုပ်နှုန်းသည် ပို၍ မြန်ဆန်လာခဲ့သည်။ ပန်းခြင်းလေး မပြီးပြတ်ခင်မှာပင် အပြင်ဘက်မှ လူတစ်ယောက် အော်ပြောလိုက်သည်အား ကြားလိုက်ရလေသည်။
"အဘိုးအိုဝမ် ခင်ဗျားရဲ့ မိန်းမကြီး ပြန်ရောက်လာပြီ ရွာအဝင်ဝကို သွားပြီး သွားကြိုလိုက်ဦး"
"သူတို့ ရောက်လာပြီ"
ဝမ်ချွမ်းမန်သည် ထမ်းပိုးအား နံရံတွင် မှီလိုက်ပြီးနောက် ရွာအဝင်ဝသို့ ပြေးသွားချင်နေခဲ့သည်။
"ဘိုးဘိုး သမီး ဘွားဘွားကို သွားကြိုလိုက်ဦးမယ်နော်"
အဘိုးဝမ် ခေါင်းငုံ့လျှက် ပြန်ပြောလိုက်သည်။
"သွားလေ ဝူလန် မင်းညီမလေးနဲ့ လိုက်သွားလိုက်"
ဝမ်ဝူလန် အားယွီလေး၏ အနားသို့ မရောက်ခင်မှာပင် သူမလေးသည် ခြံဝင်းထဲမှ ပြေးထွက်သွားနှင့်ပြီ ဖြစ်သည်။
. . .
ဆိတ်ပေါက်ကလေးသည် သူမဘေးသို့ ပြေးလာခဲ့ကာ ခဏလောက် ပြေးပြီးနောက်တွင် ရုတ်တရက် ခေါင်းကို မြေကြီးပေါ်သို့ ငုံ့လိုက်ကာ ၎င်း၏ အမွှေးပွပွ လည်ပင်းလေးအား ဖော်ပြလိုက်လေသည်။ ထိုသည်မှာ အားယွီလေးအား စီးရန် အချက်ပြလိုက်ခြင်း ဖြစ်ပေသည်။
"ဆိတ်ပေါက်လေး ငါ့ဘာသာ လျှောက်လိုက်မယ် ငါက အရမ်းလေးတာ ငါ နင့်ကို မစီးနိုင်ဘူး"
အားယွီလေး ဆန္ဒမရှိချေ။ ဆိတ်ပေါက်ကလေးသည် မလှုပ်ဘဲ နေမြဲနေနေခဲ့သည်။ အားယွီလေးမှ ပြောလိုက်သည်။
"ငါ နင့်ကို တကယ် ဘာမှ လုပ်လို့မရဘူးပဲ"
ထိုသို့ဖြင့် သူမသည် ဆိတ်ပေါက်ကလေး ပေါ်တွင် ထိုင်လိုက်ရလေတော့သည်။ ဆိတ်ပေါက်ကလေးသည် ခြေထောက်လေးချောင်းဖြင့် ပြေးထွက်သွားပြီးနောက် ဝမ်ချွမ်းမန်အား အလျင်အမြန် ကျော်တက်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် ရွာထဲမှ အခြားသူများ ထိုမြင်ကွင်းအား မြင်သောအခါ တက်ကြွ လှုပ်ရှားလာကြပြန်လေသည်။
သူတို့သည် ဘယ်နှစ်ခါပဲ မြင်မြင် ယုံနိုင်စရာ မရှိဘူးဟု ထင်နေကြဆဲပင် ဖြစ်သည်။ ဘေးနားတွင် ကလေးတစ်ယောက်သည် ငိုယိုလျှက် အော်ပြောလိုက်လေသည်။
"အဖေ သားလည်း လိုချင်တယ် သားလည်း လိုချင်တယ် သားကို ဆိတ်ပေါက်တစ်ကောင် ဝယ်ပေး သားလည်း ဆိတ်ပေါက်စီးချင်တယ်"
နောက်ဆုံးတွင် ထိုကလေးလေးသည် အရိုက်ခံလိုက် ရလေတော့သည်။
"ဆိတ်ပေါက်ကို စီးလို့ရသလား"
"ဝူး ဝူး ဝူး အားယွီလေးတောင် စီးလို့ရတာပဲဟာ"
"နင့်ကိုယ်နင် ပြန်ကြည့်လိုက်ပါဦး မယ်ကံကောင်းလေးနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ"
ထိုသို့ ပြောရင်း သူမသည် သူ၏ ခေါင်းနောက်စေ့အား ထပ်ရိုက်လိုက်ပြန်သည်။
"ဘေးမှာ သွားကစားချေ"
"ဝူး ဝူး ဝူး "
ကလေးဆိုးလေး တစ်သိုက်သည် သူမ၏ ကွယ်ရာတွင် တိတ်တဆိတ် အားကျ မနာလို ဖြစ်နေကြသည်ကို အားယွီလေး မသိခဲ့ပေ။ ဆိတ်ပေါက်ကလေးသည် သူမအား ရွာအဝင်ဝသို့ ခေါ်ဆောင်သွားခဲ့ပြီး ရွာသားများနှင့်အတူ ပစ္စည်းများ ဝေငှနေသည့် အဘွားအိုဝမ်အား မြင်တွေ့လိုက်ရသည်။
သူတို့အားလုံး အစားအစာနှင့် ပစ္စည်း အသေးအဖွဲလေးများ ဝယ်လာခဲ့ကြကာ ပစ္စည်း အစုံအလင် ပါဝင်လေသည်။ နောက်ဆုံးတွင် သူတို့ အားလုံးသည် လှည်းငှား၍သာ ပြန်လာခဲ့ကြရလေသည်။
သူတို့သည် မနက်ဖြန် လှည်းပြန်အပ်ရန် အတွက် ပြန်သွားရမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အခြား ရွာသားများသည်လည်း ထို အခွင့်ကောင်းအား ယူကာ မြို့သို့သွား၍ မျိုးစေ့များ ဝယ်နိုင်ကြပေမည်။
"အဘွားအိုဝမ် ဘာလို့ အများကြီး ဝယ်လာတာလဲ ပိုက်ဆံအများကြီး ကုန်မှာပဲနော်"
တစ်စုံတစ်ယောက်သည် အဘွားအိုဝမ် မည်သည့် အရာများ ဝယ်ယူလာသည်အား သိချင်သဖြင့် တိတ်တဆိတ် မေးမြန်းလိုက်သည်။ အဘွားအိုဝမ်မှ ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်လေသည်။
"နွေဦး ရောက်နေပြီလေ ဘယ်သူက ပစ္စည်း မဝယ်ဘဲ နေမှာလဲ"
"ဘွားဘွား"
လူအုပ်အပြင်ဘက်မှ အားယွီလေး၏ စိတ်လှုပ်ရှားစွာဖြင့် အော်ခေါ်သည့် အသံလေး ထွက်ပေါ်လာခဲ့သည်။ ထို ကလေးလေးသည် ဆိတ်ပေါက်ကလေးအား စီးလျှက် အနားသို့ ချဉ်းကပ်လာခဲ့သည်။ သူမ ပြေးလာသည်မှာ မြန်လွန်းသောကြောင့် သူမ၏ မျက်နှာလေးမှာ ကောင်းကင်ပေါ်မှ တိမ်တိုက်များကဲ့သို့ နီရဲနေခဲ့ကာ သူမလေးအား ပိုမို၍ အပြစ်ကင်းစင်ပုံ ပေါက်စေသည်။
"ငါ့မြေးမလေး လာနေပြီ ငါ နင်တို့နဲ့ စကားမပြောတော့ဘူး"
အဘွားအိုဝမ်သည် ထိုလူများအား ဘေးသို့ တွန်းထုတ်လိုက်ကာ အားယွီလေးကို ပြုံးလျက် ပွေ့ချီလိုက်လေသည်။ အဘွားအိုဝမ်သည် သူမ၏ နဖူးအား အားယွီလေးနှင့် ထိကပ်လိုက်ပြီး ခေါင်းခါလိုက်ခြင်းဖြင့် အားယွီလေးအား တခစ်ခစ် ရယ်မောစေလိုက်သည်။
"အဘွား သမီးအတွက် တစ်ခုခု ဝယ်လာတယ် ပြန်ရောက်ရင် ပြမယ်နော် လိမ္မာတယ်"