တာဝန်
Vol. 3 Ch. 43
အဘွားအိုဝမ် ပြန်ရောက်လာသောအခါ ဝမ်မိသားစုသည် ကျောရိုးပြန်တည့်လာသကဲ့သို့ ဖြစ်သွားကြသည်။ သူမ အိမ်ထဲသို့ ဝင်ဝင်ချင်းမှာပင် ဝမ်မိသားစု အားလုံးသည် အဘွားအို မရှိချိန် အတွင်း ဖြစ်ပျက်ခဲ့သမျှ မိသားစုကိစ္စများ အကြောင်း ပြောပြရန် အတွက် အလုအယက် ပြေးလာကြလေသည်။ ထိုသည်မှာလည်း အိမ်မှုကိစ္စများအား ပြန်လည် အစီရင်ခံကြခြင်းသာ ဖြစ်သည်။ ဝမ်ဝူလန်မှာ ရစ်ငှက်အကြောင်းအား ဦးဆုံး စပြောသော သူ ဖြစ်သည်။
"အဘွား ကျွန်တော်တို့ ရစ်ငှက်တွေ ဖမ်းမိခဲ့တယ်"
အဘွားအိုဝမ်သည် သူမ၏ ချွေးမများအား ပစ္စည်းများ သိမ်းဆည်းရန် ခိုင်းစေနေစဉ် ထိုစကားအား ကြားလိုက်ရသည့်အတွက် လှည့်ကြည့်လိုက်မိကာ သူမ ချက်ချင်း ပြန်လည် မတုံ့ပြန်နိုင်ခဲ့ချေ။
"ဘာ"
"ရစ်ငှက်တွေလေ"
ဝမ်ဝူလန်သည် သူ့ကိုယ်သူ လက်ညှိုးထိုးပြပြီးနောက်တွင် စစ်လန်နှင့် အခြားသူများအား ထိုးပြကာ နောက်ဆုံးတွင် ဘေးရှိ အားယွီလေးကိုပါ ညွှန်ပြလိုက်လေသည်။
"ကျွန်တော်တို့ အတူတူ သုံးကောင် ဖမ်းမိခဲ့တယ်"
သူသည် သုံးကောင်ဟု ပြောနေသော်လည်း လက်ချောင်း လေးချောင်း ထောင်ပြနေခဲ့ခြင်း ဖြစ်သည်။ သူ့မျက်နှာပေါ်ရှိ ဘဝင်ခိုက်ကာ ကျေနပ်နေသည့် အမူအရာအား ဖုံးကွယ်၍ မရခဲ့ချေ။
အားယွီလေးသည် ငါးယောက်မြောက်အစ်ကို ပျော်ရွှင်နေသည်အား မြင်သောအခါ သူမလေးပါ လိုက်၍ ပြုံးလိုက်မိသည်။
[အရူးလို မရယ်စမ်းနဲ့]
အသားလုံးလေး သူမအား မကြည့်နိုင်တော့ပေ။ အားယွီလေးသည် ထိုအရာလေးအား လစ်လျူရှု ထားလိုက်လေသည်။ သူမသည် ပြုံးရသည်အား ကြိုက်နှစ်သက်ပေသည်။ အကယ်၍ သူမ ပျော်လျှင် သူမ ပြုံးရမည်။ သူမ ပြုံးလျှင်မူ သူမ ပို၍ ပျော်လာပေလိမ့်မည်။
အဘွားအိုဝမ်သည် ကြက်ခြံထဲတွင် လှောင်ပိတ်ထားခံရသည့် ရစ်ငှက်များအား ကြည့်ရန် အတွက် သူတို့၏ နောက်သို့ လိုက်ပါသွားခဲ့သည်။ ဝမ်ဝူလန်သည် ဘေးမှနေ၍ တစ်ချိန်လုံး စကားများနေခဲ့ကာ ဖြစ်ပျက်သမျှ ကိစ္စအဝဝ အလုံးစုံအား ပြန်ပြောပြနေခဲ့သည်။
"အဘွား ကျွန်တော်တို့က အရမ်းတော်တာပဲ မဟုတ်ဘူးလား"
ဝမ်ဝူလန်သည် မေးစေ့လေးအား မော့လျှက် ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
"ဟုတ်ပါပြီ"
အဘွားအိုဝမ်သည် ဝတ်ကျေတန်းကျေ ပြန်ပြောလိုက်ခြင်း ဖြစ်သည်။ သူမသည် အဒေါ်ဖန်ဘက်သို့ လှည့်လိုက်ကာ ပြောလိုက်လေသည်။
"ဒီနေ့ ချက်ပြုတ်ဖို့ နင့်အလှည့်ပဲ ညစာအတွက် ရစ်ငှက်သားဟင်း ချက်လိုက် တောင်နောက်ဘက်ကို သွားပြီး တောမှိုရိုင်းတွေ ရှိလား သွားကြည့်လိုက်ဦး နည်းနည်းလောက်ခူးပြီး ရစ်ငှက်သားစွပ်ပြုတ် လုပ်လိုက်"
အဒေါ်ဖန်မှ အလျင်အမြန် ပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့"
သူမ ပြန်ဖြေပြီးသည်နှင့် တပြိုင်နက် ဝမ်မိသားစုမှ ကောင်လေးများ အားလုံး တံတွေးမျိုချလိုက်မိကြသည်။ သူတို့သည် ရစ်ငှက်သားအား တစ်ကြိမ် တစ်ခါမှ မစားဖူးကြပေ။
ယခင်က ရစ်ငှက် ဖမ်းမိလျှင်မူ သူတို့၏ မိသားစုများသည် ပိုက်ဆံရရန်အတွက် ရောင်းချလေ့ရှိကြသည်။ ယမန်နှစ်တွင် ဦးလေး၄ နှင့် အခြားသူများသည်လည်း ရစ်ငှက်ဖမ်း ထွက်ခဲ့ကြသေးသည်။ သူတို့သည် မိသားစုများ စားနိုင်ရန် အတွက် ယူလာပေးချင်ခဲ့ကြမည်မှာ အသေအချာပင် ဖြစ်သည်။ ကံမကောင်းစွာဖြင့် အပြင်ထွက်ပြီး အချိန်အကြာကြာ ရှာဖွနေခဲ့သော်လည်း အားယွီကိုသာ ပြန်ခေါ်လာနိုင်ခဲ့သည်။
အားယွီလေးသည် ရစ်ငှက်အား စိတ်မဝင်စားဘဲ အဘွားအိုဝမ် ဝယ်လာသည့် ပစ္စည်းများကိုသာ စိတ်ဝင်စားနေခဲ့သည်။ အဘွားအိုဝမ်သည် ကုန်စုံဆိုင်မှ ဝယ်လာသော ပစ္စည်းများ အားလုံးကို ထုတ်ယူလိုက် ပြီးနောက် ဆံထိုးအနည်းငယ်သာ ကျန်တော့သည်။ သူမသည် အားယွီလေးအား လက်ယပ်ခေါ်လိုက်သည်။
"လာပါဦး"
အားယွီလေးသည် လိမ္မာစွာဖြင့် လျှောက်သွားလိုက်သည်။ အဘွားအိုဝမ်သည် သူမ၏ ဆံပင်လေးအား သျှောင်နှစ်ဖက်ထုံး (ဆံထုံးလေး နှစ်ဖက် ခွဲထုံးထားသည်) ပုံစံဖြင့် စည်းထားသည်အား တွေ့လိုက်ရသည်။ မူလတွင် ခြောက်သွေ့ကာ ရှုပ်ထွေးနေသည့် အပိုင်းများအား ဖြတ်တောက်ထားကာ ကျန်အပိုင်းများအား ချောမွေ့အောင် ပြုလုပ်ထားလေသည်။
သူမသည် ပန်းရောင်ဖျော့ဖျော့ ဆံထိုးနှစ်ချောင်းအား အားယွီလေး၏ လက်မောင်းပေါ်တွင် တင်ပေးလိုက်သည်။ မူလကတည်းမှ ဉာဏ်ကောင်းပုံပေါက်သည့် ထို ကောင်မလေးသည် ယခုအခါ ပို၍ပင် တက်ကြွ လန်းဆန်းနေပုံ ပေါက်နေခဲ့သည်။ သူမလေးအား ကြည့်ရုံနှင့်ပင် စိတ်ချမ်းသာစေသည်။
"အမယ်လေး ဒီကလေးက တကယ့်ကို ပန်းပွင့်လေးထက်တောင် ပိုလှနေပါလား"
အဒေါ်မာသည် မချီးကျူးဘဲ မနေနိုင်တော့ချေ။ မှန်ပေသည်။ အားယွီလေးတွင် မူလကတည်းက ပြေပြစ်သော မျက်နှာလေး ရှိသည်။ သူမ၏ မျက်လုံးများသည် ကြယ်ပွင့်လေးများကဲ့သို့ တောက်ပနေကာ နှာတံလေးမှာလည်း အနည်းငယ် မြင့်မားလျှက် နှုတ်ခမ်းများမှာ ပြည့်ဖြိုးနေလေသည်။
တဖြည်းဖြည်း ပြည့်ဖြိုးလာသည့် မျက်နှာဝိုင်းဝိုင်းလေးနှင့် ပေါင်းစပ်လိုက်ချိန်တွင် သူမသည် နတ်သမီးလေး တစ်ပါးနှင့် အမှန်ပင် တူညီ လာခဲ့တော့သည်။
မိသားစုထဲမှ အမျိုးသားများ အားလုံး မှင်သက် အံ့သြနေကြသည်။ အားယွီလေး ကြည့်ကောင်းလိမ့်မည်ဟု သူတို့ ထင်ထားခဲ့သည့် တိုင်အောင် ဆံထိုးနှစ်ချောင်း တပ်လိုက်ရုံဖြင့် ဤမျှ ချစ်စရာကောင်းလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
ဝမ်ချွမ်းမန်သည် တစ်ယောက်ထဲ တွေးနေမိခဲ့သည်။
‘အိမ်မှာ လယ်လုပ်ငန်းတွေ ပြီးသလောက် ရှိရင် မြို့ထဲသွားပြီး အလုပ်သွားရှာဦးမှပဲ ငါ့မှာ ငွေပြား ဆယ်ဂဏန်းလောက်ပဲ အပို ရရင်တောင် သမီးလေးအတွက် ကြည့်ကောင်းတဲ့ ဆံထိုးလေးတွေ ဝယ်ပေးနိုင်မှာပဲ’
"ညီမလေး အားယွီက ငါတို့ရွာမှာ အချောဆုံးပဲ"
ဝမ်စစ်လန်မှ ရုတ်တရက် ပြောလိုက်သည်။ ဝမ်ဝူလန်မှာမူ သဘောမတူချေ။
"ဘာ သူက မြို့တစ်မြို့လုံးမှာ အချောဆုံး ဖြစ်ရမှာပေါ့"
ဝမ်လျူလန်နှင့် ဝမ်ချီလန်တို့မှ ပြိုင်တူ ပြောဆိုလိုက်ကြသည်။
"ငါတို့ ချန်မင်းဆက် တစ်ခုလုံးမှာ အလှဆုံးသူက ညီမလေး အားယွီပဲ"
အားယွီလေးသည် သူတို့၏ စကားများကြောင့် ရှက်လည်းရှက်ကာ ပျော်လည်း ပျော်သွားခဲ့သည်။ မိသားစုထဲမှ လူတိုင်း သူမအား နှစ်သက်ကာ ချီးကျူးနေကြသည်။ သူမ အရမ်း ပျော်သည်။
သူမသည်လည်း အမြန် အရွယ်ရောက်လာကာ လူကြီးဖြစ်ချင်နေခဲ့ပြီ ဖြစ်သည်။ သူမ သူတို့အား အလွန် ကောင်းမွန်စွာ ပြန်လည်၍ ပြုစုပေးချင်မိသည်။
အသားလုံးလေးသည် နေရာလွတ်ထဲတွင် ရှိနေရင်းဖြင့် အတောင်ပံများဖြင့် သူ့နဖူးအား စမ်းသပ်လိုက်သည်။
[မျှော်လင့်ထားတဲ့အတိုင်းပါပဲ ဘယ်လို ကလေးစုတ်တွေမှ ဒီလို ချီးကျူးမှုကို ခံနိုင်ရည်မရှိကြဘူးပဲ]
အဘွားအိုဝမ်သည် အားယွီလေးအား ဆံထိုးများကို တပ်ပေးပြီးနောက်တွင် ကျောင်းကျန်း ပေးခဲ့သည့် အိတ်အား ဖွင့်ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် ဖြစ်သည်။ ဘောင်းဘီအသစ် နှစ်ထည်အပြင် ပို၍ လှပသည့် ဆံထိုး ဆယ်ချောင်းကျော် မိန်းကလေးဝတ် နွေဦးဂါဝန် တစ်ထည်နှင့် အထည်လိပ် နှစ်လိပ် ပါရှိလေသည်။
တစ်ခုမှာ ရေတပ်အပြာရောင် ဖြစ်ပြီး နောက်တစ်ခုမှာ အညိုရောင်ဖျော့ဖျော့ ဖြစ်သည်။ ၎င်းသည် ကျေးလက်နေပြည်သူများ အကြားတွင် အသုံးအများဆုံး အရောင်လည်း ဖြစ်လေသည်။ ရေတပ်အပြာရောင်သည် အညစ်အပေ ခံနိုင်ကာ အညိုရောင်ဖျော့ဖျော့ အထည်မှာ ပုံမှန်အားဖြင့် ပိုထူလှသဖြင့် အလုပ်လုပ်ရာတွင် အဆင်ပြေလေသည်။
အဘွားအိုဝမ် ခဏလောက် စဉ်းစားလိုက်ပြီးနောက် သူမ ဝယ်လာသော အထည်များအား သိမ်းထားလိုက်တော့သည်။ သူမသည် အထည်လိပ် နှစ်လိပ်အား အရင် ထုတ်လိုက်သည်။
"အမေ အဲဒီ အရာရှိမင်းကျန်းက ဒါတွေ ပေးလိုက်တာလား"
ဝမ်မိသားစုဝင်များသည် ပါဆယ်ထုပ်ထဲမှ ပစ္စည်းများအား မြင်သော် အသက်ရှူမှားသွားကြလေသည်။ ဤအထည်အမျိုးအစားမှာမူ သူတို့ ပုံမှန် ဝယ်နေကျ အထည်များထက် ပို၍ ခိုင်ခံ့ပုံရလေသည်။ ပို၍ ဈေးကြီးမည်မှာ သေချာပေါက်ပင် ဖြစ်သည်။
"ဒီလို သောက်သုံးမကျတဲ့ ပစ္စည်းတွေက နင်တို့ကို အံ့သြစေတာလား နောင်အနာဂတ်မှာ ငါတို့မိသားစု အခြေအနေတွေ ဒီထက် ပိုကောင်းလာရင် ဒီထက် ပိုကောင်းတဲ့ ပစ္စည်းတွေ ဝယ်ရဦးမှာ"
အဘွားအိုဝမ်သည် လက်အား ဝှေ့ယမ်းလိုက်ကာ သူမ၏ သရော်ဟန် ရသည့် အကြည့်အား ဖုံးကွယ်မထားခဲ့ပေ။
"ကောင်းပြီ စိုက်ကြည့်မနေကြနဲ့တော့ သူများရဲ့ စေတနာမို့လို့ သိမ်းထားလိုက်ကြ ဒုတိယ ချွေးမ နင်တို့ မိန်းမတွေ ဒါနဲ့ အလုပ်လုပ်တာ ပိုကောင်းမယ် ဒီအထည်လိပ် နှစ်လိပ်ကို ယူပြီတော့ အိမ်က ယောက်ျားတွေအတွက် အဝတ်အစား ညှပ်ပြီး ချုပ်ပေးလိုက်ကြဦး"
ယောက်ျားများသည် အပြင်ထွက်ကာ အလုပ်များစွာ လုပ်ကြရလေသည်။ သူတို့၏ အဝတ်အစားများမှာ ဆိုးရွားစွာ ဟောင်းနွမ်းနေပြီ ဖြစ်သဖြင့် သူတို့အား ဦးစားပေးရမည် ဖြစ်သည်။ အထည်တစ်လိပ်အား သေသေချာချာ သတိထား ညှပ်လျှင် အဝတ်အစား ငါးစုံလောက် ချုပ်နိုင်ပေသည်။
ကျန်တဲ့သူများ ရနိုင်မည်လား မရဘူးလား ဆိုသည်အား မည်သူမှ ထပ်မံ၍ မမေးကြပေ။ မရလျှင်တောင်မှ သူတို့သည် အများဆုံး အားကျရုံသာ ရှိမည် ဖြစ်ကာ အခြား မည်သည်ကိုမှ တွေးတောနေလိမ့်မည် မဟုတ်ပေ။
ယခု မိသားစု အခြေအနေအရ သူတို့ လိုချင်လျှင်တောင် ပိုက်ဆံ ထုတ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။ မည်သည်ကိုမှ မတွေးတောသည်မှာ ပို၍ ကောင်းဦးမည် ဖြစ်သည်။ သို့မဟုတ်လျှင် သူတို့ စိတ်ထဲတွင် အဖုအထစ် အဖြစ် ကျန်နေခဲ့လိမ့်မည်။
ထို့နောက် အဘွားအိုသည် စက္ကူအိတ်တစ်အိတ်အား ထုတ်ယူလိုက်သည်။ အတွင်းတွင် အသားပေါက်စီ တစ်လုံးနှင့် ဟင်းသီးဟင်းရွက်ပေါက်စီ တစ်လုံး စုစုပေါင်း ပေါက်စီနှစ်လုံး ပါရှိသည်။
"ကြည့်မနေကြနဲ့တော့ ဒါက အားယွီအတွက်ပဲ"
. . .
ဝမ်မိသားစုမှ မြေးများသည် လိုချင်တပ်မက်သည့် စိတ်များဖြင့် ကြည့်နေကြသည်။ အားယွီအတွက် ဖြစ်ကြောင်း သိသောအခါ သူတို့ အနည်းငယ် စိတ်ပျက်သွားခဲ့ကြသည်။
လူတိုင်း၏ ရှေ့တွင် အဘွားအိုဝမ်သည် နောက်ထပ် အိတ်တစ်လုံး ထုတ်ယူလိုက်လေသည်။ ၎င်းမှာ သုံးကျင်းကျော် လေးသည့် ဂျုံမှုန့်ဖြူ အိတ်တစ်အိတ် ဖြစ်သည်။
"ဒီည ငါတို့ ရစ်ငှက်သား စားကြမယ် ဒါကိုတော့ မနက်ဖြန်ကျရင် ပေါက်စီဖြူ လုပ်စားဖို့ သိမ်းထားလိုက်ကြ တစ်ယောက် တစ်လုံးပေါ့ အများကြီးတော့ မရှိဘူး"
ဂျုံမှုန့် တစ်ကျင်းသည် ပေါက်စီလုံးအကြီး အများကြီး မရနိုင်သဖြင့် လူတိုင်း အာသီသ ပြေရုံလောက်သာ လောက်ငှမည် ဖြစ်ပေသည်။
"ယေး ယေး ယေး"
သူမ၏ မြေးများ ချက်ချင်း ပြုံးရွှင်သွားကြတော့သည်။ သူတို့သည်လည်း ပေါက်စီ စားရမည် ဖြစ်သောကြောင့် ညီမလေး အားယွီ၏ ပေါက်စီများအား ဂရုမစိုက်ကြတော့ချေ။ အားယွီလေး ပေါက်စီရမည်ဟု ကြားသော် သူမ၏ အစ်ကိုများအား အတုခိုးကာ လျှာထုတ်ကာ သူမ၏ ပါးစပ်လေးအား သပ်လိုက်သည်။သူမသည် လည်း ပေါက်စီ စားချင်မိသည်။
သူမ၏ မှတ်ဉာဏ်ထဲတွင် ပေါက်စီသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး အစားအစာ ဖြစ်သည်ဟု အမြဲ ခံစားရလေသည်။
"ကဲ အပြင်ထွက် ကစားကြတော့ ဒီမှာ ရပ်ပြီး မျက်စိနောက်အောင် မလုပ်ကြနဲ့"
အဘွားအိုဝမ်သည် သူတို့အား မောင်းထုတ်ရန် လက် ဝှေ့ယမ်းလိုက်သည်။ သူမသည် သူမ၏ မိသားစုအား အားယွီလေး၏ အိမ်ထောင်စုစာရင်းအကြောင်း ပြောပြရဦးမည် ဖြစ်သည်။
. . .
အားယွီလေးလည်း အမောင်းထုတ် ခံလိုက်ရလေသည်။ သူမ ပျော်ရွှင်နေခဲ့သောကြောင့် အခြား မည်သည်ကိုမှ အများကြီး မတွေးခဲ့ပေ။ ဝမ်ဝူလန်မှာမူ ပေါက်စီအကြီး နှစ်လုံးအကြောင်းအား တွေးနေဆဲဖြစ်သည်။ ခြံဝင်းထဲမှ ထွက်လာသောအခါ သူ ပြောလိုက်သည်။
"ညီမလေး အားယွီ အဲဒီ ပေါက်စီနှစ်လုံးက အရမ်းကြီးတယ် ကိုကိုငါး နင့်ကို ကူစားပေးရမလား"
ဝမ်လျူလန်လည်း လက်မြှောက်လိုက်လေသည်။
"လုပ်ပါ လုပ်ပါ လုပ်ပါ ငါလည်း နင့်ကို ကူစားပေးနိုင်တယ် ငါက အကိုက်ကြီးကြီး ကိုက်ပေးနိုင်တယ်"
"ငါရော ငါရော ငါရောပဲ"
ဝမ်ချီလန်သည်လည်း သူ့အား မေ့သွားမည် စိုးသဖြင့် ပြောလိုက်သည်။ ဝမ်တာလန်သည် ဖြတ်လျှောက်သွားရင်း ထိုသို့ ပြောနေသည်အား ကြားလိုက်ရသောအခါ သူ၏ မျက်နှာသည် ချက်ချင်း တင်းမာသွားခဲ့သည်။
"မင်းတို့ကောင်တွေ ညီမလေးရဲ့ အစားအစာကို မလုစားနဲ့နော် မဟုတ်ရင် အဘွားကို တိုင်ပြောလိုက်မယ်"
လူတိုင်းသည် 'အဘွား' ဟူသော စကားလုံးအား ကြားသောအခါ ချက်ချင်း ရပ်တန့်သွားကြသည်။
[ကလေးရေ မင်း ကြိုးစားရမယ် မဟုတ်ရင် မင်းအစ်ကိုတွေက ပေါက်စီ စားချင်ရင်တောင် စားရမှာ မဟုတ်ဘူး သူတို့ ပေါက်စီကို တမ်းတနေရင်တောင် စားခွင့်ရမှာ မဟုတ်ဘူး ဘယ်လောက် သနားစရာကောင်းလဲ]
အားယွီလေးသည်လည်း နတ်သူငယ်လေး ပြောသည်မှာ မှန်သည်ဟု ခံစားလိုက်ရသည်။ သူမ အစ်ကိုများအား ကြည့်လိုက်ကာ လက်သီးလေးဆုပ်လျှက် ရဲရဲရင့်ရင့် လျှောက်ထွက်သွားလိုက်သည်။ ဝမ်ဝူလန်သည် အားယွီလေး လျှောက်ထွက်သွားသည်အား သတိထားမိပြီး အလျင်အမြန် လိုက်သွားခဲ့သည်။
"ညီမလေး အားယွီ ဘယ်သွားမလို့လဲ"
အားယွီလေး၏ မျက်လုံးများ တောက်ပနေခဲ့ကာ သူမ၏ လေသံမှာ အထူးခိုင်မာ ပြတ်သားနေခဲ့လေသည်။
"သမီး ပေါက်စီ သွားစိုက်မလို့"
ဝမ်ဝူလန် : “........”