အားယွီမှာ မြေတစ်ကွက် ရှိတယ်
Vol. 3 Ch. 44
အားယွီလေးသည် ပေါက်စီအား မည်သို့ရလာသည်အား မသိချေ။ သို့သော် မြေကြီးထဲတွင် တိုက်ရိုက် စိုက်ပျိုးရသည်ဟုသာ သူမ ထင်မှတ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူမသည် မြေတစ်ကွက် ရှာကာ ပေါက်စီ စိုက်ရမည်။ ဝမ်ဝူလန် ရယ်ရမလို ငိုရမလို ဖြစ်သွားခဲ့သည်။
"ပေါက်စီက စိုက်လို့မရဘူးလေ နင်က ဂျုံအရင်စိုက်ပြီး အမှုန့်ကြိတ်ရတယ် ပြီးမှ ပေါက်စီ လုပ်ရတာ"
ထိုသို့ပြောဆိုရင်း ဝမ်ဝူလန်သည် ရှေ့ရှိ မြေကွက်လပ်တစ်ခုအား လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"ကြည့် ဟိုမှာ ဒေါ်လေးသုံး မိသားစုရဲ့ မြေပဲ သူတို့က ဂျုံမျိုးစေ့ ဝေစုရထားလို့ မနေ့က စိုက်လိုက်ကြတယ် လနည်းနည်း ကြာရင် ဂျုံပင်တွေ ကြီးလာလိမ့်မယ် အဲဒီအချိန်ကျရင် ငါတို့ အမှုန့်ကြိတ်ပြီး ပေါက်စီတွေ ဖက်ထုပ်တွေ လုပ်စားလို့ရပြီ အရမ်းစားလို့ ကောင်းတာ"
"ဪ ဪ အဲဒီလိုလား"
ထိုအခါမှ အားယွီလေးသည် အထူးသဖြင့် မိသားစုထံမှ မျိုးစေ့ တောင်းကာ လယ်လုပ်ရန် နတ်သူငယ်လေးအား ကတိပေးထားခဲ့သည်အား သတိရသွားခဲ့သည်။ သို့သော် သူမ သည် ထိုအကြောင်းအား မေ့နေခဲ့သည်။
နတ်သူငယ်လေးသည် သေချာပေါက် ဒေါသထွက်တော့မည် ဖြစ်သည်။
[ငါ ကျင့်သားရနေပါပြီ]
‘ငါ စိတ်မဆိုးဘူး ဘာလို့ စိတ်ဆိုးရမှာလဲ ငါ စိတ်မဆိုးဘူး’
အားယွီလေးသည် ယခင်က ပဲပိစပ်နွယ်ပင်များ ထားခဲ့သော နေရာသို့ ပြေးသွားခဲ့သည်။ အဘွားအိုဝမ်သည် ထိုနေရာတွင် ပဲအနည်းငယ် စိုက်ထားခဲ့ပကာ တစ်ရက်နှင့်တစ်ညပင် ရှိနေပြီဖြစ်သည်။
"ပဲတွေ ပေါက်နေပြီ"
အားယွီလေးသည် ဝမ်ဝူလန်၏ လက်အား ဆွဲယူလိုက်ကာ ငှက်ပျောပင်အောက်ရှိ ပျိုးပင်များအား ကြည့်ခိုင်းလိုက်သည်။ မူလတွင် မျိုးစေ့များသည် ခုနစ်ရက်ခန့်အကြာတွင် အညှောက်ပေါက်လေ့ရှိပြီး မျိုးစေ့များမှာမူ စော၍ အညှောက်ပေါက်တတ်သည်။ သို့သော် ရောစပ်ထားသော စိတ်ဝိညာဉ်ရေစမ်းရေ၏ အကျိုးသက်ရောက်မှုများကြောင့် မျိုးစေ့များမှာ အရွက်နှစ်ရွက်ပင် ထွက်နေခဲ့ပြီဖြစ်သည်။ မသိလျှင် လဝက်ကျော် စိုက်ထားသကဲ့သို့ ဖြစ်နေခဲ့သည်။
ဝမ်ဝူလန် ထိုအရာအား စိတ်မဝင်စားပေ။ အဘယ်ကြောင့်ဆိုသော် ထိုအပင်များအား မည်သည့်အချိန်တွင် စိုက်ထားမှန်း သူ မသိသဖြင့် လုံးဝ မအံ့သြခဲ့ပေ။ သို့သော် သူ မော့ကြည့်လိုက်ချိန်တွင် တစ်စုံတစ်ခု မှားနေသည်အား ရုတ်တရက် သတိထားမိလိုက်သည်။
"အာ ငှက်ပျောသီးတွေက ဘာလို့ ဒီလောက် အကြီးကြီး ဖြစ်သွားတာလဲ"
သူ့ရှေ့ရှိ ငှက်ပျောပင်ပေါ်တွင် ငှက်ပျောသီးတစ်ခိုင် မြင့်မားစွာဖြင့် တွဲလောင်းကျနေခဲ့သည်။ ၎င်းအပေါ်တွင် ကြီးမားလှသည့် ငှက်ပျောရွက်များ အုပ်လျှက် ရှိနေခဲ့ကာ အရာ အားလုံး ကြီးထွားနေကြသည်။
ဝမ်လျူလန်နှင့် အခြားသူများလည်း ရောက်ရှိလာကြသည်။ ငှက်ပျောသီးခိုင်အား မြင်သော် သူတို့ ဇဝေဇဝါ ဖြစ်သွားကြလေသည်။
"လွန်ခဲ့တဲ့ နှစ်ရက်က နည်းနည်းပဲ ကြီးသေးတာပါ"
ဝမ်ချီလန်မှ ပြောလိုက်သည်။
"မင်း မှားမြင်တာ နေမှာပေါ့ အဲ့လိုမှ မဟုတ်ရင် သုံးရက်အတွင်း ဘယ်လိုလုပ် ဒီလောက်ကြီးလာမှာတဲ့လဲ"
အားယွီလေးမှ တိုးတိုးလေး ပြောလိုက်သည်။
"ကြီးနိုင်တာပေါ့"
သူမ၏ ပဲပိစပ်နွယ်ပင်များပင် ယခုလို လျှင်လျှင် မြန်မြန် ကြီးထွားနိုင်သေး၏။ သို့သော် သူမ ပြောလိုက်သည်အား မည်သူမျှ သတိမထားမိခဲ့ကြချေ။
"ဒါက မှည့်ခါနီးပြီ မဟုတ်လား ခုတ်ချလိုက်ရအောင်"
ငှက်ပျောသီးသည် အရသာ သိပ်မရှိသည့် တိုင်အောင် ယခုလို အချိန်မျိုးတွင် စားစရာရှိသည်မှာ ကောင်းပေသည်။ သူတို့ ရွေးချယ်နေ၍ မရပေ။
ဝမ်လျူလန်သည် လောဘတကြီးဖြင့် အိမ်သို့ ပြန်ကာ ပြောပြရန် အတွက် ပြေးထွက်သွားခဲ့သည်။ ခဏအကြာတွင် ဝမ်ချွမ်းမန်သည် သစ်ခုတ် ပုဆိတ်အား ကိုင်ထားလျှက်ပင် သူ၏ ဆွဲခေါ်လာခြင်း ခံလိုက်ရတော့သည်။
"ငါ သစ်ခုတ်မလို့ လုပ်နေတာ ဘာလို့ ငါ့ကို ဆွဲခေါ်လာတာလဲ"
ဝမ်ချွမ်းမန် ကူကယ်ရာမဲ့ ဖြစ်နေခဲ့ပေသည်။ လူကြီးများထဲတွင် သူက အငယ်ဆုံး ဖြစ်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤမျောက်ရှုံးတစ်သိုက်သည် အမြဲတမ်းလိုလို သူ့အားအကူအညီ တောင်းတတ်ကြသည်။
ငှက်ပျောပင်အား မြင်လိုက်သော် ဝမ်ချွမ်းမန် တစ်ယောက် ကြောင်အသွားခဲ့သည်။ ငှက်ပျောသီးများ ယခုလောက်ထိ လောက်ကြီးထွားနေသည်အား သူ မမှတ်မိချေ။
သို့သော် ရင့်မှည့်လုနီးပါး ဖြစ်နေပုံရသည်။ သေချာသည်ပင်.... အရင်ဆုံး ခူးထားလိုက်ကာ အိမ်တွင် နှစ်ရက်လောက် ထားလိုက်ပြီးလျှင် စားလို့ရပြီ ဖြစ်သည်။
သူတို့တွင် အမှည့်မြန်လာအောင် လုပ်သည့် နည်းလမ်းမရှိသည့် တိုင်အောင် ကိစ္စမရှိပါချေ။
“ဘုန်း ဘုန်း ဘုန်း”
(မင်မင် အသံတွေ သေချာ မထွက်တတ်လို့ နားလည်ပေးကြပါနော် )
ဝမ်ချွမ်းမန်သည် သန်မာလှသဖြင့် သုံးချက်မှ ငါးချက်ခန့် ခုတ်လိုက်ရုံမျှဖြင့် ငှက်ပျောပင်သည် လဲကျသွားလေတော့သည်။ ငှက်ပျောပင် လဲကျသွားပြီးနောက်တွင် ပျိုးပင်များပေါ်သို့ ပိကျသွားခဲ့သည်။ ဝမ်ချွမ်းမန်မှာမူ လုံးဝ သတိမထားမိဘဲ နင်းပင် နင်းမိလိုက်သေးသည်။
အားယွီလေးသည် ပါးစပ်ဟလိုက်မိကာ ထိုအပင်များသည် ဘွားဘွားစိုက်ထားခြင်း ဖြစ်သည်။ အကယ်၍ ဘွားဘွားသိသွားခဲ့လျှင် ဝမ်းနည်းလိမ့်မယ်ဟု ပြောချင်နေခဲ့သည်။ သို့သော် မကြာမီတွင် သူမ၏ အာရုံအား တစ်စုံ တစ်ခုမှ ဆွဲဆောင်သွားခဲ့သည်။
ကလေးတစ်သိုက်သည် ဝမ်ချွမ်းမန်အား ဝိုင်းရံထားလျှက် ခုတ်ထားသော ငှက်ပျောသီးများအား သယ်ဆောင်သည်ကို ကြည့်နေကြသည်။
အရှေ့ဘက်တွင် ငှက်ပျောဖူး ရှိနေသေးသည်။ ဝမ်ချွမ်းမန်သည် လက်အားမြှောက်လိုက်ကာ ငှက်ပျောဖူးအား ဖြတ်ချလိုက်သည်။ အားယွီလေး ဘေးမှ ကြည့်နေသည်အား မြင်သောအခါ ငှက်ပျောဖူးကို သူမလေးအား ကမ်းပေးလိုက်သည်။
"အားယွီ ဖမ်းလိုက်"
အားယွီလေး သူမ၏ လက်မောင်းလေးများအား စေ့နိုင်သမျှ စေ့ထားလိုက်သည်။ အရမ်းလေးလွန်းသဖြင့် သူမ ကောင်းကောင်း မကိုင်နိုင်ဘဲ ယိုင်နဲ့နဲ့ဖြင့် လမ်းလျှောက် နေရလေသည်။
သူမလေးသည် ငှက်ပျောဖူးအား လွှင့်မပစ်ရက်သဖြင့် မူးနေသော ပျားလေး တစ်ကောင်ကဲ့သို့ လမ်းလျှောက်နေခဲ့သည်။
ဝမ်ချွမ်းမန်သည် ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။
သူ့သမီးလေးသည် အလွန် ရီရပေသည်။
"အဘွား ကျွန်တော်တို့ ငှက်ပျောသီး မှည့်နေပြီ"
ဝမ်ဝူလန်၏ အော်သံကြောင့် အဘွားအို၏ လက်များ တုန်သွားခဲ့သည်။
သူမ အပြင်ထွက် ကြည့်လိုက်ချိန်တွင် သူမ၏ သားငတုံးသည် ငှက်ပျောသီး အခိုင်လိုက်ကြီး သယ်ချလာသည်အား မြင်တွေ့လိုက်ရသည်။ ငှက်ပျောသီးများမှာ အတော်အတန် ကြီးမားလှသည်။
ဘေးနားတွင် အားယွီလေးသည် ခရမ်းရောင် ငှက်ပျောဖူးအား လက်ထဲတွင် ကိုင်ဆောင်ထားခဲ့သည်။ သူမလေး မောပန်းနေကြောင်း သိသာပေသည်။
"နင် ဝင်စားတုန်းက ခေါင်းပျောက်သွားလို့ လည်ပင်းပေါ်မှာ သစ်တုံး လာစိုက်ထားမိတာလား ဟမ်"
အဘွားအိုဝမ် ရှေ့သို့ သုံးလှမ်းတိုးလိုက်ကာ လူတိုင်း၏ ရှေ့သို့ လျှောက်သွားလိုက်သည်။ အားယွီလေး၏ လက်မောင်းထဲမှ ငှက်ပျောဖူးအား ယူလိုက်ပြီးနောက် ဝမ်ချွမ်းမန်အား လှည့်ကာ ဆူပူလိုက်တော့သည်။
"နင်က ဘယ်လို အဖေမျိုးလဲ အားယွီက ငယ်ငယ်လေး ရှိသေးတယ် နင်က သူ့ကို ဒီလောက်လေးတဲ့အရာ သယ်ခိုင်းရင် နောင်ကျ သူ အရပ်ရှည်မှာ မဟုတ်တော့ဘူး"
ဝမ်ချွမ်းမန် နှာခေါင်းပွတ်လိုက်ကာ တောင်းပန်လိုက်သည်။
ငှက်ပျောဖူးသည် အလွန်ပင် လေးလံလှပေသည်။ အလွှာတိုင်းတွင် အပွင့်များအား တွေ့မြင်နိုင်သည်။ ထိုအပွင့်များအား ကြော်စား၍ ရကာ ဟင်းတစ်ခွက် ဖြစ်နိုင်ပေသည်။
သတင်းကြားကာ ရောက်ရှိလာသည့် အဒေါ်ဖန်အား အဘွားအိုဝမ်မှ ငှက်ပျောဖူး ကမ်းပေးရင်း ဝမ်ချွမ်းမန်အား ဆက်မေးလိုက်သည်။
"နင် ဘယ်နေရာက ခုတ်လာတာလဲ"
သူတို့ မိသားစုတွင် ငှက်ပျောပင် စိုက်ထားသည့် နေရာ အနည်းငယ် ရှိသည်။ ထိုအရာများသည် အလွယ်တကူ ကြီးထွားနိုင်သည် ဖြစ်ရာ တစ်ပင်စိုက်လိုက်လျှင် နောက်နှစ်တွင် ငှက်ပျောသီး အများကြီး ရနိုင်သည်။
"အိမ်နောက်ဖေးက ဟာ မဟုတ်ဘူးလား"
ဝမ်ချွမ်းမန် ဇဝေဇဝါ ဖြစ်သွားသည်။
စကားတစ်ဝက်အရောက်တွင် အဘွားအိုဝမ်၏ မျက်နှာထား ပြောင်းလဲသွားခဲ့သည်။
"ဒုက္ခပဲ"
သူမ ငှက်ပျောပင်အုံနားသို့ လျှောက်သွားလိုက်ကာ ကြည့်လိုက်သည်။ လဲကျနေသည့် ငှက်ပျောပင်သည် သူမ ပဲစိုက်ထားသော နေရာအား လုံးဝ ဖုံးအုပ်ထားလျှက် ရှိသည်။ ရေပုံးလည်း ပျောက်နေပြီ ဖြစ်သည်။
အဘွားအိုဝမ် ငှက်ပျောရွက်အား အနည်းငယ် မကြည့်လိုက်ချိန်တွင် ကောင်းစွာ ကြီးထွားနေပြီ ဖြစ်သည့် ပျိုးပင်တစ်ပင်နှင့် ထို ပျိုးပင်ပေါ်သို့ အခိုင်အမာ ပြတ်သားထင်ရှားစွာ နင်းထားသည့် ခြေရာတစ်ခုအား မြင်တွေ့လိုက်ရတော့သည်။
အဘွားအိုဝမ်၏ မျက်လုံးအိမ်သည် ကျဉ်းမြောင်း သွားခဲ့ကာ ဒေါသများ ခေါင်းထိ(ငယ်ထိပ်အထိ) ဆောင့်တက်လာသည်ကို ခံစားလိုက်ရသည်။
. . .
"ဝမ် ချွမ်း မန်"
အဘွားအိုဝမ်သည် အံကြိတ်လျှက် အော်ဟစ်လိုက်သည်။ သူမ ထိုသားငတုံးအား ရိုက်နှက်ချင်စိတ် ပေါက်သွားခဲ့သည်။
အားယွီလေးလည်း ပြေးလာခဲ့သည်။ ဒေါသထွက်နေသည့် အဘွားအိုဝမ်အား မြင်သောအခါ သူမ လုံးဝ မကြောက်လန့်ခဲ့ပေ။ အဘွားအိုဝမ်၏ လက်ချောင်းများအား သူမ၏ လက်ကလေးဖြင့်ပင် ချိတ်လိုက်သေး၏။
"ဘွားဘွား စိတ်မဆိုးပါနဲ့"
အားယွီလေးမှ သူမအား နှစ်သိမ့်ပေးလိုက်သည်။
"နင့်အဖေ လုပ်ထားတာကို ကြည့်ဦး"
အဘွားအိုဝမ် ဒေါသထွက်လျှက် ရှိသည်။ ထိုခွေးသားသည် သူမအား တမင် ဒေါသထွက်အောင် လုပ်နေခြင်းပင် ဖြစ်ပေမည်။
"သမီးဆီမှာ နောက်ထပ် ရှိပါသေးတယ်"
အားယွီလေးသည သူမ၏ ဗိုက်ကလေးအား ကော့လိုက်ကာ သူမ၏ အိတ်ကလေးအား ပုတ်ပြလိုက်သည်။ သူမ၏ မျက်လုံးများ ကွေးညွှတ်သွားခဲ့သည်။
"အိတ်ထဲမှာ ပဲတွေ ရှိသေးတယ်"
သူမ လက်ချောင်းအား ထပ်မံ ဆန့်ထုတ်လိုက်ကာ အဝေးမှ ရေလောင်းတော့မည့်ဟန် ပြုလိုက်လေသည်။
"ပြီးတော့ ဒီဟာ -"
အဘွားအိုဝမ် သူမ မည်သို့ လုပ်ချင်နေသည်အား သိသဖြင့် လက်အား ချက်ချင်း ဖမ်းထားလိုက်တော့သည်။ သူမသည် နူးညံ့သိမ်မွေ့သော အမူအရာ ပြောင်းလဲသွားတော့သည်။
"လိမ္မာတဲ့ ကလေးလေး ဒါကို ခဏလောက် သိမ်းထားလိုက်ဦး အခု မသုံးနဲ့ဦး"
လူ့ဘဝအား ထက်ဝက်ကျော် ဖြတ်သန်းပြီးနောက်တွင် ဤကမ္ဘာပေါ်တွင် မည်သည့်အရာမှ မလွယ်ကူကြောင်း အဘွားအိုဝမ် သိထားပြီး ဖြစ်သည်။
ပစ္စည်းတစ်ခုသည် တန်ဖိုးရှိလေလေ ရှားပါးလေလေ ဖြစ်သည်။ ပစ္စည်းတစ်ခုသည် ရှားပါးလေလေ ဆုံးရှုံးဖို့ လွယ်ကူလေလေ ဖြစ်သည်။
အားယွီလေး ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
"အားယွီ သမီးဆီမှာ ဒီအရာ ရှိတယ်ဆိုတာ တခြားသူတွေကို မသိစေနဲ့နော် မဟုတ်ရင် တခြားသူတွေ လာလုသွားလိမ့်မယ်"
အဘွားအိုဝမ်သည် ထို အခွင့်ရေးအား ယူကာ သူမလေးအား သင်ကြားပေးလိုက်သည်။
. . .
အားယွီလေးသည် မျက်တောင်ခတ်လိုက်ကာ ရိုးသားစွာဖြင့် ခေါင်းခါလိုက်သည်။
"လုသွားလို့ မရဘူးလေ အဲဒါက နတ်သူငယ်လေးဆီမှာ ရှိတာ တခြားသူတွေ ရှာတွေ့နိုင်မှာ မဟုတ်ဘူး"
"သူတို့က သမီးပစ္စည်းတွေကို လုလို့မရနိုင်ရင်တောင် လူကိုတော့ လုသွားနိုင်တယ် အကယ်လို့များ မကောင်းတဲ့လူတွေ တွေ့သွားရင် သမီးကို လာဖမ်းသွားလိမ့်မယ် နောက်ဆို အိမ်ပြန်လာနိုင်တော့မှာ မဟုတ်ဘူး"
အားယွီလေးကဲ့သို့ ငယ်ရွယ်သည့် အချိန်တွင် ထိုသို့သော အရာမျိုးများအား သင်ပေးရန် လိုအပ်လိမ့်မည်ဟု အဘွားအိုဝမ် မထင်ထားခဲ့ပေ။
အားယွီလေးသည် ကြောက်လန့်ကာ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ကြောက်စရာကြီး....
"ဘွားဘွား သမီး အိမ်မပြန်နိုင်တာမျိုး မဖြစ်ချင်ဘူး သမီး မဖြစ်ချင်ဘူး"
သူမသည် ဤမိသားစုအား အမှန်တကယ် သဘောကျမိခြင်း ဖြစ်သည်။
သူမ နှာခေါင်းလေး ချက်ချင်း ရှုံ့မဲ့သွားသည်။ သူမ အဘွားအိုဝမ်၏ လက်အား ဖက်ထားလိုက်ကာ ပြောလိုက်သည်။
"ဘွားဘွား သမီး ဘယ်သူ့ကိုမှ မပြောဘူး ဘွားဘွားကိုပဲ ပြောမယ်"
"ကောင်းပြီ ဘွားဘွားကိုပဲ ပြောပြ ဟုတ်ပြီလား"
အဘွားအိုဝမ်သည် အားယွီလေးအား ခြောက်လန့်ချင်ရုံသာ ဖြစ်သည်။ သူမလေး အမှန်တကယ် ကြောက်လန့်သွားသည်အား မြင်သော် ဆက်မပြောရက်တော့ဘဲ သူမလေးအား ဖက်ကာ နှစ်သိမ့်လိုက်တော့သည်။
နှစ်သိမ့်ပြီးနောက်တွင် အားယွီလေးမှ ဂရုတစိုက် မေးလိုက်သည်။
"ဘွားဘွား တကယ်လို့ သမီး ပျောက်သွားရင် ဘွားဘွား သမီးကို လာရှာမှာလား"
အဘွားအိုဝမ် မဖြေခင်မှာပင် သူမလေးသည် ပို၍ တိုးသည့် အသံလေးဖြင့် ပြောလိုက်သည်။
"သမီး သိပါတယ် လူကြီးတွေက အရမ်း အလုပ်များကြတယ် သမီး . . . သမီးဘာသာ အိမ်ပြန်လမ်းကို ရှာလိုက်မယ် သမီးကို စောင့်နေဖို့တော့ မမေ့နဲ့နော်"
အဘွားအိုဝမ်၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးဟန်များ ပေါ်လာခဲ့သည်။
‘ထားလိုက်ပါတော့ ကလေးက ငယ်ပါသေးတယ်...နောက်မှ ဖြည်းဖြည်းချင်း သင်ပေးရမယ်..’
ဝမ်ချွမ်းမန်သည် ပျိုးပင် ထက်ဝက်ခန့်အား နင်းမိကာ အသေသတ်လိုက်မိသဖြင့် အဘွားအိုဝမ်သည် ထမင်း ဟင်းပန်းကန်တစ်ဝက် လျှော့စားရန် အပြစ်ပေးလိုက်လေသည်။ သူ၏ မျက်နှာထားမှာ ခါးသီးနေခဲ့သည်။ သူသည် ထမင်းပွဲတွင် ထမင်းပင် မစားနိုင်ပေ။ ထိုအစား ထမင်းစေ့များကိုသာ တစ်စေ့ချင်း ရေတွက်နေခဲ့သည်။
တစ်နေ့တာလုံး ဝမ်ချွမ်းမန် စိတ်မကြည်မလင် ဖြစ်နေခဲ့သည်။
"ယောက်ျား ဘာဖြစ်လို့လဲ"
နေ့လယ်ပိုင်းတွင် လျိုရှီသည် ဝမ်ချွမ်းမန်အား အခန်းထဲသို့ ဆွဲခေါ်သွားပြီး စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
အခန်းသည် သေးငယ်လှကာ ထိုင်ခုံပင် မရှိချေ။ ဝမ်ချွမ်းမန်သည် ကုတင်ဘေးတွင် ထိုင်ကာ ပျိုးပင်များအား မတော်တဆ နင်းမိကြောင်း ပြောပြလိုက်သည်။
အိမ်ဘေးတွင် စိုက်ထားသောကြောင့် မျိုးစေ့များမှာ သိပ်မကောင်းလှဟု လျိုရှီ ထင်လိုက်မိသည်။ ထိုအရာများသည် အပြင်မှ ကောက်လာသည့် မျိုးစေ့များ ဖြစ်လောက်ပေမည်။
"အဲဒါ အားယွီ စိုက်ထားတာ"
ဝမ်ချွမ်းမန်မှ ဖြည့်စွက်ပြောလိုက်သည်။
"ဒုန်း"
ဝမ်ချွမ်းမန် ကုတင်ပေါ်မှ ပြုတ်ကျသွားပြီး သူ့မိန်းမအား တုန်လှုပ်စွာ ကြည့်လိုက်မိသည်။
"အပြင်ထွက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ချေ"
လျိုရှီ ဒေါသထွက်နေခဲ့သည်။
‘သူမသမီးလေး အပင်ပန်းခံ စိုက်ထားတဲ့ ပျိုးပင်တွေကို ဘယ်လိုတောင် နင်းရဲတာလဲ’
ဝမ်ချွမ်းမန် : “ . . .”
ထိုအချိန်တွင် အားယွီလေးသည် နေရာလွတ်ထဲတွင် အလုပ်ရှုပ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမတွင် ရွာသားများပေးသော ပဲများသာမက အဘွားပေးလိုက်သော မုယောစပါးစေ့ တစ်ဆုပ်လည်း ရှိနေသောကြောင့် ဖြစ်ပေသည်။
အဘွားဖြစ်သူ၏ ပျိုးပင်များ အနင်းခံလိုက်ရသည်။ ထို့အတွက် သူမလေးသည် အဘွားအတွက် ပျိုးပင်များ ပိုမို၍ စိုက်ပေးချင်မိလေသည်။
[အလုပ်နားလိုက်ပါတော့ ငါ လုပ်လိုက်မယ်]
အသားလုံးလေးသည် အားယွီလေးအား လေ့ကျင့်ပေးချင်သည့် တိုင်အောင် သူမလေး မောကြီးပန်းကြီးဖြင့် တူးဆွနေသည်အား မြင်သောအခါ စိတ်မကောင်း ဖြစ်သွားခဲ့သည်။
စိတ်ဝိညာဉ်မြေဆီလွှာတွင် ဝိညာဉ်ဓာတ် ပါဝင်ပေရာ အကယ်၍ စိတ်ဝိညာဉ်စမ်းရေအား လောင်းလိုက်ပါမူ ကျားအား အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။ မျိုးစေ့များ မသေမချင်း ဤနေရာတွင် ကောင်းစွာ ကြီးထွားနိုင်ပေသည်။
အားယွီလေးသည် မုယောစပါးစေ့ တစ်ဆုပ်အား ကြဲချလိုက်ကာ အိတ်ထဲမှ ပဲများကိုလည်း ဆွဲထုတ်လျှက် စိတ်ဝိညာဉ်မြေဆီလွှာပေါ်သို့ အကုန် ပစ်ချလိုက်တော့သည်။
[အာ မျိုးစေ့တစ်ခု အဆင့်မြင့်တော့မယ်]